အခန်း (၁၈၆)
Vol. 19 Ch. 186
အိမ်ထဲတွင် ကျန်းယွင်နန်သည် နျိုနျို နှင့် အားကျောက် တို့ကို သူမ၏ ရင်ခွင်ထဲတွင် ပွေ့ပိုက်ထား၏။ အားယန်၊ ကိုကိုရှန် နှင့် လျူရှောင်ရူ တို့မှာမူ ဘယ်ကရမှန်းမသိသော တုတ်များကို ကိုင်ဆောင်ကာ သူတို့ကို ကာကွယ်ပေးထားကြကုန်သည်။
သခင်မကု နှင့် အဘိုးကု တို့မှာ အသက်ကြီးလှပြီဖြစ်ရာ ယခုအချိန်တွင် သူတို့၏ ချွေးမဖြစ်သူအား နောက်ဆုံးမှာကြားချက်များကို ပြောဆိုနေကြပေသည်။
“ငါ့ရဲ့ အဝတ်အစားတွေကို သိမ်းထားလိုက်ပါ... နင့်အဖေနဲ့ ငါနဲ့က ပိုက်ဆံတွေကို အဲ့ဒီထဲမှာ ဖွက်ပြီး ချုပ်ထားတာလေ...”
သခင်မကုသည် သူမ အခုတင် လဲလှယ်ထားသော အဝတ်များကို ချွေးမဖြစ်သူ၏ လက်ထဲသို့ အတင်းထည့်ပေးလိုက်သည်။
ကျန်းယွင်နန်က လှမ်းမယူဘဲ ပြောလိုက်၏။
“မေမေရယ်... ခဏနေလို့ ရေဓားပြတွေ တကယ် ပြေးဝင်လာရင်... တို့တွေ အသက်လုပြီး ပြေးကြရမှာလေ... တစ်ယောက်ချင်းစီ အသက်ရှင်အောင် နေကြရမှာပေါ့... ပိုက်ဆံရှိရင်တော့ နောက်မှ ပြန်ဆုံလို့ ရတာပဲလေ...”
သို့သော်လည်း သခင်မကုမှာမူ သူမကဲ့သို့ အကောင်းမမြင်နိုင်ဘဲ ရှိနေပေသည်။
“နင့်အဖေနဲ့ ငါနဲ့ကတော့ အသက်ရှင်ရသလောက် နေခဲ့ပြီးပါပြီ... ဖြစ်နိုင်ရင်တော့ ညည်းက ကလေးတွေကို ခေါ်ပြီး လွတ်အောင် ပြေးပါ... တကယ်လို့ ဓားပြတွင်းထဲ ရောက်သွားရင်တောင်မှ... ကလေးတွေကို ခေါ်ပြီး ဘဝကို ကောင်းကောင်း ဖြတ်သန်းပါဦးနော်...”
“မေမေ...”
သခင်မကုက ဆက်ပြောလိုက်၏။
“အရေးကြီးဆုံးက အသက်ရှင်ဖို့ပဲ... ကိုယ်ကျင့်သိက္ခာ စောင့်ထိန်းနိုင်ခြင်း ရှိ၊ မရှိကို စိတ်မပူပါနဲ့... သားလတ်ကလည်း ဒီလို ကိစ္စတွေကို အလေးထားမယ့်သူ မဟုတ်ဘူး... အဓိကက လူတွေ ဘေးကင်းဖို့ပဲလေ... တို့ရင်ထဲမှာတော့ ညည်းက အမြဲတမ်း ချွေးမကောင်း တစ်ယောက်ပါပဲ...”
