← Chapters

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း (၁၁၅) သုံးရက်အတွင်း နတ်ဘုရားသားတော်၏ရှေ့တွင် ဒူးထောက်ခိုင်းခြင်း

ထိုအသံနှင့်အတူ အဆုံးမဲ့ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများ ပါဝင်နေသော နောက်ထပ် ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ရွှေကျီးကန်းနှင့်မီးကြာပန်းသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကြ၏။

နောက်ဆုံးတွင် ထိုအရာများသည် ကောင်းကင်နှင့်မြေကြီးရှိ အရာအားလုံးကို ဝါးမျိုလိုသော မီးတောက်ကမ္ဘာတစ်ခုအဖြစ်သို့ အသွင်ပြောင်းသွားသည်။

အကန့်အသတ်မဲ့ မီးနယ်မြေနှင့် အလွန်နီးကပ်နေသော သူတော်စင်နန်းတော်များနှင့် ထိပ်တန်းမိသားစုများ အများအပြားသည် ဤအချိန်အခိုက်အတန့်တွင် လုံးလုံးလျားလျား ထိတ်လန့်သွားကြသည်။

ထိုကဲ့သို့ ခမ်းနားကြီးကျယ်သော နတ်ဘုရားအရှိန်အဝါအောက်တွင် သူတို့သည် ပို၍ပင် ထိတ်လန့်တုန်လှုပ်သွားကြပြီး ထိုအရပ်ဆီသို့ ဦးညွှတ်ကာ အသနားခံနေကြ၏။

အကန့်အသတ်မဲ့ မီးနယ်မြေ၏ အလယ်ဗဟိုတွင် ...

မိုးကောင်းကင်ယံထိတိုင်အောင် မြင့်မားသော မီးမုန်တိုင်းကြီး နောက်ဆုံးတွင် ငြိမ်သက်သွားပြီးနောက်..

နတ်ဘုရားသားတော်ယန်ရန်၏ပုံရိပ်က ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

သင်္ဘောပျံနန်းတော်ထဲရှိ အစောပိုင်းက သူ၏ အသွင်အပြင်နှင့် နှိုင်းယှဉ်ပါက....

ဤအချိန်အခိုက်အတန့်တွင် သူ၏ အရှိန်အဝါသည် ပို၍ပင် အားကောင်းလာခဲ့လေပြီ။

သူ၏ကျင့်ကြံခြင်းသည် ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်လေးသို့ ရောက်ရှိသွားပေ၏။

သူ၏မျက်လုံးများထဲတွင် တောက်လောင်နေသော နတ်ဘုရားအလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်နှင့်အမျှ...

လှည့်ပတ်နေသော ရွှေကျီးကန်း နတ်ဘုရားမီးတောက်၏ စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်ရှိ မီးတောင်တချို့ကို ချက်ချင်းဆိုသလိုပင် ကြေမွှပျက်စီးသွားစေခဲ့သည်။

ဟင်းလင်းပြင်၏အထက်တွင်ရှိနေသော နတ်ဘုရားသားတော်ယန်ရန်၏မျက်နှာတွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။

သူ၏မျက်လုံးများထဲတွင် ထင်ဟပ်နေသော အလွန်အမင်း ပြင်းထန်သည့် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများကြောင့် မူလက လောင်ကျွမ်းစေတတ်သော အပူချိန်သည် အလျင်အမြန် ကျဆင်းသွားပြီး အရိုးကွဲလုမတတ် အေးစိမ့်သွားတော့သည်။

လွန်ခဲ့သော အချိန်တခဏက....

သူသည် သူ၏နောက်လိုက်များထံမှ သတင်းကို လက်ခံရရှိခဲ့သည်။

ကျင်းယွမ်နှင့် ကျင်းယန်တို့ သေသွားလေပြီ။

သူတို့သည် အချိန်လေဟာနယ် တားမြစ်နယ်မြေမှ တစ်စုံတစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည့်အပြင်...

သူတို့ သေဆုံးသွားပြီးနောက် သူတို့ကို ခုံးဝူတောက်က အစားအစာ ပါဝင်ပစ္စည်းများအဖြစ် တိုက်ရိုက်ကင်စားလိုက်၏။

ဤသည်မှာ နတ်ဘုရားသားတော်ယန်ရန်၏ မျက်နှာကို လူပုံအလယ်တွင် ပါးဖြတ်ရိုက်လိုက်ခြင်း ဖြစ်ရုံသာမကချေ သူတို့ရွှေကျီးကန်းနတ်ဘုရားတောင်၏ ဂုဏ်သိက္ခာကို ခြေထောက်အောက်တွင် နင်းချေလိုက်ခြင်းဖြစ်ပြီး သူတို့၏ မျက်နှာများကို ဖုန်မှုန့်များအဖြစ် ခြေမွှဖျက်ဆီးလိုက်ခြင်းပင်။

"နတ်ဘုရားသားတော်ယန်ရန်..."

ပတ်ဝန်းကျင်တွင် စောင့်ကြပ်နေကြသော ရွှေကျီးကန်းနတ်ဘုရားတောင်မှ တခြားပါရမီရှင်များကလည်း ဤအချိန်အခိုက်အတန့်တွင် စုဝေးလာကြသည်။

သူတို့၏မျက်နှာအမူအရာများ မှုန်ကုပ်နေကြပြီး တစ်ခုခုပြောရန် သူတို့၏ပါးစပ်များကို ဖွင့်ဟလိုက်သည့်အချိန်မှာပင်...

ဝုန်း...

နတ်ဘုရားသားတော်ယန်ရန်က ဒေါသတကြီးဖြင့် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ချက်ချင်းပေါက်ကွဲထွက်လာပြီး အောက်ဘက်ရှိ ဧရိယာကို လုံးလုံးလျားလျား ​ခြေမွှလိုက်ကာ လောင်ကျွမ်းနေသော မီးတောက်ငရဲပြည်တစ်ခုအဖြစ်သို့ အသွင်ပြောင်းသွားစေသည်။

ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက ရွှေကျီးကန်းနတ်ဘုရားတောင်မှ ပါရမီရှင်တချို့ကိုလည်း ထိတ်လန့်သွားစေခဲ့ပြီး သူတို့၏ခန္ဓာကိုယ်များကို တုန်ယင်သွားစေကာ စကားမပြောရဲတော့ချေ။

အချိန်တခဏအကြာတွင် နတ်ဘုရားသားတော်ယန်ရန်က သူ၏စိတ်နှလုံးသားထဲရှိ ဒေါသနှင့် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများကို ဖိနှိပ်လိုက်ပြီးနောက် သူက အေးစက်တင်းမာစွာ မေးမြန်းလိုက်၏။

"ကျင်းယွမ်နဲ့ ကျင်းယန် ဘယ်လို သေသွားတာလဲ..."

