အခန်း (၁၂၉-၁၃၁)
Vol. 10 Ch. 129-131
အပိုင်း(၁၂၉) ဧကရီကို ကောင်းကောင်း အလုပ်အကျွေးပြုခဲ့
ပစ္စုပ္ပန်ရွာ၏ အဝင်ဝတွင် အထိမ်းအမှတ် မုဒ်ဦးတစ်ခုရှိပြီး ၎င်းနောက်တွင် မတ်စောက်သော တောင်တန်းကြီးများ အသွယ်သွယ် တည်ရှိနေသည်။ တောအုပ်ထဲမှ သားရဲဟိန်းသံများမှာ ရံဖန်ရံခါ ပဲ့တင်ထပ်နေတတ်၏။
မုန့်ချင်ကျိုးက အထုပ်အပိုးများကို ပြင်ဆင်ပြီး စုချင်ချိုးကိုပါ အထူးတလည် ခေါ်ဆောင်လာခဲ့သည်။ ဤမိန်းကလေးသည် တုန်းဖန်လျူလီနောက် လိုက်ပါရင်း မြို့တော်နှင့် ပစ္စုပ္ပန်ရွာကြား တစ်နှစ်ပတ်လုံး ကူးချီသန်းချီ လုပ်နေသူဖြစ်ရာ လမ်းခရီးကို အလွန်ကျွမ်းကျင်မည်မှာ သေချာသည်။
ဝမ်းနည်းစရာကောင်းသည်မှာ... မုန့်ချင်ကျိုး တုန်းဖန်မိသားစုထဲသို့ အိမ်ထောင်ပြု ဝင်ရောက်ပြီးကတည်းက မြို့တော်တွင် ဒုတိယဝန်ကြီးအဖြစ် တစ်လကြာ တာဝန်ထမ်းဆောင် ခဲ့ဖူးသော်လည်း မြို့တော်သို့ ကိုယ်တိုင်ကိုယ်ကျ ခရီးတစ်ခေါက်မျှ မသွားခဲ့ဖူးခြင်းပင်။
"သခင်လေး... အရှင်မက သခင်လေး မြို့တော်ကနေ ပြတ်ပြတ်သားသား ထွက်သွားခဲ့တဲ့အပေါ် အငြိုးထားနေမှာပဲ။ ပြီးတော့လည်း အလွန်အကျွံ တောင်းဆိုမှုတွေ လုပ်လာနိုင်တယ်..." အထုပ်အပိုး အိတ်ကြီးအိတ်ငယ်များကို သယ်ဆောင်ထားသော စုချင်ချိုးက မုန့်ချင်ကျိုးနောက်မှ ခြေလှမ်းကျဲကျဲဖြင့် လိုက်ပါရင်း ပါးစပ်ကလည်း မနားတမ်း ပြောနေတော့သည်။
စုချင်ချိုး၏ စိတ်ထဲတွင်လည်း စိုးရိမ်မှုတစ်ခု ရှိနေ၏။
အရှင်မက မြောက်ဘက်မဟာမိတ်ကို တိုက်ခိုက်ဖို့ ကိုယ်တိုင်စစ်ချီချင်သော်လည်း သူက တစ်ပြိုင်နက်တည်း နေရာနှစ်ခုမှာ မရှိနိုင်ပေ။ ပစ္စုပ္ပန်ရွာမှ ထွက်သွားရန်လည်း အကြောင်းပြချက်က ကောင်းကောင်းမရှိ ဖြစ်နေသည်။
စဉ်းစားကြည့်ပါ... ရွာသူလေးတစ်ယောက်က ဘာအကြောင်းပြချက်မှမရှိဘဲ ရုတ်တရက် အိမ်ကနေ ထွက်သွားမယ်ဆိုရင် ဘယ်ယောက်ျားကမှ သံသယမဝင်ဘဲ နေမှာလဲ။
ပြီးတော့ ဒီခရီးက အနည်းဆုံး သုံးလေးပတ်ကနေ လပေါင်းများစွာအထိ ကြာသွားနိုတယ်။
တကယ်လို့ (၆)လကြာမှ ပြန်လာမယ်ဆိုရင် မုန့်ချင်ကျိုးက စားပွဲပေါ်မှာ လင်မယားကွာရှင်းစာချုပ်ကို တင်ထားလောက်ပြီ။
မည်သို့ပင်ဖြစ်စေ တုန်းဖန်လျူလီက ထိုကဲ့သို့သော အကျိုးဆက်ကို မခံစားနိုင်ပေ။ ထို့ကြောင့် သူက ထိုသို့နည်းလမ်းကို သုံးလိုက်ခြင်း ဖြစ်သည်။ မုန့်ချင်ကျိုးကို မြို့တော်သို့လွှတ်ပြီး "ဧကရီနှင့် သွားရောက်တွေ့ဆုံစေခြင်း"ဖြင့် ဧကရီကိုယ်တိုင် စစ်ချီသည့်အခါ ကြင်ရာတော်ကိုပါ တစ်ပါတည်း ခေါ်သွားနိုင်ရန် စီစဉ်ခြင်းပင်။
သူတို့က လမ်းခရီးတလျှောက် ရှုခင်းများကို ကြည့်ရှုရင်း အိမ်ထောင်ပြုပြီးကတည်းက အတူတူ အချိန်မပေးနိုင်ခဲ့သည်များကို ပြန်လည်ဖြည့်ဆည်းရန် နွေဦးခရီးထွက်သလို သဘောထားကြလိမ့်မည်။
"လျူလီအတွက်ဆိုရင် ဧကရီဘက်က ဘယ်လို အဓိပ္ပာယ်မရှိတဲ့ တောင်းဆိုမှုမျိုးပဲလုပ်လုပ် ငါ လက်ခံမှာပါ…" မုန့်ချင်ကျိုးက ပြတ်သားစွာ ပြောလိုက်သည်။
စုချင်ချိုးက ခဏစဉ်းစားပြီး မေးသည်။ "တကယ်လို့ အရှင်မက သခင်လေးကို သူ့ရဲ့ အချစ်တော်အဖြစ် နေပေးဖို့ တောင်းဆိုရင်ရော…"
ထိုစကားကို ကြားသောအခါ မုန့်ချင်ကျိုး ချက်ချင်း ခြေလှမ်းတန့်သွားပြီး နဖူးပေါ်တွင် အမည်းရောင် မျဉ်းသုံးကြောင်း ပေါ်လာတော့သည်။ သူက စုချင်ချိုး၏ ဦးခေါင်းလေးကို လက်ဖြင့်တို့ကာ ပြောလိုက်သည်။
"မင်း တစ်နေ့တစ်နေ့ ဘာတွေတွေးနေတာလဲ။ အရှင်မနဲ့ ဧကရာဇ်တို့က အရမ်းချစ်ကြတယ်ဆိုတာ လူတိုင်းသိတာပဲ။ ပြီးတော့ ငါ့မှာလည်း မိသားစုရှိတယ်။ အရှင်မက ဘယ်လိုလူမျိုးလဲ။ သူက အိမ်ထောင်ရှိ ယောက်ျားတစ်ယောက်ကို ဘယ်လိုလုပ် လိုချင်မှာလဲ။ မင်းက အရှင်မကို အရမ်း အထင်သေးတာပဲ…"
ဇာတ်လမ်းက ယခုချိန် လုံးဝ ပျက်စီးသွားပြီဆိုလျှင်ပင် အနည်းဆုံးတော့ ဇာတ်ကောင်စရိုက်များက ပျက်စီးမည် မဟုတ်ပေ။
ဧကရီက အလွန်လှပဆဲပင်။ သူက စာအုပ်ထဲကအတိုင်း ကောင်းကင်ပြည်နယ်နှင့် တောရိုင်းမြေ တစ်ခုလုံးရှိ ယောက်ျားများကို အရူးအမူးဖြစ်အောင် လုပ်နိုင်စွမ်းရှိသော အမျိုးသမီးဖြစ်သည်။
