← Chapters

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း (၁၁၉) အသုံးမဝင်ဘူး... လက်တစ်ဖက်တည်းနဲ့ ခြေမွှဖျက်ဆီးလိုက်တယ်

ဟင်းလင်းပြင်ကို ဖြတ်သန်း လျှောက်လှမ်းလာသော နတ်ဘုရားသားတော် ခုံးဝူတောက်အပေါ် ယန်ရန်၏ဖိအားသည် လုံးလုံးလျားလျား သက်ရောက်မှု မရှိခဲ့ချေ။

အထူးဥပဒေသ အကာအကွယ်တစ်ခုက သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားပုံရပေ၏။

ထိုအကာအကွယ်သည် ပြင်ပကမ္ဘာမှ ဝင်ရောက်လာသော ချီစွမ်းအားမျာစအားလုံးကို နတ်ဘုရားသားတော် ခုံးဝူတောက်အတွက် ချေဖျက်ပေးလိုက်သည်။

"ခုံးဝူတောက်... မင်းက ဘယ်လောက်တောင် အတင့်ရဲလိုက်လဲ..."

ရွှေကျီးကန်းနတ်ဘုရားတောင်မှ ပါရမီရှင်တစ်ဦးက အော်ဟစ်လိုက်ပြီး ချက်ချင်းဝင်ရောက်စွက်ဖက်ရန် ကြိုးစားလိုက်၏။

"ထွက်သွားစမ်း... ဘယ်သူမှ မလှုပ်ရှားရဘူး..."

နတ်ဘုရားသားတော်ယန်ရန်က သူ၏နောက်ရှိ လူများကို ဒေါသတကြီး ဆူပူကြိမ်းမောင်းလိုက်သည်။

ဤသည်က သူသည် တရားမျှတမှုနှင့် ကိုယ်ကျင့်တရားကို တန်ဖိုးထား၍ မဟုတ်ချေ။

ထိုသို့မဟုတ်ပါက တစ်ဖက်လူနှင့် စစ်မှန်သော ယောက်ျားပီသသည့် ယှဉ်ပြိုင်မှုတစ်ခုကို လိုချင်၍လည်း မဟုတ်ပေ။

နတ်ဘုရားသားတော် ခုံးဝူတောက်၏ ရှေ့တွင် သူ မျက်နှာမပျက်ချင်ရုံ သက်သက်သာ ဖြစ်ပေ၏။

အစောပိုင်းက သူ၏နောက်သို့ လိုက်လာခဲ့သော ဧကရာဇ်သားတော်သည် ခုံးကျန်ယွဲ့၏ တိုက်ခိုက်မှုကို တောင့်မခံနိုင်ခဲ့ချေ။

ဤအရာက သူ၏ရွှေကျီးကန်းနတ်ဘုရားတောင်မှ ဧကရာဇ်သားတော်အစဉ်အဆက်သည် အချိန်လေဟာနယ် တားမြစ်နယ်မြေထက် နိမ့်ကျကြောင်း သွယ်ဝိုက်သော နည်းလမ်းဖြင့် ပြသနေခြင်းပင်။

နတ်ဘုရားသားတော် ယန်ရန်၏ နောက်လိုက်များသည် နတ်ဘုရားသားတော် ခုံးဝူတောက်၏ နောက်လိုက်များထက် နိမ့်ကျကြောင်းကို ထိုအဖြစ်အပျက်က သွယ်ဝိုက်သော နည်းလမ်းဖြင့် ထပ်မံ၍ သက်သေပြလိုက်ခြင်းဖြစ်သည်။

အကယ်၍ ဤကိစ္စတွင် သူ၏နောက်လိုက်များ ဝင်ရောက်စွက်ဖက်ရန် လိုအပ်နေမည်ဆိုပါက....

နတ်ဘုရားသားတော် တစ်ပါးအနေဖြင့် သူ၏ မျက်နှာကို မည်သည့်နေရာတွင် ထားရမည်နည်း....

ထိုအချိန်မှာပင် နတ်ဘုရားသားတော် ခုံးဝူတောက်၏ နောက်ပြောင်ကျီစယ်လိုသော အသံက ကောင်းကင်နှင့်မြေကြီးတခွင်လုံး၌ နောက်တစ်ကြိမ် ပဲ့တင်ထပ်သွားခဲ့သည်။

"ဟဲ ဟဲ... မင်းတို့ ငှက်ကတုံးကောင်တွေရဲ့ ဦးနှောက်က မကောင်းတာကြောင့် လူစကားကိုတောင် နားမလည်တာလား...."

