အခန်း (၃၁၅-၃၁၆)
Vol. 20 Ch. 315-316
အခန်း ၃၁၅ ။ မရဘူး
မွန်းလွဲပိုင်းတွင် ထိုကိုယ်လုပ်တော်သုံးဦးသည် ကျင်းသယ့်ဖေးထံသို့ အတူတူသွားရောက်ကာ လူနာမေးပြီး စေတနာပြခဲ့ကြသည်။ မည်မျှပင် အရှက်ရနေပါစေ၊ ရှိသင့်ရှိထိုက်သော ကျင့်ဝတ်အရတော့ သွားရောက်ရပေမည်။
၎င်းတို့ ပြန်သွားပြီးနောက်တွင် နင်ချန် ရောက်ရှိလာခဲ့သည်။ ကျင်းသယ့်ဖေးသည် ဒုတိယမင်းသားလေးကို ကိုယ်တိုင် ဆေးတိုက်နေဆဲဖြစ်၏။ ဧကရာဇ် ဝင်လာသည်ကို မြင်သောအခါ သူမက ထရပ်ကာ ဂါရဝပြုရန်ပြင်သော်လည်း နင်ချန်က တားမြစ်လိုက်သည်။
"အရင်ဆုံး ကလေးကို ဆေးတိုက်လိုက်ပါ၊ ဒီလိုတွေ ဂရုစိုက်မနေပါနဲ့" နင်ချန်က လက်ကို ဝှေ့ယမ်းကာ ဘေးနားရှိ ကုလားထိုင်တွင် ထိုင်လိုက်သည်။
ဒုတိယမင်းသားလေးမှာ ဆေးသောက်ပြီးနောက် ခါးသက်မှုကို ပျောက်စေရန် သကြားလုံးတစ်လုံးကို စားလိုက်ပြီးမှ နင်ချန်ကို စကားပြောလေသည်။
"ခမည်းတော်ကို စိတ်ပူအောင် လုပ်မိပါပြီ၊ သားတော် အရမ်းဆော့မိသွားလို့ပါ" ဟု ဒုတိယမင်းသားလေးက တိုးတိုးလေး ပြောသည်။
ယခုနှစ်တွင် အသက်သုံးနှစ်ရှိပြီဖြစ်သော ဒုတိယမင်းသားလေးမှာ စကားကို အတော်လေး ပီသစွာ ပြောနိုင်နေပြီ ဖြစ်သည်။ နင်ချန်က အနားသို့ တိုးထိုင်ကာ ကလေး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး -
"ချွန်းအာ... နောက်နောင် သေချာဂရုစိုက်ပါ။ ဒီလို အန္တရာယ်ရှိတဲ့ကိစ္စမျိုး နောက်တစ်ခါ လုံးဝမဖြစ်စေနဲ့။ မင်းရဲ့ ဘေးနားက အစေခံတွေကလည်း အရမ်းပေါ့ဆလွန်းတယ်"
ထိုစကားကို ကြားသောအခါ ဒုတိယမင်းသားလေး၏မျက်နှာမှာ အနည်းငယ် ပြေလျော့သွားပြီး ခေါင်းငြိမ့်ပြသည်။ သို့သော် သူ့မျက်လုံးများမှာ ဝေ့ဝဲနေပြီး နှုတ်ခမ်းကို ကိုက်ကာ တစ်ခုခု ပြောချင်သော်လည်း မပြောဝံ့သည့်ပုံ ဖြစ်နေ၏။
"ဘာဖြစ်လို့လဲ။ တစ်ခုခု နေမကောင်းဖြစ်လို့လား" ကျင်းသယ့်ဖေးက စိုးရိမ်တကြီး မေးလိုက်သည်။ ကလေးကို ပွေ့ဖက်ကာ ဒုတိယမင်းသားလေး၏ နဖူးကို လက်ဖမိုးဖြင့် စမ်းကြည့်သည်။
"မယ်တော်... သားတော် ဘာမှမဖြစ်ပါဘူး" ဒုတိယမင်းသားလေးက နှုတ်ခမ်းကို စေ့လိုက်ပြီး နင်ချန်ကို ကြည့်ကာ - "ခမည်းတော်... ရှောင်ရွှန့်ကျစ်က သားတော်အပေါ် အရမ်းကောင်းပါတယ်။ သူ့ကို ပြန်လာခိုင်းလို့ ရမလားဟင်။ ဒီတစ်ခါက သားတော်ကိုယ်တိုင် မလိမ္မာတာပါ၊ သူ... သူလည်း အရိုက်ခံရတယ်လေ..."
