← Chapters

အခန်း (၅၂၉-၅၃၀)

Vol. 53 Ch. 529-530

အခန်း (၅၂၉-၅၃၀)

Vol. 53 Ch. 529-530

အခန်း (၅၂၉) - အနက်ရောင်ဝတ်ရဟန်းအို ၊ အဖြူရောင်ဝတ်ဘုန်းကြီးအို ၊ လမ်းမပေါ်မှ ပဋိပက္ခ ၊ အိမ်ထောင်သည် အမျိုးသမီးငယ်

လီယန်ချူသည် စမ်းသပ်လိုစိတ် မရှိတော့သော်လည်း ကင်ရှာခေါင်းဆောင်းကို ချက်ချင်း ချွတ်မပစ်သေးချေ။

အကယ်၍ သူသာ ကင်ရှာခေါင်းဆောင်းကို ချွတ်လိုက်ပါက နေ့ခင်းကြောင်တောင် တည်းခိုခန်းထဲ၌ လူတစ်ယောက် ဗလာနယ်ထဲမှ ရုတ်တရက် ဝုန်းကနဲ ပေါ်လာသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ဤသည်မှာ လူများကို ထိတ်လန့်စေနိုင်သလို တည်းခိုခန်း၏ စီးပွားရေးကိုလည်း ထိခိုက်စေနိုင်သည်၊ ထိုနေရာက မိမိအိမ်ကဲ့သို့ ကိုယ်ပိုင်လုပ်ငန်း မဟုတ်ပါလား။

"ရှင့်ရဲ့ ဒီရွှေခေါင်းဆောင်းက ကိုယ်ဖျောက်တဲ့ အစွမ်းက တကယ် အစွမ်းထက်တယ်၊ တခြားသူတွေ လုံးဝ မြင်မှာမဟုတ်ဘူး၊ စိတ်ချရပါတယ်"

ဆိုင်ရှင်မက စိတ်ရင်းစေတနာဖြင့် ပြောလိုက်သည်။

"မင်း သိတာတွေကလည်း တော်တော်များတာပဲ"

လီယန်ချူက စိတ်မရှည်သလို ပြောလိုက်သည်။

ဆိုင်ရှင်မက ရုတ်တရက် မျက်နှာလေး နီမြန်းသွားကာ လီယန်ချူကို မကျေမနပ် ကြည့်လိုက်ရင်း

"ဘာတွေ လျှောက်ပြောနေတာလဲ"

လီယန်ချူ ကြောင်သွားသည်။

စောစောက ဆိုင်ရှင်မ၏ ခေါင်းထဲတွင် တစ်မျိုးတစ်ဖုံ တွေးတောပြီး အဓိပ္ပာယ်ကောက် လွဲသွားပုံရသည်။

တည်းခိုခန်းထဲတွင် လူများမှာ ဟိုဟိုဒီဒီ သွားလာနေကြသော်လည်း မည်သူမျှ ဤဘက်သို့ သတိမထားမိကြချေ၊ ဆိုင်ရှင်မ တစ်ယောက်တည်း စကားပြောနေသည်ကိုလည်း မည်သူမျှ သတိမပြုမိကြပါ။

"မိစ္ဆာရဟန်း... ဒီနေ့ဟာ မင်းရဲ့ သေနေ့ပဲ"

လမ်းမပေါ်မှ ရုတ်တရက် အေးစက်စက် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။

အဖြူရောင်ဝတ် ဘုန်းကြီးအိုတစ်ပါးသည် သူ၏ ကြေးတောင်ဝှေးကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ထောက်ချလိုက်ရာ၊ အရှိန်အဝါမှာ အလွန်ပင် မာန်ပါလှသည်။

"ယွမ်ကျွယ်... မင်း ကျုပ်ကို အရမ်း အနိုင်မကျင့်နဲ့။ ကျုပ်သာ စိတ်တိုရင် ဒီဝေမြို့ကို ငရဲဘုံဖြစ်အောင် လုပ်ပစ်မယ်၊ အဲဒီအခါကျရင် ဒါဟာ မင်းရဲ့ အကုသိုလ် အပြစ်တွေပဲ ဖြစ်လိမ့်မယ် "

အနက်ရောင်ဝတ် ရဟန်းအိုတစ်ပါးက အသံဩဩဖြင့် မထေမဲ့မြင် ပြောလိုက်သည်။

အဖြူရောင်ဝတ် ဘုန်းကြီးအိုမှာ မျက်မှောင်ကြုတ်သွားသည်။ ထိုမိစ္ဆာရဟန်းကို အနိုင်ယူရန် သူ့တွင် ခုနစ်ပုံခန့် ယုံကြည်ချက်ရှိသော်လည်း၊ တစ်ဖက်လူမှာ အလွန်ရက်စက်သော အောက်လမ်းကျင့်ကြံသူ ဖြစ်သဖြင့် အပြစ်မဲ့သူများ ထိခိုက်မည်ကို စိုးရိမ်နေမိသည်။

ထိုအချိန်တွင် ရဟန်းအို နှစ်ပါး၏ အရှိန်အဝါကြောင့် လမ်းမပေါ်ရှိ ပတ်ဝန်းကျင်တစ်ခုလုံးမှာ အေးစက်စက် ဖိအားများဖြင့် လွှမ်းမိုးနေပြီ ဖြစ်သည်။

အနက်ရောင်ဝတ် ရဟန်းအို၏ စိတ်ထဲတွင်မူ ဒေါသအပူများ လောင်မြိုက်နေ၏။

သူ၏ တပည့်ဖြစ်သူ ဖာနန်း အသတ်ခံလိုက်ရသဖြင့်၊ ဖာနန်း၏ နောက်ဆုံး ဝိညာဉ်အစအနလေးနောက်သို့ လိုက်ရင်း ဝေမြို့သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

ဖာနန်းအတွက် ကံကြမ္မာကို လက်စားချေရန် ပြင်ဆင်လာခဲ့ခြင်း ဖြစ်သော်လည်း ထိုခရီးမှာ ဤမျှအထိ အဆင်မပြေဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။

