အခန်း (၇၈၇-၇၈၉)
Vol. 53 Ch. 787-789
အခန်း (၇၈၇)- သူတော်စင် ဘိုးဘေးကြီး ၏ တိုက်ခိုက်မှု
~ဘာလို့ သူတို့ နှစ်ယောက်က ကျယ်ပြန့်သော ကမ္ဘာ ကြီးကို မျှဝေ ပိုင်ဆိုင်ထားသလို ခံစားနေရတာလဲ။
မိမိ၏ ခံစားချက်များက စိတ်ကူးယဉ် သက်သက်သာ ဖြစ်နေသလား ဆိုသည်ကို နင်ချီ သေချာ မသိသော်ငြားလည်း၊ မည်သို့ပင်ဖြစ်စေ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့ပြီ ဖြစ်ရာ ဆက်လက် တွေးတောနေရန် မလိုအပ်တော့ချေ။
ထိုအချက်ကို သဘောပေါက်သွားသည်နှင့် တစ်ပြိုင်နက် နင်ချီ ၏ ပုံရိပ်မှာ ထိုနေရာမှ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
ကောင်းကင် တိုင်လုံးကြီးများအလား ဖြစ်နေသော စိမ်းပြာရောင် နဂါး နှစ်ကောင်မှာ နင်ချီ ၏ လှုပ်ရှားမှုများကို မျက်စိတစ်မှိတ် အတွင်း အာရုံခံမိသွားကြ၏။ သူတို့က တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ပြီးနောက် ခွမ်းရှန်းချင်း ကို လှမ်းကြည့်ကာ သူ ရှိရာဆီသို့ တဟုန်ထိုး ပျံသန်းသွားကြတော့သည်။
နင်ချီ က ဟင်းလင်းပြင် ကို ဖြတ်သန်းလာပြီး ခွမ်းရှန်းချင်း ၏ ဘေးတွင် ထွက်ပေါ်လာ၏။
“မင်းရဲ့ ပန်းချီကားလေး ခဏလောက် ငှားလို့ ရမလား”
နင်ချီ ၏ အသံကို ကြားလိုက်ရသောအခါမှ ခွမ်းရှန်းချင်း မှာ မှင်သက်နေရာမှ နောက်ဆုံးတွင် သတိဝင်လာတော့သည်။ သူက နင်ချီ ကို အလွန်တရာ ထိတ်လန့် ကြောက်ရွံ့စွာဖြင့် လှမ်းကြည့်ပြီး အော်ဟစ်လိုက်၏။
“အနားကို မလာခဲ့နဲ့”
နင်ချီ ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူသည် သူတော်စင် ဘိုးဘေးကြီး ၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေရသဖြင့် ခွမ်းရှန်းချင်း ကို လုံးဝ အာရုံမစိုက်နိုင်ခဲ့ချေ။
ခွမ်းရှန်းချင်း က ဘယ်လိုလုပ်ပြီး ဒီလို အခြေအနေမျိုး ရောက်သွားရသနည်း။ သူ၏ ယုံကြည်ချက်တွေ အားလုံး ပြိုလဲသွားသည့် အတိုင်းပင်။
သူသည် သူတော်စင် ဘိုးဘေးကြီး ၏ တိုက်ခိုက်မှုကို ခံယူလိုက်ခြင်းအားဖြင့် ခွမ်းရှန်းချင်း အပေါ် မည်မျှအထိ ထိခိုက် နစ်နာသွားစေခဲ့သည် ဆိုသည်ကို သူ သဘာဝကျကျပင် မသိရှိခဲ့ချေ။ ထို ထိခိုက်မှုမှာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု မဟုတ်သလို၊ မူလဝိညာဉ် ထိခိုက်မှုလည်း မဟုတ်ပေ။ ၎င်းက ခွမ်းရှန်းချင်း ၏ နှလုံးသားထဲတွင် အမြဲတမ်း ခိုင်မြဲစွာ ယုံကြည်ထားခဲ့သော ယုံကြည်ချက်များကို လုံးလုံးလျားလျား ဖျက်ဆီးပစ်လိုက်ခြင်းပင်။
၎င်းမှာ သူတော်စင် ဘိုးဘေးကြီး သည် ပြိုင်ဘက်ကင်းပြီး မည်သူကမျှ သူ၏ တိုက်ခိုက်မှု တစ်ချက်ကိုပင် ခုခံနိုင်စွမ်း မရှိဘူး ဆိုသည့် ယုံကြည်ချက်ပင် ဖြစ်သည်။
နင်ချီ တွင် ထိုအရာများကို တွေးတော ပူပန်နေရန် အချိန် မရှိချေ။ ခွမ်းရှန်းချင်း က စိမ်းပြာရောင် နဂါး ရှိရာဆီသို့ ထွက်ပြေးသွားပြီး၊ နင်ချီ က သူ၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွား၏။ ရုတ်တရက် နင်ချီ က လက်ကို လှမ်းဆွဲလိုက်ပြီး ခွမ်းရှန်းချင်း နေ့ရောညပါ လေ့လာနေခဲ့သော သူ အမြတ်နိုးဆုံး ပန်းချီကားလိပ် ကို သူ၏ လက်ထဲမှ လုယူလိုက်တော့သည်။
ထိုအခိုက်အတန့်တွင် စိမ်းပြာရောင် နဂါး နှစ်ကောင်မှာ လေ၊ မိုးကြိုး၊ မိုး နှင့် လျှပ်စီးတန်း များကို စီးနင်းကာ လမ်းတစ်ဝက်ခန့်ကို အမြန်ဆုံး ပြန်လည် ရောက်ရှိလာကြပြီ ဖြစ်၏။