မုန့်ချင်ကျိုး၏ အချိန်နှင့်နေရာလွတ် ဓားသူတော်စင် သရုပ်မှန်ကို သိသွားလျှင်ပင် ဧကရီက သူ့ကို အထင်ကြီးမည် မဟုတ်။ အလွန်ဆုံးရှိလှ သူ့ခွန်အားနှင့် အရည်အချင်းကိုသာ အသိအမှတ်ပြုပေမည်။
မုန့်ချင်ကျိုးက ၎င်းကို အကြွင်းမဲ့ ယုံကြည်နေသည်။
"လျူလီရဲ့ ရောဂါက အတော်လေး ပြင်းထန်ပုံပဲ။" မုန့်ချင်ကျိုးက ရပ်တန့်ကာ နောက်သို့ အကြိမ်ကြိမ် ပြန်ကြည့်မိသည်။
သူတို့ ထွက်မလာခင်မှာပင် တုန်းဖန်လျူလီ သတိလစ်သွားခဲ့ပြီး ဝူတျဲက ဂရုတစိုက် ပြုစုပေးနေရသည်။
မှန်ပေသည်။ ဝူတျဲတွင် အကျင့်ဟောင်းများ ရှိနေသောကြောင့် မုန့်ချင်ကျိုးက အုပ်ကြွပ်စိမ်းအိမ်တွင် ဓားအသိ အချို့ကို အထူးတလည် ချန်ထားခဲ့သည်။ ထို့ကြောင့် အလွန်အင်အားကြီးသော ပုဂ္ဂိုလ်များ လာရောက်တိုက်ခိုက်လျှင်ပင် အသတ်ခံရမည်မှာ သေချာသည်။
အတော်ကြာအောင် စောင့်သော်လည်း တုန်းဖန်လျူလီ ထွက်မလာသည်ကို ကြည့်ခြင်းအားဖြင့် သူ သတိမရသေးသည်မှာ သိသာပေသည်။
"သွားကြစို့။ ငါတို့ အမြန်ပြန်လာခဲ့မယ်…ဟု မုန့်ချင်ကျိုးက ပြောသည်။
စုချင်ချိုးက တိတ်တဆိတ် နှုတ်ခမ်းမဲ့လိုက်သည်။
သခင်လေးရယ်... တစ်ခါထွက်သွားပြီးရင် ခဏလေးနဲ့ ပြန်လာလို့ မရတော့ဘူး။ အမြန်သွား အမြန်ပြန် ဆိုတာမျိုး ဒီမှာ မရှိဘူး။
ပြီးတော့ သခင်လေးက အရှင်မကို အရမ်းယုံကြည်လွန်းနေတဲ့ပုံပဲ။ သခင်လေးရဲ့ ယုံကြည်မှုတွေ ဘယ်ကနေ လာသလဲဆိုတာ ကျွန်မ မသိဘူး။ အရှင်မက သခင်လေးကို မြို့တော်ခေါ်တာဟာ စစ်ပွဲအတွက်တင် မဟုတ်ဘူး။ သခင်လေးနဲ့ ဧကရီကြားက တင်းမာမှုတွေကို လျှော့ချဖို့လည်း ပါတယ် ဆိုတာကို သတိထားသင့်တယ်။ သခင်လေးဆီကနေ အစွမ်းကုန် အသုံးချပြီးမှ သူ ကျေနပ်မှာ။
"သခင်လေး... ကံကောင်းပါစေ။" စုချင်ချိုးက မနေနိုင်ဘဲ ပြောလိုက်မိသည်။
ဒီလိုကြည့်ရင် သခင်လေးက တကယ်သနားဖို့ကောင်းတယ်။ ဝံပုလွေအုပ်ထဲကို ကိုယ့်သဘောနဲ့ကိုယ် လမ်းလျှောက်ဝင်သွားတဲ့ ယုန်ကလေးတစ်ကောင်လိုပဲ။ သူက ဘာမှလည်း မသိရှာဘူး။
အင်း... တကယ်ပဲ သနားစရာလေး။
"ထူးထူးဆန်းဆန်းတွေ ပြောမနေနဲ့။ ငါ့ဝတ်ရုံလက်ကို ကိုင်ထား၊ အချိန်နဲ့နေရာလွတ် လမ်းကနေ ခေါ်သွားပေးမယ်။" မုန့်ချင်ကျိုးက ပြောသည်။
ထိုစဉ်မှာပင်...
ကောင်းကင်ယံမှ ရွှေရောင်အလင်းတန်းတစ်ခု ကျဆင်းလာပြီး ဖားလောင်းပုံစံ စာလုံးပေါင်းများစွာ ပေါ်ထွက်လာသည်။ နတ်ဓားတစ်လက်ပေါ် ရပ်နေသော နန်းတွင်းအပျိုတော်တစ်ဦးက အမိန့်တော်ကို ကိုင်ဆောင်ကာ အသံကျယ်ကျယ်ဖြင့် ဖတ်ကြားလိုက်သည်။
"ဧကရီ၏ အမိန့်တော်အရ... ဒုတိယဝန်ကြီးဟောင်း မုန့်ချင်ကို နန်းတော်သို့ အမြန်လာရောက်ရန် ဆင့်ခေါ်လိုက်သည်။ အမိန့်တော်အတိုင်း နာခံစေ…"
မုန့်ချင်ကျိုးက ကြောင်တောင်တောင်ဖြင့် မော့ကြည့်လိုက်သည်။
ဟမ်။ အမိန့်တော်ကြီးပား။
"မင်းက ဘယ်သူ့ရဲ့ အမိန့်တော်ကို ယူလာတာလဲ။" မုန့်ချင်ကျိုးက မေးသည်။
"မဟာကျင်းဧကရီ။" နတ်ဓားပေါ် ရပ်နေသော နန်းတွင်းအပျိုတော်က မောက်မာပြီး အေးစက်သောအသံဖြင့် ပြောလိုက်သော်လည်း၊ သူမ၏ မျက်ဝန်းများမှာမူ မုန့်ချင်ကျိုးကို စိုက်ကြည့်ရင်း ဝင်းလက်နေကြသည်။
ဝိုး... ဒါက ဧကရာဇ်ရဲ့ အငွေ့အသက်လား။ တကယ်ကို ခန့်ညားပြီး ကြည့်ကောင်းလိုက်တာ…
အရှင်မတောင် စွဲလန်းသွားတာ မဆန်းပါဘူး၊ ငါသာဆိုရင်လည်း ခုခံနိုင်မှာ မဟုတ်ဘူး။
မုန့်ချင်ကျိုးက အလွန်အံ့သြသွားပြီး ပြောလိုက်သည်။
"အရှင်မက ဘာကြောင့် ငါ့ကို နန်းတော်ဆီ ဆင့်ခေါ်တာလဲ။"
နန်းတွင်းအပျိုတော်၏ အသံမှာ စမ်းရေအလား ကြည်လင်နေပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဆိုသည်။ "ကျွန်မ မသိဘူး။ အရှင်မက ရှင့်ကို နန်းတော်ထဲ ခေါ်လာဖို့ပဲ အမိန့်ပေးလိုက်တာ။ ကျွန်မဆီမှာ တယ်လီပို့ပစ္စည်း ပါလာတယ်။ ချက်ချင်း မြို့တော်ကို ရောက်သွားနိုင်တယ်။ ဝန်ကြီးမုန့်... ကျွန်မနဲ့ လိုက်ခဲ့ပါ။"
မုန့်ချင်ကျိုးက မေးစေ့ကို ပွတ်ရင်း စဉ်းစားနေမိသည်။
ဒီလို အရေးကြီးတဲ့ အချိန်မှာ မဟာကျင်းက အတွင်းရော အပြင်ပါ ပြဿနာတွေနဲ့ ရင်ဆိုင်နေရချိန် ဧကရီ ငါ့ကို ရုတ်တရက် ခေါ်လိုက်တာက...