ကလေး၏ အသံမှာ ပြောရင်းနှင့် ပိုတိုးသွားပြီး ခေါင်းလေးကိုလည်း ငုံ့ထားမိသည်။ သို့သော် သူ၏ မျက်လုံးများကတော့ တောင်းဆိုသည့် အကြည့်များဖြင့် နင်ချန်ကို ကြည့်နေဆဲပင်။
ကျင်းသယ့်ဖေးကလည်း အချိန်ကိုက်ပင် ဝင်ပြောလိုက်သည်။ "အရှင်မင်းကြီး... ချွန်းအာရဲ့ ဘေးနားကလူတွေက အမြဲတမ်း အသုံးဝင်ခဲ့ကြတာပါ။ ဒီတစ်ကြိမ်ကတော့ တကယ်ကို မတော်တဆဖြစ်သွားတာပါ။ ချန်းချဲ့လည်း သူတို့ကို အပြစ်ပေးပြီးပါပြီ၊ အရှင်မင်းကြီးလည်း အပြစ်ပေးခဲ့ပြီးပါပြီ။ သူတို့က ချွန်းအာကို ပြုစုလာတာ ကြာပြီဆိုတော့ ပိုပြီးတော့လည်း ရင်းနှီးကြပါတယ်။ အခုကလည်း နှစ်သစ်ကူးတော့မယ့်အချိန်ဆိုတော့ သူတို့ကို ဒီတစ်ကြိမ်လောက် ခွင့်လွှတ်ပေးလို့ မရဘူးလားဟင်"
နင်ချန်က မျက်လွှာချကာ ခနမျှ တိတ်ဆိတ်သွားပြီးမှ ခေါင်းငြိမ့်လိုက်သည်။
"သားအမိနှစ်ယောက်လုံးက တောင်းဆိုနေမှတော့ ကျန်းလည်း မငြင်းချင်တော့ပါဘူး။ သူတို့ကိုပဲ ပြန်လာပြီး ပြုစုခိုင်းလိုက်ပါတော့"
"ကျေးဇူးတင်ပါတယ် ခမည်းတော်!" ဒုတိယမင်းသားလေးသည် ချက်ချင်းပင် ပြုံးရွှင်ကာ ဂါရဝပြုလိုက်ပြီး အလွန်ဝမ်းသာသွားတော့သည်။
"ချွန်းအာက စိတ်နှလုံးဖြူစင်ပြီး ခွင့်လွှတ်တတ်တာပဲ။ သယ့်ဖေး... မင်း သူ့ကို သေချာသွန်သင်ထားတာပဲ" နင်ချန်က ကျေနပ်သည့်အမူအရာ ပြလိုက်သည်။
ကျင်းသယ့်ဖေးက ပြုံးလိုက်ပြီး - "ဒီကလေးက မွေးရာပါ စိတ်ထားကောင်းတာပါ၊ ချန်းချဲ့ကတော့ အနည်းငယ် လမ်းညွှန်ပေးရုံပါပဲ" ဟု ပြောပြီး ခနအနားယူကာ ဆက်ပြောလိုက်သည်။
"ပထမတစ်ချက်ကို တောင်းဆိုပြီးပြီဆိုတော့ ချန်းချဲ့မှာ အရှင်မင်းကြီးကို တောင်းဆိုချင်တဲ့ နောက်ထပ်ကိစ္စတစ်ခု ရှိပါသေးတယ်"
"ဘာကိစ္စလဲ"
"ချန်းချဲ့က ချင်ပေါင်လင်အတွက် ဆုလာဘ်တစ်ခု တောင်းဆိုချင်လို့ပါ။ ဒီတစ်ခါ သူသာ ဒုတိယမင်းသားလေးကို အချိန်မီ မကယ်နိုင်ခဲ့ရင် မင်းသားလေးရဲ့ အသက်က စိုးရိမ်ရမှာပါ။ ဒီလို ချမ်းအေးတဲ့ ဆောင်းတွင်းကြီးမှာ ရေကန်ထဲ ခုန်ချပြီး ကယ်ခဲ့ရတာကြောင့် ချင်ပေါင်လင်လည်း နေမကောင်းဖြစ်တာ ရက်အတော်ကြာပါပြီ" ဟု ကျင်းသယ့်ဖေးက ဆိုသည်။
နင်ချန်က ခေါင်းငြိမ့်လိုက်သည်။ "ဒါက လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါပဲ။ မင်း သတိမပေးရင် ကျန်းတောင် မေ့တော့မလို့။ ဒါဆိုရင် ဝမ်ရုန်အဆင့်ကို တိုးမြှင့်ပေးလိုက်ပါ။ မင်းသားလေးကို ကယ်တင်ပေးခဲ့တာကြောင့် အဆင့်ကျော်ပြီး မြှင့်ပေးလိုက်တာလည်း သင့်တော်ပါတယ်"
ချိုက်နွီနှင့် ဝမ်ရုန်မှာ အဆင့်သိပ်မကွာသော်လည်း ဝမ်ရုန်အဆင့်ရောက်လျှင် အဆောင်တစ်ခု၏ အဓိကအခန်းတွင် နေထိုင်ခွင့်ရမည်ဖြစ်သည်။ ဧကရာဇ်အတွက်ကတော့ စကားတစ်ခွန်းဖြင့်သာ ဆုံးဖြတ်နိုင်သဖြင့် နှမြောနေစရာ မလိုပေ။
.....
ရှဲ့ဖန်းနန်းဆောင်တွင် ခနထိုင်ပြီးနောက် ညစာမစားမီ ထွက်ခွာသွားခဲ့သည်။ လင်ရှီးဥယျာဉ်မှ ပြန်ရောက်ကတည်းက မယ်တော်ကြီးထံ သွားရောက်ဂါရဝမပြုရသေးသဖြင့် သွားရပေဦးမည်။ ထို့ကြောင့် မိဖုရားခေါင်ကြီးကို ခေါ်ဆောင်ကာ ချီနင်နန်းဆောင်သို့ ညစာစားရန် သွားရောက်ခဲ့သည်။
ယခုရက်ပိုင်းတွင် မယ်တော်ကြီးမှာ အအေးမိကာ ချောင်းအနည်းငယ် ဆိုးနေသဖြင့် ချန်ကျယ်ယွီက ပြုစုပေးနေခြင်း ဖြစ်သည်။ သူတို့ ရောက်ရှိလာသဖြင့် အတူတူ ညစာစားကြလေသည်။ မယ်တော်ကြီး၊ ဧကရာဇ်၊ မိဖုရားခေါင်ကြီး၊ ချန်ကျယ်ယွီနှင့် ပထမမင်းသားလေးတို့ တစ်ဝိုင်းတည်း ထိုင်ကြသည်။
