← Chapters

အခန်း (၁၄၁-၁၄၃)

Vol. 10 Ch. 141-143

အခန်း (၁၄၁-၁၄၃)

Vol. 10 Ch. 141-143

အပိုင်း(၁၄၁) စစ်ချီတက်ခြင်း

"စစ်ပွဲတွေက ဒီကမ္ဘာပေါ်မှာ ဆင်းရဲဒုက္ခတွေ အလုံအလောက် ပေးခဲ့ပြီးပြီ။ တိုင်းပြည်တွေကြားက နှစ်ပေါင်းထောင်ချီကြာတဲ့ စစ်မီးတွေကြောင့် ဒီတောရိုင်းမြေဟာ အပေါက်အပြဲတွေနဲ့ ပြည့်နေခဲ့ပြီ။ ငါ ဒီနေရာကို လာရတဲ့ ရည်ရွယ်ချက်ကတော့... ဒီနေ့ကစပြီး ယမ်းငွေ့တွေဟာ ကောင်းကင်ယံမှာ ထပ်ပြီး ဖုံးလွှမ်းတော့မှာ မဟုတ်ဘူး။ နေ၊ လ၊ မြစ်ချောင်းနဲ့ တောင်တန်းတွေဟာ သွေးစွန်းစရာ မလိုတော့ဘူး ဆိုတာကို တစ်လောကလုံး သိအောင် ပြောဖို့ပဲ..."

"အလံလွှင့်ထူစေ... စစ်ချီကြစို့..."

ဧကရီ၏ အမိန့်တော်အတိုင်း အမတ်မင်းများက သူတို့၏ ထူးကဲသော စွမ်းပကားများကို အသုံးပြုကာ မြို့တော်ပြင်ပတွင် ပုန်းအောင်းနေသော စစ်တပ်ကြီးဆီသို့ အလျှိုလျှို ထွက်ခွာသွားကြသည်။

မြို့တော်နှင့် ကီလိုမီတာ (၁၀၀)ခန့် ဝေးကွာသော ဥက္ကာခဲတောင်ကြားတွင် တောရိုင်းတိရစ္ဆာန်များပင် တိတ်ဆိတ်နေပြီး သစ်ပင်များသာ လေထဲတွင် ယိမ်းထိုးနေသည်။ အရာအားလုံးမှာ အေးချမ်းနေပုံ ရသော်လည်း...

ဝုန်း... ဝုန်း...

ရုတ်တရက် သတိပေးချက်မရှိဘဲ ခြေသံပြင်းပြင်းများက တောင်ကြားတစ်ခုလုံးကို တုန်ခါသွားစေသည်။ သစ်တောများကြား၊ ချောက်ကမ်းပါး ဂူများအတွင်းနှင့် ရေတံခွန်နောက်ကွယ်မှ နက်မှောင်သော ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော စစ်သည်တော်များ အစုလိုက်အပြုံလိုက် ထွက်ပေါ်လာကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လူပေါင်း သိန်းချီရှိသော အနက်ရောင် စစ်သည်တော် လှိုင်းကြီး ဖြစ်ပေါ်လာတော့သည်။ စစ်ဘက်ဆိုင်ရာ ဗိုလ်ချုပ်ကြီး (၁၀)ဦးသည် ကောင်းကင်ယံ၌ ပျံသန်းကာ စစ်ဆေးနေကြသည်။

ထိုစဉ် နန်းတွင်းဝတ်စုံ ဝတ်ဆင်ထားသော အမတ်တစ်ဦးက ဟင်းလင်းပြင်ကို ဖြတ်ကျော် ရောက်ရှိလာပြီး တိုးတိုးလေး အမိန့်ပေးလိုက်သည်။

"အရှင်မက စစ်ချီဖို့ အမိန့်ပေးလိုက်ပြီ။ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း လျှို့ဝှက်စွာ ချီတက်ပြီး မြောက်ဘက် မဟာမိတ်အဖွဲ့ဆီကို တန်းတန်းမတ်မတ် သွားကြ..."

ဗိုလ်ချုပ်ကြီး (၁၀)ဦးစလုံး၏ မျက်လုံးများ တောက်ပသွားသည်။ လရောင်ထွန်းလင်းနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူ (၁၀)ဦးသည် အရပ်မျက်နှာအသီးသီးမှ ဦးဆောင်ကာ စစ်တပ်ကြီးကို မြောက်ဘက်သို့ ခေါ်ဆောင်သွားကြတော့သည်။

တစ်ချိန်တည်းမှာပင်။

လှပတောက်ပသော အဝတ်အစားများကို ဝတ်ဆင်ထားသော လူငယ်၊ လူရွယ်အချို့က သူတို့၏ အခြွေအရံများနှင့်အတူ ထူးဆန်းသော သားရဲကြီးများကို စီးနင်းကာ မြို့တော်တံခါးမှ ခန့်ညားစွာ ထွက်ခွာလာကြသည်။

သူတို့ထဲတွင် ဝတ်ရုံနီဝတ် အမျိုးသမီးငယ်တစ်ဦးနှင့် ဝတ်ရုံနက်ဝတ် လူငယ်တစ်ဦးက ခေါင်းဆောင်များ ဖြစ်ကြသည်။ လမ်းသွားလမ်းလာများက ထိုမြင်ကွင်းကို ကြည့်ကာ အံ့သြနေကြသည်။

"မြို့တော်က ဘယ်သူဌေးသားသမီးတွေ နွေဦးထွက်လည်ကြတာလဲ။ အခြွေအရံတွေနဲ့ ကိုယ်ရံတော်တွေ အများကြီးပါလား။ တကယ့်ကို ခမ်းနားလိုက်တာ။"

"အခုလို စစ်ပွဲကြီးဖြစ်နေတဲ့ အချိန်မှာတောင် သူတို့က မကြောက်ကြဘူးပဲ။"

"အား... စစ်ပွဲက နန်းရင်းဝန် ဦးဆောင်ပြီး အနောက်ဘက် ဗုဒ္ဓဘာသာနိုင်ငံကို သွားတိုက်တာလေ၊ ငါတို့နိုင်ငံထဲအထိ ရောက်လာမှာ မဟုတ်ပါဘူး။ မြို့တော်မှာလည်း ဧကရီနဲ့ ဧကရာဇ် ရှိနေတာပဲ။ ပြီးတော့ ဓားနတ်ဘုရားလည်း ပြန်ရောက်နေပြီဆိုတော့ တောင်ကြီးတစ်လုံးလို ခိုင်မာနေတာပဲ။ ဘာမှ စိုးရိမ်စရာ မရှိဘူး…"

