အခန်း (၃၂၃-၃၂၄)
Vol. 33 Ch. 323-324
အပိုင်း (၃၂၃)
သို့သော်လည်း ထိုသူတော်စင်အဆင့်သို့တက်လှမ်းခြင်းဖြစ်စဉ်သည် အစပျိုးရုံမျှသာ ရှိသေးပေသည်။ မိစ္ဆာအိုကြီးများသည် ကမ္ဘာလောကတွင် သူတော်စင်အဆင့်သို့ တက်လှမ်းနိုင်သူ မည်သူမဆို ဤမျှလောက်အထိ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါမျိုးကို ဖန်တီးနိုင်လိမ့်မည်ဟု လုံးဝ ယုံကြည်နိုင်ကြခြင်း မရှိချေ။ အနှီသူတော်စင်အဆင့်သို့တက်လှမ်းခြင်းဖြစ်စဥ်မှထွက်ပေါ်နေသောအရှိန်အဝါသည် သာမန် သူတော်စင်အဆင့်သို့ တက်လှမ်းသူများထက် အဆပေါင်း သန်းချီမက ပိုမို ပြင်းထန်လှကာ ကောင်းကင်နှင့် မြေပြင်၏ အခြေခံ အုတ်မြစ်ကိုပင် တုန်လှုပ်စေနိုင်သည့် အနေအထားတွင် ရှိနေလေသည်။
ကမ္ဘာကြီး နှစ်ခု၏ နှစ်ပေါင်း သန်းနှင့်ချီ၍ စုဆောင်းထားခဲ့သော ကမ္ဘာဦးမူလအနှစ်သာရစွမ်းအင်များကို တစ်ခဏချင်းအတွင်း ခန်းခြောက်သွားစေနိုင်သည့် အခြေအနေမျိုး ဖြစ်သည်။ ထိုအခြေအနေသည် ကမ္ဘာငယ်လေးများ၊ အလယ်အလတ် ကမ္ဘာများနှင့် ဟင်းလင်းပြင်ထဲမှ ထုတ်ယူရရှိသော စွမ်းအားများကို ထည့်မတွက်ရသေးခင် အခြေအနေ ဖြစ်သည်။ ကမ္ဘာလောကတွင် ထိုကဲ့သို့ ထူးခြားသော တည်ရှိမှုတစ်ခု မွေးဖွားထွက်ပေါ်လာလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားကြချေ။
မဟာကမ္ဘာတစ်ခု၏ ကံကြမ္မာကို လက်ခံရရှိထားသော ကံတရားသားတော်များ ပေါ်ထွက်လာလျှင်ပင် ထိုမျှလောက်အထိ ထိတ်လန့်ဖွယ်ကောင်းသော ထူးခြားဖြစ်စဉ်မျိုးကို မဖန်တီးနိုင်ပေ။ ထို့ကြောင့် သူတို့မြင်တွေ့နေရသောမြင်ကွင်းသည် ကောင်းကင်နှင့် မြေကြီးအတွင်းရှိ စည်းမျဉ်းနိယာမများ၌ ကြီးမားသော ပြဿနာတစ်ခုခု ဖြစ်ပေါ်နေခြင်းသာ ဖြစ်ရမည်ဟု ယူဆကြလေသည်။ ဤသို့ဖြင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးနှင့် ငရဲမဟာကမ္ဘာအတွင်းရှိ လှုပ်ရှားလာကြသော အင်အားစု အသီးသီးသည် ခေတ္တမျှ ငြိမ်သက်သွားကြရပြန်လေသည်။
မရေမတွက်နိုင်သော လူအများအပြားသည် ထိုဖြစ်စဉ်၏ နောက်ကွယ်၌တည်ရှိနေသောအမှန်တရားကို တွက်ချက်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားကြသော်လည်း အချည်းနှီးသာ ဖြစ်နေသည်။ ထိုသူများထဲ၌ ကောင်းကင်အရှင် အဆင့်ရှိသော မိစ္ဆာအိုကြီးများနှင့် ထာဝရအဆင့်ရှိသော အနှိုင်းမဲ့ ကျွမ်းကျင်သူများပင် ပါဝင်ကြသော်လည်း မည်သူမျှ မတွက်ချက်နိုင်ကြချေ။ ထိုသို့ တွက်ချက်ရန် ကြိုးစားခြင်းသည် ကောင်းကင်တာအို၏ အတားအဆီးကို ထိပါးမိကြသကဲ့သို့ဖြစ်ကုန်သဖြင့် တန်ပြန်သက်ရောက်မှုများကိုသာ ခံစားလိုက်ရလေသည်။
မဟာကမ္ဘာနှစ်ခုလုံး၌ ဖြစ်ပေါ်နေသော ဝဲဂယက်ကြီးများသည် စက္ကန့်တိုင်း၌ အလွန်များပြားလှသော စွမ်းအားများကို စုပ်ယူနေကြသည်။ ထိုစွမ်းအား ပမာဏသည် နတ်ဘုရားအဆင့် ၁ ကျွမ်းကျင်သူ ရာပေါင်းများစွာ၏ နတ်ဘုရားစွမ်းအားများ ပေါင်းစည်းထားခြင်းနှင့် ညီမျှလှသော အတိုင်းအဆမဲ့ ပမာဏပင် ဖြစ်၏။
ကမ္ဘာနှစ်ခုလုံးရှိ သက်ရှိအားလုံးသည် အလိုအလျောက်ပင် ကြောက်ရွံ့တုန်လှုပ်နေကြလေသည်။ ကောင်းကင်တာအို၏ အလိုဆန္ဒအရ သူတို့ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များကို တိုက်ရိုက် စုပ်ယူခြင်း မရှိသော်လည်း မျက်စိရှေ့မှမြင်ကွင်းကို ကြည့်နေရုံမျှဖြင့်ပင် မိမိတို့သည် အလွန်သေးငယ်လှကာ အချိန်မရွေး စွမ်းအင်များ ခန်းခြောက်သွားနိုင်သည်ဟူသော ခံစားချက်မျိုး ဖြစ်ပေါ်နေရသည်။