"ခုံးဝူတောက်ကိုယ်တိုင် လှုပ်ရှားခဲ့တာလား..."

ဂလု...

အောက်ဘက်ရှိ ရွှေကျီးကန်းနတ်ဘုရားတောင်မှ ပါရမီရှင်သည် သူ၏ တံတွေးကို မြိုချလိုက်ပြီး သူ၏အသံ တုန်ယင်နေသည်။

"နတ်ဘုရားသားတော်သခင်... သတင်းပေးရဲ့ အဆိုအရ ကျင်းယန်နဲ့ တခြားတစ်ယောက်က အချိန်လေဟာနယ် တားမြစ်နယ်မြေက ခုံးကျန်ယွဲ့နဲ့ ခုံးရွှမ်ယန်တို့ကြောင့် ဒဏ်ရာအပြင်းအထန် ရသွားခဲ့တယ်..."

"နောက်ဆုံးတော့ ခုံးဝူတောက်ကိုယ်တိုင် လှုပ်ရှားခဲ့ပြီးတော့ ကျင်းယန်နဲ့ ကျင်းယွမ်ကို တိုက်ရိုက်သတ်ပစ်လိုက်တယ်..."

"ဘာ..."

ယန်ရန် နတ်ဘုရားသားတော်သည် ဤစကားများကို ကြားသောအခါ အနည်းငယ် အံ့အားသင့်သွားပေ၏။

ခုံးကျန်ယွဲ့နှင့် ခုံးရွှမ်ယန်တို့၏ နာမည်များကို သူ သိထားသည်။

ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများရှိ မရေမတွက်နိုင်သော လူများ၏ အမြင်အရ ဤလူနှစ်ယောက်၏စွမ်းအားသည် သူ့ထက် မနိမ့်ကျချေ။

ယခုအချိန်၌ သူတို့သည် ခုံးဝူတောက်ထံသို့ ဤကဲ့သို့ တိုက်ရိုက်အညံ့ခံလိုက်သလော...

ဤအချိန်အခိုက်အတန့်တွင် ရွှေကျီးကန်းနတ်ဘုရားတောင်မှ ပါရမီရှင်က ဆက်လက်၍ ပြောဆိုသည်။

"သတင်းပေးက ပြောတယ်... အစက ဧကရာဇ်သားတော် ကျင်းယန်က သေရေးရှင်ရေး အကျပ်အတည်းအတွင်းမှာ ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်နှစ်ကို အောင်အောင်မြင်မြင် အဆင့်ချိုးဖျက်သွားခဲ့တယ်..."

"သူက အနီးကပ်နေရာကနေ ခုံးဝူတောက်ကို ရွှေကျီးကန်းရဲ့ဒေါသ နတ်ဘုရားစွမ်းရည်နဲ့တောင် တိုက်ခိုက်ခဲ့တယ်..."

ယန်ရန် နတ်ဘုရားသားတော်သည် ဤစကားများကို ကြားလိုက်ရသောအခါ မှင်သက်သွားပေ၏။

ရွှေကျီးကန်း၏ဒေါသသည် သူတို့ရွှေကျီးကန်းနတ်ဘုရားတောင်၏ မူလအမွေအနှစ်ဖြစ်ပြီး မယုံနိုင်လောက်အောင် အားကောင်းသည်။

အကယ်၍ ထိုနတ်ဘုရားစွမ်းရည်သည် နီးကပ်သောနေရာမှ ခုံးဝူတောက်ကို ထိမှန်သွားခဲ့မည်ဆိုပါက သူ မသေလျှင်ပင် သူ သေချာပေါက် ဒုက္ခိတ ဖြစ်သွားပေလိမ့်မည်။

ဒါပေမယ့် ဘာလို့ ကျင်းယန်နဲ့ ကျင်းယွမ်တို့ နှစ်ယောက်လုံး နောက်ဆုံးမှာ သေသွားခဲ့တာလဲ...

ထိုလူက သူ၏ တံတွေးကို မြိုချကာ ဆက်လက်၍ ပြောဆိုသည်။

"ဒါပေမယ့် ရလဒ်ကတော့... ဧကရာဇ်သားတော် ကျင်းယန် ထုတ်လွှတ်လိုက်တဲ့ ရွှေကျီးကန်းရဲ့ဒေါသက ခုံးဝူတောက်ကို နည်းနည်းလေးတောင် မထိခိုက်စေနိုင်ခဲ့ရုံတင်မကဘူး.."

"သူက တစ်ဖက်လူရဲ့ လက်ချောင်းတစ်ချောင်းတည်းနဲ့တောင် ချက်ချင်းသတ်ဖြတ်ခံလိုက်ရတယ်..."

ဝုန်း...

နတ်ဘုရားသားတော်ယန်ရန်၏ စိတ်ထဲတွင် မရေမတွက်နိုင်သော မိုးကြိုးသံများ ပေါက်ကွဲသွားသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရပြီး သူ၏ အသိစိတ်များ ဗလာဟင်းလင်း ဖြစ်သွားသည်။

ယခင်က မိုးထိအောင် မြင့်မားသော သူ၏ ဒေါသနှင့် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများသည် မည်သည့်အချိန်ကမှန်း မသိဘဲ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့လေပြီ။

ထိုအရာများ၏ နေရာတွင် အရိုးခိုက်မတတ် ကြောက်ရွံ့မှုက အစားထိုး ဝင်ရောက်လာခဲ့သည်။

သူ၏လက်ရှိကျင့်ကြံခြင်းသည် ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်လေးတွင်သာ ရှိနေပေ၏။

ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်နှစ်သို့ ရောက်ရှိနေသော ကျင်းယန်ကို ဖိနှိပ်သတ်ဖြတ်ရန်အတွက် သူသည် အားထုတ်မှုတချို့ကို ပြုလုပ်ရမည်မှာ သေချာပေါက်ပင်။

ဒါပေမယ့် ခုံးဝူတောက်က... ကျင်းယန်ကို ချက်ချင်း သတ်ပစ်လိုက်တယ်ပေါ့...

တစ်ဖက်လူ၏ကျင့်ကြံခြင်းသည် ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်ငါး သို့မဟုတ် အဆင့်ခြောက်သို့ပင် ရောက်နေသလော...

