အခန်း (၁၅၂၉-၁၅၃၀)
Vol. 153 Ch. 1529-1530
အခန်း (၁၅၂၉) - ကောင်းကင်ဘုံအား ပူဇော်ခြင်း
ယခုတစ်ကြိမ် နယ်မြေလုယူတိုက်ခိုက်ပွဲ အပြီးတွင် ဂုဏ်ထူးဆောင်ခန်းမ အတွင်း၌ လူပင်လယ် ဝေနေတော့သည်။ အားလုံးမှာ မိမိတို့ရရှိထားသော ဂုဏ်ထူးမှတ်များကို အသုံးပြု၍ ကျင့်ကြံခြင်းတွင် လိုအပ်သည့် ပစ္စည်းများနှင့် လဲလှယ်နေကြသော အပြင်စည်းတပည့်များသာ ဖြစ်ကြသည်။
ကံကောင်းသည်မှာ ကျွယ်မင်နန်းတော်၏ အပြင်စည်းတပည့် ဦးရေမှာ အလွန်အမင်း မများပြားလှခြင်းပင်။
တာ့လေယင် တိုက်ပွဲသို့ သွားရောက်ခဲ့ကြသော အပြင်စည်းတပည့် ကိုးဆယ်ကိုး ရာခိုင်နှုန်းမှာ ဝေးလံသောကြယ်များမှ လာကြသူများဖြစ်ရာ ယခုအခါ ၎င်းတို့မှာ မိမိတို့အိမ်သို့ အသီးသီး ပြန်သွားကြပြီ ဖြစ်သဖြင့် ဤနေရာရှိ အရင်းအမြစ်များကို လာရောက်လုယူခြင်း မရှိကြပေ။
အကယ်၍ ထိုကျင့်ကြံသူများသာ ကျွယ်မင်ကြယ်သို့ စုပြုံတိုးဝင်လာပါက ဂုဏ်ထူးဆောင်ခန်းမ တစ်ခုတည်းနှင့် လုံလောက်မည် မဟုတ်သည်မှာ အမှန်ပင်။
ချင်အကြီးအကဲ သည် သူ၏ တာဝန်ဟောင်းကို ပြန်လည် ထမ်းဆောင်နေပြီ ဖြစ်သည်။ သူသည် လက်ထောက်တစ်စုကို ခေါ်ဆောင်ကာ အပြင်စည်းတပည့် တစ်ဦးချင်းစီအတွက် လိုအပ်သော ဆေးဖက်ဝင် ပစ္စည်းများကို အစဉ်တစိုက် လဲလှယ်ပေးနေသည်။
ရံဖန်ရံခါတွင် ကျင့်ကြံသူအချို့ လဲလှယ်သည့် ပစ္စည်းများမှာ အသုံးမတည့်ကြောင်း တွေ့ရှိပါကလည်း အသံကျယ်ကျယ်ဖြင့် ငေါက်ငမ်းတတ်သေးသည်။
ယခင်ကဆိုလျှင် အပြင်စည်းတပည့် အတော်များများမှာ ဤအဘိုးကြီးချင်ကို ဂရုစိုက်ကြမည် မဟုတ်ပေ။ သူတို့သည်လည်း အမာခံတပည့်များ၏ နောက်လိုက်များ ဖြစ်ကြရာ အဘိုးကြီးချင်ကို အဘယ်မှာ ကြောက်ရွံ့ပါမည်နည်း။
သို့သော် ယခုမူ အခြေအနေက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
တာ့လေယင် တိုက်ပွဲသို့ သွားရောက်ခဲ့ကြသော အပြင်စည်းတပည့်များမှာ အဘိုးကြီးချင်သည် နယ်မြေကိုးခု ရှေ့ပြေးတပ်ဖွဲ့ ၏ အဖွဲ့ဝင်ဖြစ်ကြောင်း မည်သူက မသိဘဲ နေပါမည်နည်း။
နယ်မြေကိုးခု ရှေ့ပြေးတပ်ဖွဲ့၏ ခေါင်းဆောင် ဖန့်အမာခံတပည့်သည် ယခုအခါ အမာခံတပည့်များကြားတွင် နံပါတ်ကိုး (နဝမမြောက် အစ်ကိုတော်) အဖြစ် ရာထူးတိုးသွားခဲ့ပြီ ဖြစ်သည်။
ဤဘွဲ့အမည်မှာ သာမန်မဟုတ်ပေ။ စည်းမျဉ်းအရဆိုလျှင် သာမန်အမာခံတပည့်များပင် သူ့ကို နဝမမြောက် အစ်ကိုတော် ဟု ခေါ်ဝေါ်ရမည် ဖြစ်သည်။
ထို့အပြင် ဤနံပါတ်ကိုးသည် အစီရင်မသေမျိုးအတတ် ၂ မျိုးကို တတ်မြောက်ထားသူ ဖြစ်ရာ နံပါတ်ရှစ် ရာထူးကို အသစ်ရရှိထားသော လီရှမ်းဇီထက်ပင် များစွာ အစွမ်းထက်ပေသည်။
"မင်းက အဆင့် ၂ မသေမျိုး ဖြစ်နေပြီပဲ၊ ဘာလို့ အဆင့် ၁ မသေမျိုးတွေပဲ လိုအပ်တဲ့ ပစ္စည်းတွေကို လဲလှယ်နေရတာလဲ ဘာ... ဆေးနည်းသစ်ကို စမ်းသပ်ဖို့ ဟုတ်လား မလိုအပ်ဘူး... မင်း ဂုဏ်ထူးမှတ်တွေကို နည်းနည်း ထပ်စုလိုက်ဦး၊ အဆင့် ၃ မသေမျိုး ဆေးဝါးတွေနဲ့ လဲလှယ်လို့ ရပြီ"
"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ၊ ချင်အကြီးအကဲ ပြောတဲ့အတိုင်းပဲ လုပ်ပါ့မယ်"
