အခန်း (၁၁၃-၁၁၄)
Vol. 12 Ch. 113-114
အခန်း (၁၁၃) အဖိုးအခ ပေးဆပ်ရမှာလား...ဒါဆိုရင် သေလိုက်တော့
ကျင်းယန်နှင့်ကျင်းယွမ်တို့သာ အံ့အားသင့်သွားကြခြင်း မဟုတ်ချေ။
စောင့်ကြည့်နေကြသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများလည်း လုံးလုံးလျားလျား မှင်သက်သွားကြ၏။
သူတို့၏အမြင်အရ ထိုအလောင်းသုံးလောင်း၏ ကျင့်ကြံခြင်းသည် ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ်တွင် အတိအကျ ရှိနေသည်။
အထူးဥပဒေသများဖြင့် ဖိနှိပ်ထားသော ကောင်းကင်ဘုံ တာအိုနယ်မြေတွင် သူတို့သည် ထိပ်တန်းကျွမ်းကျင်သူများပင်။
ယခုအချိန်၌ သူတို့သည် အေးစက်သော အလောင်းများ လုံးလုံးလျားလျား ဖြစ်သွားကြပြီဆိုသည်ကို ထည့်ပြောနေစရာပင် မလိုတော့ချေ။
သူတို့ မည်သည့်အချိန်က သေဆုံးသွားမှန်းပင် မသိလိုက်ရပေ။
သို့ရာတွင် သေချာသည့် တစ်ခုတည်းသော အရာမှာ....
ရွှေကျီးကန်းနတ်ဘုရားတောင်မှ ဤ ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ် ကျွမ်းကျင်သူသုံးဦးကို သတ်ဖြတ်ခဲ့သော တည်ရှိမှုများသည် အချိန်လေဟာနယ် တားမြစ်နယ်မြေ မှ ကျွမ်းကျင်သူများ ဖြစ်ပေမည်။
"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
ကျင်းယန်က မယုံနိုင်စွာဖြင့် ဟိန်းဟောက်လိုက်၏။
သူ၏ဝှက်ဖဲများအဖြစ် သူ မှတ်ယူထားခဲ့သော ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ် ကျွမ်းကျင်သူသုံးဦးသည် သေဆုံးသွားခဲ့သလော။
အစပိုင်းတွင် ထိတ်လန့်တုန်လှုပ်သွားပြီးနောက် ကျင်းယန်သည် ရုတ်တရက် သတိပြန်ဝင်လာပေ၏။
သူက ခုံးဝူတောက်ထံ ချက်ချင်းအသနားခံလိုက်သည်။
"နတ်ဘုရားသားတော် ခုံးဝူတောက်... ကျွန်တော့်ရဲ့အသက်ကို ချမ်းသာပေးပါ..."
"အရင်က အရှင်ရဲ့ ကြီးမြတ်မှုကို ကျွန်တော် အသိအမှတ်မပြုနိုင်ခဲ့တာက ကျွန်တော့်ရဲ့အမှားပါ... ကျွန်တော်က အကြိမ်တစ်သောင်းမက သေသင့်ပါတယ်..."
"ကျေးဇူးပြုပြီး နတ်ဘုရားသားတော်ခုံးဝူတောက်က ကျွန်တော်ရဲ့အသက်ကို ချမ်းသာပေးပါ...အရှင်ရဲ့ဒေါသကို ပြေပျောက်ဖို့ ဘယ်လို အဖိုးအခကိုမဆို ပေးဆပ်ဖို့ ကျွန်တော် ဆန္ဒရှိပါတယ်..."
အခြေအနေများ ပြောင်းလဲသွားပြီကို မြင်သောအခါ ကျင်းယန်သည် အမှန်တကယ် ကြောက်ရွံ့သွားခဲ့လေပြီ။
ဤစကားများကို ကြားသောအခါ ခုံးဝူတောက်က လှောင်ပြုံးပြုံးလိုက်သည်။
"မင်းက အကြိမ်တစ်သောင်း သေသင့်တယ်ဆိုတာ သိနေမှတော့..."
"ဒါဆိုရင် သွားသေလိုက်တော့..."
သူ၏ စကားသံများ ကျဆင်းသွားသည့် အချိန်အခိုက်အတန့်တွင်....
ခုံးဝူတောက်က လက်တစ်ဖက်ကို ရုတ်တရက် ဆန့်တန်းလိုက်၏။
သူက လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်ကာ ကျင်းယန်၏ ဧရာမခေါင်းကြီးကို ခပ်ဖွဖွ တောက်လိုက်သည်။
ဝုန်း...
ကောင်းကင်ကို ဆုတ်ဖြဲပစ်နိုင်သော ဥပဒေသ မုန်တိုင်းက ဟင်းလင်းပြင်ကို တုန်ခါကာ အက်ကွဲသွားစေခဲ့ပြီးနောက်...
ထို့နောက်မှ ထပ်ချပ်မကွာလိုက်ပါလာသည်မှာ အရိုးများနှင့် အသွေးအသားများ ပြတ်တောက်သွားသော ကြောက်မက်ဖွယ်ကောင်းသည့် အသံပင်။
ရုတ်တရက် ပွင့်လန်းလာသော သွေးမြူတိမ်တိုက်တွင် ကျင်းယန်၏ခေါင်းသည် အမှုန်အမွှားများအဖြစ် တစ်မဟုတ်ချင်း ပေါက်ကွဲသွားပေ၏။
သို့ရာတွင် ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် ပျောက်ကွယ်မသွားဘဲ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
အလားတူ သွေးမြူတိမ်တိုက်များသည် သူ၏ ဝမ်းဗိုက် အတောင်ပံများနှင့် ခြေထောက်များမှ ပေါက်ကွဲထွက်လာသည်။
ပေတစ်ရာခန့် ရှည်လျားသော ထိုမီးငှက်ကြီးသည် မိုးကောင်းကင်ယံအပြည့် ပွင့်လန်းနေသော သွေးမြူတိမ်တိုက်အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားကာ ပြန့်ကျဲသွားတော့သည်။
"..."
ကျင့်ကြံသူများအားလုံးသည် သူတို့၏ နတ်ဘုရားစိတ်ဝိညာဉ်များ နေရာတွင်ပင် သံမှိုရိုက်ခံလိုက်ရသကဲ့သို့ အံ့အားသင့် မှင်သက်နေကြ၏။
ဤသည်မှာ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးဖြစ်သော ရွှေကျီးကန်းနတ်ဘုရားတောင်မှ ဧကရာဇ်သားတော်တစ်ပါးပင်။
သူသည် ကျင့်ကြံခြင်းကို အဆင့်ချိုးဖောက်ပြီးနောက် သေရေးရှင်ရေး အကျပ်အတည်း အခိုက်အတန့်တွင် သူ၏စွမ်းအားအပြည့်အဝကို ထုတ်လွှတ်ခဲ့သည့်တိုင် သူသည် ခုံးဝူတောက်ကို မထိခိုက်စေနိုင်ခဲ့ချေ။
နောက်ဆုံးတွင် သူသည် ခုံးဝူတောက်ထံမှ တိုက်ခိုက်မှုတစ်ခုကိုပင် တောင့်မခံနိုင်ခဲ့ပေ။
မဟုတ်သေး...
