← Chapters

အခန်း (၃၀၁-၃၀၂)

Vol. 19 Ch. 301-302

အခန်း (၃၀၁-၃၀၂)

Vol. 19 Ch. 301-302

အခန်း ၃၀၁ ။ အနိုင်ကျင့်ခြင်း

“မားမား...ခုနက ပန်းကုန်းကို ဘာလို့ လာတားနေတာလဲ၊ မောက်မာမယဲ့ရှီရဲ့ပုံစံကို တွေ့တယ်မလား၊ သူမက ပန်းကုန်းကို မျက်စိထဲတောင် ထည့်သေးရဲ့လား!”

ကိုယ်လုပ်တော်များပြန်သွားပြီးနောက် စိတ်မကျေမနပ်ဖြစ်နေသည့် မိဖုရားခေါင်ကြီးသည် စားပွဲကို ဒေါသတကြီး ရိုက်လိုက်သည်။

“မယ်မယ် စိတ်လျော့ပါ... ကျွန်တော်မျိုးမတို့စိတ်လိုက်မာန်ပါလုပ်ရမဲ့အချိန်မဟုတ်ပါဘူး။ မင်ရှိုးရီရဲ့ အစ်ကိုက လင်ကျိုးမှာ စစ်တိုက်နေတာလေ၊ အခုအချိန်မှာ ကျွန်တော်မျိုးမတို့မင်းရှိုးရီနဲ့ပက်သက်သမျှကိုမျက်စိတ်မှိတ်ထားရပါမယ်။ သူမ ရမ်းချင်သလောက် ရမ်းပါစေဦး၊ အခုချိန် အရှင်မင်းကြီးက သည်းခံပေးထားနိုင်ပေမဲ့ နောက်ပိုင်းမှာကော သည်းခံပေးနိုင်ပါ့မလား။ မယ်မယ် ဧကရာဇ်ရဲ့စိတ်ကသာကြောက်ဖို့အကောင်းဆုံးပါ။”

တင်းမားမားက လေသံအေးအေးဖြင့် ဖျောင်းဖျရှာသည်။ သို့သော် ဤတစ်ကြိမ်တွင် မိဖုရားခေါင်ကြီးက နားမဝင်နိုင်ဘဲ စိတ်ပျက်လက်ပျက် မျက်မှောင်ကြုတ်လိုက်သည်။

“မားမားက အမြဲတမ်း သည်းခံသည်းခံ

အဲ့လိုပဲလာပြောနေတာပဲ၊ ယဲ့ရှီမျက်လုံးထဲမှာကျွန်မက ပန်းပုရုပ်ကြီးလိုပဲ၊ အရင်ကသူမကို မြှောက်စားဖို့ကြိုးစားတော့ အဲဒီယဲ့ရှီက ဘာပြောပြော ဂရုမစိုက်ဘူးလေ သူ့စိတ်တိုင်းကျကိုယ်နေနေတာ အနောက်ဆောင်ကကိုယ်လုပ်တော်တွေနဲ့အဲ့ကွက်ထွက်နေတဲ့အဲ့စရိုက်ကြောင့်ပဲအရှင်မင်းကြီးက သူ့ကို ပိုပြီး သည်းသည်းလှုပ် ချစ်နေတာပေါ့။”

“မယ်မယ်ပန်းဆိုတာ ရက်ပေါင်းတစ်ရာ မလှနိုင်ပါဘူး၊ မယ်မယ်က ဧကရာဇ်ရဲ့ပထမဦးဆုံးလက်ထပ်ယူထားတဲ့ဇနီးပါ။

ဒီနှစ်တွေအတွင်းမှာ ဒါမျိုးတွေ အများကြီး မြင်ဖူးတာပဲ မဟုတ်လား?”

တင်းမားမားက စိတ်ရှည်လက်ရှည်နားချနေခဲ့သည်။

“မယ်မယ်အာရုံစိုက်ရမှာက အဲ့ပြောင်းလဲနေတဲ့ကိုယ်လုပ်တော်တွေမဟုတ်ပဲ မယ်မယ့်ရဲ့ မိဖုရားခေါင်ကြီးဆိုတဲ့နေရာပါ။ ဘယ်လောက်ပဲကိုယ်လုပ်တော်တွေရမ်းကားရမ်းကာ သူတို့ကအခုချိန်ထိမယ်မယ့်ကို မကျော်နိုင်ပါဘူး။”

စကားများကကျိုးကြောင်းဆီလျော်

သော်လည်း မိဖုရားခေါင်ကြီးသည် မနာလိုစိတ်များနေသောကြောင့်နားထဲမရောက်ခဲ့ပေ။

အဲ့မယားငယ်တွေကြတော့ ကလေးတစ်ယောက်ပြီး တစ်ယောက် မွေးနေပေမဲ့ သူမ၏ဝမ်းဗိုက်ကတော့ အခုချိန်ထိ ဘာမှ ထူးခြားမလာသဖြင့် စိတ်ထဲတွင် အလွန် ပူလောင်နေမိသည်။

သို့သော် လက်ရှိအခြေအနေအရ သူမတွင်နားထောင်ရုံမှတစ်ပါး အခြားမရှိပေ။ သက်ပြင်းတစ်ချက်ချလိုက်ကာ ဤကိစ္စကို ခဏဘေးဖယ်ထားလိုက်တော့သည်။

.....