"အရင်က ဒီနတ်ဘုရားသားတော် ပြောခဲ့တာက မင်းတို့ကို ငါ့ရဲ့ရှေ့မှာ ဒူးထောက်ခိုင်းတာလေ..."

"ငါ့ရဲ့ရှေ့မှာ မတ်တတ်ရပ်ဖို့ မင်းတို့ကို ငါက ဘယ်တုန်းက ခွင့်ပြုခဲ့လို့လဲ..."

နောက်ထပ်အချိန်တခဏတွင်...

ဝုန်း...

ကောင်းကင်ကိုးထပ်ကို တုန်ခါသွားစေသော ပေါက်ကွဲမှုကြီးတစ်သံ ရုတ်တရက် ပွင့်အံ့ထွက်လာခဲ့သည်။

ထို့နောက်မှ လိုက်ပါလာသည်မှာ ဧရာမ ကောင်းကင်ယံကြီး ဤအချိန်အခိုက်အတန့်တွင် လုံးလုံးလျားလျား ကျွံဝင်သွားသည်ကို လူတိုင်း ခံစားလိုက်ရခြင်းပင်။

လွန်ခဲ့သော စက္ကန့်အနည်းငယ်အကြာက တိမ်ကင်းစင်နေခဲ့သော ကြည်လင်သည့် မိုးပြာရောင် ကောင်းကင်ယံသည် မည်သည့်အချိန်ကမှန်း မသိဘဲ လုံးလုံးလျားလျား မှောင်မိုက်သွားခဲ့လေပြီ။

ဤရုတ်တရက်ဖြစ်ပေါ်လာသော ကောင်းကင်နှင့်မြေကြီး သဘာဝလွန်ဖြစ်စဉ်သည် ပတ်ဝန်းကျင်ရှိ လူတိုင်း၏ မျက်နှာအမူအရာများကို သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။

ဤကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် သူတို့ထံသို့ ဦးတည်ထားခြင်း မဟုတ်သော်လည်း....

စောင့်ကြည့်နေကြသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများသည်လည်း ကြောက်ရွံ့မှုကြောင့် ချွေးများပြိုက်ပြိုက်ကျလာကာ သူတို့၏ခန္ဓာကိုယ်များ အလိုအလျောက် တုန်ယင်နေကြသည်။

ဤသည်က မည်သည်ကြောင့်ဖြစ်လာကြောင်း သူတို့ မသိကြချေ။

နတ်ဘုရားသားတော် ခုံးဝူတောက်၏ စကားများသည် နတ်ဘုရားသားတော် ယန်ရန်ထံသို့ ဦးတည်ထားခြင်းပင်။

သို့သော် ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအားအောက်တွင် ဝပ်တွားချင်သည့် သူတို့၏ဆန္ဒကို သူတို့ ထိန်းချုပ်မထားနိုင်ကြတော့ချေ။

"အရင်တုန်းက နတ်ဘုရားသားတော် ခုံးဝူတောက်က ငါတို့အပေါ် အလျှော့ပေးခဲ့တာလား..."

အထူးသဖြင့် ယခင်က ပါရမီရှင်များစုဝေးစားသောက်ပွဲတွင် နတ်ဘုရားသားတော် ခုံးဝူတောက်၏ ဖိအားကို တိုက်ရိုက်တွေ့ကြုံခံစားခဲ့ရသော ပါရမီရှင်များပင်။

သူတို့သည် ထုံကျင်သွားသည်အထိ ပို၍ပင် ထိတ်လန့်တုန်လှုပ်သွားကြ၏။

ပါရမီရှင်များစုဝေးစားသောက်ပွဲတွင် ရာနှင့်ချီသော သူတို့ကဲ့သို့ ပါရမီရှင်များကို မျက်စိတစ်မှိတ်အတွင်း၌ ဖိနှိပ်လိုက်ခြင်းသည် သူ၏စွမ်းအားကို အမှန်တကယ် ပြသလိုက်ခြင်း ဖြစ်သည်ဟု မူလက သူတို့ တွေးထင်ခဲ့ကြသည်။

သို့သော် သူတို့ အကြီးအကျယ် မှားယွင်းနေကြောင်း ယခုမှသာ သူတို့ နားလည်သဘောပေါက်သွားကြ၏။