တိတိကျကျ ပြောရမည်ဆိုလျှင် သူသည် လက်ချောင်းတစ်ချောင်းကိုပင် မခုခံနိုင်ခဲ့ချေ။
သူက ချက်ချင်းဆိုသလိုပင် သတ်ဖြတ်ခံလိုက်ရပြီး မိုးကောင်းကင်ယံအပြည့်ရှိနေသော သွေးမြူတိမ်တိုက်အဖြစ် ပြောင်းလဲသွားပေ၏။
ရှုပ်ထွေးနေသော အခြေအနေသည် အသက်ရှူချိန်အနည်းငယ်ကြာအောင် ဆက်လက်၍ တည်ရှိနေခဲ့သည်။
"ကျင်း... ကျင်းယန်..."
ရွှေကျီးကန်းနတ်ဘုရားတောင်၏ ဧကရာဇ်သမီးတော် ဖြစ်သော ကျင်းယွမ်က တုန်ရီနေသော ညည်းတွားသံကို ထုတ်လွှတ်လိုက်သည်။
ထိုအချိန်မှသာ အေးခဲနေသော လေဟာနယ် နောက်ဆုံးတွင် လုံးလုံးလျားလျား ကျိုးပေါက်သွားပေ၏။
စိတ်များ ဗလာဟင်းလင်းဖြစ်နေကြသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများအားလုံး ရုတ်တရက် နိုးထလာကြသည်။
နောက်ထပ်အချိန်တခဏတွင် ပတ်ဝန်းကျင်တစ်ခုလုံးမှ ဖရိုဖရဲ အော်ဟစ်သံများ ပေါက်ကွဲထွက်လာတော့သည်။
"ဒါ... ဒါ... ဒါက..."
"ခုံးဝူတောက် နတ်ဘုရားသားတော်က ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်နှစ်ကို ချိုးဖျက်ဝင်ရောက်သွားတဲ့ ကျင်းယန်ကို လက်ချောင်းတစ်ချောင်းတည်းနဲ့ တကယ်ကြီး သတ်ပစ်လိုက်တာလား..."
"ခုံးဝူတောက် နတ်ဘုရားသားတော်ရဲ့ စွမ်းအားက ဘယ်လောက်တောင် အားကောင်းနေတာလဲ..."
မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သူတို့၏ စိတ်နှလုံးသားထဲရှိ တုန်လှုပ်မှုကို မည်သို့ ဖော်ပြရမည်ကို မသိကြတော့ဘဲ လူအုပ်ကြီးသည် ချက်ချင်းဆိုသလိုပင် ဆူညံပွက်လောရိုက်သွားပေ၏။
ဤအချိန်အခိုက်အတန့်တွင် သူမထံသို့ လျှောက်လှမ်းလာနေသော ခုံးဝူတောက်ကို မြင်သောအခါ ကျင်းယွမ်သည် အိပ်မက်တစ်ခုမှ နိုးလာသကဲ့သို့ ဖြစ်သွားပြီး အလျင်အမြန် အသနားခံလိုက်သည်။
"ကျေးဇူးပြုပြီး နတ်ဘုရားသားတော်က ကျွန်မရဲ့ အသက်ကို ချမ်းသာပေးပါ... ဒီအစေခံက နတ်ဘုရားသားတော်ဆီမှာ ခစားဖို့ ဆန္ဒရှိပါတယ်..."
"ပြီးတော့ အရာအားလုံးကို နတ်ဘုရားသားတော်ဆီ ဆက်သဖို့ ဆန္ဒရှိပါတယ်..."
မူလက သူမသည်လည်း ခုံးဝူတောက်နှင့် အတူတကွ သေဆုံးရန်အတွက် သူမ၏ နောက်ဆုံး စွမ်းအားအနည်းငယ်ကို ထုတ်လွှတ်ရန် တွေးတောခဲ့ဖူးသည်။
သို့သော် အစောပိုင်းက သူ၏ အားကောင်းသော စွမ်းအားကို မျက်မြင်တွေ့ရှိပြီးနောက်....
သူမသည် သူမ၏ ရိုးအသော အတွေးကို လုံးလုံးလျားလျား ပယ်ချလိုက်၏။
သူမက မည်သည်ကြောင့် သူနှင့် အတူတကွ သေဆုံးနိုင်မည်နည်း။
အကယ်၍ သူမသာ လှုပ်ရှားမှု အနည်းငယ်ကို ပြုလုပ်ရဲပါက သူမသည် သူ၏ချက်ချင်း သတ်ဖြတ်ခြင်းကို သေချာပေါက် ခံယူရပေမည်။
"အော်... အရာအားလုံးကို ငါ့ဆီ ဆက်သမယ်ပေါ့..."
ခုံးဝူတောက်က မျက်ခုံးတစ်ဖက်ကို အနည်းငယ်ပင့်ကာ ခပ်ဖျော့ဖျော့အပြုံးဖြင့် ပြောဆိုသည်။
မျှော်လင့်ချက် ရောင်ခြည်တစ်ခုကို မြင်လိုက်ရသောအခါ ကျင်းယွမ်၏ မျက်လုံးများတွင် ဝမ်းသာမှုများ ပေါ်လာပြီး သံပူနေတုန်း ထုနှက်ရန် သူမ ရွေးချယ်လိုက်၏။
သူမက အလျင်အမြန် ပြောဆိုသည်။
"နတ်ဘုရားသားတော် ခုံးဝူတောက်... အရှင့်ရဲ့ အချိန်လေဟာနယ် တားမြစ်နယ်မြေနဲ့ ကျွန်မတို့ရွှေကျီးကန်းနတ်ဘုရားတောင်က အမြဲတမ်း ပြိုင်ဘက်တွေ ဖြစ်ခဲ့တယ်ဆိုတာ ကျွန်မ သိပါတယ်..."
"ဒီနေ့ အရှင်က ကျွန်မကို သွားခွင့်ပြုဖို့ ဆန္ဒရှိသရွေ့... ဒီအစေခံက အရှင့်ရဲ့ သတင်းပေး ဖြစ်လာပြီးတော့ ရွှေကျီးကန်းနတ်ဘုရားတောင်မှာ အရှင့်အတွက် သတင်းအချက်အလက်တွေ စုဆောင်းပေးဖို့ ဆန္ဒရှိပါတယ်..."
