အခန်း (၃၁၃-၃၁၄)
Vol. 20 Ch. 313-314
အခန်း ၃၁၃ ။ ကိုယ့်ခြေထောက်ကိုယ် ကျောက်ခဲနဲ့ထုခြင်း
ဟိုမိန်ရန်၏ ရုတ်တရက်အပြုအမူကြောင့် နင်ချန်မှာ ကြောင်အမ်းသွားရသည်။ လက်ထဲတွင် ကိုင်ထားသောလက်ဖက်ရည်ခွက်မှာ ခနရပ်တန့်သွားပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
"မင်း ဘာပြောလိုက်တယ်။”
ယခုအချိန်အထိ ဟိုရှီသည် သူမဘာသာ ဖန်တီးထားသော ထိတ်လန့်မှုထဲတွင် နစ်မွန်းနေဆဲဖြစ်ကာ အလောတကြီးပင် ပြောလိုက်သည်။
"အရှင်မင်းကြီး ခွင့်လွှတ်ပေးတော်မူပါ။ ချန်းချဲ့တစ်ယောက်တည်းဆို အဲ့လို လိမ်လည်လှည့်ဖြားဖို့ လုံးဝ သတ္တိမရှိပါဘူး။ မင်ရွှင်ယွမ်က ချန်းချဲ့ဆီ လာပြီး အတူတူလုပ်ဖို့ တိုက်တွန်းခဲ့တာပါ။ ချန်းချဲ့ကလည်း အစ်ကိုဖြစ်သူရဲ့ အသက်အန္တရာယ်ကို စိုးရိမ်မိလို့ ဒီအမှားကို လုပ်မိခဲ့တာပါ။ အရှင်မင်းကြီး ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
ဤအချိန်သို့ရောက်မှ နင်ချန်သည် အသိပြန်ဝင်လာပြီး သူမဘာကို ဆိုလိုနေမှန်း နားလည်သွားတော့သည်။ ၎င်းမှာ သူစောစောက ပြောလိုက်သော စကားအပေါ် ဟိုရှီက အထင်မှားသွားခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
သို့သော် ရိက္ခာကိစ္စနှင့် ပတ်သက်၍ ယဲ့ယွင်သည် သူ့အား အစောကတည်းက အသိပေးထားခဲ့ပြီးဖြစ်သည်။ ထို့ပြင် စကားထဲတွင်လည်း သူမတစ်ဦးတည်း လုပ်ဆောင်ခဲ့သယောင်သာ ပြောဆိုခဲ့ရာ တစ်ခုခုဖြစ်လာပါက သူမတစ်ဦးတည်း တာဝန်ယူမည့် ပုံစံမျိုးပင်။
သို့သော် ဟိုရှီကို ပြန်ကြည့်လျှင်မူ တစ်စုံတစ်ရာမဖြစ်သေးခင်မှာပင် ယဲ့ယွင်ကို အရှေ့သို့ တွန်းထုတ်ကာ အပြစ်ဖို့နေလေသည်။ ဤသည်မှာ လူတစ်ဦး၏စိတ်ဓာတ်ကို များစွာ ကွာခြားသွားစေသည်။
တစ်ယောက်က အမှန်တရားကို သိမြင်နားလည်ကာ လုပ်ဆောင်ချက်အတွက် တာဝန်ယူဝံ့သူဖြစ်ပြီး၊ နောက်တစ်ယောက်မှာမူ လုပ်ဆောင်ချက်တွင် ပါဝင်ခဲ့သော်လည်း အပြစ်ပေးခံရမည်ကို စိုးရိမ်ကာ သူတစ်ပါးကို အပြစ်လွှဲချရန် အလျင်စလို ကြိုးစားသူ ဖြစ်နေသည်။ ကွာခြားချက်မှာ အလွန်သိသာလှသည်။
အချိန်အတော်ကြာ တုံ့ပြန်မှုမကြားရသဖြင့် ဟိုမိန်ရန်၏ မျက်နှာမှာ ဖြူလျော်သွားပြီး သူမသည် ယဲ့ယွင်ကို အလွန်အမင်း မုန်းတီးသွားမိသလို၊ ခေါင်းပြတ်နိုင်သည့် ထိုကိစ္စမျိုးတွင် ဘာကြောင့် ပါဝင်ခဲ့မိပါလိမ့်ဟု နောင်တကြီးစွာ ရနေခဲ့သည်။
မမျှော်လင့်ဘဲ နောက်တစ်ခဏ၌ နင်ချန်၏ အလွန်အေးဆေးသော အသံကို ကြားလိုက်ရသည်။
"ထပါတော့... ဒီကိစ္စကို ကျန်း အစောကတည်းက သိပြီးသားပါ။ အဲဒီနေ့ကတည်းက မင်ရွှင်ယွမ်က ကျန်းဆီလာပြီး အကျိုးအကြောင်း အကုန်ပြောပြခဲ့ပြီးပြီ။ အကြောင်းပြချက် ခိုင်လုံတာကြောင့် ကျန်း အပြစ်မယူပါဘူး။ အဲ့တာကမတော်တဆမှုတစ်ခုပါပဲ။ မင်းလည်း အဲဒီထဲမှာ ပါဝင်ခဲ့တယ်ဆိုပေမဲ့ အဲဒီတုန်းက မင်ရွှင်ယွမ် လာပြီး အပြစ်ဝန်ခံတော့ မင်းအကြောင်း တစ်လုံးမှ မဟခဲ့ဘူး။”
စကား၏ အစပိုင်းက ဟိုရှီအား ဘေးအန္တရာယ်မှ လွတ်မြောက်သွားသလို ခံစားရစေသော်လည်း၊ အဆုံးသတ်ပိုင်းမှာမူ သူမကို ရေခဲတွင်းထဲသို့ ကျသွားသကဲ့သို့ ဖြစ်စေခဲ့သည်။
သူမ မည်မျှပင် ထုံအပါစေ၊ ယခုအချိန်တွင် နင်ချန်၏ စကားထဲမှ အဓိပ္ပာယ်ကို နားလည်သွားပြီ ဖြစ်သည်။
ဧကရာဇ်သည် ဟိုမိသားစုက ကုန်သည်အယောင်ဆောင်ကာ ရိက္ခာလှူဒါန်းသည့် ကိစ္စကို လုံးဝမသိရှိခဲ့ဘဲ ယဲ့ယွင်က ထိုကိစ္စကို လုပ်ဆောင်နေစဉ်မှာပင် ဧကရာဇ်နှင့် ညှိနှိုင်းတိုင်ပင်ပြီးသား ဖြစ်နေခြင်းပင်။
ယခုအချိန်တွင် ဟိုမိန်ရန်သည် မိမိကိုယ်ကိုယ် လူပြက်တစ်ဦးကဲ့သို့ ခံစားလိုက်ရသည်။ စောစောက သူမ၏ လုပ်ရပ်များကို ပြန်စဉ်းစားကြည့်လျှင် အလွန်ပင် မိုက်မဲလွန်းလှပေသည်။ အထူးသဖြင့် သူမသည် တာဝန်ကို ရှောင်လွှဲကာ ယဲ့ယွင်ကို ရောင်းစားခဲ့သော်လည်း၊ ယဲ့ယွင်ကမူ သူမအပေါ် ထိုသို့ မပြုမူခဲ့ပေ။
သူမ၏ စိတ်ထဲတွင် ရှက်ရွံ့ခြင်း၊ အံ့သြခြင်းနှင့် အရှက်ရခြင်းတို့ ရောပြွမ်းနေတော့သည်။
"အရှင်မင်းကြီး... ချန်းချဲ့..."
