← Chapters

ဘဝရဲ့ အသိဉာဏ်

Vol. 19 Ch. 181

ဘဝရဲ့ အသိဉာဏ်

Vol. 19 Ch. 181

ကုမင်တာ့သည် ကိုကိုရှန်၏ ငိုညည်းသံကို နားထောင်ရင်း အကယ်၍ မိသားစုတစ်ခုခုသည် ကိုကိုရှန်ကဲ့သို့ အားကိုး၍မရသောသူအား လာရောက်ကယ်တင်မည်ကို စောင့်မျှော်နေရပါက ထိုမိသားစု ပျက်စီးဖို့ သိပ်မဝေးတော့ဟု စိတ်ထဲမှ တွေးတောနေမိ၏။

ကုမင်တာ့က မေးလိုက်သည်။

“မြို့တော်ကို တကယ်ပဲ ပြန်ချင်တာ သေချာပြီလား...”

ကိုကိုရှန်သည် ထိုစကားကို ကြားသောအခါ အံ့သြသွားဟန်ဖြင့် မေးလာ၏။

“ဦးလေးကု... ဒါကို ဘာလို့ မေးတာလဲဟင်... ကျွန်တော် လှေပေါ် ရောက်နေပြီလေ... နောက်ဆိပ်ကမ်းကျရင် ပြန်ဆင်းရဦးမှာလား... ကျွန်တော် အဲ့ကလူတွေလက်ထဲကနေ ခုမှ ခက်ခက်ခဲခဲ လွတ်လာခဲ့ရတာလေ...”

“မင်းရဲ့ မိဘတွေက မြို့တော်ကနေ ထွက်သွားဖို့ အတင်းခိုင်းလို့လားဟင်...”

ကုမင်တာ့က မေးမြန်းလိုက်၏။

ကိုကိုရှန်က ပြန်ပြောသည်။

“ကျွန်တော်က လင်းကျိုး ကို သွားချင်တာလေ... ဖေဖေကတော့ ဂရုမစိုက်ပါဘူး... ဒါပေမဲ့ မေမေကတော့ ကျွန်တော့်ကို မြို့တော်ကနေ ထွက်မသွားစေချင်ဘူး... ကျွန်တော်က အခါခါ တောင်းဆိုလွန်းလို့သာ မေမေက မတတ်သာဘဲ အပြင်ထွက် ဆော့ဖို့ ခွင့်ပြုလိုက်တာလေ...”

ကုမင်တာ့သည် ကိုကိုရှန်၏ စကားများကို နားထောင်ပြီးနောက် ဤကောင်လေးမှာ ဘေးဒုက္ခကို ရှောင်ရှားရန် မိသားစုက မြို့တော်ပြင်ပသို့ ပို့ဆောင်လိုက်သူ မဟုတ်ကြောင်း သေချာသွားလေသည်။

“ဒါပေမဲ့ ကျွန်တော်လည်း မိဘတွေကိုတော့ နည်းနည်းလောက် လွမ်းတာပေါ့... အပြင်မှာ ဘယ်လောက်ပဲ ဆော့လို့ကောင်းကောင်း အိမ်မှာ နေရသလောက်တော့ ဘယ်တူပါ့မလဲနော်...”

ကိုကိုရှန်က ခံစားချက်အပြည့်ဖြင့် ပြောဆိုလေသည်။

ကုမင်တာ့သည် နျိုနျိုအား အထဲတွင် လှဲနေသော ကျန်းယွင်နန်အား ဆေးလုံးများ သွားပေးခိုင်းလိုက်၏။ သမီးဖြစ်သူကို အခြားသို့ လွှတ်လိုက်ပြီးနောက်တွင်မှ ကုမင်တာ့သည် ကိုကိုရှန်အား စကားအကွက်ချ၍ စတင် မေးမြန်းလေတော့သည်။

ကိုကိုရှန်သည် ပြင်ပလူများကို သတိထားနေပုံ ရသော်လည်း မြေခွေးအိုကြီး ကုမင်တာ့၏ စကားအနည်းငယ်အောက်တွင်မူ ကြာရှည် မခံနိုင်ရှာပေ။