ဝေလငါးကြီး ရေစုပ်ယူသကဲ့သို့သော အနှီကြောက်မက်ဖွယ် ထူးခြားဖြစ်စဉ်သည် ၇၂ ရက်တိုင်တိုင် ကြာမြင့်သွားသည်။ အကယ်၍ ထိုဝဲဂယက်များသာ ပျောက်ကွယ်သွားခြင်းမရှိခဲ့လျှင် သက်ရှိတိုင်းသည် ကမ္ဘာပျက်ကပ်ကြီး ကျရောက်လာခြင်း ဖြစ်သည်ဟု ဧကန်မုချ ယုံကြည်သွားကြပေလိမ့်မည်။ ထိုထူးခြားဖြစ်စဉ်ကြီး ကွယ်ပျောက်သွားပြီးနောက်တွင် ငရဲမဟာကမ္ဘာနှင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ကမ္ဘာ့ အတားအဆီးနံရံများသည် ယခင်ကထက် သိသိသာသာ ပါးလွှာသွားလေသည်။
ကျွမ်းကျင်သူ အများအပြားသည် ဟင်းလင်းပြင်ထဲမှ စွမ်းအားများကို ထုတ်ယူရန် သို့မဟုတ် ကမ္ဘာဦးမူလ စွမ်းအားများကို စုစည်းရန် ယခင်ကထက် ပိုမို ခက်ခဲလာကြောင်း သတိပြုမိလိုက်ကြသည်။ ဤသည်မှာ ကမ္ဘာကြီး စတင်၍ အင်အားချည့်နဲ့လာကြောင်း ပြသနေခြင်း ဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေမျိုးမှ မူလအတိုင်း ပြန်လည် ကောင်းမွန်လာရန်အတွက် အနည်းဆုံး နှစ်ပေါင်းသန်းနှင့်ချီ၍ စွမ်းအင်အမြောက်အမြားအချိန်ယူ စုဆောင်းရပေလိမ့်မည်။
ယခုအချိန်တွင် ကောင်းကင်တာအို၏ ပြောင်းလဲမှုများကို အဆက်မပြတ် တွက်ချက်နေကြသော မိစ္ဆာအိုကြီးအချို့သည် ကမ္ဘာဦးမူလစွမ်းအင်များကို စုပ်ယူနေသော ထူးခြားဖြစ်စဉ်သည် ငရဲမဟာကမ္ဘာအတွင်း၌ အဆုံးမဲ့အလင်းတန်းများ ထုတ်လွှတ်ခဲ့သော ဖြစ်စဉ်နှင့် ဆက်စပ်နေနိုင်ကြောင်း စတင် ရိပ်မိလာသည်။ ထိုသတင်းသည်လည်း မကြာမီအချိန်၌ပင် အရပ်ရပ်သို့ ပျံ့နှံ့သွားကာ အင်အားစု အသီးသီးမှ ကျွမ်းကျင်သူများသည် ထိုကိစ္စနှင့် ပတ်သက်၍ အလွန် စိုးရိမ်ထိတ်လန့်လာကြလေသည်။
အကယ်၍ ထိုကိစ္စနှစ်ခု၏ နောက်ကွယ်ရှိတစ်စုံတစ်ဦးသာ လောကအတွင်းသို့ ထွက်ပေါ်လာပါက ရှေးဟောင်း ဧကရာဇ်များပင်လျှင် သူ၏ အရှိန်အဝါကို ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။ အကန့်အသတ်မဲ့ ကမ္ဘာကြီးမှ လွင့်မျောလာခဲ့သည့် ရှန့်ကျိုးကုန်းမြေတိုက်ကြီးတွင် ပေါ်ထွန်းခဲ့သည့် နဂါးမဲ့နတ်ဘုရားဘုရင် ဝူလုံသည်သာ ထိုဖြစ်စဉ်နှစ်ခုနောက်ကွယ်ရှိတည်ရှိမှုကိုနှိုင်းယှဉ်နိုင်မည်ဖြစ်သည်။
စစ်မှန်သော နတ်ဘုရားဘုရင်တစ်ပါး၏ အရှိန်အဝါ။
ထိုအရှိန်အဝါမျိုးရှိ သူသည် မဟာကမ္ဘာ အများအပြားသို့ လှည့်လည် သွားလာနိုင်စွမ်း ရှိသဖြင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးသည် သူ၏ ရှေ့မှောက်တွင် မပြောပလောက်သော အရာတစ်ခုသာ ဖြစ်ပေလိမ့်မည်။ သို့သော်လည်း လူတိုင်း၏ စိတ်နှလုံးများသည် တည်ငြိမ်သွားခြင်း မရှိသေးချေ။ ကမ္ဘာဦးမူလစွမ်းအင်များ စုပ်ယူမှု ကွယ်ပျောက်သွားပြီး မကြာမီပင် ပိုမို၍ အံ့အားသင့်ဖွယ်ကောင်းသော မြင်ကွင်းများ ထပ်မံ ထွက်ပေါ်လာပြန်၏။
ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးတွင် ထွန်းလင်းနေသော နေမင်းကြီးသည် ရုတ်တရက် ကွယ်ပျောက်သွားကာ ကမ္ဘာကြီးတစ်ခုလုံး အမှောင်အတိ ကျသွားသည်။ ထို့နောက်တွင် နေမင်းနှင့် လမင်းတို့သည် နေလသင်္ကေတ များအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ယံထက်၌ ပေါ်လာကြလျှင် မရေမတွက်နိုင်သော ကြယ်များနှင့် နက္ခတ်တာရာအသီးသီးလည်း ပေါ်ထွက်လာသည်။ ၁၂၉,၆၀၀ သော ကြယ်တာရာ အကြီးအငယ်များသည် ကောင်းကင်ယံထက်၌ ထွက်ပေါ်လာကြပြီး ထိုအတွင်းမှ ကြယ်ပေါင်း သောင်းခြောက်ထောင်သည် လွန်စွာ တောက်ပလာလေသည်။