ပန်းချီကားလိပ် မှာ နင်ချီ ၏ လက်ထဲသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက်... ၎င်းက အသက်ဝင်နေသည့်အလား နင်ချီ ၏ လက်ထဲမှ ရုန်းထွက်ရန် အသည်းအသန် ကြိုးစားနေတော့သည်။
သို့သော် နင်ချီ က နယ်မြေစွမ်းအား များကို အသက်သွင်းလိုက်ရုံဖြင့် ထို ပန်းချီကားလိပ် မှာ မျက်စိတစ်မှိတ် အတွင်း ရက်စက်စွာ ဖိနှိပ် ချုပ်ချယ်ခံလိုက်ရ၏။
ချက်ချင်းပင် နင်ချီ က ပန်းချီကားလိပ် ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး သူ့ဆီသို့ တဟုန်ထိုး ပြေးဝင်လာသော စိမ်းပြာရောင် နဂါး နှစ်ကောင်ဆီသို့ ချိန်ရွယ်လိုက်၏။ ပန်းချီကားလိပ် မှာ တုန်ခါသွားပြီး ပြိုင်ဘက်ကင်းသော ဆွဲငင်အား တစ်ခု ပေါက်ကွဲထွက်လာတော့သည်။
စိမ်းပြာရောင် နဂါး နှစ်ကောင်မှာ သူတို့ ရောက်လာစဉ်ကထက်ပင် ပိုမို မြန်ဆန်သော အမြန်နှုန်းဖြင့် ကျုံ့ဝင်သွားကြပြီး၊ သူတို့၏ တိုင်လုံးကြီးများအလား ခန္ဓာကိုယ်များမှာ မျက်တောင်တစ်ခတ် အတွင်း ပန်းချီကားလိပ် ထဲသို့ စုပ်ယူခံလိုက်ရတော့သည်။
အရပ်လေးမျက်နှာမှ လေ၊ မိုးကြိုး၊ မိုး နှင့် လျှပ်စီးတန်း များ အားလုံး ပျောက်ကွယ်သွားပြီး ထူးဆန်းသော ဖြစ်စဉ်များ အားလုံး ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားကာ... ဟင်းလင်းပြင် ထဲတွင် နင်ချီ နှင့် ခွမ်းရှန်းချင်း နှစ်ဦးတည်းသာ လွင့်မျော ကျန်ရစ်ခဲ့တော့သည်။
နင်ချီ က သူ၏ ညာလက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ရာ၊ လေနတ်ဘုရား ပန်းချီကားလိပ် တစ်ခုလုံး ပြန်လည် ပိတ်သွားပြီး ပန်းချီကား တစ်ချပ်အဖြစ် ပြောင်းလဲသွား၏။
... ၎င်းကို သူ၏ ဟင်းလင်းပြင် သိုလှောင်အိတ် ထဲသို့ သိမ်းဆည်းလိုက်တော့သည်။
နင်ချီ ၏ အကြည့်များက ခွမ်းရှန်းချင်း ဆီသို့ ကျရောက်သွား၏။
ပန်းချီကားလိပ် မှာ အလုခံလိုက်ရပြီး၊ ၎င်းထဲမှ စိမ်းပြာရောင် နဂါး မှာလည်း နင်ချီ က ကြီးမားလှသော မှော်စွမ်းအားများကို အသုံးပြုကာ ပန်းချီကား ထဲသို့ ပြန်လည် ထည့်သွင်းလိုက်ပြီ ဖြစ်၏။
ခွမ်းရှန်းချင်း မှာ ထိန်းမရအောင် တုန်ယင်နေပြီး စကားတစ်ခွန်းမျှပင် ပြောထွက်နိုင်စွမ်း မရှိတော့ဘဲ နင်ချီ ကိုသာ မှင်သက်စွာ ငေးကြည့်နေတော့သည်။
နင်ချီ က ဆိုလိုက်၏။
“မင်းက ရူးချင်ယောင် ဆောင်နေရုံနဲ့ ငါက မင်းကို အလွတ်ပေးလိုက်မယ်လို့ မထင်နဲ့နော်”
သူက နောက်တစ်ကြိမ် လက်ကို ဆန့်ထုတ်လိုက်ပြီး၊ မျက်စိတစ်မှိတ် အတွင်း ဧရာမ အရောင်ငါးမျိုး လက်ဝါးကြီး တစ်ခုကို ဖန်တီးကာ ခွမ်းရှန်းချင်း ကို ဖိနှိပ် တံဆိပ်ခတ် လိုက်တော့သည်။
ခွမ်းရှန်းချင်း က တကယ်ပဲ ထိတ်လန့် ကြောက်ရွံ့နေတာလား သို့မဟုတ် ဟန်ဆောင်နေတာလား ဆိုသည်ကို နင်ချီ လုံးဝ ဂရုမစိုက်ချေ။ ကျယ်ပြန့်သော ကမ္ဘာ မှ အသက်ရှင်နေသော နယ်မြေအရှင်သခင် တစ်ပါးကို ဖမ်းဆီးနိုင်ခြင်းက သူ၏အတွက် အလွန်တရာ တန်ဖိုး ကြီးမားလှ၏။
ကျယ်ပြန့်သော ကမ္ဘာ ၏ သူတော်စင် ဘိုးဘေးကြီး ထံမှ ပန်းချီကားလိပ် မှာ ပို၍ပင် တန်ဖိုး ကြီးမားလှပြီး၊ နင်ချီ သည် ကျယ်ပြန့်သော ကမ္ဘာ ၏ သူတော်စင် ဘိုးဘေးကြီး ၏ အခြေအနေကို နားလည် သဘောပေါက်နိုင်ရန်အတွက် ၎င်းကို အသေအချာ လေ့လာရန် စီစဉ်ထား၏။
