အခန်း (၃၂၅-၃၂၆)
Vol. 33 Ch. 325-326
အပိုင်း (၃၂၅)
ကျုံးရှန်၏ စကားသံ ဆုံးသွားသောအခါဟင်းလင်းပြင်ထက်မှ ဟောင်းနွမ်းစုတ်ပြတ်နေသော ဝါကျင့်ကျင့် အဝတ်စတစ်ခု ဖြည်းညှင်းစွာ ကျဆင်းလာသည်။ ထိုအဝတ်စပေါ်တွင် လူသားမျိုးနွယ်၏ ရှေးဟောင်းစာလုံးများဖြင့် စာသားနှစ်ကြောင်းကို ထင်ရှားစွာ ရေးသားထားလေသည်။
"နှလုံးသား၌ နဂါးရှိလျှင် လောက၌ နဂါးမရှိ..."
"နှလုံးသား၌ တာအိုရှိလျှင် ခပ်သိမ်းသောအရာတို့သည် တာအိုပင် ဖြစ်၏..."
ထိုအဝတ်စသည် မြေပြင်ပေါ်သို့ ကျရောက်ခါနီး အချိန်၌ပင် ရုတ်တရက် ဝင်းလက်တောက်ပသော အဝါရောင် အက္ခရာသင်္ကေတ တစ်ခုအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်သို့ ထိုးတက်သွားပြီး အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ ပုံရိပ်အဖြစ်သို့ အသွင်ပြောင်းလဲသွားသည်။
တစ်ချိန်တည်း၌ပင် အခြားတစ်ဖက်တွင် ဖြူဖွေးသောအလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး အဖြူရောင်ဝတ်စုံနှင့် အဘိုးအိုတစ်ဦး၏ ပုံရိပ်အဖြစ်သို့ပြောင်းလဲသွားသည်။ ထိုသူနှစ်ဦးသည် ကျုံးရှန် မျှော်စင်အတွင်း တက်လှမ်းနေစဉ်တစ်လျှောက်လုံးတွင် သူ့ကို လျှို့ဝှက်စွာ စောင့်ကြည့်နေခဲ့ကြသော တည်ရှိမှုများ ဖြစ်၏။
ကျုံးရှန်သည် သူ၏ ခန္ဓာကိုယ်ကို အသစ်တစ်ဖန် ပြန်လည်ဖွဲ့စည်းကာ ကောင်းကင်တာအိုခန္ဓာကိုယ် ကို ရရှိပြီးနောက်တွင် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ တက်လှမ်းခြင်းဆိုင်ရာ နိယာမအတားအဆီးများကို ချိုးဖျက်နိုင်စွမ်း ရှိသွားပြီဖြစ်သည်။ ယခုအခါ သူသည် မျှော်စင်အတွင်း၌ပင် သူ၏ နတ်ဘုရားအာရုံနှင့် တန်ခိုးစွမ်းအားများကို လွတ်လပ်စွာ အသုံးချနိုင်ပြီဖြစ်ကာ ယခင်က မမြင်နိုင်ခဲ့သော အရာများကိုလည်း အလွယ်တကူ သိမြင်နိုင်စွမ်း ရှိနေလေသည်။
ပုံရိပ်နှစ်ခု ပေါ်ထွက်လာသည်နှင့် အဖြူရောင်ဝတ်စုံနှင့် အဘိုးအိုသည် ကျုံးရှန်ကို ကြည့်ကာ ပြုံးရွှင်သော မျက်နှာထားဖြင့် ယဉ်ကျေးစွာ ဦးညွှတ် ဂါရဝပြုလိုက်သည်။ သို့သော် အဝါရောင်ဝတ်စုံနှင့် အမျိုးသားသည် မျက်နှာထား မကောင်းလှဘဲ ခက်ထန်မာနကြီးသော ပုံစံဖြင့် ငြိမ်သက်စွာ ရပ်နေသည်။
"အို... မဟာကျွမ်းကျင်သူကြီး... ကျုပ်ကကောင်းကင်တက်လှမ်းခြင်းမျှော်စင် စတင်ပေါ်ထွန်းလာတဲ့ ကမ္ဘာဦးအစကတည်းက မျှော်စင်နဲ့အတူ မွေးဖွားလာခဲ့တဲ့ မျှော်စင်ရဲ့ ဝိညာဉ်စောင့်ရှောက်သူပါ... မင်း ကျုပ်ကို တက်လှမ်းခြင်းအဘိုးအို လို့ ခေါ်ဆိုနိုင်ပါတယ်"
အဖြူရောင်ဝတ်စုံနှင့် အဘိုးအိုသည် ရိုသေလေးစားစွာဖြင့် မိမိကိုယ်ကိုယ် မိတ်ဆက်လိုက်သည်။
ကျုံးရှန်သည် မာနကြီးသူ မဟုတ်ဘဲ မိမိအပေါ် ယဉ်ကျေးသူကို ပြန်လည်ယဉ်ကျေးတတ်သူ ဖြစ်သဖြင့် သူသည်လည်း ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြန်လည်နှုတ်ဆက်လိုက်၏။
"ဪ... မျှော်စင်ရဲ့ ဝိညာဉ်စောင့်ရှောက်သူ ဖြစ်နေတာကိုး... ဒီနေ့မှ လူကိုယ်တိုင် တွေ့ရတော့တာပဲ... တကယ်ကို ထူးခြားလှပါတယ်"
"မပြောပါနဲ့ ကျွမ်းကျင်သူကြီးရယ်... မင်းရဲ့ ခန္ဓာကိုယ်အသစ်ကို ကောင်းကင်တာအို အနှစ်သာရအတိုင်း ပြန်လည်ဖွဲ့စည်းနိုင်ခဲ့တာကမှ သမိုင်းတစ်လျှောက်မှာ မရှိခဲ့ဖူးတဲ့ အံ့မခန်း အောင်မြင်မှုကြီးပါ... နှမြောစရာကောင်းတာက ကျွမ်းကျင်သူကြီးရဲ့ တန်ခိုးစွမ်းအား အရည်အသွေးက ကောင်းကင်တာအိုရဲ့ အဆင့်ကို မရောက်ရှိသေးတာပဲ..."