နျိုနျို အထဲဝင်သွားသည့် ခဏတာအတွင်းမှာပင် ကုမင်တာ့သည် စကားလမ်းကြောင်းများမှတစ်ဆင့် ကိုကိုရှန်မှာ ဘာရည်မှန်းချက်မျှ မရှိဘဲ အပျော်အပါးကိုသာ မက်မောသော သူဌေးသားလေး တစ်ဦးဖြစ်ကြောင်း ပုံဖော်နိုင်ခဲ့ချေပြီ။ ဤကဲ့သို့ အသိဉာဏ် မရှိလှသော ပုံစံမှာ လူဆိုးတစ်ယောက် မဖြစ်နိုင်သည်မှာ သေချာလှ၏။

ကိုကိုရှန်သည် သူ၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို အကြိမ်ကြိမ် ဖွင့်ဟမိလုနီးပါး ဖြစ်ခဲ့၏။ အကယ်၍သာ သူသည် ကောက်ကျစ်သော သူတစ်ဦးနှင့် တွေ့ခဲ့လျှင်မူ သူ၏ ချို့ယွင်းချက်များမှတစ်ဆင့် သူ၏ အဆင့်အတန်းအစစ်အမှန်ကို ရိပ်မိသွားကြပေလိမ့်မည်။ သို့သော်လည်း ကုမင်တာ့မှာမူ ထိုသူမှာ ဘေးအန္တရာယ် မပေးနိုင်ကြောင်း သေချာသွားသဖြင့် သူ၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို ထပ်မံ၍ အသည်းအသန် မစုံစမ်းတော့ပေ။

ကုမင်တာ့သည် ကိုကိုရှန်၏ လှိုင်းမူးပျောက်ဆေးမှာ နန်းတွင်းသမားတော်တစ်ဦး ဖော်စပ်ပေးထားသော ဆေးဖြစ်နိုင်ကြောင်း တွက်ချက်မိလိုက်၏။ ထိုသို့သော ဆေးမျိုးကို ရရှိနိုင်သူမှာ အဆင့်အတန်း မနိမ့်ကျနိုင်သည်မှာ သေချာလှပေသည်။

“ဦးလေးကု... ကျွန်တော့်မှာ အားနာစရာ တောင်းဆိုချက်လေး တစ်ခု ရှိလို့ပါ...”

ကိုကိုရှန်က ဝေဝေဝါးဝါးဖြင့် ပြောလိုက်သည်။

ကုမင်တာ့က မျက်ခုံးအနည်းငယ် ပင့်ကာ မေးလိုက်၏။

“ငွေနည်းနည်းလောက် ချေးချင်လို့လားဟင်...”

ကုမင်တာ့သည် သူ့အား ပိုက်ဆံချေးရန် ပြင်ဆင်ထားပြီး ဖြစ်ပေသည်။ ကိုကိုရှန်သည် အရင်က ဆိပ်ကမ်းတွင် တာအိုဆရာ အိုကြီးအား သူတို့အတွက် တားဆီးပေးခဲ့ဖူးသည် မဟုတ်ပါလား။ ထိုတာအိုဆရာမှာ ရန်သူလား၊ မိတ်ဆွေလား မသိနိုင်သေးသော်လည်း ကိုကိုရှန်၏ စေတနာကိုမူ ကုမင်တာ့က အသိအမှတ်ပြုထားပေသည်။

ကိုကိုရှန်၏ မျက်လုံးများတွင် မျက်ရည်များ ဝေ့သီလာ၏။

“ပိုက်ဆံချေးဖို့ မဟုတ်ပါဘူး... ဒါပေမဲ့ ဦးလေးကု က ကျွန်တော့်ကို တကယ်ပဲ ပိုက်ဆံချေးချင်တာလားဟင်... ကျွန်တော်တို့ တစ်သက်လုံး ဒီလိုမျိုး တစ်ခါမှ မကြုံဖူးပါဘူး... ဦးလေးက ကျွန်တော့်ကို ဒီလောက်အထိ ယုံကြည်ပေးလိမ့်မယ်လို့ မထင်ထားခဲ့ဘူးလေ...”

