သွားကြည့်ခြင်း
Vol. 19 Ch. 190
နျိုနျိုသည် နားစွင့်ကာ နားထောင်နေမိ၏။ သူမသည် ခေါင်းလေးကို ပြူထွက်ကာ မျက်လုံးဝိုင်းကြီးများဖြင့် ဟိုကြည့်သည်ကြည့် လုပ်နေသည်မှာ ခုန်ဆွခုန်ဆွ ဖြစ်နေသော ကြောင်ကလေး တစ်ကောင် ကဲ့သို့ပင်။
“တော်ပါတော့... ဒါတွေက သမီးနဲ့ မဆိုင်ပါဘူး... သမီးက နေလို့ မကောင်းသေးဘူးလေ... အခန်းထဲမှာပဲ အေးအေးဆေးဆေး အနားယူစမ်းပါ... လျှောက်မသွားနဲ့ဦးနော်...”
ကျန်းယွင်နန်က ပြောလိုက်သည်။
သို့သော်လည်း နျိုနျိုမှာမူ အပြင်ဘက်မှ ဆူညံသံများကို အသည်းအသန် သွားကြည့်ချင်နေမိတော့၏။
“မေမေ... သမီး အပြင်ထွက်ပြီး တစ်ချက်လောက် သွားကြည့်ချင်တယ်လေ...”
နျိုနျိုက ကျန်းယွင်နန်အား သနားစရာကောင်းအောင် ချော့မော့နေရှာသည်။
ကျန်းယွင်နန်သည် သူမ၏ နူးညံ့လှသော သမီးလေး ယခုကဲ့သို့ လုပ်လိုက်လျှင်မူ ဘယ်လိုမှ မနေနိုင်တော့ချေ။
“ထားလိုက်ပါတော့... သမီး သွားကြည့်ချင်ရင်လည်း ကြည့်ပေါ့လေ...”
ကျန်းယွင်နန်က ပြောလိုက်သည်။
နျိုနျို၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ချက်ချင်းပင် ဖုံးလွှမ်းသွားရ၏။ ကျန်းယွင်နန်က ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ မေမေက သမီးအတွက် အရင် သွားကြည့်ပေးမယ်လေ... သမီးကတော့ အခန်းထဲမှာပဲ လိမ္မာအောင် နေရမယ်နော်... လိမ္မာအောင် မနေရင်တော့ အပြင်မှာ ဘာတွေ ဖြစ်နေလဲ ဆိုတာကို သမီးကို ပြန်မပြောပြဘူးနော်...”
နျိုနျို၏ မျက်နှာလေးမှာ ချက်ချင်းပင် ညိုးငယ်သွားရရှာသည်။ ကျန်းယွင်နန်သည် သမီးဖြစ်သူ၏ ပုံစံကို ကြည့်ကာ ရယ်မောမိ၏။
“သမီးက အသက် ခြောက်နှစ်ပဲ ရှိသေးတာကို... ဘာလို့ အဲ့ဒီလောက်တောင် အသွားကြည့်ချင်နေရတာလဲဟင်...”
နျိုနျိုက သက်ပြင်းချလျက် ပြောလိုက်သည်။
“သမီးလည်း မသိဘူးလေ...”
ကျန်းယွင်နန်သည် မကြာခင်မှာပင် အကြောင်းရင်းကို သိလိုက်ရလေသည်။ သူမသည် ဆူညံသံများ ထွက်ပေါ်နေသော နေရာသို့ ရောက်သောအခါ ရင်းနှီးလှသော မျက်နှာ နှစ်ခုကို တွေ့လိုက်ရ၏။ သခင်မကု နှင့် အားကျောက် တို့မှာ လူကြီး တစ်ဦး နှင့် ကလေး တစ်ဦး ဖြစ်သော်လည်း အရာရာကို အာရုံစိုက်ကာ သွားကြည့်နေကြသည်။
“မေမေ...”