ကျင်းယွမ်သည် မမိုက်မဲချေ။ အကယ်၍ သူမက သူ၏အိပ်ရာနွေးစေသော အစေခံမိန်းကလေး ဖြစ်ချင်သည်ဟု ပြောဆိုလိုက်ပါက သူမသည် သူ၏သတ်ဖြတ်ခြင်းကို ခံရနိုင်ခြေများသည်။
သို့သော် သူမက သူ၏သတင်းပေး ဖြစ်လာနိုင်သည်ဟု ပြောမည်ဆိုလျှင်...
ထို့ပြင် ခုံးဝူတောက်အတွက် ရွှေကျီးကန်းနတ်ဘုရားတောင်အကြောင်း သတင်းအချက်အလက်များကို စုဆောင်းပေးမည်ဆိုပါက သူ သေချာပေါက် စိတ်ဝင်စားလာမည်။
ဤကိစ္စကြောင့် သူမ အသက်ရှင်ကျန်ရစ်ရန် အခွင့်အရေးများလည်း ပိုရလာပေလိမ့်မည်။
ခုံးဝူတောက်သည် သူမအပေါ် ကျွန် အမှတ်အသား ခတ်နှိပ်ထားလျှင်ပင် အရေးမကြီးချေ။
သူမ ကောင်းကင်ဘုံ တာအိုနယ်မြေမှ ထွက်ခွာသွားသည်နှင့် သူမအတွက် ထိုအရာကို ဖယ်ရှားပေးရန် သူမ၏ နတ်ဘုရားတောင်မှ ဘိုးဘေးကို သူမ ရှာဖွေနိုင်သည်။
ဤစကားများကို ကြားလိုက်ရသော တခြားဧကရာဇ်သားတော်များနှင့် သမီးတော်များသည် အနည်းငယ် စိတ်ဝင်စားသွားကြ၏။
အကယ်၍ ကျင်းယွမ်ကို ကျွန်ပြုကာ သူတို့၏ အချိန်လေဟာနယ် တားမြစ်နယ်မြေအတွက် သတင်းပေးတစ်ဦးအဖြစ် ခန့်အပ်နိုင်မည်ဆိုပါက သူမ၏တန်ဖိုးကို အမြင့်ဆုံး အသုံးပြုနိုင်ပေလိမ့်မည်။
သို့ရာတွင် ခုံးဝူတောက်သည် တုံ့ပြန်ခြင်း မရှိခဲ့ချေ။
သူက ကျင်းယွမ်ကို ခပ်ဖျော့ဖျော့အပြုံးဖြင့်သာ စိုက်ကြည့်နေခဲ့သည်။
တခြားလူများသာဆိုလျှင် သူတို့သည် အမှန်တကယ် ဤတောင်းဆိုချက်ကို သဘောတူကောင်း သဘောတူပေလိမ့်မည်။
ကံမကောင်းစွာဖြင့် သူသည် တခြားလူ မဟုတ်ချေ။
"သတင်းပေးလား..."
ခုံးဝူတောက်က ခေါင်းခါယမ်းကာ ပြုံးလိုက်ပြီး သူ၏ မျက်လုံးများ၏ အနက်ရှိုင်းဆုံး နေရာမှ မထီမဲ့မြင်ပြုမှုက ပို၍ပင် ပြင်းထန်လာခဲ့သည်။
"မင်းတို့ ရွှေကျီးကန်းနတ်ဘုရားတောင်က ရွှေကျီးကန်း သွေးမျိုးဆက်လေး နည်းနည်းလောက်ကို ပိုင်ဆိုင်ထားတဲ့ အမွှေးမရှိတဲ့ ကြက်အုပ်တစ်အုပ်ကလွဲပြီး ဘာမှ မဟုတ်ဘူး... ဒါကို မင်းတို့ကိုယ်မင်းတို့ ရွှေကျီးကန်းတွေလို့ တကယ်ကြီး ယုံကြည်ပြီး ငါတို့အချိန်လေဟာနယ် တားမြစ်နယ်မြေက မင်းတို့ကို ကြောက်ရွံ့နေတယ်လို့ ထင်နေတာလား..."
"မင်းတို့ကိုယ်မင်းတို့ အရမ်းကြီး အထင်ကြီးမနေနဲ့..."
"ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့ ရွှေကျီးကန်းနတ်ဘုရားတောင်က အမှိုက်ကောင်တစ်အုပ်ကို ငါတို့အချိန်လေဟာနယ် တားမြစ်နယ်မြေက တစ်ခါမှတောင် လှည့်မကြည့်ခဲ့ဖူးဘူး..."
"နင်..."
ကျင်းယွမ်၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး ခုံးဝူတောက်က ဤကဲ့သို စကားများ ပြောလာမည်ကို သူမ လုံးလုံးလျားလျား မျှော်လင့်မထားခဲ့ချေ။
သို့သော် ခုံးဝူတောက်သည် အဓိပ္ပာယ်မရှိသော စကားများကို ဆက်ပြောရန် အလွန်ပျင်းရိနေခဲ့လေပြီ။
သူက သူ၏လက်ဖြင့် ကျင်းယွမ်၏ ခေါင်းပေါ်သို့ ဆုပ်ကိုင်လိုက်ပြီး ကောင်းကင်ဝါးမျို နတ်မိစ္ဆာသွေးက ချက်ချင်းဆူပွက်လာခဲ့သည်။
ရုတ်ချည်းဆိုသလိုပင် သူမ၏သွေးမျိုးဆက် အားလုံးကို ခုံးဝူတောက်က အဆက်မပြတ် စုပ်ယူနေပြီး သူမ၏ အသက်စွမ်းအားများကလည်း အလျင်အမြန် ကုန်ဆုံးသွားနေကြောင်း ကျင်းယွမ် ခံစားလိုက်ရသည်။
"နတ်ဘုရားသားတော်... ကျွန်မရဲ့ အသက်ကို ချမ်းသာပေးပါ..."
"ကျွန်မက အမိန့်အရ လုပ်ခဲ့တာပါ... ကျေးဇူးပြုပြီး ကျွန်မရဲ့ သနားစရာကောင်းတဲ့ အသက်ကို ချမ်းသာပေးပါ..."
သူမ၏ ယခင်အပေးအယူက လောလောဆယ် အကျိုးမသက်ရောက်ကြောင်း မြင်လိုက်ရသောအခါ....
