အခန်း (၁၅၂၇-၁၅၂၈)
Vol. 153 Ch. 1527-1528
အခန်း (၁၅၂၇) - ဂုဏ်ထူးမှတ်များ ခွဲဝေခြင်း
နဂါးနက်အစီရင်များသည် ကျွယ်မင်ကြယ်အတွင်းသို့ တစ်ခုပြီးတစ်ခု တိုးဝင်လာကြပြီး ကျွယ်မင်နန်းတော်သို့ မရောက်ရှိမီမှာပင် သိန်းနှင့်ချီသော မသေမျိုးလှေများသည် အသီးသီး လမ်းခွဲသွားကြပြီ ဖြစ်သည်။
"နောက်လာမယ့် ရက်တွေမှာတော့ ဂုဏ်ထူးဆောင်ခန်းမ ဟာ အတော်လေး အလုပ်ရှုပ်တော့မယ် ထင်တယ်"
အကြီးအကဲချင် က သက်ပြင်းချရင်း ရေရွတ်လိုက်ပြီးနောက် ဖန့်ချန်ဘက်သို့ လှည့်ကြည့်ကာ
"ဖန့်အမာခံတပည့်... ကျွန်တော် ဂုဏ်ထူးဆောင်ခန်းမဘက်ကို သွားပြီး ကူညီပေးလိုက်ရမလား"
"ချင်အကြီးအကဲ သွားနိုင်ပါတယ်ဗျာ"
ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
"နောက်တစ်ခေါက် ခရီးထွက်ရင်လည်း ဖန့်အမာခံတပည့်ဘက်က အကြောင်းကြားရုံပါပဲ"
ချင်အကြီးအကဲသည် ထိုသို့ပြောပြီးနောက် တစ်ဦးတည်း ထွက်ခွာသွားတော့သည်။
"အဘိုးကြီးချင်ကတော့ တကယ်ကို အနားမနေနိုင်တဲ့သူပဲ"
လင်းတုန်းက မှတ်ချက်ချလိုက်ပြီးနောက် သူသည်လည်း လူအုပ်မတိုးခင် ပစ္စည်းအချို့ ကြိုတင်လဲလှယ်ရန် ဖန့်ချန်ကို နှုတ်ဆက်ကာ ထွက်ခွာသွားပြန်သည်။
နဂါးနက်လှေပေါ်ရှိ ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ဆင်းသွားကြရာ နောက်ဆုံးတွင် ဖန့်ရှောင်ထျန်းတို့ တစ်သိုက်သာ ကျန်ရစ်တော့သည်။
"ရှောင်ပန်း... မိတ်ဆွေမီယွီကို အိမ်ပြန်ခွင့်ပေးလိုက်ပါဦး"
ဖန့်ရှောင်ပန်းနှင့် ရှန့်ဝူတို့က ရှဥ့်ပျံ လေးကို ဆက်လက်စနောက်နေသည်ကို မြင်သောအခါ ဖန့်ချန်က သတိပေးလိုက်သည်။
ရှဥ့်ပျံလေးသည် ရှောင်ပန်း၏ လက်ထဲမှ ရုန်းထွက်လိုက်ပြီးနောက် ချက်ချင်းပင် အရပ်ရှည်ရှည်နှင့် လှပချောမောသော အမျိုးသမီးတစ်ဦးအဖြစ် အသွင်ပြောင်းသွားကာ ဖန့်ချန်ကို ဂါရဝပြုပြီး လွင့်မျောထွက်ခွာသွားလေသည်။
"ဒါ... ဒါက..."
ဖန့်ရှောင်ပန်းမှာ အံ့ဩလွန်းသဖြင့် မှင်တက်သွားကာ ရှန့်ဝူနှင့် အကြည့်ချင်း ဆုံလိုက်မိသည်။ ဖန့်ရှောင်ထျန်းတို့လည်း ထိုအခါမှ သတိဝင်လာကြပြီး ဤရှဥ့်လေးမှာ သာမန်ဝိညာဉ်အိမ်မွေးတိရစ္ဆာန် မဟုတ်ကြောင်း သိလိုက်ရသည်။
"မိတ်ဆွေမီယွီက အဆင့် ၅ မသေမျိုးလေ၊ သူမက စိတ်သဘောထားကောင်းလို့သာ မင်းတို့နဲ့ အဖော်လုပ် ဆော့ပေးနေတာ"
ဖန့်ချန်က အေးဆေးစွာ ပြုံး၍ ပြောလိုက်သည်။
အဆင့် ၅ မသေမျိုး...
