← Chapters

အခန်း (၂၅၄၇-၂၅၄၈)

Vol. 195 Ch. 2547-2548

အခန်း (၂၅၄၇-၂၅၄၈)

Vol. 195 Ch. 2547-2548

အခန်း(၂၅၄၇)

"မင်း.. မင်းက ငါတို့ စီနီယာအစ်ကိုကူကိုတောင် သတ်ရဲတယ်.. ငါတို့ ထိုက်ယီအင်မော်တယ်ဂိုဏ်းက မင်းကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး"

ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ ပါရမီရှင်သည် မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် ထိတ်လန့်သော အမူအရာဖြင့် ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

ကျန်းချန်က အေးစက်စက် ပြုံးကာ ပြောလိုက်သည်။

“မင်းတို့အားလုံး ဒီနေရာမှာ သေသွားရင် ငါမင်းတို့ကို သတ်ခဲ့တာ ဘယ်သူသိမှာလဲ”

ထိုသို့ ပြောပြီးသည်နှင့် ကျန်းချန်သည် ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ အဖွဲ့ဝင်ငါးဦးကို တုံ့ပြန်ရန် အခွင့်အရေးပင် အနည်းငယ်မျှ မပေးခဲ့ပေ။

သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ဟင်းလင်းပြင်ထဲတွင် ကြောက်မက်ဖွယ်ရာကောင်းသော ဓားအရှိန်အဝါများစွာ ထွက်ပေါ်လာခဲ့ပြီး ဓားနယ်မြေ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုဓားနယ်မြေက ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ ဂိုဏ်းသား ငါးဦးကို လွှမ်းခြုံသွားခဲ့၏။

“ဓားနယ်မြေကို တစ်ပြိုင်တည်း ထိုးဖောက်ကြ”

ထိုမြင်ကွင်းကိုမြင်လျှင် ထိုက်ယီ အင်မော်တယ်ဂိုဏ်းမှ မဟာယာန တစ်ပိုင်းအဆင့် ဆံဖြူအဘိုးအို တစ်ဦးသည် ရုတ်တရက် မျက်နှာပျက်သွားခဲ့ပြီး အော်ဟစ် အမိန့်ပေးလိုက်သည်။

ကျန်လေးဦးကလည်း တွေဝေမနေတော့ဘဲ သူတို့၏ စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်ကာ တုံ့ပြန်လိုက်ကြ၏။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

ထိုက်ယီ အင်မော်တယ်ဂိုဏ်းမှ အဖွဲ့ဝင်ငါးဦး၏ တိုက်ခိုက်မှုများသည် ဓားနယ်မြေပေါ်သို့ ကျရောက်သွားသော်လည်း ဓားနယ်မြေကို အနည်းငယ်မျှပင် မလှုပ်ခတ်နိုင်ခဲ့ပေ။

ယခုအခါတွင် ကျန်းချန်သည် အုပ်စိုးသူအဆင့်သို့ ထိုးဖောက်နိုင်ခဲ့ပြီ ဖြစ်ရာ မဟာယာန အစောပိုင်းအဆင့် ကျင့်ကြံသူများကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်နေပြီ ဖြစ်သည်။

ထို့ကြောင့် သူ၏ရှေ့မှ ငါးဦးသည် သူ့အတွက် ပုရွက်ဆိတ်များနှင့် မခြားပေ။

ကျန်းချန်က ဓားနယ်မြေထဲတွင် အသည်းအသန် ရုန်းကန်နေကြသော ငါးယောက်ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီးနောက်တွင် ဓားနယ်မြေ၏ စွမ်းအားကို မြှင့်တင်လိုက်သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ဓားနယ်မြေထဲကနေ မရေမတွက်နိုင်သော ဓားအလင်းများ ထွက်ပေါ်လာခဲ့ရာ ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ အဖွဲ့ဝင်ငါးဦးသည် မည်သို့မျှ ခုခံနိုင်စွမ်း မရှိတော့ဘဲ ၎င်းတို့၏ ခန္ဓာကိုယ်နှင့် မူလဝိညာဥ်ပါ မကျန် ပျက်စီးသွားခဲ့သည်။

“မင်းတို့ နောက်ကို နည်းနည်းဆုတ်ကြ.. ဒီကျောက်စင်မြင့်ပတ်ပတ်လည်မှာ နောက်ဆုံး အစီအရင်တစ်ခု ကျန်သေးတယ်.. ဒီအစီအရင်ကို ဖျက်ဆီးဖို့ ငါနည်းလမ်းရှာလိုက်ဦးမယ်”

ထိုက်ယီအင်မော်တယ်ဂိုဏ်းက လူများကို အလွယ်တကူ ရှင်းလင်းပြီးနောက်တွင် ကျန်းချန်သည် ထိတ်လန့်နေဆဲဖြစ်သော လျှိုချင်းယွီ တို့ကို ကြည့်ကာ ပြောလိုက်သည်။

