အခန်း (၅၂၅-၅၂၆)
Vol. 53 Ch. 525-526
အခန်း (၅၂၅) - မိုးကြိုးပစ်ခံရခြင်း ၊ ရွှေခေါင်းဆောင်းအတွင်းမှ သက်လတ်ပိုင်းတာအိုဆရာ ၊ ကျုံးနန်တောင်မှ ကျားချွမ်းဖန်း
ထိုလျှို့ဝှက်ဆန်းကြယ်သော ဇွန်ဘီသည် သေအံ့ဆဲဆဲအထိ တစ်ခုကို နားမလည်နိုင်ခဲ့ချေ။
အဘယ်ကြောင့် တစ်ဖက်လူသည် မိမိနှင့်အတူ အသေခံမည့်အရေးကိုပင် ဂရုမစိုက်ဘဲ ဤမျှပြင်းထန်လှသော မိုးကြိုးကျင့်စဉ်ကို ထုတ်လွှတ်ခဲ့ရသနည်းဟူ၍ပင်။
ဝုန်း... ဝုန်း... ဝုန်း
တောင်ကြားအပြင်ဘက်ရှိ ဟွေ့ကျိန်းနှင့် အခြားသူများမှာ မိမိတို့၏ မျက်စိရှေ့တွင် လုံးဝဖြူဖွေးသွားကာ ဝိညာဉ်တစ်ခုလုံး ပူလောင်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သတိပြန်လည်လာချိန်တွင်လည်း ဦးနှောက်မှာ မူးဝေနောက်ကျိနေဆဲပင်။ ဤသည်မှာ မိုးကြိုးသံကြောင့် ဝိညာဉ်တုန်လှုပ်သွားခြင်း ပင် ဖြစ်သည်။
ပုံမှန်အားဖြင့် ဝိညာဉ်ခန္ဓာအပြင်ထွက်ခြင်း အတတ်ကို အသုံးပြုနေစဉ် တောတောင်ထဲ၌ မိုးကြိုးနှင့် တိုးပါက ဝိညာဉ်လွင့်ထွက်ကာ တုန်လှုပ်သွားတတ်သည်။
အဘယ်ကြောင့်ဆိုသော် မိုးကြိုးကျင့်စဉ်သည် လောက၏ အမြင့်ဆုံးသော သန့်စင်သည့်စွမ်းအား ဖြစ်သဖြင့် ဝိညာဉ်အပေါ် ထိခိုက်မှု အလွန်ကြီးမားသောကြောင့် ဖြစ်သည်။
သို့သော် ၎င်းတို့မှာ ကျင့်စဉ်အောင်မြင်ပြီးသော ဒုတိယအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ ဤမျှဝေးကွာသော နေရာမှနေ၍ လူသားခန္ဓာကိုယ်အတိုင်း ရှိနေပါလျက်နှင့် အဘယ်ကြောင့် မိုးကြိုးသံကြောင့် ဝိညာဉ်တုန်လှုပ်သွားရသနည်း ဟွေ့ကျိန်းဘုန်းကြီးသည် သတိတဖြည်းဖြည်း ပြန်လည်လာစဉ် စိတ်ထဲ၌ လှိုင်းတံပိုးများ ထန်နေတော့သည်။
"တောင်ကြားထဲမှာ ဘာတွေဖြစ်ကုန်တာလဲ "
သူသည် မယုံကြည်နိုင်ဟန်ဖြင့် တောင်ကြားကို စိုက်ကြည့်နေမိသည်။
ထိုအချိန်တွင် တောင်ကြားအတွင်း၌မူ... ထိုလျှို့ဝှက်ဆန်းကြယ်သော တာအိုဝတ်ရုံဝတ် လူသေကောင်မှာ ပြာအဖြစ်သို့ လုံးဝပြောင်းလဲသွားပြီဖြစ်သည်။
သူကိုယ်တိုင်ပင် ထင်မှတ်ထားမည်မဟုတ်ချေ။ အဆင့်ဆင့်သော အကွက်ချမှုများ၊ ထိတ်လန့်ဖွယ် နည်းလမ်းများကို ပြင်ဆင်ထားခဲ့ပါလျက်နှင့် နောက်ဆုံးတွင် လူငယ်တာအိုဆရာတစ်ယောက်၏ မိုးကြိုးပစ်ချမှုကို အသေအလဲ ခံလိုက်ရလိမ့်မည်ဟု။
သူသည် သူ၏စွမ်းအားများကို ကောင်းကောင်းမထုတ်ပြရသေးမီ၊ ထိုကြီးကျယ်သော ပြိုင်ဆိုင်မှုခေတ်ကြီး တွင် မိမိအတွက် အကွက်မချရသေးမီမှာပင် လူ့လောကစင်မြင့်ထက်မှ စောစီးစွာ ထွက်ခွာသွားခဲ့ရလေပြီ။
ထိုစဉ် တောင်ကြားထဲ၌ လူရိပ်တစ်ခု ဖြည်းညှင်းစွာ ထရပ်လာသည်။ သူ၏ အပေါ်ပိုင်းမှာ ဗလာကျင်းနေပြီး ပေါက်ကွဲထွက်လုမတတ် ကြံ့ခိုင်သော ကြွက်သားများ ပေါ်လွင်နေသည်။ သို့သော် တစ်ကိုယ်လုံးမှာ မိုးကြိုးပစ်ခံထားရသဖြင့် မီးသွေးတုံးကဲ့သို့ မည်းမှောင်နေ၏။
ထိုသန်မာလှသော ကြွက်သားများပင်လျှင် မီးလောင်ကျွမ်းကာ မီးသွေးဖြစ်နေပြီဖြစ်သည်။ အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် အပေါ်ယံ အလွှာများမှာ တဖျတ်ဖျတ်နှင့် မြေပေါ်သို့ ကြွေကျနေသည်။ မြင်ရသူအဖို့ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
သူသည် ကျန့်ကျောင်းဓားကို မြေမှာထောက်ကာ၊ တည်ငြိမ်သော်လည်း ရူးသွပ်မှုအချို့ ပါဝင်နေသော မျက်ဝန်းများဖြင့် ပြောလိုက်သည်။
"ခွေးမသား... ဘယ်သူ့အသက်က ပိုမာသလဲ ကြည့်ကြတာပေါ့ "
ထို့နောက် သူသည် ရယ်မောလိုက်တော့သည်။
အစပိုင်းတွင် အပြုံးမျှသာ ဖြစ်သော်လည်း၊ နောက်ပိုင်းတွင်မူ ရယ်သံမှာ ရဲရဲဝံ့ဝံ့နှင့် အားရပါးရ ဖြစ်လာသည်။
ကုသိုလ်မှတ် တစ်သိန်း
ဤသည်မှာ ထိုလျှို့ဝှက်ဆန်းကြယ်သော လူသေကောင် လုံးဝဥဿုံ ပျက်စီးသွားပြီဖြစ်ကြောင်း သက်သေပင်။ မဟာတာအို၏ အသံသည် မည်သည့်အခါမျှ မမှားယွင်းနိုင်ချေ။
