← Chapters

အခန်း (၁၃၅-၁၃၇)

Vol. 10 Ch. 135-137

အခန်း (၁၃၅-၁၃၇)

Vol. 10 Ch. 135-137

အပိုင်း(၁၃၅) ဧကရီရဲ့ ကိုယ်ရေးကိုယ်တာ ကိုယ်ရံတော်

ရေကန်ဘေး နှစ်ဦးသား တင်းကြပ်စွာ ဖက်ထားကြ၏။ မုန့်ချင်ကျိုးက လက်ချောင်းသုံးချောင်းဖြင့် တုန်းဖန်လျူလီ၏ လက်ကောက်ဝတ်ကို စမ်းကာ သွေးခုန်နှုန်းကို စစ်ဆေးလိုက်သည်။

"သွေးခုန်နှုန်းက အားနည်းနေတုန်းပဲ။ ဒီရေကန်က တကယ်ပဲ ဧကရာဇ်အဆင့် ကုသဆေး ဟုတ်လို့လား။ ဘာမှ ထူးခြားမလာသလိုပဲ။" မုန့်ချင်ကျိုးက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

တုန်းဖန်လျူလီက မုန့်ချင်ကျိုး၏ ရင်ခွင်ထဲတွင် ခေါင်းလေးတိုးကာ သူ၏ကိုယ်သင်းရနံ့ကို မက်မောစွာ ရှူရှိုက်ရင်း အိပ်ချင်မူးတူး အသံဖြင့် ရေရွတ်လိုက်သည်။

"အခု အများကြီး သက်သာသွားပါပြီ။ ဒီရေကန်ရဲ့ ကုသမှုက ဖြည်းဖြည်းချင်းမှ ထိရောက်တာမို့ အချိန်တော့ ယူရမှာပါ"

အတန်ကြာမှ...

နှစ်ဦးသား ခွဲခွာလိုက်ကြပြီး တုန်းဖန်လျူလီက မုန့်ချင်ကျိုးကို တံခါးအပြင်ဘက် တွန်းထုတ်လိုက်သည်။

"ချင်ကျိုး... အရှင်မကို သေချာကာကွယ်ပေးလိုက်ပါဦး။ ကျွန်မကတော့... ခဏလောက် တံခါးပိတ် ကျင်ကြံဖို့ လိုနေလို့ ကျွန်မဆီ လာမရှာပါနဲ့ဦး။"

မုန့်ချင်ကျိုး အတော်ကြာ တွေဝေနေပြီးမှ နောက်ဆုံးတွင် ခေါင်ညိတ်လိုက်သည်။ တုန်းဖန်လျူလီက သူ၏ အသက်နှင့် ပတ်သက်ပြီး နောက်ပြောင်မည် မဟုတ်ကြောင်း သူ ယုံကြည်သလို ဧကရီကလည်း သူ့ကို လိမ်မည်မဟုတ်ဟု သူ ထင်မြင်မိသည်။

"ဒါက ကိုယ်တိုင် လုပ်ထားတဲ့ အဆောင်ပဲ။ အဲဒီထဲမှာ အချိန်မြစ်ရဲ့ အစိတ်အပိုင်းတစ်ခု ပါဝင်တယ်။ အန္တရာယ်နဲ့ ကြုံရရင် ဒါကို ဖိချေလိုက်ရုံပဲ။ အဲဒါက မင်းကို ကိုယ်ဆီ ပြန်ပို့ပေးလိမ့်မယ်။"

မုန့်ချင်ကျိုးက ဓားပုံသဏ္ဌာန် ကျောက်စိမ်းဆွဲသီးတစ်ခုကို တုန်းဖန်လျူလီအား ကမ်းပေးလိုက်သည်။ ထိုဆွဲသီးက သူ နံနက်ခင်းအလင်းကို ရောက်ပြီးမှ ခက်ခက်ခဲခဲ ပြုလုပ်ထားခြင်းဖြစ်ပြီး ၎င်း၏ အရည်အသွေးမှာ ဧကရာဇ်တစ်ပိုင်းအဆင့်အထိ ရှိသည်။

"ရှင်လည်း သတိထားဦးနော်။ အရှင်မရဲ့ ဘေးကင်းရေးက ဘယ်လောက်ပဲ အရေးကြီးပါစေ ရှင့်ရဲ့ ကိုယ်ပိုင်ဘေးကင်းရေးလောက် အရေးမကြီးဘူး။"

"အင်း... သိပါပြီ။"

...

တုန်းဖန်လျူလီက တံခါးဘောင်ကို အမှီပြုကာ ဓားပုံသဏ္ဌာန် ကျောက်စိမ်းလေးကို ရင်ဘတ်တွင် အပ်နှံထားရင်း နူးညံ့စွာ ပြုံးလိုက်သည်။

"အခုတော့ ငါ့မှာ အမှတ်တရ လက်ဆောင်လေး တစ်ခု ရှိသွားပြီ။"

အရင်တုန်းက ချုံးဆိုတဲ့ အမျိုးသမီးမှာ အချိန်နဲ့နေရာလွတ် အတတ်တွေ ပါဝင်တဲ့ ဒီလို ဆွဲသီးမျိုး ရှိခဲ့ဖူးတယ်။ အဲဒါကို လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသောင်းက ဓာသူတော်စင်က ပေးခဲ့တာလို့ ပြောကြပြီး သူတို့ရဲ့ အချစ်သင်္ကေတအဖြစ် တန်ဖိုးထားခဲ့တာ။

တုန်းဖန်လျူလီက ၎င်းကို အမြဲမှတ်မိနေသော်လည်း မုန့်ချင်ကျိုးကို မပြောရဲပေ။ အကြောင်းမှာ ၎င်းက အနာဂတ်တွင် ဖြစ်လာမည်လား၊ သို့မှမဟုတ် အတိတ်တွင် ဖြစ်ခဲ့သည်လားဆိုသည်ကို သူလည်း မဝေခွဲနိုင်သလို မုန့်ချင်ကျိုးတွင်လည်း ထိုမှတ်ဉာဏ်များ မရှိသေး၍ပင်။

"တကယ်လို့ ဒါက အနာဂတ်မှာ ဖြစ်လာမှာဆိုရင်... ရှင်က ဘာလို့ ငါ့ကို ထားခဲ့ပြီး အချိန်မြစ်ထဲမှာ လှည့်လည်ရင်း လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသောင်းဆီ ပြန်သွားခဲ့ရတာလဲ။"

"အဲဒီတုန်းက ရှင် ဘာတွေ ကြုံခဲ့ရလို့ ရှင့်လို အေးအေးဆေးဆေး နေတတ်တဲ့သူက အခုလိုတွေ လုပ်နေရတာလဲ..."

တုန်းဖန်လျူလီက ရင်ဘတ်ထဲ တင်းကြပ်လာပြီး ခေါင်းထဲ မူးဝေသွားသည်။

ဖူး...

သူ၏ မျက်နှာ နီမြန်းလာပြီး နှုတ်ခမ်းထောင့်မှ သွေးအနည်းငယ် စီးကျလာသည်။ သူက အားအင်ကုန်ခမ်းကာ အချိန်မရွေး သေဆုံးသွားနိုင်သည့်ပုံစံ ဖြစ်နေသည်။

"(၃)လအတွင်းမှာ ရန်သူတွေကို ရှင်းထုတ်ရမယ်... ပြီးရင် ကောင်းကင်ထောက်တိုင်နယ်ပယ်ကို တက်လှမ်းရမယ်..."