ကျန်းယွင်နန်သည် ထိုစကားကို ကြားသောအခါ မျက်ရည်များပင် ကျလာရလေတော့သည်။
ဘေးနားတွင် ကလေးကို ပွေ့ချီထားသော သခင်မလီမှာမူ ထိုစကားကို ကြားသောအခါ ကျန်းယွင်နန်အား အားကျသော အကြည့်ဖြင့် ကြည့်လိုက်မိ၏။ လီမိသားစုမှာ မျိုးဆက်အလိုက် ဂုဏ်သိက္ခာကို တန်ဖိုးထားသော မိသားစုဖြစ်ရာ သူမသာ ဓားပြတွင်းသို့ ရောက်သွားပါက မိသားစုက သူမ အသက်ရှင်နေခြင်းကို လုံးဝ ခွင့်လွှတ်ကြမည် မဟုတ်သည်မှာ သေချာလှပေသည်။
လှေကိုယ်ထည်မှာ ပို၍ပင် ပြင်းထန်စွာ လှုပ်ခါလာပြီး အပြင်ဘက်မှ အော်ဟစ်သံများနှင့် တိုက်ခိုက်သံများမှာလည်း ပို၍ ကျယ်လောင်လာခဲ့ချေပြီ။ ရံဖန်ရံခါတွင် လေးလံသော အရာတစ်ခု ရေထဲသို့ ကျသွားသည့် အသံများကိုလည်း ကြားနေရပေသည်။
အိမ်ထဲရှိ လူများမှာမူ အပြင်ဘက်မှ အသံများ ပို၍ ကျယ်လာသည်ကို နားစွင့်နေကြကုန်၏။
“မကြောက်နဲ့နော်... မကြောက်နဲ့... အဘိုးက တို့ မြေးလေးကို ကာကွယ်ပေးမှာပါ...”
အဘိုးကုသည် နျိုနျို၏ နူးညံ့သော ဆံပင်လေးများကို ပွေ့ကိုင်ရင်း ပြောလိုက်သည်။ နျိုနျို၏ မျက်နှာလေးမှာ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး အဘိုး၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။
“အဘိုးကို ဘာမှ မဖြစ်စေချင်ဘူးနော်...”
သို့သော်လည်း အဘိုးကုက ညင်သာစွာ ခေါင်းခါပြလိုက်သည်။ အမြဲတမ်း ဝေေဝဝါးဝါး ဖြစ်နေတတ်သော သူ၏ မျက်လုံးများမှာမူ ယခုအခါတွင်မူ ဓားအိမ်ပြင်ထုတ်တော့မည့် ဓားတစ်စင်းကဲ့သို့ စူးရှနေတော့၏။
ကိုကိုရှန်က ရုတ်တရက် ဒူးထောက်ထိုင်လိုက်ပြီး နျိုနျိုအား တိုးတိုးလေး ပြောလိုက်သည်။
“နျိုနျိုလေး... ညီမလေး အသက်ရှင်သွားမယ် ဆိုရင်တော့... မြို့တော်က စီဖန်လမ်းကို တစ်ခေါက်လောက် သွားပေးပါဦးနော်... အဲ့ဒီကို သွားပြီးတော့ ကိုကို့ မေမေ ကို ပြောပေးပါ... သားက မသိတတ်တဲ့အတွက် နောက်ကျရင် မေမေ့အနားမှာ ပြုစုပေးနိုင်တော့မှာ မဟုတ်ဘူးလို့ပေါ့...”
