အခန်း (၇၉၃-၇၉၅)
Vol. 53 Ch. 793-795
အခန်း (၇၉၃) - စည်းမျဉ်း နယ်ပယ် အဆင့်ကြီး တက်လှမ်းခြင်း
~ထိုနေ့တွင်တော့ သက်ရှိ အားလုံးမှာ နောက်တစ်ကြိမ် ထပ်မံ အံ့အားသင့်သွားကြရပြန်သည်။
သူတို့ အားလုံး အိမ်ထဲမှ ထွက်လာကြပြီး၊ ကျင့်ကြံသူ များမှာလည်း ကောင်းကင်ယံသို့ ပျံတက်သွားကြကာ... လူတိုင်းက မျက်လုံးများ ပြူးကျယ်လျက် ကောင်းကင်ယံကို မော့ကြည့်နေကြတော့သည်။
လူအများအပြား၏ အမြင်အာရုံများမှာ ကောင်းကင်ယံတွင် ဘာတွေ ဖြစ်ပျက်နေသနည်း ဆိုတာကို ရှင်းလင်းစွာ မြင်တွေ့နိုင်လောက်အောင် မကောင်းမွန်သော်ငြားလည်း... ထူးဆန်းစွာပင် သူတို့ အားလုံးက ဘာတွေ ဖြစ်ပျက်နေသနည်း ဆိုတာကို ရှင်းလင်းစွာ မြင်တွေ့နေရ၏။
ကောင်းကင်ယံ အထက်တွင် ဧရာမ ဟင်းလင်းပြင် လမ်းကြောင်း ကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီးနောက်... ထိုအထဲမှနေ၍ ကီလိုမီတာ တစ်ထောင်ခန့် အမြင့်ရှိသော ပွင့်လင်း မြင်သာသည့် ဟင်းလင်းပြင် အတုံးကြီး တစ်ခု အောက်ဘက်သို့ ပြုတ်ကျလာသည်ကို မြင်တွေ့လိုက်ကြရသည်။
ထို ဟင်းလင်းပြင် အတုံးကြီး မှာ အလွန်တရာ ထူးဆန်းလှ၏။ ၎င်းသည် အစစ်အမှန်သိုင်းကမ္ဘာ အတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ရေထဲသို့ သကြားများ ပျော်ဝင်သွားသည့်အလား လျင်မြန်စွာ အရည်ပျော်သွားတော့သည်။
ပို၍ ထူးဆန်းသည်မှာ သက်ရှိ အားလုံးက အစစ်အမှန်သိုင်းကမ္ဘာ ကြီးသည် ရုတ်တရက် ဟင်းလင်းပြင် နယ်မြေများစွာကို ရရှိသွားပြီး ပိုမို ပြီးပြည့်စုံလာသည်ဟု ခံစားလိုက်ကြရခြင်းပင် ဖြစ်သည်။
ဒါက ကမ္ဘာ့အရှင်သခင် ဖန်တီးလိုက်သော နောက်ထပ် အံ့ဖွယ် တစ်ခု ဖြစ်ကြောင်း သက်ရှိ အားလုံး ချက်ချင်း နားလည် သဘောပေါက်သွားကြတော့သည်။
သက်ရှိ အားလုံးက ကောင်းကင်ယံဆီသို့ ချက်ချင်း လှည့်ကာ လေးစားစွာဖြင့် ဦးညွှတ် ဂါရဝပြုလိုက်ကြပြီး အော်ဟစ်လိုက်ကြ၏။
“ကမ္ဘာ့အရှင်သခင် က ပြိုင်ဘက်ကင်းပါပဲ... ကျွန်တော်တို့ အစစ်အမှန်သိုင်းကမ္ဘာ က သက်ရှိတွေကို ကာကွယ် စောင့်ရှောက်ပေးပါ ခင်ဗျာ”
ထို့နောက် တာအို ဟင်းလင်းပြင် အတုံးကြီး များက ဟင်းလင်းပြင် လမ်းကြောင်း ထဲမှနေ၍ ဆက်တိုက် ပြုတ်ကျလာပြီး ပိုမို ကြီးမားလာကာ၊ အစစ်အမှန်သိုင်းကမ္ဘာ ကြီးမှာလည်း ယခင်ကထက် ပိုမို မြန်ဆန်သော အရှိန်အဟုန်ဖြင့် ပြောင်းလဲ တိုးတက်လာတော့သည်။
မကြာမီမှာပင် ဟင်းလင်းပြင် လမ်းကြောင်း ကြီး ရုတ်တရက် ပိတ်သွားပြီး အစစ်အမှန်သိုင်းကမ္ဘာ ၏ ပြောင်းလဲမှုများမှာလည်း ရုတ်ချည်း ရပ်တန့်သွားတော့သည်။
ထို ရုတ်တရက် ရပ်တန့်သွားမှုကြောင့် လူတိုင်းမှာ ဇဝေဇဝါ ဖြစ်သွားကြရ၏။
သို့သော် သိပ်မကြာခင်မှာပင် ကောင်းကင်ယံတွင် ဟင်းလင်းပြင် ဆက်သွယ်ရေး လမ်းကြောင်း ကြီး နောက်တစ်ကြိမ် ပြန်ပွင့်လာပြီး၊ ဟင်းလင်းပြင် အတုံးကြီး များကို ထိုအထဲသို့ ဆက်တိုက် ပစ်ချပေးနေပြန်သည်။
အမှန်တကယ်တော့ နင်ချီ သည် စစ်မြေပြင်နယ်မြေ အတွင်းရှိ ထို ဆုံမှတ် ၏ နေရာ အများစုကို အပြည့်အဝ ဖြတ်တောက် ပြီးစီးသွားခဲ့ခြင်း ဖြစ်၏။
အခြား ဆုံမှတ် များနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နေရာများကိုသာ သူက ချန်လှပ်ထားခဲ့၏။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ပြောင်းလဲမှုများကို အပြင်ဘက်ရှိ ဝိညာဉ်ကမ္ဘာ နှစ်ခုလုံး၏ ဆန္ဒတော်တွေ က သတိပြုမိသွားခြင်းမှ ကာကွယ်နိုင်မည် မဟုတ်ပါလော။
နင်ချီ က သူ လုံးဝနီးပါး ရှင်းလင်းပစ်ခဲ့သော ထိုဒေသ တစ်ခုလုံးကို တစ်ချက် လှမ်းကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်လွင်လာတော့သည်။
