ရှဲ့ရှင်းချွမ်း
Vol. 19 Ch. 188
“နင့်အဖေနဲ့ ဘာမှ မဆိုင်ပါဘူး...”
ရှဲ့ရှင်းချွမ်းက ပြောလိုက်သည်။
ကုမင်တာ့ နှင့် ကျန်းယွင်နန် တို့သည် ရှဲ့ရှင်းချွမ်း စကားပြောလိုက်သည်ကို ကြားလိုက်ရသဖြင့် မျက်နှာတွင် အံ့သြသွားကြကုန်၏။ ကုမင်တာ့သည် သမီးဖြစ်သူတွင် မျက်နှာသုန်သုန်မှုန်မှုန်နှင့်နေတတ်သော စစ်ဗိုလ်ရှဲ့ကိုပင် စကားပြောလာအောင် လုပ်နိုင်စွမ်း ရှိပါလားဟု တွေးတောမိလိုက်လေသည်။
လင်မယားနှစ်ဦးစလုံး ရှဲ့ရှင်းချွမ်းအား သုံးရက်တိုင်တိုင် ပြုစုပေးခဲ့သော်လည်း သူသည် စကားတစ်ခွန်းမျှပင် မပြောခဲ့ပေ။
နျိုနျိုသည် ကုမင်တာ့နှင့် မပတ်သက်ကြောင်း ကြားရသော်လည်း စိတ်မကောင်း ဖြစ်နေဆဲ ပင်။
“ကိုကို... အမာရွတ်က နာနေလားဟင်…”
ရှဲ့ရှင်းချွမ်းသည် နျိုနျိုအား သူ၏ မျက်နှာတစ်ခုလုံး မြင်တွေ့နိုင်စေရန် ခေါင်းကို လှည့်ပြလိုက်၏။ သူ မျက်နှာဖုံး မဝတ်ထားချိန်တွင် လူပေါင်း မည်မျှအထိ ထိတ်လန့်ခဲ့ကြသည်ကို သူ သိထားပေသည်။ ဤကလေးမလေးမှာလည်း သေချာပေါက် လန့်ငိုပေလိမ့်မည်။
သို့သော်လည်း နျိုနျိုသည် သူ၏ မျက်နှာကို ကြောက်လန့်ခြင်း မရှိဘဲ ကြည့်နေဆဲ ဖြစ်ပြီး သူမ၏ မျက်လုံးဝိုင်းကြီးများထဲတွင်မူ စစ်မှန်သော စိုးရိမ်မှုများသာ ရှိနေတော့၏။ ရှဲ့ရှင်းချွမ်းသည် ရုတ်တရက် စိတ်ပျော့သွားရသော်လည်း ဒေါသတကြီးဖြင့် ပြန်ပြောလိုက်သည်။
“နာတာ၊ မနာတာ နင်နဲ့ ဘာဆိုင်လို့လဲ... ငါ့ကို လာပြီး ဂရုမစိုက်နဲ့...”
သူ ထိုသို့ ပြောပြီးသည်နှင့် ချက်ချင်းပင် နောင်တရသွားမိ၏။ သူ အရမ်း ကြမ်းတမ်းသွားသလားဟင်။ ဤသည်မှာ ကလေးတစ်ဦးသာ ရှိသေးသည်။ သူသည် သူမထက် အသက် များစွာ ကြီးသူဖြစ်ရာ ဤမျှအထိ မကြမ်းတမ်းသင့်ပေ။ အကယ်၍ သူမ ငိုလိုက်လျှင်ကော... သူ ဘယ်လို ပြန်ချော့ရပါ့မလဲ။
နျိုနျိုသည် လုံးဝ မငိုခဲ့ပေ။ သူမက လေးလေးနက်နက် ပြောလိုက်၏။
“ကိုကို... နာနေရင်တော့ နျိုနျို မှာ ရှိတဲ့ သကြားလုံးတွေ အကုန် ပေးစားမယ်လေ... နျိုနျို ရဲ့ အိတ်ထဲမှာ သကြားလုံးတွေ ရှိတယ်နော်...”
စကားပြောနေစဉ်မှာပင် သူမသည် ထမင်းစားဖို့ပင် ဂရုမစိုက်နိုင်တော့ဘဲ သူမ၏ ပိုက်ဆံအိတ်ကို လိုက်ရှာလေတော့သည်။ ကျန်းယွင်နန်သည် ပြုံးလျက် ပန်းကန်ကို ချကာ သူမအား ပိုက်ဆံအိတ် ရှာပေးလိုက်ပြီး တမင်တကာ မေးမြန်းလိုက်၏။
“ဒါက နျိုနျိုလေး ရက်ပေါင်းများစွာ စုထားတဲ့ သကြားလုံးတွေလေ... ဒါတွေကို တကယ်ပဲ ကိုကိုရှဲ့ ကို ပေးချင်လို့လားဟင်...”