ကိုကိုရှန်သည် ထိုသို့ ပြောပြီးသည်နှင့် ချက်ချင်း ပြန်မတ်တပ်ရပ်လိုက်၏။ သူသည် ကြောက်လန့်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေသော်လည်း ကလေးများကို ကာကွယ်ရန်အတွက် အစွမ်းကုန် ကြိုးစားနေဆဲ ပင်။
ရေဓားပြ အနည်းငယ်မှာ လှေထဲသို့ တိတ်တဆိတ် ဝင်ရောက်လာခဲ့ကြချေပြီ။ လမ်းလျှောက်သံများမှာ တဖြည်းဖြည်း နီးကပ်လာသည်ကို လူတိုင်း ကြားနေရ၏။ ရံဖန်ရံခါတွင် အခန်းတံခါးများကို အတင်းတွန်းဖွင့်နေသော အသံများကိုလည်း ကြားနေရပေသည်။ သူတို့၏ အခန်းအလှည့် မရောက်သေးသော်လည်း အထဲရှိ လူများမှာမူ အလွန်ပင် ထိတ်လန့်နေကြရလေသည်။
အဘိုးကု နှင့် သခင်မကု တို့မှာမူ သေခြင်းတရားကို အိမ်ပြန်သကဲ့သို့ သဘောထားသော မျက်နှာထားများဖြင့် စွန်းမိသားစုမှ အစေခံများနှင့်အတူ တံခါးနောက်တွင် အဆင်သင့် ရပ်နေကြကုန်၏။ သူတို့သည် အခန်းထဲသို့ အတင်းတိုးဝင်လာမည့် ပထမဆုံး ရေဓားပြအုပ်စုကို ခုခံရန် ပြင်ဆင်နေကြခြင်း ပင်။
နောက်ဆုံးတွင် တံခါးခေါက်သံ ထွက်ပေါ်လာခဲ့ချေပြီ။ တစ်ချက်ပြီးတစ်ချက် ပို၍ ပြင်းထန်လာတော့၏။
“ဟေ့... တံခါးဖွင့်စမ်း...”
ရေဓားပြများ၏ ကြမ်းတမ်းလှသော အော်ဟစ်သံများနှင့် ဆဲဆိုသံများမှာ တံခါးပြင်ပမှ ထွက်ပေါ်လာလေသည်။ လူတစ်စုမှာမူ တံခါးကို အသေအလဲ ပိတ်ထားကြဆဲ ပင်။
“တံခါးကို ရိုက်ချိုးလိုက်စမ်း...”
အပြင်ဘက်ရှိ ရေဓားပြက အော်ဟစ်လိုက်သည်။
ဓားဖြင့် တံခါးကို အရှိန်အဟုန်ဖြင့် ခုတ်ပိုင်းလိုက်ရာ တံခါးမှာ ယိုင်နဲ့သွားပြီး မကြာခင် ပျက်စီးတော့မည့် အခြေအနေသို့ ရောက်ရှိလာ၏။ အဘိုးကုသည် လက်ထဲမှ တုတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
ထိုတံခါးမှာ ယခုအခါ စက္ကူတစ်ချပ်ကဲ့သို့ နုနယ်နေပြီး နောက်တစ်စက္ကန့်တွင် အစိပ်စိပ်အမွှာမွှာ ဖြစ်သွားတော့မည့် အလား ပင်။ အိမ်ထဲတွင် မျှော်လင့်ချက်မဲ့ခြင်းများဖြင့် ပြည့်နှက်နေပြီး လူတိုင်းမှာ တံခါးပြင်ပမှ ရေဓားပြများအတွက်ရော၊ လှေပတ်လမ်းပေါ်တွင် ရေဓားပြများနှင့် တိုက်ခိုက်နေသော စွန်းကျားရှင်း နှင့် ကုမင်တာ့ တို့အတွက်ပါ စိုးရိမ်နေကြရလေသည်။
နျိုနျိုသည် သူမ၏ ဘေးပတ်ဝန်းကျင်ရှိ လူအားလုံးကို လှမ်းကြည့်လိုက်ပြီးနောက်၊ ခေါင်းငုံ့ကာ တိုးတိုးလေး ဆုတောင်းလိုက်သည်။
“လူတိုင်း ဘေးကင်းကင်းနဲ့ ဒီဘေးဒုက္ခကနေ လွတ်မြောက်သွားတာကို မြင်ချင်လိုက်တာ...”
