အခန်း (၂၁၅-၂၁၆)
Vol. 22 Ch. 215-216
အခန်း (၂၁၅) - ဝိညာဉ်နက်တောင်ကြော၏ လျှို့ဝှက်အန္တရာယ်၊ တိုးတက်လာသော မျိုးဆက်သစ်များ (၁)
၎င်း၏ မျက်ဝန်းများထဲတွင် ဝံပုလွေပေါက်လေးတစ်ကောင်၏ အပြစ်ကင်းစင်မှုမျိုး မရှိတော့ဘဲ အသက်အရွယ်နှင့် လုံးဝမလိုက်ဖက်သော ရက်စက်မှုနှင့် ဂနာမငြိမ်မှုများ၊ တိုက်ပွဲနှင့် သွေးများအတွက် ဆာလောင်မွတ်သိပ်မှုများက အစားထိုး ဝင်ရောက်နေပြီဖြစ်သည်။
ထိုအငွေ့အသက်များက အကောင်အထည် မပေါ်သေးသော်လည်း ၎င်းထံတွင်ရှိသော သွေးမိစ္ဆာတိုက်ပွဲဝင်ခန္ဓာ၏ ထူးခြားသော ရိုင်းစိုင်းသည့် အငွေ့အသက်မှာ အတော်လေး သိသာနေပြီဖြစ်ရာ သူ့ကို တားဆီးရန် ကြိုးစားနေသော အနီးအနားရှိ အရွယ်ရောက်ပြီး နှင်းဝံပုလွေများကိုပင် အလိုအလျောက် အစွယ်ဖြီးကာ သတိထားရမည့် အမူအရာများ ပြသလာစေသည်။
“ဘုရင်ကြီး......” အရွယ်ရောက်ချိန်ရောက်နေသည့် အထီးဝံပုလွေတစ်ကောင်၏ ထူးခြားသော သွေးမိစ္ဆာ၏ သြရှရှအသံမှာ အလွန်ပြတ်သားနေသည်။
လင်းထျန်းလုံထံမှ ထွက်ပေါ်နေသော သဘာဝဖိအားများကို ကြိတ်မှိတ်ခံစားရင်း ခေါင်းကို အားယူကာ မော့ထားသည်။
“ကျွန်တော် ကြီးပြင်းလာပြီ၊ အလုံခြုံဆုံး ဂူထဲမှာ ပုန်းနေပြီး ကိုယ့်အဖော်တွေ သွေးထွက်သံယို တိုက်ပွဲဝင်နေတာကို ထိုင်ကြည့်မနေချင်တော့ဘူး။ ကျွန်တော်ကို တိုက်ပွဲဝင်ခွင့်ပြုပါ၊ ကျွန်တော် ပိုသန်မာလာချင်တယ်၊ ကျွန်တော့် အဖော်တွေလိုပဲ ဝံပုလွေအသိုက်အတွက် တိုက်ပွဲဝင်ချင်တယ်”
သွေးမိစ္စာက ခေါင်းမာစွာပင် ခေါင်းမော့ထားပြီး ဘုရင်အဆင့် ဖိအားအောက်တွင် ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ခါနေသော်လည်း မီးတောက်များအလား တောက်လောင်နေသည့် သူ၏ မျက်လုံးများထဲတွင် နောက်ပြန်ဆုတ်မည့် အရိပ်အယောင်မျိုး လုံးဝမရှိပေ။
“ဒီဝံပုလွေပေါက်လေး..... ဒီကောင်လေးရဲ့ သတ်ဖြတ်ချင်စိတ် အငွေ့အသက်တွေက စုစည်းနေပြီး လုံး၀ မပျောက်ကွယ်သွားဘူး၊ အလားအလာကောင်းတယ်၊ ဒါပေမယ့် အရမ်းလောလွန်းတယ်”
“သူ ဘယ်လိုလုပ် ဒီလောက်မြန်မြန် ကြီးလာတာလဲ၊ သွေးမိစ္ဆာတိုက်ပွဲဝင်ခန္ဓာက ဝိညာဉ်စွမ်းအင်သိပ်သည်းတဲ့ ပတ်ဝန်းကျင်မှာ အရမ်းကို အားကောင်းလွန်းတာပဲ”
လင်းထျန်းလုံက စိတ်ထဲတွင် တွေးလိုက်သည်။
ဤထူးခြားသော ကောင်လေးကို သူ စူးစိုက်ကြည့်လိုက်သည်။
၎င်း၏ သွေးကြောများအတွင်း ဂနာမငြိမ် စီးဆင်းနေသည့် ထာဝရတိုက်ပွဲဝိညာဉ်နှင့် အရင်းအမြစ်တူညီသော ဖရိုဖရဲဖြစ်ကာ ရိုင်းစိုင်းသည့် စွမ်းအင်များကို သူ၏ ငွေပြာဘုရင်မျက်ဝန်းများဖြင့် ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။
ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထလာသည့်ခေတ်တွင် ဤမျိုးဗီဇပြောင်းလဲနေသော ဝံပုလွေပေါက်လေး၏ အလားအလာသည် အမှန်တကယ်ပင် သာမန် နှင်းဝံပုလွေများထက် များစွာ သာလွန်နေသည်။
“မင်း တကယ်ပဲ မြန်မြန်ကြီးပြင်းလာတာပဲ” လင်းထျန်းလုံ၏ အသိစိတ်က ရေကန်နက်ကြီးတစ်ခုကဲ့သို့ တည်ငြိမ်အေးချမ်းနေခဲ့သည်။
“ဒါပေမယ့် မဆင်မခြင် ပြေးဝင်တာက ရဲရင့်တာနဲ့ မတူသလို၊ အဓိပ္ပာယ်မရှိတဲ့ စွန့်လွှတ်အနစ်နာခံမှုက ပိုပြီးတော့တောင် မိုက်မဲသေးတယ်ဆိုတာ မင်းနားလည်ရမယ်”
