အခန်း (၃၂၇-၃၂၈)
Vol. 33 Ch. 327-328
အပိုင်း (၃၂၇) part-1
ပတ်ဝန်းကျင်မြင်ကွင်းများ တရစပ်ပြောင်းလဲသွားပြီးနောက်တွင် ကျုံးရှန်သည် ကူးပြောင်းခြင်းတံခါးပြင်ပသို့ လှမ်းထွက်လိုက်သည်။ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်သည် ပုံမှန်မဟုတ်သော မှောင်မိုက်ခြင်းမျိုးဖြင့် ဖုံးလွှမ်းနေပြီး နေရာအနှံ့တွင်လည်း ဟင်းလင်းပြင်စွမ်းအင်အငွေ့အသက်များ ပျံ့လွင့်နေသည်။ ထိုအငွေ့အသက်များသည် အရင်းအမြစ်ကို ရှာဖွေ၍မရသော ရေကဲ့သို့ပင်ဖြစ်ပြီး လောကရှိ အရာအားလုံးသည် မည်သည့်အရာမျှမရှိသော နတ္ထိ သဘောဆောင်နေသကဲ့သို့ ခံစားရစေသည်။
ယခုအခါ ကျုံးရှန်သည် ကောင်းကင်ယံ၌ လွင့်မျောနေသည်။ သူသည် သူ၏ နတ်ဘုရားအာရုံ ကို ဒီရေလှိုင်းများကဲ့သို့ ထုတ်လွှတ်လိုက်သောအခါ မျက်တောင်တစ်ခတ်အတွင်းပင် ပဉ္စမမြောက် အထပ်တစ်ထောင်ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသွားပြီး မိမိရောက်ရှိနေသော ပတ်ဝန်းကျင်ကို နားလည်သဘောပေါက်သွားသည်။ ထိုကဲ့သို့ နတ်ဘုရားအာရုံကို အသုံးပြုနိုင်ခြင်းသည် ယခင်ကကဲ့သို့ ခန္ဓာကိုယ်သက်သက်ဖြင့်သာ စူးစမ်းရသည်ထက် အဆပေါင်းများစွာ ပိုမိုထိရောက်လှသည်။
ဤကမ္ဘာအတွင်းရှိ ရတနာများနှင့် ထူးခြားချက်များကို သူ ချက်ချင်းပင် သိရှိလိုက်ပြီ ဖြစ်သည်။
နတ္ထိကမ္ဘာ သို့ ဟင်းလင်းပြင်ကမ္ဘာ။
ပဉ္စမအထပ် တစ်ထောင်ကမ္ဘာဖြစ်သည့် နတ္ထိကမ္ဘာတွင် သိပ်သည်းထူထပ်လှသော နတ္ထိစွမ်းအားများ တည်ရှိနေပြီး ထိုစွမ်းအားသည် ဝိညာဉ်ကို လေ့ကျင့်ရန်အတွက် အကောင်းဆုံး စွမ်းအင် ဖြစ်သည်။
ကျုံးရှန် ပိုင်ဆိုင်ထားသော ဟင်းလင်းပြင် နတ်ဘုရားတံဆိပ်တော်သည်လည်း အနှီကမ္ဘာ၏ အဖိုးတန်ရတနာတစ်ခုပင် ဖြစ်၏။ အကယ်၍ ထိုတံဆိပ် သုံးခုကို စုစည်းနိုင်ပါက ဟင်းလင်းပြင်နတ်ဘုရားအမြုတေ တစ်ခုကို ရရှိမည်ဖြစ်ပြီး မိမိကိုယ်ပိုင် နတ်ဘုရားအမြုတေကို ဖန်တီးနိုင်မည်ဖြစ်သည်။ ထို့အပြင် ဝိညာဉ်၏ အရည်အသွေးကိုလည်း မြှင့်တင်ပေးနိုင်ကာ မိမိ၏ ဝိညာဉ်ကို ဟင်းလင်းပြင် ရွှေရောင်ကိုယ်ထည် အသွင်သို့ နတ္ထိ ရွှေခန္ဓာအသွင်သို့ ပြောင်းလဲစေနိုင်သည်။
ထိုအခြေအနေတွင် ဝိညာဉ်၏ ခုခံနိုင်စွမ်းသည် များစွာတိုးတက်လာမည်ဖြစ်ပြီး ခန္ဓာကိုယ်အတွင်းသို့လည်း အပြည့်အဝ ပေါင်းစည်းသွားနိုင်သဖြင့် ပုံရိပ်ယောင်တိုက်ခိုက်မှုများ၊ ဝိညာဉ်တိုက်ခိုက်မှုများနှင့် ဝိညာဉ်သိမ်းပိုက်ခြင်း နည်းလမ်းများကိုပါ ချေဖျက်နိုင်မည်ဖြစ်သည်။
ပဉ္စမအထပ် တစ်ထောင်ကမ္ဘာဖြစ်သည့်အနှီကမ္ဘာထဲ၌ နတ္ထိလျှို့ဝှက်ချက်များ ကိန်းအောင်းနေပြီး ကျုံးရှန်သည် နေရာအနှံ့ ပြန့်ကျဲနေသော ဟင်းလင်ပြင်စွမ်းအင်အပိုင်းအစများကို ရှာဖွေတွေ့ရှိထားသည်။ လုံလောက်သော အပိုင်းအစများကို ရရှိပါက ဟင်းလင်းပြင် နတ်ဘုရားတံဆိပ်တော်ကို ဖော်ဆောင်နိုင်မည်ဖြစ်ကာ ကျုံးရှန်အနေဖြင့် တံဆိပ်တစ်ခု ထပ်မံရရှိပါက နတ်ဘုရားအမြုတေကို ပိုင်ဆိုင်ရတော့မည် ဖြစ်သည်။ နတ်ဘုရားအမြုတေကို ရရှိပြီးနောက်တွင် သူ၏ ဝိညာဉ်အရည်အသွေးသည် ဘုရင်အဆင့် သို့ တိုက်ရိုက်ရောက်ရှိသွားမည်ဖြစ်ပြီး ခန္ဓာကိုယ်နှင့်လည်း ပိုမိုဟန်ချက်ညီသွားမည်ဖြစ်သည်။
ထိုအခါ သူ၏ အစွမ်းသည် အလိုအလျောက် ၂၀ ရာခိုင်နှုန်းခန့် မြင့်တက်လာပေလိမ့်မည်။
ကျုံးရှန်၏ နတ်ဘုရားအာရုံသည် ရေဒါတစ်ခုကဲ့သို့ ကမ္ဘာတစ်ခုလုံးကို ဖြတ်သန်းသွားကာ စစ်ဆေးလိုက်သည်။ ထို့နောက် ဟင်းလင်းပြင် နတ်ဘုရားတံဆိပ်တော်အပိုင်းအစများ တည်ရှိရာနေရာအားလုံးကို ပစ်မှတ်ထားလိုက်ပြီး သူ၏ ပုံရိပ်သည် လေထဲမှ ပျောက်ကွယ်သွားကာ မိုင်ပေါင်းသောင်းချီ ဝေးကွာသော ချောက်ကမ္ဘာအတွင်းသို့ ရောက်ရှိသွားတော့သည်။
ထိုချောက်ကမ္ဘာသည် နတ္ထိ အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေပြီး ထိုအငွေ့အသက်များသည် ဝိညာဉ်ကို တိုက်စားနိုင်သဖြင့် သိမ်းပိုက်ရန် မလွယ်ကူချေ။ ဝိညာဉ်ကျင့်စဉ်ကို အထူးပြုကျင့်ကြံထားသော အထွတ်အထိပ် နတ်ဘုရားအဆင့် ကျွမ်းကျင်သူများသာ အေးအေးဆေးဆေး ဝင်ရောက်နိုင်မည် ဖြစ်သည်။ သို့သော်လည်း ကျုံးရှန်သည် မိမိ၏ အစွမ်းကို ယုံကြည်မှုရှိသဖြင့် မည်သို့မျှ စိုးရိမ်ခြင်းမရှိဘဲ ချောက်အတွင်းသို့ ခုန်ဆင်းလိုက်သည်။