ကုမင်တာ့က ခေါင်းညိတ်ပြလိုက်သည်။ ကိုကိုရှန်သည် ရင်ထဲတွင် အနည်းငယ် ရှက်ရွံ့သွားမိ၏။ ဘာပဲဖြစ်ဖြစ် သူ ခုနက ပြောခဲ့သော စကားများထဲတွင် မမှန်ကန်သည်များ ပါရှိနေသလို သူ၏ နောက်ခံကိုလည်း တမင် ဖုံးကွယ်ထားခဲ့သည်။ သူသည် မိမိကိုယ်ကိုယ် ရိုးသားမှု မရှိဟု ခံစားနေရခြင်း ပင်။

“ကျွန်တော် ပိုက်ဆံ မချေးချင်ပါဘူး... ကျွန်တော် မြို့တော်ကို ဦးလေးတို့နဲ့ အတူတူ လိုက်သွားလို့ ရမလားဟင်... ကျွန်တော် အလုပ်လုပ်ပါ့မယ်... ကလေးတွေကို ကူထိန်းပေးမယ်၊ ပစ္စည်းတွေလည်း ဝိုင်းသယ်ပေးမယ်လေ... ကျွန်တော့်ကို မြို့တော်အထိ ဘေးကင်းကင်းနဲ့ ပို့ပေးနိုင်မယ် ဆိုရင်တော့ ကျေးဇူးအများကြီး တင်ရမှာပါ... ငွေတုံး တစ်ရာ... မဟုတ်ပါဘူး... ရွှေတုံး တစ်ရာလောက် ပေးပါ့မယ်... ရမလားဟင်...”

ကိုကိုရှန်သည် ထိုသို့ တောင်းဆိုလိုက်ခြင်းမှာ အသက်နှင့်ရင်း၍ စွန့်စားလိုက်ခြင်း ပင်။ အကယ်၍သာ သူသည် ကိုယ်ကျင့်တရား မကောင်းသော သူတစ်ဦးနှင့် တွေ့ခဲ့လျှင်မူ သူ့အား အစေခံတစ်ဦးကဲ့သို့ အနှိမ်ခံရပေလိမ့်မည်။

သို့သော်လည်း ကိုကိုရှန်သည် ဤသို့ မလုပ်လျှင် မဖြစ်တော့ပေ။ လှေပေါ်တွင် လူပေါင်းစုံ ရှိနေသည်။ ပိုက်ဆံချေးလိုက်လျှင်ပင် ထိုပိုက်ဆံကို သူ ထိန်းသိမ်းနိုင်ပါ့မလားဟု စိုးရိမ်နေမိခြင်း ပင်။

အောက်ထပ် အခန်းတွင် တစ်ရက်နှင့် တစ်ည နေထိုင်ပြီးနောက်တွင်မူ သူသည် တစ်ယောက်တည်း ဖြစ်နေချိန်၌ ပိုက်ဆံထက် လူအင်အား ရှိခြင်းက ပို၍ အရေးကြီးကြောင်း သဘောပေါက်သွားခဲ့ချေပြီ။

သူသည် မိမိ၏ ကုတင်ကို ဝယ်ယူထားပါသော်လည်း အခြားသူများမှာမူ လူအင်အား များသဖြင့် သူ့အား အနိုင်ကျင့်ကာ လုယူခဲ့ကြသည်။ သူသည် အပြင်ထွက်သည့် အခါတွင် အင်အားရှိသော ဘက်မှ နေရမည်ဟု ခံစားမိလိုက်၏။ ဤမိသားစုနှင့် အတူနေပါက အနည်းဆုံးတော့ ဗိုက်ဝအောင် စားရမည်မှာ သေချာလှပေသည်။

ကုမင်တာ့ ပြန်မဖြေရသေးမီမှာပင် နျိုနျိုသည် အထဲမှ စိတ်လှုပ်ရှားစွာ ပြေးထွက်လာပြီး ကုမင်တာ့အား ပြောလိုက်သည်။

“ဖေဖေ... မေမေ ဆေးသောက်လိုက်ပြီလေ... ခဏလောက် စောင့်ကြည့်လိုက်တော့ မေမေက သက်သာသွားပြီလို့ ပြောတယ်... တကယ့်ကို အစွမ်းထက်တဲ့ ဆေးပဲနော်...”