မကြာမီမှာပင် ဤ ရှင်းလင်းသွားသော နေရာမှာ ပတ်ဝန်းကျင်ရှိ နေရာများ၏ ဖိသိပ်မှုကို ခံရမည် ဖြစ်ပြီး၊ သမုဒ္ဒရာထဲရှိ လေဟာနယ် တစ်ခုအလား လုံးဝ ပျောက်ကွယ်သွားကာ မည်သည့် ပြဿနာမျှ ကျန်ရစ်ခဲ့မည် မဟုတ်ချေ။
ချက်ချင်းပင် နင်ချီ က သံလိုက် အိမ်မြှောင် ကို ထုတ်ယူကာ တည်နေရာ ရွှေ့ပြောင်းခြင်း တံခါး တစ်ခု ဖွင့်လှစ်လိုက်ပြီး နောက်ထပ် ဖုံးကွယ်နေသော ဆုံမှတ် ရှိရာဆီသို့ တည်နေရာ ရွှေ့ပြောင်းသွားတော့သည်။
သူတို့၏ ရှေ့တွင် နောက်ထပ် ကြီးမားသော ဆုံမှတ် တစ်ခု ရှိနေ၏။ ယခင် ဆုံမှတ် များနှင့် အလားတူပင်... ဤနေရာမှာ ဝိညာဉ်ကမ္ဘာ နှစ်ခုလုံး၏ ဆန္ဒတော်တွေ လုံးဝ ထိုးဖောက် ဝင်ရောက်ထားခြင်း မရှိသည့်အပြင် နယ်မြေများ ပင်လယ် မှ သားရဲဆိုး တစ်ကောင်မျှပင် မရှိချေ။
စစ်ခုန်လန် နှင့် အခြားသူများက ယခင် ဆုံမှတ် ကို ရှာဖွေ တွေ့ရှိခဲ့စဉ်ကကဲ့သို့ မဟုတ်ဘဲ၊ နင်ချီ သည် ၎င်းကို လုံးဝ ထုတ်ဖော် ပြသခြင်း မပြုခဲ့ချေ။ ထိုအစား နင်ချီ သည် ဟင်းလင်းပြင် ကြီးကို စတင် ဖြတ်တောက်လိုက်ပြီး အချက်အလက် များကို အစစ်အမှန်သိုင်းကမ္ဘာ သို့ ဆက်လက် ပို့ဆောင်ပေးနေတော့သည်။
ထို့ကြောင့်ပင် အစစ်အမှန်သိုင်းကမ္ဘာ မှ လူတိုင်း ယခုလေးတင် မြင်တွေ့ခဲ့ရသော ရပ်တန့်မှုလေး ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်၏။
ဟင်းလင်းပြင် နှစ်ခုကို ဖြတ်တောက် ပြီးစီးသွားပြီးနောက်၊ နင်ချီ သည် နောက်ထပ် ဖုံးကွယ်နေသော ဆုံမှတ် သို့ တည်နေရာ ရွှေ့ပြောင်းသွားပြန်သည်။
သူသည် ဆုံမှတ် တစ်ခုပြီး တစ်ခု ဟင်းလင်းပြင် များကို ဖြတ်တောက်လိုက်ပြီး အားလုံးကို အစစ်အမှန်သိုင်းကမ္ဘာ အတွင်းသို့ ပို့ဆောင်ပေးနေခဲ့၏။
ရက်ဝက်ခန့် ကြာပြီးနောက်တွင်တော့ နင်ချီ သည် နောက်ဆုံး ဖုံးကွယ်နေသော ဆုံမှတ် သို့ ရောက်ရှိသွားတော့သည်။
စုစုပေါင်း ဖုံးကွယ်နေသော ဆုံမှတ် ခြောက်ခု ရှိရာ၊ အကြီးစား၊ အလယ်အလတ်စား နှင့် အသေးစား ဆုံမှတ် များ နှစ်ခုစီ အတိအကျ ပါဝင်နေ၏။
သူ့ရှေ့ရှိ ဆုံမှတ် ကို ကြည့်ရင်း နင်ချီ က အစစ်အမှန်သိုင်းကမ္ဘာ ၏ အခြေအနေကို အာရုံခံကြည့်လိုက်၏။
အစစ်အမှန်သိုင်းကမ္ဘာ ၏ အခြေအနေ အချက်အလက်များက ပင်မ ခန္ဓာကိုယ် ထံမှ ချက်ချင်း ပြန်လည် ရောက်ရှိလာတော့သည်။
ဤအခိုက်အတန့်တွင် အစစ်အမှန်သိုင်းကမ္ဘာ ကြီးမှာ အရောင်ပေါင်း (၉၈) မျိုးဖြင့် ပြည့်နှက်နေပြီး၊ အရောင် တစ်ခုစီတိုင်းမှာ သက်တံ့ တစ်ခု သို့မဟုတ် တိမ်လွှာ တစ်ခုအလား ဖြစ်နေကာ အစစ်အမှန်သိုင်းကမ္ဘာ ၏ ကောင်းကင် တစ်ခွင်လုံးတွင် သိပ်သည်း ထူထပ်စွာ ဖုံးလွှမ်းနေ၏။
တစ်ချိန်တည်းမှာပင် အစစ်အမှန်သိုင်းကမ္ဘာ ကြီးမှာ ဆက်လက် ကျယ်ပြန့်နေဆဲ ဖြစ်၏။
ဓာတ်ကြီးငါးပါး သံသရာလည်ပတ်မှု ကို အခြေခံအဖြစ် ထားရှိခြင်းဖြင့် အစစ်အမှန်သိုင်းကမ္ဘာ ကြီး၏ ချဲ့ထွင်မှုမှာ ယခုအခါ အလွန်တရာ ချောမွေ့နေပြီ ဖြစ်၏။
မြေကြီးများ တုန်ခါနေသော်ငြားလည်း သက်ရှိများကို လုံးဝ အနှောင့်အယှက် မဖြစ်စေခဲ့ချေ။ သမုဒ္ဒရာကြီးမှာ လှိုင်းတံပိုးများ တဟုန်းဟုန်း ထနေသော်ငြားလည်း သက်ရှိများ၏ အသက်အန္တရာယ်ကို လုံးဝ မထိခိုက်စေခဲ့ချေ။
အစစ်အမှန်သိုင်းကမ္ဘာ အတွင်းရှိ သက်ရှိ အားလုံးမှာ ဤ ကောင်းကင် ဖြစ်စဉ်ကို မြင်တွေ့လိုက်ရသောအခါ အလွန်တရာ စိတ်လှုပ်ရှားလွန်းသဖြင့် ကခုန်နေကြ၏။
ယခင်က ကောင်းကင်ယံမှ ပြုတ်ကျလာသော ဟင်းလင်းပြင် အတုံးကြီး များ၏ ရည်ရွယ်ချက်ကို သူတို့ နားမလည်ခဲ့ကြသော်လည်း... ယခုအခါ သူတို့ နောက်ဆုံးတွင် နားလည် သဘောပေါက်သွားကြပြီ ဖြစ်၏။ ၎င်းတို့မှာ အစစ်အမှန်သိုင်းကမ္ဘာ ကြီး ဖွံ့ဖြိုး တိုးတက်ရန်အတွက် အာဟာရဓာတ်များ ဖြစ်ကြပြီး၊ အစစ်အမှန်သိုင်းကမ္ဘာ ကြီးမှာ နောက်တစ်ကြိမ် ထပ်မံ အဆင့်တက်လှမ်းတော့မည် ဖြစ်ကြောင်းကိုပင်။