"တကယ်လို့ ခန္ဓာကိုယ်ရော စွမ်းအားပါ ကောင်းကင်တာအိုအဆင့်ကို ရောက်သွားမယ်ဆိုရင် ဟိုးယခင်က နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံ တောင်မှ မရရှိနိုင်ခဲ့တဲ့ အနှိုင်းမဲ့ ရှေးဦးနိယာမခန္ဓာကိုယ်ကို ရရှိသွားမှာ အမှန်ပါပဲ"
အဘိုးအိုတစ်ယောက် ကျုံးရှန်ကို ချီးကျူးစကားများ ဆိုနေစဉ်တွင် သူ၏ဘေးနားရှိ အဝါရောင်ဝတ်စုံနှင့် အမျိုးသားသည် နဂါးမဲ့နတ်ဘုရားဘုရင် ဟူသော အမည်ကို ကြားလိုက်ရသဖြင့် မကျေမနပ်ဖြစ်ကာ နှာခေါင်းရှုံ့လျက် ခပ်ပြင်းပြင်း နှာမှုတ်လိုက်လေသည်။
ကျုံးရှန်သည် ထိုအမျိုးသားကို လှည့်ကြည့်လိုက်ပြီး မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်သည်။
"ကြည့်ရတာ... မင်းက ဟိုးအရင်တုန်းက နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံရဲ့ နှိမ်နင်းခြင်း ခံလိုက်ရတဲ့ အထွတ်အထိပ်ကောင်းကင်အဆောင် ဖြစ်ပုံပဲ... အိုး... မဟုတ်သေးဘူး ဒါက နတ်ဘုရားဘုရင်ရဲ့ အမိန့်စာ အစိတ်အပိုင်းတစ်ခုပဲ... တိတိကျကျ ပြောရရင် မင်းက ကောင်းကင်တာအို တံဆိပ်တော်မဟုတ်လား"
ကျုံးရှန်၏ အမြင်အာရုံသည် အလွန် စူးရှလှသဖြင့် ထိုသူ၏ နောက်ခံသမိုင်းကြောင်းကို တစ်ချက်တည်းနှင့် သိမြင်သွားလေသည်။ ထိုသူ ပေါ်လာစဉ်က ပါလာသော အဝတ်စပေါ်ရှိ စာသားနှစ်ကြောင်းဖြင့်ပင် မည်သူမည်ဝါဖြစ်ကြောင်းကို သက်သေပြနေပြီ ဖြစ်သည်။
ကျုံးရှန်သည် သူ၏ လက်ဖဝါးကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ အတ္တမဲ့အမှုန်အမွှား တစ်ခုကို ထုတ်ယူလိုက်ကာ ပြောလိုက်သည်။
"နဂါးမဲ့နှလုံးသားကျင့်စဉ် လား...အဲဒါကို ငါလည်း တတ်တာပဲ"
အဝါရောင်ဝတ်စုံနှင့် ပုံရိပ်သည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကာ ကျုံးရှန်၏ လက်ထဲမှ အမှုန်အမွှားကို သေသေချာချာ စူးစိုက်ကြည့်နေသည်။ သူသည် ထိုအမှုန်အမွှားအတွင်းရှိ စွမ်းအားများကို အာရုံခံကြည့်နေလိုက်ပြီးမှ တည်ငြိမ်စွာ ပြန်ပြောလာ၏။
“ဒါဟာ နဂါးမဲ့နှလုံးသားကျင့်စဉ် ဆိုတာ မှန်ပါတယ်... ဒါပေမဲ့ မင်းရဲ့ နားလည်သဘောပေါက်မှုက အထွတ်အထိပ်ကို မရောက်သေးဘူး... နဂါးမဲ့နှလုံးသားကျင့်စဉ်ရဲ့ အနှစ်သာရက လူတိုင်းကို ပါရမီ အနိမ့်အမြင့် ကွာခြားချက်တွေကနေ ကျော်လွန်သွားစေဖို့ပဲ... ညံ့ဖျင်းသူ၊ အလယ်အလတ် ၊ အထက်တန်း၊ ပြိုင်ဘက်ကင်းပါရမီရှင်၊ မွေးရာပါသူတော်စင်ကနေ အဆင့်ဆင့် တက်လှမ်းသွားပြီး နောက်ဆုံးမှ လောကနိယာမတွေကိုဖောက်ထွက်နိုင်တဲ့ ထူးခြားတဲ့တည်ရှိမှု တစ်ခု ဖြစ်လာစေဖို့ပဲ..."
"မင်းဆီမှာ အဲဒီလို လောကနိယာမတွေကိုဖောက်ထွက်နိုင်တဲ့ ထူးခြားတဲ့တည်ရှိမှုရဲ့ အငွေ့အသက် မရှိဘူး... မင်း ကောင်းကင်တာအိုခန္ဓာကိုယ်ကို ရခဲ့ရင်တောင် အနာဂတ်မှာ လောကကြီးကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"
အဝါရောင်ဝတ်စုံနှင့် အမျိုးသားသည် ကျုံးရှန်အပေါ် တစ်စုံတစ်ရာသော အငြိုးဖြင့် အပြစ်ပြောနေသကဲ့သို့ပင်ဖြစ်သည်။
သို့သော်လည်း ကျုံးရှန်သည် ထိုသူ၏စကားများကို စိတ်ဆိုးခြင်း မရှိဘဲ ပြန်လည်မေးခွန်းထုတ်လိုက်သည်။
"လောကနိယာမတွေကိုဖောက်ထွက်နိုင်တဲ့ ထူးခြားတဲ့တည်ရှိမှု ဟုတ်လား...."
"အမှန်အတိုင်း ပြောရရင် ငါကမှ ဒီလောကကြီးထဲမှာ တကယ့်ကို ဖောက်ထွက်နေတဲ့ တည်ရှိမှု အစစ်အမှန်ပဲ..."
"စနစ်... ထွက်လာစမ်း"
ကျုံးရှန် ရုတ်တရက် အမိန့်ပေးလိုက်သည်နှင့် သူ၏ ရှေ့မှောက်တွင် တောက်ပသော အလင်းရောင်နှင့်အတူ အလင်းမျက်နှာပြင် တစ်ခု ပေါ်ထွက်လာသည်။
ထိုမျက်နှာပြင်ပေါ်တွင် နေ့စဉ် မှတ်တမ်းတင်ရန် ရွေးချယ်စရာများ၊ နေ့ညမပြတ် မှတ်တမ်းတင်ခဲ့သည့် အချက်အလက်များ၊ ဝမ်ရှန့်ဖြစ်ရပ်မှတ်တမ်း မှ မစ်ရှင်အချက်အလက်များ အားလုံး ထင်ရှားစွာ ပေါ်ထွက်လာသည်။ ထိုသည်မှာ ကျုံးရှန်တစ်ယောက် ကောင်းကင်တာအိုခန္ဓာကိုယ်ကို ရရှိပြီးနောက်တွင်ရရှိခဲ့သော စနစ်၏ အပြောင်းအလဲပင် ဖြစ်သည်။ စနစ်သည် ယခင်ကထက် ပိုမို ထင်ရှားပြတ်သားလာကာ တစ်စုံတစ်ရာသော ရုပ်ဝတ္ထုအဖြစ်သို့ပြောင်းလဲလာတော့မည့် ပုံစံရှိနေသည်။
"ဟမ်... မဖြစ်နိုင်ဘူး... ဒါက စနစ်တစ်ခုလား"
"မဖြစ်နိုင်ပါဘူး... ဒါမျိုးက ဒီနေရာမှာ ဘယ်လိုလုပ် ပေါ်လာနိုင်မှာလဲ"
အဝါရောင်ဝတ်စုံနှင့် အမျိုးသားသည် ထိတ်လန့်သွားကာ ကျုံးရှန်နားမလည်နိုင်သော ရှေးဟောင်းဘာသာစကားဖြင့်တတွတ်တွတ် ရွတ်ဆိုနေလေတော့သည်။
"ကြည့်ရတာ ဒီစနစ်ရဲ့ အဆင့်အတန်းက ကမ္ဘာဦးခေတ်က အဆင့်မြင့် နည်းပညာယဉ်ကျေးမှုတွေရဲ့ ထိပ်သီး ဖန်ဆင်းရှင်စနစ်ထက်တောင် အများကြီး ပိုမြင့်နေသေးတယ်..."