ကျင့်စဉ်ကျင့်ရာတွင် အမှားအယွင်းဖြစ်၍ ထိခိုက်မိသည်ဖြစ်စေ၊ အကြောင်းမဲ့ သမ္မာလမ်းစဉ် ကျင့်ကြံသူများနှင့် တိုး၍ တိုက်ခိုက်ရသည်ဖြစ်စေ၊ မြို့ထဲဝင်ချိန်တွင် မြင်းရထားနှင့် တိုက်မိသည်ဖြစ်စေ... အားလုံးက ကမောက်ကမ ဖြစ်နေသည်။

ဤသည်ကြောင့် ခုံးရှင်း ၏ ခန္ဓာကိုယ်အတွင်းရှိ ကျင့်စဉ်စွမ်းအားများစွာ ကုန်ခမ်းနေသလို၊ ဒဏ်ရာအချို့လည်း ရထားသည်။

သူသည် ဝေမြို့သို့ ရောက်လာပြီးနောက် အရှိန်အဝါကို ဖုံးကွယ်ထားကာ၊ ဤမြို့ထဲတွင် မည်သည့် အစွမ်းထက် ကျင့်ကြံသူများ ရှိသနည်းဟု စုံစမ်းရန် ပြင်ဆင်ထားသော်လည်း မြို့ထဲဝင်ဝင်ချင်းမှာပင် အဖြူရောင်ဝတ် ဘုန်းကြီးအိုနှင့် မျက်နှာချင်းဆိုင် တိုးတော့သည်။ ထိုဘုန်းကြီးက သူ့ကို သိနေပြန်သည်။

အနက်ရောင်ဝတ် ရဟန်းအိုသည် ဗုဒ္ဓဘာသာ၏ ဗုဒ္ဓခြေလှမ်း နှင့် ဆင်တူသော ပညာရပ်ကို သုံး၍ လမ်းမများပေါ်တွင် ဟိုဟိုဒီဒီ ပြေးလွှားရှောင်တိမ်းခဲ့သော်လည်း၊ နောက်ဆုံးတွင်မူ ထိုတည်းခိုခန်းရှေ့၌ ယွမ်ကျွယ်ဘုန်းကြီး၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။

သူသည် လက်စားချေရန် လာခဲ့ခြင်း ဖြစ်ပြီး၊ ဖာနန်း၏ ဝိညာဉ်တစ်စကို မြိုချထားသဖြင့် ဖာနန်းကို သတ်ခဲ့သူနှင့် တွေ့ပါက သူ အလိုလို သိရှိနေမည် ဖြစ်သည်။ ထို့ကြောင့် လက်စားချေရခြင်း မပြုမီတွင် ယွမ်ကျွယ်ဘုန်းကြီးနှင့် တိုက်ခိုက်ခြင်းဖြင့် အင်အားမဖြုန်းလိုချေ။ ထို့ကြောင့်ပင် အပြစ်မဲ့သော အရပ်သူအရပ်သားများကို ဓားစာခံလုပ်၍ ခြိမ်းခြောက်နေခြင်း ဖြစ်သည်။

ရွှမ်း

တောက်ပသော ဓားအလင်းတစ်ချက် လျှပ်ခနဲ ပေါ်လာပြီးနောက် ပြင်းထန်သော ခုတ်ချက်တစ်ချက် ကျရောက်လာသည်။

အနက်ရောင်ဝတ် ရဟန်းအိုမှာ သင်္ချိုင်းထဲသို့ ခြေတစ်ဖက် လှမ်းထားရသည့်အလား ရုပ်ဆင်းသွင်ပြင်မှာ အိုမင်းရင့်ရော်နေကာ မျက်နှာပေါ်တွင်လည်း အသေကောင်များတွင်ရှိတတ်သည့် အစက်အပြောက်များဖြင့် ပြည့်နေသော်လည်း၊ သူ၏ လှုပ်ရှားမှုမှာမူ အလွန်ပင် လျင်မြန်လှသည်။

သူက အသက်ကို ပြင်းပြင်းရှူလိုက်ရာ၊ သူ၏ရှေ့တွင် ရွှေရောင်ရှေးဟောင်း ခေါင်းလောင်းကြီးတစ်ခု ပေါ်ထွက်လာတော့သည်။

တောင် တောင် တောင် တောင် တောင်

အဆက်မပြတ် ကျရောက်လာသော ဓားချက်များသည် ရွှေရောင်ခေါင်းလောင်းကြီးပေါ်သို့ ကျရောက်ကာ လေးလံသော အသံများ ထွက်ပေါ်လာသည်။ မီးရဲရဲတောက်နေသော သံတုံးကို တူနှင့် အားရပါးရ ထုရိုက်နေသကဲ့သို့ မီးပွားများ တဖျတ်ဖျတ် လွင့်စင်သွား၏။

ဓားနှစ်လက်ကို ကိုင်ဆောင်ထားသော မောက်မာရိုင်းစိုင်းဟန်ရှိသည့် လူငယ်တစ်ဦး၏ မျက်ဝန်းထဲတွင် အံ့အားသင့်သွားသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သို့သော် သူသည် ရပ်တန့်မသွားဘဲ လေအဟုန်ကဲ့သို့ မြန်ဆန်လှသော ဓားကွက်များ၊ လျှပ်စီးကဲ့သို့ လျင်မြန်လှသော ဓားအလင်းများဖြင့် ထိုရဟန်းအို၏ ရှေ့သို့ ဆက်တိုက် ခုတ်ပိုင်းနေတော့သည်။

ရှုး

လူအုပ်ထဲမှ ဓားအလင်းတစ်ချက် ပြေးဝင်လာပြီးနောက် ခဏချင်းမှာပင် ဓားအလင်းပေါင်း သောင်းခြောက်ထောင်အဖြစ် ပြောင်းလဲသွားကာ ထိုရဟန်းအို၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။

လူအုပ်ထဲမှ အေးစက်စက် အမူအရာနှင့် တာအိုမယ်တစ်ပါး ထွက်ပေါ်လာသည်။ သူမသည် လက်ဖြင့် မန္တန်ကွက်များ ဖော်ထုတ်နေပြီး အေးစက်စက် မျက်နှာပေးနှင့် ဖြစ်သည်။ ထိုတာအိုမယ်မှာ အလွန်ပင် ချောမောလှပပြီး အေးစက်သော အလှတရား တစ်မျိုး ရှိသည်။

