အခန်း (၄၄၂-၄၄၄)
Vol. 30 Ch. 442-444
အခန်း (၄၄၂) - အပျက်အစီးနယ်မြေသို့ ဝင်ရောက်ခြင်း၊ အခွင့်အရေး (အပိုင်း - ၂)
~နတ်မိမယ် လျူရွှီး ၏ ကြောက်မက်ဖွယ်ရာ မန္တန်စွမ်းအားအောက်တွင် ဖိနှိပ်ခံထားရသော်ငြားလည်း၊ ချီမြစ် ဂိုဏ်းခွဲ မှ မည်သူ တစ်ဦးတစ်ယောက်မျှ ဒေါသထွက်ခြင်း၊ မကျေနပ်ခြင်းများကို အပြင်သို့ ထုတ်ဖော်ပြသဝံ့ခြင်း မရှိခဲ့ချေ။
'သေပါပြီကွာ... ဒီအဘွားကြီးတွေ ရှေ့မှာ အသက်ရှူရတာတောင် မဝံ့ရဲဘူး... မြန်မြန် လစ်မှ ရမယ်'
ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် သည် နေရာမှ တစ်လှမ်းမျှ မရွေ့ဘဲ ရပ်နေသေးသော နတ်မိမယ် လျူရွှီး နှင့် အရှင်သခင်ကြီး ကုလန် တို့အား မော့ကြည့်လိုက်၏။ သူ၏ နှလုံးသားသည် အကြောက်တရားကြောင့် တဆတ်ဆတ် တုန်ရီနေခဲ့၏။ သူသည် ခေါင်းကို အနည်းငယ် ငုံ့ကာ အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်၏။
“အရှင်သခင်ကြီးတို့... မိစ္ဆာ ကျင့်ကြံသူ တွေ အားလုံးကို ရှင်းလင်းပြီးပါပြီခင်ဗျာ... ကျွန်တော်တို့ကို သွားခွင့်ပြုပါတော့”
နတ်မိမယ် လျူရွှီး သည် သူ့အား အေးစက်စွာ တစ်ချက် စိုက်ကြည့်လိုက်၏။
“မင်းပြန်သွားရင် ထိုက်ရွှီ ကို သေချာ ပြောလိုက်စမ်း... ငါ ဝင်မပါတာက သူ့ကို ရိုင်းစိုင်းခွင့် ပေးထားတာ မဟုတ်ဘူးလို့... နောက်တစ်ခါ ငါတို့ တာ့ယွဲ့ နန်းတော် ကို မိစ္ဆာတွေနဲ့ ပေါင်းပြီး ထပ်ရန်စလာရင်... သေရမှာ မိစ္ဆာတွေချည်းပဲ မဟုတ်တော့ဘူးလို့ သေချာ သွားပြောလိုက်”
'အမလေး... ကြက်သီးတွေတောင် ထသွားတာပဲ... ဒီအဘွားကြီးက တကယ် လုပ်မယ့်ရုပ်ကြီး'
ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် ၏ ရင်ထဲတွင် အေးစက်သွားခဲ့ပြီး ကပျာကယာ ခေါင်းငုံ့ကာ ပြန်ဖြေလိုက်၏။
“မှတ်... မှတ်သားထားပါ့မယ် ခင်ဗျာ... ကျွန်တော်တို့ သွားခွင့်ပြုပါဦး”
ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် သည် ပြဿနာ အရှုပ်အထွေးများ ပြည့်နှက်နေသော ဤနေရာမှ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ၏ လူများကို အမြန်ဆုံး ခေါ်ဆောင်သွားရန် ကျောခိုင်းလှည့်ထွက်လိုက်၏။ သူတို့၏ ဥက္ကဋ္ဌကြီး မရှိသည့် အချိန်တွင် ဤနေရာ၌ ဆက်နေခြင်းက သားသတ်ရုံထဲမှ ဝက်လေးများကဲ့သို့ အလွယ်တကူ အသတ်ခံရနိုင်သည်။
သို့သော် သူတို့ ခြေလှမ်း မပြင်ရသေးမီမှာပင် စုယွီ ၏ အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
“နေဦး”
'ဟာ... ဘယ်ကောင်လဲဟ... နတ်မိမယ် လျူရွှီး ရဲ့ အသံလည်း မဟုတ်ပါလား'
ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် ၏ ခြေလှမ်းများ တန့်သွားသည်။ ထိုအသံမှာ နတ်မိမယ် လျူရွှီး ၏ အသံ မဟုတ်မှန်း သိသော်လည်း သူသည် ရပ်တန့်သွားခဲ့ပြီး အထက်သို့ မော့ကြည့်လိုက်လေ၏။
အထက်ကောင်းကင်ယံတွင်တော့ စုယွီ သည် သူတို့ အားလုံးကို အေးစက်သော မျက်ဝန်းများဖြင့် ငုံ့ကြည့်နေခဲ့သည်။ သူသည် ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် နှင့် အကြည့်ချင်း ဆုံလိုက်ပြီးနောက် မည်သည့် ခံစားချက်မျှ မပါဝင်သော မျက်နှာထားဖြင့် ကုန်းစွန်းယီ နှင့် ယွင်ကျန်းဂိုဏ်း ၏ ဂိုဏ်းချုပ်ဟောင်း တုယွီလင်း တို့ထံသို့ အကြည့်ကို ရွှေ့လိုက်၏။
“ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် အနေနဲ့ တခြားလူတွေကို ခေါ်သွားလို့ ရတယ်... ဒါပေမယ့် ဒီသစ္စာဖောက် နှစ်ကောင်ကတော့ ဒီမှာ ကျန်ခဲ့ရမယ်”
'အံမာ... ဒီကောင်က ဘာကောင်မို့လို့ ငါ့ကို လာအမိန့်ပေးနေတာလဲ... ငါက နတ်မိမယ် လျူရွှီး ကို ကြောက်လို့ ခေါင်းငုံ့ခံနေတာ... မင်းလို ရွှေအမြုတေ အဆင့် အစပိုင်းလောက် ရှိတဲ့ ကောင်ပေါက်စကို ကြောက်စရာလား... မင်းကများ အချိုးလာပြနေတယ်'
ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် ၏ မျက်ဝန်းများ အနည်းငယ် ပြောင်းလဲသွားပြီး စုယွီ အား စူးရဲစွာ စိုက်ကြည့်လိုက်၏။ သူ၏ ရင်ထဲတွင် ဒေါသတရားများ ပွက်ပွက်ဆူလာခဲ့ပေ၏။
သူသည် နတ်မိမယ် လျူရွှီး အား ဒေါသ မထွက်ဝံ့သော်ငြားလည်း၊ အခြားသူများကို ထိုသို့ သည်းခံမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ စုယွီ တဲ့လား။ ရွှေအမြုတေ အဆင့် အစပိုင်းသာ ရှိသေးသည့် အောက်ခြေသိမ်း ကောင်လေး တစ်ယောက်ကများ ဤအချိန်မျိုးတွင် ထွက်ပြီး ဝင်ပါရဲသည်ပေါ့လေ။
ယခင်က ချီမြစ် ဂိုဏ်းခွဲ သည် လျှို့ဝှက်ဆန်းကြယ်သူ တစ်ဦး၏ ချောင်းမြောင်း တိုက်ခိုက်ခြင်းကို ခံခဲ့ရစဉ်က၊ တာအိုဆရာ ယီကျန်း အပါအဝင် လူအများအပြား သေဆုံးခဲ့ရပြီး ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် မှာလည်း သေဘေးမှ သီသီလေး လွတ်မြောက်ခဲ့ရ၏။ ထိုအချိန်က သူ၏ ယုံကြည်ရသော လက်ထောက်များ အားလုံး သေဆုံးသွားခဲ့သဖြင့် ဂိုဏ်းခွဲ အတွင်း၌ အချိန်အတန်ကြာ ကသောင်းကနင်း ဖြစ်ခဲ့ရသည်။
ထိုအချိန်တွင်မှ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ထံသို့ ခိုလှုံလာသော ကုန်းစွန်းယီ နှင့် သူ၏ တပည့်ဖြစ်သူကို သတိရကာ ဘေးနားသို့ ချက်ချင်း ခေါ်ဆောင်ထားခဲ့ခြင်း ဖြစ်၏။
