← Chapters

အခန်း (၂၅၄၃-၂၅၄၄)

Vol. 195 Ch. 2543-2544

အခန်း (၂၅၄၃-၂၅၄၄)

Vol. 195 Ch. 2543-2544

အခန်း(၂၅၄၃)

လျှိုချင်းယွီ၏ မျက်ဝန်းများက အနည်းငယ် ပြောင်းလဲသွားသော်လည်း အဆုံးသတ်တွင် သွားရောက် ကူညီရန် မရွေးချယ်ခဲ့ပေ။

သို့သော်လည်း ကျန်းချန်၏ လုပ်ရပ်အပေါ်တွင် သူက အနည်းငယ် ဇဝေဇဝါ ဖြစ်နေဆဲပင်။

ယခုအခါတွင် အင်အားစု သုံးစုသည် ဤနေရာတွင် ရှိနေကြပြီး ထိုက်ယီ အင်မော်တယ်ဂိုဏ်းသည် အသန်မာဆုံး ဖြစ်သည်။

သူနှင့် မိုဟူသည် အားနည်းသော အခြေအနေတွင် ရှိနေသဖြင့် ယခုအချိန်တွင် အကောင်းဆုံး ရွေးချယ်မှုမှာ မိုဟူတို့နှင့် ပူးပေါင်း၍ ထိုက်ယီ အင်မော်တယ်ဂိုဏ်းကို ရင်ဆိုင်ရန်သာ ဖြစ်၏။

သို့သော် ကျန်းချန်ကမူ ကူချင်းယွမ်၏ လက်ကို အသုံးချပြီး မိုဟူတို့ သုံးယောက်ကို အရင် ဖယ်ရှားလိုနေခဲ့သည်။

သို့ရာတွင် သူ၏ စိတ်ထဲ၌ အနည်းငယ် သံသယဖြစ်မိသော်လည်း လျှိချင်းယွီသည် ဤအခိုက်အတန့်တွင် ကျန်းချန်ကို ယုံကြည်ရန်သာ ရွေးချယ်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ထိုက်ယီ အင်မော်တယ်ဂိုဏ်းတွင် အလွန်တရာ အစွမ်းထက်သည့် ကူချင်းယွမ် အပြင် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူသုံးဦးနှင့် ပါရမီရှင် နှစ်ဦးလည်း ရှိနေသေး၏။

အကယ်၍ ကျန်းချန်သာ ဝင်မပါလျှင် သူတို့အနေဖြင့် အနိုင်ရရန် အခွင့်အရေး လုံးဝရှိမည်မဟုတ်ပေ။

ကူချင်းယွမ်ကို တိုက်ခိုက်နေသော မိုဟူတို့ သုံးယောက်ကို တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် ကျန်းချန်၏ အကြည့်သည် အလယ်ဗဟိုရှိ ကျောက်စင်မြင့်ပေါ်သို့ ကျရောက်သွားခဲ့သည်။

အစမှအဆုံးတိုင် ကျန်းချန်သည် မိုဟူတို့ အဖွဲ့ကို ဂရုစိုက်မနေခဲ့ပေ။

အပြင်ဘက်တွင် လျှိုချင်းယွီနှင့် မိုဟူတို့ ရင်ဆိုင်စဥ်က သူ့အနေဖြင့် ဝင်မပါခဲ့ခြင်းမှာ အဓိကအားဖြင့် ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ လူများက ထျန်းယွိ ချန်ထားရစ်ခဲ့သည့် အင်မော်တယ် ကံကြမ္မာအား အရင်ရရှိမည်ကို စိုးရိမ်သောကြောင့် အချိန်မဖြုန်းလို၍ ဖြစ်သည်။

ယခုအခါတွင် ထျန်းယွိ၏ အမွေအနှစ် အခွင့်အလမ်းသည် သူ၏ မျက်စိရှေ့တွင် ရှိနေပြီ ဖြစ်ရာ မိုဟူနှင့် အခြားသူများ၏ သေ‌ရေးရှင်ရေးကို သူ့အနေဖြင့် အဘယ်ကြောင့် ဂရုစိုက်ရပါမည်နည်း။

မည်သို့ပင်ဖြစ်စေကာမူ မိုဟူတို့သည် အင်မော်တယ် ကံကြမ္မာကို လုယူရန် ရောက်လာကြသူများ ဖြစ်သည်။

အကယ်၍ ထိုသုံးယောက်သာ ကူချင်းယွမ်၏ လက်ထဲတွင် သေဆုံးသွားခဲ့လျှင် သူ့အတွက် ပြဿနများစွာ လျော့နည်းသွားပေလိမ့်မည် မဟုတ်ပါလော။

ထို့အပြင် မိုဟူတို့ သုံးယောက်သည် ကူချင်းယွမ်၏ ပြိုင်ဘက် မဟုတ်သော်လည်း ကူချင်းယွမ်ကို အချိန်အနည်းငယ်တော့ ဆွဲထားနိုင်လိမ့်မည် ဖြစ်သည်။