ဒါက လူအင်အား လိုအပ်နေလို့ ငါ့ကို အသုံးချခံတစ်ခုအနေနဲ့ သတိရသွားတာပဲ ဖြစ်ရမယ်။
"တကယ့်ကို အာဏာပြတာပဲ။ ခေါ်ချင်ရင် ခေါ်မယ်။ နှင်ချင်ရင် နှင်မယ်။ ငါ မုန့်ချင်ကျိုးမှာ ဒေါသ မရှိဘူးလို့ ထင်နေတာလား။" မုန့်ချင်ကျိုးက မကျေမနပ် ပြောလိုက်သည်။
စုချင်ချိုးက အမြန်ပင် တိုးတိုးလေး သတိပေးလိုက်သည်။ "သခင်လေး... ကျွန်မတို့က သူတို့ဆီက အကူအညီတောင်းဖို့ သွားတာဆိုတာ မမေ့ပါနဲ့ဦး။ ခပ်အေးအေးပဲ နေလိုက်စမ်းပါ။"
"ကျွတ်..."
မုန့်ချင်ကျိုး သက်ပြင်းချကာ နဖူးကို စိတ်ပျက်လက်ပျက်ဖြင့် ပွတ်လိုက်သည်။
ဤကိစ္စပြီးသွားလျှင် အားလပ်ချိန်များ၌ တခြားသော အတတ်ပညာများကို အဆုံးစွန်ထိ သင်ယူမည်ဟု သူ စိတ်ထဲတွင် တေးထားလိုက်သည်။ ဆေးဖော်နည်း၊ လက်နက်လုပ်နည်း၊ ဖုန်းရွှေ၊ နက္ခတ်ဗေဒင်... အကုန်လုံးကို သူ ကျွမ်းကျင်အောင် လုပ်ပေမည်။
"တယ်လီပို့စနစ် မလိုဘူး။ ငါ့ရဲ့ အချိန်နဲ့နေရာလွတ်အတတ်က အဲဒါထက် ပိုမြန်တယ်။" မုန့်ချင်ကျိုးက လက်ဝှေ့ယမ်းကာ ငြင်းလိုက်သည်။
သူက နန်းတွင်းအပျိုတော်ရှေ့မှာ အရည်အချင်းကို ကြွားချင်နေခြင်း ဖြစ်သည်။
စုချင်ချိုး ထိတ်လန့်သွားပြီး မျက်လုံးကြီးများမှာ ကစားသွားကာ စိတ်ကူးတစ်ခု ရသွားသည်။
"သခင်လေး... ကျွန်မက တယ်လီပို့ပစ္စည်းကို ပိုပြီး စိတ်ဝင်စားလို့ အဲဒါကို စမ်းသုံးကြည့်ချင်တယ်။"
မုန့်ချင်ကျိုး မျက်နှာပျက်သွားပြီး မကျေမနပ်နှင့် ပြောသည်။ "ဘာလဲ။ ငါ့ရဲ့ အချိန်နဲ့နေရာလွတ် အတတ်ကို အထင်သေးတာလား။ တခြားလူတွေဆိုရင် ဒါကို ကြုံဖူးဖို့ တောင်းပန်နေတာ။ မင်းကတော့ ငြင်းနေတယ်ပေါ့လေ…"
စုချင်ချိုးက နှုတ်ခမ်းစူကာ မုန့်ချင်ကျိုး၏ လက်များကို ဆွဲကိုင်ပြီး ချွဲနွဲ့သောအသံဖြင့် ပြောသည်။ျ
"တောင်းပန်ပါတယ် သခင်လေးရယ်... ကျွန်မ တယ်လီပို့ပစ္စည်းလေးကို စမ်းသုံးကြည့်ချင်လို့ပါ။ နော်... နော်..."
"အေးအေး... ပြီးတာပဲ။" မုန့်ချင်ကျိုးက စိတ်မပါသလို လက်လျှော့လိုက်သည်။
အချိန်နဲ့နေရာလွတ် အတတ်က အဆင့်မြင့်လွန်းတယ်။ အတင်းထိုင်ခိုင်းနေရင် အဆင့်အတန်း နိမ့်ကျသွားမှာပေါ့။
"လိုက်ချင်လိုက်။ မလိုက်ချင်နေ။ သွားမယ်…"
နန်းတွင်းအပျိုတော်က နတ်ဓားပေါ်မှ ဆင်းလာပြီး မုန့်ချင်ကျိုးအနားသို့ ချဉ်းကပ်ကာ လေထုထဲမှ ဧကရာဇ်၏ ထူးခြားသော ရနံ့ကို တဝကြီး ရှူရှိုက်လိုက်သည်။
“မင်း ဘာလုပ်နေတာလဲ။ ခွေးတစ်ကောင်လိုပဲ…" မုန့်ချင်ကျိုးက ဇဝေဇဝါဖြင့် မေးလိုက်သည်။ သူသာ မျက်မမြင် မဟုတ်ခဲ့လျှင် ထိုအချိန် မျက်စိစောင်းကြည့်နေလောက်လေပြီ။
"အဟမ်း.. ဘာမှမဟုတ်ပါဘူး၊ နှာစေးနေလို့ပါ…" နန်းတွင်းအပျိုတော်က တယ်လီပို့ပစ္စည်းကို ထုတ်ကာ လက်ကွက်များဖော်ပြီး အစီအရင်ကို အသက်သွင်းလိုက်သည်။
ချက်ချင်းပင် ငွေဖြူရောင် အလင်းတန်းတစ်ခုက သူတို့ သုံးဦးစလုံးကို လွှမ်းခြုံသွားတော့သည်။
ထိုအချိန်မှာပင်...
ရွာသားများက ရွာထိပ်တွင် စုရုံးနေကြပြီး မျက်ရည်များဖြင့် နှုတ်ဆက်နေကြသည်။
"တုန်းဖန်မိသားစုရဲ့ သမက်လေး... သေချာပေါက် ပြန်လာခဲ့ရမယ်နော်။ မင်းမရှိရင် ငါတို့မှာ ကြည့်စရာ ပြပွဲမရှိတော့ဘူး။ အဲ... မှားလို့၊ စကားပြောဖော် မရှိတော့ဘူး။"
"ချင်ကျိုး... ရွာသားတွေကို မမေ့နဲ့ဦး။ ရွာကို ပြန်လာရင် လက်ဆောင်တွေ အများကြီး သယ်လာခဲ့ဦး။"
"ဧကရီကို ကောင်းကောင်း အလုပ်အကျွေးပြုခဲ့နော်၊။ အိမ်ကို သိပ်လွမ်းမနေနဲ့။ ဧကရီက အသားဖြူဖြူ၊ လှလှပပနဲ့ ခြေတံရှည်ရှည်လေးနော်။ မင်းသာ သူ့ကို ကောင်းကောင်း ပြုစုနိုင်ရင် ငါတို့တစ်ရွာလုံး နတ်ပြည်ရောက်ပြီ…"
"ဟုတ်တယ်... ရွာသားတွေ ကြီးပွားဖို့က မင်းအပေါ်မှာပဲ မူတည်တယ်။ ဧကရီကို စိတ်ကျေနပ်အောင် ကောင်းကောင်း ပြုစုပေးခဲ့…"
…
အပိုင်း(၁၃၀) ဧကရာဇ်ရဲ့ မျိုးရိုးနဲ့ နာမည်က ဘာလဲ
မဟာကျင်း၏ မြို့တော်။
ပြည်နယ်(၉)ခုစလုံးက ရိုသေလေးစားရသော တိုင်းပြည်၏ ကံကြမ္မာ နဂါးအကြောမကြီး ဆုံစည်းရာ မြို့တော်ဖြစ်သည့်အားလျော်စွာ ၎င်း၏ ဗိသုကာလက်ရာများမှာလည်း ထူးခြားဆန်းပြားလှ၏ျ။
မြို့တော်တစ်ခုလုံးကို စက်ဝိုင်းပုံစံ တည်ဆောက်ထားပြီး ဗဟိုရှိ နန်းတော်ကို ဝန်းရံကာကွယ်ထားသည်။ ပတ်ဝန်းကျင်ရှိ အဆောက်အအုံများကို ထိုက်ကျိပါကွား ပုံစံအတိုင်း ခွဲခြားထားသည်။ နန်းတော်ကျုံး အရှေ့တွင် ဧကပေါင်းရာချီ ကျယ်ဝန်းသော ဧရာမ ရင်ပြင်ကြီးတစ်ခု ရှိသည်။
မူလက ထိုဗဟိုရင်ပြင်ကြီးကို စစ်သည်တော်များ စုရုံးရန်နှင့် စစ်မိန့်ပေးရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး ရံဖန်ရံခါ လူထုအစည်းအဝေးပွဲများ ကျင်းပရန်လည်း အဆင်ပြေစေသည်။
သို့သော် မဟာကျင်း တည်ထောင်ပြီးကတည်းက တိုက်ပွဲငယ်နှင့် တိုက်ပွဲကြီးများ အဆက်မပြတ် ဖြစ်ပွားနေခဲ့မည်ဟု မည်သူက ထင်ထားမည်နည်း။ မြို့တော်နှင့် နန်းတော်ကို စောင့်ကြပ်သည့် ကိုယ်ရံတော်တပ်များမှလွဲ၍ ကျန်စစ်တပ်များမှာ မြို့တော်သို့ ပြန်လာခွင့်ပင် မရခဲ့ကြချေ။ သူတို့က တိုက်ပွဲဝင်နေကြရသည် သို့မဟုတ် တိုက်ပွဲဝင်ရန် လမ်းခရီးတွင် ရှိနေကြရသဖြင့် ဤဗဟိုရင်ပြင်ကြီးကို အသုံးမပြုဖြစ်ခဲ့ကြပေ။
ယခုမူ...