နျိုနျို စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် အဝေးမှ နီးကပ်လာသော စူးရှလှသော ဝီစီသံကို လူတိုင်း ကြားလိုက်ရလေသည်။ ထိုဝီစီသံမှာ အတို သုံးချက် နှင့် အရှည် တစ်ချက် ပင် ဖြစ်ချေသည်။
တံခါးပြင်ပရှိ ရေဓားပြများသည် ထိုအသံကို ကြားလိုက်ရသည်နှင့် တိုက်ခိုက်မှုများကို ရုတ်တရက် ရပ်တန့်လိုက်ကြကုန်၏။
“ဒုက္ခပဲ... တစ်ယောက်ယောက် ရောက်လာပြီ... ဒီ ဝီစီသံက တို့လူတွေရဲ့ အသံ မဟုတ်ဘူး...”
ရေဓားပြများမှာ တစ်ခုခု မှားယွင်းနေကြောင်း ရိပ်မိသွားကြလေသည်။
ရှေ့ရှိ အခန်းမှာမူ ခက်ခက်ခဲခဲ တိုက်ခိုက်နေရသော်လည်း အထဲသို့ မဝင်နိုင်သေးပေ။ ရေဓားပြများသည် အပြင်ဘက်တွင် မည်သူ ရောက်ရှိနေသလဲ ဆိုသည်ကို မသိသဖြင့် အမြန်ဆုံး အမြတ်ထုတ်နိုင်ရန်အတွက် ဤအခန်းကို ထားခဲ့ကာ အခြားသော အခန်းများဆီသို့ ချက်ချင်း ပြေးဝင်သွားကြလေတော့သည်။
ကျန်းယွင်နန်သည် အခြားအခန်းများမှ သေတ္တာများကို မွှေနှောက်နေသော အသံများကို ကြားလိုက်ရမှသာ သက်ပြင်းကြီး တစ်ချက် ချနိုင်တော့၏။ သူမသည် သမီးဖြစ်သူအား လှည့်ကြည့်ကာ ပြောလိုက်သည်။
“လိမ္မာတဲ့ကလေးလေး... မကြောက်နဲ့တော့နော်... တို့တွေ မြို့တော်ကို ဘေးကင်းကင်းနဲ့ သေချာပေါက် ရောက်မှာပါ...”
နျိုနျိုက လိမ္မာစွာ ခေါင်းညိတ်ပြလိုက်လေသည်။ ဝီစီသံမှာ တဖြည်းဖြည်း နီးကပ်လာပြီး ရေဓားပြများ၏ ခြေသံများမှာလည်း ပရမ်းပတာ ဖြစ်လာတော့၏။ တစ်ခုခုက သူတို့ကို လိုက်လံ ဖမ်းဆီးနေသည့် အလား ပင်။
“တိုက်စမ်း...”
ညီညာလှသော အော်ဟစ်သံကြီးမှာ ကောင်းကင်ယံသို့ ထိုးတက်သွားလေတော့သည်။
“ရေတပ်ပဲ... ရေတပ်တွေ ရောက်လာပြီဗျို့...”
တစ်စုံတစ်ယောက် အော်ဟစ်လိုက်သံကို နျိုနျို ကြားလိုက်ရ၏။ ဓားချင်း ခုတ်သံများမှာ မပြတ်တမ်း ထွက်ပေါ်နေပြီး အမျိုးမျိုးသော အော်ဟစ်ငိုညည်းသံများမှာလည်း ရပ်တန့်ခြင်း မရှိချေ။ ဘယ်လောက်အထိ ကြာသွားသလဲ မသိ၊ လှေကိုယ်ထည် လှုပ်ခါနေမှုများမှာ ရပ်တန့်သွားခဲ့ချေပြီ။
အိမ်ထဲရှိ လူတိုင်းမှာမူ ဗိုက်ပင် ဆာနေကြချေပြီ။ အပြင်ဘက် လမ်းလျှောက်သံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။
“အဖေ... မေမေ... ယွင်နန်... နျိုနျို... အားယန်... အားကျောက်...”