သူသည် ကျန်းထင်ရှန်းမှ စပျစ်သီးတစ်လုံးကို ထုတ်ယူကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ရာ၊ အသက်ဓာတ်စွမ်းအားတစ်ခုက သူ၏ခန္ဓာကိုယ်ကို ချက်ချင်းပင် စတင်ကုသပေးတော့သည်။
သူ၏ သိုလှောင်အိတ်မှာ ဤမိုးကြိုးဘေးဒဏ်အောက်တွင် ပျက်စီးမသွားခဲ့သဖြင့် သူ၏ကိုယ်ပေါ်၌ ဆေးဝါးများစွာ ရှိနေသေးသည်။
ကျန်းထင်ရှန်းမှ စပျစ်သီးသည် သူ၏ခန္ဓာကိုယ်ကို ချက်ချင်းပြန်မကောင်းစေသော်လည်း၊ သူ၏အတွင်းကလီစာငါးပါးနှင့် သွေးကြောများကိုမူ အဆက်မပြတ် အားဖြည့်ပေးနေသည်။
လီယန်ချူ သတိထားမိသည်မှာ ထိုလူသေကောင်သည် ပြည့်စုံသော တည်ရှိမှုတစ်ခု ဖြစ်သည်ဟူ၍ပင်။ ထောင်ယွမ်ရှန်းအတွင်းမှ ထိုရှေးဟောင်းတားမြစ်ချက်များနှင့် မတူချေ။ ထိုအရာများမှာ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သဖြင့် သတ်လိုက်သော်လည်း ကုသိုလ်မှတ် မရရှိခဲ့ပေ။
သူသည် တစ်ဖက်လူ၏ နောက်ခံအကြောင်းကို အလွန်စိတ်ဝင်စားသော်လည်း၊ ဤမျှ လျှို့ဝှက်ဆန်းကြယ်သော ရန်သူနှင့် ဉာဏ်ကစားရန် သူယုံကြည်ချက်မရှိချေ။ အသေအလဲ တိုက်ခိုက်နိုင်လျှင် အရင်ဆုံး သတ်ပစ်ဖို့သာ စဉ်းစားသည်။
အချိန်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် သူ၏အသက်ရှူသံမှာ တည်ငြိမ်လာပြီး၊ မီးသွေးကဲ့သို့ ဖြစ်နေသော ခန္ဓာကိုယ်မှာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။ လီယန်ချူသည် သူ၏ ဝိညာဉ် မှာ ယခင်ကထက် ပိုမိုခိုင်မာသိပ်သည်းလာသည်ကို ဝမ်းသာအားရ တွေ့ရှိလိုက်ရသည်။ ဒုတိယအဆင့် အထွတ်အထိပ်တွင် ရှိစဉ်ကထက် ဆယ်ဆမက ပို၍ ခိုင်မာသွားခြင်း ဖြစ်သည်။
ယခုအခါ သူသည် ဝိညာဉ်အသွင်သဏ္ဌာန် ကို မထုတ်ဖော်ပါကပင်၊ သာမန်ဝိညာဉ်အခြေအနေဖြင့်ပင် အလွန်အစွမ်းထက်နေပြီဖြစ်သည်။ ကောင်းကင်လေနှင့် မြေကြီးမီး ကိုပင် မကြောက်တော့ချေထို့ပြင် ဝိညာဉ်အတွင်းမှ သန့်စင်သည့်အရှိန်အဝါ မှာလည်း ပိုမို ထူထပ်လာခဲ့သည်။
ခန္ဓာကိုယ်တစ်ခုလုံး မူလအတိုင်း ပြန်လည်ကောင်းမွန်လာချိန်တွင် သူသည် မီးသွေးတုံးဘဝမှ မျက်ခုံးကောင်း၊ မျက်လုံးကောင်းနှင့် ချောမောခန့်ညားသော လူငယ်တာအိုဆရာလေးအဖြစ်သို့ ပြန်လည်ရောက်ရှိသွားသည်။ ယခင်နှင့် ဘာမှမထူးခြားသော်လည်း၊ သိုလှောင်အိတ်ထဲမှ အဝတ်အစားအသစ်များကို ထုတ်ဝတ်လိုက်ချိန်တွင် သူ၏ အရှိန်အဝါမှာ ယခင်ကထက် ပို၍ ထက်မြက်လာခဲ့သည်။ သူ၏ မျက်ဝန်းအစုံထဲ၌ မိုးကြိုးအလင်းတန်းများ အရိပ်အယောင် လက်နေ၏။
ယခုတစ်ကြိမ် မိုးကြိုးပစ်ခံရခြင်းမှာ သူ၏ မိုးကြိုးကျင့်စဉ်အပေါ် ရင်းနှီးကျွမ်းဝင်မှုကို အများကြီး တိုးတက်စေခဲ့သည်။
အဓိကမှာ ဘေးအန္တရာယ်အများစုကို အစီရင်ဝတ်စုံနှင့် သူ၏ ဝိညာဉ်အတွင်းမှ နည်းလမ်းများဖြင့် ကာကွယ်ခဲ့ခြင်းကြောင့် ဖြစ်ပြီး၊ အစိတ်အပိုင်း အနည်းငယ်ကိုသာ သူကိုယ်တိုင် တိုက်ရိုက် ခံစားခဲ့ရခြင်း ဖြစ်သည်။
"ဒီတာအိုဝတ်စုံဝတ် လူသေကောင်က ဘယ်လောက်တောင် အစွမ်းထက်တာလဲမသိဘူး "
"တတိယအဆင့် အလယ်ပိုင်းလား၊ ဒါမှမဟုတ် နောက်ဆုံးအဆင့်လား "
လီယန်ချူသည် တတိယအဆင့်၏ စွမ်းအားခွဲခြားမှုကို သေချာနားမလည်သေးချေ။ သို့သော် ဤလူသေကောင်မှာ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ အံ့မခန်းဖြစ်ရုံသာမက၊ ဓာတ်ကြီးငါးပါး တာအိုအတတ်များကိုလည်း ကျွမ်းကျင်သဖြင့် ရင်ဆိုင်ရ အလွန်ခက်ခဲလှသည်။ သူသည် ကျန့်ကျောင်းဓား၏ ခုတ်ချက်ကို တိုက်ရိုက် တောင့်ခံနိုင်သော တည်ရှိမှုကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။
အမယ်လေးဗျာ ခုတ်လိုက်တာတောင် အရေပြားလေးတောင် မပဲ့ဘူး.....