ဗဟိုရင်ပြင်တွင် ရုပ်တုနှစ်ခု မတ်တပ်ရပ်နေသည်ကို တွေ့ရသည်။ တစ်ခုမှာ အမျိုးသားရုပ်တု ဖြစ်ပြီး နောက်တစ်ခုမှာ အမျိုးသမီးရုပ်တု ဖြစ်သည်။ အမျိုးသမီးရုပ်တုမှာ မဟာကျင်းဧကရီဖြစ်ပြီး အတုမရှိ အလှတရား၊ ဧကရာဇ်တစ်ပါး၏ ခန့်ညားမှုနှင့် မြင့်မြတ်သောအာဏာစက် အငွေ့အသက်များ လွှမ်းခြုံနေသည်။
အမျိုးသားရုပ်တုမှာမူ အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ယဉ်ကျေးသိမ်မွေ့သော ပညာရှိတစ်ဦး ဖြစ်ပြီး၊ တည်ငြိမ်အေးဆေးကာ အရပ်ရှည်ရှည်၊ ကိုယ်လုံးသွယ်သွယ်ဖြင့် နတ်ဘုရားတစ်ပါးကဲ့သို့ အငွေ့အသက်ရှိသော်လည်း မျက်နှာသွင်ပြင်ကိုမူ အသေးစိတ် ထုလုပ်ထားခြင်း မရှိသေးပေ။
လက်မှုပညာရှင် ရာပေါင်းများစွာ အလုပ်ရှုပ်နေကြပြီး နန်းတွင်းကိုယ်ရံတော်များက ပတ်ပတ်လည်တွင် စောင့်ကြပ်နေကြသည်။ ဤစီမံကိန်းကို ဝန်ထမ်းရေးရာဝန်ကြီး ကိုယ်တိုင် ကြီးကြပ်နေခြင်းဖြစ်သည်။
"ကမ္ဘာဦးမူလဥက္ကာခဲ၊ နတ်ဘုရားအဆင့် ရွှေစင်နဲ့ နတ်ဘုရားအဆင့် သံရိုင်း။ ဒီတွင်းထွက်ပစ္စည်း တန်ချိန်ပေါင်းများစွာကို ဒီကို သယ်လာခဲ့ရတယ်။ နိုင်ငံတော် ဘဏ္ဍာတိုက်ထဲမှာ ရှိသမျှ အကုန်နီးပါးကို ဒီရုပ်တုနှစ်ခု ဆောက်ဖို့ သုံးလိုက်တာပဲ…" လွှတ်တော်အမတ်ချုပ်ကြီးက စာရင်းဇယားများကို ကြည့်ရင်း ပေါင်ကို နာကျင်စွာ ရိုက်ကာ ညည်းတွားလိုက်သည်။
စာရင်းများကို ကြည့်လေလေ ကြောက်စရာ ကောင်းလေလေပင်။ ဆံပင်ဖြူ အမတ်ချုပ်ကြီးက သူ၏ ရင်ဘတ်ကို ဖိကာ အသက်ရှူရ ခက်ခဲနေသကဲ့သို့ ခံစားလိုက်ရသည်။
"အင်အားကြီး (၇)ခုဆီက ရထားတဲ့ လျော်ကြေးငွေတွေထဲက ဒီနတ်ဘုရားအဆင့် တွင်းထွက် ပစ္စည်းတွေကို အသုံးမဝင်တဲ့ ရုပ်တုနှစ်ခုဆောက်ဖို့ သုံးပစ်လိုက်တာလား။ စစ်ပွဲဖြစ်နေတဲ့ အချိန်မှာ ဒီလို ဖြုန်းတီးလို့ ဖြစ်ပါ့မလား…"
"ငါ အစီရင်ခံစာ တင်ရမယ်…"
ဝန်ထမ်းရေးရာဝန်ကြီးက လက်ပိုက်ကာ အမတ်ချုပ်ကြီးကို ဘေးတစောင်း ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။ "အစီရင်ခံစာ တင်မလို့လား။ ဘယ်သူ့ကို တရားစွဲမှာလဲ။ အရှင်မကိုလား။"
"ဒါက ဧကရီနဲ့ ဧကရာဇ်ရဲ့ ရုပ်တုတွေကို ဆောက်ဖို့ အရှင်မကိုယ်တိုင် ထုတ်ပြန်ထားတဲ့ အမိန့်တော်ပဲ။ အစီရင်ခံစာ တင်ချင်ရင် အရှင်မ ဆီပဲ တင်လို့ရမယ်။"
ထိုစကားကို ကြားသောအခါ အမတ်ချုပ်ကြီးက သူ၏ မုတ်ဆိတ်ကို ပွတ်ကာ အတန်ကြာ စဉ်းစားပြီးမှ ပြောသည်။ "အရှင်မလား။ အရှင်မရဲ့ အမိန့်ဆိုရင်တော့ သူ့မှာ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိမှာပေါ့။ ကျုပ်တို့လို လက်အောက်ခံတွေအနေနဲ့ အရှင်မကို အလုပ်ရှုပ်အောင် မလုပ်သင့်ပါဘူး။"
"ဟဲဟဲ..." ဝန်ထမ်းရေးရာဝန်ကြီးက အမူအရာမရှိဘဲ ရယ်လိုက်သည်။
ဧကရီက သွေးပင်လယ်ကြီးကို နောက်ခံထားပြီး နိုင်ငံတော်အရေးကို ဆွေးနွေးခဲ့သည့်နေ့မှစ၍ မူးမတ်အရာရှိများ၏ သူ့အပေါ် ရိုသေကြောက်ရွံ့မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
အကြံပေးရာတွင် ရူးသွပ်လောက်အောင် ဇွဲရှိသည့် အမတ်ချုပ်ကြီးပင်လျှင် "အရှင်မ" ဟူသော စကားလုံးကို ကြားလိုက်ရုံနှင့် ထိုဖိအားဒဏ်ကို ခံနိုင်ပါ့မလားဟု ပြန်လည်စဉ်းစားရတော့သည်။
ဝုန်း…
ထိုစဉ် ဗဟိုရင်ပြင်၏ အရှေ့ဘက်ရှိ တယ်လီပို့အစီအရင်တစ်ခု လင်းထိန်သွားပြီး လူ(၃)ဦး ပေါ်လာ၏။
"မြို့တော်ကို ရောက်ပြီ။ ကျွန်မရဲ့တာဝန် ပြီးပြီ။ နှုတ်ဆက်ခဲ့ပါတယ်။" နန်းတွင်းအပျိုတော်က ပြောပြီး လှည့်ထွက်သွားတော့သည်။
ဝန်ထမ်းရေးရာဝန်ကြီးက နန်းတွင်းအပျိုတော်ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။ သူက စိတ်မဝင်စားသလို ဟန်ဆောင်နေသော်လည်း သူ့ကို နှမြောတသစွာ လှမ်းကြည့်ရင်း တကိုယ်တည်း ရေရွတ်နေလိုက်သည်။ "ဒါက ဘယ်လို ကိုယ်နေဟန်ထားလဲ။ လည်ပင်း မနာဘူးလား။"
မုန့်ချင်ကျိုးက လက်အုပ်ချီ နှုတ်ဆက်ကာ ဆိုသည်။ "ကျေးဇူးတင်ပါတယ်…"
ရင်းနှီးနေသော အသံကို ကြားလိုက်ရသဖြင့် ဝန်ထမ်းရေးရာဝန်ကြီး မျက်လုံးများ ဝင်းလက်သွားပြီး အနားသို့ အမြန်ပြေးလာသည်။
