← Chapters

အခန်း (၃၁၁-၃၁၂)

Vol. 20 Ch. 311-312

အခန်း (၃၁၁-၃၁၂)

Vol. 20 Ch. 311-312

အခန်း ၃၁၁ ။ နှင်းကြည့်ခြင်း

အပြင်ထွက်လာသည်မှာ တစ်လသာ ကြာမည်ဖြစ်သော်လည်း ပထမဆုံး ငါးရက်

လုံးလုံးမှာ ယဲ့ယွင်နှင့်သာ အချိန်ကုန်ဆုံးခဲ့သည်။

နင်ချန်သည် သူမနှင့်အတူ သုံးရက်ဆက်

တိုက် အတူအိပ်စက်ခဲ့ပြီး နောက်ထပ် နှစ်ရက်တွင်မူ ကျန်းချန်နန်းဆောင်သို့ ပြန်ကာ နန်းတွင်းရေးရာများ ကိုင်တွယ်ခဲ့သော်လည်း နေ့လည်စာကိုမူ ကျောက်ထန်ခြံဝင်းသို့ အရောက်လာစားခဲ့သည်။

ဤသည်မှာ မျက်နှာသာရရုံတင်မကဘဲ တစ်ဦးတည်းကသာ ဧကရာဇ်၏ မေတ္တာကို အကုန်အပိုင် သိမ်းပိုက်ထားသကဲ့သို့ ဖြစ်နေသည်။

နေ့လည်စာ စားပြီးနောက် ယဲ့ယွင်က အစာကြေစေသည့် လက်ဖက်ရည်တစ်ခွက် ကမ်းပေးရင်း အမှတ်မထင် ပြောလိုက်သည်။

“အရှင်က ချန်းချဲ့ဆီကိုပဲ အမြဲလာနေတော့ တခြားညီအစ်မတွေက ချန်းချဲ့ကို မနာလိုဖြစ်နေကြပြီ။ ချန်းချဲ့တော့သူတို့ဆီကမျက်စောင်းထိုးခံရလွန်းလို့ပြာကျတော့မယ်ထင်တယ်။”

“မင်းကတော့လေ တကယ်ပါပဲ၊ ကျန်းက မင်းဆီလာတာ သဘောမကျလို့လား၊ ချင်းချင်းကဘာလို့ခုရက်ပိုင်းကျန်းကို အမြဲနှင်ထုတ်ချင်နေသလိုခံစားရပါလိမ့်”

နင်ချန်က နှာခေါင်းရှုံ့ကာ ဆိုသည်။

ယဲ့ယွင်က မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး “ကျွန်မက အဲဒီလို ပြောလို့လား၊ အရှင်မင်းကြီးက ကျွန်မကိုပဲ အပြစ်တွေ ပုံချနေတာပဲ။”

သူမ၏ မူနွဲ့နွဲ့ပုံစံလေးကို ကြည့်ပြီး နင်ချန် သဘောကျသွားသည်။ လက်ဖက်ရည်ကို တစ်ငုံသောက်ကာ အေးအေးဆေးဆေး ဆိုလိုက်သည်။

“မင်းကတော့လေ ကျန်းအလိုလိုက်လွန်းလို့ထင်တယ်ဟုတ်လား အခုတလောအပြောအဆိုက ပိုပြီး ရဲတင်းလာတာပဲ၊ စကားပြောတာတောင် စည်းကမ်းမရှိတော့ဘူး။”

သူမက မိမိကိုယ်ကိုယ် “ချန်းချဲ့” ဟု မသုံးနှုန်းဘဲ “ကျွန်မ” ဟု သုံးနှုန်းလိုက်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ သို့သော် နင်ချန်၏ လေသံနှင့် အမူအရာမှာ အမှန်တကယ် စိတ်ထဲထားပုံမရဘဲ စနောက်လိုရုံသာ ဖြစ်သည်။

ယဲ့ယွင်လည်း ဆော့ချင်စိတ် ပေါ်လာသဖြင့် ထိတ်လန့်သွားသည့် ဟန်ဆောင်ကာ အမြန်ထ၍ ဂါရဝပြုလိုက်သည်။

“ချန်းချဲ့ အမှတ်တမဲ့ ဖြစ်သွားလို့ စည်းကမ်းမေ့သွားတာပါ၊ အရှင် ကြိုက်သလို အပြစ်ပေးပါ၊ အရေခွံခွာတာပဲဖြစ်ဖြစ်၊ အရိုးထုတ်တာပဲဖြစ်ဖြစ် ချန်းချဲ့ မငြင်းပါဘူး။”

လက်ဖက်ရည် သောက်နေစဉ် သူမက ဤသို့ ဝင်နောက်လိုက်သဖြင့် နင်ချန်မှာ သီးမလိုပင် ဖြစ်သွားသည်။ လက်ဖက်ရည်ခွက်ကို ချကာ ချောင်းအနည်းငယ် ဆိုးပြီးမှ သူမကို စိုက်ကြည့်လိုက်သည်။

“မင်းကတော့တကယ်ကိုတစ်နေ့တစ်ခြားဆိုးဆိုးလာတာ။”

“အရှင် ဖြည်းဖြည်းသောက်ပါဦး” ယဲ့ယွင်က တခိခိ ရယ်တော့သည်။

ယဲ့ယွင်က မတ်တတ်ရပ်ကာ သူမ၏ ပုဝါဖြင့် နင်ချန်၏ ပါးစပ်ကို သုတ်ပေးလိုက်သည်။ ပြန်ထိုင်လိုက်သောအခါမှ ယဲ့ယွင်က လေးနက်သော လေသံဖြင့် ဆိုသည်။