ထို့နောက်တွင် သူ၏ အကြည့်သည် ကျောက်စင်မြင့်ပတ်ပတ်လည်မှ တားမြစ်အစီအရင် ဆီသို့ နောက်တစ်ကြိမ် ကျရောက်သွားခဲ့၏။

ကျန်းချန်၏ အကြည့်က ကျောက်စင်မြင့် ပတ်ပတ်လည်ရှိ တားမြစ်အစီအရင် ပေါ်သို့ ရောက်ရှိနေသော အချိန်တွင် ချင်းလီ၏ အကြည့်သည် ကူချင်းယွမ်၏ အလောင်းပေါ်သို့ ကျရောက်သွားခဲ့သည်။

“ချင်းလီ.. မင်းဘာလုပ်မလို့လဲ”

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် လျှိုချင်းယွီသည် မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

ချင်းလီက ကူချင်းယွမ်၏ အလောင်းကို လောဘ အရိပ်အယောင်များ ပြည့်နှက်နေသော မျက်ဝန်းဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။

“ကူချင်းယွမ်က ထိုက်ယီအင်မော်တယ်ဂိုဏ်းရဲ့ အသန်မာဆုံး ပါရမီရှင်ပဲ...သူ့မှာ ပစ္စည်းကောင်းတွေ အများကြီးရှိမှာ သေချာတယ်”

ထိုစကားကိုကြားလျှင် လျှိုချင်းယွီသည် အနည်းငယ် မျက်နှာပျက်သွားခဲ့သည်။

“မင်း သူ့ဆီကနေ ဘာမှမယူဖို့ ငါအကြံပေးချင်တယ်”

ထိုက်ယီအင်မော်တယ်ဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်း အင်အားစုများထဲမှ တစ်စု ဖြစ်ပြီး ၎င်း၏ ခွန်အားသည် ခန့်မှန်း၍ မရလောက်အောင် နက်ရှိုင်း၏။

ကူချင်းယွမ်သည် ထိုက်ယီ အင်မော်တယ်ဂိုဏ်းက ဂရုတစိုက်ပျိုးထောင်ထားသော မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင် ဖြစ်ပြီး ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ အနာဂတ် ဆက်ခံသူဖြစ်ရန် အလားအလာ အလွန်ရှိသူ ဖြစ်သည်။

ထို့ကြောင့် ကူချင်းယွမ် ကျဆုံးသွားခြင်းသည် ထိုက်ယီအင်မော်တယ်ဂိုဏ်းကို သေချာပေါက် ဒေါသထွက်စေပေလိမ့်မည်။

အကယ်၍ ချင်းလီသာ ကူချင်းယွမ်၏ ခန္ဓာကိုယ်ပေါ်မှ ပစ္စည်းများကို သွားထိရဲလျှင် ထိုက်ယီ အင်မော်တယ်ဂိုဏ်းသည် လျှို့ဝှက်နည်းစနစ်များကို အသုံးပြု၍ ချင်းလီ၏ နောက်သို့ သေချာပေါက် လိုက်လာလိမ့်မည် ဖြစ်သည်။

ထိုအချိန်သို့ရောက်လျှင် စိမ်းလန်းသောမြစ်ဂိုဏ်း တစ်ခုလုံးသည်ပင် ပျက်စီးသွားမည်ကို စိုးရိမ်ရ၏။

“မင်း ဘာကိုကြောက်နေတာလဲ.. ငါတို့ စိမ်းလန်းသောမြစ်ဂိုဏ်းကလည်း အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာရဲ့ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲက တစ်ဂိုဏ်းပဲ.. ထိုက်ယီအင်မော်တယ်ဂိုဏ်းက ငါတို့ စိမ်းလန်းသောမြစ်ဂိုဏ်းကို တိုက်ခိုက်ရဲမယ်လို့များ ထင်နေလား”

ချင်းလီက နှုတ်ခမ်းကို တွန့်ကွေးကာ မထီမဲ့မြင် ပြုံး၍ ပြောလိုက်သည်။

ထိုက်ယီ အင်မော်တယ်ဂိုဏ်းက အစွမ်းထက်သလို စိမ်းလန်းသောမြစ်ဂိုဏ်းသည်လည်း မည်သူမဆို အလွယ်တကူ နင်းချေနိုင်သည့် အင်အားစု မဟုတ်ပေ။

ထို့အပြင် ကူချင်းယွမ်ကို အမှန်တကယ် သတ်ခဲ့သည့် လူသတ်သမားသည် သူတို့ စိမ်းလန်းသောမြစ်ဂိုဏ်းနှင့် ဘာမှမသက်ဆိုင်ချေ။

ပြဿနာတက်လာလျှင် အလွန်ဆုံး ကျန်းချန်ကို ပုံချလိုက်ရုံသာ ဖြစ်၏။

ထိုစကားကို ပြောပြီးနောက်တွင် ချင်းလီသည် မျက်စိမျက်နှာပျက်နေသော လျှိုချင်းယွီကို ဂရုမစိုက်ဘဲ အလောင်းမှ ပစ္စည်းကို ရှာဖွေရန် ရှေ့သို့ ခြေလှမ်းလိုက်သည်။

