← Chapters

အခန်း (၂၅၄၁-၂၅၄၂)

Vol. 195 Ch. 2541-2542

အခန်း (၂၅၄၁-၂၅၄၂)

Vol. 195 Ch. 2541-2542

အခန်း(၂၅၄၁)

ကျန်းချန်တို့က တံခါးမကြီးကို ဖြတ်ကျော် ဝင်‌ရောက်လိုက်သည်နှင့် တစ်ပြိုင်နက် သူတို့ရှေ့ရှိ မြင်ကွင်းသည် ချက်ချင်းပင် ကျယ်ပြန့်သွားခဲ့သည်။

သူတို့ရှေ့တွင် ပေါ်လာသည်မှာ ကြီးမားသော ရှေး‌ဟောင်းခန်းမကြီး တစ်ခု ဖြစ်သည်။

ထိုခန်းမတစ်ခုလုံးသည် ငွေရောင်ဖြစ်ပြီး မရေမတွက်နိုင်သော နှစ်ကာလများ၏ တိုက်စားမှုကြောင့် ငွေရောင်သည်ပင် အနည်းငယ် အရောင်မွဲနေခဲ့၏။

ခန်းမတစ်ခုလုံးတွင် ရှေးဟောင်း အငွေ့အသက်များ ပျံ့လွင့်နေခဲ့ပြီး လူအများအပြားကို မရေမတွက်နိုင်သော နှစ်ကာလများ၏ တိတ်ဆိတ်ငြိမ်သက်မှုကို ခံစားရစေခဲ့သည်။

ထို့အပြင် ခန်းမဆောင်သည် အလွန်ပင် မြင့်မားကာ ကျယ်ဝန်းလှ၍ ခန်းမထဲရှိ လူအများသည် ပုရွက်ဆိတ်များသဖွယ် သေးငယ်နေခဲ့သည်။

ခန်းမဆောင်၏ အလယ်ဗဟိုတွင် မီတာတစ်ရာခန့်အရွယ်အစားရှိသည့် ကျောက်စင်မြင့်တစ်ခု ရှိပြီး ထိုကျောက်စင်မြင့်တစ်ခုလုံးကို တောက်ပသော ငွေရောင်အလင်းများက လွှမ်းခြုံထား၏။

ကျန်းချန်က ငွေရောင်အလင်းများ လွှမ်းခြုံထားသည့်ကြားမှပင် ကျောက်စင်မြင့်ပေါ်တွင် တင်ထားသော ပစ္စည်းတချို့ကို ခပ်ရေးရေး မြင်နိုင်ခဲ့သည်။

ထိုအရာများထဲတွင် လျှို့ဝှက်ဆန်းကြယ်သော စာလိပ်တချို့၊မှော်လက်နက်များနှင့် မှော်ပစ္စည်းများအပြင် အနှိုင်းမဲ့ အင်မော်တယ်ဆေးဝါးများ ပါဝင်နေပြီး တစ်ခုချင်းစီသည် သာမန်ပစ္စည်းများ မဟုတ်သည်မှာ ထင်ရှား၏။

ယင်းအပြင် ကျန်းချန်သည် ကုန်သွယ်ရေးစျေးတွင် တွေ့ရှိခဲ့သည့် ကြေးနီပြားနှင့် အလွန်တရာ ဆင်တူသော အရှိန်အဝါတစ်ခုကိုလည်း အာရုံခံမိခဲ့သည်။

ထိုအရှိန်အဝါကို ခံစားမိလျှင် ကျန်းချန် စိတ်လှုပ်ရှားလာခဲ့သည်။

“အင်မော်တယ်ခရစ္စတယ်အပိုင်းအစပဲ”

သူမှန်းဆထားသည့် အတိုင်းပင် ထျန်းယွိ နေထိုင်သည့်နေရာတွင် အင်မော်တယ်ခရစ္စတယ် အပိုင်းအစများ အမှန်တကယ်ပင် ရှိနေခဲ့၏။

“မိတ်ဆွေလေးကျန်းချန်.. ဟိုမှာ ထိုက်ယီအင်‌မော်တယ်ဂိုဏ်းက လူတွေလည်း ရှိနေတယ်”

ထိုအချိန်တွင် လျှိုချင်းယွီ၏ လေးနက်သော စကားသံက ကျန်းချန်၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

ကျန်းချန်က လျှိုချင်းယွီ ညွှန်ပြသည့် နေရာသို့ လှမ်းကြည့်လိုက်ရာ သူတို့၏ ဘယ်ဘက်ရှိ ပေရာပေါင်းများစွာ အကွာတွင် ပုံရိပ်ခြောက်ခုကို တွေ့လိုက်ရသည်။

ထိုခြောက်ဦး၏ အရှိန်အဝါသည် အလွန်ပင် ထူးခြားလှ၏။

အထူးသဖြင့် ခေါင်းဆောင်ဖြစ်ဟန်တူသည့် လူငယ်၏ ခွန်အားသည် အလွန်ပင် သန်မာပြီး တိမ်တိုက်နက်ဂိုဏ်းမှ မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်ဟိုင်ဟဲနှင့် ယှဥ်လျှင်ပင် ပို၍ အစွမ်းထက်မည်ဟု ထင်ရသည်။

