← Chapters

အခန်း (၂၅၄၅-၂၅၄၆)

Vol. 195 Ch. 2545-2546

အခန်း (၂၅၄၅-၂၅၄၆)

Vol. 195 Ch. 2545-2546

အခန်း(၂၅၄၅)

ကျန်းချန်က ကူချင်းယွမ်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

“မင်းတကယ်ပဲ ဒီနေရာမှာ တိုက်ခိုက်ချင်တာ သေချာရဲ့လား.. မင်းနဲ့ငါရဲ့ တိုက်ပွဲကြားမှာ ဒီခန်းမကြီးက တောင့်ခံနိုင်ပါ့မလားလို့ ငါစိုးရိမ်မိတယ်”

“မင်းပြောတာမှန်တယ်.. ဒီလိုဆိုမှတော့ ငါတို့ တခြား နည်းလမ်းနဲ့ တိုက်ခိုက်ကြတာပေါ့”

ကူချင်းယွမ်၏ စကားအဆုံးမှာပင် ကူချင်းယွမ်၏ မျက်ဝန်းထဲကနေ ဆန်းကြယ်သော အစိမ်းရောင်အလင်းတန်း တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်ကို အနည်းငယ် မှင်တက်သွားစေခဲ့သည်။

သူ သတိပြန်ဝင်လာသောအခါတွင် သူ၏ ဝိညာဥ်သည် ကျယ်ပြောပြီး လျှို့ဝှက် ဆန်းကြယ်သော ကမ္ဘာတစ်ခုထဲ ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။

သူက ခေါင်းကို အနည်းငယ် မော့ကြည့်လိုက်ရာ ပေထောင်ချီ အဝေးရှိ လေထုထဲတွင် ကူချင်းယွမ်၏ ပုံရိပ်ကို တွေ့လိုက်ရသည်။

ထိုပုံရိပ်မှာ ကူချင်းယွမ်၏ မူလဝိညာဥ်ပင် ဖြစ်သည်။

ကူချင်းယွမ်က ခန်းမကို မထိခိုက်စေရန် အတွက် ဝိညာဥ်တိုက်ပွဲ ဆင်နွှဲလိုနေသည်မှာ ထင်ရှားနေခဲ့သည်။

လေထုထဲတွင် ကူချင်းယွမ်သည် ဝင့်ကြွားစွာ ရပ်နေခဲ့ပြီး ကျန်းချန် ဆီသို့ စိုက်ကြည့်နေခဲ့သည်။

သူ၏ မျက်နှာထက်တွင် မယုံကြည်နိုင်သော အမူအရာ တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့၏။

“မင်းရဲ့ခန္ဓာကိုယ်က အင်မော်တယ်ကျင့်ကြံသူရဲ့ ခန္ဓာကိုယ်မျိုး မဟုတ်ဘူး.. မင်းဘယ်သူလဲ”

ကျန်းချန်က ကူချင်းယွမ်၏ ရှေ့တွင် ဝိညာဥ်စွမ်းအားများဖြင့် ဖွဲ့စည်းထားသော ခပ်ရေးရေးသာ မြင်ရသည့် ခန္ဓာကိုယ်တစ်ခု အဖြစ် ပေါ်လာခဲ့သည်။

သို့သော်လည်း သိုင်းပညာ ကျင့်ကြံသူနှင့် အင်မော်တယ် ကျင့်ကြံသူတို့၏ ဝိညာဥ်သည် အခြေခံအားဖြင့် ကွဲပြား၏။

တစ်နည်းအားဖြင့် ဆိုရလျှင် သူ့ရှေ့မှ လူသည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာမှ ကျင့်ကြံသူတစ်ဦး လုံးဝမဟုတ်ပေ။

“ငါဘယ်သူလဲ ဆိုတာက အရေးကြီးလို့လား”

ကျန်းချန်က အေးစက်စက် ပြောလိုက်သည်။

“ဒါက တကယ်ပဲ အရေးမကြီးပါဘူး.. မင်းက ဘယ်သူပဲဖြစ်ဖြစ် ဒီနေ့ ဒီနေရာက မင်းရဲ့သင်္ချိုင်း သေချာပေါက် ဖြစ်လာမှာပဲ”

ကူချင်းယွမ်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ခြေလှမ်း တစ်လှမ်း လှမ်းလိုက်ရာ သူ၏ ပုံရိပ်သည် လေထဲတွင် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင် ကူချင်းယွမ်၏ ပုံရိပ်သည် ကျန်းချန်၏ ရှေ့တွင် ပေါ်လာခဲ့ပြီး လက်ထဲတွင် ကိုင်ထားသော အပြာရောင်ဓားရှည်ဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