“ချန်းချဲ့ရဲ့ အစ်ကိုနဲ့ ဟိုမိန်ရန်ရဲ့ အစ်ကိုတို့က နန်ချီရဲ့သစ္စာရှိစစ်သူကြီးတွေဆိုတော့ အရှင်က ဟိုမိန်ရန်ဆီမှာလည်း အနည်းဆုံး ထမင်းတစ်နပ်လောက်တော့ သွားစားပေးပါဦး၊ သူ စိတ်မကောင်း မဖြစ်အောင်လို့ပါ”

နင်ချန်က မျက်ခုံးပင့်ကာ နောက်ပြောင်လိုသော အကြည့်ဖြင့် သူမကို စိုက်ကြည့်ရင်း အသံကို နှိမ့်ကာ မေးလိုက်သည်။

“ထမင်းစားဖို့ သက်သက်ပဲလုပ်ခဲ့ရမှာလား။”

“ဒါမှမဟုတ်ရင်ဘာရှိဦးမှာလဲ၊ ချန်းချဲ့က စိတ်ပုပ်တယ် အရှင့်ကိုထမင်းပဲစားခိုင်းတာနော်အတူအိပ်တာမျိုးတော့ မမြင်

ချင်ဘူး၊ ဒါပေမဲ့အဲ့ဒါတွေက အရှင့်ရဲ့လုပ်

ပိုင်ခွင့်မို့ ချန်းချဲ့လည်းအတင်းမတိုက်တွန်းဝံ့ပါဘူး။”

ယဲ့ယွင်က မေးကိုပင့်ကာ စိတ်ကောက်နေသည့် ဇနီးငယ်လေးအတိုင်း ပြောလိုက်သည်။ နင်ချန် အကြာကြီး ရယ်မောပြီးမှ သူမ၏ လက်ကို ဆုပ်ကိုင်ကာ ပုတ်

ပေးလိုက်သည်။

“ကဲပါ... ကျန်း သိပါတယ်၊ ချင်းချင်းက ဒါတွေကို စိတ်ပူမနေပါနဲ့၊ ဒီနေ့ အစီရင်ခံစာတွေ များနေတာနဲ့ ကျန်း သိပ်မထိုင်တော့ဘူး၊ အရင်ပြန်ပြီး အလုပ်လုပ်လိုက်ဦးမယ်”

ပြောပြီးသည်နှင့် ယဲ့ယွင်က သူ၏ အဝတ်အစားများကို ပြန်လည် ပြင်ဆင်ပေးကာ တံခါးဝအထိ လိုက်ပို့လိုက်သည်။

.....

မူလက နေ့လည်ခင်း ခန အိပ်စက်ရန် ပြင်ဆင်နေသော်လည်း ခဏအကြာမှာပင် အပြင်ဘက်၌ နှင်းများ ကျဆင်းလာတော့သည်။

“နန်းတော်ထဲ ရောက်တာ ၅ နှစ်ကျော်ပြီ၊ အပြင်မှာ နှင်းကြည့်ရတာ ဒါ ပထမဆုံးအကြိမ်ပဲ”

ယဲ့ယွင်က ပြတင်းပေါက်ဖွင့်ကာ အပြင်ကို လှမ်းကြည့်လိုက်ရာ နှင်းပွင့်လေးများ တဖွဲဖွဲ ကျဆင်းနေသည်ကို တွေ့ရသည်။ မြို့တော်၏ တည်နေရာမှာ မြောက်ဘက်သို့ အနည်းငယ် ရောက်သဖြင့် ဆောင်းရာသီ နှင်းရှုခင်းမှာ အလွန်ပင် လှပလှသည်။ အထူးသဖြင့် လင်ရှီးဥယျာဉ်ကဲ့သို့ ထူးခြားလှပသော နေရာတွင် ပို၍ အသက်ဝင်နေတော့သည်။

အနည်းငယ် ကြည့်ပြီးနောက် ယဲ့ယွင် အပြင်ထွက်ချင်စိတ် ပေါ်လာသဖြင့်ချက်ချင်းပင် ခုတင်ပေါ်မှ ဆင်းကာ ပြောလိုက်သည်။

“နင်တို့သေချာဝတ်ပြီး ပြင်ဆင်ကြ၊ ငါတို့ အပြင်ထွက်ပြီး နှင်းကြည့်ကြမယ်။”

ဟွေယွဲ့က စိုးရိမ်တကြီး တားသည်။

“အပြင်မှာ အေးတယ်နော်၊ ရွှင်ယွမ်... နှင်းတိတ်မှ သွားတာ မကောင်းဘူးလား၊ အအေးမိကုန်ပါဦးမယ်”

“ဘာမှမဖြစ်ပါဘူး၊ ထူထူဝတ်သွားမှာပေါ့၊ ဝတ်ရုံအထူကြီး ထပ်ဝတ်မယ်၊ ပြီးတော့ လက်နွေးအိုးလည်း ယူသွားမှာပဲ” ယဲ့ယွင်က ပြုံးလျက် ဆိုသည်။

ဟွေယွဲ့က တွန့်ဆုတ်နေသေးသဖြင့် သူမက ဟွေယွဲ့၏ လက်မောင်းကို ဆွဲကာ လှုပ်ယမ်းပြီး ချွဲတော့သည်။

“အစ်မကြီးဟွေယွဲ့... ချစ်လှစွာသော အားယွဲ့ရယ်... သွားခွင့်ပြုပါနော်၊ နန်းပြင်ထွက်လာရတာ ခဲယဉ်းလို့ပါ”

ဤမျှအထိ ချွဲနွဲ့နေမှတော့ ဟွေယွဲ့လည်း မနေနိုင်ဘဲ မျက်နှာလေး နီမြန်းကာ ခွင့်ပြုလိုက်ရတော့သည်။

