နိုးထလာခြင်း
Vol. 19 Ch. 187
နျိုနျိုသည် တိမ်တိုက်များပေါ်တွင် လဲလျောင်းနေရသကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏ ကိုယ်ခန္ဓာ တစ်ခုလုံးမှာ နွေးထွေးနေပြီး မည်မျှပင် လူးလှိမ့်ပါစေ အောက်သို့ ပြုတ်ကျသွားခြင်း မရှိချေ။ ပတ်ဝန်းကျင် တစ်ခုလုံးတွင် ငှက်သံလေးများ မြည်နေပြီး ပန်းရနံ့များ သင်းပျံ့နေ၏။ နေရောင်ခြည်မှာ သစ်ရွက်များကြားမှတစ်ဆင့် သူမ၏ မျက်နှာပေါ်သို့ ကျရောက်နေလေသည်။
တစ်ခုပဲ မကောင်းတာကတော့... နျိုနျို သူမ၏ ဗိုက်လေးကို စမ်းကြည့်လိုက်ရာ အထဲမှ တကျုတ်ကျုတ် မြည်နေခြင်း ပင်။
“နျိုနျို... နျိုနျိုလေး... ဒီမှာပဲ နေပြီးတော့ တို့နဲ့အတူ ဆော့မလားဟင်...”
တစ်စုံတစ်ယောက်က ညင်သာစွာ မေးမြန်းလိုက်၏။
ထို့နောက်တွင်မူ နောက်ထပ် အသံပေါင်း များစွာက ပြိုင်တူ အော်ဟစ်လိုက်ကြသည်။
“နေပါဦး... နျိုနျိုလေး နေပါဦးနော်...”
နျိုနျိုသည် ထိုစကားကို ကြားသောအခါ တစ်ခုခု မှားနေသည်ဟု မခံစားရဘဲ ပြန်မေးလိုက်သည်။
“နေရင်ကော... စားစရာ ရှိလို့လားဟင်...”
“စားစရာ ရှာပေးမှာပေါ့... စားစရာ ရှာပေးမှာပေါ့...”
အသံပေါင်း များစွာက ပြန်အော်ကြလေသည်။
နျိုနျိုသည် မြက်ခင်းပြင်ပေါ်မှ ခက်ခက်ခဲခဲ ထထိုင်လိုက်ရာ သူမ၏ ခြေဖဝါးအောက်တွင် ကျောက်ပြားများ ခင်းထားသော လမ်းကလေး တစ်ခု ပေါ်လာလေသည်။ နျိုနျိုသည် ထိုလမ်းအတိုင်း ရှေ့သို့ ဆက်လျှောက်နေမိ၏။ ရုတ်တရက် ပတ်ဝန်းကျင် တစ်ခုလုံးတွင် မြူနှင်းများ ဖုံးလွှမ်းသွားရသည်။
နျိုနျိုသည် ထိုမြင်ကွင်းကို ကြည့်ပြီး ရုတ်တရက် ထိတ်လန့်သွားရ၏။
“ရှေ့ကို ဆက်သွားစမ်း... ရှေ့ကို ဆက်သွားစမ်း...”
ထိုအသံမှာ ရုတ်တရက် အုံ့မှိုင်းသွားလေသည်။
နျိုနျိုမှာ ကြောက်လွန်းသဖြင့် မျက်ရည်ပင် ကျလာရ၏။ သူမ၏ ခြေထောက်များမှာ နေရာတွင်ပင် ကပ်နေသကဲ့သို့ ရှိနေပြီး ရှေ့သို့ ဆက်မတိုးရဲတော့ပေ။
“မြန်မြန် သွားစမ်းပါ...”
ထိုအသံက ထပ်မံ တိုက်တွန်းနေဆဲ ပင်။
နျိုနျိုသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ရှေ့သို့ မတိုးရဲဘဲ ရှိနေ၏။
“နျိုနျိုလေး... နျိုနျိုလေး...”
နူးညံ့လှသော အသံလေး တစ်ခု သူမ၏ နားထဲသို့ ရောက်ရှိလာလေသည်။
ခေတ္တမျှ ကြာပြီးနောက် နျိုနျိုသည် ရေသံကို ကြားလိုက်ရ၏။
“ဘယ်ဘက်ကို သွားလိုက်ပါ နျိုနျိုလေး... မြန်မြန် လာနော်...”
