မောင်လေး တစ်ယောက် ဖြစ်လာခြင်း
Vol. 19 Ch. 182
နျိုနျိုသည် ခြေဖျားထောက်ကာ သူ၏ ပုခုံးကို ပုတ်လျက် ပြောလိုက်၏။
“ကိုကိုက အတွေ့အကြုံ မရှိလို့ပါ... နောက်တစ်ခါကျရင်တော့ ဒီလိုမျိုး အရှုံးခံရမှာ မဟုတ်ပါဘူး... နောင်ကျရင် နားမလည်တာ ရှိရင် သမီးကို မေးလို့ ရပါတယ်နော်... သမီးက အသက် ခြောက်နှစ်ပဲ ရှိသေးပေမဲ့... အမှန်တရားတွေ အများကြီးကို သိနေပြီလေ...”
ကိုကိုရှန်သည် ဘဝသင်ခန်းစာကောင်း တစ်ခုကို ရရှိလိုက်သည့်အလား ခေါင်းကို တွင်တွင်ညိတ်ပြလိုက်သည်။
“ညီမလေး ပြောတာ မှန်ပါတယ်... နောက်ကျရင် တစ်ခုခုဆို ညီမလေးဆီမှာ အရင် လာမေးပါ့မယ်နော်...”
ဘေးနားရှိ ကုမင်တာ့ တို့မှာမူ တစ်ဦးက ပြောရဲသလို အခြားတစ်ဦးကလည်း ယုံကြည်နေသည်ကို ကြည့်ပြီး ဤလူငယ်လေးမှာ ခြောက်နှစ်အရွယ် ကလေးတစ်ဦးထက်တောင် ဉာဏ်နည်းနေမလားဟု တွေးမိလိုက်ကြကုန်၏။
ကိုကိုရှန်က စိတ်ရင်းဖြင့် ထပ်မံ ပြောဆိုလိုက်ပြန်သည်။
“အကယ်၍ ကျွန်တော်သာ ညီမလေးလို ဉာဏ်ကောင်းမယ် ဆိုရင်တော့... ဖေဖေက ကျွန်တော့်ကို မုန်းတော့မှာ မဟုတ်ဘူးနော်... ကျွန်တော်က အရမ်း ညံ့လွန်းလို့... သူ့ကို ဘယ်လို ပျော်အောင် ထားရမလဲဆိုတာ မသိဘူးလေ...”
နျိုနျိုက အံ့သြစွာ မေးမြန်းလိုက်သည်။
“ဘာလို့ ဖေဖေ ပျော်အောင် ထားချင်နေရတာလဲဟင်... ဖေဖေက ကိုကို့ကို မချစ်လို့လားဟင်...”
နျိုနျိုနှင့် တွေ့သောကြောင့် ဖြစ်နိုင်သည်။ ကိုကိုရှန်သည် သူ၏ ရင်ထဲမှ စကားများကို လွယ်လွယ်ကူကူပင် ဖွင့်ဟပြောဆိုလေတော့သည်။
“ဖေဖေက အမှန်တော့ အမှားတွေကို ဖုံးကွယ်တတ်ပေမဲ့... သူ ကိုကို့ကို မချစ်ဘူးဆိုတာကိုတော့ သိပါတယ်...”
နျိုနျိုသည် ကိုကိုရှန်အား ကြည့်ကာ သူ၏ ပုခုံးကို ထပ်မံ ပုတ်ပေးလိုက်ပြန်သည်။
“ဖေဖေ က ကိုကို့ကို ချစ်၊ မချစ် ဆိုတာကော ကိုကို ဂရုစိုက်လို့လားဟင်...”
ကိုကိုရှန်က ခေါင်းကို တွင်တွင်ညိတ်ပြလေသည်။
နျိုနျိုက ထပ်မေးလိုက်၏။
“ဒါဆို သူက ဘယ်လို လူမျိုးတွေကို ချစ်တာလဲဟင်...”
