အခန်း (၂၁၉-၂၂၀)
Vol. 22 Ch. 219-220
အခန်း (၂၁၉) - အိမ်အသစ်၊ ဖွဲ့စည်းပုံနှင့် တပ်တွင်းစည်းမျဉ်းအသစ် (၁)
လက်သည်းအတွင်း ပါဝင်သော ဟင်းလင်းပြင်ဆုတ်ဖြဲနိုင်သည့် စွမ်းအားများက ပေါက်ကွဲထွက်ပေါ်လာပြီး မာကျောသော အရိုးများကို အလွယ်တကူ ဖောက်ထွင်းကာ ဝိညာဉ်စွမ်းအင်ဗဟိုချက်အပေါ် တိုက်ရိုက် သက်ရောက်သွားတော့သည်။
အရိုးမိစ္ဆာဝံပုလွေ၏ မျက်၀န်းများထဲရှိ အစိမ်းရောင် မီးတောက်များသည်လည်း ရုတ်တရက် အေးခဲသွားပြီးနောက် လေထဲရှိ ဖယောင်းတိုင်တစ်ခုကဲ့သို့ ပြင်းထန်စွာ တဖျတ်ဖျတ် လင်းလက်ကာ မှေးမှိန်သွားတော့သည်။
ရှေ့သို့ ခုန်အုပ်နေသော သူ၏ ခန္ဓာကိုယ်သည်လည်း လေထဲတွင် လုံးဝ တောင့်တင်းသွားပြီး ကြီးမားလွန်းသော အရိုးစုခန္ဓာကိုယ်ကြီးသည် ထောက်တိုင်အားလုံး ဆုံးရှုံးသွားသကဲ့သို့ ဖြစ်သွားသည်။
ဒေါက်... ဒေါင်...
ဝုန်းးး
နောက်တစ်ခဏတွင် ၎င်း၏ ဖျက်ဆီး၍မရဟု ထင်ရသော အရိုးစုခန္ဓာကိုယ်ကြီးသည် အတွင်းပိုင်းမှစတင်၍ ပြိုကွဲလာပြီး အဖြူရောင် အရိုးစများအဖြစ် ပြောင်းလဲကာ လေထဲမှ မိုးရွာချသကဲ့သို့ ကျဆင်းလာပြီး မြေပြင်ပေါ်တွင် တဒေါင်ဒေါင် မြည်သံများနှင့်အတူ စုပုံသွားလေသည်။
စစ်မြေပြင် တစ်ခုလုံး တိတ်ဆိတ်သွား၏။
လင်းထျန်းလုံ၏ ပုံရိပ်က လေထဲမှ ဖြည်းညင်းစွာ ဆင်းသက်လာသည်။
သူ၏ ထက်ရှသောလက်သည်းကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ အရိုးစပုံထဲမှ လက်သီးဆုပ်အရွယ်အစားခန့် သလင်းကျောက်အမြုတေတစ်ခု ထွက်ပေါ်လာသည်။
၎င်းမှာ တစ်ခုလုံး မီးခိုးဖြူရောင်ဖြစ်ပြီး အတွင်း၌ ငြိမ်းသတ်၍မရသော တိုက်ပွဲဝင်လိုစိတ် မီးတောက်တစ်ခု တိတ်တဆိတ် တောက်လောင်နေသကဲ့သို့ ရှိနေသည်။
[စနစ်အသိပေးချက်]။ ။အရိုးမိစ္ဆာဝံပုလွေ၏ သလင်းကျောက်အမြုတေ (ဘုရင်အဆင့်)ကို ရရှိပါသည်။
[စနစ်အသိပေးချက်]။ ။သလင်းကျောက်အမြုတေအတွင်း အောက်ပါ ဝိသေသလက္ခဏာရပ်များ ပါဝင်ကြောင်း ရှာဖွေတွေ့ရှိပါသည် - ပင်ကိုဝိသေသလက္ခဏာရပ် ထာဝရတိုက်ပွဲဝင်လိုစိတ် (ရွှေရောင် အဆင့်မြင့်)၊
ကျွမ်းကျင်မှုစွမ်းရည် ဝိညာဉ်ဆုတ်ဖြဲခြင်း (ခရမ်းရောင် အဆင့်မြင့်)၊ ကျွမ်းကျင်မှုစွမ်းရည် အရိုးစူးချွန်မှုတ်ထုတ်ခြင်း (ခရမ်းရောင် အဆင့်မြင့်)
သူသည် တန်ဖိုးကြီးမားသော ဤသလင်းကျောက်အမြုတေကို တည်ငြိမ်စွာ သိမ်းဆည်းလိုက်ပြီး အောက်ဘက်ရှိ ဝံပုလွေအုပ်စု၏ ဖိနှိပ်မှုကို ခံနေရကာ လျင်မြန်စွာ ရှင်းလင်းခံနေရသော ကျန်ရှိသည့် ရန်သူ့တပ်ဖွဲ့များအပေါ် သူ၏အကြည့်များ ကျရောက်သွားလေသည်။
“သူတို့ကို ရှင်းလင်းပစ်လိုက်”
အေးစက်သော အတွေးလှိုင်းက ပျံ့နှံ့သွားပြီး ပြတ်သွားစွာ အမိန့်ပေးလိုက်သည်။
နောက်ဆုံးကျန်ရှိနေသော ခေါင်းမာမာဖြင့် ခုခံနေသည့် ကျောက်သားအကြေးခွံ အိမ်မြှောင်၏ခေါင်းကို ထျန်းပင်းက လက်သည်းများဖြင့် ဖိချေလိုက်သောအခါ စစ်မြေပြင်သည် နောက်တစ်ကြိမ် ငြိမ်းချမ်းသွားခဲ့ပြန်လေပြီ။
တိုက်ပွဲမြေပြင်ကို ရှင်းလင်းနေသော ဝံပုလွေအုပ်စုထံမှ ထွက်ပေါ်လာသည့် အသံတိုးတိုးနှင့် လေထုထဲတွင် လုံးဝ မပျောက်ကွယ်သေးသော သေမင်းတမန်အငွေ့အသက်များသာ ကျန်ရစ်တော့သည်။