ကိုကိုရှန်သည် ထိုစကားကို ကြားသောအခါ ဂုဏ်ယူသော လေသံဖြင့် ချက်ချင်း ပြောလိုက်သည်။

“ဒါပေါ့... ဒီဆေးက အစွမ်းထက်တာပေါ့... ဒါက သမားတော်အိုကြီး ရဲ့ မိသားစု အစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ လျှို့ဝှက်ချက်လေ... သာမန်လူတွေဆိုရင် ဘယ်လိုမှ မရနိုင်ဘူးနော်...”

နျိုနျိုသည် ထိုစကားကို ကြားသောအခါ ကိုကိုရှန်၏ အနားသို့ သွားပြီး ရိုသေစွာဖြင့် အလေးပြုလိုက်လေသည်။

“ကိုကိုရှန်... ကျေးဇူး အများကြီး တင်ပါတယ်နော်... ဆေးဖိုးက ဘယ်လောက်လဲဟင်... နျိုနျို ပေးမယ်လေ...”

နျိုနျိုက ပြောပြောဆိုဆိုနှင့် သူမ၏ ပိုက်ဆံအိတ်ထဲမှ ငွေများကို ထုတ်ယူရန် ပြင်လေတော့သည်။

ကိုကိုရှန်က လက်ခါပြပြီး ပြောလိုက်သည်။

“ဆေးလုံး နည်းနည်းလေးပါပဲ... ညီမလေးဆီက ပိုက်ဆံကို ဘယ်ယူလို့ ရပါ့မလဲ... မြန်မြန် ပြန်သိမ်းလိုက်ပါ...”

နျိုနျိုသည် ထိုစကားကို ကြားသောအခါ သက်ပြင်းချလျက် ပြောလိုက်၏။

“ကိုကိုက ပိုက်ဆံလည်း မယူဘူးဆိုတော့... သမီး ဘယ်လို ကျေးဇူးဆပ်ရမလဲတောင် မသိတော့ဘူးနော်...”

ကုမင်တာ့သည် ထိုနှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အားနာနေကြသည်ကို ကြည့်ပြီး အကြံတစ်ခု ရရှိသွားလေသည်။

“ကိုကိုရှန်... တို့တွေ မင်းအတွက် အဆင့်မြင့်အခန်း တစ်ခန်းစာ ငွေပေးပေးမယ်လေ... ဘေးခန်းမှာ အခန်းလွတ် တစ်ခန်း ရှိနေတာနဲ့ အတော်ပဲပေါ့... အဆင့်မြင့်အခန်း ဆိုရင်တော့ တစ်ရက်ကို ထမင်း သုံးနပ်လည်း ကျွေးမှာလေ... ဒါကို အိမ်သူရဲ့ လှိုင်းမူးတာ သက်သာအောင် ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးဆပ်တယ်လို့ပဲ သဘောထားလိုက်ပါ... ဘယ်လိုလဲဟင်...”

ဤကဲ့သို့ စီစဉ်ပေးလိုက်ခြင်းမှာ ကိုကိုရှန်၏ အခက်အခဲကို ဖြေရှင်းပေးနိုင်သော်လည်း ကုမင်တာ့အတွက်မူ ငွေကုန်ကြေးကျ များလှပေသည်။ ဘာပဲဖြစ်ဖြစ် သူသည် လက်ရှိတွင် ပိုက်ဆံများကို ထုတ်သုံးနေရသည်။

ကိုကိုရှန်မှာ အံ့သြသွားရ၏။

“အဆင့်မြင့်အခန်း က စားသောက်စရိတ်ရော၊ တည်းခိုခရော အကုန် ပါတာလားဟင်... တကယ်ကြီးလား...”

ငတ်မွတ်ခြင်း၏ နာကျင်မှုကို ခံစားခဲ့ရပြီးနောက် ဗိုက်ဝအောင် စားရမည် ဆိုသည်မှာ ကိုကိုရှန်အတွက် အလွန် အရေးကြီးလှပေသည်။

ကုမင်တာ့က ပြုံးလျက် ခေါင်းညိတ်ပြလိုက်၏။

“အကယ်၍သာ ကျွန်တော် တာအိုဆရာ အိုကြီး စကားကို နားမထောင်ဘဲ သာမန်လူတွေလိုပဲ မြို့တော်ကို ပြန်ဖို့ မကြိုးစားခဲ့ဘူး ဆိုရင်တော့... ဟို အောက်ထပ် အခန်းတွေမှာ နေစရာ မလိုတော့ဘူးပေါ့... အဆင့်မြင့်အခန်း ကိုသာ ငှားခဲ့ရင်တော့... ပိုက်ဆံအိတ် ပျောက်သွားရင်တောင်မှ ဗိုက်ဆာမှာ မဟုတ်ဘူးလေ...”