ထိုအသံလေးက တိုက်တွန်းနေပြန်သည်။
နျိုနျိုသည် ဘယ်ဘက်သို့ လှမ်းကြည့်လိုက်ရာ မူလက နူးညံ့လှသော မြက်ခင်းပြင်မှာ ချောက်နက်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ နျိုနျိုသည် ကြောက်လန့်နေသော်လည်း ထိုအသံကိုမူ အလိုလိုပင် ယုံကြည်မိသဖြင့် စိတ်ကို တင်းကာ ဘယ်ဘက်သို့ ခြေလှမ်း လှမ်းလိုက်လေတော့သည်။
မျှော်လင့်ထားသကဲ့သို့ ပြုတ်ကျသွားခြင်း မရှိဘဲ ထိုအစား ကြည်လင်လှသော ရေကန်ငယ်လေး တစ်ခု ပေါ်လာလေသည်။ ထိုရေကန်ထဲတွင် ကြာရွက် အကြီးအသေး ဆယ်ရွက်ခန့် ရှိနေပြီး ကြာရွက်များ အောက်တွင် ငါးအနီရောင်လေး တစ်ကောင် ကူးခတ်နေ၏။
အနီရောင်ငါးလေးသည် နျိုနျိုနှင့် တွေ့သောအခါ ရေထဲမှ သူမ၏ လက်ပေါ်သို့ တိုက်ရိုက် ခုန်တက်လိုက်လေသည်။
“ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒီလိုမျိုး ဖြစ်အောင် လုပ်ထားရတာလဲဟင်...”
ငါးလေးက ညင်သာစွာ မေးမြန်းလိုက်၏။
နျိုနျိုသည် ခေါင်းငုံ့ကြည့်လိုက်ရာ သူမ၏ မူလက ဖောင်းအိနေသော လက်ကလေးမှာ ယခုအခါတွင်မူ ကြက်ခြေထောက် ကဲ့သို့ ခြောက်ကပ်နေသည်ကို တွေ့လိုက်ရလေသည်။
“တောင်းပန်ပါတယ်နော်...”
နျိုနျိုက အပြစ်ရှိသကဲ့သို့ ပြောလိုက်သည်။
“ထားလိုက်ပါတော့... တို့က ဘယ်လိုလုပ် စိတ်ဆိုးရက်ပါ့မလဲ... ဗိုက်ဆာရင်တော့ ရေလေး နည်းနည်း သောက်လိုက်... ဒါပေမဲ့ ကြာရွက်တွေကိုတော့ လုံးဝ မခူးရဘူးနော်...”
ငါးလေးက ပြောလိုက်၏။
နျိုနျိုသည် မူလကတော့ ကြာရွက်ကို ခူးပြီး ရေခပ်သောက်ရန် ပြင်သော်လည်း ထိုစကားကို ကြားသောအခါမှ ရေကန်ဘေးတွင် ဝပ်၍ ရေကိုသာ သောက်လိုက်ရလေတော့သည်။
မည်မျှအထိ သောက်လိုက်သည် မသိ နျိုနျို၏ ရှေ့ရှိ ရေကန်မှာ ခမ်းခြောက်သွားခဲ့ချေပြီ။ သူမက ထပ်မံ၍ ငိုချင်စိတ် ပေါက်သွားရပြန်သည်။
“တောင်းပန်ပါတယ်... ရေကန်ထဲက ရေတွေကို သမီး အကုန် သောက်လိုက်မိပြီ... ငါးလေး သေသွားတော့မှာလားဟင်...”
ငါးလေးက ပြန်ပြောလိုက်သည်။
“ဘာမှ မဖြစ်ပါဘူး... အခုပဲ မြန်မြန် ပြန်သွားတော့နော်...”
နျိုနျို၏ ရှေ့ရှိ ရေကန်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ချေပြီ။
“နိုးလာပြီ... နိုးလာပြီဗျို့...”
နျိုနျိုသည် မျက်လုံးများကို ဖွင့်လိုက်ရာ ကျန်းယွင်နန်၏ စိုးရိမ်တကြီး ကြည့်နေသော မျက်လုံးများကို မြင်တွေ့လိုက်ရလေသည်။
“မေမေ...”