သွေးမိစ္ဆာ၏ မျက်လုံးထဲမှ အလင်းရောင်များ ချက်ချင်းမှေးမှိန်သွားပြီး လည်ချောင်းထဲမှ မကျေနပ်မှုနှင့် ဝမ်းနည်းမှုများ ရောယှက်နေသော ညည်းတွားသံတစ်ခု ထုတ်လွှတ်ကာ ရှေ့လက်ဖဝါးများကို ပိုမိုနှိမ့်ချလိုက်ပြီး အမြီးကိုလည်း ချထားလိုက်သည်။
“ဒါပေမယ့်......” လင်းထျန်းလုံ၏ လေသံက ပြောင်းလဲသွားပြီး ယင်းဖုန်း၏ ကင်းထောက်အဖွဲ့မှ မကြာသေးမီက ပြန်ပို့ထားသော အချက်အလက်များကို သူ၏ စိတ်ထဲတွင် ချက်ချင်း ဆွဲထုတ်လိုက်သည်။
“အရှေ့တောင်ဘက် သုံးဆယ့်ငါးမီတာ အကွာမှာရှိတဲ့ ကျောက်ခဲချိုင့်ဝှမ်းနားမှာ ‘အကျင့်ပျက် ခွေးအလူသား’ အုပ်စုတစ်စု အခြေချနေတယ်၊ သူတို့ အရေအတွက်က သုံးဆယ်လောက်ရှိပြီး ငါးကောင်က ထူးချွန်အဆင့်ကို ရောက်နေကြတယ်”
သူတို့ရဲ့ ခေါင်းဆောင်က အဆင့် ၁၈ ထူးချွန်အဆင့်၊ ခွန်အားကြီး သားရဲတစ်ကောင်ပဲ၊ ဒီကောင်တွေက ဝိညာဉ်စမ်းချောင်းငယ်လေးတစ်ခုရဲ့ မြစ်လက်တက်ကို သိမ်းပိုက်ပြီး အဲဒီမှာ အသိုက်တစ်ခုတည်ဆောက်နေကြတယ်”
သူ၏ အကြည့်များသည် ရေခဲဆူးတစ်ချောင်းအလား သွေးမိစ္ဆာ၏ ဝိညာဉ်ထဲသို့ စိုက်ဝင်သွားသည်။
“မင်းရဲ့တာဝန်က အနည်းဆုံး စုပေါင်းအမဲလိုက်ပွဲ သုံးကြိမ်လောက် ပါဝင်ဖူးပြီး သွေးမြင်ဖူးတဲ့ အရွယ်ရောက်ကာစ စစ်သည်တွေထဲက အဖော်ဆယ်ယောက်ကို ရွေးချယ်ရမယ်”
“ မင်းလုပ်ရမဲ့အရာက ရှေ့တည့်တည့်ကနေ ဝင်တိုက်ဖို့ မဟုတ်သလို၊ အကုန်လုံးကို သတ်ပစ်ဖို့လည်း မဟုတ်ဘူး”
“သူတို့ရဲ့ တပ်ဖွဲ့ဖြန့်ကျက်မှု အခြေအနေ၊ လှုပ်ရှားမှု ပုံစံတွေနဲ့ အဲဒီ ဝိညာဉ်စမ်းချောင်း မြစ်လက်တက်ရဲ့ အခြေအနေ အတိအကျနဲ့ ခံစစ်အင်အားကို သိရအောင် အဆက်မပြတ် အနှောင့်အယှက်ပေးပြီး တိုက်ခိုက်ရမယ်”
“သုံးရက်အတွင်း အသေးစိတ် ထောက်လှမ်းရေးသတင်းတွေ၊ ပြန်လာပြီး ပေးပို့ရမယ်”
သူသည် တာဝန်၏အခက်အခဲနှင့် ရှုပ်ထွေးမှုကို တမင်သက်သက် တိုးမြှင့်ထားလိုက်သည်။
အရေးကြီးသော နေရာကို သိမ်းပိုက်ထားသည့် ထူးချွန်အဆင့်များ ပါဝင်သော ခွေးအလူသား သုံးဆယ်ကို ရင်ဆိုင်ရခြင်းမှာ ရိုးရှင်းသော ရှင်းလင်းရေးတာဝန် မဟုတ်ဘဲ စစ်ရေးထောက်လှမ်းမှုတစ်ခုနှင့် ပိုတူနေသည်။
ဤသည်မှာ သွေးမိစ္ဆာ၏ တိုက်ခိုက်ရေးစွမ်းရည်ကို စမ်းသပ်ခြင်းသာမက သူ၏ကွပ်ကဲမှုစွမ်းရည်၊ စိတ်ရှည်မှုနှင့် ဆုံးဖြတ်ချက်ချနိုင်စွမ်းတို့ကိုပါ စမ်းသပ်ခြင်းဖြစ်သည်။
သွေးမိစ္ဆာက ခေါင်းကို ရုတ်တရက်မော့လိုက်ရာ ယမ်းမှုန့်များ ပေါက်ကွဲသွားသကဲ့သို့ မျက်လုံးများထဲတွင် ပြင်းထန်ပြီး တောက်ပသော အလင်းရောင်များ ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာသည်။
စိတ်လှုပ်ရှားစွာ ဟိန်းဟောက်ခြင်းမျိုး မပြု၊ ခေါင်းကို အစွမ်းကုန် အားယူကာ လေးလေးနက်နက် ညိတ်ပြလိုက်သည်။
ထို့နောက် တုံ့ဆိုင်းခြင်းအလျဉ်းမရှိဘဲ လှည့်ထွက်သွားကာ အနီနှင့်အဖြူ ရောယှက်နေသော အရိပ်တစ်ခုအဖြစ် ပြောင်းလဲပြီး စစ်ပွဲ၏ အရသာကို ခံစားဖူးကာ မျက်လုံးများတွင် တက်ကြွမှုများ တောက်ပနေကြသည့် ဝံပုလွေအုပ်စုထဲရှိ မျိုးဆက်သစ်လူငယ်များထံသို့ မဆုတ်မနစ်သော စိတ်ဓာတ်ဖြင့် ပြေးထွက်သွားတော့သည်။