"ထပ်ပြီး မပြောနဲ့တော့။ ဒီနေ့ လျှောက်တင်လွှာတွေလည်း အတော်လေး စစ်ပြီးပြီဆိုတော့ မင်း ပြန်လို့ရပါပြီ။ ဒီကိစ္စကို နောက်ထပ် လျှောက်မပြောနဲ့ဦး။ တကယ်လို့ တစ်ခုခု ပေါက်ကြားသွားခဲ့ရင် ဘယ်လိုအပြစ်မျိုး ရမလဲဆိုတာ မင်းသိမှာပါ"
နင်ချန်သည် သူမကို ကြည့်ပင်မကြည့်ချင်တော့ဘဲ မျက်လွှာချကာ အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
ဟိုရှီသည် ယခုတစ်ကြိမ်တွင် ကိုယ့်ခြေထောက်ကိုယ်ကျောက်ခဲနှင့် ထုမိပြီဖြစ်ကြောင်း သိလိုက်ရသည်။ ခန့်မှန်းရသည်မှာ အချိန်အတော်ကြာသည်အထိ ဧကရာဇ်သည် သူမကို မြင်ချင်တော့မည် မဟုတ်ပေ။ ယဲ့ယွင် အချစ်တော် ဖြစ်နေသရွေ့ သူမသည် ဧကရာဇ်၏ ငြိုငြင်မှုကို ခံရပေလိမ့်မည်။
ကျန်းချန်နန်းဆောင်မှ ထွက်လာသောအခါ ဟိုရှီသည် တစ်ကိုယ်လုံး အေးစက်နေပြီး မျက်နှာမှာလည်း ကြည့်မကောင်းအောင် ဖြစ်နေသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် ဥယျာဉ်ထဲတွင် လူနည်းသဖြင့် ဤအခြင်းအရာကို မည်သူမျှ သတိမပြုမိကြပေ။
သို့သော်လည်း ဟိုမိန်ရန်သည် မင်သွေးရန် သွားရောက်ခဲ့သော်လည်း အိပ်ဆောင်ခေါ်ယူခြင်း မခံရဘဲ ပြန်လာရခြင်းမှာ အများ၏ လှောင်ပြောင်စရာ ဖြစ်သွားရလေသည်။ မိသားစုများ အားလုံး ကောင်းမှုပြုထားကြသော်လည်း ဟိုဖျင်ပေ၏ စစ်မှုထမ်းကောင်းမှုမှာ ယဲ့ကျယ်ထက်ပင် ပိုများနေသေးသော်လည်း ဟိုရှီမှာမူ ဤမျှအထိ အလေးပေးခြင်း မခံရပေ။
.....