နတ်ဘုရားသားတော်ယန်ရန်သည် ပို၍တွေးတောမိလေလေ ပို၍ကြောက်ရွံထိတ်လန့်လာလေလေပင်။

ဖြစ်နိုင်သည်မှာ ခုံးဝူတောက်၏ ခွန်အားသည် ပြင်ပလောက၌ ကောလာဟလများ ထွက်နေသကဲ့သို့ အသုံးမကျခြင်းနှင့် ဝေးကွာနေပေလိမ့်မည်။

ဆန့်ကျင်ဘက်အနေဖြင့် ခုံးဝူတောက်၏ ခွန်အားသည် သူ စိတ်ကူးယဥ်တွေးတောနိုင်သည်ထက် ပို၍အားကောင်းနေနိုင်ခြေရှိသည်။

ကြောက်လန့်နေစဉ်မှာပင် နတ်ဘုရားသားတော်ယန်ရန်သည် အလွန်ဒေါသထွက်သွားသဖြင့် ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများတွင် ခုံးဝူတောက် အသုံးမကျကြောင်း ကောလာဟလဖြန့်သူများ၏ ဘိုးဘေးများကိုပင် ကျိန်ဆဲလိုက်၏။

အကယ်၍ ဤကောင်စုတ်များကသာ ဇာတ်လမ်းများကို သူတို့၏သဘောဆန္ဒဖြင့် မဖန်တီးခဲ့ကြပါက....

သူက ဤကဲ့သို့သော ကောလာဟလများကို ယုံကြည်လောက်အောင် မည်သည်ကြောင့် တုံးအနိုင်မည်နည်း....

ယခုအချိန်၌ ကျင်းယန်နှင့်ကျင်းယွမ်တို့ သေဆုံးသွားကြကာ သူနှင့် ခုံးဝူတောက်ကြားတွင် ကြီးမားသော ရန်ငြိုးကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီ။

ဤသည်မှာ အလွန်ကြီးမားသော သွေးကြွေးရန်ငြိုးတစ်ခုပင်။

သို့ရာတွင် ရွှေကျီးကန်းနတ်ဘုရားတောင်၏ ထိပ်တန်းမျိုးဆက်သစ် လူငယ်ပါရမီရှင်တစ်ဦးအနေဖြင့်....

သူ၏စရိုက်သည် သာမန်လူများ ယှဉ်ပြိုင်နိုင်သည့်အရာထက် များစွာသာလွန်ပြီး သူ၏စိတ်နှလုံးသားထဲရှိ ကြောက်ရွံ့မှုကို သူ အလျင်အမြန် ဖိနှိပ်လိုက်၏။

"အတိတ်ကို ပြန်ပြင်လို့ မရပေမယ့် အနာဂတ်ကိုတော့ ပြောင်းလဲလို့ ရပါတယ်..."

"မုချင်းလီက အချိန်လေဟာနယ် တားမြစ်နယ်မြေရဲ့ အစေခံ ဖြစ်သွားပြီဆိုတော့... ငါ့ရဲ့ ရွှေကျီးကန်း သွေးမျိုးဆက်ကို မြှင့်တင်ဖို့ သူ့ကို အသုံးပြုဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး..."

"ကြည့်ရတာတော့ ငါက စွန့်စားပြီးတော့ ဒီ အကန့်အသတ်မဲ့ မီးနယ်မြေထဲက တားမြစ်နယ်မြေထဲကို ဝင်သွားပြီး တခြားကောင်းကင်နှင့်မြေပြင် ဆန်းကြယ်မီးတောက်တွေကို ရှာဖွေရတော့မယ်..."

သူ၏ သန့်စင်သော ရွှေကျီးကန်း သွေးမျိုးဆက်ဖြင့် သူသည် ကောင်းကင်နှင့်မြေကြီးရှိ အရာအားလုံးကို လွယ်လင့်တကူ ဝါးမျိုနိုင်သည်။

သူသည် ကောင်းကင်နှင့်မြေပြင် ဆန်းကြယ်မီးတောက်နှစ်ခုကို ထပ်မံ၍ စုပ်ယူနိုင်သရွေ့ ရှေးဟောင်း ဗာမီလီယန်ငှက်သွေးမျိုးဆက် မရှိလျှင်ပင် သူ၏ရွှေကျီးကန်း သွေးမျိုးဆက်သည် အောင်မြင်စွာ အသွင်ပြောင်းရန် ဖြစ်နိုင်ခြေ တချို့ ကျန်ရှိနေဆဲပင်။

ထိုအချိန်ရောက်လျှင် သူသည် ခုံးဝူတောက်ကို တိုက်ခိုက်နိုင်ခြင်း မရှိတော့မည် မဟုတ်ချေ။

မည်သို့ပင်ဆိုစေကာမူ သူ၏အမြင်အရ ခုံးဝူတောက်၏ကျင့်ကြံခြင်းသည် အများဆုံးအနေဖြင့် ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်ခြောက်တွင်သာ ရှိနေပေလိမ့်မည်။

ထို့ပြင် ဤသည်က သူ လက်လှမ်းမမီနိုင်မည့်အရာ မဟုတ်ချေ။

"ဒုက္ခပဲ... နတ်ဘုရားသားတော် ဒုက္ခပဲ..."

ဤအချိန်အခိုက်အတန့်တွင် ထိတ်လန့်တကြား အော်ဟစ်သံတစ်သံ ထွက်ပေါ်လာပြီး နတ်ဘုရားအလင်းတန်းတစ်ခုက မိုးကောင်းကင်ယံမှ ရုတ်တရက် ကျဆင်းလာခဲ့သည်။

ထို့နောက် ကြောက်လန့်နေသော မျက်နှာဖြင့် ပါရမီရှင် တစ်ဦးသည် နတ်ဘုရားသားတော်ထံသို့ အရူးအမူး ပြေးလာခဲ့ပေ၏။

"ဘာဖြစ်တာလဲ... ဘာလို့ ဒီလောက်တောင် ပျာယာခတ်နေတာလဲ..."

ယန်ရန် နတ်ဘုရားသားတော်က မျက်မှောင်ကြုတ်ပြီး မေးမြန်းလိုက်သည်။

ကြောက်လန့်နေသော ပါရမီရှင်သည် အသက်ပြင်းပြင်းရှူသွင်းနောက် ဆက်လက်၍ ပြောဆိုသည်။

"နတ်ဘုရားသားတော်ယန်ရန်... အဲ့ဒီခုံးဝူတောက်က ကောင်းကင်ဘုံ တာအိုနယ်မြေရဲ့ နေရာအနှံ့အပြားမှာ သတင်းတွေ ဖြန့်နေတယ်..."

"နတ်ဘုရားသားတော်က သူ့ရဲ့အချိန်လေဟာနယ် တားမြစ်နယ်မြေက အစေခံကို အရှင့်ရဲ့ ကိုယ်ပိုင် တိုးတက်မှုအတွက် ကျင့်ကြံခြင်း မီးပြင်းဖိုရုပ်ခန္ဓာကိုယ်အဖြစ် အသုံးပြုဖို့လောက်အထိ အတင့်ရဲတင်းလွန်းနေတယ်လို့ ပြောနေတယ်..."