ပြတ်သားသော သွေးမိစ္ဆာ၏ ကျောပြင်လေး ဝံပုလွေအုပ်စုကြီးထဲတွင် ပျောက်ကွယ်သွားသည်ကို လင်းထျန်းလုံက ကြည့်နေရင်း ရေခဲပြာရောင်မျက်လုံးများမှာ နက်ရှိုင်းတည်ငြိမ်နေခဲ့သည်။
ဓားသွေးကျောက်တစ်ခုကဲ့သို့ ဂရုတစိုက် စီစဉ်ထားသော ဤစမ်းသပ်မှုက မွေးကတည်းက ရက်စက်ကြမ်းကြုတ်သော ဤဓားသွားကို အနာဂတ်တွင် ဝံပုလွေအုပ်စု၏ ထက်ရှသောအစွယ်များအဖြစ် အောင်မြင်စွာ သွေးနိုင်မည်လော။
သို့မဟုတ် ခံနိုင်ရည်မရှိခြင်းကြောင့် အချိန်မတိုင်မီ ကျိုးပဲ့သွားမည်လော ဆိုသည်ကို ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း သူ သိထားသည်။
အဝေးကောင်းကင်ယံတွင် ဝိညာဉ်နက်တောင်ကြော၏ အရိပ်မှာ မိုးကုတ်စက်ဝိုင်းအစွန်း၌ ထင်ဟပ်နေဆဲဖြစ်ပြီး အန္တရာယ်ရှိသော အငွေ့အသက်များကို ထုတ်လွှင့်နေသည်။
သို့သော် ဤအခိုက်အတန့်တွင် ဝံပုလွေအသိုက်၌ ပိုမိုစွမ်းအားကြီးမားသော ဘုရင်တစ်ပါး ရှိနေပြီဖြစ်သလို... မိမိကိုယ်ကို သက်သေပြရန် ဆာလောင်မွတ်သိပ်နေသော ဂနာမငြိမ်ဖြစ်နေသည့် မျိုးဆက်သစ်များလည်း ရှိနေပြီဖြစ်သည်။
…….
ဝံပုလွေအသိုက်အတွင်း ငြိမ်သက်သွားခဲ့ပြီဖြစ်သော်လည်း အစောပိုင်း ဧရာမချော်ရည်ကြံ့ကြီး၏ ကျူးကျော်မှုကြောင့် လေထုထဲတွင် သွေးနံ့နှင့် ကန့်ရနံ့များ ခပ်သဲ့သဲ့ကျန်ရှိနေဆဲဖြစ်သည်။
လင်းထျန်းလုံသည် တိုတမ်မိခင်သစ်ပင်ကြီး၏ အမြစ်များပေါ်တွင် မတ်မတ်ရပ်နေပြီး ငွေဖြူရောင် ခန္ဓာကိုယ်ကြီးအပေါ် မိခင်သစ်ပင်၏ မြစိမ်းရောင်အလင်းတန်းများက ကျရောက်နေရာ ရေခဲဖြင့် ထွင်းထုထားသော စစ်နတ်ဘုရားတစ်ပါးနှင့် တူနေတော့သည်။
သူ၏ ရေခဲရောင် ငွေပြာဘုရင်မျက်ဝန်းသည် တိုက်ပွဲမြေပြင်ကို ရေဒါတစ်ခုကဲ့သို့ တိကျစွာ စစ်ဆေးနေပြီး နောက်ဆုံးတွင် အနောက်မြောက်ဘက်ရှိ သူလွှတ်ပေးခိုင်းလိုက်သော ခွေးအများထံကျရောက်သွားတော့သည်။
သူတို့သည် ခွေးအပုံစံရှိသော်လည်း ကျောက်တုံးကဲ့သို့ အကြေးခွံများဖြင့် ဖုံးအုပ်ထားကာ ဒဏ်ရာရနေသော ခန္ဓာကိုယ်များကို တရွတ်တိုက်ဆွဲရင်း ဝိညာဉ်နက်တောင်ကြော၏ ထူထပ်သော သစ်တောအရိပ်ထဲသို့ ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြေးဝင်သွားကြသည်။
“ဘုရင်ကြီး၊ အမိန့်အတိုင်း ကျောက်သားကြေးခွံ ခွေးအ သုံးကောင်ကို လွတ်ပေးလိုက်ပါတယ်” ယင်းဖုန်း၏ အေးစက်ရှင်းလင်းသော အတွေးလှိုင်းသည် လင်းထျန်းလုံ၏ အသိစိတ်ထဲသို့ လျှို့ဝှက်ရေစီးကြောင်းတစ်ခုအလား တိတ်ဆိတ်စွာ စီးဝင်လာသည်။
“သူတို့ကိုယ်ပေါ်မှာ ချန်ထားခဲ့တဲ့ စွမ်းအင်အမှတ်အသားတွေက သေးငယ်ပေမယ့် ထင်ရှားပြီး ဝိညာဉ်နက်တောင်ကြောရဲ့ အနက်ရှိုင်းဆုံးနေရာဆီကို မီးပြတိုက်တစ်ခုလို ညွှန်ပြနေပါတယ်”
“အင်း” လင်းထျန်းလုံ၏ တုံ့ပြန်မှုက တည်ငြိမ်ပြီး အေးတိအေးစက်နိုင်လှသည်။ ဤသည်မှာ သူ လိုချင်သော ရလဒ်ပင်ဖြစ်သည်။
ပြတ်သားသော အောင်ပွဲတစ်ခုနှင့်အတူ ရှုံးနိမ့်မှုနှင့် အကြောက်တရား သတင်းများကို သယ်ဆောင်သွားမည့် ပါးစပ်ပေါက် အနည်းငယ်ကို ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။
၎င်းသည် ဝံပုလွေအသိုက်၏ ကျူးကျော်၍မရသော စွမ်းအားကို ပြသလိုက်ရုံသာမက ပြင်းထန်သော တိုက်ပွဲအပြီးတွင် အုပ်စုကြီး အနားယူရန် လိုအပ်နေကြောင်းနှင့်…..