"မင်းက အစီရင်တွေနဲ့ အဆောင်စက္ကူ တွေကို လဲချင်တာလား ဒါက မတန်ဘူးကွ။ ငါသိတဲ့ အပြင်စည်းတပည့် တစ်ယောက်က ဒီပညာရပ်မှာ ကျွမ်းကျင်တယ်၊ မင်း သူ့ဆီ သွားပြီး အကြံဉာဏ် တောင်းတာက ပိုကောင်းလိမ့်မယ်။ ငါ အဘိုးကြီးချင် လွှတ်လိုက်တာလို့ ပြောလိုက်"
"ချင်အကြီးအကဲကို အများကြီး ကျေးဇူးတင်ပါတယ်ဗျာ"
"ဒီအဘိုးကြီးချင်ကတော့ အရင်အတိုင်းပဲ"
လင်းတုန်းက ဖန့်ချန်၏ ဘေးတွင် ရပ်နေရင်း မနေနိုင်ဘဲ ခေါင်းခါယမ်းလိုက်မိသည်။
သူ့အမြင်တွင်မူ ထိုသို့သော ကိစ္စများကို အဘယ်ကြောင့် ဝင်ရောက် စွက်ဖက်နေသနည်း။ စွက်ဖက်ခြင်းဖြင့် မိမိအတွက် အကျိုးအမြတ် တစ်စုံတစ်ရာ မရသည့်အပြင် လူအများ၏ အမုန်းကိုပင် ခံရနိုင်ချေ ရှိသည်။
"ချင်အကြီးအကဲရဲ့ စိတ်ဓာတ်က ဒီလိုပါပဲ၊ သူက မျိုးဆက်သစ်တွေ လမ်းမှားသွားမှာကို မကြည့်ရက်ဘူးလေ"
ဖန့်ချန်က ပြုံးလျက် ဆိုသည်။
"တစ်ခါတလေကျတော့လည်း လူဆိုတာ ကိုယ်ကျိုးနည်းနည်း ကြည့်တတ်မှ အဆင်ပြေတာ"
အဘိုးကြီးရှန့်က ရုတ်တရက် တိုးတိုးလေး ရေရွတ်လိုက်သည်။
ကိုယ်ကျိုးကြည့်ရမည် ဟုတ်လား
ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။ အဘိုးကြီးရှန့်၏ စကားကို သူ အတော်လေး သဘောတူမိသည်။
ကိုယ်ကျိုးကြည့်သော လူတစ်ဦးသည် မည်သည့်အရာကိုမဆို ပျော်ရွှင်စွာ လုပ်ဆောင်နိုင်ပြီး စိုးရိမ်ပူပန်မှုများလည်း ရှိမည်မဟုတ်ပေ။
ဆန့်ကျင်ဘက်အားဖြင့် စိတ်ခံစားမှု များပြားသူများမှာမူ အရာရာကို တွေးတောပူပန်နေရတတ်သည်။ နောက်ဆုံးတွင် မည်သည့်အကျိုးအမြတ်မျှ မရရှိဘဲ မိမိကိုယ်တိုင်သာ ပင်ပန်းနွမ်းနယ်ရခြင်း ဖြစ်သည်။
သို့သော်လည်း ချင်အကြီးအကဲ ကဲ့သို့သော လူမျိုးမှာ အစဉ်အမြဲ ရှိနေမည်သာ ဖြစ်သည်။ ဒါဟာ လောကရဲ့ အမှောင်နဲ့ အလင်း လိုပါပဲ။ အမှောင်ရှိလျှင် အလင်းရှိရမည်။
အကယ်၍ တစ်နေ့တွင် ထိုအခြမ်းနှစ်ခုထဲမှ တစ်ခုသာ ကျန်ရစ်တော့မည်ဆိုပါက ဤလောကကြီးမှာ ပျက်သုဉ်းသွားပေလိမ့်မည်။
"မင်းတို့ ချင်အကြီးအကဲဆီကို သွားလိုက်ကြ၊ မင်းတို့အတွက် ဘာတွေ လဲပေးရမလဲဆိုတာ သူ သိလိမ့်မယ်။ သူ့စကားကိုပဲ နားထောင်လိုက်ကြ"
ဖန့်ချန်က ဖန့်ရှောင်ထျန်းတို့ တစ်သိုက်ကို ပြုံး၍ ပြောလိုက်သည်။
ဖန့်ရှောင်ထျန်းက ချက်ချင်း ခေါင်းညိတ်လိုက်ပြီး ဖန့်ရှောင်ပန်း၊ ရှန့်ဝူ၊ တန့်လင်ခုန်း တို့နှင့်အတူ အဘိုးကြီးချင်ထံသို့ လျှောက်သွားကြသည်။
"ဟော..."
အဘိုးကြီးချင်သည် ဖန့်ချန်တို့ကို မြင်လိုက်ရသောအခါ မျက်လုံးများ တောက်ပသွားပြီး ရှေ့မှ ကျင့်ကြံသူများကို နှင်ထုတ်လိုက်သည်။
"မင်းတို့အားလုံး ခဏ ဖယ်ကြဦး၊ ငါ ဒီမှာ တခြားလူတွေကို အရင် ဧည့်ခံရမယ်"
"ချင်အကြီးအကဲ... လူကြားထဲ ဒီလိုကြီး ကြားဖြတ်တာတော့ မကောင်းဘူး ထင်တယ်"
တစ်ဦးက မကျေမနပ် ရေရွတ်လိုက်သော်လည်း ဘေးမှ တစ်ယောက်က ချက်ချင်း ဆွဲခေါ်သွားသည်။
"ရှူး... အဲ့ဒါ ဖန့်အမာခံတပည့်ရဲ့ လူတွေလေ"
"ဪ... ဒါကြောင့်ကိုး"
"ဒါဆိုရင်တော့ စောင့်ရမှာပေါ့၊ ဒီတစ်ခေါက် ဖန့်အမာခံတပည့်သာ မရှိရင် ငါတို့တွေ အရေးနိမ့်ပြီး ပြန်လာရမှာ။ အခုလို အကျိုးအမြတ်တွေ ဘယ်ရပါ့မလဲ"
"အဘိုးကြီးချင်ကတော့ သိတတ်သားပဲ၊ သိပ်ပြီးတော့ ခေါင်းမမာဘူး"
လင်းတုန်းက ကျေနပ်စွာ ပြုံးလိုက်သည်။