"ဒါဟာ မသေမျိုးအဆင့်လား...ဒါမှမဟုတ် မသေမျိုးထက် ကျော်လွန်တဲ့အဆင့်လား..ဒါမှမဟုတ် အဲဒီထက် မြင့်မားတဲ့ အရာလား"
သူသည် ကျုံးရှန်၏ ရှေ့မှ စနစ်ကို ကြည့်ရင်း အလွန်အမင်း တုန်လှုပ်နေ၏။
"ဒါဆိုရင်ကော... မင်းပြောတဲ့ လောကနိယာမတွေကိုဖောက်ထွက်နိုင်တဲ့ ထူးခြားတဲ့တည်ရှိမှု ဖြစ်ဖို့ လုံလောက်ပြီလား"
ကျုံးရှန်သည် ထပ်မံ မေးလိုက်သည်။
"မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး..."
"ငါ မျှော်စင်ရဲ့ထိပ်ဆုံးမှာ မင်းကို စောင့်နေမယ်... အကယ်လို့ မင်းက မျှော်စင်ထိပ်ဆုံးကို တက်လှမ်းနိုင်ပြီး ကောင်းကင်ဘုံထဲကို ဝင်ရောက်နိုင်မယ်ဆိုရင်တော့ ငါ မင်းကို အရှင်သခင်အဖြစ် အသိအမှတ်ပြုပြီး အညံ့ခံမယ်"
အဝါရောင်ဝတ်စုံနှင့် အမျိုးသားသည် စိတ်ရှုပ်ထွေးမှုများအတွင်း နစ်မြုပ်သွားကာ သူ၏ ပုံရိပ်သည် အဝါရောင်အလင်းတန်းအဖြစ် ပြောင်းလဲလျက် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
အခြားတစ်ဖက်တွင်မူ တက်လှမ်းခြင်းအဘိုးအို၏ ကျုံးရှန်ကို ကြည့်နေသော အကြည့်သည် ယခင်ကထက် ပိုမို၍ လေးစားကြည်ညိုမှုများ ပြည့်နှက်လာလေသည်။
ကျုံးရှန်သည် ထိုအဝါရောင်ပုံရိပ် ထွက်ခွာသွားသည်ကို တားဆီးခြင်း မပြုခဲ့ပေ။ ယခု သူ၏ စွမ်းအားနှင့်ဆိုလျှင် ထိုတံဆိပ်တော်၏ဝိညာဉ်ကို နှိမ်နင်း၍ ရနိုင်သော်လည်း သူသည် အလိုအလျောက် အညံ့ခံသည်ကိုသာ လိုလား၏။ ထို နတ်ဘုရားဘုရင်တံဆိပ်တော်သည် ယခင်က အနှိုင်းမဲ့ အစွမ်းထက်ခဲ့သော်လည်း ယခုအခါ အစိတ်အပိုင်းများ ကွဲထွက်သွားသဖြင့် စွမ်းအားများ လျော့နည်းနေပြီ ဖြစ်သည်။
ရှေးဟောင်းမှတ်တမ်းများအရ အထွတ်အထိပ်ကောင်းကင်အဆောင် သည် အကန့်အသတ်မဲ့ကမ္ဘာကြီး၏ အဖိုးတန် ရတနာသုံးပါးတွင် တစ်ခုအပါအဝင် ဖြစ်သည်။ နောက်ပိုင်းတွင် နဂါးမဲ့နတ်ဘုရားဘုရင်သည် ယင်းကို ပြောင်းလဲပြင်ဆင်ခဲ့ကာ တစ်ဝက်သည် ကောင်းကင်တာအိုတံဆိပ်ဖြစ်လာပြီး ကျန်တစ်ဝက်သည်နတ်ဘုရားဘုရင်တံဆိပ် အဖြစ် ပြောင်းလဲဖွဲ့စည်းသွားလေသည်။ တံဆိပ်တော်နှစ်ခု ပေါင်းစည်းသွားပါက ကောင်းကင်တာအိုနှင့် တိုက်ရိုက် ဆက်သွယ်နိုင်ကာ မည်သည့် ပူဇော်ခြင်းစွမ်းအားကိုမဆို အစင်ကြယ်ဆုံး ဖြစ်အောင် သန့်စင်ပေးနိုင်သည့်အပြင် ကျင့်စဥ်ကျင့်ကြံရာ၌လည်း ၃၀ ရာခိုင်နှုန်းခန့် ပိုမိုမြန်ဆန် ထိရောက်စေရန်မြှင့်တင်ပေးနိုင်စွမ်း ရှိသည်။
သို့သော် ကျုံးရှန်အတွက် အရေးကြီးဆုံးအချက်သည် ထိုတံဆိပ်တော်မှတစ်ဆင့် နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံ ချန်ထားရစ်ခဲ့သော လျှို့ဝှက်ချက်များကို သိရှိနိုင်ရန် ဖြစ်သည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၊ငရဲမဟာကမ္ဘာရှိ ရှေးဟောင်း ဧကရာဇ်များနှင့် နတ်ဘုရားများထက် ကျုံးရှန် ပို၍ စိတ်ဝင်စားသူသည် နဂါးမဲ့နတ်ဘုရားဘုရင်ပင် ဖြစ်၏။
ကံမကောင်းစွာဖြင့် သူ၏ စနစ်မှ နေ့စဉ်မှတ်တမ်းတင်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်း နဂါးမဲ့နှလုံးသားကျင့်စဉ်တစ်ခုတည်းကိုသာ ရရှိခဲ့ဖူးသည်။ ထိုကျင့်စဉ်သည် စနစ်၏ အဆင့်သတ်မှတ်ချက်တွင် သေမျိုးအဆင့်ဟုသာ သတ်မှတ်ထားသော်လည်း ယင်းသည် လောကနိယာမအားလုံးကို စွန့်ပယ်ကာ လမ်းသစ်တစ်ခုကို ဖောက်ထွက်ထားသော အနှိုင်းမဲ့ကျင့်စဉ်တစ်ခု ဖြစ်နေသည်။
ထိုသို့သော ကျင့်စဉ်မျိုးကို တီထွင်နိုင်သည့် နဂါးမဲ့နတ်ဘုရားဘုရင်သည် မည်မျှအထိ သန်မာမည်နည်း။