ဤဓားချက်သည် မည်သည့် နည်းစနစ်မှ မပါဘဲ သာမန်လူတစ်ဦး အမှတ်မထင် ခုတ်ပိုင်းလိုက်သည့် ဓားချက်နှင့် ဆင်တူနေခဲ့၏။

သို့သော်လည်း ထိုဓားချက်နှင့် ရင်ဆိုင်ရချိန်တွင် ကျန်းချန်သည် ထိုဓားချက်ကနေ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားကို ခံစားခဲ့ရသည်။

ကျန်းချန်က အတွေးတစ်ချက် လှုပ်ရှားလိုက်ရာ လူသားဧကရာဇ်ဓားသည် သူ၏ လက်ထဲတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

အုပ်စိုးသူအဆင့် ဖြစ်လာပြီးနောက်တွင် သူ၏ ဝိညာဥ်သည်လက်နက်များကို ဝိညာဥ်စွမ်းအားအဖြစ် လုံးဝ ထိန်းချုပ်နိုင်စွမ်း ရှိလာခဲ့ပြီး ဆန်းကြယ်သော စွမ်းအားများကို အသုံးပြုကာ ပင်မခန္ဓာကိုယ် ကဲ့သို့ တိုက်ခိုက်နိုင်ခဲ့သည်။

ကျန်းချန်သည် လူသားဧကရာဇ်ဓားကို ထုတ်ယူပြီးနောက်တွင် ကူချင်းယွမ်၏ ဓားချက်ကို ရှောင်တိမ်းခြင်းမပြုဘဲ ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

“ထန်..”

အပြာရောင်ဓားနှင့် ရွှေရောင်ဓားရှည် တို့သည် ထိုအခိုက်အတန့်တွင် ထိပ်တိုက် ဆုံတွေ့သွားခဲ့ပြီး သတ္တုချင်း ထိရိုက်သံက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

သူတို့ နှစ်ဦး ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်က လုံးဝ ပျက်စီးသွားခြင်း မရှိသော်လည်း သာမန်မျက်စိဖြင့် မြင်နိုင်သော စွမ်းအင်လှိုင်းလုံး တစ်ခုသည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။

ထိုစွမ်းအင်လှိုင်းလုံးများသည် ဓားသွားများကဲ့သို့ပင် မိုင်ပေါင်းသောင်းချီ ဧရိယာကို ဖြတ်သန်းသွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင် မူလက တိတ်ဆိတ်အေးချမ်းနေသော ဟင်းလင်းပြင်ကြီးသည် တစ်ခဏအတွင်း ဘာမှမကျန်ရှိဘဲ ပြိုလဲ ပျက်စီးသွားခဲ့၏။

ထိုတိုက်ခိုက်မှု အပြီးတွင် ကူချင်းယွမ်သည် သူ၏ လက်ထဲမှ အပြာရောင်ဓားကို ထပ်မံ ဝှေ့ယမ်းကာ ကျန်းချန်ကို ထပ်မံတိုက်ခိုက်လိုက်သည်။

ကျန်းချန်က သူ၏ လက်ထဲမှ လူသားဧကရာဇ်ဓားကို ဝှေ့ယမ်း၍ ကူချင်းယွမ်၏ တိုက်ကွက်ကို ပြန်လည် ရင်ဆိုင်လိုက်သည်။

သူတို့နှစ်ဦးက တစ်ချိန်တည်း တစ်ပြိုင်နက်တည်း ကိုယ်စီ တိုက်ခိုက်လိုက်ကြခြင်း ဖြစ်၏။

သူတို့နှစ်ဦးကို ဗဟိုပြု၍ ပတ်ဝန်းကျင်တွင် ရွှေရောင်ဓားအလင်းနှင့်အပြာရောင်ဓားအလင်းတို့ ကျယ်ပြန့်စွာ ဖြစ်ပေါ်နေခဲ့ပြီး ကမ္ဘာကြီးကိုပင် နှစ်ပိုင်းခြမ်းလိုက်သကဲ့သို့ ဖြစ်နေခဲ့သည်။

နှစ်ဦးသားက ကြောက်မက်ဖွယ်ရာကောင်းသော ဓားအလင်းများကို အနည်းငယ်မျှပင် ဂရုမစိုက်ကြဘဲ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေခဲ့ကြသည်။

နောက်ထပ်တစ်ခဏတွင် သူတို့နှစ်ဦးစလုံးသည် တစ်ပြိုင်နက်တည်း ဓားဖြင့် ထပ်မံတိုက်ခိုက်လိုက်ကြသည်။

သူတို့နှစ်ဦး ထုတ်‌ဖော်လိုက်သော ဓားအလင်းတိုင်းသည် မိုင်ပေါင်းသောင်းချီဧရိယာအထိ ရောက်ရှိသွားခဲ့ပြီး ဓားအလင်းဖြတ်သန်းသွားရာ နေရာတိုင်းရှိ ဟင်းလင်းပြင်သည် အစအနပင် မကျန်ရှိသည်အထိ ပျက်စီးသွားခဲ့သည်။