သူသည် မိမိလက်ထဲမှ ကုသိုလ်မှတ် နှစ်သိန်းအဆင့်ရှိသော မိုးကြိုးငါးပါးအဆောင်ကို ပြန်စစ်ကြည့်ရာ၊ အဆောင်ပေါ်မှ နတ်စွမ်းအားများမှာ လုံးဝ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
"တကယ့် အဖျက်စွမ်းအားကြီး လက်နက်ပဲ၊ ဒါပေမဲ့ ကုန်ကျစရိတ်ကလည်း အရမ်းများလွန်းတယ် "
လီယန်ချူ မျက်မှောင်ကြုတ်သွားသည်။
သို့သော်လည်း ဤမိုးကြိုးငါးပါးအဆောင်၏ ပြင်းထန်မှုကို သူတွေ့မြင်ခဲ့ရပြီးဖြစ်သည်။ ထိုလူသေကောင်ကဲ့သို့ တည်ရှိမှုမျိုးပင်လျှင် တစ်ချက်တည်းနှင့် ပြာဖြစ်သွားခဲ့ရသည် မဟုတ်ပါလား။
ရုတ်တရက်
သူ၏ မျက်စိထဲတွင် အလင်းတစ်ခုကို မြင်လိုက်ရသည်။ ၎င်းမှာ ထိုလူသေကောင် ဆင်မြန်းခဲ့သော ရွှေခေါင်းဆောင်း ပင် ဖြစ်သည်။
ယခုအခါ လူသေကောင်မှာ ဝိညာဉ်ပါ ပျက်စီးသွားပြီဖြစ်ရာ တစ်ဖက်လူ၏ နောက်ကွယ်မှ အကွက်များကို သူ မစိုးရိမ်တော့ချေ။ သူသည် ခေါင်းဆောင်းကို တိုက်ရိုက်ကောက်ယူကာ သေချာကြည့်ရှုလိုက်သည်။
ဤရွှေခေါင်းဆောင်းမှာ ရှေးကျသော ပုံစံရှိပြီး၊ မြင့်မြတ်သောအသွင်မှလွဲ၍ အခြားထူးခြားသော အရှိန်အဝါ မတွေ့ရချေ။ သူသည် ခေါင်းဆောင်းကို အားဖြင့် တစ်ချက် ညှစ်ကြည့်ရာ၊ ရွှေပေါ်တွင် သူ၏လက်ဗွေရာ အနည်းငယ် ထင်ကျန်သွားသည်ကို တွေ့ရသည်။
"ဟေ..."
လီယန်ချူ မျက်လုံးပြူးသွားသည်။
ဤအရာက သာမန် ရွှေခေါင်းဆောင်းတစ်ခုသက်သက်ပဲလား သူ အနည်းငယ် နားမလည်ဖြစ်သွားသည်။ အကယ်၍ သာမန်အရာသာဆိုပါက စောစောက ပြင်းထန်လှသော မိုးကြိုးဘေးဒဏ်အောက်တွင် မည်သို့ ကျန်ရစ်နိုင်ပါမည်နည်း။
သူသည် ထိုရွှေခေါင်းဆောင်းကို ကြည့်ရင်း၊ သူ၏ခန္ဓာကိုယ်အတွင်းမှ ကျင့်စဉ်စွမ်းအား များကို အတွင်းသို့ ထည့်သွင်းကြည့်လိုက်သည်။
ရုတ်တရက်
ရွှေခေါင်းဆောင်းပေါ်မှ ငါးရောင်ခြည် အလင်းတန်းများ ပွင့်ထွက်လာပြီး၊ ခရမ်းရောင် အရှိန်အဝါများ ထွက်ပေါ်လာကာ ထူးခြားလှပသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
နောက်တစ်စက္ကန့်တွင်
မျက်လုံးရှည်ရှည် နှင့် သုံးလက်မခန့်ရှည်သော မုတ်ဆိတ်ဗလာရှိသည့် သက်လတ်ပိုင်းတာအိုဆရာတစ်ဦး ဟင်းလင်းပြင်ထဲ၌ ပေါ်လာသည်။
ထိုသူသည် ရွှေခေါင်းဆောင်းကို သူ၏ဦးခေါင်းပေါ်သို့ ဖြည်းညှင်းစွာ ဆင်မြန်းလိုက်၏။
လီယန်ချူ "........."
