အခန်း (၃၁၉-၃၂၀)
Vol. 20 Ch. 319-320
အခန်း ၃၁၉ ။ အသက် ၂၈ နှစ်
ရာသီဥတုက အေးစက်နေသဖြင့် နေ့လည်စာ စားပြီးနောက် ယဲ့ယွင်သည် အိပ်ငိုက်လာ၏။ သို့သော် အစားစားပြီးပြီးချင်း ချက်ချင်းအိပ်စက်ခြင်းသည် မသင့်တော်သဖြင့် အစာကြေလက်ဖက်ရည်ကို သောက်သုံးရင်း ခနထိုင်နေလိုက်သည်။
စတုတ္ထမင်းသားလေးကိုလည်း ခေါ်မသွားရသေးဘဲ သူသည်လည်း အိပ်ချင်လွန်းသဖြင့် မျက်လုံးများ မှေးစင်းနေရှာသည်။ ယဲ့ယွင်သည် ကလေးနှင့်အတူ မှီအုံးကို အမှီပြုကာ အဝတ်ရုပ်ကလေးနှင့် ကစားနေပြီး နင်ချန်ကမူ စာအုပ်စင်မှ ခရီးသွားမှတ်တမ်း စာအုပ်တစ်အုပ်ကို ယူဖတ်နေလေသည်။ ယခုနောက်ပိုင်း ယဲ့ယွင်သည် ဝတ္ထုစာအုပ်များအစား ခရီးသွားမှတ်တမ်းများကိုသာ ပြောင်းလဲဖတ်ရှုနေခြင်း ဖြစ်သည်။
၎င်းတို့မှာလည်း စိတ်ဝင်စားစရာ ကောင်းလှ၏။ နင်ချန်သည် ဖတ်ရင်းနှင့် စိတ်ပါဝင်စားသွားကာ နာရီဝက်ခန့် ကြာမှ စာအုပ်ကို ချလိုက်သည်။ ထိုအချိန်တွင် မိခင်နှင့် သားမှာ တစ်ဦးကိုတစ်ဦး ဖက်လျက် အိပ်ပျော်နေကြပြီ ဖြစ်သည်။ ဖန်တီးထားသော အခိုက်အတန့်ကလေးမှာ အလွန်ပင် သာယာလှသဖြင့် အစေခံများမှာလည်း မည်သူ့ကိုမှ မနှိုးရဲကြပေ။ ထို့ကြောင့် သခင်နှစ်ဦးအတွက် စောင်လေးတစ်ထည် ယူလာပြီး ခြုံပေးထားကြလေသည်။
နင်ချန်သည် ကြာရှည်ထိုင်နေသဖြင့် ထုံကျင်နေသော ခြေထောက်ကို နှိပ်နယ်ကာ ခုတင်လေးဆီသို့ လျှောက်သွားသည်။ စတုတ္ထမင်းသားလေးမှာ သူ့ကို ပိုတူသော်လည်း မျက်ခုံးမျက်ဖန်များမှာ ယဲ့ယွင်၏ အရိပ်အယောင်များ ပါနေသည်။ အကြီးနှင့် အငယ် နှစ်ဦးစလုံးမှာ ဖြူဖြူဖွေးဖွေးနှင့် အိပ်ပျော်နေကြသည်ကို ကြည့်ပြီး နင်ချန်၏ စိတ်နှလုံးမှာ နူးညံ့သွားရသည်။
အပြင်ဘက်တွင် အိပ်စက်ခြင်းမှာ အအေးမိနိုင်သဖြင့် နင်ချန်ကပင် ယဲ့ယွင်၏ လက်မောင်းကို အသာအယာ ဖယ်ရှားကာ အစေခံများကို ကလေးအား ပွေ့သွားခိုင်းလိုက်သည်။ ထို့နောက် သူကိုယ်တိုင်ပင် အကြီးဖြစ်သူကို ပွေ့ချီကာ အိပ်ခန်းထဲသို့ ခေါ်ဆောင်သွားလေသည်။ အမှန်တော့ ယဲ့ယွင်သည် ဝေဝေဝါးဝါး သိနေသော်လည်း အိပ်ချင်လွန်းသဖြင့် မျက်လုံးမဖွင့်ချင်ဘဲ သူ့စိတ်ကြိုက် လုပ်သမျှကို ငြိမ်ခံနေလိုက်သည်။
နင်ချန်က သူမကို စောင်ထဲ ထည့်ပေးပြီး သူကိုယ်တိုင်လည်း အပေါ်အင်္ကျီကို ချွတ်ကာ ဘေးတွင် လှဲအိပ်လိုက်သည်။ နှစ်ဦးသား နေ့ခင်းဘက် တစ်ရေး အတူအိပ်လိုက်ကြသည်။ အလွန်အကြာကြီးတော့ မဟုတ်ဘဲ နာရီဝက်ခန့်အကြာတွင် နိုးလာကြ၏။ ထိုအချိန်တွင် အပြင်ဘက်၌ မှောင်စပြုနေပြီ ဖြစ်သည်။
အရင်နိုးသော ယဲ့ယွင်သည် မငြိမ်မသက်ဘဲ နင်ချန်၏ လည်ပင်းနားသို့ လက်ကို ဆန့်ထုတ်ကာ တူရိယာတီးသလို ကစားနေသည်။ နင်ချန်က မတတ်သာသလို သက်ပြင်းချကာ သူမကို ဘေးတစောင်း ဖက်ထားလိုက်သည်။ သူသည် ယဲ့ယွင်၏ ခေါင်းနောက်စေ့ကို ထိန်းကိုင်ကာ သူ၏ လည်ပင်းကြားသို့ ဖိကပ်ထားလိုက်၏။
"ထတော့ အရှင်မင်းကြီး"
ယဲ့ယွင်က အခွင့်ကောင်းယူကာ သူမ၏ နဖူးဖြင့် သူ့လည်ပင်းကို ပွတ်သပ်နေသည်။ နဖူးပေါ်မှ ဆံစနုလေးများက နင်ချန်၏ လည်ပင်းကို ယားကျိကျိ ဖြစ်စေသလို စိတ်ထဲမှာလည်း လှုပ်ရှားလာစေသည်။ သူ၏ မျက်ဝန်းများ အနည်းငယ် မှေးစင်းသွားကာ ရင်ခွင်ထဲမှ မိန်းကလေး၏ မေးစေ့ကို ဆွဲမလိုက်ပြီး နီမြန်းသော နှုတ်ခမ်းလေးကို ခပ်ဖွဖွ နမ်းလိုက်လေသည်။