ကျန်းယွင်နန်က လူအုပ်ကြားမှ ခက်ခက်ခဲခဲ တိုးဝင်သွားလေသည်။
သခင်မကုသည် နေရာလွတ် တစ်ခုကို အတင်း တိုးဖယ်လိုက်ပြီး ပြောလိုက်၏။
“ဒီနေရာကနေဆိုရင် ရှင်းရှင်းလင်းလင်း မြင်ရတယ်လေ...”
ကျန်းယွင်နန်သည်လည်း မတတ်သာဘဲ ထိုနေရာတွင် ဝင်ထိုင်လိုက်ရလေတော့သည်။ သူမအနေဖြင့် အိမ်တွင် လူအများကြီး ရှိနေသဖြင့်သာ လျူရှောင်ရူ နှင့် အားယန် တို့က နျိုနျို နှင့် အဘိုးကု တို့ကို စောင့်ကြည့်ပေးထားနိုင်သဖြင့် လူကြီးများ လျှောက်သွားမှာကို စိုးရိမ်စရာ မလိုတော့ခြင်းပင်။
“ဘာတွေ ဖြစ်နေတာလဲဟင်...”
ကျန်းယွင်နန်က သူမ၏ ယောက္ခမအား မေးမြန်းလိုက်သည်။
သခင်မကုသည် အစောကတည်းက ရောက်ရှိနေသူ ဖြစ်ရာ အကြောင်းရင်းကို ကောင်းစွာ သိရှိထားပေသည်။ သူမသည် ဝိုင်းရံခံထားရသော အမျိုးသားများအား ညွှန်ပြကာ ပြောလိုက်၏။
“အဲ့ဒီ ချမ်းသာတဲ့ သခင်ကြီးတွေကလေ... ကြည့်ရတာတော့ လူလိုသူလို ဝတ်စားထားကြတာပေါ့... တကယ်တမ်းမှာတော့ လူသားဆန်တဲ့ အလုပ်ကို တစ်ခုမှ မလုပ်ကြဘူးလေ... အဲ့ဒီနေ့က ကျားရှင်း က ပိုက်ဆံတွေ အကုန်ခံပြီးတော့ ရေဓားပြတွေကို ခုခံဖို့ လူငယ်တွေနဲ့ လှေလုပ်သားတွေကို ငှားခဲ့တာလေ... အနောက်မှာ ပုန်းနေတဲ့ အဲ့ဒီ အဘိုးကြီးတွေကတော့ ဘာမှ မဖြစ်သလို နေနေကြတာပေါ့... သူတို့က ငွေ နှစ်ဆ ပေးမယ် ဆိုပြီးတော့ အဲ့ဒီလူတွေကို သူတို့ဘေးမှာပဲ ကာကွယ်ခိုင်းထားတာလေ...”
“သူတို့ အဲ့လို လုပ်လိုက်လို့သာ ကျားရှင်း နဲ့ မင်တာ့ တို့မှာ ဒုက္ခရောက်လုနီးပါး ဖြစ်ခဲ့ရတာပေါ့... အဲ့ဒီနေ့က လှေလုပ်သား သုံးယောက် သေဆုံးခဲ့ရသလို အခြားသူတွေလည်း အများကြီး ဒဏ်ရာရခဲ့ကြတာလေ... အခုထိ လဲနေကြတုန်းပဲ... အကယ်၍သာ ဟို စစ်ဗိုလ်လေး ရဲ့ လှံချကသာ မတိကျခဲ့ဘူး ဆိုရင်တော့... မင်တာ့ လည်း အခုဆို သမားတော် ဆီမှာ လဲနေရမှာ သေချာတယ်...”