လင်းထျန်းလုံသည် မိခင်သစ်ပင်အောက်သို့ ပြန်သွားလိုက်ပြီး သူ၏ အသိစိတ်ကို စနစ်နေရာလွတ်ထဲသို့ နစ်မြုပ်လိုက်သည်။
ဝိသေသလက္ခဏာ သိုလှောင်ရုံထဲတွင် ယှဉ်တွဲထားပြီး တောက်ပသော ရွှေရောင်အလင်းတန်းများ ထုတ်လွှင့်နေသည့် ရူးသွပ်တိုက်ပွဲဝိညာဉ်နှင့် ထာဝရတိုက်ပွဲဝင်လိုစိတ်တို့ကို ကြည့်ရင်း သူ၏ ရေခဲပြာရောင်မျက်လုံးများထဲတွင် သိသာသော မျှော်လင့်ချက်အရောင်တစ်ခု လင်းလက်သွားသည်။
ရှေးဟောင်းကန္တာရတိုက်ပွဲခန္ဓာအတွက် ပေါင်းစပ်ရေးဖော်မြူလာ လိုအပ်ချက် နှစ်ခု ပြည့်စုံသွားပြီဖြစ်သည်။
ရှေးဟောင်းသားရဲအနှစ်သာရဝိညာဉ်ကိုသာ ရရှိသွားပါက သူ၏ အကာအကွယ်နှင့် ခွန်အားများသည် အရည်အသွေးပိုင်းဆိုင်ရာအရ ခုန်ပျံကျော်လွှားတိုးတက်သွားမည်ဖြစ်သည်။
၎င်းကို ရယူရန် နေရာမှာလည်း အနောက်မြောက်ဘက်ရှိ ဝိညာဉ်နက်တောင်ကြော၏ အနက်ရှိုင်းဆုံးနေရာရှိ ထို “အိမ်နီးချင်း” ဆီမှ ၉၉ ရာခိုင်းနှုန်းလောက် သေချာနေလေသည်။
အဝေးရှိ မိုးကုတ်စက်ဝိုင်းထဲတွင် ဝိညာဉ်နက်တောင်ကြော၏ အရိပ်သည် ပို၍ပင်ထူထပ်လာသကဲ့သို့ ထင်ရလေသည်။
……..
သစ်ပင်အိမ်လေးထဲတွင် နွေးထွေးပြီး သက်တောင့်သက်သာ ရှိနေသည်။
တိုတမ်မိခင်သစ်ပင်ကြီးအတွင်းမှ သဘာဝအတိုင်း ဖြစ်ပေါ်နေသော ဤနေရာလေးသည် သက်တောင့်သက်သာရှိရုံသာမက ခိုင်ခံ့မှုလည်းရှိပြီး ချောမွေ့နေသော သစ်သားနံရံများပေါ်တွင် အလင်းရောင်ဖျော့ဖျော့လေးများ ထုတ်လွှင့်နေသည့် နွယ်ပင်များ တွယ်တက်နေသည်။
ရှောင်လန်သည် နူးညံ့သော သားရေများ ခင်းထားသည့် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ထိုင်နေပြီး သူမ၏ လက်သေးသေးလေးများဖြင့် လင်းထျန်းလုံ၏ ဖရိုဖရဲဖြစ်နေသော ငွေဖြူရောင် အမွေးများကို အလေးအနက်ထားကာ သပ်ရပ်အောင် လုပ်ပေးနေသည်။
ထိုအမွေးများသည် ရေခဲပုံဆောင်ခဲများကဲ့သို့ တောက်ပနေသော်လည်း ထိတွေ့လိုက်လျှင်တော့ မျှော်လင့်မထားလောက်အောင် နွေးထွေးနေသည်။
“ဖေဖေ့အမွေးတွေက အရမ်းချောတာပဲ” သူမက နှုတ်ခမ်းလေးစူကာ နောက်တစ်ကြိမ် မအောင်မြင်ကြောင်း ပြသလိုက်သည်။ ငွေရောင်အမွေးအနည်းငယ်က သူမ၏ လက်ချောင်းများကြားမှ လွတ်ထွက်နေသည်။
ရှောင်ယင်းကမူ ဘေးတွင် တိတ်ဆိတ်စွာ ထိုင်ကြည့်နေ၏။ ခဏအကြာတွင် သူမလည်း အနားသို့ တိုးလာပြီး သူမ၏ လက်သေးသေးလေးကို ဆန့်တန်းကာ အမွေးများ၏ အခြားတစ်ဖက်ကို ကူဖိထားပေးလိုက်သည်။
“အင်း... ပြီးတော့ တောက်ပနေတာပဲ” သူမက တိုးတိုးလေး ထောက်ခံလိုက်သည်။
“ဒီနေရာက တကယ်ကို ပိုပိုပြီး နေလို့ကောင်းလာတာပဲ၊ အစတုန်းက လေကိုပဲ ကာနိုင်တဲ့ ဟိုသစ်ခေါင်းပေါက်ကြီးထက် အများကြီး သာတယ်”
“ဟုတ်တယ်၊ ဝံပုလွေဖေဖေက တော်တော်လေး စိတ်ကူးယဉ်ပြီး လုပ်ထားတာနေမယ်၊ အပြင်ဘက်ကို ကြည့်ကြည့်... အားလုံး အလုပ်များနေကြတယ်”
ပြတင်းပေါက်အပြင်ဘက် ဝံပုလွေအသိုက်ထဲတွင် စည်ကားသိုက်မြိုက်နေပြီး စည်းစနစ်ကျသော တည်ဆောက်ရေး လုပ်ငန်းခွင် မြင်ကွင်းတစ်ခုကို မြင်တွေ့နေရသည်။