သို့သော် ခပ်ဖွဖွ နမ်းရုံနှင့် မလုံလောက်ဘဲ တစ်ကြိမ်မြည်းစမ်းမိသည်နှင့် စွဲလမ်းသွားရတော့သည်။ အခြေအနေများမှာ ထိန်းချုပ်မရအောင် ဖြစ်လာသောအခါ စောင်မှာလည်း ကန်ထုတ်ခံရကာ ကြမ်းပြင်ပေါ်သို့ ကျသွားတော့သည်။ ရုတ်တရက် အေးစက်သွားသဖြင့် နှစ်
ယောက်စလုံး တုန်တက်သွားကြသည်။ ယဲ့ယွင်က မနေနိုင်ဘဲ ရယ်မောမိကာ နင်ချန်လည်း မတတ်သာတော့ပေ။ ညကျမှသာ အသေးစိတ် ဆက်လက် ဆွေးနွေးရတော့မည်။
ယဲ့ယွင်သည် နင်ချန်၏ လည်ပင်းကို ဖက်ကာ ထပ်မံ နမ်းရှိုက်ပြီးမှ အစေခံများကို ခေါ်ကာ အဝတ်အစား လဲလှယ်ကြသည်။ နေ့ခင်းဘက် အိပ်စက်ခဲ့သဖြင့် စိတ်ရွှင်လန်းနေလေသည်။ နှစ်ဦးသား အပြင်ဘက် ခြံဝင်းထဲသို့ လမ်းလျှောက် ထွက်လာကြသည်။ ခြံထဲမှ နှင်းများကို လှည်းကျင်းပြီး ဖြစ်သော်လည်း နံရံဘေးရှိ ပန်းခင်းထဲတွင်မူ နှင်းများ ထူထပ်စွာ စုပုံနေဆဲ ဖြစ်သည်။ ၎င်းကို မလှည်းခြင်းမှာ နှင်းများ ဖုံးအုပ်ထားသော နေရာသည် ရာသီဥတု နွေးလာသောအခါ ပန်းပင်များ စိုက်ပျိုးရန် ပိုမို ကောင်းမွန်သောကြောင့် ဖြစ်သည်။
ယဲ့ယွင်သည် ကလေးကဲ့သို့ ဆော့ချင်လာသဖြင့် ထိုင်ချလိုက်ကာ နှင်းများကို လက်ဖြင့် ကျစ်ပြီး အဝိုင်းကြီး တစ်ခုနှင့် အဝိုင်းသေး တစ်ခု ပြုလုပ်ကာ တစ်ခုပေါ် တစ်ခု တင်လိုက်ရာ နှင်းလူသားလေး ဖြစ်သွားလေသည်။
"လှလား"
ယဲ့ယွင်က နင်ချန်၏ ရှေ့သို့ ကမ်းပေးလိုက်သည်။ နင်ချန်က ပြုံးလျက် လက်ခံလိုက်ကာ -
"ဒါကို ကြိုက်ရင် အစေခံတွေကို ခိုင်းပြီး အကြီးကြီး တစ်ခု လုပ်ခိုင်းလိုက်မယ်လေ"
"အိုး... ဒါဆိုရင်တော့ အားမနာတော့ဘူးနော်။ တံခါးဝမှာပဲ တစ်ခု လုပ်ခိုင်းလိုက်မယ်။ အခုပဲ လုပ်ခိုင်းရမလား"
မိန်းကလေး၏ မျက်ဝန်းများမှာ တောက်ပနေသဖြင့် နင်ချန်မှာ ငြင်းဆန်ရန် အကြောင်းမရှိပေ။ သူသည် ချက်ချင်းပင် နှင်းလူသားကြီး တစ်ခု ဖန်တီးပေးချင်နေလေသည်။ ထို့ကြောင့် ပိုင်ရှုနှင့် ယွမ်ကျိုတို့သည် မိန်းမစိုးငယ် လေးငါးယောက်ကို ခေါ်ကာ ကျောက်ချွန်းဆောင် တံခါးဝတွင် နှင်းလူသားကြီး လုပ်ရန် ပြင်ဆင်ကြတော့သည်။
နင်ချန်နှင့် ယဲ့ယွင်တို့က ဘေးမှ ကြည့်နေကြသည်။ မူလက နင်ချန်မှာ ထူးထူးခြားခြား မခံစားရသော်လည်း ယဲ့ယွင်က စိတ်လှုပ်ရှားစွာဖြင့် အစေခံများကို ညွှန်ကြားနေသည်ကို မြင်ရသောအခါ သူလည်း စိတ်ပါလာကာ အကြံဉာဏ်များ ပေးတော့သည်။ နှစ်ဦးသား အလွန် ပျော်ရွှင်နေကြလေသည်။
နောက်ဆုံးတွင် မီးသွေးခဲများဖြင့် မျက်လုံးလုပ်ကာ၊ အနီရောင် ဆေးသုတ်ထားသော သစ်သားတုံးလေးဖြင့် နှာခေါင်းလုပ်ပြီး၊ အနီရောင် ပိတ်စဖြင့် ပါးစပ်လုပ်ကာ လည်စည်းလေးပါ ပတ်ပေးလိုက်သည်။ အားလုံး မျှော်လင့်ထားသလိုပင် အလွန် လှပလှ၏။ ကျောက်ချွန်းဆောင် အပြင်ဘက်မှ ဖြတ်သွားသော နန်းတွင်းသူလေးများမှာလည်း ရပ်ကြည့်ကာ ချီးကျူးကြလေသည်။
ကိုယ်လုပ်တော်လေး၏ ကလေးဆန်သော စိတ်ဆန္ဒကို ဖြည့်ဆည်းပေးပြီးနောက်တွင်မူ အကျိုးအမြတ် အချို့ကို ပြန်လည် သိမ်းဆည်းရမည် ဖြစ်သည်။ ထို့ကြောင့် နေ့လည်က မပြီးဆုံးခဲ့သော ကိစ္စကြီးကို အဆပေါင်းများစွာ ကြိုးစားကာ အပြီးသတ်ခဲ့ကြသည်။ ယဲ့ယွင်မှာ ပင်ပန်းလွန်းသဖြင့် လူကို ကန်ထုတ်ချင်စိတ် ပေါက်သွားရ၏။
.....