“အဲ့ဒီ အဘိုးကြီးတွေက လူတွေကို လုယူသွားပြီးတော့... အခုကျမှ ပိုက်ဆံ မပေးချင် ဖြစ်နေကြတာလေ... ငွေ နှစ်ဆ ပေးရမှာကို နှမြောနေကြတာပေါ့... တကယ့်ကို အပေါ်ယံ ရွှေရည်စိမ်တဲ့ လူတွေပဲနော်... ရေဓားပြတွေက သူတို့ကို ဘာလို့ ဓားနဲ့ မခုတ်ခဲ့ပါလိမ့်နော်...”
သခင်မကုက ထိုစကားများ ပြောဆိုရာတွင် အံကြိတ်ကာ နာကျည်းနေတော့၏။
ထိုစကားများကို ကြားရသောအခါ ကျန်းယွင်နန်သည်လည်း ထိုလူများအား ကြည့်သည့် အကြည့်မှာ မကြည်မလင် ဖြစ်လာရလေသည်။ သို့သော်လည်း ထို ချမ်းသာသော သခင်ကြီးများမှာမူ ခုခံပြောဆိုနေကြဆဲ ပင်။
“နင်တို့က ရန်သူကိုမှ မတိုက်ခဲ့တာလေ... တို့ဘေးမှာ ရပ်နေရုံလေးနဲ့... ဘာလို့ တို့ဆီကနေ ငွေပြား ခြောက်ဆယ် တောင်းနေရတာလဲဟင်...”
လူပေါင်း များစွာကို တစ်ဦးလျှင် ငွေပြား ခြောက်ဆယ်စီ ပေးရမည် ဆိုပါက သူတို့မှာ အသေအလဲ ဖြစ်သွားမည်။ သူတို့သည် ရေတပ်တွေ ဤမျှအထိ မြန်မြန် ရောက်လာလိမ့်မည်ဟု သိခဲ့လျှင်မူ ထိုလူငယ်များကို ငှားရမ်းမိမှာ မဟုတ်ဟုပင် နောင်တရနေကြသေး၏။ ထိုသို့သာ ဆိုလျှင် ယခု ပိုက်ဆံပေးရမည့်သူမှာ စွန်းကျားရှင်း သာ ဖြစ်ပေလိမ့်မည်။
“ကတိပေးပြီးမှ နောင်တရနေတယ်ပေါ့လေ... ညီအစ်ကိုတို့ရေ... သူတို့ကို ရေထဲကိုပဲ ပစ်ချလိုက်ကြရအောင်...”
လူငယ်များထဲမှ အရပ်ပုပုနှင့် လူတစ်ဦးက အော်ဟစ်လိုက်လေသည်။
အခြားသော သာမန် လူငယ်လေးများသည်လည်း ထိုစကားကို ကြားသောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြပြီး တစ်ဦးပြီးတစ်ဦး ရှေ့သို့ အသည်းအသန် တိုးဝင်လာကြကုန်၏။
“လှေလုပ်သားတွေ ဘယ်မှာလဲဟင်... လှေဦးစီးတွေကော... လှေပေါ်မှာ ပြဿနာ ရှာနေတာကို ဘယ်သူမှ ဂရုမစိုက်ကြတော့ဘူးလားဟင်...”
အဘိုးကြီးများက အော်ဟစ်နေကြတော့၏။
သို့သော်လည်း လှေဦးစီးများမှာမူ ဘာမှ မသိချင်ယောင် ဆောင်နေကြသလို လှေလုပ်သားများမှာလည်း သေဆုံးသွားသော သူတို့၏ သူငယ်ချင်းများကို သတိရလိုက်တိုင်း ထိုလူများကိုပါ ပေါင်းပြီး ရိုက်နှက်ချင်စိတ် ပေါက်နေကြသည်။
ခေါင်းဆောင်ဖြစ်သော သခင်ကြီးမှာ လူငယ်များ၏ ပွေ့ချီခြင်းကို ခံလိုက်ရပြီး ရေပြင်ဆီသို့ ဦးတည် သယ်ဆောင်သွားခြင်း ခံလိုက်ရလေသည်။ ကြည့်ရသည်မှာ သူသည် မကြာခင် ရေထဲသို့ ပစ်ချခံရတော့မည့် အလား ပင်။
“ပေးမယ်လေ... ပေးပါ့မယ်... အခုပဲ ပေးမယ် မဟုတ်လားဟင်...”