လင်းထျန်းလုံ၏ ရှင်းလင်းသော စိတ်စွမ်းအင်လမ်းညွှန်မှုနှင့် တိုတမ်မိခင်သစ်ပင်ကြီး၏ မမြင်ရသော စွမ်းအား အကူအညီတို့ကြောင့် ဤနေရာသည် မကြုံစဖူး မြန်ဆန်လွန်းသော အရှိန်အဟုန်ဖြင့် သူ၏ ရင်ထဲရှိ စံပြအိမ်တစ်လုံး ပုံစံကြမ်းဖြစ်သော……
“စနစ်ကျမှု၊ စည်ပင်ဝပြောမှုနှင့် ကြံ့ခိုင်မှု၊ အရာအားလုံးကို လက်ခံနိုင်မှုနှင့် ပွင့်လင်းမှု” ဆီသို့ အသွင်ပြောင်းလဲနေသည်။
အရှေ့ဘက်တွင် သဘာဝရေခဲတံတိုင်းများနှင့် မတ်စောက်သော ကျောက်ဆောင်များကို အမှီပြုကာ ရှေ့တန်းကင်းစခန်းတစ်ခု၏ အကာအကွယ်ကို တည်ဆောက်ပြီးစီးနေပြီဖြစ်သည်။
မဟာနှင်းအစောင့်အရှောက်အချို့သည် ရန့်မြဲ့၏ တည်ငြိမ်သော ကွပ်ကဲမှုအောက်တွင် ပွတ်တိုက်အရောင်တင်ထားသော ရေခဲပင်မသလင်းကျောက်များကို ကြိုတင်ပြင်ဆင်ထားသော နေရာများထဲသို့ တစ်ခုပြီးတစ်ခု မြှုပ်နှံနေကြသည်။
နောက်ဆုံးသလင်းကျောက်တစ်တုံးကို နေရာချလိုက်သည်နှင့် အေးစက်သော ရေခဲစွမ်းအင်များ ချက်ချင်းထွက်ပေါ်လာပြီး ကင်းစခန်းမျက်နှာပြင်ရှိ သဘာဝပုံစံလိုင်းများအတိုင်း စီးဆင်းသွားကာ ကာကွယ်ရေးခံတပ်တစ်ခုလုံးနှင့် ပေါင်းစပ်သွားသဖြင့် ၎င်း၏ ခိုင်ခံ့မှုကို နှစ်ဆတိုးသွားစေသည်။
ကင်းလှည့်ရန် နေရာနှစ်ခုကိုလည်း တည်ဆောက်ပြီးစီးနေပြီဖြစ်ပြီး ကင်းစောင့်တာဝန်ကျသော နှင်းဝံပုလွေများက ထိုနေရာတွင် ရပ်နေကြကာ ဝံပုလွေအသိုက်သို့လာရာ တစ်ခုတည်းသော လမ်းကြောင်းကို ရှင်းလင်းစွာ စောင့်ကြည့်နေကြသည်။
တောင်ဘက်တွင် ရှေးဟောင်းတောအုပ်ကြီးထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်နိုင်မည့် လုံခြုံသော အမဲလိုက်လမ်းကြောင်းအချို့ကို ဖောက်လုပ်ထားသည်။
ဤလမ်းကြောင်းများသည် ကွေ့ကောက်နေပြီး မြေပြင်အနေအထားကို ပါးနပ်စွာ အသုံးပြုထားကာ အစွမ်းထက် မိစ္ဆာသားရဲများ၏ နယ်မြေအချို့ကို ရှောင်ကွင်းထားသည်။
အရေးကြီးသော လမ်းဆုံအချို့တွင် ကင်းလှည့်အဖွဲ့ဝင်များက ဝံပုလွေအုပ်စုမှသာ နားလည်နိုင်မည့် လျှို့ဝှက်အမှတ်အသားများ ချန်ထားခဲ့သည်။
ပိုမိုနက်ရှိုင်းသော နေရာများတွင် သဘာဝသစ်ခေါင်းများ သို့မဟုတ် ကျောက်အက်ကွဲကြောင်းများမှ ပြောင်းလဲတည်ဆောက်ထားသော လျှို့ဝှက်ထောက်ပံ့ရေးစခန်း အချို့ကို အသုံးပြုနေပြီဖြစ်သည်။
၎င်းတို့အတွင်းတွင် သန့်စင်ထားသော သစ်ရွက်ကြီးများဖြင့် ထုပ်ပိုးထားသည့် ကြည်လင်သော ရေများနှင့်အတူ သာမန်ဆေးဘက်ဝင်အပင်များကို အသုံးပြုကာ ပိုင်လင်း ပြင်ဆင်ထားပေးသည့် သွေးတိတ်စေပြီး ပင်ပန်းနွမ်းနယ်မှုကို လျင်မြန်စွာ ပြေပျောက်စေနိုင်သော ရိုးရှင်းသည့် ဒဏ်ရာပျောက်ဆေးများကို ထားရှိလေသည်။
ဝံပုလွေအသိုက်၏ ဗဟိုချက်မှာတော့ အပြောင်းအလဲ အများဆုံးဖြစ်သည်။
မိခင်သစ်ပင်၏ ကြီးမားနွေးထွေးသော အမြစ်များနှင့် ကပ်လျက်တွင် ကြည်လင်သော ရေခဲပုံဆောင်ခဲများနှင့် ခိုင်မာသော သစ်လုံးများကို ပေါင်းစပ်ကာ ဝံပုလွေဂူများ ပိုမိုတည်ဆောက်ထားပြီး ၎င်းတို့ကို စနစ်တကျစီစဉ်ကာ ရှင်းလင်းသော လူနေရပ်ကွက်တစ်ခုအဖြစ် ဖန်တီးထားသည်။
သီးသန့်သတ်မှတ်ထားသော ပျိုးခင်းထဲတွင် ထူထဲ၊ ခြောက်သွေ့ပြီး နူးညံ့သော မြက်ခင်းများ ခင်းထားကာ ထိုနေရာတွင် ၀တုတ်တုတ် ဝံပုလွေပေါက်လေး အချို့က ပြေးလွှားဆော့ကစားနေကြပြီး တီတီတာတာ အသံလေးများ ပြုလုပ်နေကြသည်။