အတောင်ပံဖြန့်လျှင် ပေ(၁၀၀)ကျော် ကျယ်ဝန်းသော အတောင်ပံပါသားရဲကြီး၏ ကျောပေါ်တွင် ဝတ်ရုံနက်ဝတ် လူငယ်က ပိုးသားမျက်ကာစကို ပြင်လိုက်ရင်း တည်ငြိမ်စွာ ဆိုသည်။

"အရှင်မရဲ့ လျှို့ဝှက်ချက်က တကယ့်ကို ချီးကျူးစရာပဲ။ စစ်တပ်ကြီးက ထွက်ခွာသွားပြီ။ မြို့တော်က အစွမ်းထက်သူတွေလည်း မရှိတော့ဘူး။ ဒါကို ပြည်သူတွေက ဘာမှ မသိကြသေးဘူး။"

ဝတ်ရုံနီဝတ် မိန်းကလေးက ဝတ်ရုံနက်ဝတ် လူငယ်၏ လက်မောင်းကို သဘာဝကျကျ ချိတ်လိုက်ပြီး ပြောသည်။ "ငါ ပြောထားတယ်လေ။ လူရှေ့မှာ ငါ့ကို အရှင်မလို့ မခေါ်ပါနဲ့လို့။ ငါတို့ရဲ့ အဓိက လျှို့ဝှက်ချက်က ဖုံးကွယ်ထားဖို့ပဲ။ မှတ်ထား။ ငါတို့က စေ့စပ်ထားတဲ့သူတွေပဲ။ မင်းက ငါ့ကို မမချင်းလို့ခေါ်၊ ငါက မင်းကို မေင်လေးမုန့်လို့ ခေါ်မယ်၊ နားလည်လား။"

ဤဝတ်ရုံနက်ဝတ် လူငယ်မှာ မုန့်ချင်ကျိုးပင်။ ဧကရီ၏ စကားကို ကြားသောအခါ သူက ချောင်ချောင် ကဲ့သို့ သူတစ်ပါး ဇနီးကို ခိုးယူနေရသည့် သူခိုးတစ်ယောက်ကဲ့သို့ ခံစားချက်မျိုး ပေါက်နေမိသည်။

"အရှင်မ... ကျုပ်တို့ မြို့ပြင်ရောက်တာ ခဏပဲ ရှိသေးတယ်။ ဧကရာဇ်က ကြားသွားရင် မစိုးရိမ်ဘူးလား။" မုန့်ချင်ကျိုး၏ ရင်ဘတ်ထဲတွင် တဒိန်းဒိန်း ခုန်နေသည်။

နန်းတော်ထဲ အောင်းနေသော ဧကရာဇ်က ရုတ်တရက် ဒေါသတကြီး ထွက်လာပြီး "မင်း... ငါ့မိန်းမကို ခိုးတဲ့ကောင်... သေပေတော့..." ဆိုပြီး သူ့ခေါင်းကို ဖြတ်လိုက်မည်ကို သူ စိုးရိမ်နေမိသည်။

သတင်းများအရ ဧကရာဇ်က အလွန်အစွမ်းထက်သည်ဟု ဆိုသော်လည်း မည်သူမျှ အသေးစိတ် မပြောသဖြင့် မုန့်ချင်ကျိုးမှာ ပို၍ပင် စိတ်ပူနေရသည်။

"ဘာကို ကြောက်နေတာလဲ။ ဒါက အစစ်မှမဟုတ်တာ။ တိုင်းပြည် အကျိုးအတွက် ငါတို့က ဟန်ဆောင်နေရတာပဲ။ စိတ်မပူပါနဲ့၊ ဧကရာဇ်က စိတ်မဆိုးပါဘူး။" ဧကရီက မုန့်ချင်ကျိုး၏ ရင်ဘတ်ကို မှီကာ ဂရုမစိုက်ဟန်ဖြင့် ပခုံးတွန့်ပြသည်။

မုန့်ချင်ကျိုးက သူ၏လက်ကို ပြန်ဆွဲထုတ်ရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း ဧကရီက တင်းတင်းကြပ်ကြပ် ဖက်ထားပြီး တိုးတိုးလေး ကြိမ်းမောင်းလိုက်သည်။ "မုန့်လေး... မင်းရဲ့ ကိုယ်ရံတော် တာဝန်ကို မမေ့နဲ့..."

နောက်ဆုံးတွင် မုန့်ချင်ကျိုး အရှုံးပေးလိုက်ရပြီး ငါးသေတစ်ကောင်၏ မျက်နှာကဲ့သို့ ခံစားချက်မဲ့သော မျက်နှာပေးဖြင့်သာ နေလိုက်တော့သည်။

စစ်ပွဲစလျှင် ကိုယ်ရံတော် အလုပ်က လွယ်ကူမည်ဟု ထင်ထားသော်လည်း ယခုတော့ ဧကရီက ဇာတ်လမ်းများ ခင်းနေလေသည်။ သူတို့နှစ်ယောက်နှင့် အမတ်အချို့က သူဌေးသားသမီးများအဖြစ် ဟန်ဆောင်ကာ ရှေ့ကသွားပြီး ဗိုလ်ချုပ်ကြီး (၁၀)ဦး ဦးဆောင်သော စစ်တပ်ကြီးက နောက်ကနေ လျှို့ဝှက်လိုက်လာခြင်း ဖြစ်သည်။

"အရှင်မ... မမချင်း၊ မေးစရာတစ်ခု ရှိလို့ပါ။" မုန့်ချင်ကျိုးက မေးလိုက်သည်။

ဧကရီက လေညင်းခံရင်း ကြောင်လေးတစ်ကောင်ကဲ့သို့ ဇိမ်ခံနေကာ စိတ်ကြည်လင်နေပုံရသည်။ "မေးလေ…"

"ကျုပ် စစ်ဆေးကြည့်ရသလောက်တော့ ဗိုလ်ချုပ်ကြီးတွေ ဦးဆောင်တဲ့ စစ်တပ်မှာ စစ်သည် ၂သိန်းပဲ ရှိတယ်။ ကျန်တဲ့စစ်သည်တွေက ဘယ်မှာလဲ။"