နတ်ဘုရားသားတော် ခုံးဝူတောက်သည် သူတို့အား အလျှော့ပေးထားခဲ့ခြင်းပင်။

ယခုချိန်၌ သူ ထုတ်လွှတ်နေသော ချီစွမ်းအင်သည်သာ သူ၏အစစ်အမှန်စွမ်းအား ဖြစ်ပေမည်။

သို့ရာတွင် အချက်တစ်ချက်ကို သိထားရပေမည်။

လူတိုင်း၏စိတ်ထဲရှိ ထိုအတွေးသည် သူတို့၏ ကိုယ်ပိုင်ဆန္ဒအလျောက် ခန့်မှန်းချက်မျှသာ ဖြစ်ပေ၏။

အမှန်တကယ်အားဖြင့် နတ်ဘုရားသားတော် ခုံးဝူတောက်သည် သူ၏စွမ်းအားအပြည့်အဝကို မထုတ်လွှတ်ရသေးချေ။

မည်သို့ပင်ဆိုစေကာမူ အစမှအဆုံးတိုင်အောင် သူ၏ မူလရုပ်ခန္ဓာကိုယ်လေးခုကို သူ မည်သည့်အချိန်ကမျှ အသက်မသွင်းခဲ့ဖူးချေ။

ဤသည်က သူ အလွန်အမင်း မောက်မာနေ၍ မဟုတ်ပေ။

ဤကဲ့သို့ ငှက်ကတုံးကောင်များကို ကိုင်တွယ်ရန်အတွက် သူ၏မူလရုပ်ခန္ဓာကိုယ်များကို အသုံးပြုရန် လုံးလုံးလျားလျား မလိုအပ်သောကြောင့်ပင်။

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

"သူ့ရဲ့ စွမ်းအားက အမြဲတမ်း ဒီလောက်တောင် သန်မာအားကောင်းနေခဲ့တာလား..."

အထူးသဖြင့် ဤဖိအားမုန်တိုင်း၏ အလယ်ဗဟိုတွင် ရှိနေသော နတ်ဘုရားသားတော်ယန်ရန်ပင်။

မည်သည့်အရာများ ဖြစ်ပျက်နေသည်ကိုပင် သူ မတွေးတတ်တော့ချေ။

ကျယ်ပြောလှသော စွမ်းအားတစ်ခုသည် အထက်မှ ရိုက်ချလာပြီး သူ၏အမြင်အာရုံအား ဝေဝါးသွားစေသည်ကိုသာ သူ ခံစားမိလေ၏။

သူ၏နှလုံးသားကို ပို၍ပင် အေးစက်သွားစေခဲ့သည့်အရာမှာ ဤအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်သည် သူ၏ထိန်းချုပ်မှုအောက်တွင် မရှိတော့သကဲ့သို့ ဖြစ်နေခြင်းပင်။

သူ၏အရိုးများအားလုံး တုန်ယင်နေပြီး သူ၏ ဒူးများမှာ အားနည်းနေသကဲ့သို့ ခံစားရကာ သူသည် အထိန်းအကွပ်မဲ့စွာ ဒူးထောက်ချင်နေခဲ့၏။

"နတ်ဘုရားသားတော်သခင် ယန်ရန်က ခုံးဝူတောက်ရဲ့ ချီစွမ်းအင်ကြောင့် တကယ်ကြီး ဖိနှိပ်ခံနေရတာလား..."

ရွှေကျီးကန်းနတ်ဘုရားတောင်မှ တခြားပါရမီရှင်များအားလုံး အံ့အားသင့်စွာဖြင့် သူတို့၏မျက်လုံးများ ပြူးကျယ်သွားကြပြီး သူတို့၏ မျက်နှာများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေကြသည်။

ရွှေကျီးကန်းနတ်ဘုရားတောင် တစ်ခုလုံးတွင် နတ်ဘုရားသားတော် ယန်ရန်၏ အဆင့်အတန်းသည် သာလွန်ထူးကဲနေရုံသာမက မျိုးဆက်သစ် လူငယ်များအကြားတွင် သူသည် ပြိုင်ဘက်ကင်းသော အထွတ်အထိပ် တည်ရှိမှုတစ်ခုပင်။

တခြားတာအိုနယ်မြေများမှ မရေမတွက်နိုင်သော ပြိုင်ဘက်ကင်း ပါရမီရှင်များသည် နတ်ဘုရားသားတော်ယန်ရန်၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည်အား သူတို့ မျက်မြင်တွေ့ရှိခဲ့ဖူးပေ၏။

မည်သည့် ပြိုင်ဘက်ကင်း ပါရမီရှင်မဆို သူ၏ မျက်စိကျိန်းမတတ် စူးရှတောက်ပသော ရွှေကျီးကန်း မီးတောက်နှင့် နှိုင်းယှဉ်ပါက အရောင်မှိန်သွားပေမည်။

သို့သော်...