"ခုံးဝူတောက်က အရှင့်ကို သုံးရက်အချိန် ပေးထားတယ်... သုံးရက်အတွင်းမှာ အရှင်က သူ့ရဲ့ရှေ့မှာ ဒူးထောက်ရမယ်တဲ့..."

"မဟုတ်ရင်... မဟုတ်ရင်..."

နတ်ဘုရားသားတော်ယန်ရန်၏ မျက်နှာသည် ပို၍သုန်မှုန်နေပြီး သူ၏နဖူးပေါ်တွင် သွေးကြောများ ထောင်ထလာကာ ဒေါသအထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း မြင်လိုက်ရချိန်၌...

ပါရမီရှင်၏အသံသည် ပို၍တိုးညှင်းလာပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေကာ နောက်ထပ် စကားတစ်ခွန်းမျှ မဟရဲတော့ချေ။

"မဟုတ်ရင် ဘာဖြစ်လဲ..."

နတ်ဘုရားသားတော်ယန်ရန်က ဒေါသတကြီး အော်ငေါက်လိုက်၏။

"ဒါက ဘယ်လို အပြုအမူမျိုးလဲ... အချိန်ဆွဲမနေနဲ့... အဲ့ဒီကောင် ပြောခဲ့တဲ့ စကားအတိုင်း အတိအကျ ပြောစမ်း..."

ဤအချိန်အခိုက်အတန့်တွင် သူ့ထံ၌ ဒေါသများဖြင့် လုံးလုံးလျားလျား လွှမ်းခြုံနေသော်လည်း....

ခုံးဝူတောက်က မည်မျှထိ မောက်မာသော စကားများ ပြောခဲ့သည်ကိုလည်း သူ သိချင်နေသည်။

နတ်ဘုရားသားတော်ယန်ရန်၏ ခြိမ်းခြောက်မှုအောက်တွင် ထိုပါရမီရှင်က ဆက်လက်၍ပြောဆိုသည်။

"မဟုတ်ရင်... မဟုတ်ရင်... သူက အရှင့်ရဲ့ ကြက်ခေါင်းကို ယူမယ်တဲ့..."

ဤစကားကို ပြောပြီးနောက် ထိုလူသည် စိုးရိမ်ပူပန်မှုကြောင့် မျက်ရည်များပင် ကျလုနီးပါး ဖြစ်သွားပေ၏။

သူသည် သူ၏နတ်ဘုရားသားတော်ကို စော်ကားချင်၍ မဟုတ်ချေ။

ဤသည်က ခုံးဝူတောက်၏မူရင်းစကား အတိအကျပင်။

ထို့ပြင် သူ၏နတ်ဘုရားသားတော်ကိုယ်တိုင်က ထိုစကားများကို ကြားလိုခဲ့ခြင်းဖြစ်သည်။

"..."

ပတ်ဝန်းကျင်နေရာတဝိုက်လုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်မှုထဲသို့ ကျရောက်သွားပြီး ရွှေကျီးကန်းနတ်ဘုရားတောင်မှ တခြားပါရမီရှင်များသည်လည်း လုံးလုံးလျားလျား ဆွံ့အသွားကြသည်။

မောက်မာလိုက်တာ...

ကျင့်ကြံခြင်းလမ်းစဉ်ကို စတင်လျှောက်လှမ်းကတည်းက ဤမျှထိ မောက်မာသော လူသားမျိုးနွယ်တစ်ဦးကို သူတို့ မြင်တွေ့ရခြင်းမှာ ဤသည်က ပထမဆုံးအကြိမ်ပင်။

သူသည် သူတို့ ရွှေကျီးကန်းနတ်ဘုရားတောင်မှ မျိုးနွယ်ဝင်များကို ကင်စားခဲ့ရုံသာမက...

သူသည် သူတို့ ရွှေကျီးကန်းနတ်ဘုရားတောင်၏ နတ်ဘုရားသားတော်ကို ကြက်တစ်ကောင်ဖြင့်ပင် နှိုင်းယှဉ်လိုက်၏။

ဤသည်က သူတို့ကို အထင်သေးရုံ သက်သက် မဟုတ်ဘဲ သူတို့ကို သူ၏မျက်လုံးထဲ မထည့်ခြင်းပင်။

အခန်း (၁၁၆) မီးနဲ့ ဆော့နိုင်တဲ့သူက မောက်မာတယ်... သူ့ကို မြင်လိုက်ရတာနဲ့ သေရေးရှင်ရေးပဲ

နတ်ဘုရားသားတော် ယန်ရန်သည် သူ၏ လက်သီးများကို ဆုပ်ထားရာ အလွန်အမင်း အားပါလွန်းသဖြင့် သူ၏အရိုးအဆစ်များမှ အက်ကွဲသံများပင် ထွက်ပေါ်လာခဲ့သည်။

သို့သော် မကြာမီမှာပင် သူက ထိုလက်သီးဆုပ်ထားမှုကို ရုတ်တရက် ဖြေလျှော့ပြီး စိတ်သက်သာရာရသွားသည့်အလား အကန့်အသတ်မဲ့ မီးနယ်မြေ၏ အနက်ရှိုင်းဆုံး နေရာဆီသို့ ဦးတည်သွားတော့သည်။

"ကောင်းကင်မီးတောက် သူတော်စင်နန်းတော်က ဒီနတ်ဘုရားသားတော်ရဲ့ အမိန့်ကို ဖီဆန်ရဲတယ်... အဲ့ဒီအပြစ်က အမြစ်ပြတ်သုတ်သင်ခံရဖို့ ထိုက်တန်တယ်..."

"မင်းတို့အားလုံးက လူတွေကို ခေါ်ပြီး ကောင်းကင်မီးတောက် သူတော်စင်နန်းတော်ဆီ ချက်ချင်းသွားစမ်း... အဲ့ဒီနေရာရဲ့ တာအိုအမွေအနှစ်ကို ဖြတ်တောက်ပစ်ပြီး တစ်ယောက်မှ အရှင်မထားခဲ့နဲ့..."

"ဟုတ်ကဲ့ပါ..."