ထိုကဲ့သို့ ချောင်းမြောင်းတိုက်ခိုက်မှုအောက်တွင်လည်း အနက်ရောင်ဝတ် ရဟန်းအိုမှာ ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာ ရရှိခြင်း မရှိသေးချေ။

သူသည် ခြေတစ်လှမ်း လှမ်းလိုက်ရာ၊ မြေပြင်မှ အပြာရောင် အုတ်ခဲများမှာ တခဏချင်း အက်ကွဲသွားကာ ပင့်ကူအိမ်သဏ္ဌာန် အပြင်ဘက်သို့ ပြန့်ကားသွားသည်။

"ဗုဒ္ဓအလင်း လွှမ်းခြုံစေသတည်း "

အဖြူရောင်ဝတ် ဘုန်းကြီးအိုသည် လက်ထဲမှ ရွှေဖလားကို ကောင်းကင်ယံသို့ ပစ်တင်လိုက်ရာ၊ ရွှေဖလားသည် လေထဲတွင် ကြီးမားလာပြီး အနက်ရောင်ဝတ် ရဟန်းအိုကို ဖုံးအုပ်လိုက်သည်။

ရဟန်းအို၏ ပြင်းထန်လှသော အရှိန်အဝါများမှာလည်း ထိုအခါမှ ရပ်တန့်သွားသည်။

ထိုသို့ဖြစ်နေသည့်တိုင် ပတ်ဝန်းကျင်ရှိ အရပ်သားများမှာ အလွန်အမင်း ထိတ်လန့်သွားကြပြီး၊ အထိတ်တလန့်ဖြင့် ဟိုဟိုဒီဒီ ထွက်ပြေးကြတော့သည်။

"ရှောင်ဒါယကာ... မင်းက တကယ်ကို စိတ်မြန်လွန်းတာပဲ"

အဖြူရောင်ဝတ် ဘုန်းကြီးအိုက ဆိုသည်။

ထိုမောက်မာသော လူငယ်မှာ ဘာမှပြန်မပြောဘဲ လက်ထဲမှ ဓားနှစ်လက်ကို မိုးကြိုးအဟုန်ကဲ့သို့ လျင်မြန်စွာ ကစားနေသည်။

သူ၏ အရှိန်အဝါများမှာလည်း တစ်လက်မချင်းစီ ပေါက်ကွဲထွက်နေ၏။ နောက်ဆုံးတွင်မူ သူသည် အနက်ရောင်ဝတ် ရဟန်းအို၏ ရွှေခေါင်းလောင်း အကာအကွယ် ကို အတင်းအဓမ္မ ဖောက်ခွဲလိုက်နိုင်သည်။

သူ၏ ဓားချက်များမှာ မြန်သည်ထက် မြန်လာသည်နှင့်အမျှ ပိုမိုအစွမ်းထက်လာပုံရသည်။

"မိစ္ဆာရဟန်း မင်းရဲ့ ရွှေခေါင်းလောင်းက ဒီလောက်ပဲလားကွ"

ရှောင်စဲ့ က လှောင်ပြောင်လိုက်သည်။

အနက်ရောင်ဝတ် ရဟန်းအို၏ အေးစက်စက် မျက်နှာပြင်ပေါ်တွင် မည်သည့် ခံစားချက်မျှ မရှိဘဲ၊ ထိုစကားကို ကြားသောအခါ ပါးစပ်ထောင့်ကို အနည်းငယ် တွန့်ရုံသာ ပြုံးလိုက်သည်။

"ဒါဆိုရင်လည်း... ဒီလောက်ပဲရှိတဲ့ ငါ့ရဲ့ လက်ဝါးချက်ကို တစ်ချက် ထပ်မြည်းကြည့်ဦးပေါ့ "

ထို့နောက် အနက်ရောင်ဝတ် ရဟန်းအိုသည် သူ၏လက်ဝါးကို ဆန်းကြယ်သော လမ်းကြောင်းအတိုင်း ဝှေ့ယမ်းလိုက်ကာ ပြင်းထန်စွာ ရိုက်ထုတ်လိုက်သည်။

ဘုန်း

လက်ဝါးတစ်ချက်တည်းနှင့်ပင် ရှောင်စဲ့ မှာ လွင့်ထွက်သွားတော့သည်။

ရှောင်စဲ့ သည် ဓားနှစ်လက်ကို ရင်ဘတ်တွင် ကာထားသဖြင့်သာ ရဟန်းအို၏ တိုက်ကွက်ကို တောင့်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုလက်ဝါးချက်၏ စွမ်းအားကို သူ မခံနိုင်ဘဲ နောက်သို့ တရစပ် ဆုတ်ခွာသွားရပြီး၊ လမ်းဘေးရှိ ဈေးဆိုင်တန်းတစ်ခုကို တိုက်မိကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။

သူ၏ ရင်ဘတ်တွင်လည်း သွေးများ စိုရွှဲနေပြီ ဖြစ်သည်။

ဤအနက်ရောင်ဝတ် ရဟန်းအို၏ အစွမ်းမှာ တကယ်ကိုပင် လွန်ကဲလွန်းလှသည်။

အဖြူရောင်ဝတ် ဘုန်းကြီးအိုသည် ရှေ့သို့ တစ်လှမ်းတိုးကာ အနက်ရောင်ဝတ် ရဟန်းအို၏ ရှေ့တွင် ပိတ်ဆို့လိုက်သည်။

သူသည် လက်သီးတစ်ချက်ကို ထိုးထုတ်လိုက်ရာ ၎င်းမှာ ဗုဒ္ဓဘာသာ၏ ကျားနက်နှလုံးနှိုက် ဟုခေါ်သော အခြေခံအကျဆုံး သိုင်းကွက်ပင် ဖြစ်သည်။