လူအုပ်စုသည် အပြင်သို့ ထွက်လာခဲ့ကြသည်။ ဥယျာဉ်ထဲက ဝါရင့် အစေခံမကြီး တစ်ဦးကို မေးကြည့်ရာ ချီလင်ရေကန်၏ နှင်းရှုခင်းမှာ အလှဆုံးဖြစ်ကြောင်း သိရသည်။ နန်ချီ၏ အဆက်ဆက်သော ဧကရာဇ်များ နှင်းကြည့်ရန် သွားလေ့ရှိသည့် နေရာပင် ဖြစ်သည်။

ထိုသို့ ကြားလိုက်ရသဖြင့် ယဲ့ယွင် စိတ်ဝင်စားသွားကာ ထိုရေကန်ဆီသို့ တန်းတန်းမတ်မတ် ထွက်လာခဲ့သည်။ ရောက်ရှိသွားသောအခါ အမှန်တကယ်ပင် လှပလွန်းလှသည်။

နှင်းပွင့်လေးများ တဖွဲဖွဲ ကျဆင်းကာ ကြည်လင်သော ရေပြင်ထက်သို့ စီးဝင်သွားကြသည်။ မြောက်လေမှာလည်း ခဲခဲယဉ်းယဉ်း နူးညံ့နေသဖြင့် ရေပြင်ထက်တွင် လှိုင်းအနည်းငယ်သာ ထနေသည်။ ရေကန်၏ တစ်ဖက်ကမ်းမှ ရေလယ်ရှိ ခြောက်ထောင့်ဇရပ်ဆီသို့ ရှည်လျားသော ချီလင်စင်္ကြံတံတား ကြီး ဖောက်လုပ်

ထားပြီးအဝါရောင် အမိုးနှင့် အနီရောင် တိုင်လုံးကြီးများမှာ အလွန်ပင် ခမ်းနားလှသည်။

အားလုံး ငေးမောကြည့်နေစဉ် မိန်းမစိုးလေး တစ်ဦး ရောက်လာသည်။

“ကျွန်တော်မျိုး မင်ရွှင်ယွမ်ကို ဂါရဝပြုပါတယ်၊ ဒီချီလင်ရေကန်ရဲ့ နှင်းရှုခင်းက အလှဆုံးပါပဲ၊ အရင် ဧကရာဇ်ကြီးတွေလည်း နှင်းကြည့်ရင်း လှေစီးအပန်းဖြေလေ့ ရှိပါတယ်၊ ရွှင်ယွမ်ကောအပျော်စီးလှေ စီးချင်ပါသလား။”

ယဲ့ယွင်က သူ ညွှန်ပြသည့် ဘက်သို့ လှမ်းကြည့်လိုက်ရာ မလှမ်းမကမ်းတွင် လှပသေသပ်သော နှစ်ထပ်လှေကြီး တစ်စင်း ဆိုက်ကပ်ထားသည်ကို တွေ့ရသည်။ ရေကန်ထဲ လှေစီးရင်း နှင်းကြည့်နိုင်မည်ဟု သူမ ထင်မထားခဲ့ပေ။ ထို့ကြောင့် ဝမ်းသာအားရဖြင့် ထိုဘက်သို့ သွားခဲ့သည်။

လှေပေါ်ရောက်သည်နှင့် လှေလှော်သည့် မိန်းမစိုးများကို ဆုလာဘ်များ ပေးကမ်းလိုက်သည်။ ဟွေယွဲ့က ပြုံးလျက် “နှစ်ကုန်တော့မှာဆိုတော့ ရွှင်ယွမ်က အရင်ဆုံး ဆုကြေးပေးတာလို့ မှတ်လိုက်ကြပါ၊ နားတဲ့အခါကျရင် အရက်နွေးနွေးလေး သောက်ပြီး ကိုယ်ကို နွေးအောင် လုပ်ကြပေါ့။”

ဆုချီးမြှင့်မှုကြောင့်အားလုံးကပြိုင်တူကျေးဇူးတင်စကား ဆိုကြသည်။

အရှင်မင်းကြီး ဥယျာဉ်သို့ လာမည်ဟု ကြားကတည်းက သူတို့ ပြင်ဆင်ထားခဲ့ခြင်းဖြစ်ရာ အခုအခါအမှန်တကယ် အသုံးဝင်သွားခဲ့သည်။

ယဲ့ယွင်သည် လှေအတွင်းခန်းထဲသို့ ဝင်ကြည့်လိုက်သောအခါ ပြင်ဆင်ထားသည်မှာ အလွန်ပင် စုံလင်လှကြောင်း တွေ့ရသည်။ အတွင်း၌ မီးဖိုငယ်လေး၊ လက်ဖက်ခြောက်၊ လက်ဖက်ရည်အိုး၊ ပန်းကန်ခွက်ယောက်များ၊ စာရေးကိရိယာများပင် အကုန်ရှိသည်။ လာစဉ်ကလည်း မုန့်အချို့ ယူလာခဲ့သလို အနွေးဓာတ် ထိန်းပေးသည့် အိုးငယ်လေးထဲတွင်လည်း မုန့်တွေ ပါသေးသည်။

မီးဖိုဖြင့် မုန့်များကို အပူပြန်ပေးကာ လက်ဖက်ရည် နွေးနွေးလေး တစ်အိုး ဖျော်လိုက်သည်။ မုန့်စားရင်း နှင်းကြည့်ရသည်မှာ အလွန်ပင် ဇိမ်ကျလှသည်။