ဧကရီက လျှို့ဝှက်ချက်ရှိဟန်ဖြင့် ပြုံးလိုက်ပြီး ပြောသည်။ "ခန့်မှန်းကြည့်လေ…"

မုန့်ချင်ကျိုး မျက်လုံးပြူးသွားသည်။

ဟမ်... ခင်ဗျား ဘာတွေ ကြံစည်နေလဲဆိုတာကို ဘယ်သူက သိမှာလဲ။

"သခင်လေး... သခင်မလေး... လက်ဖက်ရည် သောက်ပါဦးမလား။"

သားရဲကြီး၏ ကျောပေါ်တွင် အိမ်ထိန်းတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦး ခေါင်းငုံ့ကာ မေးလိုက်သည်။ သူ၏ လေသံမှာ အေးစက်နေပြီး မုန့်ချင်ကျိုးကို ကြည့်နေသော မျက်လုံးများမှာ ရှုပ်ထွေးနေသည်။

ငါတို့နှစ်ယောက်လုံးက သူလျှိုတွေပဲ။ ဒါပေမဲ့ မင်းကတော့ ကံကောင်းလိုက်တာ။ ချောမောလှပတဲ့ အမျိုးသမီးတွေ ဝိုင်းနေတဲ့အပြင်၊ တစ်ယောက်က မဟာကျင်းရဲ့ ဧကရီတောင် ဖြစ်နေသေးတယ်။ သူက ကောင်းကင်ကြည့်ဆောင်ရဲ့ အဆောင်သခင်လောင်း ကျိဝူရွှမ် မျက်စိကျနေတဲ့ မိန်းမ…

ငါကတော့ အောက်ခြေက အစေခံ လုပ်နေရတယ်...

"အရှင်မ... ကျုပ် အိမ်တော်ထိန်းလီနဲ့ ဆွေးနွေးစရာရှိလို့ ခဏသွားလိုက်ဦးမယ်။" မုန့်ချင်ကျိုးက ရိပ်မိသဖြင့် ဧကရီ၏လက်ကို ပုတ်ကာ ပြောလိုက်သည်။

ဧကရီက အစပိုင်း အံ့အားသင့်သွားခဲ့ပြီး နန်းတွင်တွင် မုန့်ချင်ကျိုး၏ အမူအရာများကို ခေတ္တမျှ စဉ်းစားကာ ရယ်ရင်း ခွင့်ပြုလိုက်သည်။ "ကောင်းပြီ၊ သွားလေ…"

"သွားကြစို့။ အိမ်တော်ထိန်းလီ... ဟိုဘက်က သားရဲကြီးပေါ်မှာ သွားပြီး စကားပြောရအောင်။"

သားရဲ၏ခန္ဓာကိုယ်မှာ မြို့ငယ်လေးတစ်မြို့၏ အရွယ်အစားခန့်ရှိနေပြီး ကျောပေါ်တွင် အဆောက်အုံများ

ရှိနေသည်။

“ကောင်းပါပြီ။ ကျွန်တော်လည်း သခင်လေးမုန့်ရဲ့ အမြင်ကို သိချင်ပါတယ်…”

…

အပိုင်း(၁၄၂) ကျိဝူရွှမ်က ငါ့တူပဲ

သားရဲကြီးများ၏ ကျောပေါ်တွင် တင်ဆောင်လာသော အဆောက်အုံများမှာ အစေခံများအဖြစ် ဟန်ဆောင်ထားသည့် နန်းတွင်းအရာရှိများ နေထိုင်ရာ ဖြစ်သည်။

ထိုအဆောင်တစ်ခုအတွင်း၌ မုန့်ချင်ကျိုးက ကုလားထိုင်ပေါ်တွင် ခန့်ညားစွာ ထိုင်နေပြီး လက်ဖက်ရည်ခွက်ကို ကိုင်ကာ အေးအေးလူလူ မှုတ်သောက်နေ၏။ သူက စကားစရန် အလျင်မလိုပေ။

သူ့ရှေ့တွင်မူ လီကွမ်ယန်က မတ်တပ်ရပ်ကာ အေးစက်သော အကြည့်များဖြင့် စိုက်ကြည့်နေသည်။ ဘေးခန်းတွင်မူ ဝတ်ရုံနက်ဝတ် နန်းရင်းဝန် ဝမ်ရှန်းကျားက စာအုပ်တစ်အုပ်ကို ကိုင်ထားသော်လည်း သူ၏ အာရုံမှာ မုန့်ချင်ကျိုးထံ၌သာ ရှိနေသည်။

လေထုမှာ ရုတ်တရက် ထူးဆန်းစွာ တင်းမာသွားပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ ဖုံးလွှမ်းလာသည်။

"မင်းက တကယ်တမ်း ဘယ်သူလဲ။" လီကွမ်ယန်က ခါးကြားမှ ဓားရှည်ကို တင်းတင်းဆုပ်ကိုင်ရင်း အော်ဟစ်မေးမြန်းလိုက်သည်။

မုန့်ချင်ကျိုးက နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခုကို ဆင်မြန်းကာ စကားနှစ်လုံးကိုသာ ပြောလိုက်သည်။ "ကောင်းကင်ကြည့်…"

ထိုစကားကို ကြားလိုက်ရုံဖြင့် အခန်းတွင်းရှိ အပူချိန် ရုတ်တရက် ထိုးကျသွားသလို ခံစားလိုက်ရသည်။ ဝမ်ရှန်းကျားက လက်ထဲမှ စာအုပ်ကို တိတ်ဆိတ်စွာ ချလိုက်ပြီး အင်္ကျီလက်ထဲမှ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

ရှူး...