လျှိုချင်းယွီက တားမြစ်ရန် ပြင်လိုက်စဥ်မှာပင် ဓားအရှိန်အဝါတစ်ခုသည် ချင်းလီ၏ မျက်နှာဘေးကနေ ဖြတ်သွားခဲ့သည်။

ချင်းလီက ထိတ်လန့်သွားခဲ့ပြီး နောက်သို့ ခြေလှမ်းဆုတ်သွားခဲ့ရ၏။

ထို့နောက် သူက ကျန်းချန် ဆီသို့ ထိတ်လန့်တကြား လှမ်းကြည့်လိုက်သည်။

“ကျန်းချန်.. မင်း ဒါက ဘာသဘောလဲ”

ကျန်းချန်က ချင်းလီကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။

“မင်းရှေ့ကို နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းတာနဲ့ ငါမင်းကို သတ်ပစ်မယ်”

ကျန်းချန်သည် လူသတ်ပြီး အလောင်းများကို ရှာဖွေလေ့ မရှိပေ။

သူက ပစ္စည်းများကို အလွန်ပင် ရွေးချယ်တတ်ပြီး သာမန်ရတနာများကို စိတ်မဝင်စားချေ။

နောက်ထပ် အရေးကြီးသော အကြောင်းအရင်းမှာ မလိုလားအပ်သော ပြဿနာများကို မဖန်တီးလို၍ ဖြစ်၏။

ကူချင်းယွမ်၏ အဆင့်အတန်းအရ အကယ်၍ တစ်စုံတစ်ယောက်က သူ၏ ခန္ဓာကိုယ်ပေါ်မှ ပစ္စည်းကို ယူဆောင်သွားလျှင် ထိုက်ယီအင်မော်တယ်ဂိုဏ်းသည် ထိုသူကို သေချာပေါက် ရှာတွေ့နိုင်လိမ့်မည်ဟု ကျန်းချန် ကောင်းစွာ သိနေခဲ့သည်။

ယခုအခါတွင် သူက အုပ်စိုးသူအဆင့်ကို ထိုးဖောက်နိုင်ခဲ့ပြီ ဖြစ်သော်လည်း ထိုက်ယီအင်မော်တယ်ဂိုဏ်း ကဲ့သို့ အင်အားကြီးမားသော အဖွဲ့အစည်းနှင့် ရင်မဆိုင်လိုသေးပေ။

အကယ်၍သာ လျှိုချင်းယွီ၏ မျက်နှာကို မထောက်ထားလျှင် သူ့အနေဖြင့် ချင်းလီကို သတ်ပစ်လိုက်ပြီ ဖြစ်သည်။

ချင်းလီ၏ အမူအရာက သုန်မှုန်သွားသော်လည်း မဆင်မခြင် မလုပ်ရဲတော့ပေ။

အဘယ်ကြောင့်ဆိုသော် သူသာ ရှေ့သို့ ခြေတစ်လှမ်း ထပ်လှမ်းလိုက်လျှင် ကျန်းချန်သည် သူ့ကို အမှန်တကယ် သတ်ပစ်လိုက်မည်ကို ကောင်းစွာ သိနေသောကြောင့်ပင်။

ချင်းလီက သူ၏ ရည်ရွယ်ချက်ကို လက်လျှော့လိုက်ရသော်လည်း မျက်ဝန်းထဲတွင်မူ ဒေါသရိပ်များ လက်ခနဲ ဖြစ်သွားခဲ့သည်။

စိမ်းလန်းသောမြစ်ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင်တစ်ဦး အနေဖြင့် ချင်းလီသည် အမြဲတစေ အထက်စီးကနေ လူအများကို ဆက်ဆံလာခဲ့သူ ဖြစ်သည်။

ဤကဲ့သို့ အရှက်ခွဲခံရမှုကို ဘယ်သောအခါမှ မခံစားခဲ့ဖူးပေ။

တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဤကိစ္စအတွက် ကျန်းချန်ကို ကြီးလေးသော အဖိုးအခ ပြန်လည် ပေးဆပ်စေမည်ဟု စိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆိုလိုက်သည်။

ချင်းလီကို ကြိမ်းမောင်းပြီးနောက်တွင် ကျန်းချန်၏ အကြည့်သည် သူ၏ ရှေ့မှ ကျောက်စင်မြင့် ပေါ်သို့ နောက်တစ်ကြိမ် ရောက်ရှိသွားခဲ့သည်။

တစ်ခဏမျှ လေ့လာပြီးနောက်တွင် အဆုံးသတ်တွင် သူက ကျောက်စင်မြင့် ဆီသို့ လျှောက်သွားခဲ့သည်။