သူက ဤအခွင့်အရေးကို အသုံးချကာ ကျောက်စင်မြင့်ပတ်ပတ်လည်ရှိ တားမြစ် အစီအရင်များကို နားလည်အောင် ကြိုးစားပြီး အခွင့်အရေးကို အမြန်ဆုံး ရယူရန် ဆုံးဖြတ်ခဲ့သည်။

ကျောက်စင်မြင့်၏ ပတ်ပတ်လည်တွင် တားမြစ် အစီအရင်တစ်ခု ရှိနေသေးမှန်း ကျန်းချန် ရှာဖွေတွေ့ရှိခဲ့သည်။

ထိုအစီအရင်သည် ခန်းမ တစ်ခုလုံးတွင် အပြည့်စုံဆုံးသော တားမြစ်အစီအရင် ဖြစ်၏။

ကျန်းချန်ပင်လျှင် တစ်ခဏအတွင်း မည်သည့် အားနည်းချက်ကိုမှ ရှာမတွေ့ခဲ့ပေ။

ကူချင်းယွမ်နှင့်မိုဟူတို့ သုံးယောက် တိုက်ခိုက်နေသည့် အချိန်ကို အခွင့်ကောင်းယူကာ ကျန်းချန်သည် သူ၏ ရှေ့မှ အစီအရင်ကို နားလည်အောင် ကြိုးစားခဲ့သည်။

ကျန်းချန် အစီအရင်ကို နားလည်ရန် အာရုံစူးစိုက်နေစဥ်မှာပင် မိုဟူတို့ သုံးယောက်သည် အံ့အားသင့်ဖွယ်ကောင်းသော စွမ်းအင်များကို အစွမ်းကုန် ထုတ်ဖော်ကာ ကူချင်းယွမ်နှင့် ရင်ဆိုင်နေခဲ့သည်။

သူတို့၏ တိုက်ိခုက်မှုကနေ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများသည် ခန်းမ တစ်ခုလုံးတွင် ချက်ချင်းဆိုသလို ပြည့်နှက်သွားခဲ့၏။

အကယ်၍သာ ဤခန်းမကို မရေမတွက်နိုင်သော အစီအရင်များဖြင့် ကာကွယ်မထားခဲ့လျှင် ၎င်းတို့၏ စွမ်းအင်အောက်တွင် တစ်ခဏအတွင်း ပျက်စီးသွားပေလိမ့်မည်။

ဟိုင်ဟဲက ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ်ရာ ကောင်းသော အနက်ရောင် စွမ်းအင်လှိုင်းလုံးများကို ထုတ်ဖော်လိုက်သည်။

သူ၏ အသွင်အပြင်က ငရဲဘုံ ကိုးလွှာကို အုပ်စိုးသော ငရဲမင်းတစ်ပါး ကဲ့သို့ ဖြစ်နေခဲ့၏။

ဟိုင်နန်ကမူ ကျောဘက်တွင် အတောင်ပံများ ထွက်ပေါ်လာခဲ့ပြီး အတောင်ပံများကို ခတ်ကာ ကြောက်မက်ဖွယ် အနက်‌ရောင် မုန်တိုင်းတစ်ခုကို ဖန်တီးလိုက်သည်။

မိုဟူ၏ ကျောဘက်တွင် ရှေးဟောင်း သားရဲကြီး တစ်ကောင် ကဲ့သို့ အနက်ရောင်ကျားကြီး တစ်ကောင် ထွက်ပေါ်လာခဲ့ပြီး ကူချင်းယွမ် ဆီသို့ ဟိန်းဟောက်ကာ ပြေးဝင်သွားခဲ့သည်။

“ဝုန်း..”

ဤအခိုက်အတန့်တွင် ခန်းမ တစ်ခုလုံးသည် စွမ်းအင်ပင်လယ်ကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကြောက်မက်ဖွယ်အရှိန်အဝါ သုံးခုဖြင့် ပြည့်နှက်သွားခဲ့ရာ ခန်းမထဲရှိ လူတိုင်း၏ စိတ်နှလုံးကို တုန်လှုပ်စေခဲ့သည်။

ထိုခဏမှာပင် ခန်းမ ပတ်ပတ်လည်ရှိ နံရံများပေါ်တွင် မရေမတွက်နိုင်သော အစီအရင် သင်္ကေတများ လင်းလက်လာခဲ့ပြီး ခန်းမဆောင်ကို ကာကွယ်ရန် အတွက် စွမ်းအားများကို သီးခြား ခွဲထုတ်လိုက်၏။

လျှိုချင်းယွီတို့ လူစုက ခန်းမထဲရှိ ကြောက်မက်ဖွယ်စွမ်းအားများကို ခုခံရန်အတွက် စွမ်းအားများကို အသုံးပြုနေရသော်လည်း သူတို့၏ အကြည့်ကမူ ကူချင်းယွမ်၏ ခန္ဓာကိုယ်ပေါ်သို့သာ ကျရောက်နေခဲ့သည်။

ကူချင်းယွမ်၏ ခွန်အားက ထူးခြားနေလျှင်ပင် ဟိုင်ဟဲ၊ ဟိုင်နန် နှင့် မိုဟူတို့ သုံးယောက်၏ ပူးပေါင်း တိုက်ခိုက်မှုကို ကိုင်တွယ်ရန်မှာ မလွယ်ကူလောက်ပေ။