မိခင်သစ်ပင်၏ သစ်ကိုင်းများအောက်ရှိ နေရာတစ်ခုကို လေ့ကျင့်ရေးနယ်မြေဖြစ်အောင် မြေသေချာညှိထားသည်။
ဤနေရာတွင် ဝိညာဉ်စုစည်းမှုအလင်းဝန်း စွမ်းရည်မှ အသိပ်သည်းဆုံးသော စွမ်းအင်များ စုစည်းနေပြီး ပါးလွှာသော ဝိညာဉ်စွမ်းအင်မြူခိုးများကို သာမန်မျက်စိဖြင့်ပင် မြင်တွေ့နေရသည်။
အနားယူနေသော နှင်းဝံပုလွေအချို့သည် ထိုနေရာတွင် မှောက်လျက်သားရှိနေကြပြီး သူတို့၏ခွန်အားများကို ပြန်လည်ဖြည့်တင်းရန် သို့မဟုတ် အဆင့်တက်ရန် ကြိုးစားနေကြကာ စွမ်းအင်များကို လောဘတကြီး စုပ်ယူနေကြသည်။
စခန်း၏ အစွန်အဖျားနားတွင် ဧရာမကျောက်တုံးများ၊ ရေခဲတုံးများဖြင့် တည်ဆောက်ထားသော မြေအောက်တစ်ပိုင်း အဆောက်အအုံများက ထောက်ပံ့ရေးပစ္စည်းသိုလှောင်ရုံ အဖြစ် တည်ရှိနေသည်။
အကြီးဆုံးသော ပင်မဂိုဒေါင်ကို တူးဖော်ရရှိထားသော ရေခဲပင်မသလင်းကျောက်များ၊ လူသားများထံမှ သိမ်းဆည်းရမိထားသော လက်နက်ချပ်ဝတ်များနှင့် အခြားသော ဝိညာဉ်ပစ္စည်းအမျိုးမျိုးကို သိုလှောင်ရန် အသုံးပြုသည်။
ကပ်လျက်ရှိ အထူးအအေးခန်းသည် အမြဲတမ်းအေးခဲနေသော မြေပြင်နှင့် ရေခဲပင်မသလင်းကျောက်များမှ ထုတ်လွှင့်သော သဘာဝအအေးဓာတ်ကို အသုံးပြုကာ အပူချိန်ကို ထိန်းသိမ်းထားပြီး မိစ္ဆာသားရဲ အသားခြောက်များစွာနှင့် ပျက်စီးလွယ်သော အခြားအစားအစာများကို ပြီးပြည့်စုံစွာ ထိန်းသိမ်းထားသည်။
ရန့်မြဲ့ ခန့်အပ်ထားသော အဖွဲ့ခေါင်းဆောင်တစ်ဦး၏ ကြီးကြပ်မှုအောက်တွင် ထောက်ပံ့ရေးတာဝန်ယူထားသော နှင်းဝံပုလွေအချို့သည် အသစ်ရရှိလာသော ပစ္စည်းများကို အထဲသို့ စနစ်တကျသယ်ယူနေကြပြီး အမျိုးအစားခွဲခြားနေကြသည်။
လင်းထျန်းလုံသည် စီမံကိန်းအမျိုးမျိုးကြားတွင် တည်ငြိမ်သော ခြေလှမ်းများဖြင့် လျှောက်သွားနေကာ သူ၏ငွေဖြူရောင် ပုံရိပ်သည် ရွေ့လျားနေသော ဆုံမှတ်တစ်ခုနှင့်ပင် တူနေလေသည်။
သူသည် တိုးတက်မှုအဆင့်တိုင်းကို ဂရုတစိုက် စစ်ဆေးနေပြီး သူ၏ ရေခဲပြာရောင် မျက်လုံးများထဲတွင် အတွေးပုံရိပ်များဖြင့် ပြည့်နှက်ပြီး လင်းလက်နေကာ သူ၏စိတ်ထဲတွင် နောက်ဆက်တွဲ အစီအစဉ်များကို ချိန်ညှိနေသည်။
“အရှေ့ဘက် ကင်းစခန်းက ပုံစံပေါ်နေပြီ။ အနည်းဆုံးတော့ ကြိုတင်သတိပေးဖို့နဲ့ အချိန်ဆွဲဖို့ သုံးလို့ရတယ်၊ တောင်ဘက် လမ်းကြောင်းတွေလည်း အကြမ်းဖျင်း ပွင့်သွားပြီ၊ နောက်တစ်ခုက အဲဒီလမ်းကြောင်းတွေအတိုင်း အထဲကို နက်နက်ရှိုင်းရှိုင်း ဝင်နိုင်ဖို့ အမဲလိုက်အဖွဲ့တွေကို စုစည်းရမယ်”
“တစ်ချိန်တည်းမှာပဲ လမ်းတစ်လျှောက်က အန္တရာယ်တွေကို တဖြည်းဖြည်း ရှင်းလင်းပြီး ပစ္စည်းတွေ ပိုမိုစုဆောင်းနိုင်ဖို့ ဟိုထောက်ပံ့ရေးစခန်းတွေကို ခိုင်မာအောင် လုပ်ရမယ်"
အခန်း (၂၂၀) - အိမ်အသစ်၊ ဖွဲ့စည်းပုံနှင့် တပ်တွင်းစည်းမျဉ်းအသစ် (၂)
“ဗဟိုချက်က လူနေထိုင်ဖို့ အဆောက်အအုံတွေကို အရှိန်မြှင့်ဖို့လိုတယ်၊ အထူးသဖြင့် လေ့ကျင့်ရေးနယ်မြေပေါ့... မတူညီတဲ့ စွမ်းရည်ရှိတဲ့ အဖွဲ့ဝင်တွေ သင့်တော်တဲ့ နေရာတွေ ရှာတွေ့နိုင်အောင် ပိုပြီး အသေးစိတ်စီစဉ်ဖို့လိုတယ်...”