လီကွမ်ယန်က သူ၏ဓားကို အနည်းငယ် ဆွဲထုတ်လိုက်ရာ ထက်မြက်လှသော ဓားအရှိန်အဝါများက အခန်းတွင်း ပြည့်နှက်သွားသည်။ သူတို့နှစ်ဦးစလုံးက မုန့်ချင်ကျိုး၏ သရုပ်မှန်ကို အတည်မပြုနိုင်မချင်း သူတို့မှာ ကောင်းကင်ကြည့်ဆောင်၏ သူလျှိုများဖြစ်ကြောင်း ဝန်ခံမည်မဟုတ်ပေ။

ကောင်းကင်ကြည့်ဆောင်၏ တည်ရှိမှုမှာ အမြဲတမ်း လျှို့ဝှက်ချက် ဖြစ်ခဲ့ပြီး လူသားဧကရာဇ် လက်ထက်ကတည်းက အရိပ်ထဲတွင်သာ နေထိုင်ခဲ့ကြသည်။

ဒီအချိန်နဲ့နေရာလွတ် ဓားသူတော်စင်က ဒါကို ဘယ်လိုသိနေရတာလဲ။

အကယ်၍ မုန့်ချင်ကျိုးသာ သူတို့အဖွဲ့ဝင် မဟုတ်ခဲ့လျှင် သူ့ကို အသေသတ်ပြီး နှုတ်ပိတ်ရပေမည်။

"လူကြီးမင်းတို့... ဘာလို့ ဒီလောက် တင်းမာနေရတာလဲ။ ထိုင်ပြီး အေးအေးဆေးဆေး စကားပြောကြရအောင်။" မုန့်ချင်ကျိုး၏ လေသံမှာ တည်ငြိမ်သော်လည်း ငြင်းပယ်၍ မရသော အရှိန်အဝါ ပါဝင်နေသည်။

သူပြောပြီးသည်နှင့် အချိန်နှင့်နေရာလွတ် ဓားအသိများ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် မီတာအနည်းငယ်အတွင်းရှိ ဟင်းလင်းပြင်ကို ဖုံးအုပ်လိုက်သည်။ "အခုဆိုရင် ဘယ်သူမှ ငါတို့ပြောတာကို ခိုးနားထောင်လို့ မရတော့ဘူး။"

"ပွင့်ပွင့်လင်းလင်း ပြောရရင်... ငါက သူလျှိုမဟုတ်ဘူး။"

လီကွမ်ယန် မျက်မှောင်ကြုတ်လိုက်သော်လည်း ဓားကို အကုန် ဆွဲမထုတ်သေးပေ။

"သူက ငါတို့ကို ကောင်းကောင်းသိနေပုံပဲ။ ပြီးတော့ “ကောင်းကင်ကြည့်ဆောင်”ဆိုတဲ့ နာမည် အပြည့်အစုံကိုလည်း မပြောဘူး။" ဝမ်ရှန်းကျားက လီကွမ်ယန်ထံ စိတ်ချင်းဆက်ကာ ပြောလိုက်သည်။

ကောင်းကင်ကြည့်ဆောင်၏ အမည်အပြည့်အစုံကို အပြင်လူများက အလွယ်တကူ မခေါ်ဝေါ်ရဲပေ။ ထိုအမည်ကို ရွတ်ဆိုလိုက်သည်နှင့် အဖွဲ့အတွင်းရှိ အစွမ်းထက်သူများက ချက်ချင်း သိရှိနိုင်၍ပင်။ ထိုလျှို့ဝှက်ချက်ကို အဖွဲ့ဝင်များသာ သိကြသည်။

"မင်းတို့ ကျိဝူရွှမ်ကို သိတယ်မလား။" မုန့်ချင်ကျိုးက ဆက်ပြောသည်။

လီကွမ်ယန်နှင့် ဝမ်ရှန်းကျားတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ရင်ထဲမှာ ထိတ်လန့်၍ သွားကြသည်။ "မင်းက ကျိဝူရွှမ်ရဲ့ လူယုံလား။"

"လူယုံတော့ မဟုတ်ဘူး။ ဆွေမျိုးပါ။"

"ကျိဝူရွှမ်က ငါ့တူအရင်းပဲ။ သူကပဲ ငါ့ကို ကောင်းကင်ကြည့်ဆောင်ရဲ့ လျှို့ဝှက်ချက်တွေ ပြောပြခဲ့တာ။ တစ်ခါတလေ သူလုပ်ရခက်တဲ့ ကိစ္စတွေကို ငါက ကူလုပ်ပေးရတယ်။"

"ဟမ်..."

လီကွမ်ယန် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ၎င်းမှာ အလွန် အဓိပ္ပာယ်မဲ့လွန်းသည့်ကိစ္စဟု ထင်နေမိသည်။

ဝမ်ရှန်းကျားကမူ နှာခေါင်းရှုံ့ကာ ပြောသည်။ "မင်း လိမ်နေတာပဲ။ မင်းက အသက် (၂၀)ကျော်လေးပဲ ရှိသေးတာ။ ကျိဝူရွှမ်ထက်တောင် ငယ်သေးတယ်။ ပြီးတော့ ကျိဝူရွှမ်မှာ မင်းလို ဦးလေးရှိတယ်ဆိုတာ ငါ တစ်ခါမှ မကြားဖူးဘူး။"

"ငါလည်း မယုံဘူး။ ငါတို့ တာဝန်လက်ခံတုန်းက မင်းနာမည် မပါဘူး။" လီကွမ်ယန်ကလည်း သတ်ဖြတ်လိုသော အရှိန်အဝါများ ပိုမိုထုတ်ဖော်လာသည်။

မုန့်ချင်ကျိုးက ပခုံးတွန့်ကာ ပြောသည်။ "မင်းတို့ ဦးနှောက်ကို သုံးပြီး စဉ်းစားကြည့်စမ်းပါ။ ငါသာ ကျိဝူရွှမ်ရဲ့ ဦးလေးမဟုတ်ရင် ဘယ်သူဖြစ်နိုင်ဦးမလဲ။"

"ကောင်းကင်ကြည့်ဆောင်ရဲ့ လျှို့ဝှက်ချက်ကို နှစ်ပေါင်းထောင်ချီ ဘယ်သူမှ မသိခဲ့ဘူး။ ဒါကို ဒီတောရိုင်းမြေက လူငယ်တစ်ယောက်ဖြစ်တဲ့ ငါက သိနေတယ်။ ပြီးတော့ ငါက ဒီဒေသရဲ့ နံပါတ်(၁) ပါရမီရှင် ဖြစ်နေတာက တိုက်ဆိုင်မှုလို့ ထင်နေတာလား။..."