တောင်နှင့် ပင်လယ် ကမ္ဘာ ၏ ဘိုးဘေးကြီး နှစ်ပါး ဖြစ်သော တောင်ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့သည်လည်း သူတော်စင် ဘိုးဘေးကြီး နှင့် ဆင်တူနိုင်မည်ဟု သူ ယူဆထား၏။
ဘိုးဘေးကြီး သုံးပါးနှင့် ဝိညာဉ်ကမ္ဘာ နှစ်ခု၏ ဆန္ဒတော်တွေ သည် နင်ချီ ၏ နောက်ထပ် ပစ်မှတ်များ ဖြစ်လာမည် ဖြစ်ပြီး၊ သူ အောင်နိုင်ရမည့် အရာများပင် ဖြစ်သည်။
အကယ်၍ ၎င်းတို့ကို ကျော်ဖြတ်နိုင်မည် ဆိုပါက... အစစ်အမှန်သိုင်းကမ္ဘာ သည် အန္တရာယ်များမှ လုံးလုံးလျားလျား လွတ်မြောက်သွားနိုင်မည် ဖြစ်ပြီး ကမ္ဘာကြီး နှစ်ခုစလုံးကိုပင် ဝါးမြို သိမ်းပိုက်နိုင်စွမ်း ရှိလာမည် ဖြစ်၏။
နင်ချီ က ခွမ်းရှန်းချင်း ကို ဖိနှိပ် ဖမ်းဆီးလိုက်သည်ကို မြင်လိုက်ရသောအခါ၊ နက်ရှိုင်းသော သစ္စာတရား နယ်မြေ အပါအဝင် စစ်တပ်ကြီး သုံးခုလုံးမှာ သူတို့၏ ကိုယ်ယောင်ဖျောက်ထားမှုများကို ချက်ချင်း ရုပ်သိမ်းလိုက်ကြပြီး နင်ချီ ရှိရာဆီသို့ လျင်မြန်စွာ ပျံသန်းလာကြတော့သည်။
နက်ရှိုင်းသော သစ္စာတရား နယ်မြေ နှင့် လန်ယာ နယ်မြေ စစ်တပ်ကြီး နှစ်ခုမှာ နင်ချီ ၏ နောက်မှ လိုက်ပါလာခဲ့ကြသော်လည်း ဘာမှ မလုပ်ခဲ့ရသဖြင့် အတော်လေး အားနာနေကြ၏။
ဖူယောင် နယ်မြေ စစ်တပ်ကြီးမှာမူ နင်ချီ တစ်ယောက်တည်း၏ ကယ်တင်ခြင်းကို ခံခဲ့ရသဖြင့် လူတိုင်းမှာ နင်ချီ အပေါ် ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်နေကြတော့သည်။
သူတို့သည် ပျံသန်းနေရင်းနှင့်ပင် စကားစတင် ပြောဆိုလာကြ၏။
ဖူယောင် နယ်မြေ စစ်တပ်ကြီး အတွင်း၌ ရင်းနှီးကျွမ်းဝင်နေသော လူကြီး တစ်ဦးက စစ်သူကြီး ချီခယ်ချင်း ကို ရုတ်တရက် အသံကျယ်ကျယ်ဖြင့် လှမ်းပြောလိုက်၏။
“စီနီယာအစ်မကြီး ချီ... ကျွန်တော်တို့က အရှင်သခင် နင် ရဲ့ ကယ်တင်မှုကို အကြိမ်ကြိမ် ရခဲ့တာပါ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အကျိုးအမြတ် (၃၀) ရာခိုင်နှုန်းကို အရှင်သခင် နင် ဆီ ပေးသင့်တယ်လို့ ခင်ဗျားရဲ့ လက်အောက်ငယ်သားက အကြံပြုချင်ပါတယ် ခင်ဗျာ”
ထိုသူမှာ ယခင်က ချီခယ်ချင်း နှင့် အငြင်းပွားခဲ့ဖူးသော အကြီးအကဲ လီ ပင် ဖြစ်သည်။ သူ၏ နာမည် အပြည့်အစုံမှာ လီချီခွီ ဖြစ်ပါ၏။
ယခုအခါ သူက သူတို့၏ အကျိုးအမြတ် (၃၀) ရာခိုင်နှုန်းကို ပေးအပ်ရန် ချီခယ်ချင်း ကို ကိုယ်တိုင် ကိုယ်ကျ တောင်းဆိုနေရုံသာမက၊ ၎င်းကို လူအများရှေ့တွင် ပေါ်တင်ကြီး ကြေညာနေပြီ ဖြစ်၏။ သူ၏ စိတ်နေသဘောထား အပြောင်းအလဲမှာ တကယ့်ကို အံ့မခန်းပင်။
ချီခယ်ချင်း မှာ အံ့အားသင့်သွားပြီး မေးလိုက်၏။
“အကြီးအကဲ လီ... ဒါ တကယ်ပဲလား”
လီချီခွီ က ဖူယောင် နယ်မြေ မှ လူတိုင်းကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“တကယ်ပေါ့ဗျာ... ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး။ ခင်ဗျားတို့ အားလုံးလည်း ကန့်ကွက်မှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်နော်”
လူတိုင်းက သူ့ကို လှမ်းကြည့်လိုက်ကြ၏။
သူတို့ အားလုံး သဘောတူချင်ကြပါသည်။ သို့သော်လည်း၊ ... ဘာကြောင့် ဒီ အဘိုးကြီးက အရင်ဆုံး အကြံပြုရတာလဲ။
သူတို့က ဒီ အဘိုးကြီးရဲ့ အမြတ်ထုတ်တာကို ခံလိုက်ရသလို ခံစားနေကြရ၏။
