အခန်း (၃၀၇-၃၀၈)
Vol. 20 Ch. 307-308
အခန်း ၃၀၇ ။ ပြီးဆုံးခြင်း
အစ်ကိုအရင်းဖြစ်သူ အသက်ဆုံးရှုံးသွားရခြင်းကြောင့် ယောင်ရှန်းသည် ဒေါသအဟုန်ဖြင့် သွေးလေချောက်ချားသွားရုံတင်မကဘဲ ယခင်က ကလေးမွေးစဉ်က ခန္ဓာကိုယ်အားနည်းခဲ့မှုများပါ စုပြုံကာ ရုတ်တရက် လဲကျဖျားနာသွားတော့သည်။
သတိပြန်ရလာသည့် အချိန်မှစ၍ သူမမှာ ခုတင်ပေါ်မှ မထနိုင်တော့ဘဲ တစ်နေ့တစ်နေ့ ဆေးခါးကြီးများကိုသာ သောက်နေရတော့သည်။
သူမ ဖျားနာနေသည့် တစ်လအတွင်းမှာပင် နယ်စပ်စစ်ရေးမှာ တိုးတက်မှုများ ရှိလာခဲ့သည်။
လျောင်စစ်တပ်၏ အဓိကအင်အားစုများသည် ချင်းချန်းနယ်စပ်သို့ အလုံးအရင်းနှင့် လာရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်စစ်တပ်သည် သုံးရက်တိုင်တိုင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်ဆုံးတွင် လျောင်စစ်တပ်မှာ မယှဉ်နိုင်ဘဲ အရေးနိမ့်ကာ ထွက်ပြေးသွားခဲ့ရသည်။
ဤတိုက်ပွဲအပြီးတွင် စစ်ပွဲကြီး နိဂုံးချုပ်တော့မည်ဟု အားလုံးက ထင်မှတ်ထားခဲ့ကြသည်။ သို့သော် လျောင်စစ်တပ်သည် နောက်ဆုံးအားဖြင့် ပေလင်နယ်စပ်သို့ ချောင်းမြောင်းတိုက်ခိုက်ရန် ကြိုးစားခဲ့သေးသည်။
ကံကောင်းသည်မှာ ယဲ့ကျယ်သည် ယခင်က ယောင်ရွှီ၏ သစ္စာဖောက်မှုကြောင့် အမြဲတစေ သတိဝီရိယရှိနေခဲ့ခြင်းပင်။ သူသည် ဒဏ်ရာဖြင့်ပင် စစ်မြေပြင်သို့ ထွက်ကာ မြို့ရိုးပေါ်မှနေ၍ စစ်တပ်ကို ကွပ်ကဲခဲ့ပြီး ယင်ရှီ၏ ဖခင်နှင့် အစ်ကိုတို့က ဦးဆောင်တိုက်ခိုက်ခဲ့ရာ ဤတိုက်ပွဲကိုလည်း အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့သည်။
ဤသို့ဖြင့် ၁၀ လပိုင်း လလယ်သို့ ရောက်သောအခါ လျောင်စစ်တပ်သည် နောက်ဆုံးတွင် အရှုံးပေးကာ လက်နက်ချခဲ့တော့သည်။ ဆက်လက်တိုက်ခိုက်နေပါက ပို၍ပင် အထိနာပေတော့မည်။ အကြောင်းကတော့ ဆောင်းရာသီသို့ ရောက်ရှိတော့မည်ဖြစ်ရာ သူတို့တွင် ရိက္ခာအလုံအလောက် မရှိသောကြောင့် ဖြစ်သည်။
သို့သော် နန်ချီမှာမူ မတူပေ။ ဆောင်းဦးရိတ်သိမ်းချိန် ပြီးစီးခဲ့ပြီဖြစ်ရာ ကျီ၊ ကြက်၊ ရိက္ခာများမှာ အလျှံပယ် ရှိနေသည်။
လျောင်နိုင်ငံ အရေးနိမ့်သွားပြီးနောက် နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် နန်ချီမှ မင်းသမီးတစ်ပါးကို သူတို့ထံ လက်ဆက်ပေးရန် စေလွှတ်တောင်းခံလာသည်။ သို့သော် နင်ချန်က ချက်ချင်းပင် ငြင်းပယ်လိုက်ရုံတင်မကဘဲ လျောင်နိုင်ငံ နယ်မြေအတွင်းသို့ မိုင် ၅၀ ခန့်အထိ စစ်တပ်ကို တိုးချဲ့ တပ်စွဲခိုင်းလိုက်သည်။
ထိုအခါ လျောင်ဘုရင်က အကြံပြောင်းကာ သူ၏ အလှဆုံး သမီးတော်ကို နင်ချန်ထံ လက်ဆက်ပေးမည်ဖြစ်ကြောင်းနှင့် နန်ချီထံသို့ လက်ဆောင်ပဏ္ဏာများ ဆက်သမည်ဖြစ်ကြောင်း ကမ်းလှမ်းလာပြန်သည်။ နင်ချန်သည် ထိုမင်းသမီးကို စိတ်မဝင်စားသော်လည်း ပစ္စည်းပဏ္ဏာများကိုမူ ယူရန် ဆုံးဖြတ်လိုက်သည်။
နန်ချီသည် ကြွယ်ဝချမ်းသာသဖြင့် ပိုးထည်နှင့် ရတနာများကို မလိုအပ်သော်လည်း နန်ချီတွင် ရှားပါးပြီး လျောင်နိုင်ငံတွင်သာရှိသည့် အရာတစ်ခု ရှိသည်။ ၎င်းမှာ စစ်မြင်းများပင် ဖြစ်သည်။
