← Chapters

အခန်း (၁၅၂၅-၁၅၂၆)

Vol. 153 Ch. 1525-1526

အခန်း (၁၅၂၅-၁၅၂၆)

Vol. 153 Ch. 1525-1526

အခန်း (၁၅၂၅) - စိတ်ဝိညာဥ်တောင်

အဘိုးကြီးရှန့်၏ အကြည့်သည် ရှန့်ဝူထံသို့ ချက်ချင်း ကျရောက်သွားသော်လည်း သူ ဘာမှမပြောဘဲ တိတ်ဆိတ်နေလိုက်သည်။

ယခုတစ်ခေါက် ရှန့်ဝူနှင့် ဖန့်ရှောင်ထျန်းတို့ ရှေ့ဆက်နိုင်မလား ဆိုသည်မှာ သူတို့ကိုယ်တိုင်အပေါ်တွင်သာ မူတည်ပေလိမ့်မည်။

သူသည် ဖန့်ချန်နှင့် ထိတွေ့ဆက်ဆံခဲ့သည့် အချိန်တိုအတွင်းမှာပင် ဤဖန့်ညီလေးသည် မိမိသဘောဆန္ဒအတိုင်း တစ်ဦးတည်း ဆုံးဖြတ်တတ်သူမျိုးမဟုတ်ကြောင်း ရိပ်မိထားခဲ့သည်။

"ရှောင်ဝူညီမလေး..."

ဖန့်ရှောင်ထျန်း၏ မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။

ဖန့်ချန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရှန့်ဝူကို အထက်အောက် အကဲခတ်ကာ ရုတ်တရက် ပြုံး၍ ဆိုလိုက်သည်။

"ရှောင်ထျန်း သွားရမယ့်နေရာက ဒီကနေ အလွန်အမင်း ဝေးကွာပါတယ်။ ငါတို့တွေ နှစ်ပေါင်း ရာနဲ့ချီ၊ ထောင်နဲ့ချီတဲ့အထိ ဒီကို ပြန်မလာဖြစ်ဖို့ များတယ်"

"ဒီလောက်တောင် ဝေးတာလား... နှစ်ပေါင်း ရာနဲ့ချီ ထောင်နဲ့ချီ သွားရမှာလား..."

ရှန့်ဝူက တိုးတိုးလေး ရေရွတ်ရင်း မျက်နှာတွင် အတင်းအကြပ် ပြုံးလိုက်ရရှာသည်။

"ဒါဆိုရင်လည်း... ရှောင်ထျန်းအစ်ကို နောင်ကျရင် ရှောင်ဝူဆီကို ပြန်လာကြည့်ဖို့ မှတ်ထားပေးပါဦးနော်၊ အကယ်၍ ရှောင်ဝူသာ အဲ့ဒီလောက်အထိ အသက်ရှည်နေဦးမယ်ဆိုရင်ပေါ့..."

"အစ်ကိုကြီး... ရှောင်ဝူညီမလေးကိုပါ တစ်ခါတည်း ခေါ်သွားလို့ မရဘူးလားဟင်"

ဖန့်ရှောင်ပန်းက ဖန့်ချန်၏ လက်မောင်းကို ကလေးတစ်ယောက်လို ဆွဲခါရင်း ပူဆာလိုက်သည်။

"အတူတူ ခေါ်မသွားရဘူးလို့ ငါ မပြောမိပါဘူး၊ ငါ ပြောတာက တစ်ခါသွားရင် အကြာကြီးမှ ပြန်လာရမယ်လို့ပဲ ပြောတာပါ"

ဖန့်ချန်က ရယ်မောလျက် ဆိုလိုက်သည်။

ဖန့်ရှောင်ထျန်းနှင့် ဖန့်ရှောင်ပန်းတို့၏ မျက်ဝန်းများမှာ ချက်ချင်းပင် အရောင်တောက်ပသွားကြသည်။

အဘိုးကြီးရှန့်လည်း စိတ်လှုပ်ရှားသွားပြီး ရှန့်ဝူကို ချက်ချင်း ကြည့်လိုက်သည်။

ရှန့်ဝူတစ်ယောက်သာ အခြေအနေကို မရိပ်မိသေးဘဲ ရှိနေရာမှ ရှောင်ပန်း၏ အသည်းအသန် အချက်ပြနေသည့် မျက်နှာထားကို မြင်မှသာ ရုတ်တရက် သဘောပေါက်သွားပြီး ဝမ်းသာအားရ မေးလိုက်သည်။

"ကျွန်မလည်း အတူတူ လိုက်သွားလို့ ရတာလားဟင်"

"မင်းက ရှောင်ထျန်းနောက်ကို လိုက်ချင်တယ်ဆိုရင်တော့ လူတစ်ယောက် ပိုတာက ဘာမှ အရေးမကြီးပါဘူး"

ဖန့်ချန်က ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။

"အစ်ကိုကြီး... ရှောင်ဝူညီမလေးက ကျွန်တော်တို့အတွက် ဒုက္ခမပေးစေရပါဘူး၊ ကျွန်တော် သေချာ စောင့်ရှောက်ပါ့မယ်"

ဖန့်ရှောင်ထျန်းက ရင်ဘတ်ကို ပုတ်ကာ ချက်ချင်း အာမခံလိုက်သည်။

"မင်း မစောင့်ရှောက်ရင်တောင် အဘိုးကြီးရှန့်က စောင့်ရှောက်မှာပါ၊ ဒါက သူ့ရဲ့ သွေးသားရင်းချာပဲဥစ္စာ"