အကယ်၍ ကောင်းကင်ယံတွင် နောက်ထပ် အရောင် နှစ်မျိုး ထပ်တိုးလာပြီး စုစုပေါင်း အရောင် တစ်ရာ ပြည့်သွားမည် ဆိုပါက... အစစ်အမှန်သိုင်းကမ္ဘာ ကြီးမှာ နောက်ထပ် ကြီးမားလှသော အပြောင်းအလဲ တစ်ခုကို သေချာပေါက် ကြုံတွေ့ရတော့မည် ဖြစ်၏။
“နောက်ထပ် တာအို နှစ်ခု ကျန်သေးတာလား” ဟု နင်ချီ က တိုးတိုးလေး ရေရွတ်လိုက်၏။
အရောင် (၉၈) မျိုး ဆိုသည်မှာ အစစ်အမှန်သိုင်းကမ္ဘာ ကြီးတွင် တာအို စည်းမျဉ်း မူလအစ (၉၈) ခု ရှိနေပြီ ဖြစ်ကြောင်း အဓိပ္ပာယ် သက်ရောက်၏။
ပထမ ဖုံးကွယ်နေသော ဆုံမှတ် ငါးခု၏ ဟင်းလင်းပြင် များက အစစ်အမှန်သိုင်းကမ္ဘာ အတွက် တာအို စည်းမျဉ်း မူလအစ ဒါဇင်ပေါင်းများစွာကို ဖြည့်ဆည်းပေးပြီး ဖြစ်ရာ... ၎င်းမှာ အလွန်တရာ မြန်ဆန်လှ၏။
မည်သို့ပင်ဆိုစေ နင်ချီ ၏ ဓာတ်ကြီးငါးပါး စည်းမျဉ်း စွမ်းအားမျှင် ကို နယ်မြေများ ပင်လယ် ထဲတွင် ထားရှိမည် ဆိုလျှင်တောင်မှ... လက်ရှိ အရှိန်အဟုန်ဖြင့် ဆိုပါက တစ်နှစ်ခွဲ အတွင်း တာအို စည်းမျဉ်း မူလအစ နှစ်ခုသာ စုစည်းနိုင်ရန် ကူညီပေးနိုင်စွမ်း ရှိ၏။
ထို့ကြောင့် အစစ်အမှန်သိုင်းကမ္ဘာ ကြီးကို ပိုမို မြန်ဆန်စွာ တိုးတက်စေချင်သည် ဆိုပါက၊ တောင်နှင့် ပင်လယ် ကမ္ဘာ နှင့် ကျယ်ပြန့်သော ကမ္ဘာ တို့ကို ဆက်လက် လုယက် တိုက်ခိုက်နေရန် လိုအပ်ပေသေးသည်။
wunzinnosp
အခန်း (၇၉၄) - စည်းမျဉ်း နယ်ပယ် အဆင့်ကြီး တက်လှမ်းခြင်း
~နင်ချီ သည် နောက်ဆုံး ဆုံမှတ် ဒေသ၏ ဟင်းလင်းပြင် ကို ချက်ချင်း စတင် ဖြတ်တောက်လိုက်တော့သည်။
သူ ဖြတ်တောက်လိုက်သော ဟင်းလင်းပြင် မှာ တာအို စည်းမျဉ်း မူလအစ တစ်ခု သီးသန့် ရှိနေခြင်း မဟုတ်ဘဲ၊ စည်းမျဉ်း အမျိုးမျိုး စုစည်းထားသော နေရာတစ်ခုသာ ဖြစ်၏။
ထို့ကြောင့် အစစ်အမှန်သိုင်းကမ္ဘာ ကြီးတွင် လိုအပ်နေသော တာအို စည်းမျဉ်း မူလအစ နှစ်ခု ဆိုသည်မှာ... ကျန်ရှိနေသော တာအို စည်းမျဉ်း နှစ်ခု လုံးဝ မရှိတော့ဘူး ဟု ဆိုလိုခြင်း မဟုတ်ဘဲ၊ ၎င်းတို့၏ ပမာဏမှာ မလုံလောက်သေးခြင်းသာ ဖြစ်၏။
အစစ်အမှန်သိုင်းကမ္ဘာ အတွင်း၌... တာအို ဟင်းလင်းပြင် အတုံးကြီး များ အောက်ဘက်သို့ ပြုတ်ကျလာ၏။
အစစ်အမှန်သိုင်းကမ္ဘာ ကြီး၏ ကောင်းကင်ယံ အထက်တွင် နောက်ထပ် အရောင် နှစ်မျိုး တဖြည်းဖြည်း ပေါ်ထွက်လာတော့သည်။
ထို အရောင် နှစ်မျိုးမှာ အစပိုင်းတွင် အရောင်ဖျော့ရာမှ တဖြည်းဖြည်း ရင့်လာပြီး၊ နောက်ဆုံးတွင် အခြား အရောင်များနှင့် အပြည့်အဝ တူညီသွားတော့သည်။
ကမ္ဘာ့အရှင်သခင် နင်ချီ သည် အစစ်အမှန်သိုင်းကမ္ဘာ ထဲတွင် ပေါ်ထွက်လာပြီး၊ အရောင် အားလုံး စုစည်းသွားသည်ကို မြင်လိုက်ရသောအခါ တည်ငြိမ်စွာ ပြုံးလိုက်၏။
“တာအို စည်းမျဉ်း မူလအစ တစ်ရာ ဖွဲ့စည်းသွားပြီ ဆိုတော့... ငါလည်း အဲဒီနောက်ကို လိုက်ပြီး စည်းမျဉ်း နယ်ပယ် အဆင့်ကြီး ကို တက်လှမ်းရတော့မှာပေါ့”
ရုတ်တရက် အစစ်အမှန်သိုင်းကမ္ဘာ ကြီး၏ ကောင်းကင်ယံ အထက်ရှိ အရောင်စုံ တိမ်လွှာများ အားလုံးမှာ အရပ်မျက်နှာ တစ်ခုတည်းဆီသို့ စတင် စီးဆင်းသွားကြတော့သည်။
တစ်ချိန်တည်းမှာပင် တိမ်လွှာများနှင့် အလင်းတန်းများ အားလုံးမှာ လေပွေများအလား ကောင်းကင်ယံတွင် တဟုန်ထိုး လည်ပတ်နေကြ၏။
သက်ရှိ အားလုံး၏ နားထဲတွင် မိုးခြိမ်းသံများ ဆက်တိုက် ထွက်ပေါ်နေသော်ငြားလည်း၊ သူတို့ အနေဖြင့် မည်သည့် သက်သောင့်သက်သာ မရှိမှုကိုမျှ မခံစားရချေ။ ထိုအစား လူတိုင်းမှာ လန်းဆန်း တက်ကြွလာပြီး သူတို့၏ စိတ်အစဉ်များမှာ ကြည်လင်လာကြ၏။
ဒဏ်ရာ ရနေသော သက်ရှိ အချို့မှာ သူတို့၏ ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်ချီ များ အဆက်မပြတ် စီးဝင်လာသည်ကို ခံစားလိုက်ရပြီး၊ သူတို့၏ ဒဏ်ရာများ အားလုံး အပြည့်အဝ ပျောက်ကင်း သွားကြတော့သည်။