နင်ချန်သည် လျောင်ဘုရင်ထံသို့ စာရေးကာ အကောင်းစား မြင်းအကောင်ရေ လေးသောင်း ဆက်သရန် တောင်းဆိုလိုက်သည်။ လျောင်ဘုရင်သည် ဤမျှအထိ အတင်းအဓမ္မ တောင်းဆိုခြင်းကို မလိုက်လျောချင်သော်လည်း တိုက်ရိုက် ငြင်းပယ်ရန်လည်း မဝံ့သဖြင့် လျောင်နိုင်ငံတွင် လက်ရှိတွင် ထိုမျှအထိ မရှိကြောင်း၊ အကောင်ရေ လေးထောင်သာ ပေးနိုင်ကြောင်း ပြန်ကြားခဲ့သည်။
သို့သော် နင်ချန်က "တစ်ခါတည်း မပေးနိုင်ရင်လည်း ဖြည်းဖြည်းချင်း ပေးပေါ့၊ တစ်နှစ်ကို လေးထောင်နှုန်းနဲ့ဆိုရင် ဆယ်နှစ်ဆိုရင် ပြည့်သွားမှာပဲ" ဟု ပြန်လည် တုံ့ပြန်လိုက်သည်။ အကယ်၍ မလိုက်လျောပါက နန်ချီစစ်တပ်က လျောင်နိုင်ငံအတွင်းသို့ ဝင်ရောက်ကာ စိတ်ကြိုက် ယူရလိမ့်မည်ဟု ခြိမ်းခြောက်လိုက်သည်။
ဤသို့ဖြင့် ခြိမ်းခြောက်မှုကြီးကြောင့် လျောင်နိုင်ငံသည် မကျေနပ်သော်လည်း လိုက်လျောခဲ့ရတော့သည်။ တစ်နှစ်အတွင်း မြင်းအများအပြား မွေးမြူနိုင်သော်လည်း မြင်းကောင်း မြင်းသန့်မှာမူ အနည်းငယ်သာရှိရာ တစ်နှစ်လျှင် အကောင်ရေ လေးထောင် ဆက်သရခြင်းမှာ သူတို့အတွက် ဘာမှကျန်တော့မည် မဟုတ်ပေ။ ထို့ပြင် ဆယ်နှစ်တိုင်တိုင် ဆက်သရမည် ဖြစ်သည်။
လာမည့်ဆယ်နှစ်အတွင်း လျောင်နိုင်ငံသည် နန်ချီကို ပြန်လည် တိုက်ခိုက်နိုင်မည့် အင်အား လုံးဝရှိတော့မည် မဟုတ်ပေ။
ဤစစ်ပွဲသည် နင်ချန်အတွက်မူ သူ၏ အာဏာနှင့် ဂုဏ်သတင်းကို အမှန်တကယ် ခိုင်မာစေခဲ့ပြီး ဘေးပတ်ဝန်းကျင်ရှိ နိုင်ငံငယ်များကိုလည်း ဤငယ်ရွယ်သော နန်ချီဧကရာဇ်ကို မစော်ကားဝံ့အောင် သတိပေးလိုက်ခြင်းပင် ဖြစ်သည်။
ဤနှစ်တွင် နင်ချန်မှာ ၂၆ နှစ်သာ ရှိသေးသည်။ တစ်ချိန်တည်းမှာပင် ယဲ့ယွင်သည်လည်း ဤနှစ်တွင် သူမ၏ ၂၁ နှစ်ပြည့် မွေးနေ့ကို ကြိုဆိုခဲ့သည်။ နန်းတွင်းသို့ ဝင်ရောက်လာသည်မှာ ၅ နှစ်ရှိပြီဖြစ်ရာ ယခုနှစ်သည် သူမအတွက် အမှန်တကယ် အခြေခိုင်သွားသည့် နှစ်တစ်နှစ် ဖြစ်လာခဲ့သည်။
မိမိတွင် ဧကရာဇ်၏ ချစ်မြတ်နိုးမှုကို ရရှိထားသလို၊ အစ်ကိုဖြစ်သူတွင်လည်း စစ်ပွဲအောင်မြင်မှုများ ရှိနေပြီး၊ ရင်ခွင်ထဲတွင်လည်း မင်းသားလေး တစ်ပါး ရှိနေသဖြင့် သူမ၏ အနာဂတ်မှာ တောက်ပနေတော့သည်။
စစ်နိုင်သတင်းကို ၁၁ လပိုင်း ၁၈ ရက်နေ့တွင် ကျင်းပရန် သတ်မှတ်လိုက်သည်။ စစ်သူကြီးများ လင်ကျိုးမှ မြို့တော်သို့ ပြန်လာရန်အတွက် အချိန်အနည်းငယ် ယူရမည် ဖြစ်သည်။ ဤနှစ်ကုန်တွင် လူအချို့ ရာထူးတိုးမည်ကို အားလုံးက ကြိုတင် ခန့်မှန်းနိုင်ကြသည်။
ထိုရာထူးတိုးမည့်သူများထဲတွင် ယဲ့ယွင် သေချာပေါက် ပါဝင်ပေလိမ့်မည်။ အခြားအကြောင်းရင်းများကိုထည့်မတွက်ရင်တောင် စစ်ပွဲပြီးကတည်းက အရှင်မင်းကြီး အနောက်ဆောင်သို့ ၆ ကြိမ် ကြွခဲ့ရာတွင် ၄ ကြိမ်မှာ ကျောက်ချွန်းနန်းဆောင်သို့သာ သွားခဲ့ခြင်း ဖြစ်သည်။ ဤမျှ ထင်ရှားလှသော မျက်နှာသာပေးမှုကို မည်သူမျှ မသိချင်ယောင် ဆောင်၍ မရပေ။
ယခုအချိန်တွင် အမြဲတမ်း စကားများတတ်သော ရှူးဖေးပင်လျှင် ယဲ့ယွင်၏ ရှေ့တွင် ပြဿနာ မရှာဝံ့တော့ပေ။ ဟိုချိုက်ရန်သည်လည်း သူမ၏ အစ်ကိုဖြစ်သူ ဟိုဖျင်ပေ၏ အောင်မြင်မှုကြောင့် ဂုဏ်တက်နေသော်လည်း ဧကရာဇ်၏ ချစ်မြတ်နိုးမှု အပိုင်းတွင်မူ ယဲ့ယွင်ကို မမီနိုင်သေးပေ။
.....