အကဲစမ်းမှု အချို့ ပြုလုပ်ပြီးနောက်တွင်တော့ ကုန်းစွန်းယီ နှင့် သူ၏ တပည့်သည် အမှန်တကယ်ပင် အသုံးဝင်ကြောင်း တွေ့ရှိခဲ့ရသည်။ ခိုင်းသမျှ အလုပ်များကို ချွင်းချက်မရှိ စေ့စပ်သေချာစွာ လုပ်ဆောင်ပေးသဖြင့် သူ့အတွက် အတော်လေး စိတ်သက်သာရာ ရခဲ့၏။ နှစ်ကာလများ ကြာမြင့်လာသည်နှင့်အမျှ ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် သည် ထိုဆရာတပည့် နှစ်ဦးကို သူ၏ လူယုံများကဲ့သို့ပင် သဘောထားလာခဲ့သည်။
ယခုမူ စုယွီ က သူ၏ လူယုံ နှစ်ဦး၏ အသက်ကို တောင်းဆိုနေသည် မဟုတ်ပါလော။
'ဒီကောင်လေးကို မျက်စိနဲ့ သတ်လို့ရရင် အပိုင်းပိုင်း ဆွဲဖြဲပစ်လိုက်ပြီ... သောက်ကျိုးနည်း ကောင်'
ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် သည် စုယွီ ကို စူးစိုက်ကြည့်လိုက်၏။ သူ၏ အကြည့်ထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ မပါဝင်သော်ငြားလည်း၊ အကယ်၍ အကြည့်ဖြင့်သာ လူသတ်၍ ရမည်ဆိုပါက စုယွီ မှာ အပိုင်းပိုင်း အစစ ဆုတ်ဖြဲခံရပြီး ဖြစ်ပေလိမ့်မည်။
ထို့နောက် သူသည် စုယွီ အား လုံးဝ လျစ်လျူရှုလိုက်ပြီး နတ်မိမယ် လျူရွှီး ဘက်သို့ လှည့်ကာ ထပ်မံ အရိုအသေပေးလိုက်၏။
“စီနီယာကြီး ခင်ဗျာ... သူတို့က အခုဆိုရင် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ရဲ့ လူတွေ ဖြစ်နေပါပြီ... ကျွန်တော့် မျက်နှာကို ထောက်ထားပြီး ဒီတစ်ခါတော့ သူတို့ကို အသက်ချမ်းသာ ပေးပါလို့ တောင်းပန်ပါတယ် ခင်ဗျာ”
နတ်မိမယ် လျူရွှီး သည် သူမ၏ လက်ကို အသာအယာ ဝှေ့ယမ်းလိုက်၏။ ထိုခဏ၌ပင် မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး ၏ ကြီးမားလှသော အရှိန်အဝါနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားလှိုင်းကြီး တစ်ခု ထွက်ပေါ်လာကာ ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် အား ရိုက်ခတ် လွင့်စင်သွားစေတော့သည်။
ဤတစ်ကြိမ်တွင်မူ ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် သည် အလင်းတန်း တစ်ခုအလား လွင့်ပျံသွားပြီး မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် (၃) မိုင်ခန့် အကွာအဝေးရှိ တောင်ကုန်းငယ် တစ်ခုကို ဝင်တိုက်မိသွားတော့သည်။
“ဝုန်း”
ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး တောင်ကုန်းငယ်မှာ ပြိုကျ ကြေမွသွား၏။ မြေပြင်မှာလည်း ချက်ချင်းပင် ကွဲအက်သွားတော့သည်။
'အမလေး... ငါတို့ ခေါင်းဆောင်တော့ အမှုန့်ဖြစ်သွားပြီလား မသိဘူး... ဘယ်သူမှ ဝင်မပါရဲဘူးဟေ့'
ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် ၏ သနားစရာ အဖြစ်ဆိုးကို မျက်စိဖြင့် မမြင်ရသော်ငြားလည်း၊ သူ၏ အလွန် အားနည်းသွားသော အခြေအနေနှင့် ဆုတ်ယုတ်သွားသော အရှိန်အဝါကို အားလုံးက အထင်းသား အာရုံခံမိနေကြ၏။
ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ မှ ကျင့်ကြံသူ အားလုံး၏ မျက်နှာများမှာ သွေးဆုတ်ဖြူရော်သွားကြပြီး၊ သူငယ်အိမ်များ ကျုံ့ဝင်ကာ ဆောင်းရာသီမှ ပိုးကောင်ငယ်လေးများအလား ငြိမ်သက် တိတ်ဆိတ်သွားကြတော့သည်။ မည်သူ တစ်ဦးတစ်ယောက်ကမျှ ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် အတွက် ဝင်ရောက် မပြောဆိုရဲကြချေ။
ကောင်းကင်ယံထက်တွင်တော့ နတ်မိမယ် လျူရွှီး ၏ အရှိန်အဝါသည် လျှို့ဝှက် နက်ရှိုင်းလှပြီး မျက်နှာ အမူအရာမှာလည်း အေးစက် လျစ်လျူရှုမှုများဖြင့် ပြည့်နှက်နေ၏။
“အပေးအယူ လုပ်ချင်တယ် ဆိုရင်... ထိုက်ရွှီ ကိုယ်တိုင် တာ့ယွဲ့ နန်းတော် ကို လာခဲ့လို့ ပြောလိုက်”
ထိုသို့ပြောပြီးနောက် နတ်မိမယ် လျူရွှီး သည် မျက်နှာတွင် သွေးဆုတ်ဖြူရော်ကာ ကြက်သေသေနေကြသော ကုန်းစွန်းယီ နှင့် သူ၏ တပည့် ဖြစ်သူကို တစ်ချက် စိုက်ကြည့်လိုက်၏။
“ဒီနှစ်ကောင်က လွဲလို့ ကျန်တဲ့ လူတွေ အခု ချက်ချင်း မထွက်သွားဘူး ဆိုရင်... တစ်သက်လုံး ဒီမှာပဲ အသေခံလိုက်ကြတော့”
“ဝှစ်... ဝှစ်... ဝှစ်”
သူမ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ဖုန်းလော့ နယ်မြေ မှ လူများသည် ပထမဆုံး အနေဖြင့် ထွက်ပြေးကြတော့သည်။
ဤနေရာမှာ ဖီးနစ် အင်မော်တယ် တောင်ကြား ဖြစ်ပြီး သူတို့၏ တောင်ကြား ဂိတ်တံခါးမှာလည်း အနီးအနားတွင်သာ ရှိနေသည် မဟုတ်ပါလော။ ဖီးနစ် အင်မော်တယ် တောင်ကြား ၏ ရှေးဟောင်း သခင်ကြီး နှင့် သူ၏ လူများသည် ဂိုဏ်းအတွင်းသို့ ထွက်ပြေး လွတ်မြောက်သွားပြီးနောက် ဂိတ်တံခါးကိုပင် ပြန်မဖွင့်ရဲတော့ဘဲ၊ အကြောက်လွန်ကာ တုန်ယင်လျက် ပုန်းအောင်းနေကြတော့သည်။
ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ မှ လူများသည်လည်း လွတ်မြောက်ရာ အလင်းတန်းများ အဖြစ် လျင်မြန်စွာ ပြောင်းလဲသွားကြပြီး၊ အပြင်းအထန် ဒဏ်ရာရနေသော ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် ကို ဆွဲခေါ်ကာ ဖီးနစ် အင်မော်တယ် တောင်ကြား ထဲမှ မျက်စိတစ်မှိတ် အတွင်း ထွက်ပြေးသွားကြလေတော့၏။
ထိုနေရာတွင်တော့ ဆရာတပည့် နှစ်ဦး ဖြစ်ကြသော ကုန်းစွန်းယီ နှင့် တူးယွီလင်း တို့သာလျှင် အားကိုးရာမဲ့စွာ စွန့်ပစ်ခံလိုက်ရပြီး ကြက်သေသေလျက် ကျန်ရစ်ခဲ့ကြတော့သည်။
“ဘုန်း”
နောက်တစ်စက္ကန့်တွင်တော့...