မုန့်ချင်ကျိုးက ဒေါသထွက်ဟန်ဖြင့် စားပွဲကို ရိုက်ကာ ထရပ်လိုက်ပြီး သူတို့နှစ်ဦးကို လက်ညှိုးဖြင့် ထိုးကာ ဆဲဆိုတော့သည်။ "ငတုံးတွေ... အသုံးမကျတဲ့ကောင်တွေ... ငါ့ရဲ့ အဆင့်အတန်းကို မင်းတို့ မသိဘူးလား။ ငါက ဧကရီရဲ့ ဘေးနားက အာဏာရှိတဲ့သူပဲ။ ပြီးခဲ့တဲ့အကြိမ်က ငါ ကျိဝူရွှမ်ရဲ့ လက်ပါးစေတွေကို သတ်ခဲ့တာတောင် သူ ငါ့ကို လာပြီး လက်စားမချေဘူးလေ။ ဘာလို့လဲဆိုတာ မစဉ်းစားမိဘူးလား။"

လီကွမ်ယန်မှာ ကြောင်အမ်းအမ်း ဖြစ်သွားသည်။ မုန့်ချင်ကျိုးပြောသည်မှာ ယုတ္တိရှိသလိုလိုနှင့်…

သို့သော် သူက ပြန်ပြောလိုက်သည်။ "လွဲနေပြီ။"

"ဘာလွဲနေတာလဲ။"

"ကျိသခင်လေးက မင်းကို လက်စားမချေဘူးလို့ ဘယ်သူပြောလဲ။ ငါတို့နှစ်ယောက် ဒီကိုလာတာက မင်းကို သတ်ဖို့နဲ့ ဧကရီကို ကူညီဖို့ပဲ။" လီကွမ်ယန်က အေးစက်စွာ ပြောသည်။

ယခုတစ်ခါတော့ မုန့်ချင်ကျိုး ကြောင်သွားရသူ ဖြစ်သည်။

ဟမ်။ ကျိဝူရွှမ်းက ငါ့ကိုသတ်ဖို့ မင်းတို့နှစ်ယောက်ကို လွှတ်လိုက်တာလား။

မုန့်ချင်ကျိုးက ချက်ချင်းပင် အမူအရာပြင်ကာ ဟန်ဆောင်ကြိမ်းမောင်းလိုက်ပြန်သည်။ "မိုက်မဲလိုက်တာ... ဒါတွေက ဟန်ပြတွေပဲလေ..."

"ဒီတောရိုင်းမြေမှာ ငါက အဓိကပဲ။ ကျိဝူရွှမ်က ဘာမှမဟုတ်ဘူး။ မင်းတို့ရဲ့ ကျင့်စဉ်အဆင့်နဲ့ အစွမ်းတွေကို ငါ အတိအကျ ပြောပြနိုင်တယ်။ ကျိဝူရွှမ် ဒါကို လုပ်နိုင်မလား။"

ဝမ်ရှန်းကျား လန့်သွားပြီး မုန့်ချင်ကျိုးအနားသို့ တိုးလာကာ ပြောလိုက်သည်။ "မင်းသာ ငါတို့ရဲ့ ကျင့်စဉ်အဆင့်ကို အမှန်အတိုင်း ပြောနိုင်ရင် မင်းအသက်ကို ချမ်းသာပေးမယ်။"

မုန့်ချင်ကျိုးက အေးဆေးစွာ ပြုံးလိုက်ပြီး ပြောသည်။

"လီကွမ်ယန်။ နံနက်ခင်းအလင်းနယ်ပယ် အထွတ်အထိပ်။ ကောင်းကင်ကြည့်ဆောင်က ဒီဒေသကို လွှတ်ထားတဲ့ အဆင့်မြင့်ဆုံး သူလျှိုတွေထဲက တစ်ယောက်။"

"ဝမ်ရှန်းကျား။ ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တဲ့သူ။ မင်းလည်း ဒီဒေသရဲ့ အဆင့်မြင့် သူလျှိုပဲ။"

"ပြီးတော့ နောက်ထပ် လျှို့ဝှက်ချက်တစ်ခု ပြောရရင်... မဟာကျင်းရဲ့ ဧကရာဇ်ဟောင်း ရုတ်တရက် နတ်ရွာစံသွားတာက မင်းတို့နှစ်ယောက်..."

ထိုစကားကို ကြားသောအခါ လီကွမ်ယန်နှင့် ဝမ်ရှန်းကျားတို့၏ မျက်နှာများ ချက်ချင်း ပျက်သွားပြီး အလျင်အမြန် တားလိုက်ကြသည်။ "မင်း... လျှောက်မပြောနဲ့...."

မုန့်ချင်ကျိုး စိတ်ထဲမှ သက်ပြင်းချလိုက်၏။ သူ လောင်းကြေးထပ်လိုက်သည်မှာ အောင်မြင်သွားလေပြီ။

သူတို့၏ လက်ရှိ စွမ်းအားအဆင့်များကို ဝတ္ထုထဲ၌ နောက်ဆုံးပေါ်ခဲ့သော အချိန်မှ ယူထားခြင်း ဖြစ်၏။

မူလဝတ္ထုတွင် ကျောက်ကော်က စွမ်းအား အလျင်အမြန် တိုးတက်လာခဲ့သည်။ သုံးလေးနှစ် အတွင်းမှာပင် ကောင်းကင်ကြည့်ဆောင်၏ အာရုံစိုက်မှုကို ခံခဲ့ရပြီး သူလျှိုနှစ်ဦးဖြစ်သော လီကွမ်ယန်နှင့် ဝမ်ရှန်းကြားတို့ ပေါ်ထွက်လာခဲ့သည်။

ကောင်းကင်ကြည့်ဆောင်က ပါရမီရှင်များကို ခေါ်ယူချင်သည်။ ထိုနှစ်ယောက်က အမြဲပင် သူလျှိုများ ဖြစ်နေသည့်အတွက် သူတို့၏ ပါရမီများမှာ သာမန်သာဖြစ်ပြီး ဉာဏ်ကြီးရှင်များ မဟုတ်ကြောင်းကို ညွှန်ပြနေသည်။

ထို့ကြောင့် သူတို့အတွက် နှစ်နှစ် သုံးနှစ်မှာ မျက်စိတစ်မှိတ်သာဖြစ်ပြီး သူတို့၏ စွမ်းအားများက သိပ်ပြီး တိုးတက်လာမည် မဟုတ်ပေ။

ထို့ကြောင့် ဇာတ်လမ်းနောက်ပိုင်းမှ ပေါ်လာခဲ့သော နံနက်ခင်းအလင်းနယ်ပယ် အထွတ်အထိပ်အဆင့် လီကွမ်ယန်နှင့် ကောင်းကင်ထောက်တိုင် နယ်ပယ်တစ်ပိုင်း ဝမ်ရှန်းကျားတို့က လက်ရှိနယ်ပယ်များ အတိုင်းပင်။