ချောက်အတွင်းရှိ နတ္ထိစွမ်းအားများသည် အလွန်ပင် သိပ်သည်းလှသဖြင့် အရည်စက်များအဖြစ်သို့ပင် ပြောင်းလဲနေပြီ ဖြစ်သည်။ ကျုံးရှန်၏ ဦးခေါင်းထက်တွင် ရွှေရောင်အလင်းတစ်ချက် ဖျတ်ခနဲ လက်သွားသည်။ ထို့နောက် သူနှင့်တူသည့် ရွှေရောင်ခန္ဓာကိုယ်ရှိသည့်ကိုယ်ပွားငယ်လေး ထွက်ပေါ်လာကာ သူ၏ဦးခေါင်းထက်တွင် တင်ပျဉ်ခွေ ထိုင်လိုက်လေသည်။
ယင်းသည် နတ်ဘုရားတံဆိပ်တော်နှစ်ခုဖြင့် ဖွဲ့စည်းထားသော ဟင်းလင်းပြင်ရွှေရောင်ခန္ဓာကိုယ်ပင် ဖြစ်သည်။
ထိုရွှေရောင်ကိုယ်ပွားလေးသည် ရှေးဟောင်းလင်္ကာများကို ရွတ်ဆိုနေပြီး လက်ဟန်များပြုလုပ်ကာ အစီအရင်တစ်ခုကို ထုတ်ဖော်လိုက်သည်။ ထိုအခါ သူ၏ လက်နှစ်ဖက်ကြားတွင် ဝဲဂယက်တစ်ခု ထွက်ပေါ်လာပြီး ချောက်အတွင်းရှိ နတ္ထိ စွမ်းအင်အငွေ့အသက်များကို အရူးအမူး စုပ်ယူတော့သည်။ ထိုဝဲဂယက်၏ စုပ်ယူအားသည် အလွန်ပင် ပြင်းထန်လှသဖြင့်နတ္ထိစွမ်းအင်အငွေ့အသက်များသည် ရွှေရောင်ကိုယ်ပွားလေးဆီသို့ အရှိန်အဟုန်ဖြင့်တိုးဝှေ့စီးဝင်လာကြသည်။
၁၅ မိနစ် မပြည့်မီအချိန်၌ပင် ရွှေရောင်ကိုယ်ပွားလေးသည် ချောက်အတွင်းရှိ နတ္ထိစွမ်းအင်အငွေ့အသက်များ အားလုံးကို အကုန်အစင်စုပ်ယူနိုင်လိုက်ကာ သူ၏ခန္ဓာကိုယ်ရှိ ရွှေရောင်အလင်းသည် ပိုမိုတောက်ပလာ၏။ ထိုနတ္ထိစွမ်းအင်အငွေ့အသက်များသည် ရွှေရောင်ကိုယ်ပွားလေး၏ စုပ်ယူပြောင်းလဲပေးမှုဖြင့် သန့်စင်သော ဝိညာဉ်စွမ်းအားများအဖြစ် ပြောင်းလဲသွားကာ ကျုံးရှန်၏ ဝိညာဉ်ကို အစဉ်မပြတ် အားဖြည့်ပေးနေလေသည်။
ကျုံးရှန်သည် သူ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်၏။
'တကယ်လို့ ဒီကမ္ဘာမှာရှိတဲ့ နတ္ထိစွမ်းအင် အားလုံးကိုသာ ဝါးမြိုနိုင်ရင် ငါ့ရဲ့ ဝိညာဉ်က ဘုရင်အဆင့်ကို တိုက်ရိုက်တက်သွားမှာပဲ'
ချောက်အတွင်းရှိ စွမ်းအားများ ကုန်စင်သွားသောအခါ ခဲပြာရောင် မြူထုနောက်ကွယ်တွင် ဖုံးကွယ်နေသော အရာများ ပေါ်ထွက်လာသည်။ ယင်းတို့သည် ကြီးမားသောပါးစပ်ကြီးများရှိပြီး ဦးခေါင်းသည်ဖားနှင့်တူကာ ခန္ဓာကိုယ်သည် လူနှင့်တူသော မိစ္ဆာအချို့ ဖြစ်သည်။ သူတို့သည် ကျုံးရှန်၏ ရွှေရောင်ကိုယ်ပွားလေး နတ္ထိစွမ်းအားများ ဝါးမြိုနေသည်ကို ကြည့်ကာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေကြ၏။
ယင်းတို့သည် နတ္ထိကမ္ဘာအတွင်း၌ မွေးဖွားလာကြသော မျိုးရင်း သတ္တဝါများ ဖြစ်ကြပေသည်။ ဒဏ္ဍာရီများအရ စစ်မှန်သော နတ္ထိမဟာကမ္ဘာ ဟူ၍ ရှိသည်ဟု ဆိုကြသည်။ ယခု ကောင်းကင် တက်လှမ်းခြင်းမျှော်စင်၏ ပဉ္စမမြောက် အထပ်တစ်ထောင် ကမ္ဘာငယ်အတွင်းရှိ နတ္ထိကမ္ဘာသည် အတုအယောင်မျှသာ ဖြစ်သော်လည်း သက်ရှိများဆင့်ကဲ ပြောင်းလဲမွေးဖွားလာနိုင်သောအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။
ဤကမ္ဘာ၏ သဘာဝစည်းမျဉ်းနိယာမများသည်အတိုင်းအတာတစ်ခုအထိ ပြည့်စုံနေလေသည်။
ထိုဖားမိစ္ဆာများသည် ကျုံးရှန်ကို ကြည့်ကာ မည်သို့မျှ မလှုပ်ရှားဝံ့ကြပေ။ ရန်သူသည် နတ္ထိ စွမ်းအားကိုပင် ဝါးမြိုနိုင်သည်ကို မြင် တွေ့လိုက်ရသဖြင့် သူတို့သည် အံ့အားသင့် ကြောက်ရွံ့နေကြသည်။ ဖားမိစ္ဆာများသည် ကျုံးရှန်ကို မထိဝံ့သော်လည်း ကျုံးရှန်ကမူ သူတို့ကို လွှတ်ပေးရန် ဆန္ဒမရှိချေ။
သူသည် လက်ကို ဆန့်ထုတ်ကာ လေထဲသို့ဆွဲယူလိုက်လျှင် ဖားမိစ္ဆာများသည် သူ၏ လက်ဝါးအတွင်းသို့ ရောက်ရှိလာကြသည်။ ထို့နောက် သူ၏နတ်ဘုရားအာရုံကို အပ်ချွန်များအသွင် ပြောင်းလဲကာ ဖားမိစ္ဆာများ၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးစိုက်လိုက်ပြီး ယင်းတို့၏ ခန္ဓာကိုယ်တည်ဆောက်ပုံ၊ မွေးဖွားပုံနှင့် နတ္ထိစွမ်းအား မည်မျှ စုပ်ယူထားသည်တို့ကိုအကုန်အစင် စစ်ဆေးလိုက်သည်။ ဝိညာဉ်စွမ်းအားနှင့် နတ်ဘုရားအာရုံကို အသုံးပြုနိုင်ခြင်းသည် အရာအားလုံးကို များစွာ လွယ်ကူသွားစေသည်မှာ အမှန်ပင် ဖြစ်၏။
အကယ်၍ ယခင်ကကဲ့သို့ မျှော်စင်၏ စည်းမျဉ်းနိယာမများအောက်တွင်သာ ရှိနေမည်ဆိုပါက အနှီချောက်အတွင်းသို့ ရောက်ရှိရန်ပင် အချိန်များစွာ ပေးရမည် ဖြစ်ကာ ရွှေရောင်ကိုယ်ပွားလေးကိုလည်း ခန္ဓာကိုယ်ပြင်ပသို့ ထုတ်နိုင်မည် မဟုတ်ချေ။
