← Chapters

မကောင်းဆိုးဝါး တည်းခိုခန်း ( ၃ )

Vol. 11 Ch. 162

မကောင်းဆိုးဝါး တည်းခိုခန်း ( ၃ )

Vol. 11 Ch. 162

“ ဒုတိယကိစ္စကလည်း ရေသူမမျိုးနွယ်နဲ့ ဆက်စပ်နေပါတယ်။ သူတို့ မျိုးနွယ်က သခင်လေး အသတ်ခံလိုက်ရပြီး သူ့အစ်မနှစ်ယောက်က တစ်လကျော်တဲ့အထိ ဆိပ်ကမ်းတစ်ခုလုံး အပူတပြင်း ရှာနေပါတယ် ”

ဆိပ်ကမ်း၌ သတင်းပေါင်းစုံရှိပြီး သတင်းအများစုကို သိထားကြသည့်လူများမှာ ကြုံရာကျပန်းအလုပ်သမားများသာ ဖြစ်သည်။ ရွှီချင်း၏သတင်းပေးသမား ဖြစ်လာခဲ့ပြီးနောက် ထိုအမျိုးသမီးက သတင်းများကို သေချာအာရုံစိုက်၍ လေ့လာထားခဲ့သည်ဖြစ်ပြီး သူမ၏အဖြေကြောင့် ရွှီချင်း အလွန် ကျေနပ်သွားသည်။ သူ အနည်းငယ် စဉ်းစားလိုက်ပြီး မေးမြန်းလိုက်သည်။

“ တခြားရှိသေးလား ”

သတင်းပေးသမားက စဉ်းစားပြီးနောက် ထပ်ပြောလိုက်သည်။

“ တခြားတော့ မရှိဘူး။ သြော် … ပြီးခဲ့တဲ့ရက်က ဂိုဏ်းလေးတစ်ဂိုဏ်းက ချီရွှဲ့ထုံဂိုဏ်းနယ်နိမိတ်အပြင်ဘက်ကို ပြောင်းပေးလိုက်ရတယ်။ အဲဒီကိစ္စမျိုးက ရှားတယ်။ ကျမ ထင်တာတော့ အဲဒီဂိုဏ်းက ကျင်းနာမည်ပါတဲ့ ဂိုဏ်းပဲ ”

“ ကျင်းကန်းဂိုဏ်းလား ”

ရွှီချင်း၏ မျက်လုံးများ မှေးသွားပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

“ ဟုတ်တယ်၊ ကျင်းကန်းဂိုဏ်း ”

သတင်းပေးသမားက ခေါင်းညိတ်ပြလိုက်သည်။

ရွှီချင်း ငြိမ်သက်သွားသည်။ ခဏအကြာ ထိုအမျိုးသမီးကို ဝိညာဉ်ကျောက်တုံးငါးတုံးပေး၍ သူ ထွက်လာခဲ့သည်။

ထိုအမျိုသမီးအတွက် ဝိညာဉ်ကျောက်တုံးငါးတုံးမှာ အလွန် များပြားသော ပမာဏဖြစ်သည်။ သူမ၏အသက်ရှူသံများ မြန်ဆန်လာပြီး ရွှီချင်း၏နောက်ကျောကိုကြည့်ကာ ရွှီချင်းကို ပို၍ လေးစားသက်ဝင်လာတော့သည်။

ရွှီချင်းသည် လမ်းကြားလေးထဲမှ ထွက်လာပြီးနောက် လမ်းများပေါ်လျှောက်ရင်း ကျင်းကန်းဂိုဏ်းအကြောင်း စဉ်းစားနေသည်။

“ ဖယ်ထုတ်ခံလိုက်ရတာလား ”

ရွှီချင်း၏ မျက်လုံးများ မှေးသွားပြီး ရေသူမမျိုးနွယ်ကိစ္စကို ထပ်စဉ်းစားကြည့်လိုက်သည်။ ခေါင်းဆောင်နှင့် သူ့သတင်းပေးသမား၏ စကားများအရ ထိုသတင်းက စစ်မှန်ကြောင်း သူ အတည်ပြုနိုင်ပြီဖြစ်သည်။ သူ့ရင်ထဲ လူသတ်စိတ်များ တဖြည်းဖြည်း ပေါ်ထွက်လာသည်။

“ အဲဒီနှစ်ခုက ငုပ်လျှိုးနေတဲ့ အန္တရာယ်တွေပဲ ”