စားပွဲတွင် ပထမမင်းသားလေးသည် ချန်ကျယ်ယွီ၏ဘေးတွင်ထိုင်ကာ အလွန်ပင် ရင်းနှီးနေပုံရပြီး စားချင်သည်များကိုလည်း မိမိဘာသာ ပြောလေသည်။ ချန်ကျယ်ယွီကလည်း ဟင်းများ ထည့်ပေးနေသည်မှာ အလွန်ကျွမ်းကျင်သည့်ပုံပင်။
မိဖုရားခေါင်ကြီးက မြင်သောအခါ ပြုံးလျက် - "ချန်ကျယ်ယွီက မယ်တော်ကြီးဆီကို ခဏခဏလာပြီး ပြုစုပေးနေတာဆိုတော့ ပထမမင်းသားလေးနဲ့လည်း အတော်လေး ရင်းနှီးသွားတာပဲ" ဟု ပြောလိုက်သည်။
"ချန်ကျယ်ယွီက နူးညံ့ပြီး စိတ်ရှည်တယ်။ ပထမမင်းသားလေးကလည်း ခဏခဏ မြင်ရတော့ ရင်းနှီးတာပေါ့" မယ်တော်ကြီးက အေးစက်စက်လေသံဖြင့် မိဖုရားခေါင်ကြီးကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ "မိဖုရားခေါင်ကြီးသာ အိုင်ကျားဆီကို ခဏခဏလာပြီး ဂါရဝပြုမယ်ဆိုရင် ပထမမင်းသားလေးက မိဖုရားခေါင်ကြီးနဲ့လည်း ရင်းနှီးမှာပါ"
ဤသည်မှာ မိဖုရားခေါင်ကြီးသည် သိက္ခာမရှိဘဲ ကိုယ်လုပ်တော်တစ်ဦးလောက်ပင် ယောက္ခမအပေါ် စိတ်မထားကြောင်း ရည်ရွယ်၍ ပြောလိုက်ခြင်း ဖြစ်သည်။ မိဖုရားခေါင်ကြီး၏ မျက်နှာမှာ ပျက်သွားပြီး စိတ်ထဲတွင် ကျိန်ဆဲနေသော်လည်း အပြင်ပန်းတွင်မူ ထိတ်လန့်တုန်လှုပ်ဟန် ပြလိုက်သည်။
"ချွေးမဖြစ်သူရဲ့ ပေါ့ဆမှုပါပဲ။ နှစ်ကုန်ပိုင်းမှာ အလုပ်တွေက များနေတော့ အလုပ်ရှုပ်နေတာနဲ့ မအားဖြစ်နေတာပါ။ နောင်ကိုတော့ မယ်တော်ကြီးဆီ အမြဲလာပြီး ဂါရဝပြုပါ့မယ်"
"အရင်က အလုပ်မရှုပ်တုန်းကလည်း မင်းကို ခဏခဏ မတွေ့ရပါဘူး" မယ်တော်ကြီးက နှာခေါင်းရှုံ့လိုက်သည်။ သူမသည် မိဖုရားခေါင်ကြီးကို လုံးဝမျက်နှာသာ မပေးပေ။
မိဖုရားခေါင်ကြီးသည် ကြားရသောအခါ စိတ်ထဲတွင် အတော်လေး ဒေါသထွက်နေတော့သည်။ အစောပိုင်းတွင် သူမသည် နေ့တိုင်း မယ်တော်ကြီးထံ ဂါရဝပြုရန် လာခဲ့ဖူးသည်။ ကိုယ်လုပ်တော်များ ဖုန်းရှီးနန်းဆောင်တွင် ဂါရဝပြုပြီးသည်နှင့် ကျယ်ယွီအဆင့်အထက်ရှိသူများကိုခေါ်ကာ ချီနင်နန်းဆောင်သို့ လာခဲ့သည်။ သို့သော် မယ်တော်ကြီးကိုယ်တိုင်ကပင် အလုပ်ရှုပ်သည်ဟု ဆိုကာ မလာခိုင်းတော့ခြင်း ဖြစ်သည်။ ယခုမှ ထိုသို့ကျေးဇူးကန်းကြောင်းလာပြောနေခြင်း ဖြစ်သည်။
သို့သော် ယောက္ခမဟူသော ဂုဏ်ပုဒ်နှင့် "မိဘအပေါ် ရိုသေခြင်း" ဟူသော စကားများအောက်တွင် မိဖုရားခေါင်ကြီးမှာ ပြန်မပြောဝံ့ဘဲ အနိမ့်ဆုံးအဆင့်သို့ ဆင်းကာ တောင်းပန်ရုံသာ ရှိတော့သည်။
ကံကောင်းထောက်မစွာဖြင့် နင်ချန်က အချိန်မီပင် ကြားဝင်စေ့စပ်ပေးလိုက်သည်။
"ပထမမင်းသားလေးကလည်း လေးနှစ်ရှိပြီ။ ပညာစသင်ဖို့က တစ်နှစ်တောင် နောက်ကျနေပြီ။ နှစ်သစ်ကူးပြီးရင် ဒုတိယမင်းသား၊ တတိယမင်းသားတို့နဲ့အတူ ဆရာရှာပြီး ပညာစသင်ခိုင်းလိုက်တော့မယ်။”
နန်ချီတွင် မင်းသားများသည် အသက်ခြောက်နှစ်မှစ၍ ကျောင်းတော်တွင် ပညာသင်ရပြီး အသက်သုံးနှစ်မှစ၍ အခြေခံပညာကို သင်ယူကြရသည်။ လက်ရှိ အခြေခံပညာမှာ စာဖတ်စာရေးသက်သက် မဟုတ်ဘဲ စည်းမျဉ်းစည်းကမ်းနှင့် ယဉ်ကျေးမှုကို သင်ယူခြင်း ဖြစ်သည်။ တစ်နေ့လျှင် တစ်နာရီသာ သင်ကြားရပြီး သုံးရက်သင် တစ်ရက်နား စနစ်ဖြင့် ရိုးရှင်းသော စာလုံးများကို သင်ယူကြရသည်။ စာပေဝန်ကြီးဌာနမှ လူများကို ခေါ်ကာ ဖြည်းဖြည်းချင်း သင်ကြားပေးခိုင်းမည် ဖြစ်သည်။