ကျုံးရှန်သည် ထိုဖားမိစ္ဆာများကို ဘေးသို့ ပြန်လည် ပစ်ချလိုက်သည်။ သူတို့သည် ထူးခြားမှုမရှိဘဲနတ္ထိစွမ်းအားများဖြင့်သာ ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ထိုဖားမိစ္ဆာတို့ကို ဝါးမြိုခြင်းထက် နတ္ထိစွမ်းအင်အငွေ့အသက်များကို တိုက်ရိုက်ဝါးမြိုခြင်းသည် ပိုမိုအကျိုးရှိသည်။
ထို့အပြင်ဖားမိစ္ဆာများသည် အလွန် ရုပ်ဆိုးလှပေသည်။ ဖားမိစ္ဆာများသည် ကျုံးရှန်တစ်ယောက် သူတို့ကို မသတ်ဘဲ လွှတ်ပေးလိုက်သည်ကို မြင်သောအခါ ကျေးဇူးတင်စွာဖြင့် ဦးညွှတ်အရို အသေပြုပြီးနောက် အလျင်အမြန်ပင် ထွက်ပြေးသွားကြလေတော့သည်။
ကျုံးရှန်သည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် ချောက်၏ အနက်ရှိုင်းဆုံးနေရာသို့ ဦးတည်လျှောက်လှမ်းသွားလေသည်။ ထိုနေရာရှိ ကျောက်တောင်နံရံတွင် ရွှေရောင်တောက်ပနေသော အပိုင်းအစလေးတစ်ခု ကပ်ငြိနေသည်။ ယင်းသည် သူရှာဖွေနေသည့် ဟင်းလင်းပြင်နတ် ဘုရားတံဆိပ်တော်၏အပိုင်းအစ ပင် ဖြစ်သည်။
အပိုင်းအစ ၁၀ ခုပြည့်ပါက နတ်ဘုရားတံဆိပ် တော်တစ်ခုရမည်ဖြစ်ပြီး တံဆိပ်တော် ၃ ခုရလျှင် နတ်ဘုရားအမြုတေ တစ်ခုရမည်ဖြစ်သည်။ ယခု ကျုံးရှန်၏ အာရုံခံနိုင်စွမ်းအတွင်း၌ ပဉ္စမအထပ်တစ်ထောင်ကမ္ဘာတစ်ခုလုံးတွင် ထိုကဲ့သို့အပိုင်းအစပေါင်း ရာကျော် ပြန့်ကျဲနေသည်။ ယင်းတို့ကိုပေါင်းစည်းလိုက်ပါက နတ်ဘုရားတံဆိပ် ၁၀ ခု သို့မဟုတ် နတ်ဘုရားအမြုတေ ၃ ခုမှ ၄ ခုအထိ ဖော်ဆောင်ရန် လုံလောက်လှသည်။
ယင်းသည် သူကိုယ်တိုင်အတွက်သာမက သူ၏ နောက်လိုက်များဖြစ်သော ကျုံးကျဲ သို့မဟုတ် ကျုံးထျန်းယွဲ့ တို့အတွက်ပါ အသုံးဝင်လာနိုင်ပေလိမ့်မည်။
ကျုံးရှန်၏ ပုံရိပ်သည် ပဉ္မအထပ်တစ်ထောင်တစ်ကမ္ဘာလုံး၌ တစ္ဆေတစ်ကောင်ကဲ့သို့ ကူးလူးပျံသန်းနေကာ ရတနာများကို တစ်ခုမကျန် လိုက်လံသိမ်းဆည်းနေသည်။ နာရီဝက်ခန့် ကြာပြီးနောက်တွင် အပိုင်းအစအားလုံးကို စုဆောင်းမိသွား၏။ သူသည် နတ်ဘုရားတံဆိပ်တော်တစ်ခုကို ဖော်ဆောင်လိုက်ပြီး သူ၏ ဝိညာဉ်အတွင်းသို့ ပေါင်းထည့်လိုက်သည်။
ဟင်းလင်းပြင် နတ်ဘုရားတံဆိပ်တော် သုံးခု ပြည့်စုံသွားလေသည်။ ရွှေရောင်ကိုယ်ပွားလေးသည် စတင်အရည်ပျော်လာပြီး လုံးဝန်းသော ဟင်းလင်းပြင် နတ်ဘုရားအမြုတေ အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအမြုတေသည် လည်ပတ်နေရင်းဖြင့် ထူးခြားသော အလင်းတန်းများကို ထုတ်လွှတ်နေ၏။ ကျုံးရှန်သာ နတ်ဘုရားအဆင့်သို့ တက်လှမ်းသွားပါက ထိုအမြုတေသည် သူ၏ ထူးခြားချက်များနှင့်အညီ သက်ဆိုင်ရာဂုဏ်သတ္တိစွမ်းအင်အချို့ပါဝင်သည့် နတ်ဘုရားအမြုတေအဖြစ်ပြောင်းလဲသွားမည် ဖြစ်သည်။
နတ်ဘုရားအမြုတေသည် ရွှေရောင်ကိုယ်ပွားလေးအဖြစ် ပြန်လည်ပြောင်းလဲသွားပြန်သည်။ သို့သော်လည်း ကိုယ်ပွား၏အရွယ်အစားသည်ယခင်ကထက် ပိုမိုကြီးမားလာပြီး ကိုယ်ပေါ်တွင် ချပ်ဝတ်တန်ဆာတစ်ခု ပေါ်ထွက်လာသည်။ ထိုချပ်ဝတ်သည် ထူးခြားသော နိမိတ်တစ်ခုကဲ့သို့ပင် ဖြစ်၏။
ဝမ်းနည်းစရာကောင်းသည်မှာ ထိုချပ်ဝတ်သည် အပြည့်အဝပုံစံမပေါ်သေးဘဲ အကြမ်းဖျင်းသာ မြင်နေရခြင်း ဖြစ်သည်။ အကယ်၍ ယင်းသည် အပြည့်အဝ ပေါ်ထွက်လာပါက ကျုံးရှန်အနေဖြင့် ထိုပုံစံအတိုင်း အစွမ်းထက်လှသော ချပ်ဝတ်တစ်ခု ဖန်တီးနိုင်ပေလိမ့်မည်။ သူ၏ ဝိညာဉ် ဧကရာဇ်အဆင့် သို့ ရောက်ရှိမှသာ ထိုရွှေရောင်ကိုယ်ပွားလေးသည် ပိုမိုသန်မာလာမည်ဖြစ်ကာ ချပ်ဝတ်သည်လည်းအပြည့်အစုံပေါ်လာမည်ဟု ယူဆရလေသည်။
ယခုအခါ သူ၏ ပစ်မှတ်သည် နတ္ထိကမ္ဘာ၏ အလယ်ဗဟို ဖြစ်သည်။ ထိုနေရာတွင် ထူးခြားသော တည်ရှိမှုတစ်ခု ရှိနေပြီး ယင်းသည် ဟင်းလင်းပြင် နတ်ဘုရားတံဆိပ်တော်ထက်ပင် မြင့်မားသော ဟင်းလင်းပြင်ခေါင်းလောင်း သို့မဟုတ် ဟင်းလင်းပြင်ဒယ်စောက်ကဲ့သို့သော ရတနာတစ်ခု ဖြစ်နိုင်ပေသည်။ ကျုံးရှန်သည် ဟင်းလင်းပြင်နတ်ဘုရားတံဆိပ်တော် အပိုင်းအစများကို သိမ်းဆည်းနေချိန်တွင် သူ၏ ရွှေရောင်ကိုယ်ပွားသည်လည်း နတ္ထိစွမ်းအင်အငွေ့အသက်အမြောက်အမြားကို ဆက်လက်ဝါးမြိုနေသည်။