ထိုအခိုက်အတန့်မှာပင် သူ၏ ပတ်ဝန်းကျင်မြင်ကွင်းသည် ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့၏။

နေရာတိုင်းတွင် အဆုံးမဲ့ သတ်ဖြတ်လိုသော အငွေ့အသက်များ ရှိနေခဲ့ပြီး လျှပ်စီးများ၊ ကောင်းကင်ယံမှ အေးစက်သော လေပြင်းများ၊ ကောင်းကင်မိစ္ဆာများ၏ လှည့်စားမှုများလည်း ရှိနေခဲ့သည်။

သို့ရာတွင် တားမြစ်အစီအရင်က အစွမ်းထက်သော်လည်း တည်ရှိနေသည်မှာ ကြာပြီဖြစ်၍ ကျန်းချန်သည် တားမြစ်အစီအရင်၏ အားနည်းချက်များကို ရှာတွေ့ခဲ့သည်။

ဤသို့ဖြင့် သူက တဖြည်းဖြည်း ကျောက်သားစင်မြင့်၏ အနီးသို့ ရောက်ရှိလာခဲ့သည်။

ထို့နောက်တွင် ကျန်းချန်သည် အဆုံးသတ်၌ အစီအရင်၏ အဓိက အချက်အချာကို ရှာတွေ့သွားခဲ့ပြီး ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။

ထိုအခိုက်အတန့်တွင် ခန်းမဆောင် တစ်ခုလုံးက တုန်ခါသွားခဲ့ပြီး ကျောက်စင်မြင့်ပေါ်ရှိ တားမြစ် အစီအရင်သည် လုံးဝပျောက်ကွယ်သွားခဲ့၏။

ကျန်းချန်က တားမြစ်အစီအရင်ကို ဖျက်ဆီးလိုက်သည့် အချိန်တွင် ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ သူတော်စင်နယ်မြေရှိ ပင်မခန်းမဆောင်ထဲတွင် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ခန်းမ၏ အလယ်ဗဟိုတွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေခဲ့သည်။

ထိုလူ၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ် ဓားအရှိန်အဝါများ ထွက်ပေါ်နေခဲ့ပြီး ထိုလူကို မြင်တွေ့ရသူတိုင်းသည် ဘုံကိုးပါး နတ်ဓားတစ်လက်ကို မြင်တွေ့နေရသကဲ့သို့ ခံစားရမည် ဖြစ်၏။

ထိုသူမှာ အခြားသူမဟုတ်ပေ။

ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ် ဖြစ်သည့် ကူကျန့်ကျွင်း ဖြစ်ပြီး အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာရှိ မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူ အနည်းငယ်ထဲမှ တစ်ဦးလည်း ဖြစ်သည်။

“ဂိုဏ်းချုပ်”

အပြာရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦးသည် ခန်းမအပြင်ဘက်ကနေ လျှောက်ဝင်လာခဲ့ပြီးနောက် ကူကျန့်ကျွင်းကို တရိုတသေ ဂါဝရပြုလိုက်သည်။

အပြာရောင်ဝတ်စုံဝတ် အဘိုးအို၏ အသွင်အပြင်က သာမန်လူတစ်ဦး ကဲ့သို့ ဖြစ်နေသော်လည်း မျက်ဝန်းများကမူ အလွန်ပင် နက်ရှိုင်းပြီး ကြောက်မက်ဖွယ်အရှိန်အဝါကိုလည်း ပိုင်ဆိုင်ထားသည်။

ထိုအဘိုးအို၏ ကျင့်ကြံခြင်းအဆင့်သည် မဟာယာန အလယ်အလတ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

“အကြီးအကဲကျွမ်း...သိပ်မကြာခင်ကပဲ ကူချင်းယွမ်ရဲ့ ဝိညာဥ်ကမ္မည်းတိုင် ရုတ်တရက် ပျက်စီးသွားခဲ့တယ်.. ဒီကိစ္စကို အကြီးအကဲကျွမ်း ကိုယ်တိုင် သွားရောက်စစ်ဆေးပေးပါ”

ကူကျန့်ကျွင်းက အလွန်တရာ အေးစက်သော လေသံဖြင့် ပြောလိုက်သည်။

ကူကျန့်ကျွင်း၏ စကားကိုကြားလျှင် အပြာရောင်ဝတ်စုံဝတ် အဘိုးအိုသည် တုန်လှုပ်သွားခဲ့ပြီး သူ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ကူချင်းယွမ်သည် သူတို့ ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင် ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းအားသည်လည်း သာမန် မဟာယာနအဆင့် ကျင့်ကြံသူများထက် မနိမ့်ကျပေ။

ထို့အပြင် ကူချင်းယွမ်၏ လက်ထဲတွင် အသက်ကယ် ဝှက်ဖဲများစွာ ရှိနေသည် ဖြစ်ရာ အဘယ်ကြောင့် ရုတ်တရက် ကျဆုံးသွားရပါသနည်း။