သို့သော် အဖြူရောင်ဝတ် ဘုန်းကြီးအို၏ ထူထဲလှသော ဗုဒ္ဓဘာသာ ကျင့်စဉ်ခန္ဓာကိုယ် အစွမ်းကြောင့် ထိုလက်သီးချက်မှာ ကမ္ဘာပျက်မတတ် ပြင်းထန်လှပြီး အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော အဟုန်မျိုး ရှိနေသည်။

အနက်ရောင်ဝက် ရဟန်းအိုသည် မြေပြင်ကို အသာလေး နင်းလိုက်ရာ၊ ခြေဖဝါးအောက်ရှိ အပြာရောင်အုတ်ခဲများမှာ ကောင်းကင်သို့ ပျံတက်သွားပြီး မြေနံရံတစ်ခုသဖွယ် ဖြစ်ပေါ်လာကာ ဘုန်းကြီးအို၏ လက်သီးချက်ကို တားဆီးလိုက်သည်။ ထို့နောက် သူက လက်ဝါးချက်တစ်ခုကို ပြင်းထန်စွာ ပြန်လည် ရိုက်ထုတ်လိုက်သည်။

ဘုန်း

ကျောက်ခဲစများ လွင့်စင်သွားသည်။

ထိုတစ်ကြိမ်တွင်မူ သူတို့နှစ်ဦးမှာ အင်အားချင်း ညီမျှနေသည်။

ထက်မြက်သော ဓားအလင်းများသည် အနက်ရောင်ဝတ် ရဟန်းအို၏ နောက်ကျောဘက်မှနေ၍ ရုတ်တရက် တိုက်ခိုက်လာသည်။ သို့သော် ရဟန်းအိုသည် သူ၏ ဝတ်ရုံစလိပ်ကြီးကို ဝှေ့ယမ်းလိုက်ရုံဖြင့် ထိုဓားအလင်းအားလုံးကို ဝတ်ရုံစအောက်တွင် သိမ်းဆည်းလိုက်နိုင်သည်။

"ဝတ်ရုံစအတွင်းရှိ စကြဝဠာ"

အေးစက်သော အလှပိုင်ရှင် တာအိုမယ် တင်းရုံ မှာ ထိတ်လန့်တုန်လှုပ်စွာ အာမေဍိတ်သံ ထွက်သွားသည်။

နောက်တစ်စက္ကန့်တွင်မူ အနက်ရောင်ဝတ် ရဟန်းအိုသည် ထိုဓားအလင်းပေါင်းများစွာကို အဖြူရောင်ဝတ် ဘုန်းကြီးအိုထံသို့ ပြန်လည် လွှင့်ထုတ်လိုက်တော့သည်။

အဖြူရောင်ဝတ် ဘုန်းကြီးအိုသည် လက်နှစ်ဖက်ကို ယှက်ကာ ရှိခိုးလိုက်ရာ၊ သူ၏ရှေ့တွင် ရွှေရောင်ပုံရိပ်ယောင်တစ်ခု ပေါ်လာသည်။

တောင် တောင် တောင် တောင် တောင်

အဆက်မပြတ် ရိုက်ခတ်သံများမှာ နားမခံသာအောင် ထွက်ပေါ်လာသည်။

အနက်ရောင်ဝတ် ရဟန်းအိုသည် ကိုယ်ကို လှုပ်ရှားလိုက်ကာ လက်ဝါးချက်တစ်ခု ထပ်မံရိုက်ထုတ်လိုက်ပြန်သည်။

တောင်ပြိုကမ်းပြို စွမ်းအားများ ပါဝင်နေသော လက်ဝါးချက်မှာ အဖြူရောင်ဝတ် ဘုန်းကြီးအို၏ ရှေ့သို့ တိုးဝင်သွားသော်လည်း၊ ဘုန်းကြီးအိုမှာမူ အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိချေ။

သူ့တွင် တတိယအဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးတစ်ခု ရှိနေပြီး၊ လက်ရှိတွင် ဒုတိယအဆင့်၏ အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းရည်တွင် ရှိနေသည်။

သူ၏ ဗုဒ္ဓဘာသာ ကျင့်စဉ်ခန္ဓာကိုယ်မှာလည်း အကာအကွယ် အလွန်မြင့်မားလှသလို၊ ဗုဒ္ဓဘာသာ၏ အစောင့်အရှောက်နတ်မင်း လျှို့ဝှက်အစွမ်းကိုလည်း ထုတ်သုံးထားသောကြောင့် ဖြစ်သည်။

ထိုစဉ် အနက်ရောင်ဝတ် ရဟန်းအိုသည် ကိုယ်ကို လှုပ်ရှားလိုက်ကာ လမ်းသွားလမ်းလာ တစ်ဦး၏ လည်ပင်းကို လှမ်းဖမ်းလိုက်တော့သည်။

ထိုသူမှာ ရင်ခွင်ထဲတွင် ကလေးငယ်တစ်ဦးကို ပိုက်ထားသော အိမ်ထောင်သည် အမျိုးသမီးငယ် တစ်ဦး ဖြစ်သည်။

သူမ၏ အသားအရေမှာ ဖြူဝင်းနေကာ မျက်လုံးကြီးများမှာလည်း ဝိုင်းစက်နေ၏။ ကြည့်ရသည်မှာ နွေဦးမိုးရေ စိုစွတ်ထားသော မြေဆီလွှာကောင်းသဖွယ် စိုပြည်လှပနေသော်လည်း၊ ယခုအခါတွင်မူ ကြောက်လန့်တကြားဖြင့် မျက်နှာလေး ဖြူလျော့ကာ အသည်းအသန် နောက်သို့ ထွက်ပြေးနေရှာသည်။

သို့သော် ဤအနက်ရောင်ဝတ် ရဟန်းအို၏ လှုပ်ရှားမှုမှာ လျှပ်စီးကဲ့သို့ မြန်ဆန်လှရာ၊ ယွမ်ကျွယ် ဆရာတော်ပင်လျှင် ဤအခြေအနေ၌ သူ့ကို တားဆီးရန် မတတ်နိုင်တော့ချေ။

သို့သော် သမ္မာလမ်းစဉ် ကျင့်ကြံသူတစ်ဦး အနေဖြင့် ရံဖန်ရံခါတွင် ဓားစာခံကို ငဲ့ညှာနေ၍ မရနိုင်သော အခြေအနေများ ရှိတတ်သည်။