သူတို့သည် အရှင်သခင် နင် နှင့် အခြားသူများကို အကျိုးအမြတ်များ ခွဲဝေပေးလိုက်ရသည့်အတွက် နစ်နာသွားသည်ဟု ခံစားရခြင်း မဟုတ်ဘဲ၊ သည်အကြံကို လီချီခွီ က စတင် ပြောဆိုလိုက်သည့်အတွက် အမြတ်ထုတ်ခံလိုက်ရသလို ခံစားနေရခြင်းပါ။
ဟုတ်သားပဲ... ဒီ အဘိုးကြီးက သူတစ်ပါးဆီက အမြတ်ထုတ်ဖို့ အမြဲတမ်း ဝါသနာပါသည်ပဲလေ။ အခု သူက ဒါကို ထုတ်ပြောလာသည် ဆိုကတည်းက အရှင်သခင် နင်၏ ရှေ့မှာ မျက်နှာလို မျက်နှာရ လုပ်ချင်၍ သေချာပေါက် ဖြစ်ရမည်။
စကြာဝဠာ ဖန်ဆင်းခြင်း ကိစ္စများတွင် ပါဝင် ပတ်သက်နေသော နင်ချီ အနေဖြင့် သူတို့၏ စကားပြောဆိုမှုများကို ဘယ်လိုလုပ်ပြီး မကြားဘဲ နေပါမည်နည်း။
ချီခယ်ချင်း ကမူ ထိုအရာများကို လုံးဝ တွေးတောမနေဘဲ၊ လီချီခွီ က ဘာကြောင့် ဤမျှ မြန်ဆန်စွာ ပြောင်းလဲသွားရသနည်း ဆိုသည်ကိုသာ တွေးတောနေမိ၏။
ခေတ္တမျှ စဉ်းစားပြီးနောက် သူမက အကြီးအကဲ လီ ၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားတော့သည်။
wunzinnosp
အခန်း (၇၈၈) - ဖုံးကွယ်နေသော ဆုံမှတ် ခြောက်ခု
~ယခုအခါ နင်ချီ သည် ကျယ်ပြန့်သော ကမ္ဘာ မှ နယ်မြေအရှင်သခင် သုံးပါးစလုံးကို ရှင်းလင်းပြီးစီးသွားခဲ့ပြီ ဖြစ်၏။
တိုက်ဆိုင်စွာပင် ချီခယ်ချင်း နှင့် ဖူယောင် နယ်မြေ စစ်တပ်ကြီးမှာ အကြိမ်တိုင်းတွင် ထိုနေရာ၌ ရှိနေခဲ့ကြပြီး အရာအားလုံးကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရ၏။
ထို့အပြင် ယခုအခါ နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီး နှင့် လန်ယာ နယ်မြေ စစ်တပ်ကြီးတို့နှင့်ပါ ပူးပေါင်းမိသွားပြီ ဖြစ်ရာ... ဤ စစ်မြေပြင်နယ်မြေ အတွင်း၌ တောင်နှင့် ပင်လယ် ကမ္ဘာ မှ ဖြစ်စေ၊ ကျယ်ပြန့်သော ကမ္ဘာ မှ ဖြစ်စေ... ကျင့်ကြံသူ စစ်တပ်ကြီး သုံးခုစီသာ ဝင်ရောက်လာနိုင်ကြောင်းကို သူတို့ လွယ်ကူစွာ ကောက်ချက်ချနိုင်၏။
ထို့ကြောင့် နယ်မြေအရှင်သခင် သုံးပါးစလုံးကို သတ်ဖြတ်ပြီးနောက်... နင်ချီ သည် ဤ စစ်မြေပြင်နယ်မြေ ၏ အစွမ်းအထက်ဆုံး နံပါတ်တစ် ပုဂ္ဂိုလ် အစစ်အမှန် ဖြစ်လာခဲ့ပြီ ဖြစ်၏။
အကြီးအကဲ လီချီခွီ က သူတို့၏ အကျိုးအမြတ် (၃၀) ရာခိုင်နှုန်းကို နင်ချီ ထံသို့ ပေးအပ်ရန် ကမ်းလှမ်းလာခြင်းမှာ ဤအမှန်တရားကို သူတို့ နားလည် သဘောပေါက်သွားသောကြောင့်ပင် ဖြစ်သည်။
ဤအချက်များ အားလုံးကို တွေးတောမိလိုက်သောအခါ... လီချီခွီ ၏ စိတ်နေသဘောထား ဘာကြောင့် ဤမျှ မြန်ဆန်စွာ ပြောင်းလဲသွားရသနည်း ဆိုသည်ကို ချီခယ်ချင်း သဘောပေါက်သွားတော့သည်။
မည်သို့ပင်ဖြစ်စေ... ယခင်က သူမ ကိုယ်တိုင်လည်း သူတို့ ဖူယောင် နယ်မြေ စစ်တပ်ကြီး၏ အကျိုးအမြတ် (၂၀) ရာခိုင်နှုန်းကို နင်ချီ ထံသို့ ပေးအပ်မည်ဟု ပြောဆိုထားခဲ့ပြီး ဖြစ်၏။ ယခုအခါ နောက်ထပ် (၁၀) ရာခိုင်နှုန်း ထပ်ဆောင်းပေးခြင်းမှာ အရှင်သခင် နင် က သူတို့ကို နောက်တစ်ကြိမ် ထပ်မံ ကယ်တင်ပေးခဲ့သည့်အတွက် ကျေးဇူးဆပ်ခြင်းပင် ဖြစ်၏။
“မင်းတို့ အားလုံး သဘောတူကြရဲ့လား” ဟု ချီခယ်ချင်း က ဖူယောင် နယ်မြေ မှ အဖွဲ့ဝင်များကို လှမ်းမေးလိုက်၏။
လူတိုင်းက သူမကို လှမ်းကြည့်ကာ ပြိုင်တူ ခေါင်းညိတ်ပြလိုက်ကြ၏။
ချီခယ်ချင်း က ပြုံးလိုက်ပြီး...