အချို့က ပျော်ရွှင်နေသော်လည်း အချို့ကမူ ဝမ်းနည်းနေကြသည်။
ယောင်ရှန်း၏ ဖျားနာမှုမှာ တစ်ဝက်ခန့် သက်သာလာသောအခါ သူမသည် ခန္ဓာကိုယ်ကို အတင်းအားတင်း၍ နင်ချန်ထံသို့ မိသားစုဝင်များနှင့် တွေ့ခွင့်ပေးရန် တောင်းဆိုခဲ့သည်။ သူမ အပြင်းအထန် ဖျားနာခဲ့သည်မှာ အမှန်ဖြစ်သဖြင့် နင်ချန်က ခွင့်ပြုလိုက်သည်။
သို့သော် သူမ၏ မိခင်နှင့် မရီးဖြစ်သူတို့မှာ လာ၍ မရကြပေ။ ယောင်ရွှီ သေဆုံးသွားခြင်းကြောင့် ထိုယောက္ခမနှင့် ချွေးမမှာ နေ့စဉ်နှင့်အမျှ မျက်ရည်နှင့် မျက်ခွက် ဖြစ်နေကြပြီး ယနေ့တိုင် နေမကောင်း ဖြစ်နေကြခြင်းကြောင့် ဖြစ်သည်။
ယောင်ရှင်းမှာလည်း တရားဝင် ဇနီးသည် မရှိသေးသဖြင့် ဖခင်ဖြစ်သူ ယောင်ပင်းရှော့က ယောင်ရှင်းကို ခေါ်ကာ သမီးဖြစ်သူကို သွားရောက် တွေ့ဆုံခဲ့သည်။
ကိုယ်လုပ်တော်များ အဆောင်သို့ အမျိုးသားများ ဝင်ခွင့်မရှိသဖြင့် ဟွေ့ယင်းဆောင်တွင် တွေ့ဆုံခဲ့ကြသည်။
"ကျွန်တော်မျိုးတို့ ရှိုးရုန်ကို ဂါရဝပြုပါတယ်" ဟု သားအဖနှစ်ဦးက ဂါရဝပြုသည်။
"ဖေဖေ... အမြန်ထပါ" ဟု ယောင်ရှန်းက လက်လှမ်းပြလိုက်သည်။
သူမသည် ဘေးနားက ယောင်ရှင်းကိုမူ ထည့်မပြောခဲ့သော်လည်း ယောင်ရှင်းက ဂရုမစိုက်ဘဲ သူ့ဘာသာ ထလာသည်။ သုံးယောက်သား ထိုင်လိုက်ကြရာ ထမင်းတစ်နပ်စာ အချိန်သာရရှိသဖြင့် စကားအပိုများ သိပ်မပြောနိုင်ကြပေ။
"အစ်ကိုကြီးက ရုတ်တရက်ကြီး ဆုံးသွားတော့ ကျွန်မတို့ ယောင်မိသားစုက ဖေဖေ့ရဲ့ ပင်ပန်းမှုကိုပဲ နောက်ထပ် နှစ်အနည်းငယ်လောက် ထပ်ပြီး အားကိုးရတော့မယ်၊ သမီးကလည်း အသုံးမကျတော့ သမီးတော်လေးပဲ မွေးနိုင်ခဲ့တယ်၊ အခုထိတော့ ဘာမျှော်လင့်ချက်မှ မမြင်ရသေးဘူး၊ အဖေ့အနေနဲ့ ပုံမှန်ဆိုရင် ဝမ်းကွဲအစ်ကို ဖိန်ဝမ်နဲ့ ပိုပြီး ရင်းရင်းနှီးနှီးနေသင့်တယ်၊ အဆက်အသွယ် ပိုရှိလေ ကောင်းလေပဲ" ယောင်ရှန်းက တိုက်ရိုက်ပင် ပြောလိုက်သည်။
ဖျားနာနေစဉ်အတွင်း ထိုက်ကွေ့ဖေး ခဏခဏ လာကြည့်ခဲ့ရာ သူမ၏ ဆိုလိုရင်းမှာလည်း ဤအတိုင်းပင် ဖြစ်သည်။ ထိုက်ကွေ့ဖေးသည် မိခင်တစ်ယောက်အနေဖြင့် သားဖြစ်သူ၏ စိတ်နေစိတ်ထားကို အသိဆုံးဖြစ်ရာ ဖိန်ဝမ်ကို တစ်ခုခုလုပ်ရန် တိုက်ရိုက် တိုက်တွန်း၍ မရသော်လည်း ဆွေမျိုးချင်း ရင်းနှီးအောင် ပျိုးထောင်ထားခြင်းက ပိုကောင်းပါသည်။
နောင်တစ်ချိန်တွင် ယောင်ရှန်းက မင်းသားလေး မွေးလာသည့်အခါ ဖိန်ဝမ်နှင့် ယောင်မိသားစု ရင်းနှီးနေပါက သေချာပေါက် ကူညီပေးလိမ့်မည်။
"အဖေ သိပါတယ်၊ မင်းရဲ့ အစ်ကိုကြီးက ဘာကြောင့် သေသွားတယ်ဆိုတာ မရှင်းမလင်း ဖြစ်နေတယ်၊ ဒီထဲမှာ တစ်ခုခုထူးဆန်းနေတာ သေချာတယ်၊ ဖေဖေ ဒါကို အမှန်အတိုင်း သိရအောင် နည်းလမ်းရှာပြီး စုံစမ်းပါ့မယ်" ယောင်ပင်းရှော့က မျက်မှောင်ကြုတ်ကာ ဆိုသည်။
ဖခင်နှင့် ညီမဖြစ်သူတို့၏ စကားကို နားထောင်နေသော ယောင်ရှင်းသည် ကြာလာသောအခါ စိတ်ထဲတွင် မကျေမနပ်ဖြစ်လာပြီး နောက်ဆုံးတွင် တူကို ချလိုက်သည်။
"အစ်ကိုကြီး မရှိရင် ကျွန်တော် ရှိတာပဲ မဟုတ်လား! အစ်ကိုကြီး လုပ်နိုင်တာကို ကျွန်တော်လည်း လုပ်နိုင်တာပဲ၊ ခင်ဗျားတို့က ဘာလို့ ကျွန်တော့်ကို မျက်စိထဲ မထည့်ကြတာလဲ!"