နေလသင်္ကေတများသည် ဖြည်းညှင်းစွာ စတင်လည်ပတ်လာသည်။ ရှေးခေတ်ကာလများတွင် နေလစွမ်းအားသည် ကြယ်တာရာ အပေါင်းတို့၏ အရှင်သခင် ဖြစ်ကာ မဟာကမ္ဘာတစ်ခုတွင်ပင် နေလစွမ်းအား၏ အစွမ်းသတ္တိကို လျှော့တွက်၍ မရနိုင်ချေ။ နေလသင်္ကေတများ လှုပ်ရှားလာသောအခါ ကြယ်တာရာ အပေါင်းတို့သည်လည်း ကြယ်ပုံသဏ္ဌာန် အမှတ်အသားသင်္ကေတများအဖြစ် ပြောင်းလဲသွားကာ နေနှင့် လကို ဗဟိုပြု၍ လည်ပတ်လာကြသည်။
သင်္ကေတများဖြင့် ဖွဲ့စည်းထားသော အံ့ဖွယ် ကြယ်တာရာပြ မြေပုံကြီးတစ်ခု ကောင်းကင်ယံထက်၌ လည်ပတ်နေ၏။ မရေမတွက်နိုင်သော ကြယ်တာရာစွမ်းအားများနှင့် နေလစွမ်းအားများသည် တစ်သားတည်း စုစည်းသွားကာ ငရဲမဟာကမ္ဘာရှိရာသို့ ဦးတည်စီးဆင်းသွားသည်။
ထို့နောက် ကမ္ဘာလောကကြီးအတွင်း၌ ကောင်းကင်တာအိုထံမှအသိအမှတ်ပြုခံခဲ့ရသော ကွယ်လွန်သွားကြပြီ ဖြစ်သည့် အစစ်အမှန် သူတော်စင် များ၏ ဝိညာဉ်ပုံရိပ်များသည်လည်း တစ်ဦးပြီးတစ်ဦး ပေါ်ထွက်လာကြသည်။ သူတို့အားလုံးသည် ငရဲမဟာကမ္ဘာရှိရာ အရပ်သို့ ဦးတည်ကာ ရိုသေလေးစားစွာဖြင့် ဦးညွှတ် ဂါရဝပြုလိုက်ကြလေသည်။ ထိုအခါ ယဇ်ပူဇော်ခြင်း စွမ်းအားများသည် ကောင်းကင်သို့ ထိုးတက်သွား၏။
ထိုသူများသည် စစ်မှန်သော သူတော်စင်များ ဖြစ်ကြပြီး လူအပေါင်းတို့၏ ပူဇော်ခြင်းကို ခံရသော တည်ရှိမှုများ ဖြစ်သည်။ ထိုစစ်မှန်သော သူတော်စင်များကပင် ဦးညွှတ်ပူဇော်ရသော တည်ရှိမှုသည် နတ်ဘုရားဘုရင် သာ ဖြစ်ရပေလိမ့်မည်။ စစ်မှန်သော နတ်ဘုရားများ၏ ပူဇော်ခြင်း စွမ်းအားသည်လည်း အလွန်ပင် များပြားလှပေသည်။
သူတော်စင်တစ်ဦးစီ၏ ပူဇော်ခြင်း စွမ်းအားသည် နိယာမနယ်ပယ် ကျွမ်းကျင်သူ သန်းပေါင်းများစွာ၏ နှစ်ပေါင်း ဆယ်နှင့်ချီ၍ ပူဇော်ခဲ့သော စွမ်းအားများနှင့် ညီမျှလှကာ အလွန်တန်ဖိုးကြီးမားလှသော ယုံကြည်ခြင်းစွမ်းအား အရင်းအမြစ် ဖြစ်သည်။ ထိုစွမ်းအား ပမာဏသည် နှစ်ပေါင်း သိန်းသန်းချီသည့်တိုင်အောင် တည်ရှိခဲ့ပြီး ခေတ်ကာလ နှစ်ခုကို ဖြတ်သန်းခဲ့သော ရှေးဟောင်း အင်အားစုကြီးတစ်ခု၏ နှစ်ပေါင်းများစွာ စုဆောင်းထားသည့် ပူဇော်ခြင်း စွမ်းအားများနှင့်ပင် နှိုင်းယှဉ်နိုင်သည်။
ရွှေရောင်ဝင်းလက်နေသော သန့်စင်သည့် ယုံကြည်ခြင်း စွမ်းအားများသည် တစ်သားတည်း စုစည်းသွားကြ၏။ ယင်းတို့သည် နေလကြယ်တာရာများ၏ အလင်းတန်းများနှင့်အတူ ပေါင်းစပ်ကာ ငရဲမဟာကမ္ဘာအတွင်းသို့ စီးဆင်းသွားလေသည်။ ထိုစွမ်းအားများသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ အပြင်ဘက်သို့ ရောက်ရှိလာကာ မျှော်စင်၏ ကိုယ်ထည်ကို ဖြတ်သန်း၍ အတွင်းပိုင်းသို့ ဝင်ရောက်သွားကြသည်။
နေလကြယ်တာရာများ၏ အရှင်သခင်အဖြစ် အသိအမှတ်ပြုခံရခြင်း။
သူတော်စင် အပေါင်း၏ အရိုအသေပြုပူဇော်ခံရခြင်း။
စစ်မှန်သော နတ်ဘုရားဘုရင်တစ်ပါး၏မွေးဖွားလာမှု။