"အရှင်မင်းကြီးရဲ့ ဆိုလိုရင်းက ကလေးသုံးယောက်လုံးကို တစ်နေရာတည်းမှာ သင်ခိုင်းမလို့လား" မယ်တော်ကြီးက မျက်မှောင်ကြုတ်လိုက်သည်။
နင်ချန်က ခေါင်းငြိမ့်ပြကာ "ရုန်အာ (ပထမမင်းသား) က ခန္ဓာကိုယ်အားနည်းလို့ လူတွေနဲ့ သိပ်မတွေ့ရဘူး။ ညီအစ်ကိုတွေကြားမှာ ပိုပြီး ရင်းနှီးအောင် လုပ်ပေးဖို့ လိုတယ်။ အသက်တွေကလည်း သိပ်မကွာဘူးဆိုတော့ အတူတူပဲ သင်ခိုင်းလိုက်မယ်"
မယ်တော်ကြီးက ပထမမင်းသားလေးကို ကြည့်ကာ စိုးရိမ်သဖြင့် စဉ်းစားပြီးမှ ပြောလိုက်သည်။ "အရှင်မင်းကြီး ပြောသလို ရုန်အာက အားနည်းတယ်။ ကလေးတွေ များလာရင် ထိခိုက်မိတာ၊ ဆူညံတာတွေ ဖြစ်လာနိုင်တယ်။ တစ်ခုခုထိတ်လန့်သွားရင် ဒါမှမဟုတ် ဒဏ်ရာရသွားရင် မကောင်းဘူးလေ။ နောင်ကျရင်လည်း စာသင်ခန်းထဲမှာ အတူတူ သင်ကြရဦးမှာပဲ၊ တွေ့ရမယ့်အချိန်တွေ အများကြီးပါ"
ထိုစကားကို ကြားသောအခါ နင်ချန်၏ မျက်လုံးများက မှောင်ကျသွားသည်။ ဘေးနားရှိ အလွန်အမင်း အလိုလိုက်ထားခံရသော သားဦးကို ကြည့်ရင်း မယ်တော်ကြီးသည် ပထမမင်းသားလေးကို အလွန်အကျွံ အလိုလိုက်နေကြောင်း သတိပြုမိသွားသည်။
သားဦးအနေဖြင့် ပထမမင်းသားလေးသည် သူ့ကို ကူညီနိုင်လိမ့်မည်ဟု မမျှော်လင့်သော်လည်း အနည်းဆုံးတော့ အောက်က ညီငယ်၊ ညီမငယ်များအတွက် စံပြဖြစ်စေချင်သည်။ ရှူးဖေးသည် မိမိကိုယ်တိုင် ထက်မြက်သူ မဟုတ်သော်လည်း မင်းမျိုးမင်းနွယ်မှ ဆင်းသက်လာသူဖြစ်သဖြင့် ပထမမင်းသမီးလေးကို အစစအရာရာ တတ်ကျွမ်းနားလည်ကာ ယဉ်ကျေးသိမ်မွေ့အောင် ပြုစုပျိုးထောင်ထားနိုင်သည်။ အသက်တစ်နှစ်ငယ်သော ဒုတိယမင်းသားနှင့် တတိယမင်းသားတို့မှာပင် ပထမမင်းသားလေးထက် ပို၍ ထက်မြက်ကြသည်။
နှိုင်းယှဉ်ကြည့်လျှင် ပထမမင်းသားလေးမှာ တကယ်ကို ကလေးစိတ်သာရှိသေးသည်။
"မယ်တော်ကြီး စိုးရိမ်မနေပါနဲ့။ အစေခံတွေ အများကြီး ရှိနေတာပဲ၊ ဘာမှမဖြစ်စေရပါဘူး။ ပထမမင်းသားလေးက ယောက်ျားလေးပဲ၊ ဒီလိုပဲ အမြဲ အလိုလိုက်ထားလို့ မဖြစ်ဘူး။ ဒီကိစ္စကို ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်မယ်" နင်ချန်က တိုက်ရိုက်ပင် ပြောလိုက်သည်။
....
ဤသို့ ပြောလာမှတော့ မယ်တော်ကြီးမှာလည်း မကျေနပ်သော်လည်း လက်ခံလိုက်ရုံသာ ရှိတော့သည်။ ညစာစားပြီးနောက် ချီနင်နန်းဆောင်မှ ထွက်လာခဲ့ကြသည်။ နင်ချန်သည် မိဖုရားခေါင်ကြီးနှင့်အတူ ဖုန်းရှီးနန်းဆောင်သို့ သွားရောက် အနားယူခဲ့သည်။
ဤရက်ပိုင်းအတွင်း နင်ချန်အား နှစ်သစ်ကူး လက်ဆောင်စာရင်းကို ပြခွင့်မရသေးသဖြင့် အခုမှ ပြင်ဆင်ပြီးသည်နှင့် မိဖုရားခေါင်ကြီးက ထုတ်ပြလိုက်သည်။ ကြည့်နေစဉ်အတွင်း မိဖုရားခေါင်ကြီးသည် အတန်ငယ် တွန့်ဆုတ်ဟန်ဖြင့် စကားစလိုက်သည်။
"အရှင်မင်းကြီး... ချွေးမတစ်ယောက်အနေနဲ့ ယောက္ခမရဲ့ အပြစ်ကို မပြောသင့်ဘူးဆိုတာ သိပါတယ်၊ ဒါပေမဲ့ ပထမမင်းသားလေးက ကျွန်မရဲ့ ကလေးပဲလေ။ ကျွန်မကို 'မယ်တော်' လို့ ခေါ်နေသရွေ့တော့ သူ လမ်းမှားရောက်နေတာကို ကြည့်မနေနိုင်ပါဘူး"
"မယ်တော်ကြီးက အသက်ကြီးလာပြီဆိုတော့ မြေးကို ချစ်တာကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ပထမမင်းသားလေးအပေါ်မှာတော့ အလိုလိုက်လွန်းနေသလားလို့ပါ။ သူက အရှင်မင်းကြီးရဲ့ သားဦးဖြစ်တာကြောင့် ဒီအတိုင်း ဆက်သွားနေလို့ မဖြစ်ဘူးထင်ပါတယ်"
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-316