နျိုနျိုသည် သူမ၏ အက်ကွဲလှသော အသံကြောင့် ကိုယ့်ကိုယ်ကိုယ် ထိတ်လန့်သွားရ၏။
ကျန်းယွင်နန်သည် နျိုနျို နိုးလာသည်ကို မြင်သောအခါ ချက်ချင်းပင် မျက်ရည်များ ကျလာလေတော့သည်။ သို့သော်လည်း သူမသည် ဝမ်းနည်းနေရန် အချိန်မရှိသဖြင့် အလျင်အမြန် ထကာ လိုက်ကာ အပြင်ဘက်သို့ အော်ဟစ်လိုက်၏။
“သမားတော်ကြီး... သမားတော်ကြီး... သမီးလေးဆီကို မြန်မြန် လာကြည့်ပေးပါဦး... သမီးလေး နိုးလာပြီရှင့်...”
အသက် လေးဆယ်ကျော်အရွယ် သမားတော်ကြီးသည် အခန်းထဲသို့ အပြေးအလွှား ဝင်လာပြီး နျိုနျို၏ ကုတင်ဘေးတွင် ထိုင်ကာ ကလေးမလေး၏ သွေးခုန်နှုန်းကို စစ်ဆေးလေတော့သည်။
“သမီးလေးရယ်... သမီးကတော့ တစ်မိသားစုလုံးကို သေအောင် ခြောက်လိုက်တာပဲ... သမီးက သုံးရက်တိုင်တိုင် သတိမေ့နေတာ... သမီးမေမေ ကလည်း သုံးရက်လုံး ငိုနေတာဆိုတော့ မျက်လုံးတွေတောင် ဖောင်းနေပြီ...”
သမားတော်ကြီးက ပြောလိုက်သည်။
နျိုနျိုသည် ကျန်းယွင်နန်အား လှမ်းကြည့်လိုက်ရာ မိခင်ဖြစ်သူ၏ နီမြန်းဖောင်းအိနေသော မျက်လုံးများကို မြင်တွေ့လိုက်ရသဖြင့် ပါးစပ်လေး ဆူကာ မျက်ရည်များ ကျလာရပြန်သည်။
“အို... လိမ္မာတယ်... မငိုနဲ့တော့နော်... ရွှေစေ့လေးတွေ မကျစေနဲ့ဦး...”
သမားတော်ကြီးက ချော့မော့လိုက်၏။
နျိုနျိုသည် မျက်ရည်များကို အတင်း ထိန်းထားလိုက်လေသည်။ သမားတော်ကြီးသည် သွေးခုန်နှုန်းကို အချိန်အတော်ကြာ သေသေချာချာ စမ်းသပ်ပြီးနောက် မုတ်ဆိတ်မွှေးကို သပ်ရင်း ကျန်းယွင်နန်အား ပြောလိုက်သည်။
“အစက သတိမေ့နေတုန်းကတော့ သွေးခုန်နှုန်းက ငြိမ်းတော့မယ့် ဖယောင်းတိုင်မီးလိုပဲ အရမ်း စိုးရိမ်ခဲ့ရတာလေ... အခု နိုးလာတဲ့ အချိန်မှာ ပြန်စစ်ကြည့်တော့ သွေးခုန်နှုန်းက ပြန်ပြီး အားကောင်းလာပြီပဲ... ဒီကလေးကတော့ သေမင်းနဲ့ တစ်ခါ ဆုံခဲ့ပြီးပြီလို့တောင် ပြောလို့ ရတာပေါ့...”
ကျန်းယွင်နန်က မေးလိုက်၏။
“သမားတော်ကြီး... ဒါဆိုရင် အကုန် အဆင်ပြေသွားပြီလားဟင်...”
သမားတော်ကြီးက ခေါင်းညိတ်ပြလိုက်သည်။ ကျန်းယွင်နန်က ထပ်မံ၍ အသည်းအသန် မေးမြန်းလိုက်ပြန်၏။
“ဒါဆို သမီးလေးအတွက် ဘယ်လို ဆေးတွေ တိုက်ရမလဲဆိုတာ ပြောပြပေးပါဦး... ကျွန်မ အခုပဲ ဆေးကျိုလိုက်ပါ့မယ်...”
သမားတော်ကြီးက ခေါင်းခါလျက် ပြောလိုက်သည်။
“လောလောဆယ်တော့ ဆေးတိုက်ဖို့ မလိုသေးပါဘူး... ဒါပေမဲ့ ရောဂါအကြီးအကျယ် ဖြစ်ပြီးကာစ ဆိုတော့ အခက်အခဲလေးတွေတော့ ရှိနိုင်တာပေါ့... နောက် ရက်နည်းနည်းလောက် ဆိုရင်တော့ နေတိုင်း မနက်တိုင်း လာကြည့်ပေးပါ့မယ်...”