ထိုနတ်ဘုရားဘုရင်သည် သူတော်စင်အဆင့်သို့ တက်လှမ်းနေခြင်းသာ ဖြစ်သော်လည်း သူ၏ အရှိန်အဝါသည် ကမ္ဘာလောကကြီးတစ်ခုလုံးကို တုန်လှုပ်စေနိုင်စွမ်း ရှိနေလေသည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးသာမက ငရဲမဟာကမ္ဘာသည်လည်း ငြိမ်သက်ခြင်း မရှိချေ။ ငရဲအတွင်း၌ လွင့်မျောနေကြသော မရေမတွက်နိုင်သော နာကြည်းနေသည့် ဝိညာဉ်များသည် တစ်စုံတစ်ရာသော စွမ်းအား၏ ဆွဲဆောင်မှုကို ခံနေရကာ အချို့သော အစွမ်းထက် တည်ရှိမှုများ၏ ကျန်ရှိနေသော မိစ္ဆာဝိညာဉ်များသည်ပင်လျှင် ထိုဆွဲဆောင်ခံရမှုမှ လွတ်မြောက်နိုင်ခြင်း မရှိကြပေ။
ဝိညာဉ်များအားလုံးသည် တစ်ခုနှင့်တစ်ခုပေါင်းစည်းသွားကာ အသန့်စင်ဆုံးသော ဝိညာဉ်စွမ်းအားများအဖြစ်သို့ အသွင် ပြောင်းလဲသွားကြပြီး ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ရှိရာအရပ်သို့ စီးဆင်းသွားသည်။
ထို့အပြင် ငရဲအတွင်းရှိ မကောင်းသည့် စွမ်းအင်များနှင့် သတ်ဖြတ်လိုသော စိတ်ဆန္ဒများသည်လည်း တစ်နေရာတည်းသို့ စုစည်းလာကြသည်။ မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ်တွင် ရှိသော မိစ္ဆာအရှင်သခင်များစွာတို့ ပူးပေါင်း သန့်စင်နေကြသည့် ဟာမိုမိစ္ဆာသွေးပင်လယ် သည်ပင်လျှင် အပြောင်းအလဲများ ဖြစ်ပေါ်လာကာ သွေးပင်လယ်အတွင်းရှိ စွမ်းအင်များသည် တစ်ခဏချင်းအတွင်းပင် ထက်ဝက်ကျော် စုပ်ယူခံလိုက်ရသဖြင့်မိစ္ဆာအရှင်သခင် အပေါင်းတို့၏အားထုတ်မှုများအချည်းနှီးဖြစ်သွားရလေသည်။
ထိုကဲ့သို့ စွမ်းအားများ ထက်ဝက်ကျော် ဆုံးရှုံးသွားခဲ့သော မိစ္ဆာသွေးပင်လယ်သည် ဆက်လက်၍ သန့်စင်နိုင်ခဲ့လျှင်ပင် လွတ်မြောက်ခြင်း အဆင့်သို့ ရောက်ရှိနိုင်တော့မည် မဟုတ်ချေ။
ကောင်းကင်တာအိုကိုကိုယ်စားပြုနိုင်သည့် လွတ်မြောက်ခြင်းအရှင်သခင် ၇ ဦးသည်ပင်လျှင် သူတို့၏ နန်းတော်ကြီးကို ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ အထက်သို့ ယူဆောင်လာခဲ့ကြကာ ထိုထူးခြားဖြစ်စဉ်မြင်ကွင်းကို စောင့်ကြည့်နေကြလေသည်။ သူတို့၇ ဦး ပူးပေါင်းလိုက်လျှင်ပင် ထိုသူတော်စင်အဆင့်သို့ တက်လှမ်းခြင်းဖြစ်စဥ်၌ ဝင်ရောက်စွက်ဖက်နိုင်စွမ်း မရှိကြချေ။များပြားလှသောစွမ်းအားအရင်းအမြစ်များကို လှုပ်ရှားစေနိုင်သော အစွမ်းသည် မဟာကမ္ဘာကြီး၏ ကောင်းကင်တာအို အလိုဆန္ဒထက်ပင် ကျော်လွန်နေပေသည်။
ယင်းသည် ကမ္ဘာလောကကို ကျော်လွန်သွားသော ကောင်းကင်အရှင်များ သို့မဟုတ် ထာဝရအဆင့် ကျွမ်းကျင်သူများပင်လျှင် လွှမ်းမိုးနိုင်သော အရာ မဟုတ်ပေ။ အကယ်၍ ထျန်းယွမ်အဆင့် ကျွမ်းကျင်သူတစ်ဦးသာ ရှိနေခဲ့ပါက သူသည် ပြင်းထန်သော ဒဏ်ရာများရရှိနိုင်သည့် အန္တရာယ်ကို ရင်ဆိုင်၍ သူ၏မြင်ကွင်းရှေ့ရှိ သာမန်သူတော်စင်အဆင့်တက်လှမ်းခြင်းဖြစ်စဉ်ထက် လွန်ကဲနေသော မြင်ကွင်းကို နှောင့်ယှက်နိုင်ပေလိမ့်မည်။ သို့သော် ထိုသို့ဖြစ်လာရန်မှာလည်း မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
ထျန်းယွမ်အဆင့် ကျွမ်းကျင်သူများသည် လွန်စွာမှ ရှားပါးလှကာ မဟာကမ္ဘာတစ်ခုတွင် နှစ်ပေါင်း ကုဋေကဋာ ပေါင်းများစွာ ကြာမှသာ အနည်းငယ်မျှ ထွက်ပေါ်လာနိုင်ပေသည်။ ပိုင်ရွှီနယ်မြေ မှ ထျန်းယွမ်အဆင့် ကျွမ်းကျင်သူတစ်ဦး မတော်တဆ ဖြတ်သန်းသွားခဲ့လျှင်ပင် မိမိအတွက် အကျိုးမရှိဘဲ ဒုက္ခသာရနိုင်သည့် ထိုကဲ့သို့ ကိစ္စမျိုးကို လုပ်ဆောင်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် သူတို့အားလုံးသည် သူတို့ရှေ့မှ အဖြစ်အပျက်ကို တားဆီးနိုင်ခြင်းမရှိဘဲ အားအင်မဲ့စွာဖြင့်သာ ကြည့်နေနိုင်ကြလေသည်။