သူ၏အကြည့်သည် လေ့ကျင့်ရေးနယ်မြေအသစ်တွင် ဝိညာဉ်စွမ်းအင်များကို ကြိုးစားစုပ်ယူနေကြသော ဝံပုလွေများ၊ ကွင်းပြင်ထဲတွင် အတွဲလိုက် အစစ်အမှန် တိုက်ပွဲများကို ပုံဖော်ကာ တိုက်ခိုက်ရေး နည်းဗျူဟာများကို လေ့ကျင့်နေကြသော ဝံပုလွေအုပ်စုများအပေါ် ဖြတ်ပြေးသွားပြီး ခေါင်းညိတ်မိလိုက်သည်။
“စွမ်းအားက ရှင်သန်ရပ်တည်နိုင်ဖို့အတွက် အခြေခံအုတ်မြစ်ပဲ၊ ငါတို့ တစ်ခဏလေးတောင် ပေါ့ဆလို့မရဘူး”
“ပြီးတော့ အဖွဲ့ဝင်တိုင်း စိတ်အေးချမ်းသာစွာနဲ့ ကြီးထွားလာနိုင်မယ့် တည်ငြိမ်ပြီး စည်ပင်ဝပြောတဲ့ အိမ်တစ်လုံးဆိုတာ ဒီအခြေခံအုတ်မြစ်ကို ပိုမိုမြင့်မားခိုင်မာလာအောင် ဆက်တိုက် တည်ဆောက်နိုင်မယ့် မြေဆီလွှာပဲ”
ဤနယ်မြေကို လွှမ်းမိုးရုံသာမက သားရဲများအားလုံး၏ အထွတ်အထိပ်သို့ ရောက်အောင် သွားမည်ဟူသော ခိုင်မာသည့် ရည်မှန်းချက်က သူ၏ ရင်ထဲတွင် တောက်လောင်နေတော့သည်။
စစ်ဆေးမှု တစ်ပတ်ပြီးစီးသွားပြီး ချိန်ညှိရန် လိုအပ်သော အသေးစိတ် အချက်အလက်အချို့ကို ရန့်မြဲ့နှင့် ထျန်းပင်းထံသို့ သူ၏အတွေးများမှတဆင့် ပေးပို့ပြီးနောက် လင်းထျန်းလုံသည် မိခင်သစ်ပင်အောက်ရှိ သူအမြဲနေနေကျ နေရာသို့ ပြန်လာခဲ့သည်။
သူက လှဲလျောင်းလိုက်ပြီး အသိစိတ်မှာတော့ စနစ်နေရာလွတ်ထဲသို့ နစ်မြုပ်သွားသည်။
ယခင်တိုက်ပွဲများမှ စုဆောင်းရရှိခဲ့သော စစ်သုံ့ပန်းပစ္စည်းများကို စာရင်းပြုစုပြီး စုပ်ယူရန် အချိန်ရောက်ပြီဖြစ်သည်။
ပထမဆုံးအနေဖြင့် သူသည် ပြန့်ကျဲနေသော အဆင့်နိမ့် သလင်းကျောက်အမြုတေများကို စီမံလိုက်သည်။
ထာဝရတိုက်ပွဲဝင်လိုစိတ် ပါဝင်နေပြီး ဂရုတစိုက် ကိုင်တွယ်ရန် လိုအပ်သဖြင့် လောလောဆယ် ချန်ထားရမည့် ထိုအရိုးမိစ္ဆာဝံပုလွေ၏ သလင်းကျောက်အမြုတေမှလွဲ၍ အစောပိုင်း တိုက်ပွဲမြေပြင်ကို ရှင်းလင်းစဉ်က ရရှိခဲ့သော အဆင့်အမျိုးမျိုးရှိ မိစ္ဆာသားရဲအမြုတေ ဒါဇင်ပေါင်းများစွာကို ထုတ်ယူကာ ခွဲခြမ်းစိတ်ဖြာလိုက်သည်။
ချက်ချင်းပင် အနည်းငယ် ဟာလာဟင်းလင်း ဖြစ်နေသော ဝိသေသလက္ခဏာရပ် သိုလှောင်ရုံထဲတွင် အစိမ်းရောင်နှင့် အဖြူရောင်အလင်းများ ထုတ်လွှင့်နေသည့် အဆင့်နိမ့် ဝိသေသလက္ခဏာရပ် တစ်ရာကျော်ဖြင့် ပြည့်နှက်သွားတော့သည်။
“စနစ်... ဝိသေသလက္ခဏာရပ် ပေါင်းစပ်မှုကို စတင်လိုက်၊ ငွေအဆင့်နဲ့ ပါရမီရှင်အဆင့် ပေါင်းစပ်မှုတွေကို ဦးစားပေးပါ”
သူ၏ အတွေးဖြင့် အမိန့်ပေးလိုက်သည်နှင့် သိုလှောင်ရုံထဲရှိ ဝိသေသလက္ခဏာရပ်များသည် လျင်မြန်စွာ လင်းလက်လာပြီး အချင်းချင်း တိုက်မိကာ ပေါင်းစပ်သွားကြသည်။
[စနစ်အသိပေးချက်]။ ။ငွေအဆင့် ပေါင်းစပ်မှု ပြီးစီးပါသည်။ ကြေးရောင်အဆင့် ဝိသေသလက္ခဏာရပ် ၁၀ ခုကို အသုံးပြုကာ ထူထဲသောအမွေး (အဖြူရောင်) ကို ရရှိပါသည်။
[စနစ်အသိပေးချက်]။ ။ငွေအဆင့် ပေါင်းစပ်မှု ပြီးစီးပါသည်။ ကြေးရောင်အဆင့် ဝိသေသလက္ခဏာရပ် ၁၀ ခုကို အသုံးပြုကာ ခွန်အားမြှင့်တင်ခြင်း (အဖြူရောင်) ကို ရရှိပါသည်။