ဖန့်ချန်က စနောက်လိုက်သည်။

"ဖန့်အမာခံတပည့်ကြီး... ကလေးချင်း ကိစ္စကတော့ ကျုပ်တို့ လူကြီးတွေက လမ်းညွှန်ပေးရုံပါပဲ၊ နောင်ကျရင် သူမမှာ ဘယ်လို ကံတရားတွေ ရှိမလဲဆိုတာကတော့ သူမကိုယ်တိုင်အပေါ်မှာပဲ မူတည်ပါတယ်"

အဘိုးကြီးရှန့်က ပြုံးလျက် ဆိုသည်။

ကျိကန်းသည် အဘိုးကြီးရှန့်က ဖန့်ချန်ကို ဖန့်အမာခံတပည့် ဟု ပြောင်းလဲခေါ်ဝေါ်လိုက်သည်ကို ကြားသောအခါ မသိမသာ ခေါင်းညိတ်လိုက်မိသည်။

အခြေအနေကို နားလည်တတ်သားပဲ။

နာရီဝက်ခန့်အကြာတွင် နဂါးနက်လှေကြီးသည် ပြန်လည် စတင်ထွက်ခွာလာခဲ့သည်။

လင်းယွမ်နှင့် အခြားသူများသည် ဖန့်ချန်က လူအချို့ကို မသေမျိုးလှေပေါ်သို့ ခေါ်ဆောင်လာသည်ကို မြင်သော်လည်း စိတ်ထဲမှသာ ခန့်မှန်းနေကြပြီး မည်သူမျှ စပ်စုခြင်း မပြုရဲကြပေ။

"ငါတို့တွေ အမြင့်ကြီးကို ပျံတက်နေပြီ"

ဖန့်ရှောင်ပန်းနှင့် ရှန့်ဝူတို့မှာ အလွန်ပင် စိတ်လှုပ်ရှားနေကြသည်။

တန့်လင်ခုန့်မှာမူ ဟွမ်ဝူကျိထံမှ ထွက်ပေါ်နေသော လူစိမ်းမကပ်ရဲသည့် အငွေ့အသက်ကြောင့် အနည်းငယ် ကြောက်ရွံ့နေမိသဖြင့် ဖန့်ရှောင်ထျန်းနှင့်အတူ ကပ်ရပ်နေလိုက်သည်။

သူတို့နှစ်ဦးသည် မသေမျိုးလှေကြီး ကောင်းကင်ယံကို ဖောက်ထွက်သွားသည်ကို ကြည့်ရင်း မျက်ဝန်းများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေတော့သည်။

စက္ကန့်ပိုင်းအတွင်းမှာပင် နဂါးနက်လှေကြီးသည် ချင်းမင် အာကာသထဲသို့ ရောက်ရှိသွားသည်။

အာကာသထဲတွင် တိတ်ဆိတ်စွာ ရပ်နားထားသော မသေမျိုးလှေပေါင်း သိန်းနှင့်ချီကို မြင်လိုက်ရသောအခါ ဖန့်ရှောင်ထျန်းတို့တစ်သိုက်မှာ အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့သည်။

အဘိုးကြီးရှန့်မှာလည်း သွေးတိုးတက်လာပြီး ရင်ထဲတွင် လှိုင်းတံပိုးများ ပုတ်ခတ်သွားသကဲ့သို့ ခံစားလိုက်ရကာ ထိုလှေကြီးများကို ငေးကြည့်နေမိသည်။

ထိုလှေကြီးများပေါ်မှနေ၍ မသေမျိုးပေါင်းများစွာ၏ အငွေ့အသက်များကို သူ ခံစားနေရသည်။

အဆင့် ၁၊ အဆင့် ၂၊ အဆင့် ၃၊ အဆင့် ၄၊ အဆင့် ၅၊ အဆင့် ၆...

"အဆင့် ၆ တွေရော အဆင့် ၅ တွေရော... အများကြီးပဲ..."

အဘိုးကြီးရှန့်မှာ အသက်ကို ပြင်းပြင်းရှူလိုက်မိပြီး ထိတ်လန့်လွန်းသဖြင့် စကားပင် မဆိုနိုင်တော့ပေ။

ချန်အင်းရွှယ်နှင့် အခြားသူများသည်လည်း နဂါးနက်လှေပေါ်တွင် လူသစ်အချို့ ပါလာသည်ကို သတိပြုမိကြသော်လည်း သိပ်ပြီး အာရုံမစိုက်ကြပေ။

ဖန့်ချန်၏ ယခုလက်ရှိ အဆင့်အတန်းနှင့်ဆိုလျှင် ခွေးတစ်ကောင်ကို ရှေ့ပြေးတပ်ဖွဲ့ထဲ ခေါ်လာရင်တောင် ဘယ်သူမှ ကန့်ကွက်မှာမဟုတ်ပေ။

တစ်ခါတည်း လူရာနှင့်ချီ၊ ထောင်နှင့်ချီ ခေါ်မလာသရွေ့ အကြီးအကဲများအဖွဲ့ က မျက်စိတစ်ဖက် ပိတ်ပေးထားမည်သာ ဖြစ်သည်။

"တိုက်ပွဲတစ်ရာမသေမျိုး...ကျွေ့ယွမ်ကြယ်က အဆင့် ၆ မသေမျိုးဆီ သွားပြီး ဒီက စည်းမျဉ်းတွေကို ပြောပြလိုက်ဦး"

ရှဲ့အာမန်က လက်ကို နောက်ပစ်ရပ်နေရင်း အေးဆေးစွာ ပြုံးလျက် ဆိုလိုက်သည်။

"ဟုတ်ကဲ့ပါ"

တိုက်ပွဲတစ်ရာမသေမျိုး က ခေါင်းညိတ်လိုက်ပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ဖန့်ချန်တို့ရှိရာ နဂါးနက်လှေပေါ်သို့ ဆင်းသက်လိုက်သည်။

"စီနီယာ"