အခန်း ၃၁၆ ။ လူမှုဆက်ဆံရေး ပြေပြစ်သူ
နင်ချန်သည် မိဖုရားခေါင်ကြီး၏ စကားကို နားထောင်ပြီးနောက် မျက်လွှာကို အနည်းငယ်ချကာ လက်ထဲမှ လက်ဆောင်စာရင်းကို ပိတ်၍ ဘေးသို့ ခနချထားလိုက်သည်။
"မင်းပြောတာ အကျိုးအကြောင်းရှိပါတယ်။ ကျန်းလည်း ဒါတွေကို မြင်ပါတယ်။ ဒီကိစ္စအတွက် ကျန်းမှာ အစီအစဉ်ရှိပြီးသားမို့ မိဖုရားခေါင်ကြီး စိတ်မပူပါနဲ့။ အခုနှစ်ကုန်ပိုင်းမှာ အလုပ်တွေ များနေလိမ့်မယ်။ ဒီနှစ်က စစ်ပွဲမှာ အောင်ပွဲရခဲ့တဲ့နှစ်ဆိုတော့ ပိုပြီး စည်စည်ကားကား ကျင်းပလို့ရတယ်။ ဘယ်လိုစီစဉ်မလဲဆိုတာ မိဖုရားခေါင်ကြီးပဲ တာဝန်ယူလိုက်ပါ"
"ဟုတ်ကဲ့ပါ၊ ချန်းချဲ့ နားလည်ပါပြီ။ နှစ်ကူးပွဲတော်ကို အဆင်ပြေချောမွေ့အောင် စီစဉ်ပါ့မယ်" မိဖုရားခေါင်ကြီးက ခေါင်းညိတ်လိုက်သည်။
သူမသည် ပထမမင်းသားလေးနှင့် ပတ်သက်၍ အခြားအကြောင်းအရာများကို ဆက်ပြောချင်သေးသော်လည်း နင်ချန်က ထပ်မံဆွေးနွေးလိုဟန် မရှိသဖြင့် ရပ်တန့်လိုက်ရတော့သည်။
အန်းရှီ၏ ကလေးဖြစ်နေပါစေ၊ သူမ၏လက်ထဲတွင် ပြုစုပျိုးထောင်ရလျှင် ကောင်းသည်မဟုတ်ပါလား။ မရှိတာထက်စာလျှင်တော့ ပိုကောင်းပါသည်။ ဒုတိယမင်းသားလေးကို ကျင်းသယ့်ဖေးဆိုသော ထိုမိန်းမယုတ်က လုယူသွားသဖြင့် သူမအတွက် ဘာမှမကျန်ခဲ့ပေ။ ထို့ကြောင့် မိမိတွင် ကိုယ်ပိုင်သားသမီးမရှိသဖြင့် တစ်ယောက်ယောက်ကို အနားတွင်ထား၍ အားကိုးရာရှာရန် သူမ ကြိုးစားနေခြင်းဖြစ်သည်။ သို့သော် ဧကရာဇ်က သူမအား ပေးရန် အစီအစဉ်မရှိကြောင်း သိသာလှသဖြင့် လက်လျှော့လိုက်ရုံသာ ရှိတော့သည်။
.....
နန်းတော်သို့ ပြန်ရောက်ပြီးနောက်တွင် နေ့ရက်များသည် ပျင်းရိဖွယ်ကောင်းသလို အချိန်မှာလည်း ကုန်ဆုံးသွားသည်မှာ မြန်ဆန်လှသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်သစ်ကူးကာလသို့ ရောက်ရှိလာခဲ့သည်။
နှစ်ကူးအကြို နံနက်စောစောတွင် ဝင်းထဲ၌ ဆူညံပွက်လောရိုက်နေတော့သည်။ ယဲ့ယွင် ထွက်ကြည့်လိုက်သောအခါ မိန်းမစိုး ယွမ်ကျိုက အစေခံများကို ဦးဆောင်၍ ပစ္စည်းအတော်များများကို ကျောက်ချွန်းအဆောင်ထဲသို့ သယ်ယူနေသည်ကို တွေ့လိုက်ရ၏။
"ဒါတွေက ဘာတွေလဲ"
"ကျွန်တော်မျိုး ရွှင်ယွမ်ကို ဂါရဝပြုပါတယ်။" ယွမ်ကျိုက ဦးစွာ ဂါရဝပြုပြီးမှ ပြုံးလျက် ပြောလိုက်သည်။
"ဒီနှစ်မှာ နယ်စပ်စစ်ပွဲတွေနဲ့ အလုပ်ရှုပ်နေတာကြောင့် ရွှင်ယွမ်ရဲ့မွေးနေ့ကို မကျင်းပပေးနိုင်ခဲ့ဘူးလို့ အရှင်မင်းကြီးက မိန့်ပါတယ်။ အခု နှစ်သစ်ကူးလက်ဆောင်နဲ့ မွေးနေ့လက်ဆောင်ကို တစ်ခါတည်း ပေါင်းပေးလိုက်တာပါ။ ခေါင်းဆောင်းတန်ဆာ အသစ်ခြောက်စုံ၊ အဝတ်အစားသစ် ရှစ်ထည်အပြင် တခြား အသုံးအဆောင်ပစ္စည်းလေးတွေနဲ့ အလှဆင်ပစ္စည်းတွေ အပြည့်အစုံ ပါဝင်ပါတယ်။ သေတ္တာအကြီးကြီးတွေနဲ့ အပြည့်ပါပဲ"
ယဲ့ယွင် ကြားလိုက်ရသည်နှင့် ပြုံးသွားတော့သည်။
"ဒါတွေလား။ အရှင်မင်းကြီးက ဒီလိုကိစ္စသေးသေးလေးတွေကို ဘာလို့ မှတ်မိနေရတာလဲ။ မွေးနေ့ဆိုတာ တစ်ခါတစ်လေပဲလေ၊ တိုင်းပြည်အရေးက ပိုအရေးကြီးတာမို့ လွဲချော်သွားတာလည်း ဘာမှမဖြစ်ပါဘူး"
"အို... ရွှင်ယွမ်က တကယ်ကို အမြော်အမြင်ရှိပြီး နားလည်ပေးနိုင်တာပဲ။ ဒါပေမဲ့ အရှင်မင်းကြီးက ရွှင်ယွမ်ကို စိတ်ထဲမှာ အမြဲတမ်း သတိရနေတာလေ။ ဒီပစ္စည်းတွေကို ဒီမှာပဲ ထားခဲ့ပါ့မယ်၊ ကျွန်တော်မျိုး အခြားနေရာတွေကိုလည်း နှစ်သစ်ကူးလက်ဆောင်တွေ သွားပို့ရဦးမှာမို့ ခွင့်ပြုပါဦး" ယွမ်ကျိုက ရိုသေစွာ ပြောလိုက်သည်။