မဟာကျင်း၏ ဧကရာဇ်ဟောင်း သေဆုံးရခြင်းက ထိုသူနှစ်ဦးကြောင့် ဖြစ်ခဲ့ကြောင်း ဆိုသည်ကို မုန့်ချင်ကျိုး သေချာမသိပေ။ ထို့ကြောင့် သူ လောင်းကြေးထပ်လိုက်ရသည်။ သို့သော်လည်း ကံကောင်းစွာပင် သူ မှန်သွားခဲ့၏။

…

အပိုင်း(၁၄၃) ရွေးချယ်မှု

"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"

"ငါတို့ရဲ့ ကျင့်စဉ်တွေကို ကောင်းကင်ကြည့်အတတ်နဲ့ ဖုံးကွယ်ထားတာလေ။ ဘယ်သူမှ မရိပ်မိနိုင်ပါဘူး။ မဟုတ်ရင် ဒီတောရိုင်းမြေမှာ ငါတို့ ဒီလောက်နှစ်အကြာကြီး ဘယ်လို ပုန်းနေနိုင်ပါ့မလဲ။"

"ပြီးတော့ မဟာကျင်း ဧကရာဇ်ဟောင်းကို လုပ်ကြံတာကလည်း ငါတို့ဘာသာ လုပ်ခဲ့တာ။ အဆောင်ထဲမှာတောင် ဒါကို သိတဲ့သူ အတော်နည်းတယ်..."

လီကွမ်ယန်နှင့် ဝမ်ရှန်းကျားတို့ စိတ်ချင်းဆက်သွယ်ကာ ဆွေးနွေးနေကြရင်း လွန်ခဲ့သော ဆယ်စုနှစ် များစွာက အဖြစ်အပျက်များကို ပြန်လည်အမှတ်ရကာ ထိတ်လန့်လာကြသည်။

ထိုစဉ်က မဟာကျင်း ပျက်စီးလုနီးပါး ဖြစ်နေချိန်တွင် ကောင်းကင်စစ်သူကြီးနှင့် ဝတ်ရုံနက်နန်းရင်းဝန် တို့က တိုင်းပြည်၏ မဏ္ဍိုင်နှစ်ခု ဖြစ်ခဲ့ကြသည်။ သို့သော် ဧကရာဇ်ဟောင်းမှာ အစွမ်းအစမရှိဘဲ တိုင်းပြည်ကို လမ်းမှားသို့ ပို့ဆောင်နေခဲ့သည်။ သူတို့နှစ်ဦးမှာ ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစား၍ ထိန်းသိမ်းခဲ့သော်လည်း အနာဂတ်အတွက် မျှော်လင့်ချက် လုံးဝ မရှိခဲ့ပေ။

ထိုအချိန်တွင် ကောင်းကင်ကြည့်ဆောင်မှ သံတမန်တစ်ဦး ရောက်လာပြီး သူတို့၏ ကြီးကျယ်ခ မ်းနားသော ရည်မှန်းချက်များကို ချပြခဲ့သည်။

"ပထမဆုံး လူသားဧကရာဇ်ကို ပြန်လည်ဖန်တီးမယ်။ တစ်လောကလုံးကို စည်းလုံးစေပြီး စစ်မှန်တဲ့ စွမ်းအားကို ကမ္ဘာပေါ်မှာ ပြန်လည် ထွန်းကားစေမယ်။"

လီကွမ်ယန်နှင့် ဝမ်ရှန်းကျားတို့ အလွန်ပင် စိတ်လှုပ်ရှားသွားပြီး ကောင်းကင်ကြည့်ဆောင်ထဲသို့ ချက်ချင်းဝင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့သော် သံတမန်က သူတို့၏ သစ္စာရှိမှုကို သက်သေပြရန် တစ်ခုခု လုပ်ပြရမည်ဟု ဆိုခဲ့သည်။ နောက်ဆုံးတွင် သူတို့က ဧကရာဇ်ဟောင်းကို လုပ်ကြံရန် ပူးပေါင်း ကြံစည်ခဲ့ကြပြီး ၎င်းမှာ မတော်တဆမှု တစ်ခုကဲ့သို့ ဟန်ဆောင်ခဲ့ကြသည်။ ထိုသို့ဖြင့် သူတို့က တောရိုင်းမြေရှိ ကောင်းကင်ကြည့်ဆောင်၏ သူလျှိုများ ဖြစ်လာခဲ့ကြသည်။

"မင်းက... နယ်မြေစောင့်ကြပ်ရေးမှူးရဲ့ လူလား။" ဝမ်ရှန်းကျားက လေးနက်သော အမူအရာဖြင့် တိုးတိုးလေး မေးလိုက်သည်။

မုန့်ချင်ကျိုးမှာ ဇဝေဇဝါ ဖြစ်သွားသည်။ နယ်မြေစောင့်ကြပ်ရေးမှူး ဟုတ်လား။ အဲဒါက ဘာကြီးလဲ။

"ဟဲဟဲ..." မုန့်ချင်ကျိုးက ဘာအဓိပ္ပာယ်မှန်းမသိသော အပြုံးတစ်ခုကိုသာ ပြုံးပြလိုက်သည်။ ထိုကဲ့သို့ တုံ့ပြန်မှုမျိုးသည် ဝန်ခံခြင်းလည်းမဟုတ်၊ ငြင်းဆိုခြင်းလည်း မဟုတ်သဖြင့် တစ်ဖက်လူကို ပို၍ တွေးတောရခက်စေသည်။

လီကွမ်ယန်နှင့် ဝမ်ရှန်းကျားတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ခေါင်းညိတ်လိုက်ကြပြီး ဒူးတစ်ဖက်ထောက်ကာ အရိုအသေပေးလိုက်ကြသည်။

"လူကြီးမင်းကို ဂါရဝပြုပါတယ်..."