ဖန့်ရှောင်ပန်းမှာ အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရှာသည်။
အဘိုးကြီးရှန့်မှာမူ စိတ်ထဲမှ တိတ်တိတ်လေး ရယ်မောနေမိသည်။ အစောပိုင်းကတည်းက ဤရှဥ့်လေးထံမှ ထွက်ပေါ်နေသော အငွေ့အသက်မှာ မနည်းလှကြောင်း သူ ရိပ်မိထားခဲ့သည်။ သူနှင့် မယှဉ်နိုင်သော်လည်း အတော်လေးတော့ နီးစပ်ပေသည်။
အကယ်၍ သူတို့သာ နဂါးနက်လှေပေါ်တွင် မရှိခဲ့ပါက သို့မဟုတ် ဖန့်အမာခံတပည့်သာ မရှိခဲ့ပါက ရှန့်ဝူကို ထိုအဆင့် ၅ မသေမျိုးအား စနောက်ခွင့်ပြုရန် သူ ဘယ်သောအခါမှ ဝံ့မည်မဟုတ်ပေ။
"အစ်ကိုကြီး... ကျွန်မ အဲ့ဒီစီနီယာကို ပြစ်မှားမိသွားပြီလား မသိဘူး"
ဖန့်ရှောင်ပန်းက စိုးရိမ်တကြီး မေးလိုက်သည်။
"မိတ်ဆွေမီယွီက သာမန်ကျင့်ကြံသူတွေနဲ့ မတူပါဘူး၊ သူမက အဲ့ဒီလောက်ထိ စိတ်မကောက်တတ်ပါဘူး။ ဒါပေမဲ့ နောင်ကျရင် အားတဲ့အခါ သူမဆီ သွားလည်လို့ ရတာပေါ့၊ မင်းတို့တွေက ဒီနေရာမှာ အကြာကြီး ကျင့်ကြံရမှာဆိုတော့လေ"
ဖန့်ချန်က ဆိုသည်။
"ဒါဆိုရင် နောက်ကျရင် မိတ်ဆွေမီယွီဆီ သွားရင် အစ်မတော်ရှောက်ချန် ကိုပါ ခေါ်သွားမယ်"
ဖန့်ရှောင်ပန်းက အနားမှာတင် ရတနာပစ္စည်းတွေကို တစ်ကိုက်ချင်း ကိုက်စားနေသော ဓားငယ်လေးကို လှမ်းကြည့်လိုက်သည်။
ဓားလေးသည် သူမ၏အမည်ကို ကြားသောအခါ ခေါင်းညိတ်ပြလိုက်ပြီး ပါးစပ်ထဲက ပစ္စည်းတွေကို ဝါးရင်း ပြောလိုက်သည်။
"ကောင်းပြီ... အတူတူ သွားကြမယ်"
ဖန့်ရှောင်ပန်းမှာ ထိုအခါမှ စိတ်သက်သာရာ ရသွားတော့သည်။ ဤအစ်မတော်ဓားငယ်လေးသာ ပါဝင်ပါက သူမ ဘာမှ ကြောက်နေစရာ မလိုတော့ပေ။
"နံပါတ်ကိုး... စီနီယာအစ်မကြီးက မင်းကို လာခဲ့ဖို့ ပြောနေတယ်၊ ဒီတစ်ခေါက် မင်းက အောင်မြင်မှုတွေ အများကြီး ရခဲ့တာဆိုတော့ အကြီးအကဲများအဖွဲ့က မင်းကို ကိုယ်တိုင်တွေ့ချင်လို့တဲ့"
မလှမ်းမကမ်းတွင် နံပါတ်လေး က နဂါးနက်လှေပေါ်မှနေ၍ ဖန့်ချန်ကို လှမ်းခေါ်လိုက်သည်။
"ကျိမိတ်ဆွေ... ဒါဆိုရင် သူတို့ကို အသင်းဝင်စာရင်းသွင်းဖို့ ခေါ်သွားပေးပါဦး"
ဖန့်ချန်က ကျိကန်းကို မှာကြားလိုက်ပြီး ဖန့်ရှောင်ထျန်းတို့ဘက် လှည့်ကာ ပြောလိုက်သည်။
"မင်းတို့ စီနီယာကျိနောက်ကို လိုက်ပြီး စာရင်းသွင်းလိုက်ကြ၊ လမ်းမှာလည်း လိမ်လိမ်မာမာနေကြ၊ ပြဿနာမရှာနဲ့ဦး"
"ဟုတ်ကဲ့ပါ"
အားလုံးက ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။
ကျိကန်းက သူတို့ကို ခေါ်သွားပြီးနောက် ဖန့်ချန်သည် နဂါးနက်လှေကို သိမ်းဆည်းလိုက်ပြီး ဓားငယ်လေးကို ခေါ်ကာ နံပါတ်လေး၏ မသေမျိုးလှေပေါ်သို့ တက်လိုက်သည်။
"ဒါက ယွမ်သံလိုက် ဓာတ်ငါးပါး နတ်နတ်ဘုရားဓား လား၊ တကယ်ပဲ နတ်ဘုရားဆန်တဲ့ အရှိန်အဝါတွေ ပြည့်နှက်နေတာပဲ"
နံပါတ်လေးက ဓားငယ်လေးကို စပ်စုသော မျက်လုံးများဖြင့် အကဲခတ်လိုက်သည်။
ဖန့်ချန်တွင် ဤနတ်ဘုရားဓား ရှိနေသည့် သတင်းကို အမာခံတပည့် သာမန်အဆင့်များ မသိနိုင်သော်လည်း သူတို့ကဲ့သို့ ထိပ်တန်းအမာခံတပည့်များမှာမူ ရှဲ့အာမန်ထံမှ ကြိုတင်သိရှိထားကြပြီး ဖြစ်သည်။