ရွှေကျီးကန်းနတ်ဘုရားတောင်မှ ပါရမီရှင်များသည် အမိန့်ကို လက်ခံလိုက်ပြီး ကိစ္စကို စတင်၍ စီစဉ်လိုက်ကြ၏။

တစ်ချိန်တည်းမှာပင် သူတို့၏စိတ်နှလုံးသားထဲရှိ ထိတ်လန့်ကြောက်ရွံ့မှုများ ပို၍ပင် ပြင်းထန်လာခဲ့သည်။

ဆိုရိုးစကားအတိုင်း သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်မှုသည် ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု၏ အစပျိုးမှုပင်။

သူတို့၏ နတ်ဘုရားသားတော်သည် ဤအချိန်အခိုက်အတန့်တွင် ယခုကဲ့သို့ မျက်နှာအမူအရာမျိုး ပြသနေခြင်းက သူ အလွန်အမင်း ဒေါသထွက်နေကြောင်း သိသာရှင်းလင်းစွာ ဖော်ပြနေပေ၏။

နတ်ဘုရားသားတော် ယန်ရန်သည် မီးတောက် အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး အကန့်အသတ်မဲ့ မီးနယ်မြေ၏ တားမြစ်နယ်မြေဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားတော့သည်။

သူ၏ မျက်လုံးများထဲ၌ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများ ထင်ဟပ်လာသည်။

"ခုံးဝူတောက်... ဘယ်လို တန်ကြေးမျိုးပဲ ပေးရပါစေ... မင်းကို ငါ သေချာပေါက် သတ်မယ်..."

အသင်္ချေသူတော်စင်မြို့....

နာလန်မိသားစု၏ ပင်မခန်းမကြီးအတွင်း၌....

ခုံးဝူတောက်သည် အမြင့်ဆုံးနေရာရှိ ပလ္လင်ပေါ်တွင် ထိုင်နေလေ၏။

အောက်ဘက်တွင် အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ဧကရာဇ်သားတော်အစဉ်အဆက်များ အသစ် ခေါ်ယူထားသော အစေခံများနှင့် နာလန်မိသားစုမှ အဆင့်မြင့်အဖွဲ့ဝင်များအားလုံး ရိုသေလေးစားစွာဖြင့် မတ်တတ်ရပ်နေကြသည်။

"နတ်ဘုရားသားတော်... ကျွန်မတို့ကို ပေးအပ်ထားတဲ့ တာဝန်တွေအားလုံး ပြီးစီးပါပြီ..."

ခုံးကျန်ယွဲ့က ရုတ်တရက် ရိုသေလေးစားစွာ ဦးညွှတ်လိုက်၏။

"နတ်ဘုရားသားတော်... ကျန်နေတဲ့ ငှက်ကတုံးကောင်တွေရဲ့ ခေါင်းတွေကို အရှင့်ဆီ ဆက်သဖို့ ကျန်ယွဲ့က လှုပ်ရှားလိုက်ရမလား..."

ဤစကားကို ကြားလိုက်ရသောအခါ ခုံးဝူတောက်သည် မျက်လုံးစုံမှိတ်၍ ကျင့်ကြံနေရာမှ သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

သူ၏ နက်ရှိုင်းသော မျက်လုံးသူငယ်အိမ်များထဲတွင် ဆော့ကစားလိုသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"မလိုတော့ပါဘူး..."

"အရေးမပါတဲ့ ကောင်တစ်စုက ပြဿနာ အများကြီး မဖြစ်စေနိုင်ဘူး..."

"သုံးရက်အတွင်း ဒီကောင်တွေကိုယ်တိုင် ရောက်လာလိမ့်မယ်..."

နတ်ဘုရားသားတော်ယန်ရန် ဆိုသည့်ကောင်သည် ဒူးထောက်ခယရန် ရောက်လာမည်တော့ မဟုတ်ချေ။

မည်သို့ပင်ဆိုစေကာမူ မီးနှင့်သာ ဆော့ကစားတတ်သော ရွှေကျီးကန်းနတ်ဘုရားတောင်မှ ဤငှက်ကတုံးကောင်တစ်စုသည် မောက်မာထောင်လွှားပေ၏။

သို့သော် ကံမကောင်းစွာဖြင့် သူဖြင့် တွေ့ဆုံခြင်းက သူတို့၏အသက်အန္တရာယ် မသေချာတော့ကြောင်းကို ဆိုလိုနေခြင်းပင်။

သူ ယခင်က ဖြန့်ဝေခဲ့သော သတင်းသည် လူအများ သိစေရန်သာ မဟုတ်ချေ။

မောက်မာထောင်လွှားသော ရွှေကျီးကန်းနတ်ဘုရားတောင်မှ လူများကိုယ်တိုင် ချိန်းဆိုချက်သို့ ရောက်လာစေရန်ပင်။

ထို့ပြင် ဤကိစ္စကို အသုံးပြု၍ သူ၏ လွှမ်းမိုးနိုင်သော အရှိန်အဝါနှင့် "မြင့်မြတ်သော" စရိုက်လက္ခဏာကို ပြသရန်လည်း ဖြစ်ပေ၏။

သူ၏ ကိုယ်ပိုင်အစေခံတစ်ဦးအတွက် ရွှေကျီးကန်းနတ်ဘုရားတောင်ကို လူပုံအလယ်တွင် မည်သူကများ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲမည်နည်းဟု လူတစ်ဦးက မေးကောင်းမေးနိုင်သည်။

တခြားသူများ မလုပ်ရဲသောအရာကို သူ ခုံးဝူတောက်က လုပ်ရဲသည်။

ဒုတိယအချက်အနေဖြင့် အရေးမပါသော အစေခံတစ်ဦးအတွက် ဤကဲ့သို့ ရပ်တည်ပေးနိုင်ခြင်းပင်။

ဤအရာက ဘာကို ညွှန်ပြနေသနည်း....

ဤသည်က သူ ခုံးဝူတောက်သည် ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း ညွှန်ပြနေပေ၏။

အကယ်၍ ယန်ရန်ဆိုသည့် နတ်ဘုရားသားတော်တွင် ဦးနှောက်ရှိပြီး ချိန်းဆိုချက်သို့ လာရောက်ခြင်း မရှိလျှင်ပင် သူသည် နာမည်ကောင်း တစ်ခုကို ရရှိနိုင်သည်။

ဤကိစ္စ၏ရလဒ် မည်သို့ပင် ဖြစ်စေကာမူ အကျိုးကျေးဇူးများစွာကို သူ ရရှိနိုင်သည်ဟု ဆိုနိုင်သည်။

တစ်ရက်ကြာပြီးနောက်....