သူကိုယ်တိုင်လည်း မကြာသေးမီက အဆင့်တက်ထားသဖြင့် သူ၏ စွမ်းအားများကို တည်ငြိမ်အောင်လုပ်ရန် အချိန်လိုအပ်နေကြောင်းကို ပါးနပ်စွာ ဖုံးကွယ်ထားခြင်းလည်း ဖြစ်သည်။
ဝိညာဉ်နက်တောင်ကြော၏ အနက်ရှိုင်းဆုံးနေရာတွင် ပုန်းအောင်းနေသော ပြိုင်ဘက်ကို ဒေါသနှင့် သံသယများကြားတွင် အမြဲတမ်း ခန့်မှန်းတွေးတောနေစေပြီး အစွမ်းကုန် တိုက်ခိုက်ရန် အလွယ်တကူ မဆုံးဖြတ်ရဲအောင် ပြုလုပ်လိုခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဝိညာဉ်နက်တောင်ကြော၏ အနက်ရှိုင်းဆုံးနေရာ၌...
မီးခိုးရောင်နှင့် ခရမ်းရောင်ရောယှက်နေသော အဆိပ်ငွေ့များ အမြဲတမ်း ဖုံးလွှမ်းနေပြီး ဧရာမသားရဲကြီးများ၏ အစွယ်များနှင့်တူသော ချွန်ထက်သည့် ကျောက်ဆောင်များရှိသည့် တောင်ကြားတစ်ခုတွင်…….
လေထုမှာ ထူထပ်ပြီး အသက်ရှူကြပ်လောက်အောင် ဖြစ်နေကာ ကန့်ငွေ့များနှင့် ပိုမိုနက်ရှိုင်းသော ပုပ်ဟောင်းနေသည့် အနံ့များ ရောနှောနေသည်။
လွတ်မြောက်လာသော ကျောက်အကြေးခွံ ခွေးအ သုံးကောင်သည် ကြီးမားလိမ်ကောက်နေသော သားရဲအရိုးများဖြင့် ပြုလုပ်ထားသည့် ကြောက်မက်ဖွယ် တိုတမ်တိုင်များကို တွားသွား၍ ဖြတ်သန်းနေကြသည်။
ဒဏ်ရာများနှင့် အရိုးထိအောင် စိမ့်ဝင်နေသော အကြောက်တရားများကို သယ်ဆောင်လျက် အလင်းရောင်အားလုံးကို မြိုချနိုင်စွမ်းရှိပုံရသည့် ကြီးမားနက်ရှိုင်းသော ဂူပေါက်ဝတွင် မှောက်လျက်သား ခစားလိုက်ကြသည်။
ဂူထဲတွင် သက်ရှိတစ်ခုကဲ့သို့ လှုပ်ရှားနေသည်။ နောက်တစ်ခဏတွင် မျက်လုံးတစ်စုံ... မဟုတ်သေး၊ မျက်လုံးသုံးလုံး ဖြည်းညင်းစွာ ပွင့်လာခဲ့၏။
ပင်မမျက်လုံးတစ်စုံသည် သွေးနီရောင်လမင်းကြီးများကဲ့သို့ နီရဲတောက်ပနေပြီး နဖူးဗဟိုရှိ ဒေါင်လိုက်မျက်လုံးသည်ကား ဝိညာဉ်ကို ထိုးဖောက်နိုင်စွမ်းရှိပုံရသည့် ပို၍ ကြောက်မက်ဖွယ်ကောင်းသော မည်းနက်နက်ရွှေရောင်များ လင်းလက်နေသည်။
အေးစက်သော အကြည့်များသည် မီးမောင်းကြီးတစ်ခုအလား ဂူအပြင်ဘက်တွင် တုန်ရီနေကြသော ရှုံးနိမ့်လာသည့် စစ်သည်သုံးကောင်အပေါ် လွှမ်းခြုံသွားသည်။
“သခင်... သခင်ကြီး။ သနားပါ၊ သနားတော်မူပါ” ခေါင်းဆောင် ကျောက်သားအကြေးခွံ ခွေးအ၏ အသံမှာ တုန်ရီပြတ်တောင်းနေပြီး ငိုသံပါနေကာ အစီစဉ်တကျ မရှိသော သတင်းများ ပေးပို့လိုက်သည်။
အခန်း (၂၁၆) - ဝိညာဉ်နက်တောင်ကြော၏ လျှို့ဝှက်အန္တရာယ်၊ တိုးတက်လာသော မျိုးဆက်သစ်များ (၂)
“ရှုံးပြီ၊ အကုန်လုံးရှုံးသွားပြီ၊ ခေါင်းဆောင်ကြီးက... သူက... ဟို ငွေဖြူရောင်ဝံပုလွေဘုရင်ရဲ့... တစ်ချက်တည်းနဲ့၊ တစ်ချက်တည်းနဲ့တင် သူ့ခေါင်းကြီး ပွင့်ထွက်သွားတာ”
“သူတို့ဆီမှာ ဝံပုလွေဘုရင်ပဲ ရှိတာမဟုတ်ဘူး၊ အရမ်းစွမ်းအားကြီးတဲ့ ဝံပုလွေစစ်သူကြီး သုံးကောင်လည်း ရှိသေးတယ်၊ ပြီးတော့ အဲဒီ နှင်းဝံပုလွေတွေက ရူးနေသလို တိုက်ကြတာ၊ ကျွန်တော်တို့...”