ကျင်းယွမ်က သူမ၏ နတ်ဘုရားသားတော်ယန်ရန်ကို တိုက်ရိုက်ရောင်းစားလိုက်၏။
ခုံးဝူတောက်က သူမကို ချမ်းသာပေးပြီး တရားခံဖြစ်သော နတ်ဘုရားသားတော်ယန်ရန်နှင့် သွားရောက်၍ ရှင်းလင်းရန် သူမ အလိုရှိခဲ့သည်။
သို့သော် ခုံးဝူတောက်က နားထောင်ရန် လုံးလုံးလျားလျား ပျင်းရိနေခဲ့ပြီး အချိန်တခဏအကြာတွင် ကျင်းယွမ်၏ သွေးမျိုးဆက်များအားလုံးကို လုံးလုံးလျားလျား စုပ်ယူသွားခဲ့သည်။
ရွှေကျီးကန်းနတ်ဘုရားတောင်၏ ဧကရာဇ်သားတော်နှင့် သမီးတော် နှစ်ပါးသည် သေဆုံးသွားခဲ့လေပြီ။
ပတ်ဝန်းကျင်သည် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်မှုထဲသို့ ကျရောက်သွားပေ၏။
မရေမတွက်နိုင်သော ကျင့်ကြံသူများ၏မျက်ခွံများက ပြင်းထန်စွာ တုန်ယင်နေကြပြီး သူတို့အားလုံးက ထိုပုံရိပ်ထံသို့ စူးစိုက်၍ ကြည့်လိုက်ကြသည်။
တောက်ပသော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော သူသည် အင်မော်တယ် တစ်ပါးကဲ့သို့ သာလွန်ထူးကဲနေသည်။
ဤအခိုက်အတန့်တွင် ခုံးဝူတောက်က တီးတိုးရေရွတ်နေသကဲ့သို့ ပြောဆိုလိုက်၏။
"တခြားသူတွေက ကျင့်ကြံခြင်း မီးပြင်းဖိုရုပ်ခန္ဓာကိုယ်တွေအဖြစ် အသုံးပြုခံရတာက သူတို့ရဲ့ ဂုဏ်ကျက်သရေပဲလို့ မင်း တစ်ခါက ပြောခဲ့တယ်..."
"အခု ဒီနတ်ဘုရားသားတော်ရဲ့ ကျင့်ကြံခြင်း မီးပြင်းဖိုရုပ်ခန္ဓာကိုယ် အဖြစ် မင်း အသုံးပြုခံရပြီဆိုတော့ ဒါက မင်းရဲ့ ဂုဏ်ကျက်သရေလည်း ဖြစ်တာပေါ့..."
ခုံးဝူတောက်၏အသံက အလွန်တိုးညှင်းနေသည်။
သို့သော် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် ထိုအသံက လူတိုင်း၏နားထဲတွင် အလွန်ရှင်းလင်းပြတ်သားစွာ ပဲ့တင်ထပ်သွားသည်။
အထူးသဖြင့် မုချင်းလီပင်။
သူမ၏မျက်လုံးများ အနည်းငယ် နီရဲနေပြီး နောက်ဆုံးတွင် မျက်ရည်များ အထိန်းအကွပ်မဲ့စွာ ကျဆင်းလာတော့သည်။
"နတ်ဘုရားသားတော်... ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ်..."
သူမက မြေပြင်ပေါ်သို့ လဲကျသွားကာ နောက်ဆုံးတွင် အော်ဟစ်ငိုကြွေးလိုက်၏။
သူမ ငယ်ရွယ်စဉ်က သူမကို အလွန်ချစ်မြတ်နိုးသော မိဘနှစ်ပါး ရှိခဲ့ဖူးသည်။
သို့သော် သူမ ပိုင်ဆိုင်ထားသော ရှေးဟောင်း ဗာမီလီယန်ငှက် သွေးမျိုးဆက်ကြောင့်....
သူမ၏သွေးမျိုးဆက်က ထူးကဲသည်ဟု ခံစားရသော ကျင့်ကြံသူအများအပြားသည် သူမကို ဖမ်းဆီးကာ သူတို့၏ ကိုယ်ပိုင်ကျင့်ကြံခြင်းအတွက် ကျင့်ကြံခြင်း မီးပြင်းဖိုရုပ်ခန္ဓာကိုယ် အဖြစ် အသုံးပြုချင်ခဲ့ကြသည်။
နောက်ဆုံးတွင် သူမ၏မိဘနှစ်ပါးသည် သူမကို ကာကွယ်ရင်း သေဆုံးသွားခဲ့ကြ၏။
သူမ အရွယ်ရောက်လာချိန်၌....
သူမသည် သူမ၏ပါရမီဖြင့် ကောင်းကင်မီးတောက် သူတော်စင်နန်းတော်၏ သူတော်စင်မိန်းမပျို ဖြစ်လာနိုင်ခဲ့သည်။
သူမသည် ကျင့်ကြံခြင်းလောကတွင် နောက်ဆုံး၌ နေရာတစ်ခု ရရှိခဲ့ပြီး သူမကိုယ်သူမ ကာကွယ်နိုင်စွမ်း ရှိပြီဟု တွေးထင်ခဲ့မိသည်။
သို့သော် ရွှေကျီးကန်းနတ်ဘုရားတောင် ရောက်ရှိလာခြင်းနှင့်အတူ သူမသည် အတိတ်က နက်ရှိုင်းသော ချောက်ကမ်းပါးထဲသို့ နောက်တစ်ကြိမ် ကျရောက်သွားလိမ့်မည်ဟု သူမ လုံးလုံးလျားလျား မျှော်လင့်မထားခဲ့ချေ။
ဤကဲ့သို့ အတွေ့အကြုံမျိုးက သူမကို ဒေါသထွက်စေခဲ့သည်။
ထို့ပြင် သူမအား ပို၍မျှော်လင့်ချက်မဲ့ကာ အကူအညီမဲ့သွားစေခဲ့သည်။
အားနည်းသူအဖြစ် မွေးဖွားလာခြင်းသည် တခြားသူများ၏ ကျင့်ကြံခြင်း မီးပြင်းဖိုရုပ်ခန္ဓာကိုယ်အဖြစ် အသုံးပြုခံရရန် ကံကြမ္မာ ဖန်တီးထားခြင်း ဖြစ်သလော....
အစောပိုင်းက ခုံးဝူတောက်၏စကားများက သူမ၏နှလုံးသားထဲတွင် နှစ်များစွာကြာအောင် သိမ်းဆည်းထားခဲ့သော နာကြည်းချက် အားလုံးကို ဖွင့်ချလိုက်သည့်အလားပင်။
ထိုစကားများက သူမ နှစ်အတော်ကြာ ခံစားခဲ့ရသော နာကြည်းမှုနှင့်မလိုလားမှုတို့ကိုလည်း ဖွင့်ထုတ်လိုက်ခြင်း ဖြစ်ပေ၏။
ချောက်ကမ်းပါးထဲမှ သူမကို ကယ်တင်ခဲ့သော ထိုကဲ့သို့ လူတစ်ဦး၏အစေခံ ဖြစ်လာနိုင်မည်ဆိုပါက...