ကိုကိုရှန်က ပြောပြသည်။
“ဖေဖေက စာသင်တာ တော်တဲ့သူတွေကို ချစ်တာလေ... ပြီးတော့ တက်ကြွတဲ့ ကလေးတွေကိုလည်း အရမ်း ချစ်တာပေါ့...”
နျိုနျိုက မေးလိုက်၏။
“ဒါဆို ကိုကိုကော အဲ့လိုမျိုးလားဟင်...”
ကိုကိုရှန်က ခေါင်းခါပြလေသည်။
“ကိုကိုလည်း တက်ကြွချင်တာပေါ့... ဒါပေမဲ့ ကိုကိုက တကယ်ပဲ ဉာဏ်မကောင်းဘူးလေ... စာအုပ်ကို ရက်နည်းနည်းလောက် ဖတ်လိုက်တာနဲ့တင် အိပ်ချင်လာတာလေ... ဖေဖေ သဘောကျမယ့် ကလေးတစ်ယောက် ဖြစ်လာဖို့ဆိုတာ ကိုကို့အတွက်တော့ မလွယ်ပါဘူး...”
နျိုနျိုသည် မျက်နှာလေး ရှုံ့မဲ့ကာ ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။
“ကိုကိုက တကယ်ပဲ ဉာဏ်သိပ်မကောင်းဘဲနဲ့ တိုးတက်ဖို့လည်း စိတ်မပါတာ မှန်ပေမဲ့... သမီးကတော့ ကိုကို့ကို အရမ်း သဘောကျပါတယ်နော်... သမီး ထင်တာတော့ ကိုကိုက တကယ့် လူကောင်း တစ်ယောက်ပါ...”
ကိုကိုရှန်က သက်ပြင်းချလျက် ပြောလိုက်သည်။
“နျိုနျိုလေးရာ... ညီမလေးက တကယ်ကို စိတ်ထားကောင်းတာပဲ... ကိုကို့ကို နှစ်သိမ့်ပေးလို့ ကျေးဇူးတင်ပါတယ်နော်...”
နျိုနျိုက ခေါင်းခါပြလေသည်။
“သမီးက ကိုကို့ကို နှစ်သိမ့်ပေးနေတာ မဟုတ်ပါဘူး... အမှန်အတိုင်း ပြောပြနေတာလေ...”
ကိုကိုရှန်သည် နျိုနျိုက ထိုသို့ ပြောလိုက်သဖြင့် ပို၍ပင် ပျော်ရွှင်သွားရလေသည်။
သို့သော်လည်း နျိုနျိုက နောက်ထပ် တစ်ခွန်း ထပ်ပြောလိုက်ပြန်သည်။
“ကိုကိုရှန်... သမီး ထင်တာတော့... ကိုကို့ ဖေဖေ မှာ တစ်ခုခု မှားနေတာ ဖြစ်ရမယ်...”
“ဘာမှားနေလို့လဲဟင်... ဖေဖေက ဘာမှ မဖြစ်ပါဘူး... သူ ကျန်းကျန်းမာမာ ရှိနေတာပဲလေ...”
နျိုနျိုက လက်ကလေးဖြင့် သူမ၏ ရင်ဘတ်ကို ထောက်ပြကာ ပြောလိုက်၏။
“သူ့ရဲ့ စိတ်ထဲမှာ တစ်ခုခု မှားနေတာ ဖြစ်ရမယ်...”
ကိုကိုရှန်သည် အနည်းငယ် စိတ်ဆိုးသွားဟန်ဖြင့် ပြောလိုက်သည်။
“နျိုနျိုလေး... ကိုကိုက ညီမလေးကို သူငယ်ချင်းလို သဘောထားတာ မှန်ပေမဲ့... ဖေဖေ့အကြောင်းတော့ မကောင်း မပြောပါနဲ့နော်...”