သို့သော် နောက်တစ်နေ့ မနက်တွင်မူ နံနက်ခင်း ညီလာခံ တက်ရန် စောစောထရသော သူမှာ ပို၍ ပင်ပန်းနေမှန်း သိလိုက်ရသည်။ ယဲ့ယွင်သည်လည်း သက်သာလှသည် မဟုတ်ဘဲ မိဖုရားခေါင်ကြီးအား ဂါရဝပြုရန် သွားရမည် ဖြစ်သည်။ သူမသည် မျက်လုံးအောက်တွင် အနည်းငယ် ညိုနေသော အဝိုင်းလေးများဖြင့် ထွက်လာခဲ့လေသည်။
နံနက်က အိပ်ရာထဲတွင် အချိန်ဆွဲနေခဲ့သဖြင့် ရောက်သွားသောအခါ အနည်းငယ် နောက်ကျနေပြီ ဖြစ်သည်။ ခန်းမထဲသို့ ဝင်ဝင်ချင်းမှာပင် ရှူးဖေး၏ကဲ့ရဲ့သံကို ကြားလိုက်ရသည် ။
"အိုး... ငါကတော့ မင်ရွှင်ရီတစ်ယောက် ဂါရဝပြုဖို့ မလာတော့ဘူးလို့ ထင်နေတာ။ ဒီလောက် နောက်ကျမှ လာတာဆိုတော့ သီးသန့် လူလွှတ်ပြီး ဖိတ်ရဦးမလား။”
ရှူးဖေး စိတ်မကြည်မလင် ဖြစ်နေသည်မှာလည်း အပြစ်ဆိုဖွယ် မရှိပေ။ နှစ်စဉ် နှစ်သစ်ကူး ၆ ရက်နေ့တွင် အရှင်မင်းကြီးသည် ဖုန်းရှီးနန်းဆောင်မှ ထွက်လာလျှင် အဆင့်အတန်းအလိုက် နန်းဆောင်များသို့ သွားလေ့ရှိရာ ရှူးဖေးမှာ ပထမဆုံး ဖြစ်သည်။ ထို့ကြောင့် မနေ့က ရှူးဖေးမှာ အားလုံး ပြင်ဆင်ထားသော်လည်း အရှင်မင်းကြီးက ကျောက်ချွန်းဆောင်သို့ သွားလိုက်သည်ဟူသော သတင်းကိုသာ ရရှိခဲ့သည်။ သူမ၏ စိတ်ထဲတွင် ဒေါသများ အပြည့်ဖြစ်နေတော့သည်။
ယဲ့ယွင်က သူမကို ဂရုမစိုက်ဘဲ စောစောရောက်နေသော ကျိုးဝမ်ရုန်နှင့်သာ စကားပြောနေလိုက်သည် ။”
"အခု ဘယ်အချိန် ရှိပြီလဲ၊ ငါ နောက်ကျသွားလား။”
"အချိန် မကျသေးပါဘူး၊ နောက်ထပ် လက်ဖက်ရည်တစ်ခွက်စာကြာမှ ဂါရဝပြုရမယ့် အချိန် ရောက်မှာပါ"
ကျိုးဝမ်ရုန်က အလိုက်သိစွာ ပြန်ဖြေသည်။ ထိုစကားကို ကြားသောအခါ ယဲ့ယွင်က မျက်ခုံးပင့်ကာ လှည့်ပြောလိုက်သည် ။
"ကြည့်ရတာ ရှူးဖေးနန်းဆောင်က အစေခံတွေက အလုပ်လုပ်တာ မသေချာဘူးပဲ။ အချိန်ကိုတောင် မှားမှတ်ထားကြလို့ ချန်းချဲ့အပေါ် အထင်လွဲစေပြီး နန်းတွင်းမှာ စိတ်ဝမ်းကွဲအောင် လုပ်နေကြတာပဲ"
"အချိန်ကိုတောင် မှားမှတ်ထားတယ်ဆိုတာ တကယ်ကို ဦးနှောက်မရှိတာပဲ။ အရှင်မင်းကြီးက ဒီလို လူမိုက်အစေခံတွေကို ဆက်ပြီး အလိုမလိုက်သင့်ဘူး၊ ကောင်းကောင်း ဆုံးမမှ ဖြစ်မယ်။ ဒီနေ့တော့ ထားပါတော့၊ အရေးကြီးတဲ့ ကိစ္စတွေမှာ အချိန်မှားရင်တော့ မကောင်းဘူးနော်။”