ဒါဟာ ရှဲ့အာမန်၏ သွယ်ဝိုက်သော သတိပေးချက်လည်း ဖြစ်သည်။ သူမသည် ဤကိစ္စကို သိထားကြောင်း ထုတ်ဖော်ပြသခြင်းဖြင့် အခြားသူများ၏ လောဘစိတ်ကို နှိမ်နင်းထားခြင်းပင် ဖြစ်သည်။
"ဓားငယ်လေး... ဒါက မင်းရဲ့ စတုတ္ထအစ်ကိုတော်ပဲ"
ဖန့်ချန်က မိတ်ဆက်ပေးလိုက်သည်။
ဓားငယ်လေးသည် ပါးစပ်ထဲက ရတနာပစ္စည်းကို ချက်ချင်း မျိုချလိုက်ပြီး ဂါရဝပြုလိုက်သည်။
"ရှောင်ချန်က စတုတ္ထအစ်ကိုတော်ကို နှုတ်ခွန်းဆက်သပါတယ်"
"အေးအေး... အားမနာနဲ့၊ မင်းက ရတနာပစ္စည်းတွေကို ဝါးစားရတာ ဝါသနာပါတာလို့ အစ်မကြီးဆီက ကြားတယ်၊ ငါ့ဆီမှာလည်း အသုံးမလိုတဲ့ ကောင်းကင်အဆင့် ရတနာ တစ်ခု ရှိတယ်၊ ရော့... မင်းအတွက် လက်ဆောင်"
နံပါတ်လေးက ရတနာတစ်ခုကို ထုတ်ယူကာ ဓားငယ်လေးထံ ပစ်ပေးလိုက်သည်။
ဓားလေး၏ မျက်ဝန်းများမှာ တောက်ပသွားပြီး အထပ်ထပ် ကျေးဇူးတင်လိုက်ရာ ရှေ့ကလူမှာ သူမအတွက် အတော်လေး ကြည့်ကောင်းသွားတော့သည်။
နံပါတ်လေးက ပြုံးလျက် မသေမျိုးလှေကို မောင်းနှင်ကာ ဖန့်ချန်ကို အကြီးအကဲများအဖွဲ့ရှိရာသို့ ခေါ်ဆောင်သွားသည်။
"နံပါတ်ကိုး... မင်းရဲ့ ဒီဝိညာဉ်ရတနာက တခြားရတနာတွေကို ဝါးစားပြီး သူ့ကိုယ်သူ အဆင့်မြှင့်နိုင်တာလား အခု သူမက ဝိညာဉ်ရတနာစာရင်း ရဲ့ အဆင့် ၃၀၀ မှာ ရှိနေတာ၊ ငါ့အထင်တော့ ကျွယ်မင်နန်းတော်မှာ ခဏလောက် မွေးမြူထားရင် အဆင့်တွေ ထပ်တက်လာနိုင်တယ်"
"သူမက ဝိညာဉ်ရတနာ ဖြစ်သွားပြီဆိုတော့ ကောင်းကင်အဆင့် ရတနာတွေကို ဝါးစားတာက စတုတ္ထအစ်ကိုတော် ထင်သလောက် အကျိုးသက်ရောက်မှု မကြီးမားတော့ဘူး၊ ဝိညာဉ်ရတနာ အချင်းချင်း ဝါးစားမှသာ အဆင့်တက်ဖို့ အခွင့်အရေး ရှိလိမ့်မယ်"
ဖန့်ချန်က အေးဆေးစွာ ပြုံးရင်း
"စာရင်းထဲက ဝိညာဉ်ရတနာ ၃၀၀ စလုံးဟာ သာမန်ပစ္စည်းတွေ မဟုတ်ကြဘူး၊ ရတနာအနည်းငယ် ဝါးစားရုံနဲ့ အဆင့်တက်နိုင်မယ်ဆိုရင် ဝိညာဉ်ရတနာတွေက အဖိုးမတန်သလို ဖြစ်သွားမှာပေါ့"
"ဒါလည်း ဟုတ်တာပဲ"
နံပါတ်လေးက ခေါင်းညိတ်လိုက်သည်။ တကယ်တော့ သူသည်လည်း ဤဓားကို သိပ်ပြီး အထင်ကြီးနေခြင်း မဟုတ်ဘဲ လူသားအသွင်ပြောင်းနိုင်သည့်အပြင် ဖန့်ချန်၏ ရတနာဖြစ်နေ၍သာ အသိအမှတ်ပြုခြင်း ဖြစ်သည်။
သူသည် ခဏစဉ်းစားလိုက်ပြီးနောက် မျက်လုံးများ တောက်ပလာကာ ဓားငယ်လေးကို ပြောလိုက်သည်။
"ငါတို့ ကျွယ်မင်နန်းတော်မှာ အမာခံတပည့်တွေ အများကြီး ရှိတယ်၊ မင်း အားတဲ့အခါ သူတို့ဆီ သွားလည်လိုက်လေ၊ တစ်ယောက်ဆီ သွားရင် ရတနာတစ်ခု ရနိုင်တာပဲ၊ အကုန်လုံးဆီ သွားပြီးရင် မင်းအတွက် စားစရာတွေ နှစ်ပေါင်းများစွာစာ ရသွားမှာ"
ဓားငယ်လေးမှာ မှင်တက်သွားပြီးနောက် မျက်ဝန်းများမှာ အရောင်တောက်လာသည်။
ဖန့်ချန်က ခေါင်းခါရင်း ရယ်မောလိုက်သည်
"တခြား စီနီယာတွေကို သွားပြီး မနှောင့်ယှက်ပါနဲ့ဦး"
"ဖန့်ချန်... ငါ ထင်တာတော့ စတုတ္ထအစ်ကိုတော် ပြောတာ မှန်တယ်နော်၊ နင်အားတဲ့အခါ ငါ့ကို အဲ့ဒီစီနီယာတွေဆီ ခေါ်သွားပေးပါဦး"
ဓားလေးက မျက်လုံးလေး ကလည်ကလည်ဖြင့် ပြောလိုက်သည်။
"နောက်မှပေါ့"
ဖန့်ချန်က ဝတ်ကျေတန်းကျေသာ ပြန်ပြောလိုက်သည်။