ထိုညတွင် နင်ချန်သည် ဟိုမိသားစု၏ မျက်နှာကို ထောက်ထားဆဲ ဖြစ်သည်။ ဟိုမိန်ရန်ကို အိပ်ဆောင်မခေါ်ခဲ့သလို အခြားသူများကိုလည်း ခေါ်ယူခြင်း မရှိခဲ့ပေ။
သို့သော် နောက်တစ်နေ့တွင်မူ ယိရွှင်ရုန်ထံသို့ သွားရောက်ခဲ့သည်။ တတိယမင်းသားလေးကိုလည်း အတူခေါ်လာခဲ့သဖြင့် ကလေးကို သွားမကြည့်ဘဲ နေ၍မရပေ။
သူရောက်သွားသောအခါ ယိရွှင်ရုန်သည် တတိယမင်းသားလေးအား ရိုးရှင်းသော စာလုံးအချို့ကို သင်ပေးနေသည်။ ပြည်ထဲရေးဌာနမှ ပြုလုပ်ပေးထားသော လက်ဝါးခန့် သစ်သားပြားလေးများပေါ်တွင် ရွှေဆေးဖြင့် စာလုံးများ ရေးထိုးထားခြင်း ဖြစ်သည်။ နှစ်ဆင့်၊ သုံးဆင့်ခန့်ရှိသော စာသားများမှာ အလုံးပေါင်း နှစ်ဆယ်၊ သုံးဆယ်ခန့် ရှိပေလိမ့်မည်။
နင်ချန် ထိုင်လိုက်သည်နှင့် တတိယမင်းသားလေးသည် လူကြီးများသင်ပေးထားသည့်အတိုင်း လာရောက်အလေးပြုသည်။ ကလေးမှာ အလွန်ပင် ချစ်စရာကောင်းလှ၏။
အဆုံးတွင် ယိရွှင်ရုန်က သူမ၏ သင်ကြားမှုရလဒ်များကို နင်ချန်အား စိတ်အားထက်သန်စွာ ပြသလေသည်။ အသက်သုံးနှစ်ပင် မပြည့်သေးသော တတိယမင်းသားလေးမှာ စာလုံးပေါင်း တစ်ရာနီးပါး မှတ်မိနေပြီဖြစ်သလို ရိုးရှင်းသော ကဗျာနှစ်ပုဒ်ကိုလည်း ရွတ်ဆိုနိုင်သည်။
တတိယမင်းသားလေးမှာ အမှန်တကယ်ပင် ထက်မြက်ပြီး စာသင်လိုစိတ်ရှိကြောင်း မြင်သာလှသည်။ ယိရွှင်ရုန်ကလည်း သူ့ကို အတင်းအကျပ်မလုပ်ဘဲ ကလေးကိုယ်တိုင်က စိတ်ဝင်တစား ရှိနေခြင်း ဖြစ်သည်။
မိမိသားဖြစ်သူ ထူးချွန်သည်ကို နင်ချန်အနေဖြင့် သဘာဝကျစွာပင် ဝမ်းသာမိသဖြင့် စကားအနည်းငယ် ချီးမွမ်းလိုက်မိသည်။ ထို့နောက် ယိရွှင်ရုန်၏ တောင်းဆိုချက်အရ တတိယမင်းသားလေးအတွက် အခြေခံစာဖတ်ရန် စာလုံးအစုံကို ကိုယ်တိုင်ရေးပေးခဲ့သည်။ သုံးနှစ်တွင် စာစသင်ရမည်ဖြစ်ပြီး ငါးနှစ်တွင် စာသင်ကျောင်းသို့ သွားရောက် ပညာသင်ကြားရမည်ဖြစ်သည်။
ထိုညတွင် နင်ချန်သည် ထိုနေရာ၌ပင် အိပ်စက်အနားယူခဲ့ပြီး နောက်တစ်နေ့ နံနက်စာစားပြီးမှ ထွက်ခွာသွားခဲ့သည်။
......
ယိရွှင်ရုန်သည် တတိယမင်းသားလေး၏ ထက်မြက်မှုအတွက် အလွန်ပင် ဂုဏ်ယူနေမိသည်။ ထို့ကြောင့် နောက်တစ်နေ့တွင် တတိယမင်းသားလေးက အပြင်ထွက်ကစားချင်သည်ဟု ပြောသောအခါ သူမက ခွင့်ပြုလိုက်သည်။
မထင်မှတ်ဘဲ အပြင်ထွက်လာသောအခါ ယဲ့ယွင်နှင့် ဆုံမိလေသည်။ တစ်ယောက်က ကလေးကို လမ်းလျှောက်ခေါ်လာခြင်းဖြစ်ပြီး၊ နောက်တစ်ယောက်မှာမူ ခွေးကို လမ်းလျှောက်ခေါ်လာခြင်း ဖြစ်သည်။
ဥယျာဉ်ထဲတွင် နန်းတော်ထဲကဲ့သို့ အကျွမ်းတဝင် မရှိသလို အလွန်လည်း ကျယ်ဝန်းလှသဖြင့် "ညန်ကောင်း" (ညန်ကောင်း) ကို လျှောက်မပြေးစေဝံ့ဘဲ ကျောက်ထန်ခြံဝင်းတွင်သာ ရက်အနည်းငယ် ပိတ်လှောင်ထားခဲ့ရသည်။ ရလဒ်အနေဖြင့် ညန်ကောင်း၏ ပြည့်လျှံနေသော စွမ်းအင်များမှာ ထွက်ပေါက်မရှိဖြစ်ကာ အိမ်ကို ဖျက်ဆီးမည့် အခြေအနေသို့ ရောက်လာတော့သည်။
ယနေ့တွင် နှင်းကျပြီးနောက် ရာသီဥတု သာယာကြည်လင်သဖြင့် အမြန်ပင် အပြင်သို့ ခေါ်ထုတ်ကာ အညောင်းအညာ ပြေစေခြင်း ဖြစ်သည်။
"ရွှင်ယွမ်ကို ဂါရဝပြုပါတယ်" ယိရွှင်ရုန်က သိပ်ပြီး စေတနာမပါလှဘဲ ဦးညွှတ်နှုတ်ဆက်လိုက်သည်။
တတိယမင်းသားလေးမှာ ကြောင်အမ်းအမ်း ဖြစ်နေသော်လည်း မိခင်ဖြစ်သူ ဂါရဝပြုသည်ကို မြင်သောအခါ သူကလည်း ယိမ်းယိုင်ယိုင်နှင့် လိုက်လုပ်လေသည်။