နှစ်ဦးစလုံးက မည်သည့် ထူးခြားသော စွမ်းအားကိုမှ အသုံးမပြုခဲ့သော်လည်း သူတို့၏ ကိုယ်ပိုင်စွမ်းအားများကို အမြင့်ဆုံးအဆင့်အထိ ထုတ်ဖော်ခဲ့ကြသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့နှစ်ဦးသည် လေထုထဲတွင် ဓားကွက်ဆယ်ကွက်ခန့် တိုက်ခိုက်ခဲ့ပြီးပြီ ဖြစ်၏။

သူတို့နှစ်ဦး၏ တိုက်ခိုက်မှုအောက်တွင် မိုင်ပေါင်းတစ်သိန်း အချင်းဝက် အတွင်းရှိ ဟင်းလင်းပြင်သည် စဥ်ဆက်မပြတ် ပျက်စီးလိုက် ပြန်လည်ဖွဲ့စည်းလိုက်ဖြစ်ကာ ကမ္ဘာပျက်တော့မည့်အလား ဖြစ်နေခဲ့၏။

ဓားချင်း ထပ်မံ ထိပ်တိုက် ဆုံတွေ့သွားပြီးနောက်တွင် နှစ်ဦးစလုံး၏ ပုံရိပ်သည် အနည်းငယ် တုန်ခါသွားခဲ့ပြီး နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်သွားခဲ့ရသည်။

သူ၏ ဆန့်ကျင်ဘက်မှ ကူချင်းယွမ်ကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ကူချင်းယွမ်သည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင် အနည်းငယ်ထဲမှ တစ်ဦးဟူသော ဂုဏ်ပုဒ်နှင့် အလွန်ပင် ထိုက်တန်၏။

ဤလူသည် အစွမ်းထက်သော ဓားကျင့်ကြံသူ တစ်ဦး ဖြစ်ရုံသာမက သူ၏ ဘဝတွင် တွေ့ခဲ့ဖူးသမျှ အထူးချွန်ဆုံး ပါရမီရှင်လည်းဖြစ်သည်။

ဆိုရလျှင် ကူချင်းယွမ်သည် မဟာယာန အဆင့်သို့ မရောက်ရှိသေးသော်လည်း သူ၏ တိုက်ခိုက်နိုင်စွမ်းသည် ရွှယ်ကျိုးမင်ကဲ့သို့ မဟာယာနအဆင့် ကျင့်ကြံသူများထက်ပင် သာလွန်နေခဲ့၏။

အကယ်၍ သူသာ အုပ်စိုးသူ အဆင့်သို့ မထိုးဖောက်နိုင်ခဲ့လျှင် ကူချင်းယွမ်ကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။

“မမျှော်လင့်ဘဲ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာထဲမှာ မင်းလို ပြင်ပစကြဝဠာက အနှိုင်းမဲ့ပါရမီရှင် တစ်ယောက် ရှိနေခဲ့တာပဲ.. ပုံမှန်အားဖြင့်တော့ အင်မော်တယ် ကျင့်ကြံသူမဟုတ်တဲ့ သူတွေက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှာ ပေါ်လာဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပဲ"

"မင်းဘယ်သူလဲ.. အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို ဘယ်လို ရည်ရွယ်ချက်နဲ့ ရောက်လာတာလဲဆိုတာ ငါနည်းနည်းတော့ သိချင်လာမိတယ်”

ကျန်းချန်ကို ကြည့်နေသော ကူချင်းယွမ်၏ မျက်ဝန်းထဲတွင် လေးနက်သော အမူအရာ တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အစောပိုင်းက တိုက်ခိုက်မှုကို အပေါ်ယံကြည့်လျှင် သူနှင့် ကျန်းချန်သည် အင်အားချင်း တူညီနေသည်ဟု ထင်ရ၏။

သို့သော် သူကိုယ်တိုင်ကမူ ကျန်းချန်ထက် ပို၍ အားနည်းသော အခြေအနေတွင် ရှိခဲ့မှန်း ကောင်းစွာ သိထားခဲ့သည်။

ရှင်းလင်းစွာဆိုရလျှင် သူ့ရှေ့မှ ပြင်ပစကြဝဠာကနေ ရောက်ရှိလာသည့် လျှို့ဝှက်ဆန်းကြယ်သော လူငယ်သည် သူ့ထက်ပင် သေချာပေါက် ပို၍ အစွမ်းထက်၏။

“ငါဘယ်သူလဲဆိုတာ မင်းက သိချင်တာလား”

ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့သည်။

“တကယ်လို့ မင်းမှာ ငါ့ရဲ့ ဝှက်ဖဲတွေကို အသုံးပြုနိုင်အောင် လုပ်ဆောင်နိုင်တဲ့ အရည်အချင်းရှိမယ် ဆိုရင်တော့ ငါဘယ်သူလဲဆိုတာ သိဖို့ အခွင့်အရေး ရှိကောင်း ရှိနိုင်ပါလိမ့်မယ်”

“ကောင်းပြီလေ”

ကူချင်းယွမ်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့ပြီး သူ၏ အရှိန်အဝါက သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။

ထို့နောက်တွင်မူ ကူချင်းယွမ်သည် လက်ဟန်များကို ပြုလုပ်ကာ ဓားနယ်မြေကို ထုတ်ဖော်လိုက်သည်။

ယင်းအခိုက်အတန့်တွင် ကမ္ဘာပေါ်ရှိ အလင်းရောင်များ ပျောက်ကွယ်သွားခဲ့ပြီး ဓားနယ်မြေသာလျှင် ကျန်ရှိတော့သလို ဖြစ်သွားခဲ့သည်။

ထိုဓားနယ်မြေသည် ဟင်းလင်းပြင်နှင့် ပေါင်းစပ်ထားသကဲ့သို့ ဖြစ်နေခဲ့ပြီး ကမ္ဘာကြီးကိုပင် စိုးမိုးရန် လုံလောက်ပုံရ၏။

ကျန်းချန်က ကူချင်းယွမ် ထုတ်ဖော်ထားသည့် ဓားနယ်မြေကို အေးစက်စက် ကြည့်လိုက်သည်။

“ကူချင်းယွမ်.. မင်းက ဓားလမ်းစဥ်မှာ ပြိုင်ဘက်ကင်းတဲ့ ထူးခြားတဲ့ ပါရမီရှင်တစ်ယောက်ပဲ.. တကယ်လို့ မင်းသာ သာမန် မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦးဦးနဲ့ ရင်ဆိုင်ရမယ်ဆိုရင် အသာစီးရမှာ အသေအချာပဲ.. ဒါပေမဲ့ စိတ်မကောင်းစရာက မင်း ရင်ဆိုင်ရတဲ့သူက ငါဖြစ်နေတာပဲ”

စကားဆုံးသည်နှင့် ကျန်းချန်သည် လူသားဧကရာဇ်ဓားကို အသုံးပြုကာ ဓားကွက် တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။

“အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်း.. အင်မော်တယ်များကို သတ်ဖြတ်ခြင်း”

ထိုဓားချက် ထွက်ပေါ်လာသည်နှင့်အမျှ အဆုံးမဲ့ ရွှေရောင်အလင်းတန်းများ ကြားတွင် သွေးရောင်အလင်းတန်း တစ်ခု ပါဝင်လာခဲ့သည်။

ထိုဓားချက်သည် ကမ္ဘာကြီးကိုပင် ထိုး‌ဖောက်သွားသကဲ့သို့ ဖြစ်နေခဲ့၏။

ဤအခိုက်အတန့်တွင် ကူချင်းယွမ်သည် ကြက်သီးမွေးညင်းများပင် ထောင်ထလာခဲ့သည်။

သို့သော်လည်း သူ့အနေဖြင့် မည်သည့် ခုခံမှုမျှ မလုပ်ဆောင်နိုင်ခင်မှာပင် ကြောက်မက်ဖွယ် ဓားအလင်းကြောင့် သူအစွမ်းကုန် စုစည်းထားသည့် ဓားနယ်မြေသည် ပျက်စီးသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည်ပင် နောက်ပြန် လွင့်စင်သွားခဲ့သည်။

“ဝေါ့”

ကူချင်းယွမ်၏ နှုတ်ခမ်းထောင့်ကနေ သွေးများ အဆက်မပြတ် စီးကျလာခဲ့သည်။

ကျန်းချန်ကို ကြည့်နေသည့် သူ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အမူအရာများ ဖြစ်‌ပေါ်လာခဲ့၏။

“မင်း အသုံးပြုလိုက်တာက ဘယ်လို ဓားပညာရပ်မျိုးလဲ”

အစောပိုင်းက သူအသုံးပြုခဲ့သော ဓားနယ်မြေသည် ထိုက်ယီအင်မော်တယ်ဂိုဏ်၏ ထိပ်တန်းဓားပညာရပ် ဖြစ်သည်။

သူ၏ ခွန်အားဖြင့် ဓားနယ်မြေကို အစွမ်းကုန် ထုတ်ဖော်မည်ဆိုလျှင် သာမန် မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦး ပင်လျှင် ထိုဓားနယ်မြေထဲတွင် ပိတ်မိနေမည် ဖြစ်ပြီး လွတ်မြောက်ရန် ခက်ခဲလိမ့်မည် ဖြစ်၏။