ကုန်းစွန်းယီ သည် ကောင်းကင်ယံရှိ စုယွီ နှင့် လော့ချန်ယွီ တို့ထံသို့ မျက်နှာမူကာ ဒူးထောက် ချလိုက်တော့သည်။ မျက်ရည်များ နှာရည်များနှင့် ငိုယိုကာ သူက အသနားခံတော့၏။
“ညီလေး စု... ညီမလေး လော့... အစ်ကို မှားသွားပါတယ်ကွာ... ငါ မှားမှန်း သိပါပြီ... မင်းတို့ကို မစော်ကားခဲ့သင့်ဘူး... ငါ သေတောင် မတန်ပါဘူးကွာ... ညီမလေး လော့ ရယ်... အရင်တုန်းက သံယောဇဉ်ကို ထောက်ထားပြီး ဒီအစ်ကို့ကို အသက်ချမ်းသာ ပေးပါနော်”
လော့ချန်ယွီ ၏ မျက်ဝန်းများသည် အေးစက်စာနာမှု ကင်းမဲ့နေ၏။ သူမသည် ကုန်းစွန်းယီ နှင့် တူးယွီလင်း တို့အား သတ်ဖြတ်လိုသော အငွေ့အသက်များ အပြည့်ဖြင့် ကြည့်လိုက်ပြီး ပြောလိုက်၏။
“လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က လူတွေနဲ့ ပေါင်းပြီး ငါတို့ကို ဒုက္ခပေးတုန်းက...နင် ဒီလို စကားမျိုး မပြောခဲ့ပါဘူး... အဲဒီတုန်းက နင် အရမ်းတွေ အထက်စီး ဆန်နေခဲ့တာ မဟုတ်ဘူးလား...ငါ့ကို ဒူးထောက်ပြီး အသင်းထဲ လက်ခံဖို့ တောင်းပန်ခိုင်းခဲ့တာ နင်ပဲလေ... အခုကျတော့ ဘာဖြစ်လို့ ဒူးလာထောက်နေရတာလဲ”
ထိုစကားကို ကြားသောအခါ ကုန်းစွန်းယီ ၏ သူငယ်အိမ်များ ကျုံ့ဝင်သွားပြီး ရင်ထဲတွင် အကြီးအကျယ် ဒေါသထွက်သွားခဲ့၏။
ယခင် တိုက်ပွဲကတည်းက လော့ချန်ယွီ ကို သတ်ပစ်ခဲ့ရမည်ဟု သူ တွေးတော နောင်တရနေမိသည်။ ဤသို့ဆိုလျှင် စကားအလွန်များသော ဤမိန်းမ၏ ပါးစပ်ကို ပိတ်ပစ်နိုင်မည် မဟုတ်ပါလော။
အခိုက်အတန့်လေး အတွင်းမှာပင် ကုန်းစွန်းယီ ၏ ခေါင်းထဲတွင် လော့ချန်ယွီ အား မည်သို့ နှိပ်စက် သတ်ဖြတ်ရမည် ဆိုသည့် ရက်စက် ယုတ်မာသော အတွေးများ အစီအရီ ပေါ်ထွက်လာခဲ့သည်။ သူသည် အငြိုးအတေး ကြီးမားသူ တစ်ဦး ဖြစ်၏။
သို့သော် အပြင်ပန်း အသွင်အပြင်တွင်တော့ ကုန်းစွန်းယီ သည် ပို၍ပင်.. ဒူးထောက်ကာ အသနားခံ အော်ဟစ်နေခဲ့တော့သည်။
wunzinnosp
အခန်း (၄၄၃) - အပျက်အစီးနယ်မြေသို့ ဝင်ရောက်ခြင်း၊ အခွင့်အရေး (အပိုင်း - ၃)
~“ဘယ်လိုလုပ် အဲဒီလို ဖြစ်ရမှာလဲ။ ဒါတွေက အခြေအနေအရ မလွှဲမရှောင်သာလို့ ပြောခဲ့ရတဲ့ စကားတွေပါကွာ။ ငါကိုယ်တိုင်လည်း ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ထဲကို အတင်းအဓမ္မ အသွင်းခံခဲ့ရတာပါ။ ခွန်အား မရှိတဲ့ ငါ့လို ကောင်က သူခိုးဓားပြတွေကြားမှာ ဘယ်လိုလုပ် အာခံရဲမှာလဲ”
“ညီမလေး... ယွင်ကျန်းဂိုဏ်း ကို ဒီလို အခြေအနေဆိုက်သွားစေခဲ့တဲ့ ငါ့ရဲ့ အတိတ်က လုပ်ရပ်တွေအတွက် အစ်ကို အမြဲတမ်း နောင်တရနေခဲ့တာပါ။ အစ်ကို့ အမှားတွေချည်းပါပဲ”
“ငါ တောင်းပန်ပါတယ်ကွာ... အကယ်၍ ဒီတစ်ခါသာ ငါ့ကို အသက်ရှင်ခွင့်ပေးမယ်ဆိုရင်... ငါ့ရဲ့ အပြစ်တွေကို ကျေေအးဖို့အတွက် ယွင်ကျန်းဂိုဏ်း ကို တစ်သက်လုံး စောင့်ရှောက်ပေးပါ့မယ်”
'ကျေးဇူးပြုပြီး ဒီစကားတွေကို ယုံလိုက်စမ်းပါ။ ငါ့ကို လွှတ်သာ ပေးလိုက်... ဒီကနေ လွတ်သွားတာနဲ့ မင်းတို့ကို ဘယ်လို ပြန်ကလဲ့စားချေရမလဲဆိုတာ ကြည့်ကြသေးတာပေါ့။'
အမှန်တကယ်တော့ ကုန်းစွန်းယီ ၏ ပါရမီသည် အတော်လေး ထူးချွန်ပြောင်မြောက်လှသည်။ ထိုနှစ်က စုယွီ နှင့်အတူ ယွင်ကျန်းဂိုဏ်း သို့ ဝင်ရောက်လာခဲ့သူများထဲတွင် သူသည် ပါရမီ အထက်မြက်ဆုံး သူတစ်ဦး ဖြစ်ခဲ့၏။ နှစ်ပေါင်းများစွာ ကျင့်ကြံပြီးနောက်တွင်တော့ သူ၏ ကျင့်ကြံခြင်းအဆင့်သည် မသိမသာပင် ရွှေအမြုတေ အဆင့် (၃) သို့ ရောက်ရှိနေခဲ့တော့၏။
သူသည် စုဇီ ထက်ပင် များစွာ အစွမ်းထက်နေသေး၏။
လက်ရှိတွင် စုဇီ မှာ ရွှေအမြုတေ အဆင့် (၂) သို့သာ ရောက်ရှိသေးပြီး၊ သူမ၏ ပါရမီအရ ထိုအဆင့်မှ ဆက်လက် တက်လှမ်းနိုင်ရန်မှာ အလွန်တရာ ခဲယဉ်းလှသည်။ အခြားသော သူတစ်ယောက်ယောက်ကသာ ယွင်ကျန်းဂိုဏ်း ကို စောင့်ရှောက်ရန်အတွက် ရွှေအမြုတေ အဆင့် (၃) အောက်ခြေသိမ်း တစ်ဦးကို ကမ်းလှမ်းလာမည်ဆိုပါက လော့ချန်ယွီ အနေဖြင့် တကယ်ပင် စဉ်းစားကောင်း စဉ်းစားမိပေလိမ့်မည်။
သို့သော် ထိုသူက ကုန်းစွန်းယီ ဖြစ်နေသောအခါတွင်တော့...