နာရီဝက်ခန့်အကြာတွင် နံပါတ်လေးသည် ဖန့်ချန်ကို အကြီးအကဲများအဖွဲ့၏ တိုင်ပင်ဆွေးနွေးရာခန်းမသို့ ခေါ်ဆောင်လာခဲ့သည်။
"ဓားလေး... လာခဲ့"
ဖန့်ချန်က အချက်ပြလိုက်ရာ ဓားလေးသည် ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ဖန့်ချန်၏ ကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
နံပါတ်လေးနှင့်အတူ ခန်းမထဲသို့ ဝင်သွားသောအခါ ချန်အင်းရွှယ်နှင့် အခြားသူများမှာ စောစီးစွာ ရောက်ရှိနေကြပြီး အကြီးအကဲများနှင့် စကားစမြည် ပြောဆိုနေကြသည်ကို တွေ့ရသည်။
ဒါဟာ ဖန့်ချန်အတွက် အကြီးအကဲ အများအပြားကို တစ်ပြိုင်နက်တည်း ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။
ယခင်က တွေ့ဖူးသည့် ကျန်းအကြီးအကဲ၊ ချန်အကြီးအကဲတို့အပြင် တာ့လေယင်တွင် တစ်ခါတွေ့ဖူးသော ဟို့အကြီးအကဲ ကိုပါ တွေ့ရသည်။
ဟို့အကြီးအကဲသည် အကြီးအကဲများအဖွဲ့၏ အမာခံပုဂ္ဂိုလ် ဖြစ်ပုံရပြီး အလယ်တွင် ထိုင်ကာ ရှဲ့အာမန်နှင့် စကားပြောနေသည်။
ဖန့်ချန်နှင့် နံပါတ်လေး ရောက်လာသည်ကို မြင်သောအခါ အကြီးအကဲများက လှမ်းကြည့်လိုက်ကြသည်။ ထိုအကြည့်များထဲတွင် စူးစမ်းမှု၊ စပ်စုမှု၊ စဉ်းစားမှုနှင့် ချီးကျူးမှုများ ရောယှက်နေသည်။
"ဖန့်အမာခံတပည့် ရောက်ပြီဆိုတော့၊ ဒီတစ်ခေါက် အမာခံတွေထဲမှာ ဒုတိယအစ်ကိုတော်ကလွဲရင် အကုန်စုံပြီပေါ့"
ချန်အကြီးအကဲက ပြုံးရွှင်စွာဖြင့် ထရပ်လိုက်သည်။ သူသည် နာမည်မှတ်တမ်းခန်းမကို တာဝန်ယူရသူဖြစ်ပြီး အကြီးအကဲများအဖွဲ့တွင်လည်း သာမန်အကြီးအကဲများထက် အဆင့်မြင့်သူ ဖြစ်သည်။
"ဖန့်ချန်က အကြီးအကဲများအားလုံးကို ဂါရဝပြုပါတယ်"
ဖန့်ချန်က လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
"ကြားတာတော့ ဒီတစ်ခေါက် တာ့လေယင် တိုက်ပွဲမှာ မင်းက အစီရင်မသေမျိုးအတတ် ကို နားလည်သွားတဲ့အပြင်၊ အစီရင်အတတ် နှစ်ခုတောင် သုံးနိုင်ခဲ့တယ်ဆို "
ကျားခေါင်းနှင့် လူကိုယ်ခန္ဓာရှိသော အကြီးအကဲတစ်ဦးက စပ်စုလိုက်သည်။
"ဒါကို ဘယ်လို နားလည်သွားတာလဲဆိုတာ ပြောပြလို့ ရမလား၊ ငါသိသလောက်တော့ မင်းက အစီရင်ဗဟိုချက်နဲ့ စာချုပ်ချုပ်တာ မကြာသေးဘူး မဟုတ်လား"
"အဲ့ဒီက ခံစားချက်တွေက စကားနဲ့ ဖော်ပြဖို့ ခက်ခဲပါတယ်ဗျာ"
ဖန့်ချန်က အားနာဟန်ဖြင့် ပြောလိုက်သည်။
ချန်အကြီးအကဲက ရယ်မောလျက် ထိုအကြီးအကဲကို ပြောလိုက်သည်။
"ဒီလိုကိစ္စမျိုးကို ဖော်ပြလို့ရရင်တောင် မင်းကို ဘာလို့ ပြောပြရမှာလဲ လူတိုင်းမှာ ကိုယ်စီ ကံတရားတွေ ရှိကြတာပဲ၊ မင်းက မင်းရဲ့ မျိုးဆက်တွေကို ဒါနဲ့ မြှင့်တင်ပေးချင်တယ်ဆိုရင်တော့ သူတို့ကို လက်ဆောင်တွေ ပေးပြီး ဖန့်ချန်ဆီ လွှတ်လိုက်လေ"
ကျားခေါင်းအကြီးအကဲက ရှက်ပြုံး ပြုံးလိုက်ပြီးနောက် ဆက်မပြောတော့ပေ။
"ဒီနေ့ အကုန်စုံပြီဆိုတော့ ဒီတစ်ခေါက် ရခဲ့တဲ့ ဂုဏ်ထူးမှတ်တွေအကြောင်း ပြောကြတာပေါ့"
ဟို့အကြီးအကဲက ဖြည်းညှင်းစွာ ထရပ်လိုက်သည်။