ဖန့်ချန်က လက်အုပ်ချီ ဂါရဝပြုလိုက်သည်။ ကျိကန်းလည်း ရှေ့တိုးကာ နှုတ်ဆက်လိုက်သည်။

"ဖန့်အမာခံတပည့်... အားနာနေဖို့ မလိုပါဘူး၊ စီနီယာအစ်မကြီးက ကျွန်တော့်ကို လွှတ်လိုက်လို့ပါ"

တိုက်ပွဲတစ်ရာမသေမျိုးက ပြုံးလျက် အဘိုးကြီးရှန့်ကို ကြည့်ကာ ဆိုသည်။

"မိတ်ဆွေ... ဖန့်အမာခံတပည့်က မင်းကို သူ့ရဲ့ နယ်မြေကိုးခု ရှေ့ပြေးတပ်ဖွဲ့ထဲ ဝင်ခွင့်ပေးလိုက်ပြီဆိုတော့ နောင်ကျရင် မင်းဟာ ကျွယ်မင်နန်းတော်ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်သွားပြီ၊ ကျွယ်မင်ကျင့်ကြံသူတစ်ဦးအဖြစ် သတ်မှတ်ခံရမယ်"

"ဒီကျောက်စိမ်းပြား ထဲမှာ ကျွယ်မင်နန်းတော်ရဲ့ စည်းမျဉ်းအချို့ ရှိတယ်၊ ပထမဆုံး စည်းမျဉ်းကိုတော့ အသေအချာ မှတ်ထားပါ"

သူက အဘိုးကြီးရှန့်ထံသို့ ကျောက်စိမ်းပြားတစ်ခု ပစ်ပေးလိုက်သည်။

အဘိုးကြီးရှန့်က မသိစိတ်ဖြင့် ကြည့်လိုက်ရာ ပထမဆုံး စည်းမျဉ်းမှာ....

"ကျွယ်မင်နန်းတော်နှင့် မိမိ၏ အမာခံတပည့်ကို ဘယ်သောအခါမှ သစ္စာမဖောက်ရ"

"ဖန့်အမာခံတပည့်... ကျွန်တော် ပြန်လိုက်ပါဦးမယ်"

တိုက်ပွဲတစ်ရာမသေမျိုးက ဖန့်ချန်ကို ပြုံးပြပြီး ကျိကန်းကို ခေါင်းညိတ်ပြကာ အလင်းတန်းတစ်ခုအဖြစ် ပြန်လည် ထွက်ခွာသွားသည်။

အဘိုးကြီးရှန့်က ကျောက်စိမ်းပြားထဲက အချက်အလက်များကို ဖတ်ပြီးနောက် တိုက်ပွဲတစ်ရာမသေမျိုး၏ ကျောပြင်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

"ဒီမိတ်ဆွေရဲ့ ကျင့်ကြံမှုက ငါ့ရဲ့ အစ်ကိုကြီးထက်တောင် အဆပေါင်းများစွာ ပိုပြီး စင်ကြယ်နေတာပဲ။ အဆင့် ၆ မသေမျိုးချင်း အတူတူတောင် ကွာခြားချက်က ကြီးမားလှပါလား..."

သူသည် ခုနက တိုက်ပွဲတစ်ရာမသေမျိုးထံမှ အလွန်ကြီးမားပြီး စင်ကြယ်လှသော မသေမျိုးစွမ်းအား များကို ခံစားလိုက်ရသည်။

ဤကဲ့သို့သော အဆင့် ၆ မသေမျိုးမျိုးကို ကျွေ့ယွမ်ကြယ်ပေါ်မှာ တစ်ယောက်မှ ရှာတွေ့နိုင်မည်မဟုတ်ပေ။

ဤပုဂ္ဂိုလ်တစ်ယောက်တည်းနှင့်တင် တာ့ရှန့်အင်ပါယာအပါအဝင် ဂြိုဟ်ပေါ်က အင်အားစုအားလုံးကို အမြစ်ပြတ်အောင် ချေမှုန်းနိုင်စွမ်း ရှိပေသည်။

ယခုမှပင် သူသည် ကျွယ်မင်နန်းတော်၏ နောက်ခံအင်အားကို တကယ့်လက်တွေ့ ခံစားလိုက်ရတော့သည်။

"တိုက်ပွဲတစ်ရာမိတ်ဆွေက အဆင့် ၆ မှာ နေခဲ့တာ အလွန်ကြာနေပါပြီ၊ သူ့ရဲ့ အခြေခံက အပြည့်အဝ ပြည့်စုံနေပြီ။ ကျွန်တော် ကြားတာတော့ သူက အဆင့် ၇ မသေမျိုးဆေးတောင် ပြင်ဆင်ပြီးပြီတဲ့၊ မသေမျိုးစာရင်းဝင်ခွင့် တစ်ခုပဲ လိုတော့တာ"

ကျိကန်းက ပြုံးလျက် သက်ပြင်းချကာ ဆိုသည်

"ကျွယ်မင်နန်းတော်ရဲ့ နောက်ဆုံးရတဲ့ မသေမျိုးစာရင်းဝင်ခွင့်က ကျွန်တော့်ဆရာ လက်ထဲ ရောက်သွားတာဆိုတော့၊ အဲဒီမိတ်ဆွေကတော့ နောက်ထပ် နှစ်အနည်းငယ် ထပ်စောင့်ရဦးမှာပဲ"

ဆရာ

အဘိုးကြီးရှန့် အံ့ဩသွားသည်။

ကျိကန်းတွင် ရှေးဟောင်းမသေမျိုး ဆရာတစ်ဦး ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"တိုက်ပွဲတစ်ရာမသေမျိုးမိတ်ဆွေလို ပုဂ္ဂိုလ်မျိုးတောင် မသေမျိုးစာရင်းဝင်ခွင့်ကို ခါးသီးစွာ စောင့်နေရတာဆိုရင်၊ ငါလို လူမျိုးကတော့..."