"ရပါပြီ" ယဲ့ယွင်က လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
သူမသည် လူကြီးအပေါ်တွင် မည်သည့် ခံစားချက်ကောင်းမှ မရှိသော်လည်း ဖြူဖြူဖွေးဖွေးနှင့် တတိယမင်းသားလေးမှာမူ အလွန်ချစ်စရာကောင်းလှသဖြင့် ကလေးကို ကြည့်ကာ ပြုံးပြလိုက်မိသည်။
"ရွှင်ယွမ်က ဘာလို့ ထွက်လာတာလဲ၊ တစ်ယောက်တည်း ပျင်းနေလို့လား" ယိရွှင်ရုန်က ပြုံးလျက် မေးလိုက်သည်။
ယဲ့ယွင်က အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး သူမကို အေးအေးဆေးဆေး တစ်ချက်ကြည့်လိုက်သည်။
"ပျင်းလို့တော့ မဟုတ်ပါဘူး၊ ကိုယ့်ဘာသာ အချိန်ရတုန်း အပြင်ထွက် လည်ပတ်ကြည့်တာပါ။ ဒီရက်ပိုင်းတွေမှာ အရှင်မင်းကြီးရဲ့ဘေးနားမှာပဲ အမြဲရှိနေရတော့ ဥယျာဉ်ထဲက ရှုခင်းတွေကို ထွက်ကြည့်ဖို့ အချိန်တောင် မရှိဘူး။ ယိရွှင်ရုန်လိုမျိုး အမြဲတမ်း အချိန်အားတွေ အများကြီး ရှိမနေဘူးလေ"
ဤသို့ ခနဲ့တဲ့တဲ့ ပြန်ပြောလိုက်သဖြင့် ယိရွှင်ရုန်၏မျက်နှာမှာ အနည်းငယ် ပျက်သွားရသည်။
အတိအကျပင် ထိုအချိန်၌ တတိယမင်းသားလေးနှင့် ညန်ကောင်းတို့ နီးကပ်သွားသည်ကို ယိရွှင်ရုန်က မြင်လိုက်ရသည်။ ညန်ကောင်း ဟူသော ခွေးလေးမှာ ကလေးများကို အလွန်နှစ်သက်ပြီး အမြီးကို တယမ်းယမ်းနှင့် အလွန်ပျော်ရွှင်နေရှာသည်။
တတိယမင်းသားလေးမှာလည်း ထိုသို့သော အရာကို မမြင်ဖူးသဖြင့် ထူးဆန်းနေပြီး အနည်းငယ် ကြောက်သော်လည်း အနားသို့ ကပ်ချင်နေကာ လက်ကို ဆန့်ပြီး ညန်ကောင်း၏ နှာခေါင်းကို သွားရောက် ထိတွေ့လိုက်မိသည်။
ထိလိုက်ရုံသာ ရှိသေးသော်လည်း ယိရွှင်ရုန်က ဟန့်တားလိုက်သည်။
"ဟန်အာ!"
တတိယမင်းသားလေးမှာ လန့်သွားကာ လက်ကို အမြန်ပြန်ရုပ်လိုက်ပြီး ယိရွှင်ရုန်ကို တစ်ချက်ကြည့်ကာ ခေါင်းငုံ့သွားတော့သည်။ လက်ကလေးနှစ်ဖက်ကိုလည်း နောက်ကျောတွင် ပုန်းလျှိုးထားလိုက်၏။
ယိရွှင်ရုန်က မျက်မှောင်ကြုတ်ကာ လက်ကိုင်ပုဝါကို ထုတ်ပြီး ငုံ့ထိုင်လိုက်ကာ တတိယမင်းသားလေး၏လက်ကလေးကို ဆွဲယူ၍ သေချာစွာ သုတ်ပေးနေသည်။
"ဟန်အာ... ဒါက ခွေးလေ၊ ဘယ်လောက် ညစ်ပတ်လဲ။ တိရစ္ဆာန်ဆိုတာ လူစကား နားမလည်ဘူး၊ ဒဏ်ရာရသွားဦးမယ်။ နောက်ဆို အပြင်မှာ တိရစ္ဆာန်တွေကိုတွေ့ရင် အမြန်ပဲ ဝေးဝေးကနေ ရှောင်သွားရမယ်နော်၊ သိရဲ့လား"
တတိယမင်းသားလေးက နားလည်သလိုလိုနှင့် ညန်ကောင်းကို ကြည့်လိုက်ရာ မျက်လုံးထဲတွင် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသလို အနည်းငယ်လည်း သတိထားသွားဟန် ရသည်။
ယိရွှင်ရုန်၏ စောင်းမြောင်းပြောဆိုသော စကားများကို ကြားရသောအခါ ယဲ့ယွင်၏မျက်လုံးများမှာ အေးစက်သွားတော့သည်။
ဟွေယွဲ့က မနေနိုင်ဘဲ မကျေမနပ် ပြောလိုက်မိသည်။ "ညန်ကောင်းက အရမ်းလိမ္မာတာပါ၊ လူကို မကိုက်တတ်ပါဘူး၊ လူစကားကိုလည်း အကုန်နားလည်တယ်"
"ဟုတ်လား" ယိရွှင်ရုန်က ဟွေယွဲ့ကို မဲ့ပြုံးတစ်ချက် ပြုံးပြကာ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ "ဒါပေမဲ့ ဒီတိရစ္ဆာန်ဆိုတာ လူစကားကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ၊ ထိန်းချုပ်ရတာ ခက်တာပေါ့။ တကယ်လို့ လူကို ရန်ပြုမိရင် မကောင်းဘူးလေ"