အကြောင်းမှာ ဤသူသည် မိစ္ဆာဆိုးဖြစ်သဖြင့်၊ အကယ်၍သာ လွှတ်ပေးလိုက်ပါက ဖြစ်ပေါ်လာမည့် ပျက်စီးဆုံးရှုံးမှုများနှင့် ဘေးအန္တရာယ်မှာ ခန့်မှန်း၍မရနိုင်အောင် ကြီးမားလှပေလိမ့်မည်။

တစ်ခါတရံတွင် မိစ္ဆာကို နှိမ်နင်းခြင်းကိုသာ ဦးစားပေးရတတ်သည်။

မဟုတ်ပါက... သူသည် မြို့ထဲတွင် ထိုမိစ္ဆာရဟန်းအိုကို တွေ့တွေ့ချင်းမှာပင် စတင်တိုက်ခိုက်ခဲ့လိမ့်မည် မဟုတ်ပေ။

အခန်း (၅၃၀) - ဘယ်သူလဲ ၊ ဘယ်သူက ချောင်းမြောင်းတိုက်ခိုက်နေတာလဲ ၊ မြေပုံ အားလုံးစုံသွားပြီ ၊ ဆန်းကြယ်သော သားရဲအရိုးပြား ၊ကံစမ်းမဲ

ယခင်က ရှောင်စဲ့သည် စိတ်မြန်လွန်းသည်ဟု သူပြောခဲ့ခြင်းမှာ ရှောင်စဲ့အနေဖြင့် တိုက်ခိုက်ရန် သင့်တော်သော အချိန်အခါကို မရှာဖွေနိုင်ခဲ့ခြင်းကြောင့်သာ ဖြစ်သည်။

သူနှင့် အနက်ရောင်ဝတ် ရဟန်းအိုတို့ လုံးထွေးသတ်ပုဒ်နေစဉ်တွင်မှ ရှောင်စဲ့က ဘေးတစ်ဖက်မှနေ၍ လျင်မြန်သော ဓားသိုင်းဖြင့် ရဟန်းအို၏ ကျင့်စဉ်ခန္ဓာကိုယ်ကို ဖောက်ခွဲဖျက်ဆီးသင့်ခြင်း ဖြစ်သည်။

ရင်ခွင်ထဲတွင် ကလေးငယ်ကို ပိုက်ထားသော ထိုအမျိုးသမီးငယ်မှာ နောက်တစ်စက္ကန့်တွင်ပင် ဦးခေါင်းခွံကွဲအက်ကာ အသက်ပျောက်ရတော့မည့်အလား။

ရုတ်တရက်

သွေးအိုင်ထဲသို့ လက်မောင်းတစ်ဖက် ပြတ်ကျလာတော့သည်။

အနက်ရောင်ဝတ် ရဟန်းအိုမှာ ကြောင်အသွားကာ... မြေပြင်ပေါ်ရှိ ခြောက်သွေ့နေသော ထိုလက်မောင်းကို မယုံကြည်နိုင်လောက်အောင် ငုံ့ကြည့်နေမိသည်။

သူကြည့်ရသည်မှာ အတော်လေး မှင်တက်သွားပုံရ၏။

သူ၏ ပခုံးမှ စီးကျလာသော သွေးမှာ အလွန်မများလှချေ၊ အသားများမှာလည်း မွဲပြာနေသည်။

ကြည့်ရသည်မှာ ဤရဟန်းအို၏ ခန္ဓာကိုယ်ထဲတွင် သွေးဟူ၍ များများစားစား မရှိတော့ဘဲ လူသေတစ်ယောက်နှင့်ပင် တူလှပေသည်။

"ရှောင်ဒါယကာ... တကယ့်ကို အစွမ်းထက်တဲ့ ဓားသိုင်းပဲ"

အဖြူရောင်ဝတ် ဘုန်းကြီးအိုက ချီးကျူးလိုက်သည်။

"ရှောင်စဲ့... နင် တော်တော်လေး စွမ်းနိုင်တာပဲ"

တင်းရုံ၏ မျက်ဝန်းများ တောက်ပသွားကာ အကျယ်ကြီး အော်ပြောလိုက်သည်။

ထိုအချိန်တွင် ရှောင်စဲ့မှာမူ ဝေခွဲမရဖြစ်နေရှာသည်။

စောစောက ရဟန်းအို၏ လက်ဝါးချက်မှာ ပြင်းထန်လွန်းလှသဖြင့် သူသည် ယခုအထိ ကောင်းကောင်း သတိမဝင်သေးချေ။ သူတို့နှစ်ဦး၏ ချီးကျူးသံကို ကြားသောအခါ သူ အတော်လေး ကြောင်အသွားရသည်။

"ဒီလက်ကို ငါခုတ်လိုက်တာလား"

သို့သော် နောက်တစ်စက္ကန့်တွင်ပင် သူ ချက်ချင်း သတိဝင်လာကာ အော်ပြောလိုက်သည်။

"ဒါ ငါလုပ်တာ မဟုတ်ဘူး"

ထူးခြားဆန်းကြယ်သော အတတ်ပညာများဖြင့် လောကအလယ်သို့ ဆင်းသက်လာသည့် လူငယ်ပါရမီရှင်တစ်ဦးဖြစ်သည့်အတိုင်း၊ ရှောင်စဲ့သည် သူတစ်ပါး၏ ဂုဏ်ကျေးဇူးကို မတရားယူရန် မနှစ်မြို့ချေ။ တကယ်တမ်း ပြောရလျှင် စောစောက သူသည် ရန်သူကို အထင်သေးမိသွားသဖြင့်သာ ဤရဟန်းအို၏ တိုက်ကွက်အောက်တွင် တစ်ခန်းရပ်သွားလုနီးပါး ဖြစ်ခဲ့ရခြင်း ဖြစ်သည်။

လက်ရှိတွင် သူ၏ အသက်အင်အား မှာ အတော်လေး လျော့နည်းနေပြီဖြစ်သဖြင့် ထပ်မံတိုက်ခိုက်မည်ဆိုပါက ကံကောင်းရန် ခဲယဉ်းလှသည်။