တစ်ဖက်တွင်မူ ဖုန်းရှီးနန်းဆောင်၏ အပြင်ဘက်၌ ယဲ့ယွင်သည် ယောင်ရှန်း၏ ဝေါယာဉ်ကို ပိတ်ဆို့ တားဆီးထားလိုက်သည်။

“မင်ရှိုးရီ ဒါ ဘာသဘောလဲ” ယောင်ရှန်းက မျက်နှာပျက်ပျက်ဖြင့် မေးလိုက်သည်။

“ဖန်းရှိုးရုန်က စည်းကမ်းတွေကို မေ့သွားပုံရတယ်၊ ကျွန်မတို့ ရှိုးရုန်က အဆင့်အတန်း ပိုမြင့်တာမို့ စကားမပြောခင်မှာ အရင်ဆုံး ဝေါယာဉ်ပေါ်က ဆင်းပြီး ဂါရဝပြုသင့်တယ်”

ဟွေယွဲ့က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

ထိုသို့ ပြောနေစဉ်တွင် ယဲ့ယွင်က ဝေါယာဉ်ပေါ်တွင်ထိုင်လျက်သူမ၏လက်စွပ်များကိုအေးအေးဆေးဆေး ကစားနေပြီး အလွန် ဂရုမစိုက်ဟန် ပေါက်နေသည်။

ယောင်ရှန်းသည် လက်ထဲက ပုဝါကို တင်းတင်းဆုပ်ထားပြီး ဒေါသကို အံကြိတ်ထိန်းထားရသဖြင့် ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ ဟွေယွဲ့က သူမကို တစ်ချက်ကြည့်ကာ ပြုံးလျက် ရှေ့တိုးလာသည်။

“ဖန်းရှိုးရုန်က ဂါရဝပြုပုံကိုတောင် မေ့သွားပြီ ထင်တယ်၊ ဒါဆို ကျွန်တော်မျိုးမကပဲ ရှိုးရုန်အတွက် နမူနာ ပြပေးပါ့မယ်”

“လက်နှစ်ဖက်ကို ထပ်လိုက်ပါ၊ ဘယ်

ဘက်လက်ကိုအပေါ်ကထားပြီး ခါးဘယ်ဘက် ချက်နဲ့ တစ်တန်းတည်းမှာ ကိုယ်နဲ့ လက်တစ်ဆုပ်စာ အကွာအဝေးမှာ ထားပါ၊ ပြီးရင် ညာဘက်ခြေထောက်ကို ဘယ်ဘက်နောက်ကို တစ်ဝက်ရွှေ့ပါ၊ ခြေနှစ်ဖက်လုံးကို တစ်ပြိုင်တည်း ကွေးပြီး ရှေ့ကို တည့်တည့်ကြည့်ကာ ‘ချန်းချဲ့ မင်ရှိုးရီကို ဂါရဝပြုပါတယ်’ လို့ ပြောရမှာပါ”

နမူနာ ပြပြီးနောက် ဟွေယွဲ့က မတ်တတ်ရပ်လိုက်သည်။

“ဖန်းရှိုးရုန်... ဝေါယာဉ်ပေါ်က ဆင်းပြီး စည်းကမ်းအတိုင်း လုပ်ပေးပါဦး”

ဤကဲ့သို့ ဖိနှိပ်ခြင်းမျိုးကို ယောင်ရှန်းသည် သူတစ်ပါးအပေါ်သာ လုပ်ခဲ့ဖူးပြီး သူမကိုယ်တိုင် မည်သူ့ဆီကမျှ ဤသို့ အဆက်ဆံမခံခဲ့ဖူးပေ။ သို့သော် လက်ရှိတွင် ယဲ့ယွင်၏ အဆင့်အတန်းက သူမထက် အမှန်တကယ် မြင့်မားနေသလို သူမ၏ လုပ်ရပ်ကလည်း နန်းတွင်းစည်းကမ်းနှင့် ညီညွတ်နေသဖြင့် သူမ မလိုက်နာဘဲ မနေနိုင်ပေ။

သို့သော် သူမသည် အလွယ်တကူ ဦးမညွှတ်လိုသေးဘဲ အံကြိတ်ကာ ပြောလိုက်

သည်။

“ချန်းချဲ့က ခြေထောက် မသက်မသာဖြစ်နေလို့ ဝေါယာဉ်ပေါ်က ဆင်းလို့ မရပါဘူး၊ ရှိုးရီ နားလည်ပေးဖို့ မျှော်လင့်ပါတယ်”

“ဪ... ဆင်းလို့ မရဘူးလား၊ အဲဒါဆိုရင်တော့ ရောဂါက မသေးဘူးပဲ။”

ယဲ့ယွင်က သူမကို အေးစက်စက် တစ်ချက် ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် လှည့်ပြောလိုက်သည်။

“ဒီနေ့ ကျွန်မလည်း သိပ်ပြီးနေလို့ထိုင်လို့မကောင်းလို့လေစမ်းသပ်ဖို့ သမားတော် ရှန်ဖိန်ကျစ်ကို ပင့်ထားတယ်၊ သူ့ရဲ့ ဆေးပညာက နန်ချီမှာအတော်ဆုံးပဲ၊ ဖန်းရှိုးရုန်လည်း ကျွန်မနဲ့အတူ ကျောက်ချွန်းနန်းဆောင်ကို လိုက်ခဲ့ပြီး တစ်ခါတည်း အစစ်ဆေးခံလိုက်ပေါ့”

ပြောပြီးသည်နှင့် ပိုင်ရှုကို မျက်ရိပ်ပြလိုက်သည်။ ပိုင်ရှုက သဘောပေါက်ကာ ချက်ချင်း ရှေ့တိုးသွားပြီး ယောင်ရှန်း၏ ဝေါယာဉ်ကို ထမ်းထားသည့် မိန်းမစိုးများ၏ဘေးတွင် ရပ်လိုက်သည်။ ဤသည်မှာ သူမကို မလိုက်မနေရ အတင်းအကျပ် ခေါ်ဆောင်မည့် သဘောပင်။

ကျီကျူးက မအောင့်နိုင်ဘဲ ဒေါသတကြီး ပြောလိုက်သည်။ “မင်ရှိုးရီက အရမ်းကို အနိုင်ကျင့်လွန်းရာ မရောက်ဘူးလား၊ ဒါက ကျွန်တော်မျိုးမတို့ ရှိုးရုန်ကို တမင်တကာ အရှက်ခွဲနေတာပဲ!”