နျိုနျိုက ခေါင်းကို တွင်တွင်ညိတ်ပြလေသည်။ ကျန်းယွင်နန်သည် မတ်တပ်ရပ်ကာ သကြားလုံးများကို ရှဲ့ရှင်းချွမ်း၏ အနားတွင် ထားပေးလိုက်၏။ ရှဲ့ရှင်းချွမ်းကမူ မျက်နှာသုန်သုန်နှင့်ပင် ပြောလိုက်လေသည်။
“မလိုပါဘူး... ကလေးတွေမှ သကြားလုံးစားရတာလေ... ငါက စစ်ဗိုလ် တစ်ယောက်ပဲ... စစ်ဗိုလ်တွေက သကြားလုံး မစားဘူးနော်...”
နျိုနျိုသည် ထိုစကားကို ကြားသောအခါ ပြောလိုက်၏။
“စစ်ဗိုလ်တွေက ဘာလို့ သကြားလုံး မစားရတာလဲဟင်... စစ်ဗိုလ်တွေလည်း နာတတ်တာပဲ မဟုတ်လား...”
ရှဲ့ရှင်းချွမ်းမှာ ဘာပြန်ပြောရမှန်းပင် မသိတော့ပေ။ ဘေးနားမှ အခြေအနေကို ကြည့်နေသော သမားတော်ကြီးမှာမူ မရယ်ဘဲ မနေနိုင်တော့ချေ။
“ဒီ လူဆိုးလေးကိုတော့ တစ်ယောက်ယောက်က ဆုံးမရမှာပဲ... မင်းက အသက် ဆယ့်နှစ်နှစ်ပဲ ရှိသေးတာလေ... နေ့တိုင်း မျက်နှာကြီး သုန်မှုန်ပြီး လူကြီးတစ်ယောက်လို ဟန်ဆောင်နေတာကိုး...”
ထိုစကားကို ကြားလိုက်ရသည်နှင့် ကုမင်တာ့ နှင့် ကျန်းယွင်နန် တို့၏ စိတ်ထဲတွင် တစ်ခုခုကို သတိပြုမိသွားကြကုန်၏။
“စစ်ဗိုလ်လေး... မင်း အသက်က ဆယ့်နှစ်နှစ်ပဲ ရှိသေးတာလားဟင်... ကိုယ်ကတော့ အနည်းဆုံး ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်လောက် ရှိပြီလို့ ထင်နေတာလေ...”
ကုမင်တာ့က ပြောလိုက်သည်။
ကုမင်တာ့ အထင်မှားသည်မှာလည်း မဆန်းလှပေ။ ရှဲ့ရှင်းချွမ်းသည် အသက် ဆယ့်ခုနစ်နှစ်ရှိပြီဖြစ်သော ကိုကိုရှန် ထက်ပင် အရပ် ပိုရှည်သည်။ သူ အသက် ဆယ့်နှစ်နှစ်သာ ရှိသေးသည်ဟု မည်သူက ထင်မှတ်ပါမည်နည်း။
ရှဲ့ရှင်းချွမ်း၏ အသက်မှာ သမားတော်ကြီးကြောင့် ပေါ်သွားသဖြင့် သူ၏ တည်ငြိမ်လှသော မျက်နှာမှာ ရုတ်တရက် ပျက်စီးသွားရတော့၏။ သူ၏ မျက်နှာတွင် လူကြီးဟန်ဆောင်နေသော ကလေးတစ်ဦး၏ ရှက်ရွံ့မှုများဖြင့် ပြည့်နှက်နေပေသည်။
သမားတော်ကြီးက ပျော်ရွှင်စွာ ဆက်ပြောလိုက်ပြန်သည်။
“ဒီကောင်လေးက ကြီးထွားတာ မြန်တယ်လေ... ပြီးတော့ မျက်နှာကြီး သုန်မှုန်ထားရတာကို အရမ်း သဘောကျတာပေါ့... စစ်ဗိုလ်ချုပ်လု ဆီကနေ အတုယူနေတာလေ...”