"အချိန်မီပါ့မလား။"

"အနာဂတ်မှာ ရှင်က ကျွန်မရဲ့ ဝိညာဉ်အကြွင်းအကျန်ကို အချိန်မြစ်ထဲမှာ လိုက်ရှာနေမှာလား။ မဟုတ်ဘူး... အဲဒီလိုမျိုး ဘယ်တော့မှ အဖြစ်မခံနိုင်ဘူး။"

"ရှင့်နဲ့အတူ ဘဝကို ကုန်ဆုံးပါ့မယ်လို့ ကတိပေးထားတာပဲ။ ရှင့်ကို ဒီလောကကြီးထဲ တစ်ယောက်တည်း ထားခဲ့မှာ မဟုတ်ဘူး။"

...

ဇာမဏီဆောင်မှ ထွက်လာပြီးနောက် နန်းတွင်းအပျိုတော်တစ်ဦးက မုန့်ချင်ကျိုးကို နန်းတွင်း အတွင်းဆောင်ရှိ စာကြည့်ဆောင်ဆီသို့ ခေါ်ဆောင်သွားသည်။

"ငါ့ဘေးမှာ အမြဲရှိနေတဲ့ စုချင်ကျိုးကော ဘယ်ရောက်သွားလဲ။" မုန့်ချင်ကျိုးက မေးလိုက်သည်။

ဇာမဏီဆောင်မှ ထွက်လာကတည်းက စုချင်ချိုးကို မတွေ့ရတော့သဖြင့် သူ အနည်းငယ် စိုးရိမ်နေခြင်း ဖြစ်သည်။

အပျိုတော်က ရိုသေစွာ ပြန်ဖြေသည်။ "အရှင်မက မိန်းကလေးစုကို မြို့တော်ထဲမှာ လည်ပတ်ဖို့ စီစဉ်ပေးလိုက်တာပါ။ ဒီစစ်ပွဲက အရမ်းအန္တရာယ်များတာကြောင့် သူ့လို အားနည်းတဲ့သူကို စစ်မြေပြင် ခေါ်မသွားချင်လို့ပါ။ ဒါကြောင့် သူ့ကို မြို့တော်က ချင်းအိမ်တော်မှာ ခဏနေဖို့ စီစဉ်ပေးထားပါတယ်။"

ချင်းအိမ်တော်...

မုန့်ချင်ကျိုး ခေတ္တမျှ ငိုင်သွားသည်။ သူ ဒုတိယဝန်ကြီး လုပ်တုန်းက သူ့မိသားစုဝင်များနှင့်အတူ နေခဲ့သော အိမ်တော်ကြီးကို ပြန်သတိရသွားသည်။

"အရှင်မက တကယ့်ကို ကြင်နာတတ်တာပဲ။" မုန့်ချင်ကျိုးက ပြုံးလျက် ဆိုသည်။

သူ ရာထူးက ထွက်ပြီး မြို့တော်မှ ထွက်သွားသည်မှာ ကြာပြီဖြစ်သော်လည်း ဧကရီက ထိုအိမ်တော်ကို သိမ်းမပစ်ဘဲ ဒီအတိုင်း ချန်ထားပေးတာဟာ တမင် ရည်ရွယ်ချက်ရှိရှိ လုပ်ပေးထားခြင်း ဖြစ်သည်။

စာကြည့်ဆောင်တံခါးရှေ့သို့ ရောက်သောအခါ အပျိုတော်က ရိုသေစွာ ပြောလိုက်သည်။

"အရှင်မ... ဓားသူတော်စင်မုန့် ရောက်ပါပြီ။"

"ဝင်လာခိုင်းလိုက်…"

အပျိုတော်က ပြုံးလျက် တံခါးကို တွန်းဖွင့်ပေးပြီး ဆိုသည်။ "ဓားသူတော်စင်... ကြွပါ။"

မုန့်ချင်ကျိုးက ဇဝေဇဝါဖြင့် မေးလိုက်သည်။ "အရှင်မက ငါ့ကို ဆင့်ခေါ်တာလား။"

"ဓားနတ်ဘုရား... မေ့သွားပြီလား။ အခု ရှင်က အရှင်မရဲ့ ကိုယ်ရံတော်အဖြစ် တာဝန်ယူထားတာလေ။ ဒါကြောင့် အချိန်တိုင်း အရှင်မကို ကာကွယ်ပေးဖို့က ရှင့်ရဲ့ တာဝန်ပဲပေါ့။"

မုန့်ချင်ကျိုး မျက်မှောင်ကြုတ်သွားသည်။ "စစ်ပွဲတောင် မစသေးဘူး။ အခုကတည်းက တာဝန် ထမ်းဆောင်ရမှာက စောလွန်းမနေဘူးလား။"

အပျိုတော်က ပြုံးရုံသာ ပြုံးနေပြီး ဘာမှ ထပ်မပြောတော့ပေ။

ဘယ်သူသိမှာလဲ။ ဒါ အရှင်မရဲ့ အမိန့်ပဲလေ။ ရှင်က ကိုယ်ရံတော်တင် မဟုတ်ဘူး။ ကိုယ်ရေးကိုယ်တာ ကိုယ်ရံတော်လေ...

"ကောင်းပြီလေ... မင်း သွားလို့ရပြီ။ ငါပဲ အထဲဝင်တွေ့လိုက်တော့မယ်။"

မုန့်ချင်ကျိုးက စာကြည့်ဆောင်ထဲသို့ လှမ်းဝင်လိုက်ရာ စုတ်တံဖြင့် စာရေးနေသည့် အသံသဲ့သဲ့ကို ကြားရသည်။ သူက ထိုအသံလာရာဆီသို့ လျှောက်သွားလိုက်သည်။

ဧကရီက အစီရင်ခံစာပုံကြီးထဲတွင် နစ်မြုပ်နေပြီး ခေါင်းမော့မကြည့်ဘဲ မေးလိုက်သည်။

"မင်းရဲ့ဇနီးနဲ့ တွေ့ခဲ့ပြီလား။"

"တွေ့ခဲ့ပါပြီ။ အခြေအနေကတော့ တဖြည်းဖြည်း သက်သာလာတယ်လို့ သူပြောပါတယ်။ အဲဒီ ဧကရာဇ်အဆင့် ဆေးရေကန်က တကယ်ပဲ အစွမ်းထက်တဲ့ပုံပါပဲ။" မုန့်ချင်ကျိုးက ခေါင်းညိတ်ပြသည်။

ဧကရီက နားထင်ကို ပွတ်ရင်း ပင်ပန်းနွမ်းနယ်သော အသံဖြင့် ပြောသည်။ "ဒါဆိုရင်လည်း ကောင်းတာပေါ့"

"မုန့်လေး... ငါ ခေါင်းနည်းနည်း ကိုက်နေလို့။ ဒီအစီရင်ခံစာတွေ စစ်ဆေးပေးဖို့ ကူညီပေးပါလား။"

မုန့်ချင်ကျိုး ခေါင်းကုတ်လိုက်မိသည်။ မုန့်လေး ဟုတ်လား။ ကျုပ်တို့က အဲဒီလောက် ရင်းနှီးလို့လား။

"စိတ်မရှိပါနဲ့ အရှင်မ... ကျုပ်က စာရွက်စာတမ်းတွေ စစ်ဆေးတတ်တဲ့သူ မဟုတ်ပါဘူး။ ပြီးတော့ ကျုပ်တာဝန်က အရှင်မရဲ့ ဘေးကင်းရေးကို ကာကွယ်ပေးဖို့ပဲလေ။ တခြား အသေးအဖွဲ ကိစ္စတွေ လာမခိုင်းပါနဲ့။"