သူမ လိုလိုလားလား ဆန္ဒရှိပေမည်။
အခန်း (၁၁၄) အင်အားစု အသီးသီး တုန်လှုပ်သွားကြပြီး ရွှေကျီးကန်းက ဒေါသထွက်နေတယ်
[ဒင်... ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီး မုချင်းလီက သခင်အပေါ် အရမ်းလေးစားအားကျမှုတွေ ဖြစ်ပေါ်လာတာကို ထောက်လှမ်းတွေ့ရှိရပါတယ်...]
[သူမရဲ့ ယဉ်ပါးအောင် သွေးဆောင်ခံရမှု အတိုင်းအတာက ၃၀ ရာခိုင်နှုန်း တိုးလာတယ်...]
[သူမ၏ ကောင်းကင်ကံကြမ္မာအမှတ်တွေထဲက ၂၇၀၀ မှတ်ကို နှုတ်ယူလိုက်ပြီး ၁၈၀၀ မှတ် ကျန်ရှိနေပါတယ်...]
[သခင်က နှစ်ဆပြင်းထန်တဲ့ ထိုးနှက်မှုကို ဖြစ်ပေါ်စေပြီး ကောင်းကင်ကံကြမ္မာအမှတ် ၅၄၀၀ ကို အောင်မြင်စွာ ရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်...]
[သူမရဲ့ ယဉ်ပါးအောင် သွေးဆောင်ခံရမှု အတိုင်းအတာက ၈၀ ရာခိုင်နှုန်းပါ..."
စနစ်၏ ကြေညာချက်ကို ကြားလိုက်ရချိန်၌ ခုံးဝူတောက်က မျက်ခုံးတစ်ဖက်ကို အနည်းငယ် ပင့်လိုက်၏။
ဤအခွင့်အရေးကို ယူကာ သူမကို လုံးလုံးလျားလျား ယဉ်ပါးအောင် သွေးဆောင်နိုင်ခဲ့ခြင်း မရှိသော်လည်း...
သူသည် အကြွင်းမဲ့ယဉ်ပါးအောင် သွေးဆောင်နိုင်ခြင်းပန်းတိုင်နှင့် မဝေးတော့ချေ။
အစောပိုင်းက သူ ပြောဆိုခဲ့သည့် စကားများသည် အလဟဿ မဖြစ်ခဲ့ပေ။
အမှန်တကယ်ကိုပင် သူ၏ မကြာသေးမီက ပြောဆိုခဲ့မှုများသည် မုချင်းလီ ကြားစေရန် တမင်သက်သက် ရည်ရွယ်ပြောဆိုခဲ့ခြင်း ဖြစ်ပေ၏။ယခင်က မုချင်းလီ၏ ယဉ်ပါးအောင် သွေးဆောင်ခံရမှု အတိုင်းအတာမှာ ၅၀ ရာခိုင်နှုန်း လိုအပ်နေသေးသည်။
သူ့ထံသို့ ကိုယ်တိုင်ကိုယ်ကျ လာပို့ပေးသော ဤ အခမဲ့ လူသားကိရိယာနှစ်ခုဖြစ်သည့် ကျင်းယွမ်နှင့်ကျင်းယန်တို့ကို အသုံးမချခြင်းက အလွန် နှမြောစရာ ကောင်းနေပေလိမ့်မည်။
ယန်ရန်ကို ကိုင်တွယ်ပြီးနောက် မုချင်းလီသည် သူ၏ အကြွင်းမဲ့ ယဉ်ပါးအောင် သွေးဆောင်ခြင်းကို ခံရလိမ့်မည်ဟု သူ တွေးတောလိုက်၏။
"အရင်က ဒီနတ်ဘုရားသားတော်က ဒီစားသောက်ပွဲက ပျော်စရာ မကောင်းဘူးလို့ တွေးနေခဲ့တာ..."
"ဒီလိုလုပ်ကြတာပေါ့... နေရာတွေအတွက် လျော်ကြေးပေးတဲ့ အနေနဲ့ ဒီနတ်ဘုရားသားတော်က လူတိုင်းအတွက် နောက်ထပ်အကင်စားသောက်ပွဲတစ်ခုကို ဒီနေရာမှာ ကျင်းပပေးမယ်..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် သူ၏ အဓိပ္ပာယ်ကို နားမလည်ဘဲ လူများအားလုံး အနည်းငယ် စိတ်ရှုပ်ထွေးသွားကြသည်။
သို့သော် ခုံးဝူတောက်က ကျင်းယွမ်နှင့် ကျင်းယန်တို့၏ အလောင်းများကို ကြည့်လိုက်သောအခါ လူတိုင်း ချက်ချင်းနားလည်သွားကြတော့သည်။
သူတို့ နှစ်ယောက်သည် မူလက ယောင်မျိုးနွယ် မှ ဖြစ်ပေ၏။
ယခုချိန်၌ သူတို့သည် သူတို့၏ အစစ်အမှန်သွင်ပြင်များသို့ ပြောင်းလဲသွားပြီဖြစ်ရာ သူတို့ကို အစားအစာ ပါဝင်ပစ္စည်းများအဖြစ် အမှန်တကယ် အသုံးပြုနိုင်သည်။
"ဟဲဟဲ... ဒီကောင်နှစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ သန့်စင်တဲ့ ရွှေကျီးကန်း သွေးမျိုးဆက် မရှိပေမယ့်လည်း..."
"သူတို့ရဲ့ အသားအရည်အသွေးက မဆိုးပါဘူး... ဆီပူပူလေးနဲ့ အသံမြည်တဲ့အထိ ကင်ပြီး ဇီရာစေ့လေး ဖြူးလိုက်မယ်ဆိုရင် ဒါကလည်း ရှားပါးတဲ့ အရသာတစ်ခု ဖြစ်လာမှာပဲ..."
ခုံးဝူတောက်၏အသံကို ကြားလိုက်ရသောအခါ....
အောက်ဘက်ရှိ ကျင့်ကြံသူ အများအပြားက သူတို့၏တံတွေးကို မြိုချလိုက်ကြ၏။
ရွှေကျီးကန်းနတ်ဘုရားတောင်မှ ယောင်မျိုးနွယ်များသည် သူတို့၏ ခန္ဓာကိုယ်ထဲတွင် ရွှေကျီးကန်း သွေးမျိုးဆက် အနည်းငယ်သာ ရှိကြသော်လည်း...