ရှဲ့ရှင်းချွမ်းသည် ဒေါသထွက်လွန်းသဖြင့် ထမင်းပင် ဆက်မစားချင်တော့ဘဲ ခေါင်းကို တစ်ဖက်သို့ လှည့်ကာ နေလိုက်လေတော့သည်။
“ကြည့်စမ်း... ကလေးတစ်ယောက်လိုပဲ စိတ်ကောက်နေပြန်ပြီ... ထမင်းတောင် မစားတော့ဘူးတဲ့လေ... စစ်ဗိုလ်ချုပ်လု ကော စိတ်ကောက်ရင် ထမင်းမစားဘဲ နေတတ်လို့လားဟင်... အဲ့လိုမျိုး သင်လာတာလား...”
သမားတော်ကြီးက တမင်တကာ စနောက်ပြောဆိုလိုက်လေသည်။
ရှဲ့ရှင်းချွမ်းသည် ခေါင်းလှည့်ကာ သမားတော်ကြီးအား ဒေါသတကြီး စိုက်ကြည့်လိုက်၏။ သို့သော်လည်း သူ ထပ်မံ စိတ်မကောက်တော့ဘဲ ကုမင်တာ့ ခွံ့ကျွေးသော ဆန်ပြုတ်ကိုသာ စားလိုက်လေတော့သည်။
ကျန်းယွင်နန်သည် သူမ၏ ပူလောင်နေသော စိတ်ကို ထိန်းချုပ်ကာ ညင်သာစွာ မေးမြန်းလိုက်၏။
“စစ်ဗိုလ်လေးရဲ့ မွေးနေ့က ဘယ်တော့လောက်မှာလဲဟင်...”
ရှဲ့ရှင်းချွမ်းက ပြန်မဖြေခဲ့ပေ။ သူနှင့် ရင်းနှီးလှသော သမားတော်ကြီးကပင် အစား ဖြေပေးလိုက်လေသည်။
“ဒီကောင်လေး ရဲ့ မွေးနေ့က နွေဦးမှာလေ... သူ့မေမေ ကလေးမွေးရ ခက်နေတုန်းက... ငါကိုယ်တိုင် ဆေးတွေကျိုပြီး သူတို့ သားအမိကို ကယ်ခဲ့ရတာပေါ့...”
ရှဲ့ရှင်းချွမ်းသည် သမားတော်ကြီး၏ အရှက်ခွဲခြင်းကို အကြိမ်ကြိမ် ခံရသဖြင့် ယခုအခါတွင်မူ အခွင့်အရေး ရသည်နှင့် ပြန်လည် တုံ့ပြန်လေတော့သည်။
“ဒါက ဆရာ့ရဲ့ ဆရာ ကယ်ခဲ့တာလေ... ဆရာက အဲ့ဒီတုန်းက ဆေးကျိုတဲ့သူ အဆင့်ပဲ ရှိတာကို... အခုတော့ ကိုယ့်မျက်နှာကိုယ် ရွှေချနေပြန်ပြီ...”
သမားတော်ကြီးသည် ထိုစကားကြောင့် စိတ်မဆိုးဘဲ ဂုဏ်ယူစွာဖြင့် မေးလိုက်၏။
“ဒါဆို အဲ့ဒီဆေးကို ငါပဲ ကျိုခဲ့တာ မဟုတ်လားဟင်... ပြောစမ်းပါဦး...”
ရှဲ့ရှင်းချွမ်းမှာ ဘာမှ ပြန်မပြောနိုင်ဘဲ ဒေါသထွက်လွန်းသဖြင့် ပါးလေးများ ဖောင်းထွက်လာပြီး လေမှုတ်ထားသော ငါးပူတင်း တစ်ကောင် ကဲ့သို့ပင် ဖြစ်နေတော့၏။
သို့သော်လည်း ကျန်းယွင်နန်၏ မျက်လုံးများမှာမူ သမားတော်ကြီး၏ စကားကြောင့် ရုတ်တရက် မှောင်မှိုက်သွားရလေသည်။ သမားတော်ကြီး ကိုယ်တိုင် မွေးဖွားပေးခဲ့သည် ဆိုမှတော့ ဤကလေးမှာ သူမ၏ သားလတ် မဟုတ်သည်မှာ သေချာလှပေသည်။
နျိုနျိုသည် မိခင်ဖြစ်သူ၏ ခံစားချက်ကို ရိပ်မိလိုက်သဖြင့် တိုးတိုးလေး မေးလိုက်၏။
“မေမေ... ဘာဖြစ်လို့လဲဟင်...”