'ဂိုဏ်းကို စောင့်ရှောက်မယ် ဟုတ်လား။ ရှင်လို မြွေပွေးကောင်က အခွင့်အရေးရတာနဲ့ ငါတို့ကို ပြန်ပေါက်မယ့်ကောင်။ ကျွန်မကို လာပြီး ဟာသတွေ ပြောမနေနဲ့။'
“ဝီ”
လော့ချန်ယွီ သည် မည်သည့်စကားမှ ပြန်လည် တုံ့ပြန်ခြင်း မပြုတော့ပေ။ ရုတ်တရက်ဆိုသလိုပင် သူမ၏ ခန္ဓာကိုယ်ထံမှ ကြီးမားကျယ်ပြောလှသော ဓားအရှိန်အဝါကြီး တစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး၊ ရွှေအမြုတေ အဆင့် (၅) ၏ စွမ်းအားများသည် စုစည်းသွားကာ သဘာဝ ဝိညာဉ်စွမ်းအင် များကို ချက်ချင်းပင် တုန်လှုပ်သွားစေတော့သည်။
ကောင်းကင်ယံထံမှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီး တစ်ခု ကျဆင်းလာရာ ကုန်းစွန်းယီ တစ်ယောက် ကြက်သီးမွေးညင်းများပင် ထသွားခဲ့ရ၏။
နောက်တစ်စက္ကန့်တွင်တော့...
ရွှေရောင် အလင်းတန်းများသည် ကောင်းကင်ယံ တစ်ခွင်သို့ ပျံ့နှံ့သွားပြီး၊ မရေမတွက်နိုင်သော ဓားချီ များသည် ဓားတစ်လက်ပြီး တစ်လက် အသွင်ပြောင်းသွားကာ လေထဲတွင် စုဝေးလာကြ၏။ ၎င်းမှာ ကြီးမားလှသော ဓားမြစ်ကြီး တစ်စင်းနှင့်ပင် တူနေတော့၏။
လော့ချန်ယွီ က သူမ၏ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် တစ်ပြိုင်နက်၊ ထို ဓားမြစ်ကြီးသည် အောက်ဘက်သို့ ဟိန်းဟောက်ကာ ဒိုင်းခနဲ ပြုတ်ကျလာတော့သည်။
ကုန်းစွန်းယီ ၏ မျက်နှာသည် အကြီးအကျယ် ပြောင်းလဲသွား၏။ သူသည် မြေပြင်ပေါ်မှ ရုတ်တရက် ခုန်ထလိုက်ပြီး အော်ဟစ်လိုက်၏။
“လော့ချန်ယွီ ... မင်းက ကိုယ့်စီနီယာ အစ်ကို ကို ပြန်သတ်ရဲတယ်ပေါ့လေ”
“ဝီ”
ကုန်းစွန်းယီ သည် ကာကွယ်ရေး အဆောင်လက်ဖွဲ့ တစ်ခုကို ထုတ်ပစ်လိုက်ရာ၊ ၎င်းမှာ မျက်စိတစ်မှိတ်အတွင်း သက်ဝင်လှုပ်ရှားသွားပြီး သူ၏ရှေ့တွင် အကာအကွယ် အလွှာတစ်ခု ဖန်တီးလိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် မိမိ၏ မန္တန်စွမ်းအားများကို လည်ပတ်စေလိုက်ပြီး သူ၏ရှေ့၌ အကာအကွယ် ဒိုင်းလွှာ အချို့ကို ချက်ချင်း ဖန်တီးလိုက်ပြန်၏။
ထိုမျှမကသေးဘဲ သူသည် အဆင့်မြင့် မှော်လက်နက် တစ်ခုဖြစ်သော ရွှေရောင် ဒိုင်းကာ တစ်ခုကိုပါ ထုတ်ယူလိုက်သေးသည်။ သူ၏ မန္တန်စွမ်းအားများကို ထိုဒိုင်းကာထဲသို့ စီးဝင်စေလိုက်သောအခါ၊ ရွှေရောင် ဒိုင်းကာ သည် တောက်ပစွာ လင်းလက်လာပြီး အလွန် ခိုင်မာလှသော ကာကွယ်မှု တစ်ခုကို ဖြစ်တည်စေ၏။
'ဒီအရူးမက တကယ်ကြီး သတ်တော့မှာပါလား။ သေစမ်း... ငါ့မှာ ရှိသမျှ အကုန်ထုတ်မှ ရတော့မယ်။'
“ဝုန်း”
နောက်တစ်စက္ကန့်တွင်တော့...
အဆုံးအစမရှိသော ဓားမြစ်ကြီးသည် ကောင်းကင်ယံမှ ဆင်းသက်လာခဲ့ပြီး၊ တစ်ကြိမ်မျှ ရိုက်ခတ်လိုက်ရုံဖြင့် အဆင့်နိမ့် အဆောင်လက်ဖွဲ့မှ ဖန်တီးထားသော ကာကွယ်ရေး အလွှာသည် ချက်ချင်းပင် ကွဲမွသွားကာ ဓားအရှိန်အဝါ၏ ဆုတ်ဖြဲခြင်းကို ခံလိုက်ရ၏။
၎င်း၏ နောက်တွင်တော့ ကုန်းစွန်းယီ ၏ မန္တန် ဒိုင်းလွှာ သည် မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ကွဲအက်သွားခဲ့ပြီး၊ လော့ချန်ယွီ ၏ ဓားအရှိန်အဝါ ရှေ့တွင် တို့ဟူးတုံးလေး တစ်ခုအလား အလွယ်တကူ ကျိုးပဲ့ ပျက်စီးသွားခဲ့၏။ နောက်ဆုံးတွင်တော့ ကုန်းစွန်းယီ အားကိုးတကြီး မျှော်လင့်ထားသော အဆင့်မြင့် မှော်လက်နက် ရွှေရောင် ဒိုင်းကာ ကြီးက နောက်ဆုံး ကာကွယ်ရေး အလွှာအဖြစ် ခံတပ်လုပ်ပေးထားသည်။
ဓားမြစ်ကြီးသည် ၎င်း၏ လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို ဆုတ်ဖြဲ ဖျက်ဆီးပစ်နေသည်ကို မြင်လိုက်ရသောအခါ ကုန်းစွန်းယီ တစ်ယောက် အကြောက်လွန်ကာ ဝိညာဉ်လွင့်မတတ် ဖြစ်သွားရ၏။ သူက အသံကုန် အော်ဟစ်လိုက်၏။
“အား... တောင့်ခံထားစမ်း”
“ဝုန်း”
အားကောင်းလှသော ဓားချီ မြစ်ကြီးသည် ကောင်းကင်မှ ကျဆင်းလာပြီး၊ ၎င်း၏ အထဲတွင် ရောနှော ပါဝင်နေသော တောက်ပသည့် တာအိုဓား တစ်လက်သည် ကောင်းကင်ကို ခွဲဟပ်ကာ ထွက်ပေါ်လာသည်။
ဓားသွားထိပ်ဖျားသည် ရွှေရောင် ဒိုင်းကာ ၏ အကာအကွယ် အလွှာပေါ်သို့ ကျရောက်သွားသည့် အခိုက်အတန့်မှာပင်၊ ထိုအကာအကွယ် အလွှာသည် ချက်ချင်းပင် ဆုတ်ဖြဲခံလိုက်ရ၏။ ရွှေရောင် ဒိုင်းကာ သည် လော့ချန်ယွီ ၏ တာအိုဓား ရှေ့တွင် လုံးဝ အားနည်းလွန်းနေခဲ့သည်။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ၎င်းကို ဖောက်ထွင်းကာ အပေါက်ငယ် တစ်ပေါက် ဖြစ်သွားစေခဲ့၏။
“ဒုတ်”
ကုန်းစွန်းယီ သည် မျက်လုံးကြီးများ ပြူးကျယ်သွားလျက်၊ တာအိုဓား ၏ ဖောက်ထွင်းမှုကို ခံလိုက်ရပြီး သူ၏ နဖူးပေါ်တွင် အပေါက်ငယ် တစ်ပေါက် ကျန်ရစ်ခဲ့၏။ သို့သော် ကြောက်မက်ဖွယ်ကောင်းလှသော ရှေးဟောင်း ဓားတာအို လမ်းစဉ် ၏ အရှိန်အဝါက ကုန်းစွန်းယီ ၏ အသက်စွမ်းအင်များကို လုံးဝ ဖျက်ဆီးပစ်လိုက်တော့သည်။
“ဝှစ်”
တာအိုဓား သည် မျက်စိတစ်မှိတ်အတွင်း ပြန်လည် ပျောက်ကွယ်သွား၏။
နောက်တစ်စက္ကန့်တွင်တော့...