သူတို့သည် ရွှေကျီးကန်းနှင့် ဆွေမျိုးနီးစပ်များ ဖြစ်နေဆဲပင်။
ဒဏ္ဍာရီများထဲမှ ရွှေကျီးကန်းအသားကို သွယ်ဝိုက်သော နည်းလမ်းဖြင့် စားရခြင်းက မည်မျှထိ အံ့အားသင့်စရာကောင်းသော ကိစ္စတစ်ခု ဖြစ်လာမည်နည်း။
မရေမတွက်နိုင်သော ကျင့်ကြံသူများ သွေးဆောင်ခံနေရပြီကို မြင်လိုက်ရချိန်၌...
ခုံးဝူတောက်၏နှုတ်ခမ်းပေါ်ရှိ အပြုံးက ပို၍နက်ရှိုင်းလာပေ၏။
ဤအရာသည် ကိုယ်ကျင့်တရားနှင့် မကိုက်ညီဟု သူ တွေးထင်ထားခြင်း မရှိချေ။
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သူ ယန်ရန်ကို ထိန်းချုပ်ရန် နည်းလမ်းတစ်ခုလည်း ဖြစ်နေသည်။
ရွှေကျီးကန်းနတ်ဘုရားတောင်မှ ဤငှက်ကတုံးကောင်များသည် အမြဲတစေ မောက်မာခဲ့ကြ၏။
ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများ တွင် သူတို့သည် တခြားမျိုးနွယ်စုများကို အမဲလိုက်ခဲ့ကြပြီး လူသားမျိုးနွယ်စုကို အစားအစာအဖြစ်ပင် အသုံးပြုခဲ့သည်။
ယခုချိန်၌ နေ့ခင်းကြောင်တောင်တွင် သူသည် သူတို့၏ ဧကရာဇ်သားတော်များနှင့် သမီးတော်များကို အစားအစာ ပါဝင်ပစ္စည်းများ အဖြစ် အသုံးပြုနေခြင်းဖြစ်သည်။
အမှန်တရားကို သိရှိပြီးနောက် ယန်ရန်သည် သူနှင့် သေရေးရှင်ရေး ရန်ငြိုးတစ်ခုကို သေချာပေါက် ဖွဲ့တည်လာပေမည်။
သူသည် ဒေါသထွက်လွန်းသဖြင့် သူ့ကိုယ်သူ အရောက်လာပို့ပေးသည်အထိပင် ဖြစ်လာနိုင်သည်။
သဘာဝကျကျပင် ဤသည်က ထိုငှက်ကတုံးကောင်ကို သူ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ရှာဖွေရမည့်ဒုက္ခမှ သူ့ကို သက်သာသွားစေပေမည်။
ခုံးဝူတောက် ကျင်းပသော ပါရမီရှင်များစုဝေးစားသောက်ပွဲသည် ကောင်းကင်ဘုံ တာအိုနယ်မြေ တစ်ခုလုံးတွင် ဆူညံပွက်လောရိုက်သွားစေခဲ့သည်။
သူ တံခါးပိတ်ကျင့်ကြံနေစဉ်အတွင်း ကောင်းကင်နှင့်မြေကြီး သဘာဝလွန်ဖြစ်စဉ်များကို ဖြစ်ပေါ်စေခဲ့သည်ဖြစ်စေ...
သို့မဟုတ် ရာနှင့်ချီသော တာအိုနန်းတော်နယ်ပယ် ပါရမီရှင်များကို အရှိန်အဝါသက်သက်ဖြင့် ဖိနှိပ်ခဲ့ပြီး ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်နှစ်သို့ အဆင့်ချိုးဖောက်သွားသော ကျင်းယန်ကို လက်တစ်ချောင်းတည်းဖြင့် သတ်ဖြတ်ခဲ့သည် ဖြစ်စေ…
ဤဖြစ်ရပ်များထဲမှ မည်သည့်အရာကို သီးခြားထုတ်ယူလိုက်သည်ဖြစ်စေ ထိုအရာသည် ကြောက်မက်ဖွယ်ကောင်းပြီး အံ့အားသင့်စရာ ကောင်းလွန်းလှသည်။
"နတ်ဘုရားသားတော် ခုံးဝူတောက်က တကယ်ကို မယုံနိုင်စရာကောင်းလောက်အောင် သန်မာအားကောင်းတာပဲ... အရှိန်အဝါတစ်ခုတည်းက ငါတို့ရဲ့ ကောင်းကင်ဘုံ တာအိုနယ်မြေက ရာနဲ့ချီတဲ့ ပါရမီရှင်တွေကို ဖိနှိပ်နိုင်တယ်... ထိပ်တန်း သူတော်စင်နန်းတော်သခင်တွေတောင် အဲ့ဒီလို မလုပ်နိုင်ဘူးလို့ ငါ ထင်တယ်..."
"ဟမ့်... မင်းတို့ကို ခုံးဝူတောက်က အထူးနည်းလမ်းတချို့သုံးပြီး လာဘ်ထိုးထားတာများလား... အရှိန်အဝါသက်သက်နဲ့ ရာနဲ့ချီတဲ့ တာအိုနန်းတော်နယ်ပယ် ကျင့်ကြံသူတွေကို ဖိနှိပ်နိုင်တယ်ဆိုတာကို ငါ မယုံဘူး.."
"ခုံးဝူတောက်ရဲ့ ကျင့်ကြံခြင်းနယ်ပယ်က ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အထက်က နတ်ဘုရားဘုရင်နယ်ပယ်ကို ရောက်နေပြီလို့ မင်းတို့ ပြောလိုက်တာက ပိုကောင်းလိမ့်မယ်... တကယ်ကို ချဲ့ကားလွန်းတယ်..."
"မင်း ဘာသိလို့လဲ ဒီကိစ္စကို ငါ ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ခဲ့တာ... ဘယ်လိုလုပ်ပြီး အတုအယောင် ဖြစ်နိုင်မှာလဲ..."
"ဟမ့်... မင်းက ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့တယ်လို့ ပြောတာလား... မင်းမှာ သက်သေရှိလို့လား..."
"ဘာလို့ သက်သေ မရှိရမှာလဲ... ငါက အဲ့ဒီ ရာနဲ့ချီတဲ့ တာအိုနန်းတော်နယ်ပယ် ကျင့်ကြံသူတွေထဲက တစ်ယောက်လေ..."
ကောင်းကင်ဘုံ တာအိုနယ်မြေ...ကောင်းကင်ဓား သူတော်စင်နန်းတော်
သူတော်စင်နန်းတော်သည် အပျက်အစီးများ ဖြစ်နေပေ၏။
မကြာသေးမီကမှ ကြီးမားသော တိုက်ပွဲကြီးတစ်ခုကို တွေ့ကြုံခဲ့ရသကဲ့သို့ အက်ကွဲနေသော မြေကြီးထဲတွင် ကျိုးပဲ့နေသောဓားများမရေမတွက်နိုင်အောင် စိုက်ဝင်နေသည်။
အပြာရောင်ကျောက်တုံးရင်ပြင်၏ အလယ်ဗဟို ဧရိယာတွင်....