“တကယ်ပဲ ထိုက်ယီ အင်‌မော်တယ်ဂိုဏ်း ဖြစ်နေတာကိုး.. ငါ့အထင်မမှားဘူးဆိုရင် ထိုက်ယီ အင်‌မော်တယ်ဂိုဏ်းအဖွဲ့ကို ခေါင်းဆောင်လာတဲ့ သူက ထိုက်ယီ အင်‌မော်တယ်ဂိုဏ်းရဲ့ မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင် ကူချင်းယွမ်ပဲ ဖြစ်မယ်ထင်တယ်”

သူ့ရှေ့မှ မြင်ကွင်းကိုကြည့်ကာ မိုဟူက လေးနက်စွာ ပြောလိုက်သည်။

ထိုက်ယီ အင်‌မော်တယ်ဂိုဏ်းမှ ကူချင်းယွမ်သည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲတွင် နာမည်ကျော်ကြားသော မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်ဖြစ်ပြီး သူ၏ လက်ချက်ဖြင့် သေဆုံးခဲ့သော မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူများသည် လက်တစ်ဖက်တည်းဖြင့် ရေတွက်၍ မရနိုင်လောက်အောင် များပြားလှ၏။

လွန်ခဲ့သော ဆယ်စုနှစ်က ထိုလူငယ်သည် မဟာယာန အဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင် တိုက်ခိုက်ခဲ့ဖူးပြီး အသာစီးပင် ရခဲ့သည်ဟု ဆိုကြသည်။

ဤကဲ့သို့ အနှိုင်းမဲ့ အစွမ်းထက်သည့် ပါရမီရှင်မျိုးသည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာရှိ မည်သူ့ကိုမဆို ကြောက်ရွံ့သွားစေရန် လုံလောက်၏။

“ကူချင်းယွမ်”

မိုဟူ၏ နံဘေးမှ ဟိုင်ဟဲဟု အမည်ရသော မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်သည် ကူချင်းယွမ်ကို စူးစိုက်ကြည့်နေခဲ့သည်။

သူ၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းများ ဖြစ်ပေါ်လာခဲ့သည်။

“ထိုက်ယီအင်‌မော်တယ်ဂိုဏ်းက လူတွေက ငါတို့ ရှိနေတာကို သတိမထားမိပုံပဲ”

ထိုက်ယီ အင်‌မော်တယ်ဂိုဏ်းဝင် ခြောက်ဦးကို ကြည့်ရှုပြီးနောက်တွင် လျှိုချင်းယွီသည် အလွန်ပင် အံ့အားသင့်နေခဲ့သည်။

ယခုအခါတွင် သူတို့သည် ထိုက်ယီ အင်မော်တယ်ဂိုဏ်းဝင်များနှင့် ပေရာပေါင်းများစွာသာ ကွာဝေးသော်လည်း ထိုက်ယီအင်‌မော်တယ် ဂိုဏ်းဝင်များသည် သူတို့ ရှိနေသည်ကို လုံးဝ မသိရှိခြင်းမှာ မယုံကြည်နိုင်စရာ ကောင်းနေခဲ့၏။

ကျန်းချန်က တည်ငြိမ်စွာပင် ပြောလိုက်၏။

“ဒီခန်းမဆောင်ထဲမှာ မရေမတွက်နိုင်တဲ့ အစီအရင်တွေရှိတယ်.. အပေါ်ယံကြည့်ရင် သူတို့က ငါတို့နဲ့ ပေရာပေါင်းများစွာပဲ ကွာတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းတော့ သူတို့တွေက ဟင်းလင်းပြင် အစီအရင်ထဲမှာ ပိတ်မိနေကြတာပဲ.. ဒါကြောင့်လည်း ငါတို့ရှိနေတာကို အာရုံခံနိုင်စွမ်း မရှိကြတာပဲ”

“ခန်းမဆောင်ထဲမှာ တားမြစ် အစီအရင်တွေ ရှိနေတယ်လား”

ကျန်းချန်၏ စကားကို ကြားလျှင် လျှိုချင်းယွီ မျက်မှောင်ကြုတ်သွားခဲ့သည်။

သူတို့က ထျန်းယွိ အမွေအနှစ်နယ်မြေသို့ လာခဲ့ကြသော်လည်း သူတို့ထဲတွင် အစီအရင်ပညာရပ် တတ်ကျွမ်းသူ တစ်ဦးမျှ ပါမလာခဲ့ပေ။

သူတို့အတွက် တစ်ခုတည်းသော နည်းလမ်းမှာ အတင်းအကျပ် ထိုးဖောက်ရန်သာ ရှိ၏။

သို့သော်လည်း ထိုက်ယီ အင်‌မော်တယ်ဂိုဏ်းအဖွဲ့ ရင်ဆိုင်နေရသော အခြေအနေကို ကြည့်ခြင်းအားဖြင့် အစီအရင်ကို အတင်းအကျပ် ထိုးဖောက်ရန်မှာ မလွယ်ကူမှန်း သိသာနေခဲ့သည်။