သို့သော်လည်း သူ့ရှေ့မှ လူကမူ ဓားချက် တစ်ချက်တည်းဖြင့်ပင် သူ၏ ထိုက်ယီဓားနယ်မြေကို ဖျက်ဆီးပစ်လိုက်သည်။

“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

အခန်း(၂၅၄၅)ပြီး၏။

အခန်း(၂၅၄၆)

ကျန်းချန်က ကူချင်းယွမ်ကို အေးစက်စက် ကြည့်လိုက်သည်။

"ဒါက အင်မော်တယ်ဓားသိုင်းစစ်စစ်ပဲ.. ဒီလို ဓားသိုင်းအောက်မှာ သေရတဲ့အတွက် မင်းကိုယ်မင်း ဂုဏ်ယူသင့်တယ်"

"အင်မော်တယ်ဓားသိုင်းလား"

ကျန်းချန်၏ စကားကိုကြားလျှင် ကူချင်းယွမ် အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။

ရှေးခေတ်ကာလက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် ဖြစ်ရပ်တချို့ ဖြစ်ပွားခဲ့ပြီး ကောင်းကင်နှင့်မြေကြီး အကြီးအကျယ် အပြောင်းအလဲ ဖြစ်ကာ အင်မော်တယ်လမ်းစဥ် ပြတ်တောက်သွားခဲ့သည်။

ရလဒ်အနေဖြင့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် အင်မော်တယ်နှင့် ပတ်သက်သည့် အမွေအနှစ်များစွာ ပျောက်ကွယ်သွားခဲ့ရ၏။

သူတို့ ထိုက်ယီအင်မော်တယ်ဂိုဏ်းသည် ရှည်လျားသော အမွေအနှစ် သမိုင်းကြောင်း ရှိသော်လည်း အင်မော်တယ်အမွေအနှစ် အများအပြားကို လက်ဆင့်ကမ်းနိုင်ခြင်း မရှိခဲ့ပေ။

ဆိုရလျှင် ထိုက်ယီအင်မော်တယ်ဂိုဏ်းတွင်ပင် မပြည့်စုံသော အင်မော်တယ် ပညာရပ် တစ်ခုသာ ရှိပြီး ၎င်းကို နားလည်ရန်ပင် အလွန်တရာ ခက်ခဲ၏။

ထိုကြောင့် သူ့ရှေ့မှလူသည် အင်မော်တယ်ဓားသိုင်း စစ်စစ်ကို တတ်မြောက်ထားလိမ့်မည်ဟု ကူချင်းယွမ် လုံးဝ ထင်မှတ်မထားခဲ့ပေ။

"မင်းက ပြင်ပစကြဝဠာက ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ပဲ ဖြစ်ရမယ်.. ငါ့အထင် မမှားဘူးဆိုရင် မင်းရဲ့ကျင့်ကြံခြင်းအဆင့်က မဟာယာနအဆင့်နဲ့ တန်းတူ ဖြစ်နေလောက်ပြီ.. ဟုတ်တယ်မလား"

ကူချင်းယွမ်က သူ၏ စိတ်ထဲမှ ထိတ်လန့်မှုကို ထိန်းချုပ်ကာ အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။

ဤအခိုက်အတန့်တွင် ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်တွင် အလွန်တရာ တွေဝေသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ယနေ့တိုက်ပွဲတွင် သူက အင်မော်တယ်ဓားသိုင်းကို တတ်မြောက်ထားပြီး မဟာယာနအဆင့် ကျင့်ကြံသူနှင့် ယှဥ်နိုင်သော ပါရမီရှင် တစ်ဦးနှင့် ရင်ဆိုင်နေရ၍ အန္တရာယ်ရှိသည်ဟု ခံစားနေရသည်။

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

"ငါတို့ စကြဝဠာမှာတော့ ငါတို့ လက်ရှိရောက်နေတဲ့ ကျင်ကြံခြင်းအဆင့်ကို အုပ်စိုးသူအဆင့်လို့ ခေါ်ကြတယ်.. အဲဒီအဆင့်က မင်းတို့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက မဟာယာနအဆင့်နဲ့ အတူတူပဲ"

"အုပ်စိုးသူအဆင့်လား"

ကူချင်းယွမ်က တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက်တွင် အဆုံးသတ်၌ တစ်စုံတစ်ရာကို အမှတ်ရသွားခဲ့သည်။

သူက ကျန်းချန်ကို ထိတ်လန့်တကြား ကြည့်လိုက်သည်။

"မင်း.. မင်းက နတ်ဘုရားနယ်မြေ စကြဝဠာကလား"

ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ ထိပ်တန်းပါရမီရှင် ဖြစ်၍ ကူချင်းယွမ်၏ ဂိုဏ်းအတွင်း အဆင့်အတန်းသည် အလွန်တရာပင် မြင့်မားပြီး လျှို့ဝှက်ချက် များစွာကို သိရှိခွင့်ရှိသည်။