မူဝါဒရှိခြင်း၊ ဉာဏ်ရှိခြင်းနှင့် အခြေအနေအရ လိုက်လျောညီထွေရှိခြင်း ထိုသို့သော ကျင့်ကြံသူမျိုးမှာ မည်သည့်နေရာသို့ ရောက်ရောက် အခြေအနေ မဆိုးနိုင်ပေ။
ကလေးငယ် လေးဦး၏ ကျင့်ကြံမှုမှာ မမြင့်မားလှဘဲ မသေမျိုးအဆင့်သို့ပင် မရောက်ကြသေးပေ။ အဘိုးကြီးချင်သည် သူတို့၏ အရည်အချင်းအလိုက် သင့်တော်သော ပစ္စည်းများကို စီစဉ်ပေးလိုက်သည်။
ထိုလေးယောက်အတွက် စုစုပေါင်း ဂုဏ်ထူးမှတ်မှာ ဖန့်ချန်အတွက် ၁၀ မှတ်သာ ကုန်ကျခဲ့သည်။
ဂုဏ်ထူးဆောင်ခန်းမမှ ထွက်လာပြီးနောက် ဖန့်ချန်တို့သည် ကြာနီနတ်မိမယ်၏ ကျင့်ကြံရာနယ်မြေသို့ တစ်ခေါက် ပြန်သွားကြသည်။ ထိုမှတစ်ဆင့် ဖန့်ထျန်းဇွန် နှင့် ဖန့်ရွှမ်ယန်တို့ကို ခေါ်ဆောင်ကာ တုန်းရှန့်နိုင်ငံ၊ ရှေးဦးလူသားတောင်သို့ ဦးတည် ထွက်ခွာခဲ့ကြသည်။
ကြာနီနတ်မိမယ်မှာလည်း လိုက်ပါကြည့်ရှုချင်သော်လည်း ထွက်ခွာခါနီးတွင် တိုက်ပွဲတစ်ရာမသေမျိုးရောက်လာပြီး ရှဲ့အာမန်က သူမကို တွေ့ချင်သည်ဟု ပြောသဖြင့် ခေါ်တဲ့နောက်သို့သာ လိုက်သွားရတော့သည်။
ဖန့်ချန်သည် ဖန့်ထျန်းဇွန်ကို မသေမျိုးလှေ၏ အခန်းထဲတွင် အထွတ်ထိပ်ဝိညာဉ်ကျောက်တုံး များကို ဆက်လက် စုပ်ယူရန် စီစဉ်ပေးလိုက်သည်။
ထို့နောက် ဖန့်ရွှမ်ယန်ကို နဂါးသွေးအသည်းနှင့် ရွှမ်ယန်လေးဆင့်ခန္ဓာကိုယ် အတွက် လိုအပ်သော ကျန်ပစ္စည်းများကို ပေးအပ်ကာ မိမိဘာသာ စီမံရန် မှာကြားလိုက်သည်။
ရှေးဦးလူသားတောင်သို့ ရောက်ရှိပါက သူသည် ခန္ဓာလေးဆင့် အဆင့်သို့ စတင် တက်လှမ်းနိုင်မည်ဖြစ်ရာ ထိုအခါ သူ၏ ကျင့်ကြံမှုမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာပေလိမ့်မည်။
နဂါးနက်လှေ၏ အရှိန်ဖြင့်ပင် ကျွယ်မင်ကြယ်၏ တုန်းရှန့်နိုင်ငံသို့ ရောက်ရှိရန် ရက်သတ္တပတ် တစ်ဝက်ခန့် ကြာမြင့်ခဲ့သည်။
ဒါဟာ အလွန်တရာ ကြီးမားကျယ်ပြန့်လှသော လူသားနိုင်ငံတော်ကြီး တစ်ခုပင်။ ဤနေရာရှိ အငွေ့အသက်များအရ ထိုနိုင်ငံမှ လူသားများသည် ကျင့်ကြံခြင်းတွင် မကျွမ်းကျင်ကြဘဲ ကိုယ်ခံပညာ တွင်သာ ကျွမ်းကျင်ကြပုံရသည်။
"ကျွယ်မင်နန်းတော်က ဒီနေရာက လူသားတွေကို မသေမျိုးလမ်းစဉ်နဲ့ အလွယ်တကူ မထိတွေ့စေချင်တဲ့ ရည်ရွယ်ချက် ရှိပုံရတယ်၊ ဒါကြောင့် ဒီကလူတွေဟာ လောကမှာ မသေမျိုးတွေ ရှိတယ်ဆိုတာတောင် သိချင်မှ သိကြလိမ့်မယ်"
ဖန့်ချန်က အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။ တစ်ချက်ကြည့်ရုံဖြင့် သက်ရှိများစွာ၏ လှုပ်ရှားမှုတိုင်းကို သူ မြင်တွေ့နိုင်ပေသည်။
ဤနေရာသည် ယခင်က မဟာရှနိုင်ငံနှင့် မည်သို့မျှ မခြားနားပေ။
နန်းတွင်း အရှုပ်အထွေးများ၊ လောကဓံ လှိုင်းတံပိုးများ၊ အေးချမ်းစွာ နေထိုင်လိုသော ပြည်သူများနှင့် သေဘေးကို ရင်ဆိုင်နေရသော လူမိုက်များ... အားလုံး ရှိနေကြသည်။
"တစ်ခုတည်းသော ကွာခြားချက်ကတော့ မဟာရှနိုင်ငံက ပြည်သူတွေဟာ တစ်ဖန်ပြန်လည် မွေးဖွားခွင့် မရှိကြတာပဲ။
အရင်က မြို့စောင့်နတ်မင်းကျောင်း မတည်ထောင်ခင်တုန်းကဆိုရင် သေပြီးရင် မရဏလမ်းကိုတောင် ရှာမတွေ့ကြဘူး။ အခုလည်း ယင်လောကမှာ သက်တမ်းကုန်တဲ့အထိ နေထိုင်ပြီးရင်တော့ လုံးဝ ပျောက်ကွယ်သွားကြတာပဲ"