သို့သော်လည်း ထိုသုံးယောက်၏ ဝိုင်းရံ တိုက်ခိုက်မှုကို ရင်ဆိုင်ရသည့်တိုင် ကူချင်းယွမ်၏ အမူအရာသည် လုံးဝ ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။

သူက လက်ချောင်းကို အသာအယာ လှုပ်ရှားလိုက်ရာ အစိမ်းရောင် အလင်းတစ်ခုသည် လက်ချောင်းကနေ ထွက်ပေါ်လာခဲ့ပြီး ဟိုင်နန်၏ အတောင်ပံ တစ်စုံကို ထိမှန်သွားခဲ့သည်။

“ဝုန်း..”

ဟိုင်နန်၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး သူ၏ ကျောဘက်ရှိ အနက်ရောင်တောင်ပံ တစ်စုံသည် ပေါက်ကွဲသွားခဲ့၏။

ယင်းနောက်တွင်မူ ဟိုင်နန်သည် ပါးစပ်ကနေ ခပ်သဲ့သဲ့ ညည်းညူလိုက်ရပြီး လေထဲတွင် လွင့်စင်သွားခဲ့ကာ ခန်းမ၏ နံရံနှင့် ပြင်းထန်စွာ ရိုက်မိသွားခဲ့သည်။

သူ၏ ပါးစပ်ကနေလည်း သွေးများ အဆက်မပြတ် ထွက်ကျလာခဲ့သည်။

“ဝေါင်း..”

ထိုအခိုက်အတန့်တွင် အနက်ရောင် ကျားကြီးက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

ကူချင်းယွမ်က လက်တစ်ဖက်ကို နောက်ပစ်ထားခဲ့ပြီး ကျန်လက်တစ်ဖက်ဖြင့် လက်သီးချက်တစ်ချက် ထုတ်ဖော်လိုက်သည်။

ထိုလက်သီးချက်သည် သာမန်ဟုသာ ထင်ရသော်လည်း စကားလုံးဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင် အစွမ်းထက်နေခဲ့၏။

“ဝုန်း..”

ကြောက်မက်ဖွယ် လက်သီးစွမ်းအားသည် အနက်ရောင်ကျားကြီးကို မျက်စိတစ်မှိတ်အတွင်း ချေမှုန်းပစ်လိုက်သည်။

အနက်ရောင်ကျားကြီးကို ချေမှုန်းပြီးနောက်တွင် လက်သီးချက်သည် မိုဟူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် မိုဟူသည် မီတာထောင်ချီ အကွာအဝေးရှိ နံရံသို့ လွင့်စင်သွားခဲ့ပြီး နံရံပေါ်မှ မှော်အစီအရင်နှင့် ပြင်းထန်စွာ ဝင်ဆောင့်မိခဲ့ကာ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာခဲ့သည်။

“ခရက်..”

မိုဟူ၏ သန်မာ ထွားကျိုင်းသော ခန္ဓာကိုယ်ပေါ်တွင် အက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။

ရင်ဘတ်တွင် ကြီးမားသော အပေါက်တစ်ခု ဖြစ်ပေါ်နေခဲ့ပြီး အတွင်းဘက်မှ ရွှေရောင်ဖျော့ဖျော့ သွေးများနှင့် အရိုးများကိုပင် မြင်တွေ့နေရသည်။

အကယ်၍ မိုဟူ၏ ခန္ဓာကိုယ်သာ သန်မာခြင်း မရှိခဲ့လျှင် ကူချင်းယွမ်၏ လက်သီးချက်သည် မိုဟူကို အရှင်လတ်လတ်ပေါက်ကွဲသွားစေရန် လုံလောက်၏။

မိုဟူကို လက်သီးချက်ဖြင့် အနိုင်ယူပြီးနောက်တွင် ကူချင်းယွမ်သည် လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။

ထို့နောက်တွင် ကြောက်မက်ဖွယ် ဧရာမ လက်ဝါးကြီးသည် ကောင်းကင်ယံကနေ ဟိုင်ဟဲ ဆီသို့ သက်ဆင်းလာခဲ့၏။

“ကူချင်းယွမ်.. သေစမ်း”

ဟိုင်ဟဲက ကူချင်းယွမ်ကို ဒေါသတကြီး စိုက်ကြည့်ကာ ကြုံးဝါးလိုက်သည်။

သူ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် အနက်ရောင် စွမ်းအင်လှိုင်းလုံးများကြီးသည် ကောင်းကင်နှင့်မြေကြီးကိုပင် ဝါးမျိုပစ်နိုင်လောက်သည့် စွမ်းအားဖြင့် ကူချင်းယွမ်ကို လွှမ်းခြုံသွားခဲ့သည်။

သို့သော်လည်း သူ၏ ကြောက်မက်ဖွယ်ရာကောင်းသည်ဟု ထင်ရသော အနက်ရောင် စွမ်းအင်လှိုင်းများသည် ကူချင်းယွမ်၏ ရှေ့တွင် အသုံးမဝင်ခဲ့ပေ။