သို့သော် ရှောင်စဲ့သည် တိုက်ခိုက်ရသည်ကို ရူးသွပ်သူဖြစ်ပြီး သူ၏အတွင်းစိတ်ထဲရှိ ခက်ထန်ရက်စက်မှုက သူ့ကို လျင်မြန်သော ဓားသိုင်းဖြင့် ထပ်မံတိုက်ခိုက်ရန် ပြင်ဆင်စေပြန်သည်။

သူ့အနေဖြင့် လျင်မြန်သော ဓားသိုင်းကို သုံးပါလျက်နှင့် ဤရဟန်းအို၏ ကျင့်စဉ်ခန္ဓာကိုယ်ကို မဖောက်ခွဲနိုင်ဟု မယုံကြည်နိုင်ချေ။

တောင် တောင် တောင်

သံတုံးကို ဓားနှင့် ခုတ်ပိုင်းလိုက်သကဲ့သို့ စူးရှသော အသံများ ထွက်ပေါ်လာသည်။

ဤရဟန်းအိုသည် လက်တစ်ဖက် ပြတ်သွားသော်လည်း လက်တစ်ဖက်တည်းနှင့်ပင် လျင်မြန်သော ဓားသိုင်းပိုင်ရှင် ရှောင်စဲ့ကို နှိမ်နင်းထားနိုင်သေးသည်။

သူသည် လက်ဝါးချက်တစ်ခုကို ရိုက်ထုတ်လိုက်ရာ တောင်ပြိုကမ်းပြို စွမ်းအားများ ပါဝင်နေသည်။ ရှောင်စဲ့က ဘေးသို့ ရှောင်လိုက်သော်လည်း ထိုလက်ဝါးချက်မှာ လမ်းကြောင်းကွေးသွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ဘုန်း

ရှောင်စဲ့၏ ရင်ဘတ်ပေါ်သို့ လက်ဝါးချက် ပြင်းပြင်းထန်ထန် ကျရောက်သွားပြန်သည်။

".........." ရှောင်စဲ့

ဤတစ်ကြိမ်တွင်မူ ရှောင်စဲ့သည် တစ်ကိုယ်လုံး လွင့်ထွက်သွားကာ လက်ထဲမှ ဓားနှစ်လက်မှာလည်း မြေပြင်ပေါ်သို့ ဆူညံစွာ ပြုတ်ကျသွားတော့သည်။

အဖြူရောင်ဝတ် ဘုန်းကြီးအိုသည် ခန့်ညားထည်ဝါသော အမူအရာဖြင့် ဗုဒ္ဓဘာသာ မန္တန်များကို ရွတ်ဆိုကာ ထိုမိစ္ဆာရဟန်းကို နှိမ်နင်းရန် ပြင်လိုက်သည်။ သို့သော် ထိုမိစ္ဆာရဟန်းသည် ရုတ်တရက် လူအုပ်ထဲသို့ ပြေးဝင်သွားတော့သည်။

သူသည် မကြာသေးမီက ကံမကောင်းခဲ့သဖြင့် အမှန်တရားလမ်းစဉ်သမားများနှင့် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ရသည်။

ဤသည်မှာ သူ၏ ကျင့်စဉ်စွမ်းအားကို များစွာကုန်ခမ်းစေသလို၊ ခန္ဓာကိုယ်အတွက်လည်း အလွန်ပင် ဝန်ထုတ်ဝန်ပိုး ဖြစ်စေသည်။ သူ၏ အင်အားများကို ဖြည့်တင်းရန် လတ်ဆတ်သော သွေးအဆီအနှစ်များ အရေးပေါ် လိုအပ်နေပြီ ဖြစ်သည်။

သို့သော် ထိုရဟန်းအိုသည် နှစ်လှမ်းမျှပင် မပြေးရသေးမီမှာပင် သူ၏ ခြေထောက်နှစ်ဖက်လုံးမှာ ဒူးဆစ်မှ ပြတ်ထွက်သွားတော့သည်။ သွေးဟူ၍ များများစားစား မရှိသော်လည်း ဤကဲ့သို့သော ဒဏ်ရာမျိုးကြောင့် မြေပြင်ပေါ်တွင် သွေးများ စိုရွှဲသွား၏။

ဘုန်း

ရဟန်းအိုသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားကာ ကြည့်ရသည်မှာ အလွန်ပင် သနားစရာ ကောင်းလှသည်။

သို့သော် ဤသူသည် လူအများကို သတ်ဖြတ်စားသောက်တတ်သော မိစ္ဆာဆိုးကြီးတစ်ဦး ဖြစ်သည်ကို မည်သူ သိနိုင်ပါမည်နည်း။

အနက်ရောင်ဝတ် ရဟန်းအို ခုံးရှင်းသည် မူလက ထိုဓားနှစ်လက်ကိုင် လူငယ်၏ ဆန်းကြယ်သော ရတနာ သို့မဟုတ် လျှို့ဝှက်ကျင့်စဉ်တစ်ခုခုကြောင့် ထိခိုက်သွားခြင်းဟု ထင်ထားခဲ့သည်။

သို့သော် စောစောက သူ၏ မဟာမုဒြာလက်ဝါး ဖြင့် ထိုလူငယ်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့ပြီး ဖြစ်သည်။ ထိုလူငယ်မှာ မသေလျှင်ပင် ဒဏ်ရာပြင်းထန်နေသဖြင့် ပြန်လည်တိုက်ခိုက်ရန် အင်အား လုံးဝရှိတော့မည် မဟုတ်ချေ။

သူ အတော်လေး ကြောင်အသွားရသည်... တကယ်တမ်း ငါ့ကို ဘယ်သူက ခုတ်နေတာလဲ

"ဘယ်သူလဲ"

"ဘယ်သူက ကွယ်ရာကနေ တိုက်ခိုက်နေတာလဲ"

အနက်ရောင်ဝတ် ရဟန်းအိုက ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူသည် အလွန်ပင် ဝမ်းနည်းဒေါသထွက်နေမိ၏။