ရွှေရောင် ဒိုင်းကာ ၏ အကာအကွယ် အလွှာသည်လည်း လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး၊ အဆုံးအစမရှိသော ဓားချီ မြစ်ကြီးသည် အောက်ဘက်သို့ ဟိန်းဟောက် ကျဆင်းလာကာ ဖုန်တောကြီး တစ်ခုကို ထစေလိုက်တော့သည်။
ဖုန်မှုန့်များ ပြန်လည် ငြိမ်သက်သွားသောအခါ...
ကုန်းစွန်းယီ နှင့် တူးယွီလင်း တို့ ရပ်နေခဲ့သော အပေ တစ်ရာကျော် မြင့်သည့် တောင်ကုန်းငယ်လေးမှာ လော့ချန်ယွီ ၏ ဓားမန္တန်ကြောင့် အပြောင်ရှင်းခံလိုက်ရတော့၏။
ယွင်ကျန်းဂိုဏ်း ၏ သစ္စာဖောက် နှစ်ဦး ဖြစ်ကြသော ကုန်းစွန်းယီ နှင့် တူးယွီလင်း တို့မှာမူ ပြာအဖြစ်သို့ ပြောင်းလဲသွားကာ လုံးဝ ပျောက်ကွယ်သွားခဲ့ကြတော့သည်။
လောကကြီး တစ်ခုလုံး ပြန်လည် တိတ်ဆိတ်သွားခဲ့၏။
'သေစရာရှိတာ သေလိုက်။ သစ္စာဖောက်တွေအတွက် နေရာမရှိဘူး။'
ကုန်းစွန်းယီ နှင့် လော့ချန်ယွီ တို့ကြားရှိ စွမ်းအား ကွာဟချက်မှာ ကြီးမားလွန်းလှသည်။
လော့ချန်ယွီ အနေဖြင့် အနည်းငယ် အလေးအနက်ထားကာ ဒိုင်းကို ခွဲရန် ကိုယ်ပိုင် တာအိုဓား ကို ထုတ်သုံးလိုက်ရသည့် ထို အဆင့်မြင့် မှော်လက်နက် ဒိုင်းကာကြီး တစ်ခုမှလွဲ၍၊ ကုန်းစွန်းယီ ကဲ့သို့သော သာမန် ရွှေအမြုတေ အဆင့် (၃) အရှင်သခင် တစ်ဦးက သူမ၏ ဓားမန္တန်ကို တားဆီးရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။
မည်သို့ပင်ဆိုစေ၊ သူမ၏ ကျင့်ကြံခြင်း အဆင့်သည် ယခုအခါ ရွှေအမြုတေ အဆင့် (၅) သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
သူမ၏ အခြေခံအုတ်မြစ်မှာ ကုန်းစွန်းယီ ထက် အဆပေါင်းများစွာ ကြောက်စရာ ကောင်းနေပြီး၊ သူမ၏ ကျင့်ကြံခြင်း အဆင့်မှာလည်း သူထက် နှစ်ဆင့်တိတိ ပိုမို မြင့်မားနေခဲ့သည်။
မှော်လက်နက် အပိုင်းကို ကြည့်မည် ဆိုလျှင်လည်း၊ သူမ၏ ကိုယ်ပိုင် တာအိုဓား မှာ ရှေးဟောင်း ဓားတာအို လမ်းစဉ် ၏ အမွေအနှစ် တစ်ခု ဖြစ်နေသည်။ မည်သည့်ဘက်မှ ကြည့်သည်ဖြစ်စေ သူမသည် ကုန်းစွန်းယီ အား လုံးဝ အပြတ်အသတ် အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်၏။
လော့ချန်ယွီ သည် သူမ၏ တာအိုဓား ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး၊ အပြောင်ရှင်းခံလိုက်ရသော အောက်ဘက်ရှိ တောင်ကုန်းငယ်ကို ကြည့်ကာ သူမ၏ မျက်ဝန်းထဲတွင် ရှုပ်ထွေးသော အရိပ်အယောင် အချို့ ပေါ်လာခဲ့၏။ သူမသည် သက်ပြင်းကို ခပ်ဖွဖွ ရှူသွင်းလိုက်သည်။
ဘယ်သူက ထင်ထားခဲ့မှာလဲ။ နောက်ဆုံးမှာတော့ သစ္စာဖောက်တွေကို သူမ ကိုယ်တိုင် ပြန်ရှင်းလင်းပစ်ရလိမ့်မည်ဟု။
ကွယ်လွန်သွားပြီ ဖြစ်သော ဘိုးဘေးကြီး သည် သူ၏ သေခါနီး အချိန်လေးတွင်ပင် ကုန်းစွန်းယီ နှင့် သူ၏ အပေါင်းအပါများကို သတိရနေခဲ့သေး၏။ သူ၏ စကားများအရ ယွင်ကျန်းဂိုဏ်း ကို အချင်းချင်း သဟဇာတ ဖြစ်စေချင်ကြောင်း ထင်ရှားလှသည်။
သို့သော် ဤလူ နှစ်ယောက်မှာ ဘိုးဘေးကြီး ၏ စိုးရိမ်ပူပန်မှုများနှင့် လုံးဝ မထိုက်တန်ခဲ့ပေ။
'တောင်းပန်ပါတယ် ဘိုးဘေးကြီးရယ်... ဘိုးဘေးရဲ့ အချင်းချင်း သင့်မြတ်စေချင်တဲ့ ဆန္ဒက ဒီလို နောက်ကျော ဓားထိုးတဲ့ ကြွက်စုတ်တွေနဲ့တော့ အကျုံးမဝင်ဘူး။'
ဘေးဘက်တွင်တော့...