"ဒါပေမဲ့ ဒီက ပြည်သူတွေကတော့ သေပြီးရင် ကျွယ်မင်ယင်လောကထဲကို ဝင်ပြီး ပြန်လည်မွေးဖွားခွင့် ရကြတယ်။ အတိတ်ဘဝကို မမှတ်မိကြတော့ပေမဲ့ အနည်းဆုံးတော့ နောက် ၁၈ နှစ်ကြာရင် ငါဟာ လူချောတစ်ယောက် ပြန်ဖြစ်လာဦးမှာပါ လို့ ကြွေးကြော်နိုင်ကြသေးတယ်"
"အစ်ကိုကြီး... ကျွန်မတို့ မိဘတွေကို ဘယ်တော့ တွေ့ရမှာလဲဟင်"
ဖန့်ရှောင်ပန်းက ဖန့်ချန်၏ ဘေးသို့ လာကာ မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။
ရှန့်ဝူနှင့် တိုးတိုးလေး စကားပြောနေသော ဖန့်ရှောင်ထျန်းကလည်း မော့ကြည့်လာသည်။
"မိဘတွေက ဒီမှာ မရှိဘူး၊ သူတို့ကို တွေ့ဖို့အတွက် နောက်ထပ် အချိန်အတန်ကြာ စောင့်ရဦးမယ်။ မလောနဲ့ဦး... နှစ်ပေါင်းရာချီတောင် စောင့်ခဲ့ရတာပဲ၊ ဘာကို ကြောက်နေသေးလို့လဲ"
ဖန့်ချန်က ပြုံးလျက်
"အချိန်သင့်ရင် ငါ့ရဲ့ ညီမလေး (မင်းတို့ရဲ့ အစ်မကြီး) နဲ့လည်း ပေးတွေ့ပါ့မယ်"
သူတို့နှစ်ယောက်မှာ အနည်းငယ် စိတ်ပျက်သွားသော်လည်း ရင်ထဲတွင်မူ ပို၍ မျှော်လင့်လာကြသည်။ မိဘများကို တွေ့ရမည့် မျှော်လင့်ချက်သာမက ထိုအစ်မကြီးကို တွေ့ရမည့် မျှော်လင့်ချက်လည်း ပါဝင်နေသည်။
"ဖန့်အမာခံတပည့်... ရှေ့မှာ ရှေးဦးလူသားတောင် ဖြစ်ရပါမယ်"
နန်မင်ရှောက်ကျဲ နှင့် အဖွဲ့သားများ လျှောက်လာကြသည်။ ယခုအခါ နဂါးနက်လှေကို သူတို့က ကိုင်တွယ်နေရသဖြင့် အမှားအယွင်း မရှိစေရန် ကြယ်မြေပုံ ရှေ့မှ မခွာဘဲ စောင့်ကြည့်နေခဲ့ကြခြင်း ဖြစ်သည်။
ဖန့်ချန် လှမ်းကြည့်လိုက်သောအခါ တုန်းရှန့်နိုင်ငံ၏ အလယ်ဗဟိုတွင် အဆုံးမရှိသော သစ်တောပင်လယ်ကြီးအတွင်း စိမ်းလန်းစိုပြည်သော တောင်တန်းကြီးတစ်ခု မားမားမတ်မတ် တည်ရှိနေသည်ကို တွေ့ရသည်။
"ရှောက်ကျဲ... မင်းက ကျွယ်မင်နန်းတော်မှာ ငါ့ထက် ကြာပြီဆိုတော့ ဒီနေရာကို ဘာလို့ ရှေးဦးလူသားတောင် လို့ ခေါ်တာလဲဆိုတာ သိလား"
ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။
နန်မင်ရှောက်ကျဲ မှာ ခေတ္တ မှင်တက်သွားပြီးနောက် အဖြေမမှားစေရန် သေချာ စဉ်းစားလိုက်သည်။
ခဏအကြာတွင် သူက ဆိုသည်
"အတိအကျတော့ မသိပါဘူး၊ ဒါပေမဲ့ ကြားဖူးတာကတော့ အရင်တုန်းက အလွန်ထူးချွန်တဲ့ နန်းတော်သခင်ကြီးတစ်ပါးဟာ ဒီနေရာမှာ လူသားမသေမျိုး အဆင့် ၉ အဆင့်ကို တက်လှမ်းနိုင်ခဲ့လို့လို့ ဆိုကြတယ်"
သူက ဆက်ပြောသည်
"ဒါကလည်း ကြားရုံတင်ပါပဲ၊ ကျွန်တော့်အစ်ကိုကို မေးကြည့်တော့လည်း ဒါက အမှန်လား အမှားလား သူ မသေချာဘူးတဲ့။ ဒါမှမဟုတ် ဒီက လူသားတွေက ဒီလိုပဲ ခေါ်ဝေါ်ကြရင်းနဲ့ နောက်ပိုင်းမှာ ဒီနာမည်က အတည်ဖြစ်သွားတာလည်း ဖြစ်နိုင်ပါတယ်"
ဖန့်ချန်က ခေါင်းညိတ်လိုက်သော်လည်း မှတ်ချက်တစ်စုံတစ်ရာ မပေးခဲ့ပေ။
နဂါးနက်လှေသည် ယခုအခါ ရှေးဦးလူသားတောင်၏ အထက်ကောင်းကင်သို့ ရောက်ရှိလာပြီ ဖြစ်သည်။
အောက်ဘက်တွင်မူ လူသားအမြောက်အမြားသည် ထိုနေရာ၌ ကောင်းကင်ဘုံအား ပူဇော်ခြင်းအခမ်းအနားကို ပြုလုပ်နေကြပုံရလေသည်။
အခန်း (၁၅၃၀) - ဤသူကား သိုင်းရူးတစ်ယောက်ပေတည်း
ဖန့်ချန်နှင့် အဖွဲ့သားများသည် ရှေးဦးလူသားတောင်ထဲသို့ အလောတကြီး ဝင်ရောက်ခြင်းမပြုကြသေးပေ။