လှေသည် ရေလယ်ခေါင်သို့ တဖြည်းဖြည်း ချဉ်းကပ်သွားသည်။ ဒီနေ့ လေသိပ်မတိုက်သဖြင့် ယဲ့ယွင်သည် အတွင်းခန်းထဲမှာတင် ပြတင်းပေါက်က ကြည့်မနေတော့ဘဲ ဒုတိယထပ် ကုန်းပတ်ပေါ်သို့ တက်သွားခဲ့သည်။

အပေါ်ရောက်သောအခါ အမြင်က ပို၍ ကျယ်ပြန့်သွားပြီး မလှမ်းမကမ်း ရေလယ်ရှိ ခြောက်ထောင့်ဇရပ်ထဲတွင် လူရှိနေသည်ကို တွေ့လိုက်ရသည်။

“အဲဒါ ချီဝမ်ရုန် မဟုတ်လား” ယဲ့ယွင်က မျက်လုံးမှေးကာ ကြည့်လိုက်သည်။

ဟွေယွဲ့က သေချာကြည့်ပြီးနောက် “ဟုတ်ပါတယ်” ဟု ဖြေသည်။

“တိုက်ဆိုင်လိုက်တာ၊ နှင်းထွက်ကြည့်တာ ငါတစ်ယောက်တည်း မဟုတ်ဘူးပဲ” ယဲ့ယွင်က ပြုံးလျက် လက်ယမ်းပြကာ “လှေကို အဲဒီဘက် ကပ်ပေးဖို့ ပြောလိုက်၊ ငါလည်း အောက်ဆင်းပြီး ခဏ ထိုင်ဦးမယ်”

ထိုဇရပ်၏ ဘယ်ဘက်ခြမ်းတွင် အပြင်သို့ နှစ်မီတာခန့် ထွက်နေသော လမ်းစင်္ကြံတစ်ခုရှိရာ ၎င်းမှာ လှေဆိုက်ရန်အတွက် ပြုလုပ်ထားခြင်း ဖြစ်သည်။ သူမ အနားသို့ ရောက်သောအခါ ချီဝမ်ရုန်ကလည်း သူမကို မြင်သွားသဖြင့် အမြန်ထ၍ ဂါရဝပြုသည်။

ယဲ့ယွင်က လှေပေါ်မှ ဆင်းကာ ပြုံးလျက် လက်ယမ်းပြလိုက်သည်။ “မလိုပါဘူး၊ ဒီနေ့ ချီဝမ်ရုန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့တာနဲ့ လာထိုင်တာပါ၊ ဝမ်ရုန့်ကို မနှောင့်ယှက်မိပါဘူးနော်။”

“မင်ရွှင်ယွမ်ကလည်း... ချန်းချဲ့က ပိုဝမ်းသာတာပေါ့ ဒါပေမဲ့ ဒီလက်ဖက်ရည်နဲ့ မုန့်တွေက ချထားတာ ကြာပြီဆိုတော့ အေးကုန်ပြီ၊ ချန်းချဲ့ နေတဲ့နေရာက ဒီနဲ့ မဝေးပါဘူး၊ အသစ်ပြန်ပြင်ခိုင်းလိုက်ပါ့မယ်” ဟု ချီဝမ်ရုန်က ဆိုသည်။

“မလိုပါဘူး” ယဲ့ယွင်က သူမကို တားလိုက်သည်။ “လှေပေါ်မှာ မီးဖိုလည်း ပါတယ်၊ မုန့်နွေးနွေးလေးတွေလည်းရှိတယ်၊ ယူလာခိုင်းလိုက်ရင် ရပါပြီ”

ဤသို့ဖြင့်နှစ်ဦးသား ထိုင်လိုက်ကြပြီး ချီဝမ်ရုန်သည် အနေအေးသောစရိုက်ရှိသဖြင့် စကားမပြောဘဲ ရှိနေရာ ခနမျှ တိတ်ဆိတ်သွားသည်။ နောက်ဆုံးတွင် ယဲ့ယွင်က အရင်ဆုံး စကားစကာ ဘာလို့ ဒီနေ့ နှင်းကြည့်ရန် ထွက်လာခဲ့သလဲဟု မေးလိုက်သည်။

“ရုတ်တရက် ထွက်လာတာတော့ မဟုတ်ပါဘူး၊ ချန်းချဲ့က ဒီနားမှာ နေတာဆိုတော့ မနေ့ကရော၊ တစ်နေ့ကရော လာခဲ့ပါတယ်၊ ဒီနေ့လည်း ထိုင်နေတာ ကြာပြီ၊ နှင်းကျလာတာနဲ့ ရှုခင်းလှတာကြောင့် ချက်ချင်း ပြန်မသွားသေးတာပါ” ဟု ချီဝမ်ရုန်က အေးအေးဆေးဆေး ဆိုသည်။

သူမ၏ မျက်နှာမှာ အမူအရာ ကင်းမဲ့နေသော်လည်း ယဲ့ယွင် ကိုင်ထားသည့် လက်နွေးအိုးအိတ်လေးကို မြင်လိုက်ရသည့် ခဏတွင်မူ သူမ၏ အမူအရာမှာ အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ သူမသည် အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သော်လည်း မနေနိုင်ဘဲ ထပ်ကြည့်မိပြန်သည်။

နောက်ဆုံးတွင် သူမ မေးလိုက်မိသည်။ “ရွှင်ယွမ် လက်နွေးအိုးအိတ်လေးက အရမ်း ထူးခြားတာပဲ၊ ကိုယ်တိုင် ထိုးထားတာလား?”