အကြောင်းရင်းမှာ ကောင်းကင်ယံကနေ သက်ဆင်းလာသည့် ဧရာမ လက်ဝါးကြီးသည် အနက်ရောင် စွမ်းအင်လှိုင်းလုံးများကို ချေမှုန်းလိုက်သောကြောင့်ပင်။

ထို့နောက်တွင်မူ ဧရာမ လက်ဝါးကြီးသည် အောက်ဘက်ရှိ ဟိုင်ဟဲ၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့သည်။

ခန်းမထဲတွင် ဧရာမ တောင်ကြီး တုန်ခါသွားသကဲ့သို့ ကျယ်လောင်သော အသံ ထွက်ပေါ်လာခဲ့သည်။

ဟိုင်ဟဲ၏ ခန္ဓာကိုယ်သည် ကူချင်းယွမ်၏ ဧရာမ လက်ဝါးရိုက်ချက်ဖြင့် မြေပြင်ပေါ်သို့ ရိုက်ချခြင်း ခံလိုက်ရပြီး မြေပြင်ထက်တွင် ကြီးမားသော လူပုံသဏ္ဌာန် ကျင်းကြီးတစ်ခုပင် ဖြစ်သွားခဲ့သည်။

အကယ်၍သာ ဟိုင်ဟဲက သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ရန်အတွက် အဆောင်လက်ဖွဲ့ကို အသုံးမပြုခဲ့လျှင် လက်ဝါးရိုက်ချက်ဖြင့် အသားပြား ဖြစ်သွားပေလိမ့်မည်။

“တကယ်ကို ကြောက်ဖို့ကောင်းလိုက်တဲ့ ခွန်အားပါလား”

သူတို့ရှေ့မှ တုန်လှုပ်ဖွယ်ရာကောင်းသော စွမ်းအားကိုမြင်လိုက်ရလျှင် လျှိုချင်းယွီ တို့သည် တံတွေးကို အသာအယာမျိုချလိုက်ကြပြီး မှင်တက်ရာကနေ သတိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရသည်။

ရှင်းလင်းစွာ ဆိုရလျှင် ကူချင်းယွမ်သည် မိုဟူတို့ သုံးယောက်ကို သုံးကွက်တည်းဖြင့် အလွယ်တကူ အနိုင်ယူလိုက်၏။

သူတို့ရှေ့မှ ထိုက်ယီ အင်မော်တယ်ဂိုဏ်း၏ မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်သည် နာမည်ကျော်သလောက် အလွန်အမင်း အစွမ်းထက်နေခဲ့သည်။

“ဒီလောက်အထိ မြန်မြန်ဆန်ဆန် ရှုံးနိမ့်သွားတယ်လား”

မိုဟူတို့သုံးယောက်သည် ကူချင်းယွမ်၏ တိုက်ခိုက်မှုကို တစ်ခဏမျှပင် တောင့်မခံနိုင်သည်အား မြင်လျှင် ကျန်းချန်၏ မျက်ဝန်းထဲ၌ အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ကူချင်းယွမ်က အလွန်တရာ အစွမ်းထက်မှန်း သူသိထားပြီး မိုဟူတို့ သုံးယောက်သည် ကူချင်းယွမ်၏ ပြိုင်ဘက် လုံးဝ မဖြစ်နိုင်ပေ။

သို့သော်လည်း မိုဟူတို့ သုံးယောက်သည် ကူချင်းယွမ်၏ တိုက်ခိုက်မှုကို တစ်ခဏမျှပင် တောင့်မခံနိုင်ခဲ့ဘဲ ချက်ချင်းဆိုသလို ရှုံးနိမ့်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

“ဒီလူက ထိုက်ယီအင်မော်တယ်ဂိုဏ်းက ဂရုတစိုက် ပြုစုပျိုးထောင်ထားတဲ့ မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်”

ကျန်းချန်က စိတ်ထဲကနေ ရေရွတ်လိုက်သည်။

သူ့ရှေ့မှလူသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသို့ သူရောက်ရှိလာပြီးနောက်တွင် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံမှုဖြင့် မဟာယာနအဆင့် ကျင့်ကြံသူများကို ယှဥ်ပြိုင်နိုင်သည့် အစွမ်းအထက်ဆုံး ပါရမီရှင် ဖြစ်သည်မှာ သေချာ၏။

ယင်းအချိန်တွင် မိုဟူသည် မြေပြင်ကနေ ပြန်လည် ထလာခဲ့သည်။

သူ၏ ထိတ်လန့်တကြား ရေရွတ်သံသည် ခန်းမထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။

“လျှို.. လျှိုချင်းယွီ.. မင်းငါတို့ကို ကူညီပြီး မတိုက်ပေးဘူးလား.. တကယ်လို့ ငါတို့သာ ကျဆုံးသွားရင် မင်းလည်း အသက်ရှင်လျက် ပြန်သွားနိုင်မှာ မဟုတ်ဘူး”

အခန်း(၂၅၄၃)ပြီး၏။

အခန်း(၂၅၄၄)