သူတို့၏ နတ်ဘုရားသားတော် ယန်ရန်သည် အစောပိုင်းကမှ နတ်ဘုရားသားတော် ခုံးဝူတောက်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

သူသည် တိုက်ခိုက်မှုများကိုပင် အပြန်အလှန် မဖလှယ်ရသေးဘဲ တစ်ဖက်လူ၏ ချီစွမ်းအင်ကြောင့် ဖိနှိပ်ခံနေရသလော..

"ခုံးဝူတောက်..."

ကြောက်မက်ဖွယ်ကောင်းသော ဖိအားအောက်တွင် နတ်ဘုရားသားတော်ယန်ရန်သည် နက်ရှိုင်းစွာ အရှက်ခွဲခံရသကဲ့သို့ ခံစားရပြီး ပို၍ပင် ဒေါသထွက်လာခဲ့သည်။

သူသည် ရွှေကျီးကန်းနတ်ဘုရားတောင်၏ ထိပ်တန်းပါရမီရှင် ဖြစ်ပြီး သန့်စင်သော ရွှေကျီးကန်း သွေးမျိုးဆက်ကို သူ ပိုင်ဆိုင်ထားသည် မဟုတ်လော..

ခုံးဝူတောက်သည် သူ့အား ဤကဲ့သို့ အရှက်ခွဲရန် မည်သို့များ ရဲတင်းရသနည်း...

အကယ်၍ ရွှေကျီးကန်းသည် စွမ်းအားကို မပြသပါက အမှန်တကယ် ငှက်ကတုံးကောင်ဟု ထင်နေခြင်း ဖြစ်သလော...

ဝုန်း...

နတ်ဘုရားသားတော် ယန်ရန်၏ ခန္ဓာကိုယ်ပေါ်ရှိ ချီစွမ်းအင်သည် နောက်တစ်ကြိမ် တလိမ့်လိမ့်လာခဲ့သည်။

နတ်ဘုရားသားတော် ခုံးဝူတောက်၏ ချီစွမ်းအင်ကြောင့် မီးတောက်ငယ်လေး အရွယ်အစားအထိ ဖိသိပ်ခံထားရသော သူ၏ နံဘေးပတ်လည်တွင် တလိမ့်လိမ့်နေသည့် မီးတောက်များသည် ရုတ်တရက် ပျံ့လွင့်သွားပေ၏။

သူ၏ ကြက်သွေးရောင် မျက်လုံးသူငယ်အိမ်တစ်စုံသည် ဤအချိန်အခိုက်အတန့်တွင် လုံးလုံးလျားလျား လောင်ကျွမ်းသွားပြီး တဝုန်းဝုန်းထနေသော ရွှေကျီးကန်း မီးတောက်များဖြင့် တောက်လောင်နေသည်။

"ရွှေကျီးကန်း ဆင်းသက်ခြင်း..."

နတ်ဘုရားသားတော် ယန်ရန်သည် တိုးညှင်းစွာ ရေရွတ်လိုက်သည်နှင့်အမျှ....

ကောင်းကင်နှင့်မြေကြီးတွင် လွင့်မျောနေသော မီးဥပဒေသသည် သူ့ထံသို့ ချက်ချင်းဆွဲငင်ခြင်းခံလိုက်ရပေ၏။

ထိုအရာများသည် တဝုန်းဝုန်းထနေသော ရေစီးကြောင်းကြီးတစ်ခုအလား သူ့ထံသို့ စုစည်းသွားတော့သည်။

ကျိ...