ထိုလူသားတစ်စုသည် ဤနေရာ၌ ကောင်းကင်ဘုံအား ပူဇော်နေကြသည်ဆိုလျှင် ရှေးဦးလူသားတောင်သည် သူတို့အတွက် ထူးခြားသော အဓိပ္ပာယ်ရှိနေပေလိမ့်မည်။ ထို့ကြောင့် ဘာများဖြစ်မလဲဟု အကဲခတ်ကြည့်လိုက်ကြသည်။
ရှေးဦးလူသားတောင်၏ အောက်ခြေတွင် ကြီးမားလှသော ပူဇော်ရာစင်မြင့် ကြီးတစ်ခု ရှိနေသည်။
စင်မြင့်ထက်တွင်မူ တန်ဖိုးကြီးလှသော ဝတ်ရုံများကို ဆင်မြန်းထားကြသည့် အဘိုးအို၊ အဘွားအိုတစ်စု ရပ်နေကြသည်။
သူတို့သည် ပါးစပ်မှလည်း တတွတ်တွတ် ရွတ်ဆိုနေကြပြီး ရံဖန်ရံခါတွင် ကောင်းကင်သို့ ပြိုင်တူ ဒူးထောက်ဦးချကာ "ရှေးဦးလူသား... ရှေးဦးလူသား..." ဟု ကျယ်လောင်စွာ အော်ဟစ်နေကြလေသည်။
ပူဇော်ရာစင်မြင့် အနီးအနားတွင်မူ စောင့်ကြပ်နေသည့် သောင်းနှင့်ချီသော စစ်သည်တော် အထူးတပ်ဖွဲ့ကြီး ရှိနေသည်။ စစ်သည်တိုင်းမှာ ကိုယ်ခံပညာ အခြေခံရှိကြသူများဖြစ်ပြီး မြေဝက်ဝံကြယ် ရှိ သိုင်းပညာအဆင့်အတန်း သတ်မှတ်ချက်အရ ဆိုလျှင်
ကောင်းကင်အဆင့် ၊ မြေကမ္ဘာအဆင့် နှင့် လူသားအဆင့် ဟူ၍ ရှိရာ၊ ဤစစ်သည်များ၏ ကျင့်ကြံမှုမှာ လူသားအဆင့် မှ ချီစုစည်းခြင်း အဆင့်တွင် ရှိကြသည်။
ထိုထဲတွင် မြေကမ္ဘာအဆင့်နှင့် ကောင်းကင်အဆင့်သို့ပင် ရောက်ရှိနေသည့် အစွမ်းထက် ပညာရှင် အနည်းငယ်လည်း ပါဝင်နေသည်။
စင်မြင့်ထက်မှ အဘိုးအို၊ အဘွားအိုများသည် နောက်တစ်ကြိမ် ဒူးထောက်၍ ရှေးဦးလူသားအား အော်ဟစ်ပူဇော်ပြီးနောက် ပြိုင်တူ လှည့်ကြည့်လိုက်ကြရာ သူတို့၏ အကြည့်များမှာ စင်မြင့်အောက်ခြေရှိ ပိန်ပါးလှသော ပုံရိပ်ငယ်လေးတစ်ခုထံသို့ ကျရောက်သွားကြသည်။
"အရှင်မင်းကြီး... စင်မြင့်ထက်ကို ကြွလှမ်းပြီး ရှေးဦးလူသားရဲ့ ဘိသိက်တော်ကို ခံယူဖို့ အချိန်တန်ပါပြီ"
အသက် ၇ နှစ်၊ ၈ နှစ်အရွယ် ကလေးငယ်တစ်ဦး၏ နားနားတွင် မိန်းမစိုးအိုကြီးတစ်ဦးက ခါးကို ကိုင်းညွတ်လျက် တိုးတိုးလေး ပြောလိုက်သည်။
ဤမိန်းမစိုးအိုကြီး၏ ကျင့်ကြံမှုမှာ အလွန်မြင့်မားလှပြီး ကောင်းကင်စတုတ္ထအဆင့် မှ သိုင်းဧကရာဇ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထိုအဆင့်ရှိသော သိုင်းပညာရှင်တစ်ဦးသည် သာမန်လူသားများ၏ မျက်စိထဲတွင် နတ်ဘုရားနှင့် မခြားပေ။ အကယ်၍ သူသာ အစွမ်းကုန် ထုတ်သုံးလိုက်မည်ဆိုပါက သတိလက်လွတ်ဖြစ်နေသော ချီသန့်စင်ခြင်းအဆင့် ၁၂ ရှိသည့် ကျင့်ကြံသူပင်လျှင် ဒုက္ခလှလှတွေ့သွားနိုင်သည်။
"ကျန်းကုန်းကုန်း... ငါကိုယ်တော်သာ ရှေးဦးလူသားရဲ့ ဘိသိက်ကို ခံယူပြီးရင် တကယ်ပဲ တုန်းရှန့်နိုင်ငံရဲ့ ဧကရာဇ် ဖြစ်လာမှာလား အရပ်ရပ်က လာပြီး အညံ့ခံ ပူဇော်ကြမှာလား "
ကလေးငယ်က မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။
မိန်းမစိုးအိုကြီးမှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် လေးနက်စွာ ခေါင်းညိတ်ပြလိုက်ပြီး ခိုင်မာပြတ်သားသော အသံဖြင့် ဆိုသည်။
"အရှင်မင်းကြီးသာ ရှေးဦးလူသားရဲ့ ဘိသိက်ကို ခံယူလိုက်ရင် တုန်းရှန့်နိုင်ငံရဲ့ ပထမဆုံးသော ဧကရာဇ် ဖြစ်လာမှာပါ။ အရပ်ရပ်က အင်အားစုတွေဟာ အသိအမှတ်ပြုချင်သည်ဖြစ်စေ၊ မပြုချင်သည်ဖြစ်စေ အသိအမှတ်ပြုရမှာပဲ။ ဘယ်သူကများ ကန့်ကွက်ဝံ့မှာလဲ... ကန့်ကွက်ရင် ရှေးဦးလူသားကို စော်ကားတာပဲ "