နတ်ဘုရားအမြုတေ၏ အစွမ်းကြောင့် သူ၏ ဝိညာဉ်အရည်အသွေးသည် ဘုရင်အဆင့်သို့ ရောက်ရှိသွားကာ ခန္ဓာကိုယ်နှင့်လည်း ပိုမိုပေါင်းစည်းနိုင်သွားသဖြင့် သူ၏ စွမ်းအားသည် ၂၀ ရာခိုင်နှုန်းခန့် မြင့်တက်လာလေသည်။ အကယ်၍ ဝိညာဉ်ကို ကောင်းကင်တာအိုဝိညာဉ် အဆင့်အထိ မြှင့်တင်နိုင်ပါက ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် တစ်သားတည်း ဖြစ်သွားပေလိမ့်မည်။ သို့သော်လည်း ထိုအဆင့်သို့ ရောက်ရှိရန် အလှမ်းဝေးနေသေးသဖြင့် ကံတရားနှင့် အခွင့်အရေးများကိုသာ စောင့်ဆိုင်းရပေဦးမည်။
ဘုရင်အဆင့်ရှိ ဝိညာဉ်အရည်အသွေးသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်တွင်ပင် အလွန်ရှားပါး၏။ ကောင်းကင်တာအိုအဆင့်ဝိညဥ်ဆိုလျှင် ဒဏ္ဍာရီထဲမှ အကန့်အသတ်မဲ့ကမ္ဘာ၌ပင် မှတ်တမ်းတင်ထားခြင်း မရှိချေ။ နဂါးမဲ့နတ်ဘုရားဘုရင် ဝူလုံသည်ပင် အခါအခွင့်တိုက်ဆိုင်၍သာ ကောင်းကင်တာအိုကျင့်စဉ်ကို ရရှိခဲ့ပြီး အနှိုင်းမဲ့အခြေခံကို တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ကောင်းကင်တာအို ခန္ဓာ၊ ဝိညာဉ်နှင့် ကျင့်စဉ် ဟူ၍ သုံးမျိုးအနက် တစ်မျိုး ရရှိရုံဖြင့်ပင်လျှင် လောက၌ အနှိုင်းမဲ့ ဖြစ်တည်မှုတစ်ခု ဖြစ်လာနိုင်ပေသည်။ သုံးမျိုးလုံးကို ပိုင်ဆိုင်ရန်သည် စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှ၏။ ကျုံးရှန်သည် ထိုပန်းတိုင်သို့ ရောက်ရန် ကြိုးစားနေခြင်း ဖြစ်ကာ ပဉ္ဓအထပ်တစ်ထောင်ကမ္ဘာသည် သူ၏ ဝိညာဉ်ကို မြှင့်တင်ရန် နောက်ဆုံး အခွင့်အရေးပင် ဖြစ်သည်။
ကျုံးရှန်သည် နတ္ထိကမ္ဘာ၏အလယ်ဗဟိုတည်နေရာကို တစ်ဖန် ပြန်လည်အတည်ပြုကာ နောက်တစ်စက္ကန့်တွင် ထိုနေရာ၌ပေါ်လာလေသည်။ နတ္ထိကမ္ဘာ၏အလယ်ဗဟို၌ တိမ်တိုက်များဖြင့်ဖုံးလွှမ်းနေသော မြင့်မားလှသည့် တောင်ထိပ်တစ်ခု ရှိနေပြီး ပေပေါင်း တစ်သန်းခန့် မြင့်မားလှသည်။ ရှုခင်းအလွန်လှပသော်လည်း နတ်ဘုရားအရှိန်အဝါ သို့မဟုတ် အတားအဆီးအကာအကွယ်များ မရှိဘဲ နတ္ထိ အငွေ့အသက်များဖြင့်သာ ဖုံးလွှမ်းနေသည်။
ကျုံးရှန်၏ နတ်ဘုရားအာရုံအရ ထူးခြားသော ရတနာနှင့် နေရာကူးပြောင်းခြင်းထွက်ပေါက်သည် ထိုတောင်ထိပ်ပေါ်၌ ရှိနေသည်။ မျှော်စင်၏ စည်းမျဉ်းနိယာမများဖြင့် ကန့်သတ်ခံထားရသော ကျင့်ကြံသူများအတွက် အနှီတောင်ကို တက်ရန်သည် အလွန်ခက်ခဲမည် ဖြစ်သော်လည်း ကျုံးရှန်အတွက်မူ ခက်ခဲမှုမရှိပေ။ သူသည် ရွှေရောင်ကိုယ်ပွားလေးကို ထပ်မံထုတ်ယူကာ တောင်ထိပ်ကို ဖုံးလွှမ်းထားသော နတ္ထိစွမ်းအင်အငွေ့အသက်များကို စတင်ဝါးမြိုလိုက်တော့သည်။
နတ်ဘုရားအမြုအတေအဖြစ်ပြောင်းလဲပြီးနောက်တွင် ရွှေရောင်ကိုယ်ပွားလေးသည် ယခင်ကထက်အဆပေါင်းများစွာ ပိုမိုအစွမ်းထက်လာပြီဖြစ်သည်။ သို့နှင့် အသက်ရှုချိန်တစ်ရှိုက်အတွင်းပင် တောင်ထိပ်ပေါ်ရှိ နတ္ထိစွမ်းအင်အငွေ့အသက်များကို အကုန်အစင် စုပ်ယူပစ်လိုက်လေသည်။ ယင်းသည် ကျုံးရှန်အတွက် အားဖြည့်စရာတစ်ခု ဖြစ်လာခဲ့၏။
နတ္ထိစွမ်းအင်အငွေ့အသက်များမှ ဖြစ်တည်နေသော တိမ်ခိုးတိမ်ငွေ့များ ပျောက်ကွယ်သွားပြီးနောက်တွင် တောင်ထိပ်ပေါ်ရှိ အရာအားလုံးသည် ထင်ရှားစွာ ပေါ်လွင်လာသည်။ တောင်ထိပ်ပေါ်ရှိ အပြင်အဆင်သည် အလွန်ပင် ရိုးရှင်းလှပြီး အနည်းငယ် ပြန့်ပြူးနေသော မြေကွက်လပ်ငယ်တစ်ခုသာ ရှိလေသည်။ ယင်း မြေကွက်လပ်ငယ်အတွင်း၌ ဝေချီကစားခုံပုံစံ ထွင်းထုထားသော ကျောက်စားပွဲတစ်လုံးကို ချထားကာ အမည်းရောင်နှင့် အဖြူရောင် ကျားစေ့များထည့်ထားသည့် ခွက်လေးနှစ်ခွက်လည်း ရှိနေ၏။
ထိုကျောက်စားပွဲ၏ အနောက်ဘက်တွင် ကူးပြောင်းခြင်းတံခါး တည်ရှိနေကာ မည်သည့် အတားအဆီးမျှ မရှိချေ။ မည်သူမဆိုအချိန်မရွေး ဖြတ်သန်းသွားလာနိုင်ဟန်ရှိ လေသည်။ ကျုံးရှန် အာရုံခံမိခဲ့သော နတ္ထိရတနာသည် ကစားခုံပေါ်တွင် ဖုံးကွယ်နေခြင်း ဖြစ်သည်။
ယင်းပေါ်ထွက်လာရန်အတွက် သတ်မှတ်ချက်တစ်ခုခုကို ပြည့်မီရန် လိုအပ်ပုံရ၏။
"ဝေချီလား..."
"ဒီနေရာမှာ ဒီလို ကစားပွဲမျိုး ပြင်ဆင်ထားတာက စိတ်ဝင်စားစရာပဲ"
ကျုံးရှန်၏မျက်နှာတွင် စိတ်ဝင်စားဟန်အပြုံးတစ်ပွင့် ပေါ်လာသည်။
ထို့နောက် သူ၏ ပုံရိပ်သည် တစ်ချက် လှုပ်ရှားသွားကာ နောက်တစ်စက္ကန့်တွင် ကျောက်စားပွဲအနီးသို့ ရောက်ရှိသွားသည်။
"ဝုန်း"
စက်ယန္တရားတစ်ခုခုကို သွားရောက်ထိမိလိုက်သကဲ့သို့ တောင်ကြီးတစ်လုံး ရုတ်တရက် တုန်ခါသွားပြီး ဟင်းလင်းပြင်အတွင်းမှ အသံတစ်ခု ထွက်ပေါ်လာသည်။
"ဟင်းလင်းပြင်ကို ထိန်းချုပ်နိုင်သူ..."