ကမ္ဘာလောကကြီးတစ်ခုလုံး တုန်လှုပ်သွားကာ မဟာကမ္ဘာကြီး နှစ်ခုလုံးမှ ကြီးမားလှသော စွမ်းအားစီး ကြောင်းနှစ်ခုသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်းသို့ စီးဝင်သွား၏။ ထိုစွမ်းအင်စီးကြောင်းများသည် ကျုံးရှန် အဆင့်တက်လှမ်းပြီးနောက်တွင် မဟာကမ္ဘာနှစ်ခုထံမှ အတင်းအဓမ္မ တောင်းယူလိုက်သော လက်ဆောင်များသာ ဖြစ်သည်။ ကျုံးရှန်၏ သူတော်စင်အဆင့်ထူးခြားဖြစ်စဉ်သည် သမိုင်းတစ်လျှောက်တွင် အစွမ်းအထက်ဆုံးသော သူတော်စင်အဆင့် တက်လှမ်းမှုပင် ဖြစ်ပေလိမ့်မည်။
သူသည်သူတော်စင်အဆင့်မျှဖြင့် မဟာကမ္ဘာကြီးနှစ်ခုကို လွှမ်းမိုးနိုင်သော ထူးခြားဖြစ်စဉ်များကို ဖန်တီးနိုင်ကာ ထိုမဟာကမ္ဘာကြီး နှစ်ခုလုံး၏ စွမ်းအင်များကို ရူးသွပ်စွာ လုယူနိုင်ခဲ့သည်။ ထိုကိစ္စသည် ယခင် ခေတ်ကာလများတွင် မည်သို့မျှ မတွေးဝင့်စရာ ကိစ္စရပ်ပင် ဖြစ်နေတော့လေသည်။
အပိုင်း (၃၂၄)
နေလကြယ်တာရာများ၏ အရှင်သခင်အဖြစ် အသိအမှတ်ပြုခြင်း စွမ်းအင်များ။
သူတော်စင် အပေါင်း၏ အရိုအသေပြုပူဇော်ခံရခြင်းမှ ထွက်ပေါ်လာသော ယုံကြည်ခြင်းစွမ်းအင်များ။
ငရဲဝိညာဉ်များပေါင်းစည်းရာမှထွက်ပေါ်လာသော အသန့်စင်ဆုံးသောစွမ်းအင်များ။
ဟာမိုမိစ္ဆာသွေးပင်လယ်မှ စီးဆင်းထွက်ပေါ်လာသောစွမ်းအင်များ။
ထိုစွမ်းအင်စီးကြောင်းလေးခုသည် မဟာကမ္ဘာကြီးနှစ်ခု၏ ကောင်းကင်နှင့်မြေပြင်ကြားတွင် တည်ရှိသမျှသော အစင်ကြယ်ဆုံး၊ အမြင့်မြတ်ဆုံး စွမ်းအင်များသာ ဖြစ်ကြသည်။ ထိုအထဲ၌ မရေမတွက်နိုင်သော ယဇ်ပူဇော်ခြင်းစွမ်းအားများ အလုံးအရင်း ပါဝင်နေ၏။
ထိုပူဇော်ခြင်းစွမ်းအားများသည် ကျုံးရှန်အတွက် အနာဂတ်တွင် မိမိ၏ကိုယ်တွင်းသူတော်စင်ဘုံ ကို တည်ဆောက်ပုံဖော်ရာ၌ လွန်စွာမှ အကျိုးကျေးဇူးများလှသည့် အရာများ ဖြစ်သည်။ ထို့အပြင် အမှုန်အမွှားကမ္ဘာငယ်ကို အဆင့်မြှင့်တင်ကာ အထပ်တစ်ထောင်ကမ္ဘာငယ်အဖြစ်သို့ ပြောင်းလဲရာတွင်လည်း ကြီးမားသော အထောက်အပံ့ ဖြစ်စေပေလိမ့်မည်။ ကျုံးရှန်အတွက်မူ ထိုစွမ်းအားများသည် ကောင်းကင်တာအို၏လက်ထဲမှ သူပြန်လည်ရယူလိုက်သော အတိုးအချို့မျှသာ ဖြစ်သည်။
ဤသည်မှာ နှစ်ပေါင်း တစ်သန်းတိုင်တိုင် သူခံစားခဲ့ရသော ကျိန်စာအတွက် ကောင်းကင်တာအိုမှ သူ့ကို ပေးအပ်ရမည့် လျော်ကြေးတစ်ခုပင် ဖြစ်လေသည်။
စွမ်းအင်များသည် ရူးသွပ်ဖွယ်ကောင်းသောအရှိန်ဖြင့် ကျုံးရှန်၏ ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် စီးဝင်နေကြသည်။ ယခင်က ကမ္ဘာဦးမူလစွမ်းအင်များ စုပ်ယူခဲ့ခြင်းနှင့် ယခု စွမ်းအင်များ ထပ်မံရရှိခြင်းတို့ ပေါင်းစပ်လိုက်ပါက ကျုံးရှန် စုပ်ယူထားသော စွမ်းအားပမာဏသည် အံ့မခန်းပင် ဖြစ်၏။ သာမန်အားဖြင့်ဆိုလျှင် ထိုစွမ်းအားပမာဏသည် နတ်ဘုရားအဆင့် ကျွမ်းကျင်သူ သန်းပေါင်း တစ်ရာကျော်ကို မွေးထုတ်ပေးနိုင်လောက်သည့် အတိုင်းအဆပင် ဖြစ်သည်။
ထိုသည်မှာ နှစ်ပေါင်း သိန်းသန်းချီအတွင်း ထွက်ပေါ်ခဲ့ဖူးသမျှသော နတ်ဘုရားအဆင့် ကျွမ်းကျင်သူ အားလုံး၏ စွမ်းအားစုစုပေါင်းထက်ပင် ပိုမိုများပြားနေပေသည်။ ကောင်းကင်တာအိုသည် အသေးစားနှင့် အလယ်အလတ်ကမ္ဘာများ၊ ဟင်းလင်းပြင်အက်ကွဲကြောင်းများနှင့် အခြားသော နယ်ပယ်အသီးသီးမှ လွင့်မျောနေသော စွမ်းအင်များကို အတင်းအဓမ္မ ထုတ်ယူကာ စုစည်းပေးလိုက်ခြင်း ဖြစ်သည်။ ထိုလုပ်ရပ်သည် မဟာကမ္ဘာအတွင်းရှိ အခြားသော ကျွမ်းကျင်သူများ၏ သူတော်စင်ကမ္ဘာများအပေါ်၌ပင် သက်ရောက်မှုရှိသွားစေလေသည်။