ထိုခံစားချက်မှာ... မိမိမှာ အင်အားအကုန်သုံးပြီး အဆင့်မြင့်ရန်သူ ကို သတ်လိုက်သော်လည်း၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုရန်သူက ပြန်လည် အသက်ဝင်လာသကဲ့သို့ပင် သို့သော် မိမိမှာမူ အစွမ်းထက်ဆုံး တိုက်ကွက် ကို သုံးပြီးသွားပြီဖြစ်ကာ၊ အားပြန်ပြည့်ရန် အချိန်စောင့်ရမည့်အခြေအနေ ဖြစ်နေသည်။
လီယန်ချူသည် ထိုသက်လတ်ပိုင်း တာအိုဆရာကို သတိကြီးစွာဖြင့် စိုက်ကြည့်နေမိသည်။ ဤသူသည် စောစောက လူသေကောင်၏ မူလရုပ်သွင် ဖြစ်နေမလား။
"တာအိုမိတ်ဆွေ... မင်္ဂလာပါ "
ထိုတာအိုဆရာမှာ ထင်မှတ်မထားလောက်အောင်ပင် ဖော်ရွေလှပြီး၊ သူ၏အသံမှာ ရှေးကျသော်လည်း အာဏာစက် ပါဝင်နေသည်။
မည်သူမျှ မပြစ်မှားဝံ့လောက်သော ခန့်ညားမှုမျိုး ရှိသူဖြစ်သည်။ လီယန်ချူသည် စကားတစ်ခွန်းမျှ မဆိုဘဲ ထိုသူကို အေးစက်စွာသာ စိုက်ကြည့်နေသည်။
"မိတ်ဆွေက ကျုပ်ကို တွေ့ရတယ်ဆိုရင် ကျုပ်ရဲ့ ခန္ဓာဟောင်း ကို သတ်လိုက်နိုင်ပြီ ထင်ပါတယ်။ မိတ်ဆွေကို ဒုက္ခပေးမိသွားပြီ"
ဟု တာအိုဆရာက အားနာဟန်ဖြင့် ဆိုသည်။
ခန္ဓာဟောင်း... လီယန်ချူ မျက်မှောင်ကြုတ်လိုက်ကာ
"ခင်ဗျားက တကယ်တော့ ဘယ်သူလဲ"
"ကျုပ်က ကျုံနန်တောင်၊ ချွမ်ကျန်း ဂိုဏ်းဝင် ကျားချွမ်းဖန်း ပါ"
ဟု တာအိုဆရာက ဆိုသည်။
လီယန်ချူသည် ဤအမည်ကို တစ်ခါမျှ မကြားဖူးချေ။ သူသည် ထိုသူကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။
"စောစောက လူသေကောင်က ခင်ဗျားရဲ့ ခန္ဓာဟောင်းလို့ ပြောတာလား "
"မှန်ပါတယ်"
ထိုမျက်လုံးရှည်နှင့် တာအိုဆရာက ခေါင်းငြိမ့်ပြသည်။
"အကြောင်းရင်းတစ်ခုကြောင့် ကျုပ်က ခန္ဓာဟောင်းကို စွန့်ပယ်ခဲ့ပေမဲ့ အပြီးတိုင် မဖျက်ဆီးနိုင်ခဲ့ဘူး။ ဒါကြောင့် သူ့ကို ချိပ်ပိတ်ထားခဲ့ရတာပါ။ ဒါပေမဲ့ အဲဒီခန္ဓာဟောင်းပေါ်မှာ စိတ်အသိသစ်တစ်ခု ပေါက်ဖွားလာပြီး သီးခြားတည်ရှိမှုတစ်ခု ဖြစ်လာခဲ့တယ်။ သူက သက်ရှိတွေကို သတ်ဖြတ်ပြီး သူ့ကိုယ်သူ အင်အားကြီးအောင် လုပ်ခဲ့တယ်။ သူပြုခဲ့တဲ့ အကုသိုလ်တွေက ကျုပ်အပေါ်ကိုလည်း သက်ရောက်မှုရှိနေတယ်။ ဘယ်လောက်ပဲ ကြီးမားတဲ့ ကုသိုလ်တွေ ရှိပါစေ၊ ဒီခန္ဓာဟောင်းရဲ့ ဖျက်ဆီးမှုကိုတော့ မတောင့်ခံနိုင်ဘူး"
လီယန်ချူ စိတ်ထဲ၌ တစ်ခုခုကို ရိပ်မိသွားကာ
"ခင်ဗျားက တကယ်တော့ ဘယ်နေရာက အရာရှိလဲ"
ထိုတာအိုဆရာ၏ စကားပြောပုံမှာ စောစောက လူသေကောင်နှင့် လုံးဝကွာခြားလှသည်။
တစ်ယောက်က မိမိကိုယ်မိမိ အရာရှိမင်း ဟု သုံးနှုန်းပြီး၊ ဤသူကမူ ကိုပ် ဟုသာ သုံးနှုန်းနေသည်။
"ကျုပ်က ကုသိုလ်တွေကို စုဆောင်းတယ်၊ ကောင်းမှုတွေ ပြုခဲ့တယ်။ ဒါကြောင့် ငရဲပြည် ရဲ့ အမိန့်တော်အရ ယန့်ရှန်းမြို့စောင့်နတ်မင်း အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်"
တာအိုဆရာက ရှင်းပြလိုက်တော့သည်။
အခန်း (၅၂၆) - ယန့်ရှန်းမြို့စောင့်နတ်မင်း ၊ ခန္ဓာဟောင်း ၊ လျှို့ဝှက်ဆန်းကြယ်သော တာရှမင်းဆက် ၊ ငရဲပြည်စနစ်
ယန့်ရှန်းမြို့စောင့်နတ်မင်း
လီယန်ချူမှာ ခဏမျှ ကြောင်အသွားသည်။
ထိုသက်လတ်ပိုင်း တာအိုဆရာသည် မြို့စောင့်နတ်မင်းတစ်ပါး ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ချေ။
သို့သော် ယန့်ရှန်း ဆိုသည့် အရပ်ဒေသကိုမူ သူ တစ်ခါမျှ မကြားဖူးခဲ့ပေ။