ကျန်းယွင်နန်က ခေါင်းလှည့်ကြည့်လိုက်ရာ သမီးဖြစ်သူ၏ စိုးရိမ်နေသော မျက်နှာလေးကို မြင်တွေ့လိုက်ရသဖြင့် စိတ်ပျော့သွားရလေသည်။
“မေမေ ဘာမှ မဖြစ်ပါဘူး... လိမ္မာတဲ့ကလေးလေး... အရင် စားလိုက်ဦးနော်... ဗိုက်ဝမှ မြန်မြန် ကြီးထွားမှာပေါ့လေ...”
နျိုနျိုသည် ထိုစကားကို ကြားသောအခါ ပါးစပ်ကို အကြီးကြီး ဟကာ ဇွန်းထဲမှ ထမင်းများကို အငမ်းမရ စားလေတော့သည်။ ထို့နောက်တွင်မူ သူမသည် ကျန်းယွင်နန်အား ပါးဖောင်းဖောင်းလေးဖြင့် ကြည့်ကာ သူမ ထမင်းကို ကောင်းကောင်း စားနေကြောင်း လက်တွေ့ သက်သေပြလိုက်လေသည်။ ကျန်းယွင်နန်က ပြုံးလျက် သမီးဖြစ်သူ၏ နှာခေါင်းလေးကို ညင်သာစွာ တို့လိုက်၏။
ဘေးနားရှိ ရှဲ့ရှင်းချွမ်းမှာမူ ထို သားအမိ နှစ်ဦး၏ နွေးထွေးလှသော ဆက်ဆံမှုကို ကြည့်ပြီး စိတ်ထဲတွင် တစ်မျိုး ခံစားလိုက်ရလေတော့သည်။
“နျိုနျိုလေး... နိုးလာပြီလို့ ကြားတယ်လေ... ဝမ်းသာလိုက်တာဗျာ...”
လူအုပ်ကြီးသည် လိုက်ကာကို မ ကာ အထဲသို့ တိုးဝင်လာကြကုန်၏။ နျိုနျို မော့ကြည့်လိုက်ရာ မိသားစုဝင် အားလုံး ရောက်ရှိနေကြသည်ကို တွေ့လိုက်ရလေသည်။ သူတို့သည် ခေတ္တ ခွဲထားသော လူနာခန်းလေးအတွင်းသို့ စုပြုံ ဝင်ရောက်လာကြသဖြင့် လှည့်ပတ်ရန်ပင် ခက်ခဲနေတော့၏။
“တော်ပါတော့... ထမင်းစားပြီးရင် ပြန်ကြပါတော့နော်... ငါတော့ အသက်ရှူ ကျပ်လာပြီလေ...”
သမားတော်ကြီးက နျိုနျိုအား မတတ်သာဟန်ဖြင့် ပြောလိုက်သည်။
ထိုစကားကြောင့် လူအနည်းငယ်မှာ အပြင်သို့ ပြန်ထွက်သွားကြကုန်၏။ အခန်းထဲတွင်မူ နေရာလပ် ပြန်လည် ရရှိသွားသော်လည်း အပြင်ထွက်သွားသော စွန်းမိသားစုဝင် နှစ်ဦးမှာမူ ချန်ရှိုးလေးကို ပွေ့ချီလျက် တံခါးပြင်ပမှနေ၍ အထဲသို့ လှမ်းကြည့်နေကြဆဲ ပင်။
“ညည်းလေးကတော့ တကယ်ပဲ ကံကောင်းတာပဲနော်... မိသားစုဝင်တွေ အကုန်လုံးက ညည်းကို လက်ဖဝါးပေါ်တင်ထားမတတ် ချစ်နေကြတာလေ... ဒီရက်ပိုင်းအတွင်းမှာလည်း အားရင် အားသလို ညည်းကို လာကြည့်နေကြတာ...”
သမားတော်ကြီးက ခံစားချက်အပြည့်ဖြင့် ပြောဆိုလိုက်သည်။
ဤလောကတွင် ကိုယ့်သားအရင်းကို ချစ်ခြင်းမှာ သဘာဝကျသော်လည်း မွေးစားသမီးနှင့် သမီးစားလေးကို ဤမျှအထိ ချစ်မြတ်နိုးကြသည်မှာမူ သူ ပထမဆုံး မြင်တွေ့ဖူးခြင်း ပင်။ နျိုနျိုသည် မိသားစုဝင်များအကြောင်းကို အလေးထားသူ ဖြစ်ရာ၊ ထိုစကားကို ကြားသောအခါ ကိုယ်ကို မတ်လိုက်ပြီး ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်လေသည်။
“သူတို့က ပြောတယ်လေ... သမီးက သူတို့ရဲ့ လိမ္မာတဲ့ကလေးလေး ပါတဲ့နော်...”