သက်တမ်း ကုန်ဆုံးလုနီးပါး ဖြစ်နေသော သက်ရှိ အချို့မှာ အိပ်ရာပေါ်တွင် လဲလျောင်းကာ သေမည့် အချိန်ကို စောင့်ဆိုင်းနေကြစဉ်... ရုတ်တရက် မြေကြီးထဲမှနေ၍ မြူခိုးများ ပေါက်ကွဲထွက်လာပြီး သူတို့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား၏။ ထို သက်ရှိများမှာ သူတို့၏ ကျန်းမာရေး အခြေအနေများ လျင်မြန်စွာ တိုးတက်လာသည်ကို ခံစားလိုက်ရတော့သည်။
ရုတ်တရက် သူတို့သည် သူတို့၏ လက်များကို အားပြုကာ အိပ်ရာပေါ်မှ ထထိုင်နိုင်သွားကြ၏။
သေမျိုး လူသား အများအပြား၏ ဖြူနေသော ဆံပင်များမှာ အမည်းရောင် အဖြစ် ပြောင်းလဲသွားပြီး၊ သက်ရှိ အားလုံး၏ သက်တမ်းများမှာ နောက်တစ်ကြိမ် ထပ်မံ တိုးလာကြပြန်သည်။
တစ်ချိန်တည်းမှာပင် ကျင့်ကြံနေသော သက်ရှိ အများအပြားမှာ သူတို့၏ တန့်နေသော ကျင့်ကြံခြင်း အဆင့်အတန်းများ အလိုအလျောက် မြင့်တက်လာသည်ကို ရုတ်တရက် တွေ့ရှိလိုက်ကြရသည်။ ကျင့်ကြံခြင်း နှင့် ပတ်သက်၍ သူတို့၏ ဇဝေဇဝါ ဖြစ်နေမှုများမှာ ချက်ချင်း ပြေလည်သွားပြီး ဉာဏ်အလင်းပွင့်သွားသည့်အလား ခံစားလိုက်ကြရ၏။
သက်ရှိ အများအပြားမှာ မျက်စိတစ်မှိတ် အတွင်း သူတို့၏ ကျင့်ကြံခြင်း အဆင့်အတန်းများကို တက်လှမ်းနိုင်ခဲ့ကြပြီး... ဤပြောင်းလဲမှုမှာ ယခင်က ဖြစ်ပေါ်ခဲ့သမျှ အရာအားလုံးထက် များစွာ သာလွန်နေပြီ ဖြစ်၏။
သက်ရှိ အားလုံး၏ မျက်နှာများပေါ်တွင် မျက်ရည်များ စီးကျလာပြီး မျက်စိတစ်မှိတ် အတွင်း မြေကြီးပေါ်တွင် ဝပ်တွားကာ အော်ဟစ်လိုက်ကြ၏။
“အရှင့် ရဲ့ ရက်ရောတဲ့ လက်ဆောင်တွေ အတွက် ကျေးဇူးတင်ပါတယ် ကမ္ဘာ့အရှင်သခင်”
နင်ချီ ၏ အစစ်အမှန် ခန္ဓာကိုယ် မှာမူ သက်ရှိများကို တုံ့ပြန်ရန်ပင် အချိန်မရလိုက်ချေ။ သူ့အပေါ်တွင် ဖြစ်ပေါ်နေသော အပြောင်းအလဲများမှာလည်း အလားတူပင် ကြီးမားလွန်းလှ၏။
တာအို စည်းမျဉ်း မူလအစ တစ်ရာ ဖြင့် ဖွဲ့စည်းထားသော အလင်းတိမ်တိုက်များမှာ လေပွေတစ်ခုအလား လည်ပတ်နေပြီး သူ့ဆီသို့ တဟုန်ထိုး ပြေးဝင်လာကာ သူ၏ ခန္ဓာကိုယ်ထဲသို့ အားလုံး ဝင်ရောက်သွားကြတော့သည်။
နင်ချီ သည် သူ၏ ခန္ဓာကိုယ်ထဲတွင် ခမ်းခြောက်သွားခြင်း မရှိနိုင်သော စွမ်းအားတစ်ခုကို ခံစားလိုက်ရပြီး ၎င်းမှာ ဆက်လက် ကြီးထွားနေဆဲ ဖြစ်၏။
သူသည် စည်းမျဉ်း နယ်ပယ် သို့ ယခုမှသာ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး၊ စွမ်းအားများ သိသိသာသာ တိုးတက်လာသည်ကို ခံစားရရန်မှာ အလွန်တရာ ခက်ခဲလှ၏။ ပို၍ အံ့ဩစရာ ကောင်းသည်မှာ... တောင်တစ်လုံးကို တက်နေရသကဲ့သို့ စဉ်ဆက်မပြတ် ကြီးထွားနေသော ကြောက်မက်ဖွယ်ကောင်းသည့် ခံစားချက်ကိုပါ သူ ခံစားနေရခြင်းပင် ဖြစ်သည်။
နင်ချီ က ကျေနပ် အားရစွာဖြင့် ညည်းညူလိုက်ပြီး ဆိုလိုက်၏။
“ဒါက စည်းမျဉ်း နယ်ပယ် အဆင့်ကြီး လား”
သူ၏ ခန္ဓာကိုယ်ပေါ်တွင် အရောင်တစ်ရာ ပါဝင်သော ဝတ်ရုံ တစ်ထည် အလိုအလျောက် ပေါ်ထွက်လာပြီး၊ အားလုံးမှာ မူလအစ စည်းမျဉ်းများဖြင့် သွန်းလုပ်ထားခြင်းပင်။
နင်ချီ က လက်လှမ်းကာ ၎င်းကို ထိတွေ့ကြည့်လိုက်ရာ... ကောင်းကင်ယံမှ သွန်းလုပ်ထားသော ထိုဝတ်ရုံ ၏ ကာကွယ်ရေး စွမ်းရည်မှာ အလွန်တရာ အံ့မခန်းတည်း။ တောင်နှင့် ပင်လယ် ကမ္ဘာ နှင့် ကျယ်ပြန့်သော ကမ္ဘာ တို့မှ တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် ဘိုးဘေးကြီး များ၏ အသည်းအသန် တိုက်ခိုက်မှုများကိုပင် ခံနိုင်ရည် ရှိလောက်မည်ဟု ခန့်မှန်းရ၏။