“ငါ့နောက်ကနေသာ လိုက်ခဲ့ပါ”

ကျန်းချန်က အေးအေးလူလူ ပြောလိုက်ပြီး ရှေ့ကနေ ဦးဆောင်သွားခဲ့သည်။

ဤခန်းမဆောင်ထဲတွင် မရေမတွက်နိုင်သော အစီအရင်များ ရှိနေသော်လည်း နှစ်ကာလများစွာ ကြာမြင့်လာပြီ ဖြစ်၍ အားနည်းချက် များစွာ ရှိနေခဲ့သည်။

ကျန်းချန်သည် ဤနှစ်များအတွင်း အစီအရင်ပညာရပ်ကို မလေ့လာခဲ့သော်လည်း သူ၏ အစီအရင် ပညာရပ်သည် အဆင့်အတန်း တစ်ခုတွင် ရှိနေဆဲပင်။

သူ၏ အုပ်စိုးသူအဆင့် မြင်နိုင်စွမ်းနှင့် စနစ်၏ အကူအညီတို့ကို ပေါင်းစပ်လိုက်လျှင် ဤအစီအရင်များထဲမှ အားနည်းချက်ကို ရှာဖွေရန်မှာ မခက်ခဲပေ။

ကျန်းချန်က ရှေးဟောင်းရွှေရောင်ဓားကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင် ဓားအလင်းများသည် စဥ်ဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။

ယင်းနောက်တွင်မူ ပတ်ဝန်းကျင်ရှိ အထပ်ထပ် ပိတ်ဆို့ထားသော တားမြစ် အစီအရင်များသည် ကျန်းချန်၏ ရှေ့မှောက်မှာပင် ပေါက်ကွဲ ပျက်စီးသွားခဲ့သည်။

ကျန်းချန်က အားလုံးကို ဦးဆောင်ကာ ခန်းမဆောင်၏ အလယ်ဗဟို ဧရိယာသို့ တိုက်ရိုက်ပင် ဦးတည်သွားခဲ့သည်။

ကျန်းချန်သည် ခရီးလမ်း တစ်လျှောက်လုံး အတားအဆီးမရှိ ထိုးဖောက်လာခဲ့ပြီး သိပ်မကြာမီမှာပင် ထိုက်ယီ အင်‌မော်တယ်ဂိုဏ်းအဖွဲ့ကို အမီလိုက်နိုင်ခဲ့သည်။

ကျန်းချန်တို့ လူစု အစီအရင်ထဲသို့ လျင်မြန်စွာ ဝင်ရောက်လာချိန်တွင် အခြားတစ်ဖက်၌လည်း ဟင်းလင်းပြင် အစီအရင်ထဲတွင် ပိတ်မိနေသော ကူချင်းယွမ်တို့ လူစုသည် အပြင်ဘက်မှ လှုပ်ရှားမှုများကို ခံစားမိလိုက်ကြပြီး အမူအရာများ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

“စီနီယာအစ်ကိုကူ.. ချီယွမ်ဟောက် ပို့လိုက်တဲ့ သတင်းက အမှန်ပဲထင်တယ်.. သူတို့တွေ ဒီနေရာကို ရောက်နေကြပြီ”

ပိန်ပါးပါး လူငယ်တစ်ဦးက ခေါင်းဆောင်ဖြစ်သည့် ခန့်ညားသော လူငယ်ကို လေးနက်စွာ ပြောလိုက်သည်။

“ဒီအချိန်မှတော့ ငါ့မှာ တခြား ရွေးချယ်စရာ မရှိတော့ဘူး.. ငါ့ရဲ့ ဝှက်ဖဲ တချို့ကို ထုတ်သုံးဖို့ ရည်ရွယ်ချက် မရှိခဲ့ပေမဲ့ ဒီအခြေအနေတိုင်း ဆိုရင်တော့ သုံးရတော့မှာပဲ”

ထိုစကားကို ပြောနေစဥ် ကူချင်းယွမ်၏ မျက်ဝန်းထဲတွင် အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

ထိုက်ယီအင်‌မော်တယ်ဂိုဏ်း၏ အထွတ်အထိပ် ပါရမီရှင် ဖြစ်၍ ကူချင်းယွမ်သည် ရှားပါး ပါရမီရှင် ဖြစ်ရုံသာမက အစီအရင် ပညာရပ်တွင်လည်း အလွန်တရာ ထူးချွန်သည်။

အကယ်၍ ဤနေရာတွင် သူတို့ ထိုက်ယီ အင်‌မော်တယ်ဂိုဏ်းဝင်များသာ ရှိနေမည် ဆိုလျှင် သူ့အနေဖြင့် အစီအရင်ကို အေးအေးဆေးဆေး ထိုးဖောက်နိုင်မည် ဖြစ်သည်။

သို့သော်လည်း ယခုအခါတွင် အခြားသော အင်အားစုများ ရောက်ရှိလာပြီ ဖြစ်ရာ သူ့အနေဖြင့် အစီအရင်များ အပေါ်တွင် အချိန်မဖြုန်းနိုင်တော့ပေ။