မုန့်ချင်ကျိုးက လက်ကိုင်တုတ်ကို မသုံးတော့ဘဲ တိုင်လုံးကို မှီကာ လက်ပိုက်ရင်း အေးအေးဆေးဆေး ရပ်နေလိုက်သည်။

ပြတင်းပေါက်မှ ဝင်လာသော လေပြေကြောင့် မုန့်ချင်ကျိုး၏ ဆံနွယ်နက်များ လွင့်ပျံနေသည်။ မျက်လုံးကို စည်းထားသော အမည်းရောင် ပိတ်စလေးမှာလည်း လေထဲ ဝဲနေပြီး သူ၏ ထူးခြားသော တည်ငြိမ်မှုနှင့် ပေါ့ပါးမှုတို့ ပေါင်းစပ်ကာ တုန်းဖန်လျူလီကို ငေးမောသွားစေသည်။

အမည်းရောင် ဝတ်ရုံကို လဲလှယ်ဝတ်ဆင်ထားသော မုန့်ချင်ကျိုးကို ကြည့်ရင်း ဧကရီသည် စောစောက ပင်ပန်းမှုများပင် ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။

"ငါ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိုယ်ရံတော်ဆိုတာ ငါ့ဘေးကင်းရေးတင် မဟုတ်ဘူး။ ငါ့ရဲ့ နေ့စဉ်ဘဝကိုပါ ပြုစုစောင့်ရှောက်ပေးရတာ။ ငါ အိပ်ရင်လည်း ခုတင်ဘေးမှာ စောင့်ပေးရတယ်၊ ငါ ရေချိုးရင်လည်း အပြင်ကနေ အဝတ်အစားတွေ ကူပေးရတယ်။ ဒါကြောင့် အလုပ်ကိစ္စတွေ ကူညီပေးရတာကလည်း သဘာဝကျပါတယ်…"

"မင်း အဲဒါကို နားမလည်ဘူးလား။"

မုန့်ချင်ကျိုး လန့်သွားပြီး အံ့သြတကြား မေးလိုက်သည်။ "တကယ်ကြီးလား။"

"မင်းကို ဘာလို့ လိမ်ရမှာလဲ။ မယုံရင် နန်းတွင်းအရာရှိတွေကို သွားမေးကြည့်လိုက်လေ။" ဧကရီက တည်ငြိမ်စွာ ပြောသည်။

မေးလည်း အပိုပဲလေ။ လိုအပ်ရင် အခုချက်ချင်း ဥပဒေအသစ် ထုတ်လိုက်ရုံပေါ့။ အင်း... ငါက တကယ်ကို ဉာဏ်ကောင်းတာပဲ။

…

အပိုင်း(၁၃၆) ကျွန်မက ရှင့်မိန်းမလေ

"လက်ရေးက မမှန်သေးဘူး၊ ငါ သင်ပေးမယ်။"

"အရှင်မ... ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် လေးစားပါဦး။ အရမ်း ကပ်နေပြီ။"

"တစ်ဆင့်ချင်း သင်ပေးမှ မင်းက မြန်မြန်တတ်မှာပေါ့။ အေးအေးဆေးဆေး လုပ်ပါ။ မလောပါနဲ့..."

"ဒါပေမဲ့ ဘာလို့ ကျုပ်ရဲ့ လည်ပင်းကို လာမှုတ်နေတာလဲ။ ဟေ့... ဟေ့... မဟုတ်သေးဘူးလေ။ ဒါ လက်ရေးကျင့်နေတာ မဟုတ်ဘူး။ ဒါ ကျုပ်ကို အခွင့်အရေးယူနေတာ သိသာတယ်..."

...

အစီရင်ခံစာများ စစ်ဆေးရာ စာကြည့်ဆောင်ရှိ စားပွဲရှေ့တွင် စက္ကူစုတ်များ ပြန့်ကျဲ၍နေသည်။ မုန့်ချင်ကျိုးက ဒေါသကို အောင့်အည်းကာ ကူညီစစ်ဆေးပေးနေသော်လည်း ဧကရီကမူ အပြစ်ရှာမဆုံး ဖြစ်နေသည်။ လက်ရေးမလှဟု အကြောင်းပြကာ သူကိုယ်တိုင် မုန့်ချင်ကျိုးကို အနီးကပ် သင်ကြားပေး နေခြင်းပင်။

မုန့်ချင်ကျိုးမှာ မျက်စိမမြင်သဖြင့် ဧကရီက ဘာရေးရမည်၊ ဘယ်လိုရေးရမည်ကို ပြောပြပြီး သူက စက္ကူကို စမ်းကာ လိုက်ရေးရသည်။

မုန့်ချင်ကျိုးက မတ်မတ်ထိုင်ကာ စုတ်တံကို ကိုင်ထားသည်။ သူ၏ အနောက်တွင်မူ ဧကရီက ကိုယ်ကို ကိုင်းညွတ်ကာ သူ၏နားနားတွင် တိုးတိုးလေး ကပ်ပြောနေသည်။ လက်တစ်ဖက်က မုန့်ချင်ကျိုး၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်က စားပွဲကို အားပြုထားသည်။ ဧကရီ၏ ပါးပြင်မှာ မုန့်ချင်ကျိုး၏ လည်ပင်းနှင့် ထိကပ်နေပြီး နူးညံ့လှသော သူ၏ ခန္ဓာကိုယ်မှာ မုန့်ချင်ကျိုး၏ ကျောပြင်နှင့် တစ်သားတည်း ဖြစ်နေ၏။

စာကြည့်ဆောင်အတွင်းရှိ လေထုမှာ တဖြည်းဖြည်း ပိုမို ရင်းနှီးပွင့်လင်းလာသည်။ အေးတိအေးစက် နေတတ်သော မုန့်ချင်ကျိုးပင် တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရသဖြင့် ချက်ချင်း ရပ်တန့်လိုက်သည်။

"တော်ပြီ... မလုပ်တော့ဘူး။ လက်ရေးဆိုတာ တစ်ညတည်းနဲ့ အတုခိုးလို့ ရတာမဟုတ်ဘူး။ အရှင်မ ဘာသာပဲ ရေးပါတော့…" မုန့်ချင်ကျိုးက လက်လျှော့ရန် ပြင်လိုက်သည်။

ဧကရီကဲ့သို့ အပြစ်ပြောစရာမရှိအောင် လှပသော အမျိုးသမီးတစ်ဦးအပေါ် မုန့်ချင်ကျိုး စိတ်မဝင်စားဟု ဆိုလျှင် လိမ်ရာကျပေလိမ့်မည်။ သူ ဤဝတ္ထုကို ဖတ်မိကတည်းက ဧကရီကြောင့်ပင် စွဲလန်းခဲ့ရခြင်း မဟုတ်ပါလား။

သို့သော် သူတို့နှစ်ဦးစလုံးမှာ အိမ်ထောင်ကိုယ်စီ ရှိကြပြီး အလွန် ချစ်ခင်ကြသည့် မိသားစုလေးများကို ပိုင်ဆိုင်ထားကြသည်။ ကိုယ်ကျင့်တရားနှင့် ဘာသာတရားကို ဖောက်ဖျက်မည့် ဤကဲ့သို့ ယုတ်ညံ့သော ကိစ္စမျိုးကို သူတို့ ဘယ်လိုလုပ် လုပ်နိုင်ပါမည်နည်း။