လျူရှောင်ရူက ခေါင်းကို တွင်တွင်ညိတ်ကာ ထောက်ခံလိုက်၏။
“ဟုတ်ပါ့... နျိုနျိုလေးက အသိတတ်ဆုံး ကလေးလေးပါ...”
ကျန်းယွင်နန်က သူမအား ဒေါသတကြီး လှမ်းကြည့်ကာ ပြောလိုက်သည်။
“နင်က မနေ့ညက တစ်ညလုံး စောင့်ပေးခဲ့တာလေ... အခုမှ ပြန်အိပ်ပြီးကာစ ရှိသေးတာကို... ဘာလို့ ပြန်လာရတာလဲဟင်... မြန်မြန် ပြန်ပြီး အနားယူစမ်းပါ...”
လျူရှောင်ရူ၏ မျက်လုံးများတွင်လည်း ကျန်းယွင်နန် ကဲ့သို့ပင် သွေးကြောများ ထင်နေတော့၏။ သူမသည် နျိုနျိုအား စိုက်ကြည့်ကာ ပြောလိုက်သည်။
“နိုးလာပြီဆိုတော့မှပဲ... တစ်ချက်လောက် မကြည့်ရရင် စိတ်မအေးနိုင်လို့ပါ...”
လျူရှောင်ရူ၏ မျက်နှာပေါ်မှ နွမ်းနယ်မှုများကို ဖုံးကွယ်၍ မရသည်မှာ သိသာလှပေသည်။ နျိုနျိုသည် ထိုပုံစံကို ကြည့်ပြီး စိတ်မကောင်း ဖြစ်သွားရကာ ချက်ချင်း ပြောလိုက်၏။
“အဒေါ်လျူ... သမီး ဘာမှ မဖြစ်တော့ပါဘူး... သမားတော်ကြီး ကတောင် ဆေးသောက်ဖို့ မလိုတော့ဘူးလို့ ပြောတယ်လေ... မြန်မြန် ပြန်ပြီး အနားယူပါတော့နော်...”
လျူရှောင်ရူသည် တကယ်ပင် ပင်ပန်းနေခဲ့ချေပြီ။ သူမသည် သမားတော်ကြီးအား ကလေး တကယ်ပဲ အဆင်ပြေရဲ့လားဟု ထပ်မံ အတည်ပြုပြီးနောက်တွင်မှ ယိုင်နဲ့နဲ့ ခြေလှမ်းများဖြင့် ပြန်ထွက်သွားလေတော့သည်။ ကျန်းယွင်နန်သည် သူမအား စိတ်မချသဖြင့် အခြားသူများအား လျူရှောင်ရူအား လိုက်ပို့ရန် မှာကြားလိုက်၏။
အခြားသူများကိုမူ ဖျောင်းဖျရ လွယ်ကူသော်လည်း အားကျောက် တစ်ဦးတည်းသာလျှင် မပြန်ဘူးဟု အတင်း ငြင်းဆိုနေတော့၏။ သူက ငိုယိုကာ ပြောလိုက်သည်။
“သားက ညီမလေးကို စောင့်ရှောက်ချင်တာလေ... ခဏလေး မတွေ့လိုက်ရတာနဲ့တင် ညီမလေးက ဖျားပြီး သုံးရက်တိုင်တိုင် သတိမေ့သွားရတာ မဟုတ်လား...”
ကုမင်တာ့သည် ထိုစကားကို ကြားသောအခါ မေးမြန်းလိုက်၏။
“လွန်ခဲ့တဲ့ သုံးရက်တုန်းက သူ သတိမေ့သွားတော့... ငါပဲ သူ့ကို ခေါ်လာခဲ့တာလေ... မင်းက ငါ့ကိုတောင် အပြစ်တင်နေတာလားဟင်...”
အားကျောက်က ခေါင်းကို တွင်တွင်ညိတ်ပြကာ ပြောလိုက်သည်။
“ဟုတ်တယ်လေ... နျိုနျိုလေးကို ဘယ်သူမှ သေချာ မစောင့်ရှောက်နိုင်ဘူး... ဖေဖေ လည်း မစောင့်ရှောက်နိုင်ဘူးလေ... သား တစ်ယောက်တည်းပဲ စောင့်ရှောက်နိုင်တာပေါ့...”
ကုမင်တာ့မှာမူ ထို အသိတတ်ဆုံး သားကြောင့် ဒေါသထွက်လွန်းသဖြင့် ရယ်ချင်စိတ်ပင် ပေါက်သွားရလေသည်။