“အသုံးမကျတဲ့ကောင်တွေ”
ပဲ့တင်ထပ်နေသော အေးစက်သည့် ကြောက်မက်ဖွယ် အတွေးလှိုင်းတစ်ခုသည် နှစ်တစ်သောင်းသက်တမ်းရှိ ရေခဲဖြင့် သွန်းလုပ်ထားသော သံတူကြီးတစ်ခုကဲ့သို့ အသက်ရှင်ကျန်ရစ်သူ သုံးကောင်၏ စိတ်ထဲသို့ သတိပေးခြင်းမရှိဘဲ ရိုက်ခတ်သွားသည်။
သူတို့ မအော်ဟစ်နိုင်သေးခင်မှာတင် သူတို့၏ ခေါင်းများသည် မမြင်ရသော ကြီးမားလွန်းသည့် ခွန်အားတစ်ခုဖြင့် ဖိချေခံလိုက်ရသကဲ့သို့ တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားတော့သည်။
အနီနှင့်အဖြူ အရည်များ ရောနှောကာ အရိုးစများနှင့်အတူ စိတ်ပျက်ဖွယ် ပန်းထွက်လာပြီး လောဘကြီးသော မြေကြီးက အလျင်အမြန်ပဲ စုပ်ယူသွားသည်။
ဂူ၏ အနက်ရှိုင်းဆုံးနေရာမှ ပုံရိပ်တစ်ခုက ဖြည်းညင်းစွာ မတ်တတ်ရပ်လာပြီး ၎င်း၏ ကြီးမားလှသော ပုံပန်းသဏ္ဍာန်သည် ထူထပ်သော အမှောင်ထုထဲတွင် တဖြည်းဖြည်းခြင်း ထင်ရှားလာသည်။
၎င်းသည်လည်း ဧရာမဝံပုလွေကြီးတစ်ကောင် ဖြစ်သော်ငြား ခန္ဓာကိုယ်တည်ဆောက်ပုံမှာ လင်းထျန်းလုံထက် ပိုမိုကြံ့ခိုင်ပြီး ခံ့ညားထည်ဝါကာ အရပ်အမြင့်မှာ လေးမီတာနီးပါးရှိသည်။
ဖောင်းကြွနေသော ကြွက်သားများသည် ကြမ်းတမ်းရက်စက်ဟန်ရကာ အချိန်မရွေး ပေါက်ကွဲတော့မည့်အလား စွမ်းအားများဖြင့် ပြည့်နှက်နေသည်။
၎င်း၏ အမွေးများမှာ အမည်းရောင်သက်သက် မဟုတ်ဘဲ အလင်းရောင်ကိုပင် စုပ်ယူနိုင်စွမ်းရှိပုံရသည့် ပိုမိုနက်ရှိုင်းသော မဟူရာအရောင် ဖြစ်သည်။
အထင်ရှားဆုံးမှာ ၎င်း၏ ကြောက်မက်ဖွယ် မျက်လုံးသုံးလုံးဖြစ်သည်။
သွေးနီရောင် ပင်မမျက်လုံးတစ်စုံမှာ အာဏာရှင်ဆန်မှုနှင့် ရက်စက်မှုများဖြင့် တောက်လောင်နေပြီး နဖူးပေါ်ရှိ ရွှေရောင် ဒေါင်လိုက်မျက်၀န်းမှာမူ တိမ်တိုက်များထက်တွင် မြင့်မားစွာရှိနေပြီး ပုရွက်ဆိတ်များ သေဆုံးသွားသည်ကို ငုံ့ကြည့်နေသော နတ်ဘုရားတစ်ပါးကဲ့သို့ အေးစက်နေပြီး လုံး၀ လျစ်လျူရှုထားပုံရသည်။
[စနစ်အသိပေးချက်]။ ။
[မျိုးနွယ်စု: မျက်လုံးသုံးလုံးဝံပုလွေဘုရင် (ဘုရင်သွေးမျိုးဆက်)]
[အဆင့်: အဆင့် ၄၅ (ဒုတိယ ဘုရင် အလယ်အလတ်အဆင့်)]
[ပင်ကိုစွမ်းရည်များ: ကံကြမ္မာမိစ္ဆာမျက်လုံး (ရွှေရောင် အဆင့်မြင့်)၊ အမှောင်ထုစိုးမိုးခြင်း (ရွှေရောင် အဆင့်မြင့်)]
[ကျွမ်းကျင်မှုစွမ်းရည်များ: အရိပ်တိုက်စားခြင်း (ရွှေရောင် အဆင့်မြင့်)၊ ဝိညာဉ်ဟိန်းဟောက်သံ (ခရမ်းရောင် အဆင့်မြင့်)၊ ဝိညာဉ်ခွဲလက်သည်း (ခရမ်းရောင် အဆင့်မြင့်)]
“ငွေဖြူရောင် ဝံပုလွေဘုရင်တဲ့လား... စိတ်ဝင်စားစရာပဲ”
မျက်လုံးသုံးလုံး ဝံပုလွေဘုရင်၏ အတွေးလှိုင်းများသည် ဟာလာဟင်းလင်းဖြစ်နေသော တိတ်ဆိတ်သည့် ဂူထဲတွင် ပဲ့တင်ထပ်သွားပြီး အရုပ်အသစ်တစ်ရုပ်ကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ ရက်စက်စွာ ရယ်မောလိုက်လေသည်။