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-312

အခန်း ၃၁၂ ။ စိတ်ထဲမထားခြင်း

ယဲ့ယွင်က သူမ၏ လက်နွေးအိုးကို ငုံ့ကြည့်လိုက်ပြီး တိုက်ရိုက်ပင် ပြောလိုက်သည်။

“အော် ဒီဟာလေးလား။ အဲ့တာအရှင်မင်းကြီး မနေ့က တို့ဆီ လာတုန်းက ယူလာတာလေ၊ လက်နွေးအိုးအိတ်ရဲ့ အရောင်က သန့်စင်ပြီး ကြည့်လို့ကောင်းတယ်လို့ တို့က ချီးကျူးလိုက်တော့ အရှင်က တို့သဘောကျတယ်ထင်ပြီး လက်ဆောင်ပေးခဲ့တာပါ”

“ဪ... ဒီလိုကိုး၊ အရှင်မင်းကြီး ပေးတဲ့ ပစ္စည်းတွေက တကယ်ပဲ အကောင်းစားတွေပဲနော်” ချီဝမ်ရုန်က သဘာဝကျစွာ ပြုံးလိုက်ပြီးပြောလိုက်သည်။

“ရွှင်ယွမ်... အဲဒီလက်နွေးအိုးကို ချန်းချဲ့ကို ခဏလောက် ကြည့်ခွင့်ပေးပါလား၊ ပန်းထိုးပုံစံလေးကို ချန်းချဲ့ သဘောကျလို့ ပြန်သင်ပြီး ထိုးကြည့်ချင်လို့ပါ”

ဤသည်မှာ ကြီးကျယ်သော ကိစ္စမဟုတ်သဖြင့် ယဲ့ယွင်က သူမထံ ကမ်းပေးလိုက်သည်။ ချီဝမ်ရုန်သည် သေချာကြည့်ပြီးနောက် မျက်ဝန်းထဲတွင် အရောင်များ မှေးမှိန်သွားခဲ့သည်။ သို့သော် သူမ ဘာမှ ထုတ်မပြဘဲ ပစ္စည်းကို ပြန်ပေးလိုက်သည်။

ခဏအကြာတွင် ရုတ်တရက် သူမ မတ်တတ်ရပ်လိုက်သည်။

“ချန်းချဲ့ ဗိုက်ထဲက ရုတ်တရက် နာလာသလိုပဲ၊ ရေပြင်က လေတိုက်တာ ခံလိုက်ရလို့ ထင်တယ်၊ ရွှင်ယွမ်နဲ့ ဆက်ပြီး စကားမပြောနိုင်တော့တာကို နားလည်ပေးပါရှင်”

“နေမကောင်းရင်လည်း အမြန်ပြန်နားပါတော့၊ နောက်မှ စကားပြောဖို့ အချိန်တွေ ရှိပါသေးတယ်” ယဲ့ယွင်က လက်ယမ်းပြလိုက်သည်။ သူမသည် သူတစ်ပါးကို အကျပ်ကိုင်မည့်သူ မဟုတ်ပေ။

ချီရှီ ထွက်သွားပြီးနောက် ယဲ့ယွင်သည် ဟွေယွဲ့နှင့် လုမေ့ကို လှမ်းခေါ်ကာ ထိုလက်နွေး

အိုးကို ကိုင်လိုက်သည်။

“နင်တို့နှစ်ယောက် ကြည့်စမ်း၊ ဒီလက်နွေးအိုးအိတ်ပေါ်က ပန်းထိုးပုံစံမှာ ဘာထူးခြားတာ ရှိလဲ။”

ခုနက ချီဝမ်ရုန်၏ အမူအရာ ပြောင်းလဲသွားမှုမှာ အလွန်ပင် သေးငယ်သော်လည်း သူမကတော့ ပါးနပ်စွာ ရိပ်မိလိုက်သည်။ ဤအိတ်တွင် တစ်ခုခု ပြဿနာရှိနေ၍သာ ထိုသို့ ဖြစ်ရခြင်း ဖြစ်ပေလိမ့်မည်။

အစေခံမလေးနှစ်ဦး ခဏကြည့်ပြီးနောက် ဟွေယွဲ့က ဘာမှ မရိပ်မိသော်လည်း လုမေ့ကမူ တစ်ခုခုကို သတိပြုမိသွားသည်။ သူမက တိုးတိုးလေး ဆိုသည်။

“ရွှင်ယွမ်... ကျွန်တော်မျိုးမ ကြည့်ရသလောက်တော့ ဒီအိတ်ပေါ်က ပန်းထိုးတဲ့ လက်ရာက ခုနက ချီဝမ်ရုန် ကိုင်ထားတဲ့ လက်ရာနဲ့ အရမ်းတူနေတယ်”

“သေချာလား” ယဲ့ယွင်က မေးသည်။

လုမေ့က ခနစဉ်းစားပြီး ခေါင်းငြိမ့်သည်။ “ကိုးပုံ ဆယ်ပုံလောက်တော့ သေချာပါတယ်၊ ကျွန်တော်မျိုးမ အနားကပ်ပြီး အပ်ချက်တွေကို မကြည့်ရသေးပေမဲ့ တစ်ချက်ကြည့်ရုံနဲ့တင် သိနိုင်ပါတယ်”

ဤစကားကြောင့် ယဲ့ယွင် ကြောင်သွားကာ ထိုအိတ်ကို သေချာ ပြန်ကြည့်မိသည်။

“ဒါဆိုအရှင်မင်းကြီး ငါ့ကို ပေးလိုက်တဲ့ ဒီအိတ်က... ချီဝမ်ရုန်က သူ့အတွက် ကိုယ်တိုင်ထိုးပေးထားတဲ့ အိတ်များလား?”