“ဦးလေးကု... ကျွန်တော့်အတွက် ပိုက်ဆံကို အရင် စိုက်ပေးထားပါဦးနော်... မြို့တော်ကို ရောက်တဲ့အခါကျရင် ဦးလေးကို အကုန် ပြန်ဆပ်ပါ့မယ်...”

ကုမင်တာ့က ပြောလိုက်သည်။

“ဒါက ကိစ္စသေးသေးလေးပါ... ဘာလို့ အဲ့ဒီလောက်အထိ အားနာနေရတာလဲ.. တကယ်လို့ ဈေးတွက်မယ် ဆိုရင်တော့... ငါလည်း မင်းကို ဆေးဖိုး ပြန်ပေးရမှာပေါ့လေ...”

ကိုကိုရှန်သည် ထိုစကားကြောင့် ဆက်လက်၍ မငြင်းခုံတော့ဘဲ မြို့တော်သို့ ရောက်လျှင် ဤမိသားစုအား ကျေးဇူးသေချာဆပ်မည်ဟု စိတ်ထဲမှ ဆုံးဖြတ်လိုက်လေသည်။

ကုမင်တာ့က ထပ်ပြောလိုက်ပြန်၏။

“လှေက တန့်ကျိုးမှာ ကမ်းကပ်မှာလေ... အဲ့ဒီကျရင် မင်း တို့ရဲ့ မြင်းလှည်းနဲ့ပဲ မြို့တော်ကို အတူတူ လိုက်ခဲ့ပြီးတော့... မင်းရဲ့ အိမ်အထိ လိုက်ပို့ပေးမှာပေါ့...”

ကုမင်တာ့သည် ကိုကိုရှန်၏ မြို့တော်သို့ အပြန်ခရီး နောက်ဆုံးအပိုင်းကိုပါ သေသေချာချာ စီစဉ်ပေးလိုက်ခြင်း ပင်။ ကိုကိုရှန်မှာမူ ကျေးဇူးတင်လွန်းနေတော့၏။

မကြာခင်မှာပင် ကုမင်တာ့သည် လှေ၏ လှေဦးစီးကို ရှာတွေ့ပြီး ဘေးခန်းကို ထပ်မံ ငှားရမ်းလိုက်လေသည်။

ကိုကိုရှန်သည် နောက်ဆုံးတွင်မူ အခြားသူများ၏ ခြေနံ့နှင့် ချွေးနံ့များကို ဆက်လက် ရှူရှိုက်နေစရာ မလိုတော့ပေ။ သာမန်ရိုးရှင်းလှသော ထိုအခန်းမှာ သူ၏ မျက်လုံးထဲတွင်မူ အလွန်ပင် သက်သောင့်သက်သာ ရှိလှပေသည်။

“တံခါးမှာ သော့တောင် ပါသေးတယ်နော်... အထဲကနေ ပိတ်ထားလိုက်ရင် ဘယ်သူမှ ဝင်လို့ မရတော့ဘူးပေါ့... အပြင်သွားရင်လည်း သော့ခတ်ထားလိုက်ရင် ပစ္စည်းတွေ အခိုးခံရမှာ မစိုးရိမ်ရတော့ဘူးပေါ့လေ...”