ကုမင်တာ့၏ အသံမှာ လူတိုင်း၏ နားထဲသို့ ရောက်ရှိလာလေသည်။
တံခါး ပွင့်သွားပြီး ကုမင်တာ့သည် အထဲသို့ ပြေးဝင်လာကာ မိသားစုဝင် အားလုံးကို ဂရုတစိုက် လိုက်လံ ကြည့်ရှုလေတော့သည်။
“တို့တွေ ဘာမှ မဖြစ်ပါဘူး... သူတို့ အထဲကို မဝင်နိုင်ခဲ့ဘူးလေ...”
ကျန်းယွင်နန်သည် ပြောပြောဆိုဆိုနှင့် ကုမင်တာ့အား လှမ်းကြည့်လိုက်သည်။
ကုမင်တာ့သည် ထိုစကားကို ကြားမှသာ စိတ်အေးသွားရပြီးနောက် စိုးရိမ်တကြီး ကြည့်နေသော သခင်မလီအား ရှင်းပြလိုက်၏။
“စိတ်မပူပါနဲ့... အစ်ကိုစွန်း လည်း ဘာမှ မဖြစ်ပါဘူး... ခြေထောက် ခေါက်သွားတာ တစ်ခုပဲ ရှိတာလေ... အစကတော့ သူ့ဆီကို ဓားတစ်စင်း လာနေတာပေါ့... ခြေထောက် ခေါက်သွားတော့မှပဲ အဲ့ဒီ ဓားချက်က လွဲသွားတာလေ...”
ရေဓားပြများနှင့် ရင်ဆိုင်ရချိန်တွင် ခြေထောက် ခေါက်သွားရုံမျှသာ ဆိုသည်မှာ တကယ့်ကို ကံကောင်းခြင်း တစ်ခု ပင်။
“ယောက်ျား... ရှင်ကော ဘေးအန္တရာယ် တစ်ခုခု ကြုံခဲ့သေးလားဟင်...”
ကျန်းယွင်နန်က စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
ကုမင်တာ့က ပြုံးလျက် ပြောလိုက်၏။
“ကိုယ်ကတော့ ကံကောင်းပါတယ်... ရေဓားပြ ရဲ့ ဓားက ကိုယ့်မျက်နှာကို လာတော့မယ့် အချိန်မှာပဲ... ရုတ်တရက် ငွေရောင် အလင်းတန်းလေး တစ်ခု ပေါ်လာတာလေ... အဲ့ဒါက ဆယ်ကျော်သက် အရွယ် စစ်ဗိုလ်လေး တစ်ဦး ပေါ့... သူက လှံတစ်စင်းနဲ့ ပြေးဝင်လာပြီးတော့... ကိုယ့်ကို သေမင်းလက်ထဲကနေ ကယ်လိုက်တာလေ...”
ကုမင်တာ့၏ ပြောပြချက်မှာ အလွန်ပင် စိတ်ဝင်စားစရာ ကောင်းလှသဖြင့် လူတိုင်းမှာ အသက်ရှူပင် အောင့်ထားမိကြကုန်၏။ လက်ဖက်ရည်ဆိုင်တွင် ပုံပြောဆရာ၏ ပုံပြင်ကို နားထောင်နေရသကဲ့သို့ ပင်။
“စကားကသာ ကြာနေတာ... တကယ်တမ်းမှာတော့ အရမ်း မြန်တာလေ... ရေဓားပြတွေက အသည်းအသန် လာနေကြတာ... တို့တွေနဲ့ လှေလုပ်သားတွေက ခံစစ်ကနေ တဖြည်းဖြည်း နောက်ဆုတ်နေရတာပေါ့... တချို့ဆို အသက်ရှင်ဖို့အတွက် ရေထဲတောင် ခုန်ချကြရတယ်လေ... လမ်းစ မရှိတော့ဘူးလို့ ထင်နေတဲ့ အချိန်မှာမှ... ရေတပ် အုပ်စုကြီး ရေပေါ်မှာ ရုတ်တရက် ပေါ်လာတာလေ...”