"စစ်ပွဲမပြီးမချင်း ငါ့ရဲ့ ကိုယ်ရံတော် လုပ်ပေးပါ့မယ်လို့ မင်း ကတိပေးထားတယ်လေ။"

"ဘာလဲ။ ကြီးမြတ်လှတဲ့ အချိန်နဲ့နေရာလွတ် ဓားသူတော်စင်က ကတိဖျက်တော့မလို့လား။"

မုန့်ချင်ကျိုးက သူ၏ ကျောပြင်ပေါ်မှ နူးညံ့အိစက်သော အထိအတွေ့ကို ဖယ်ရှားရန် ကြိုးစားရင်း တစ်ကိုယ်လုံးတွင် သန်းများ တက်နေသလိုမျိုး ဟိုဘက်ဒီဘက် လူးလွန့်နေမိသည်။

"ရှင် တစ်ခုခု ဖုံးကွယ်ထားတာ မဟုတ်လား။ ဒါကြောင့် လက်ရေးက တိုးတက်မလာတာ။ နံနက်ခင်းအလင်းနယ်ပယ်က ဓားသမားတစ်ယောက်အတွက် လက်ရေးအတုခိုးတာဟာ အသေးအဖွဲ ကိစ္စလေးပဲလေ။ အခုတော့ နာရီဝက်တောင် ရှိနေပြီ ဘာမှ တိုးတက်မလာဘူး။"

ဧကရီက မုန့်ချင်ကျိုး၏ နားထဲသို့ လေတိုးတိုးလေး မှုတ်လိုက်ရာ သူ၏ နားရွက်လေးများပင် ကျိန်းစပ်သွား၏။ သူက ဆွဲဆောင်မှုရှိသော မျက်ဝန်းများဖြင့် မုန့်ချင်ကျိုး၏ လည်ပင်းကို တစ်ဖက်က သိုင်းဖက်ထားပြီး ကျန်လက်တစ်ဖက်က သူ၏မေးစေ့ကို လက်ညှိုးဖြင့် ပင့်တင်လိုက်သည်။

မုန့်ချင်ကျိုး တိတ်ဆိတ်နေသည်ကို မြင်ရာ ဧကရီက အာဏာပြသည့် လေသံဖြင့် ဆက်ပြောသည်။

"မုန့်ချင်ကျိုး... မင်းက ဧကရာဇ်ရဲ့ အမိန့်ကို ဖီဆန်ရဲတာလား။"

"ဒီနေ့ လက်ရေးသေချာ မကျင့်ရင် အိမ်ပြန်ခွင့် မရှိဘူး။"

နောက်ဆုံးတွင်...

မုန့်ချင်ကျိုး၏ အသက်ရှူသံများ ပြင်းထန်လာပြီး၊ အက်ရှရှ အသံဖြင့် ပြောလိုက်သည်။ "ခင်ဗျား.. ခင်ဗျား မီးနဲ့ ကစားနေတာဆိုတာ သိရဲ့လား။"

"ဒါ နောက်ဆုံး သတိပေးချက်ပဲ။ ကျုပ်ကို အတင်းအကျပ် မလုပ်နဲ့..."

ဧကရီက ပြုံးလျက် ပြောသည်။ "ငါ အတင်းလုပ်နေတာပဲလေ။ မင်း ဘာလုပ်ချင်လို့လဲ။"

ထိုစကားကို ကြားသောအခါ မုန့်ချင်ကျိုး ဒေါသထွက်ကာ သင်ခန်းစာ ပေးရန် ပြင်လိုက်စဉ် ရုတ်တရက် တစ်စုံတစ်ယောက်က သူ၏ နားရွက်လေးကို စုပ်ယူလိုက်သည်။ ထိုထူးခြားပြီး ရင်ဖိုစရာကောင်းသော အထိအတွေ့မှာ သူ၏ စိတ်ခံစစ်ကို မြှားတစ်စင်းလို ထိုးဖောက်သွား၏။

ဧကရီက ကြောင်ပေါက်လေးတစ်ကောင်လို နီမြန်းသော နှုတ်ခမ်းလွှာများကို ဟကာ မုန့်ချင်ကျိုး၏ နားရွက်လေးကို အသာအယာ ကိုက်လိုက်ပြီး လျှာလေးဖြင့် လျက်လိုက်သည်။ ထို့နောက် လွှတ်ပေးလိုက်ကာ တိုးတိုးလေး ကပ်ပြောသည်။

"မုန့်ချင်ကျိုး... ငါ့ရဲ့ အပျော်လင်ငယ်လုပ်မလား။"

အာကွာ…

မုန့်ချင်ကျိုး ထပ်ပြီး မအောင့်နိုင်တော့ပေ။ သူ ဝုန်းခနဲ မတ်တပ်ရပ်လိုက်ရာ ပြင်းထန်လှသော ဓားအသိများ ထွက်ပေါ်လာသည်။ သူက လျှပ်စီးပမာ မြန်ဆန်လှသော အရှိန်ဖြင့် ဧကရီ၏ လည်ပင်းကို လှမ်းညှစ်ကာ စာအုပ်စင်ဆီသို့ ဆောင့်တွန်းလိုက်သည်။

ဘုန်း...

စာအုပ်စင်ကြီး တုန်ခါသွားပြီး စာအုပ်အချို့ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ စာကြည့်ဆောင် အတွင်းမှာလည်း တိတ်ဆိတ်သွားတော့သည်။

ပြင်းထန်လှသော အသက်ရှူသံ နှစ်ခုသာ ကျန်ရှိတော့သည်...

"ကျုပ် ခင်ဗျားကို အကြိမ်ကြိမ် သတိပေးပြီးပြီ။ လာမကစားနဲ့လို့... ဘာလို့ နားမထောင်တာလဲ။"

"ခင်ဗျားကို တကယ် လက်မပါဘူးလို့ ထင်နေတာလား။"

အဟွတ် အဟွတ်...

ဧကရီ၏ မျက်နှာလေးမှာ နီမြန်းနေသည်။ သူ ချောင်းအနည်းငယ် ဆိုးသွားသော်လည်း မုန့်ချင်ကျိုး၏ လက်ထဲတွင် ဘာမှ ပြန်မလုပ်ဘဲ ငြိမ်နေသည်။ သူ၏ ဆံပင်ကလစ်လေးပင် ပြုတ်ကျသွားပြီး ဆံနွယ်နက်များက ပခုံးပေါ်တွင် ဖရိုဖရဲ ကျနေသည်။ သူက မျက်ရည်ဝဲနေသော မျက်ဝန်းများဖြင့် မုန့်ချင်ကျိုးကို မော့ကြည့်ကာ လျှာလေးဖြင့် လက်ချောင်းများကို လျက်လိုက်သည်။

အရမ်း အာဏာပြတာပဲ... မိုက်လိုက်တာ...

မုန့်ချင်ကျိုး ဤမျှအထိ ဒေါသထွက်သည်ကို တစ်ခါမျှ မမြင်ဖူးခဲ့သဖြင့် တုန်းဖန်လျူလီက ယနေ့တွင် သူ့ကို ပိုပြီး စွဲလန်းသွားသလို ခံစားလိုက်ရသည်။

အင်း... ငါတော့ စွဲလမ်းနေပြီထင်တယ်။ ဘယ်လိုလုပ်ရမလဲ။

ငါ ပြန်မတွန်းလှန်ချင်ဘူး။ ချင်ကျိုးက ငါ့အပေါ် ဒီလိုမျိုး ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတာကိုပဲ သဘောကျနေမိတယ်။ ဒါပေမဲ့ ငါက ဧကရီလေ... ပြန်မလုပ်ရင် ငါ့ရဲ့ ပုံစံနဲ့ မကိုက်ညီဘူး ဖြစ်နေဦးမယ်။

ခက်လိုက်တာ...