မဟုတ်လျှင် ထျန်းယွိ ချန်ထားရစ်ခဲ့သည့် အင်မော်တယ်ကံကြမ္မာကို အခြားသူများက လက်ဦးသွားလိမ့်မည် မဟုတ်ပါလား။

ထို့နောက်တွင်မူ ကူချင်းယွမ်သည် တုံ့ဆိုင်းမနေတော့ဘဲ ဟင်းလင်းပြင် စွမ်းအားများ ထွက်ပေါ်နေသော ဓားမြှောင်တစ်လက်ကို ထုတ်ယူလိုက်သည်။

ကူချင်းယွမ်က ထိုဓားမြှောင်ကို ထိန်းချုပ်ကာ သူ၏ ရှေ့မှ ဟင်းလင်းပြင်ကို ပြင်းထန်စွာ ထိုးနှက်လိုက်ပြီး ဟင်းလင်းပြင် အတားအဆီးကို တစ်ခဏအတွင်း ဆွဲဖြဲပစ်လိုက်သည်။

“သွားကြစို့”

ထိုစကားကို ပြောပြီးနောက်တွင် ကူချင်းယွမ်သည် သူ၏ လူများကို ဦးဆောင်ကာ ပွင့်ထွက်သွားသော ဟင်းလင်းပြင်ကို ဖြတ်ကျော်လိုက်သည်။

လျှို့ဝှက်ဆန်းကြယ်သော ဓားမြှောင်ကို အသုံးပြုပြီးနောက်တွင် ကူချင်းယွမ်၏ ဟင်းလင်းပြင် အတားအဆီး အစီအရင်ကို ဖြတ်ကျော်မှုနှုန်းသည် ယခင်ကထက် အဆပေါင်းများစွာ ပိုမို လျင်မြန်လာခဲ့သည်။

အမွှေးတိုင် တစ်တိုင်ထွန်းစာ လောင်ကျွမ်းစာခန့် မရောက်မီမှာပင် သူတို့သည် မရေမတွက်နိုင်သော ဟင်းလင်းပြင် အတားအဆီး အစီအရင်များကို ထိုးဖောက်ကာ ခန်းမဆောင်၏ အလယ်ဗဟိုရှိ ကျောက်စင်မြင့် ရှေ့သို့ ရောက်ရှိလာခဲ့၏။

ကူချင်းယွမ်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ သူတို့နှင့် မီတာတစ်ရာခန့် အကွာတွင် ရှိနေသည့် ပုံရိပ်တချို့ကို တွေ့လိုက်ရသည်။

“ဒီကောင်တွေက ငါတို့ထက်တောင် အရင်ရောက်နေပါလား”

ကူချင်းယွမ် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူက ထိုက်ယီအင်‌မော်တယ်ဂိုဏ်း၏ ကမ္ဘာဖျက်ဆီး ဓားမြှောင်ကို အသုံးပြုပြီး အစီအရင်ကို ဖြတ်ကျော်ခဲ့သော်လည်း သူ့ရှေ့မှ လူများထက် ခြေတစ်လှမ်း နောက်ကျပြီးမှ ရောက်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

“ကြည့်ရတာ ငါတို့ ထိုက်ယီ အင်‌မော်တယ်ဂိုဏ်းအပြင် တခြားသူတွေလည်း ထျန်းယွိ အမွေအနှစ်နယ်မြေရဲ့ သော့ကို ရထားတဲ့ပုံပဲ”

ကူချင်းယွမ်၏ အကြည့်က ကျန်းချန်တို့လူစု ဆီသို့ ကျရောက်သွားပြီးနောက်တွင် လျှိုချင်းယွီ၏ စကားသံသည် ခန်းမထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

“ကူချင်းယွမ်.. မင်းတို့ ထိုက်ယီအင်‌မော်တယ်ဂိုဏ်းက အင်အားကြီးတာ မှန်ပေမဲ့ ထျန်းယွိ အမွေအနှစ်ထဲက အင်မော်တယ် ကံကြမ္မာက မင်းတစ်ယောက်တည်း မောင်ပိုင်စီးနိုင်တဲ့ အရာမျိုး မဟုတ်ဘူး”

လျှိုချင်းယွီက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ကူချမ်းယွမ်ကို ကြည့်၍ လေးနက်စွာ ပြောလိုက်သည်။

“အခု ငါတို့ စိမ်းလန်းသောမြစ်ဂိုဏ်းနဲ့ တိမ်တိုက်နက်ဂိုဏ်းက ပူးပေါင်းထားပြီးပြီ ဆိုတော့ မင်းအနေနဲ့ ငါတို့ကို အလွယ်တကူ အနိုင်ယူနိုင်မှာ မဟုတ်ဘူး.. ငါတို့တွေ အေးအေးဆေးဆေး ဆွေးနွေးကြရင် ပိုမကောင်းဘူးလား”

အခန်း(၂၅၄၁)ပြီး၏။

အခန်း(၂၅၄၂)

အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်းအင်မော်တယ် ဂိုဏ်းကြီးဆယ်ဂိုဏ်း ထဲတွင် ထိပ်ဆုံးသုံးနေရာတွင် ရှိသည့် ထိုက်ယီ အင်‌မော်တယ်ဂိုဏ်း၏ ခွန်အားသည် ခန့်မှန်း၍ မရနိုင်လောက်အောင် နက်ရှိုင်းသည်။