နျိုနျိုက ဆက်ပြောလိုက်သည်။
“သမီးက မကောင်းပြောနေတာ မဟုတ်ပါဘူး... အမှန်အတိုင်း ပြောပြနေတာလေ... ကိုယ့်သားသမီးကို မချစ်တဲ့ ဖေဖေ ဆိုတာ လောကမှာ ဘယ်ရှိပါ့မလဲဟင်... သမီးဖေဖေ ဆိုရင် သမီးနဲ့ ကိုကိုတွေကို အရမ်း ချစ်တာလေ... ဖေဖေ... သမီး ပြောတာ မှန်တယ် မဟုတ်လားဟင်...”
ဘေးနားရှိ ကုမင်တာ့သည် မိမိကိုယ်ကိုယ် ဒိုင်လူကြီး တစ်ဦး ဖြစ်သွားလိမ့်မည်ဟု မထင်ထားခဲ့ဘဲ ပြုံးလျက် ပြန်ဖြေလိုက်၏။
“မှန်တာပေါ့ သမီးလေး... ဖေဖေက သမီးတို့ကို အရမ်း ချစ်တာပေါ့... ဘာလို့လဲဆိုတော့ သမီးတို့က ဖေဖေ့ရဲ့ သားသမီးတွေ ဖြစ်လို့ပေါ့လေ...”
နျိုနျိုသည် ထိုစကားကို ကြားသောအခါ ကိုကိုရှန် ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ကြည့်စမ်း... သမီးဖေဖေ က အဲ့လိုမျိုးလေ...”
ကိုကိုရှန်သည် စိတ်ပျက်သွားဟန်ဖြင့် ပြောလာသည်။
“ဒါဆို ကိုကိုကပဲ အရမ်း ညံ့လွန်းလို့ ဖြစ်မှာပေါ့... ဒါကြောင့် ဖေဖေ့ကို ပျော်အောင် မထားနိုင်တာလေ...”
နျိုနျိုက သူမ၏ ခါးကို လက်ဖြင့် ထောက်ကာ ပြောလိုက်၏။
“ဖေဖေက ကိုယ့်သားသမီးကို ချစ်တာဟာ... ကလေးက တော်၊ မတော် ဆိုတာနဲ့ ဘာမှ မဆိုင်ပါဘူးနော်... သမီး ဘယ်လောက်ပဲ ညံ့နေပါစေ... ဖေဖေကတော့ သမီးကို ချစ်နေမှာပါပဲလေ...”
ကိုကိုရှန်သည် ထိုစကားကြောင့် ကုမင်တာ့အား လှမ်းကြည့်လိုက်မိသည်။
ကုမင်တာ့က ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“ဖေဖေ နျိုနျိုလေးကို ချစ်တာဟာ... နျိုနျို က ဖေဖေ့သမီး ဖြစ်နေလို့လေ... သူ အခုလောက် ဉာဏ်မကောင်းရင်တောင်မှ... သာမန် ကလေး တစ်ယောက်ပဲ ဆိုရင်တောင်မှ... ငါ့ရင်ထဲမှာတော့ သူက အရမ်း အရေးကြီးတဲ့သူပါ...”
ကိုကိုရှန်သည် ရုတ်တရက် စိတ်ဓာတ်ကျသွားရ၏။ တစ်ကမ္ဘာလုံးက စွန့်ပစ်လိုက်သော ခွေးကလေး တစ်ကောင် ကဲ့သို့ပင်။ ကုမင်တာ့သည် သူ့အား ကြည့်ပြီး စကားအနည်းငယ်ဖြင့် နှစ်သိမ့်ပေးချင်စိတ် ပေါက်လာရလေသည်။
နျိုနျိုက ရုတ်တရက် သူ၏ ပုခုံးကို ထပ်မံ ပုတ်ပေးလိုက်ပြန်သည်။
“ကိုကို... ဘာလို့ အမှားကြီး မှားနေသလိုမျိုး ဖြစ်နေရတာလဲဟင်...”