သူသိထားသလောက်ဆိုလျှင် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာသည် အင်မော်တယ်လျှို့ဝှက်ချက် ပါဝင်သော အင်မော်တယ်ကျောက်တိုင်ကြောင့် နတ်ဘုရားနယ်မြေ စကြဝဠာဟု ခေါ်သည့် သိုင်းပညာ ယဥ်ကျေးမှု ထွန်းကားသော စကြဝဠာကို စစ်ပွဲ ဆင်နွှဲခဲ့ဖူး၏။

ထိုစကြဝဠာရှိ မဟာယာနအဆင့် ကျင့်ကြံသူများနှင့် ယှဥ်နိုင်သော ကျင့်ကြံသူများကို အုပ်စိုးသူအဆင့်ဟု ခေါ်ဝေါ်ကြ၏။

သို့ဆိုလျှင် သူ့ရှေ့မှ လူသည် နတ်ဘုရားနယ်မြေ စကြဝဠာမှ သိုင်းပညာ ကျင့်ကြံသူ တစ်ဦး ဖြစ်နေပါသလော။

"မင်းက ငါ့ရဲ့အထောက်အထားကို ခန့်မှန်းမိသွားမယ်လို့ မမျှော်လင့်ခဲ့ဘူး"

ကျန်းချန်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။

သူ၏ ခန္ဓာကိုယ်ကနေ ပြင်းထန်သော လူသတ်ငွေ့များ ချက်ချင်းဆိုသလို ပျံ့လွင့်လာခဲ့၏။

"ဒီလိုဆိုမှတော့ မင်းကို အသက်ရှင်လျက် ထားလို့ မဖြစ်တော့ဘူး"

ကျန်းချန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် ကမ္ဘာတုန်ဟီးမတတ် ကြောက်မက်ဖွယ်ရာ ကောင်းသည့် လူသတ်ငွေ့ကို ခံစားမိလျှင် ကူချင်းယွမ်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူ့ရှေ့ရှိ နတ်ဘုရားနယ်မြေ စကြဝဠာမှ ပါရမီရှင်သည် ကျင့်ကြံခြင်းအဆင့်တွင်ဖြစ်စေ၊ ဓားပညာလမ်းစဥ်တွင်ဖြစ်စေ၊ သူ့ထက် လုံးဝကို သာလွန်နေခဲ့သည်။

ထို့ကြောင့် ထိပ်တိုက် ရင်ဆိုင်လျှင် သေမင်းနှင့် ရင်ဆိုင်နေရသလိုသာ ဖြစ်နေပေလိမ့်မည်။

ယခုအခါတွင် သူ့အတွက် တစ်ခုတည်းသော ရွေးချယ်မှုမှာ ဤနေရာမှာ ထွက်ပြေးရန်ပင် ဖြစ်၏။

သို့မှသာ နတ်ဘုရားနယ်မြေ စကြဝဠာမှ ပါရမီရှင်က အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသို့ ရောက်ရှိနေသည်ကို သတင်းစကားပါးနိုင်မည် မဟုတ်ပါလား။

မည်သို့ပင်ဆိုစေကာမူ အတိတ်ကာလတုန်းက အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာသည် နတ်ဘုရားနယ်မြေ စကြဝဠာကို ကျူးကျော်ခဲ့ပြီး နတ်ဘုရားနယ်မြေကို ဖျက်ဆီးလုနီးပါး ဖြစ်ဖူးခဲ့ရာ နတ်ဘုရားနယ်မြေနှင့် ကမ္ဘာမကြေ ရန်သူများဟုပင် ဆို၍ရသည်။

ယခု နတ်ဘုရားနယ်မြေ စကြဝဠာမှ ပါရမီရှင်က အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် ပေါ်လာခြင်းသည် အကြံအစည် တစ်စုံတစ်ရာ ရှိနေမည်မှာ သေချာ၏။

အကယ်၍ ထိုလူကိုသာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် ပုန်းအောင်းခွင့် ပေးထားမည် ဆိုလျှင် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာအတွက် အဆုံးမဲ့ ပြဿနာများ ယူဆောင်လာနိုင်၏။

သို့သော်လည်း ဤအခိုက်အတန့်တွင် ကျန်းချန်သည် ကူချင်းယွမ်ကို ထွက်ပြေးရန် အခွင့်အရေး မည်ကဲ့သို့ ပေးနိုင်ပါမည်နည်း။

ကူချင်းယွမ်က ထွက်ပြေးရန် ပြင်လိုက်စဥ်မှာပင် ကျန်းချန်သည် အင်မော်တယ် ဖျက်ဆီးခြင်းဓားသိုင်း၏ ဒုတိယမြောက် ဓားကွက်ကို ထုတ်ဖော်လိုက်ရာ ယခင်ထက် အဆပေါင်းများစွာ ကြောက်မက်ဖွယ်ရာကောင်းသော ဓားချက်သည် ကူချင်းယွမ် ဆီသို့ သက်ရောက်လာခဲ့သည်။

"ထိုက်ယီဓားအကာအကွယ်"

ကူချင်းယွမ်က ထိတ်လန့်သွားခဲ့ပြီး တုံ့ဆိုင်းမနေတော့ဘဲ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် အပြာရောင်အလင်းတန်းများ ထုတ်လွှတ်နေသော ဓားအကာအကွယ် တစ်ခုကို ဖန်တီးလိုက်သည်။

"ဝုန်း.."