အခန်း(၂၅၄၇)ပြီး၏။

အခန်း(၂၅၄၈)

“ဂိုဏ်းချုပ်...ကူချင်းယွမ်က ဘယ်လိုလုပ်ပြီး ကျဆုံးနိုင်မှာလဲ ဒါမဖြစ်နိုင်လောက်ဘူးထင်တယ်”

အပြာရောင်ဝတ်စုံဝတ် အဘိုးအိုက မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် မယုံကြည်နိုင်‌သော အမူအရာဖြင့် ပြောလိုက်သည်။

“ငါလည်း တကယ် မဟုတ်ဖို့ မျှော်လင့်မိပေမဲ့ ဒါက အမှန်တရားပဲ”

ကူကျန့်ကျွင်း၏ လေသံက အလွန်အမင်း အေးစက်နေခဲ့သည်။

ကူချင်းယွမ်သည် ထိုက်ယီ အင်မော်တယ်ဂိုဏ်းမှ အရင်းအမြစ် အားလုံးကို အသုံးပြု၍ အစွမ်းကုန် ပြုစုပျိုးထောင်ထားသော အနှိုင်းမဲ့ပါရမီရှင်တစ်ဦး ဖြစ်သည်။

အနာဂတ်တွင် ကူချင်းယွမ်သည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာကို စိုးမိုးနိုင်မည်ဟုပင် ထိုက်ယီ အင်မော်တယ်ဂိုဏ်းက မျှော်လင့်ထားခဲ့သည်။

ဤကဲ့သို့ ပါရမီရှင်တစ်ဦး ကျဆုံးသွားခြင်းသည် ထိုက်ယီ အင်မော်တယ်ဂိုဏ်း အတွက် အလွန်ပင် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်၏။

အပြာရောင်ဝတ်စုံဝတ် အဘိုးအိုက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။

“ဂိုဏ်းချုပ်.. ကူချင်းယွမ်တို့ ဆယ်ယောက်ကို ကျွန်တော်ကိုယ်တိုင် ထျန်းယွိ အမွေအနှစ်နယ်မြေဆီ လိုက်ပို့ပေးခဲ့တာပါ.. သူတို့ အဲဒီအထဲ ဝင်သွားတာကို ကျွန်တော်ကိုယ်တိုင် မြင်တွေ့ခဲ့ရပါတယ်.. တကယ်လို့ သူတို့သာ အဲဒီနေရာမှာ တစ်ခုခုဖြစ်ခဲ့တယ်ဆိုရင် ကျွန်တော်တို့ထဲက ဘယ်သူမှ အဲဒီထဲကို ဝင်လို့ရမှာမဟုတ်ဘူး"

"ကူချင်းယွမ် ဆီမှာ ထိုက်ယီအင်မော်တယ်ဂိုဏ်းရဲ့ ဘိုးဘေးအမွေအနှစ် လက်နက် ဖြစ်တဲ့ ဟင်းလင်းပြင်ဓားမြှောင် ရှိတယ်.. ဒါကြောင့် အသက်အန္တရာယ် ရှိနေရင်တောင် ကူချင်းယွမ်က ဟင်းလင်းပြင်ကို ဆွဲဖြဲပြီး အလွယ်တကူ ထွက်ပြေးနိုင်တယ်.. တစ်စုံတစ်ယောက်က ကူချင်းယွမ်ကို တစ်ချက်တည်းနဲ့ အပြတ်မရှင်းနိုင်သရွေ့ပေါ့”

ကူကျန့်ကျွင်း၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

သူက လေးနက်သော‌ လေသံဖြင့် ပြောလိုက်သည်။

“ငါ့ရဲ့ ခန့်မှန်းချက်အရတော့ ကူချင်းယွမ် ကျဆုံးသွားတဲ့အကြောင်းရင်းက ထျန်းယွိ အမွေအနှစ် နယ်မြေထဲက တားမြစ်အစီအရင်တွေနဲ့ ဘာမှ မသက်ဆိုင်လောက်ဘူး”

ထိုစကားကိုကြားလျှင် အပြာရောင်ဝတ်စုံဝတ် အဘိုးအိုသည် ရုတ်တရက် အံ့အားသင့်သွားခဲ့သည်။

ကူချင်းယွမ်တို့သည် ထျန်းယွိ၏ အမွေအနှစ်နယ်မြေ ထဲတွင် ရှိနေသော်လည်း ၎င်းတို့ ကျဆုံးသွားရသည့် အကြောင်းအရင်းမှာ ထျန်းယွိ အမွေအနှစ်နယ်မြေ၏ တားမြစ်အစီအရင်နှင့် မသက်ဆိုင်ဟု သူတို့ ဂိုဏ်းချုပ်က ဆိုနေခဲ့သည်။