ဤစကားက ရှူးဖေးအား ပြန်ပြောရန် ခက်ခဲစေသည်။ ဘယ်လိုပြန်ပြောရမှာလဲ။ အစေခံတွေ မှားတာ မဟုတ်ဘူး၊ ငါ့ဘာသာငါ ပြောတာလို့ ပြောရမည်လား။ ထိုသို့ပြောလျှင် သူမကိုယ်သူမ ဦးနှောက်မရှိဘူးဟု ပြောသလို ဖြစ်နေပေလိမ့်မည်။ နောက်ဆုံးတွင် သွားကြိတ်ကာ နှာခေါင်းရှုံ့လိုက်သည်
"ငါ့ဘေးက လူတွေအကြောင်းကို မင်း ပြောစရာ မလိုပါဘူး။”
ယဲ့ယွင်က ဂရုမစိုက်သလို ပြုံးကာ ဆက်ပြီး ငြင်းခုံမနေတော့ပေ။ မကြာမီ လူစုံသွားသည်။ မိဖုရားခေါင်ကြီးသည် အထက်တွင် အေးဆေးစွာ ထိုင်နေပြီး မနေ့က အရှင်မင်းကြီးက ယဲ့ယွင်အတွက် နှင်းလူသား လုပ်ပေးခဲ့သည့် အကြောင်းကို စတင် ပြောဆိုလာသည်။ ယခုအခါ ယဲ့ယွင်မှာ အရှိန်အဝါ ကြီးမားနေသဖြင့် အခြားသူများက အလွယ်တကူ မပြောဝံ့ကြပေ။ သို့သော် မိဖုရားခေါင်ကြီးက စကားစလိုက်သဖြင့် အခြေအနေ ပြောင်းလဲသွားသည်။
"ငယ်ငယ်က ဘာမှမသိတုန်းကတော့ နှင်းရုပ်လေးတွေ လုပ်ဖူးပါတယ်၊ ဒါပေမဲ့ မင်ရွှင်ရီက ဒီအရွယ်အထိ ဒါကို ကြိုက်နေလိမ့်မယ်လို့ မထင်ထားဘူး။”
ဝမ်မိန်ရန်က နှုတ်ခမ်းကို အုပ်ကာ ရယ်မောလိုက်သည်။ သူမ၏ လေသံတွင် လှောင်ပြောင်မှုများ ပါဝင်နေသည်။ ရှူးဖေးက ချက်ချင်းပင် ထပ်ဆင့် ပြောလာသည် ။”
"ဝမ်မိန်ရန်က ဘာသိမှာလဲ၊ ဒါက အရှင်မင်းကြီးကို မြှူဆွယ်တဲ့ နည်းလမ်းတစ်ခုပဲလေ။ နှစ်သစ်ကူး နန်းတွင်းစားပွဲတုန်းကလည်း အရှင်မင်းကြီးက မင်ရွှင်ရီကို ကလေးလေးလို ချစ်စရာကောင်းတယ်လို့ ချီးကျူးခဲ့တယ် မဟုတ်လား။ ဒါပေမဲ့ မင်ရွှင်ရီက အခုဆို အမေတစ်ယောက် ဖြစ်နေပြီ၊ ဒီအရွယ်ကြီးကျမှ ကလေးလို ဟန်ဆောင်နေတာကို လျှော့သင့်တယ်၊ လွန်သွားရင်တော့ မကောင်းဘူးပေါ့။”
"ချန်းချဲ့က တကယ်ပဲ အသက်မငယ်တော့ပါဘူး၊ ဒီနှစ်ဆို အသက် ၂၂ နှစ်တောင် ရှိပြီ။ ရှူးဖေးမယ်မယ်လို အသက် ၂၈ နှစ် အရွယ်လေး မဟုတ်တော့ဘူးလေ။ အိုး... မှားလို့၊ ငါ့ပါးစပ်ကလည်း... ဂဏန်းတစ်ခု လိုသွားတယ်၊ အသက် ၂၈ နှစ် ဆိုတော့ ၃၀ နား ကပ်နေပြီပေါ့"
ယဲ့ယွင်က အေးအေးဆေးဆေး ပြောလိုက်သည်။ အသက်အရွယ်ချင်း ယှဉ်ချင်တာလား။ ရှူးဖေးနှင့် ကျင်းသယ့်ဖေးတို့မှာ နင်ချန်ထက် တစ်နှစ် နှစ်နှစ် ပိုကြီးကြသလို ယဲ့ယွင်ထက်လည်း အများကြီး ပိုကြီးကြသည်။
"ယဲ့ရှီ... မင်း ဘာပြောတာလဲ!"