မကြာသေးမီက အတော်လေး ကံဆိုးခဲ့သော်လည်း ယနေ့ ကံဆိုးမှုမှာ သူ၏ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နေပြီ ဖြစ်သည်။ သို့သော် ပတ်ဝန်းကျင်မှ မည်သူမျှ ပြန်မထူးကြချေ။ အရပ်သူအရပ်သားများရော၊ တည်းခိုခန်းထဲမှ ဧည့်သည်များပါ ဝေးဝေးသို့ ရှောင်နေကြသည်။

အနက်ရောင်ဝတ် ရဟန်းအိုမှာ ဒေါသကြောင့် ရင်ဘတ်ပင် ပေါက်ကွဲထွက်မတတ် ဖြစ်နေကာ မျက်ဝန်းအစုံမှ ဒေါသမီးများ ဖြာထွက်နေ၏။

ရုတ်တရက်

ထိုတည်းခိုခန်းရှေ့တွင် ရပ်နေသော လူနှစ်ဦးကို သူ မြင်လိုက်ရသည်။

တစ်ဦးမှာ ရင့်ကျက်ကာ လှပရုံမျှမက သူကဲ့သို့ အသက်အရွယ်ကြီးသူပင် မြင်လျှင် ရင်ခုန်သွားနိုင်လောက်သော ချောမောလှပသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ ကျန်တစ်ဦးမှာမူ သန့်ပြန့်သော အစေခံလေး တစ်ဦး ဖြစ်သည်။

သူ၏ မျက်ဝန်းများထဲမှ မီးတောက်များ ထွက်လာသကဲ့သို့ပင်။

ပတ်ဝန်းကျင်ရှိ သာမန်လူအားလုံးက ဝေးဝေးသို့ ရှောင်နေကြသော်လည်း ဤနှစ်ယောက်ကမူ ထိုနေရာမှာပင် ရပ်ကြည့်နေရဲကြသည်။ ဤကိစ္စသည် သူတို့နှစ်ဦး၏ လက်ချက်ဖြစ်ရန် ရှစ်ပုံကိုးပုံ သေချာနေပြီ ဖြစ်သည်။

ရဟန်းအိုသည် ရက်စက်တည်ကြည်သူဖြစ်သည့်အတိုင်း ချက်ချင်းပင် ဝိညာဉ်ခန္ဓာ ဖန်ဆင်းခြင်းအစွမ်းကို ထုတ်သုံးလိုက်တော့သည်။

မျက်လုံးခြောက်လုံးပါသော ကင်္ကလာ ပုံရိပ်တစ်ခု သူ၏ကိုယ်ပေါ်တွင် ပေါ်လာသည်။

သူသည် ထိုရုပ်ခန္ဓာကို စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။

လက်မောင်းတစ်ဖက် ပြတ်ကာ ဒူးနှစ်ဖက်လုံး ပြတ်နေသော ဤအခြေအနေ၌ အစွမ်းထက်သော ရန်သူများဝိုင်းနေစဉ် အသက်ရှင်ရန် မဖြစ်နိုင်တော့ချေ။

ထို့ကြောင့် ဝိညာဉ်ခန္ဓာ အစွမ်းဖြင့် အခွင့်အရေး ပြန်လည်ရှာဖွေရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

သူသည် ထိုရင့်ကျက်လှပသော အမျိုးသမီးထံသို့ ခုန်ဝင်တိုက်ခိုက်လိုက်သည်။ သို့သော် ထိုအမျိုးသမီးမှာမူ ထူးဆန်းစွာပင် တည်ငြိမ်နေ၏။ သို့သော် ဒေါသအမှောင်ဖုံးနေသော ရဟန်းအိုမှာ ထိုအသေးစိတ်အချက်အလက်များကို ဂရုမစိုက်နိုင်တော့ချေ။

"သတိထား"

အဖြူရောင်ဝတ် ဘုန်းကြီးအိုက ထိတ်လန့်တကြား အော်ဟစ်လိုက်ရင်း သူ၏ကိုယ်ပေါ်မှ အလင်းတန်းတစ်ခုကိုလည်း ပစ်လွှတ်လိုက်သည်။

ရုတ်တရက်

အနက်ရောင်ဝတ် ရဟန်းအို၏ ဝိညာဉ်ခန္ဓာ ပုံရိပ်ကြီးမှာ ခေါင်းပြတ်ကျသွားတော့သည်။

ထို့နောက်တွင်မူ အပိုင်းပိုင်းအပြတ်ပြတ် အခုတ်ခံလိုက်ရ၏။

ခဏချင်းမှာပင် သူ၏ ကျင့်စဉ်လမ်းဆုံးသွားကာ ဝိညာဉ်ပါ လွင့်စင်ကွယ်ပျောက်သွားတော့သည်။

"........." အဖြူရောင်ဝတ် ဘုန်းကြီးအို

"........." တင်းရုံ

"........." ရှောင်စဲ့

ချန်နိုင်ငံ၏ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူကြီးတစ်ဦးမှာ ဤကဲ့သို့ပင် ဝေမြို့၌ ထူးထူးဆန်းဆန်းနှင့် အရှက်တကွဲ သေဆုံးသွားခဲ့ရလေသည်။ သေဆုံးချိန်အထိ မည်သူက ကွယ်ရာမှ တိုက်ခိုက်ခဲ့သည်ကို သူ လုံးဝ မမြင်သွားခဲ့ရချေ။

သူသာ ကြောင်အသွားသည် မဟုတ်၊ သူ့ကို ဝိုင်းတိုက်နေသော ယွမ်ကျွယ် ဆရာတော်နှင့် တင်းရုံတို့ပါ ကြောင်အသွားကြရသည်။

ထိုဝေမြို့တွင် နတ်ဘုရားတစ်ပါးပါး ကိန်းဝပ်စံပယ်နေသလော သို့မဟုတ် ဤမိစ္ဆာရဟန်း ခုံးရှင်းသည် တစ်စုံတစ်ရာသော ကြောက်မက်ဖွယ် အစီရင်ကို သွားရောက်ထိပါးမိသလော။