သို့ဆိုလျှင် သူတို့ ထိုက်ယီ အင်မော်တယ်ဂိုဏ်း အပြင် အခြားသော အင်အားစုများမှ လူများသည်လည်း ထျန်းယွိ အမွေအနှစ် နယ်မြေထဲသို့ ဝင်ရောက်သွားကြပါသလော။

ထျန်းယွိသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ နောက်ဆုံး အင်မော်တယ် ဖြစ်သည်။

ထျန်းယွိ၏ အမွေအနှစ်နယ်မြေ သတင်းသည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာတစ်ခုလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေရန် လုံလောက်၏။

ထို့ကြောင့်ပင် ထိုက်ယီ အင်မော်တယ်ဂိုဏ်းသည် ထျန်းယွိအမွေအနှစ် နယ်မြေသော့ကို ရရှိပြီးနောက်တွင် အလွန်အမင်း သတိထားခဲ့ကြသည်။

သူက ကူချင်းယွမ်တို့ ဆယ်ယောက်ကို အမွေအနှစ် နယ်မြေသို့ လိုက်ပို့ခဲ့ပြီးနောက်တွင် ထိုက်ယီအင်မော်တယ်ဂိုဏ်း ဆီသို့ ပြန်လာခဲ့သည်။

မထင်မှတ်ဘဲ လူတချို့သည် ထျန်းယွိ အမွေအနှစ်နယ်မြေကို ရှာဖွေ တွေ့ရှိသွားကြပုံရ၏။

သို့သော်လည်း ထျန်းယွိအမွေအနှစ် နယ်မြေ အတွင်းသို့ မဟာယာနအဆင့် ကျင့်ကြံသူများ လုံးဝ ဝင်ရောက်၍ မရပေ။

ကူချင်းယွမ်၏ ခွန်အားဖြင့်ဆိုလျှင် မဟာယာန အဆင့်‌အောက်တွင် ပြိုင်ဘက်ကင်းဟုပင် ဆို၍ရ၏။

မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူသုံးဦး ထဲတွင် ကူချင်းယွမ်နှင့် အတူ နာမည်ကျော်ကြားသည့် ကျင့်ကြံသူ နှစ်ဦးပင်လျှင် ကူချင်းယွမ်ကို အလွယ်တကူ မသတ်နိုင်ပေ။

သို့ဆိုလျှင် ကူချင်းယွမ်က မည်ကဲ့သို့ ကျဆုံးသွားရပါသနည်း။

“ကျွန်‌တော်သွားပြီး စုံစမ်းကြည့်လိုက်ပ့ါမယ်”

အပြာရောင်ဝတ်စုံဝတ်အဘိုးအိုက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး ကူကျန့်ကျွင်းကို အရိုအသေပေးကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။

ကူကျန့်ကျွင်းက အပြာရောင်ဝတ်စုံဝတ် အဘိုးအို ပျောက်ကွယ်သွားသော နေရာကို ငေးကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ကူချင်းယွမ် ကျဆုံးသွားတာက အရမ်းကို ဆန်းကြယ်လွန်းတယ်.. ကြည့်ရတာ အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာမှာ ကြီးကျယ်တဲ့ ကိစ္စတွေ ဖြစ်ပေါ်လာတော့မယ် ထင်တယ်”

ထိုစကားကို ပြောပြီးနောက်တွင် ကူကျန့်ကျွင်းသည် သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ကာ ဟင်းလင်းပြင်ကို ဖွင့်လှစ်၍ ထွက်ခွာသွားခဲ့သည်။

ခန်းမဆောင်ထဲရှိ ကျန်းချန်သည် တားမြစ် အစီအရင်၏ အဓိက အချက်အချာကို ဓားချက် တစ်ချက်တည်းဖြင့် ဖျက်ဆီးလိုက်ပြီးနောက်တွင် ပတ်ဝန်းကျင်ရှိ တားမြစ်အစီအရင် အားလုံး ပျောက်ကွယ်သွားခဲ့သည်။

ထိုအခါ ခန်းမဆောင်၏ အလယ်ဗဟိုရှိ ကျောက်စင်မြင့်ပေါ်မှ အရာအားလုံးကို ကျန်းချန်သည် ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရ၏။

ကျောက်စင်မြင့်ပေါ်တွင် ရှေးဟောင်း အငွေ့အသက်များ ထွက်ပေါ်နေသည့် ကျောက်စိမ်းသေတ္တာ ကိုးလုံး စီတန်း၍ ရှိနေခဲ့သည်။

ကျောက်စိမ်းသေတ္တာ တစ်လုံးချင်းစီတွင် ထျန်းယွိ ချန်ထားရစ်ခဲ့သော ရတနာများ ပါဝင်နေ၍ ထိုရတနာများသည် သာမန်ရတနာများ မဟုတ်သည်မှာ သေချာနေခဲ့၏။

ကျန်းချန်၏ အကြည့်သည် ဘယ်ဘက်ရှိ ဒုတိယမြောက် ကျောက်စိမ်းသေတ္တာ ပေါ်သို့ ကျရောက်သွားခဲ့သည်။