တာအိုဆရာမ ချင်းချွမ်၊ တာအိုဆရာ ရှုဟိုင်၊ တာအိုဆရာ ရှုယွီ နှင့် အရှင်သခင်ကြီး ကုလန် နောက်သို့ လိုက်ပါလာသော တပည့်လေးများ ပင်လျှင် လော့ချန်ယွီ ၏ လှုပ်ရှားမှုကို မြင်သောအခါ သူတို့၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြ၏။
အရှင်သခင်ကြီး ကုလန် ၏ တပည့် နှစ်ဦးသည် လော့ချန်ယွီ ကို ကြောက်ရွံ့ လေးစားမှု အရိပ်အယောင်များဖြင့် ကြည့်နေကြသည်။
'ဘုရားရေ... ဘယ်ချောင်က ထွက်လာတဲ့ ရှေးဟောင်း ဓားတာအို လမ်းစဉ် က ပါရမီရှင်လဲ မသိဘူး။ သူ့ဓားက တကယ် ကြောက်စရာကြီး။ အဆင့်မြင့် မှော်လက်နက် ဒိုင်းကာကြီးကိုတောင် စက္ကူလို ဖောက်ချသွားတာပဲ။ အမိုက်စား။'
ကောင်လေး၏ နှလုံးသားထဲတွင် တုန်လှုပ် ကြောက်ရွံ့နေခဲ့သည်။
အခြား မိန်းကလေးငယ် အတွက်မူ သူမ၏ မျက်ဝန်းများထဲတွင် လေးစားမှု အပြင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များပါ ရောယှက်နေပြီး လော့ချန်ယွီ အား ကြည့်နေခဲ့၏။
'ဝါး... အစ်မက သောက်ရမ်း မိုက်တာပဲ။ ဒါ တကယ်မိုက်တယ်။ နောင် ဂိုဏ်းက တာဝန်တွေ ဘာတွေ ပေးလာရင်... သူ့ကို ငါနဲ့ အတူတူ လိုက်ဖို့ အကူအညီ တောင်းရမယ်။ ဒါဆို သေချာပေါက် အများကြီး ပိုလုံခြုံသွားမှာပဲ။ စိတ်ချရပြီဟေ့။’
wunzinnosp
အခန်း (၄၄၄) - အပျက်အစီးနယ်မြေသို့ ဝင်ရောက်ခြင်း၊ အခွင့်အရေး (အပိုင်း - ၄)
~အရှင်သခင်ကြီး ကုလန် သည် လော့ချန်ယွီ အား ကြည့်လိုက်သည့်အခိုက်၊ မျက်ဝန်းများထဲတွင် ကျေနပ်အားရမှုနှင့် အံ့သြမှု အရိပ်အယောင်များ အထင်းသား ပေါ်လွင်နေခဲ့၏။
လော့ချန်ယွီ ယခုလေးတင် ထုတ်သုံးပြသသွားခဲ့သော ဓားမန္တန်သည် တာ့ယွဲ့ နန်းတော် ၌ ပြသခဲ့စဉ်ကထက်ပင် များစွာ ပိုမို ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။
လော့ချန်ယွီ ၏ စွမ်းဆောင်ရည် ပိုမို ကောင်းမွန်လေလေ၊ အရှင်သခင်ကြီး ကုလန်အတွက် ပို၍ ဝမ်းသာကျေနပ်စရာ ကောင်းလေလေပင် ဖြစ်တော့သည်။
'ဒီကောင်မလေးက တကယ်မိုက်တာပဲ... ငါ့အတွက်တော့ လာဘ်ကောင်လေးပဲကွာ...'
လော့ချန်ယွီ သည် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွ ရှူထုတ်လိုက်ပြီးနောက်၊ နတ်မိမယ် လျူရွှီး နှင့် အရှင်သခင်ကြီး ကုလန် တို့ဘက်သို့ လှည့်ကာ ရိုသေကျိုးနွံစွာ အရိုအသေပေးလိုက်၏။
“စီနီယာကြီးတို့... အခုလို အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်ရှင်... အဲဒီ နှစ်ယောက်က ကျွန်မတို့ ယွင်ကျန်းဂိုဏ်း က သစ္စာဖောက်တွေမို့လို့ပါ... ဒီနေ့ စီနီယာကြီးတို့ရဲ့ အကူအညီနဲ့ ဂိုဏ်းရဲ့ အညစ်အကြေးတွေကို ရှင်းလင်းခွင့် ရသွားတာပါရှင်”
အရှင်သခင်ကြီး ကုလန် က သဘောကျစွာ ရယ်မောလိုက်သည်။
“ရပါတယ်ကွယ်... ဒါလေးက အသေးအမွှား ကိစ္စလေးပါ”
ထို့နောက် သူမသည် ဆံပင်အဖြူများဖြင့် အလွန်အမင်း အိုမင်းရင့်ရော်နေဟန် ရှိသော မာရှီချင်း အား လှည့်ကြည့်လိုက်ပြီး မျက်မှောင်အနည်းငယ် ကြုံ့ကာ မေးလိုက်၏။
“သူက... နင်တို့ ပြောပြောနေတဲ့ မြေဆရာ လမ်းစဉ်က ပါရမီရှင် ဆိုတဲ့သူလား”
ထိုအခါ၊ တာအိုဆရာမ ချင်းချွမ် က ခေါင်းအသာ ညိတ်ပြလိုက်၏။
“သူ့နာမည်က မာရှီချင်း လို့ ခေါ်ပါတယ် စီနီယာကြီး... တာ့ယွဲ့ နယ်မြေ ထဲက မြေဆရာ မိသားစုက ဆင်းသက်လာတာပါ... အသက်အရွယ်ကလည်း တာအိုမိတ်ဆွေ စု တို့၊ တာအိုမိတ်ဆွေ လော့ တို့နဲ့ သိပ်မကွာပါဘူးရှင်”
“ဒါပေမယ့် တာအိုမိတ်ဆွေ မာ ရဲ့ မြေဆရာ ပါရမီကတော့ တကယ်ကို ရှားရှားပါးပါး ထူးချွန်လွန်းတာ အသေအချာပါပဲရှင်”
မာရှီချင်း သည် တာ့ယွဲ့ နန်းတော် မှ နတ်မိမယ် လျူရွှီး နှင့် အရှင်သခင်ကြီး ကုလန် တို့ထံမှ ထွက်ပေါ်နေသော မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး နှစ်ပါး၏ အရှိန်အဝါများကြောင့် ရင်ထဲတွင် အေးစက်သွားကာ အကြီးအကျယ် တုန်လှုပ်နေခဲ့၏။
'ဟိုက်... မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တွေပါလား... အဲဒါလည်း နှစ်ယောက်တောင်... ငါ့မှာတော့ ကြောက်လွန်းလို့ သေးတောင် ထွက်ကျမတတ်ပဲ...'
ထိုအခါမှသာ သူသည် အခြေအနေ အရပ်ရပ်ကို ရှင်းလင်းစွာ သဘောပေါက်သွားတော့သည်။
စုယွီ နှင့် အခြားသူများက ဖီးနစ် အင်မော်တယ် တောင်ကြား ကဲ့သို့သော နေရာမျိုးအထိ သူ့ကို လာရောက် ကယ်တင်နိုင်ခဲ့ခြင်းမှာ အကြောင်းမဲ့ မဟုတ်ခဲ့ပေ။ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး နှစ်ပါး ကိုယ်တိုင် ပါဝင်လာခဲ့ခြင်းကြောင့်သာ ဖြစ်၏။
'သြော်... အခုမှ ဇာတ်လမ်းက ရှင်းသွားတော့တယ်... တာအိုမိတ်ဆွေ စု တို့က ဘယ်လိုလုပ် ဒီလို နေရာမျိုးအထိ ငါ့ကို လာကယ်နိုင်တာလဲလို့... နောက်ကွယ်မှာ ဒီလို တောင်ကတုံးကြီး နှစ်လုံး ရှိနေတာကိုး... တော်သေးတာပေါ့...'
ထိုအချိန်မှာပင်၊
စုယွီ သည်လည်း အရှင်သခင်ကြီး ကုလန် ၏ နောက်ခံ အဆင့်အတန်းနှင့် တာ့ယွဲ့ နယ်မြေ သို့ လာရောက်ရခြင်း၏ ရည်ရွယ်ချက်များကို မာရှီချင်း ထံသို့ တိတ်တဆိတ် သတင်းပို့ ပြောကြားထားပြီး ဖြစ်သည်။ ထို့အပြင် တာ့ချန် ကျင့်ကြံခြင်း လောက ၏ ဗဟိုချက်မဒေသတွင် ကျင့်ကြံနိုင်ရန်အတွက် ဤအခွင့်အရေးကို အရယူရန်လည်း အကြံပြုထားခဲ့၏။
'တာအိုမိတ်ဆွေ မာ... ခင်ဗျား ကံကောင်းတယ် မှတ်... ဒီအဘွားကြီးက တာ့ချန် ကျင့်ကြံခြင်း လောက ရဲ့ အလယ်ဗဟိုက လာတာ... သူ့ကို သေချာ ဖားထား... အဲဒါမှ ခင်ဗျား အဲဒီ ဗဟိုချက်ဆီ သွားပြီး အေးဆေး ခြေဆန့်နိုင်မှာ... ကျွန်တော့်အတွက်လည်း လမ်းကြော ပွင့်တာပေါ့လေ...'