ကျုံးရှန်ပင် ခန့်မှန်း၍ မရနိုင်ချေ။ ထို့ကြောင့် သူသည် ယခင်က အလယ်ပိုင်းသူတော်စင်ကုန်းမြေတိုက်ကြီး တွင် နှစ်ပေါင်း ရာနှင့်ချီ၍ ပုန်းအောင်းကာ ရှန့်ကျိုးကုန်းမြေတိုက်ကြီးမှ ကျန်ရှိနေသော ရှေးဟောင်းမှတ်တမ်းများကို လိုက်လံစုဆောင်းခဲ့ခြင်း ဖြစ်သည်။ သူ၏ ရည်မှန်းချက်သည် ထိုနဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံ၏ အကြောင်းကို ပိုမို သိရှိရန်နှင့် သူ၏ လမ်းစဉ်ကို နားလည်ရန်ပင် ဖြစ်လေတော့သည်။
အပိုင်း (၃၂၆)
သို့သော်လည်း နှမြောစရာကောင်းလှသည်မှာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး တစ်ခုလုံးတွင် နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံ နှင့် ပတ်သက်သော မှတ်တမ်းမှတ်ရာများသည် အလွန်ရှားပါးလှသည်။ ရှေးဟောင်းကျမ်းစာအချို့တွင် သူ၏အမည်ကို ဖော်ပြထားသော်လည်း အပေါ်ယံမျှသာ ရေးသားထားပြီး အသေးစိတ်အချက်အလက်များကိုမူ တမင်တကာရှောင်ဖယ်ထားကြသည်။
နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံ ဆိုသော အမည်နာမသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရှိ အထက်တန်းလွှာများနှင့် အစွမ်းထက် ကျွမ်းကျင်သူများအတွက် လုံးဝကို တားမြစ်ထားသော အကြောင်းအရာတစ်ခု ဖြစ်နေခဲ့ကာ ထိုနတ်ဘုရားဘုရင်၏ တန်ခိုးစွမ်းအားဖြင့် နှိမ်နင်းခြင်းကို ခံခဲ့ရသည့် ငရဲမဟာကမ္ဘာအတွင်း၌သာ သူနှင့်ပတ်သက်သော မှတ်တမ်းများနှင့် အကြောင်းအရာများကို ပိုမိုစုံလင်စွာ တွေ့ရှိနေရလေသည်။
နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံ ကဲ့သို့ လောကကြီးတစ်ခုလုံးကို လွှမ်းမိုးထားနိုင်သည့် အနှိုင်းမဲ့တည်ရှိမှုမျိုးကို သမိုင်းမှတ်တမ်းများတွင် ရှည်လျားလှသော လင်္ကာမော်ကွန်းများဖြင့် ရေးထိုးထားသင့်ပေသည်။ လူသားမျိုးနွယ်သည် မည်သည့် တည်ရှိမှု၏ ကျွန်အဖြစ် ခံရခြင်းမရှိစေရန်နှင့် သက်ရှိအားလုံးသည် လောကနိယာမများ၏ အပြင်ဘက်သို့ ဖောက်ထွက်နိုင်သော အခွင့်အရေးများကို တန်းတူညီမျှ ရရှိစေရန် သူက ဆန္ဒရှိခဲ့သည်။ သက်ရှိတိုင်းသည် မိမိတို့၏ ကိုယ်ပိုင်အလင်းရောင်ကို အစွမ်းကုန် တောက်ပစေနိုင်ရမည် ဆိုသည်မှာ သူ၏ ဆုတောင်းချက်၊ အတွေးအခေါ်နှင့် လမ်းစဉ်ပင် ဖြစ်သည်။
ထိုကဲ့သို့သော ကြီးမြတ်သည့် လုပ်ရပ်များကို လုပ်ဆောင်ခဲ့သော်လည်း ကျမ်းစာများထဲတွင် သူ၏အကြောင်းကို စာကြောင်းအနည်းငယ်မျှဖြင့်သာ ဖော်ပြထားခြင်းသည် ကျုံးရှန်အတွက် စဥ်းစားစရာ ဖြစ်နေခဲ့သည်။ ထို့အပြင် ကျုံးရှန်သည် အခြားသော ထူးခြားချက်တစ်ခုကိုလည်း သတိထားမိလိုက်သည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရှိ လူသားမျိုးနွယ်သည် လောကကြီးမှ လွတ်မြောက်နိုင်ခြင်း မရှိသေးသလို နဂါးမဲ့နှလုံးသားကျင့်စဉ် သည်လည်း ပြင်ပလောကသို့ ပြန့်နှံ့သွားခြင်း မရှိခဲ့ချေ။
အကန့်အသတ်မဲ့ကမ္ဘာကြီး၏ ရှန့်ကျိုးပြည်နယ် ၉၉ ခုသည် မူလကမ္ဘာကြီးမှ ခွဲထွက်သွားခဲ့ပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် ဟူသော မဟာကမ္ဘာကြီးအတွင်းသို့ ကျရောက်လာခဲ့ခြင်း ဖြစ်သည်။ ထိုအချက်သည် လွန်စွာမှ ပုံမှန်မဟုတ်သော ကိစ္စရပ်တစ်ခု ဖြစ်သဖြင့် ထိုအချိန်ကာလကတွင် ကမ္ဘာကြီးကို တုန်လှုပ်သွားစေမည့် ကြီးမားသော ဖြစ်ရပ်တစ်ခုခု ဖြစ်ပွားခဲ့မည်မှာ သေချာလှသည်။ ထိုလျှို့ဝှက်ချက်များကို ရှာဖွေဖော်ထုတ်ရန်သည် ကျုံးရှန်အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့၏။
နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံသည် ငရဲမဟာကမ္ဘာအတွင်းရှိ ငရဲသတ္တဝါများအတွက်မူ ကြောက်ရွံ့ခြင်း၏ ပြယုဂ်တစ်ခုသာ ဖြစ်ပြီး ငရဲပြည်ရှိ အင်အားစုအချို့သည် နဂါးမဲ့နတ်ဘုရားဘုရင်ကို သူတို့၏ ကိုးကွယ်ရာအရှင်အဖြစ် သတ်မှတ်ထားကြလေသည်။ တစ်ဦးတည်းသော စွမ်းအားဖြင့် ငရဲမဟာကမ္ဘာတစ်ခုလုံးကို နှိမ်နင်းနိုင်ခဲ့ခြင်းသည် မဟာကမ္ဘာကြီးတစ်ခုလုံးကို လက်သီးတစ်ချက်ဖြင့် ရိုက်ခွဲဖျက်ဆီးပစ်ခြင်းထက်ပင် ပိုမိုခက်ခဲလှသည်။ ကမ္ဘာကြီးကို ဖျက်ဆီးခြင်းသည် ရိုးရှင်းသော အကြမ်းဖက်မှုသာ ဖြစ်သော်လည်း ကမ္ဘာကြီး၏ အနှစ်သာရကို ထိန်းချုပ်ကာ စည်းစနစ်တကျ နှိမ်နင်းခြင်းသည် စေ့စပ်သေချာစွာ လုပ်ဆောင်ရသော အနုပညာတစ်ခုကဲ့သို့ပင် ဖြစ်သည်။
ကျုံးရှန်သည် သူတော်စင်အဆင့်သို့ ရောက်ရှိသွားပြီးနောက်တွင် အမှန်တရားတစ်ခုကို ပိုမို ထင်ရှားစွာနားလည်လာသည်။ ထိုသည်မှာ လောကတွင် ဖျက်ဆီး၍ မရသော အရာဟူ၍ မရှိချေ။ မဟာကမ္ဘာကြီးပင် ဖြစ်သော်ငြားလည်း တစ်စုံတစ်ဦး၏ စွမ်းအင်သည် ထိုမဟာကမ္ဘာ၏ စုစုပေါင်းစွမ်းအင်ထက် ကျော်လွန်သွားပါက လက်သီးတစ်ချက်တည်းဖြင့် ရိုက်ခွဲပစ်နိုင်စွမ်း ရှိပေသည်။
ယခုအခါ ကျုံးရှန်၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားပမာဏသည် နတ်ဘုရားအဆင့် ၁ ပြောင်းလဲခြင်း ကျွမ်းကျင်သူ သန်းပေါင်းများစွာ၏ စွမ်းအားကို ပေါင်းစပ်ထားသည်နှင့် ညီမျှနေပြီ ဖြစ်သည်။ သူသာ သူတော်စင်ဘုံကို အောင်မြင်စွာ တည်ဆောက်နိုင်ပြီး ထိုဘုံကို အလယ်အလတ်ကမ္ဘာအဆင့်အထိ မြှင့်တင်နိုင်မည်ဆိုပါက မဟာကမ္ဘာကြီးကိုပင် လှုပ်ခါသွားစေနိုင်သည့် စွမ်းအားမျိုးကို ရရှိလာ ပေလိမ့်မည်။ နှစ်ပေါင်း တစ်သန်းတိုင်တိုင် ချည်နှောင်ထားသော ကျိန်စာများကို ချိုးဖျက်နိုင်ခဲ့ပြီးနောက်တွင် ကျုံးရှန်သည် ချောက်နက်အတွင်းမှ ထွက်ပေါ်လာသော နဂါးတစ်ကောင်ကဲ့သို့ ကောင်းကင်ယံသို့ ပျံတက်သွားပြီဖြစ်ကာ မည်သူမျှ တားဆီးနိုင်စွမ်း မရှိတော့ချေ။
ကျုံးရှန်တစ်ယောက် တစ်စုံတစ်ခုကို အလေးအနက် စဉ်းစားနေသည်ကို တွေ့ရသောအခါ ဘေးနားရှိ တက်လှမ်းခြင်းအဘိုးအိုသည် မည်သို့မျှ နှောင့်ယှက်ခြင်း မပြုဝံ့ပေ။ သူသည် ကျုံ့ကျုံ့လေးဖြင့် ဘေးတစ်နေရာတွင် ရပ်နေကာ အစေခံငယ်လေးတစ်ဦးကဲ့သို့ ပြုမူနေ၏။ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ ဝိညာဉ်စောင့်ရှောက်သူ ဖြစ်သော်လည်း သူသည် ထိုမျှလောက်အထိ သတိထားကာ မည်သူ့ကိုမျှ မဆက်ဆံခဲ့ဖူးချေ။
တက်လှမ်းခြင်းအဘိုးအိုသည် မျှော်စင်၏ စွမ်းအားအများစုကို ထိန်းချုပ်နိုင်စွမ်း ရှိသလို သူကိုယ်တိုင်၏ ကျင့်ကြံခြင်း အဆင့်အတန်းသည်လည်း အလွန်ပင် နက်ရှိုင်းလှသည်။ ကျုံးရှန်သည် ထိုအဘိုးအို၏ ခန္ဓာကိုယ်အတွင်း၌ မဟာကမ္ဘာကြီးတစ်ခုလုံး၏ စွမ်းအားများ ပြင်းထန်စွာ စီးဆင်းနေသည်ကို အာရုံခံမိနေသည်။ ထိုသည်မှာ ထျန်းယွမ်အဆင့်သို့ ရောက်ရှိနေသူတို့၏ ထူးခြားသော လက္ခဏာပင် ဖြစ်သည်။
နတ်ဘုရားနယ်ပယ် အဆင့် ၃ ၏ အထက်တွင် လွတ်မြောက်ခြင်း (ကောင်းကင်အရှင်သခင်) အဆင့် ရှိကာ ထိုအဆင့်၏ အထက်တွင် ထာဝရအရှင်အဆင့် ရှိသည်။ ထာဝရအရှင်အဆင့်သို့ ရောက်ရှိသူများသည် သက်တမ်း အကန့်အသတ်မရှိသည့် မသေမျိုးဖြစ်တည်မှုများပင်ဖြစ်သည်။ ထာဝရအရှင် အဆင့်၏ အောက်တွင် ရှိနေသူများသည် သက်တမ်း ရှည်လျားကြသော်လည်း အကန့်အသတ်တစ်ခုတော့ ရှိနေသေးသည်။