ဧကရီက လည်ပင်းကို ညှစ်ထားသော မုန့်ချင်ကျိုး၏ လက်ကို သူ၏ လက်ကလေးများဖြင့် အသာအယာ ဆွဲဖယ်လိုက်ရင်း ပြောသည်။

"တကယ်တော့... ငါက မင်းကို အမြဲတမ်း စိတ်ဝင်စားနေတာပါ။ ခုနက ပြောတာက နောက်တာပါ။ အပျော်လင်ငယ် လုပ်ခိုင်းတာကတော့ ဓားသူတော်စင်ရဲ့ ဂုဏ်သိက္ခာကို စော်ကားသလို ဖြစ်သွားမှာပေါ့။"

မုန့်ချင်ကျိုး စိတ်ပြန်အေးသွားပြီး လက်ကို လွှတ်လိုက်ကာ အေးစက်စွာ ပြောသည်။ "သိရင်ပြီးတာပဲ။ နောက်တစ်ခါ ထပ်လုပ်ရင်တော့ ကျုပ် တကယ် စိတ်ဆိုးတော့မှာ။"

...

အတန်ကြာမှ မုန့်ချင်ကျိုးက စားပွဲတွင် ပြန်ထိုင်ကာ အစီရင်ခံစာများကို စူးစိုက်ကြည့်နေသည်။ စောစောက သူ လက်ရေးမကျင့်နိုင်ခဲ့ခြင်းမှာ ဧကရီက သူ့ကို အာရုံနောက်အောင် လုပ်နေ၍ပင်။

အခုတော့ ဧကရီ ငြိမ်သွားသဖြင့် မုန့်ချင်ကျိုး စိတ်အေးလက်အေး ရှိသွားသည်။

"ခင်ဗျားက တကယ်ပဲ ဧကရီ ဟုတ်ရဲ့လား။"

ရုတ်တရက် မုန့်ချင်ကျိုးက လှည့်ကာ အတည်ပေါက် မေးလိုက်သည်။

"ဘာလို့ အဲဒီလို မေးတာလဲ။" ဧကရီက လည်ပင်းပေါ်က လက်ချောင်းရာ (၅)ခုကို ပွတ်သပ်ရင်း ရယ်မောလိုက်သည်။

"ကျုပ်သိထားတဲ့ ဧကရီဆိုတာ ခင်ဗျားလိုမျိုး အရှက်မရှိတဲ့သူ မဟုတ်ဘူး။ ပြီးတော့လည်း ကျုပ်မှာ မိသားစုရှိတာ သိရက်နဲ့ ဒီလောက်အထိ အကွာအဝေး မထားဘဲ မထိတထိ လုပ်နေတာမျိုးလည်း ရှိမှာမဟုတ်ဘူး။"

ခင်ဗျားက တကယ်တမ်း ဘယ်သူလဲ။

ဧကရီက ပါးစပ်ကို ပိတ်ကာ တခစ်ခစ် ရယ်မောလိုက်သည်။ သူ၏ ငွေလင်ဗန်းပေါ် ရေစက်ကျသလို ကြည်လင်လှသော ရယ်သံလေးက စာကြည့်ဆောင်အတွင်း ပျံ့လွင့်သွားသည်။

"ငါလား..."

"ငါက မင်းရဲ့ ဇနီးလေ... မင်း ယုံလား။"

မုန့်ချင်ကျိုးက အေးစက်စွာ ရယ်မောလိုက်ပြီး လက်ခလယ် ထောင်ပြကာ ပြတ်သားစွာ ပြောလိုက်သည်။ "ကျုပ်မှာ ခင်ဗျားလို အရှက်မရှိတဲ့ ဇနီးမျိုး ရှိခဲ့ရင် ကျုပ်ဘဝက တကယ့်ကို ကံဆိုးမိုးမှောင်ကျတာပဲ။"

ထိုစကားကို ကြားသော်လည်း ဧကရီက စိတ်မဆိုးပေ။ သူက စာကြည့်ဆောင်ရှိ ခုတင်ပေါ်တွင် ပျင်းရိစွာ လှဲလျောင်းရင်း လှပသော ကိုယ်လုံးလေးကို လက်ဖြင့် ပွတ်သပ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်းက အခု အုပ်ချုပ်သူကို စော်ကားနေတာပဲ။ မင်း ခုနကက ပြောတဲ့ စကားကြောင့် ငါ မင်းကို သေဒဏ်တောင် ပေးလို့ရတယ်ဆိုတာ သိရဲ့လား။"

ပြောပြောဆိုဆိုနှင့် ခန္ဓာကိုယ်မှ ဧကရာဇ်အရှိန်အဝါများကို ထုတ်လွှတ်လိုက်ကာ မုန့်ချင်ကျိုးကို ဖိနှိပ်လိုက်သည်။

ချက်ချင်းပင် မုန့်ချင်ကျိုး၏ ပခုံးပေါ်တွင် လေးလံသော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ ထိုကဲ့သို့ ရင်းနှီးလှသော ဧကရာဇ်အရှိန်အဝါကြောင့် သူ ထပ်ပြီး သံသယ မဝင်တော့ပေ။

ထိုအရှိန်အဝါက ဧကရီ တစ်ဦးတည်းသာ ပိုင်ဆိုင်သော ဧကရာဇ်တာအိုပင်။

ဒီကမ္ဘာပေါ်မှာ ဘယ်သူမှ ဒါကို အတုခိုးလို့ မရဘူး။ အချိန်နဲ့နေရာလွတ်တာအိုလိုပဲ။

နေရာလွတ် ရှိနိုင်တယ်။၊ အချိန်တာအို ရှိနိုင်တယ်။ ဒါပေမဲ့ အချိန်နဲ့နေရာလွတ် တာအိုကတော့ တစ်ခုတည်း ရှိတယ်။

ဘာလို့လဲဆိုတော့ ဒါက တားမြစ်ထားတဲ့ လမ်းစဉ်မို့လို့ပဲ။ တစ်ယောက်ယောက်က ဒီလမ်းပေါ်ကို လျှောက်နေပြီဆိုရင် ပထမလူ မသေမချင်း ဒုတိယလူ လျှောက်လို့ မရဘူး။

တစ်နည်းအားဖြင့် ပြောရရင်တော့ သူ့ရဲ့ရှေ့မှာ ရှိနေတဲ့သူက ဧကရီ ကိုယ်တိုင်ပဲ...