ထိုသို့ ကြားသိရသည့် အခါ၊ မာရှီချင်း ၏ မျက်နှာပေါ်တွင် ကျေးဇူးတင်လှိုက်လှဲမှုများ အထင်းသား ပေါ်လွင်သွားပြီး၊ နတ်မိမယ် လျူရွှီး နှင့် အရှင်သခင်ကြီး ကုလန် တို့အား အလွန် ရိုသေကျိုးနွံစွာဖြင့် ဦးညွှတ် အရိုအသေပေးလိုက်သည်။
“ကျွန်တော် အသက်အန္တရာယ် ကြုံနေရချိန်မှာ အခုလို ကယ်တင်ပေးခဲ့တဲ့အတွက် အရှင်သခင်ကြီး နှစ်ပါးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ... ဒီကျေးဇူးကို ရင်ဘတ်ထဲမှာ တစ်သက်လုံး မှတ်ထားပါ့မယ်”
အရှင်သခင်ကြီး ကုလန် သည် အတွေးများထဲမှ ရုန်းထွက်လာပြီးနောက် ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
“မင်းက မြေဆရာ လမ်းစဉ်ရဲ့ ပါရမီရှင် ဆိုပါတော့... ဒါပေမယ့် သေချာ စဉ်းစားကြည့်တော့ မင်းက ငါတို့ မြေကမ္ဘာအင်မော်တယ် နယ်မြေ ရဲ့ ကျင့်ကြံခြင်း လမ်းစဉ်နဲ့ သိပ်ကိုက်ညီမယ် မထင်ဘူး”
ထိုစကားကို ကြားသောအခါ စုယွီ၊ လော့ချန်ယွီ နှင့် အခြားသူများ၏ မျက်နှာ အမူအရာများ အနည်းငယ် ပြောင်းလဲသွားကြသည်။ သူတို့ ရင်ထဲတွင် နှမြောတသ ဖြစ်သွားသည့် အခိုက်အတန့်မှာပင် အရှင်သခင်ကြီး ကုလန် ၏ လေသံက ရုတ်တရက် ပြောင်းလဲသွားခဲ့၏။
'ဟာ... ဒီအဘွားကြီးက ဘာတွေ လာကွေ့နေတာလဲ... ခေါ်မယ် ဆိုလည်း ခေါ်ပေါ့...'
“ဒါပေမယ့်... တကယ်လို့ မင်းရဲ့ ပါရမီက အမှန်တကယ်ပဲ ထူးချွန်ပြောင်မြောက်တယ် ဆိုရင်တော့... တခြား အင်မော်တယ် ဂိုဏ်း တစ်ခုမှာ သွားပြီး ကျင့်ကြံဖို့ ငါ ထောက်ခံစာ ပေးနိုင်တယ်... မင်းသာ အဲဒီဂိုဏ်းကို တကယ် ဝင်နိုင်ခဲ့မယ် ဆိုရင်... တစ်သက်လုံး စားမကုန်တဲ့ အကျိုးအမြတ်တွေ ရမှာ သေချာတယ်”
တာအိုဆရာမ ချင်းချွမ် သည် ထိုစကားကြောင့် အနည်းငယ် လှုပ်ရှားသွားပြီး အလျင်အမြန် မေးလိုက်သည်။
“စီနီယာ အစ်မကြီး... ကြယ်ခူး မျှော်စင် ကို ပြောနေတာလားဟင်”
အရှင်သခင်ကြီး ကုလန် က ခေါင်းညိတ်ပြလိုက်၏။
“အေး... ဟုတ်တယ်... ကြယ်ခူး မျှော်စင် ပေါ့... သူတို့က အခင်းအကျင်း ပညာရပ် တွေမှာ ကျွမ်းကျင်တဲ့အပြင် မြေဆရာ လမ်းစဉ် ကို အဓိက အထူးပြုတဲ့ နေရာပဲ”
“ဒီကလေးကို ငါတို့ မြေကမ္ဘာအင်မော်တယ် နယ်မြေ မှာ လာပြီး အချိန်ဖြုန်းခိုင်းနေမယ့်အစား... ကြယ်ခူး မျှော်စင် ကို ဝင်ခွင့်ရမလား ဆိုတာ စမ်းကြည့်ခိုင်းတာက ပိုကောင်းလိမ့်မယ်”
တာအိုဆရာမ ချင်းချွမ် က သဘောကျစွာ ရယ်မောလိုက်၏။
“စီနီယာ အစ်မကြီး က တကယ်ကို သဘောထား ကြီးတာပဲ... ဒီအစီအစဉ်က လုံးဝ အကွက်စေ့သွားပြီ”
ထိုစကားများကို ကြားသောအခါ မာရှီချင်း သည် အရှင်သခင်ကြီး ကုလန် အား နောက်တစ်ကြိမ် အရိုအသေပေးလိုက်ပြန်သည်။
“အခုလို ထောက်ခံပေးတဲ့အတွက် ကျေးဇူးကြီးလှပါတယ် ခင်ဗျာ... ဒီကျေးဇူးကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး”
'ငါတော့ တကယ် ကံထနေပြီထင်တယ်... မြေဆရာတွေအတွက် ထိပ်တန်းနေရာကို တိုက်ရိုက် သွားခွင့်ရတော့မှာပဲ...'
အရှင်သခင်ကြီး ကုလန် သည် သူ့ကို ခေတ္တမျှ ကြည့်နေပြီးနောက် ထပ်မံ၍ ပြုံးလိုက်၏။
“ဒါက အသေးအမွှား ကိစ္စလေးပါ... ဒါပေမယ့် မင်း ကြယ်ခူး မျှော်စင် ထဲကို တကယ် ဝင်နိုင်မလား ဆိုတာတော့ ငါ တော်တော်လေး စိတ်ဝင်စားနေပြီ”
“မင်းသာ ကြယ်ခူး မျှော်စင် မှာ နာမည်တစ်လုံးနဲ့ ထင်ပေါ်လာခဲ့မယ် ဆိုရင် ပိုတောင် ကောင်းသေးတယ်... အဲဒီအခါကျရင် သူတို့က ငါ့ကို ကျေးဇူးတင်ရဦးမှာ”
မာရှီချင်း သည် ကျေးဇူးတင်စကား ဆိုရင်း ထပ်မံ၍ ဦးညွှတ်လိုက်ပြန်၏။
“အရှင်သခင်ကြီး ရဲ့ မျှော်လင့်ချက်ကို မရိုက်ချိုးမိအောင် အကောင်းဆုံး ကြိုးစားသွားပါ့မယ် ခင်ဗျာ”
အရှင်သခင်ကြီး ကုလန် သည် လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ပြီးနောက် မျက်မှောင်ကြုံ့ကာ တာအိုဆရာမ ချင်းချွမ် အား ကြည့်၍ မေးလိုက်သည်။
“ရပါတယ်... ထားလိုက်ပါတော့... ဒါနဲ့ နင် ပြောထားတဲ့ နောက်ထပ် ပါရမီရှင် တစ်ယောက် ရှိသေးတယ် ဆိုတာကရော ဘယ်မှာလဲ”
လော့ချန်ယွီ က တီးတိုး လေသံဖြင့် ဝင်ရောက်ဖြေကြားလိုက်၏။
“စီနီယာကြီးရှင်... တာအိုမိတ်ဆွေ ဖုန်းလင် ကတော့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကတည်းက ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ၊ ကိုးဝိညာဉ် မိစ္ဆာ နန်းတော် နဲ့ ဖုန်းလော့ နယ်မြေ က လူတွေ ပူးပေါင်း ချောင်းမြောင်း တိုက်ခိုက်တာ ခံရလို့... ဟိုးရှေ့က အပျက်အစီး နယ်မြေ ထဲကို အတင်း ဝင်ပုန်းနေရပါတယ်ရှင်”