ကိုကိုရှန် - “....”
နျိုနျိုက ဆက်ပြောလိုက်သည်။
“ဒါက ကိုကို့ အမှား မဟုတ်ပါဘူး... ကိုကို့ ဖေဖေ ရဲ့ စိတ်ထဲမှာ တစ်ခုခု မှားနေတာ ဖြစ်ရမယ်လေ...”
ကိုကိုရှန်၏ မျက်လုံးများတွင် ဇဝေဇဝါ ဖြစ်မှုများ ပိုမို နက်ရှိုင်းလာခဲ့ချေပြီ။
“သူ ကိုကို့ကို မချစ်တာကို... ဘာလို့ သူ့အမှားလို့ ပြောရတာလဲဟင်...”
ကိုကိုရှန်က နားမလည် ဖြစ်နေရရှာ၏။
နျိုနျိုက ပြောလိုက်သည်။
“သူက သူ့သားသမီးကို ဘယ်လို ချစ်ရမလဲဆိုတာ မသိလို့ ဖြစ်မှာပေါ့... သူ တခြား ကလေးတွေကိုရော ချစ်လို့လားဟင်...”
ကုမင်တာ့က ရှန်မိသားစုမှာ သာမန် မိသားစုမျိုး မဟုတ်ကြောင်း ပြောပြချင်သော်လည်း ကလေးများကြားမှ ကိစ္စရပ်များကို သာမန် အယူအဆဖြင့် တွက်ချက်ရန် ခက်ခဲလှသည်။ သို့သော်လည်း သူ၏ သမီးဖြစ်သူ ပြောဆိုနေသည်ကို နားထောင်ရင်း နျိုနျို ပြောတာလည်း မှားချင်မှ မှားလိမ့်မည်ဟု ကုမင်တာ့ ရုတ်တရက် တွေးမိလိုက်လေသည်။
ကိုကိုရှန်သည် ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။
“ဖေဖေ မှာ သားသမီး နှစ်ယောက်ပဲ ရှိတာလေ... ကိုကိုနဲ့ ကျွန်တော့်ညီမလေး ပေါ့... ဖေဖေက ညီမလေးကို အရမ်း ချစ်တယ်လို့ ပြောပေမဲ့... မြင်ရသလောက်တော့ သူ ညီမလေးကိုလည်း သိပ်မချစ်ပါဘူး...”
“ဘာလို့ အဲ့လို ပြောရတာလဲဟင်...”
နျိုနျိုက မေးလိုက်သည်။
ကိုကိုရှန်က ပြန်ပြောပြသည်။
“ညီမလေးက တစ်ခါတုန်းက ဖေဖေ့ဆီမှာ အကြံသွားတောင်းတာလေ... ဒါပေမဲ့ ဖေဖေက အရမ်းကို စိတ်မရှည် ဖြစ်နေတာလေ... ကိုကို အမြဲ ခံစားနေရတာကတော့... ဒါဟာ ချစ်တဲ့ ပုံစံမျိုး မဟုတ်ဘူးဆိုတာပဲလေ...”
နျိုနျိုက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“ဒါဆို ကိုကို့ ဖေဖေ က ညီမလေးကိုလည်း တကယ် မချစ်တာပဲလေ... သမီးဖေဖေ ကတော့ သမီးအပေါ်မှာ တစ်ခါမှ စိတ်မရှည် ဖြစ်တာမျိုး မရှိဘူးနော်...”
ကိုကိုရှန်သည် ကုမင်တာ့အား အားကျသော အကြည့်ဖြင့် ထပ်မံ ကြည့်လိုက်မိပြီး သူသာ ကုမင်တာ့၏ သား ဖြစ်ခဲ့လျှင် ဘယ်လောက် ကောင်းမလဲဟု တွေးတောနေမိလေသည်။
“ကိုကို့ ညီမလေးကကော တော်လားဟင်...”