ထို့အပြင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ အနက်ရှိုင်းဆုံးသော နေရာများတွင် ကိန်းဝပ်နေသည့် နေ၊ လ၊ ကြယ်တာရာစွမ်းအားများနှင့် ငရဲမဟာကမ္ဘာအတွင်းရှိ ကျန်ရှိနေသော ဝိညာဉ်များ၏ ဆုတောင်းခြင်းစွမ်းအားများသည်လည်း ကျုံးရှန်အတွက် အဖိုးတန်သော အာဟာရများ ဖြစ်လာခဲ့သည်။ အခြားသော ကျွမ်းကျင်သူ မည်သူမျှ မလှုပ်ရှားစေနိုင်ခဲ့သော၊ မထိတွေ့နိုင်သော ထိုဆန်းကြယ်သည့်စွမ်းအားများကို ကျုံးရှန်တစ်ဦးတည်းကသာ အပိုင်သိမ်းယူနိုင်လိုက်ခြင်း ဖြစ်သည်။
စွမ်းအင်များ အလုံးအရင်းနှင့် စီးဝင်လာသဖြင့် ကျုံးရှန်၏ ကျင့်ကြံခြင်း အဆင့်အတန်းသည် လျင်မြန်စွာ တိုးမြှင့်လာသည်။ သူသည် သူတော်စင်အဆင့် ၁ မှ သူတော်စင်အဆင့် ၁ အထွတ်အထိပ်သို့ မျက်တောင်တစ်ခတ် အတွင်းရောက်ရှိသွားကာ ထိုမှတစ်ဆင့် သူတော်စင်အဆင့် ၂ သို့ တိုက်ရိုက် ခုန်တက်သွားသည်။ ကျုံးရှန်၏ ခန္ဓာကိုယ်အတွင်း၌ ကိန်းဝပ်နေသော အလားအလာနှင့် လျှို့ဝှက်စွမ်းအားများသည် မည်သူနှင့်မျှ မယှဉ်နိုင်အောင်ပင် ကြီးမားလှသည်။
ထို့ကြောင့် သူ၏ အဆင့်တက်လှမ်းရန် ခက်ခဲမှုသည်လည်း သာမန်လူများထက် အဆပေါင်း သန်းချီ၍ ပိုမိုခက်ခဲပေသည်။ အဆင့်တစ်ခု တက်လှမ်းရန်အတွက် လိုအပ်သော ကျင့်ကြံခြင်းဆိုင်ရာ နားလည်သဘောပေါက်မှုနှင့် စွမ်းအားစုဆောင်းမှုတို့သည် သာမန်ကျင့်ကြံသူများထက် အဆပေါင်းများစွာ ပိုမိုလိုအပ်ခြင်း ဖြစ်သည်။
ကျင့်ကြံခြင်းဆိုင်ရာသဘောတရားများကို နားလည်သဘောပေါက်မှုအပိုင်းတွင် ကျုံးရှန်သည် ထိပ်တန်းကျင့်စဉ်ပေါင်းများစွာကို လေ့လာခဲ့ဖူးပြီး ဖြစ်သလို မိမိကိုယ်ပိုင် တာအိုလမ်းစဉ် ကိုလည်း ထွင်းဖောက်သိမြင်ထားလေသည်။ စွမ်းအားစုဆောင်းမှုအပိုင်းတွင်မူ ကမ္ဘာကြီးနှစ်ခုလုံး၏ ကောင်းကင်တာအိုထံမှ အတင်းအဓမ္မ လုယူခြင်းကြောင့်သာ လုံလောက်သွားခြင်း ဖြစ်သည်။ အကယ်၍ ကျုံးရှန်သည် သာမန်အတိုင်း တရားထိုင်ခြင်း၊ သဘာဝစွမ်းအင်များကို စုပ်ယူခြင်း သို့မဟုတ် တန်ဖိုးကြီးရတနာများကို စားသုံးခြင်းဖြင့်သာ ကျင့်ကြံမည်ဆိုပါက ကမ္ဘာဦးအဆင့် သို့မဟုတ် လွတ်မြောက်ခြင်းအဆင့် ရတနာမျိုးနှင့် မတွေ့ဆုံခဲ့လျှင် အဆင့်တစ်ခု တက်လှမ်းရန်အတွက်ပင် နှစ်ပေါင်းများစွာ အချိန်ယူရပေလိမ့်မည်။
သို့သော်လည်း ကျုံးရှန်သည် အဆင့်တစ်ခု တက်လှမ်းတိုင်း သူ၏ စွမ်းအားသည် တရှိန်ထိုး တိုးတက်လာမည် ဖြစ်သည်။
ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်နှင့် ငရဲမဟာကမ္ဘာရှိ သက်ရှိအားလုံးသည် သူတို့ရှေ့ရှိမြင်ကွင်းကို ကြည့်ရင်း စကားလုံးဖြင့် ဖော်ပြမရနိုင်လောက်အောင် မှင်တက်နေကြရလေသည်။ ထိုမဟာကမ္ဘာကြီးများတွင် နှစ်ပေါင်း သောင်းချီလျှင် တစ်ကြိမ် သဘာဝအလျောက်မွေးဖွားလာသော သူတော်စင်ပါရမီရှင်များ ပေါ်ထွက်လာတတ်သည်။ ဥပမာအားဖြင့်
ကျုံးထျန်းယွဲ့ ၏ ကောင်းကင်စင်ကြယ်သော အရိုး နှင့် ကျုံးကျဲ ၏ ငရဲတံဆိပ်တော် တို့သည် ထိုကဲ့သို့သော ပါရမီရှင်များ၏ သက်သေပင် ဖြစ်သည်။