“ငါက တမင်တကာ လုပ်တာဆိုရင်ကော ဘာဖြစ်လဲ၊ ဒီနေရာက နင့်လို အစေခံတစ်ယောက် ဝင်ပြောရမယ့် နေရာလား!”

ယဲ့ယွင်က မေးကိုပင့်ကာ စူးရှသော မျက်လုံးများဖြင့် ကြည့်လိုက်ရာ ကျီကျူး၏ နှလုံးသားမှာ တုန်လှုပ်သွားပြီး လည်ချောင်းမှာလည်း တစ်ဆို့သွားတော့သည်။

ထိုအစေခံမလေး နှုတ်ဆိတ်သွားသည်ကို မြင်မှ ယဲ့ယွင်က အကြည့်ကို ပြန်ရုပ်သိမ်းကာ ယောင်ရှန်းကို အေးဆေးစွာ ကြည့်

လိုက်သည်။

“ဖန်းရှိုးရုန်... ကျွန်မကတော့ စည်းကမ်းတွေကို အမြဲတမ်း လိုက်နာနေတတ်တဲ့သူ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျွန်မ စည်းကမ်းအကြောင်း ပြောပြီဆိုရင်တော့ တစ်စက်ကလေးတောင် လွဲလို့မရဘူး၊ ဒီနေ့ ညီမက နန်းတွင်းစည်းကမ်းကို ချိုးဖောက်မယ်ဆိုရင်တော့ ကျွန်မကလည်း စည်းကမ်းအတိုင်းပဲ ဒီကိစ္စကို ဖြေရှင်းရတော့မှာပဲ”

ယဲ့ယွင်သည် သက်သေမရှိသော်လည်းယောင်မိသားစုက ရိက္ခာပို့ဆောင်မှုကို တမင်နှောင့်နှေးစေခဲရန်ကြံစည်ခဲ့သည်ဟုတထစ်ချယုံကြည်ခဲ့သည်။

အကြောင်းအရင်းမှာ သူမသည်ချူမိသားစု တွင်နေထိုင်စဉ်က အတွေ့အကြုံများအရ တွက်ချက်ထားခြင်းဖြစ်သည်။ ချူမိသားစုသည် နှစ်စဉ် လင်ကျိုးကဲ့သို့ ဝေးလံသော မြောက်ဘက်ဒေသများသို့လက်ဖက်ခြောက်နှင့် ပိုးထည်များ သွားရောက်ရောင်းချလေ့ရှိသဖြင့် ခရီးလမ်းက မည်သို့ရှိသည်၊ မည်မျှကြာသည်ကို နှံ့နှံ့စပ်စပ် သိထားခြင်းဖြစ်သည်။

ယခုအခါတွင်မူ ဤအချက်ကို ထုတ်ပြောရန် မသင့်တော်ပေ၊ ယခုချိန်တွင် ရိက္ခာများမှာ ယောင်မိသားစု လက်ထဲတွင်ရှိနေသည်။ ထို့အပြင် သံသယအဝင်မခံရစေရန်

ယောင်မိသားစုက ဦးစွာအပြစ်ကို အလျင်အမြန် ဝန်ခံခဲ့သည်။ ယောင်ရှန်း ပြောသကဲ့သို့ အရှင်မင်းကြီးကပင် ဤကိစ္စကို ခွင့်လွှတ်ပေးလိုက်ပြီဖြစ်ရာ မည်သူမျှ ပြန်ထုတ်ဖော်ရန် မသင့်တော့ပေ။

သို့သော် သူမက အလွယ်တကူကျော်သွားပေးမည်ဟုမဆိုလိုပေ။

ယောင်ရှန်းသည် ယဲ့ယွင်၏အမူအရာကို ကြည့်ပြီး ယနေ့တွင် သူမဦးညွှတ်ရတော့မည်မှန်း သိလိုက်သည်။ အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် ဝေါယာဉ်ပေါ်မှ ဆင်းလိုက်ရတော့သည်။ ကျီကျူး၏ လက်ကို တွဲကာ မတ်တတ်ရပ်ပြီး အထက်စီးမှ ကြည့်နေသော ယဲ့ယွင်ကို စည်းကမ်းအတိုင်း ဂါရဝပြုလိုက်ရသည်။

“ချန်းချဲ့... မင်ရှိုးရီကို ဂါရဝပြုပါတယ်”

“မလိုပါဘူး” ယဲ့ယွင်က ချိုသာစွာပြုံးလိုက်သည်။ စောနကဲ့သ်ို့အေးစက်စက် အမူအရာမျိုး လုံးဝမရှိတော့ဘဲ လေသံအေးအေးလေးဖြင့် ပြောလိုက်သည်။

“စည်းကမ်းအတိုင်း စောစောစီးစီး လုပ်ခဲ့ရင် ပြီးနေတာပဲ၊ ဒီမှာ ဒီလောက်ကြာအောင် နေပူထဲ ရပ်နေစရာ မလိုတော့ဘူးပေါ့၊ ကျွန်မ ပြန်တော့မယ်၊ ရှိုးရုန်လည်း ကိုယ့်ဘာသာကိုယ် အဆင်ပြေသလို လုပ်ပါဦး။”

ပြောပြီးသည်နှင့် လက်ကို ဝှေ့ယမ်းပြလိုက်ရာ ဝေါယာဉ်ထမ်းသည့် အစေခံများက သဘောပေါက်ကာ ချက်ချင်းပင် သွက်လက်စွာ ထွက်ခွာသွားကြတော့သည်။

ကျန်ရစ်ခဲ့သည့် ယောင်ရှန်းမှာမူ မျက်နှာတစ်ခုလုံး နီမြန်းကာ ဒေါသကြောင့် နားထင်မှ သွေးကြောများပင် တဖျပ်ဖျပ် တုန်နေတော့သည်။