"ပါးစပ်ပိတ်စမ်း!" ယောင်ပင်းရှော့က အော်လိုက်သည်။ "မင်းက ဘယ်လိုကောင်လဲဆိုတာ ငါမသိဘူး ထင်နေလား၊ တစ်နေ့တစ်နေ့ အလေလိုက်၊ သောက်စားမူးယစ်နေတာ၊ မင်းသာ မင်းအစ်ကိုကြီးလို ဖြစ်မယ်ဆိုရင် ငါ့မှာ ဆံပင်ဖြူတွေ ဒီလောက် ထွက်လာစရာ မလိုဘူး!"
ဤအတောအတွင်း သားကြီး၏ အရိုးပင် မအေးသေးမီမှာပင် သားငယ်မှာ မိတ်ဆွေမကောင်းများနှင့် ပေါင်းကာ အပျော်အပါးမက်နေပြီး နယ်စားအမွေခံနေရာကိုပင် မောင်ပိုင်စီးချင်သည့် အမူအရာများပြနေသဖြင့် ဖခင်ဖြစ်သူမှာ အလွန်ပင် ဒေါသထွက်နေရခြင်း ဖြစ်သည်။
"အဖေက ဘာသဘောလဲ၊ ကျွန်တော်က အဲဒီလောက်တောင် အသုံးမကျလို့ ခင်ဗျားတို့က အထင်သေးနေရတာလား" ယောင်ရှင်းလည်း ဒေါသထွက်လာကာ ထရပ်လိုက်သည်။ "အခု ခင်ဗျားမှာ အမွေခံသားက ကျွန်တော် တစ်ယောက်ပဲ ရှိတာ၊ နယ်စားဘွဲ့က ကျွန်တော့်ဆီပဲ ရောက်ရမှာ၊ နောင်ကျရင်လည်း ကျွန်တော့်ကိုပဲ ခင်ဗျားက အားကိုးရမှာပဲ မဟုတ်လား!"
"ဒုတိယအစ်ကို!" ယောင်ရှန်းက အေးစက်စက် အော်လိုက်သည်။ "အစ်ကိုကြီး ဆုံးသွားတာ ဘယ်လောက်ရှိသေးလို့ အမွေခံနေရာကို မျက်စိကျနေရတာလဲ၊ အစ်ကို့ရဲ့ အသိတရားက ဘယ်မှာလဲ၊ အစ်ကိုကြီး ရှိစဉ်တုန်းက အစ်ကို့အပေါ် အကောင်းဆုံး ဆက်ဆံခဲ့တာလေ။”
"အသိတရား ဟုတ်လား၊ နင်က ငါ့ကို အသိတရားအကြောင်း လာပြောနေတာလား" ယောင်ရှင်းက လှောင်ရယ် ရယ်လိုက်သည်။ "တခြားသူတွေ မသိပေမဲ့ ငါကတော့ သိတာပေါ့၊ နင်သာ အစ်ကိုကြီးကို အကြံညဏ်စုတ်တွေ မပေးခဲ့ရင် သူ ဘာလို့ အသက်ဆုံးရှုံးရမှာလဲ၊ ငါလည်း ဒီလောက်အထိ အပြစ်ပေးခံရမှာ မဟုတ်ဘူး!"
ဖြောင်း——
ရုတ်တရက် ထွက်ပေါ်လာသော အသံမှာ ယောင်ရှန်းက လက်မြှောက်ကာ ယောင်ရှင်း၏ ပါးကို ပြင်းထန်စွာ ရိုက်လိုက်သည့် အသံပင် ဖြစ်သည်။ ယောင်ရှင်းမှာ ရိုက်ခံလိုက်ရသဖြင့် ကြောင်အမ်းသွားပြီး ရှေ့က အမျိုးသမီးကို မျက်လုံးပြူးကာ စိုက်ကြည့်နေမိသည်။
"ဒီလို စိတ်ဓာတ်မျိုးနဲ့... သေသွားတဲ့သူက နင် မဟုတ်ဘဲ ဘာလို့ ငါ့အစ်ကိုကြီး ဖြစ်နေရတာလဲ!" ယောင်ရှန်းက အံကြိတ်ကာ ပြောလိုက်သည်။
ယခင်ဘဝတွင် ဒုတိယအစ်ကိုမှာ အသုံးမကျသော်လည်း ဤမျှအထိတော့ မဆိုးခဲ့ပေ၊ ယခုတော့ တကယ်ကို ပြုပြင်၍ မရအောင် ပျက်စီးနေပြီ ဖြစ်သည်။
ဤတွေ့ဆုံမှုမှာ နောက်ဆုံးတွင် မပျော်မရွှင်ဖြင့်သာ ပြီးဆုံးသွားခဲ့ရသည်။
ယောင်မိသားစု သားအဖနှစ်ဦး နန်းတော်မှ ထွက်ခွာသွားချိန်တွင် မျက်နှာများမှာ အလွန်ပင် ပျက်ယွင်းနေကြသည်။ ယောင်ရှန်း ပြန်ရောက်သည့်အခါတွင်လည်း ဒေါသကြောင့် ခေါင်းကိုက်နေပြန်သည်။
သို့သော် ရင်ထဲတွင် ဒေါသအထွက်ဆုံးသူမှာ ယောင်ရှင်းပင် ဖြစ်သည်။ မိမိ၏ ညီမအရင်း စိတ်ထဲတွင် မိမိအပေါ် ထိုကဲ့သို့ အတွေးမျိုး ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-308