ဥပမာအားဖြင့် ငရဲပြည်မှ ယမမင်း ကဲ့သို့သော နတ်ဘုရားအဆင့် ၃ အထွတ်အထိပ် ကျွမ်းကျင်သူကြီးများသည် နှစ်ပေါင်း သန်းတစ်ရာခန့်အထိသာ အသက်ရှင်နိုင်ကြသည်။ ကမ္ဘာဦးခေတ်မှ ယခုအချိန်အထိ နှစ်ပေါင်း သန်းကိုးဆယ်ခန့် ကုန်လွန်ခဲ့ပြီ ဖြစ်သည်။ ထိုသူတို့သည် ကောင်းကင်အရှင်သခင် အဆင့်သို့ ထပ်မံ မတက်လှမ်းနိုင်ပါက နောက်ထပ် နှစ်ဆယ်သန်းခန့်အကြာတွင် သက်တမ်းကုန်ဆုံးကာ သေဆုံးကြရပေလိမ့်မည်။
ထာဝရအရှင် အဆင့်၏ အထက်တွင် ဒဏ္ဍာရီလာထျန်းယွမ် အဆင့် ရှိသည်။ ထိုအဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံနိုင်သူသည် ကမ္ဘာကြီးနှစ်ခုလုံး၏ မှတ်တမ်းများတွင်ပင် မရှိသလောက် ရှားပါး၏။ ထိုအဆင့်သို့ ရောက်ရှိသွားပါက မဟာကမ္ဘာကြီးတစ်ခုလုံး၏ စွမ်းအားများကို စိတ်ကြိုက် ထိန်းချုပ်နိုင်စွမ်း ရှိသွားမည် ဖြစ်သည်။
ထျန်းယွမ် အဆင့်၏ အထက်တွင်လည်း ထျန်းကျယ် ဟူသော အဆင့် ရှိသေးသည်ဟု ဆိုကြသည်။ ထိုအဆင့်သို့ ရောက်ရှိရန်အတွက် မသေမျိုးစွမ်းအားများကို ကျင့်ကြံရန် လိုအပ်ပြီး မိမိ၏ သူတော်စင်ဘုံအတွင်း၌ နေ၊ လ၊ ကြယ်တာရာများနှင့် ရှန့်ကျိုးကုန်းမြေတိုက် ကဲ့သို့သော နယ်မြေများကိုပါ ဖန်တီးနိုင်ရမည် ဖြစ်သည်။ ထိုအဆင့်သို့ ရောက်ရှိသူကို လောကကြီးတစ်ခုလုံး၏ အရှင်သခင် သို့မဟုတ် ဘိုးဘေး ဟုပင် ခေါ်ဆိုနိုင်ပေသည်။
ထို့ကြောင့်ပင် တက်လှမ်းခြင်းအဘိုးအို၏ ကျင့်ကြံခြင်းသည် လောကကြီးကို တုန်လှုပ်စေနိုင်သည့် အဆင့်တွင် ရှိနေသည်မှာ အမှန်ပင် ဖြစ်၏။ သို့သော်လည်း ထိုမျှ သန်မာလှသော အဘိုးအိုသည် ကျုံးရှန်၏ ရှေ့တွင် လွန်စွာ ယဉ်ကျေးပျူငှာနေခြင်းသည် ကျုံးရှန်၏ ခန္ဓာကိုယ်အတွင်း၌ သူ့ကို ခြိမ်းခြောက်နိုင်သော စွမ်းအားတစ်ခုခု ရှိနေသည်ကို သိရှိနေသောကြောင့်သာ ဖြစ်ပေလိမ့်မည်။
ကျုံးရှန်သည် ခေတ္တမျှ စဉ်းစားပြီးနောက် သတိပြန်ဝင်လာကာ တက်လှမ်းခြင်းအဘိုးအိုကို စိတ်ဝင်တစား ကြည့်လိုက်သည်။
"ထျန်းယွမ် အဆင့်မှာ ရှိနေတဲ့ စီနီယာက ကျုပ်ကိုဘာကြောင့် ဒီလို ပုံစံမျိုးနဲ့ ဆက်ဆံနေရတာလဲ..."
"ပြီးတော့ စီနီယာက ကျုပ်ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့တာက ဘာကိစ္စကြောင့်လဲ ဆိုတာ သိပါရစေ"
ကျုံးရှန်သည် ပြုံးလျက်ပင် တစ်ဖက်လူကို စီနီယာဟု ခေါ်ဆိုလိုက်သော်လည်း သူ၏ သတိကိုမူ လျှော့ချထားခြင်း မရှိချေ။
တက်လှမ်းခြင်းအဘိုးအို၏ မျက်နှာတွင် အပြုံးများ ပိုမို ဝေဆာလာသည်။
"ကျွမ်းကျင်သူကြီးက တကယ်ကို ဉာဏ်ပညာ ကြီးမားသူပါပဲ..."
"အမှန်တော့ ကျုပ်..ကျွမ်းကျင်သူကြီးကို စောင့်ကြည့်နေရတာက ကျွမ်းကျင်သူကြီးဟာ မျှော်စင်ရဲ့ ထိပ်ဆုံးကို တက်လှမ်းနိုင်မယ့် တစ်ဦးတည်းသော မျှော်လင့်ချက် ဖြစ်နေလို့ပါပဲ"
"မျှော်စင်ရဲ့ ထိပ်ဆုံးကို အောင်မြင်စွာ တက်လှမ်းနိုင်တဲ့သူဟာ မျှော်စင်ကို ထိန်းချုပ်နိုင်စွမ်းနှင့် အခွင့်အာဏာ အချို့ ရမှာ ဖြစ်တယ်... ကျုပ်မှာ တောင်းဆိုချက် တစ်ခုပဲ ရှိပါတယ်..."
"အကယ်လို့ ကျွမ်းကျင်သူကြီးသာ ထိပ်ဆုံးကို ရောက်သွားမယ်ဆိုရင် ကျုပ် လက်ဝယ်ပိုင်ဆိုင်ထားတဲ့ မျှော်စင်ရဲ့ အခွင့်အာဏာတွေကို ကျွမ်းကျင်သူကြီးဆီကို လွှဲပြောင်းပေးဖို့ ဆန္ဒရှိပါတယ်"
ကျုံးရှန်သည် ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားသည်။
"မျှော်စင်ရဲ့ အခွင့်အာဏာ ဆိုတာ အလွန်ကြီးမားတဲ့ အရာပဲ... ဒီမျှော်စင်ရဲ့ စွမ်းအားက ဒဏ္ဍာရီလာ ကောင်းကင်ဘုံအရှင် အဆင့်မှာ ရှိနေတာ မဟုတ်လား... စီနီယာကြီးက ဘာကြောင့် ဒီလောက် အဖိုးတန်တဲ့ အရာကို အလွယ်တကူ စွန့်လွှတ်ချင်နေရတာလဲ"
တက်လှမ်းခြင်းအဘိုးအိုသည် ခါးသီးစွာ ပြုံးလိုက်ရင်း သက်ပြင်းချလိုက်သည်။
"ကျွမ်းကျင်သူကြီး မသိသေးတဲ့ အချက်တွေ ရှိပါသေးတယ်..."