နောက်ဆုံးတွင်မူ ထိုအဘိုးကြီးများမှာ အလျှော့ပေးလိုက်ရလေတော့သည်။ သူတို့သည် ယခုအချိန်တွင် လှေပေါ်၌သာ ရှိနေသေးသဖြင့် တစ်နေကုန် ဘာမှ မလုပ်နိုင်ဘဲ ရှိနေကြရသည်ကိုသာ နာကျည်းနေကြ၏။ လှေပေါ်မှ ဆင်းလိုက်သည်နှင့် ထို ရုန့်ရင်းလှသော လူများကို သေချာပေါက် သင်ခန်းစာ ပေးမည်ဟုသာ တွေးတောနေမိလေသည်။
လူငယ်လေးများသည် ထိုသူအား ပြန်ချပေးလိုက်၏။
“အခုပဲ ပိုက်ဆံပေးစမ်းပါ... မြန်မြန် လုပ်ကြစမ်း...”
အရပ်ပုပုနှင့် လူငယ်က နေရာမှာတင် ထပ်မံ တိုက်တွန်းလိုက်ပြန်သည်။
အဘိုးကြီးများထဲတွင်မူ ဤအဆင့်သို့ ရောက်သည့်တိုင်အောင် ဉာဏ်နီဉာဏ်နက် သုံးချင်နေသူများ ရှိနေဆဲ ပင်။
“ငါ့ကိုယ်ပေါ်မှာ ငွေတွေ အဲ့ဒီလောက်အထိ မပါလာဘူးလေ... စဉ်းစားကြည့်ပါဦး... လှေစီးနေတဲ့ အချိန်မှာ ဘယ်သူကများ ငွေသေတ္တာကြီး သယ်လာမှာလဲဟင်... စိတ်မပူပါနဲ့... လှေပေါ်က ဆင်းတာနဲ့ ချက်ချင်း ပေးပါ့မယ်နော်...”
လူငယ်လေးများမှာ ထိုစကားကြောင့် ကြောင်သွားကြကုန်၏။ သူတို့ထဲမှ အများစုမှာ ရိုးသားကြသဖြင့် ထိုစကားကို တကယ်ပဲ ယုံကြည်မိသွားကြခြင်း ပင်။
သို့သော်လည်း အရပ်ပုပုနှင့် လူငယ်မှာမူ ထိုလူငယ်များ၏ ဦးနှောက်သဖွယ် ဖြစ်နေပုံ ရပေသည်။ သူက တိုက်ရိုက်ပင် အော်ဟစ်လိုက်၏။
“မရဘူးလေ... ငွေတုံးမရှိရင်လည်း ငွေစက္ကူရှိရမှာပေါ့... ငွေစက္ကူ မရှိရင်လည်း တန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့ အစားထိုးလို့ ရတာပဲလေ... ဘယ်သူမှ ထုတ်မပေးနိုင်ရင်တော့ ရေထဲကိုပဲ ပစ်ချလိုက်တော့မယ်...”
အခြားသော လူငယ်လေးများမှာ ထိုအသံကို ကြားသည်နှင့် မျက်စိမှိတ်၍ နားထောင်ကြကာ အဘိုးကြီးများကို ထပ်မံ၍ မ ချီလိုက်ကြပြန်သည်။
အဘိုးကြီးများ၏ မျက်နှာမှာ ချက်ချင်းပင် ပြာနှမ်းသွားရလေတော့၏။ သူတို့၏ အစေခံများမှာ အသုံးမကျသဖြင့် ဤလူငယ်အုပ်စုကို မယှဉ်နိုင်သည်ကိုသာ သူတို့ နာကျည်းနေမိကြသည်။
“ကောင်းပြီလေ... ကောင်းပြီ... ငွေစက္ကူ ပေးမယ်လေ... ငွေစက္ကူ ပေးပါ့မယ်...”