ယခုအခါတွင် မျက်လုံးပေါင်း သောင်းနှင့်ချီ၍ ထိုကလေးငယ်ထံသို့ စုပြုံကျရောက်နေသည်။
ထိုအကြည့်များထဲတွင် မျှော်လင့်ချက်၊ စိတ်လှုပ်ရှားမှု၊ ကြောက်ရွံ့ရိုသေမှုများ ပါဝင်နေသလို စိုးရိမ်ပူပန်မှုနှင့် တွန့်ဆုတ်မှုများလည်း ရောယှက်နေလေသည်။
နဂါးနက်လှေပေါ်တွင်မူ ဖန့်ရှောင်ထျန်းက အဝေးသို့ တစ်ချက်ဝေ့ကြည့်လိုက်ပြီး ရုတ်တရက် ဆိုသည်။
"သူတို့ရဲ့ ပူဇော်ပွဲ အခမ်းအနားကတော့ အနှောင့်အယှက် ခံရတော့မယ် ထင်တယ်"
ရောက်ရှိနေသော ကျင့်ကြံသူများမှာ တစ်ယောက်ထက်တစ်ယောက် မျက်စိလျင်ကြသူများ ဖြစ်ရာ အောက်ဘက်ရှိ လှုပ်ခတ်နေသော အရှုပ်အထွေးများကို မည်သို့ ဖုံးကွယ်ထားနိုင်ပါမည်နည်း။
ရှေးဦးလူသားတောင်၏ ပတ်ဝန်းကျင်တွင် မတူညီသော အင်အားစုအသီးသီးမှ လူများသည် ပူဇော်ရာစင်မြင့်ကို တိတ်တဆိတ် ဝိုင်းရံပိတ်ဆို့နေကြပြီ ဖြစ်သည်။
သူတို့အားလုံးမှာ အုပ်စုတစ်ခုတည်း မဟုတ်ကြသော်လည်း ယခုအချိန်တွင် သူတို့၏ ရည်ရွယ်ချက်မှာ တူညီနေကြသည်။
"အစ်ကိုကြီး... ဟိုကလေးလေးတော့ ဒုက္ခတွေ့တော့မယ် ထင်တယ်"
ဖန့်ရှောင်ပန်းက ထိုကလေးငယ်ကို ငုံ့ကြည့်ရင်း မျက်နှာတွင် စိုးရိမ်ရိပ်များ ယှက်သန်းလာသည်။
အရပ်မျက်နှာ အသီးသီးမှ ရက်စက်ကြမ်းကြုတ်သော ပုံစံများရှိသည့် လူအုပ်ကြီးနှင့် နှိုင်းယှဉ်လျှင် ၇ နှစ်၊ ၈ နှစ်အရွယ် ကလေးငယ်လေးမှာ သူမ၏ သနားဂရုဏာကို ပိုမိုလှုံ့ဆော်ပေးနေလေသည်။
"ရှောင်ပန်းလေး... ကျင့်ကြံသူ ဖြစ်လာပြီဆိုရင်တော့ လူသားတွေကြားက အငြင်းပွားမှုတွေကို ဝင်မပါတာ အကောင်းဆုံးပဲ။ ငါတို့ကျင့်ကြံသူတွေရဲ့ လက်နက်က သူတို့ထက် အဆပေါင်းများစွာ သာလွန်လွန်းတယ်။ တကယ်လို့ ငါတို့သာ ဝင်ပါလိုက်ရင် လောကရဲ့ ဟန်ချက်ကို ထိခိုက်သွားစေနိုင်တယ်"
တန့်လင်ခုန်းက ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ဝင်ပြောလိုက်သည်။
"အကျိုးအကြောင်း ရှိပါတယ်၊ ကျင့်ကြံသူတွေဟာ လူသားတွေရဲ့ တိုက်ပွဲမှာ ဝင်မပါတာ အကောင်းဆုံးပဲ။ သူတို့ချင်း တိုက်ခိုက်ရင် သေဆုံးဒဏ်ရာရတာ သောင်းဂဏန်းလောက်ပဲ ရှိမယ်။
ဒါပေမဲ့ ကျင့်ကြံသူတွေသာ ပါဝင်ပတ်သက်လိုက်ရင် နောက်ဆက်တွဲ ဂယက်ရိုက်မှုတွေက လူသား သန်းနဲ့ချီ၊ ကုဋေနဲ့ချီတဲ့ ဘဝတွေကို ထိခိုက်သွားစေနိုင်တယ်"
ဖန့်ချန်က ပြုံးလျက် ဆိုသည်
"ဒီနေ့ ကိစ္စကိုပဲ ကြည့်ဦး၊ အဲ့ဒီအင်အားစုတွေရဲ့ ရည်ရွယ်ချက်က ဒီဧကရာဇ်လေး နန်းတက်တာကို တားဆီးဖို့ပဲ။
ငါတို့ကသာ ဝင်ပါပြီး သူ့ကို နန်းတက်အောင် လုပ်ပေးလိုက်ရင်... နောင်နှစ်အတော်ကြာမှာ သူက မင်းကောင်းမင်းမြတ် ဖြစ်လာရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ သူကသာ မင်းဆိုးမင်းညစ် ဖြစ်လာရင် ငါတို့ဟာ မသိစိတ်ထဲကနေ ကံကြမ္မာအကျိုးပေး တွေကို ဆွဲယူမိသလို ဖြစ်သွားလိမ့်မယ်"
ဖန့်ရှောင်ပန်းက သေချာစဉ်းစားကြည့်လိုက်ရာ မျက်နှာထားမှာ ရုတ်တရက် လေးနက်သွားတော့သည်။
နန်မင်ရှောက်ကျဲနှင့် အဖွဲ့သားများလည်း တိတ်တဆိတ် ခေါင်းညိတ်ကြသည်။ ဤသဘောတရားကို သူတို့ကျင့်ကြံစကတည်းက လူကြီးမိဘများက အထူးတလည် မှာကြားခဲ့ဖူးသည်။
"ဒါပေမဲ့လည်း..."