အထူးသဖြင့် သူ၏ရှေ့မှ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံးတွင် နာမည်ကျော်ကြားသော မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်သည် မဟာယာနအဆင့် ကျင့်ကြံသူများကိုပင် ရှိန်သွားစေရန် လုံလောက်သည်။

အကယ်၍ သူတို့သာ တကယ်တမ်း တိုက်ခိုက်ကြမည် ဆိုလျှင် မိုဟူတို့နှင့် ပူးပေါင်းခဲ့လျှင်ပင် အသာစီးရရန် မသေချာပေ။

ထို့အပြင် သူတို့က ကူချင်းယွမ် တို့ကို အနိုင်ရခဲ့လျှင်ပင် ၎င်းတို့ကို ဤအမွေအနှစ်နယ်မြေ ထဲတွင် ထာဝရ ပိတ်လှောင်ထားရန်မှာ မဖြစ်နိုင်ချေ။

ဆိုရလျှင် ကူချင်းယွမ်တို့ လူစုထဲမှ တစ်ယောက်ယောက် ထိုက်ယီ အင်‌မော်တယ်ဂိုဏ်းသို့ ပြန်ရောက်သွားသည်နှင့် သူတို့က ထျန်းယွိ ချန်ထားရစ်ခဲ့သော အင်မော်တယ် ကံကြမ္မာကို ရရှိခဲ့လျှင်ပင် မဟာကပ်ဘေးကြီးနှင့် ကျိန်းသေ ရင်ဆိုင်ရပေလိမ့်မည်။

ထို့ကြောင့်ပင် ရွေးချယ်စရာ မရှိသော အခြေအနေမျိုး မဟုတ်သရွေ့ လျှိုချင်းယွီသည် ကူချင်းယွမ် တို့ကို လွယ်လွယ်နှင့် ရန်မစလိုခဲ့ပေ။

ဆိုရလျှင် အေးအေးဆေးဆေး ညှိနှိုင်း ဆွေးနွေးကာ အင်မော်တယ် ကံကြမ္မာကို ငြိမ်းချမ်းစွာ ခွဲဝေယူနိုင်မည် ဆိုလျှင် အကောင်းဆုံး ဖြစ်၏။

လျှိုချင်းယွီ၏ စကားကိုကြားလျှင် ကူချင်းယွမ်၏ နှုတ်ခမ်းထောင့်တွင် မထီမဲ့မြင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“တကယ်လို့ ငါက လက်မခံဘူး ဆိုရင်ရော..”

“ကူချင်းယွမ်.. ငါတို့က မင်းလွယ်လွယ်နဲ့ အနိုင်ကျင့်လို့ ရမဲ့သူတွေ မဟုတ်ဘူး”

မိုဟူက အေးစက်စက် ပြောလိုက်သည်။

“ထျန်းယွိ ချန်ထားရစ်ခဲ့တဲ့ အင်မော်တယ်ကံကြမ္မာက ငါတို့ ထိုက်ယီ အင်‌မော်တယ်ဂိုဏ်းနဲ့ပဲ သက်ဆိုင်တယ်.. ဘယ်သူ့ကိုမှ ခွဲဝေမပေးနိုင်ဘူး”

ကူချင်းယွမ်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားသော အမူအရာဖြင့် ပြောလိုက်သည်။

“အခြေအနေကို နားလည်တယ်ဆိုရင် မင်းတို့ ဒီကနေ ထွက်သွားကြ.. ဒါဆိုရင် ဒီအမွေအနှစ်နယ်မြေ ထဲမှာ အခွင့်အရေးတချို့ ရှာတွေ့ကောင်း ရှာတွေ့နိုင်လိမ့်မယ်.. ဒီလိုမှ မဟုတ်ရင်တော့ ငါကူချမ်းယွမ်ကို ညှာတာမှု မရှိဘူး ဆိုပြီး အပြစ်မတင်နဲ့”

စိမ်းလန်းသောမြစ်ဂိုဏ်းသည် ထိပ်သီး အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲတွင် တစ်ဂိုဏ်းအပါဝင် ဖြစ်ပြီး အင်အားတချို့ ရှိသော်လည်း ကူချင်းယွမ်သည် အနည်းငယ်မျှပင် ဂရုမစိုက်ခဲ့ပေ။

တိမ်တိုက်နက်ဂိုဏ်းသည်လည်း အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာရှိ အလွန်တရာ လျှို့ဝှက်ဆန်းကြယ်သော အင်အားစုဖြစ်ပြီး ၎င်း၏ ခွန်အားသည် ထိပ်တန်း အင်‌မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထက်ပင် မနိမ့်ကျဟု ဆိုကြသော်လည်း ထိုက်ယီအင်‌မော်တယ်ဂိုဏ်း၏ အသန်မာဆုံး ပါရမီရှင် ဖြစ်သည့် ကူချင်းယွမ်သည် အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိခဲ့ချေ။