မိုဟူက လျှိုချင်းယွီကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

ဒေါသကြောင့် သူ၏ အကြည့်သည် မီးလျှံများ ထွက်လုမတတ်ပင် ဖြစ်နေခဲ့သည်။

ထိုက်ယီ အင်မော်တယ်ဂိုဏ်းကို အတူတူ ရင်ဆိုင်ရန် သဘောတူညီခဲ့သည့် လျှိုချင်းယွီသည် အရေးကြီးသော အချိန်တွင် လက်ရှောင်သွားလိမ့်မည်ဟု သူလုံးဝ ထင်မှတ်မထားခဲ့ပေ။

လျှိုချင်းယွီ ဆိုသော ငတုံးသည် ထိုက်ယီ အင်မော်တယ်ဂိုဏ်း၏ ခွန်အားက သူတို့ ထင်ထားသည်ထက် အဆပေါင်းများစွာ သာလွန်နေသည်ကို မမြင်နိုင်ပါသလော။

အကယ်၍ သူတို့သာ ကူချင်းယွမ်၏ လက်ထဲတွင် သေဆုံးသွားခဲ့လျှင် လျှိုချင်းယွီတို့ အဖွဲ့သည်လည်း အသက်ရှင်နိုင်ပါမည်လော။

လျှိုချင်းယွီ၏ မျက်နှာထက်တွင် မည်သည့် အမူအရာမျှ ရှိမနေခဲ့ပေ။

သူက မိုဟူ ဘက်သို့ တစ်ချက်ကလေးပင် လှည့်မကြည့်ခဲ့ချေ။

မိုဟူတို့အဖွဲ့ ဤနေရာသို့ ဝင်ရောက်လာနိုင်ခြင်းမှာ ခြိမ်းခြောက်သည့် နည်းလမ်းများကို အသုံးပြုခဲ့ပြီး သူတို့ထံမှ နေရာ ငါးနေရာကို အတင်းအကျပ် ရယူခဲ့ခြင်းကြောင့်သာ ဖြစ်သည်။

ဆိုရလျှင် မိုဟူတို့ အဖွဲ့သည် ထျန်းယွိ ချန်ထားရစ်ခဲ့သည့် အင်မော်တယ် ကံကြမ္မာကို လုယူရန် ရောက်လာကြသူများ ဖြစ်ရာ မူလကတည်းကပင် သူတို့၏ ရန်သူများသာ ဖြစ်၏။

မကြာသေးမီကပင် သူတို့သည် မိုဟူတို့ သုံးဦးနှင့် ထိပ်တိုက်ရင်ဆိုင်ကာ တိုက်ခိုက်ခဲ့ကြသည်။

အကယ်၍ ကျန်းချန်သာ အချိန်မီ ပေါ်ထွက်မလာခဲ့လျှင် သူတို့သုံးယောက်သည် မိုဟူ၏ လက်ထဲတွင် ကျဆုံး မသွားခဲ့လျှင်ပင် ဒဏ်ရာ အကြီးအကျယ် ရရှိသွားမည်မှာ သေချာသလောက်ပင်။

ထို့ကြောင့် လျှိုချင်းယွီသည် မိုဟူတို့ သုံးယောက်၏ သေရေးရှင်ရေးကို အနည်းငယ်မျှပင် ဂရုမစိုက်ခဲ့ပေ။

ယခင်က ပူးပေါင်းခဲ့ရသည့် အကြောင်းရင်းမှာ ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ လူများကို ရင်ဆိုင်ရန် အတွက်သာ ဖြစ်သည်။

ယခုအခါတွင် မိုဟူတို့ သုံးယောက်သည် ကူချင်းယွမ်၏ လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန် ရရှိထားပြီ ဖြစ်သလို သူသည်လည်း ကျန်းချန်ကို ယုံကြည်ရန် ရွေးချယ်ထားပြီးပြီ ဖြစ်သောကြောင့် မိုဟူတို့ သုံးယောက်၏ သေရေးရှင်ရေးကို အဘယ်ကြောင့် ဂရုစိုက်နေရပါမည်နည်း။

“ငါတို့ ထွက်ပြေးကြစို့”

လျှိုချင်းယွီတို့က လုံးဝ လျစ်လျူရှူထားမှန်း မြင်လျှင် မိုဟူ မျက်နှာအကြီးအကျယ် ပျက်ယွင်းသွားခဲ့သည်။

သူက ဟိုင်နန်နှင့် ဟိုင်ဟဲ တို့ကို အော်ဟစ်၍ ပြောလိုက်ပြီး ခန်းမ၏ အဝင်ဝသို့ ချက်ချင်းဆိုသလိုပင် ပြေးထွက်သွားခဲ့သည်။

ကူချင်းယွမ်၏ ခွန်အားည် အလွန်ပင် ကြောက်မက်ဖွယ်ရာကောင်း၏။

အကယ်၍ သူတို့သာ ဤနေရာတွင် ဆက်လက် ရှိနေမည်ဆိုလျှင် သေချာပေါက် သေရပေလိမ့်မည်။

ယခုအခါတွင် သူတို့အနေဖြင့် အင်မော်တယ်ကံကြမ္မာကို လုယူမည့် အစီအစဥ်အား စွန့်လွှတ်ကာ ခန်းမဆောင်ထဲမှ အမြန်ဆုံး ထွက်သွားရန်သာ တတ်နိုင်တော့သည်။