ရွှီချင်းက တစ်ကိုယ်တည်း ရေရွတ်လိုက်ပါသော်လည်း မျက်နှာပေါ်တွင် လူသတ်ချင်သည့်အရိပ်အယောင်များ မပြသပေ။ နေ့တာဝန်ကို သူ တည်ငြိမ်စွာ အဆုံးသတ်လိုက်ပြီး အဏ္ဏဝါမှတ်တမ်းစာကြည့်တိုက်သို့ပင် သွား၍ နဂါးလှည်းနှင့် ဧရာမလူ့ဘီလူးကြီးအကြောင်းကို မှတ်တမ်းတင်လိုက်သည်။

စာကြည့်တိုက်၏ စည်းမျဉ်းများအရ မှတ်တမ်းမတင်ထားရသေးသော သတင်းကို တင်ပြပြီး မှန်ကန်ကြောင်း အတည်ပြုပြီးသောအခါမှသာ ဆုကြေးငွေရရှိမည်ဖြစ်သည်။ သို့သော်လည်း ထိုသို့ စစ်ဆေးရန် အချိန်ယူရသည်။ ထို့ကြောင့် ရွှီချင်းက သတင်းကို တင်ပြပြီးနောက် မှောင်ရီပျိုးစအချိန်တွင် ကျန်းစန်း၏ သယ်ယူပို့ဆောင်ရေးဌာနသို့ ရောက်သွားသည်။

ထိုနေရာ၌ မောဟိုက်နွမ်းနယ်နေဟန်ရှိသော်လည်း ရူးသွပ်သည့် မျက်လုံးများနှင့် ကျန်းစန်းကို သူ မြင်လိုက်ရသည်။

“ ညီလေးရွှီ၊ ဒီတစ်ခေါက် မင်းမှော်လှေကတော့ ကျန်းစန်းဆိုတဲ့ ငါ လုပ်ဖူးသမျှထဲ အားအရဆုံးပဲဟေ့ ”

ကျန်းစန်းက ရွှီချင်းကို အလုပ်ရုံထဲ ခေါ်လာပြီး အလုပ်ရုံတံခါးကို တွန်းဖွင့်လိုက်သည်။

တံခါးပွင့်သွားသည်နှင့် ရွှီချင်း၏ အမြင်အာရုံထဲ ရင်သပ်ရှုမောဖွယ်ရာ မှော်လှေတစ်စီး ဝင်ရောက်လာသည်။

ပေတစ်ထောင်ရှည်သော သင်္ဘောကြီးကို ပင်လယ်ဖွတ်အရေခွံဖြင့် ဖုံးလွှမ်းထားသည်။ အနက်ရောင်အလင်းများ လှည့်ပတ်နေပြီး ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်အရှိန်အဝါတစ်ခု သူ့မျက်နှာကို လာရောက်ရိုက်ခတ်လာသည်။ ၎င်း၏ ခုခံကာကွယ်ရေးအဆင့်အတန်းကိုလည်း သာမန်မျက်စိဖြင့် မြင်နိုင်သည်။

မူလဖွဲ့စည်းပုံက မပြောင်းလဲပါသော်လည်း သင်္ဘောဘေးနှစ်ဖက်မှ ကွေးညွတ်နေသာ ဧရာမချိုကွေးကြီးနှစ်ချောင်း ဆန့်ထွက်နေသည်။ ၎င်းက အလွန် ရက်စက်ကြမ်းတမ်းဟန်ရှိပြီး တချိန်တည်းမှာပင် ၎င်းမှ ထွက်ပေါ်နေသည့် စူးရှသောအရိပ်အငွေ့များက ရွှီချင်း၏ မျက်လုံးများကိုပင် ကျဉ်းမြောင်းသွားစေသည်။

ပို၍ပင် အံ့အားသင့်သွားရသည်မှာ ရွက်တိုင်ရှစ်ချောင်းသည် ယခင်ကထက် နှစ်ဆအရွယ်အစား ဖြစ်လာခြင်းဖြစ်သည်။ ၎င်းတို့၏ ပုံပန်းသွင်ပြင်သည်လည်း ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး မည်းနက်တောက်ပြောင်သော အရောင်အဆင်းရှိကာ သားရဲကြီးတစ်ကောင်၏ အတောင်ပံများပမာ ဖြစ်နေပေသည်။