ကျန်းယွင်နန်သည် သက်ပြင်းကြီး တစ်ချက် ချနိုင်တော့၏။
“ဟုတ်ကဲ့ပါ... သမားတော်ကြီး ပြောတဲ့အတိုင်းပဲ လုပ်ပါ့မယ်ရှင့်...”
တံခါးလိုက်ကာ ပွင့်သွားပြီး ကုမင်တာ့သည် ငွေရောင် မျက်နှာဖုံး ဝတ်ဆင်ထားသော လူငယ်လေး တစ်ဦးကို ကုန်းပိုးကာ ဝင်လာလေသည်။
“နျိုနျို နိုးလာပြီလို့ ကြားတယ်လေ... ဝမ်းသာလိုက်တာဗျာ...”
ကုမင်တာ့က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ထို့နောက်တွင်မူ သူသည် သူ၏ ကျောပေါ်မှ လူငယ်လေးကို နျိုနျို၏ ဘေးရှိ ကုတင်ပေါ်သို့ ညင်သာစွာ တင်ပေးလိုက်၏။
“နျိုနျိုလေး... နေလို့ မကောင်းတာ ရှိလားဟင်... စားချင်တာ၊ ဆော့ချင်တာ ရှိရင် ဖေဖေ့ကို မြန်မြန် ပြောနော်...”
ကုမင်တာ့သည် သမီးဖြစ်သူအား အစွမ်းကုန် ဖြည့်ဆည်းပေးချင်နေခြင်း ပင်။
နျိုနျိုက ခေါင်းကို ဖြည်းဖြည်းချင်း ခါပြပြီး ဖခင်ဖြစ်သူအား ကြည့်ကာ ပြောလိုက်သည်။
“ဖေဖေ... ဖေဖေနဲ့ မေမေ တို့ ဒီရက်ပိုင်းမှာ အိပ်ရေးမဝကြဘူး မဟုတ်လား... မျက်လုံးတွေမှာ သွေးကြောတွေတောင် ထင်နေပြီလေ...”
ကုမင်တာ့သည် သမီးဖြစ်သူ၏ အလိုက်သိတတ်လှသော ပုံစံလေးကို ကြည့်ပြီး ရင်ထဲတွင် အရည်ပျော်သွားရ၏။ သမီးဖြစ်သူ စိုးရိမ်မှာ ကြောက်သဖြင့် သူက ခေါင်းခါလျက် ပြန်ပြောလိုက်သည်။
“ဖေဖေ ညဘက်ကတော့ ကောင်းကောင်း အိပ်ပါတယ်... ဒါပေမဲ့ ဒီရက်ပိုင်းမှာ အစပ်တွေ အရမ်း စားမိလို့ မျက်လုံးတွေက စပ်ပြီး နီနေတာ ဖြစ်မှာပါ...”
ဤကဲ့သို့သော လိမ်ညာစကားမျိုးမှာ ကလေးကိုသာ ချော့၍ ရနိုင်မည်။ နျိုနျိုက စဉ်းစားဟန်ဖြင့် ပြောလိုက်၏။
“အစပ်စားရင် မျက်လုံးနီတတ်တာကိုး... နျိုနျို လည်း နောက်ဆိုရင် အစပ်တွေကို လျှော့စားတော့မယ်နော်...”
ဘေးနားရှိ သမားတော်ကြီးက ဝင်ပြောလိုက်သည်။
“ဒီရက်ပိုင်းမှာတော့ ပေါ့ပေါ့ပါးပါး အစားအစာတွေကိုပဲ အဓိက စားရမယ်နော်...”
ကုမင်တာ့ ဝင်လာကတည်းက ကျန်းယွင်နန်သည် အပြင်သို့ ထွက်သွားခဲ့ချေပြီ။ သူမ ပြန်လာသောအခါ လက်ထဲတွင် ဆန်ပြုတ် နှစ်ခွက်နှင့် ဟင်းအချို့ ပါလာလေသည်။ သူမသည် တစ်ခွက်ကို ကုမင်တာ့၏ လက်ထဲသို့ ထည့်ပေးလိုက်၏။
“နျိုနျိုလေး... ဖေဖေ ကိုကို့ကို အရင် ကျွေးလိုက်ဦးမယ်နော်...”