ထိုအခါ ချန်အင်းရွှယ်တို့တောင်မှ မျှော်လင့်ချက်များဖြင့် မျက်လုံးများ တောက်ပလာကြသည်။ ဒီတစ်ခေါက် ဂုဏ်ထူးမှတ်တွေကတော့ နည်းမှာ မဟုတ်ဘူး။
ဖန့်ချန် တစ်ယောက်သာ တည်ငြိမ်နေခဲ့သည်။ သူ့အတွက် ဂုဏ်ထူးမှတ်က အများကြီး ရလိမ့်မည် မဟုတ်ပေ၊ အကြောင်းမှာ သူရရှိသည့် အကြီးမားဆုံး အောင်မြင်မှုကို အစီရင်ဗဟိုချက် နှင့် လဲလှယ်ရမည် ဖြစ်သောကြောင့်ပင်။
သူ သိချင်သည်မှာ ထိုအစီရင်ဗဟိုချက် တစ်ခုကို ဒီနေ့ သူ၏ လက်ထဲသို့ ထည့်ပေးမည်လား ဆိုသည်ကိုသာ ဖြစ်ပါတော့သည်။
အခန်း (၁၅၂၈) - ရှေးဦးလူသားတောင်၊ တုန်းရှန့်နိုင်ငံ
"အရင်ဆုံး ဗုဒ္ဓတိုင်းပြည်ခရီးစဉ်ကနေ ရရှိခဲ့တဲ့ အကျိုးအမြတ်တွေကို ပြောကြရအောင်"
ဟို့အကြီးအကဲက ပြုံးလျက် ဆိုသည်
"စီနီယာအစ်မကြီးက အဲ့ဒီဗုဒ္ဓပုတီးကုံးကို ရရှိခဲ့လို့သာ မင်းတို့အားလုံး အထဲကို ဝင်ခွင့်ရခဲ့တာ၊ ဒါကြောင့် သူမဟာ ပထမဆုံး ဂုဏ်ပြုထိုက်သူ ဖြစ်တာ ငြင်းစရာမရှိပါဘူး။ ဒါပေမဲ့ နံပါတ်ကိုးရဲ့ စွမ်းဆောင်မှုကလည်း မသေးဘူး အောင်နိုင်သူ ဗုဒ္ဓလမ်းစဉ်ကို အဲ့ဒီဝိညာဥ်မယ်တော်ဆီကနေ သူ မေးမြန်းပေးနိုင်ခဲ့တယ်။
ဒီလမ်းစဉ်ကို ရရှိလိုက်တာဟာ ငါတို့ ကျွယ်မင်နန်းတော်အတွက် အလွန်ကြီးမားတဲ့ အရင်းအနှီးတစ်ခုကို ဆုပ်ကိုင်လိုက်နိုင်တာပဲ။ နောင်လာမယ့် အချိန်အတော်ကြာအထိ ငါတို့အတွက် အကျိုးအမြတ်တွေ အစဉ်တစိုက် စီးဝင်လာတော့မှာပါ"
လူတိုင်းသည် ဖန့်ချန်နှင့် ရှဲ့အာမန်တို့ထံသို့ အကြည့်များ ရောက်ရှိသွားကြသည်။
ဤခရီးစဉ်တွင် အကျိုးအမြတ် အများဆုံးရသူမှာ ထိုနှစ်ယောက်ဖြစ်ကြောင်း အားလုံး ရိပ်မိလိုက်ကြပြီ ဖြစ်သည်။
"ဒါကြောင့် ဒီတစ်ခေါက် ဂုဏ်ထူးမှတ်အနေနဲ့ ရှဲ့အာမန်ကို သုံးထောင် ပေးမယ်"
ဟို့အကြီးအကဲက ဆက်ပြောသည်
"အဲ့ဒီမတိုင်ခင် တိုက်ပွဲမှာလည်း ရှဲ့အာမန်တစ်ယောက်တည်းနဲ့ ရှောက်ကွမ်းယင် ကို ဟန့်တားနိုင်ခဲ့တာဟာလည်း ဂုဏ်ပြုထိုက်တဲ့အချက်ပဲ၊ အဲ့ဒါအတွက် တစ်ထောင် ၊ စုစုပေါင်း ဂုဏ်ထူးမှတ် လေးထောင် ပေးမယ်။ အားလုံးမှာ သဘောထားကွဲလွဲတာ ရှိပါသလား"
ရောက်ရှိနေသော အကြီးအကဲများအားလုံး ခေါင်းခါယမ်းကြသည်။ မည်သူမျှ ကန့်ကွက်ခြင်းမရှိပေ။
ဂုဏ်ထူးမှတ် လေးထောင်ဆိုသည်မှာ ကျွယ်မင်နန်းတော်အတွက်ပင် မနည်းလှသော ပမာဏဖြစ်သော်လည်း ယခုရရှိလိုက်သည့် ဗုဒ္ဓဘာသာလမ်းစဉ်၏ တန်ဖိုးမှာ ထိုလေးထောင်ထက် အဆပေါင်းများစွာ သာလွန်နေ၍ ဖြစ်သည်။
"ကန့်ကွက်သူမရှိရင်တော့ ဒါကိုပဲ အတည်ပြုလိုက်မယ်"
ဟို့အကြီးအကဲသည် ရှဲ့အာမန်ထံမှ သူမ၏ အဆင့်အတန်းဖော်ပြသည့် ကျောက်စိမ်းပြားကို ယူလိုက်ပြီး စွမ်းအားများ ထည့်သွင်းလိုက်ရာ ကျောက်စိမ်းပြားအတွင်းရှိ ဂဏန်းများမှာ တရိပ်ရိပ် တိုးတက်လာတော့သည်။ ဂုဏ်ထူးမှတ် လေးထောင် ပြည့်သွားမှသာ ကျောက်စိမ်းပြားကို ရှဲ့အာမန်ထံ ပြန်ပေးလိုက်သည်။
"နံပါတ်ကိုးအတွက်ကတော့... ဒီတစ်ခေါက် ဗုဒ္ဓတိုင်းပြည်ခရီးစဉ်ရဲ့ အောင်မြင်မှုကို အစီရင်ဗဟိုချက် ၃ ခု နဲ့ လဲလှယ်ပေးမယ်"
ဟို့အကြီးအကဲ၏ အကြည့်မှာ ဖန့်ချန်ထံသို့ ကျရောက်သွားသည်။
"ဘာ..."
"အစီရင်ဗဟိုချက် (၃) ခုတောင်လား..."