သို့မှသာ အသက်ရှင်ရန် မျှော်လင့်ချက် အနည်းငယ် ရှိပေလိမ့်မည် မဟုတ်ပါလော။

“ထွက်သွားချင်တယ်လား.. မင်းတို့ ဒီနေရာကို ရောက်လာပြီ ဆိုမှတော့ ဒီနေရာမှာပဲ ထာဝရအိပ်စက်ဖို့ ပြင်လိုက်ကြတော့”

ကူချင်းယွမ်က မိုဟူတို့ သုံးယောက်ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။

“ဝုန်း..”

ဧရာမ လက်ဝါးပုံရိပ်သည် ခန်းမဆောင် ထဲတွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံနှင့် အတူ ထွက်ပေါ်လာခဲ့ပြီး ဘုံကိုးပါး အထက်ရှိ အင်မော်တယ်တစ်ဦး၏ လက်ဝါးကဲ့သို့ အရာအားလုံးကို ချေမှုန်းပစ်တော့မည့်အလား ဖြစ်နေခဲ့သည်။

ယင်းအခိုက်အတန့်တွင် မိုဟူတို့ သုံးယောက်သည် ဧရာမလက်ဝါးကြီး၏ ထိန်းချုပ်ခြင်းကို ခံလိုက်ရကြောင်း သိရှိခဲ့သည်။

သူတို့၏ ခန္ဓာကိုယ်က အနည်းငယ်မျှပင် လှုပ်ရှား၍ မရတော့ပေ။

သုံးဦးသား အလွန်အမင်း ထိတ်လန့်သွားခဲ့ပြီး ခန္ဓာကိုယ်မှ ဒဏ်ရာများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ လက်ကျန် သက်စောင့်စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်ကြသည်။

“ဝုန်း..”

ထိုအခိုက်အတန့်မှာပင် ကူချင်းယွမ်၏ ဧရာမ လက်ဝါးကြီးသည် အဆုံးသတ်တွင် သူတို့ထံသို့ သက်ရောက်လာခဲ့သည်။

ကူချင်းယွမ်သည် သူ၏ လက်ဝါးရိုက်ချက်ကြောင့် ခန်းမဆောင် ပျက်စီးမည်ကို စိုးရိမ်ပြီး လက်ဝါးရိုက်ချက်၏ စွမ်းအားကို အစွမ်းကုန် ကျစ်လစ်အောင် လုပ်ဆောင်ထားခဲ့သည်။

သို့သော်လည်း ထိုဧရာမ လက်ဝါးအောက်ရှိ မိုဟူတို့ သုံးယောက်ကမူ ကမ္ဘာကြီးတစ်ခုလုံး ဗြောင်းဆန်သွားသလို ခံစားလိုက်ရသည်။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

မိုဟူတို့ သုံးယောက်က သွားများကို အံကြိတ်ကာ သူတို့ ဆီသို့ သက်ရောက်လာသည့် ဧရာမ လက်ဝါးကြီးကို အစွမ်းကုန် ခုခံလိုက်ကြသည်။

သို့သော်လည်း သူတို့၏ ခုခံမှုသည် အသုံးမဝင်ခဲ့ပေ။

သူတို့ သုံးယောက်၏ ခွန်အား အထွတ်အထိပ် အခြေအနေတွင် ရှိနေစဥ်ကပင် ကူချင်းယွမ်၏ တိုက်ခိုက်မှုကို ရင်မဆိုင်နိုင်ခဲ့ရာ ယခုကဲ့သို့ အခြေအနေတွင် မည်ကဲ့သို့ ရင်ဆိုင်နိုင်ပါအံ့နည်း။

“ဝုန်း..”

ဧရာမ လက်ဝါးကြီးသည် မိုဟူတို့ သုံးယောက်၏ စွမ်းအားများနှင့် ထိပ်တိုက် ဆုံတွေ့သွားခဲ့ပြီးနောက်တွင် ခန်းမဆောင်တစ်ခုလုံး တုန်ခါသွားခဲ့သည်။

ခန်းမဆောင် ပတ်ပတ်လည်ရှိ မရေမတွက်နိုင်သော အစီအရင်များသည် ကြောက်မက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအင်လှိုင်းလုံးများအောက်တွင် ပျက်စီးသွားခဲ့သည်။

ကူချင်းယွမ်သည် သူ၏ စွမ်းအားကို ကျစ်လစ်သိပ်သည်းအောင် အစွမ်းကုန် ကြိုးစားခဲ့သည့်တိုင် သူ၏ တိုက်ခိုက်မှုသည် ခန်းမဆောင် တစ်ခုလုံးကို ပျက်စီးလုနီးပါး ဖြစ်စေခဲ့သည်။