ယဲ့ယွင်က သူမကို တစ်ချက်စောင်းကြည့်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ညန်ကောင်း... လာခဲ့၊ ငါ့ဘေးမှာ လာထိုင်"
သခင်၏ အမိန့်ကို ကြားသည်နှင့် ညန်ကောင်းသည် ချက်ချင်းပင် အမြီးတယမ်းယမ်းနှင့် ရောက်လာကာ သူမ၏ ဘေးနားတွင် လိမ္မာစွာ ထိုင်လိုက်လေသည်။
"ကြည့်ရတာ တိရစ္ဆာန်တိုင်းက လူစကားကို နားမလည်တာ မဟုတ်ဘူးထင်တယ်။ တချို့ တိရစ္ဆာန်တွေကပဲ ထူးထူးခြားခြား မိုက်မဲနေကြတာ ထင်ပါရဲ့၊ မဟုတ်ဘူးလား ယိရွှင်ရုန်" ယဲ့ယွင်က အေးအေးဆေးဆေးပင် မေးစေ့ကို အနည်းငယ် မော့ကာ ပြောလိုက်သည်။
သူမ၏မျက်လုံးထဲရှိ လှောင်ပြောင်သရော်မှုကို အနည်းငယ်မျှ ဖုံးကွယ်ထားခြင်း မရှိပေ။
ယိရွှင်ရုန်က ပြန်လည် မချေပနိုင်ခင်မှာပင် သူမက ဆက်ပြောလိုက်သည်။
"ဟွေယွဲ့... နောက်ဆို ညန်ကောင်းကို အပြင်ထွက်ကစားခိုင်းရင် သေချာဂရုစိုက်ဦး။ မိုက်မဲတဲ့ တိရစ္ဆာန်တွေနဲ့ သိပ်ပြီး နီးနီးကပ်ကပ် မနေစေနဲ့၊ မိုက်မဲတာတွေ ကူးစက်ကုန်ဦးမယ်။ သွားကြစို့၊ ငါတို့ တခြားနေရာကို သွားလည်ကြရအောင်"
ယိရွှင်ရုန်မှာ စကားတစ်ခွန်းမျှပင် ပြန်လည် မချေပနိုင်လိုက်ဘဲ ယဲ့ယွင်၏ ကျောပြင် ဝေးကွာသွားသည်ကိုသာ ကြည့်နေခဲ့ရသည်။
သူမ၏ မျက်နှာတစ်ခုလုံးမှာ ဒေါသကြောင့် မည်းမှောင်နေတော့သည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-314
အခန်း ၃၁၄ ။ တက်ကြွခြင်း
ယဲ့ယွင် ထွက်ခွာသွားပြီးနောက် တတိယမင်းသားလေးသည် ယိရွှင်ရုန်၏ အဝတ်အစားကို အသာအယာဆွဲကာ တိုးတိုးလေး ပြောလိုက်သည်။
"မယ်တော်... သားလည်း ကိုယ်ပိုင်ခွေးလေး တစ်ကောင်လောက် မွေးလို့ရမလားဟင်။”
"မရဘူး" ယိရွှင်ရုန်မှာ စိတ်တိုနေသဖြင့် လေသံမှာ အတော်လေး ပြတ်သားသွားသည်။
သားဖြစ်သူ၏ မျက်နှာလေး ငယ်ကျသွားသည်ကို မြင်သောအခါမှ မိမိ လေသံတင်းမာသွားသည်ကို သတိပြုမိပြီး ကလေးကို ပွေ့ချီလိုက်ကာ ချော့မော့ပြောလိုက်သည်။
"ဟန်အာ... 'ကစားမက်ရင် ရည်မှန်းချက်ပျောက်တယ်' ဆိုတဲ့ စကားရှိတယ်လေ။ အဲဒါက ကစားတာတစ်ခုခုမှာပဲ အာရုံနစ်မွန်းနေရင် ရည်မှန်းချက်တွေ ပျောက်ဆုံးပြီး တိုးတက်ချင်စိတ် မရှိတော့ဘူးလို့ အဓိပ္ပာယ်ရတယ်။ ဟန်အာက လိမ္မာတဲ့ကလေးပဲ၊ အခုက စာစသင်ရတော့မယ့်အချိန်ဆိုတော့ ကစားဖို့ပဲ စဉ်းစားနေလို့ မဖြစ်ဘူး။ မဟုတ်ရင် ထက်မြက်တဲ့ကလေး ဖြစ်မှာမဟုတ်ဘူးနော်၊ သိလား"
တတိယမင်းသားလေးမှာ အနည်းငယ် စိတ်မကောင်းဖြစ်သွားသော်လည်း မိခင်ဖြစ်သူက စာကိုသာ အာရုံစိုက်ရန် အမြဲသွတ်သွင်းပေးထားသဖြင့် လက်ခံလိုက်ပြီး ထပ်မပြောတော့ပေ။
....
ယဲ့ယွင်သည် ယိရွှင်ရုန်နှင့် ဆုံမိသဖြင့် စိတ်အနှောင့်အယှက်ဖြစ်ကာ အနည်းငယ် စိတ်မကြည်မလင် ဖြစ်သွားရသည်။ ညန်ကောင်းကို အပြင်တွင် ကစားရန် လူယုံများနှင့် ထားခဲ့ပြီး သူမကတော့ အရင်ပြန်လာခဲ့သည်။
သူမ အပြင်ထွက်သွားသည်မှာ နာရီဝက်ပင် မရှိသေးသော်လည်း ပြန်ရောက်လာသည့်အခါတွင် လုမေ့ထံမှ သတင်းကြီးတစ်ခုကို ကြားလိုက်ရသည်။ နန်းတော်ထဲမှ သတင်းစကား ပါလာခြင်း ဖြစ်သည်။
ဒုတိယမင်းသားလေး ရေကန်ထဲ ပြုတ်ကျသွားခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ချင်ပေါင်လင်က ကယ်တင်နိုင်ခဲ့သည်ဟု ဆို၏။
"ဒီလောက်တောင် တိုက်ဆိုင်တာလား" ယဲ့ယွင်က အံ့သြစွာ မေးလိုက်သည်။