“ကျေးဇူးဆပ်တတ်တာကမှ ငါတို့ ဖူယောင် နယ်မြေ က ကျင့်ကြံသူ တွေ ရှိသင့်တဲ့ စိတ်ဓာတ်ပဲ”
ခဏအကြာတွင် စစ်တပ်ကြီး သုံးခုလုံး နင်ချီ ၏ ရှေ့သို့ ရောက်ရှိလာကြတော့သည်။
စစ်တပ်ကြီး သုံးခုလုံးက ဟင်းလင်းပြင် ထဲတွင် တန်းစီ ရပ်တည်နေကြပြီး... လူတိုင်းက နင်ချီ ကို လေးစားမှုများ ပြည့်နှက်နေသော အကြည့်များဖြင့် စူးစိုက် ကြည့်နေကြ၏။
ချီခယ်ချင်း က စတင် စကားပြောလိုက်၏။
“အရှင်သခင် နင်... ကျွန်မတို့ ဖူယောင် နယ်မြေ စစ်တပ်ကြီးက အရှင့် ရဲ့ ကယ်တင်မှုကို နောက်တစ်ကြိမ် ထပ်ရခဲ့ပြန်ပါပြီ။ ကျွန်မတို့ တကယ်ကို ကျေးဇူးတင်ရှိတဲ့အတွက်... ရှင့်ကို ဦးညွှတ် ဂါရဝပြုချင်ပါတယ် ရှင်”
သူမက ရှေ့ဆုံးမှ ဦးဆောင်ကာ ဖူယောင် နယ်မြေ မှ အဖွဲ့ဝင်များ အားလုံးနှင့်အတူ နင်ချီ ကို ရိုသေလေးစားစွာ ဦးညွှတ် ဂါရဝပြုလိုက်ကြ၏။
လန်ယာ နယ်မြေ စစ်တပ်ကြီးမှာ ဘေးမှနေ၍ စောင့်ကြည့်နေကြရင်း သူတို့၏ ရင်တွင်း၌ တုန်လှုပ်သွားကြတော့သည်။
တည်ငြိမ် အေးချမ်းနေသော နင်ချီ ကို လှမ်းကြည့်လိုက်ကြသောအခါ... သူတို့သည် စစ်မြေပြင်နယ်မြေ အတွင်း၌ အရှင်သခင် နင် နှင့် တွေ့ဆုံခွင့် ရခဲ့ခြင်းမှာ အလွန်တရာ ကံကောင်းလွန်းလှသည်ဟု ခံစားလိုက်ရ၏။
ကျူးယန့်ချွမ်း နှင့် အခြား နှစ်ဦးမှာ လူမိုက်များ မဟုတ်ကြချေ။ သူတို့သည် နင်ချီ ၏ လက်ရှိ အဆင့်အတန်းကို သဘာဝကျကျပင် နားလည် သဘောပေါက်နေကြပြီပင်။
တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူများ ဝင်ရောက်ခွင့် မရှိသော စစ်မြေပြင်နယ်မြေ အတွင်း၌... နင်ချီ သည် လုံးဝ ပြိုင်ဘက်ကင်း တစ်ဦး ဖြစ်နေချေပြီ။
အခြားသော စစ်မြေပြင်နယ်မြေ များကိုပါ သိမ်းပိုက်မည် ဆိုသည့် နင်ချီ ၏ ယခင် စကားများကို ထို သုံးဦး မနေနိုင်ဘဲ ပြန်လည် တွေးတောမိသွားကြသည်။ ယခင်က ထိုစကားများမှာ ဖြစ်နိုင်ခြေ အလွန် နည်းပါးလှသည်ဟု သူတို့ ထင်မှတ်ထားခဲ့သော်လည်း... ယခုအခါ သူတို့၏ မျက်စိရှေ့မှာပင် လက်တွေ့ အကောင်အထည် ပေါ်လာတော့မည် ဖြစ်၏။
နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးမှာမူ သူတို့၏ ခေါင်းများကို မော့ထားကာ ရင်ကော့ထားကြပြီး... သူတို့၏ ကိုယ်ပိုင် နယ်မြေအရှင်သခင် နှင့် ဂိုဏ်းချုပ်ကြီး ကို အခြား နယ်မြေများမှ ကျင့်ကြံသူ များက ဤမျှ ရိုသေ လေးစားနေကြသည်ကို မြင်တွေ့ရသဖြင့် အလွန်တရာ ဂုဏ်ယူ ဝင့်ကြွားနေကြတော့သည်။
နင်ချီ က အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး ဖူယောင် နယ်မြေ စစ်တပ်ကြီး၏ ကြီးကျယ် ခမ်းနားလှသော ဂါရဝပြုမှုကို လက်ခံလိုက်သည်။
ချီခယ်ချင်း နှင့် အခြားသူများ ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ကြ၏။ သူမက ဆက်ပြောလိုက်သည်။
“ကျွန်မက ယခင်က အရှင်သခင် နင် နဲ့ ပူးပေါင်းဖို့ ပြောခဲ့ဖူးပေမဲ့... စစ်တပ်ရဲ့ ကွပ်ကဲမှု အာဏာကို ဂိုဏ်းက စီနီယာ တွေဆီ လွှဲပြောင်းပေးဖို့ ကိစ္စတွေကြောင့်... နောက်ဆုံးမှာတော့ အရှင်သခင် နင် နဲ့ သဘောတူညီမှု မရခဲ့ပါဘူး”
သူမက နင်ချီ ကို နောက်တစ်ကြိမ် ဦးညွှတ် ဂါရဝပြုလိုက်ပြီး ဆက်ပြောလိုက်၏။