ဤသည်မှာလည်း ထူးဆန်းသည်တော့ မဟုတ်ပါ။ ချန်နိုင်ငံ တွင် ခရိုင် ပေါင်း ၁၃ ခရိုင် ရှိရာ၊ သူ မသိသော ဒေသအမည် တစ်ခုရှိနေခြင်းမှာ သဘာဝကျပါသည်။
သူ့ကို စိတ်ဝင်စားသွားစေသည်မှာ ထိုတာအိုဆရာ ပြောလိုက်သည့် ငရဲပြည် ဆိုသည့် အချက်ပင်။
"လောကမှာ တကယ်ပဲ ငရဲပြည် ဆိုတာ ရှိတာလား "
လီယန်ချူက မေးလိုက်သည်။
"ဒါကတော့ ရှိတာပေါ့ "
တာအိုဆရာက အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့် ပြောလိုက်သည်။
"တာအိုမိတ်ဆွေကလည်း ကျင့်ကြံသူတစ်ယောက်ပဲကို၊ ဘာလို့ ဒါကို မေးရတာလဲ "
ဘာလို့လဲဆိုတော့ ငါတစ်ခါမှ မမြင်ဖူးလို့ပေါ့ကွ... လီယန်ချူက စိတ်ထဲက ရေရွတ်ရင်း ဆက်မေးလိုက်သည်။
"ဒါဆိုရင် အဲဒီမှာ ယမမင်း တို့၊ နွားခေါင်း မြင်းမျက်နှာ တို့၊ တရားသူကြီးနဲ့ ဝိညာဉ်အရာရှိတွေလည်း တကယ်ရှိတာလား "
"ရှိတာပေါ့ "
တာအိုဆရာသည် လီယန်ချူ၏ မေးခွန်းကို နားမလည်နိုင်သကဲ့သို့ ကြည့်နေသည်။ လူတစ်ယောက်က ကောင်းကင်မှာ နေ၊ လ၊ ကြယ်တွေ ရှိသလား၊ တစ်နှစ်မှာ လေးရာသီ ရှိသလား၊ နေ့နဲ့ ည ဆိုတာ တကယ်ရှိသလားလို့ လာမေးနေသကဲ့သို့ပင်။
လီယန်ချူ တိတ်ဆိတ်သွားသည်။ တစ်ဖက်လူက ဘာကြောင့် ဤကဲ့သို့ သဘောထားမျိုး ရှိနေရသနည်း။
"ဦးလေးကျား... ခင်ဗျားက ဘယ်ခေတ်က လူလဲ"
မျက်လုံးရှည်နှင့် ထိုသက်လတ်ပိုင်း တာအိုဆရာအပေါ် သူ မုန်းတီးစိတ် မရှိပေ။ ဤသည်မှာ ထူးဆန်းသော ဗီဇအသိစိတ် တစ်ခုပင်။
"ကျုပ်က မဟာရှမင်းဆက် ၊ ဝူကျုံး မင်းကြီး နန်းစံ ၃ နှစ်မှာ မွေးဖွားခဲ့တာပါ။ နေရပ်ကတော့ လေကျိုး မှာပါ"
တာအိုဆရာက ဆိုသည်။
ဟူး
လီယန်ချူ အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။
ထိုတာအိုဆရာကို ကြည့်သည့် သူ၏ မျက်လုံးများ ပြောင်းလဲသွား၏။ ချန်နိုင်ငံ ၏ သမိုင်းကြောင်းမှာ နှစ်ပေါင်း ၅၀၀ ခန့်သာ ရှိသေးသော်လည်း၊ တာရှမင်းဆက်မှာမူ နှစ်ပေါင်း ၁၀၀၀ ကျော် တည်တံ့ခဲ့သည်။
ဤကျားချွမ်းဖန်းသည် မဟာရှမင်းဆက်ခေတ်က လူတစ်ယောက် ဖြစ်နေသောကြောင့် ယန့်ရှန်းဆိုသည့် အရပ်ကို သူ မကြားဖူးခြင်းမှာ မထူးဆန်းတော့ပေ။ အချိန်ကာလ ထိုမျှဝေးကွာသွားပါက နေရာဒေသ အမည်များစွာမှာ ပြောင်းလဲသွားနိုင်သည် မဟုတ်ပါလား။
ဥပမာအားဖြင့် ချန်နိုင်ငံ တည်ထောင်ပြီးနောက်တွင် ပြည်နယ် များကို ခရိုင် အဖြစ် ပြောင်းလဲခဲ့ရာ၊ ထိုကဲ့သို့သော အရပ်ဒေသငယ်လေးများမှာ ပို၍ပင် မေ့ပျောက်ကုန်ပေလိမ့်မည်။
လီယန်ချူသည် နောင်တွင် ဝူကျုံးမင်းကြီး၊ လေကျိုး နှင့် ယန့်ရှန်း ဆိုသည့် နေရာများကို သေချာပြန်ရှာကြည့်ရန် ဆုံးဖြတ်လိုက်သည်။
"မိတ်ဆွေ... ဘာဖြစ်လို့လဲ"
တာအိုဆရာက မေးသည်။
"ဘာမှမဖြစ်ပါဘူး၊ ဦးလေးကျား... ဆက်ပြောပါဦး၊ အဲဒီ ငရဲပြည်ဆိုတာ တကယ်တော့ ဘယ်လိုနေရာမျိုးလဲ "
လီယန်ချူက မေးလိုက်သည်။
ကျားချွမ်းဖန်းသည် လီယန်ချူကို တစ်ချက်ကြည့်ကာ မေးခွန်းကို ချက်ချင်းမဖြေဘဲ ပြန်မေးလိုက်သည်။
"အခုက ဘယ်ခေတ်ဖြစ်နေပြီလဲဆိုတာ ကျုပ်ကို အရင်ပြောပြနိုင်မလား"
ထိုတာအိုဆရာသည်လည်း အလွန်ပါးနပ်သူတစ်ဦး ဖြစ်သည်။
"မဟာရှမင်းဆက်က ပျက်သုဉ်းသွားပါပြီ။ နောက်ဆုံးဧကရာဇ်ကလည်း ပျောက်ဆုံးသွားခဲ့တယ်၊ တစ်ပြည်လုံး ပြိုကွဲပြီး စစ်ဘုရင်တွေ အပြိုင်လုခဲ့ကြတာပေါ့။ အခုက ချန်နိုင်ငံ၊ ကျင်ထိုက် ဧကရာဇ် နန်းစံနေတာပါ။ ချန်နိုင်ငံ တည်ထောင်တာတောင် နှစ်ပေါင်း ၅၀၀ ရှိနေပါပြီ..."