နင်ချီ သည် သူ၏ ခန္ဓာကိုယ် အတွင်း၌... မူလအစ တစ်ရာ မှာ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီး ကောင်းကင်ယံမှ နှလုံးသား တစ်ခုအလား တောက်ပနေကာ၊ မရေမတွက်နိုင်သော တောင်များနှင့် မြစ်များကို လင်းထိန်သွားစေသည်ကို ခံစားလိုက်ရသည်။
တောင်နှင့် ပင်လယ် ကမ္ဘာ၊ ကျယ်ပြန့်သော ကမ္ဘာ။
ဝိညာဉ်ကမ္ဘာ နှစ်ခုလုံးမှ ကျင့်ကြံသူ များမှာ စစ်မြေပြင်နယ်မြေ ထဲသို့ ဝင်ရောက်ခွင့် ရှိကြသော်ငြားလည်း၊ ဘိုးဘေးကြီး များနှင့် တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ များမှာမူ ဝင်ရောက်ခွင့် မရှိကြချေ။
သို့သော် ကမ္ဘာ နှစ်ခုလုံးမှ ဘိုးဘေးကြီး များသည် စစ်မြေပြင်နယ်မြေ အတွင်းရှိ အခြေအနေများကို အဆက်မပြတ် စောင့်ကြည့်နေကြ၏။
နင်ချီ သည် ဖုံးကွယ်နေသော ဆုံမှတ် ခြောက်ခုကို တစ်ယောက်တည်း သိမ်းပိုက်နေချိန်မှာပင်၊ သူ၏ နယ်မြေ သုံးခုမှ စစ်တပ်ကြီးမှာလည်း နောက်ဆုံး ကျန်ရစ်နေသော နတ်ဘုရား လေပြေ နယ်မြေ မှ ကျင့်ကြံသူ များကို မျိုးတုံး သတ်ဖြတ် ပြီးစီးသွားခဲ့ပြီ ဖြစ်၏။
ထို့နောက် စစ်တပ်ကြီး သုံးခုမှာ လမ်းခွဲကာ ကျန်ရှိနေသော ဆုံမှတ် များကို သိမ်းပိုက်ရန် ထွက်ခွာသွားကြတော့သည်။
အရှေ့တောင် စစ်မြေပြင်နယ်မြေ အတွင်း၌ ဆုံမှတ် များကို လျင်မြန်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းက ကမ္ဘာ နှစ်ခုလုံး၏ အာရုံကို ချက်ချင်း ဖမ်းစားသွားတော့သည်။
တောင်နှင့် ပင်လယ် ကမ္ဘာ တွင်... တောင်ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့မှာ မူလက တစ်ယောက်ကိုတစ်ယောက် သူတို့၏ ဓမ္မ မျက်လုံးများဖြင့် စူးစိုက် ကြည့်နေခဲ့ကြသော်လည်း... ရုတ်တရက် စစ်မြေပြင်နယ်မြေ ဆီသို့ လှမ်းကြည့်လိုက်ကြ၏။
သူတို့၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားကြပြီး၊ နှစ်ဦးစလုံးက သူတို့၏ ဘေးရှိ လူကို ပြိုင်တူ မေးလိုက်ကြ၏။
“အရှေ့တောင် စစ်မြေပြင်နယ်မြေ ထဲကို... တောင်နဲ့ ပင်လယ် ကမ္ဘာ ရဲ့ ဘယ်ဝိညာဉ်နယ်မြေ တွေက စစ်တပ်တွေ ဝင်သွားတာလဲ”
“တောင်ဘိုးဘေးကြီး (ပင်လယ်ဘိုးဘေးကြီး) ကို သံတော်ဦး တင်ပါတယ် ခင်ဗျာ။ အရှေ့တောင် စစ်မြေပြင်နယ်မြေ ထဲကို ဝိညာဉ်နယ်မြေ သုံးခုက စစ်တပ်တွေ ဝင်သွားကြောင်း ကျွန်တော် ခုလေးတင် သိရှိလိုက်ရပါတယ်။ သူတို့ကတော့ လန်ယာ နယ်မြေ၊ ဖူယောင် နယ်မြေ နဲ့ နက်ရှိုင်းသော သစ္စာတရား နယ်မြေ တို့ ဖြစ်ကြပါတယ်။ အဲဒီအထဲမှာ လန်ယာ နယ်မြေ က အစွမ်းအထက်ဆုံး ဖြစ်ပါတယ် ခင်ဗျာ”
ထို သတင်းစကားကို ကြားလိုက်ရသောအခါ ဘိုးဘေးကြီး နှစ်ပါးမှာ အနည်းငယ် အံ့အားသင့်သွားကြ၏။
သူတို့က စစ်မြေပြင်နယ်မြေ တစ်ခုလုံးကို နောက်တစ်ကြိမ် ပြန်လည် ဝေ့ကြည့်လိုက်ကြ၏။
အရပ်မျက်နှာ ကိုးခုနှင့် စစ်မြေပြင်နယ်မြေ ကိုးခု ရှိပြီး၊ အရပ်မျက်နှာ တစ်ခုစီရှိ စစ်မြေပြင်နယ်မြေ ကို အထက်၊ အလယ်၊ နှင့် အောက် ဟူ၍ နယ်မြေငယ် သုံးခု ထပ်မံ ခွဲခြားထား၏။
ထို့ကြောင့် စစ်မြေပြင်နယ်မြေ ကို နယ်မြေငယ် (၂၇) ခု ခွဲခြားထားနိုင်၏။
သို့သော် ယခုအခါ နယ်မြေငယ် (၂၇) ခု အနက်မှ... အရှေ့တောင် စစ်မြေပြင်နယ်မြေ ၏ နယ်မြေငယ် လေးတစ်ခုတည်းသာ လင်းလက်နေပြီး၊ ၎င်းက တောင်နှင့် ပင်လယ် ကမ္ဘာ မှ ကျင့်ကြံသူ များသည် ထိုအထဲရှိ ဆုံမှတ် များကို လျင်မြန်စွာ သိမ်းပိုက်နေကြောင်း အထင်အရှား ပြသနေ၏။
အခြားသော နယ်မြေ (၂၆) ခုမှာမူ မည်သည့် နယ်မြေကမျှ ဤမျှ မြန်ဆန်သော အရှိန်အဟုန်ကို မရရှိခဲ့ကြချေ။
ဤသည်ကို မြင်လိုက်ရသောအခါ ဘိုးဘေးကြီး နှစ်ပါးစလုံး အံ့အားသင့်သွားကြပြီး ရေရွတ်လိုက်ကြ၏။
“ဒီ နယ်မြေ ထဲမှာ... ငါတို့ တောင်နဲ့ ပင်လယ် ကမ္ဘာ က ကျင့်ကြံသူ တွေက ကျယ်ပြန့်သော ကမ္ဘာ က ကျင့်ကြံသူ တွေကို အပြတ်အသတ် ဖိနှိပ်ထားနိုင်ခဲ့တာများလား”
“ဒါက...”