"ထကြ။ ငါတို့ အဖွဲ့ဝင်တွေကြားမှာ အဆင့်အတန်း ခွဲခြားတာ မရှိဘူး။ အားလုံးက ဘုံရည်မှန်းချက်အတွက် တိုက်ပွဲဝင်နေကြတာပဲ။ ဒီလိုတွေ လုပ်နေဖို့ မလိုပါဘူး။" မုန့်ချင်ကျိုးက လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

မုန့်ချင်ကျိုးက ကောင်းကင်ကြည့်ဆောင်၏ သဘောသဘာဝကို ကောင်းကောင်းသိသည်။ ၎င်းသည် ကြီးကျယ်သော ကြွေးကြော်သံများကို အသုံးပြုကာ လူများကို ဦးနှောက်ဆေးပြီး ခိုင်းစေတတ်သော အဖွဲ့အစည်းတစ်ခုသာ ဖြစ်သည်။ ဤမြေခွေးအိုကြီး နှစ်ယောက်က သူ့ကို ဒူးထောက်ပြခြင်းမှာ အမှန်တကယ် ယုံကြည်၍မဟုတ်ဘဲ သူ့ကို စမ်းသပ်နေခြင်းသာ ဖြစ်ကြောင်း သူ ရိပ်မိသည်။

"ဟုတ်ကဲ့ပါ... လူကြီးမင်းမှာ ဘာများ မှာကြားစရာ ရှိပါသလဲ။" ဝမ်ရှန်းကျားက သူ၏ဝတ်ရုံကို ချွတ်လိုက်ပြီး အိုမင်းနေသော မျက်နှာကို ဖော်ပြကာ တိုးတိုးလေး မေးလိုက်သည်။

မုန့်ချင်ကျိုးက စဉ်းစားဟန် ပြုလိုက်သည်။

ဒီမြေခွေးအိုကြီး နှစ်ယောက်က တော်တော်လေး အစွမ်းထက်တယ်၊ သူတို့ကို အရင်ဆုံး ငြိမ်အောင် ထိန်းထားရမယ်။

ကောင်းကင်ကြည့်ဆောင်၏ တစ်ခုတည်းသော ရည်ရွယ်ချက်က နယ်မြေနှစ်ခုကို စည်းလုံးစေပြီး လူသားဧကရာဇ်ကို ပြန်လည်ဖော်ထုတ်ရန်ပင်။ သူတို့ပေးသော တာဝန်မှန်သမျှက ထိုရည်မှန်းချက်နှင့် ကိုက်ညီရပေမည်။

မုန့်ချင်ကျိုးက အတန်ကြာမှ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"မင်းတို့ရဲ့ အထက်လူကြီးတွေက မဟာကျင်းကို မြောက်ဘက်မဟာမိတ်အဖွဲ့ကို တိုက်ခိုက်ခိုင်းတာက ကောင်းပါတယ်။ ဒါပေမဲ့ ငါ့မှာ မေးစရာတစ်ခု ရှိတယ်။ ကောင်းကင်ပြည်နယ်က မစည်းလုံးသေးဘူး၊ ပြီးတော့ ဒီတောရိုင်းမြေမှာ မဟာကျင်းကို ယှဉ်နိုင်တာ နှစ်ဖွဲ့ပဲ ကျန်တော့တာလေ။ ဘာလို့ အဲဒီအဖွဲ့တွေကို မဟန့်တားဘဲ သူတို့ကို ကူညီနေရတာလဲ။"

လီကွမ်ယန် မျက်မှောင်ကြုတ်ကာ ခေါင်းမော့ကြည့်လိုက်သည်။ "လူကြီးမင်း မသိဘူးလား။"

မင်းက ကောင်းကင်ကြည့်ဆောင်ရဲ့ အရေးကြီးပုဂ္ဂိုလ်ဆိုရင် ဒါကို မသိဘူးလား။

သူတို့ စတင် သံသယဝင်လာကြသည်။

ဖြောင်း...

"နားမလည်တာတွေ လျှောက်ပြောနေပြန်ပြီ..." မုန့်ချင်ကျိုးက လီကွမ်ယန်၏ နဖူးကို ရိုက်ကာ ကြိမ်းမောင်းလိုက်သည်။ "ငါသာ အကုန်သိနေရင် မင်းတို့ကို ဘာလို့ လိုဦးမှာလဲ။"

လီကွမ်ယန် ဒေါသထွက်သွားသော်လည်း ရဲရဲတင်းတင်း မတုံ့ပြန်ရဲဘဲ လေသံတိုးတိုးဖြင့်သာ ဖြေလိုက်ရသည်။ "ကျုပ်လည်း အသေးစိတ်တော့ မသိပါဘူး။ တာဝန်မှာ ရေးထားတာကတော့ မဟာကျင်းကို မြောက်ဘက်မဟာမိတ်အဖွဲ့ကို ဖျက်ဆီးခိုင်းပြီးတော့ မဟာကျင်းနဲ့ အနောက်ဘက် ဗုဒ္ဓတိုင်းပြည် တိုက်ပွဲကို ပိုပြီး မြန်ဆန်စေဖို့ပါ။"

"ပြီးတော့... အချိန်နဲ့နေရာလွတ် ဓားသူတော်စင်ကို သတ်ဖို့က ကျိသခင်လေးရဲ့ ကိုယ်ပိုင်အကြံဉါ။"

ထိုစကားကို ကြားသောအခါ မုန့်ချင်ကျိုး ချက်ချင်းပင် အတွေးထဲ နစ်ဝင်သွားတော့သည်။

မဟာကျင်းနဲ့ ဗုဒ္ဓတိုင်းပြည်ကြား တိုက်ပွဲကို ပိုမြန်စေမယ်။ ဒါက ဘာကို ဆိုလိုတာလဲ။

ဟမ်... နေပါဦး...

မုန့်ချင်ကျိုး၏ ရင်ထဲတွင် ထိတ်လန့်သွားရသည်။ ကောင်းကင်ကြည့်ဆောင်သည် မဟာကျင်းနှင့် ဗုဒ္ဓတိုင်းပြည် နှစ်ခုစလုံးကို အင်အားချည့်နဲ့အောင် လုပ်ပြီးမှ နှစ်ဖွဲ့လုံးကို တစ်ပြိုင်တည်း အမြစ်ပြတ် ချေမှုန်းရန် ကြံစည်နေခြင်း ဖြစ်ပေလိမ့်မည်။

ဆိုလိုတာက... ကောင်းကင်ကြည့်ဆောင်ဟာ နောက်ထပ် လူသားဧကရာဇ်အဖြစ် တင်မြှောက်မယ့်သူကို ရွေးချယ်ပြီးသား ဖြစ်ရမယ်...