ဖန့်ချန်က ပြုံးလိုက်ပြန်သည်
"ကျင့်ကြံသူဆိုတာ လွတ်လပ်မှု ကို ကျင့်ကြံတာပဲ။ အကယ်၍ မင်းက ဒီကလေးလေးကို ကြည့်ရတာ သဘောကျလို့ ကူညီချင်တယ်ဆိုရင်တော့ လက်နက်ထုတ်လို့ ရပါတယ်။ နောက်ဆက်တွဲ ကံကြမ္မာအကျိုးပေးတွေကို ခံယူဖို့ အဆင်သင့်ဖြစ်နေရင်ပေါ့"
လူတိုင်း မှင်တက်သွားကြပြီး နန်မင်ရှောက်ကျဲက စကားပြောရန် ဟန်ပြင်သော်လည်း ပြန်ငြိမ်သွားသည်။
"တစ်ခါတလေမှာ စည်းကမ်းဘောင်ထဲကပဲ ကျင့်ကြံနေတာဟာ ကောင်းတဲ့အချက် မဟုတ်ဘူး။ အခွင့်အလမ်း ဘယ်လောက်များများက သေခြင်းနဲ့ ရှင်ခြင်းကြားမှာ ရရှိခဲ့ကြတာလဲ။
မျိုးရိုးအစဉ်အလာနဲ့ နောက်ခံရှိတဲ့ ကျင့်ကြံသူတွေဟာ အခွင့်အလမ်းအတွက် အသက်နဲ့ရင်းပြီး မတိုက်ရပေမဲ့၊ အသက်နဲ့ရင်းပြီး တိုက်နေတဲ့ ကျင့်ကြံသူတွေကို မှားတယ်လို့ ပြောလို့မရဘူး"
ဖန့်ချန်က ဖန့်ရှောင်ပန်းကို ကြည့်လိုက်သည်
"မင်း ဘာလုပ်ချင်လဲ၊ လုပ်ချင်တာကိုသာ လုပ်ပါ။ အစ်ကိုကြီးက မင်းဘက်မှာ ရှိတယ်"
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"
ဖန့်ရှောင်ပန်းက အဓိက အချက်ကို ချက်ချင်း သဘောပေါက်သွားပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။
"ဒါဆိုရင်တော့ ကျွန်မတို့ ခဏလောက် ထပ်စောင့်ကြည့်ကြရအောင်၊ ဒီကလေးလေးက ရှုံးချင်မှ ရှုံးမှာပါ"
ကလေးငယ်သည် စင်မြင့်ထက်သို့ လှမ်းတက်သွားပြီး လူပေါင်းများစွာ၏ မျှော်လင့်တကြီး ကြည့်နေသော အကြည့်များကြားတွင် စင်မြင့်အလယ်ဗဟိုသို့ ရောက်ရှိလာခဲ့သည်။
နောက်ထပ် နောက်ဆုံးအဆင့် အနည်းငယ်ကိုသာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ဤတုန်းရှန့်နိုင်ငံ၏ မျိုးဆက်သစ် ဧကရာဇ်လေးသည် တရားဝင် နန်းတက်နိုင်ပြီ ဖြစ်သည်။
"တုန်းရှန့်နိုင်ငံဟာ နာမည်ပဲရှိပြီး ပျက်သုဉ်းလုနီးပါး ဖြစ်နေတာ နှစ်ပေါင်းများစွာ ကြာပြီ။ မျှော်လင့်တာကတော့... အရှင်မင်းကြီးဟာ တုန်းရှန့်နိုင်ငံအတွက် နောက်ထပ် ဘဝသစ်တစ်ခုကို ဆက်ပေးနိုင်ပါစေသား"
မိန်းမစိုးအိုကြီးက ဧကရာဇ်လေး၏ ကျောပြင်ကို ကြည့်ရင်း မျက်ဝန်းထဲတွင် မျှော်လင့်ချက်အရိပ်အယောင်များ ပေါ်လွင်နေသည်။
သို့သော်လည်း ထိုအချိန်မှာပင် အရပ်မျက်နှာအသီးသီးမှ မြားပေါင်းမြောက်မြားစွာသည် လေထုကို ခွင်းလျက် ရုတ်တရက် ရောက်ရှိလာတော့သည်။ ပြင်းထန်သော မုန်တိုင်းတစ်ခုသဖွယ် တားဆီး၍ မရနိုင်လောက်အောင်ပင်။
ဗြုန်း... ဗြုန်း... ဗြုန်း...
စင်မြင့်ထက်မှ အဘိုးအို၊ အဘွားအို ထက်ဝက်ကျော်မှာ ခဏချင်းမှာပင် မြားထိမှန်သွားကြသည်။
မြားများ၏ အရှိန်မှာ အလွန်ပြင်းထန်လှသဖြင့် သူတို့၏ ခန္ဓာကိုယ်များမှာ ပေါက်ကွဲထွက်သွားပြီး သွေးစသားစများမှာ ကောင်းကင်အနှံ့ လွင့်စဉ်သွားတော့သည်။
ကျန်ရှိနေသော အဘိုးအို၊ အဘွားအိုများသည်လည်း ဧကရာဇ်လေးကို ကာကွယ်ရန် မိမိတို့ခန္ဓာကိုယ်ဖြင့် မြားများကို ပိတ်ဆို့လျက် ချက်ချင်း ရှေ့သို့ ပြေးဝင်သွားကြသည်။
"သစ္စာဖောက် ပုန်ကန်သူတွေပဲ... သတ်ကြ"
မိန်းမစိုးအိုကြီး၏ မျက်နှာမှာ မည်းမှောင်သွားပြီး သူ၏ အနိမ့်သံ ဟိန်းဟောက်မှုနှင့်အတူ ကောင်းကင်အဆင့်အထွတ်အထိပ် သိုင်းပညာရှင်၏ စွမ်းအားများသည်လည်း တစ်ခဏချင်းမှာပင် ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော လေလှိုင်းများသည် အရပ်မျက်နှာအသီးသီးသို့ ရိုက်ခတ်သွားပြီး ကောင်းကင်ပေါ်မှ မြားများအားလုံးမှာ အမှုန့်ဖြစ်သွားကြသည်။
နောက်တစ်ခဏတွင် သူသည် စင်မြင့်ထက်သို့ ရောက်ရှိသွားပြီး သူ၏ ကျယ်ပြန့်သော ဝတ်ရုံစဖြင့် ဧကရာဇ်လေးကို အုပ်မိုးကာကွယ်ကာ အေးစက်လှသော အကြည့်များဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
"သတ်ကြဟေ့"
သောင်းနှင့်ချီသော စစ်သည်တော်များသည် စစ်ဗိုလ်ချုပ်များ၏ ဦးဆောင်မှုဖြင့် လူနည်းစုသာ ဤနေရာကို ခုခံစောင့်ကြပ်ပြီး ကျန်ရှိသောသူများမှာ ကျူးကျော်လာသော ရန်သူများကို အသက်မငဲ့ဘဲ တိုက်ခိုက်ကြတော့သည်။