ထိုမျှသာမကသေး၊ သင်္ဘောအတွင်းပိုင်းကိုလည်း အခြေတည်အဆင့်ဖွတ်အရေခွံဖြင့် ဖုံးအုပ်ထားပေရာ သင်္ဘော၏မာကြောခိုင်ခံမှုက အပြင်ပန်းကြည့်သည်ထက် ပို၍ သာလွန်နေသည်။ ယင်းသည် အမြင်အာရုံကို ရှုပ်ထွေးသွားစေမည်ဖြစ်ပြီး အကျဉ်းအကြပ်ထဲတွင် သေရေးရှင်ရေးကို အဆုံးအဖြတ်ပေးသွားနိုင်သည်။

“ ဖွတ်အရေခွံကနေ နတ်ဝိညာဉ်ထုတ်ပြီးတော့ ရွက်တိုင်ရှစ်တိုင်ထဲ ပေါင်းထည့်လိုက်တယ်။ အဲဒါကို အသက်သွင်းလိုက်တာနဲ့ မင်းမှော်လှေက လေပေါ်ပျံနိုင်ပြီး ပင်လယ်ထဲလည်း ငုပ်လျှိုးသွားနိုင်လိမ့်မယ် ”

“ အရေးကြီးဆုံးအချက်က နတ်ဝိညာဉ်ကို မင်းမှော်လှေတွေရဲ့ အစိတ်အပိုင်းတွေအားလုံးနဲ့ ငါ ချိတ်ဆက်ပေးလိုက်တာပဲ။ အဲဒါရဲ့ သက်စောင့်အားအကူအညီနဲ့ဆိုရင် မင်းမှော်လှေက အတိုင်းအတာတစ်ခုအထိ ပြန်လည်ကုစားနိုင်စွမ်း ရှိလာမှာ။ ဒါက ချီရွှဲ့ထုံတစ်ဂိုဏ်းလုံးက မှော်လှေတွေထဲမှာ သိပ်အဖိုးတန်တဲ့ အစွမ်းပဲ ”

“ ပြီးတော့ အဲဒီနတ်ဝိညာဉ်ကို နှိုးဆွပေးလိုက်ရင် ကြောက်စရာကောင်းတဲ့ တိုက်ကွက် ထွက်လာမှာ။ အဲဒီတိုက်ကွက်က ပြင်းထန်လွန်းလို့ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်တောင် ခုခံနိုင်မလား ပြောရခက်တယ်။ တကယ်လို့ ခုခံနိုင်ခဲ့ရင်တောင် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားလိမ့်မယ်။ ဒါပေမဲ့ အဲဒါကို မလိုအပ်ဘဲ ထုတ်မသုံးဖို့ မင်းကို အကြံပေးချင်တယ်။ အကြိမ်အနည်းငယ်လောက် ထုတ်သုံးလိုက်တာနဲ့ နတ်ဝိညာဉ်အစွမ်း ကုန်ခမ်းသွားလိမ့်မယ်။ အဲဒီ နတ်ဝိညာဉ်အစွမ်း ပျောက်သွားရင် မင်းမှော်လှေရဲ့ အစွမ်းတွေလည်း သိသိသာသာ လျော့ကျသွားမှာပဲ ”

“ မင်းမှော်လှေက အခြေတည်အဆင့်သင်္ဘောတစ်စီး မဟုတ်သေးဘူးဆိုပေမဲ့လည်း သိပ်နိမ့်ကျနေတာလည်း မဟုတ်ဘူးကွ။ အခြေတည်အဆင့်အူတိုင်ကို မင်းထည့်လိုက်တာနဲ့ ဒါက ထူးခြားတဲ့ တကယ့်အခြေတည်အဆင့်သင်္ဘောဖြစ်သွားမှာပဲ ”

“ ဒီတော့ အခြေတည်အဆင့်အူတိုင်ကို ထည့်ဖို့ မြန်မြန်မလုပ်နဲ့။ အကောင်းဆုံးအူတိုင်က အစွမ်းထက်သားရဲတစ်ကောင်ရဲ့ နှလုံးသားပဲ။ နတ်သတ္တဝါတစ်ကောင်ရဲ့ နှလုံးသားကိုသာ မင်း ထည့်နိုင်ရင် မင်းမှော်လှေက အခြေတည်အဆင့် နတ်သတ္တဝါတစ်ကောင်လိုမျိုး ဖြစ်သွားမှာ ”