အဘိုးကြီးရှန့်၏ စိတ်ဓာတ်မှာ အနည်းငယ် ကျဆင်းသွားသည်။

"ထွက်ခွာမယ်"

ရှဲ့အာမန်၏ အသံသည် လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။

ကျိကန်းက ပြုံးလိုက်ပြီး အဘိုးကြီးရှန့်ကို ပြောလိုက်သည်။

"ရှန့်မိတ်ဆွေ... ကျွန်တော်တို့ အလုပ်စရတော့မယ်"

သူသည် အဘိုးကြီးရှန့်ကို အလုပ်နေရာ သို့ ခေါ်သွားပြီး မသေမျိုးစွမ်းအားများ စတင် ထည့်သွင်းလိုက်သည်။

အဘိုးကြီးရှန့်ကလည်း သူ့အတိုင်း လိုက်လုပ်ရသည်။

ချက်ချင်းဆိုသလိုပင် မသေမျိုးလှေပေါင်းများစွာ စုစည်းလာပြီး နဂါးနက်အစီရင်ကြီးအဖြစ် ပြောင်းလဲသွားသည်။

လှေပေါင်းများစွာ၏ အလင်းတန်းများ တစ်ပြိုင်နက်တည်း ပွင့်လာပြီး အာကာသထဲတွင် အလွန်မြန်သော နှုန်းဖြင့် ခရီးနှင်ကြသောအခါ အဘိုးကြီးရှန့်၏ မျက်နှာတွင် အံ့ဩတုန်လှုပ်မှုကို ဖုံးကွယ်ထား၍ မရတော့ပေ။

ဖန့်မောင်နှမ၊ ရှန့်ဝူနှင့် တန့်လင်ခုန့်တို့မှာလည်း ဤမြင်ကွင်းကြောင့် မှင်တက်နေကြသည်။

သူတို့သည် ယခင်က ထိုလောကတွင် ဤကဲ့သို့သော နည်းလမ်းမျိုး ရှိလိမ့်မည်ဟု လုံးဝ စိတ်မကူးခဲ့ဖူးပေ။

"ဒါဟာ အမာခံတပည့်ရဲ့ စွမ်းအားပဲကိုး..."

အဘိုးကြီးရှန့်၏ အကြည့်သည် ကြယ်မြေပုံ ရှေ့တွင် ရပ်နေရင်း လမ်းကြောင်းများကို စစ်ဆေးနေသော ဖန့်ချန်ထံသို့ ကျရောက်သွားရာ ရင်ထဲတွင် လေးစားကြောက်ရွံ့မှုများ ပိုမို တိုးပွားလာခဲ့သည်။

ယခု မြင်တွေ့နေရသော နည်းလမ်းများသည်ပင် သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီ ဖြစ်ကြောင်း သူ သဘောပေါက်သွားသည်။

အဆင့် ၆ မသေမျိုး တစ်ဦးအနေဖြင့် သူသည် နဂါးနက်အစီရင်ကြီး တစ်ခုလုံး တစ်သားတည်း ဖြစ်သွားသည်ကို ခံစားနေရသည်။

၎င်း၏ အရှင်သခင်ဖြစ်သော ထိုဖန့်အမာခံတပည့်သည် စိတ်ကူးလိုက်ရုံဖြင့် ကျင့်ကြံသူပေါင်းများစွာ ချိတ်ဆက်ထားသော ထိုအရာကြီးမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ထုတ်လွှတ်နိုင်မည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင်...

ဝေးကွာလှသော ကြယ်တာရာ ကောင်းကင်ယံရှိ မည်သည့် ထိပ်တန်းအင်အားစုမှ မပိုင်ဆိုင်သော နယ်မြေတစ်ခုတွင် ပုံရိပ်နှစ်ခု ပေါ်လာသည်။

"စီနီယာ... ခင်ဗျားရဲ့ နည်းလမ်းတွေက တကယ်ကို နတ်ဘုရားဆန်လွန်းတယ်ဗျာ"

ဝမ်ချုံစန်းက သက်ပြင်းချလျက် ဆိုသည်။

ဤမျှတိုတောင်းသော အချိန်အတွင်းမှာပင် မသေမျိုးလှေအစီရင်ပင် မလိုဘဲ သူသည် စိတ်ဝိညာဥ်တောင် နယ်မြေသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ယွမ်ချွဲတာအိုဆရာက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"မြှောက်ပင့်မနေနဲ့၊ ငါက တရားထိုင်စင်မြင့် ကို သွားမှာ၊ မြန်မြန် လမ်းပြစမ်း"

"အိုကေလေ"

ဝမ်ချုံစန်းက ပြတ်သားစွာ ပြန်ပြောလိုက်သည်။

အခန်း (၁၅၂၆) - ငါမသွားဘူး

"အရင်တုန်းကတော့ မင်းတို့ရဲ့ ဒီစိတ်ဝိညာဉ်ကြယ်တာရာဟာ အတော်လေး စည်ကားစည်ပင်ခဲ့တာ၊ အခုကြည့်ရတာတော့ တကယ်ကိုပဲ အိုမင်းယိုယွင်းနေပြီပဲ"

ယွမ်ချွဲတာအိုဆရာသည် ဝမ်ချုံစန်း၏ နောက်မှ လိုက်ပါလာရင်း အောက်ဘက်ရှိ မြင်ကွင်းကို ဝေ့ဝဲကြည့်ကာ မရည်ရွယ်ဘဲ ရယ်မော၍ ဆိုလိုက်သည်။

"ဟုတ်ပါရဲ့ဗျာ၊ ဒါကြောင့်လည်း တရားထိုင်စင်မြင့်က သူတစ်ပါးလက်ချက်နဲ့ ပျက်စီးသွားရတာပေါ့"