ရောက်ရှိနေသော အကြီးအကဲများမှာ အံ့အားသင့်သွားကြသည်။ ချန်အကြီးအကဲ အစရှိသော လူနည်းစုသာလျှင် ဤကိစ္စကို ကြိုတင်သိရှိထားသဖြင့် မတုန်လှုပ်သော်လည်း သူတို့၏ အကြည့်များမှာ အတော်လေး ရှုပ်ထွေးနေသည်။
အစီရင်ဗဟိုချက် (၃) ခုကို တစ်ပြိုင်နက်တည်း ပေးအပ်ခြင်းမျိုးမှာ ကျွယ်မင်နန်းတော်အတွင်း အလွန်ရှားပါးလှပြီး ယခင်က တစ်ခါမျှ မရှိခဲ့ဖူးသော အခြေအနေမျိုးပင် ဖြစ်သည်။
ချန်အင်းရွှယ်နှင့် အခြားသူများမှာလည်း ဖန့်ချန်ကို အံ့ဩတကြီး ကြည့်လိုက်ကြသည်။ ရှဲ့အာမန်သာ အကျိုးအမြတ် အများဆုံးရမည်ဟု ထင်ထားခဲ့သော်လည်း အမှန်တကယ်တွင်မူ ထိုနံပါတ်ကိုးကသာ အကြီးမားဆုံး ဆုလာဘ်ကို ရရှိသွားခြင်းပင် ဖြစ်သည်။
သို့သော်လည်း... မပြည့်စုံသေးသော မသေမျိုးလမ်းစဉ် တစ်ခုက တကယ်ပဲ အစီရင်ဗဟိုချက် (၃) ခုနဲ့ တန်လို့လား။
ခဏချင်းမှာပင် လူတိုင်း၏ ရင်ထဲတွင် သံသယများစွာ ဝေ့ဝဲလာတော့သည်။
"အားလုံးမှာ သဘောထားကွဲလွဲတာ ရှိပါသလား"
ဟို့အကြီးအကဲက ဆက်မေးသည်။
"ရှိပါတယ်"
အကြီးအကဲတစ်ဦးက စဉ်းစားဟန်ဖြင့် ဆိုသည်
"ဂုဏ်ထူးမှတ်ပေးတာကတော့ ထားပါတော့၊ ဘာလို့ အစီရင်ဗဟိုချက်ကို ပေးရတာလဲ ငါတို့ ကျွယ်မင်နန်းတော်မှာလည်း အစီရင်ဗဟိုချက်က အများကြီးရှိတာ မဟုတ်ဘူး၊ တပည့်တွေ အများကြီးကလည်း စာချုပ်ချုပ်ဖို့အတွက် တန်းစီစောင့်ဆိုင်းနေကြတာ။ ပြီးတော့... သူရခဲ့တဲ့ အောင်မြင်မှုက အစီရင်ဗဟိုချက် (၃) ခုနဲ့ တန်ပါ့မလား"
ပြည့်စုံတဲ့ မသေမျိုးလမ်းစဉ်ဟာ နန်းတော်သခင်ကြီးရဲ့ မျက်စိထဲမှာ တကယ့်ကို တန်ဖိုးကြီးနေတာပဲ...
ဖန့်ချန် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
အစောပိုင်းက အဆင့် ၁ မှ အဆင့် ၈ အထိ လမ်းစဉ်ဟု ထင်မှတ်ထားစဉ်က အစီရင်ဗဟိုချက်ဖြင့် ဆုချရန် သဘောမတူခဲ့ပေ။ သို့သော် အဆင့် ၉ လမ်းစဉ်အထိ ပေးနိုင်မှသာ နန်းတော်သခင်ကြီးက အစီရင်ဗဟိုချက် (၃) ခုကို တိုက်ရိုက် စီစဉ်ပေးလိုက်ခြင်း ဖြစ်သည်။
ကျယ်ပြောလှသော အထက်သုံးဘုံ အတွက်မူ အစီရင်ဗဟိုချက် (၃) ခုဆိုသည်မှာ သမုဒ္ဒရာထဲက ရေတစ်ပေါက်စာသာ ရှိသော်လည်း မရှိတာထက်စာရင် အများကြီး ပိုကောင်းပါသည်။ အနည်းဆုံးတော့ နယ်မြေ (၃) ခုမှာ ပိတ်ဆို့ထားမှုတွေကို ပြန်လည် ဖွင့်လှစ်နိုင်မည် မဟုတ်ပါလား။
အကြီးအကဲတစ်ဦးက ကန့်ကွက်လိုက်သည်နှင့် အခြားအကြီးအကဲများလည်း တစ်ယောက်ပြီးတစ်ယောက် ထောက်ခံလာကြသည်။ ထိုကဲ့သို့သော ဆုလာဘ်မျိုးမှာ များလွန်းသဖြင့် တရားမျှတမှု မရှိကြောင်း သူတို့ ပြောဆိုကြသည်။
"သူစွမ်းဆောင်ခဲ့တဲ့ တခြား ထုတ်ဖော်ပြောလို့မရတဲ့ အောင်မြင်မှုတွေလည်း ရှိသေးတယ်၊ ဒါကြောင့် ဒီဆုလာဘ်ဟာ နန်းတော်သခင်ကြီးကိုယ်တိုင် သတ်မှတ်ပေးခဲ့တာပါ။ ဒီနေရာမှာ ပြောပြနေတာကတော့ ခင်ဗျားတို့ သိအောင်လို့ လုပ်ထုံးလုပ်နည်းအရ လုပ်ပြတာပါ၊ နောက်ကွယ်ကနေ အတင်းအဖျင်းတွေ ပြောပြီး အခြေအနေကို မထိခိုက်စေချင်လို့ပါ"
ဟို့အကြီးအကဲက ပြတ်သားစွာ ဆိုလိုက်သည်။
"ဪ... နန်းတော်သခင်ကြီး သတ်မှတ်တာဆိုရင်တော့ ကျွန်တော့်မှာ ကန့်ကွက်စရာ မရှိတော့ပါဘူး"
ပထမဆုံး ကန့်ကွက်ခဲ့သော အကြီးအကဲက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
ကျန်ရှိသောသူများလည်း လိုက်လျောလိုက်ကြသည်။ ဤကိစ္စတွင် ထုတ်ဖော်ပြောရန် မသင့်တော်သော အကြောင်းပြချက်အချို့ ရှိနေမည်ဟု သူတို့ ခန့်မှန်းလိုက်ကြသည်။