ပိုက်ဆံပေးရမည့် အချိန်တွင်လည်း လှည့်ဖြားရန် ကြိုးစားနေသူများ ရှိနေဆဲ ပင်။ သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ သူတို့သည် ပြိုင်ဘက်ကောင်းနှင့် တွေ့ဆုံခဲ့ချေပြီ။
“ငွေစက္ကူ နဲ့ လဲမယ် ဆိုရင်တော့ ဈေးလျှော့ရမှာပေါ့... ငွေတုံး တစ်ရာ တန်တဲ့ ငွေစက္ကူ ပေးရင်... ငွေတုံး ရှစ်ဆယ် အဖြစ်နဲ့ပဲ တွက်ပေးမယ်လေ...”
အဘိုးကြီးမှာမူ ကြောင်အသွားရရှာပြီး ကျိန်ဆဲလေတော့သည်။
“ဘာလို့ နင်တို့က ငွေတိုက်တွေထက်တောင် ပိုပြီး ယုတ်မာနေရတာလဲဟင်... ငွေတိုက်တွေတောင် အမြတ် ၂၀ ရာခိုင်နှုန်း မစားဘူးနော်...”
“နင်တို့ ပေးတဲ့ ကျောက်စိမ်းဆွဲပြား က ဘာလဲဆိုတာ တို့တွေ ဘယ်သိမှာလဲဟင်... ဘယ်လို အအေးဓာတ်တွေ ဘာတွေ တို့တွေ နားမလည်ဘူးလေ... ဒီပစ္စည်းက တို့မျက်စိထဲမှာတော့ ငွေ တစ်တုံး၊ နှစ်တုံးလောက်ပဲ တန်တာပေါ့...”
ကျောက်စိမ်းဆွဲပြားကို ထုတ်ပေးလိုက်သော သခင်ကြီးမှာ ထိုစကားကို ကြားသောအခါ ဇဝေဇဝါ ဖြစ်သွားရသည်။
“ဘယ်လိုလုပ်ပြီး ငွေ တစ်တုံးတည်း တန်မှာလဲဟင်... ဒါကို ငါက ငွေ ငါးတုံးနဲ့ ဝယ်ထားရတာလေ...”
အရပ်ပုပုနှင့် လူငယ်က ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ကျိန်ဆဲလိုက်လေသည်။
“ငွေ ငါးတုံးတည်းနဲ့ ဝယ်ထားတဲ့ ပစ္စည်းကို... တို့ဆီမှာကျတော့ ငွေ ခြောက်ဆယ်နဲ့ လာပြီး ဈေးဆစ်ချင်နေတာလားဟင်... နင်တို့မှာ စေတနာ တစ်စက်မှ မရှိဘူးဆိုတာ ငါ သိတာပေါ့... အခုတော့ ငွေ တစ်တုံးတောင် များလွန်းနေပြီ... ဆယ်ပြားပဲ တွက်ပေးမယ်လေ...”