“ဒီတိတ်ဆိတ်နေတဲ့ တောအုပ်ထဲကို အိမ်နီးချင်းအသစ်တစ်ယောက် ရောက်လာပြီပဲ၊ စည်းမျဉ်းတွေကို နားမလည်ပေမယ့် စွမ်းရည်အချို့တော့ ရှိတဲ့ပုံပဲ”
၎င်း၏ ရွှေရောင် ဒေါင်လိုက်မျက်၀န်းသည် အနည်းငယ်ရွေ့လျားသွားပြီး ထူထပ်သော တောင်တန်းများနှင့် အဆုံးမဲ့ဟင်းလင်းပြင်ကို ဖောက်ထွင်းကာ ဝံပုလွေအသိုက်ရှိ အလွန်စွမ်းအားကြီးမားသော ငွေဖြူရောင်အငွေ့အသက်ကို တိကျစွာ လှမ်းကြည့်လိုက်သကဲ့သို့ပင် စူးရှနေခဲ့သည်။
“ဟို ငတုံးကောင် သေသွားတာလည်း ကောင်းတာပဲ၊ ငါ့ရဲ့ မြေကမ္ဘာအမြုတေ ချော်ရည်မီးတောက်ကို အဲ့ကောင်က အမြဲတမ်း မျက်စိကျနေတာ၊ နားအေးသွားတာပေါ့”
၎င်းက တီးတိုးရေရွတ်လိုက်ပြီး သွေးနီရောင် ပင်မမျက်လုံးများထဲတွင် မထီမဲ့မြင်ပြုမှုများ လင်းလက်သွားသည်။
“ငါ မင်းကို... ပြီးတော့ မင်းရဲ့ ဝံပုလွေအုပ်စုကို ရက်အနည်းငယ်လောက် ထပ်ပြီးအသက်ရှင်ခွင့် ပေးထားလိုက်မယ်။ ဟိုအရာကို ငါ လုံးဝ ထိန်းချုပ်နိုင်သွားပြီဆိုရင်တော့...”
စကားလုံးများသည် လောဘနှင့် အကြွင်းမဲ့ ယုံကြည်မှုများ ပြည့်နှက်နေသော မသဲမကွဲ ဟိန်းဟောက်သံတိုးတိုးအဖြစ် ပြောင်းလဲသွားတော့သည်။
ဝံပုလွေအသိုက်၏ ဗဟိုချက်ရှိ မိခင်သစ်ပင်အောက်တွင်...
လင်းထျန်းလုံသည် အနောက်မြောက်ဘက်မှ သူ၏အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး စနစ်နေရာလွတ်ထဲသို့ သူ၏အသိစိတ်ကို နစ်မြုပ်လိုက်သည်။
ဤတိုက်ပွဲမှ ရရှိလာသော အကျိုးအမြတ်များကို စာရင်းပြုစုပြီး စုပ်ယူရန် အချိန်ရောက်ပြီဖြစ်သည်။
သူ တစ်ချက်တွေးလိုက်သည်နှင့် ယခင်အမဲလိုက်ပွဲများနှင့် ဤတိုက်ပွဲမှ ရရှိခဲ့ကာ လက္ခဏာရပ် သိုလှောင်ရုံထဲတွင် စုပုံနေသော ကြေးအဆင့်နှင့် ငွေအဆင့် ဝိသေသလက္ခဏာရပ်များ အဓိကပါဝင်သော အဆင့်နိမ့် လက္ခဏာရပ် အများအပြားသည် မမြင်ရသော လက်တစ်ဖက်က ဖမ်းဆုပ်လိုက်သကဲ့သို့ ရွေ့လျား၊ လင်းလက်လာပြီး တိုက်မိကာ စတင်ပေါင်းစပ်သွားကြသည်။
[စနစ်အသိပေးချက်]။ ။ငွေအဆင့် ပေါင်းစပ်မှု ပြီးစီးပါသည်။ ကြေးအဆင့် ဝိသေသလက္ခဏာရပ် ၁၀ ခုကို အသုံးပြုကာ ထက်ရှသောအစွယ်နှင့်လက်သည်း (အဖြူရောင်) ကို ရရှိပါသည်။
[စနစ်အသိပေးချက်]။ ။ငွေအဆင့် ပေါင်းစပ်မှု ပြီးစီးပါသည်။ ကြေးအဆင့် ဝိသေသလက္ခဏာရပ် ၁၀ ခုကို အသုံးပြုကာ အမွေးထူထဲခြင်း (အဖြူရောင်) ကို ရရှိပါသည်။
…
[စနစ်အသိပေးချက်]။ ။ထူးကဲအဆင့် ပေါင်းစပ်မှု ပြီးစီးပါသည်။ ငွေရောင် ဝိသေသလက္ခဏာရပ် ၁၀ ခုကို အသုံးပြုကာ အရိပ်အမြန်နှုန်း (ခရမ်းရောင် အဆင့်မြင့်) ကို ရရှိပါသည်။
[စနစ်အသိပေးချက်]။ ။ပါရမီရှင်အဆင့် ပေါင်းစပ်မှု ပြီးစီးပါသည်။ ငွေအဆင့် ဝိသေသလက္ခဏာရပ် ၁၀ ခုကို အသုံးပြုကာ ကျောက်သားအရေပြား (ခရမ်းရောင် အဆင့်မြင့်)ကို ရရှိပါသည်။