အခန်း ၃၀၈ ။ ရာထူးတိုးမြှင့်ခြင်း
ယောင်မိသားစုအတွင်းရှိ ရှုပ်ထွေးမှုများမှာ တစ်နိုင်ငံလုံး၏ အောင်ပွဲခံပျော်ရွှင်မှုကို အနည်းငယ်မျှ အဟန့်အတား မဖြစ်စေခဲ့ပေ။
၁၁ လပိုင်း ၁၈ ရက်နေ့တွင် အောင်ပွဲခံပွဲတော်ကို သတ်မှတ်ထားသည့်အတိုင်း ကျင်းပခဲ့သည်။ ချုံးဟွာခန်းမအတွင်း၌ ဂီတသံများ၊ ကခုန်သံများ၊ ပျော်ရွှင်ရယ်မောသံများနှင့် ခွက်ချင်းတိုက်သံများဖြင့် စည်ကားလျက်ရှိသည်။
နင်ချန်သည် ပွဲတော်ကျင်းပနေစဉ်မှာပင် ယခုစစ်ပွဲတွင် ကောင်းမှုကံထူးခဲ့သော စစ်သည်တော်များကို ဆုလာဘ်များ ချီးမြှင့်ခဲ့သည်။
စစ်သူကြီးလု နှင့် စစ်သူကြီး ရှန်း တို့မှာ မင်းဆက်နှစ်ဆက်တိုင် အမှုထမ်းခဲ့သော ဝါရင့်အရာရှိကြီးများ ဖြစ်ကြပြီး ရာထူးအဆင့်မှာလည်း အဆင့် ၁ (ပထမတန်း) အထိ ရောက်ရှိနေပြီဖြစ်သောကြောင့်ထပ်မံတိုးမြှင့်ရန် နေရာမရှိတော့ပေ။ ထို့ကြောင့် ၎င်းတို့ကို နယ်စားဘွဲ့များ အပ်နှင်းခဲ့သည်။
ယဲ့ကျယ်မှာမူ ၎င်းတို့နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး သူသည် ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ဖခင်ဖြစ်သူထံမှ ကျုံးယုံဟို (သစ္စာတရားနှင့် ရဲစွမ်းသတ္တိရှိသော နယ်စား) ဘွဲ့ကို ဆက်ခံထားပြီးသား ဖြစ်သည်။ ထို့ကြောင့် နယ်စားထက် မြင့်သော မြို့စားဘွဲ့အတွက် အဆင့်မမီသေးသဖြင့် ရာထူးကို တစ်ဆင့်တိုးကာ အဆင့် ၂ စစ်သူကြီးအဖြစ် ခန့်အပ်လိုက်သည်။
ယဲ့ကျယ်၏ ယောက္ခမဖြစ်သော ယင်မိသားစု တစ်စုလုံးလည်း ရာထူးတိုးမြှင့်ခြင်း ခံရသည်။
ထို့နောက်တွင်မူ ဟိုဖျင်ပေ ဖြစ်သည်။ သူသည် စစ်ကူအဖြစ် ပေလင်နယ်စပ်နှင့် ချင်းချန်းနယ်စပ် နှစ်နေရာလုံးသို့ သွားရောက်တိုက်ခိုက်ခဲ့ရသူဖြစ်သဖြင့် ယဲ့ကျယ်ထက်ပင် စစ်မှုထမ်းကောင်းမှု ပိုများနေခဲ့သည်။ ထို့ကြောင့် သူ့ကို အဆင့် ၂ စစ်သူကြီးအဖြစ် ခန့်အပ်ပြီး မြို့စားငယ်ဘွဲ့ကိုပါ အပ်နှင်းလိုက်သည်။
လက်ရှိ နန်ချီ၏ ဘွဲ့ထူးအဆင့်အတန်းမှာ မြို့စား၊ နယ်စား၊ မြို့စားကြီး၊ မြို့စားငယ်နှင့် နယ်စားငယ်ဟူ၍ အဆင့် ၅ ဆင့် ရှိရာ ဟိုမိသားစုမှာ ဟိုဖျင်ပေ လက်ထက်မှသာ အခြေခိုင်လာခြင်းဖြစ်သည်။ သူသည် ငယ်ငယ်ရွယ်ရွယ်နှင့် မိမိဘာသာ ကြိုးစား၍ မြို့စားငယ်ဘွဲ့ကို ရရှိခဲ့ခြင်းဖြစ်သောကြောင့်ထူးချွန်သည့်လူငယ်တစ်ဦးဟု ဆိုရပေမည်။
နန်းပြင်က လူတွေကို ဆုချပြီးသောအခါ အားလုံး၏ မျက်လုံးများမှာ တော်ဝင်မောင်းမဆောင်ဆီသို့ ရောက်ရှိသွားကြသည်။ သို့သော် နင်ချန်မှာ ပွဲတော်ပြီးသည့်တိုင် နန်းတွင်းကိစ္စများကို ဘာမှထုတ်ဖော်မပြောဘဲ တိတ်ဆိတ်နေခဲ့သည်။
အားလုံးက ဤသည်မှာ နှစ်ကုန်ခါနီးမှ ပေးမည့် ဆုလာဘ်များ ဖြစ်လိမ့်မည်ဟု ထင်ကြေးပေးနေကြသည်။
.....