"ကောင်းပြီ"
ဟို့အကြီးအကဲက ပြုံးလိုက်သည်
"နံပါတ်ကိုးဟာ တိုက်ပွဲတုန်းက အစီရင်မသေမျိုးအတတ်ကို နားလည်ခဲ့ပြီး အခြေအနေကို ပြောင်းလဲပေးနိုင်ခဲ့တယ်။ အဲ့ဒါကြောင့်လည်း ငါတို့ ဗုဒ္ဓလမ်းစဉ်ကို ရခဲ့တာမို့ ဂုဏ်ထူးမှတ် တစ်ထောင် ထပ်ဆောင်း ဆုချမယ်"
"အားလုံးမှာ ကန့်ကွက်စရာ ရှိပါသလား"
"မရှိပါဘူး"
ဆုံးဖြတ်ချက်က လျင်မြန်စွာ အတည်ဖြစ်သွားပြီးနောက် ဟို့အကြီးအကဲသည် ဖန့်ချန်၏ လက်ထဲသို့ အစီရင်ဗဟိုချက် ၃ ခုကို ကိုယ်တိုင်ပေးအပ်လိုက်ပြီး သူ၏ ကျောက်စိမ်းပြားထဲသို့ ဂုဏ်ထူးမှတ် တစ်ထောင် ထည့်သွင်းပေးလိုက်သည်။
ဖန့်ချန်၏ ဂုဏ်ထူးမှတ်မှာ ၂၅၀ မှ ၁၂၅၀သို့ ရုတ်တရက် မြင့်တက်သွားတော့သည်။ သို့သော် ဒါက အရေးကြီးဆုံး မဟုတ်ပေ။ အရေးကြီးဆုံးမှာ သူသည် အစီရင်ဗဟိုချက် ၃ ခုကို ပိုင်ဆိုင်သွားခြင်းပင် ဖြစ်သည်။
တောက်ပသော အစိမ်းရောင်အလင်းများ ထွက်ပေါ်နေသည့် အစီရင်ဗဟိုချက်များကို သိမ်းဆည်းလိုက်ပြီးနောက် ဖန့်ချန်သည် မည်သည့်စကားမျှ မဆိုဘဲ ဘေးတွင် ငြိမ်သက်စွာ ရပ်နေလိုက်သည်။
ချန်အင်းရွှယ်နှင့် အခြားသူများမှာမူ အားကျသော မျက်နှာထားဖြင့် ဖျတ်ခနဲ ကြည့်လိုက်ကြပြီးနောက် မိမိတို့ ရရှိမည့် အကျိုးအမြတ်များကို စောင့်ဆိုင်းကြတော့သည်။ သူတို့ ရရှိသည့် ဂုဏ်ထူးမှတ်များမှာ ဖန့်ချန်နှင့် ရှဲ့အာမန်တို့နှင့် ယှဉ်လိုက်ပါက အတော်လေး နည်းပါးလှသည်။
ဥပမာအားဖြင့် လီရှမ်းဇီသည် ဤတစ်ခေါက်တွင် ဂုဏ်ထူးမှတ် ၅၀၀)သာ ရရှိခဲ့သည်။ (သို့သော် ဤထဲတွင် သူအပ်နှံထားသော အဖိုးတန်ဆေးဖက်ဝင်ပစ္စည်းများအတွက် ဂုဏ်ထူးမှတ်များ မပါဝင်သေးပေ။ ထိုပစ္စည်းများအတွက်ပါ ပေါင်းလိုက်လျှင် တစ်ထောင်ကျော်သွားနိုင်သော်လည်း ၎င်း၏ တစ်စိတ်တစ်ပိုင်းကို ရှေ့ပြေးတပ်ဖွဲ့ဝင်များအား ခွဲဝေပေးရဦးမည် ဖြစ်ရာ သူကိုယ်တိုင်အတွက် ကျန်ရှိမည်မှာ မများလှပေ။)
အမာခံတပည့်များပင် ဤမျှခက်ခဲပါက သာမန်အပြင်စည်းတပည့်များအတွက် ဂုဏ်ထူးမှတ် ရရှိရန်မှာ ပို၍ပင် ခက်ခဲမည် ဖြစ်သည်။
ဤနေရာတွင် ကိစ္စများ ပြီးဆုံးသွားသောအခါ လူတိုင်း လူစုခွဲသွားကြသည်။ ဖန့်ချန်ကိုမူ ချန်အကြီးအကဲက ခေတ္တချန်ထားပြီး ချီးကျူးစကား ပြောကြားသည့်အပြင် အခြားအကြီးအကဲများနှင့်လည်း မိတ်ဆက်ပေးလိုက်သည်။
"မင်းမှာ ကိုယ်ပိုင်ကျင့်ကြံရာနယ်မြေ မရှိသေးတာ ငါသတိရတယ်။ မင်းလျှောက်လှမ်းနေတာက လူသားမသေမျိုးလမ်းစဉ် ဆိုတော့ တုန်းရှန့်နိုင်ငံ က ရှေးဦးလူသားတောင် ကို သွားပါလား။ လူသားလောကရဲ့ လူနေမှုဘဝ အငွေ့အသက်တွေကို ခံစားတာဟာ မင်းရဲ့ လူသားမသေမျိုးလမ်းစဉ်အတွက် အများကြီး အထောက်အကူ ဖြစ်စေလိမ့်မယ်"
ချန်အကြီးအကဲက အကြံပြုသည်။
တုန်းရှန့်နိုင်ငံက ရှေးဦးလူသားတောင်လား
ဖန့်ချန်က ခေါင်းညိတ်လိုက်သည်
"ချန်အကြီးအကဲကို ကျေးဇူးတင်ပါတယ်ဗျာ"
"ရှေးဦးလူသားတောင်က လူသူမရှိဘဲ အလကားဖြစ်နေတာ နှစ်ပေါင်းများစွာ ကြာပြီ။ အမာခံတပည့် အတော်များများက အဲ့ဒီနေရာက ဆူညံလွန်းတယ်လို့ ထင်ကြလို့ မသွားချင်ကြဘူး။ အကယ်၍ မင်းကလည်း ဆူညံတာကို ကြောက်တယ်ဆိုရင် တခြား ကျင့်ကြံရာနေရာတွေကို ငါ ရွေးပေးပါ့မယ်"
ချန်အကြီးအကဲက ပြုံးလျက် ဆိုသည်။
"လောကီနယ်ပယ်မှာ စိတ်ကို လေ့ကျင့်ရတာ ပိုလွယ်ကူပါတယ်၊ တပည့်က ဆူညံတာကို မကြောက်ပါဘူး"