ကောင်းကင်အင်မော်တယ်များကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိပုံရသော ကျန်းချန်၏ ဓားချက်သည် ကူချင်းယွမ်၏ အပြာရောင် ဓားအကာအကွယ် ပေါ်သို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့ပြီး ဓားအကာအကွယ်ကို ပေါက်ကွဲသွားစေခဲ့သည်။

ကူချင်းယွမ်က ဖရိုဖရဲဖြင့် နောက်ပြန် လွင့်စင်သွားခဲ့သည်။

"အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်း.. အင်မော်တယ်များကို သတ်ဖြတ်ခြင်း"

ကျန်းချန်က ကူချင်းယွမ်ကို အသက်ရှူဖို့ပင် အခွင့်အရေးအနည်းငယ်မျှ မပေးခဲ့ဘဲ အင်မော်တယ် ဖျက်ဆီးခြင်းဓားသိုင်း၏ တတိယမြောက်ဓားကွက်ကို ထပ်မံ ထုတ်ဖော်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကြောက်မက်ဖွယ်ဓားအလင်း တစ်ခုသည် ကူချင်းယွမ် လွင့်စင်သွားသော နေရာကို ချက်ချင်းဆိုသလို ရောက်ရှိသွားခဲ့ပြီး ကူချင်းယွမ်၏ မူလဝိညာဥ်ကို အစအနပင် မကျန်ရှိသည်အထိ ချေမှုန်းပစ်လိုက်သည်။

ကျန်းချန်နှင့် ကူချင်းယွမ်တို့ ဝိညာဥ်တိုက်ပွဲ ဆင်နွှဲနေချိန်တွင် ခန်းမ၏ အလယ်ဗဟိုရှိ လျှိုချင်းယွီနှင့် အခြားသူများဖြစ်စေ၊ ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ လူများဖြစ်စေ၊ ၎င်းတို့အားလုံး၏ အကြည့်သည် မလှုပ်မယှက် ရပ်နေသော ကျန်းချန်နှင့် ကူချင်းယွမ် ဆီသို့ ကျရောက်နေခဲ့သည်။

ထိုနှစ်ဦးက လက်ရှိအချိန်တွင် ဝိညာဥ်တိုက်ပွဲ ဆင်နွှဲနေကြခြင်း ဖြစ်မှန်း သူတို့ ကောင်းစွာ သိရှိထားကြသည်။

"ခေါင်းဆောင်.. ကျန်းချန်က ကူချင်းယွမ်ကို ယှဥ်နိုင်ပါ့မလား"

ဝူရှန့်က ရုပ်တုတစ်ခု ကဲ့သို့ ငြိမ်သက်စွာ ရပ်နေသော ကျန်းချန်ကို ကြည့်ကာ အလွန်တရာ လေးနက်သော အမူအရာဖြင့် လျှိုချင်းယွီကို မေးလိုက်သည်။

လျှိုချင်းယွီက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်သည်။

"ကျန်းချန်က မဆင်မခြင် လုပ်တတ်တဲ့သူမျိုး မဟုတ်ဘူး.. သူ ကူချင်းယွမ်နဲ့ တိုက်ခိုက်ရဲတယ် ဆိုမှတော့ သူ့မှာ သေချာပေါက် ယုံကြည်ချက်ရှိလို့ပဲ ဖြစ်ရမယ်"

ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ ဂရုတစိုက် ပျိုးထောင်ထားသော ပါရမီရှင် ကူချင်းယွမ်သည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ တစ်ခုလုံးတွင်ပင် နာမည်ကျော်ကြားသော အထွတ်အထိပ် ပါရမီရှင် ဖြစ်သည်။

ကျန်းချန်၏ ခွန်အားက ထူးခြားသော်လည်း ကူချင်းယွမ်၏ ပြိုင်ဘက် ဖြစ်နိုင် မဖြစ်နိုင်ကို လျှိုချင်းယွီ မသိပေ။

သို့သော်လည်း အခြေအနေက ဤအဆင့်အထိ ရောက်ရှိလာပြီဖြစ်ရာ ယခုအခါတွင် ကျန်းချန်က ကူချင်းယွမ်ကို အနိုင်ရပါစေဟု ဆုတောင်းရုံသာ ရှိတော့သည် မဟုတ်ပါလား။