လီယန်ချူက ရှင်းပြလိုက်သည်။
ယခုတစ်ကြိမ်တွင်မူ တာအိုဆရာ တိတ်ဆိတ်သွားရပြန်သည်။ သို့သော် သူသည် ထိုကဲ့သို့ဖြစ်လာမည်ကို ကြိုတင်ခန့်မှန်းထားပုံရပါသည်။
"ဝူကျုံးဧကရာဇ်က ထူးချွန်ထက်မြက်တဲ့ ပုဂ္ဂိုလ်ကြီးပါ။ မင်းဆက်တည်ထောင်သူ အဘိုးတော်မင်းကြီးနဲ့တောင် ယှဉ်နိုင်ခဲ့တာ။ ဒါတောင် မဟာရှက ပျက်သုဉ်းခဲ့ရတယ်ဆိုတော့... ဒါက ကံကြမ္မာ ပဲ ဖြစ်မှာပါ"
ဟု တာအိုဆရာက ညည်းတွားသည်။
"မဟာရှရဲ့ သမိုင်းကြောင်းက နှစ်ပေါင်း ၁၀၀၀ နီးပါး ကြာရှည်ခဲ့တာဆိုတော့ အားကောင်းတဲ့ မင်းဆက်လို့ ပြောလို့ရပါတယ်"
လီယန်ချူက ဆိုသည်။
နှစ်ပေါင်း ၁၀၀၀ တည်တံ့သော မင်းဆက်ဆိုသည်မှာ ဤကဲ့သို့သော နတ်ဘုရားနှင့် မိစ္ဆာများရှိသည့် ကမ္ဘာတွင်သာ ဖြစ်နိုင်ပေလိမ့်မည်။
"မဟာရှဧကရာဇ်ရဲ့ တိုင်းပြည်အေးချမ်းစေတဲ့ အဆောင်တော် က တိုင်းပြည်ရဲ့ ကံကြမ္မာအရှိန်အဝါကို ထိန်းချုပ်ပေးနိုင်တာလေ။ မဟာရှမင်းဆက် နှစ်ပေါင်း ၁၀၀၀ တည်တံ့ခဲ့တာကလည်း အဲဒီအဆောင်တော်နဲ့ ပတ်သက်နေတာပါ"
တာအိုဆရာက အေးဆေးစွာ ပြောသည်။
"ဝူကျုံးမင်းကြီးနဲ့ မဟာရှအဘိုးတော်မင်းကြီးက ဘယ်လိုတော်စပ်တာလဲ "
လီယန်ချူက မေးလိုက်သည်။
သူသည် တာအိုဆရာတစ်ဦးသာ ဖြစ်သဖြင့်၊ ဤကမ္ဘာတွင် သမိုင်းပညာရှင် စီမာချန်း ကဲ့သို့သောသူ မရှိသောကြောင့် သမိုင်းများမှာ ရှုပ်ထွေးနေသည်။ သူ၏ မဟာရှမင်းဆက်အပေါ် အစောဆုံး အမြင်မှာ ဆရာဖြစ်သူ စုဆောင်းထားသော ပုံပြင်စာအုပ်များမှသာ ဖြစ်သည်။
"ဝူကျုံးမင်းကြီးက အဘိုးတော်မင်းကြီးရဲ့ စတုတ္ထမြောက် သားတော်ပါ။ မဟာရှမင်းဆက်ရဲ့ ဒုတိယမြောက် ဧကရာဇ်ပေါ့"
တာအိုဆရာက ပြောရင်း ဝူကျုံးမင်းကြီးအပေါ် လေးစားဟန်များ ပြသနေသည်။
လီယန်ချူ ကြောင်သွားသည်။ ထိုသို့ဆိုလျှင် လက်ရှိ ကျားချွမ်းဖန်းမှာ လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်က လူတစ်ယောက် ဖြစ်မနေဘူးလား။
အမယ်လေးဗျာ... သမိုင်းဝင် ပုဂ္ဂိုလ်ကြီးတစ်ယောက်က ငါ့ရှေ့မှာ တကယ်ရှိနေတာပဲ။
"ခင်ဗျားပြောပုံအရဆိုရင် အဲဒီ ဝူကျုံးမင်းကြီးက တကယ့်ကို ထူးချွန်တဲ့သူ ထင်တယ်"
စာမတတ်ပေမတတ် လီယန်ချူက နှိမ့်ချစွာ မေးလိုက်သည်။
"သူ့ရဲ့ ကျင့်စဉ်က သဘာဝတရားကို ကျော်လွန်ပြီး သိုင်းနတ်ဘုရားအဆင့်အထိ ရောက်ခဲ့တာလေ။ အရပ်မျက်နှာ ရှစ်ခွင်လုံးကို အောင်နိုင်ပြီး သာယာဝပြောတဲ့ ခေတ်ကြီးတစ်ခုကို တည်ထောင်ခဲ့တာ။ ဒီဝူကျုံးမင်းကြီးက သက်ရှိတွေကို သတ်ပိုင်ခွင့်ရှိတဲ့ ဧကရာဇ်တင်မကဘူး၊ မဟာရှကျင့်ကြံခြင်းလောကရဲ့ နံပါတ်တစ် ပုဂ္ဂိုလ်ကြီးလည်း ဖြစ်တယ်။ ဒီလိုလူမျိုးက မထူးချွန်ဘူးလို့ ပြောလို့ရပါ့မလား"
ဟု တာအိုဆရာက ခါးသီးစွာ ပြုံးရင်း ပြောသည်။
သိုင်းနတ်ဘုရားအဆင့်
လီယန်ချူ အလွန်အံ့အားသင့်သွားသည်။
မဟာရှမင်းဆက်ရဲ့ ဒုတိယမြောက် ဧကရာဇ်က ထိပ်တန်း ကိုယ်ခံပညာရှင် ကြီး တစ်ဦး ဖြစ်နေတာလား။ ဤသတင်းမှာ သူ လုံးဝ ထင်မှတ်မထားသော အချက်ပင်။
သို့သော် မကြာမီပင် သူ မျက်မှောင်ကြုတ်သွားသည်။ ဤမျှ ထူးချွန်သော ပုဂ္ဂိုလ်ကြီးတစ်ဦးအကြောင်းကို ချန်နိုင်ငံ ပြည်သူတွေကြားထဲမှာ ဘာကြောင့် တစ်ခါမှ မကြားဖူးရသနည်း။