ဖန့်ချန်က ပြုံး၍ ပြန်ပြောလိုက်သည်။
"အဲ့ဒါဆိုရင်တော့ အကောင်းဆုံးပေါ့"
ချန်အကြီးအကဲက ခေါင်းညိတ်ပြသည်။
ဖန့်ချန် ထွက်သွားပြီးနောက် အကြီးအကဲတစ်ဦးက ရုတ်တရက် မေးလိုက်သည်။
"နံပါတ်ကိုးက ဘာလို့ လူသားမသေမျိုးလမ်းစဉ်ကို ရွေးချယ်ထားရတာလဲ"
"လူသားမသေမျိုးလမ်းစဉ်က သာမန်ကာလျှံကာနိုင်လွန်းတယ်၊ ဒီလို ပါရမီရှင်မျိုးက ဒီလမ်းစဉ်ကို လျှောက်တာ အတော်လေး နှမြောဖို့ ကောင်းတာပဲ"
"နှမြောစရာတော့ မဟုတ်ပါဘူး၊ သူက အစီရင်မသေမျိုးအတတ် ၂ မျိုးကို တတ်မြောက်ထားတာလေ။ သူသာ ရှေးဟောင်းမသေမျိုး အဆင့်ကို တက်သွားရင် ၃ မျိုး၊ ၄ မျိုးလောက် တတ်လာနိုင်တယ်။ တိုက်ခိုက်ရေးစွမ်းရည်ကတော့ ထိပ်တန်းမှာပဲ ရှိနေမှာပါ။ နောက်ပိုင်း အဆင့် ၈ တို့ ဘာတို့ကတော့ ထားလိုက်ပါတော့"
အခြားတစ်ဦးက ဆိုသည်။
ချန်အကြီးအကဲက သက်ပြင်းတစ်ချက် ချလိုက်သည်။
"သူ့ရဲ့ ပါရမီက ဒီလောက်အထိ ထူးချွန်မယ်မှန်း အစက မသိခဲ့ဘူး။ အစောကတည်းက သိခဲ့ရင်တော့ သူ့ကို ပိုပြီး အလားအလာရှိတဲ့ မသေမျိုးလမ်းစဉ်တွေဆီ လမ်းညွှန်ပေးခဲ့မှာပေါ့"
"ငါသိသလောက်တော့ နတ်ဘုရားလောက ဘက်မှာ မသေမျိုးဆေးကြောကန် တစ်ခု ရှိတယ်..."
"နန်းတော်သခင်ကြီးလောက်ပဲ အဲ့ဒီလိုနေရာမျိုးကို သွားပြီး အန္တရာယ်ကင်းကင်း ပြန်လာနိုင်မှာပါ။ နန်းတော်သခင်ကြီးက သူ့ကို ရာထူးလွှဲပေးဖို့ ရည်ရွယ်ထားတာမျိုး မဟုတ်ရင်တော့ အဲ့ဒီကန်အကြောင်းကို စိတ်ကူးယဉ်မနေတာ ပိုကောင်းမယ်"
ဖန့်ရှောင်ထျန်းနှင့် အခြားသူများသည် ကျိကန်း၏ လမ်းပြမှုဖြင့် အသင်းဝင်စာရင်းသွင်းခြင်းကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့သည်။
အဘိုးကြီးရှန့်မှာမူ ရင်ထဲက စိတ်လှုပ်ရှားမှုကို မနည်းထိန်းထားရသည်။ စာရင်းသွင်းမှု အောင်မြင်သွားသည့် ထိုအချိန်လေးတွင်မှ သူ စိတ်အေးသွားတော့သည်။
သူ၏ မသေမျိုးလမ်းစဉ်သည် အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ကျွေ့ယွမ်ကြယ် ကဲ့သို့သော နေရာလေးတွင် ဆက်လက်နေထိုင်စရာ မလိုတော့ပေ။ ကျွယ်မင်နန်းတော်အကြောင်းကို သူ ပိုမိုသိရှိလာလေလေ၊ မိမိကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာလေလေ ဖြစ်သည်။
သူသည် အဆင့် ၆ ကျင့်ကြံသူများထဲတွင် သာမန်အဆင့်သာ ရှိသော်လည်း ဖန့်ချန်၏ အဆင့်အတန်းမှာ အမာခံတပည့်များကြားတွင် မည်မျှမြင့်မားကြောင်း သိရှိထားပြီး ဖြစ်သည်။
အစီရင်မသေမျိုးအတတ် နှစ်မျိုးတောင် သုံးနိုင်တာဆိုတော့ တခြားအမာခံတပည့်တွေတောင် အံ့ဩတကြီးနဲ့ အားကျနေကြတာပဲ။ ဖန့်ညီလေးနောက်ကို လိုက်တာဟာ တကယ်ပဲ တောက်ပတဲ့ အနာဂတ်ရှိမှာ သေချာတယ်။
အဘိုးကြီးရှန့် စိတ်ထဲမှ တွေးတောနေမိသည်။
မကြာမီမှာပင် ဖန့်ချန်သည် ထိုနေရာသို့ ပြန်ရောက်လာပြီး လူစုနှင့် ပြန်လည် ဆုံတွေ့သည်။ လမ်းတွင် ကြာနီနတ်မိမယ် နှင့် ဆုံမိသဖြင့် အတူတူ လာခဲ့ကြသည်။
"ငါ့ရဲ့ ကျင့်ကြံရာနယ်မြေက တုန်းရှန့်နိုင်ငံက ရှေးဦးလူသားတောင်မှာ ရှိတယ်။ အဲ့ဒီကို မသွားခင် မင်းတို့အားလုံး ငါနဲ့အတူ ဂုဏ်ထူးဆောင်ခန်းမကို အရင်လိုက်ခဲ့ကြ၊ ကျင့်ကြံဖို့ လိုအပ်တာလေးတွေ လဲလှယ်ကြရအောင်"
ဖန့်ချန်၏ စကားအဆုံးတွင် သူတို့တစ်သိုက်မှာ လူအုပ်ကြီးသဖွယ် ဂုဏ်ထူးဆောင်ခန်းမရှိရာသို့ ဦးတည် ထွက်ခွာသွားကြတော့သည်။