ပွဲတော်ပြီးဆုံးသွားသောအခါ မိဖုရားခေါင်ကြီးက ရှေ့ထွက်ကာ ဧကရာဇ်အားဖိတ်ကြားခဲ့သည်။
"အရှင်မင်းကြီး ဒီနေ့ ပျော်နေတာနဲ့ အရက်တွေ အများကြီး သောက်မယ်မှန်းသိလို့ ချန်းချဲ့က အမူးပြေဟင်းရည် ပြင်ခိုင်းထားပါတယ်၊ အရှင် ဖုန်းရှီးနန်းဆောင်မှာ အမူးပြေဟင်းရည် သောက်ပြီးမှ အနားယူလိုက်ပါ။”
"မလိုပါဘူး" နင်ချန်က လက်ယမ်းပြကာ "ကျန်း ဒီည မင်ရှိုးရီဆီ သွားမယ်။”
မိဖုရားခေါင်ကြီးမှာ ခနမျှ ကြောင်သွားပြီး မျက်ဝန်းထဲတွင် အရောင်တစ်ချက် မှောင်ကျသွားသော်လည်း မျက်နှာတွင်မူ နူးညံ့သော အပြုံးကို ဆက်လက်ထိန်းထားဆဲ ဖြစ်သည်။ "ကောင်းပါပြီ၊ မင်ရှိုးရီက အမြဲတမ်း ဂရုတစိုက်ရှိတတ်သူပဲလေ၊ ဒါဆို ချန်းချဲ့ ခွင့်ပြုပါဦး"
မိဖုရားခေါင်ကြီးပင် ထွက်ခွာသွားပြီဖြစ်ရာ ကျန်သည့် ကိုယ်လုပ်တော်များမှာလည်း ဆက်နေရန် အကြောင်းမရှိသဖြင့် အသီးသီး လူစုခွဲသွားကြတော့သည်။
"လာဦးလေ" နင်ချန်က မျက်လုံးလေး မှေးစက်ကာ ယဲ့ယွင်ကို လက်ယပ်ခေါ်လိုက်သည်။
ယဲ့ယွင်က နှာခေါင်းရှုံ့လိုက်ရင်း
"အရှင်မင်းကြီး ကိုယ်ပေါ်မှာ အရက်နံ့တွေတင်မကဘဲ အချဉ်နံ့ (မနာလိုနံ့) တွေပါ ထွက်နေလို့ ချန်းချဲ့တောင် မကပ်ရဲတော့ဘူး။”
နှုတ်ခမ်းလေးဆူကာပြောနေသော်လည်း လူကတော့ အနားသို့ တိုးသွားခဲ့သည်။ နင်ချန်က သူမ၏ လက်ကို ကျွမ်းကျင်စွာ ဆုပ်ကိုင်လိုက်ပြီး နောက်ပြောင်လိုသော အမူအရာဖြင့် ပြုံးလိုက်သည်။
"အချဉ်နံ့ ဟုတ်လား၊ ဘယ်သူက မနာလိုဖြစ်နေတာလဲဆိုတာ ချင်းချင်း မသိဘူးလား။”
"ဘယ်သူဖြစ်ရမှာလဲ၊ ချန်းချဲ့ပဲပေါ့၊ ဟိုလူတွေက အရှင်မင်းကြီးကို မျက်လုံးကျွတ်ထွက်မတတ် ကြည့်နေကြတာ၊ ချန်းချဲ့ကတော့ သူတို့မျက်လုံးတွေကိုပဲ ထိုးထုတ်ပစ်ချင်နေတာ" ယဲ့ယွင်က မာန်ပါပါဖြင့် မျက်စောင်းထိုးလိုက်သည်။
ဤအဖြေမှာ နင်ချန် မျှော်လင့်ထားသည့် အဖြေမဟုတ်ပေ။ သူက တခြား ကိုယ်လုပ်တော်တွေ ယဲ့ယွင်ကို မနာလိုဖြစ်နေကြတာကို ဆိုလိုခြင်းဖြစ်သော်လည်း ယဲ့ယွင်ကမူ သူမကိုယ်တိုင် သဝန်တိုနေခြင်း ဖြစ်သည်ဟု ပြန်ဖြေခဲ့ခြင်း ဖြစ်သည်။
ရှေ့က မိန်းကလေး၏ ထူးခြားလှပသော အမူအရာကို ကြည့်ပြီး နင်ချန် စိတ်ကြည်လင်သွားသည်။ သူမကို စိုက်ကြည့်နေပြီးနောက် ရုတ်တရက် ပွေ့ချီလိုက်တော့သည်။ ယဲ့ယွင်မှာ အထိန်းအကွပ်မဲ့သွားသဖြင့် လန့်သွားကာ နင်ချန်၏ လည်ပင်းကို တင်းတင်းဖက်လိုက်မိသည်။
"အရှင်မင်းကြီး အရက်သောက်ထားပြီး ချန်းချဲ့ကို ချီနေတာ၊ ချော်လဲသွားဦးမယ်၊ ချန်းချဲ့က နာမှာ အရမ်းကြောက်တာနော်!"
"စိတ်ချပါ၊ ကျန်းက မင်းလို မိန်းကလေး သေးသေးလေးတစ်ယောက်ကို မချီနိုင်ဘဲ နေမလား။”
နင်ချန်က သဘောကျစွာ ပြုံးလျက် ဝေါယာဉ်ရှိရာဘက်သို့ အားပါပါ လျှောက်သွားသည်။
"ချန်းချဲ့က မိန်းကလေး သေးသေးလေး မဟုတ်တော့ပါဘူး၊ ကလေးအမေ ဖြစ်နေပြီ" ယဲ့ယွင်က ပြန်ငြင်းသည်။
"ကလေးအမေ ဖြစ်ပေမဲ့လည်း ငယ်ပါသေးတယ်၊ ကျန်းက မင်းထက် ၅ နှစ်တောင် ကြီးတာပဲ" နင်ချန်က ဂရုမစိုက်ဟန်ဖြင့် ဆိုသည်။
ယဲ့ယွင်က မျက်ခုံးပင့်ကာ ပြုံးလိုက်ပြီး "အရှင်က ချန်းချဲ့ထက် အမြဲတမ်း ၅ နှစ် ကြီးနေမှာဆိုတော့ ချန်းချဲ့က တစ်သက်လုံး မိန်းကလေး သေးသေးလေးပဲ ဖြစ်နေတော့မှာပေါ့?" ဟု မေးလိုက်သည်။
"ချင်းချင်းက အဲဒီလို ပြောချင်တယ်ဆိုရင်လည်း ဟုတ်တာပေါ့" နင်ချန်လည်း လိုက်ရယ်တော့သည်။
ညအမှောင်ထဲတွင် နဂါးဝတ်ရုံ ဝတ်ဆင်ထားသည့် ငယ်ရွယ်သော ဧကရာဇ်သည် သူ အချစ်ဆုံးသော ကိုယ်လုပ်တော်ကို ပွေ့ချီကာ ဝေါယာဉ်ပေါ်သို့ တစ်လှမ်းချင်း တက်သွားခဲ့သည်။
ဤတစ်ကြိမ်တွင် ယဲ့ယွင်သည် ဝေါယာဉ်ကို အတူစီးရန် ငြင်းဆန်ခြင်း မပြုတော့ပေ။ စည်းကမ်းဆိုသည်မှာ ဧကရာဇ်က သတ်မှတ်ခြင်း ဖြစ်သည်။ ဧကရာဇ်က စိတ်ရင်းမှန်ဖြင့် ထူးခြားသော အခွင့်အရေးကို ပေးအပ်သည့်အခါ အကြိမ်ကြိမ် ငြင်းပယ်နေခြင်းမှာ စည်းကမ်းလိုက်နာခြင်း မဟုတ်တော့ဘဲ ဧကရာဇ်၏ စေတနာကို ပယ်ချခြင်းသာ ဖြစ်ပေလိမ့်မည်။ အထူးသဖြင့် ယနေ့ကဲ့သို့ ပျော်ရွှင်စရာ အခြေအနေမျိုးတွင် ဘာကြောင့် ငြင်းရမှာလဲ။
.....