ထျန်းယွိ ချန်ထားရစ်ခဲ့သော အင်မော်တယ် ကံကြမ္မာသည် အင်မော်တယ် ဖြစ်လာနိုင်သည့် လျှို့ဝှက်ချက်နှင့် ဆက်စပ်နေနိုင်ခြေ အလွန်များသည် ဖြစ်ရာ ကူချင်းယွမ်သည် အခြားသူများကို မည်ကဲ့သို့ ဝင်ရောက်စွက်ဖက်ခွင့် ပေးနိုင်ပါမည်နည်း။

“အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာရဲ့ မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်သုံးဦးထဲက တစ်ဦး ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. မင်းက တကယ်ကို မောက်မာလွန်းတာပဲ.. ဒီနေ့တော့ ငါ ဟိုင်ဟဲက မင်းဆီကနေ နည်းနည်းပါးပါး သင်ယူရတာပေါ့”

ကူချင်းယွမ်၏ မောက်မာသော စကားများကို ကြားလိုက်ရပြီးနောက်တွင် တိမ်တိုက်နက်ဂိုဏ်း၏ မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင် ဟိုင်ဟဲသည် မထီမဲ့မြင်ပြုံးကာ ပြောလိုက်ပြီး ကူချင်းယွမ်ကို ချက်ချင်းပင် တိုက်ခိုက်လိုက်သည်။

သူက သူ၏ လက်သည်းများကို စွန်ကုတ်လက်သည်း သဏ္ဍာန် ပြုလုပ်လိုက်ပြီး လေထဲတွင် ကုတ်ဆွဲလိုက်ရာ အနက်ရောင်အလင်းတန်း ဆယ်ခုသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်သွားခဲ့ပြီး ထက်ရှသော ဓားဆယ်လက် ကဲ့သို့ ကူချင်းယွမ်၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

သို့သော်လည်း အနက်ရောင်အလင်းတန်း ဆယ်ခုသည် ကူချင်းယွမ်၏ ခန္ဓာကိုယ်နှင့် ဆယ်ပေအကွာသို့ အရောက်တွင် တစ်ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။

“မင်းက မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်လား”

ကူချင်းယွမ်က ဟိုင်ဟဲကို အံ့အားသင့်သော အကြည့်ဖြင့် ကြည့်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။

“တိမ်တိုက်နက်ဂိုဏ်းက အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထက် မနိမ့်ကျတဲ့ ခွန်အားရှိတယ်လို့ ငါကြားဖူးခဲ့တာ ကြာပြီ.. အရင်က ငါ မယုံခဲ့ပေမဲ့ အခုတော့ ငါယုံကြည်ရတော့မယ်”

ကူချင်းယွမ်၏ စကားကိုကြားလျှင် ကူချင်းယွမ်၏ အနောက်မှ လူအနည်းငယ်၏ မျက်နှာအမူအရာသည် အနည်းငယ်‌ ပြောင်းလဲသွားခဲ့သည်။

ယခုအခါတွင် သူတို့သည် ထျန်းယွိ နေထိုင်သော နေရာသို့ ရောက်ရှိနေကြပြီး သူတို့၏ တစ်ခုတည်းသော အားကိုးရာမှာ မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင် ကူချင်းယွမ်သာ ဖြစ်သည်။

အကယ်၍ ကူချင်းယွမ်သာ တစ်ဖက်မှ မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်၏ ထိန်းချုပ်ခြင်းကို ခံရမည်ဆိုလျှင် ယနေ့တွင် သူတို့သည် အခက်ကြုံရပေလိမ့်မည်။

“ကူချင်းယွမ်.. မင်း အခု ငါတို့ တိမ်တိုက်နက်ဂိုဏ်းရဲ့ အင်အားကို နားလည်သွားပြီလား”

မိုဟူက ကူချင်းယွမ်ကို လှောင်ပြုံး ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။

“အခုအချိန်အထိ မင်းတို့ ထိုက်ယီ အင်‌မော်တယ်ဂိုဏ်းကပဲ ဒီအင်မော်တယ် ကံကြမ္မာကို မောင်ပိုင်စီးနိုင်မယ်လို့ ထင်နေတုန်းပဲလား ကူချင်းယွမ်”

“ဟားဟား မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင် တစ်ယောက် ရှိနေရုံနဲ့ မင်းက ငါ့ရှေ့မှာ လေလုံးထွားရဲတယ်ပေါ့”

ကူချင်းယွမ်က မိုဟူကို စူးရှစွာ စိုက်ကြည့်၍ ပြောလိုက်သည်။

“မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်တွေထဲမှာတောင် တစ်ဦးနဲ့ တစ်ဦး အရည်အချင်း မတူညီကြဘူး.. သူက ငါနဲ့ ယှဥ်နိုင်ဖို့ အရည်အချင်းပြည့်မီတယ်လို့များ ထင်နေလား”

“ကူချင်းယွမ်.. မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ”

ကူချင်းယွမ်က သူ့ကို လုံးဝ မျက်စိထဲ မထည့်သည်ကို မြင်လျှင် ဟိုင်ဟဲ အလွန်အမင်း‌ ဒေါသထွက်သွားခဲ့သည်။