သတင်းတစ်ပုဒ်သည် ကောင်းကင်ဘုံ တာအိုနယ်မြေ တစ်ခုလုံးတွင် မုန်တိုင်းတစ်ခုအလား ပျံ့နှံ့သွားပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

အနောက်ပိုင်း သဲကန္တာရရှိ ကောင်းကင်မီးတောက် သူတော်စင်နန်းတော်သည် ယမန်နေ့က လုံးလုံးလျားလျား ဖျက်ဆီးခြင်းခံလိုက်ရသည်။

သူတော်စင်နန်းတော်သခင်များ အပါအဝင် နန်းတော်တစ်ခုလုံးရှိ သောင်းနှင့်ချီသော လူများအားလုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ခံလိုက်ရလေ၏။

ထို့ပြင် ဤကိစ္စများအားလုံး၏ လက်သည်တရားခံမှာ တခြားသူများမဟုတ်ဘဲ ရွှေကျီးကန်းနတ်ဘုရားတောင်ပင်။

"အိုး ဘုရားရေ... ရွှေကျီးကန်းနတ်ဘုရားတောင်က ကောင်းကင်မီးတောက် သူတော်စင်နန်းတော်ကို ဖျက်ဆီးပစ်လိုက်တာလား... မုချင်းလီက အချိန်လေဟာနယ် တားမြစ်နယ်မြေဘက်ကို ကူးပြောင်းသွားပြီးတော့ အစေခံ ဖြစ်သွားတာကို လက်စားချေတာများလား..."

"ဒါက ဖြစ်နိုင်ခြေ အရမ်းများတယ်... အရင်က ရွှေကျီးကန်းနတ်ဘုရားတောင်ရဲ့ နတ်ဘုရားသားတော်ယန်ရန်က မုချင်းလီကို သီးသန့် တောင်းဆိုခဲ့တာလေ... ဒါပေမယ့် အချိန်လေဟာနယ် တားမြစ်နယ်မြေဘက်ကို ကူးပြောင်းသွားတဲ့ သူ့ရဲ့လုပ်ရပ်က ယန်ရန်ကို လူပုံအလယ်မှာ ပါးဖြတ်ရိုက်လိုက်သလိုပဲ..."

"ဒါပေမယ့်... မုချင်းလီက နတ်ဘုရားသားတော်ခုံးဝူတောက်ရဲ့ ရွေးချယ်တာကို ခံရပြီးတော့ အချိန်လေဟာနယ် တားမြစ်နယ်မြေရဲ့ အစေခံ တစ်ယောက် ဖြစ်နေပြီလေ... သွယ်ဝိုက်ပြီး ပြောရရင် ကောင်းကင်မီးတောက် သူတော်စင်နန်းတော်ကလည်း ခုံးဝူတောက်နဲ့ အဆက်အသွယ် နည်းနည်းရှိနေတာပဲ..."

"ရွှေကျီးကန်းနတ်ဘုရားတောင်က ကောင်းကင်မီးတောက် သူတော်စင်နန်းတော်ကို ဒီလိုမျိုး တိုက်ရိုက် ဖျက်ဆီးပစ်တာ သူတို့ ခုံးဝူတောက်ကို ဒေါသမထွက်စေဘူးဆိုတာ သေချာရဲ့လား..."

"အရင်က ခုံးဝူတောက် နတ်ဘုရားသားတော်က နတ်ဘုရားသားတော်ယန်ရန်ကို သူရဲ့ရှေ့မှာ ဒူးထောက်ဖို့ သုံးရက်အချိန်ပေးထားတယ်လို့ ကြေညာခဲ့တယ်... မဟုတ်ရင် ယန်ရန်ရဲ့ခေါင်းကို ယူမယ်တဲ့..."

"အခု နတ်ဘုရားသားတော်ယန်ရန် လုပ်လိုက်တာက သူ့ရဲ့ တုံ့ပြန်မှုပဲ..."

"နတ်ဘုရားသားတော်နှစ်ပါးရဲ့ ထိပ်တိုက် တွေ့ဆုံမှုပဲ... ဘယ်သူက အားနည်းပြီး ဘယ်သူက အားသာလဲ ဆိုတာ ဘယ်သူ သိနိုင်မလဲ..."

".........."

လူများအားလုံး တက်ကြွစွာ ဆွေးနွေးနေကြသည်။

ဦးနှောက်မရှိသူများနှင့် အဆင်အခြင်မဲ့သူတချို့ ရှိနေ​ဆဲဖြစ်ကာ တချို့လူများက ခုံးဝူတောက်၏စွမ်းအားကို ချဲ့ကားပြောဆိုနေကြပြီး သူ၏ လက်တွေ့ တိုက်ခိုက်ရေးစွမ်းအားမှာ နတ်ဘုရားသားတော်ယန်ရန်လောက် အစွမ်းမထက်ဟု ယုံကြည်နေကြဆဲပင်။

သို့သော် ခုံးဝူတောက်၏စွမ်းအားသည် နတ်ဘုရားသားတော်ယန်ရန်ထက် များစွာသာလွန်သည်ဟု သွယ်ဝိုက်သော နည်းလမ်းဖြင့် ယုံကြည်သူများ အလွန်များပြားလာပေ၏။

မကြာသေးမီက ကောင်းကင်ဘုံ တာအိုနယ်မြေတွင် မောက်မာစွာ ပြုမူလေ့ရှိသော နတ်ဘုရားသားတော်ယန်ရန်သည်...

အစစ်အမှန် နတ်ဘုရားသားတော်ထံမှ သေစေနိုင်သော ထိုးနှက်ချက်တစ်ခုကို ခံရတော့ပေမည်။

အသင်္ချေသူတော်စင်မြို့.... နာလန်မိသားစု၏ ပင်မခန်းမကြီးအတွင်း၌....

"နတ်ဘုရားသားတော်... ကျေးဇူးပြုပြီး... ကျွန်မရဲ့ ရန်သူကို ကျွန်မကိုယ်တိုင် သတ်ခွင့်ပေးပါ..."

မုချင်းလီက မြေပြင်ပေါ်တွင် ဒူးထောက်ကာ အမြင့်ဆုံးနေရာတွင် ထိုင်နေသော ခုံးဝူတောက်ထံ ဦးညွှတ်ပြီး အသနားခံလိုက်၏။

ကောင်းကင်မီးတောက် သူတော်စင်နန်းတော်မှ ကြေကွဲဖွယ် သတင်းကို သူမ ကြားသိပြီးဖြစ်သည်။

ခုံးဝူတောက်နှင့် မတွေ့ဆုံမီက....

ကောင်းကင်မီးတောက် သူတော်စင်နန်းတော်သည် အမြဲတစေ သူမ၏ဘေးကင်းလုံခြုံသော ခိုလှုံရာ ဖြစ်ခဲ့သည်။

အထူးသဖြင့် သူမကို နှစ်ပေါင်းများစွာကြာအောင် ပြုစုပျိုးထောင်ပေးခဲ့သော ကောင်းကင်မီးတောက် သူတော်စင်နန်းတော်သခင်ပင်။

သို့သော် ယခုအချိန်၌ ကောင်းကင်မီးတောက် သူတော်စင်နန်းတော်သည် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရရုံသာမက....