ရှူးဖေး ဒေါသထွက်သွားကာ ဘေးရှိ စားပွဲကို အရှိန်ဖြင့် ရိုက်လိုက်တော့သည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -320
အခန်း ၃၂၀ ။ လွန်ကဲလျှင် ကျိုးပျက်တတ်သည်
ရှေးယခင်ကတည်းက အသက်အရွယ်ဆိုသည်မှာ အမျိုးသမီးများအတွက် အပြောမခံချင်ဆုံးအရာ ဖြစ်သလို၊ အိုမင်းသည်ဟု အပြောခံရခြင်းကို ပို၍ပင် မလိုလားကြပေ။ အထူးသဖြင့် အသက် ၁၅ နှစ်အရွယ်တွင် အိမ်ထောင်ပြုနိုင်ပြီး၊ အသက် ၂၀ ကျော်လျှင်ပင် မငယ်တော့ဟု သတ်မှတ်သော ဤခေတ်ကာလတွင် ဖြစ်သည်။
ယဲ့ယွင်၏ "အသက် ၃၀ နား ကပ်နေပြီ" ဟူသော စကားတစ်ခွန်းက လူကို ဒေါသထွက်၍ သေစေနိုင်လောက်သည်။ အမှန်တော့ ရှူးဖေးနှင့် ကျင်းသယ့်ဖေးတို့မှာ မအိုသေးပေ။ နင်ချန်နှင့် အသက်တူသော မိဖုရားခေါင်ကြီးလည်း ထို့အတူပင်။ သို့သော် သူတို့ကိုယ်သူတို့ မငယ်တော့ဟု ခံစားရသဖြင့် အစဉ်အမြဲ တည်ငြိမ်သောအသွင်ဖြင့် ပြင်ဆင်ကြပြီး၊ စည်းစနစ်ကျသော အမူအရာများကြောင့် ကြည့်ရသည်မှာ အသက် ၃၀ ကျော်အရွယ်များကဲ့သို့ ဖြစ်နေခြင်းသာ ဖြစ်သည်။
သို့သော် မည်သူက စကားစခဲ့သည်ဖြစ်စေ၊ ထိုသူသာလျှင် ပြန်လည်ခံစားရပေလိမ့်မည်။ ယဲ့ယွင်က စိတ်မလောဘဲ ပြုံးလျက် -
"ချန်းချဲ့က အမှန်အတိုင်း ပြောတာပါပဲ၊ ချန်းချဲ့က မယ်မယ့်ရဲ့ အသက်ကို မှားမှတ်ထားမိလို့လား။”
ရှူးဖေး၏ မျက်နှာမှာ ပြာနှမ်းသွားပြီး တစ်ခုခု ထပ်ပြောရန် ပြင်လိုက်သော်လည်း မိဖုရားခေါင်ကြီးက ကြားဖြတ်တားမြစ်လိုက်သည်။
"တော်ကြစမ်း၊ ဒီအရွယ်တွေ ရောက်နေပြီကို မတည်ငြိမ်ကြဘူး။ မနက်စောစောကတည်းက ဆူညံနေတာ အေးအေးဆေးဆေးကို မရှိဘူး"
ရှူးဖေးသည် မိဖုရားခေါင်ကြီးကို ကြောက်ရွံ့ဆဲ ဖြစ်သည်။ အကြောင်းကတော့ သူမထက် အဆင့်အတန်း မြင့်မားပြီး အမိန့်ပေး အပြစ်ပေးနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဒေါသကို အောင့်အည်းကာ ပြန်ထိုင်လိုက်ရသည်။ မိဖုရားခေါင်ကြီးသည် ကိုယ်လုပ်တော်လေးက သူမကို အနိုင်ကျင့်နေသည်ကို တမင်တကာ လွှတ်ထားပေးမှန်း သိသော်လည်း ဘာမှ မတတ်နိုင်ပေ။
ထိုအချိန်တွင် ယိရွှင်ယွမ်က လိမ္မာယဉ်ကျေးသော အမူအရာဖြင့် လေသံအေးအေးလေးဖြင့် စကားပြောလာသည်။
"မင်ရွှင်ရီရဲ့ ဒီစိတ်ဓာတ်က အခုထိ မပြင်သေးဘူးပဲ။ အားလုံးက ညီအစ်မတွေ ဖြစ်ကြပေမယ့် ရှူးဖေးမိဖုရားခေါင်ကြီးက ဖေးအဆင့် ဖြစ်တာမို့ ဒီလောက်အထိ ရိုင်းရိုင်းစိုင်းစိုင်း မပြောသင့်ဘူး ထင်တယ်"
ပြောပြီးနောက် သူမသည် မိဖုရားခေါင်ကြီးကို အကြည့်တစ်ချက် ပေးလိုက်သည်။ မိဖုရားခေါင်ကြီးကလည်း ချက်ချင်းပင် အလိုက်သိစွာ စကားကို ဆက်လိုက်၏။
"ယိရွှင်ယွမ် ပြောတာလည်း မှန်တာပဲ။ မင်ရွှင်ရီ၊ အရှင်မင်းကြီးက မင်းရဲ့ ထက်မြက်ပွင့်လင်းတဲ့ စရိုက်ကို သဘောကျတယ် ဆိုပေမယ့် မင်းအနေနဲ့လည်း အတိုင်းအတာ သိရမယ်။ ဒီနေ့တော့ အဆင့်မြင့်တဲ့သူကို စကားနာထိုးမိတာကြောင့် အရှင်ကမင်းကို အပြစ်မပေးရင် လူအများ ကျေနပ်မှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် နောက်နှစ်ရက်အတွင်း ဗုဒ္ဓကျမ်းစာကို သုံးကြိမ် ကူးရေးပြီး စိတ်ကို ငြိမ်အောင်ထားလိုက်ပါဦး။”
ယဲ့ယွင်၏ မျက်ဝန်းများ မှေးစင်းသွားသော်လည်း ပြန်လည်ငြင်းခုံခြင်း မပြုဘဲ ထရပ်ကာ ဂါရဝပြုလျက် လက်ခံလိုက်သည်။ ထို့နောက် သူမက ရုတ်တရက် ယိရွှင်ယွမ်ကို ပြုံးလျက် ကြည့်ကာ ပြောလိုက်သည်။