“နဂါးနက်လျှို့ဝှက်နည်းစနစ်”

ဟိုင်ဟဲက လျင်မြန်စွာ ကြုံးဝါးလိုက်ပြီး လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ရာ ဧရာမ နဂါးနက်ကြီး တစ်ကောင်သည် လေထဲတွင် ထွက်ပေါ်လာခဲ့သည်။

ထိုဧရာမ နဂါးနက်ကြီးသည် ပေရာပေါင်းများစွာ ရှည်လျားပြီး ငရဲဘုံကိုးလွှာမှာ လာသကဲ့သို့ ခန္ဓာကိုယ် တစ်ခုလုံးသည် အေးစက်စက် အငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့သည်။

ကပ်ဘေးအဆင့် ကျင့်ကြံသူများသည် နဂါးနက်၏ အရှိန်အဝါအောက်တွင် သူတို့၏ စိတ်အာရုံများ အေးခဲသွားတော့မည့်အလား ခံစားချက်မျိုးကို ခံစားခဲ့ရသည်။

“ဂရား..”

ဟိုင်ဟဲ၏ ထိန်းချုပ်မှုအောက်တွင် ဧရာမ နဂါးနက်သည် ရုတ်တရက် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ကူချင်းယွမ် ဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။

“ပျက်စီးစမ်း”

ကူချင်းယွမ်က လက်တစ်ဖက်ကို နောက်ပစ်ထားခဲ့ပြီး ကျန်လက်တစ်ဖက်ဖြင့် အသာအယာ ဝှေ့ယမ်းလိုက်ရာ ပေတစ်ရာခန့် အရှည်ရှိသော နဂါးနက်ကြီးသည် ဧရာမတူဖြင့် အထုခံလိုက်ရသကဲ့သို့ လေထဲတွင် တောင့်တင်းသွားခဲ့ပြီး အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲထွက်သွားခဲ့သည်။

ပေါက်ကွဲသွားသော နဂါး၏ အပိုင်းအစများက ဟိုင်ဟဲ၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ပင် ထိမှန်သွားသဖြင့် ဟိုင်ဟဲသည် ပေရာပေါင်း များစွာ အကွာအဝေးထိ လွင့်စင်သွားခဲ့သည်။

“ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ဟိုင်ဟဲ၏ မျက်နှာက ဖြူ‌ဖျော့သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို မနည်းပင် ထိန်းချုပ်လိုက်ရသည်။

ဤအခိုက်အတန့်တွင် ကူချင်းယွမ်ကို ကြည့်နေသော ဟိုင်ဟဲ၏ အကြည့်ထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အမူအရာများ ဖြစ်‌ပေါ်လာခဲ့သည်။

ယင်းမြင်ကွင်းကို မြင်လိုက်ရလျှင် လျှိုချင်းယွီနှင့် မိုဟူ တို့၏ မျက်နှာ အမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်တစ်ဦး အနေဖြင့် ဟိုင်ဟဲသည် ကူချင်းယွမ်၏ ပြိုင်ဘက် မဟုတ်လျှင်ပင် ကူချင်းယွမ်ကို ရင်ဆိုင်နိုင်စွမ်း ရှိလိမ့်မည်ဟု သူတို့ ထင်ထားခဲ့သည်။

သို့သော် မထင်မှတ်ဘဲ ကူချင်းယွမ်သည် ဟိုင်ဟဲကို အလွယ်တကူပင် အနိုင်ယူသွားခဲ့သည်။

ဆိုရလျှင် ထိုက်ယီ အင်‌မော်တယ်ဂိုဏ်းမှ မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်သည် အမှန်တကယ်ပင် အလွန်တရာ အစွမ်းထက်နေခဲ့၏။

“မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူး.. မဟာယာနတစ်ပိုင်းအဆင့်ပါရမီရှင်တွေထဲမှာတောင် တစ်ဦးနဲ့တစ်ဦး ကွာခြားမှုတွေ ရှိနေတယ်လို့ ငါအစောကြီးကတည်းက ပြောခဲ့သားပဲ.. မင်းက မဟာယာန တစ်ပိုင်းအဆင့်ကို အခုမှ စတင် ထိုးဖောက်ထားတဲ့ အပြင် အဆင့်ထိုးဖောက်ဖို့ အတွက် ပြင်ပအကူအညီကို အသုံးပြုခဲ့ရတယ်.. ငါကတော့ မဟာယာန တစ်ပိုင်းအဆင့်ရဲ့ အထွတ်အထိပ်အဆင့်ကို‌ ရောက်နေခဲ့ပြီ.. မဟာယာနအဆင့် ကိုရောက်ဖို့ မဟာယာန ကပ်‌ဘေးကို ကျော်ဖြတ်ဖို့ပဲ လိုတော့တယ်”

ကူချင်းယွမ်က ဟိုင်ဟဲကို မထီမဲ့မြင် ကြည့်ကာ ပြောလိုက်သည်။

“မင်းနားလည်အောင် ပြောရရင် မင်းလိုကောင်မျိုး ဆယ်ယောက်လောက်ကို ငါ လက်တစ်ဖက်တည်းနဲ့တောင် အေးအေးဆေးဆေး တိုက်နိုင်တယ်”