ကျီကျူးက စိုးရိမ်တကြီးဖြင့် “ရှိုးရုန်... မင်ရှိုးရီက ရှိုးရုန်ကို ဒီလောက်အထိ ပစ်မှတ်ထားနေတာ၊ သူ တစ်ခုခု သိသွားလို့လား မသိဘူး။”

“မဖြစ်နိုင်ဘူး” ယောင်ရှန်းက အေးစက်စက်ပြန်ပြောခဲ့သည်။

“ငါအစောကြီးကတည်းက စနစ်တကျ စီစဉ်ထားတာ၊ ဘယ်သူမှ မသိနိုင်ဘူး၊ သူက ယောင်မိသားစုကို သံသယဝင်နေတာပဲ ရှိတာ၊ သက်သေမရှိတော့ ငါ့ဆီမှာ လာပြီး ဒေါသပုံချတာပဲ”

အရှင်မင်းကြီးက ပြည်သူတွေဆီကနေ ရိက္ခာချေးယူလိမ့်မည်ဟု ဘယ်သူထင်ထားပါ့မလဲ။ သူမ၏ အစီအစဉ်အရဆိုလျှင် ပို့ဆောင်ရန် ၂၅ ရက် ကြာမည်ဟု ပြောထားသော်လည်း ၃ ရက်ခန့် နောက်ကျရုံသာ ဖြစ်သည်။ ရိက္ခာပြတ်တောက်သည့် အချိန်က မကြာသဖြင့် ဆုံးရှုံးမှုလည်း သိပ်မကြီးနိုင်ပေ။ ဤနည်းဖြင့် ယဲ့ကျယ်၏ စစ်အင်အားကို ထိရောက်စွာ လျှော့ချနိုင်သလို မိမိလူတွေမှာလည်း စစ်ရေးနှောင့်နှေးစေမှု အပြစ်ဒဏ်ကို မခံရနိုင်ပေ။ သဘာဝတရားကြောင့် ဖြစ်ရသည်မှာ လူသားတို့ မတတ်နိုင်သောကိစ္စပင်ဖြစ်သည်။

သို့သော်လည်း ဧကရာဇ်နှင့် သူမ၏ ဒုတိယအစ်ကိုတို့က အစီအစဉ်အတိုင်း မသွားခဲ့ကြသဖြင့် ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်သွားခဲ့ခြင်းဖြစ်သည်။ ယနေ့ ခံစားခဲ့ရသည့် အရှက်ကို သူမ သေချာပေါက်လက်တုံ့ပြန်ရမည်!

“သွားကြမယ်” ယောင်ရှန်းက မျက်လုံးမှိတ်ကာ အသက်ပြင်းပြင်းရှူပြီး စိတ်ကို တည်ငြိမ်အောင် ထားကာ သူမ၏လူများကိုခေါ်၍ ထွက်ခွာသွားတော့သည်။

သူတို့နှစ်ဦး တွေ့ဆုံသည့်နေရာမှာ အနည်းငယ် ဝေးလံသလို ဘာမှလျှောက်မပြောရန်လည်း အမိန့်ပေးထားသဖြင့် ဤကိစ္စသည် နန်းတွင်းတွင် ကြီးကြီးမားမား ဂယက်မထခဲ့ပေ။

......

အချိန်များ ကုန်ဆုံးသွားရာ ၃ ရက်မှ ၅ ရက်အတွင်းမှာပင် လမုန့်ပွဲတော်သို့ ရောက်ရှိလာသည်။ အရှင်မင်းကြီးက စစ်ဖြစ်နေစဉ်အတွင်း နန်းတော်တွင် ပွဲလမ်းသဘင် မလုပ်ရန် အမိန့်ရှိထားသဖြင့် နန်းဆောင်တိုင်းသည် အလွန်ပင် ငြိမ်သက်နေကာ ပျော်ရွှင်စရာ အငွေ့အသက်မျိုး လုံးဝမရှိပေ။

နန်းတွင်းတင်မကဘဲ နန်းပြင်တွင်လည်း ဤကဲ့သို့ပင် ဖြစ်ရာ မည်သူမျှ အရှင်မင်းကြီး၏ အမိန့်ကို ဆန့်ကျင်ရန် မဝံ့ကြပေ။ သို့သော်လည်း တံခါးပိတ်ထားသည့် အဆောင်ဝင်းလေးများထဲတွင်မူ အငွေ့အသက်က အနည်းငယ် ပေါ့ပါးနေသေးသည်။

စားဖိုဆောင်မှ လမုန့်သေတ္တာအချို့ကို ပို့လာသည်။ အရသာမျိုးစုံရှိသလို ပုံစံလေးများကလည်း သေသပ်လှပသဖြင့် ပွဲတော်အငွေ့အသက် အနည်းငယ် ရရှိစေသည်။

ညစာစားချိန်တွင် ကျိုချန်နန်းဆောင်မှ ချီးမြှင့်သည့် "ရေခဲမုန့်လမုန့်" များကို ရရှိလိုက်သည်။ ယခုကဲ့သို့ အချိန်မျိုးတွင်အလွန်ပင် ရှားပါးသော အရာပင်။ ယခုခေတ်၏ နည်းပညာအရ ကောက်ညှင်းမှုန့်ဖြင့် လုပ်ထားသောကြောင့် အကြာကြီး ထား၍ မရပေ၊ သို့မဟုတ်ပါက အက်ကွဲသွားပြီး ကြည့်မကောင်း ဖြစ်တတ်သည်။ ထို့ကြောင့် ပို့လာသည့် လမုန့်မှာ စားဖိုဆောင်တွင် လက်ငင်း ပြုလုပ်ထားခြင်း ဖြစ်ရမည်။