နျိုနျိုက ထပ်မေးလိုက်ပြန်သည်။
ကိုကိုရှန်သည် သူ၏ နှမအကြောင်း ပြောလိုက်သည်နှင့် ဂုဏ်ယူသော မျက်နှာထားဖြင့် ပြောလာ၏။
“ညီမလေးက ဉာဏ်ကောင်းတယ်လေ... ညီမလေးနျိုနျိုလိုပဲ ဉာဏ်ကောင်းတာပေါ့... သူက အသက် ဆယ့်သုံးနှစ်ပဲ ရှိသေးပေမဲ့... တေးဂီတ၊ စစ်တုရင်၊ စာပေနဲ့ ပန်းချီ တို့မှာ တကယ့်ကို ထူးချွန်တဲ့သူလေ...”
နျိုနျိုသည် ထိုစကားကို ကြားသောအခါ ပြောလိုက်၏။
“ကြည့်စမ်း... ကိုကို့ ညီမလေးက အဲ့ဒီလောက် တော်တာတောင်မှ... ကိုကို့ ဖေဖေ က သိပ်မချစ်ဘူး ဆိုမှတော့... ဒါဟာ ကိုကို့ ဖေဖေ ရဲ့ စိတ်ထဲမှာ တစ်ခုခု မှားနေတာ သေချာနေတာပဲလေ... ကိုကိုက ချစ်မရတဲ့ သူ မဟုတ်သလို... ကိုကို မှားနေတာလည်း မဟုတ်ပါဘူးနော်...”
ကိုကိုရှန်သည် နျိုနျို၏ အကျိုးအကြောင်း ခိုင်လုံလှသော စကားများကို နားထောင်ရင်း တစ်ခုခု မှားနေသလို ခံစားရသော်လည်း ဘာမှားနေမှန်းမူ သူ မသိရှာပေ။
ဤသို့ တွက်ချက်ခြင်းမှာ အနည်းငယ် ရဲတင်းလွန်းရာ မရောက်ဘူးလား။
“ဒါပေမဲ့ ကျွန်တော်လည်း ဖေဖေ ကျွန်တော့်ကို ချစ်စေချင်တာပေါ့...”
နျိုနျိုက ကိုကိုရှန်၏ ပုခုံးကို ဘယ်နှကြိမ်မြောက်မှန်း မသိ ပုတ်ပေးလိုက်ရင်း ပြောလိုက်၏။
“ကိုကို့ ဖေဖေ ရဲ့ စိတ်ဒဏ်ရာကို ကုသပေးနိုင်မှသာ... သူ ကိုကို့ကို ချစ်လာမှာပေါ့...”
ကိုကိုရှန်က နှိမ့်ချစွာဖြင့် မေးမြန်းလိုက်သည်။
“ဖေဖေ့ရဲ့ စိတ်ဒဏ်ရာကို ဘယ်လို ကုရမှာလဲဟင်... နျိုနျိုလေး သိလားဟင်...”
နျိုနျိုက ခေါင်းခါပြလေသည်။
“သမီးလည်း မသိဘူးလေ…”
ကိုကိုရှန်က သက်ပြင်းချလိုက်၏။
နျိုနျိုက ထပ်မံ၍ သူ၏ ပုခုံးကို ပုတ်ကာ ပြောလိုက်ပြန်သည်။
“မြို့တော်ကို ရောက်တဲ့အခါကျရင်... သမီး ကိုကိုနဲ့အတူ နည်းလမ်း ရှာပေးမယ်လေ... လှေက ကမ်းကပ်တော့မှာ ဆိုတော့... နည်းလမ်းတော့ သေချာပေါက် ရှိမှာပါနော်...”