ယဲ့ယွင်သည် ဝင်းထဲတွင် ချထားသော သစ်သားသေတ္တာကြီး ၅ ခုကို ကြည့်ကာ စိတ်ထဲတွင် ဝမ်းသာနေမိသည်။ လှပသော လက်ဝတ်ရတနာများနှင့် အဝတ်အစားသစ်များကို မနှစ်သက်သည့် အမျိုးသမီး ဘယ်သူရှိလို့လဲ။ သူမသည် ပိုင်ရှုအား ယွမ်ကျိုကို ဆုလာဘ်ငွေများ စနစ်တကျပေးကာ သေချာလိုက်လံပို့ဆောင်ရန် ခိုင်းစေလိုက်သည်။
ထိုသို့သော ဆက်ဆံရေးမျိုးက ယွမ်ကျို၏စိတ်ကို အလွန်ကျေနပ်စေသည်။ အချို့လူများကဲ့သို့ အချစ်တော်ဖြစ်လာသည်နှင့် ခေါင်းမော့ကာ လူကို အထင်မကြီးသလို ပြုမူခြင်းမျိုး မဟုတ်ဘဲ နန်းတွင်းအရာရှိကြီးဖြစ်သော သူ့အပေါ်တွင်ပင် အစဉ်အမြဲ ယဉ်ကျေးပျူငှာစွာ ဆက်ဆံတတ်သည်။ အသေးစိတ်အချက်အလက်များက လူတစ်ဦး၏ အဆင့်အတန်းကို ဆုံးဖြတ်ပေးသည် မဟုတ်ပါလား။ ထိုသို့ လူမှုဆက်ဆံရေး ပြေပြစ်သူဖြစ်၍လည်း ထိပ်တန်းသို့ တက်လှမ်းနိုင်ခြင်း ဖြစ်ပေလိမ့်မည်။
"အဲဒီသေတ္တာတွေကို ဖွင့်လိုက် ဘာပစ္စည်းကောင်းတွေ ပါလဲဆိုတာ ကြည့်ရအောင်။ အရှင်မင်းကြီးက အသစ်လုပ်ခိုင်းထားတာဆိုတော့ အလှဆုံးတစ်စုံကိုရွေးပြီး ဒီည ပွဲတော်ကို ဝတ်သွားမယ်"
ယဲ့ယွင် စိတ်အခြေအနေ အလွန်ကောင်းနေသဖြင့် သေတ္တာများကို အိပ်ဆောင်ထဲ သယ်ခိုင်းကာ ရွေးချယ်လေသည်။ သူမ နှစ်သက်သည့်ပုံစံ၊ လှပပြီး ခန့်ညားသော အစုံတစ်စုံကို တွေ့ရှိသွားသဖြင့် ထိုအစုံကိုပင် ဝတ်ရန် ဆုံးဖြတ်လိုက်သည်။ အဝတ်အစားနှင့် လက်ဝတ်ရတနာ သေတ္တာကြီး နှစ်ခုကို ကြည့်ပြီးနောက် ကျန်ရှိသော သေတ္တာငယ် သုံးလုံးကို ဆက်ကြည့်သည်။
ပထမဆုံးသေတ္တာကို ဖွင့်လိုက်သောအခါ အထဲတွင် ငွေများ အပြည့်ပါလာသည်။ အပေါ်ထပ်တွင် ရွှေ၊ အောက်ထပ်တွင် ငွေများ ဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ လခြမ်းပုံစံ ငွေတုံးလေးများအဖြစ် ပြုလုပ်ထားသဖြင့် အလွန်ချစ်စရာကောင်းလှ၏။
"ဟဲဟဲ... အရှင်မင်းကြီးက ငါ့ကို မုန့်ဖိုးပေးနေတာပဲ။ ဒီတစ်ခါက အရင်ကထက် နှစ်ဆလောက် ပိုများနေသေးတယ်" ယဲ့ယွင်က ပြုံးလိုက်သည်။
သူမသည် လက်တစ်ဆုပ်စာ နှိုက်ယူလိုက်ပြီး အဆောင်ထဲတွင် ပြုစုနေသော လူများကို ခေါ်လိုက်သည်။ ဟွေယွဲ့၊ နန်ကျစ် နှင့် ပိုင်ရှု တို့ ခေါင်းဆောင် သုံးဦးကို ရွှေလခြမ်း ၅ ခုစီ ပေးကာ လုကျစ်၊ လုမေ့ နှင့် လုဟယ် တို့ကိုမူ ၃ ခုစီ ပေးလိုက်သည်။
ထို့နောက် သူမက ထပ်မံမှာကြားသည်။
"ဒီငွေလခြမ်းတွေကို အိတ်လေးတွေနဲ့ ခွဲထည့်ထားလိုက်။ ၅စ ထည့်တဲ့အိတ်နဲ့ ၁၀စ ထည့်တဲ့အိတ်တွေ ခွဲထား။ နှစ်သစ်ကူးမှာ လူတွေကို ဆုပေးဖို့ အဆင်သင့်ထားပါ။ ပြီးတော့ ငါတို့ ကျောက်ချွန်းအဆောင်က အစေခံအားလုံးကို တစ်ယောက်ကို ငွေစ ၂၅ စစီ ဆုချမယ်။ ဒီနှစ်မှာ စတုတ္ထမင်းသားလေးကို ပိုင်ဆိုင်ရသလို နန်ချီကလည်း စစ်ပွဲမှာ အောင်ပွဲရခဲ့တာဆိုတော့ ပိုပြီး ဆုချသင့်တယ်"
"ဟုတ်ကဲ့... ကျွန်မတို့ အခုပဲ သွားလုပ်လိုက်ပါ့မယ်။" ဟွေယွဲ့နှင့် အဖွဲ့မှာ ဝမ်းသာအားရ ပြန်ထူးကာ ချက်ချင်းပင် ထွက်သွားကြသည်။ ယဲ့ယွင်ကို ပြုစုလာသော နှစ်များအတွင်း ရရှိခဲ့သော ဆုလာဘ်ငွေများမှာ သူတို့အတွက် နန်းတော်အပြင်ဘက်တွင် အိမ်တစ်လုံးနှင့် လယ်မြေအချို့ ဝယ်နိုင်လောက်သည်အထိ များပြားလှပေပြီ။
....