"အော်... ယိရွှင်ယွမ်က ဒီလောက်အထိ စည်းကမ်း သိတတ်တဲ့သူမှန်း မသိခဲ့ဘူးပဲ။ လင်ရှီးဥယျာဉ်မှာ အပန်းဖြေနေထိုင်တုန်းက ဘာလို့ မေ့နေခဲ့တာလဲ။ အဲဒီနေ့က ချီမိန်ရန်၊ ဝမ်မိန်ရန်နဲ့ ဟိုမိန်ရန်တို့ကို ကျောက်ထန်ဆောင်ကို ခေါ်ပြီး ငါ့ကို ဂါရဝပြုဖို့ လာခိုင်းခဲ့တယ် မဟုတ်လား။ အားပါး... ငါ့မှာ ဘယ်လောက်တောင် ထိတ်လန့်သွားလဲဆိုရင် သူတို့ကိုတောင် မတွေ့ဝံ့ဘူး။”
ဘေးနားရှိ ဟွေ့ကျောင်းရုန်က ချက်ချင်းပင် အလိုက်သင့် အံ့သြဟန်ဆောင်လိုက်ကာ ယိရွှင်ယွမ်နှင့် မိဖုရားခေါင်ကြီးကို တစ်လှည့်စီ ကြည့်ရင်း လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ကိုယ်လုပ်တော်တွေက... မိဖုရားခေါင်ကြီး တစ်ပါးတည်းကိုပဲ ဂါရဝပြုရတာ မဟုတ်လား။ ယိရွှင်ယွမ်က အမြဲ စည်းကမ်း သိတတ်တာကို ဘာလို့ ဒီလိုမျိုး လုပ်ခဲ့ရတာလဲ။ ဒါက တကယ်ကို..."
မိဖုရားခေါင်ကြီးကို မျက်နှာမထောက်ထားရာ ကျလွန်းလှသည်။ မိဖုရားခေါင်ကြီးသည် ယိရွှင်ယွမ်၏ ထိုစဉ်က လုပ်ရပ်မှာ ယဲ့ယွင်ကို သိက္ခာချရန် ဖြစ်သည်ဟု နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ ယခုအခါ ယဲ့ယွင်က နန်းတွင်းသူအားလုံးရှေ့တွင် ဖွင့်ချလိုက်သဖြင့် ၎င်းမှာ မိဖုရားခေါင်ကြီးကို မလေးစားရာ ရောက်သွားခြင်းမှာ အမှန်ပင်။ ဤသည်မှာ မိဖုရားခေါင်ကြီး၏ မျက်နှာကို ရိုက်နှက်လိုက်ခြင်းပင် ဖြစ်သည်။ ခဏချင်းမှာပင် မိဖုရားခေါင်ကြီး၏ မျက်နှာမှာ ပျက်သွားကာ အေးစက်သော လေသံဖြင့် မေးလိုက်၏။ -
"ယိရွှင်ယွမ်... ဒါ တကယ်ပဲလား"
"မိဖုရားခေါင်ကြီးကို တင်ပြပါရစေ၊ ချန်းချဲ့ သွားခဲ့တာတော့ အမှန်ပါ၊ ဒါပေမဲ့ ဂါရဝပြုဖို့ မဟုတ်ပါဘူး။ မနက်စောစော မင်ရွှင်ရီနဲ့ စကားပြောဖို့ သွားတာပါ၊ ဘယ်လိုဖြစ်ပြီး ဂါရဝပြုတာ ဖြစ်သွားရတာလဲ"
ယိရွှင်ယွမ်သည် လက်ကိုင်ပဝါကို တင်းတင်းဆုပ်ထားသည်။ ဤသည်မှာ သူမက အသေခံ ငြင်းဆိုရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။ ယဲ့ယွင်က မျက်ဝန်းများကို အနည်းငယ် မှေးစင်းလိုက်ကာ -
"ဒါဆိုရင် ကျွန်မရဲ့ အစေခံတွေက နားထိုင်းနေလို့ စကားမှားကြားတာပေါ့လေ"
"အစေခံတွေ စကားမှားတာမျိုးလည်း ရှိနိုင်တာပဲ"
ယိရွှင်ယွမ်က ချက်ချင်း တုံ့ပြန်သည်။ ယဲ့ယွင် တစ်ခုခုထပ်မပြောမီ အမြဲတမ်း တိတ်ဆိတ်နေလေ့ရှိသော ချီမိန်ရန်က ရုတ်တရက် စကားပြောလာသည်။
"အစေခံ တစ်ယောက်က နားထိုင်းတယ် ဆိုရင်တော့ ထားပါတော့၊ လူတိုင်းရဲ့ အစေခံကလည်း နားထိုင်းနေတာလား။”
ဤစကားတစ်ခွန်းက လူတိုင်းကို အံ့သြသွားစေသည်။ ချီမိန်ရန်၏ ရည်ရွယ်ချက်က ဘာများလဲ။ သူမသည် ယိရွှင်ယွမ်ကို မကြိုက်သဖြင့် ယဲ့ယွင်ဘက်မှ ကူညီခြင်းလား၊ သို့မဟုတ် ယဲ့ယွင်ဘက်သို့ ဝင်လိုခြင်းလား ဆိုသည်ကို မည်သူမှ မသေချာပေ။ သို့သော် ယခုအချိန်တွင် ထိုအရာများကို အသေးစိတ် စဉ်းစားမနေနိုင်တော့ပေ။ ချီမိန်ရန်က စကားစလိုက်သဖြင့် ဝေဝေဝါးဝါး ဖြစ်နေသော ဝမ်မိန်ရန်ကလည်း စိတ်ပိုင်းဖြတ်ကာ အလားတူ စကားမျိုး ပြောလာသည်။ ဤနှစ်ဦးစလုံးက အမှန်အတိုင်း ပြောလိုက်သဖြင့် ဟိုမိန်ရန်မှာလည်း ငြိမ်နေ၍ မရတော့ဘဲ ဝန်ခံလိုက်ရသည်။
ဤသို့ဖြင့် ယိရွှင်ယွမ်က လူစုပြီး ယဲ့ယွင်အား ဂါရဝပြုခိုင်းသည့် ကိစ္စမှာ အတည်ဖြစ်သွားတော့သည်။
"ပန်ကုန်း မသေသေးပါဘူး၊ ယိရွှင်ယွမ်ကတော့ သခင်သစ်ကို မြှောက်စားနေပြီပဲ"
မိဖုရားခေါင်ကြီးက အေးစက်စွာ ရယ်မောလိုက်ကာ -
"ခုနကတင် မင်းကို စည်းကမ်းသိတတ်တယ်လို့ ချီးကျူးမိသေးတယ်။ တကယ်တော့ ခွေးဗိုက်ထဲ ရောက်သွားတာပဲ!"