ခန်းမထဲရှိ လူခုနစ်ယောက် ရှစ်ယောက်ခန့်၏ အကြည့်အောက်တွင် အချိန်များသည် တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။

ထိုအချိန်မှာပင် မလှုပ်မယှက် ရပ်နေသော နှစ်ဦးသည် အဆုံးသတ်တွင် လှုပ်ရှားလာခဲ့သည်။

ကျန်းချန်၏ မျက်တောင်များက လှုပ်ရှားသွားခဲ့ပြီး မျက်လုံးများ ပွင့်လာခဲ့သည်။

သူက ကူချင်းယွမ်ကို အေးစက်စက် စိုက်ကြည့်လိုက်၏။

ကူချင်းယွမ်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားခဲ့ပြီးနောက်တွင် ခန္ဓာကိုယ် တစ်ခုလုံးသည် မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားခဲ့က. ခန္ဓာကိုယ်တွင် အသက်ဓာတ် လုံးဝ မရှိတော့ပေ။

"ကူချင်းယွမ်က သေသွားပြီလား"

သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး ခန်းမတစ်ခုလုံး တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။

အားလုံးက မှင်တက်နေခဲ့ကြပြီး အချိန်အတော်ကြာသည်အထိ သတိပြန်မဝင်လာကြပေ။

ကျင့်ကြံသူများအတွက် မူလဝိညာဥ်သည် အသက်၏ အခြေခံပင် ဖြစ်သည်။

မူလဝိညာဥ် မသေဆုံးသရွေ့ အမှန်တကယ် သေဆုံးခြင်းမရှိပေ။

ယခုအခါတွင် ကူချင်းယွမ် ထံ၌ အသက်ဓာတ် ရှိမနေ၍ အစောပိုင်းက တိုက်ပွဲတွင် ကူချင်းယွမ်သည် ရှုံးနိမ်ခဲ့ပြီး မူလဝိညာဥ် ပင်လျှင် ကျန်းချန်၏ လက်ထဲတွင် ဖျက်ဆီးခံလိုက်ရပြီ ဖြစ်ကြောင်း သက်သေပြနေခဲ့သည်။

"ကျန်းချန်က တကယ်ပဲ အနိုင်ရသွားတာလား"

မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် လျှိုချင်းယွီ၏ မျက်နှာထက်တွင် အတိုင်းမသိ ဝမ်းသာသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်က မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်တစ်ဦး ဖြစ်နေလျှင်ပင် ပြိုင်ဘက်ကင်းပါရမီရှင် ကူချင်းယွမ်ကို ရင်ဆိုင်ရာတွင် အနိုင်ရရန် အခွင့်အရေး သိပ်မရှိနိုင်ဟု မူလက သူထင်ထားခဲ့သည်။

သို့သော်လည်း ကျန်းချန်သည် ကူချင်းယွမ်ကို အနိုင်ယူရုံသာမက ကူချင်းယွမ်၏ မူလဝိညာဥ်ကိုပါ ဖျက်ဆီးပစ်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ဤအခိုက်အတန့်တွင် လျှိုချင်းယွီသည် ဤတစ်ကြိမ်တွင် ကျန်းချန်ကို ခေါ်လာခဲ့ခြင်းက အတော်လေး အမျှော်အမြင်ရှိသော ဆုံးဖြတ်ချက် ဖြစ်မှန်း နားလည်သွားခဲ့သည်။

သို့သော်လည်း အလွန်တရာ စိတ်လှုပ်ရှားနေကြသော လျှိုချင်းယွီတို့ လူစုနှင့် နှိုင်းယှဥ်လျှင် ထိုက်ယီ အင်မော်တယ်ဂိုဏ်းမှ အဖွဲ့ဝင်ငါးဦးသည် မယားကြီး လက်ထဲတွင် အမိခံလိုက်ရသော မယားငယ်များ ကဲ့သို့ မျက်စိပျက် မျက်နှာပျက် ဖြစ်နေကြသည်။

သူတို့ မည်သို့မျှ မယုံကြည်နိုင် ဖြစ်နေခဲ့သည်။

မဟာယာနအဆင့် ကျင့်ကြံသူများကိုပင် ယှဥ်ပြိုင်နိုင်သည့် ထိုက်ယီ အင်မော်တယ်ဂိုဏ်း၏ နာမည်ကျော် မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင် ကူချင်းယွမ်သည် အမည်မသိ လူငယ်လေး တစ်ဦး၏ လက်ထဲတွင် ကျဆုံးသွားခဲ့ပါသလော။

"ဒါ...ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

အခန်း(၂၅၄၆)ပြီး၏။

All Chapters