ကောင်းကင်ယံအပြည့် မီးမုန်တိုင်းထဲတွင် ကြည်လင်ပြီး အလွန်ကျယ်လောင်သော ရွှေကျီးကန်း အော်ဟစ်သံတစ်သံ ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။

ရွှေကျီးကန်း အော်ဟစ်သံကြားတွင် အဆက်မပြတ် လောင်ကျွမ်းကာ ဆူပွက်နေသော ကြက်သွေးရောင် နယ်ပယ်သည် မြင်နိုင်သော ကြက်သွေးရွှေရောင် ဧရိယာအဖြစ်သို့ အသွင်ပြောင်းသွားတော့သည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် လေဟာနယ်သည် ပြင်းထန်စွာ ဆုတ်ဖြဲခြင်း ခံလိုက်ရပေ၏။

ဖြာထွက်လာသော ကြက်သွေးရွှေရောင် မီးပင်လယ်ကြီးသည် တဖြည်းဖြည်း တွန့်လိမ်ကောက်သွားပြီး ဧရာမ ပုံရိပ်ယောင် ရွှေကျီးကန်း မီးတောက်ကြီးတစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။

ဤသည်က ကျင့်ကြံသူများ ယခင်က မြင်တွေ့ခဲ့ရသော ပုံရိပ်ယောင်ရွှေကျီးကန်းနှင့် လုံးလုံးလျားလျား ကွာခြားနေသည်။

ဤရွှေကျီးကန်းထံမှ ထွက်ပေါ်လာသော ချီစွမ်းအင်သည် ယခင်ကထက် များစွာသာလွန်နေပေ၏။

ထို့ပြင် ရွှေကျီးကန်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ယန်စွမ်းအားသည် ပို၍ပင် လောင်ကျွမ်းအား ပြင်းထန်နေသည်။

ထိုရွှေကျီးကန်းသည် အတောင်ပံများကို ဖြန့်ကာ ကောင်းကင်ယံကို ဖြတ်သန်း၍ ပျံသန်းလိုက်ရုံဖြင့် မိုင်ထောင်နှင့်ချီ ကျယ်ဝန်းသော ဧရိယာကို ရွှေရောင်မီးတောက်များဖြင့် လွှမ်းခြုံသွားစေခဲ့သည်။

ဒဏ္ဍာရီများထဲမှ ရွှေကျီးကန်းသည် အတားအဆီးကို အမှန်တကယ် ဆုတ်ဖြဲကာ ဤအချိန်အခိုက်အတန့်တွင် လောကကြီးသို့ ဆင်းသက်လာသည့်အလားပင်။

အဝေးမှ ကြည့်မည်ဆိုလျှင် ကောင်းကင်ဘုံ တာအိုနယ်မြေသည် နောက်ထပ်ကောင်းကင်ကိုးထပ် နေမင်းကြီးတစ်စင်းကို ထပ်မံ၍ရရှိလိုက်သကဲ့သို့ ဖြစ်နေသည်။

ထို့အပြင် ဤထပ်တိုးကောင်းကင်ကိုးထပ် နေမင်းကြီးသည် မူလနေမင်းကြီးထက် များစွာ ပို၍တောက်ပပြီး မျက်စိကျိန်းမတတ် စူးရှနေပေ၏။

မူလ အစစ်အမှန် နေမင်းကြီးပင်လျှင် ဤတောက်လောင်နေသော နေမင်းကြီး၏ ရှေ့တွင် အနည်းငယ် မှေးမှိန်နေပုံရသည်။

အသက်ဝင်နေသော ဤ ပုံရိပ်ယောင် ရွှေကျီးကန်း မီးတောက်ကြီး ဆင်းသက်လာမှုနှင့်အတူ....

နတ်ဘုရားသားတော် ယန်ရန်သည်လည်း နတ်ဘုရားသားတော် ခုံးဝူတောက်၏ ချီစွမ်းအင် ဖိနှိပ်မှုမှ တဖြည်းဖြည်း ရုန်းထွက်နိုင်ခဲ့သည်။

ဤအထူးစွမ်းအားမြှင့်တင်မှုနှင့်အတူ နတ်ဘုရားသားတော်ယန်ရန်က သူ၏ ယုံကြည်မှုကို ပြန်လည်ရရှိသွားခဲ့သည်။

ယခုအချိန်၌ သူသည် အဆုံးမဲ့စွမ်းအားများကို ပိုင်ဆိုင်ထားသကဲ့သို့ ခံစားမိပေ၏။

နတ်ဘုရားသားတော် ခုံးဝူတောက်အပေါ် သူ၏ ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုများသည် ဤအချိန်အခိုက်အတန့်တွင် လုံးလုံးလျားလျား ပျောက်ကွယ်သွားတော့သည်။

"ခုံးဝူတောက်... မင်းရဲ့ လုပ်ရပ်တွေအတွက် တန်ကြေးပြန်ပေးဆပ်ရမယ်..."