“အရှင်မင်းကြီးက မိန့်ကြားလိုက်ပါသေးတယ်၊ ဒီနှစ်နန်းတော်မှာပွဲ မလုပ်ပေမဲ့ လမုန့်တော့ စားရပါမယ်တဲ့၊ မိသားစုစုံစုံလင်လင်နဲ့ပွဲတော်မဆင်နွှဲနိုင်ပေမဲ့ နောင်နှစ်မှာတော့ သေချာပေါက် ကောင်းမွန်လာမှာပါတဲ့။”

သတင်းစကား လာပို့သည့် မိန်းမစိုးက ပြုံးလျက် ပြောပြသည်။

ယဲ့ယွင်ကလည်း ရက်ရက်ရောရောပင် ဆုလာဘ်များ ချီးမြှင့်လိုက်သည်။ ထိုမိန်းမစိုး၏ စကားအရ အရှင်မင်းကြီးသည် နန်းတွင်းရှိ သားသမီးရရှိထားသော ကိုယ်လုပ်တော်အားလုံးကို လမုန့်များ ချီးမြှင့်ခဲ့ခြင်း ဖြစ်ပြီး ကျန်သည့်သူများကိုမူ မျက်နှာသာ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ မချီးမြှင့်ခဲ့ကြောင်း သိလိုက်ရတော့သည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-302

အခန်း ၃၀၂ ။ ခြောက်ခြားသွားခြင်း

အခန်းထဲရောက်သည်နှင့် ယဲ့ယွင်သည် ထိုရေခဲလမုန့်ကို အရင်မြည်းစမ်းကြည့်လိုက်သည်။

အမှန်စင်စစ် အရသာမှာ ထူးထူးခြားခြားကြီး မဟုတ်သော်လည်း ပြုလုပ်ရန် ခဲယဉ်းသဖြင့် အဖိုးတန်နေခြင်း ဖြစ်သည်။ ပန်းကန်ငယ်လေးတစ်ခုထဲတွင် စုစုပေါင်း ရှစ်ခုသာ ပါသည်။ ဤအရသာမျိုးမှာ နည်းပါးသော်လည်း အခြားလမုန့်များမှာမူ စားပွဲပေါ်တွင် ခုနစ်ပန်းကန်ခန့် အပြည့်အစုံ ရှိနေသည်။

ယဲ့ယွင်တစ်ယောက်တည်း ဤမျှအများကြီး မစားနိုင်သည်မှာ သေချာသည်။ ရေခဲမုန့်လမုန့် နှစ်ခုစားပြီးနောက် ကျန်ရှိသည်များကို အဆင့်မြင့်အစေခံမလေးများနှင့် လျန်မားမားကို ဝေပေးလိုက်ရာ ကွက်တိပင် ဖြစ်သွားသည်။ အခြားလမုန့်အချို့ကိုလည်း အနည်းငယ်ချန်ကာ အကုန်လုံးကို ဆုလာဘ်အဖြစ် ပေးကမ်းလိုက်တော့သည်။

ညစာစားပြီးနောက် ကိုယ်လက်သန့်စင်ကာ ယဲ့ယွင်သည် စတုတ္ထမင်းသားလေးကို ပွေ့ချီလာခိုင်းလိုက်သည်။ ခြေအိတ်များကို ချွတ်ကာ ကလေးကို ချီလျက် ပြတင်းပေါက်နားက ခုတင်ပုလေးပေါ်တွင် ထိုင်ရင်း ညအလှကို ကြည့်နေမိသည်။

လပြည့်ညဖြစ်၍ လမင်းမှာ ဝိုင်းစက်ကာ တောက်ပနေပြီး ငွေရောင်လရောင်များက ခြံဝင်းတစ်ခုလုံးတွင် ဖြာကျနေသည်မှာ အေးမြပြီး ကြည့်ကောင်းလှသည်။ ယခင်နှစ်များကဆိုလျှင် ဤအချိန်တွင် နန်းတွင်းပွဲတော်မှာ အလွန်စည်ကားနေမည်ဖြစ်သော်လည်း ယခုနှစ်တွင်မူ အသီးသီးသာ ဖြတ်သန်းနေကြရသဖြင့် အနည်းငယ်တော့ အထီးကျန်သလို ခံစားရသည်။

ပေလင်နယ်စပ်တွင် ရှိနေသည့် အစ်ကိုဖြစ်သူကို သတိရမိပြန်ရာ ပို၍ပင် လွမ်းဆွတ်တမ်းတမှုနှင့် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာရသည်။ မိခင်ဖြစ်သူစိတ်ခံစားချက် ပြောင်းလဲသွားသည်ကို သိ၍လားမသိ၊ စတုတ္ထမင်းသားလေးသည် သူမ၏ ရင်ခွင်ထဲတွင် ခြေလက်များ လှုပ်ယမ်းကာ နှုတ်ခမ်းလေးစူလျက် "အီအာ" ဟု အသံလေး ပေးလာသည်။

ယဲ့ယွင်က ငုံ့ကြည့်ကာ ပြုံးလိုက်ပြီး ကလေးကို မနေနိုင်ဘဲ နမ်းရှိုက်လိုက်မိသည်။ ကလေးလေး၏ ပါးပြင်မှာ နုနယ်လွန်းလှသဖြင့် အလွန်ချစ်စရာကောင်းနေတော့သည်။ ထိုစဉ် ညန်ကောင်း ရောက်လာပြီး အမြီးကို တဖျပ်ဖျပ်နန့်ကာ ရှေ့ခြေထောက်နှစ်ဖက်ကို ခုတင်ပေါ်တင်လျက် တက်ချင်နေပုံ ရနေသည်။

"သူ့ခြေထောက်တွေကို သုတ်ပေးလိုက်ဦး၊ ပြီးမှ တက်ခိုင်းလိုက်" ယဲ့ယွင်က ဘေးနားသို့ အမိန့်ပေးလိုက်သည်။