ထိုကျောက်စိမ်းသေတ္တာထဲကနေ ကျန်းချန်နှင့် အလွန်တရာရင်းနှီးသော အရှိန်အဝါတစ်ခု ခပ်ဖျော့ဖျော့ ထွက်ပေါ်နေခဲ့ပြီး ယင်းသည် သူယခင်က အာရုံခံမိခဲ့သော အင်မော်တယ်ခရစ္စတယ် အပိုင်းအစ ဖြစ်သည်မှာ ထင်ရှားနေခဲ့၏။

ကျောက်စိမ်းသေတ္တာကိုးလုံး အပြင် ကျန်းချန်ကို အံ့အားအသင့်စေဆုံးအရာမှာ ကျောက်စင်မြင့်၏ အလယ်ဗဟိုတွင် တင်ပျဥ်ခွေ၍ ထိုင်နေသော ငှက်မွေးဝတ်စုံကို ဝတ်ဆင်ထားသည့် ကြယ်သရဖူကို ဆောင်းထားသော အဘိုးအို ဖြစ်သည်။

ထိုအဘိုးအိုတွင် မုတ်ဆိတ်ဖြူများရှိပြီး အရေပြားက ကျောက်စိမ်း ကဲ့သို့ ကြည်လင်နေခဲ့သည်။

သူက မျက်လုံးများကို မှိတ်ထားသော်လည်း သူ၏ ရင်ဘတ်က အနည်းငယ် နိမ့်ချည် မြင့်ချည် ဖြစ်ကာ အသက်ရှူနေဆဲ ဖြစ်၏။

သူ၏ နှာခေါင်းပေါက်မှ ထွက်ပေါ်လာသော အဖြူရောင်လေ စီးကြောင်း နှစ်ခုသည် မြွေများကဲ့သို့ ကျုံ့လိုက်၊ဆန့်လိုက် ဖြစ်နေခဲ့၏။

သို့သော်လည်း အဘိုးအို၏ ဦးခေါင်းထိပ်တွင် ကြီးမားသော အပေါက်ကြီး တစ်ခု ရှိနေခဲ့သည်။

ကြည့်ရသည်မှာ အဘိုးအိုသည် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော လက်သီးချက်ဖြင့် အထိုးခံထားရပုံရ၏။

“ဒါ ဒါက ဒဏ္ဍာရီထဲက ထျန်းယွိလား.. သူက ဘာလို့ ဒီမှာ ရှိနေတာလဲ.. အင်မော်တယ်အဖြစ် အင်မော်တယ်လောကကို တက်လှမ်းသွားပြီ မဟုတ်ဘူးလား”

ကျန်းချန် အံ့အားသင့်နေစဥ်မှာပင် လျှိုချင်းယွီ၏ မယုံကြည်နိုင်စွာ ရေရွတ်လိုက်သော လေသံသည် ကျန်းချန်၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။

လျှိုချင်းယွီ၏ ရေရွတ်သံကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်း တစ်ခု လင်းလက်သွားခဲ့သည်။

သူ့ရှေ့မှ အဘိုးအိုသည် ကျောက်စိမ်း ကဲ့သို့ ကြည်လင်သော အသားအရေ ရှိပြီး ခန္ဓာကိုယ် တစ်ခုလုံးမှ ထွက်ပေါ်နေသော အရှိန်အဝါသည် စေ့စေ့ မကြည့်ရဲလောက်အောင်ပင် အားကောင်းနေခဲ့သည်။

ထိုအဘိုးအိုသည် ဒဏ္ဍာရီထဲမှ ထျန်းယွိ အမှန်တကယ်ပင် ဖြစ်နေနိုင်၏။

သို့သော်လည်း ထျန်းယွိသည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ နောက်ဆုံး အင်မော်တယ် ဖြစ်ပြီး အင်မော်တယ်လောကသို့ အင်မော်တယ် အဖြစ် တက်လှမ်းသွားပြီဟု ပြောစမှတ် ရှိကြသည်။

ကြည့်ရသည်မှာ အခြေအနေများသည် ကောလာဟလများကဲ့သို့ ရိုးရှင်းပုံမရပေ။

ထျန်းယွိ၏ ခန္ဓာကိုယ်ကို သူ လေ့လာ ကြည့်ရသလောက် ထိုသူသည် မဟာယာန အဆင့် ကျင့်ကြံသူထက် အမှန်တကယ်ပင် သာလွန်နေခဲ့သည်။

သို့သော်လည်း အဆုံးသတ်တွင် ဤလူသည် အင်မော်တယ်အဖြစ် အဆင့်မတက်နိုင်ခဲ့ဘဲ ကျဆုံးသွားခဲ့သည်မှာ အမှန်တကယ်ပင် မယုံကြည်နိုင်စရာ ကောင်းနေခဲ့၏။