အကယ်၍ ထိုအတိုင်းသာ အမှန်ဖြစ်ပါက ချီရှီ၏ မျက်နှာ ပျက်သွားခြင်းကိုလက်ခံနိုင်ပေသည်။ တောက်... တကယ်လို့ နင်ချန်သာ သူမ ကိုယ်တိုင် လက်တစ်ချက်ချင်း ထိုးပေးထားတဲ့ ပစ္စည်းကို တခြားကိုယ်လုပ်တော်ဆီ ပေးလိုက်မယ်ဆိုရင်တော့ပေးတဲ့သူကောယူတဲ့သူကောနှစ်ယောက်လုံးကို အပ်နဲ့ပဲ ထိုးသတ်ပစ်မိမှာ သေချာပေသည်။

“ကဲ တော်ပြီ၊ ပြန်ကြစို့၊ ဒီလက်နွေးအိုးအိတ်ကို နောက်နောင် အပြင်မှာ ထုတ်မသုံးနဲ့တော့”

ယဲ့ယွင် မတ်တတ်ရပ်ကာ လက်နွေးအိုးကို ဟွေယွဲ့ထံ ကမ်းပေးလိုက်သည်။ ရွံရှာ၍ မဟုတ်ဘဲ မိန်းကလေးတစ်ဦး၏ စေတနာကို ဖျက်ဆီးမိသလို ဖြစ်သွားမှာကို သူမ စိုးရိမ်ခြင်း ဖြစ်သည်။ ချီရှီသည် နင်ချန်အပေါ် ထားရှိသည့် သံယောဇဉ်မှာ တခြားသူများနှင့် မတူကြောင်း သူမ မြင်နိုင်ပါသည်။ ဤအမျိုးသမီးသည် နင်ချန်ကို ကြည့်သည့်အခါတိုင်း အမြဲတမ်း စွဲလန်းရူးသွပ်နေသည့် အကြည့်မျိုး ရှိတတ်သည်။

....

အခြားတစ်ဖက်တွင် ချီဝမ်ရုန်သည် နေထိုင်ရာသို့ ပြန်ရောက်သည်နှင့် ခုတင်ပေါ် မှောက်ကာ တရှုံ့ရှုံ့ ငိုတော့သည်။ သူမနှင့်အတူ ပါလာသော အစေခံမလေးနှစ်ဦးမှာ အလွန် စိတ်မကောင်းဖြစ်ရသော်လည်း မည်သို့ နှစ်သိမ့်ရမည်ကို မသိကြပေ။

နောက်ဆုံးတွင် ယွိရှင်းက ရှေ့တိုးကာ ချီရှီ၏ ကျောကို အသာအယာ ပုတ်

ပေးလိုက်သည်။

“ဝမ်ရုန်... မငိုပါနဲ့တော့၊ မင်ရွှင်ယွမ်က အတင်းတောင်းလို့ အရှင်မင်းကြီးက ပေးလိုက်တာ ဖြစ်မှာပါ၊ ဒါက ဝမ်ရုန်ကိုယ်တိုင် အရှင်မင်းကြီးအတွက် ထိုးပေးထားတာပဲ၊ အရှင်က စိတ်ထဲမထားဘဲ ဘယ်နေပါ့မလဲ”

“ဟုတ်သားပဲ ဝမ်ရုန်ရယ်... ငိုလို့ ကျန်းမာရေး ထိခိုက်ပါဦးမယ်၊ မင်ရွှင်ယွမ် အစ်ကိုက စစ်သူကြီးငယ်လေ ပြီးတော့ တိုင်းပြည်အတွက်လည်းအရေးပါတော့အရှင်က ခန မျက်နှာသာပေးနေတနေမှာ့ာ၊ သူက အတင်းတောင်းနေမှတော့ လက်နွေးအိုးအိတ်တစ်ခုတည်းကို အရှင်က မပေးဘဲ နေရမှာ ခက်လို့ ဖြစ်မှာပါ” ဟု ယွိဆော်ကလည်း ဝိုင်းချော့ရှာသည်။

သို့သော် ချီရှီက ခေါင်းမော့မလာဘဲ ခေါင်းအုံးထဲ မျက်နှာမြှုပ်ကာ ရှိုက်ငိုနေဆဲ ဖြစ်သည်။

“နင်တို့ ငါ့ကို ဒီလိုစကားတွေနဲ့ လာပြီး မညာပါနဲ့တော့၊ အရှင်မင်းကြီးက... သူက ငါ့ကို စိတ်ထဲမှာ လုံးဝ မရှိတာ၊ မဟုတ်ရင် မင်ရွှင်ယွမ်ကို တခြား လက်နွေးအိုးအိတ်တွေ အများကြီး ပေးလို့ ရတာပဲလေ၊ မင်ရွှင်ယွမ်က တစ်ခွန်းလေး ချီးကျူးလိုက်တာနဲ့ သူက ပေးလိုက်တယ်ဆိုတာ... ငါ့ရဲ့ စေတနာကို သူ စိတ်ထဲမထားတာပဲ”

သူမကိုယ်တိုင် ဤသို့ အမှန်တရားကို ဖွင့်ဟလိုက်သည့်အခါ အစေခံမလေးနှစ်ဦးမှာ ဘာမှ ဆက်မပြောနိုင်တော့ဘဲ ဘေးနားတွင် တိတ်ဆိတ်စွာ စောင့်နေပေးရုံသာ ရှိတော့သည်။

.....