“အခု ကျွန်မတို့ အားလုံး အရှင်သခင် နင် ရဲ့ ကယ်တင်မှုကို ရရှိခဲ့ပါပြီ။ အရှင်သခင် နင် သာ မရှိခဲ့ဘူး ဆိုရင် ကျွန်မတို့ အားလုံး အသက် သေဆုံးနေတာ ကြာလှပါပြီ။ ဒါကြောင့်... ကျွန်မရဲ့ စစ်သူကြီး နေရာကို လွှဲပြောင်းပေးဖို့ အသင့်ရှိပါတယ်။ အရှင်သခင် နင် အနေနဲ့ ကျွန်မရဲ့ တောင်းဆိုချက်ကို လက်ခံပေးဖို့ မျှော်လင့်ပါတယ် ရှင်”
ထိုစကားကို ကြားလိုက်ရသောအခါ နင်ချီ အနည်းငယ် အံ့အားသင့်သွားရ၏။
wunzinnosp
အခန်း (၇၈၉)- ဖုံးကွယ်နေသော ဆုံမှတ် ခြောက်ခု
~မည်သို့ပင်ဆိုစေ ချီခယ်ချင်း သည် အလွန်တရာ လွတ်လပ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသော အမျိုးသမီး တစ်ဦး ဖြစ်ရာ၊ ဤအခိုက်အတန့်တွင် သူမ၏ ခေါင်းဆောင် နေရာကို စွန့်လွှတ်ရန် ဆန္ဒရှိနေလိမ့်မည်ဟု နင်ချီ လုံးဝ မထင်မှတ်ထားခဲ့ချေ။
သို့သော် ယခုအခါ အခြေအနေများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပြီး... နင်ချီ သည် စစ်တပ်ကြီး သုံးခုကို ကွပ်ကဲရမည် ဆိုသည့် ကိစ္စအပေါ် သိပ်ပြီး စိတ်ဝင်စားမှု မရှိတော့ချေ။
သူက လန်ယာ နယ်မြေ မှ ကျူးယန့်ချွမ်း နှင့် အခြား နှစ်ဦးကို လှမ်းကြည့်လိုက်သည်။ ထို သုံးဦးမှာလည်း သူ့ကို စူးစိုက် ကြည့်နေကြ၏။ နင်ချီ က သူတို့ကို လှမ်းကြည့်လိုက်သည်ကို မြင်သောအခါ... သူတို့၏ မျက်နှာများပေါ်တွင် အပြုံးများ ချက်ချင်း ပေါ်လာပြီး အကြိမ်ကြိမ် ဦးညွှတ်ပြလိုက်ကြတော့သည်။
နင်ချီ က ပြန်လည် တုံ့ပြန်ခြင်း မရှိဘဲ လန်ယာ နယ်မြေ မှ ခေါင်းဆောင် သုံးဦးကို လှမ်းကြည့်နေသည်ကို မြင်သောအခါ... ချီခယ်ချင်း မှာ သူ၏ ရည်ရွယ်ချက်ကို နားမလည်နိုင်အောင် ဖြစ်နေရ၏။
ထိုအခါ နင်ချီ က ဆိုလိုက်၏။
“ချီခယ်ချင်း... သူတို့ကလည်း ကျွန်တော့်ကို လန်ယာ နယ်မြေ စစ်တပ်ကြီးရဲ့ ခေါင်းဆောင် နေရာကို ယူဖို့ တောင်းဆိုခဲ့ကြသေးတယ်။ ဒါပေမဲ့ ကျွန်တော် ငြင်းလိုက်တယ်ဗျ”
ချီခယ်ချင်း မှာ အလွန်တရာ အံ့အားသင့်သွားပြီး လွှတ်ခနဲ အော်ဟစ် လိုက်မိ၏။
“အာ...”
သူမတို့ နင်ချီ နှင့် ခွဲခွာသွားချိန်မှစ၍ ယခု ပြန်လည် တွေ့ဆုံချိန်အထိ... စုစုပေါင်း အချိန်မှာ နှစ်နာရီခန့်သာ ကြာမြင့်ခဲ့သေးသည် မဟုတ်ပါလော။
ဤမျှ အချိန်တိုလေး အတွင်းမှာပင်... နင်ချီ သည် လန်ယာ နယ်မြေ မှ လူများနှင့် တွေ့ဆုံခဲ့ရုံသာမက၊ စစ်တပ်ကြီး နှစ်ခုလုံးကို ဤနေရာသို့ ခေါ်ဆောင်လာပြီး သူမတို့ကိုပါ ကယ်တင်နိုင်ခဲ့လိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ချေ။
လန်ယာ နယ်မြေ မှ ခေါင်းဆောင် သုံးဦးမှာ သူမထက်ပင် ပို၍ ဉာဏ်ရည် ထက်မြက်ကြပြီး၊ သူတို့၏ ခေါင်းဆောင် နေရာကို စွန့်လွှတ်ရန် အသင့်ရှိနေခဲ့ကြ၏။
သို့သော် နင်ချီ က ငြင်းပယ်ခဲ့တယ်တဲ့လား။
ဒီအချိန်တိုလေး အတွင်းမှာ ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကို ချီခယ်ချင်း တကယ်ကို နားမလည်နိုင်အောင် ဖြစ်နေရ၏။ ထို့အပြင်... အကယ်၍ နင်ချီ သာ သူမ၏ အကြံပြုချက်ကို လက်ခံလိုက်မည် ဆိုပါက၊ သူသည် စစ်တပ်ကြီး သုံးခုလုံး၏ စစ်သူကြီးချုပ် အဖြစ် ချက်ချင်း တက်လှမ်းသွားမည် ဖြစ်ပြီး၊ တောင်နှင့် ပင်လယ် ကမ္ဘာ မှ ကျင့်ကြံသူ အားလုံး၏ ခေါင်းဆောင် ဖြစ်လာမည် မဟုတ်ပါလော။