"စိတ်ပျက်စရာပဲ။"

မုန့်ချင်ကျိုးက မော့ကြည့်ကာ သက်ပြင်းအသာချလိုက်သည်။

ဝတ္ထုရေးတဲ့သူက ဧကရီ ချင်းလျူလီဟာ ဒီလိုလူမျိုးလို့ တစ်ခါမှ မပြောခဲ့ဘူး။ ငါ ဒုတိယဝန်ကြီး လုပ်တုန်းကလည်း တစ်ခုခု မှားနေတယ်လို့ ခံစားခဲ့ရဖူးတယ်။

အခုကြည့်ရတာ သူက ဝန်ထမ်းတွေကို နှောင့်ယှက်ရတာ ဝါသနာပါတဲ့ အထက်လူကြီး တစ်ယောက်နဲ့ အတိအကျတူနေတာပဲ၊

"စိတ်မပျက်ပါနဲ့။ ဘယ်သူမှ မပြည့်စုံပါဘူး။ နတ်ဘုရားတွေတောင် အားနည်းချက် ရှိတာပဲ၊ မဟာကျင်းရဲ့ ဧကရီဖြစ်တဲ့ ငါကလည်း လူသားတစ်ယောက်ပဲလေ…" ဧကရီက ပြုံးလျက် ဆိုသည်။

သို့သော် ဧကရီ မပြောခဲ့သော အချက်တစ်ချက် ရှိနေသေးသည်။

ဘယ်သူမှ မပြည့်စုံဘူးဆိုတာက ဟုတ်ပါတယ်။ ဒါပေမဲ့ တုန်းဖန်လျူလီရဲ့ ဒီဘဝမှာ တစ်ခုတည်းသော အားနည်းချက်ကတော့... ရှင်ပဲ။ ကျွန်မရဲ့ ငတုံးလေး ငါးပိကောင်မုန့်။

…

အပိုင်း(၁၃၇) သဘောတူတယ်

"ကိုယ်လုပ်တော် လုပ်ရမှာ အဆင်မပြေဘူးဆိုရင်... ပျော်တော်ဆက် လုပ်မလား။"

"စိတ်မဝင်စားဘူး။"

"မင်းသာ သဘောတူရင် ငါ့ရဲ့ တစ်ဦးတည်းသော အချစ်တော်အဖြစ် အာမခံတယ်။ ငါ့မေတ္တာအားလုံးကို မင်းတစ်ယောက်တည်းအတွက်ပဲ သီးသန့်ထားပေးမယ်။"

"ဧကရာဇ် ဒီစကားတွေ ကြားသွားမှာ မကြောက်ဘူးလား။ လင်မယားအနှောင်အဖွဲ့ ထိခိုက်ကုန်ဦးမယ်။"

"စိတ်မပူပါနဲ့။ တခြားသူဆိုရင်တော့ မဖြစ်နိုင်ပေမဲ့ မင်းဆိုရင်တော့ ဧကရာဇ်က ဘာမှ ကန့်ကွက်မှာ မဟုတ်ဘူး။"

တစ်မနက်ခင်းလုံး အလုပ်များနှင့် အချိန်ကုန်ဆုံးပြီးနောက် မုန့်ချင်ကျိုးက ဧကရီနှင့်အတူ နေ့လယ်စာ သုံးဆောင်ကာ နောက်ဖေးဥယျာဉ်ထဲတွင် လမ်းလျှောက်နေကြသည်။

ထိုအချိန်အတောအတွင်း ဧကရီက နည်းမျိုးစုံဖြင့် သူ့ကို မြူဆွယ်ဖြားယောင်းရန် ကြိုးစားနေဆဲပင်။ နောက်ဆုံးတွင် ဧကရာဇ်ကို ဖောက်ပြန်ပြမည်ဟုပင် အတင့်ရဲစွာ ပြောဆိုလာခဲ့သည်။

မုန့်ချင်ကျိုးကတော့ ထုံထိုင်းနေပြီ ဖြစ်သည်။ သူက စိတ်လည်းမဆိုးသလို၊ စကားလည်း အများကြီး မပြောချင်တော့ဘဲ တိုတိုတုတ်တုတ်သာ ပြန်ဖြေနေတော့သည်။

နန်းတော်ရှေ့ ရင်ပြင်အလယ်မှ ရုပ်တုနှစ်ခုကို ပြန်တွေးမိရာ ၎င်းမှာ တကယ့် သရော်စာ တစ်ပုဒ်လိုပင်။

"ဧကရာဇ်က ကျုပ်ကို အဲဒီလောက်တောင် အထင်ကြီးတာလား။ ကျုပ်ကို သိမ်းသွင်းဖို့အတွက် တခြားယောကျ်ား တစ်ယောက်ကိုတောင် လက်ခံပေးမယ်ပေါ့။ တော်ဝင်မိသားစုဝင်တွေက တကယ်ကို ထူးဆန်းကြတာပဲ။" မုန့်ချင်ကျိုးက ပခုံးတွန့်ကာ စကားမပြောနိုင်လောက်အောင် ဆွံ့အသွားမိသည်။

"ဖြည်းဖြည်းချင်းပဲ စဉ်းစားပါ။ ကဲ... သွားကြစို့။ နောက်ကျနေပြီ။ ငါ ကျင့်ကြံဖို့ လိုတယ်။ မင်း ငါ့ဘေးမှာ လာနေ။ ငါ့အနားကနေ တစ်စက္ကန့်လေးတောင် ခွာလို့မရဘူးနော်။"

"ကောင်းပါပြီ။"

စစ်ပွဲကြီး မစတင်မီတွင် ဧကရီက အပန်းဖြေချိန် ရှားပါးလှသည်။ သူက မိနစ်(၃၀)ခန့်သာ လမ်းလျှောက်ပြီးနောက် သူ၏ အလုပ်များဆီသို့ ပြန်လည် အာရုံစိုက်လိုက်သည်။

...

နှစ်ဦးသား စာကြည့်ဆောင်သို့ ပြန်ရောက်လာကြသည်။ ဧကရီက စာအုပ်စင်တစ်ခုကို ကျွမ်းကျင်စွာ တွန်းဖွင့်လိုက်ရာ ထိုအနောက်တွင် မြေအောက်သို့ ဆင်းသွားသည့် လျှို့ဝှက်လမ်းတစ်ခု ပေါ်လာသည်။

လမ်းတစ်လျှောက်တွင် အမြဲလင်းနေသော ဆီမီးတိုင် နှစ်တန်း ရှိနေသည်။ ကြမ်းပြင်တစ်ခုချင်းစီကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများဖြင့် ပြုလုပ်ထားပြီး၊ နံရံများကိုလည်း နှစ်ပေါင်းသောင်းချီ သက်တမ်းရှိ ဝိညာဉ်ကျောက်စိမ်းများဖြင့် ပြုလုပ်ကာ နေရာအနှံ့တွင် ဧကရာဇ်အဆင့် ဝိညာဉ်စုစည်းမှု အစီရင်များကို ခင်းကျင်းထားသည်။

မြေအောက်ခန်း တစ်ခုလုံးတွင် ထူးခြားစွာ ကြွယ်ဝလှသော ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေပြီး သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်သည်။ ကျင့်ကြံသူတစ်ဦးသာ ဤနေရာတွင် (၁၅)မိနစ်ခန့် နေထိုင်ပါက ကျင့်စဉ်အဆင့် သိသိသာသာ တိုးတက်လာပေလိမ့်မည်။ သာမန်လူများဆိုလျှင်လည်း အသက်ပြင်းပြင်း တစ်ချက်ရှူရုံဖြင့် အသက်ရှည်စေနိုင်၏။

"တကယ့်ကို ခမ်းနားတာပဲ..." မုန့်ချင်ကျိုးက သူ၏ ဆင်းရဲမှုကို သတိရကာ သက်ပြင်းချမိသည်။

သူ အရင်က တော်တော်လေး ချမ်းသာခဲ့သော်လည်း မနေ့က သူ မလိုအပ်သည့် ရတနာအားလုံးကို လှူဒါန်းခဲ့သဖြင့် အခုတော့ တစ်ပြားမှမရှိတော့ပေ။

"ဒါက ဘာမှ မဟုတ်သေးပါဘူး၊ တကယ့် ရတနာတွေက အိပ်ဆောင်ထဲမှာ ရှိတာ။"