ဝမ်ချုံစန်းက ပြန်ပြောသည်။

"ငါ့ကို လာပြီး လိမ်ဖို့မကြိုးစားနဲ့၊ ပျက်စီးတာ ဟုတ်မဟုတ်ဆိုတာ ငါ့မျက်စိနဲ့ကိုယ်တိုင် မြင်ရမှ ယုံမယ်"

ယွမ်ချွဲတာအိုဆရာက တိုက်တွန်းနှိုးဆော်လိုက်သည်။

"ဘယ်လောက်ဝေးသေးလဲ တရားထိုင်စင်မြင့် တစ်ခုတည်းကိုပဲ မင်းတို့က ဖုံးဖုံးဖိဖိနဲ့ ဝှက်ထားချင်နေကြတာလား၊ ပွင့်ပွင့်လင်းလင်း မရှိကြဘူးလား"

"ရောက်တော့မှာပါ၊ စီနီယာ မလောပါနဲ့ဦး"

ဝမ်ချုံစန်းသည် ယွမ်ချွဲတာအိုဆရာကို ခေါ်ဆောင်ကာ စိတ်ဝိညာဉ်တောင်အတွင်းသို့ ဝင်ရောက်လာပြီးနောက် တောင်ပေါ်ရှိ တပည့်များနှင့် စကားမပြောတော့ဘဲ စိတ်ဝိညာဉ်တောင်၏ အနက်ရှိုင်းဆုံးနေရာသို့ တိုက်ရိုက် ခေါ်သွားလေသည်။

သူသည် တားမြစ်ချက် အစီရင်များကို တစ်ထပ်ပြီး တစ်ထပ် ဖွင့်လှစ်လိုက်သည်။ နောက်ဆုံး အလွှာကို ဖွင့်လိုက်သောအခါ ပျက်စီးယိုယွင်းနေသော မြင်ကွင်းတစ်ခုက မျက်စိရှေ့သို့ ရောက်ရှိလာတော့သည်။

ဒါဟာ ဘယ်မှာ တရားထိုင်စင်မြင့် ဖြစ်မလဲ၊ သာမန် အပျက်အစီးပုံကြီး တစ်ခုသာ ဖြစ်နေတော့သည်။

ယွမ်ချွဲတာအိုဆရာ၏ မျက်နှာမှာ အတော်လေး ကြည့်မကောင်း ဖြစ်သွားသည်။ အကယ်၍ သူသာ ဤနေရာ၌ တရားထိုင်စင်မြင့်၏ အငွေ့အသက် အနည်းငယ်ကို မရရှိခဲ့ပါက ဝမ်ချုံစန်းသည် သူ့ကို အရူးလုပ်ရန် တခြားတစ်နေရာသို့ တမင်တကာ ခေါ်လာသည်ဟုပင် ထင်မိပေလိမ့်မည်။

"ဒါ တကယ်ပဲ မင်းတို့ စိတ်ဝိညာဉ်တောင်ရဲ့ တရားထိုင်စင်မြင့်လား "

ယွမ်ချွဲတာအိုဆရာက မျက်လုံးကို မှေးကြည့်ကာ မေးလိုက်သည်။

"မြေကြီးပေါ်က မြက်ပင်တွေ သက်သေပါပဲ၊ အဲ့ဒီတုန်းက စိတ်ဝိညာဉ်တောင်ရဲ့ တည်ထောင်သူ အဘိုးအရှင်ဟာ ဒီနေရာမှာပဲ တရားထူးရခဲ့ပြီး မသေမျိုးလမ်းစဉ် ၄ မျိုးစလုံးကို နားလည်သဘောပေါက်ခဲ့တာပါ"

ဝမ်ချုံစန်းက ခေါင်းညိတ်ပြလိုက်သည်။

"ဒီကိစ္စကို ငါကြားဖူးပါတယ်၊ ဒါပေမဲ့ အမှန်လား အမှားလားဆိုတာကတော့ အချိန်တွေ အရမ်းကြာသွားပြီဆိုတော့ သက်သေပြဖို့ ခက်ခဲသွားပြီ။ အဲ့ဒါက လူသားမသေမျိုး ၊ မြေကမ္ဘာမသေမျိုး ၊ ကောင်းကင်မသေမျိုး နဲ့ တာလော့မသေမျိုး လို့ ထင်တယ်၊ ဟုတ်တယ်မလား "

ယွမ်ချွဲတာအိုဆရာက အေးဆေးစွာ ဆိုသည်။

"မှန်ပါတယ်"

ဝမ်ချုံစန်း၏ မျက်ဝန်းများတွင် လွမ်းဆွတ်တမ်းတမှုများ ပေါ်လာသည်။

"မင်းအဖေက မင်းအတွက် ဒီမသေမျိုးလမ်းစဉ် ၄ မျိုးကို ချန်မထားပေးခဲ့ဘူးလား "

ယွမ်ချွဲတာအိုဆရာက မေးလိုက်သည်။

"စီနီယာရဲ့ စကားက ဘာကို ဆိုလိုတာလဲ "

ဝမ်ချုံစန်းက အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားသည်။

"ဟန်မဆောင်စမ်းနဲ့၊ မင်းအဖေရဲ့ ဝါရင့်မှုက ငါ့ထက်တောင် အနည်းငယ် ပိုကြီးသေးတယ်။ အဲ့ဒါကြောင့်သာ မင်းဟာ ဒီနေ့ဒီအချိန်အထိ ငါ့ရှေ့မှာ ရပ်နေနိုင်တာပေါ့"