နတ်ဘုရားသားတော် ယန်ရန်သည် ဟိန်းဟောက်လိုက်ရာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရွှေရောင် မီးတောက်များ ပေါက်ကွဲထွက်လာပြီး လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်နှင့် လောကကြီးကို ဖျက်ဆီးပစ်နိုင်သော မီးတောက်လေပြင်းကြီးတစ်ခုကို ထုတ်လွှတ်လိုက်သည်။

ဤအရာကို မြင်သောအခါ နတ်ဘုရားသားတော် ခုံးဝူတောက်သည် ရယ်မောလိုက်ပြီး သူ၏ ခေါင်းကို ခါယမ်းလိုက်သည်။

"ဟား ဟား ဟား... မင်းရဲ့ ဒီဂုဏ်ယူစရာကောင်းတဲ့ ပေါက်ကွဲမှုက ကိုယ့်ကိုယ်ကိုယ် ပြိုင်ဘက်ကင်းတယ်လို့ ကြေညာထားတဲ့ အရူးအလွှာတစ်ခုကို မင်းကိုယ်မင်း ထပ်ပေါင်းထည့်လိုက်တာပဲမဟုတ်လား..."

ထိုသို့ လှောင်ပြောင်ပြီးနောက်....

နတ်ဘုရားသားတော် ခုံးဝူတောက်သည် နတ်ဘုရားစွမ်းရည်များ သို့မဟုတ် မန္တန်များကို အသုံးပြုရန်ပင် မကြိုးစားတော့ချေ။

သူသည် တလိမ့်လိမ့်ထသော ရွှေကျီးကန်းလှိုင်းလုံးကြီးဆီသို့ သူ၏လက်ကို တိုက်ရိုက်ဖိနှိပ်လိုက်၏။

ဤသည်မှာ သူသည် တစ်ဖက်လူ၏ တိုက်ခိုက်မှုကို လက်တစ်ဖက်တည်းဖြင့် ခြေမွှဖျက်ဆီးပစ်ရန် ဟန်ပြင်နေသည့်အလားပင်။

အခန်း (၁၂၀) ပါးရိုက်ခံရပြီး လွင့်ထွက်သွားတယ်... ငှက်ကတုံးကောင်က ဘယ်နေရာကို ရောက်သွားတာလဲ

"အရူး..."

နတ်ဘုရားသားတော် ခုံးဝူတောက်သည် လက်ဝါးရိုက်ချက်တစ်ချက်ကို အသုံးပြုကာ သူ၏တိုက်ခိုက်မှုအား တိုက်ရိုက်ဖျက်ဆီးရန် ကြိုးစားနေသည်ကို မြင်တွေ့ချိန်၌ နတ်ဘုရားသားတော်ယန်ရန်၏ မျက်လုံးများတွင် လှောင်ပြောင်လိုသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

ရွှေကျီးကန်းမီးတောက်သည် ရွှေကျီးကန်းနတ်ဘုရားတောင်၏ အဓိက ပါရမီရှင်များသာလျှင် သူတို့၏ မွေးရာပါ နတ်ဘုရားမီးတောက်အဖြစ် နားလည်နိုင်သောအရာပင်။

ထိုမီးတောက်၏ အပူချိန်သည် ကောင်းကင်ယံကို လောင်ကျွမ်းစေပြီး ပင်လယ်များကို ဆူပွက်သွားစေရန် လုံလောက်ပေ၏။

ထိုအရာသည် လောကရှိ ဥပဒေသများနှင့် ရုပ်ဝတ္ထုများအားလုံးကို ပြာများအဖြစ်သို့ ပြောင်းလဲသွားစေနိုင်သည်။

နတ်ဘုရားသားတော် ခုံးဝူတောက်၏ ရုပ်ခန္ဓာကိုယ်သည် တားမြစ်နယ်မြေတစ်ခုသို့ ဝင်ရောက်သွားခဲ့လျှင်ပင်....