ထိုအချိန်တွင် ကျန်းချန်နန်းဆောင်အတွင်း၌...အားလုံးက သတိရနေကြသော နင်ချန်သည် အစီရင်ခံစာ အပုံကြီးကို ဖတ်ပြီးသွားသဖြင့် လက်ဖက်ရည်သောက်ကာ အနားယူနေသည်။ ဘေးနားတွင် စာရေးကိရိယာများ ပြင်ဆင်ပေးနေသူမှာ ဟိုမိန်ရန် ဖြစ်သည်။

နောက်ဆုံးတွင် ခေါ်ယူခြင်းခံရသဖြင့် ဟိုမိန်ရန်သည် နေ့ရက်များစွာ စောင့်ဆိုင်းခဲ့ရသည်များကို မေ့ပျောက်ကာ အလွန်ပျော်ရွှင်နေသည်။ နန်းတွင်းသို့ ရောက်လာပြီးနောက် မျက်နှာသာရခြင်းမှာ အရာအားလုံး ဖြစ်သဖြင့် ထိပ်တန်းသို့ရောက်ရန် သူမ ကြိုးစားရမည်သာ ဖြစ်သည်။ တစ်နှစ်ကျော်ကြာ နန်းတွင်းအတွေ့အကြုံများကြောင့် ဟိုရှီသည် အစပိုင်းက ရဲတင်းတက်ကြွသော အမျိုးသမီးအဖြစ်မှ တည်ငြိမ်ရင့်ကျက်သူ တစ်ဦးအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။

နန်းတွင်းက အထီးကျန်လွန်းသဖြင့် တက်ကြွမှုများ ပျောက်ကွယ်သွားခြင်း ဖြစ်သလို၊ နန်းတွင်းတွင် စည်းကမ်းလိုက်နာသည့် တည်ငြိမ်သူများသာ အများစုရှိသဖြင့် ကြာလာသောအခါ သူမ၏ မူလစရိုက်များ ပျောက်ဆုံးလာခြင်း ဖြစ်သည်။

“မင်းရဲ့အစ်ကိုက ကိုယ်ခံပညာ မဆိုးဘူးပဲ၊ မင်းလည်း စစ်သူကြီးမျိုးရိုးကဆိုတော့ ကိုယ်ခံပညာတွေ၊ မြင်းစီးမြှားပစ်တွေ တတ်လား” နင်ချန်က ရုတ်တရက် မေးလိုက်သည်။

ဟိုရှီမှာ အမေးခံရသဖြင့် ခနကြောင်သွားပြီးမှ ရှက်ကိုးရှက်ကန်းနှင့် ဖြေသည်။

“ချန်းချဲ့က မိန်းကလေးပဲလေ၊ ဖေဖေနဲ့ အစ်ကိုက ဒါတွေ သင်မပေးပါဘူး၊ ချန်းချဲ့က အနုပညာ အတတ်ပညာတွေနဲ့ အပ်ချုပ်လုပ်ငန်းတွေမှာလည်း ညံ့ဖျင်းလို့ အရှင်မင်းကြီး ရယ်စရာ ဖြစ်ရပါပြီ”

ဤသည်မှာ အမှန်တရား မဟုတ်ပေ။ ဟိုမိသားစုမှာ နောက်မှ အခြေခိုင်လာသော မိသားစုဖြစ်သဖြင့် တခြားမျိုးရိုးကြီးများကဲ့သို့ စည်းကမ်းမတင်းကျပ်ဘဲ ဟိုရှီသည် ငယ်စဉ်ကတည်းက ကိုယ်ခံပညာနှင့် ထိတွေ့ခဲ့ရသလို မြင်းစီးမြှားပစ်လည်း မဆိုးလှပေ။ အနုပညာနှင့် နန်းတွင်းစည်းကမ်းများကိုမူ အရွယ်ရောက်မှသာ စသင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် နန်းတွင်းသို့ ရောက်သောအခါ အမျိုးသမီးများသည် တည်ငြိမ်နူးညံ့မှသာ ဂုဏ်ယူစရာဟု ထင်မြင်ကြသဖြင့် သူမသည်လည်း မြင်းစီးမြှားပစ် တတ်သည်ဟု မပြောဝံ့တော့ခြင်း ဖြစ်သည်။

မမျှော်လင့်ဘဲ နင်ချန်က အနည်းငယ် စိတ်ပျက်သွားသည့်ပုံ ပေါက်သွားသည်။ သို့သော် ခဏအကြာတွင် တစ်ခုခုကို သတိရသွားကာ မျက်ဝန်းထဲတွင် အရောင်များ တောက်ပလာသည်။

“နှမြောစရာပဲ၊ မင်း ဒါတွေ မတတ်တော့ မင်ရွှင်ယွမ်နဲ့ အဖော်လုပ်လို့ မရဘူးပေါ့၊ သူက မြင်းစီးတာ သိပ်မကျွမ်းပေမဲ့ မြှားပစ်တာတော့ အတော်ကို တော်တာ”

သူက ဆက်ပြောလိုက်သေးသည်။ “ကျားကစားတာနဲ့ ပန်းချီဆွဲတာမှာလည်း ထူးချွန်တယ်”

ဟိုမိန်ရန်၏ မျက်နှာ တောင့်တင်းသွားပြီး အတင်းပြုံးကာ ဆိုသည်။ “မင်ရွှင်ယွမ်က တတ်သိလိမ္မာတာတွေ များတာပဲ၊ ချန်းချဲ့ကတော့ ညံ့ဖျင်းသူမို့ ရွှင်ယွမ်နဲ့ မနှိုင်းယှဉ်ရဲပါဘူး”

ခုနက မိမိလည်း တတ်သည်ဟု မပြောမိခြင်းအတွက် သူမ နောင်တရသွားသည်။ အခုမှ ပြန်ပြောလျှင်လည်း နောက်ကျသွားပြီ ဖြစ်သည်။ ခုနက မတတ်ဘူးပြောပြီး ချက်ချင်း တတ်တယ်ပြောလျှင် ဧကရာဇ်ကို လိမ်လည်ရာ ကျပေလိမ့်မည်။