ဘာမှ ထူးခြားတာ မရှိရင် အဲဒီလူက ကျိဝူရွှမ်ပဲ ဖြစ်မယ်။

မူလဇာတ်လမ်းထက် ဖြစ်ရပ်များ ပိုမိုမြန်ဆန်လာရခြင်းမှာ ဇာတ်လိုက် ကျောက်ကော် သေဆုံးသွား၍ ဖြစ်နိုင်သည်။ ကျောက်ကော် မရှိတော့သဖြင့် ကောင်းကင်ကြည့်ဆောင်က ကျိဝူရွှမ်းကို အမြန်ဆုံး နေရာပေးရန် ကြိုးစားနေခြင်းပင်။

"နားလည်ပြီ။ မင်းတို့ အခု သွားလို့ရပြီ။ အထက်က အမိန့်တွေကိုပဲ စောင့်ကြည့်နေကြ။" မုန့်ချင်ကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒါဆို... ကျိသခင်လေးရဲ့ အမိန့်က..." ဝမ်ရှန်းကျားက မုန့်ချင်ကျိုးကို စိုက်ကြည့်ကာ မေးလိုက်သည်။

မုန့်ချင်ကျိုးက အေးစက်စွာ ပြန်မေးသည်။ "ဘာလဲ။ မင်းက ငါ့ကို သတ်ချင်နေတာလား။..."

ဝမ်ရှန်းကျားက အလျင်အမြန် လက်ယှက်ကာ "မဝံ့ရဲပါဘူး၊ မဝံ့ရဲပါဘူး" ဟူ၍ တောင်းပန်ကာ လီကွမ်ယန်ကို မျက်စိမှိတ်ပြပြီး အခန်းထဲမှ ထွက်ခွာသွားကြတော့သည်။

အဆောင်ထဲတွင် မုန့်ချင်ကျိုး တစ်ယောက်တည်း ကျန်ခဲ့ပြီး ပြတင်းပေါက်နားတွင် ရပ်ကာ လေပြင်းများကို ခံစားနေမိသည်။

"ဘာလို့ အားလုံးက ဒီလိုတွေ ဖြစ်ကုန်ရတာလဲ။" သူ သက်ပြင်းချလိုက်သည်။

ကောင်းကင်ကြည့်ဆောင်သည် ကမ္ဘာကြီးကို ဝါးမျိုရန် ပြင်ဆင်နေပြီ။ ထိုအချိန်ရောက်လျှင် သက်ရှိ အားလုံးမှာ လူသားဧကရာဇ် နန်းတက်ရန်အတွက် အလောင်းများဖြင့် ခင်းထားသော လမ်းသဖွယ် ဖြစ်ကုန်ပေလိမ့်မည်။ မည်သူမှ ရှောင်လွှဲ၍ မရနိုင်ပေ။

မူလဝတ္ထုထဲတွင် ဇာတ်လိုက်သည်ပင် ကောင်းကင်ကြည့်ဆောင်ကို အမြစ်ပြတ် မချေမှုန်းနိုင်ခဲ့ပေ။ ကောင်းကင်ကြည့်ဆောင်ကသာ အချိန်မကျသေးဟု ယူဆကာ ပြန်လည်၍ ပုန်းအောင်းသွားခဲ့ခြင်း ဖြစ်သည်။

ကျောက်ကော်က ကယ်တင်ရှင် မဟုတ်ခဲ့ပေ။ ကောင်းကင်ကြည့်ဆောင်က သူ့ကို ပြဿနာ မရှာသည့် အတွက်ကြောင့် သူက အေးအေးဆေးဆေး နေရသည်ကို ပျော်ရွှင်နေခဲ့ပြီး ထိုကိစ္စက ရုပ်ချည်း အဆုံးသတ် သွားခဲ့ရသည်။

ကောင်းကင်ကြည့်ဆောင်၏ ဝှက်ဖဲများနှင့် ပိုင်ဆိုင်သော နည်းလမ်းများကို လုံးဝ မဖော်ပြခဲ့ပေ။

ထို့ကြောင့် မူလဝတ္ထုကို ဖတ်ဖူးသော မုန့်ချင်ကျိုးသည်ပင် ကောင်းကင်ကြည့်ဆောင်အကြောင်း မသိသလောက်ပင်။

"မင်း ဘာတွေ တွေးနေတာလဲ။" ရုတ်တရက် နူးညံ့လှသော လက်ကလေးတစ်စုံက မုန့်ချင်ကျိုး၏ လက်မောင်းကို လာရောက်ချိတ်လိုက်ပြီး၊ ပုခုံးပေါ်သို့ ခေါင်းမှီကာ မေးလိုက်သည်။

မုန့်ချင်ကျိုးက စိတ်ကုန်ဟန်ဖြင့် ဆိုသည်။ "အရှင်မ... ဒီမှာ ဘယ်သူမှ မရှိတော့ဘူးလေ။ ဒီလိုတွေ ဟန်ဆောင်နေဖို့ လိုသေးလို့လား။"

"လိုတာပေါ့၊ အဆုံးထိ ဟန်ဆောင်ရမှာပေါ့။ ဒါက တိုင်းပြည်ရဲ့ ကံကြမ္မာနဲ့ဆိုင်တဲ့ ကိစ္စပဲလေ၊ သတိထားရမယ်။"

"ကောင်းပါပြီ... ခင်ဗျားပြောတာ မှန်ပါတယ်။ ကျုပ် မငြင်းတော့ပါဘူး။"

"ဒါနဲ့... မင်း ဘာတွေ တွေးနေတာလဲ။"

မုန့်ချင်ကျိုးက ကောင်းကင်ကို ကြည့်ကာ အမူအရာမဲ့စွာ ဖြေလိုက်သည်။

"ကျုပ် စဉ်းစားနေတာက... လူတွေရဲ့ ဒုက္ခတွေကို လျစ်လျူရှုပြီး ကိုယ့်ဘာသာ အေးအေးဆေးဆေး နေရတဲ့ နှလုံးသားမရှိတဲ့လူ တစ်ယောက် ဖြစ်ရမှာလား။ ဒါမှမဟုတ် လောကကြီးကို ကယ်တင်မယ့် ကယ်တင်ရှင် တစ်ယောက် ဖြစ်ရမှာလား ဆိုတာပဲ။"

…

All Chapters