"မင်း ငါနဲ့ ကစားပွဲတစ်ပွဲလောက် ကစားချင်သလား... အကယ်လို့ မင်းသာ အနိုင်ရခဲ့ရင် မင်းကို ဟင်းလင်းပြင်ခေါင်းလောင်း တစ်ခု လက်ဆောင်ပေးမယ်"
"ဒါက စစ်မှန်တဲ့ ကောင်းကင်အရှင်ရဲ့ အမှတ်အသားပဲ"
"မင်းရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်က အဲ့အဆင့်မရောက်သေးဘူးဆိုရင်တောင်မှ ဟင်းလင်းပြင်ခေါင်းလောင်းနဲ့ပေါင်းစည်းလိုက်ရင် အကျိုးကျေးဇူးတွေ အများကြီး ရလိမ့်မယ်"
"ဒါပေမဲ့ တကယ်လို့ မင်းသာ ရှုံးနိမ့်သွားခဲ့ရင်တော့ ငါ့ကို အကူအညီတစ်ခု ပေးဖို့ ကတိပေးရလိမ့်မယ်"
"ဘယ်လိုလဲ... သဘောတူလား"
ထိုအသံသည် ကျုံးရှန်၏ ပတ်ပတ်လည်တွင် ဝဲပျံနေကာ သူ၏ နားအတွင်းသို့ကပ်၍ ပြောနေသကဲ့သို့ပင် ဖြစ်သည်။
"ဘာဖြစ်လို့ မရရမှာလဲ"
ကျုံးရှန်သည် ခပ်ဖွဖွ ပြုံးလိုက်ပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။ သူသည်အတွေးတစ်ချက်ဖြင့်ပင် သက်တောင့်သက်သာရှိသော ထိုင်ခုံတစ်လုံးကို ဖန်တီးကာ ဝင်ထိုင်လိုက်၏။
ထိုအခါ သူ၏မျက်နှာခြင်းဆိုင်ရှိ လေဟာနယ်ထဲမှ အကန့်အသတ်မဲ့ နတ္ထိစွမ်းအင်အငွေ့အသက်များ ထွက်ပေါ်လာကာ အရပ်အမောင်းမြင့်မားသော လူရိပ်တစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။ ထိုသူ၏ မျက်နှာနှင့် ဝတ်စုံကိုမူ ရှင်းလင်းစွာ မြင်တွေ့ရခြင်း မရှိချေ။
"ဒါဆိုရင် ငါတို့ ဘယ်သူအရင်စမလဲဆိုတာကို ခန့်မှန်းလိုက်ကြရအောင်"
နတ္ထိစွမ်းအင်များဖြင့် ဖွဲ့စည်းထားသော လူရိပ်သည် အေးအေးလူလူပင် ပြောလိုက်ကာ အဖြူရောင် ကျားစေ့ တစ်ဆုပ်ကို ကောက်ယူလိုက်သည်။
ကျုံးရှန်သည် မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး အမည်းရောင် ကစားစေ့ တစ်စေ့ကို ကောက်ယူလိုက်သည်။ ယင်းသည် တစ်ဖက်လူ ဆုပ်ကိုင်ထားသော အဖြူရောင် ကျားစေ့အရေအတွက်သည် မဂဏန်း ဖြစ်သည်ဟု ခန့်မှန်းလိုက်ခြင်းဖြစ်သည်။
"ကောင်းပြီ... တကယ်တော့ ဘယ်သူအရင်စမလဲဆိုတာကို ခန့်မှန်းတဲ့ အဆင့်က မင်းနဲ့ငါ့အတွက် ဘာအဓိပ္ပာယ်မှ မရှိပါဘူး"
"ဒါပေမဲ့ စည်းမျဉ်းတွေအရ မင်းခန့်မှန်းတာ မှန်တဲ့အတွက် အမည်းရောင်နဲ့ စတင်ကစားခွင့်ရှိတယ်"
ထိုလူရိပ်က ထပ်မံပြောဆိုလိုက်ပြီး သူ၏ လက်ကြီးဖြင့် တစ်ချက်ဝှေ့ယမ်းလိုက်သောအခါ နှစ်ဖက်စလုံးရှိ အမည်းနှင့် အဖြူ ကျားစေ့များသည် နဂိုမူလနေရာသို့ ပြန်လည်ရောက်ရှိသွားလေသည်။
ကျုံးရှန်သည်လည်း ထိုအခြင်းအရာကိုဂရုစိုက်ခြင်းမရှိပေ။ သူသည်အမည်းရောင် ကျားစေ့ တစ်စေ့ကို ကောက်ယူကာ ကစားခုံပေါ်သို့ တင်လိုက်သည်။ နတ္ထိ လူရိပ်သည်လည်း အဖြူရောင် ကျားစေ့ကိုယူလိုက်ကာ စတင်ကစားလေသည်။
ထိုသို့ဖြင့် သူတို့နှစ်ဦးသည် ဝေချီကျားကစားပွဲတစ်ခုစတင်ကြလေတော့သည်။
အပိုင်း (၃၂၈)
ကျုံးရှန်သည် လုံးဝ အလျင်လိုခြင်းမရှိဘဲ တစ်ဖက်လူနှင့် ကစားပွဲ၌ယှဉ်ပြိုင်ချင်ရုံသက်သက်သာရှိပုံရသည်။
ဝေချီ သို့ ကျားကွက်ထိုးခြင်းသည် လူသားလမ်းစဉ် ဖြစ်ကာ လူသားလမ်းစဉ်သည် ကောင်းကင်တာအိုလမ်းစဉ်ပင် ဖြစ်သည်။ ထို့အပြင် ဝေချီသည် လောကခပ်သိမ်းတွင် အရှုပ်ထွေးဆုံးသော ကစားနည်းတစ်ခုဟူသည့် ဂုဏ်ပုဒ်ရှိလေသည်။ ယင်းအထဲတွင် စစ်သေနင်္ဂဗျူဟာ၊ ပရိယာယ်နှင့် နိုင်ငံအုပ်ချုပ်ရေး အစရှိသည့် နည်းဗျူဟာလမ်းစဉ်များစွာကို ရှာဖွေလေ့လာနိုင်၏။
ထို့ကြောင့် ဝေချီကစားပွဲ၌ယှဉ်ပြိုင်ခြင်းသည် သူတို့နှစ်ဦး၏ နည်းဗျူဟာလမ်းစဉ်များအပေါ် နားလည်သဘောပေါက်မှုများကို ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။
အစပိုင်းတွင် သူတို့နှစ်ဦး၏ ကျားရွှေ့နှုန်းသည် အလွန်လျင်မြန်လှပြီး မည်သည့်ရပ်နားမှုမျှ မရှိသလောက်ပင် ဖြစ်သည်။ထို့နောက်တွင်မူ နှစ်ဖက်စလုံး၏ ကျားရွှေ့နှုန်းသည် များစွာ နှေးကွေးသွားကာ အကွက်တိုင်းကို သေချာ စဉ်းစားနေရဟန်ရှိသည််။ သို့သော်လည်း ကျုံးရှန်၏ ကျားရွှေ့နှုန်းသည် ပြိုင်ဘက်ထက် အနည်းငယ် သာလွန်နေဆဲ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ကျုံးရှန်၏ စိတ်ဖြင့်တွက်ချက်မှုစွမ်းရည်သည် အတွေးတစ်ချက်တည်းဖြင့် တစ်သန်းသောဖြစ်နိုင်ချေများကို တစ်ပြိုင်နက်တည်း တွေးတောနိုင်သည့်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့အပြင် ကျုံးရှန်၏ ဝိညာဉ်သည် နတ္ထိစွမ်းအား၏ အားဖြည့်မှုကို ရရှိထားသဖြင့် သူ၏ တွက်ချက်မှုစွမ်းရည်သည် များစွာ တိုးတက်လာခဲ့၏။ တွက်ချက်မှုစွမ်းရည်ကို ယှဉ်မည်ဆိုပါက ကျုံးရှန်၏ ပြိုင်ဘက်ဟူ၍ မရှိသလောက်ပင် ရှားပါးကာ မဟာကမ္ဘာလောကကြီးထဲတွင် ပြိုင်ဘက်ရှာတွေ့ရန် အလွန်ခက်ခဲလှပေသည်။
နှစ်ဖက်စလုံးသည် အာရုံစူးစိုက်မှုအပြည့်ဖြင့် ကစားပွဲကို ယှဉ်ပြိုင်နေကာ ကျားကွက်ထိုးခြင်းတွင် နစ်မြုပ်နေကြပြီး မိမိကိုယ်ကိုယ်ပင် မေ့လျော့နေကြလေသည်။ ကျားကစားခြင်းတွင် ပြင်ပကမ္ဘာ၏ ရည်ရွယ်ချက်များ မရှိသလို၊ လျှို့ဝှက်ပရိယာယ်များလည်း မရှိချေ။ ကစားကွက်များကြားရှိ အပြန်အလှန် သတ်ဖြတ်မှုများနှင့် အလင်းနှင့်အမှောင် တိုက်ခိုက်မှုများသာ ရှိပြီး ယင်းသည် ထူးခြားသော စစ်ပွဲတစ်ပွဲပင် ဖြစ်သည်။
ထိုသို့ဖြင့် အချိန်များစွာ ကုန်လွန်သွားသည်။ ကျုံးရှန်သည် အရေးပါသော ကျားစေ့တစ်စေ့ကို ချလိုက်ပြီးနောက်တွင် တစ်ဖက်ရှိ လူရိပ်သည် ကစားခုံကို ငေးကြည့်ကာ အချိန်ကြာမြင့်စွာ ကျားဆက်မရွှေ့နိုင်တော့ပေ။
"ထျန်းယွမ် (ကောင်းကင်ဗဟို) ကစားကွက်လား..."