[စနစ်အသိပေးချက်]။ ။ပါရမီရှင်အဆင့် ပေါင်းစပ်မှု ပြီးစီးပါသည်။ ငွေအဆင့် ဝိသေသလက္ခဏာရပ် ၁၀ ခုကို အသုံးပြုကာ ကျောက်သားအရေပြား (ခရမ်းရောင် အဆင့်မြင့်) ကို ရရှိပါသည်။
[စနစ်အသိပေးချက်]။ ။ပါရမီရှင်အဆင့် ပေါင်းစပ်မှု ပြီးစီးပါသည်။ ငွေအဆင့် ဝိသေသလက္ခဏာရပ် ၁၀ ခုကို အသုံးပြုကာ အရိပ်အမြန်နှုန်း (ခရမ်းရောင် အဆင့်မြင့်) ကို ရရှိပါသည်။
…
သူသည် ပေါင်းစပ်မှုကို ခုနစ်ကြိမ်ဆက်တိုက် ပြုလုပ်ခဲ့ပြီး အကျိုးသက်ရောက်မှု အမျိုးမျိုးရှိသော ခရမ်းရောင် ဝိသေသလက္ခဏာရပ် အချို့နှင့် ငွေအဆင့် ဝိသေသလက္ခဏာရပ် အနည်းငယ်ကို သိုလှောင်ရုံထဲသို့ ထပ်မံဖြည့်စွက်နိုင်ခဲ့သည်။
သို့သော် သူ အချိန်ကြာမြင့်စွာ မျှော်လင့်နေခဲ့သော ရှေးဟောင်းသားရဲအနှစ်သာရဝိညာဉ်မှာ ထိုအထဲတွင် ပါမလာခဲ့ပေ။
“ဒီအရာက တကယ်ကို ရှားပါးတာပဲ။ အလောတကြီး လုပ်လို့မရဘူး” လင်းထျန်းလုံ စိတ်ဓာတ်ကျမသွားပေ။
အသစ်ပေါင်းစပ်ထားသည့် ဤဝိသေသလက္ခဏာရပ်များဆီသို့ သူ၏ အာရုံကို လှည့်လိုက်သည်။
အတွေးတစ်ခုနှင့်အတူ ထုံးစံအတိုင်း သူ၏ကိုယ်ပိုင်စွမ်းအားကို အဆင့်မြှင့်တင်ရန်အတွက် ဤဝိသေသလက္ခဏာများရပ်ကို အာဟာရဓာတ်များအဖြစ် ပြောင်းလဲပေးရန် စတင်လမ်းညွှန်လိုက်သည်။
သူသည် ရုပ်ပိုင်းဆိုင်ရာကာကွယ်ရေးကို အဓိကထားသည့် အသစ်ပေါင်းစပ်ထားသော ကျောက်သားအရေပြား (ခရမ်းရောင်)နှင့် ယခင်က သိမ်းဆည်းထားသော ထူထဲသောအမွေး (အဖြူရောင်) တို့ကို သူပိုင်ဆိုင်ပြီးသားဖြစ်သည့် ကာကွယ်ရေးဆိုင်ရာ အဓိကပင်ကိုယ်စွမ်းရည်ဖြစ်သော - မိုးပြာနက်နဲရေခဲ ဝံပုလွေသွေးမျိုးဆက် - ဆီသို့ အရင်ဆုံး လမ်းညွှန်လိုက်သည်။
ကျောက်သားအရေပြားကို ကိုယ်စားပြုသော ခရမ်းရောင်အလင်းလုံးလေးနှင့် ထူထဲသောအမွေး အဖြူရောင်အလင်းလုံးလေးသည် မမြင်ရသော စွမ်းအားတစ်ခု၏ ဆွဲငင်မှုကြောင့် သွေးမျိုးဆက်ကို ကိုယ်စားပြုနေသည့် ကျယ်ပြောပြီး တောက်ပသော ရေခဲရောင်အလင်းတန်းကြီးဆီသို့ ဖြည်းညင်းစွာ လွင့်ပျံသွားသည်။
ထို့နောက် မြစ်ထဲ ရေပေါက်လေးများ ဝင်ရောက်သွားသကဲ့သို့ တိတ်တဆိတ် ပေါင်းစပ်သွားတော့သည်။
[စနစ်အသိပေးချက်]။ ။ပင်ကိုစွမ်းရည် မိုးပြာနက်နဲရေခဲ ဝံပုလွေသွေးမျိုးဆက် (ရွှေရောင် အဆင့်မြင့်) သည် တူညီသောအမျိုးအစား ဝိသေသလက္ခဏာရပ်များထံမှ စွမ်းအင်များကို စုပ်ယူလိုက်ပါသည်။ အကျိုးသက်ရောက်မှု အနည်းငယ် မြင့်တက်သွားပါသည်။
သူ၏ ခြေလက်များနှင့် အရိုးများထဲသို့ နွေးထွေးသော လျှပ်စီးကြောင်းတစ်ခု စီးဝင်သွားသည်။
မြှင့်တင်မှုမှာ အလွန်သိမ်မွေ့ပြီး တိုးတက်သွားမှန်း သိရှိရန်ပင် ခက်ခဲသော်လည်း မိမိကိုယ်နှင့် မျိုးနွယ်စုကို ကာကွယ်ပေးနေသည့် သွေးမျိုးဆက်၏ အနက်ရှိုင်းဆုံးနေရာရှိ အကာအကွယ်စွမ်းအားမှာ အနည်းငယ် ပိုမိုခိုင်မာလာသကဲ့သို့ ခံစားလိုက်ရသည်။
ထို့နောက် အရိပ်အမြန်နှုန်း (ခရမ်းရောင်)] နှင့် အမြန်နှုန်းမြှင့်တင်ခြင်း (အဖြူရောင်) ဝိသေသလက္ခဏာရပ် အချို့ကို အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်း ကျွမ်းကျင်မှုစွမ်းရည်ဆီသို့ လမ်းညွှန်လိုက်သည်။