ဧကရီက လှပသော ကိုယ်လုံးလေးကို လှုပ်ခါကာ ရှေ့မှ ဦးဆောင်သွားသည်။ သူ၏ အေးစက်လှသော အသံမှာ မြေအောက်ခန်းအတွင်း ပဲ့တင်ထပ်နေ၏။

လမ်းမှာ ကျဉ်းမြောင်းလှသည်။ မီတာ ရာဂဏန်းခန့် လမ်းလျှောက်ပြီးနောက် ထောင်ချောက်များစွာကို ရှောင်ကွင်းကာ စတုရန်းမီတာ ၃၀-၄၀ခန့်ရှိသော အိပ်ဆောင်လေးတစ်ခုသို့ ရောက်ရှိလာသည်။

မုန့်ချင်ကျိုးက လက်ဖြင့်စမ်း၊ ခြေဖြင့်တိုင်းကာ အခန်းအကျယ်အဝန်းကို ခန့်မှန်းလိုက်သည်။ အိပ်ဆောင် အထဲတွင် ခုတင်တစ်လုံး၊ ဆီမီးခွက်တစ်ခု၊ ထိုင်ခုံတစ်ခု၊ လက်နက်သေတ္တာတစ်တန်းနှင့် စာအုပ်အချို့သာ ရှိသော ရိုးရှင်းသည့် အခန်းလေးပင်။

"ဒါက ဧကရာဇ်အဆင့် ယင်-ယန် စမ်းရေတွင်းပဲ။ ယင်နဲ့ ယန်ရဲ့ အဆီအနှစ်တွေကို အမြဲတမ်း ထုတ်လွှတ်ပေးနေတာ။ ဒဏ္ဍာရီအရတော့ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးက ကျင့်စဉ်တက်နေတုန်း ယင်-ယန် ပြောင်းပြန်ဘေးဒုက္ခနဲ့ ကြုံခဲ့ရတယ်။ ကံကောင်းစွာနဲ့ပဲ သူက အဲဒီဘေးဒုက္ခကနေ လွတ်မြောက်လာပြီး ဒီစမ်းရေတွင်းကို ဖမ်းယူခဲ့တာပေါ့။ ဒီစမ်းရေတွင်းဘေးမှာ ထိုင်ပြီး ကျင့်ကြံရင် ယင်နဲ့ယန်ရဲ့ နိယာမတွေကို နားလည်နိုင်ဖို့ အခွင့်အရေး ရှိတယ်။"

"ဒီခုတင်ကတော့ အသက်ရှည်နတ်ဘုရားကျောက်စိမ်းနဲ့ လုပ်ထားတာ။ ဒါက ကျင့်ကြံသူတွေရဲ့ ကျင့်စဉ်မှာ ရှိနေတဲ့ အားနည်းချက်တွေကို ရှာဖွေပြင်ဆင်ပေးနိုင်သလို၊ ခန္ဓာကိုယ် အထဲမှာရှိတဲ့ ဒဏ်ရာဟောင်းတွေကိုလည်း ကုသပေးနိုင်တယ်။ နောက်ပြီးတော့ စိတ်ကို တည်ငြိမ်စေတဲ့အတွက် ကျင့်စဉ်မှားယွင်းပြီး ရူးသွပ်သွားမှာကိုလည်း ပူစရာမလိုတော့ဘူး။"

"ဒီဆီမီးခွက်ထဲက ဆီကတော့ နဂါးဝေလငါးဘုရင်ဆီက ရတဲ့ ဆီပဲ။ ဆီမီးစာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီက ပထမဆုံး ဘုရားကျောင်းဖြစ်တဲ့ ဆွဲလည်းကျောင်းတော်က အမွှေးတိုင်ပဲ။ ဒါကို ထွန်းထားရင် တရားသံတွေ ထွက်ပေါ်လာပြီး တရားထူးရဖို့ ကူညီပေးလိမ့်မယ်။"

"ဒီထိုင်ခုံကတော့... တစ်စုံတစ်ယောက် ချန်ထားခဲ့တာပဲ... မဟုတ်ဘူး။ ဒါက တာအိုနိယာမတွေ ပါဝင်နေတာ။ ကောင်းကင်ထောက်တိုင်နယ်ပယ်က အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တစ်ယောက် ချန်ထားတဲ့ အမှတ်အသားပဲ။"

မုန့်ချင်ကျိုးမှာ အံ့သြလွန်းသဖြင့် ဆဲပင်ဆဲချင်လာသည်။ "ဒီသူဌေးကြီးတွေတော့..."

ထိုကဲ့သို့ အခန်းကျဉ်းလေးထဲတွင် ဤမျှတန်ဖိုးကြီးမားသော ရတနာများ ရှိနေခြင်းက တကယ့်ကို ထိတ်လန့်စရာပင်...

တုန်းဖန်လျူလီက ထိုင်ခုံပေါ် တင်ပလ္လင်ခွေထိုင်ကာ မေးစေ့ကို လက်ဖြင့်ထောက်ရင်း မုန့်ချင်ကျိုးကို စိတ်ဝင်တစား ကြည့်နေသည်။

ဟဲဟဲ... ရှင့်ရဲ့ ဆင်းရဲသား အတွေးလေးတွေကို ကျွန်မ သဘောကျတယ်။

နန်းတွင်း အရှိန်အဝါများ ပျက်စီးသွားခဲ့ရသော ဧကရီက အခုမှပင် သူ၏ ဂုဏ်သိက္ခာကို ပြန်ဆယ်ခွင့် ရတော့သည်။

"မင်း အဲဒါတွေကို သဘောကျလား။ ငါနဲ့အတူ ရှိနေသရွေ့ ဒီရတနာတွေထဲက မင်း ကြိုက်တာကို ယူလို့ရတယ်။"

"ဒီအခန်းထဲမှာ ရှိသမျှ အရာအားလုံး... ငါကိုယ်တိုင် အပါအဝင်ပေါ့..."

"အားလုံးဟာ မင်းအပိုင် ဖြစ်နိုင်တယ်။"

ဧကရီက ဆွဲဆောင်မှုရှိသော အသံဖြင့် ပြောလိုက်ရာ ထိုအသံမှာ မုန့်ချင်ကျိုး၏ နားထဲသို့ စိမ့်ဝင်၍ သွားသည်။ ထိုမျှပွင့်လင်းလှသော စကားများကြောင့် သူ အထိန်းအကွပ်မဲ့လုနီးပါး ဖြစ်သွားရသည်။

သူက စိတ်တည်ငြိမ်ရေးဂါထာကို (၁၀)ကြိမ်ထက်မနည်း ရွတ်ဆိုပြီးမှ သတိပြန်ဝင်လာခဲ့သည်။

"အရှင်မ... ဆက်ပြီးတော့ ကျင့်ကြံနေပါ။ ကျုပ် ဘေးကနေ စောင့်နေပေးပါ့မယ်။" မုန့်ချင်ကျိုးက စိတ်ထဲ မတင်မကျ ဖြစ်နေသော်လည်း၊ မျက်နှာကို တည်ထားကာ စိတ်မရှည်သလို ဟန်ဆောင် ပြောလိုက်သည်။

"မင်းက တကယ်ကို ခေါင်းမာတာပဲ။ ဒါပေမဲ့ ငါ အဲဒါကို သဘောကျတယ်။ မကြာခင်မှာ မင်း ငါ့ရဲ့ အလှအပအောက်မှာ ဒူးထောက်လာစေရမယ်။" ဧကရီက ပြုံးလျက် ဆိုသည်။

မုန့်ချင်ကျိုး၏ မျက်နှာမှာ ပိုမိုပင် အေးစက်လာလေသည်။ သူ၏ ယုံကြည်မှုများ တဖြည်းဖြည်း လျော့နည်းလာသည်ကို ပြသနေခြင်းပင်။ သူက ပြောလိုက်သည်။

"အရှင်မ... ခင်ဗျားက ဒီလိုကိစ္စတွေမှာ အရမ်းကျွမ်းကျင်နေတာပဲ။ ယောကျ်ားတွေ အများကြီးကို ဒီလိုပဲ ပြောခဲ့တာလား။"

လူယုတ်မာ...