သူမက သံသယများသူ မဟုတ်သော်လည်း နန်းတော်ထဲတွင် အမှန်တကယ် စေတနာအရင်းခံနှင့် ကောင်းမှုလုပ်သူမှာ လုံးဝမရှိသလောက်ပင်။ သူမကိုယ်တိုင်လည်း အန်းရှီ သားဦးမွေးစဉ် အခက်တွေ့နေစဉ်က ဂျင်ဆင်းနှင့် ကယ်တင်ပေးခဲ့ဖူးသော်လည်း ရလဒ်မှာ ဘယ်လိုများရှိလို့လဲ။
"ကျင်းသယ့်ဖေး နေထိုင်တဲ့နေရာ ဘေးက ကန်ထဲမှာ ဖြစ်တာပါ။ ဒုတိယမင်းသားလေးက ဘောလုံးကန်ကစားနေတုန်း ဘောလုံးက ကန်ထဲကို လိမ့်ကျသွားတာနဲ့ မင်းသားလေးက နောက်ကနေ လိုက်ကောက်တာလေ။ နှင်းတွေကြောင့် လမ်းက ချော်နေတော့ မထိန်းနိုင်ဘဲ လိမ့်ကျသွားတာပေါ့။ အစေခံတွေကလည်း ရေမကူးတတ်ကြဘူး။ အဲဒီအချိန်မှာ ချင်ပေါင်လင်က ကျင်းသယ့်ဖေးအတွက် ကိုယ်တိုင်လုပ်ထားတဲ့ လည်စည်းသွားပေးတာနဲ့ ဆုံတော့ ကယ်လိုက်တာပါ" လုမေ့က ရှင်းပြသည်။
ထို့ပြင် "ချင်ပေါင်လင်ရဲ့ဇာတိက ရေလုပ်ငန်းလုပ်တဲ့နေရာဖြစ်သလို ငယ်ငယ်ကလည်း ယောင်္ကျားလေးလိုပဲ နေခဲ့ရတော့ ရေကူးတတ်တာလို့ ပြောပါတယ်" ဟု ထပ်လောင်းပြောပြသည်။
ဤသည်မှာ ကြံစည်ထားခြင်းမျိုး မဟုတ်ဘဲ တိုက်ဆိုင်မှုဟုသာ ယူဆ၍ ရသည်။ သို့သော် ယဲ့ယွင်က မျက်မှောင်ကြုတ်ကာ တွေးလိုက်မိသည်။
"ဒုတိယမင်းသားလေး ရေထဲကျသွားပြီဆိုတော့ ငါတို့ ဒီဥယျာဉ်ထဲမှာ တစ်လပြည့်အောင် နေရတော့မှာ မဟုတ်ဘူး။ အရှင်မင်းကြီးကတော့ ကလေးကို ကြည့်ဖို့ အမြန်ပြန်သွားတော့မှာပဲ"
သူမ ထင်သည့်အတိုင်းပင် ခဏအကြာ၌ မိန်းမစိုး ယွမ်ကျိုကိုယ်တိုင် ရောက်လာပြီး အရှင်မင်းကြီး နန်းတော်သို့ အမြန်ပြန်သွားပြီဖြစ်ကြောင်းနှင့် အခြားကိုယ်လုပ်တော်များမှာမူ နက်ဖြန်နံနက်မှသာ ထွက်ခွာရန် အမိန့်ရှိကြောင်း လာရောက်အသိပေးလေသည်။ ယခုမှာ ညနေစောင်းနေပြီဖြစ်သလို လင်ရှီးဥယျာဉ်တွင် ကလေးနှစ်ဦး ပါနေသဖြင့် ကလေးများ ပင်ပန်းမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ လက်ဖဝါးရော လက်ဖမိုးပါ ကိုယ့်အသားချည်းပင်။
"အရှင်မင်းကြီးက ရွှင်ယွမ်အနေနဲ့ နန်းတော်ပြန်မယ့် ကိစ္စတွေကို သေချာစီစဉ်ပေးဖို့ မှာကြားသွားပါတယ်" ဟု ယွမ်ကျိုက ပြောသည်။
ယဲ့ယွင်က ခေါင်းညိတ်ကာ "သိပါပြီ။ အရှင်မင်းကြီးကို သေချာပြုစုဖို့ အမြန်ပြန်သွားပါဦး။ ဒုတိယမင်းသားလေးက ဘုန်းကံကြီးမားတာကြောင့် ဘာမှမဖြစ်မှာ သေချာပါတယ်။ အရှင်မင်းကြီးကိုလည်း သိပ်ပြီး စိုးရိမ်မနေဖို့ ကျွန်မကိုယ်စား ပြောပေးပါဦး"
"ဟုတ်ကဲ့... ကျွန်တော်မျိုး မှတ်ထားပါမယ်။ အခုပဲ ခွင့်ပြုပါဦး" ယွမ်ကျိုက ဂါရဝပြုပြီး အလျင်အမြန် ထွက်ခွာသွားသည်။
"ရွှင်ယွမ်... ကျွန်တော်မျိုးမတို့ ဘယ်လိုစီစဉ်ကြမလဲဟင်" ဟွေယွဲ့က မေးသည်။
ယဲ့ယွင်က မျက်လွှာချကာ "ဘယ်လိုလာခဲ့လဲ၊ အဲဒီအတိုင်းပဲ ပြန်ကြမယ်။ စည်းမျဉ်းအတိုင်းပဲ လုပ်ပါ။ ရထားမောင်းတဲ့သူတွေက အတွေ့အကြုံရှိတဲ့သူတွေဆိုတော့ ဘာလုပ်ရမလဲ သိကြမှာပါ။ ပိုင်ရှု မင်းက မြင်းရထားတွေကို သွားစီစဉ်လိုက်။ လုမေ့ မင်းက နန်းဆောင်အသီးသီးကို သွားပြီး ပစ္စည်းတွေသိမ်းဖို့ သွားပြောလိုက်။ ဟွေယွဲ့ကတော့ ငါ့ရဲ့ အသုံးအဆောင်တွေကို သိမ်းဆည်းဖို့ လူတွေကို ခေါ်သွားလိုက်"
ဤသို့ တာဝန်ခွဲဝေပေးလိုက်သည်နှင့် အစေခံများမှာ နားလည်သွားကြပြီး ချက်ချင်းပင် အလုပ်စလုပ်ကြတော့သည်။
.....