ဘိုးဘေးကြီး နှစ်ပါးကို အလုပ်အကျွေး ပြုနေသော ကျင့်ကြံသူ မှာ ခေတ္တမျှ စဉ်းစားခန်း ဝင်လိုက်ပြီးနောက် ချက်ချင်းပင် တွက်ချက် စစ်ဆေးမှုများကို ပြုလုပ်လိုက်၏။
မကြာမီမှာပင် သူတို့၏ လက်သင်္ကေတ များ တုန်ခါနေမှုမှာ ရုတ်တရက် ရပ်တန့်သွားပြီး၊ နှစ်ဦးစလုံး၏ မျက်နှာပေါ်တွင် အလွန်တရာ ထူးဆန်းသော အမူအရာများ ပေါ်လွင်လာတော့သည်။
“ဘယ်လို ဖြစ်တာလဲ”
ထို နှစ်ဦးက တောင်ဘိုးဘေးကြီး (ပင်လယ်ဘိုးဘေးကြီး) ထံသို့ ချက်ချင်း သတင်းပို့လိုက်ကြ၏။
“အဲဒီ စစ်မြေပြင်နယ်မြေ ထဲက ကျယ်ပြန့်သော ကမ္ဘာ က ကျင့်ကြံသူ တွေဟာ ကျယ်ပြန့်သော ကမ္ဘာ ရဲ့ အလယ်အလတ်အဆင့် နယ်မြေက လာကြသူတွေ ဖြစ်ပြီး... ကျွန်တော်တို့ တောင်နဲ့ ပင်လယ် ကမ္ဘာ က ကျင့်ကြံသူ တွေကတော့ အောက်ခြေ အဆင့် နယ်မြေက လာကြသူတွေ ဖြစ်နေပါတယ် ခင်ဗျာ”
တောင်ဘိုးဘေးကြီး (ပင်လယ်ဘိုးဘေးကြီး) “...”
မင်း တွက်ချက်တာ မှားမသွားဘူးဆိုတာ သေချာရဲ့လား။
“ကျွန်တော် ကိုယ်တိုင်တောင် ယုံဖို့ ခက်နေပေမဲ့... ဒါက အမှန်တရား ဖြစ်တယ် ဆိုတာကို ကျွန်တော့် အသက်နဲ့ လောင်းပြီး အာမခံရဲပါတယ် ခင်ဗျာ”
ဘိုးဘေးကြီး နှစ်ပါး၏ မျက်လုံးများ ရုတ်တရက် နတ်ဘုရား အလင်းတန်းများဖြင့် တလက်လက် တောက်ပသွားပြီး၊ အချိန်အတော်ကြာ ငြိမ်သက်နေခဲ့သော ပင်လယ်ပြင်ကြီးတွင် ရုတ်တရက် ဧရာမ လှိုင်းလုံးကြီးများ ပေါက်ကွဲ ထွက်ပေါ်လာသည့်အလား ဖြစ်သွားတော့သည်။
wunzinnosp
အခန်း (၇၉၅) - သတ်ဖြတ်ရန် အမိန့်စာ
ဘေးရှိ ကျင့်ကြံသူ ၏ စကားကို ကြားလိုက်ရသောအခါ တောင်ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး နှစ်ပါးစလုံး၏ မျက်လုံးများ သိသိသာသာ ပြောင်းလဲသွား၏။
စစ်မြေပြင်နယ်မြေ တွင် နယ်မြေငယ် (၂၇) ခု ရှိပြီး၊ လောလောဆယ်တွင် နင်ချီ ၏ နယ်မြေ တစ်ခုတည်းသာ ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူ များကို လျင်မြန်စွာ နှိမ်နင်းနိုင်စွမ်း ရှိ၏။
ယခင်က ဤဘိုးဘေးကြီး နှစ်ပါးသည် ထိုနယ်မြေအတွင်းရှိ တောင်နှင့် ပင်လယ် ကမ္ဘာ မှ ကျင့်ကြံသူ များမှာ ပိုမို အစွမ်းထက်နေလိမ့်မည်ဟု တွေးထင်ထားခဲ့ကြသော်လည်း... သူတို့ ရရှိလာသော သတင်းအချက်အလက်များမှာ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေ၏။
“စိတ်ဝင်စားစရာပဲ”
တောင်ဘိုးဘေးကြီး က ချီးကျူးစကား တစ်ခွန်းကို ရှားရှားပါးပါး ဆိုလိုက်၏။
နက်ရှိုင်းသော သစ္စာတရား နယ်မြေ၊ ဖူယောင် နယ်မြေ နှင့် လန်ယာ နယ်မြေ သုံးခုစလုံးမှာ တောင်နှင့် ပင်လယ် ကမ္ဘာ အတွင်းရှိ တောင်ဘိုးဘေးကြီး ၏ အုပ်ချုပ်မှုအောက်တွင် ရှိ၏။
သို့သော် ၎င်းတို့မှာ အလွန်တရာ အလှမ်းဝေးလွန်းသဖြင့်... တောင်ဘိုးဘေးကြီး သည် ထိုနယ်မြေများနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းမှုများ ပြုလုပ်လေ့ အလွန် ရှားပါးလှ၏။
သို့သော် ယခုအခါ ဤအစွန်အဖျား ဝိညာဉ်နယ်မြေ သုံးခုက စစ်မြေပြင်နယ်မြေ အတွင်း၌ အံ့မခန်း စွမ်းဆောင်မှုများကို ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ရာ... တောင်ဘိုးဘေးကြီး အနေဖြင့် ဘယ်လိုလုပ်ပြီး အာရုံမစိုက်ဘဲ နေနိုင်ပါမည်နည်း။
သူ၏ ဝိညာဉ်အာရုံများက မျက်စိတစ်မှိတ် အတွင်း တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် နှင့် ချိတ်ဆက်သွားပြီး... အရှေ့တောင် စစ်မြေပြင်နယ်မြေ ၏ အသေးစိတ် အခြေအနေများကို စုံစမ်း မေးမြန်းလိုက်တော့သည်။
အဓိက အာရုံစိုက်ရမည့် အချက်မှာ... မည်သူက ဤမျှ ကြီးမားသော စစ်တပ်ကြီးကို ဦးဆောင်ကာ ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူ များကို မျိုးတုံး သတ်ဖြတ်နိုင်ခဲ့သနည်း ဆိုသည့် အချက်ပင် ဖြစ်၏။
သိပ်မကြာခင်မှာပင် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ထံမှ တုံ့ပြန်မှု တစ်ခု ပြန်လည် ရောက်ရှိလာ၏။
“ဒီလူက နက်ရှိုင်းသော သစ္စာတရား နယ်မြေ ရဲ့ အသစ် ခန့်အပ်ခံထားရတဲ့ နယ်မြေအရှင်သခင် နင်ချီ ပါ။ သူက တကယ့်ကို အံ့မခန်း ပါရမီရှင် တစ်ယောက်ပါပဲ”
တောင်ဘိုးဘေးကြီး အနည်းငယ် အံ့အားသင့်သွားပြီး...
“မင်း ဆိုလိုတာက နက်ရှိုင်းသော သစ္စာတရား နယ်မြေ မှာ နယ်မြေအရှင်သခင် အသစ် တစ်ယောက် ပေါ်လာပြီပေါ့။ ငါ မှတ်မိသလောက် နက်ရှိုင်းသော သစ္စာတရား နယ်မြေ က အမြဲတမ်း နှစ်ပိုင်း ကွဲနေခဲ့တာလေ”
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က ပြန်လည် ဖြေကြားလိုက်၏။
“ခင်ဗျားက ကျင့်ကြံခြင်း တွေနဲ့ပဲ အလုပ်ရှုပ်နေတာ ဆိုတော့... ဒီလို ကိစ္စတွေကို ဘယ်လိုလုပ် သတိထားမိမှာလဲ”
၎င်းက စကားလမ်းကြောင်း လွှဲလိုက်ပြီး...