"မုန့်ချင်း…"
"မင်း ဘာလို့ မြို့တော်ကို ပြန်လာတာလဲ။ မင်းဇနီးနဲ့အတူ ရွာမှာပဲ အေးအေးဆေးဆေး နေတော့မယ် ဆို။"
သူက ပစ္စုပ္ပန်ရွာသား တစ်ဦးဖြစ်သော်လည်း လွန်ခဲ့သော နှစ်ရက်လုံး ရုပ်တုဆောက်လုပ်ရေးနှင့် အလုပ်ရှုပ်နေသဖြင့် ရွာတွင် မည်သည့်အရာများ ဖြစ်နေသည်ကို လုံးဝ မသိရှိပေ။
"အရှင်မက ဆင့်ခေါ်လို့ပါ…" မုန့်ချင်ကျိုးက ပြုံးလျက် အတိုချုံး ပြောလိုက်သည်။
ရုတ်တရက် သံချင်းရိုက်သံများ၊ ထုရိုက်သံများကို ကြားလိုက်ရသဖြင့် ဤနေရာက အလွန်ပင် စည်ကားလှုပ်ရှားနေကြောင်း သူ သိလိုက်ရသည်။
"ဒါနဲ့... လူကြီးမင်းရဲ့ နာမည်ကို သိလို့ရမလား။" မုန့်ချင်ကျိုးက လက်ယှက်ကာ မေးမြန်းလိုက်သည်။
မုန့်ချင်ကို ကြည့်လိုက်ရုံနှင့် ချက်ချင်းမှတ်မိပြီး ရိုးရိုးသားသား ချဉ်းကပ်လာခြင်းကို ကြည့်ရုံနှင့် သူက နန်းတော်မှ အဆင့်မြင့်အရာရှိကြီး တစ်ဦးဖြစ်ရမည်။
"ဒီလို ဂုဏ်ပြုစကားကို ကျုပ် မခံယူဝံ့ပါဘူး။ ကျုပ်က ဝန်ထမ်းရေးရာဝန်ကြီး ဖန့်ချန်ပါ…" ဝန်ကြီးက ပြန်လည် နှုတ်ဆက်သည်။
မုန့်ချင်ကျိုးက ခေါင်းညိတ်ပြကာ အသံလာရာဘက်သို့ လက်ညှိုးထိုးပြပြီး မေးလိုက်သည်။ "ဝန်ကြီဖန့်... ဟိုဘက်မှာ ဘာတွေ ဖြစ်နေတာလဲ။"
ဝန်ကြီးဖန့်က ရုပ်တုဘက်သို့ ပြန်လှည့်ကြည့်ကာ ပြုံးလိုက်သည်။
"အရှင်မက ဧကရာဇ်နဲ့ သူ့ရဲ့ ရုပ်တုတွေကို ဆောက်ဖို့ အမိန့်တော် ချမှတ်ထားတာပါ။ ကုန်ကျစရိတ်က မနည်းဘူး။ နတ်ဘုရားအဆင့် တွင်းထွက်ပစ္စည်း တန်ချိန်ပေါင်းများစွာကို သုံးထားတာ။ ဒီပစ္စည်းတွေနဲ့ ဆိုရင် နတ်ဘုရားအဆင့် ဝိညာဉ်လက်နက် (၁၀)ခုတောင် ဖော်စပ်လို့ ရတယ်"
ထိုစကားကို ကြားသောအခါ မုန့်ချင်ကျိုး အလွန်အံ့သြသွား၏။
လောကကို စုစည်းဖို့အတွက် အရာအားလုံးကို စတေးရဲတဲ့ ပညာရှိပြီး အာဏာရှိတဲ့ ဧကရီက အခုတော့ ဒီလို အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေကို လုပ်နေပြီလား။
ရုပ်တုနှစ်ခု ဆောက်ဖို့အတွက် ဒီလောက်တောင် အရင်းအမြစ်တွေ ဖြုန်းတီးပစ်တာဟာ တကယ့်ကို ရူးသွပ်မှုပဲ။
"မဟာကျင်းက ပြဿနာတွေ ကြုံနေရတယ်လို့ ကြားထားပါတယ်။ အရှင်မ ဒီလို ဖြုန်းတီးနေတာက သင့်တော်ရဲ့လား။" မုန့်ချင်ကျိုးက အံ့သြတကြီး မေးလိုက်သည်။
ဝန်ကြီးဖန့်က သက်ပြင်းချကာ မီတာတစ်ရာကျော် မြင့်သော ရုပ်တုကြီးကို မော့ကြည့်ရင်း ပြောသည်။
"ဘာမှ လုပ်လို့မရဘူးလေ။ ဧကရာဇ်နဲ့ အရှင်မက တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတာကိုး။"
"အခုလို စစ်ပွဲဖြစ်နေလို့ အရှင်မက ဒီစစ်ပွဲကို အနိုင်ရမယ်လို့ အကြွင်းမဲ့ ယုံကြည်မှု မရှိလို့လည်း ပါမယ်။ အဲဒါကြောင့် သူနဲ့ ဧကရာဇ်တို့ရဲ့ ရုပ်တုကို မြို့တော်မှာ ထားခဲ့ချင်တာပါ။ စစ်ပွဲမှာ ရှုံးနိမ့်သွားခဲ့ရင်တောင် သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦး ချစ်ခဲ့ကြတယ်ဆိုတဲ့ သက်သေက ထာဝရ ကျန်ရစ်နေမှာပဲလေ။"
"တစ်နေ့မှာ မဟာကျင်းရဲ့ မြို့တော်က တခြားသူတွေလက်ထဲ ကျရောက်သွားရင်တောင် ဒီလောက် ခိုင်မာတဲ့ ရုပ်တုကြီးကို ဖျက်ဆီးဖို့ ခက်ပါလိမ့်မယ်။ အရှင်မက... ဧကရာဇ်နဲ့ သူ့ရဲ့ အမှတ်အသားလေး တစ်ခုလောက်ပဲ ချန်ထားချင်တာပါ။"
မုန့်ချင်ကျိုးသည် စိတ်လှုပ်ရှားသွားပြီး ချီးကျူးလိုက်မိသည်။ "အဲဒီလိုကိုး။ အရှင်မနဲ့ ဧကရာဇ်က တကယ့်ကို နတ်ဖက်တဲ့ စုံတွဲပါပဲ…"
အိမ်ထောင်ကျပြီးသား ဧကရီမှာ ဒီလို စင်ကြယ်တဲ့ အချစ်စိတ် ရှိလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ။
ဝန်ကြီးဖန့်က မုန့်ချင်ကျိုးနောက် လိုက်လာသော စုချင်ချိုးကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူတို့နှစ်ဦး မျက်လုံးချင်းဆုံသွားကြသော်လည်း ဘာမှ မပြောဘဲ ငြိမ်နေကြသည်။
ဘယ်သူကပဲ ပြောပြော မင်းကိုယ်တိုင်က ဒီစကားကို ပြောနေတော့... တစ်မျိုးကြီးပဲ။
ထိုအချိန် မုန့်ချင်ကျိုးက စူးစမ်းလိုစိတ်ကို မထိန်းနိုင်တော့ဘဲ မေးလိုက်သည်။
"ဒါနဲ့... အခု ဧကရာဇ်ရဲ့ နာမည်က ဘယ်သူလဲ။ သူက ဘယ်လိုလူမို့လို့..."
"ဧကရီရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့တာလဲ။"
လောကမှာ ဒီလောက်တောင် ထူးခြားတဲ့ ယောက်ျားတစ်ယောက် ရှိနေတာပဲ။ ငါနဲ့တောင် ယှဉ်လို့ ရလောက်တယ်။
ဝန်ကြီးဖန့်က ရုတ်တရက် အပြင်းအထန် ချောင်းဆိုးလိုက်ပြီး မျက်နှာကြီး နီမြန်းလာကာ လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
"အဲ... ဓားသူတော်စင်... ကျုပ် တကယ်ပဲ နေမကောင်းဖြစ်လာလို့ အခုပဲ ခွင့်ပြုပါဦး။"
ပြောပြီးသည်နှင့် ဝန်ကြီးဖန့်က လျင်မြန်စွာ ခုန်တက်ပြီး မီတာ(၁၀၀) အပြေးပြိုင်ပွဲဝင်သလို အမြန်ဆုံး ထွက်ပြေးသွားတော့သည်။
အခုချက်ချင်း ဆုတ်ခွာမှဖြစ်မယ်။ ဒီမှာ ဆက်နေလို့ မဖြစ်ဘူး…
"ထူးဆန်းတဲ့ လူပဲ…" မုန့်ချင်ကျိုးက နှုတ်ခမ်းမဲ့လိုက်ပြီး စုချင်ချိုးဘက်သို့ လှည့်ကာ စကားပြောရန် ပြင်လိုက်သည်။
စုချင်ချိုး၏ မျက်နှာလေးမှာ အနည်းငယ် ပျက်သွားပြီး ဘေးဘီကို အသည်းအသန် လိုက်ကြည့်ရင်း စကားလမ်းကြောင်း လွှဲရန် ကြိုးစားနေသည်။
ဒုက္ခပါပဲ။ ဝန်ကြီးဖန့်ကတော့ လစ်သွားပြီ။ ငါကတော့ ပြေးလို့မရဘူး။ ဒီမေးခွန်းကို မေးလာရင် ဘာပြန်ပြောရမလဲ။
"သခင်လေး။ ဟိုရုပ်တုကြီးမှာ တစ်ခုခု ထူးဆန်းနေတယ်…" စုချင်ချိုးက ရုတ်တရက် ရုပ်တုကြီးကို လက်ညှိုးထိုးပြပြီး အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။
"ဘာထူးဆန်းလို့လဲ။" မုန့်ချင်ကျိုးက စိတ်ဝင်စားသွားသည်။
"ပုံမှန်ဆိုရင် တိုင်းပြည်ရဲ့ အုပ်ချုပ်သူဖြစ်တဲ့ ဧကရီက ရှေ့မှာ ရှိနေရမယ်။ ဧကရာဇ်က နောက်မှာ ရှိရမှာပေါ့။ ဒါပေမဲ့ ဒီရုပ်တုက ပြောင်းပြန်ကြီး။ ဧကရီက ဧကရာဇ်ရဲ့ ရင်ခွင်ထဲမှာ ရောက်နေပြီး ဧကရာဇ်ရဲ့ ပခုံးကို မှီထားတဲ့ ပုံစံမျိုးပဲ။ ဒါက... ဒါက မသင့်တော်ဘူး မဟုတ်လား။"
ထိုစကားကို ကြားသောအခါ မုန့်ချင်ကျိုး အံ့သြသွားသည်။
ဘုရားရေ။ ဒီလူ ဧကရီရဲ့နှလုံးသားကို သိမ်းပိုက်ရုံတင် မကဘူး။ ပလ္လင်ကိုပါ တိတ်တဆိတ် သိမ်းပိုက်ဖို့ ကြိုးစားနေတာလား…
တကယ်ကို အံ့သြစရာပဲ။ ငါ မုန့်ချင်ကျိုးက မင်း ငါ့ထက်တောင် ပိုတော်တယ်လို့ ဝန်ခံလိုက်ပါပြီ။ မင်းက တကယ့် လူစွမ်းကောင်းပဲ…
မုန့်ချင်ကျိုးက လက်မထောင်ပြလိုက်သည်။
…
အပိုင်း(၁၃၁) ဓားသူတော်စင်၏ အမည်နာမဖြင့်
မြို့တော်၏ လမ်းမများပေါ်တွင် လူအများမှာ အလုပ်ရှုပ်နေကြဆဲဖြစ်ပြီး တစ်လောကလုံးက စောင့်ကြည့်နေရသည့် စစ်ပွဲကြီးမှာ သူတို့နှင့် မသက်ဆိုင်သကဲ့သို့ပင်။
သို့သော် အနီးကပ်ကြည့်မည်ဆိုလျှင် လူအများမှာ အထုပ်အပိုးများကိုယ်စီဖြင့် အရေးကြီးသည့် ဆိုင်ကြီးများရှေ့တွင် စုရုံးကာ လှူဒါန်းမှုများ ပြုလုပ်နေကြသည်ကို တွေ့ရမည်။
"ကျွန်တော့်မှာ စုဆောင်းထားတာ အများကြီးမရှိပါဘူး။ နှစ်ပေါင်းများစွာ ဆန်ရောင်းပြီး စုထားတဲ့ ငွေထဲက ငွေအသပြာ(၃၀)ဟာ ကျွန်တော့်စုဆောင်းမှုရဲ့ တစ်ဝက်ပါ။ ကျန်တဲ့တစ်ဝက်ကိုတော့ အိမ်စရိတ်အတွက် ချန်ထားပါတယ်"
"ကျွန်တော်ကတော့ အိမ်ငှားခစားသူပါ။ အဖေက အိမ်ရာအတော်များများ ချန်ထားခဲ့လို့ စားဝတ်နေရေး ပူစရာမရှိပါဘူး။ ကျွန်တော့်မှာ ပိုလျှံသမျှ ရိက္ခာအားလုံးကို ဒီသိုလှောင်လက်စွပ်ထဲ ထည့်ထားပါတယ်။ နာမည်ရေးပေးရမလား။ မလိုပါဘူး။ တိုင်းပြည် အကျပ်အတည်းဖြစ်နေချိန်မှာ ကူညီဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။ ဒါ ကျွန်တော် လုပ်သင့်လုပ်ထိုက်တာပါ။"
"ကျွန်တော့်မှာ ပိုက်ဆံအများကြီး မရှိဘူး။ ဒါကတော့ ကိုယ်တိုင်စိုက်ထားတဲ့ ကန်စွန်းဥအိတ်ပါ။ ရှေ့တန်းက စစ်သည်တော်တွေ ဗိုက်ဝအောင် ကျွေးပေးကြပါ။"
...