"မဆိုးဘူး... မင်းရဲ့ တွက်ချက်မှုစွမ်းရည်က အဆင့်တစ်ခုအထိ ရောက်နေပြီဆိုတာ သိသာတယ်"
"ကျားကစားခြင်းလမ်းစဉ်အပေါ်မှာလည်း နက်ရှိုင်းတဲ့ လေ့လာမှုနဲ့ နားလည်သဘောပေါက်မှုတွေ ရှိနေတာပဲ"
ထိုလူရိပ်သည် ကျုံးရှန်ကို ချီးကျူးလိုက်ကာ အဖြူရောင် ကျားစေ့တစ်စေ့ကို ထပ်မံယူလိုက်ပြီး ကစားခုံ၏ ထောင့်တစ်နေရာတွင် ချလိုက်သည်။ ယင်းသည် ထျန်းယွမ်ကစားကွက်၏ လမ်းကြောင်းကို အတိအကျ ပိတ်ဆို့လိုက်ခြင်း ဖြစ်၏။
ထို့နောက်သူသည် အနည်းငယ် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်လေသည်။
"ဘယ်လိုလဲ... ဒီအကွက်ကို မင်း ဖြေရှင်းနိုင်မလား"
ကျုံးရှန်၏ မျက်နှာတွင် မည်သည့်အမူအရာမျှ မရှိဘဲ တည်ငြိမ်အေးဆေးစွာဖြင့်သာ အမေးစကားဖြင့် ပြန်လည်တုန့်ပြန်လိုက်သည်။
"ချပြီးသား ကျားစေ့ကို ပြန်ရုပ်တာမျိုး မရှိဘူးမလား"
"သေချာပေါက် ပြန်ရုပ်တာမျိုး မရှိဘူး"
လူရိပ်သည် ခဏမျှ ကြောင်အမ်းသွားပြီးနောက် ချက်ချင်း ပြန်ဖြေလေသည်။
ထိုအခါ ကျုံးရှန်သည် ခေါင်းညိတ်ကာ တည်ငြိမ်စွာပင် ပြောလိုက်သည်။
"ဒါဆိုရင်လည်း ကောင်းတာပေါ့"
သူသည် အမည်းရောင် ကျားစေ့တစ်စေ့ကို ယူကာ လမ်းကြောင်းပိတ်ဆို့ထားသော အဖြူရောင် ကျားစေ့၏ ဘေးတွင် ချလိုက်သည်။
အမည်းရောင် ကျားစေ့ ကျသွားပြီးနောက်တွင် ကစားခုံပေါ်ရှိအမည်းရောင် ကျားစေ့များအားလုံးသည် ရုတ်တရက် လင်းလက်သွားကာ တစ်ခုနှင့်တစ်ခု ဆက်သွယ်သွားပြီး ဖော်ပြ၍မရနိုင်သော စွမ်းအားတစ်ရပ် အဆက်မပြတ် စီးဆင်းလည်ပတ်နေသည့် လမ်းကြောင်းတစ်ခုအသွင်ပြောင်းသွားသည်။ ထို့နောက် ထိုအမည်းရောင် ကျားစေ့များသည် လေထဲသို့ ရုတ်တရက် မြောက်တက်သွားကာ ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံထားသော လှောင်ချိုင့်တစ်ခုအဖြစ် ဖွဲ့စည်းသွားပြီး နတ္ထိစွမ်းအင်များဖြင့်ဖွဲ့စည်းထားသည့်လူရိပ်ကို ဖုံးလွှမ်းသွားသည်။
အမည်းရောင် ကျားစေ့တိုင်းသည် ဆုံမှတ်တစ်ခုစီဖြစ်ကာ ထိုလူရိပ်၏ ခန္ဓာကိုယ်ပေါ်တွင် ရိုက်နှိပ်ထားသကဲ့သို့ ဖြစ်နေ၏။ အမည်းရောင် ပိုက်ကွန်ကြီးတစ်ခုကဲ့သို့ပင် သူ့ကို ပစ်မှတ်ထားကာ ချုပ်နှောင်လိုက်ခြင်းဖြစ်သည်။
ကျုံးရှန်သည် တစ်ဖက်လူ သတိမထားမိလိုက်သော အချိန်အတွင်းပင် ကစားကွက်ကို အသုံးပြုကာ ထူးဆန်းသော အစီအရင်တစ်ခု တည်ဆောက်ခဲ့ခြင်း ဖြစ်လေသည်။ ထို့အပြင် ဤအစီအရင်သည် မည်သည့် စွမ်းအားဗဟိုချက် သို့မဟုတ် ပြင်ပစွမ်းအင် အရင်းအမြစ်မျှ မရှိဘဲ ကျားစေ့များ ကိုအသုံးပြု၍ တည်ဆောက်ထားသော အစီအရင် ဖြစ်သည်။ ယင်းသည် အနှီပဉ္စမအထပ်တစ်ထောင်ကမ္ဘာငယ်၏ စွမ်းအားများကို ဆွဲငင်နိုင်ပြီး ကစားခုံပေါ်ရှိ အစီအရင်အတွင်းသို့ ပြောင်းလဲအသုံးပြုနိုင်စွမ်း ရှိလေသည်။
အာရုံစူးစိုက်ကာ ယှဉ်ပြိုင်နေသည်ဟု ထင်ရသော်လည်း အရေးနိမ့်သွားခြင်းမရှိသည့်အပြင် မထင်မှတ်ထားသော အချိန်တွင် ကောင်းကင်နှင့်မြေကြီး အစီအရင်တစ်ခုကိုပါ တည်ဆောက်နိုင်ခဲ့၏။ အရေးအကြီးဆုံးသည် ပြိုင်ဘက်ဖြစ်သောလျှို့ဝှက်ဆန်းကြယ်သည့် လူရိပ်သည် မည်သည့်ထူးခြားမှုကိုမျှ သတိမထားမိခဲ့ခြင်းပင် ဖြစ်သည်။ သူတို့နှစ်ဦး၏ ယှဉ်ပြိုင်မှုအရ လျှို့ဝှက်ဆန်းကြယ်သော လူရိပ်၏ ကျားကစားခြင်း အတတ်ပညာသည် အလွန်မြင့်မားကြောင်း သိရှိနိုင်ပေသည်။
ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးတွင် ဆိုပါမူ ဝေချီ လမ်းစဉ်ရှိသူတော်စင်များ သို့မဟုတ် နတ်ဘုရားများနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိလေ၏။
သို့သော်လည်း ကျုံးရှန်သည် ထိုကဲ့သို့သော ကျွမ်းကျင်သူနှင့် ယှဉ်ပြိုင်နေစဉ်အတွင်း လျှို့ဝှက်စွာ အကွက်ချနိုင်ခဲ့ကာ ကစားကွက်ကို အသုံးပြု၍ တစ်ဖက်လူကို ဖိနှိပ်ခဲ့သည်။
"ကောင်းတယ်... အရမ်းကောင်းတယ်"
ထိုလူရိပ်သည် ဒေါသမထွက်ဘဲ ရယ်မောလိုက်ကာ ကျုံးရှန်၏ လုပ်ရပ်ကိုပင် ချီးကျူးလိုက်သည်။
"မင်းရဲ့ ကျားကွက်ထိုးခြင်းနည်းစနစ်တွေက ငါ့ထက် သာလွန်ပါတယ်"
"ဒီအကွက်ကို ငါ တကယ် သတိမထားမိခဲ့သလို...ဒီအကွက်ရဲ့ အဓိပ္ပာယ်နဲ့ အသုံးချမှုကိုလည်း သဘောမပေါက်ခဲ့ဘူး"
"ဒါပေမဲ့ မင်းကတော့ အောင်မြင်အောင် လုပ်နိုင်ခဲ့တာပဲ"
"ဒီပွဲမှာ ငါရှုံးပါတယ်"
ထိုလျှို့ဝှက်ဆန်းကြယ်သော လူရိပ်သည် ပွင့်လင်းစွာပင် အရှုံးပေးလိုက်သည်။
သူ၏ စကားများထဲတွင် ကျုံးရှန်ကို အလွန်အမင်း အထင်ကြီးလေးစားကာ ချီးကျူးနေမှုများ ပါဝင်နေ၏။
"ဒါပေမဲ့ ဒီကစားကွက်နဲ့ ငါ့ကို ချုပ်နှောင်ချင်တယ်ဆိုရင်တော့ မဖြစ်နိုင်သေးဘူး"
လျှို့ဝှက်ဆန်းကြယ်သော လူရိပ်သည် သူ၏ လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်သောအခါ ခန္ဓာကိုယ်ပေါ်ရှိ ကျားစေ့များသည် အလွယ်တကူပင် လွင့်စင်သွားသည်။ ထို့နောက် ကျောက်စားပွဲတစ်ခုလုံး ပျောက်ကွယ်သွားကာ နက်ပြာရောင် ခေါင်းလောင်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။
"ဒါက ဟင်းလင်းပြင်ခေါင်းလောင်းပဲ... အခု မင်းပိုင်သွားပြီ"
"နောင်တစ်ချိန် အခွင့်ကြုံရင် နတ္ထိ မဟာကမ္ဘာကြီးဆီ လာပြီး ငါ့ကိုရှာပါ"
"ငါ မင်းကို ကူညီနိုင်ကောင်း ကူညီနိုင်လိမ့်မယ်"
ထိုလူရိပ်သည် စကားပြောပြီးနောက် နက်ပြာရောင် မျဉ်းကြောင်းငယ်လေးတစ်ခု အသွင်ပြောင်းကာ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကို ဖောက်ထွင်း၍ ပျောက်ကွယ်သွားသည်။
လျှို့ဝှက်ဆန်းကြယ်သောလူရိပ်သည် နတ္ထိမဟာကမ္ဘာကြီးမှ လာသော အစွမ်းထက်သည့် ဖြစ်တည်မှုတစ်ခု၏ ကိုယ်ပွားတစ်ခုသာ ဖြစ်သည်။ သူသည် နတ္ထိစွမ်းအားကို ထိန်းချုပ်နိုင်ကာ ဟင်းလင်းပြင်ခေါင်းလောင်းကဲ့သို့သော ရတနာကိုပင် ဖန်တီးနိုင်စွမ်း ရှိ၏။ သူ၏ မူလခန္ဓာကိုယ် အစွမ်းသည် ကောင်းကင်တက်လှမ်းခြင်း အဘိုးအိုထက် နိမ့်ကျမည်မဟုတ်ဘဲ ထျန်းယွမ် အထွတ်အထိပ်အဆင့်ရှိ ကျွမ်းကျင်သူတစ်ဦး ဖြစ်နိုင်သည်။
အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့ အဆင့်ရှိသည့် ကျွမ်းကျင်သူများသာလျှင် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်း လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်မည် ဖြစ်လေသည်။
"နတ္ထိမဟာကမ္ဘာ..."