သူမကို နှစ်ပေါင်းများစွာကြာအောင် ပြုစုပျိုးထောင်ပေးခဲ့သော ကောင်းကင်မီးတောက် သူတော်စင်နန်းတော်သခင်သည် ရွှေကျီးကန်းနတ်ဘုရားတောင်မှ ထိုသားရဲများ၏ အရှက်ခွဲ သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်းကိုပင် သူမ ကြားသိခဲ့ရသည်။

ဤအရာက မုချင်းလီကို ဝမ်းနည်းပူဆွေးမှု နာကြည်းမှုများနှင့်အတူ ရွှေကျီးကန်းနတ်ဘုရားတောင်အပေါ် အဆုံးမဲ့ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများဖြင့် ပြည့်နှက်သွားစေပေ၏။

သို့သော် တာအိုနန်းတော်နယ်ပယ်တွင်သာရှိသော သူမ၏လက်ရှိစွမ်းအားဖြင့် ရွှေကျီးကန်းနတ်ဘုရားတောင်မှ လူများကို တိုက်ရိုက်ရင်ဆိုင်ပြီး သတ်ဖြတ်ရန် ကြိုးစားခြင်းမှာ စိတ်ကူးယဉ် သက်သက်သာ ဖြစ်ပေလိမ့်မည်။

ထို့ပြင် သူမ၏အမြင်အရ နတ်ဘုရားသားတော်ခုံးဝူတောက်သည် ရွှေကျီးကန်းနတ်ဘုရားတောင်နှင့် ထိပ်တိုက်ရင်ဆိုင်မည့် အကြောင်းအရင်းမှာ...

သွယ်ဝိုက်သော နည်းလမ်းဖြင့် သူမနှင့် ခွဲခြား၍မရအောင် ဆက်စပ်နေသည်။

ပြင်ပတွင် ပျံ့နှံ့နေသော ကောလာဟလများကလည်း ခုံးဝူတောက်သည် ကောင်းကင်ဘုံ တာအိုနယ်မြေမှ သာမန်ဒေသခံတစ်ဦးဖြစ်ပြီး အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ အစေခံတစ်ဦးဖြစ်သည့် သူမအတွက် ရပ်တည်ပေးနေသည်ဟု ဆိုကြ၏။

ဤကဲ့သို့ ကြီးမားသော ကျေးဇူးတရားကို သူမ ပြန်လည်ပေးဆပ်ရန် ခက်ခဲနေလေပြီ။

ခုံးဝူတောက်ကို ပြဿနာ ထပ်မပေးမိစေရန်...

ထို့ပြင် သူမ၏ နှလုံးသားထဲရှိ အခက်အခဲကို ကျော်လွှားနိုင်ရန်....

တရားခံဖြစ်သော နတ်ဘုရားသားတော်ယန်ရန်ကို နောက်ဆုံးအချိန်တွင် သူမကိုယ်တိုင် သတ်ခွင့်ပြုရန် ခုံးဝူတောက်အား သူမ တောင်းဆိုခဲ့သည်။

ခန်းမကြီးတစ်ခုလုံး အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်နေသည်။

လူတိုင်း၏အကြည့်များက အမြင့်ဆုံးနေရာရှိ ခုံးဝူတောက်ထံသို့ ကျရောက်နေကြ၏။

ခုံးဝူတောက်က သူ၏ မေးစေ့ကို လက်ဖြင့် ပေါ့ပေါ့ပါးပါး ထောက်ထားသည်။

သူသည် မျက်လုံးစုံမှိတ်၍ ကျင့်ကြံနေသည့် အခြေအနေကို ထိန်းသိမ်းထားစဉ်မှာပင် သူ၏ တည်ငြိမ်ပြီး ချောမောသော မျက်နှာအသွင်အပြင်များက သူ့ကို ကျက်သရေရှိကာ ကျော့ရှင်းနေပုံ ပေါက်စေသည်။

အောက်ဘက်တွင်ရှိနေသော မုချင်းလီသည် ထပ်မံ၍ စကားမပြောတော့ချေ။

သူမသည် သူမ၏ ဒူးထောက်ကာ ဦးညွှတ်နေသော ကိုယ်နေဟန်ထားကိုသာ ထိန်းသိမ်းထားပြီး သူမ၏ခန္ဓာကိုယ် အနည်းငယ် တုန်ယင်နေပေ၏။

သူမသည် အချိန်လေဟာနယ် တားမြစ်နယ်မြေ၏အစေခံတစ်ဦးဖြစ်ကာ သူမ၏အဆင့်အတန်းမှာ ဖုန်မှုန့်ကဲ့သို့ နိမ့်ကျနေကြောင်း သူမ သိထားသည်။

အကယ်၍ ခုံးဝူတောက်သာ သူမ၏ တောင်းဆိုချက်ကို ခွင့်ပြုပေးမည်ဆိုပါက ၎င်းသည် သူမအတွက် ကြီးမားသော ကျေးဇူးတရားတစ်ခု ဖြစ်လာပေလိမ့်မည်။

သူ ခွင့်မပြုလျှင်ပင် ဤသည်က သူမ၏ သခင်တစ်ဦးအနေဖြင့် သူ၏အခွင့်အရေးသာ ဖြစ်ပေ၏။

အသက်ရှူချိန် အနည်းငယ် ကုန်ဆုံးသွားပြီးနောက်....

ခုံးဝူတောက်က သူ၏နက်ရှိုင်းသော အနက်ရောင် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

"ခွင့်ပြုတယ်..."

သူ၏ အသံမှာ ရေခဲကဲ့သို့ အေးစက်တင်းမာနေသော်လည်း....

ဤသည်က မုချင်းလီကို ကြီးမားသော ဝမ်းသာပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားစေပြီး သူမက ချက်ချင်းဆိုသလိုပင် ခုံးဝူတောက်ကို နောက်တစ်ကြိမ် လေးလေးနက်နက် ဦးညွှတ်လိုက်၏။

"နတ်ဘုရားသားတော် ခုံးဝူတောက်... အရှင့်ရဲ့ ကြီးမားတဲ့ ကျေးဇူးတော်အတွက် ကျေးဇူးတင်ပါတယ်..."