မိုဟူတို့ သုံးယောက်၏ ပုံရိပ်များသည် ကူချင်းယွမ်၏ ဧရာမလက်ဝါးအောက်တွင် တစ်ခဏအတွင်း ဖုန်မှုန့်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“မိုဟူတို့ သုံးယောက်က ဒီလိုပဲ သေဆုံးသွားခဲ့ပြီလား”

ကူချင်းယွမ် ထုတ်ဖော်လိုက်သည့် ဧရာမ လက်ဝါးကြီးအောက်တွင် မိုဟူတို့ သုံးယောက်က အစအနပင် မကျန်ရှိသည်အထိ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရလျှင် လျှိုချင်းယွီ၏ နှလုံးသားသည် ဖော်ပြ၍ မရနိုင်လောက်အောင် အေးစက်သွားခဲ့၏။

ကျန်းချန်ကို ထည့်မတွက်ဘဲ ခွန်အားအရ ပြောရလျှင် မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်တစ်ဦး ပါဝင်သော မိုဟူတို့အဖွဲ့၏ ခွန်အားသည် သူတို့ သုံးယောက်ထက် များစွာ ပို၍ အစွမ်းထက်သည်။

မကြာသေးမီက တိုက်ပွဲတွင် သူတို့ သုံးယောက်သည် မိုဟူတို့သုံးယောက်၏ ဖိနှိပ်ခြင်းကို အသေအလဲ ခံခဲ့ရ၏။

သို့သော်လည်း သူ့ရှေ့မှ ကူချင်းယွမ် အတွက်မူ မိုဟူတို့ သုံးယောက်ကို သတ်ရသည်မှာ ကြက်ကလေး ငှက်ကလေးကို သတ်ရသကဲ့သို့ ဖြစ်နေခဲ့သည်။

အကယ်၍ ကူချင်းယွမ်သာ သူတို့ကို တိုက်ခိုက်မည်ဆိုလျှင် သူတို့အနေဖြင့် ခုခံနိုင်စွမ်း လုံးဝ ရှိမည်မဟုတ်ပေ။

လျှိုချင်းယွီက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး နံဘေးရှိ ကျန်းချန်ကို ကြည့်လိုက်သည်။

ယခုအခါတွင် သူ့ရှေ့မှ အခြေအနေကို ကျန်းချန် ကိုင်တွယ်နိုင်ပါစေဟု ဆုတောင်းရုံသာ တတ်နိုင်တော့သည်။

မိုဟူတို့ သုံးယောက်ကို အလွယ်တကူ ရှင်းပစ်ပြီးနောက်တွင် ကူချင်းယွမ်၏ အကြည့်သည် ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

“မင်းရဲ့ ခွန်အားက တိမ်တိုက်နက်ဂိုဏ်းက မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်ထက် မနိမ့်ဘူးပဲ.. ကြည့်ရတာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှာ ရွက်ပုန်းသီးတွေ အများကြီး ရှိနေတဲ့ပုံပဲ.. စိမ်းလန်းသောမြစ်ဂိုဏ်းမှာ မင်းလို အနှိုင်းမဲ့ပါရမီရှင် တစ်ယောက် ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”

ထိုစကားကိုကြားလျှင် ကျန်းချန်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။

“ငါက စိမ်းလန်းသောမြစ်ဂိုဏ်းက မဟုတ်ပါဘူး...ထျန်းယွိ အမွေအနှစ် နယ်မြေကို စူးစမ်းဖို့ အတွက် သူတို့က ငါ့ကို ဖိတ်ခေါ်ခဲ့တာပါ”

“တကယ်လို့ မင်းသာ တိမ်တိုက်နက်ဂိုဏ်းက မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်နဲ့ ပူးပေါင်းလိုက်မယ် ဆိုရင် ငါ့ကို တစ်ကွက် နှစ်ကွက်လောက် ယှဥ်နိုင်ကောင်း ယှဥ်နိုင်မှာပဲ”

ကူချင်းယွမ်က ကျန်းချန်ကို ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။

“ငါ သိချင်တာက မင်းဘာလို့ ခုနက တိုက်ပွဲမှာ ဝင်မပါခဲ့တာလဲ”

“ဟားဟား ကူချင်းယွမ်.. မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ”

ကျန်းချန်က အေးစက်စက် ရယ်မောလိုက်ပြီး ကူချင်းယွမ်ကို မထီမဲ့မြင် ကြည့်လိုက်သည်။

“မင်းကို ရင်ဆိုင်ဖို့ ငါတစ်ယောက်တည်းနဲ့ လုံလောက်တယ်.. တခြားသူနဲ့ ငါက ဘာလို့ ပူးပေါင်းနေရဦးမှာလဲ”

ကူချင်းယွမ်သည် မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင် တစ်ဦး ဖြစ်ပြီး မဟာယာနအဆင့် ကျင့်ကြံသူများကိုပင် ယှဥ်ပြိုင်နိုင်သူ ဖြစ်သော်လည်း ကျန်းချန်ကမူ မဟာယာနအဆင့်ကျင့်ကြံသူတစ်ဦးထက်မကကို သတ်ဖြတ်ထားပြီးပြီ ဖြစ်ရာ ကူချင်းယွမ်လောက်ကို အဘယ်ကြောင့် ဂရုစိုက်ရပါမည်နည်း။