"အနှေးနဲ့အမြန်တော့ အခွင့်ကြုံလာမှာပါ... အဲ့ဒီအချိန်ကျရင် သေချာပေါက် သွားကြည့်ရမယ်"
ကျုံးရှန်သည် ခဏမျှ တွေးတောလိုက်ပြီးနောက် တီးတိုးရေရွတ်လိုက်သည်။
ထို့နောက် သူ၏လက်ကို ဆန့်ထုတ်လိုက်ကာ ဟင်းလင်းပြင်ခေါင်းလောင်းကို လှမ်းယူလိုက်သည်။ ဟင်းလင်းပြင်ခေါင်းလောင်းသည် ကြေးဝါခေါင်းလောင်းပုံစံမျိုး ဖြစ်သော်လည်း ခေါင်းလောင်းတစ်ခုလုံးကို နတ္ထိစွမ်းအားများ ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ဟင်းလင်းပြင် နတ်ဘုရားအမြုတေပေါ်တွင် နတ္ထိအငွေ့အသက်များနှင့် နတ်ဘုရားတစ်ပါး၏အရှိန်အဝါများ ပါဝင်သည်။ သို့သော်လည်း အနှီဟင်းလင်းပြင်ခေါင်းလောင်းတွင်မူ ကောင်းကင်တာအိုကို ကျော်လွန်သွားသော သွေဖည်မှုတာအိုလမ်းစဥ်၏ နိယာမသဘောတရား အငွေ့အသက်များပင် ပါဝင်နေလေ၏။ သွေဖည်ခြင်း နိယာမသဘောတရားကို နားလည်သဘောပေါက်ပြီး ကောင်းကင်နှင့်မြေကြီးကြားရှိ ထူးခြားသော ဖြစ်တည်မှုတစ်ခုအဖြစ် ရောက်ရှိမှသာ ကောင်းကင်အရှင်အဆင့်သို့ ဝင်ရောက်မည်ဖြစ်သည်။
ထိုအခါမှသာ စစ်မှန်သော လွတ်မြောက်ခြင်းဟု ဆိုနိုင်ပေမည်။
ငရဲမဟာကမ္ဘာမှ ယမမင်း၊ ချောက်နက် မိစ္ဆာအရှင်၊ ရွှံ့နွံမိစ္ဆာအရှင်သခင် ကဲ့သို့သော ဖြစ်တည်မှုများသည် သွေဖယ်ခြင်းတာအိုလမ်းစဥ်၏ နိယာမသဘောတရားများကို နားမလည်နိုင်ခဲ့ကြပေ။ ထို့ကြောင့် သူတို့သည် နှစ်သန်းပေါင်းများစွာ ကုန်လွန်ခဲ့ သော်လည်း မည်သည့်တိုးတက်မှုမျှ မရရှိခဲ့ခြင်း ဖြစ်သည်။ သွေဖည်ခြင်းတာအိုလမ်းစဉ်သည် ကောင်းကင်နှင့်မြေကြီးကြားရှိ အမျိုးမျိုးသော သဘောတရား အပြောင်းအလဲများနှင့် လုံးဝတူညီမှုမရှိချေ။
ယင်းသည် မိမိတစ်ဦးတစ်ယောက်ထဲ၏ ကိုယ်ပိုင် ပြိုင်ဘက်ကင်းလမ်းစဉ်တစ်ခု ဖြစ်ရပေမည်။
သွေဖည်ခြင်းအဆင့်သို့ ရောက်ရှိပြီးသူတိုင်းသည် ကောင်းကင်နှင့်မြေကြီးကြားရှိ စစ်မှန်သော ပြိုင်ဘက်ကင်း ဖြစ်တည်မှုများဖြစ်ကာ ကူးယူဖန်တီး၍မရနိုင်သော အံ့ဖွယ်များဖြစ်သည်။
ကျုံးရှန်သည် ဟင်းလင်းပြင်ခေါင်းလောင်းကို အသေးစိတ်ကြည့်ရှုလိုက်သောအခါ ယင်းအတွင်း၌ ပါဝင်နေသည့် သွေဖည်မှုနိယာမသဘောတရားများကို ခံစားလိုက်ရသည်။ သူသည် အချိန်ကြာမြင့်စွာ စိုက်ကြည့်နေလိုက်၏။ သို့သော်လည်း ဟင်းလင်းပြင်ခေါင်းလောင်းကို ဟင်းလင်းပြင် နတ်ဘုရားအမြုတေကို ဖန်တီးခဲ့စဉ်ကကဲ့သို့ တိုက်ရိုက် သန့်စင်ခြင်း မပြုဘဲ သိမ်းဆည်းလိုက်လေသည်။
လျှို့ဝှက်ဆန်းကြယ်သော နတ္ထိစွမ်းအင်များဖြင့်ဖွဲ့စည်းထားသည့်လူရိပ်သည် လျင်မြန်စွာ ရောက်လာကာ ပေါ့ပါးစွာဖြင့်အတားအဆီးမရှိ ထွက်ခွာသွားခဲ့သည်။ သူချန်ထားရစ်ခဲ့သော ဟင်းလင်းပြင်ခေါင်းလောင်းထဲတွင် မည်သည့် လှည့်ကွက်များ ပါဝင်နေမည်ကို မသိနိုင်ချေ။ ထို့အပြင် သွေဖည်မှုနိယာမသဘောတရားသည် ပြိုင်ဘက်ကင်းဖြစ်သဖြင့် အနှီဟင်းလင်းပြင်ခေါင်းလောင်းထဲရှိ သွေဖည်မှုအတွေ့အကြုံများကို စုပ်ယူလိုက်ခြင်းသည် ကြီးမားသော အကျိုးကျေးဇူးများ ရရှိနိုင်သော်လည်း ကျုံးရှန်၏ အနာဂတ် ကိုယ်ပိုင် သွေဖည်မှုတာအိုလမ်းစဉ်ကို နားလည်သဘောပေါက်နိုင်မှုအပေါ် များစွာ သက်ရောက်မှုရှိသွားနိုင်သည်။
ထို့ကြောင့် ကျုံးရှန်သည် ယင်းကို စုပ်ယူသန့်စင်ရန် အလျင်လိုခြင်းမရှိသေးပေ။
သို့ဆိုလျှင် ကျုံးရှန်သည် အဘယ်ကြောင့် ဟင်းလင်းပြင် နတ်ဘုရားတံဆိပ်တော်နှင့် ဟင်းလင်းပြင် နတ်ဘုရားအမြုတေကို အလွယ်တကူ စုပ်ယူနိုင်ခဲ့သနည်း။
ဟင်းလင်းပြင် နတ်ဘုရားအမြုတေသည် ဟင်းလင်းပြင်ခေါင်းလောင်းနှင့် တူညီမှုမရှိပေ။ ဟင်းလင်းပြင် နတ်ဘုရားအမြုတေသည် အခြားကျင့်ကြံသူတစ်ဦးတစ်ယောက်၏ သွေဖည်ခြင်းသဘောတရားများပါဝင်ခြင်းမရှိသည့် သန့်စင်သောအရာ ဖြစ်သည်။ ထိုကဲ့သို့သောအရာကို ကျုံးရှန်သည် ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်ပေါင်းစည်းလိုက်ရုံဖြင့်ပင် ဟင်းလင်းပြင် နတ်ဘုရားအမြုတေကို မိမိကိုယ်ပိုင်အဖြစ် အပြည့်အဝ ပြောင်းလဲပစ်နိုင်ခဲ့လေသည်။
ဟင်းလင်းပြင်ခေါင်းလောင်းမှာမူ ထိုသို့မဟုတ်ချေ။ ဟင်းလင်းပြင်ခေါင်းလောင်းထဲတွင် သွေဖည်မှုတာအိုလမ်းစဥ်နှင့်ပတ်သက်သော နားလည်သဘောပေါက်မှု နိယာမသဘောတရားများ ပါဝင်နေ၏။ ထိုသဘောတရားများသည် အခြားသူတစ်ဦး၏ နားလည်သဘောပေါက်ထားမှုသာ ဖြစ်သည်။