“နက်ရှိုင်းသော သစ္စာတရား နယ်မြေ ပြန်လည် ပေါင်းစည်းသွားတာက အဲဒီ နင်ချီ ကြောင့်ပါပဲ။ ဒါကြောင့်လည်း ကျွန်တော်က သူ့ကို နယ်မြေအရှင်သခင် နေရာ ချီးမြှင့်လိုက်တာပေါ့”
တောင်ဘိုးဘေးကြီး က ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။
“ဒီလူရဲ့ ဘဝမှတ်တမ်းကို ငါ့ကို တစ်ချက်လောက် ပြပါဦး။ မင်းကတောင် အံ့မခန်း ပါရမီရှင် လို့ ခေါ်နေမှတော့... သူက တကယ့်ကို ထူးခြားတဲ့ လူတစ်ယောက် ဖြစ်ရမယ်”
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က နက်ရှိုင်းသော သစ္စာတရား နယ်မြေ အတွင်းရှိ နင်ချီ ၏ ဘဝမှတ်တမ်းများကို တောင်ဘိုးဘေးကြီး ထံသို့ ချက်ချင်း ပေးပို့လိုက်၏။ ထိုအထဲတွင် နင်ချီ မွေးဖွားလာချိန်မှစ၍ စစ်မြေပြင်နယ်မြေ ထဲသို့ ဝင်ရောက်လာချိန်အထိ အရာအားလုံး ပါဝင်နေ၏။
တောင်နှင့် ပင်လယ် ကမ္ဘာ အတွင်း၌ မွေးဖွားလာသူ မည်သူမဆို၏ အတိတ် နောက်ခံများကို တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က အလွယ်တကူ စုံစမ်း စစ်ဆေးနိုင်စွမ်း ရှိ၏။ ၎င်းမှာ အစစ်အမှန်သိုင်းကမ္ဘာ တွင် နင်ချီ ၏ အစစ်အမှန် ခန္ဓာကိုယ် လုပ်ဆောင်နိုင်သကဲ့သို့ပင် ဖြစ်သည်။
စစ်မြေပြင်နယ်မြေ အတွင်းရှိ နင်ချီ ၏ သတင်းအချက်အလက် များနှင့် ပတ်သက်၍ ပြောရမည် ဆိုလျှင်... ဝိညာဉ်ကမ္ဘာ နှစ်ခုလုံး၏ ဆန္ဒတော်တွေ နှင့် စွမ်းအင် သုံးမျိုး ရောနှောနေသော ဤနေရာ၌၊ ၎င်းက မိမိ၏ ဆန္ဒတော် လွှမ်းမိုးနိုင်သော နေရာများကိုသာ အာရုံခံနိုင်စွမ်း ရှိသဖြင့်... နင်ချီ ၏ လှုပ်ရှားမှုများနှင့် ပတ်သက်သော သတင်းအချက်အလက် များမှာ တောင်နှင့် ပင်လယ် ကမ္ဘာ တွင် ရှိနေသကဲ့သို့ တိကျ သေချာမှုတော့ မရှိတော့ချေ။
တောင်ဘိုးဘေးကြီး သည် သူ၏ ဝိညာဉ်အာရုံ ထဲတွင် နင်ချီ ၏ ဘဝမှတ်တမ်းကို စစ်ဆေး ကြည့်ရှုလိုက်၏။
သူ မဖတ်ရသေးခင်ကတော့ ပုံမှန်ပါပဲ။ သို့သော် ဖတ်ပြီးသွားချိန်မှာတော့... သူကိုယ်တိုင်ပင် အံ့အားသင့်သွားရ၏။
“ဒီလောက် ပါရမီမျိုးက အံ့မခန်းလို့ ဆိုနိုင်တာလား။ ဒီလို ပါရမီရှင် မျိုး ရှိနေတာကို မင်းက ဘာလို့ ငါ့ကို စောစောစီးစီး မပြောခဲ့ရတာလဲ။ ဒါ့အပြင် သူက အသက် နှစ်ရာ တောင် မပြည့်သေးဘူးလေ... ဒါကို သူက ပေါင်းစည်းခြင်း နယ်ပယ် အထွတ်အထိပ် အဆင့်ကို ရောက်နေပြီလား”
လောကီ ရေးရာများကို လုံးဝ ဂရုမစိုက်တော့သော တောင်ဘိုးဘေးကြီး မှာ မေးခွန်း သုံးခု ဆက်တိုက် မေးလိုက်ရခြင်းကပင်... နင်ချီ ၏ ဘဝမှတ်တမ်းမှာ သူ့အတွက် အလွန်တရာ စိတ်ဝင်စားစရာ ကောင်းနေခဲ့ကြောင်း အထင်အရှား ပြသနေ၏။
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် မှာ သူ့ကို ရှားရှားပါးပါး ပြန်လည် မတုံ့ပြန်တော့ချေ။ ကမ္ဘာ့အရှင်သခင် တစ်ပါး အနေဖြင့် ၎င်းက ပေးအပ်သော သတင်းအချက်အလက် များမှာ ဘယ်လိုလုပ် အတုအယောင် ဖြစ်နေနိုင်ပါမည်နည်း။
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ထံမှ တုံ့ပြန်မှု မရရှိသော်ငြားလည်း၊ တောင်ဘိုးဘေးကြီး မှာ လုံးဝ စိတ်မဆိုးခဲ့ချေ။
သူ၏ စွမ်းရည်များဖြင့်၊ ကမ္ဘာ့အရှင်သခင် ပေးအပ်သော အချက်အလက်များကို သူက မျက်စိတစ်မှိတ် အတွင်း အပြည့်အဝ ဖတ်ရှု နားလည်နိုင်စွမ်း ရှိ၏။
သို့သော် ယခုအခါ သူ၏ ဝိညာဉ်အာရုံများက ထို အချက်အလက်များကို အကြိမ်ကြိမ် အဖန်ဖန် စစ်ဆေးကာ အလွန်တရာ စိတ်ဝင်စားစွာဖြင့် အသေးစိတ် ဖတ်ရှုနေ၏။ ရတနာသိုက် ကြီးတစ်ခုကို ရှာဖွေ တွေ့ရှိသွားသည့်အလားပင်။
တောင်ဘိုးဘေးကြီး ၏ မျက်နှာထား ပြောင်းလဲသွားပြီး... အမြဲတမ်း တင်းမာနေလေ့ရှိသော သူ၏ မျက်နှာမှာ နူးညံ့သွားကာ သိမ်မွေ့သော အပြုံးတစ်ခု ပေါ်လွင်လာတော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ့ကို အလုပ်အကျွေး ပြုနေသော ကျင့်ကြံသူ မှာ ရင်တွင်း၌ လှိုင်းဂယက်များ ထသွားရတော့သည်။
တောင်နှင့် ပင်လယ် ကမ္ဘာ ၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ကြီး ကို ဤကဲ့သို့သော အမူအရာမျိုး ဖြစ်ပေါ်လာစေလောက်အောင် ဘာတွေများ ဖြစ်ပျက်နေသနည်း ဆိုတာကို သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေရ၏။
တောင်ဘိုးဘေးကြီး က နင်ချီ ၏ ဘဝမှတ်တမ်းကို အကြိမ်ကြိမ် ဖတ်ရှုပြီးနောက်... နောက်ဆုံးတွင်တော့ သူ၏ ဝိညာဉ်အာရုံများက တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ထံသို့ ဆက်လက် စီးဆင်းသွားပြီး ဆိုလိုက်၏။
“တောင်နဲ့ ပင်လယ် ကမ္ဘာ က အင်မော်တယ် မျိုးစေ့ လို့ ခေါ်ဆိုရတာနဲ့ တကယ်ကို ထိုက်တန်ပါတယ်။ ဒီလို ပါရမီရှင် မျိုးကို ပိုင်ဆိုင်ထားတာပဲ။ ဒါပေမဲ့ ဒီလို ပါရမီရှင် မျိုးကို ဘယ်လိုလုပ်ပြီး အပြင်မှာ သွားလေရာ လွှင့်စင်နေအောင် ထားရက်တာလဲ”
သူက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ဆက်ပြောလိုက်၏။
“နင်ချီ ဆီကို သတင်းစကား တစ်ခု ပို့လိုက်ပါ။ အကယ်လို့ သူကသာ စစ်မြေပြင်နယ်မြေ ထဲမှာ ငါတို့အတွက် နယ်မြေတွေ ပိုပြီး သိမ်းပိုက်ပေးနိုင်မယ် ဆိုရင်... ငါ သူ့ကို တပည့်အဖြစ် လက်ခံမယ်လို့ ပြောလိုက်ပါ”
“ခင်ဗျားကလည်း သူ့ကို တပည့်အဖြစ် လက်ခံချင်နေတာလား”
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က ရုတ်တရက် မေးလိုက်၏။
သူ့စကားကြောင့် တောင်ဘိုးဘေးကြီး ၏ မျက်နှာထား ပြောင်းလဲသွားပြီး...