“မင်းက ကိုယ့်ကိုယ်ကိုယ် အ‌တော်လေး ယုံကြည်မှု ရှိနေတာပဲ.. ရွယ်တူတွေထဲမှာ ငါ့ကို ဒီလို ပြောရဲတာ မင်းပထမဆုံးပဲ”

ကူချင်းယွမ်က ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။

“ထျန်းယွိ ချန်ထားရစ်ခဲ့တဲ့ အင်မော်တယ်ကံကြမ္မာက မင်းဝင်ပါနိုင်တဲ့ ကိစ္စ မဟုတ်ဘူး.. အခုနေ သူတို့ကို ခေါ်ပြီး ထွက်သွားမယ် ဆိုရင် မင်းအတွက် နောက်မကျသေးဘူးလို့ ငါအကြံပေးချင်တယ်”

ထိုက်ယီ အင်မော်တယ်ဂိုဏ်း၏ အသန်မာဆုံးပါရမီရှင် ဖြစ်၍ ကူချင်းယွမ်၏ အာရုံခံစားမှုသည် အလွန်တရာပင် ထက်မြက်သည်။

ကျန်းချန်၏ အရှိန်အဝါသည် အလွန်တရာ လျှို့ဝှက်လွန်း၍ ကျန်းချန်၏ တကယ့်ခွန်အားကို ကူချင်းယွမ် မြင်နိုင်စွမ်း မရှိသော်လည်း ကျန်းချန်ထံကနေ ထူးခြားမှုကို သူခံစားမိခဲ့သည်။

အနည်းဆုံးတော့ သူ့ရှေ့မှ လူသည် တိမ်တိုက်နက်ဂိုဏ်းမှ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူထက် များစွာ ပို၍ အစွမ်းထက်၏။

ထို့အပြင် သူ့ရှေ့မှ လူထံကနေ အန္တရာယ် အငွေ့အသက်များကို သူ ခပ်ရေးရေး ခံစားမိခဲ့သည်။

ထို့ကြောင့်လည်း ကူချင်းယွမ်သည် ကျန်းချန်ကို တိုက်ခိုက်ရန် မရွေးချယ်ခဲ့ခြင်းပင်။

ကျန်းချန်က လှောင်ပြုံး ပြုံးကာ ပြောလိုက်သည်။

“ကူချင်းယွမ်.. မင်းရဲ့ဂိုဏ်းတူမောင်နှမ နှစ်ယောက်ရဲ့ အသက်က ငါ့လက်ထဲမှာ ရှိနေတာဆိုတာ မင်းမမေ့နဲ့ဦး”

“သူတို့ရဲ့ အသက်ကို မင်းမငဲ့တော့ဘူးလား"

"မင်းက ချီယွမ်ဟောက် တို့ရဲ့ အသက်နဲ့ ငါ့ကို ခြိမ်းခြောက်ချင်တာလား”

ကူချင်းယွမ်က အေးစက်စက်ပြုံးကာ ပြောလိုက်သည်။

“ဒါဆိုရင်တော့ မင်းရဲ့ တွက်ကိန်းမှားသွားပြီ.. ထျန်းယွိ ချန်ထားရစ်ခဲ့တဲ့ အင်မော်တယ်ကံကြမ္မာကို ရရှိမယ်ဆိုရင် သူတို့နှစ်ယောက်ကို စတေးလိုက်ရရင်တောင် ငါ့အတွက် ဘာမှအရေးမကြီးဘူး.. ဒါကြောင့် သူတို့ရဲ့ အသက်နဲ့ ငါ့ကို ခြိမ်းခြောက်ရင် ဘာမှအသုံးဝင်မှာ မဟုတ်ဘူး”

ထိုစကားကိုကြားလျှင် ကျန်းချန်က ကူချင်းယွမ်ကို အေးစက်စက် ကြည့်လိုက်သည်။

“ဒီလိုဆိုမှတော့ အပိုစကားတွေ ပြောမနေဘဲ ငါတို့နှစ်ယောက် ရင်ဆိုင်ကြတာပေါ့”

“ကောင်းပြီလေ မင်းဆန္ဒအတိုင်း ဖြစ်စေရမယ်”

ကူချင်းယွမ်၏ အေးစက်စက် စကားသံက ခန်းမထဲတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားပြီးနောက်တွင် ကြောက်မက်ဖွယ် အရှိန်အဝါသည် ကူချင်းယွမ်၏ ခန္ဓာကိုယ်ကနေ တိုက်ရိုက်ဆိုသလို ပျံ့လွင့်လာခဲ့သည်။

သူ့အနေဖြင့် ထျန်းယွိ ချန်ထားရစ်ခဲ့သည့် အင်မော်တယ်ကံကြမ္မာကို ယနေ့တွင် သေချာပေါက် ရယူရပေမည်။

မည်သူက သူ့ကို လာရောက် တားဆီးပါစေ၊ တားဆီးသူ မှန်သမျှကို သူက အကုန်အစင် သုတ်သင်ပစ်မည်သာ။

အခန်း(၂၅၄၄)ပြီး၏။

All Chapters