သူတို့ ဘာမှနားမလည်နိုင်ခင်မှာပင် ဆိုင်ရှင်မကမူ ပြုံးရုံလေးပြုံးပြကာ အလားတူပင် မှင်တက်နေသော ရှောင်ရန်ကို ခေါ်၍ တည်းခိုခန်းထဲသို့ ပြန်ဝင်သွားတော့သည်။

အခြားတစ်ဖက်တွင်မူ အနက်ရောင်ဝတ် ရဟန်းအို၏ ရုပ်အလောင်းမှာ အသက်မဲ့သော အလောင်းတစ်ခု ဖြစ်သွားပြီဖြစ်သည်။ သူ၏ ရင်ဘတ်ပေါ်ရှိ ဝတ်ရုံစမှာ အနည်းငယ် လှုပ်ရှားသွားပြီးနောက် သူ၏ကိုယ်ပေါ်ရှိ ပစ္စည်းအချို့မှာ ပျောက်ကွယ်သွားတော့သည်။ သို့သော် ထိုပြောင်းလဲမှုကို မည်သူမျှ သတိမထားမိကြချေ။

"တကယ်တော့ ဒါက ကင်ရှာခေါင်းဆောင်းရဲ့ ပြဿနာမဟုတ်ဘူး၊ ဆိုင်ရှင်မရဲ့ ပြဿနာပဲ"

ဟု လီယန်ချူ စိတ်ထဲက ရေရွတ်လိုက်သည်။

ဤအနက်ရောင်ဝတ် ရဟန်းအိုမှာ သိသိသာသာပင် ဒုတိယအဆင့်နှောင်းပိုင်း ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ထိုကဲ့သို့သောသူပင်လျှင် သူ၏ ကိုယ်ဖျောက်ထားမှုကို မမြင်နိုင်ချေ။ နောက်ဆိုလျှင်တော့ တကယ်ကိုပင် အနီးကပ်သတ်လို့ ရပြီ ဖြစ်သည်။

ကျားချွမ်းဖန်းက ကင်ရှာခေါင်းဆောင်းကို လက်ဆောင်ပေးခဲ့သည့်အတွက် လီယန်ချူ အတော်လေး ကျေနပ်မိသည်။

"ဒီစွမ်းရည်ကိုသာ မဖော်ထုတ်နိုင်ရင် ဒါက လုံးဝကို အဖြေမရှိတဲ့ စွမ်းရည်ပဲ၊ အစပိုင်းကတည်းက အပိုင်နိုင်ဆုံးပဲ"

လီယန်ချူ ပြုံးလိုက်ကာ အနက်ရောင်ဝတ် ရဟန်းအို၏ ရင်ခွင်ထဲမှ နှိုက်ယူလာသော ပစ္စည်းများကို ကိုင်ဆောင်၍ ချင်းယွန်းတာအိုကျောင်းသို့ ပြန်လာခဲ့သည်။

၎င်းတို့မှာ အဖြူရောင် အရိုးပြားတစ်ခုနှင့် မြေပုံတစ်ခု ဖြစ်သည်။

ထိုအရိုးပြားပေါ်တွင် သားရဲဆိုးတစ်ကောင်၏ အငွေ့အသက်များ ရှိနေသဖြင့် လီယန်ချူအတွက် တစ်မျိုးကြီး ရင်းနှီးနေသလို ခံစားရသည်။ ဤကဲ့သို့သော အရိုးပြားမျိုး သူ၏လက်ထဲတွင်လည်း တစ်ခု ရှိနေသည်။

"ဒီအဖိုးကြီးက ငါ့ဆီကို ပစ္စည်းတွေ လာဖြည့်ပေးတာများလား"

မြေပုံကို သေချာကြည့်ပြီးနောက် လီယန်ချူ ကြောင်သွားသည်။

ယခုအချိန်အထိ သူ၏လက်ထဲတွင် ထိုမြေပုံမျိုး သုံးခု ရှိနေပြီ ဖြစ်သည်။

သူသည် ကျန်ရှိသော မြေပုံနှစ်ခုကို ထုတ်ယူကာ ပေါင်းစပ်ကြည့်လိုက်သည်။ ရုတ်တရက် ထိုမြေပုံသုံးခုမှာ အလင်းတန်းတစ်ခု ဖြာထွက်လာပြီးနောက် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားတော့သည်။

သူ သေချာကြည့်လိုက်သောအခါ ထိုမြေပုံမှာ အသက်ဝင်လာသကဲ့သို့ပင်၊ မြေပုံပေါ်ရှိ တောင်တန်းများနှင့် မြစ်ချောင်းများမှာ လှုပ်ရှားနေကြသည်။ ရတနာသိုက်ရှိမည့် နေရာကိုလည်း အထင်သား မှတ်သားထား၏။

"ကောင်းလိုက်တာ... ကံစမ်းမဲ ဖောက်ရမယ့် အခွင့်အရေးတစ်ခု ထပ်တိုးလာပြီ "

လီယန်ချူမှာ ပါးစပ်ပင် မစေ့နိုင်အောင် ပြုံးပျော်သွားတော့သည်။

သူသည် ထိုပစ္စည်းနှစ်ခုကို သိမ်းဆည်းလိုက်သည်။

မကြာမီမှာပင် ချင်းယွန်းတာအိုကျောင်းသို့ ဧည့်သည်သုံးဦး ရောက်ရှိလာတော့သည်။

အဖြူရောင်ဝတ် ဘုန်းကြီးအိုတစ်ပါးက အသက်ငင်နေသော လူငယ်တစ်ဦးကို ကျောပိုးလာသည်။

ထိုလူငယ်၏ ခါးနောက်ဘက်တွင် ဓားနှစ်လက်ကို ထိုးထားဆဲပင်။

မူလက မောက်မာရိုင်းစိုင်းကာ အေးစက်လျှို့ဝှက်လှသော ဓားသမားလေးမှာ ယခုအခါတွင်မူ အတော်လေး သနားစရာ ကောင်းနေသည်။

ကျန်တစ်ဦးမှာမူ အေးစက်ချောမောလှသော တာအိုမယ်လေးဖြစ်ပြီး သူမ၏ စိုးရိမ်တုန်လှုပ်နေသော အမူအရာကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားပုံရလေသည်။

All Chapters