ထိုစကားကိုပြောရင်း ကူချင်းယွမ်သည် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ဟိုင်ဟဲကို လက်ဝါးရိုက်ချက်ဖြင့် တိုက်ခိုက်လိုက်သည်။

“ဒီကောင့်ရဲ့ ခွန်အားက အရမ်းကို ကြောက်ဖို့ကောင်းတယ်.. အားလုံး အတူတူ ပူးပေါင်းပြီး တိုက်ခိုက်ကြစို့”

မိုဟူက စိတ်ထဲတွင် တုန်လှုပ်သွားခဲ့ပြီး အထိတ်တလန့်အမူအရာဖြင့် အလျင်အမြန် အော်ဟစ်လိုက်သည်။

ထိုက်ယီ အင်‌မော်တယ်ဂိုဏ်းမှ ကူချင်းယွမ်က အလွန်တရာအစွမ်းထက်မှန်း သူတို့ သိထားသော်လည်း ဤမျှ အထိ အစွမ်းထက်နေလိမ့်မည်ဟုတော့ ထင်မှတ်မထားကြပေ။

သူတို့ရှေ့မှ ကူချင်းယွမ်သည် မဟာယာန အဆင့်ကို မရောက်သေးသော်လည်း သာမန် မဟာယာနအဆင့် ကျင့်ကြံသူထက်ပင် ပို၍ အစွမ်းထက်နေခဲ့၏။

အကယ်၍ သူတို့သာ ယနေ့တွင် အနည်းငယ် ပေါ့ဆမိမည် ဆိုလျှင် ဤနေရာမှာပင် အသက်ပျောက်သွားမည်ကို စိုးရိမ်ရ၏။

မိုဟူက အနည်းငယ်မျှ တုံ့ဆိုင်းမနေတော့ဘဲ သူ၏ နံဘေးမှ ဟိုင်နန်နှင့် အတူ ကူချင်းယွမ်ကို အလျင်အမြန်ပင် တိုက်ခိုက်လိုက်သည်။

ဟိုင်ဟဲသည် တိမ်တိုက်နက်ဂိုဏ်းမှ အပင်ပန်းခံ၍ ပြုစုပျိုးထောင်ခဲ့သော မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်တစ်ဦး ဖြစ်၏။

အကယ်၍ ဟိုင်ဟဲသာ ဤနေရာတွင် ကျဆုံးသွားခဲ့လျှင် တိမ်တိုက်နက်ဂိုဏ်းကို သူ့အနေဖြင့် ရှင်းပြနိုင်လိမ့်မည် မဟုတ်ပေ။

ထို့အပြင် ဟိုင်ဟဲသည် သူတို့အဖွဲ့၏ အသန်မာဆုံး ကျင့်ကြံသူလည်း ဖြစ်သည်။

ဟိုင်ဟဲသာ ကူချင်းယွမ်၏ လက်ထဲတွင် ကျဆုံးသွားခဲ့လျှင် သူတို့အနေဖြင့် အသက်ရှင်ဖို့ အခွင့်အရေး လုံးဝ မရှိနိုင်ပေ။

တိမ်တိုက်နက်ဂိုဏ်းမှ သုံးဦးက ကူချင်းယွမ်ကို တစ်ပြိုင်နက် တိုက်ခိုက်လိုက်သည်အား မြင်လျှင် လျှိုချင်းယွီသည် ရှေ့သို့ တက်လှမ်းကာ အကူအညီပေးရန် ပြင်လိုက်သော်လည်း ကျန်းချန်က လျှိုချင်းယွီကို ဟန့်တားလိုက်သည်။

“ခေါင်းဆောင်လျှို.. မသေချင်ဘူးဆိုရင် ကူချင်းယွမ်ကို သွားမတိုက်တာ အကောင်းဆုံးပဲ”

လျှိုချင်းယွီက အံ့အားသင့်သွားခဲ့ပြီး တုံ့ဆိုင်းသော အမူအရာဖြင့် ပြောလိုက်သည်။

“ဒါပေမဲ့..”

ကူချင်းယွမ်၏ ခွန်အားက အလွန်တရာပင် သန်မာပြီး အကယ်၍ သူတို့သာ ဝင်ရောက် မတိုက်ခိုက်ခဲ့လျှင် မိုဟူတို့ သုံးဦးသည် ရှုံးနိမ့်သွားမည်မှာ သေချာသလောက်ပင်။

မိုဟူတို့ လူစု ရှုံးနိမ့်သွားသည်နှင့်အမျှ သူတို့သည်လည်း ကူချင်းယွမ်၏ ပြိုင်ဘက် ဖြစ်နိုင်တော့မည် မဟုတ်ချေ။

“ဒါပေမဲ့တွေ ဘာတွေ လုပ်မနေနဲ့”

ကျန်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ခေါင်းဆောင်လျှို ကျွန်တော့်ကို ယုံကြည်တယ်ဆိုရင် ကျွန်တော့် စကားကိုပဲ နားထောင်ပါ”

အခန်း(၂၅၄၂)ပြီး၏။

All Chapters