ကုမင်တာ့က ပြောဆိုကာ နျိုနျို၏ မျက်နှာချင်းဆိုင် ကုတင်ရှိ မျက်နှာဖုံးစွပ် လူငယ်လေး၏ ဘေးတွင် ထိုင်လိုက်လေသည်။
ကျန်းယွင်နန်ကမူ နျိုနျိုအား ဆန်ပြုတ် ကျွေးနေ၏။ နျိုနျိုက တိုးတိုးလေး မေးမြန်းလိုက်သည်။
“ကိုကိုက ဒဏ်ရာရထားလို့လားဟင်...”
ကျန်းယွင်နန်က ညင်သာစွာ ရှင်းပြလိုက်၏။
“ဒါက အရင်က ဖေဖေ့ကို ကယ်ခဲ့တဲ့ စစ်ဗိုလ်လေးလေ... သမီးက သူ့ကို ကိုကိုရှဲ့လို့ ခေါ်ပြီး ကျေးဇူးတင်လိုက်ဦး... သူက အရင်က ခြေလက်တွေမှာ ဒဏ်ရာရခဲ့လို့ သမားတော်နဲ့အတူ ဆေးကုနေတာလေ... တို့တွေနဲ့အတူ မြို့တော်ကို လိုက်မှာပေါ့...”
နျိုနျိုက လိမ္မာစွာ ခေါင်းညိတ်ပြလိုက်သည်။
“ကိုကိုရှဲ့ က ဖေဖေ့ကို ကယ်ခဲ့တဲ့သူဆိုတော့... နျိုနျို ရဲ့ ကျေးဇူးရှင်ပေါ့နော်... နောက်ကျရင် နျိုနျို နဲ့ မိဘတွေက သူ့ကို သေချာ ပြုစုပေးရမှာပေါ့...”
ကျန်းယွင်နန်သည် နျိုနျိုက ကိုကိုရှဲ့ ဘာလို့ မျက်နှာဖုံး စွပ်ထားတာလဲဟု မေးမှာကိုလည်း စိုးရိမ်နေမိ၏။ ကံကောင်းထောက်မစွာဖြင့် နျိုနျိုသည် အမြဲတမ်း လိမ္မာသူ ဖြစ်သဖြင့် တစ်ပါးသူအား အရှက်ရစေမည့် ကိစ္စများကို လုပ်ဆောင်မည် မဟုတ်ပေ။
ကုမင်တာ့၏ လက်ထဲမှ ဇွန်းကို မကမ်းပေးရသေးမီမှာပင် ရှဲ့ရှင်းချွမ်းသည် သူ၏ မျက်နှာပေါ်မှ မျက်နှာဖုံးကို ဖြုတ်လိုက်ရာ သူ၏ ဘယ်ဘက်မျက်နှာရှိ ကြောက်မက်ဖွယ်ရာ အမာရွတ်များ ပေါ်ထွက်လာလေသည်။ သူသည် ကိုယ်ကို အနည်းငယ် စောင်းလိုက်၏။
သို့သော်လည်း နျိုနျို၏ အမြင်မှ ကြည့်လျှင် ရှဲ့ရှင်းချွမ်း၏ မျက်နှာ တစ်ခြမ်းကို ရှင်းလင်းစွာ မြင်တွေ့နေရဆဲ ပင်။ ရှဲ့ရှင်းချွမ်းသည် ကလေးမလေး လန့်ငိုတော့မည်ဟု ထင်မှတ်ကာ အဆင်သင့် ပြင်ထားသော်လည်း မျှော်လင့်ထားသကဲ့သို့ ငိုသံကိုမူ မကြားခဲ့ရချေ။
နျိုနျို၏ မျက်လုံးများတွင်မူ စိတ်မကောင်း ဖြစ်နေမှုများဖြင့် ပြည့်နှက်နေပြီး မေးမြန်းလိုက်၏။
“မေမေ... ကိုကိုရှဲ့ ရဲ့ မျက်နှာမှာလည်း ဒဏ်ရာ ရထားတာလားဟင်... ဒါကလည်း ဖေဖေ့ကို ကယ်ရင်းနဲ့ ရခဲ့တဲ့ ဒဏ်ရာလားဟင်...”
သူမ၏ အသံမှာ မကျယ်သော်လည်း ရှဲ့ရှင်းချွမ်းမှာမူ ကိုယ်ခံပညာ လေ့ကျင့်ထားသူ ဖြစ်သဖြင့် အကုန် ကြားနေရပေသည်။ သူသည် ထိုစကားကို ကြားသောအခါ မျက်နှာထားကို တည်ငြိမ်အောင် ထိန်းထားရန်ပင် ခက်ခဲနေတော့၏။