ဤမျှ ကြီးမားလှသော အာဏာမျိုးမှာ ချီခယ်ချင်း အနေဖြင့် အိပ်မက်ထဲတွင်သာ မက်ရဲသော အရာမျိုး ဖြစ်ပြီး၊ သူမသာ ဆိုလျှင် လုံးဝ တွန့်ဆုတ်နေခြင်း မရှိဘဲ ချက်ချင်း လက်ခံလိုက်မည်မှာ သေချာလှ၏။
သို့သော် နင်ချီ ကတော့ ကွဲပြားခြားနား၏။
“အရှင်သခင် နင်... အရှင် ဘယ်လို တွေးလဲတော့ ကျွန်မ မသိဘူး။ ဒါပေမဲ့ ကျွန်မရဲ့ အကြံပြုချက်က ရင်ဘတ်ထဲက လာတာပါ။ ကျွန်မ ထင်တာကတော့ လန်ယာ နယ်မြေ က ကျင့်ကြံသူ တွေကလည်း ကျွန်မလိုပဲ တွေးနေကြမယ် ထင်ပါတယ်”
ထိုအခါ၊ ကျူးယန့်ချွမ်း က ရယ်လိုက်ပြီး ဆိုလိုက်၏။
“ကျွန်တော်တို့လည်း ခင်ဗျား လိုပါပဲ... ကောင်းကင် တာအို ကို တိုင်တည်ပြီး သစ္စာတောင် ဆိုခဲ့ကြသေးတာ။ ဒါပေမဲ့... အရှင်သခင် နင် မှာက စစ်မြေပြင်နယ်မြေ တွေကို သိမ်းပိုက်ဖို့အတွက် ပိုကောင်းတဲ့ အကြံအစည် ရှိနေတယ်လေ”
နင်ချီ က အောက်ဘက်သို့ လက်ညှိုး ညွှန်ပြလိုက်ပြီး...
“အောက်ဆင်းပြီး စကားပြောကြတာပေါ့”
“မှန်လှပါ ခင်ဗျာ” ဟု လူတိုင်းက ပြိုင်တူ ဖြေကြားလိုက်ကြ၏။
ထို့နောက် စစ်တပ်ကြီး သုံးခုလုံး မြေပြင်ပေါ်သို့ ဆင်းသက်လာကြပြီး ယပ်တောင်ပုံသဏ္ဌာန် နေရာယူလိုက်ကြတော့သည်။
သူတို့သည် ကျင့်ကြံခြင်း အဆင့်အတန်း အလိုက် နေရာယူထားကြပြီး... အဆင့်မြင့်သူများမှာ ရှေ့ဆုံးတွင် ရှိနေကာ နင်ချီ နှင့် အနီးဆုံး နေရာတွင် ထိုင်နေကြ၏။ ကျင့်ကြံခြင်း အဆင့် နိမ့်ကျသူ များပြားလှသဖြင့် သူတို့က ယပ်တောင်ပုံသဏ္ဌာန် ၏ အနောက်ဘက် နေရာအနှံ့အပြားတွင် နေရာယူထားကြ၏။
နင်ချီ က မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး လူတိုင်းကိုလည်း သူ့လိုပဲ ထိုင်ရန် အချက်ပြလိုက်သည်ကို မြင်သောအခါ... လူတိုင်းကလည်း လိုက်၍ ထိုင်ချလိုက်ကြ၏။
ယခုအခါ ဤ စစ်မြေပြင်နယ်မြေ ၏ နံပါတ်တစ် ပုဂ္ဂိုလ်ကို ရင်ဆိုင်နေရချိန်တွင်... လူတိုင်း၏ မျက်နှာပေးများမှာ လိမ္မာ ယဉ်ကျေးသော ကျောင်းသားလေးများအလား ဖြစ်နေကြပြီး သူ စကားပြောမည့် အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြတော့သည်။
နင်ချီ က လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ဆိုလိုက်၏။
“အခု စစ်တပ်ကြီး သုံးခုလုံး စုဝေးမိပြီ ဆိုတော့... ကျွန်တော် စောစောက ပြောခဲ့တဲ့ ကိစ္စတွေကို ဆက်ပြောကြတာပေါ့”
ချီခယ်ချင်း နှင့် အခြားသူများမှာ နင်ချီ ပြောမည့် ကိစ္စများသည် သူ စစ်သူကြီးချုပ် နေရာကို ငြင်းပယ်ခဲ့ခြင်းနှင့် ဆက်စပ်နေမည်မှန်း သိရှိထားကြသဖြင့် ချက်ချင်းပင် နားစွင့်လိုက်ကြတော့သည်။
သူတို့ ထင်ထားသည့် အတိုင်းပင် နင်ချီ က ဆက်ပြောလိုက်၏။
“ကျယ်ပြန့်သော ကမ္ဘာ က အစွမ်းထက်တဲ့ ရန်သူတွေ အားလုံးကို ကျွန်တော် ရှင်းပစ်လိုက်ပြီ။ အခု ခွမ်းရှန်းချင်း ရဲ့ နတ်ဘုရား လေပြေ နယ်မြေ စစ်တပ်ကြီး တစ်ခုပဲ ကျန်တော့တယ်။ သူတို့ကိုတော့ ခင်ဗျားတို့ လက်ထဲ အပ်လိုက်ပြီ”
“စိတ်ချပါ နယ်မြေအရှင်သခင်... အရှင့် က အစွမ်းအထက်ဆုံး နယ်မြေအရှင်သခင် သုံးယောက်ကိုတောင် ရှင်းပေးခဲ့ပြီပဲ။ ကျန်တာကိုတော့ ကျွန်တော်တို့ စစ်တပ်ကြီးကိုသာ လွှဲထားလိုက်ပါ ခင်ဗျာ”
နင်ချီ က ခေါင်းညိတ်လိုက်သည်။