လုမေ့က ထူးထူးခြားခြားပင် ရေဇလုံလေးကို ယူလာကာ သုတ်ပေးလိုက်သည်။ ခြေထောက်သန့်စင်သွားသည့် ညန်ကောင်းက ခုတင်ပေါ်သို့ ခုန်တက်လာပြီး ယဲ့ယွင်၏ ခြေထောက်နားတွင် ကပ်၍ ဝပ်နေတော့သည်။

ရင်ခွင်ထဲက သားလေး၊ ဘေးနားက ညန်ကောင်း၊ ခြေရင်းတွင်ထိုင်ကာ အိတ်လေး ထိုးနေသည့် ဟွေယွဲ့နှင့် ဖယောင်းတိုင်မီးစာကို ညှပ်ပေးနေသည့် နန်ကျစ်တို့ကို ကြည့်ရင်း ယဲ့ယွင်၏ စိတ်ထဲတွင် ငြိမ်းချမ်းမှုကို ခံစားလိုက်ရသည်။ ဤကဲ့သို့ အေးအေးချမ်းချမ်းဖြင့် လမုန့်ပွဲတော်ညကို ဖြတ်သန်းရခြင်းမှာလည်း မဆိုးလှဟု သူမ တွေးမိသည်။

...

တစ်နာရီခွဲခန့် ကြာပြီးနောက် နို့ထိန်း လန်ရှီ အခန်းထဲသို့ ဝင်လာသည်။ "ရှိုးရီ... စတုတ္ထမင်းသားလေး နို့တိုက်ရမယ့် အချိန်ရောက်ပါပြီ"

ယဲ့ယွင်က ခေါင်းငြိမ့်ကာ ကလေးကို ကမ်းပေးလိုက်သည်။ ထို့နောက်သူမက ဆက်ပြောလိုက်သည်။

"ဒီနေ့ စတုတ္ထမင်းသားလေးကို ငါနဲ့အတူ အိပ်ခိုင်းမယ်၊ နင်တို့ညကျရင် အပြင်ခန်းက ခုတင်ပေါ်မှာပဲ နားလိုက်ပါ၊ ဘယ်အချိန်မှာ ကလေးကို ပြုစုရမလဲဆိုတာ နင်တို့ သိတာပဲ၊ အချိန်တန်ရင် အထဲကို ဝင်လာခဲ့လိုက်"

လန်ရှီမှာ ခနမျှ ကြောင်သွားပြီးမှ "ကောင်းပါပြီ" ဟု ဖြေသည်။ ကလေးကို အရင်ခေါ်သွားကာ နို့တိုက်၊ ရေချိုးပေးပြီးမှ ပြန်ခေါ်လာပေးသည်။

သူမ စိတ်ကူးထဲတွင်မူ ကလေးက အလွန်လိမ်မာမည်ဟု ထင်ထားသော်လည်း ဤလူသားလေးက တစ်ညတည်းနှင့် ယဲ့ယွင်ကို ငါးကြိမ်တိုင်တိုင် နှိုးလေတော့သည်။ သေးပေါက်၍ဖြစ်စေ၊ ဗိုက်ဆာ၍ဖြစ်စေ ငိုယိုနေတတ်သည်။ ထို့ကြောင့်ပထမဆုံးအကြိမ်ပြီးနောက်တွင်မူ ယဲ့ယွင်သည် ညဘက်ကလေးနှင့် အတူအိပ်မည်ဟူသော စကားကို ထပ်မပြောတော့ပေ။

....

နောက်တစ်နေ့ ဂါရဝပြုသည့်အခါတွင်မူ မျက်ကွင်းညိုညိုလေး ဖြစ်နေတော့သည်။ သို့သော် ယခုတလော ဧကရာဇ်က နန်းတွင်းသို့ မလာသဖြင့် အားလုံးကလည်း စကားများရန် စိတ်မပါကြရာ မည်သူမျှ ဘာမှ လှောင်ပြောင်ခြင်း မပြုကြပေ။ အားလုံးပင် စောစောစီးစီး လူစုခွဲကာ အသီးသီး ပြန်သွားကြသည်။

ယွီရှို့အဆောင်သို့ ရောက်သည်နှင့် နောက်ဆက်တွဲ သတင်းတစ်ခု ရောက်လာသည်။ အအေးနန်းဆောင်ရှိ ကျောက်ရှီ (ယခင်ကျောက်ကျယ်ယွီ) ရူးသွားပြီဟူသော သတင်းပင်။

"ဘာလို့ ရုတ်တရက်ကြီး ရူးသွားရတာလဲ၊ အရင်က သူ တစ်ခုခုမှားနေတယ်လို့ မကြားမိပါဘူး" ဟု ယဲ့ယွင်က ခပ်ပေါ့ပေါ့ပင် မေးလိုက်သည်။

လုကျီက ပြန်ဖြေလိုက်သည်။

“အအေးနန်းဆောင်က သတင်းတွေအရဆိုရင် သရဲခြောက်ခံရလို့ ခြောက်ခြားပြီး ရူးသွားတာတဲ့၊ မနေ့ညက အခန်းထဲမှာ စားပွဲတွေ မှောက်၊ ပန်းကန်တွေ ရိုက်ခွဲပြီး 'ငါ့အသက်ကို လာမယူပါနဲ့' ဆိုပြီး အော်ဟစ်နေတာဆိုလား တံခါးစောင့်တဲ့ အစေခံတွေကလည်း ဘယ်သူမှ ဂရုမစိုက်ကြဘူးလေ၊ သူမ သုံးလေးခါလောက် ထိတ်လန့်ပြီး မေ့လဲသွားလိုက်၊ ပြန်နိုးလာလိုက်နဲ့... အဲ့လိုနဲ့မနက်ကြတော့ လုံးဝ စိတ်

ဖောက်ပြန်သွားပြီတဲ့"