သို့တိုင်အောင် ဟင်းလင်းပြင်ခေါင်းလောင်းသည် အတုမရှိသော ရတနာတစ်ပါး ဖြစ်ကာ နတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ်တွင် နှစ်သန်းပေါင်းများစွာ ပိတ်မိနေသော ကျင့်ကြံသူများကိုသာ ပေးလိုက်ပါက သူတို့သည် မည်သည့်အရာကိုမျှ ဂရုစိုက်ခြင်းမရှိဘဲ သန့်စင်ပစ်ကြပေလိမ့်မည်။
သူတို့၏ နှစ်သန်းပေါင်းများစွာသော နားလည်မှုနှင့် စုဆောင်းမှုများအပြင်ဟင်းလင်းပြင် ခေါင်းလောင်းကိုပါ ပေါင်းထည့်လိုက်ပါက သွေဖည်မှုအဆင့်သို့ ရောက်ရှိနိုင်ချေ အလွန်များပြားလှပေသည်။ ထိုမှတစ်ဆင့် လွတ်မြောက်ခြင်းအဆင့်ဖြစ်သော ကောင်းကင်အရှင်အဆင့်သို့ တစ်ဟုန်ထိုး တက်လှမ်းသွားနိုင်၏။
သို့သော် ကျုံးရှန်သည် ထိုသူတို့ကဲ့သို့ ဟင်းလင်းပြင်ခေါင်းလောင်းကို သိပ်၍ အရေးမစိုက်ခဲ့ပေ။ အဘယ်ကြောင်းဆိုသော် ကျင့်ကြံခြင်းအဆင့်နှင့် တိုက်ခိုက်ရေးစွမ်းအားသည် လုံးဝ တိုက်ရိုက်ပတ်သက်မှု မရှိကြောင်းကို သိထားသောကြောင့် ဖြစ်သည်။ ယခုအချိန်တွင် သူသည် လွတ်မြောက်ခြင်း (ကောင်းကင်အရှင်) အဆင့် ကျွမ်းကျင်သူများကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိနေပြီ ဖြစ်ကာ ထာဝအရှင် အဆင့် ကျွမ်းကျင်သူများကိုပင် အရေးစိုက်ရန် မလိုအပ်ချေ။
သိထားရမည်မှာ ကျုံးရှန်သည် ကံတရားကျိန်စာ၏ အချုပ်အနှောင်များကို ဖောက်ထွက်နိုင်ခဲ့သော်လည်း ယခုလက်ရှိ သူ၏ ကျင့်ကြံခြင်းအဆင့်သည် သူတော်စင်အဆင့် ၃တွင်သာ ရှိသေးသည်။
ပုံမှန်အားဖြင့် လွတ်မြောက်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးသည် သူတော်စင်အဆင့်ရှိသူများကို လက်ဖျောက်တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်စွမ်း ရှိပေသည်။ ဥပမာအားဖြင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရှိ မိစ္ဆာသားရဲသူတော်စင် စစ်တပ်ကဲ့သို့ပင် ဖြစ်သည်။ သူတို့သည် ကြယ်တာရာ ၂၈ ပါး မိစ္ဆာအစီရင်ကို ဖွဲ့စည်းခြင်းဖြင့် အဆင့် ၂ အစစ်အမှန်နတ်ဘုရားများကို ဖိနှိပ်နိုင်ကာ အဆင့် ၃ အထွတ်အထိပ် စစ်မှန်သောနတ်ဘုရားများ၏ တိုက်ခိုက်မှုကိုပင် ခုခံနိုင်စွမ်း ရှိသည်။
သို့သော်လည်း ကောင်းကင်အရှင်အဆင့် ကျွမ်းကျင်သူများနှင့် ရင်ဆိုင်ရလျှင်မူ စွမ်းအားမလုံလောက်တော့ချေ။
ကောင်းကင်အရှင်အဆင့် ဆိုသည်မှာ ကောင်းကင်တာအို၏ ပြင်ပရှိ သွေဖည်မှုသဘောတရားကို နားလည်သဘောပေါက်မှသာ ရောက်ရှိနိုင်သော အဆင့်ဖြစ်သည်။ ထိုအဆင့်သို့ ရောက်လျှင် လူအင်အားကို အားကိုး၍ အနိုင်ယူနိုင်စွမ်း လုံးဝမရှိတော့ပေ။ သို့သော်လည်း ထိုမျှကြီးမားသော ကွာဟချက်ရှိနေသည့်တိုင် ကျုံးရှန်သည် သူ၏ ကိုယ်ပိုင်စွမ်းအားဖြင့် လွတ်မြောက်ခြင်းအဆင့်ကျင့်ကြံသူများကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိနေလေသည်။
ယင်းသည် ကျုံးရှန်တစ်ယောက် မိမိ၏ ကိုယ်ပိုင် သူတော်စင်ဘုံကို မဖွဲ့စည်းရသေးသောအခြေအနေ၌ ဖြစ်သည်။ အကယ်၍ ကျုံးရှန်သာ သူတော်စင်ဘုံတစ်ခုကို ဖန်တီးပြီး ရတနာမြောက်မြားစွာနှင့် ခေါင်းတီးယက်စ် နတ်ဘုရားနွယ်ပင်တို့ကို ယင်းအထဲသို့ ပေါင်းစည်းလိုက်မည်ဆိုပါက သူ၏သူတော်စင်ဘုံသည် အလယ်အလတ်ကမ္ဘာ အဆင့်သို့ တက်လှမ်းသွားပေမည်။ ထိုအချိန်ရောက်ပါက ထျန်းယွမ်အဆင့် ကျွမ်းကျင်သူများနှင့် တိုက်ရိုက်ရင်ဆိုင်ရလျှင်ပင် စိုးရိမ်စရာမလိုအပ်တော့ပေ။
ထိုအချက်တစ်ခုဖြင့်ပင် ယခုလက်ရှိ ကျုံးရှန်တစ်ယောက် မည်မျှအစွမ်းထက်ကြောင်းကို သိမြင်နိုင်၏။
ထိုသို့အစွမ်းထက်ရခြင်းသည် ကျုံးရှန်၏ နှစ်တစ်သန်းတံခါးပိတ်ကျင့်ကြံခဲ့သည့်အချိန်ကာလများနှင့်လည်း ခွဲခြား၍ မရနိုင်ချေ။ ထိုနှစ်တစ်သန်းကြာ ကျင့်ကြံမှုနှင့် စုဆောင်းမှုများသာ မရှိခဲ့ပါက ကျုံးရှန်သည် သူ၏ ခန္ဓာကိုယ်ကို ကောင်းကင်တာအိုခန္ဓာအဖြစ် ပြောင်းလဲနိုင်မည့် အ အရင်းအမြစ်များနှင့်ခြေခံများကို ပိုင်ဆိုင်နိုင်ခဲ့မည် မဟုတ်ပေ။
ကျုံးရှန်သည် နေရာကူးပြောင်းခြင်းတံခါးရှေ့တွင် ရပ်ကာ တိတ်ဆိတ်စွာ တွေးတောနေခြင်းဖြစ်သည်။ သူ၏ နတ်ဘုရားအာရုံသည် လှိုင်းလုံးများကဲ့သို့ ပဉ္စမမြောက် အထပ်တစ်ထောင်ကမ္ဘာငယ်တစ်ခုလုံးကို ထပ်မံ၍ ဖြတ်သန်းသွားကာ စစ်ဆေးလိုက်ပြန်သည်။ ထို့နောက် မည်သည့်အရာမျှ ကျန်ရစ်ခြင်းမရှိကြောင်း သေချာသွားသောအခါမှသာ ပေါ့ပါးစွာဖြင့် နေရာကူးပြောင်းခြင်းတံခါးအတွင်းသို့ လှမ်းဝင်သွားသည်။
အထပ်ငါးထောင်ကျော်မျှော်စင်တက်လှမ်းခြင်းစတင်လေသည်။