နန်းတော်ထဲတွင်မူ နင်ချန် ရောက်ရှိလာသည့်အချိန်မှာ ညအချိန် ဖြစ်နေပြီဖြစ်သည်။ သူသည် ရှဲ့ဖန်းနန်းဆောင်သို့ တိုက်ရိုက်သွားခဲ့ရာ သမားတော်များမှာ မပြန်ကြသေးပေ။ အကြောင်းမှာ ဒုတိယမင်းသားလေးမှာ ထိတ်လန့်သွားသည့်အပြင် အအေးမိသွားသဖြင့် အိပ်မက်ဆိုးများ မြင်မက်နေကာ အဖျားမှာလည်း လုံးဝမကျသေးသောကြောင့် ဖြစ်သည်။ သမားတော်များမှာ မပြန်ဝံ့ကြပေ။
မိဖုရားခေါင်ကြီးနှင့် ရှူးဖေးတို့မှာ ကလေးကို စောင့်ကြပ်နေကြပြီး ကျန်လူများကိုမူ ပြန်လွှတ်လိုက်ပြီ ဖြစ်သည်။ နင်ချန် ဝင်လာသည်ကို မြင်သောအခါ အမြန်ပင် ထရပ်ကာ ဂါရဝပြုကြသည်။
"ဒုတိယမင်းသားလေးကော၊ သယ့်ဖေးကော ဘယ်မှာလဲ"
"အထဲမှာပါ၊ မင်းသားလေးက အိပ်မက်ဆိုးတွေမက်ပြီး ငိုနေလို့ သယ့်ဖေးက အခုမှ ချော့သိပ်ထားတာပါ" မိဖုရားခေါင်ကြီးက ပြောသည်။
နင်ချန်၏ မျက်မှောင်မှာ ပို၍ပင် ကြုတ်သွားတော့သည်။ ခြေလှမ်းကို အသာဖွကာ အိပ်ဆောင်ထဲသို့ ဝင်သွားလိုက်သည်။ သယ့်ဖေးသည် ခုတင်ဘေးတွင် ထိုင်ကာ ကလေး၏ မျက်နှာကို ရေဝတ်တိုက်ပေးနေသည်။ ဒုတိယမင်းသားလေး၏ မျက်နှာလေးမှာ အဖျားကြောင့် နီမြန်းနေပြီး နှုတ်ခမ်းများမှာလည်း ခြောက်ကပ်နေကာ အိပ်ပျော်နေသော်လည်း မျက်မှောင်ကို ကြုတ်ထားသဖြင့် အလွန်ပင် နေရခက်နေသည့်ပုံပင်။
"ဘယ်လိုနေလဲ" နင်ချန်က တိုးတိုးလေး မေးလိုက်သည်။
ကျင်းသယ့်ဖေးက ထရပ်ကာ အသံတိတ် ဂါရဝပြုပြီးမှ လေသံကို နှိမ့်၍ ပြန်ဖြေသည်။
"မင်းသားလေးက ဆေးကို ကောင်းကောင်းမသောက်နိုင်ဘူး၊ ကလေးဆိုတော့ လှုပ်စိလှုပ်စိနဲ့ အပ်စိုက်ဖို့လည်း မလွယ်ဘူး။ အခုထိ အဖျားက ရှိနေတုန်းပါပဲ။ ဆေးနည်းနည်းတော့ အတင်းတိုက်ထားပေမဲ့ အာနိသင်ကတော့ မပြသေးဘူး" ပြောပြီးသည်နှင့် သူမက ဒူးထောက်လိုက်သည်။
"အရှင်မင်းကြီး... ချန်းချဲ့မှာ စွမ်းဆောင်ရည် မရှိလို့ ဒုတိယမင်းသားလေးကို သေချာမစောင့်ရှောက်နိုင်ခဲ့ပါဘူး။ အရှင်မင်းကြီးရဲ့ ယုံကြည်မှုကို ဖျက်ဆီးမိသလို ဖြစ်ရလို့ ချန်းချဲ့ကို အပြစ်ပေးတော်မူပါ"
"ထပါ" နင်ချန်က လက်ကို ဝှေ့ယမ်းကာ "ဒီကိစ္စက မင်းအမှား မဟုတ်ဘူး။ အစေခံတွေ ဂရုမစိုက်လို့ ဖြစ်ရတာ။ မင်းဆီမှာ မင်းသားလေးကို ထားကတည်းက ကျန်းကျန်းမာမာနဲ့ လိမ္မာနေတာပဲ၊ မင်းက အစစအရာရာ ဂရုစိုက်တတ်သူပဲလေ။”
ကျင်းသယ့်ဖေးက ဒုတိယမင်းသားလေးအပေါ် မည်မျှဂရုစိုက်ကြောင်းကို လူတိုင်း မြင်တွေ့နေရခြင်း ဖြစ်သည်။ သူမသည် ကလေးအပေါ်တွင် အမှန်တကယ် စေတနာထားသူ ဖြစ်သည်။ ဒုတိယမင်းသားလေးမှာလည်း ကျင်းသယ့်ဖေးနှင့်သာ အမြဲနေရသဖြင့် နို့ထိန်းများထက်ပင် သူမကို ပို၍ ခင်တွယ်သည်။ ထို့ကြောင့် သယ့်ဖေးအား ဂရုမစိုက်ဟု မည်သူမျှ မပြောဝံ့ပေ။
နင်ချန်၏ စကားကြောင့် ကျင်းသယ့်ဖေးသည် မျက်ရည်ကို သုတ်ကာ ထရပ်လိုက်သည်။
"အခုက ညဉ့်နက်နေပြီဆိုတော့ အရှင်မင်းကြီးလည်း ခရီးက ပြန်လာရတာ ပင်ပန်းနေမှာပါ။ အနားယူဖို့ အရင်ပြန်ပါဦး။ မိဖုရားခေါင်ကြီးနဲ့ ရှူးဖေးအစ်မကိုလည်း ပြန်လွှတ်လိုက်ပါ။ ချန်းချဲ့နဲ့ သမားတော်တွေပဲ စောင့်နေပါ့မယ်။ ခုနက ဆေးတစ်ဝက်လောက် ဝင်သွားတယ်ဆိုတော့ သက်သာလာမှာပါ"
နင်ချန်သည် စဉ်းစားကြည့်ပြီးနောက် စိတ်မချသဖြင့် မိဖုရားခေါင်ကြီးနှင့် ရှူးဖေးတို့ကိုသာ ပြန်လွှတ်လိုက်ပြီး သူကိုယ်တိုင် ကျန်ခဲ့လေသည်။ ဘေးနန်းဆောင်တွင်သာ ခနနားနေပြီး အသံကြားသည်နှင့် ချက်ချင်းလာနိုင်ရန် စီစဉ်ထား၏။
....