ထိုအချိန်တွင် ဖုန်းရှီးနန်းဆောင်၌ လူလွှတ်ကာ အဝေးကနေ စောင့်ကြည့်ခိုင်းထားသော မိဖုရားခေါင်ကြီးသည် ဒေါသတကြီးဖြင့် စားပွဲပေါ်က ပစ္စည်းများကို ရိုက်ခွဲပစ်လိုက်သည်။ နင်ချန်က ယဲ့ယွင်ကို ဝေါယာဉ်ပေါ် အတူစီးခိုင်းလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။ သူမကိုယ်တိုင်ပင် မိဖုရားခေါင်ကြီးအဖြစ် နန်းတွင်းသို့ ဝင်လာသည့်နေ့ကမှ တစ်ကြိမ်သာ စီးခွင့်ရခဲ့ဖူးခြင်း ဖြစ်သည်။
မိဖုရားခေါင်ကြီး မည်မျှ ဒေါသထွက်နေပါစေ၊ အခြားသူများ မည်မျှ မနာလိုဖြစ်နေပါစေ၊ ကျောက်ချွန်းနန်းဆောင်က အငွေ့အသက်ကိုမူ အဟန့်အတား မဖြစ်စေခဲ့ပေ။ အရက်ရှိန်နှင့် ပျော်ရွှင်မှုတို့ ပေါင်းစပ်ကာ ယနေ့ညတွင် နှစ်ဦးသား အလွန်ပင် ကြည်နူးခဲ့ကြသည်။
ညဉ့်နက်မှသာ နှစ်ဦးသား အိပ်စက်ခဲ့ကြတော့သည်။ မနက်ဖြန်သည် နင်ချန်၏ အလုပ်နားရက်ဖြစ်ရာ ယဲ့ယွင်ကို ဂါရဝပြုရန် စောစောထခိုင်းမည် မဟုတ်ပေ။ ထို့ကြောင့် ယွမ်ကျိုကို လွှတ်ကာ မနက်ဖြန် မင်ရှိုးရီ မိဖုရားခေါင်ကြီးထံ ဂါရဝပြုရန် မလိုကြောင်း သတင်းပို့ခိုင်းလိုက်သည်။
နောက်တစ်နေ့တွင် အစေခံများမှာလည်း ပါးနပ်စွာဖြင့် နှစ်ဦးသားကို စောစော မနှိုးကြပေ။ နေမြင့်မှသာ နှစ်ဦးသား နိုးလာခဲ့ကြသည်။
နှစ်ယောက်စလုံးမှာ ဗိုက်ဆာ၍ နိုးလာခြင်းဖြစ်သည်။ အခြားကြောင့်မဟုတ်ဘဲ မနေ့ညက ပွဲတော်တွင် အရက်သာ သောက်ခဲ့ရပြီး ဘာမှ ကောင်းကောင်းမစားခဲ့ရသလို၊ ကိုယ်လက်လှုပ်ရှားမှုလည်း လုပ်ခဲ့ရကာ၊ ယနေ့ နံနက်စာကိုပါ လွှတ်သွားခဲ့သဖြင့် ဗိုက်မဆာဘဲ မနေနိုင်ပေ။ မွန်းလွဲပိုင်းသို့ ရောက်နေပြီဖြစ်သော်လည်း ယနေ့အတွက် ပထမဆုံး အစာဖြစ်သဖြင့် စားဖိုဆောင်ကို နံနက်စာ ပစ္စည်းများသာ အမြန်ပြင်ခိုင်းလိုက်သည်။
"ခက်ခက်ခဲခဲ အားလပ်ရက်ရတာမို့ ကျန်း ဒီနေ့ မင်းဆီမှာပဲ တစ်နေကုန် နားလိုက်မယ်"
ထိုစကားမှာယနေ့ မပြန်တော့ဘူးဟု ဆိုလိုခြင်း ဖြစ်သည်။ ယဲ့ယွင်က သူ့ကို ပြုံးလျက် ကြည့်လိုက်ပြီး မျက်ဝန်းထဲတွင် နောက်ပြောင်လိုသော အမူအရာများ ပါဝင်နေသည်။
"ဘာဖြစ်လို့လဲ" နင်ချန်က ထူးဆန်းသလို မေးသည်။
"အရှင်မင်းကြီးက အမြဲတမ်း အလုပ်ကြိုးစားတတ်တာ၊ အခုတော့ ချန်းချဲ့နဲ့အတူ နေမြင့်မှ အိပ်ရာက ထတတ်နေပြီဆိုတော့ တစ်ဝက်ပဲ နားခွင့်ရတော့မှာပေါ့" ယဲ့ယွင်က မျက်ခုံးပင့်ကာ ဆိုသည်။
ရှေ့က ကိုယ်လုပ်တော်လေး၏ စနောက်မှုကို နင်ချန်ကလည်း အရှုံးမပေးဘဲ လေသံကို နှိမ့်ကာ ပြောလိုက်သည်။
"မနေ့ညက ဘယ်သူက ကျန်းကို မြှူဆွယ်နေတာလဲ၊ မြေခွေးမလေးအတိုင်းပဲ၊ တစ်ညလုံး ပင်ပန်းထားတာကို အိပ်ရေးဝအောင် အိပ်ရမှာပေါ့"
ယဲ့ယွင် မျက်နှာလေး နီမြန်းသွားသည်။ သူမက လုံယန်ပေါင်းမုန့်လေးတစ်ခုကို ယူကာ "အရှင် ဒါလေး မြည်းကြည့်ပါဦး၊ စားတော်ကဲ လက်ရာက မဆိုးဘူးနော်"