သူ၏အမြင်အရ တစ်ဖက်လူသည် ဤမျှထိ ရိုင်းစိုင်းစွာ ပြုမူပြီး သူ၏ ရွှေကျီးကန်း မီးတောက်ကို လက်တစ်ဖက်တည်းဖြင့် ဖမ်းယူခြင်းကြောင့် ပြင်းထန်စွာ လောင်ကျွမ်းခံရမည်သာမက နတ်ဘုရားသားတော် ခုံးဝူတောက်၏ လက်လည်း သေချာပေါက် ဆုံးရှုံးသွားပေမည်။

သို့သော် နောက်ထပ်အချိန်တခဏတွင် နတ်ဘုရားသားတော် ယန်ရန်၏လှောင်ပြောင်လိုသော အပြုံးသည် ရုတ်တရက် အေးခဲတောင့်တင်းသွားပေ၏။

သူသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် အရာတစ်ခုကို မြင်လိုက်ရသသည့်အလား သူ၏ မျက်လုံးသူငယ်အိမ်များသည် အပ်တစ်ချောင်းအလား ချက်ချင်းကျဉ်းမြောင်းသွားတော့သည်။

ရွှေကျီးကန်း မီးတောက်သည် သူ တွေးထင်ထားသကဲ့သို့ နတ်ဘုရားသားတော် ခုံးဝူတောက်၏ လက်ကို အရိုးထိအောင် လောင်ကျွမ်းမသွားခဲ့ချေ။

နတ်ဘုရားသားတော် ခုံးဝူတောက်သည် သူ၏ ရွှေကျီးကန်း မီးတောက်ကို တိုက်ရိုက်ခြေမွှဖျက်ဆီးပစ်ရန်အတွက် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို အားကိုးခဲ့ခြင်းလည်း မဟုတ်ပေ။

ယန်ရန်၏ အလွန်ကြောက်လန့်နေသော အကြည့်များအောက်တွင် ကောင်းကင်ကို လောင်ကျွမ်းစေပြီး မြေကြီးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသော ရွှေကျီးကန်း မီးတောက်သည် နတ်ဘုရားသားတော် ခုံးဝူတောက်၏ လက်ဝါးမှတစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ လုံးလုံးလျားလျား စုပ်ယူခံလိုက်ရခြင်းပင်။

မိုင်ရာနှင့်ချီ ကျယ်ဝန်းသော ဟင်းလင်းပြင်ကို လွှမ်းခြုံထားသည့် မီးပင်လယ်ကြီးသည် နတ်ဘုရားသားတော် ခုံးဝူတောက်ကို ဒဏ်ရာရစေရန် မဆိုထားနှင့် ရွှံ့နွားတစ်ကောင် ပင်လယ်ထဲသို့ ဝင်သွားသကဲ့သို့ သူ့အပေါ် မည်သည့် သက်ရောက်မှုမျှ မရှိခဲ့ချေ။

ပါဝင်ပတ်သက်သူဖြစ်သော နတ်ဘုရားသားတော် ယန်ရန်နှင့် နှိုင်းယှဉ်ပါက ရွှေကျီးကန်းနတ်ဘုရားတောင်မှ ပါရမီရှင်အများအပြားနှင့် စောင့်ကြည့်နေကြသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများသည် ပို၍ပင် ကြောက်လန့်ကာ ထိတ်လန့်တုန်လှုပ်နေကြ၏။

နတ်ဘုရားသားတော် ခုံးဝူတောက်သည် နတ်ဘုရားသားတော် ယန်ရန်၏ တိုက်ခိုက်မှုကို မည်သို့ ကာကွယ်မည်နည်းဆိုသည့် နည်းလမ်းများကို မရေမတွက်နိုင်အောင်သူတို့၏ စိတ်ထဲတွင် မှန်းဆထားခဲ့သည်။

သို့သော် လက်တွေ့အခြေအနေသည် သူတို့၏ မျှော်လင့်ချက်များထက် များစွာပို၍ သာလွန်နေခဲ့သည်။

တစ်ဖက်လူသည် ဤကြောက်မက်ဖွယ်ကောင်းသော ရွှေကျီးကန်း မီးတောက်ကို တိုက်ရိုက် စုပ်ယူလိုက်သလော...

လူသားမျိုးနွယ် တစ်ဦးသည် ဤသို့ အမှန်တကယ် လုပ်နိုင်သလော...

"ဒါ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

သတိပြန်ဝင်လာသော နတ်ဘုရားသားတော် ယန်ရန်သည် ရုတ်တရက် အော်ဟစ်လိုက်၏။

"မင်းက ငါ့ရဲ့ ရွှေကျီးကန်း မီးတောက်ကို ဘယ်လိုလုပ်ပြီး စုပ်ယူနိုင်တာလဲ..."