ညနေပိုင်းတွင် ထုံးစံအတိုင်း ချုံးဟွာနန်းဆောင်၌ ပွဲတော်ကျင်းပသည်။ ယဲ့ယွင်သည် ယနေ့ စိတ်ကြည်လင်နေသဖြင့် အနည်းငယ် စောစီးစွာ ရောက်လာခဲ့သည်။ ယခုအခါ သူမ၏ အဆင့်အတန်းမှာ မြင့်မားလာပြီဖြစ်သဖြင့် သူမ၏ နေရာမှာ ဟွေ့ရွှင်ရီ နှင့် ယိရွှင်ရုန်တို့၏ အလယ်တွင် ဖြစ်သည်။
ယိရွှင်ရုန် ရောက်မလာသေးသော်လည်း ဟွေ့ရွှင်ရီမှာ ဒုတိယမင်းသမီးလေးကို ခေါ်ဆောင်ကာ ရောက်နှင့်နေပြီဖြစ်သည်။ နှစ်ဦးသား တွေ့ဆုံသည်နှင့် ခင်မင်စွာ နှုတ်ဆက်ကြသည်။ ယဲ့ယွင်သည် ကြိုတင်ပြင်ဆင်ထားသော အိတ်ငယ်လေးကို ဒုတိယမင်းသမီးလေးအား လက်ဆောင်ပေးလိုက်သည်။ အထဲတွင် ရွှေလခြမ်းများ အပြည့်ပါသည်။
"အို... ငါ့ဘက်က ပေါ့ဆသွားပြီ။ စတုတ္ထမင်းသားလေးအတွက် ဘာမှ မပြင်ဆင်ရသေးဘူး" ဟွေ့ရွှင်ရီက အားနာစွာ ပြောလိုက်သည်။
"အစ်မကလည်း... ကျွန်မနဲ့ ဒီလို အားနာစရာတွေ ပြောနေသေးတယ်။ နောင်ကျရင် တွေ့ဖို့ အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်။ ကျွန်မကတော့ အစ်မဆီကနေ အများကြီး ပြန်တောင်းဦးမှာနော်!" ယဲ့ယွင်က ရယ်မောကာ စနောက်လိုက်သည်။
နှစ်ဦးသား ရယ်မောနေစဉ်မှာပင် ယိရွှင်ရုန် ရောက်လာသည်။ "အစ်မနှစ်ယောက် ဘာတွေများ ဒီလောက်တောင် ပျော်နေကြတာလဲ၊ ကျွန်မကိုလည်း ပြောပြပါဦး"
ယဲ့ယွင်၏ အပြုံးမှာ အနည်းငယ် ပျော့ပျောင်းသွားပြီး ဟွေယွဲ့၏လက်ထဲမှ နောက်ထပ် ရွှေလခြမ်းအိတ်ကို ယူကာ ကမ်းပေးလိုက်သည်။ "ကလေးတွေအတွက် မုန့်ဖိုးတောင်းနေကြတာပါ။ ဒီနှစ်မှာ ကျွန်မ ပြင်ဆင်ထားတယ်၊ ဒါက တတိယမင်းသားလေးအတွက်ပါ"
ယခင်နှစ်များက သူမတွင် ကလေးမရှိသလို အဆင့်အတန်းမှာလည်း မမြင့်မားသေးသဖြင့် ထိုသို့လုပ်ရန် အခွင့်အရေး မရှိခဲ့ပေ။ ယခုမူ သူမတွင် အရည်အချင်း ပြည့်စုံနေပြီ ဖြစ်သည်။
"မင်ရွှင်ယွမ်က တကယ်ကို အစစအရာရာ စေ့စပ်တာပဲ။ ကျွန်မကတော့ ပြင်ဆင်ဖို့ မေ့သွားတယ်။ နက်ဖြန်မှ စတုတ္ထမင်းသားလေးအတွက် ပြန်ပေးပါ့မယ်" ယိရွှင်ရုန်က ပြုံးကာ ပြောပြီး အစေခံများကို လက်ခံခိုင်းလိုက်သည်။
သူမသည် ထိုင်၍ လက်ဖက်ရည် တစ်ငုံသောက်ပြီးမှ ထပ်ပြောပြန်သည်။ "ဒီနေ့ မင်ရွှင်ယွမ်က အစေခံတွေကို ဆုတော်ငွေ အများကြီး ပေးတယ်လို့ ကြားတယ်။ တစ်ယောက်ကို ၂၅ စတောင်တဲ့။ ကျောက်ချွန်းအဆောင်တစ်ခုလုံးမှာ အစေခံ ၃၀ လောက် ရှိတာဆိုတော့ နည်းတဲ့ ပမာဏ မဟုတ်ဘူးနော်"
၎င်းမှာ ငွေစ ၈၀၀ နီးပါး ရှိပေလိမ့်မည်။
"ယိရွှင်ရုန်ရဲ့ သတင်းက ဒီလောက်တောင် မြန်လိမ့်မယ်လို့ မထင်ထားဘူး။ နားက ကျောက်ချွန်းအဆောင်ထဲအထိ ရောက်နေတာပဲ" ယဲ့ယွင်က ပြုံးလျက် ပြန်ပြောသည်။ "နှစ်တစ်နှစ် ကုန်တော့မှာပဲလေ။ ဒီနှစ်ကလည်း အဖြစ်အပျက်တွေ များခဲ့တော့ ဆုလာဘ်ငွေလေး ပေးပြီး ကံမကောင်းတာတွေကို ဖယ်ထုတ်တာပေါ့။ ဒီလောက် ငွေကြေးလေးကို ယိရွှင်ရုန်က နှမြောနေတာလား"