“ခင်ဗျားတို့ရဲ့ သံလိုက် အိမ်မြှောင် တွေကို ကျွန်တော့်ဆီ ပေးကြဦး။ လုပ်ဆောင်ချက် အသစ် တချို့ ထပ်ထည့်ပေးမလို့”
ထိုစကားကို ကြားလိုက်ရသောအခါ ဓားဘိုးဘေးကြီး၊ ချီခယ်ချင်း နှင့် ကျူးယန့်ချွမ်း တို့ သုံးဦးက ချက်ချင်းပင် သူတို့၏ ဝိညာဉ်စွမ်းအားများကို အသုံးပြုကာ သံလိုက် အိမ်မြှောင် များကို နင်ချီ ထံသို့ ပေးပို့လိုက်ကြ၏။
နင်ချီ က လက်သင်္ကေတ တစ်ခု ပြုလုပ်လိုက်ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ထို သံလိုက် အိမ်မြှောင် သုံးခုကို နောက်တစ်ကြိမ် ပြန်လည် ပြုပြင် မွမ်းမံလိုက်ကာ သူတို့ သုံးဦးထံသို့ ပြန်ပေးလိုက်တော့သည်။
သူက ရှင်းပြလိုက်၏။
“တစ်ယောက်နဲ့ တစ်ယောက်ရဲ့ တည်နေရာကို အပြန်အလှန် သိနိုင်မယ့်အပြင်... နတ်ဘုရား လေပြေ နယ်မြေ စစ်တပ်ကြီးရဲ့ တည်နေရာကိုပါ သိနိုင်မယ့် လုပ်ဆောင်ချက် အသစ်တစ်ခုကို ကျွန်တော် ထပ်ထည့်ပေးလိုက်တယ်”
ထို သုံးဦးက သံလိုက် အိမ်မြှောင် ကို ငုံ့ကြည့်လိုက်ကြရာ သူတို့၏ မျက်လုံးများထဲတွင် ပြိုင်ဘက်ကင်းသော အံ့အားသင့်မှုများ ပြည့်နှက်သွားတော့သည်။
နင်ချီ သည် ယခုအခါ ရန်သူ့ စစ်တပ်ကြီး တစ်ခုလုံး၏ တည်နေရာကိုပါ အာရုံခံနိုင်စွမ်း ရှိနေပြီ ဆိုတော့... တကယ့်ကို ကြောက်စရာ ကောင်းလွန်းလှပါတယ်။
ဒါက စစ်မြေပြင်နယ်မြေ အတွင်းက သတင်းအချက်အလက် အားလုံးကို သူတို့ အပြည့်အဝ သိရှိနိုင်ပြီ ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလား။
ဆုံမှတ် တွေရဲ့ တည်နေရာကို သိနိုင်တယ်၊ ရန်သူတွေရဲ့ တည်နေရာကို သိနိုင်တယ်... ပြီးတော့ စစ်တပ်ကြီး သုံးခုလုံးကလည်း တစ်ယောက်နဲ့ တစ်ယောက်ရဲ့ တည်နေရာကို အပြန်အလှန် သိရှိနိုင်ပြီ ဆိုတော့... ဒါက လုံးဝ ပြိုင်ဘက်ကင်း သွားပြီ မဟုတ်ဘူးလား။
နင်ချီ က ဆက်ပြောလိုက်သည်။
“နောက်တစ်ဆင့် အနေနဲ့... ခင်ဗျားတို့ စစ်တပ်ကြီး သုံးခုလုံး ပူးပေါင်းပြီး နတ်ဘုရား လေပြေ နယ်မြေ စစ်တပ်ကြီးကို အရင် ရှင်းပစ်လိုက်ကြ။ ပြီးရင် လမ်းခွဲပြီး ဒီနယ်မြေ အတွင်းက ဆုံမှတ် အားလုံးကို သိမ်းပိုက်ကြပါ”
လူတိုင်းက စိတ်လှုပ်ရှားစွာဖြင့် ပြိုင်တူ အော်ဟစ်လိုက်ကြ၏။
“မှန်လှပါ ခင်ဗျာ”
“သံလိုက် အိမ်မြှောင် ပေါ်က ဆုံမှတ် တွေ အားလုံးကို သိမ်းပိုက်ပြီးသွားရင်တော့... ချီခယ်ချင်း နဲ့ ကျူးယန့်ချွမ်း... ခင်ဗျားတို့ နှစ်ယောက်က စစ်တပ်ကြီးတွေကို ဦးဆောင်ပြီး နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးနဲ့ သွားပြီး ပူးပေါင်းလိုက်ကြ။ အဲဒီ အချိန်ကျရင်... ခင်ဗျားတို့ အားလုံးကို ဦးဆောင်ပြီး တခြား နယ်မြေတွေဆီ သွားပြီး တိုက်ပွဲဝင်ကြတာပေါ့”
ချီခယ်ချင်း နှင့် ကျူးယန့်ချွမ်း တို့ တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြပြီး ပြိုင်တူ ပြန်လည် ဖြေကြားလိုက်ကြ၏။
“ခယ်ချင်း (ယန့်ချွမ်း) အမိန့်နာခံပါ့မယ် ရှင် (ခင်ဗျာ)”
နင်ချီ သည် စစ်သူကြီးချုပ် နေရာကို လက်ခံရန် ဆန္ဒမရှိသော်ငြားလည်း၊ ထိုနှစ်ဦးကတော့ သူ့ကို သူတို့၏ ခေါင်းဆောင် တစ်ဦးအဖြစ် မှတ်ယူထားဆဲ ဖြစ်ပြီး၊ သူ၏ အမိန့်များကို နာခံရန် အပြည့်အဝ ဆန္ဒရှိနေကြ၏။