သမိုင်းမှာ သူ့ရဲ့ တည်ရှိမှုက အလွန်ပင် နည်းပါးလှပြီး၊ သိုင်းနတ်ဘုရားဆိုတဲ့ သတင်းစကားတွေ၊ ခေတ်ကောင်းကြီး တည်ထောင်ခဲ့တယ်ဆိုတဲ့ ဒဏ္ဍာရီတွေလည်း မရှိချေ။
သူသည် ထိုသံသယကို ထုတ်မပြောခဲ့ပေ။
ကျားချွမ်းဖန်းက ပုံကြီးချဲ့ပြောနေခြင်း မဟုတ်ပါက၊ ရှည်လျားလှသော သမိုင်းကာလအတွင်း တစ်စုံတစ်ရာက အမှန်တရားကို ဖုံးကွယ်ထားခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။
ထိုကဲ့သို့ အမှန်တရားကို အကြီးအကျယ် ဖုံးကွယ်နိုင်စွမ်းရှိသည်မှာ မင်းဆက်ကိုယ်တိုင်မှလွဲ၍ အခြားမရှိနိုင်ချေ။
လီယန်ချူသည် မဟာရှမင်းဆက်အကြောင်း ပိုသိလာရလေလေ၊ ထိုခေတ်ကာလကို ပို၍ စိတ်ဝင်စားလာလေလေ ဖြစ်နေသည်။ သူ မမှားဘူးဆိုလျှင် ကျွေ့ဟွာ ရဲ့ မိခင်သည်လည်း မဟာရှခေတ်က တောင်စောင့်နတ်တစ်ပါးပင် ဖြစ်သည်။
"ဒါက တကယ်တော့ ဘယ်လိုမျိုး မင်းဆက်တစ်ခုပါလိမ့်"
သူ စိတ်ထဲတွင် လွမ်းမောစွာ တွေးနေမိသည်။
ကျားချွမ်းဖန်းသည် မဟာရှမင်းဆက်အကြောင်းကို အများကြီး ဆက်မပြောတော့ဘဲ၊ လီယန်ချူ၏ မေးမြန်းမှုကြောင့် ငရဲပြည် အကြောင်းကို ပြောပြလာသည်။
"ငရဲပြည်ကို ယမမင်း ၁၀ ပါး နဲ့ ဖွဲ့စည်းထားတယ်။ ပထမနန်းဆောင် ချင်ကွမ်မင်းကြီး၊ ဒုတိယနန်းဆောင် ချူကျန်းမင်းကြီး၊ တတိယနန်းဆောင် ဆုန့်တိမင်းကြီး၊ စတုတ္ထနန်းဆောင် ဝူကွမ်မင်းကြီး၊ ပဉ္စမနန်းဆောင် ယမမင်းကြီး၊ ဆဋ္ဌမနန်းဆောင် ပန့်ချန်းမင်းကြီး၊ သတ္တမနန်းဆောင် ထိုက်ရှန်းမင်းကြီး၊ အဋ္ဌမနန်းဆောင် တုရှစ်မင်းကြီး၊ နဝမနန်းဆောင် ဖိန်တန်မင်းကြီး နဲ့ ဒသမနန်းဆောင် ကျွမ်လွန်မင်းကြီး ဆိုပြီး ရှိတယ်။
သူတို့အောက်မှာ တရားသူကြီးတွေ၊ ဝိညာဉ်အရာရှိတွေ ရှိသလို၊ မြို့စောင့်နတ်မင်းတွေက မြို့ပြတွေကို ခွဲဝေအုပ်ချုပ်ပြီး လူ့လောက က ကိစ္စတွေကို ဖြေရှင်းပေးရတယ်။ မြို့စောင့်နတ်မင်းတွေ အောက်မှာလည်း စာပေနဲ့ စစ်ရေး တရားသူကြီးတွေ ၊ ဝိညာဉ်စေတမန်တွေ ရှိကြတယ်"
တာအိုဆရာက ဆိုသည်။
"ဒါဆိုရင် ငရဲပြည်မှာ အုပ်ချုပ်ရေးအဖွဲ့ နှစ်ဖွဲ့ ရှိနေတာပေါ့"
လီယန်ချူက မေးလိုက်သည်။
တာအိုဆရာ ခဏမျှ ကြောင်သွားပြီး လီယန်ချူ၏ စကားကို ပြန်စဉ်းစားကာ....
"မိတ်ဆွေရဲ့ စကားက နက်နဲလှချေလား၊ အင်း... အကြမ်းဖျင်းအားဖြင့်တော့ အဲဒီလိုပါပဲ"
လီယန်ချူ ခေါင်းငြိမ့်လိုက်ပြီး
"ဒါဆိုရင် ငရဲပြည်ရဲ့ အမြင့်ဆုံး ခေါင်းဆောင်က ဘယ်သူလဲ "
တာအိုဆရာက ထပ်မံ အံ့အားသင့်သွားပြန်သော်လည်း ပြုံးလျက် ပြောလိုက်သည်။
"တုန်းယွဲ့ဧကရာဇ် က ငရဲပြည်တစ်ခုလုံးကို အုပ်ချုပ်တာပါ။ သူ့ကို ထိုက်ရှန်းဖူကျွင်း လို့လည်း ခေါ်ကြတယ် "
"ဒါဆိုရင် ကမ္ဘာဦး အရှင်မြတ် ဗောဓိသတ် လည်း ရှိတာပေါ့ "
"မှန်ပါတယ်။ ဗောဓိသတ်ဘုရားလောင်းကတော့ ငရဲပြည်ရဲ့ အထွေထွေ ကိစ္စတွေကို တိုက်ရိုက် မအုပ်ချုပ်ပေမဲ့ ဂုဏ်သရေ အလွန်မြင့်မားလှတဲ့ ပုဂ္ဂိုလ်ကြီးပါ"
လီယန်ချူ ခေါင်းငြိမ့်လိုက်သည်။
ထိုကမ္ဘာတွင် ငရဲပြည်ဆိုသည်မှာ အမှန်တကယ် ရှိနေရုံသာမက၊ ဖွဲ့စည်းပုံမှာလည်း အလွန်ပင် ကြီးမားကျယ်ပြန့်လှသည် မဟုတ်ပါလား။