သူတို့ကဲ့သို့သော ပါရမီရှင်များသည် သဘာဝမှ ပေးအပ်ထားသော ပါရမီဖြင့်ပင် သူတော်စင်အဆင့် ၆ အထိ အလွယ်တကူ ကျင့်ကြံနိုင်စွမ်း ရှိကြသည်။ ထို့ပြင် နှစ်ပေါင်း သန်းနှင့်ချီလျှင် တစ်ကြိမ်ခန့် ကံကြမ္မာ၏ သားတော်များ ပေါ်ထွက်လာတတ်ပြီး ရှေးဟောင်းခေတ်မှ အစစ်အမှန် နတ်ဘုရားများ၏ အမွေအနှစ်များကို ဆက်ခံနိုင်ကြသည်။ ယခင်က ကျုံးရှန် ကြုံတွေ့ခဲ့ရသော ချန်ချန်း နှင့် လင်ချန် တို့သည် ထိုသို့သော သူများပင် ဖြစ်သည်။
ကျုံးရှန်သည် ထိုကံကြမ္မာသားတော်များကို သူ၏ နောက်မျိုးဆက်များအားလမ်းညွှန်ပြသကာ သူတို့ကိုယ်တိုင် တိုက်ခိုက်နှိမ်နင်းပြီး သူတို့၏ ကံကြမ္မာများကို သိမ်းပိုက်စေခဲ့သည်။ ကျုံးကျဲ သည် ကံတရားသရဖူကို ပိုင်ဆိုင်ထားပြီဖြစ်ကာ ကျုံးထျန်းယွဲ့ သည် သူတော်စင်အဆင့် ကျွမ်းကျင်သူ ၁၀၀ ၏ အမွေအနှစ်နှင့် ဝမ်တာအို ဧကရာဇ်၏ အမွေအနှစ်ကို ရရှိထားသည်။ ဝမ်တာအို ဧကရာဇ်၏ ကျင့်ကြံခြင်းသည် အနည်းဆုံးအနေဖြင့် နတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ်တွင် ရှိလေသည်။
သူသည် ဟင်းလင်းပြင်မိစ္ဆာနတ်ဘုရားများ၏ ကျူးကျော်မှုကိုပင် တားဆီးနိုင်ခဲ့သူ ဖြစ်၏။
ယခုအခါ ကျုံးရှန်၏ အမြင်သည် ယခင်ကထက် ပိုမို ကျယ်ပြန့်လာပြီဖြစ်သည်။ နတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ်ဆိုသည်မှာ မဟာကမ္ဘာတစ်ခုတွင် အနှိုင်းမဲ့သော ကျွမ်းကျင်သူအဖြစ် သတ်မှတ်နိုင်သည်။ ရှေးဟောင်း ဧကရာဇ်ကြီးများသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးတစ်ခုလုံးကို အုပ်ချုပ်ကာ လူသားမျိုးနွယ်ကို အမြင့်မားဆုံးသော အဆင့်အတန်းသို့ ပို့ဆောင်ပေးခဲ့သူများ ဖြစ်ကြ၏။
ထို့ကြောင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ ရှေးဟောင်း ဧကရာဇ်များသည် မှတ်တမ်းများတွင် ဖော်ပြထားသကဲ့သို့ နတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ်မျှသာ မကဘဲ တစ်ကမ္ဘာလုံးကို လွှမ်းမိုးနိုင်သော အစွမ်းမျိုး ရှိကြလိမ့်မည်ဟု ကျုံးရှန် ယူဆလိုက်မိသည်။
ကျုံးရှန်သည် စိတ်ကို တည်ငြိမ်အောင် ထားကာ ကမ္ဘာလောက၏ စွမ်းအားများကို ဆက်လက် စုပ်ယူနေသည်။ သူသည် ထိုစွမ်းအားများကို လှည့်ပတ်လိုက်ကာ တစ်ကိုယ်လုံးသို့ ဖြန့်ကျက်စေသည်။ ထိုအခါမကြာမီပင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် ထပ်မံ၍ တစ်ရှိန်ထိုးပေါက်ကွဲထွက်လာပြန်ကာ သူတော်စင်အဆင့် ၂ မှ သူတော်စင်အဆင့် ၃ စိတ်အာရုံဖန်တီးခြင်း နယ်ပယ်သို့ တိုက်ရိုက် ရောက်ရှိသွားလေတော့သည်။
ကျုံးရှန်၏ အဆင့်သည် သူ၏ အချစ်တော် ကျူးကျီနှင့် တူညီသွားပြီ ဖြစ်သည်။ သူ၏ တပည့်ဖြစ်သူ ရွေ့ဝူတီ အောက် အဆင့်နိမ့်နေသေးသော်လည်း သူတို့နှစ်ဦး၏ တိုက်ခိုက်ရေးစွမ်းရည်မှာမူ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။ ရွေ့ဝူတီ နှင့် ကျူးကျီတို့ မည်မျှပင် သန်မာစေကာမူ အဆင့်ငယ် ၂ ခုခန့်ကို ကျော်လွန်တိုက်ခိုက်နိုင်ခြင်းသည် သူတို့၏ အကန့်အသတ် ဖြစ်သည်။
သို့သော်လည်း ကျုံးရှန်သည် အဆင့်ကြီးများစွာကို ကျော်လွန်၍ တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။
စွမ်းအင်စီးကြောင်းလေးခုလုံးသည် ကျုံးရှန် သူတော်စင်အဆင့် ၃ သို့ ရောက်ရှိသွားပြီးနောက်တွင်ပျောက်ကွယ်သွားကြလေတော့သည်။ ကျုံးရှန်သည် ခေတ္တမျှ တရားထိုင်ကာ စွမ်းအားအားလုံးကို သွေးကြောများအတွင်း ချောမွေ့စွာ စီးဆင်းသွားစေရန် ပြုလုပ်လိုက်သည်။ ထို့နောက်တွင်မှ သူသည် ဖြည်းညှင်းစွာ မတ်တပ်ထရပ်လိုက်၏။