လက်ဖက်ရည်တစ်ခွက်စာ အချိန်အတွင်းမှာပင် ညှီစို့စို့ သွေးနံ့များမှာ တောအုပ်တစ်ခုလုံး ဖုံးလွှမ်းသွားတော့သည်။
"ဒါက ရှေးဦးလူသားတောင်ပဲ၊ တုန်းရှန့်နိုင်ငံရဲ့ သန့်စင်တဲ့ မြေမြတ်၊ လောကရှိ သက်ရှိအားလုံးရဲ့ မြစ်ဖျားခံရာနေရာပဲ။ မင်းတို့လို သစ္စာဖောက်တွေက ရဲတင်းလှချည်လား၊ ဒီနေရာမှာ လက်နက်ထုတ်ဝံ့တယ်ဆိုတော့... ကောင်းကင်က ဒဏ်ခတ်တာကို ခံရမယ်၊ အဝီစိငရဲထဲကို ထာဝရ ကျဆင်းသွားစေရမယ် "
မိန်းမစိုးအိုကြီးသည် နိုးကြားလာသော ခြင်္သေ့တစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်ရာ အသံလှိုင်းများမှာ အရပ်ရှစ်မျက်နှာသို့ ဟိန်းထွက်သွားလေသည်။
"ဒီသေနာ မိန်းမစိုးအို... မင်းတို့ အာဏာကိုင်ထားလို့သာ တုန်းရှန့်က နာမည်ပဲကျန်တော့တာ၊ အင်အားကြီးသူတွေက နယ်မြေအသီးသီးကို ခွဲဝေအုပ်ချုပ်နေကြတာ။
ဒီနေ့ မင်းတို့ရဲ့ နောက်ဆုံးစစ်တပ်ကို အကုန်သတ်၊ မင်းလို ခွေးမိန်းမစိုးကို ရှင်းပြီး ဧကရာဇ်လေးကို သတ်လိုက်ရင်... တုန်းရှန့်ဟာ မိုးဦးနေဝန်းလို ပြန်ထွက်လာပြီး ကောင်းကင်ယံကို စိုးမိုးနိုင်လိမ့်မယ် "
ပြင်းထန်သော အော်ဟစ်သံနှင့်အတူ ထွားကျိုင်းလှသော လူသန်ကြီးတစ်ဦးသည် လေပေါ်၌ လမ်းလျှောက်လျက် ရောက်ရှိလာသည်။
သူ၏ ပတ်ဝန်းကျင်တွင် စွမ်းအားများမှာ သိပ်သည်းနေပြီး မြားများပင် အနားမကပ်နိုင်ပေ။ သူဖြတ်သန်းသွားရာ နေရာတိုင်းမှာ သားရဲကြီးတစ်ကောင် သောင်းကျန်းနေသကဲ့သို့ပင်။
သူ၏ ကိုယ်ထည်မှ ထွက်ပေါ်နေသော အရှိန်အဝါတစ်ခုတည်းနှင့်ပင် အနီးနားရှိ စစ်သည်များမှာ သွေးအန်ကာ သေဆုံးကုန်ကြသည်။
"ဟိုကျန်းမင်း ရဲ့ လက်အောက်က နံပါတ်တစ် လက်ရုံး ချီပေရှန့် လား "
မိန်းမစိုးအိုကြီး၏ မျက်ဝန်းထဲတွင် လေးနက်သော အရိပ်အယောင်များ ပေါ်လာသည်။
ထိုအချိန်မှာပင် နောက်ထပ် အော်ဟစ်သံအချို့ ထွက်ပေါ်လာပြီး ပုံရိပ် ၃ ခုသည် မတူညီသော အရပ်မျက်နှာများမှ ပူဇော်ရာစင်မြင့်ထက်သို့ လေပေါ်၌ လမ်းလျှောက်လျက် ပြေးဝင်လာကြသည်။
ဤလေးယောက်လုံး၏ ကျင့်ကြံမှုမှာ ကောင်းကင်အဆင့် အထွတ်အထိပ် များဖြစ်ကြပြီး ဤလောကရှိ အထွတ်အထိပ် ပညာရှင်များပင် ဖြစ်ကြသည်။
"လာကြစမ်း"
မိန်းမစိုးအိုကြီးက ရုတ်တရက် ရက်စက်စွာ ပြုံးလိုက်သည်။ သူ၏ ကိုယ်လုံးမှာ လျှပ်စီးကဲ့သို့ လျင်မြန်လှပြီး ပတ်ဝန်းကျင်ကို တစ်ပတ်ဝေ့ကာ ပညာရှင်တစ်ဦးချင်းစီကို တစ်ကွက်စီ တိုက်ခိုက်လိုက်ပြီးနောက် ဧကရာဇ်လေး၏ ဘေးသို့ ပြန်လည် ရောက်ရှိလာသည်။
ဗြုန်း...
ချီပေရှန့် အပါအဝင် ကောင်းကင်အထွတ်အထိပ် ပညာရှင် ၄ ဦးလုံးမှာ နေရာမှာတင် သွေးအန်ကာ နောက်သို့ လွင့်စဉ်သွားကြတော့သည်။
"ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ..."
ထိုလေးယောက်စလုံး၏ ရင်ထဲတွင် မယုံနိုင်စရာများ ပြည့်နှက်သွားသည်။ ဤမိန်းမစိုးအိုကြီး၏ အစွမ်းက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ အားကောင်းနေရတာလဲ...
နဂါးနက်လှေပေါ်တွင်မူ ဖန့်ရှောင်ပန်းမှာ အတော်လေး အံ့ဩသွားသည်။ ဖန့်ချန်က သူမကို ပြုံးပြုံးလေး ကြည့်နေသည်ကို တွေ့မှသာ သူမက တွန့်ဆုတ်စွာ မေးလိုက်သည်။
"အစ်ကိုကြီး... ဒီမိန်းမစိုးရဲ့ သိုင်းပညာက အတော်လေး မြင့်မားနေတာကို အစကတည်းက ကြိုမြင်နေတာလား "
လူတိုင်းလည်း အနည်းငယ် အံ့အားသင့်သွားကြသည်။ အကြောင်းမှာ ဤလူသားများသည် သိုင်းပညာကိုသာ ကျင့်ကြံကြခြင်းဖြစ်ရာ သူတို့က အလေးထား၍ မကြည့်ခဲ့မိကြပေ။ ယခုမှသာ ထိုမိန်းမစိုးအိုကြီး၏ လက်ကွက်မှာ သိုင်းပညာ၏ ဘောင်ကိုပင် ကျော်လွန်နေပြီဖြစ်ကြောင်း သတိပြုမိကြသည်။
သူတို့ကိုယ်တိုင်ပင်လျှင် ထိုမိန်းမစိုးအိုကြီးထံမှ အန္တရာယ်ရှိသော အငွေ့အသက်အချို့ကို ခံစားနေရလေသည်။
"ဒီလူက သိုင်းရူးတစ်ယောက်ပဲ"
ဖန့်ချန်က မိန်းမစိုးအိုကြီးကို ကြည့်ရင်း တိုးညှင်းစွာ ရေရွတ်လျက် သက်ပြင်းချလိုက်မိလေတော့သည်။