ကျွမ်းကျင်မှုစွမ်းရည် အလင်းလုံးလေးမှာ အနည်းငယ် လင်းလက်သွားပြီး ဤအာဟာရကို စုပ်ယူလိုက်သည်။
အဆင့်နိမ့် ဝိသေသလက္ခဏာရပ်များကို စီမံပြီးနောက် လင်းထျန်းလုံသည် နောက်ဆုံးတွင် အရေးကြီးဆုံးဖြစ်သော အရိုးမိစ္ဆာဝံပုလွေ၏ သလင်းကျောက်အမြုတေ (ဘုရင်အဆင့်) ဆီသို့ သူ၏ အာရုံကို လှည့်လိုက်သည်။
ဤသလင်းကျောက်အမြုတေကိုယ်တိုင်က အဆင့် ၃၈ ဘုရင်အဆင့် မိစ္ဆာသားရဲတစ်ကောင်၏ ကြီးမားလွန်းသော စွမ်းအင်များကို သယ်ဆောင်ထားသဖြင့် ပိုမိုမြင့်မားသော အဆင့်များသို့ တက်လှမ်းရန်အတွက် အကောင်းဆုံးသော အရင်းအမြစ်ဖြစ်သည်။
သူ ဆက်လက်မတွန့်ဆုတ်တော့ဘဲ သလင်းကျောက်အမြုတေအတွင်းရှိ ကြီးမားလွန်းသော စွမ်းအင်များကို ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာစေရန် တိုက်ရိုက် လမ်းညွှန်လိုက်သည်။
“ဝုန်း”
သန့်စင်အေးစက်သော သေမင်းစွမ်းအင်များသည် ကြမ်းတမ်းသည့် ဘုရင်အဆင့် မိစ္ဆာသားရဲစွမ်းအားများနှင့် ရောနှော၍ ဆည်ကာတာကျိုးပေါက်ကာ ရေလွှမ်းမိုးမှုကြီးတစ်ခုဖြစ်ပေါ်လာသကဲ့သို့ သူ၏ ခြေလက်များ၊ အရိုးများ၊ သွေးကြောများနှင့် ဝိညာဉ်များကို ဖြတ်သန်းဆေးကြောသွားသည်။
ကျိုးပျက်ရန်နီးကပ်နေပြီးဖြစ်သော အဆင့်အတားအဆီးသည် ဤတဟုန်ထိုး တက်လာသော စွမ်းအားများ၏ စဉ်ဆက်မပြတ်ရိုက်ခတ်မှုအောက်တွင် ပေါက်ကွဲသံများဆက်တိုက် ထွက်ပေါ်လာတော့သည်။
[စနစ်အသိပေးချက်]။ ။အဆင့် ၃၈ (ပထမ ဘုရင် အထွတ်အထိပ်အဆင့်) သို့ တက်လှမ်းသွားပါသည်။
[စနစ်အသိပေးချက်]။ ။အဆင့် ၃၉ (ပထမ ဘုရင် အထွတ်အထိပ်အဆင့်) သို့ တက်လှမ်းသွားပါသည်။
အဆင့်နှစ်ဆင့် ဆက်တိုက် ခုန်ပျံကျော်လွှားသွားခြင်းက သူ၏စွမ်းအားများကို တဟုန်ထိုး တိုးတက်လာစေသည်။
သူ၏ ခန္ဓာကိုယ်အရွယ်အစားမှာ သာမန်မျက်စိဖြင့် မြင်နိုင်သောအရှိန်ဖြင့် ထပ်မံကြီးထွားလာပြီး အရပ်မှာလည်း လေးမီတာကို တည်ငြိမ်စွာ ကျော်လွန်သွားသည်။
ငွေဖြူရောင် အမွေးများအောက်ရှိ ကြွက်သားများမှာ ဖောင်းကြွလာပြီး ရင်တုန်ဖွယ်ရာ ဖျက်ဆီးနိုင်စွမ်းများဖြင့် ပြည့်နှက်နေသည်။
သူ၏ပတ်လည်တွင် သဘာဝအတိုင်း ထွက်ပေါ်နေသော အအေးဓာတ်က မြေပြင်ပေါ်တွင် ထူထဲသော ရေခဲလွှာတစ်ခုကို လျင်မြန်စွာ ဖြစ်ပေါ်စေသည်။
ဘုရင်အဆင့်ဖိအားသည် သာမန်မျက်စိဖြင့် မမြင်ရသော အရာတစ်ခုကဲ့သို့ ပြန့်နှံ့သွားရာ အဝေးရှိ ဝံပုလွေအသိုက်မှ နှင်းဝံပုလွေအားလုံးကို ခံစားသိရှိသွားပြီး မိခင်သစ်ပင်ရှိရာသို့ ရိုသေကြောက်ရွံ့စွာ ကြည့်လိုက်ကြသည်။
အဆင့်တက်ပြီးနောက် သူ့ခန္ဓာကိုယ်နှင့် စွမ်းရည်များ၏ နက်ရှိုင်းသော အပြောင်းအလဲများကို ဂရုတစိုက် ခံစားကြည့်လိုက်သည်။
[စနစ်အသိပေးချက်]။ ။စွမ်းရည်အားလုံး အများအပြား တိုးတက်သွားပါသည်။
[စနစ်အသိပေးချက်]။ ။မိုးပြာနက်နဲရေခဲ ဝံပုလွေသွေးမျိုးဆက် သိသိသာသာ တိုးတက်လာပါသည်။
[ဝိသေသလက္ခဏာရပ် “လွှမ်းမိုးခြင်း” အကျိုးသက်ရောက်မှု - နှင်းဝံပုလွေမျိုးနွယ်စု စွမ်းရည်အားလုံး +၁၀၀ ရာခိုင်နှုန်း]