ကံကောင်းထောက်မစွာဖြင့် ကြီးကြီးမားမား မဖြစ်ဘဲ မိုးလင်းခါနီးအချိန်တွင် ဒုတိယမင်းသားလေးမှာ အဖျားကျသွားခဲ့သည်။ ကျင်းသယ့်ဖေးမှာ တစ်ညလုံး စိုးရိမ်တကြီး စောင့်နေရသဖြင့် မျက်စိပင် မမှိတ်ရဘဲ မျက်နှာမှာ ဖြူလျော်နေတော့သည်။ နံနက်တွင် ကလေးနိုးလာသောအခါ သူမမှာ မူးလဲမတတ်ပင်။
နင်ချန်က အစေခံများကို သူမအား အနားယူရန် ခေါ်သွားခိုင်းပြီး ကလေးကို သွားကြည့်သည်။ ဒုတိယမင်းသားလေးမှာ အဖျားကျသွားသော်လည်း အိပ်ပျော်နေဆဲပင်။ ခုတင်ဘေးတွင် ခနထိုင်ပြီးနောက် သေချာဂရုစိုက်ရန် မှာကြားကာ ညီလာခံတက်ရန် အချိန်ရောက်လာခဲ့သည်။ လင်ရှီးဥယျာဉ်တွင် ရှိစဉ်က မှူးမတ်များနှင့် နေ့တိုင်းတွေ့ရန် မလိုသော်လည်း နန်းတော်သို့ ပြန်ရောက်လာပြီဖြစ်သဖြင့် စည်းမျဉ်းအတိုင်း လုပ်ဆောင်ရပေမည်။ သူသည် ရှဲ့ဖန်းနန်းဆောင်တွင် နံနက်စာစားပြီး ထွက်ခွာသွားခဲ့သည်။
ယဲ့ယွင်နှင့်အဖွဲ့မှာမူ နေ့လည်ခင်းလောက်မှ နန်းတော်သို့ ပြန်ရောက်လာကြသည်။ ပြန်ရောက်ချိန်မှာ နေ့လည်စာစားချိန်နှင့် ကွက်တိပင်။
နန်ကျစ်က ထမင်းဝိုင်း ပြင်ဆင်ထားသော်လည်း ယဲ့ယွင်က အလျင်စလို မစားသေးဘဲ ကလေးကို သေချာနေရာချပြီးသည်နှင့် ရှဲ့ဖန်းနန်းဆောင်သို့ ချက်ချင်း သွားရောက်ခဲ့သည်။
ဤသည်မှာ သရုပ်ဆောင်ခြင်းသာ ဖြစ်သော်လည်း တစ်ခါတစ်ရံတွင် ထိုသို့ တက်ကြွမှုမျိုး ရှိရန် လိုအပ်လှသည်။ သူတစ်ပါး အခက်တွေ့နေချိန်တွင် အလျင်စလို ကူညီခြင်းကသာ သင်သည် သူနှင့် တစ်စိတ်တည်း တစ်ဝမ်းတည်း ရှိကြောင်း ပြသရာရောက်သည်။
အခြားသူများနှင့် နှိုင်းယှဉ်လျှင် သင်သည် ပို၍ နူးညံ့သိမ်မွေ့ကာ စေတနာကောင်းသူဖြစ်ကြောင်း ပြသရန် ဟန်ဆောင်သင့်သည့်အချိန်တွင် ဟန်ဆောင်ရမည် ဖြစ်သည်။
ထို့ကြောင့် အတူပြန်လာကြသော ကျန်ကိုယ်လုပ်တော်များ ထမင်းစားနေကြစဉ် မင်ရွှင်ယွမ်မှာ နန်းတော်ရောက်သည်နှင့် ရှဲ့ဖန်းနန်းဆောင်သို့ သွားရောက်သည်ဟု ကြားသောအခါ အားလုံး ကြောင်အမ်းသွားကြသည်။ သတိဝင်လာပြီး ပစ္စည်းများယူကာ ဒုတိယမင်းသားလေးကို သွားကြည့်ရန် ပြင်ကြသောအခါ ယဲ့ယွင်မှာ တစ်ပတ်ပတ်ပြီး ပြန်လာခဲ့ပြီဖြစ်သည်။
ထိုအချိန်တွင် အားလုံးမှာ အရှက်ရသွားကြတော့သည်။ နဂိုက အလျင်စလို သွားစရာမလိုသော်လည်း ယဲ့ယွင်နှင့် နှိုင်းယှဉ်လိုက်သောအခါ ကျန်သုံးဦးမှာ စေတနာမရှိသူများသဖွယ် ဖြစ်သွားရသည်။
ယဲ့ယွင်၏ ယခုတစ်ကြိမ်လုပ်ရပ်မှာ အမှတ်ယူရန်သာမက အချို့သော အငြိုးအတေးများကြောင့်လည်း ပါဝင်သည်။ ထိုသုံးဦးမှာ လင်ရှီးဥယျာဉ်သို့ ရောက်သည့် ဒုတိယမြောက်နေ့တွင် သူမထံ လာရောက်ဂါရဝပြုကာ သူမ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ်ရန် ကြိုးစားခဲ့သည်ကို သူမ မှတ်ထားဆဲပင်။
ထို့ကြောင့် ထိုအကြွေးကို ပြန်ဆပ်ရမည် မဟုတ်ပါလား။ ယိရွှင်ရုန်နှင့် ဝမ်ဝမ်ရုန်တို့မှာ အချင်းချင်း ပြဿနာတက်နေကြသော်လည်း ဝမ်ရှီမှာလည်း လူကောင်းတစ်ယောက် မဟုတ်ပေ။ သူမသည် ကိစ္စမအောင်မြင်သဖြင့်သာ စိတ်တိုနေခြင်း ဖြစ်သည်။
***