ဆက်လက်ပြီး လုကျီက အသံကို နှိမ့်ကာ အနားတိုး၍ ပြောပြသည်။

"ကျွန်တော်မျိုးမ ကြားတာတော့ ကျောက်ရှီက အခု လူပုံတောင် မပေါက်တော့ဘူးတဲ့၊ ဒီနှစ်တွေအတွင်းမှာ ဘယ်လို နှိပ်စက်ခံခဲ့ရလဲ မသိဘူး၊ အခုလူကအရိုးစုလိုပဲ ခြောက်ခြားစရာ ကောင်းနေတယ်တဲ့၊ ဆောင်းတွင်းမှာ ခြေလက် အဆစ်အမြစ်တွေ အေးခဲဒဏ်ရာရပြီး အကုန်လုံး ပုံပျက်ပန်းပျက် ဖြစ်နေပြီတဲ့။”

အကျဉ်းချထားရုံသက်သက်နှင့် ဤမျှမဖြစ်နိုင်ပေ၊ တစ်စုံတစ်ယောက်က ကွယ်ရာတွင် သူမကို နှိပ်စက်ရန် ညွှန်ကြားထားခြင်း ဖြစ်ရမည်။ သို့သော် ဤသည်မှာ ယဲ့ယွင် စိတ်ပူရမည့် ကိစ္စမဟုတ်ပေ။ နန်းတွင်းတွင် ရှုံးနိမ့်သူ၏ နိဂုံးမှာ ဤသို့ပင် ဖြစ်လေ့ရှိသည်ပင်။

......

သို့သော် မမျှော်လင့်ဘဲ နောက်တစ်နေ့ ဂါရဝပြုသည့်အခါတွင်မူ မိဖုရားခေါင်ကြီး၏ ပါးစပ်မှ ကျောက်ရှီ သေဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူ့ဘာသာခြောက်ခြားပြီး သေဆုံးသွားခြင်း ဖြစ်သည်ဟု ကောက်ချက်ချခဲ့ကြသည်။

မနက်ပိုင်းတွင် ပုံမှန်အတိုင်းအစားအသောက် လာပို့သည့် အစေခံက တံခါးခေါက်သော်လည်း မည်သူမျှ မထူးသဖြင့် တွန်းဖွင့်ဝင်ကြည့်ရာမှ အလောင်းမှာ အေးစက်တောင့်တင်းနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ သူမသည်ပြစ်ဒဏ်သင့်ထားသူဖြစ်သဖြင့် နန်းတော်တွင် အသုဘအခမ်းအနား ကျင်းပခွင့် မရှိသလို ကောင်းမွန်စွာ သင်္ဂြိုဟ်ခွင့်လည်း မရှိပေ။ နန်းတွင်းရေးရာဌာနက မိဖုရားခေါင်ကြီးထံ လာရောက်အစီရင်ခံပြီးနောက် လူနှစ်ယောက်က ဖျာနှင့်ပတ်ကာ နန်းပြင်သို့ သယ်ထုတ်သွားတော့သည်။

"ကျောက်ရှီ ဒီနေ့လို နိဂုံးမျိုး ကြုံရတာက သူမရဲ့ မကောင်းတဲ့ စိတ်ထားကြောင့်ပဲ၊ တခြားသူကို ဒုက္ခပေးရုံတင်မကဘဲ ကိုယ့်ကိုယ်ကိုယ်လည်း ကောင်းမွန်တဲ့ အဆုံးသတ် မရခဲ့ဘူး၊ နင်တို့အားလုံး ဒါကို သင်ခန်းစာယူကြ၊ ဘယ်တော့မှ လမ်းမှားကို မလျှောက်ကြနဲ့!"

မိဖုရားခေါင်ကြီးက အလွန်ပင် စိတ်စေတနာ ကောင်းလှသည့်ပုံစံဖြင့် ကိုယ်လုပ်တော်များကို ဆုံးမလေသည်။

"ချန်းချဲ့တို့ မိဖုရားခေါင်ကြီးရဲ့ ဆုံးမစကားကို လိုက်နာပါ့မယ်" အားလုံးက ပြိုင်တူ ဖြေကြားကြသည်။

မိဖုရားခေါင်ကြီးက ကျေနပ်စွာ ခေါင်းငြိမ့်ပြကာ "ကဲ... ဒီနေ့တော့ ဒီလောက်ပါပဲ၊ ရာသီဥတု ပူနေတာမို့ စောစောပြန်နားကြတာ ပိုသက်သာလိမ့်မယ်"

ထိုစဉ် ကျန်းဝမ်ရုန်က ထရပ်ကာ "ချန်းချဲ့ အခုတလော ပုဝါအသစ် နှစ်ထည် ထိုးထားတာရှိလို့ မိဖုရားခေါင်ကြီးကို ဆက်သချင်ပါတယ်"

ဟန်ချိုက်နွီကလည်း အမြန်ထရပ်ကာ "တိုက်ဆိုင်လိုက်တာ၊ ချန်းချဲ့လည်း အိတ်လေး တစ်လုံး လုပ်ထားပါတယ်"

"နင်တို့အားလုံး စေတနာ ကောင်းကြတာပဲ၊ ပန်ကုန်းနဲ့ စကားခန ထိုင်ပြောကြဦးပေါ့" ဟု မိဖုရားခေါင်ကြီးက ပြုံး၍ဆိုသည်။

ကျန်သည့် ကိုယ်လုပ်တော်များက ၎င်းတို့နှစ်ဦးကို အထင်သေးစွာ ကြည့်ကြသော်လည်း မည်သူမျှ ဘာမှတော့ မပြောကြပေ။ ၎င်းတို့နှစ်ဦး မိဖုရားခေါင်ကြီးကို ဖားနေသည်မှာ တစ်ရက်နှစ်ရက် မဟုတ်တော့သဖြင့် ပြောစရာမရှိတော့ခြင်းဖြစ်သည်။

....