အရှင်မင်းကြီးက မြင်းစီးမြှားပစ်တတ်သော အမျိုးသမီးကို ကြိုက်မှန်း ဘယ်သူမှ သူမကို မပြောခဲ့ကြပေ။ ဤသည်မှာ ယဲ့ရှီ မျက်နှာသာရရုံ အကြောင်းရင်းလား? တခြားသူတွေ မတတ်ဘဲ သူမ တစ်ယောက်တည်းတတ်သဖြင့် ထူးခြားပြီး ဆွဲဆောင်မှု ရှိနေခြင်းလား။

နှမြောစရာပဲ... နောင်ကျရင်တော့ ဒါကို ယဲ့ရှီ တစ်ယောက်တည်း တတ်မှာ မဟုတ်တော့ဘူး၊ သူမလည်း တတ်အောင် လုပ်နိုင်ပါတယ်၊ အရှင်မင်းကြီး ရှေ့မှာ လက်စွမ်းပြဖို့ အခွင့်အရေး တစ်နေ့တော့ ရှိလာမှာပါ။

သူမ အတွေးလွန်နေစဉ်မှာပင် နင်ချန်၏အသံကြောင့် သတိပြန်ဝင်လာသည်။

“ယွီကျိုးကနေ စစ်ပါရမီရှင်တွေ အများကြီး ထွက်တာပဲ၊ ရှူးဖေးရဲ့ မိသားစုဖြစ်တဲ့ ယန်မိသားစုကလည်း စစ်သည်တော်တွေပဲ၊ အခု မင်းတို့ ဟိုမိသားစု ရှိလာသလို ကျောက်စစ်သူကြီးနဲ့ လျိုစစ်သူကြီးတို့လည်း ရှိတယ်၊ ယွီကျိုးက တကယ်ကို ရတနာမြေပဲ၊ ကျန်း ကြားတာတော့ ဒီတစ်ခေါက် ယွီကျိုးက ကုန်သည်တွေလည်း ရိက္ခာတွေ အများကြီး လှူကြတယ်ဆိုတော့ မင်းရဲ့ အစ်ကိုအတွက်လည်း အများကြီး အထောက်အကူ ဖြစ်စေခဲ့တာပေါ့”

နင်ချန်က အမှတ်မထင် ပြောလိုက်ခြင်း ဖြစ်သော်လည်း ဟိုရှီ၏ နားထဲတွင်မူ ထိုသို့ မဟုတ်ပေ။ အကြောင်းကတော့ ထိုစဉ်က ဟိုမိသားစု စုဆောင်းထားသည့် ရိက္ခာများကို ကုန်သည်အသွင်ဖြင့် လှူဒါန်းရန် ယဲ့ယွင်က အကြံပေးခဲ့ခြင်းဖြစ်သည်။

ခဏအတွင်းမှာပင် ဟိုမိန်ရန်သည် ယဲ့ယွင်က အရှင်မင်းကြီးရှေ့တွင် တစ်ခုခုပြောလိုက်သဖြင့် အရှင်က သူမကို လာရောက် စမ်းသပ်နေခြင်းလားဟု တွေးမိသွားသည်။ ထိုသို့ တွေးမိသည်နှင့် သူမ ပြာပြာသလဲ ဖြစ်သွားတော့သည်။

သူမ သတိထား၍ ပြန်ဖြေသည်။ “အစ်ကိုက စစ်သည်တွေကို သားသမီးလို ချစ်တတ်တဲ့ ဂုဏ်သတင်း ရှိသလို တိုင်းပြည်အတွက် စစ်တိုက်နေတာဆိုတော့ ပြည်သူတွေက ကျေးဇူးတင်ကြတာလည်း ဖြစ်မှာပါ၊ သူတို့လည်း တိုင်းပြည်အတွက် တတ်နိုင်သလောက် ကူညီချင်ကြလို့ ဖြစ်မှာပါ”

“အင်း... ဒါက ကောင်းတဲ့ ကိစ္စပဲ၊ ယွီကျိုးကုန်သည်တွေ လှူဒါန်းတဲ့ ရိက္ခာက များလည်းများ၊ အချိန်လည်း ကိုက်ညီတော့ အကျိုးကျေးဇူး အများကြီးရှိခဲ့တာပေါ့၊ ကျန်းရဲ့ အမိန့်တော် မရောက်ခင်ကတည်းက ရောက်နေခဲ့တာလေ” ဟု နင်ချန်က ဆိုသည်။

ဤစကားတစ်ခွန်းကြောင့် ဟိုမိန်ရန် စိတ်ထဲတွင် ပို၍ပင် လွဲမှားစွာ တွေးတောမိသွားပြီး နောက်ဆုံးတွင် ထိန်းမထားနိုင်တော့ဘဲ...

ရုတ်တရက် သူမ ဒူးထောက်လိုက်ကာ ဆိုသည်။ “အရှင်မင်းကြီး... အဲဒါတွေအားလုံးက မင်ရွှင်ယွမ် အကြံတွေပါ၊ သူက ချန်းချဲ့ဆီကို အရင်လာရှာပြီး လင်ကျိုးကို ရိက္ခာပို့ဖို့ နည်းလမ်းကိုတိုက်တွန်းခဲ့တာပါ၊ ချန်းချဲ့က အရှင်မင်းကြီးကို ဖုံးကွယ်ထားချင်လို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ မင်ရွှင်ယွမ်က မပြောတော့ ချန်းချဲ့လည်း မပြောရဲလို့ပါ”

***

All Chapters