ယွမ်ချွဲတာအိုဆရာက အေးဆေးစွာ ဆက်ပြောသည်။

"ဒီနှစ်တွေအတွင်းမှာ မင်းဟာ အကြိမ်ပေါင်းများစွာ ပြန်လည်ဝင်စားခဲ့မယ်လို့ ငါခန့်မှန်းတယ်၊ ဒါပေမဲ့ စိတ်ဝိညာဉ်တောင်ရဲ့ အနှစ်သာရတွေကတော့ မင်းအပေါ်မှာပဲ ကျရောက်နေမှာ သေချာပါတယ်"

ဝမ်ချုံစန်းသည် စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီးနောက် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။

"ဟုတ်သလိုလိုနဲ့ မဟုတ်ဘူးလို့ပဲ ပြောရမှာပါ"

သူက ခေတ္တရပ်ပြီး

"ကျွန်တော် အဲ့ဒီ ပြည့်စုံတဲ့ မသေမျိုးလမ်းစဉ်တွေကို သိတာတော့ အမှန်ပါ၊ ဒါပေမဲ့ အခုအချိန်မှာ ဒီလမ်းစဉ် ၄ ခုစလုံးမှာ အဆင့် ၉ မသေမျိုးတွေ ရှိနေကြပြီဆိုတော့ စီနီယာ မေးနေလည်း ဘာမှ အဓိပ္ပာယ်မရှိပါဘူး"

"အင်းလေ... မေးနေလည်း ဘာမှ အဓိပ္ပာယ်မရှိဘူးပဲ"

ယွမ်ချွဲတာအိုဆရာက ရုတ်တရက် သက်ပြင်းချလိုက်ပြီးနောက် ရှေ့က အပျက်အစီးပုံကို ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်သည်။

"ထွက်သွားတာပဲ ကောင်းတယ်"

ခဏချင်းမှာပင် သူသည် အရိပ်အယောင်မကျန် ပျောက်ကွယ်သွားတော့သည်။

ဝမ်ချုံစန်းသည် ထိုမြင်ကွင်းကို မြင်သောအခါမှ သက်ပြင်းချနိုင်တော့သည်။

သူသည် ရှုပ်ထွေးသော မျက်နှာထားဖြင့် ရှေ့က အပျက်အစီးပုံကို နောက်ဆုံးတစ်ခေါက် ကြည့်လိုက်ပြီးနောက် တားမြစ်ချက် အစီရင်များကို တစ်ထပ်ပြီး တစ်ထပ် ပြန်လည် ပိတ်ဆို့ကာ ထိုနေရာမှ ထွက်ခွာသွားသည်။

သူထွက်သွားပြီး မကြာမီမှာပင် ယွမ်ချွဲတာအိုဆရာသည် ရုတ်တရက် ပြန်လည် ပေါ်လာပြန်သည်။ သူသည် ထိုအပျက်အစီးပုံရှေ့တွင်ပင် ရှိနေဆဲ ဖြစ်သော်လည်း အပျက်အစီးများထဲမှ စိမ်းစိုသော အစေ့အဆန်လေး တစ်ခုကို ကောက်ယူလိုက်သည်။

"ချလိုက်ပါဦး၊ ဒီအစေ့ဟာ ဒီနေရာမှာပဲ အပင်ပေါက်ခွင့် ရှိတာပါ"

ယွမ်ချွဲတာအိုဆရာ၏ နောက်ကျောဘက်တွင် ပုံရိပ်တစ်ခု ပေါ်လာပြီး သက်ပြင်းကို ညင်သာစွာ ချလိုက်သည်။

"မြေခွေးအိုကြီး... ငါဟာ ဝိညာဥ်နယ်မြေ ထဲမှာ နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရတာကို မင်းက ဘာလို့ ငါ့ကို ကယ်ထုတ်ဖို့ နည်းလမ်းမရှာခဲ့တာလဲ "

ယွမ်ချွဲတာအိုဆရာသည် လှည့်ကြည့်လိုက်ရာ လာသူမှာ ယွမ်ဟယ် ပင် ဖြစ်သည်။

ယွမ်ဟယ်က ပြုံးလျက်

"မင်းရဲ့ အခြေခံတွေက အဲ့ဒီတုန်းက အများကြီး ဆုံးရှုံးသွားတာလေ၊ မင်းကို အပြင်ထုတ်ပေးလိုက်ရင် မင်းက အသက်လုပြီး ပြေးလွှားနေရဦးမှာပေါ့။ အဲ့ဒီမှာပဲ နှစ်အနည်းငယ်လောက် ကောင်းကောင်း အနားယူနေတာက ပိုမကောင်းဘူးလား"

"မင်းရဲ့ မှတ်ဉာဏ်တွေကတော့ ငါ့ထက် ပိုပြီး ပြည့်စုံနေမှာ သေချာတယ်မလား တချို့ကိစ္စတွေကို ငါ ခဏတာ မမှတ်မိတော့ဘူး"

ယွမ်ချွဲတာအိုဆရာသည် လက်ထဲက အစေ့ကို မြေကြီးထဲသို့ ပြန်ချလိုက်သည်။

"မင်းရဲ့ မှတ်ဉာဏ်ပျောက်ဆုံးမှုက အဆိုးရွားဆုံးပဲ၊ အဲ့ဒီတုန်းက တားမြစ်အစီရင်ကို သုံးခဲ့စဉ်က မင်းဟာ အဓိက အနှစ်သာရတွေထဲက တစ်ယောက်လေ"

"အဲ့ဒါကြောင့် ခံစားရတဲ့ နောက်ဆက်တွဲဒဏ်က ငါတို့ထက် အများကြီး ပိုပြင်းထန်ခဲ့တယ်။ ဒါပေမဲ့ မင်းဟာ တာ့လေယင် မှာ နှစ်ပေါင်းများစွာ နေခဲ့ရလို့ တော်တော်လေး ပြန်ကောင်းလာတာ၊ အခုတော့ ငါတို့ထက် နည်းနည်းလေး ပိုပြင်းထန်နေသေးတာပါ"

ယွမ်ဟယ် က ဆက်ပြောသည်

"အကယ်၍ ဒီနှစ်တွေအတွင်းမှာ အနားမယူခဲ့ဘူးဆိုရင် အခုအချိန်မှာ မင်းဟာ ဘယ်နေရာမှာ သူဖုန်းစားဖြစ်နေမှန်းတောင် သိမှာမဟုတ်ဘူး၊ မင်းကိုယ်မင်း ဘယ်သူလဲဆိုတာတောင် သိမှာမဟုတ်ဘူး"

"အဲ့လိုလား..."