ကျောက်ချွန်းနန်းဆောင်သို့ ပြန်ရောက်မှ ယဲ့ယွင် နံနက်စာ စားရတော့သည်။ ဒီနေ့ စောစောထခဲ့ရသဖြင့် နံနက်စာ မစားရသေးဘဲ ဂါရဝပြု သွားခဲ့ရခြင်း ဖြစ်သည်။ သို့သော် သူမ၏တူမှာ နှစ်ချက်ပင် မလှုပ်ရသေးမီ အပြင်မှ သတင်းစကား ရောက်လာသည်။ စူးကျယ်ယွီ ရောက်လာသည်တဲ့။

"ဘယ်သူ" ယဲ့ယွင် နားကြားမှားသည် ထင်သဖြင့် ပြန်မေးလိုက်သည်။

ပိုင်ရှုက "စူးကျယ်ယွီပါ" ဟု ဖြေသည်။

ယဲ့ယွင် မျက်မှောင်ကြုတ်လိုက်သည်။ "ငါနဲ့ သူနဲ့ ဘာမှလည်း မပတ်သက်ဘူး၊ သူ ဘာလာလုပ်တာလဲ"

"ပြီးခဲ့တဲ့ စတုတ္ထမင်းသားလေးရဲ့ လပြည့်ပွဲတုန်းက လက်ဆောင် မပေးနိုင်ခဲ့လို့ အခု သီးသန့်လာပေးတာလို့ ပြောပါတယ်" ဟု ပိုင်ရှုက ဆိုသည်။

ဤသည်မှာ အကြောင်းပြချက်သက်သက်သာ ဖြစ်ကြောင်း သိသာလှသည်။ လက်ဆောင်ပေးရုံသက်သက်နှင့် သူမကိုယ်တိုင် ရောက်လာစရာ အကြောင်းမရှိပေ။ ယဲ့ယွင် မျက်မှောင်ကြုတ်ကာ စဉ်းစားပြီးမှ ခေါင်းငြိမ့်လိုက်သည်။ "သူ့ကို ဝင်လာခိုင်းလိုက်"

ခဏအကြာတွင် စူးကျယ်ယွီသည် မျက်နှာဝိုင်းဝိုင်းနှင့် အစေခံမလေး တစ်ယောက်ကိုခေါ်ကာ ခြံထဲသို့ ဝင်လာသည်။ သို့သော် အခန်းထဲ မဝင်မီ ထိုအစေခံမလေးကို အပြင်တွင် ချန်ထားရစ်ခဲ့သည်။

"ချန်းချဲ့ မင်ရှိုးရီကို ဂါရဝပြုပါတယ်"

စူးရှီက ဂါရဝပြုသည်။

ယဲ့ယွင်သည် နံနက်စာကို ဆက်မစားဘဲ နေရန် အစီအစဉ်မရှိသဖြင့် စားရင်းသောက်ရင်းပင် လူတွေ့ခံကာ လက်ကို ဝှေ့ယမ်းပြလိုက်သည်။ သူမ ပါးစပ်ထဲက ဖက်ထုပ်ကို မျိုချပြီးမှ "စူးကျယ်ယွီ ထိုင်ပါ၊ နံနက်စာ မစားရသေးရင်လည်း အစေခံတွေကို ပန်းကန်တစ်စုံ ထပ်ချခိုင်းလိုက်မယ်"

"မလိုပါဘူး၊ ချန်းချဲ့ စားပြီးပါပြီ၊ အခုလာတာက စတုတ္ထမင်းသားလေးအတွက် လက်ဆောင်လာပေးတာပါ၊ ပြီးတော့... ရှိုးရီကို ပြောပြစရာ ကိစ္စတစ်ခုလည်း ရှိလို့ပါ"

ဤသည်မှာ မျှော်လင့်ထားသည့်အတိုင်း ဖြစ်သဖြင့် ယဲ့ယွင်သည် အံ့သြဟန် မပြပေ။ ဆန်ပြုတ်တစ်ဇွန်း သောက်ကာ ပန်းကန်ကို အသာချ၊ ပါးစပ်ကို သုတ်ပြီးမှ သူမဘက်သို့ လှည့်ကြည့်လိုက်သည်။

"စူးကျယ်ယွီက ဘာပြောပြချင်တာလဲ၊ ကျွန်မက အပိုစကားတွေ နားထောင်ရတာ သိပ်မကြိုက်ဘူးနော်"

ဆိုလိုသည်မှာ အရေးကြီးသည့် သတင်းအချက်အလက် မဟုတ်လျှင် ပါးစပ်ဟစရာ မလိုဟု သတိပေးလိုက်ခြင်းပင်။

စူးကျယ်ယွီသည် ယဲ့ယွင်ကို ကြည့်ကာ နောက်ဆုံးအကြိမ် တုံ့ဆိုင်းနေပုံရသည်။ ခဏအကြာတွင် သူမ ခေါင်းမော့လာကာ တိုးညှင်းသော လေသံဖြင့် စကားစတော့သည်။

"ချန်းချဲ့ ဆုံးရှုံးသွားခဲ့ရတဲ့ အဲဒီကလေးက ဖန်းရှိုးရုန် (ယောင်ရှန်း) နဲ့ ပတ်သက်နေပါတယ်၊ ဒါပေမဲ့ အခု ချန်းချဲ့ကတော့ ဒီလိုအခြေအနေမျိုး ဖြစ်သွားခဲ့ရပြီ၊ ခန္ဓာကိုယ်ကလည်း အားနည်းပျက်စီးနေသလို အရှင်မင်းကြီးရဲ့ အေးစက်စက် ဆက်ဆံမှုကိုလည်း ခံနေရတယ်၊ သူကျတော့ သမီးတော်ကို ဘေးကင်းကင်းနဲ့ မွေးနိုင်ခဲ့တယ်၊ ချန်းချဲ့ မကျေနပ်ဘူး... မင်ရှိုးရီ ချန်းချဲ့ကို ကူညီပေးပါလို့ တောင်းဆိုချင်ပါတယ်!"

***

All Chapters