ကိုကိုရှန်သည် မြင်တွေ့သမျှ အရာတိုင်းကို အံ့သြနေမိ၏။ သူသည် အမြဲတမ်း အစေခံများ ဝန်းရံလျက် ခရီးသွားလာခဲ့သူ ဖြစ်ရာ တံခါးသော့ခတ်ခြင်း၊ ပစ္စည်းအခိုးမခံရအောင် ကာကွယ်ခြင်း အစရှိသော ကိစ္စများကို စိုးရိမ်စရာ မလိုခဲ့ပေ။ သူ၏ ဘဝအတွေ့အကြုံမှာ သုညနီးပါး ရှိနေခြင်း ပင်။ ယခုတစ်ကြိမ်တွင်မူ သူသည် ဒုက္ခခံခဲ့ရသဖြင့် ညဘက်တွင် တံခါးကို သေချာ မပိတ်ထားပါက အေးအေးဆေးဆေး အိပ်ပျော်နိုင်မည် မဟုတ်ပေ။

ကုမင်တာ့သည် သူ့အား ကြည့်လိုက်ပြီးနောက် တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိလိုက်သည်။

“မင်းရဲ့ အထုပ်အပိုးတွေကောဟင်... အဝတ်အစားတွေပါ အကုန် အသိမ်းခံလိုက်ရတာလား... လျှော်ဖွပ်ပေးမယ့်သူတောင် မရှိတော့ဘူးလားဟင်...”

ကိုကိုရှန်သည် ထိုမေးခွန်းကို ကြားသောအခါ မျက်နှာတွင် ချက်ချင်းပင် နာကျင်မှုများဖြင့် ပြည့်နှက်သွားရသည်။

“ကျွန်တော်... ကျွန်တော်က အစေခံတွေနဲ့ ခိုးပြီးတော့ လှေပေါ်ကို တက်လာခဲ့တာလေ... သူတို့တွေ ကျွန်တော့်အတွက် အဝတ်အစားတွေ မပြင်ပေးခဲ့ဘူးလေ... ကျွန်တော်လည်း ဘာတွေ ယူလာရမလဲဆိုတာ မသိခဲ့ဘူး...”

ကုမင်တာ့မှာမူ ဘာပြန်ပြောရမှန်းပင် မသိတော့ပေ။ အနည်းဆုံးတော့ ထိုသူမှာ အစားအသောက် မဆင်ခြင်သော ပုံစံမှာ သူသည် တကယ့်ကို သူဌေးသားလေး တစ်ဦးဖြစ်ကြောင်း သက်သေပြနေသည်။

ဘေးနားရှိ နျိုနျိုသည် ခေါင်းလေးကို စောင်းကာ ဘဝသင်ခန်းစာများကို သင်ပေးနေသည့်အလား ပြောလိုက်၏။

“ကိုကိုက အဝတ်အစားတွေ ဘယ်လို ထည့်ရမလဲဆိုတာ မသိဘူးလားဟင်... နျိုနျို သင်ပေးမယ်လေ... အပြင်သွားမယ့် အချိန်ပေါ် မူတည်ပြီး အဝတ်အစားတွေကို ဘယ်လို ခွဲထည့်ရမလဲ ဆိုတာကိုပေါ့... အကယ်၍ အကြာကြီး သွားမယ် ဆိုရင်တော့ အဝတ်အစား တစ်ထည် နှစ်ထည်လောက်ပဲ ယူရမှာလေ...”

ကလေးမလေး၏ နူးညံ့လှသော စကားသံများကို နားထောင်ရင်း ကိုကိုရှန်မှာမူ ရှက်လွန်းသဖြင့် မြေကြီးထဲသာ တိုးဝင်လိုက်ချင်စိတ် ပေါက်သွားရလေတော့သည်။

ကုမင်တာ့သည် ကိုကိုရှန် နေရခက်မှာ စိုးရိမ်သဖြင့် နျိုနျိုအား ဆက်မပြောရန် တားဆီးချင်နေမိ၏။

သို့သော်လည်း ကိုကိုရှန်သည် မူလကတော့ မတတ်သာဘဲ ဖြစ်နေသော်လည်း ယခုအခါတွင်မူ အလွန် နှိမ့်ချသော ပုံစံဖြင့် နျိုနျို၏ အရှေ့တွင် ဒူးထောက်ထိုင်ကာ သူမအား မော့ကြည့်လျက် ပြောလိုက်သည်။

“ကိုကို မှတ်ထားပါ့မယ်... နောက်ကျရင် အစေခံတွေနဲ့ ခိုးပြီး ထွက်ပြေးရင်တောင်မှ... အဝတ်အစားတွေကို ဘယ်လို ထည့်ရမလဲ ဆိုတာ သိသွားတာပေါ့...”

All Chapters