"မိဖုရားခေါင်ကြီး စိတ်လျှော့ပါ၊ ချန်းချဲ့က အဲဒီလို ရည်ရွယ်တာ မဟုတ်ပါဘူး..."
ယိရွှင်ယွမ် မျက်နှာပျက်လျက် ထရပ်ကာ ဂါရဝပြုသည်။ မိဖုရားခေါင်ကြီးကမူ သူမ၏ စကားကို နားမထောင်ချင်တော့ပေ။
"တော်စမ်း၊ မင်း ဘာပဲရည်ရွယ်ရည်ရွယ်၊ အဲဒီစိတ်တွေကို သိမ်းထားလိုက်။ ပြန်သွားပြီး နန်းတွင်းစည်းကမ်းတွေကို ဆယ်ကြိမ် ကူးရေးပြီး စိတ်ကို သတိပြန်ဝင်အောင် လုပ်လိုက်ဦး"
အိုး... နန်းတွင်းစည်းကမ်း ဆယ်ကြိမ်ဆိုသည်မှာ ဗုဒ္ဓကျမ်းစာထက် အဆပေါင်းများစွာ ပို၍ များပြားလှသည်။ ယဲ့ယွင်၏ မျက်ဝန်းများတွင် လှောင်ပြောင်မှုနှင့် စိန်ခေါ်မှုများ ပါဝင်နေကာ ယိရွှင်ယွမ်ကို တစ်ချက် ကြည့်လိုက်သည်။ အပြစ်ပေးခံရရင်တောင် အဖော်တစ်ယောက်တော့ ဆွဲခေါ်ရမည် မဟုတ်လား။
.....
တစ်မနက်ခင်းလုံး ဂါရဝပြုခြင်းမှာ လူတိုင်းအတွက် မပျော်ရွှင်စရာ ဖြစ်ခဲ့ပြီး၊ ငြင်းခုံပြီးနောက် လူစုခွဲခဲ့ကြသည်။ ဖုန်းရှီးနန်းဆောင်မှ ထွက်လာသောအခါ ယဲ့ယွင်သည် ဝေါယာဉ်ပေါ် တက်လိုက်သော်လည်း ချီမိန်ရန် ပြန်ရမည့် လမ်းကြောင်းတွင် အစေခံများကို ခနစောင့်ခိုင်းလိုက်သည်။ မှန်းထားသည့်အတိုင်းပင် ဆုံတွေ့ခဲ့ကြ၏။ ဤနေရာတွင် လူအများ၏အကြည့်ကို ရှောင်ဖယ်ကာ တွေ့ဆုံခြင်းမှာ အခြားသူများက သူတို့နှစ်ဦး ပူးပေါင်းသွားပြီဟု မထင်စေရန်ဖြစ်သည်။ မဟာမိတ်ဖွဲ့ခြင်းဆိုသည်မှာ မည်သူနှင့်မဆို လွယ်လွယ်ကူကူ ပြုလုပ်၍ မရပေ။
"ချန်းချဲ့က မင်ရွှင်ရီကို ဂါရဝပြုပါတယ်"
ချီမိန်ရန်က ဦးညွှတ်သည်။
ယဲ့ယွင်က နူးညံ့စွာ လက်ယမ်းပြလိုက်ကာ -
"ဂါရဝပြုဖို့ မလိုပါဘူး။ တို့က ဒီမှာ တမင်စောင့်နေတာက မိန်ရန်ကို ကျေးဇူးတင်ဖို့ပါ"
ခုနက ဖုန်းရှီးနန်းဆောင်တွင် ချီမိန်ရန်သာ စကားမပြောခဲ့လျှင် ယိရွှင်ယွမ်ကို ရေထဲဆွဲချရန် ထိုမျှ လွယ်ကူလိမ့်မည် မဟုတ်ပေ။
"ဒါက ချန်းချဲ့ရဲ့ စိတ်ဓာတ်ပါပဲ၊ မျက်စိထဲမှာ မသန့်ရှင်းတာ မြင်ရင် မနေနိုင်ဘူး။ ယိရွှင်ယွမ်က လိမ်ညာနေတာကို ချန်းချဲ့အနေနဲ့ မသိချင်ယောင်ဆောင်လို့ မရဘူး။ ဒါက ရွှင်ရီကို တမင်ကူညီတာတော့ မဟုတ်ပါဘူး"
ချီမိန်ရန်က ပြောသည်။ သို့သော် သူမပြောသည်မှာ တစ်စိတ်တစ်ပိုင်းသာ ရှိသေးသည်။ အခြားတစ်စိတ်တစ်ပိုင်းကတော့ မပြောဖြစ်ခဲ့ပေ။ အရှင်မင်းကြီးက မင်ရွှင်ရီကို ဤမျှ ချစ်မြတ်နိုးနေသဖြင့် မင်ရွှင်ရီသာ မတရား အနိုင်ကျင့်ခံရလျှင် အရှင်မင်းကြီး စိတ်မကောင်းဖြစ်လိမ့်မည် မဟုတ်လား။ သူမသည် အရှင်မင်းကြီးက အခြားသူကို ချစ်သည်ကို မမြင်ချင်သော်လည်း၊ အရှင်မင်းကြီး စိတ်မချမ်းသာဖြစ်မှာကို ပို၍ပင် မလိုလားပေ။ ယဲ့ယွင်သည် သူမပြောသည်မှာ အမှန်တရားဖြစ်မှန်း သိလိုက်ပြီး မျက်တောင်ခတ်ကာ ပြောလိုက်သည်။ -
"ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ မိန်ရန်ရဲ့ စကားတစ်ခွန်းက တို့ကို ကူညီခဲ့တာ အမှန်ပဲ။ ဒါကြောင့် တို့ကလည်း မိန်ရန်အတွက် စကားတစ်ခွန်း လက်ဆောင်ပေးချင်ပါတယ်"
"ရွှင်ရီ ပြောပါ"
ချီမိန်ရန်က ခေါင်းညိတ်သည်။
"လွန်ကဲလျှင် ကျိုးပျက်တတ်တယ်ဆိုတဲ့စကားပုံရှိပါတယ်။”
ယဲ့ယွင်က တည်ငြိမ်စွာ ပြောလိုက်သည်။
"မိန်ရန်က ထက်မြက်တာမို့ ဒီစကားရဲ့ အဓိပ္ပာယ်ကို တို့အများကြီး ပြောပြနေဖို့ မလိုဘူး ထင်ပါတယ်"
ပြောပြီးနောက် သူမသည် ဝေါယာဉ်ပေါ် ပြန်တက်ကာ ထွက်ခွာသွားတော့သည်။ ယဲ့ယွင် ထွက်သွားသည့် ပုံရိပ်ကို ကြည့်ရင်း ချီမိန်ရန်၏မျက်ဝန်းများ မှေးစင်းသွား၏။ "လွန်ကဲလျှင် ကျိုးပျက်တတ်သည်" ဟူသည်မှာ သူမအား နန်းတွင်းထဲတွင် အမြဲတမ်း ဖြောင့်မတ်လွန်းနေ၍ မရဘဲ၊ လိမ္မာပါးနပ်မှုရှိရန် သတိပေးခြင်း ဖြစ်သည်။ သို့သော် သူမအနေဖြင့် ထိုသို့ လုပ်နိုင်ပါ့ဦးမလား။
ချီမိသားစုမှာ မျိုးဆက်အလိုက် စာပေပညာရှင်ကြီးများ ဖြစ်ကြသဖြင့် သမီးမိန်းကလေးများမှာလည်း ယောကျ်ားလေးများကဲ့သို့ပင် တောင့်တင်းသော ပညာရှင်စိတ်ဓာတ်ကို မွေးမြူခဲ့ကြသည်။ အမှားအမှန်ကို ချီမိန်ရန်က ရှင်းရှင်းလင်းလင်း ခွဲခြားလိုသည်။
တိုတောင်းသော စကားပြောဆိုမှုမှာ အခြားဘာမှမရှိသော်လည်း နောက်ပိုင်းတွင် သိသွားကြသော အခြားသူများကိုမူ စိတ်သက်သာရာ ရစေခဲ့သည်။ ချီမိန်ရန်မှာ လူသစ်များထဲတွင် အချစ်တော် ဖြစ်နေသလို၊ ယဲ့ယွင်ကလည်း အစဉ်အမြဲ မျက်နှာသာပေးခံရသူ ဖြစ်ရာ သူတို့နှစ်ဦး ပူးပေါင်းသွားလျှင် နန်းတွင်းကြီး တစ်ခုလုံး ပြောင်းပြန်လှန်ပစ်နိုင်သည်။ ကံကောင်းထောက်မစွာဖြင့် သူတို့တွင် ပူးပေါင်းရန် ရည်ရွယ်ချက် မရှိကြပေ။
ဤကိစ္စပြီးနောက် နန်းတွင်းထဲတွင် ခနမျှ ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။ မတ်လနှောင်းပိုင်းတွင် နွေဦးစာမေးပွဲ စတင်လာသလို၊ နန်းတွင်းမှ မင်းသားကြီး၊ မင်းသားနှစ်နှင့် မင်းသားသုံးတို့အတွက် ငှားရမ်းထားသော ဆရာကြီးများကလည်း သင်ခန်းစာများ စတင်တော့သည်။ သင်တန်းကို ဟုန်ဝမ်ဆောင်တွင် ပြုလုပ်ရန် သတ်မှတ်ထားပြီး ၎င်းမှာ စာသင်ဆောင်ဘေးရှိ ခြံဝင်းငယ်လေးတစ်ခု ဖြစ်သည်။ ထိုအချိန်မှစ၍ မင်းသားသုံးပါးတို့သည် စည်းကမ်းများကို စနစ်တကျ စတင် သင်ကြားရတော့မည် ဖြစ်သည်။
***