ပေါင်းစပ်မှု ဒါဇင်ပေါင်းများစွာကို ပြုလုပ်ပြီးနောက် သိုလှောင်ရုံထဲရှိ ရှုပ်ပွနေသော အဆင့်နိမ့် ဝိသေသလက္ခဏာများကို ရှင်းလင်းလိုက်နိုင်ပြီး တိကျသော ဂုဏ်သတ္တိများနှင့် လက်တွေ့ကျသော အကျိုးသက်ရောက်မှုများရှိသည့် ခရမ်းရောင် ဝိသေသလက္ခဏာရပ် အချို့ဖြင့် အစားထိုးလိုက်နိုင်သည်။
ဤဝိသေသလက္ခဏာရပ်များသည် သူ၏ ကိုယ်ပိုင်စွမ်းအားကို မြှင့်တင်ရာတွင် မပြောပလောက်သော်လည်း ဝံပုလွေအသိုက်၏ကျောရိုး နှင်း၀ံပုလွေတပ်ဖွဲ့ကို ခိုင်မာစေရန်အတွက် အကောင်းဆုံးသော အရင်းအမြစ်များဖြစ်သည်။
သူ၏ အာရုံသည် နောက်ဆုံးတွင် သန့်စင်ပြီး ရိုင်းစိုင်းသော တိုက်ပွဲဝင်လိုစိတ်များ ထုတ်လွှင့်နေသည့် ရွှေရောင်အလင်းလုံးလေးဖြစ်သော ရူးသွပ်တိုက်ပွဲဝိညာဉ် (ရွှေရောင် အဆင့်မြင့်)ပေါ်တွင် ရပ်တန့်သွားသည်။
ဤသည်မှာ ဧရာမချော်ရည်ကြံ့ကြီးထံမှ ထုတ်ယူရရှိထားသော အဓိက စစ်သုံ့ပန်းပစ္စည်းဖြစ်သည်။
“စနစ်၊ ရူးသွပ်တိုက်ပွဲဝိညာဉ်ကို ဗဟိုပြုပြီး ဘုရင်အဆင့်ပေါင်းစပ်ရေး လမ်းကြောင်းတွေကို ရှာဖွေပါ”
[စနစ်အသိပေးချက်]။ ။ဘုရင်အဆင့် ပေါင်းစပ်ရေး လမ်းကြောင်းကို ရှာဖွေတွေ့ရှိပါသည် - ရှေးဟောင်းကန္တာရတိုက်ပွဲခန္ဓာ (ရွှေရောင် အဆင့်မြင့်)။
[ပေါင်းစပ်ရေးဖော်မြူလာ]။ ။ရူးသွပ်တိုက်ပွဲဝိညာဉ် (ရွှေရောင်) + ရှေးဟောင်းသားရဲအနှစ်သာရဝိညာဉ် (ရွှေရောင်) + ထာဝရတိုက်ပွဲဝင်လိုစိတ် (ရွှေရောင်) + မည်သည့် ရွှေရောင် သွေးမျိုးဆက်အမျိုးအစား ဝိသေသလက္ခဏာရပ်မဆို။
[ဝိသေသလက္ခဏာရပ် အကျိုးသက်ရောက်မှု]။ ။စွမ်းရည်အားလုံးနှင့် အဓိကအကျဆုံး အသက်စွမ်းအင်ကို အများအပြား တိုးမြှင့်ပေးသည်။ ဒဏ်ရာပျောက်ကင်းမှုနှုန်းနှင့် ဆိုးရွားသော အခြေအနေများကို ခုခံနိုင်စွမ်း သိသိသာသာ တိုးတက်စေသည်။
တိုက်ပွဲအတွင်း ပြိုင်ဘက်များ၏ လျော့ကျသွားသော အသက်စွမ်းအင်နှင့် တိုက်ပွဲဝင်လိုစိတ်များကို မိမိ၏ ကိုယ်ပိုင်စွမ်းအင်အဖြငိ့ ဖြည့်ဆည်းရန် အလိုအလျောက် စုပ်ယူနိုင်သည်။
ရှေးဟောင်းကန္တာရတိုက်ပွဲခန္ဓာ၏ ခမ်းနားလွန်းသော ဖော်ပြချက်ကို ကြည့်ရင်း လင်းထျန်းလုံ၏ ရေခဲပြာရောင် မျက်လုံးများတွင် ကျေနပ်သော အလင်းရောင်တစ်ခု လင်းလက်သွားသည်။
ဤသည်မှာ သူ့ကိုယ်ပိုင် ထာဝရတိုက်ပွဲဝိညာဉ်၏ တိုက်လေတိုက်လေ ပိုသန်မာလာလေ ဖြစ်သည့် စွမ်းရည်နှင့် မိုးပြာနက်နဲရေခဲ ဝံပုလွေသွေးမျိုးဆက်၏ ကြီးမားလွန်းသော အခြေခံအုတ်မြစ်တို့နှင့် ပြီးပြည့်စုံစွာ ကိုက်ညီနေသော ထိပ်တန်း ဘုရင်အဆင့် ဝိသေသလက္ခဏာရပ်တစ်ခု ဖြစ်သည်။
၎င်းကို ပေါင်းစပ်ဖန်တီးလိုက်နိုင်ပါက သူ၏ အသက်စွမ်းအင်နှင့် ဆက်တိုက် တိုက်ခိုက်နိုင်စွမ်းသည် အရည်အသွေးပိုင်းဆိုင်ရာအရ အများကြီး တိုးတက်သွားမည်ဖြစ်သည်။
ဤနယ်မြေကို လွှမ်းမိုးရုံသာမက သားရဲများအားလုံး၏ အထွတ်အထိပ်သို့ ရောက်အောင် သွားမည်ဟူသော ခိုင်မာသည့် ရည်မှန်းချက်က သူ့ကို ပိုမိုတွန်းအားပေးနေတော့သည်။
“ရှေးဟောင်းသားရဲအနှစ်သာရဝိညာဉ်... ထာဝရတိုက်ပွဲဝင်လိုစိတ်...”