အပူအပင်မဲ့ ဓားသခင်သည် သူ၏ဓားကို ကျောတွင်လွယ်ကာ မတ်တတ်ရပ်နေသည်။
ကောင်းကင်ဓား သူတော်စင်နန်းတော်သခင်၏ မျက်နှာသည် ဤအချိန်အခိုက်အတန့်တွင် ဖြူရော်နေပြီး အလွန်ဖရိုဖရဲဖြစ်နေကာ အပူအပင်မဲ့ ဓားသခင်၏ရှေ့တွင် ဒူးထောက်နေသည်။
"ငါ ရှုံးသွားပြီ..."
"အပူအပင်မဲ့ ဓားသခင်ရဲ့ ဓားတာအိုက ငါ့ရဲ့ အိုမင်းဟောင်းနွမ်းနေတဲ့ အတွေးတွေထက် အများကြီးသာလွန်နေတယ်... ဓားတာအို ပါရမီအရဆိုရင် ငါက အပူအပင်မဲ့ ဓားသခင်ရဲ့ ခန္ဓာကိုယ်ပေါ်က အမွှေးတစ်မျှင်လောက်တောင် မရှိဘူး..."
ဤစကားများကို ပြောပြီးနောက်....
လူလတ်ပိုင်းအရွယ် အမျိုးသား၏ ပုံရိပ်သည် ချက်ချင်းပင် အထီးကျန်ကာ မျှော်လင့်ချက်မဲ့သွားပုံ ပေါက်သွားလေ၏။
ကောင်းကင်ဘုံ တာအိုနယ်မြေ၏ ဓားတာအို သူတော်စင်နန်းတော်သခင် တစ်ဦးအနေဖြင့် သူ့ကို မြေကမ္ဘာဓားအင်မော်တယ်ဟုပင် ချီးကျူးခဲ့ကြသည်။
သို့သော် သူသည် ကြီးမားသော နယ်ပယ်တစ်ခုကို တိုက်ရိုက်ဖြတ်ကျော်၍ တိုက်ခိုက်ခဲ့သော အပူအပင်မဲ့ ဓားသခင်ကို ရှုံးနိမ့်သွားခဲ့သည်။
သူ၏ဓားသည် တစ်ဖက်လူ၏ရှေ့တွင် ရယ်စရာပြက်လုံးတစ်ခုမျှသာ ဖြစ်ပေ၏။
"ပျင်းစရာကောင်းလိုက်တာ..."
အပူအပင်မဲ့ ဓားသခင်သည် သူ၏ ဓားရှည်ကို ပြန်သိမ်းလိုက်ပြီး ကောင်းကင်ဓား သူတော်စင်နန်းတော်၏ အပြင်ဘက်ဆီသို့ လျှောက်လှမ်းသွားလိုက်သည်။
ပါရမီရှင်များစုဝေးစားသောက်ပွဲတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကိုလည်း သူ သိရှိပြီး ဖြစ်သည်။
"အရင်တုန်းက ငါက သဘောထားသေးသိမ်ပြီး ဒီခုံးဝူတောက်ကို အထင်သေးခဲ့ပုံရတယ်..."
"သူ့ရဲ့စွမ်းအားက ငါ ထင်ထားတာထက် ပိုအားကောင်းနိုင်ခြေရှိတယ်... ပြီးတော့ သူက ဒီခရီးစဉ်မှာ ငါ့ရဲ့ အကြီးမားဆုံး ပြိုင်ဘက် ဖြစ်လာဖို့ အရမ်းများတယ်..."
"သခင်လေး ရှောင်ယောင်... အရှင်က ဒီခုံးဝူတောက် အကြောင်းကို အရမ်းကြီး ချဲ့ကား တွေးနေတာ မဟုတ်ဘူးလား..."
ရုတ်တရက် လှပသော အမျိုးသမီးတစ်ဦးက အပူအပင်မဲ့ ဓားသခင်၏အနီးသို့ ရုတ်တရက် တိုးကပ်လာပြီး သူမ၏အသံက နူးညံ့ချိုသာနေသည်။
"ဒီအစေခံရဲ့အမြင်မှာတော့ ဒီ ခုံးဝူတောက် နတ်ဘုရားသားတော်ဆိုတဲ့သူက အရှင်ကိုမီဖို့ အဝေးကြီး လိုသေးတယ်..."
ဖြန်း...
သို့သော် ထိုအမျိုးသမီးသည် သူမ၏ စကားများကို အဆုံးမသတ်နိုင်မီမှာပင်...
အပူအပင်မဲ့ ဓားသခင်က သူမ၏ မျက်နှာကို လက်ခုံဖြင့် ဖြတ်ရိုက်လိုက်ရာ အမျိုးသမီးသည် လွင့်စင်သွားပေ၏။
"ဆူညံလိုက်တာ..."
"ဒီဓားသားတော်က မျက်ကန်းဖြစ်ပြီးတော့ လူမှားကြည့်မိတယ်လို့ မင်း ပြောနေတာလား..."
မမြင်နိုင်သော ဓားချီတစ်လှိုင်းက အပူအပင်မဲ့ ဓားသခင်၏ခန္ဓာကိုယ်မှ ပျံ့နှံ့၍ ထွက်ပေါ်လာခဲ့သည်။
မြေပြင်ပေါ်တွင် နာကျင်စွာ ညည်းတွားနေသော အမျိုးသမီးသည် ချက်ချင်း တိတ်ဆိတ်သွားခဲ့ပြီး နေရာတွင် တုန်ယင်နေရုံသာ တတ်နိုင်တော့သည်။
ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်နှစ်သို့ အဆင့်ချိုးဖျက်သွားသော ကျင်းယန်ကို လက်ချောင်းတစ်ချောင်းတည်းဖြင့် သတ်ဖြတ်နိုင်သဖြင့်...
ခုံးဝူတောက်၏စွမ်းအားသည် မယုံနိုင်လောက်အောင် သန်မာအားကောင်းနေသည်မှာ သေချာပေါက်ပင်။
အကယ်၍ ယခုချိန်၌ ခုံးဝူတောက်နှင့် ရင်ဆိုင်ရမည်ဆိုပါက သူ သေချာပေါက် အနိုင်ရလိမ့်မည်ဟု အာမခံနိုင်မည် မဟုတ်ချေ။
"ဒီဓားကို သွေးနဲ့ဆေးတဲ့ ခရီးစဉ်က ဆက်သွားရမယ် ထင်တယ်..."
"ငါ့ရဲ့ ဓားတာအိုကို ပိုသန့်စင်ပြီးတော့ သွေးနဲ့ဆေးနိုင်သရွေ့..."