အရှင်သခင်ကြီး ကုလန် ၏ အကြည့်များသည် သူမရှေ့ရှိ သွေးရောင် မြူခိုးများ လွှမ်းခြုံနေသော အပျက်အစီး နယ်မြေဆီသို့ မသိမသာ ရွေ့လျားသွားခဲ့သည်။
အချိန် အတော်ကြာ ငြိမ်သက်နေပြီးနောက်၊ သူမသည် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွ ချလိုက်၏။
“ဟူး... အဲဒီ ကောင်မလေးတော့ အသက်အန္တရာယ် အကြီးအကျယ် ကြုံနေရလောက်ပြီ”
မည်သည့် ရှင်းလင်းချက်မျှ ထပ်မံ မပြောတော့ဘဲ၊ သူမသည် တာ့ယွဲ့ နန်းတော် မှ နတ်မိမယ် လျူရွှီး ဘက်သို့ လှည့်ကာ မေးလိုက်၏။
“တာအိုမိတ်ဆွေ လျူရွှီး... ဒီအပျက်အစီး နယ်မြေ ကို ဘယ်လို မြင်လဲ”
နတ်မိမယ် လျူရွှီး သည် အပျက်အစီး နယ်မြေကို တစ်ချက် လှမ်းကြည့်လိုက်ပြီး တည်ငြိမ်စွာ ဖြေကြားလိုက်သည်။
“အချိန်တိုလေး အတွင်းမှာတော့ ဒီ အခင်းအကျင်း ကို ဖျက်လို့ ရမှာ မဟုတ်ဘူး... ကြယ်ခူး မျှော်စင် က ကျွမ်းကျင်ပညာရှင်တွေ လာပြီး ချိုးဖျက်ပေးနိုင်မယ် ဆိုရင်တော့... အကျိုးအမြတ် တချို့တလေ ရကောင်း ရနိုင်တာပေါ့လေ”
အရှင်သခင်ကြီး ကုလန် က ခေါင်းကို အသာအယာ ခါယမ်းလိုက်၏။
“ထားလိုက်ပါတော့လေ... ဒီအပျက်အစီး နယ်မြေကို ကြည့်ရတာ... အရင်ခေတ်က ကောင်းကင်ဖီးနစ် နန်းတော် သုံးခဲ့တဲ့ နေရာရွှေ့ပြောင်းတဲ့ ဂိတ်စခန်း တစ်ခုလောက်ပဲ ဖြစ်ဖို့ များတယ်... အထဲကနေ ထွက်ပေါ်နေတဲ့ အရှိန်အဝါကတော့ တကယ်ကို အားကောင်းလှပါတယ်... ရှေးဟောင်း ကောင်းကင်ဖီးနစ် သွေးမျိုးဆက် ပါဝင်တဲ့ စတုတ္ထအဆင့် အဆင့်မြင့် သားရဲ တစ်ကောင်ကောင် ချန်ရစ်ခဲ့တာမျိုး ဖြစ်နိုင်တယ်”
“ဒါပေမယ့် နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဆိုတော့... အဲဒီလို သားရဲတွေရဲ့ အကြွင်းအကျန်တွေ ဆိုရင်တောင်မှ ကျန်နေတာ သိပ်နည်းတော့မှာ... တန်ဖိုး သိပ်မကြီးတော့ဘူးလေ... ကြယ်ခူး မျှော်စင် က လူတွေကို အကူအညီ လှမ်းတောင်းနေရလောက်အောင် မတန်တော့ဘူး”
“သူတို့ဆီက အကူအညီ တောင်းရတာ လွယ်တာမှ မဟုတ်တာ... မျက်နှာပျက်ရမယ့် အပြင် အရင်းအမြစ်တွေလည်း အများကြီး ကုန်ဦးမှာ”
ထိုသို့ပြောပြီးနောက်တွင်တော့၊
အရှင်သခင်ကြီး ကုလန် နှင့် နတ်မိမယ် လျူရွှီး တို့ နှစ်ဦးစလုံးသည် ယာဉ်ပျံပေါ်သို့ ပြန်လည် တက်ရောက်သွားကြ၏။
“သွားကြစို့... ငါတို့ ဒီအပျက်အစီး နယ်မြေထဲကို ဝင်စွန့်စားနေစရာ မလိုဘူး... ပြန်ကြတာပေါ့”
စုယွီ၊ လော့ချန်ယွီ၊ တာအိုဆရာမ ချင်းချွမ် နှင့် အခြားသူများ အားလုံးသည်လည်း နောက်မှ လိုက်ပါသွားကြပြီး ယာဉ်ပျံအတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားကြတော့သည်။
'အေးလေ... မလိုဘဲ သွားပြီး အသေခံနေစရာမှ မလိုတာ... အိမ်ပြန်ရတာ အကောင်းဆုံးပဲ...'
ထို့နောက်တွင်တော့ ယာဉ်ပျံ၏ အားကောင်းလှသော စတုတ္ထအဆင့် အဆင့်နိမ့် အခင်းအကျင်း သည် သက်ဝင်လှုပ်ရှားလာခဲ့ပြီး၊ ယာဉ်ပျံကြီးသည် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ဖီးနစ် အင်မော်တယ် တောင်ကြား ၏ အထက်ကောင်းကင်ယံမှ လုံးဝ ပျောက်ကွယ်သွားခဲ့တော့၏။
ယာဉ်ပျံ အတွင်း၌မူ စုယွီ သည် ဖီးနစ် အင်မော်တယ် တောင်ကြား ရှိ အပျက်အစီး နယ်မြေနှင့် ပတ်သက်၍ မာရှီချင်း နှင့် အပြန်အလှန် စကားပြောဆိုနေခဲ့၏။
“အဲဒီနေရာမှာ ရှေးဟောင်း စတုတ္ထအဆင့် အဆင့်မြင့် အခင်းအကျင်း ရဲ့ အကြွင်းအကျန်တွေ ရှိနေတယ်ဗျ... သူ ထုတ်လွှတ်နေတဲ့ အရှိန်အဝါက အရမ်း အားကောင်းနေတုန်းပဲ... သာမန်အားဖြင့် ဆိုရင် မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တွေတောင် အဲဒီ အခင်းအကျင်း ကို အတင်း ချိုးဖျက်ဖို့ ခက်ခဲလိမ့်မယ်... ကျွန်တော်လည်း အတင်း ဖောက်ဝင်ဖို့ တွက်ချက်ကြည့်သေးတယ်... ကျွန်တော့်ရဲ့ လက်ရှိ အခင်းအကျင်း နားလည်မှုနဲ့ဆိုရင်... ကျွန်တော့် သက်တမ်း တစ်ခုလုံး အကုန်ခံပြီး ကြိုးစားရင်တောင် ဖျက်နိုင်ဖို့ မလွယ်ဘူး”
“ဒါပေမယ့်... ကျွန်တော် လေ့လာ တွက်ချက်ထားမှုတွေ အရတော့... အဲဒီနေရာရဲ့ အလယ်ဗဟိုကတော့ လုံခြုံမှု ရှိလောက်တယ်ဗျ... အဲဒီမှာ ယဇ်ပလ္လင် တစ်ခု ရှိတယ်... အဲဒီ အပေါ်မှာ ဧရာမ မိစ္ဆာသားရဲ ကြီး တစ်ကောင်ရဲ့ အကြွင်းအကျန်တွေ ရှိနေတယ်”
“အဲဒီ အကြွင်းအကျန် တွေက စီနီယာ ကုလန် ပြောသွားတဲ့... ရှေးဟောင်း ကောင်းကင်ဖီးနစ် သွေးမျိုးဆက် ပါဝင်တဲ့ စတုတ္ထအဆင့် အထွတ်အထိပ် သားရဲ တစ်ကောင် ဖြစ်ဖို့ များတယ်... အဲဒါက တကယ့်ကို ရတနာ တစ်ပါးလို့ သတ်မှတ်လို့ ရတယ်ဗျ”
'ဟင်... ရတနာတဲ့လား... တာအိုမိတ်ဆွေ မာ ကတော့ ငါ့လောဘကို လာဆွနေပြန်ပြီ... ဒါပေမယ့် အသက်နဲ့ ရင်းရမယ့် ကိစ္စဆိုတော့ နည်းနည်းတော့ ချင့်ချိန်ရဦးမယ်…’