“ ဒါပေမဲ့ မင်းက ကြွားဝါရတာကို မကြိုက်မှန်း သိလို့ မင်းဖို့ ငါ အဖုံးတစ်ခု စီစဉ်ထားတယ်။ အဲဒါက မင်းလှေကို အရင်ပုံစံအတိုင်း ပြန်ဖြစ်အောင် လုပ်ပေးနိုင်တယ်။ အဲဒါရဲ့ပုံစံကို မင်း အချိန်မရွေး ပြောင်းလဲလိုက်လို့ရတယ် ”

ကျန်းစန်းက မှော်လှေကို ရူးသွပ်သည့်မျက်လုံးများဖြင့် ကြည့်၍ ရွှီချင်းကို မိတ်ဆက်ပေးလိုက်သည်။

ရွှီချင်းမှာ သူ့ရှေ့ရှိ မှော်လှေကြီးကို ကြည့်၍ စကားမပြောနိုင်လောက်အောင် မှင်သက်နေသည်။

အချိန်အတော်ကြာသွားပြီး သယ်ယူပို့ဆောင်ရေးဌာနမှ ဆိပ်ကမ်းနံပါတ်ခုနစ်ဆယ့်ကိုးသို့ သူ ပြန်ရောက်သွားသည့်တိုင်အောင် ရင်ထဲ အံ့သြစိတ်များ လှိုင်းထန်နေဆဲပင်။

ထိုအချိန်၌ ချီရွှဲ့ထုံဂိုဏ်းပင်မမြို့ကြီးထဲတွင် လူရိပ်ငါးရိပ်ရှိနေသည်။ နှစ်ယောက်က ရှေ့မှဦးဆောင်သွားနေပြီး သုံးယောက်က နောက်မှလိုက်လာကာ ညအချိန်ကြီး တဟုန်ထိုး သွားနေကြသည်။

ထိပ်ဆုံးမှနှစ်ယောက်သည် အမျိုးသမီးများဖြစ်ကြပြီး နောက်မှသုံးယောက်က နောက်လိုက်များ ဖြစ်ဟန်တူသည်။ အမျိုးသမီးနှစ်ယောက်၏ အကြည့်များက စူးရှပြတ်သားပြီး သူတို့နှစ်ဦးသည် ရေသူထီးလူငယ်၏ အစ်မနှစ်ယောက်ဖြစ်ကာ တတိယမင်းသား၏ ချစ်သူများလည်း ဖြစ်ကြသည်။

ထိုနှစ်ယောက်အနက် ညီမငယ်၏ မျက်နှာပေါ်တွင် လူသတ်ချင်နေသည့်အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။ အစ်မကြီး၏မျက်လုံးများထဲတွင် နားလည်ရခက်သောအရိပ်အယောင်တစ်ခု ရှိနေ၏။ သူတို့အတွေးများက မတူညီကြပါသော်လည်း ရည်မှန်းချက်က ထပ်တူကျသည်။

“ ငါတို့ တစ်လကျော်လောက် ရှာပြီးတော့ မောင်လေးနဲ့ ရန်စရှိတဲ့သူတိုင်းကို စစ်ဆေးကြည့်ပြီးပြီ။ ဒီတစ်ယောက်ပဲ ပင်လယ်ထဲ ထွက်သွားလို့ မရှာရသေးတာ ”

“ အဆင်ပြေပါတယ်။ ငါတို့ အနီးကပ်ကြည့်လိုက်တာနဲ့ သွေးမျိုးဆက်ကနေ တစ်ဆင့် အဲဒီကလေးက လူသတ်သမား ဟုတ်၊ မဟုတ် သိမှာပဲ ”

“ အဲဒီကလေးသာ တကယ့်လူသတ်သမားဖြစ်နေလို့ကတော့ သူ့ကို အရှင်လတ်လတ်အရေခွံဆုတ်ပြီး နာကျင်တဲ့ဒဏ်ကို ခံစားစေရမယ်။ သူ့အသားတွေကို နေ့တိုင်း စားပြီး ဆိုးဆိုးဝါးဝါး အသက်ထွက်သွားစေရမယ်။ ပြီးရင် သူ့ဝိညာဉ်ကို နှုတ်ပြီးတော့ ရေသူမမီးတိုင်ထဲ ထည့်ပြီး လက်ကျန်တစ်ဘဝလုံး လောင်မြိုက်ခိုင်းမယ် ”

ညီမဖြစ်သူက အံတင်းတင်းကြိတ်၍ ပြောသည်။

အသူရာနတ်ဆိုးက အသက်ကြွေးတောင်းဆိုလိုက်သည့်အလား ညဉ့်လေပြေ ဆော်သွေးတိုက်ခတ်လာသည်။

All Chapters