ထိုစကားက ယိရွှင်ရုန်ကို စကားမပြောနိုင်အောင် ပိတ်သွားစေသည်။ သူမသည် အမှန်တကယ်ပင် ထိုမျှအထိ လက်ဖွာနိုင်သူ မဟုတ်ပေ။ ယဲ့ယွင်ကဲ့သို့ ကုန်သည်မိသားစုမှ ဆင်းသက်လာကာ အချိန်မရွေး ငွေကြေးထောက်ပံ့မှု ရနေသူမျိုးမဟုတ်ပဲဝူမိသားစုမှာ ပညာတတ်မျိုးရိုး မိသားစုဖြစ်သဖြင့် လစာအပြင် ဆိုင်အချို့နှင့် လယ်မြေအနည်းငယ်မှ ရသော ဝင်ငွေသာ ရှိရာ၊ ချူမိသားစုနှင့် ယဲ့မိသားစုကဲ့သို့ ဝင်ငွေလမ်းကြောင်း မများပေ။
ယိရွှင်ရုန်သည် ပြုံး၍ ဘာမှ ထပ်မပြောတော့သဖြင့် ယဲ့ယွင်ကလည်း အကြည့်ကို ရုပ်သိမ်းလိုက်သည်။ ဆင်းရဲရင်လည်း ပါးစပ်ပိတ်ထားလိုက်ပေါ့ သူများ ရက်ရောတာကို လာပြီး စောင်းမြောင်းနေသေးတယ်။
မကြာမီ ဧကရာဇ်နှင့် မိဖုရားခေါင်ကြီးတို့ ရောက်ရှိလာကြသည်။ ဇနီးမောင်နှံနှစ်ဦးမှာ မယ်တော်ကြီးနှင့်အတူ ရောက်ရှိလာခြင်းဖြစ်သည်။
နေရာတကျ ထိုင်ပြီးနောက် နင်ချန်သည် လူအုပ်ထဲမှ ယဲ့ယွင်ကို တစ်ချက်တည်းနှင့် မြင်လိုက်ရသည်။ သူမ ယနေ့ ဝတ်ဆင်ထားသော အဝတ်အစားမှာ နင်ချန် အနှစ်သက်ဆုံး အစုံပင် ဖြစ်သည်။
အပြာရင့်ရောင် ပန်းထိုးထားသော အင်္ကျီပေါ်တွင် စူးနယ်၏ ပန်းထိုးလက်ရာများဖြင့် ရွှေချည်၊ ငွေချည်နှင့် ပိုးချည်များကို အသုံးပြုကာ ဇီးပန်းကြီးများ၊ လိပ်ပြာများနှင့် ငှက်ကလေးများကို ထိုးထားသည်။ ပန်းဝတ်ဆံများနှင့် တိရစ္ဆာန်လေးများ၏ မျက်လုံးများကို ကျောက်မျက်ရတနာလေးများဖြင့် အနုစိတ် ဖန်တီးထားခြင်း ဖြစ်သည်။
ယဲ့ယွင်၏ ဆံပင်ကို ခမ်းနားပြီး ဆွဲဆောင်မှုရှိသော လမင်းပင့်ဖိတ်ဆံထုံး ထုံးထားကာ ရွှေအစစ်နှင့် ကျောင်မျက်ရတနာများ ပါဝင်သော ခေါင်းဆောင်းတန်ဆာများကို ဆင်ယင်ထားသဖြင့် လူ့လောက၏ ချမ်းသာကြွယ်ဝသော ပန်းတစ်ပွင့်ကဲ့သို့ ထင်ပေါ်နေတော့သည်။
မိတ်ကပ်မှာလည်း ထိုပုံစံအတိုင်းပင်။ မျက်ခုံးကိုရှည်ရှည်ဆွဲကာ နဖူးပြင်တွင် မီးလျှံပုံစံ အမှတ်ကို ရေးဆွဲထားသည်။ မျက်လုံးကိုမူ နှုတ်ခမ်းနီရောင်ဖြင့် အပေါ်သို့ အနည်းငယ် စောင်းကာ ရေးခြယ်ထားသဖြင့် မြေခွေးမျက်လုံးကဲ့သို့ ဆွဲဆောင်မှု ရှိနေ၏။ နှုတ်ခမ်းနီမှာလည်း နီရဲတောက်ပနေသဖြင့် ပို၍ပင် ရင်ခုန်စရာ ကောင်းလှသည်။
နင်ချန်သည် သူမနှင့် ထိုသို့သော အဆင်တန်ဆာမျိုး လိုက်ဖက်မှန်း သိသဖြင့် ပြုလုပ်ခိုင်းခဲ့ခြင်း ဖြစ်သော်လည်း၊ သူမ ဝတ်ဆင်လိုက်သည့်အခါတွင် မျှော်မှန်းထားသည်ထက် ပို၍ လှပနေသည်ကို တွေ့လိုက်ရတော့သည်။
***