လူတိုင်းသည် ထို စိုးရိမ်စရာကောင်းလှသော အခြေအနေကို တွေးမိကာ ထိတ်လန့်နေကြရလေသည်။ အပြင်ဘက်တွင်မူ တဖြည်းဖြည်း တိတ်ဆိတ်လာခဲ့ချေပြီ။
“အစ်ကိုကု...”
သခင်မလီသည် မတ်တပ်ရပ်ကာ ဂါရဝပြုလိုက်သည်။
ကုမင်တာ့သည် သူမ ဘာလုပ်ချင်သည်ကို ချက်ချင်း သဘောပေါက်သွားသဖြင့် ပြောလိုက်၏။
“မရီးလီ... အစ်ကိုစွန်း က အခု ဒဏ်ရာရထားတဲ့ သူတွေနဲ့အတူ ရှိနေတာလေ... သမားတော်ကို စောင့်နေကြတာပေါ့... ကိုယ် လိုက်ပို့ပေးမယ်လေ...”
သခင်မလီသည် ချန်ရှိုးလေးကို ကျန်းယွင်နန်ထံသို့ အလျင်အမြန် အပ်နှံလိုက်သည်။ နျိုနျိုသည် ပြေးလာပြီး ကုမင်တာ့၏ အင်္ကျီစကို ဆွဲကာ ပြောလိုက်၏။
“ဖေဖေ... သမီးလည်း အဖေစွန်း ဆီကို လိုက်ကြည့်မယ်လေ...”
ယခုအခါ ရေတပ်က အရာရာကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ရာ ကုမင်တာ့သည်လည်း စိတ်ချသွားသဖြင့် သခင်မလီ နှင့် နျိုနျို တို့ကို လှေပတ်လမ်းပေါ်သို့ ခေါ်ဆောင်လာခဲ့လေသည်။
“အဖေစွန်း...”
နျိုနျိုသည် လှေပတ်လမ်းပေါ်တွင် ထိုင်နေသော စွန်းကျားရှင်းအား တစ်ချက်တည်းနှင့် မြင်တွေ့လိုက်ရလေသည်။ စွန်းကျားရှင်းသည်လည်း သခင်မလီအား မြင်တွေ့လိုက်ရသဖြင့် စိတ်အေးသွားရ၏။
“အဖေစွန်း... တို့တွေ အကုန်လုံး အဆင်ပြေပါတယ်နော်... အားလုံးက တကယ့်ကို သတ္တိရှိကြတာလေ... လူဆိုးတွေကို အပြင်ကနေ တားထားနိုင်ခဲ့တယ် မဟုတ်လား...”
နျိုနျိုက ပြောလိုက်သည်။
စွန်းကျားရှင်းသည် နျိုနျို၏ အသားပြည့်လှသော ပါးလေးကို ညင်သာစွာ ဆွဲလိုက်ပြီး ပြောလိုက်၏။
“နျိုနျိုလေးကလည်း သတ္တိရှိတာပါပဲ... လူဆိုးတွေကို မြင်တာတောင် ဘယ်သူမှ မကြောက်ကြဘူး မဟုတ်လား...”
“မကြောက်... မကြောက်...”
နျိုနျိုသည် ဝေေဝဝါးဝါးဖြင့် ပြန်ပြောလိုက်သည်။ စကားမဆုံးမီမှာပင် နျိုနျို၏ မျက်လုံးများ မှောင်အတိ ကျသွားပြီး မြေပြင်ပေါ်သို့ မှောက်လျက် လဲကျသွားလေတော့သည်။ သတိမေ့မသွားမီမှာပင် ကုမင်တာ့ နှင့် စွန်းကျားရှင်း တို့၏ အလန့်တကြား အော်ဟစ်သံများကို သူမ ကြားလိုက်ရလေတော့သည်။