မျက်ရည်များက မုချင်းလီ၏ မျက်လုံးများမှ အထိန်းအကွပ်မဲ့စွာ ယိုစီးကျလာခဲ့သည်။

ဝမ်းသာပျော်ရွှင်နေစဉ်မှာပင် ခုံးဝူတောက်အပေါ် သူမ၏ကျေးဇူးတင်စိတ်များက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

ခုံးဝူတောက်ကဲ့သို့ တည်ရှိမှုမျိုးသည် သူမ မည်သို့သော ရုပ်ခန္ဓာကိုယ်မျိုးအား ပိုင်ဆိုင်ထားကြောင်းကို သေချာပေါက် သိရှိပေလိမ့်မည်။

သို့သော် သူသည် တခြားသူများကဲ့သို့ မပြုမူခဲ့ရုံသာမက သူမ၏သွေးမျိုးဆက်ကို စုပ်ယူရန် နည်းလမ်းများ ရှာဖွေခြင်း သို့မဟုတ် သူမကို ကျင့်ကြံခြင်း မီးပြင်းဖိုရုပ်ခန္ဓာကိုယ်အဖြစ် သတ်မှတ်ခြင်းများ မရှိခဲ့ချေ။

သူသည် သူမအတွက် သင့်တော်သော ကျင့်စဉ်တစ်ခုကို ချီးမြှင့်ရန် တစ်စုံတစ်ယောက်ကိုပင် အမိန့်ပေးခဲ့ပေ၏။

ယခုအချိန်၌ သူသည် သူမအတွက်ကြောင့် ရွှေကျီးကန်းနတ်ဘုရားတောင်နှင့် ထိပ်တိုက်ရင်ဆိုင်နေပြီး သူမ၏ရန်သူကို ကိုယ်တိုင်သတ်ခွင့်ပြုရန် သူမ၏တောင်းဆိုချက်ကိုပင် သဘောတူခဲ့သည်။

ခုံးဝူတောက်သည် ကယ်တင်ခြင်း ရောင်ခြည်တစ်ခုအလား ချောက်ကမ်းပါးထဲ၌ရှိနေသော သူမကို လုံးလုံးလျားလျား နွေးထွေးသွားစေခဲ့သည်။

သူမသည် သူ၏နံဘေးရှိ အရေးမပါသော ပုရွက်ဆိတ်ကဲ့သို့ အစေခံတစ်ဦးမျှသာ ဖြစ်နေလျှင်ပင်.....

ခုံးဝူတောက် အလိုရှိသရွေ့...

သူမကို ကောင်းကင်ဘုံများအားလုံးနှင့် ဆန့်ကျင်စေချင်လျှင်ပင်...

သူမ၏ စိတ်ဝိညာဉ်ကို ဆက်သစေချင်လျှင်ပင်...

သူမ ပိုင်ဆိုင်ထားသမျှ အရာအားလုံးကို ဆက်သစေချင်လျှင်ပင်...

သူမက နောင်တမရဘဲ လုပ်ဆောင်ပေမည်။

[ဒင်... ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီး မုချင်းလီရဲ့ သခင်အပေါ် သစ္စာရှိမှုက အထွတ်အထိပ်ကို ရောက်ရှိသွားပြီး သူမရဲ့ ယဉ်ပါးအောင် သွေးဆောင်ခံရမှု အတိုင်းအတာက ၂၀ ရာခိုင်နှုန်း အောင်မြင်စွာ တိုးလာတာကို ထောက်လှမ်းတွေ့ရှိရပါတယ်...]

[သခင်က ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီး မုချင်းလီကို အောင်မြင်စွာ ယဉ်ပါးအောင် သွေးဆောင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်... သူ့ရဲ့ ကျန်ရှိနေတဲ့ ကောင်းကင်ကံကြမ္မာအမှတ် ၁၈၀၀ ကို သခင် ရရှိပါတယ်...]

[သခင်က နှစ်ဆပြင်းထန်တဲ့ ထိုးနှက်မှုကို ဖြစ်ပေါ်စေခဲ့ပြီးတော့ ကောင်းကင်ကံကြမ္မာအမှတ် ၃၆၀၀ကို အောင်မြင်စွာ ရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်...]

[မီးတာအို အပိုင်းအစ ၃၀၀၀ နဲ့ ဖျက်ဆီးခြင်း တာအို အပိုင်းအစ ၁၀၀၀ ကို ရရှိသွားတဲ့အတွက် သခင့်ကို ဂုဏ်ယူပါတယ်...]

ဤအရာကို ကြားလိုက်ရသောအခါ ခုံးဝူတောက်၏ နှုတ်ခမ်းများက ခပ်သဲ့သဲ့ အပြုံးတစ်ခုအဖြစ် ကွေးတက်သွားပေ၏။

ဤအဖြစ်အပျက်များ၏ တိုးတက်မှုသည် သူ၏ မျှော်လင့်ချက်များအတွင်း၌ လုံးလုံးလျားလျား ရှိနေခဲ့သည်။

ယခင်က ခုံးကျန်ယွဲ့နှင့် အခြားသူများကို ဖြန့်ဝေရန် သူ ညွှန်ကြားခဲ့သော သတင်းများသည်...

ရွှေကျီးကန်းနတ်ဘုရားတောင်မှ လူများကို ရန်စရန်သာမက မုချင်းလီကို ပို၍ကောင်းမွန်စွာ ယဉ်ပါးအောင် သွေးဆောင်ရန်လည်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ပြင်ပအမြင်အရ ကောင်းကင်ဘုံ တာအိုနယ်မြေမှ ဒေသခံတစ်ဦးဖြစ်သော မုချင်းလီအတွက် ရပ်တည်ပေးသော သူ ခုံးဝူတောက်၏ လုပ်ရပ်သည် "တရားမျှတမှု" ကို ကိုယ်စားပြုနေသည်။

ထို့ပြင် လူသားများ၏ နှလုံးသားသည် တရားမျှတမှုဟု ယူဆရသည့် အရာများဆီသို့ အမြဲတစေ လိုက်ပါတတ်ကြသည်။

အစမှအဆုံးတိုင်အောင် သူသည် နှစ်ဖက်လုံးကို ခြယ်လှယ်ကာ သူ၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက်သာ ကြံစည်နေခဲ့ခြင်းပင်။

သို့ရာတွင် မုချင်းလီကို ဤမျှထိ လျှင်မြန်စွာ ယဉ်ပါးအောင် သွေးဆောင်နိုင်ခဲ့ခြင်းမှာ..

ရွှေကျီးကန်းနတ်ဘုရားတောင်မှ ဤအလွန်ကောင်းမွန်သော လူသားကိရိယာများ၏ အကူအညီကြောင့်လည်း များစွာပါဝင်နေသည်။

ထိုသို့မဟုတ်လျှင် ဤကိစ္စသည် အမှန်တကယ်ကို ဤမျှထိ အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားမည် မဟုတ်ချေ။

ဆုလာဘ်တစ်ခု အနေဖြင့် နောက်ပိုင်းကျလျှင် ထိုငှက်ကတုံးကောင်အုပ်စုကို အကင်စင်ဆီ သူ ပို့ဆောင်ပေးရပေမည်။

All Chapters