ဤသို့ စကားလွှဲလိုက်ခြင်းမှာ သူမ ရှက်နေကြောင်း ထင်ရှားလှသည်။ နင်ချန်က ကျေနပ်စွာ ရယ်မောရင်း သူမ ပေးသည့် ပေါင်းမုန့်ကို စားလိုက်သည်။
ခဏအကြာတွင် သူက ဘေးနားသို့ ရုတ်တရက် အမိန့်ပေးလိုက်သည်။
"ယွမ်ကျို... ကျန်းရဲ့ အမိန့်ကို ကြေညာစမ်း၊ မင်ရှိုးရီကို ရွှင်ယွမ်အဖြစ် ရာထူးတိုးမြှင့်လိုက်တယ်၊ ပြီးတော့ ဟိုချိုက်ရန်ကိုလည်း မိန်ရန်အဖြစ် တိုးမြှင့်လိုက်တယ်"
ယဲ့ယွင်မှာ ခနမျှ ကြောင်သွားပြီး မျက်တောင်လေး ခတ်ကာ "အရှင်မင်းကြီးက ရာထူးအဆင့်ကျော်ပြီး ပေးလိုက်တာလား၊ ဒါက စည်းကမ်းနဲ့ မညီဘူး ထင်တယ်နော်"
"ကျန်းကိုယ်တိုင်က စည်းကမ်းပဲ၊ မင်းတို့ရဲ့ အစ်ကိုတွေက စစ်မှုထမ်းကောင်းခဲ့တာကြောင့် ဒါက ဖြစ်သင့်တာပဲ" နင်ချန်က ဆိုသည်။
အမှန်စင်စစ် သူ ထုတ်မပြောလိုက်သော စကားတစ်ခွန်း ရှိသေးသည်။ သူ၏ စိတ်ထဲတွင်မူ ယဲ့ယွင်ကို ရွှင်ရီ (ရွှင်ရာထူးများထဲတွင် အမြင့်ဆုံး) အထိ ပေးချင်သော်လည်း တစ်ခါတည်း အဆင့်နှစ်ဆင့် ကျော်ပေးခြင်းမှာ အလွန် သိသာလွန်းနေမည် စိုးသဖြင့် ဟိုရှီကိုပါ အဆင့်ကျော် တိုးမြှင့်ပေးလိုက်ခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင် နှစ်ယောက်စလုံး အတူတူ ရာထူးတိုးသဖြင့် သိပ်ပြီး မသိသာတော့ပေ။
...
လန်ဟွာနန်းဆောင်။
"ဘာ? ယဲ့ရှီက ရွှင်ယွမ် ဖြစ်သွားပြီ ဟုတ်လား" ယိရွှင်ရုန်က ပြန်မေးလိုက်သည်။
ယွင်ရှို့က ခေါင်းငြိမ့်ကာပြန်ဖြေလိုက်သည်။
"အမိန့်တော် ထွက်လာပါပြီ၊ မင်ရှိုးရီက ရွှင်ယွမ် ဖြစ်သွားပြီး ဟိုချိုက်ရန်က မိန်ရန် ဖြစ်သွားပါတယ်၊ နှစ်ယောက်စလုံးက အဆင့်ကျော်ပြီး ရာထူးတိုးတာပါ၊ မိသားစုတွေက စစ်မှုထမ်းကောင်းခဲ့လို့ ဖြစ်မှာပါ"
ယိရွှင်ရုန်သည် ဤစကားကို ကြားသောအခါ လက်ထဲမှ ထိုးလက်စ ပုဝါကို စိတ်ရှုပ်ထွေးစွာဖြင့် ဘေးသို့ ပစ်ချလိုက်သည်။ နန်းတွင်းသို့ ဝင်လာကတည်းက သူမသည် ယဲ့ရှီထက် ရာထူးအဆင့် အမြဲမြင့်နေခဲ့သလို၊ မင်းသားလေးကိုလည်း အရင်မွေးခဲ့သူ ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ တစ်ညတည်းနှင့် ယဲ့ရှီက သူမကို ကျော်တက်သွားခဲ့ပြီ ဖြစ်သည်။
ရာထူးက တစ်ဆင့်သာ ကွာသော်လည်း ယိရွှင်ရုန် စိတ်ထဲတွင်တော့ တစ်ဆို့နေတော့သည်။ အကြောင်းကတော့ ယဲ့ယွင်တွင်လည်း မင်းသားလေး တစ်ပါး ရှိနေသည် မဟုတ်ပါလား။
"မိခင်၏ ရာထူးဂုဏ်ကြောင့် သား၏ ဂုဏ်တက်သည်" ဟူသော စကားအတိုင်း မိခင်ဖြစ်သူက ရာထူးမြင့်ပြီး မျက်နှာသာရနေခြင်းမှာ ကလေးအတွက် အလွန်ကြီးမားသော အထောက်အပံ့ဖြစ်စေသည်။ ယခု ယဲ့ယွင်မှပေးသော ဖိအားမှာ သူမအတွက် တနေ့တခြား ပိုမို ကြီးမားလာတော့လေသည်။
***