ယခုအခါ လူငယ်များ အားလုံးမှာ ထို အရပ်ပုပုနှင့် လူငယ်၏ စကားကိုသာ နားထောင်နေကြခြင်း ပင်။ ဤ လူငယ်လေးမှာ တကယ့်ကို ကိုင်တွယ်ရ ခက်ခဲသော သူ ဖြစ်ပေသည်။ အဘိုးကြီးများမှာ ဉာဏ်နီဉာဏ်နက် များသော်လည်း ဤကဲ့သို့သော ဦးနှောက်ရှိသည့် အုပ်စုနှင့် တွေ့သောအခါတွင်မူ ရှုံးနိမ့်ကြရုံသာ ရှိတော့၏။
အချိန်အတော်ကြာ ဆူညံနေပြီးနောက် အဘိုးကြီးများသည် သူတို့ ဈေးကြီးပေးဝယ်ထားသော ပစ္စည်းများကို လူငယ်ပုလေးက ဈေးလျှော့ပြီး ယူသွားမှာကို မခံစားနိုင်ကြတော့ပေ။ ထို့ကြောင့် သူတို့သည် ဘယ်ကရမှန်းမသိသော ရွှေငွေ အမြောက်အမြားကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ပေးလိုက်ကြလေတော့သည်။
အရပ်ပုပုနှင့် လူငယ်သည် သူ၏ ညီအစ်ကိုများကို ခေါ်ကာ ပိုက်ဆံများ သွားယူပြီးနောက် အဘိုးကြီးများအား ခနဲ့တဲ့တဲ့ ပြုံးပြလိုက်၏။
“ကြည့်စမ်း... သူတို့မှာ ပိုက်ဆံ မရှိတာ မဟုတ်ပါဘူး... တို့တွေကို မပေးချင်လို့သာ ဟန်ဆောင်နေကြတာလေ...”
ထို လူငယ်ပုလေး၏ စကားကြောင့် လူတစ်အုပ်လုံးမှာ အဘိုးကြီးများကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြကုန်၏။
အဘိုးကြီးများထံမှ ပိုက်ဆံများကို အတင်းတောင်းယူနိုင်ခဲ့သဖြင့် အရပ်ပုပုနှင့် လူငယ်သည် ယခုအခါ အောက်ထပ် အခန်းရှိ လူများကြားတွင် အလွန်ပင် အရှိန်အဝါ ကြီးမားနေတော့၏။ သူ၏ အမိန့် တစ်ချက်တည်းနှင့်ပင် ဤလူများမှာ သူ၏နောက်သို့ လိုက်ပါကြပေလိမ့်မည်။
ထို လူငယ်လေးများသည် အဝေးသို့ အလုပ်သွားရှာကြသည်မှာ ပိုက်ဆံရရှိရန်အတွက်သာ ဖြစ်ပေသည်။ ယခု သူတို့၏ လှေပေါ်တွင် ငွေပြား ခြောက်ဆယ်စီ ရရှိထားကြပြီဖြစ်ရာ လူအများအပြားမှာ နေရာမှာတင် အိမ်ပြန်ချင်စိတ်များ ပေါက်နေကြကုန်၏။
အရပ်ပုပုနှင့် လူငယ်က သူတို့ကို မတားဆီးဘဲ ဦးအောင် ပြောလိုက်လေသည်။
“ညီအစ်ကိုတို့ရေ... ကျွန်တော့်မှာ မြို့တော်မှာ လမ်းစတွေ အများကြီး ရှိပါတယ်... အကယ်၍ မြို့တော်ကို ဆက်သွားချင်သေးတယ် ဆိုရင်တော့... ကျွန်တော့်နောက်ကိုသာ လိုက်ခဲ့ကြပါ... အလုပ်တွေ ရှာပေးမှာပေါ့... ကျွန်တော် ရှိနေသရွေ့တော့ ညီအစ်ကိုတွေကို ဗိုက်မဆာစေရပါဘူး...”