"ကျုပ်က ဒီမျှော်စင်နဲ့အတူ မွေးဖွားလာခဲ့တဲ့ ဝိညာဉ်ဖြစ်ပေမဲ့ အခွင့်အာဏာ အချို့ကိုပဲ ရရှိထားတာပါ... အဲဒီ အခွင့်အာဏာတွေကြောင့်ပဲ ကျုပ်က ဒီမျှော်စင်ကနေ ခြေတစ်လှမ်းတောင် အပြင်ကို ထွက်ခွင့်မရှိသလို မျှော်စင်ရဲ့ လှုပ်ရှားမှုတွေကိုလည်း အပြည့်အဝ မထိန်းချုပ်နိုင်ပါဘူး"
"ဒီအနှောင်အဖွဲ့တွေကနေ ရုန်းထွက်ဖို့ဆိုရင် ကျွမ်းကျင်သူကြီးက မျှော်စင်ထိပ်ကို တက်လှမ်းပြီး မျှော်စင်ရဲ့ အနှစ်သာရကို နားလည်သဘောပေါက်သွားမှသာ ကျုပ်ဆီက အခွင့်အာဏာတွေကို လွှဲပြောင်းယူလို့ ရမှာ ဖြစ်ပါတယ်..."
"မျှော်စင်ရဲ့ အရှင်သခင်ဆိုတာ ထိပ်ဆုံးကို ရောက်ရှိတဲ့သူပဲ ဖြစ်ရမယ်လို့ ကမ္ဘာဦးကတည်းက သတ်မှတ်ထားတာပါ... ဒါကြောင့် ဒီအခွင့်အာဏာတွေက ကျုပ်အတွက်တော့ ဝန်ထုပ်ဝန်ပိုးတစ်ခုလိုပါပဲ "
"ကျုပ် လိုချင်တာက လွတ်လပ်ခွင့် တစ်ခုတည်းပါ..."
"ဒီမျှော်စင်ထဲမှာပဲ နှစ်ပေါင်း များစွာကို ကုန်လွန်ခဲ့ရတာ ကျုပ် တကယ်ကို ငြီးငွေ့နေပါပြီ"
အဘိုးအို၏ လေသံသည် အလွန်ပင် လေးနက်နေသဖြင့် အမှန်တကယ်ပင် ရိုးသားသော ဆန္ဒဟု ထင်မှတ်စရာရှိသည်။
ထိုစကားကြားလျှင် ကျုံးရှန်သည် ခေါင်းညိတ်လိုက်၏။ သို့သော်လည်း သူသည် ချက်ချင်း လက်မခံသေးဘဲ အေးဆေးစွာပင် ပြန်ပြောလိုက်သည်။
"ဒီကိစ္စက အလျင်လိုစရာ မရှိပါဘူး... ကျုပ် ထိပ်ဆုံးကို ရောက်နိုင်မလား ဆိုတာတောင် မသေချာသေးတာပဲ..."
"အကယ်လို့ ကျုပ်သာ တကယ် ရောက်သွားခဲ့ရင် စီနီယာကြီး ကျုပ်ကို ပြန်လာရှာတာ နောက်မကျသေးပါဘူး"
"ကဲ... စီနီယာကြီး... အချိန်က တန်ဖိုးရှိတာမို့ ကျုပ် ဒီမှာ အကြာကြီး မနေတော့ပါဘူး"
ကျုံးရှန်သည် အပြုံးနှင့် နှုတ်ဆက်လိုက်သည်။
ထို့နောက် သူသည် စတုတ္ထမြောက် အထပ်တစ်ထောင် ကမ္ဘာငယ်အတွင်းတွင် ပေါ်လာလေသည်။ သူတော်စင်အဆင့်သို့ ရောက်ရှိသွားပြီးနောက်တွင် မျှော်စင်၏ စည်းကမ်းများသည် သူ့ကို လုံးဝ မတားဆီးနိုင်တော့ချေ။ ယခုအခါ ကျုံးရှန်သည် အတွေးတစ်ချက်ဖြင့်ပင် ထိုကမ္ဘာငယ်များအတွင်း လျင်မြန်စွာ ရွှေ့လျားနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
သူ၏ လက်ရှိ အစွမ်းအစများဖြင့်ဆိုလျှင် ပုံမှန်အတိုင်း တက်လှမ်းခြင်းသည် အလွန် လွယ်ကူလှပေသည်။ ထို့အပြင် ကျုံးရှန်သည် သူ၏ လက်ရှိ ခန္ဓာကိုယ်ဖြင့် တက်လှမ်းပါက မျှော်စင်၏ စွမ်းအားအမှုန်အမွှားများသည် သူ့ကို မည်သို့သော အထောက်အပံ့များ ထပ်မံ ပေးဦးမည်ကိုလည်း စမ်းသပ်လိုနေသေးသည်။
သူသည် မီးတောင်အတွင်းမှ ထွက်ခွာကာ အထက်အလွှာများသို့ ဦးတည်ထားသော နေရာကူးပြောင်းတံခါးအတွင်းသို့ ဝင်ရောက်လိုက်သည်။
ကျုံးရှန် ထွက်ခွာသွားပြီးနောက် မီးတောင်အတွင်း၌ ကျန်ရစ်ခဲ့သော တက်လှမ်းခြင်းအဘိုးအို၏ မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။
"ကောင်းကင်တာအိုခန္ဓာကိုယ် လား..."
"ကောင်းတယ်... အရမ်းကောင်းတာပဲ... မြန်မြန်လေး တက်လာခဲ့စမ်းပါ... ငါ တကယ်ကို မစောင့်နိုင်တော့ဘူး... ဟဲဟဲ"
အဘိုးအိုသည် ထူးဆန်းစွာ ရယ်မောလိုက်ပြီးနောက် အဖြူရောင် လေပွေတစ်ခုအဖြစ် ပြောင်းလဲကာ ဟင်းလင်းပြင်အတွင်းသို့ ပျောက်ကွယ်သွားလေတော့သည်။
လှေကားထစ်များပေါ်တွင် ကျုံးရှန်သည် လေးထောင်ကျော်သော အဆင့်များသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ မျက်နှာသည် တည်ငြိမ်နေသော်လည်း စိတ်အတွင်း၌ အေးစက်စွာ လှောင်ပြုံးပြုံးနေခဲ့သည်။
'အဲဒီ တက်လှမ်းခြင်းအဘိုးအိုက လုံးဝကို စိတ်ရင်းမကောင်းတဲ့သူပဲ...'