[ဝိသေသလက္ခဏာရပ် “ဘုရင်သွေးမျိုးဆက်” အကျိုးသက်ရောက်မှု - ကိုယ်ပိုင်စွမ်းရည်အားလုံး +၅၀ ရာခိုင်နှုန်း]
[ဝိသေသလက္ခဏာရပ် “နက်နဲရေခဲ” အကျိုးသက်ရောက်မှု - ရေခဲအမျိုးအစားကျွမ်းကျင်မှု အကျိုးသက်ရောက်မှုများ +၄၀ ရာခိုင်နှုန်း၊ ပိုမိုအားကောင်းသော အေးခဲခြင်း အကျိုးသက်ရောက်မှုနှင့်အတူ]
[စနစ်အသိပေးချက်]။ ။ထာဝရတိုက်ပွဲဝိညာဉ်၏ စိတ်ခွန်အား သိသိသာသာ တိုးတက်လာပါသည်။
[ဝိသေသလက္ခဏာရပ် “ရူးသွပ်ခြင်း” အကျိုးသက်ရောက်မှု - အသက်စွမ်းအင် ၅၀ ရာခိုင်နှုန်း အောက်ရောက်ပါက တိုက်ခိုက်မှုစွမ်းအား ၄၀ ရာခိုင်နှုန်း တိုးလာမည်။ သက်စောင့်စွမ်းအင် ၂၀ ရာခိုင်နှုန်း အောက်ရောက်ပါက တိုက်ခိုက်မှုစွမ်းအား ၇၀ ရာခိုင်နှုန်း တိုးလာမည်။]
[ဝိသေသလက္ခဏာရပ် “ဝိညာဉ်ခိုင်မာမှု” အကျိုးသက်ရောက်မှု သိသိသာသာ မြင့်တက်လာပါသည်။]
[စနစ်အသိပေးချက်]။ ။အလယ်အလတ် စိတ်ထိန်းချုပ်ခြင်း စွမ်းရည် တိုးတက်လာပါသည်။ အများဆုံး ထိန်းချုပ်နိုင်သော အလေးချိန် ၂၅၀ ကီလိုဂရမ်အထိ တိုးလာပြီး တိကျမှုနှင့် ထိန်းချုပ်နိုင်သော အကွာအဝေး တစ်ပြိုင်နက်တည်း မြင့်တက်လာပါသည်။
[စနစ်အသိပေးချက်]။ ။အလယ်အလတ် စိတ်ချင်းဆက်သွယ်ခြင်း စွမ်းရည်၏ ဆက်သွယ်နိုင်သော အကွာအဝေး၊ ရှင်းလင်းမှုနှင့် တစ်ပြိုင်နက်တည်း ချိတ်ဆက်နိုင်သော အရေအတွက် သိသိသာသာ တိုးတက်လာပါသည်။
တဟုန်ထိုး တိုးတက်လာသော စွမ်းအားများက သူ၏ ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသည်။ လင်းထျန်းလုံ ရေခဲပြာရောင် မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏ မျက်၀န်းများအတွင်း ကြယ်များမွေးဖွားလာပြီး ပျောက်ကွယ်သွားသကဲ့သို့ပင် ခဏတာ တဖျတ်ဖျတ်လင်းလက်သွားပြီး ပြန်ပျောက်သွားလေသည်။
ဝိသေသလက္ခဏာရပ် သိုလှောင်ရုံထဲရှိ အကောင်းပကတိအတိုင်း ရှိနေသေးသော ထာဝရတိုက်ပွဲဝင်လိုစိတ် (ရွှေရောင် အဆင့်မြင့်)ကို သူ ကြည့်လိုက်သည်။
“အရမ်းကောင်းတယ်။ ငါ့အဆင့် ထပ်တက်သွားပြီး ထာဝရတိုက်ပွဲဝင်လိုစိတ်ကိုလည်း ထိန်းသိမ်းထားနိုင်ခဲ့တယ်၊ အခု ရှေးဟောင်းကန္တာရတိုက်ပွဲခန္ဓာကို ပေါင်းစပ်ဖန်တီးဖို့ လိုအပ်ချက်တွေထဲမှာ ရှေးဟောင်းသားရဲအနှစ်သာရဝိညာဉ် တစ်ခုပဲ လိုတော့တယ်”
ဤအခိုက်အတန့်တွင် သူသည် ယခင်ကထက် ပိုမိုကောင်းမွန်သော ခံစားချက်ကို ရရှိနေသည်။
ထို့နောက် တရားဝင် ဖွဲ့စည်းတော့မည့် ကင်းလှည့်အမဲလိုက်တပ်ရင်းအတွက် အဆင့်မြင့်ပစ္စည်းများကို စတင်ပြင်ဆင်တော့သည်။
သူသည် စနစ်နေရာလွတ်ထဲမှ သာမန်အဆင့် သလင်းကျောက်အမြုတေ ကိုးခုကို ထုတ်ယူလိုက်သည်။
၎င်းတို့သည် အခြေခံအဖြစ် အသုံးပြုရန် အသင့်တော်ဆုံးသော သာမန်စွမ်းအင်တုံ့ပြန်မှု အရှိဆုံး အမြုတေများဖြစ်သည်။ ထို့နောက် ဝိသေသလက္ခဏာရပ် သိုလှောင်ရုံထဲမှ ဂရုတစိုက် ရွေးချယ်လိုက်သည်။
“စနစ်... ဒီသလင်းကျောက်အမြုတေ ကိုးခုအပေါ်မှာ အမြန်နှုန်းမြှင့်တင်ခြင်း (အဖြူရောင်)ဝိသေသလက္ခဏာရပ်ကို ပေးအပ်ပါ”