သူက ဤအရေးကြီးသော ပစ္စည်းနှစ်ခု၏ အမည်များကို စိတ်ထဲတွင် ရေရွတ်လိုက်ပြီး အနောက်မြောက်ဘက်သို့ အလိုအလျောက် အကြည့်ရောက်သွားကာ အေးစက်သော တိုက်ပွဲဝင်လိုစိတ်များ ပိုမိုခိုင်မာလာသည်။
“ဒီပစ္စည်းနှစ်ခုကို အနောက်မြောက်ဘက်က ဟို အိမ်နီးချင်းဆီကနေပဲ ရဖို့များတယ်”
ဧရာမချော်ရည်ကြံ့ကြီးကိုပင် အညံ့ခံအောင် လုပ်နိုင်စွမ်းရှိသည့် ဝိညာဉ်နက်တောင်ကြောတွင် အခြေချနေသော မျက်လုံးသုံးလုံး ဝံပုလွေဘုရင်၏ အသိုက်ထဲတွင် ရှေးဟောင်းသားရဲများနှင့် ပတ်သက်သော ရတနာများ ရှိရပေမည်။
သို့မဟုတ် ၎င်းကိုယ်တိုင်က ထာဝရတိုက်ပွဲဝင်လိုစိတ်နှင့် ဆင်တူသော အစွမ်းထက်သည့် ပင်ကိုယ်စွမ်းရည် ရှိရမည်ဟု သူ လုံးဝ သေချာပေါက် ယုံကြည်နေသည်။
ဤသည်မှာ ခံစစ်အတွက် မဟုတ်တော့ဘဲ အရေးကြီးသော အရင်းအမြစ်များ ရရှိရန်အတွက် မဖြစ်မနေ ပြုလုပ်ရမည့် အမဲလိုက်ပွဲတစ်ခု ဖြစ်လာပြီဖြစ်သည်။
ထို့နောက် သူသည် စိတ်ကို တည်ငြိမ်အောင်ထားပြီး စနစ်၏စွမ်းအားကို အသုံးပြုကာ မကြာသေးမီက တိုက်ပွဲတွင် အတည်ငြိမ်ဆုံးသော အငွေ့အသက်များရှိပြီး အကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့သည့် ရန့်မြဲ့၏လက်အောက်ခံ မဟာနှင်းအစောင့်အရှောက် ခြောက်ကောင်ထံသို့
ကျောက်သားအရေပြား (ခရမ်းရောင် - အဆင့်မြင့်)နှင့် အမွေးထူထဲခြင်း (အဖြူရောင်)အပြင် ကာကွယ်ရေးနှင့် ခွန်အားမြှင့်တင်ရေးကို အဓိကထားသည့် အခြားဝိသေသလက္ခဏာရပ် အချို့ကို တိကျစွာ ပေးအပ်လိုက်သည်။
သူတို့၏ ခြေလက်များထဲသို့ ချက်ချင်းစီးဝင်လာသော နွေးထွေးပြီး ခိုင်မာသည့် စွမ်းအားကို ခံစားလိုက်ရကာ သူတို့၏ နှင်းခဲအကာအကွယ်သည် ပို၍ပင် ထူထပ်လာခဲ့သလို မဟာနှင်းအစောင့်အရှောက် ခြောက်ကောင်လုံး အင်အားများပြည့်ဝသွားကြသည်။
သူတို့သည် တစ်ပြိုင်နက်တည်း ခေါင်းမော့ကာ နက်ရှိုင်းပြီး ပဲ့တင်ထပ်နေသော ဟိန်းဟောက်သံများ ထုတ်လွှတ်လိုက်ကြပြီး သူတို့၏ ဘုရင်ကြီးအပေါ် ကျေးဇူးတင်မှုနှင့် သစ္စာစောင့်သိမှုတို့ကို ဖော်ပြလိုက်ကြသည်။
ဝံပုလွေအသိုက်တစ်ခုလုံး၏ ခံစစ်အခြေခံအုတ်မြစ်သည် ဤအခိုက်အတန့်တွင် သိသာထင်ရှားစွာ အားကောင်းလာခဲ့သည်။
တစ်ချိန်တည်းမှာပင် အရှေ့တောင်ဘက် သုံးဆယ့်ငါးမိုင်အကွာရှိ ထုံးကျောက်ချိုင့်ဝှမ်း အစွန်အဖျားတွင်...
သွေးမိစ္ဆာသည် ခြောက်သွေ့နေသော ဆူးချုံပုတ်တစ်ခု၏ အရိပ်ထဲတွင် ၀ပ်နေပြီး အနီနှင့်အဖြူ ရောယှက်နေသော အမွေးများက ပတ်ဝန်းကျင်ရှိ အစက်အပြောက်များရှိသော ကျောက်တုံးများနှင့် ခြောက်သွေ့နေသော မြက်ခင်းများကြားတွင် လုံးဝ ပျောက်ကွယ်လုနီးပါး ဖြစ်နေသည်။