"ဦးလေးကျား... မြို့စောင့်နတ်မင်း ဆိုတာကရော ဘယ်လောက်အထိ ရာထူးကြီးတဲ့ အရာရှိလဲ "
လီယန်ချူက မေးသည်။
တာအိုဆရာက
"မြို့တစ်မြို့ကို အုပ်ချုပ်ရတာပေါ့။ အချို့သော မြို့စောင့်နတ်မင်းတွေက တန်ခိုးအလွန်ကြီးကြသလို၊ မြို့ငယ်လေးတွေက မြို့စောင့်နတ်မင်းတွေကျတော့ နည်းနည်း အစွမ်းနည်းတာပေါ့။ ဒါပေမဲ့ သူတို့ရဲ့ ဂုဏ်ဒြပ်က ယမမင်း ၁၀ ပါးရဲ့ အောက်မှာပဲ ရှိပြီး၊ ပုံမှန်အားဖြင့်တော့ တစ်ယောက်နဲ့ တစ်ယောက် တိုက်ရိုက် အုပ်ချုပ်တာမျိုး မရှိကြဘူး"
လီယန်ချူ မျက်မှောင်ကြုတ်သွားသည်။
မြို့စောင့်နတ်မင်း ရာထူးသည် ငရဲပြည်၏ ယမမင်းစနစ်နှင့် အနည်းငယ် ထပ်နေသကဲ့သို့ သူ ခံစားရသည်။
သို့သော် သူ အများကြီး ထပ်မမေးတော့ပေ။ ဤသည်မှာလည်း ထိုကမ္ဘာ၏ ထူးခြားချက် ဖြစ်ပေလိမ့်မည်။
"ခင်ဗျားရဲ့ ကျင့်စဉ်ကရော ဘယ်လောက်အဆင့်လဲ၊ တတိယအဆင့် အလယ်ပိုင်းလား၊ ဒါမှမဟုတ် နောက်ဆုံးပိုင်းလား"
လီယန်ချူက မေးလိုက်သည်။
"ဘယ်လို... တတိယအဆင့် အလယ်ပိုင်း၊ နောက်ဆုံးပိုင်း ဆိုတာ ဘာလဲ "
တာအိုဆရာက ဝေခွဲမရဟန်ဖြင့် ကြည့်လာသည်။
"ဟေ" လီယန်ချူ အံ့အားသင့်သွားသည်။
"ခင်ဗျားတို့ခေတ်မှာ ကျင့်စဉ်အဆင့်တွေကို ဘယ်လိုခေါ်ကြတာလဲ "
သူသည် ထိုလောကရှိ ကျင့်စဉ်စနစ်မှာ ရှေးယခင်ကတည်းက ဝိညာဥ်စွမ်းအင်စုစည်းခြင်း ၊ ယင်ဝိညာဉ်၊ ယန်ဝိညာဉ် ဆိုသည့် အဓိက အဆင့် ၃ ဆင့်သာ ရှိသည်ဟု အမြဲမှတ်ယူထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခု တာအိုဆရာကို ကြည့်ရသည်မှာ ထိုသို့ မဟုတ်ပုံရပေ။
"နိမ့်ရာကနေ မြင့်ရာကို အဆင့် ၉ ကနေ အဆင့် ၁ အထိ ရှိတာပါ။ ကျုပ်က ပထမအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပါတယ်"
တာအိုဆရာက ရှင်းပြသည်။
လီယန်ချူက ဆက်မေးလိုက်သည်။
"ဒါဆို အဆင့် ၁ ရဲ့ အထက်မှာကော ဘာရှိသေးလဲ"
"အဆင့် ၁ ရဲ့ အထက်မှာတော့ မြေနတ်ဝိဇ္ဇာ လို့ ခေါ်တာပေါ့။ ကျုပ်က အဲဒီအဆင့်ကို တက်ဖို့ ဘေးဒဏ် ခံယူချိန်မှာ ကျရှုံးခဲ့လို့ မြေနတ်ဝိဇ္ဇာ မဖြစ်နိုင်ခဲ့တာပါ။ ဒါကြောင့် ခန္ဓာဟောင်းကို စွန့်ခွာပြီး ဝိညာဉ်အသွင်ဖြင့် တည်ရှိခြင်း ကို ရွေးချယ်ခဲ့ရတာ"
တာအိုဆရာက ဆိုသည်။
လီယန်ချူ ခေါင်းငြိမ့်လိုက်သည်။
လက်ရှိ ကျင့်စဉ်စနစ်တွင် အဓိက အဆင့်ကြီး ၃ ဆင့် ရှိပြီး၊ အဆင့်တစ်ခုစီတွင် အဆင့်ငယ် ၃ ဆင့်စီ ရှိရာ စုစုပေါင်း ၉ ဆင့် ဖြစ်နေသည်မှာ တာအိုဆရာ ပြောသောစနစ်နှင့် ကိုက်ညီနေသည် မဟုတ်ပါလား။ သို့သော် ထိုစနစ်နှစ်ခု၏ တိုက်ခိုက်ရေးစွမ်းရည်မှာ မည်သို့ ကွာခြားသည်ကိုမူ သူ မသိသေးချေ။
"မိတ်ဆွေက ကျုပ်ရဲ့ ခန္ဓာဟောင်းကို သတ်နိုင်ခဲ့တယ်ဆိုတော့ ကျင့်စဉ်ကတော့ မနည်းလှဘူး။ ဒါပေမဲ့ ဘာဖြစ်လို့ နတ်ဘုရားတွေအကြောင်းကို ဘာမှမသိရတာလဲ။ မြေစောင့်နတ်၊ တောင်စောင့်နတ် နဲ့ မြို့စောင့်နတ်တွေဆိုတာ အရမ်းကို အတွေ့ရများတဲ့ နတ်ဘုရားတွေပဲကို"
တာအိုဆရာက သိလိုစိတ်ဖြင့် မေးလာသည်။
"အခုချိန်မှာတော့... ချန်နိုင်ငံမှာ နတ်ဘုရားတွေ မရှိတော့ဘူး ထင်တယ်"
လီယန်ချူက လေးနက်စွာ ပြောလိုက်တော့သည်။