'သူ့မှာ ငါ့အပေါ် တစ်ခုခု ကြံစည်ထားတာ သေချာတယ်... သူပြောသလို လွတ်လပ်ခွင့်အတွက် အခွင့်အာဏာတွေ လွှဲပေးမယ်ဆိုတာက ယုံရခက်ခက်ပဲ'
ထိုအဘိုးအိုသည် မျှော်စင်နှင့် အတူတကွ မွေးဖွားလာသူ ဖြစ်သဖြင့် မျှော်စင်၏ အနှစ်သာရနှင့် တစ်သားတည်း ဖြစ်နေသူ ဖြစ်သည်။ သို့သော် မျှော်စင်၏ အဓိက အခွင့်အာဏာသည် တက်လှမ်းသူ တစ်ဦးထံသို့သာ ရောက်ရှိရမည် ဖြစ်သဖြင့် ထိုအဘိုးအိုသည် ပရိယာယ် သုံးနေခြင်း ဖြစ်ပေလိမ့်မည်။ အကယ်၍ ကျုံးရှန်သာ မသိဘဲ ထိုသူ၏ အခွင့်အာဏာကို လွှဲပြောင်းယူမည်ဆိုပါက ထိုအချိန်တွင် ထိုအဘိုးအိုသည် ကျုံးရှန်ကို ဝါးမြိုကာ မျှော်စင်တစ်ခုလုံးကို ပိုင်ဆိုင်သွားရန် ကြံစည်ထားခြင်းမျိုးလည်းဖြစ်နိုင်သည်။
ကျုံးရှန်သည် ထိုအချက်ကို ခန့်မှန်းထားပြီး ဖြစ်သည်။ လောကတွင် အကျိုးအမြတ်မပါဘဲ ကူညီသူဟူ၍ မရှိသလောက်ပင် ရှားပါးလှသည်။ သူသည် တစ်ချိန်တည်းတွင် အတွေးပေါင်း သန်းချီ၍ စဉ်းစားနိုင်စွမ်း ရှိသဖြင့် ထိုသူ၏ အပြောအဆိုနှင့် အမူအရာအချို့ကို ကြည့်ရုံဖြင့်ပင် အမှန်တရားကို ခန့်မှန်းနိုင်ခဲ့ခြင်း ဖြစ်သည်။
'ကောင်းကင်တာအို တံဆိပ်တော် ကမှ စိတ်ရင်းအမှန်အတိုင်း ပြောဆိုသေးတယ်...'
'အနည်းဆုံးတော့ သူက နဂါးမဲ့နတ်ဘုရားဘုရင်ကို လေးစားတာနဲ့ ငါ့ကို အထင်သေးတာက အစစ်အမှန်တွေပဲလေ'
'ကြည့်ရတာသူက နဂါးမဲ့နတ်ဘုရားဘုရင်ရဲ့အမွေခံကိုရှာဖို့ရှိနေတဲ့ပုံပဲ'
ကျုံးရှန်သည် ငရဲပြည်မှ ချောက်နက်ငရဲအရှင်သခင်ကို ထပ်မံစဉ်းစားမိလိုက်ပြန်သည်။ ထိုသူသည် တံဆိပ်တော်များ ရှိသည့်နေရာကို သိနေခဲ့သလို ကျုံးရှန်အပေါ်၌လည်း တစ်စုံတစ်ရာသော အစီအစဉ်များ ချမှတ်ထားပုံရသည်။ ချောက်နက်ငရဲဘုံနှလုံးသားကျင့်စဉ် ကို ပေးကာ ကျုံးရှန်နှင့် ပူးပေါင်းရန် ကြိုးစားခဲ့ခြင်းသည်လည်း အကြောင်းမဲ့ မဟုတ်နိုင်ချေ။
ကျုံးရှန်သည် ထိုအချက်များကို ရင်ထဲတွင်သာ သိမ်းဆည်းလိုက်ပြီး ခြေလှမ်းများကို ရပ်တန့်ခြင်းမရှိဘဲ ဆက်လက် တက်လှမ်းနေခဲ့သည်။ မျှော်စင်မှ စွမ်းအားအမှုန်အမွှားများသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်နေကြသော်လည်း သူ၏ ခန္ဓာကိုယ်သည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် ထပ်မံ၍ သန်မာလာခြင်းမရှိတော့ပေ။ မကြာမီပင် ကျုံးရှန်သည် လှေကားထစ် ငါးထောင်ကျော်အထိ ရောက်ရှိသွားခဲ့သည်။
သူ၏ အတွင်းမှ ဝိညာဉ်စွမ်းအင်အရည်အသွေးသည် မြူမှုန် အဆင့်မှ ကျောက်စိုင်အဆင့် ၏ ဆဋ္ဌမမြောက် အဆင့်သို့ မြင့်တက်သွားခဲ့သည်။ ဝိညာဉ်စွမ်းအားများ၏ အရည်အသွေး တိုးတက်လာသဖြင့် သူ၏ သူတော်စင်စွမ်းအားများသည်လည်း ပိုမို အစွမ်းထက်လာလေသည်။ သူ၏ ဝိညာဉ်အဆင့်မှာလည်း တိုးတက်လာသော်လည်း ဘုရင်အဆင့် သို့ ရောက်ရှိရန်မူ အလှမ်းဝေးနေသေးသည်။
ဝိညာဉ်၏ အရည်အသွေးများတွင် သေမျိုးအဆင့်၊ စစ်ဗိုလ်အဆင့်၊ တပ်မှူးအဆင့်၊ စစ်သူကြီးအဆင့်၊ ဘုရင်အဆင့်၊ ဧကရာဇ်အဆင့်၊ မဟာဧကရာဇ်အဆင့် နှင့် ကောင်းကင်တာအိုအဆင့် ဟူ၍ ရှိပြီး ကျုံးရှန်သည် စစ်သူကြီးအဆင့်၌သာ ရှိနေသေးသည်။
အကယ်၍ သူ၏ ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် ဝိညာဉ်စွမ်းအား သုံးခုစလုံးကို ကောင်းကင်တာအိုအဆင့်သို့ ပို့ဆောင်နိုင်မည်ဆိုပါက သူသည် လုံးဝ ပြီးပြည့်စုံသော ကောင်းကင်တာအို၏ ကိုယ်ပွားတစ်ခု ဖြစ်လာပေလိမ့်မည်။ သို့သော် ဝိညာဉ်နှင့် ဝိညာဉ်စွမ်းအားအရည်အသွေးကို မြှင့်တင်ခြင်းသည် ခန္ဓာကိုယ်မြင့်တင်ရသည်ထက်ပင် ပိုမို ခက်ခဲလှသည်။
ကျုံးရှန်သည် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ကူးပြောင်းခြင်းတံခါးအတွင်းသို့ ဝင်ရောက်ကာ ပဉ္စမမြောက် အထပ်တစ်ထောင် ကမ္ဘာငယ်အတွင်းသို့ လှမ်းဝင်လိုက်သည်။
အထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာများတွင် ရှိနေမည့် ရတနာများနှင့် အခွင့်အရေးများကို ကျုံးရှန်အနေဖြင့် လုံးဝ လက်လွတ်မည် မဟုတ်ချေ။