ဧကရီ၏ မျက်နှာလေး ချက်ချင်း ပျက်သွားသည်။ တခြားကိစ္စများတွင် အလျှော့ပေး၍ ရသော်လည်း၊ ထိုအချက်ကိုတော့ သူ လုံးဝ အထင်အမြင် မှားမခံနိုင်ပေ။

မဟုတ်လျှင် မုန့်ချင်ကျိုးက သူ့ကို အကျင့်စာရိတ္တ မကောင်းသူဟု သတ်မှတ်လိုက်ပါက သူ၏ နောင်အနာဂတ် ကြိုးပမ်းမှုအားလုံး အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

"မုန့်ချင်ကျိုး..."

"မင်းရဲ့ စိတ်ထဲမှာ ငါက အဲဒီလောက်တောင် တန်ဖိုးမရှိတာလာ။..."

"ဒီကမ္ဘာပေါ်မှာ ငါ့မျက်စိထဲ ရောက်တဲ့သူဟာ လက်ချိုးရေလို့ ရတယ်။ ငါက မင်းကို တန်ဖိုးထားတယ် ဆိုတာ မင်းက လုံလောက်တဲ့ အရည်အချင်းရှိလို့ပဲ။ ငါ့ရဲ့ မေတ္တာကို ပေါ့ပေါ့တန်တန် သဘောမထားနဲ့။"

ဧကရီ၏ကိုယ်မှ ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်လာပြီး သူ၏ မျက်ဝန်းများမှာ ဒေါသကြောင့် တောက်လောင်နေသည်။

"အင်း... ဟုတ်ပါပြီ။ ခင်ဗျားက အဲဒီလို လူမျိုး မဟုတ်ပါဘူး။" မုန့်ချင်ကျိုး ခဏစဉ်းစားပြီးနောက် ရိုးသားစွာ ခေါင်းညိတ်လိုက်သည်။

ဧကရီက ဘဝတစ်လျှောက်လုံး ဂုဏ်သိက္ခာကြီးမားခဲ့သူ ဖြစ်သည်။ သူက သမိုင်းတစ်လျှောက် မည်သည့် ဧကရာဇ်နှင့်မျှ မတူဘဲ မွေးကတည်းက အုပ်ချုပ်သူ ဖြစ်လာမည့်သူပင်။ ထိုကဲ့သို့သော လူမျိုးကို သာမန်မျက်စိဖြင့် ကြည့်၍ မရပေ။

ဒါဆိုရင်...

အရှင်မက တကယ်ကြီး အတည်ပြောနေတာလား။

မုန့်ချင်ကျိုး ခေါင်းကိုက်သွားသည်။ သူ၏ နားထင်ကို ပွတ်ရင်း၊ ဝတ်ရုံကိုမကာ ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ သူ၏ ပုစဉ်းရင်ကွဲတေးသံဓားကို ပေါင်ပေါ်တွင် တင်ထားလိုက်၏။

"မုန့်လေး... ဘယ်သူက မင်းကို ကြမ်းပြင်ပေါ်မှာ ထိုင်ခိုင်းလို့လဲ။" မုန့်ချင်ကျိုး၏ အမူအရာကို ဧကရီက သဘောကျသွားသဖြင့် ထိုကိစ္စကို ဆက်မပြောတော့ပေ။ သို့သော် သူက မြွေနဲ့ ကင်းမြီးကောက်ကို တွေ့သလိုမျိုး ခပ်ဝေးဝေးတွင် သွားထိုင်နေသည်ကို မြင်သောအခါ သူ ပါးစပ်လေး ဟသွားမိသည်။

"မဟုတ်ရင် ဘယ်မှာ ထိုင်ရမှာလဲ။" မုန့်ချင်ကျိုးက လှည့်ကြည့်သည်။

ဧကရီက အသက်ရှည် နတ်ဘုရားကျောက်စိမ်း ခုတင်ကို လက်ဖြင့် ပုတ်ပြကာ ဆိုသည်။ "အပြင်မှာဆို သုံးမီတာ၊ အထဲမှာဆိုရင် တစ်မီတာ။"

"မင်း ငါ့ဘေးမှာ လာထိုင်ရမယ်။"

မုန့်ချင်ကျိုးလည်း မတတ်နိုင်တော့ပေ။ မည်သို့ဆိုစေ သူ့ဇနီးက ဇာမဏီဆောင်တွင် ရှိနေသေးသည် မဟုတ်ပါလား။

သူက ခုတင်ပေါ်သို့ တက်ကာ ဧကရီနှင့် (၃၀)စင်တီမီတာခန့်အကွာတွင် ထိုင်လိုက်သည်။

"အဟွတ် အဟွတ်... ငါ အအေးမိနေလို့လား မသိဘူး၊ နည်းနည်း ချမ်းလာသလိုပဲ..." ဧကရီက ဟန်ဆောင် ချောင်းဆိုးပြသည်။ ဘေးမှ ငတုံးလေး စကားမပြောခင်မှာပင် သူ၏ တင်ပါးလေးကို လှုပ်ခါကာ အကွာအဝေးကို (၅)စင်တီမီတာအထိ လျှော့ချလိုက်သည်။ ယခုဆို သူတို့ နှစ်ယောက်က ပုခုံးချင်း ထိလုနီးပါး ဖြစ်နေလေပြီ။

"အဟမ်း…" မုန့်ချင်ကျိုးက သတိပေးသည့်အနေဖြင့် ချောင်းဟန့်လိုက်သည်။

ဧကရီက ချက်ချင်းပင် အသံကို မြှင့်လိုက်ပြီး တည်ကြည်စွာ ပြောသည်။ "မုန့်ချင်ကျိုး... မင်းရဲ့ ကိုယ်ရံတော် တာဝန်ကို မမေ့နဲ့။ ငါ အအေးမိနေပါတယ်လို့ ပြောထားတာလေ။ မင်းက ငါ့ကို ခုတင်ပေါ်မှာ ချောင်းဆိုးပြီး သေသွားတာကို ထိုင်ကြည့်နေမှာလား။"

မုန့်ချင်ကျိုးမှာ စကားပင် မပြောနိုင်တော့ပေ။ "ဒါဆိုရင်... ခင်ဗျား ကျင့်ကြံနေတုန်း ကျုပ်က ဖက်ထားပေးရမှာလား။"

ထိုစကားကို ကြားသောအခါ ဧကရီက အမှန်တကယ် အလေးအနက် စဉ်းစားနေသည်။ အတန်ကြာမှ သူ ခေါင်းငြိမ့်ကာ ပြောသည်။ "ကောင်းပြီလေ..."

"မင်းရဲ့ အကြံပြုချက်ကို ငါ သဘောတူတယ်။"

မုန့်ချင်ကျိုး - “...”

…

All Chapters