ယွမ်ချွဲတာအိုဆရာက ဝန်မခံသလို ငြင်းလည်း မငြင်းဘဲ စကားလမ်းကြောင်း လွှဲလိုက်သည်။

"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့ကောင် အရိုက်ခံလိုက်ရတာကိုတော့ မင်းသိမှာပါနော် သွေးတွေကတော့ နေရာအနှံ့ ပျံနှံ့သွားတာပဲ၊ ကြည့်ရတာ အတော်လေး ဆိုးတာ"

"အမှန်ပဲ"

ယွမ်ဟော့က ခေါင်းကို ညင်သာစွာ ညိတ်ပြသည်။

"သူက ဒီလောက်နဲ့တော့ အဆုံးသတ်သွားမှာ မဟုတ်ဘူး၊ လောကထဲမှာ ပြန်လည်ဝင်စားထားတဲ့ ဝိညာဉ် ရှိနေဦးမှာမလား "

ယွမ်ချွဲတာအိုဆရာက ဆက်ပြောသည်

"မင်းသာ သူ ဘယ်မှာလဲဆိုတာ သိရင် ငါ့ကို ချက်ချင်းပြော၊ ငါ အခု အားနေတုန်း သွားပြီး သူ့ကို စနောက်လိုက်ဦးမယ်"

ယွမ်ဟယ်က မရယ်ဘဲ မနေနိုင်တော့ဘဲ

"သူ့ရဲ့ ဝိညာဉ်က လောကထဲမှာ တကယ်ပဲ ပြန်လည်ဝင်စားနေတယ်ဆိုရင်တောင် အခု မင်းအတွက်တော့ သူဟာ အရေးမပါတဲ့ နောက်မျိုးဆက် တစ်ယောက်ပဲ ဖြစ်နေမှာပါ။ မင်းက စီနီယာတစ်ယောက် ဖြစ်နေပြီးတော့ ဘာလို့ ဒီလောက်အထိ လုပ်ချင်နေရတာလဲ "

"ဘယ်သူက အရင်တုန်းက ငါ့ရဲ့ ကောင်းကင်လမ်းစဉ် ရာထူးကို လုယူခဲ့လို့လဲ၊တကယ်လို့ ငါသာ ကောင်းကင်လမ်းစဉ် ဖြစ်ခဲ့မယ်ဆိုရင် အခု မင်းတို့တွေ ဒီလောက် သရဲတစ္ဆေလို ရုပ်မျိုး ဖြစ်နေကြပါ့မလား "

ယွမ်ချွဲတာအိုဆရာက အေးစက်စွာ ရယ်မောလိုက်သည်။

"မင်းသာ ဖြစ်မယ်ဆိုရင် သူ့ထက်တောင် ပိုကောင်းအောင် လုပ်နိုင်မှာ မဟုတ်ဘူး"

ယွမ်ဟယ်က ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။

"သူ့ရဲ့ ဝိညာဉ်က လောကထဲမှာ တကယ်ပဲ ပြန်လည်ဝင်စားနေပါတယ်၊ ဒါပေမဲ့ ဒီဘဝဟာ သူ့ရဲ့ ဘဝမဟုတ်သေးဘူး၊ ဆက်ပြီးတော့ ပုန်းလျှိုးနေရဦးမှာ။ မင်း ဒါတွေကို ဝင်မစွက်ဖက်ပါနဲ့၊ ငါနဲ့အတူ နတ်ဘုရားဘုရင်နယ်မြေ ကို တစ်ခေါက် လိုက်ခဲ့ဦး၊ ရှေးဦးနဂါးနတ်ဘုရားနန်းတော် က ထိုက်ဟောက် နတ်မှန်ပြောင်း ကို ပြန်ယူရမယ့် အချိန်ရောက်ပြီ"

"နတ်ဘုရားဘုရင်နယ်မြေကို ဘာသွားလုပ်မှာလဲ၊ ငါမသွားဘူး မင်းက အဲ့ဒီကောင့်ရဲ့ ဝိညာဉ် ဘယ်မှာလဲဆိုတာ ငါ့ကို မပြောဘူးဆိုတော့ ငါ့ဘာသာငါ တွက်ချက်မယ် "

ယွမ်ချွဲတာအိုဆရာက အေးစက်စွာ ရယ်မောလိုက်ပြီး သူ၏ မျက်ဝန်းများမှာ နေမင်းကြီး နှစ်စင်းကဲ့သို့ တောက်ပလာကာ တစ်ကိုယ်လုံးရှိ ဝိညာဉ်စွမ်းအားများမှာလည်း အဟုန်ပြင်းစွာ တိုးထွက်လာသည်။

သူသည် လက်ချောင်းများကို တွက်ချက်ကြည့်လိုက်ပြီး ဂုဏ်ယူစွာ ဆိုလိုက်သည်။

"ငါ တွက်လို့ရပြီ၊ ဒီလူရဲ့ မျိုးရိုးက လီ တဲ့"

"ဒါဆိုရင် ထပ်ပြီး တွက်ကြည့်ပါဦး"

ယွမ်ဟယ်က ပြုံးလျက် ဆိုသည်။

"တွက်မယ်ကွာ"