အပူအပင်မဲ့ ဓားသခင်၏ မျက်လုံးများတွင် ယုံကြည်မှုရှိသော မီးတောက်များ တလက်လက် တောက်ပနေသည်။
"ခုံးဝူတောက်တောင်မှ ငါ့ရဲ့ ဓားကြောင့် သေချာပေါက် ရှုံးနိမ့်သွားရမယ်..."
ကောင်းကင်ဘုံ တာအိုနယ်မြေ တစ်ခုလုံးရှိ မရေမတွက်နိုင်သော သက်ရှိများသည် ဤကိစ္စနှင့် ပတ်သက်၍ ပြင်းထန်သော ဆွေးနွေးမှုများ ပြုလုပ်နေကြသည်။
ခုံးဝူတောက်သည် ပါရမီရှင်များစုဝေးစားသောက်ပွဲတွင် သူ၏စွမ်းအားအပြည့်အဝကို မထုတ်လွှတ်ခဲ့သော်လည်း...
ယခင်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် ခုံးဝူတောက်၏ အားကောင်းသော ခွန်အားကို သွယ်ဝိုက်သော နည်းလမ်းဖြင့် ထင်ဟပ်စေနိုင်ခဲ့သည်။
လူအများစုသည် ရွှေကျီးကန်းနတ်ဘုရားတောင်မှ ယန်ရန် မည်သို့ တုံ့ပြန်မည်ကို ပို၍စူးစမ်းချင်နေကြ၏။
ယခင်က ယန်ရန်သည် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ ဆွေးနွေးမှုများဖြင့် ပါရမီရှင်စာရင်း၏ရှေ့ဆုံးတွင် အမြဲတစေ ရှိနေခဲ့သည်။
သို့သော် ယခုအချိန်၌ ယန်ရန် စေလွှတ်လိုက်သော ဧကရာဇ်သားတော်နှင့်သမီးတော်သည် အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ပါရမီရှင်၏ ဖိနှိပ်သတ်ဖြတ်ခြင်းကို ခံလိုက်ရရုံသာမက....
သူတို့ကို ခုံးဝူတောက်က အမွေးနှုတ်ပြီး ကင်စားလိုက်သည်ဟုပင် ကောလာဟလများ ထွက်ပေါ်နေပေ၏။
ယန်ရန် ဒေါသထွက်ပြီး ရူးသွပ်သွားခြင်းရှိမရှိ ဆိုသည်ကို မည်သူ သိနိုင်မည်နည်း။
ကောင်းကင်ဘုံ တာအိုနယ်မြေ...အကန့်အသတ်မဲ့ မီးနယ်မြေ...
ကျယ်ပြန့်ပြီး အဆုံးမရှိသော မြေပြင်ပေါ်တွင် မြေကြီးအရောင် အနည်းငယ်မျှပင် မရှိချေ။
ထိုနေရာတွင် ရှိနေသမျှ အရာအားလုံးသည် ဆူပွက်နေသော ကြက်သွေးရောင် ငရဲပြည် တစ်ခုအလား အဆုံးမဲ့ပြီး တုန်လှုပ်ချောက်ချားဖွယ်ရာ အနီရောင် ချော်ရည်ပူများ ဆူပွက်နေခြင်းပင်။
ကြက်သွေးရောင် ငရဲပြည်၏ အလယ်ဗဟို တည့်တည့်တွင် ပေရာနှင့်ချီ မြင့်မားသော ခမ်းနားကြီးကျယ်သည့် မီးတောင်ကြီးတစ်ခုက မားမားမတ်မတ် တည်ရှိနေသည်။
တိမ်များကို ထိုးဖောက်နိုင်လောက်အောင် မြင့်မားသော ထိုဧရာမမီးတောင်ကြီး၏ ထိပ်တွင်မူ...
တောက်လောင်နေသော နေမင်းကြီးကဲ့သို့ အလွန် တောက်ပသော အလင်းရောင်များ ဖြာထွက်နေသည့် တောက်ပသော အလင်းစက်လုံးတစ်ခုက နိမ့်ချည်မြင့်ချည်ဖြစ်ကာ တုန်ခါနေသည်။
ထိုအလင်းစာလုံး၏ နံဘေးပတ်လည်တွင် ကြက်သွေးရောင် မီးတောက်များဖြင့် ဖွဲ့စည်းထားသော ကြက်သွေးရောင် မီးတောက် နတ်ဘုရားအလင်းတိုင်တချို့ ရှိနေပေ၏။
အလင်းစက်လုံး၏ စွမ်းအင်ကြောင့် ဆွဲငင်ခံရပုံပေါ်ကာ ထိုအရာများသည် လည်ပတ်နေသော မီးဝိညာဉ်များကို သယ်ဆောင်လာပြီး ထိုအလင်းစက်လုံးထဲသို့ စုစည်းသွားကြသည်။
ဤသည်က ထိုရွှေရောင်အလင်းစက်လုံးကို မည်သည့် စကားလုံးနှင့်မျှ ဖော်ပြ၍ မရနိုင်သော လောင်ကျွမ်းစေတတ်သည့် လှိုင်းလုံးတစ်ခုအား ရုတ်တရက် ထုတ်လွှတ်စေခဲ့သည်။
ဝှစ်...
သို့သော် ထိုအချိန်တွင် ရွှေရောင်အလင်းစက်လုံးသည် တန်ပြန်သက်ရောက်မှု တစ်ခုကို ခံလိုက်ရသကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားပေ၏။
ထို့နောက် ကျယ်လောင်သော "ဝုန်း" ခနဲ အသံနှင့်အတူ....
သည်းထန်စွာ ဖြာကျနေသော မီးတောက်များက ရွှေရောင်အလင်းစက်လုံးထဲမှ ပေါက်ကွဲထွက်လာခဲ့သည်။
ရူးသွပ်စွာ ထွက်ပေါ်လာသော မီးတောက်များသည် ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး အလွှာလိုက် ပျံ့နှံ့သွားတော့သည်။
မျက်စိတစ်မှိတ်အတွင်း အကန့်အသတ်မဲ့ မီးနယ်မြေတစ်ခုလုံးကို မီးမုန်တိုင်းအတွင်း၌ လွှမ်းခြုံသွားပေ၏။
အဝေးမှနေ၍ မျက်စိကျိန်းမတတ်စူးရှကာ လှပသော မီးကြာပန်းတစ်ပွင့်က အဆုံးမဲ့မီးတောက်များ၏ အလယ်ဗဟိုတွင် ပွင့်လန်းလာခဲ့သည်။
ထိုမီးကြာပန်း၏ အလယ်ဗဟိုတွင် ရှိနေသော ရွှေကျီးကန်းနှင့်တူသည့် ဧရာမ ငှက်ကြီးတစ်ကောင်က ဒေါသတကြီး အော်ဟစ်လိုက်၏။
"ခုံးဝူတောက်..."