“ဒါက ဘာအဓိပ္ပာယ်လဲ။ ဒါမှမဟုတ်...”
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က ရယ်လိုက်ပြီး...
“ဟုတ်တယ်... ခင်ဗျားရဲ့ ဂျူနီယာညီမလေး က နင်ချီ ကို အရင်ဆုံး အသိပေးဖို့ ကျွန်တော့်ကို ပြောထားပြီးပြီလေ”
ထိုစကားကို ကြားလိုက်ရသောအခါ တောင်ဘိုးဘေးကြီး မှာ မကျေမနပ် ဖြစ်သွားပြီး...
“သူက အရမ်းကို အဓိပ္ပာယ် မရှိတာတွေ လုပ်နေတာ မဟုတ်ဘူးလား။ နင်ချီ က နက်ရှိုင်းသော သစ္စာတရား နယ်မြေ က လာတာ ဖြစ်ပြီး၊ ငါ့ရဲ့ နယ်မြေက ကျင့်ကြံသူ တစ်ယောက်လေ။ သူမက ဘယ်လိုလုပ်ပြီး ငါ့လူကို တပည့်အဖြစ် လာလုရဲတာလဲ”
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က ဆက်ပြောလိုက်၏။
“သူက ပြောတယ်။ အကယ်လို့ သူ..မရနိုင်ရင်... ခင်ဗျားကို ရစေမယ့် အစား နင်ချီ ကို ဖျက်ဆီးပစ်လိုက်မယ် တဲ့”
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ပြောသော ဂျူနီယာညီမလေး ဆိုသည်မှာ ပင်လယ်ဘိုးဘေးကြီး ပင် ဖြစ်သည်။
တောင်ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့သည် ငယ်ရွယ်စဉ်က ဆရာ တစ်ယောက်တည်း ထံတွင် ပညာ သင်ကြားခဲ့ကြသူများ ဖြစ်၏။
နှစ်ဦးစလုံးမှာ အလွန်တရာ ပါရမီ ထူးချွန်သူများ ဖြစ်ကြပြီး... ယခုအခါ နှစ်ပေါင်း ထောင်နှင့်ချီ ကြာမြင့်ပြီးနောက်တွင်... သူတို့သည် တောင်နှင့် ပင်လယ် ကမ္ဘာ ၏ ဘိုးဘေးကြီး နှစ်ပါး ဖြစ်လာခဲ့ကြပြီ ဖြစ်၏။
သူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်မရကြဘဲ အမြဲတမ်း ပဋိပက္ခ ဖြစ်နေကြကာ... အရာရာတိုင်းတွင် အချင်းချင်း ယှဉ်ပြိုင်နေကြလေ့ ရှိ၏။
တောင်ဘိုးဘေးကြီး က ဒေါသတကြီး ကျိန်ဆဲလိုက်၏။
“အဲဒီ အရူးမ... သူ့ကို ဒီအတိုင်း အလိုလိုက်ထားလို့ မဖြစ်ဘူး။ ငါတို့ တွေ့ကြသေးတာပေါ့”
ရုတ်တရက် သူက မေးလိုက်သည်။
“မင်းက ဘယ်ဘက်ကလဲ”
သူက တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ကို ရည်ရွယ်၍ မေးလိုက်ခြင်း ဖြစ်၏။
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး...
“ကောင်းပြီလေ...ကျွန်တော် ဘယ်ဘက်မှ မပါဘူး။ ကျယ်ပြန့်သော ကမ္ဘာ ကို သိမ်းပိုက်မယ့် ကိစ္စကို မထိခိုက်သရွေ့... ခင်ဗျားတို့ ဘယ်လိုပဲ သတ်ပုတ်နေကြပါစေ... ကျွန်တော်.. ဂရုမစိုက်ဘူး”
...
တောင်ဘိုးဘေးကြီး ၏ မျက်လုံးများက တောင်နှင့် ပင်လယ် များကို ရုတ်တရက် ထိုးဖောက်ကာ တောင်ဘက် အရပ်ဆီသို့ စူးစိုက် ကြည့်ရှုလိုက်၏။
ထိုနေရာတွင် ပုံရိပ်တစ်ခု က သူ့ကို အလားတူ အကြည့်မျိုးဖြင့် စူးစိုက် ကြည့်နေ၏။
သူတို့၏ အကြည့်များမှာ မရေမတွက်နိုင်သော ဟင်းလင်းပြင် များကို ဖြတ်သန်းကာ နောက်တစ်ကြိမ် ထပ်မံ ဆုံတွေ့သွားကြတော့သည်။
သူတို့ နှစ်ဦးစလုံး တစ်ယောက်၏ မျက်လုံးထဲတွင် အခြား တစ်ယောက်၏ မည်သည့်အခါမျှ ငြိမ်းသတ်၍ မရနိုင်သော မီးတောက်များကို မြင်တွေ့လိုက်ကြရ၏။
သူတို့ နှစ်ဦးစလုံးက... “နင်ချီ က ငါ့လူပဲ” ဟု ပြောနေကြသည့်အလားပင်။