ယွမ်ချွဲတာအိုဆရာက ဆက်လက် တွက်ချက်နေသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူ အနည်းငယ် ကြောင်အမ်းသွားပြီး မျက်ဝန်းများမှာလည်း ဗလာဖြစ်သွားသည်။ ထို့နောက် ယွမ်ဟယ်ကို စိုက်ကြည့်ကာ မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

"မြေခွေးအိုကြီး... မင်း ဘာလို့ ငါ့ကို တာ့လေယင် ထဲကနေ လာမကယ်တာလဲ "

"ဒါတွေကို ခဏထားပါဦး၊ ငါနဲ့အတူ နတ်ဘုရားဘုရင်နယ်မြေကို လိုက်ခဲ့"

"အေး... သွားမယ်"

ဖန့်ရှောင်ထျန်းနှင့် အခြားသူများမှာ ပထမဆုံးအကြိမ်အဖြစ် ကျင့်ကြံခြင်းလောက၌ အချိန်ကာလသည် အမှတ်အသားမရှိဘဲ ကုန်ဆုံးသွားတတ်သည်ကို ခံစားလိုက်ရသည်။

သတိမထားမိလိုက်ဘဲ သူတို့သည် ဤမသေမျိုးလှေကြီးပေါ်တွင် နှစ်ပေါင်း ၈၀ ကျော် တိုင်တိုင် နေထိုင်ခဲ့ကြပြီး ဖြစ်သည်။

ဤအတောအတွင်းမှာပင် ဖန့်ရှောင်ထျန်းနှင့် ဖန့်ရှောင်ပန်းတို့မှာ ကျင့်ကြံမှု အဆင့်များ တိုးတက်လာခဲ့ကြသည်။

ရှန့်ဝူသည်လည်း ထိုကာလအတွင်း ဝိညာဥ်န္ဓေသားအဆင့်မှ စိတ်ဝိညာဥ်ထွက်ခွာခြင်း အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

တန့်လင်ခုန့်သည်လည်း ဟွမ်ဝူကျိ သင်ကြားပေးထားသော ဓားကျင့်စဉ်များကို စတင် ကျင့်ကြံနေပြီ ဖြစ်သည်။

"ရောက်ပြီ"

ဖန့်ချန်သည် ရှေ့က လင်းလက်နေသော ကြယ်တာရာကြီးကို ကြည့်ရင်း ရင်ထဲတွင် သက်ပြင်းချလိုက်မိသည်။

တစ်ခေါက် အပြင်ထွက်လိုက်သည်မှာ နှစ်ပေါင်း ၂၀၀၊ ၃၀၀ ခန့် ကြာသွားသည်။ အကယ်၍ လူတိုင်း၏ သက်တမ်းသာ မရှည်ခဲ့ပါက ဤကဲ့သို့သော ခရီးစဉ်မျိုးကို မည်သူမျှ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

အစိတ်လှုပ်ရှားဆုံးသူများမှာ ရှေ့ပြေးတပ်ဖွဲ့များမှ အပြင်စည်းကျင့်ကြံသူများ ဖြစ်ကြသည်။ ကျွယ်မင်ကြယ် သို့ ရောက်သည်နှင့် သူတို့သည် ဂုဏ်ထူးမှတ်များ ရရှိကြမည်ဖြစ်ပြီး ကျင့်ကြံခြင်းအတွက် လိုအပ်သည်များကို လဲလှယ်နိုင်ကြမည် ဖြစ်သဖြင့် ရိတ်သိမ်းချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

"ဟင်း... ဟား..."

ရှဥ့်ပျံ လေးသည် မတ်တတ်ရပ်ကာ ကိုယ်လက်လှုပ်ရှားရင်း သန်းဝေလိုက်သည်။ ထို့နောက် တက်ကြွစွာဖြင့် မေးလိုက်သည်။

"ငါတို့ ကျွယ်မင်ကြယ်ကို ရောက်တော့မှာလား"

"အဲ့ဒါက..."

ဖန့်ရှောင်ထျန်းတို့မှာ မှင်တက်သွားကြသည်။

နှစ်ပေါင်းများစွာအတွင်း သူတို့သည် လင်းယွမ်နှင့် အခြားသူများနှင့် အတော်လေး ရင်းနှီးနေပြီ ဖြစ်သော်လည်း ဤကဲ့သို့သော သတ္တဝါလေး တစ်ကောင် မည်သည့်အချိန်က ပေါ်လာသည်ကို မသိကြပေ။

"မိတ်ဆွေမီယွီ ... ကျွယ်မင်ကြယ်ကို ရောက်တော့မှာ အမှန်ပါပဲ"

ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သည်။

"ဒါဆိုရင်တော့ ကောင်းတာပေါ့၊ ငါ ယူလာတဲ့ ပိုးကောင်တွေတောင် ကုန်တော့မယ်"

ပျံလွှားရှဥ့်လေးက ဝမ်းသာအားရ ပြောသည်။

"ချစ်စရာကောင်းလိုက်တဲ့ အကောင်လေး"

ပုံရိပ်တစ်ခု ပြေးဝင်လာပြီး ဖန့်ရှောင်ပန်းက ရှဥ့်ပျံလေးကို ကောက်ချီကာ ပါးလေးကို မညှစ်ဘဲ မနေနိုင်တော့ပေ။

"အား... ချစ်စရာလေး"

ကျိကန်းနှင့် အခြားသူများမှာမူ မျက်နှာပျက်သွားကြသည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် မိတ်ဆွေမီယွီသည် ထိုအရာကို စိတ်မဆိုးဘဲ ဖန့်ရှောင်ပန်း၏ လက်ထဲတွင် အသာတကြည် နေပေးလိုက်လေသည်။

All Chapters