ယခုအခါ သူသည် သူတော်စင်အဆင့် ၃ စိတ်အာရုံဖန်တီးခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာသဖြင့် ကမ္ဘာလောက၏ စွမ်းအားများကို စတင် အာရုံခံနိုင်လာကာ ဟင်းလင်းပြင်ထဲမှ ကမ္ဘာ့နိယာမစွမ်းအားများကို ထုတ်ယူနိုင်စွမ်း ရှိလာလေသည်။ သူတော်စင်ဘုံ၏ မြင့်မြတ်သောတံခါးမကြီးကို ဖွင့်လှစ်ကာ မိမိကိုယ်ပိုင် သူတော်စင်ဘုံတစ်ခုကို တည်ဆောက်နိုင်စွမ်း ရှိလာသော်လည်း ကျုံးရှန်သည် လောလောဆယ်တွင် အလျင်လိုခြင်းမရှိသေးချေ။
ယခုဖြစ်ပေါ်ခဲ့သော ကြီးမားလှသည့် အပြောင်းအလဲများအတွင်း၌ ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင် သည်လည်း အကျိုးကျေးဇူးများရရှိခဲ့သည်။ ယင်း၏ မူလကိုယ်ထည်သည်ကျုံးရှန်၏ စွမ်းအားများဖြင့် ကာကွယ်ခြင်း ခံခဲ့ရသဖြင့် ပျက်စီးသွားခြင်း မရှိသလို ကျုံးရှန်၏ ကောင်းကင်တာအိုခန္ဓာကိုယ်ကို ဖန်တီးစဉ်တွင်လည်း ကောင်းကင်တာအို၏ ထူးခြားသော ဂုဏ်သတ္တိများကို စုပ်ယူနိုင်ခဲ့လေသည်။ ကမ္ဘာဦးစွမ်းအားနှင့် ကောင်းကင်တာအိုစွမ်းအားတို့ ပေါင်းစပ်သွားခြင်းကြောင့် နတ်ဘုရားနွယ်ပင်သည် ထူးခြားသော ဗီဇပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့ကာ ထိုစွမ်းအားသည် မည်သူမျှ မတွေးဝံ့စရာပင် ဖြစ်၏။
ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင်သည် ယခင်ကထက် ပိုမို ရင့်ကျက်လာသည်နှင့်အမျှ ကျုံးရှန်သည် ယင်းကို သူ၏ သူတော်စင်ဘုံအတွင်း၌ ပြန်လည် စိုက်ပျိုးလိုက်မည်ဆိုပါက သူ၏သူတော်စင်ဘုံသည် အနှိုင်းမဲ့စွာ သန်မာလာပေလိမ့်မည်။
ဤအရာများသည် အနာဂတ်တွင် ပြုလုပ်ရမည့် အစီအစဉ်များသာ ဖြစ်ပြီး ယခုတွင်မူ ကျုံးရှန်အနေဖြင့် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ ထိပ်ဆုံးသို့ ရောက်ရှိရန်နှင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်သို့ ပြန်ရန်သာ အဓိကဖြစ်သည်။ ထို့ပြင် ငရဲမဟာကမ္ဘာအတွင်း၌ ရှိနေသော သူ၏ မူလအစကမ္ဘာကိုလည်း သင့်တော်သောနေရာ၌ အခြေချရန်စီစဥ်ရပေမည်။
မူလအစကမ္ဘာသည် ယခုအခါ အလယ်အလတ်ကမ္ဘာတစ်ခု ဖြစ်နေပြီဖြစ်ကာ အခြားသော ကမ္ဘာငယ်လေးများနှင့်လည်း ဆက်နွှယ်မှုများရှိနေသဖြင့် အနာဂတ်တွင် ယင်းကို ကျုံးရှန်၏ သူတော်စင်ဘုံ လက်အောက်ခံ ကမ္ဘာတစ်ခုအဖြစ် အသုံးချနိုင်မည်ဖြစ်သည်။
ကျုံးရှန်သည် မီးတောင်အတွင်းသို့ ဝင်ရောက်လာချိန်မှစ၍ ကောင်းကင်တာအိုခန္ဓာကိုယ်ကို ဖန်တီးကာ သူတော်စင်အဆင့်သို့ တက်လှမ်းနိုင်သည်အထိ အချိန်အားဖြင့် သုံးလကျော်မျှသာ ကြာမြင့်ခဲ့သည်။ ထိုသုံးလအတွင်းပင် သူသည် အဆင့် ၃ ဆင့်ကို တစ်ပြိုင်နက်တည်း တက်လှမ်းနိုင်ခဲ့ပြီး မဟာကမ္ဘာကြီးနှစ်ခုလုံး၏ ကောင်းကင်တာအိုကို တုန်လှုပ်စေခဲ့ကာ အံ့ဖွယ်ထူးခြားဖြစ်စဉ်များကို ဖန်တီးခဲ့သည်။ သာမန်လူများ နှစ်ပေါင်း သိန်းသန်းချီ၍ အားထုတ်ရမည့် အရာများကို သူသည် သုံးလအတွင်း အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
"ထွက်လာခဲ့စမ်း... မင်းတို့ ရှိနေတာကို ငါ သိပြီးသားပါ"
ကျုံးရှန်သည် သူ၏ ခေါင်းပေါ်ရှိ ဟင်းလင်းပြင်၏ တစ်နေရာသို့ ဦးတည်ကာ အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။