ကိုကိုရှန်၏ မျက်လုံးများ ထပ်မံ၍ အရောင်တောက်သွားရသည်။
“နျိုနျိုလေးရယ်... ညီမလေးက အရမ်း ကောင်းတာပဲ... ညီမလေးသာ မရှိရင် ကိုကို ဘယ်လို လုပ်ရပါ့မလဲ မသိဘူးနော်...”
ကုမင်တာ့သည် လူကြီးတစ်ဦးနှင့် ကလေးတစ်ဦး တို့၏ ပုံစံကို ကြည့်ပြီး ကိုကိုရှန်မှာ နျိုနျိုထက် အသက် ပိုကြီးသော်လည်း နျိုနျို၏ မောင်လေး တစ်ဦး ကဲ့သို့ပင် ဖြစ်နေသည်ဟု ခဏတာ ထင်မှတ်မိလိုက်လေသည်။
ညနေပိုင်းတွင် သခင်မလီသည် ကိုကိုရှန်၏ အကြောင်းကို ကြားသိရသဖြင့် စွန်းကျားရှင်း၏ အဝတ်ဟောင်း အချို့ကို အစေခံများအား ပေးပို့ခိုင်းလိုက်လေသည်။
ကုမင်တာ့သည် လှေလုပ်သားအား ရေနွေးများ ထပ်မံ ပို့ပေးရန် ပြောလိုက်၏။ ကိုကိုရှန်သည် ရေနွေးဖြင့် ရေချိုးပြီးနောက် အဝတ်အစားများ လဲလှယ်ကာ မိသားစု နှစ်ခုလုံးနှင့် တရားဝင် တွေ့ဆုံရန် ပြေးလာခဲ့လေတော့သည်။
သူ၏ မျက်နှာကို ဆေးကြောပြီးသော အခါတွင်မှ ကုမင်တာ့သည် ဤသူမှာ မနေ့ တစ်နေ့က ဆိပ်ကမ်းတွင် တွေ့ခဲ့သော ပိုးထည်ဝတ် သခင်လေး ဖြစ်ကြောင်း သေချာသွားလေတော့သည်။
ကုမင်တာ့သည် ကိုကိုရှန်၏ ရိုးသားပြီး ဖြူစင်လှသော စိတ်နေစိတ်ထားကို တွေးမိကာ သူ၏ ရုပ်ရည်နှင့် အလွန်ပင် လိုက်ဖက်လှသည်ဟု ထင်မှတ်လိုက်မိ၏။ အကယ်၍သာ သူ၏ မျက်နှာပေါ်မှ အညစ်အကြေးများက သူ့အား မကာကွယ်ပေးခဲ့လျှင်မူ သူ ဘာတွေ ကြုံတွေ့ရမည်ကိုပင် မတွေးရဲတော့ပေ။
ကုမင်တာ့သည် ကိုကိုရှန် ပြောခဲ့သော စကားများကိုလည်း လေးလေးနက်နက် သဘောပေါက်သွားခဲ့ချေပြီ။ ကိုကိုရှန်သည် နျိုနျိုအား သူ၏ ဘဝလမ်းပြ ဆရာမ တစ်ဦး ကဲ့သို့ပင် သတ်မှတ်ထားပြီး တစ်ခုခုဆိုလျှင် နျိုနျိုအား ဘာလုပ်ရမလဲဟု အမြဲ မေးမြန်းနေသည်။
“နျိုနျိုလေး... ညစ်ပတ်နေတဲ့ အဝတ်တွေကို မြစ်ထဲကိုပဲ တန်းပြီး ပစ်ချလိုက်ရမှာလားဟင်... များသောအားဖြင့်တော့ အစေခံတွေပဲ လုပ်နေကျဆိုတော့... ကိုကို ဘာလုပ်ရမှန်း မသိလို့ပါ...”
ကိုကိုရှန်က နျိုနျိုအား မေးမြန်းလိုက်လေသည်။