အိမ်ပြန်ချင်စိတ် ပြင်းပြနေသော သူများကိုလည်း လူငယ်ပုလေးက မတားဆီးဘဲ နောက်ဆိပ်ကမ်း ရောက်လျှင် လှေပေါ်မှ ဆင်းရန်သာ ဖျောင်းဖျလိုက်၏။ သို့မှသာ လှေပေါ်ရှိ အဘိုးကြီးများ၏ ကလဲ့စားချေမှုကို ရှောင်ရှားနိုင်မည်။
သူသည် ပိုက်ဆံ တောင်းခံရာတွင် စွမ်းဆောင်ရည် ကောင်းမွန်ခဲ့သဖြင့် ဤ လုပ်ဆောင်ချက်များအပြီးတွင်မူ လူငယ်အများစုမှာ သူ၏နောက်သို့ လိုက်ပါရန် သဘောတူလိုက်ကြလေတော့သည်။
ဆူညံသံများ ပြီးဆုံးသွားသဖြင့် လူအုပ်ကြီးမှာလည်း တဖြည်းဖြည်း လူစုခွဲသွားကြကုန်၏။ ကျန်းယွင်နန်သည် အခန်းသို့ ပြန်ရန် ပြင်စဉ်မှာပင် လူအုပ်ကြား၌ ကုမင်တာ့ နှင့် စွန်းကျားရှင်း တို့ကို မြင်တွေ့လိုက်ရလေသည်။ သူတို့သည် ကိုယ်တိုင် သွားကြည့်နေရုံသာမက ရှဲ့ရှင်းချွမ်းကိုပင် သူတို့က ကုန်းပိုးကာ ခေါ်ဆောင်လာခဲ့ခြင်း ပင်။
သူတို့၏ မျက်နှာပေါ်မှ ပျော်ရွှင်မှုများ မကုန်ဆုံးသေးမီမှာပင် မလှမ်းမကမ်းရှိ မိသားစုဝင်များကို မြင်လိုက်ရသဖြင့် မျက်နှာများမှာ ချက်ချင်းပင် ရှက်ရွံ့မှုများဖြင့် ပြည့်နှက်သွားရလေတော့သည်။
ကျန်းယွင်နန်သည် ကုမင်တာ့အား တစ်ချက် ကြည့်လိုက်ပြီးနောက် သားဖြစ်သူနှင့် အတင်းအဖျင်းများ ဝေမျှရန် စိတ်လှုပ်ရှားနေသော သခင်မကုအား လှမ်းကြည့်လိုက်မိ၏။ သူမသည် စိတ်ထဲမှနေ၍ တွေးတောနေမိသည်။
"နျိုနျိုလေးက ဘာလို့ ဒါမျိုးတွေ သွားကြည့်ရတာကို ဒီလောက် သဘောကျနေရတာလဲဆိုတာ မဆန်းတော့ပါဘူး... ဒါဟာ ဒီ လူ နှစ်ယောက် ရဲ့ လက်ချက်ကြောင့်ပဲ ဖြစ်ရမယ်"
“ဒီ ဝမ်ဟယ့် ဆိုတဲ့ လူကလည်း တကယ့် လူထူးလူဆန်းပဲနော်... သူက လက်ထဲက ငွေပြား ခြောက်ဆယ်ကို လိမ်ယူချင်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် ဒီလူတွေကို မြို့တော်မှာ တကယ်ပဲ နေရာတစ်ခု ရအောင် ဦးဆောင်ပေးနိုင်တာပဲဖြစ်ဖြစ်... တော်တဲ့သူ တစ်ယောက်တော့ ဖြစ်ရမယ်...”
ကုမင်တာ့က ပြောလိုက်သည်။
ဝမ်ဟယ့်ဆိုသည်မှာ အခြားသူ မဟုတ်ဘဲ ထို လူငယ်များကို ဦးဆောင်နေသော အရပ်ပုပုနှင့် လူငယ်ပင်။
စွန်းကျားရှင်း၏ မျက်နှာမှာမူ ထူးဆန်းနေပေသည်။ သူသည် ထိုနေ့က အောက်ထပ် အခန်းရှိ လူငယ်များကို စုစည်းခဲ့သူ ဖြစ်ရာ သူ၏ မှတ်ဉာဏ်မှာ အမြဲတမ်း ကောင်းမွန်လှပေသည်။ ထို့ကြောင့် သူသည် ယခုအခါ သူ၏ သံသယရှိမှုကို ထုတ်ဖော်ပြောဆိုလိုက်လေသည်။
“အဲ့ဒီနေ့က ရန်သူကို ခုခံဖို့ လူစုတုန်းကတော့... ဒီလူကို ကျွန်တော် မြင်လိုက်ရသလို မရှိဘူးနော်...”