သို့သော်လည်း ထျန်းယွိကို အင်မော်တယ် အဆင့်သို့ ခြေတစ်ဖက် လှမ်းထားသူဟု သတ်မှတ်နိုင်သည်။

ထျန်းယွိ၏ ခွန်အားဖြင့် ဆိုလျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ အတွင်း၌ သေချာပေါက် ပြိုင်ဘက်ကင်းသည်ဟု ဆို၍ ရသည်။

သို့ဆိုလျှင် အင်မော်တယ် အဆင့်နှင့် အလွန်တရာ နီးစပ်သော ထျန်းယွိကို မည်သူက သတ်ဖြတ်ခဲ့ပါသနည်း။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။

ထျန်းယွိသည် အင်မော်တယ်အဆင့်သို့ တက်လှမ်းရန် ကြိုးစားနေစဥ်မှာပင် ကြောက်မက်ဖွယ် ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့သည်မှာ သေချာသလောက်ပင်။

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး လျှိုချင်းယွီကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

“ခေါင်းဆောင်လျှို.. ငါတို့ သဘောတူညီထားချက်အရ ဒီမှာရှိတဲ့ ရတနာတွေထဲက တစ်ခုကို ငါရွေးချယ်ပါရစေ”

“မိတ်ဆွေလေးကျန်းချန်.. ဒီတစ်ခေါက်ခရီးစဥ်မှာ ငါတို့‌တွေ မင်းကိုပဲ အားကိုးခဲ့ရတယ်.. ငါ့အမြင်တော့ ဒီမှာရှိတဲ့ ရတနာတွေ အားလုံးကို အညီအမျှ ခွဲဝေတာပဲ သင့်တော်မယ်လို့ ထင်တယ်”

လျှိုချင်းယွီက အလျင်အမြန်ပင် ပြောလိုက်သည်။

ဆိုရလျှင် ဤတစ်ခေါက် ခရီးစဥ်တွင် ကျန်းချန်သာ မပါဝင်ခဲ့လျှင် သူတို့အနေဖြင့် အသက်ရှင်လျက်ပင် ပြန်ထွက်နိုင်မည် မဟုတ်ပေ။

ထျန်းယွိ ချန်ထားရစ်ခဲ့သော အမွေအနှစ် ရတနာများကို ရရှိရန်မှာမူ လုံးဝကို မဖြစ်နိုင်ချေ။

ထို့အပြင် ကျန်းချန်၏ ကြောက်မက်ဖွယ်ရာကောင်းသော ခွန်အားဖြင့် ဆိုလျှင် သူတို့အားလုံးကို သတ်ပြီး ရတနာအားလုံးကို တစ်ယောက်တည်း ယူသွားလျှင်ပင် မည်သူမှ တားဆီးနိုင်မည် မဟုတ်ပေ။

ဤအခိုက်အတန့်တွင် လျှိုချင်းယွီ အနေဖြင့် မူလ သဘောတူညီချက်အတိုင်း မည်ကဲ့သို့ လုပ်ဆောင်ဝံ့ပါမည်နည်း။

“အရင်ဆုံး သေတ္တာထဲက ပစ္စည်းတွေကို ကြည့်ကြတာပေါ့”

ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်၏ အကြည့်သည် ဘယ်ဘက်ရှိ ပထမဆုံးသေတ္တာ ပေါ်သို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။

သေတ္တာထဲတွင် တစ်စုံတစ်ရာ အမှားအယွင်းမရှိကြောင်း အကြိမ်ကြိမ် အတည်ပြုပြီးနောက်တွင် သူက လက်တစ်ဖက်ကို ဆန့်ထုတ်ကာ သေတ္တာကို ဖွင့်လိုက်သည်။

ပထမဆုံးသေတ္တာ ထဲတွင် ကောင်းကင်လျှို့ဝှက်ကျင့်စဥ် ဟုခေါ်သည့် အင်မော်တယ်ကျင့်စဥ် တစ်ခု ရှိနေခဲ့သည်။

“ဒါက ထျန်းယွိ ကျင့်ကြံတဲ့ ကျင့်စဥ်ပဲ ဖြစ်ရမယ်.. ခေါင်းဆောင်လျှိုပဲ ယူထားလိုက်ပါ”

ကျန်းချန်က သေတ္တာထဲမှ ပစ္စည်းကို စစ်ဆေးပြီးနောက်တွင် သေတ္တာကို ပြန်ပိတ်ကာ လျှိုချင်းယွီထံ ပစ်ပေးလိုက်သည်။

လျှိုချင်းယွီက သေတ္တာကို ဖမ်းယူ၍ ဖွင့်ကြည့်လိုက်သည်။

သေတ္တာထဲမှ ပစ္စည်းကို မြင်လိုက်ရလျှင် လျှိုချင်းယွီသည် လုံးဝကို မှင်တက်သွားခဲ့၏။

အခန်း(၂၅၄၈)ပြီး၏။

All Chapters