မုန့်ချင်ကျိုးက စုချင်ချိုးနှင့်အတူ မြို့တော်၏ လမ်းကြားများထဲတွင် လျှောက်လှမ်းနေသည်။ သူက ဧကရီကို ဂါရဝပြုရန် နန်းတော်သို့ ချက်ချင်းမသွားသေးဘဲ မဟာကျင်း၏ လူထုအသံကို နားထောင်ရန်နှင့် ဤစစ်ပွဲအပေါ် ပြည်သူများ၏ သဘောထားကို သိရှိရန် အချိန်ယူ လှည့်ပတ်နေခြင်း ဖြစ်သည်။
သူ ထင်မှတ်ထားသလို ပြည်သူများ၏ မကျေနပ်သံများကို မကြားရပေ။
ထိုအစား လူအများက ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ စိတ်အားထက်သန်စွာဖြင့် ရက်ရက်ရောရော လှူဒါန်းနေကြသည်။ ဝိသမလောဘသား ကုန်သည်များပင် အမြတ်ထုတ်ခြင်းကို ရပ်တန့်ကာ နိုင်ငံတော်အတွက် ရန်ပုံငွေ ရှာဖွေပေးနေကြသည်။
၎င်းက မုန့်ချင်ကျိုး ထင်ထားသည်ထက် အများကြီး ကျော်လွန်နေသည်။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။" မုန့်ချင်ကျိုးက ဇဝေဇဝါဖြင့် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
ဒါက တကယ့်ကို မှော်ဆန်တဲ့ ပုံပြင်တစ်ပုဒ်လိုပဲ။
တကယ့်လောကက ရက်စက်တတ်သည်။ များသောအားဖြင့် တိုင်းပြည် အကျပ်အတည်းဖြစ်ချိန်တွင် လူတိုင်း၌ တာဝန်သိစိတ် ရှိမနေတတ်ကြပေ။ လူအများမှာ ကိုယ့်အကျိုးစီးပွားကိုသာ ကြည့်တတ်ကြပြီး ကုန်သည်များမှာလည်း တိုင်းပြည်ပျက်လျှင် အမြတ်ထုတ်ရန်သာ ချောင်းနေတတ်ကြသည်။
ယခု မြင်တွေ့နေရသော မြင်ကွင်းမျိုးမှာ တစ်ခါမျှ မကြားဖူးခဲ့ပေ…
စုချင်ချိုးက ထူးခြားသော တည်ငြိမ်မှုနှင့် ဂုဏ်ယူဝင့်ကြွားသည့် အသံဖြင့် ပြုံးလျက် ပြောလိုက်သည်။
"သခင်လေး... ဒါကြောင့်လည်း အရှင်မကို တောရိုင်းမြေနဲ့ ကောင်းကင်ပြည်နယ်တို့က ကြောက်ရွံ့နေကြတာပေါ့။ လွန်ခဲ့တဲ့ တစ်လက အရှင်မဟာ လရောင်ထွန်းလင်းနယ်ပယ်ရဲ့ အထွတ်အထိပ်မှာပဲ ရှိသေးတာတောင် အင်အားကြီး ပုဂ္ဂိုလ်များစွာက သူ့ကို ကမ္ဘာကျူးကျော်သူလို့ သတ်မှတ်ပြီး ဧကရီလို့ ခေါ်ကြတာ အကြောင်းမဲ့ မဟုတ်ဘူး…"
"စဉ်းစားကြည့်ပါ သခင်လေး။ မဟာကျင်းက တောရိုင်းမြေမှာ အင်အားအကြီးဆုံး မဟုတ်ဘူး။ လွန်ခဲ့တဲ့ တစ်လကဆိုရင် မြောက်ဘက်မဟာမိတ်ကိုတောင် ယှဉ်နိုင်ဖို့ မလွယ်ဘူး။ ဒါပေမဲ့ ကောင်းကင် ပြည်နယ် ကျိမိသားစုက မဟာကျင်းရဲ့ စည်းလုံးညီညွတ်မှုကို ဖြတ်တောက်ဖို့ အင်အားစု (၇)ခုကို စေလွှတ်ပြီး ဝိုင်းတိုက်ခိုင်းခဲ့တယ် မဟုတ်လား…"
စုချင်ချိုးက လူအုပ်ကြီးကို လက်ညှိုးထိုးပြရင်း ဂုဏ်ယူစွာ ပြောသည်။ "ဒါက အကြောင်းရင်းပဲ…"
မုန့်ချင်ကျိုး အတန်ကြာအောင် တိတ်ဆိတ်သွားသည်။
ဧကရီကို လူအများ ကြောက်ရွံ့ရခြင်းမှာ သူ၏ ထူးခြားသော အရည်အချင်း သို့မဟုတ် ရက်စက်သော နည်းလမ်းများကြောင့်တင် မဟုတ်ဘဲ ခေတ်ရှေ့ပြေး တိုင်းပြည်အုပ်ချုပ်ရေး မူဝါဒများကြောင့်လည်း ဖြစ်သည်။
တစ်တိုင်းပြည်လုံးက ပြည်သူများမှာ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေကြပြီး ဧကရီကို သူတို့၏ ဆင်းရဲဒုက္ခများမှ ကယ်တင်မည့် နတ်ဘုရားမတစ်ပါးကဲ့သို့ သတ်မှတ်ထားကြသည်။
မုန့်ချင်ကျိုးက လက်ကိုင်တုတ်ကို အားပြုကာ သိုလှောင်လက်စွပ် တစ်ကွင်းကို ချွတ်လိုက်သည်။ ထို့နောက် လူအုပ်၏ နောက်နားတွင် ရပ်ကာ လှူဒါန်းမှု လက်ခံသည့် စားပွဲပေါ်သို့ ထိုလက်စွပ်ကို တိတ်တဆိတ် တင်ထားခဲ့ပြီး၊ ဘာတစ်ခွန်းမျှ မပြောဘဲ လှည့်ထွက်သွားတော့သည်။
စာရင်းမှတ်နေသူက ချက်ချင်း လှမ်းခေါ်လိုက်သည်။ "အလှူရှင်ကြီး... နာမည်လေး သိပါရစေလား။"
"မလိုပါဘူး။" မုန့်ချင်ကျိုးက လှည့်မကြည့်ဘဲ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
"ဖွင့်ကြည့်လိုက်ဦး၊ ဘာတွေ လှူသွားလဲဆိုတာ သိရအောင် စာရင်းမှတ်လိုက်…" တာဝန်ခံတစ်ဦးက ဆိုသည်။
စာရင်းမှတ်သူက ခေါင်းညိတ်ပြီး သိုလှောင်လက်စွပ်ကို ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ ချက်ချင်းပင် မျက်လုံးများ ပြူးသွားပြီး ထိတ်လန့်တကြား အော်လိုက်သည်။
"အများကြီးပဲ…"
တာဝန်ခံက မျက်မှောင်ကြုတ်ကာ ဆူလိုက်သည်။ "ဘာလို့ အဲဒီလောက် အော်နေတာလဲ။"
စာရင်းမှတ်သူက တုန်ရီနေသော လက်များဖြင့် သိုလှောင်လက်စွပ်ကို ကမ်းပေးရင်း ဆိုသည်။ "ကိုယ်တိုင်ပဲ ကြည့်လိုက်ပါ။"
တာဝန်ခံက သံသယများဖြင့် လက်စွပ်ကို ယူကာ အတွင်းရှိ ပစ္စည်းအားလုံးကို စားပွဲပေါ်သို့ သွန်ချလိုက်သည်။
ဝုန်း...
စားပွဲတစ်ခုလုံးမှာ တောင်ငယ်လေး တစ်ခုသဖွယ် ပစ္စည်းမျိုးစုံဖြင့် ပြည့်လျှံသွား၏။ အဖိုးတန် ရတနာများစွာပင်။
သေချာမစစ်ဆေးရသေးခင်မှာပင် ဤပစ္စည်းများက တန်ဖိုးဖြတ်မရနိုင်ကြောင်း တစ်ချက်ကြည့်ရုံနှင့် သိနိုင်သည်။
ဝိုး…
လူတိုင်း ကျောက်ရုပ်များသဖွယ် မှင်တက်ကာ စားပွဲပေါ်က ရတနာပုံကြီးကို စိုက်ကြည့်နေကြသည်။
"မြန်မြန်လုပ်။ အဲဒီ အလှူရှင်ကို သွားတားကြ။" တာဝန်ခံက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
သို့သော်လည်း အပြာရောင်ဝတ်ရုံနှင့် မျက်လုံးကို အမည်းရောင် ပိတ်စစည်းထားသော လူငယ်မှာ လူအုပ်ထဲတွင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။
"အရင်ဆုံး စာရင်းစစ်ကြည့်ရအောင်။ ဘာတွေပါလဲဆိုတာ ကြည့်ကြတာပေါ့။"
နာရီဝက်ခန့် စာရင်းစစ်ပြီးနောက်…
ခွန်အားတိုးဆေးနှင့် အထောက်အကူပြု ဆေးများအပါအဝင် အဆင့်မြင့် ဝိညာဉ်ဆေး (၃၁)လုံး၊၊ အဆင့်မြင့် ဝိညာဉ်လက်နက် (၅၆)ခု၊ အဆင့်မြင့် ကျင့်စဉ် (၁၃)ခု၊ အဆင့်မြင့် ဝိညာဉ်ပင် (၁၀၀)ကျော်နှင့် အဆင့်မြင့် အစီအရင်ပြား (၃၂)ခု...
ခန့်မှန်းခြေအရ ထိုပစ္စည်းများ၏ တန်ဖိုးမှာ တိုင်းပြည်ငယ်လေးတစ်ခုကို ဝယ်ယူနိုင်လောက်သည်။ တိုင်းပြည်အဆင့် စစ်ပွဲတစ်ခု၏ ကုန်ကျစရိတ်ကိုပင် ကောင်းကောင်း ကာမိစေနိုင်သည်။
"ဒါက သာမန်ကိစ္စ မဟုတ်တော့ဘူး။ အာဏာပိုင်တွေကို အကြောင်းကြား... မဟုတ်ဘူး။ အရှင်မဆီ တိုက်ရိုက်သွားရမယ်။ ငါတို့ ဒါကို ဆုံးဖြတ်လို့ မရဘူး။" တာဝန်ခံက တုန်တုန်ရီရီ ပြောလိုက်သည်။
လှူဒါန်းရန် တန်းစီနေသော လူများကြားတွင်လည်း ဆူညံစွာ ဆွေးနွေးလာကြသည်။
ရုတ်တရက် တစ်ယောက်က အော်ပြောလိုက်သည်။ "ဟိုအလှူရှင် ဘယ်လိုဝတ်ထားလဲဆိုတာ မင်းတို့ မှတ်မိလား။"
မျက်လုံးကို အမည်းရောင် ပိတ်စစည်းထားတယ်။ အဖြူရောင် လက်ကိုင်တုတ်ကို ကိုင်ထားတယ်၊ အပြာရောင်ဝတ်ရုံကို ဝတ်ထားပြီး ခန့်ညားတဲ့အသွင် ရှိတယ်၊။အပျိုတော်တစ်ယောက်လည်း ပါတယ်...
ယခင်ကဆိုလျှင် ထိုကဲ့သို့ဝတ်ဆင်မှုက ထူးဆန်းနေမည် ဖြစ်သော်လည်း အချိန်နှင့်နေရာလွတ် ဓားသူတော်စင် မုန့်ချင်း နာမည်ကျော်လာပြီးကတည်းက မျက်မမြင် ဓားသူတော်စင် စတိုင်မှာ မဟာကျင်းတွင် ခေတ်စားနေတာကြောင့် စောစောက မည်သူမှ သတိမထားမိခဲ့ကြခြင်းပင်။
သို့သော် ထိုလှူဒါန်းမှုများကို မြင်လိုက်ရချိန်တွင် လူများက တစ်ခုခုကို သဘောပေါက်သွားကြသည်။
"သူက... ဓားသူတောင်စင်များလား။" ဓားကျင့်ကြံသူတစ်ဦး၏ အသံမှာ မယုံနိုင်လောက်အောင် တုန်ရီနေသည်။
"ဓားနတ်ဘုရား ပြန်လာပြီ။ ဝန်ကြီးမုန့် ပြန်လာတာပဲ။ သူ မဟာကျင်းကို မမေ့သေးဘူး။ တိုင်းပြည် အကျပ်အတည်းဖြစ်နေချိန်မှာ သူ နောက်တစ်ကြိမ် ကူညီဖို့ ရောက်လာပြန်ပြီ။" ဓားကျင့်ကြံသူတစ်ဦးက မျက်ရည်များဖြင့် မုန့်ချင်ကျိုး ထွက်ခွာသွားရာဘက်သို့ ဦးညွှတ်လိုက်သည်။
မုန့်ချင် မြို့တော်ကနေ ထွက်သွားကတည်းက မဟာကျင်း ဓားလောကမှာ စိတ်ဓာတ်ကျနေခဲ့၏။ အခုတော့ ဓားကျင့်ကြံသူများမှာ စိတ်ဓာတ်များ ပြန်လည် တက်ကြွလာကြပြီ ဖြစ်သည်။
ထိုအလှူပွဲကို စီစဉ်သော ကုန်သည်ကြီးများလည်း သတင်းကြားကြားချင်း ရောက်လာကြသည်။ စားပွဲပေါ်မှ ပစ္စည်းများကို ကြည့်ပြီး သူတို့က အတန်ကြာ တိတ်ဆိတ်သွားပြီးမှ တိုးတိုးလေး ပြောလိုက်သည်။
"၃၁၊ ၅၆၊ ၁၃... ကိန်းဂဏန်းတွေက အတိအကျ မဟုတ်ဘူး။ ဒါတွေက... ဓားသူတော်စင် တစ်သက်လုံး စုဆောင်းထားသမျှတွေ ဖြစ်ရမယ်…"
ကုန်သည်ကြီးက သိုလှောင်လက်စွပ်ကို ယူပြီး နေရောင်အောက်တွင် သေချာကြည့်ကာ ပြောသည်။ "ပွတ်တိုက်မိထားတဲ့ အရာတွေ အများကြီးပဲ။ ဒါက ဓားသူတော်စင် နှစ်ပေါင်းများစွာ ဝတ်ဆင်လာခဲ့တဲ့ လက်စွပ်ပဲ ဖြစ်ရမယ်…"
မြင်ကွင်းတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွား၏။
"ဓားသူတော်စင် တကယ် ပြန်လာတာပဲ။ သူ မဟာကျင်းကို မေ့သွားပြီလို့ ထင်ခဲ့တာ။ ဒါပေမဲ့ အရေးကြုံတဲ့အခါ သူ ကယ်တင်ဖို့ ရောက်လာပြန်ပြီ…"
"ဒီအလှူပွဲရဲ့ နာမည်ကို ပြောင်းလိုက်ကြစို့။ ဓားနတ်ဘုရားရဲ့ အမည်နာမကို ဂုဏ်ပြုတဲ့အနေနဲ့... “အချိန်ကုန်သည်”လို့ ခေါ်ကြတာပေါ့။"
၎င်းကို အချိန်နှင့်နေရာလွတ် ဓားသူတော်စင်၏ အစွမ်းထက်ဆုံး ပညာရပ်ဖြစ်သော [ အချိန်ပြန်လှည့် ] ကို အစွဲပြုကာ မှည့်ခေါ်လိုက်ခြင်း ဖြစ်သည်။
မကြာခင်မှာပင် အချိန်နှင့်နေရာလွတ် ဓားသူတော်စင် မုန့်ချင်း မြို့တော်သို့ ပြန်ရောက်လာပြီဆိုသည့် သတင်းမှာ တောမီးပမာ ပျံ့နှံ့သွားပြီး တစ်မြို့လုံး ဟိုးဟိုးကျော် ဖြစ်သွားတော့သည်။
သူက ဘေးဒုက္ခများ ကြုံလာတိုင်း ကယ်တင်ခဲ့သူဖြစ်ရာ ပြည်သူများ၏ နှလုံးသားထဲတွင် သူ၏ အဆင့်အတန်းမှာ အလွန်မြင့်မားလှ၏။
သူက အန္တရာယ်ကြားမှ ရောက်လာပြီး မျှော်လင့်ချက်ကို ဆောင်ကျဉ်းပေးခဲ့သည်။ မဟာကျင်း အထွတ်အထိပ် ရောက်ချိန်တွင် ဘာအမှတ်အသားမျှ မချန်ဘဲ ထွက်ခွာသွားခဲ့သည်။ အခု စစ်ပွဲကြီး စတော့မည့်အချိန်တွင် ရှိသမျှ စည်းစိမ်များကို လှူဒါန်းပြီး နာမည်ပင် မချန်ခဲ့ပေ။
…