ရွှေကျီးကန်း မီးတောက်ကို ရွှေကျီးကန်း သွေးမျိုးဆက် အနည်းငယ် ပိုင်ဆိုင်ထားသော ရွှေကျီးကန်းနတ်ဘုရားတောင်၏ အဓိက ပါရမီရှင်များသာလျှင် အောင်မြင်စွာ အသုံးပြုနိုင်ပြီး စုပ်ယူနိုင်သည်။

နတ်ဘုရားသားတော် ခုံးဝူတောက်သည် သာမန် လူသားမျိုးနွယ် တစ်ဦးသာ ဖြစ်သဖြင့် သူသည် ရွှေကျီးကန်း သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားရန် မဖြစ်နိုင်ချေ။

တစ်ဖက်လူသည် သူ၏ ရွှေကျီးကန်း မီးတောက်ကို မည်သို့ စုပ်ယူနိုင်သနည်းဆိုသည်ကို သူ အမှန်တကယ် နားမလည်နိုင်တော့ပေ။

နတ်ဘုရားသားတော် ခုံးဝူတောက်သည် တုံ့ပြန်ခြင်း မရှိခဲ့ချေ။

အစောပိုင်းက မြင်ကွင်းကြောင့် သူကိုယ်တိုင်လည်း အနည်းငယ် အံ့အားသင့်နေခဲ့သည်။

ဤသည်က သူ၏ ကောင်းကင်ဝါးမျို နတ်မိစ္ဆာသွေး အသက်ဝင်လာခြင်းကြောင့် မဟုတ်ပေ။

သူ၏ ခန္ဓာကိုယ်ထဲတွင် ပေါင်းစပ်ထားသော်လည်း အပြည့်အဝ အသက်မဝင်သေးသော ကျိုလီနတ်ဘုရားမီးတောက်မျိုးစေ့သည် စွမ်းအားများကို အလိုအလျောက် လှုံ့ဆော်လိုက်ပြီး ရွှေကျီးကန်း မီးတောက်ကို အောင်မြင်စွာ စုပ်ယူလိုက်ပုံရသည်။

ကျိုလီနတ်ဘုရားမီးတောက်မျိုးစေ့က ရွှေကျီးကန်း မီးတောက်ကို စုပ်ယူပြီးနောက် ထိုမျိုးစေ့၏အရှိန်အဝါသည် ပို၍အားကောင်းလာပြီး ထိုအရာသည် အိပ်စက်ခြင်းမှ တဖြည်းဖြည်း နိုးထလာနေပုံရကြောင်းကိုလည်း သူ ရှင်းလင်းစွာ ခံစားနိုင်သည်။

သို့ရာတွင် ကျိုလီနတ်ဘုရားမီးတောက်မျိုးစေ့ကို အပြည့်အဝ အသက်သွင်းပြီး နိုးထလာစေရန်အတွက် ဤရွှေကျီးကန်း မီးတောက် ပမာဏ အနည်းငယ်သည် လုံလောက်မှု မရှိသေးချေ။

"ရွှေကျီးကန်း သွေးမျိုးဆက်မှာ ကြွယ်ဝတဲ့ နတ်ဘုရားမီးတောက် စွမ်းအားတွေ ပါဝင်နေပေမယ့်လည်း ကျိုလီနတ်ဘုရားမီးတောက်မျိုးစေ့ က တကယ်ကို အထူးခြားဆုံးပဲ... တစ်ဖက်လူရဲ့ ရွှေကျီးကန်း သွေးမျိုးဆက်ကို စုပ်ယူတာနဲ့တင် အောင်အောင်မြင်မြင် အသက်ဝင်လာနိုင်မှာ မဟုတ်ဘူး..."

"သွေးဖောက်မထုတ်ခင် ဒီငှက်ကတုံးကောင်ကို တတ်နိုင်သမျှ သူ့ရဲ့တန်ဖိုးကို ထုတ်သုံးအောင် လုပ်ပြီး ကျိုလီနတ်ဘုရားမီးတောက်မျိုးစေ့ကို ရွှေကျီးကန်း မီးတောက်တွေ ပိုပြီးစုပ်ယူခွင့် ပေးလိုက်ရမလား..."

နတ်ဘုရားသားတော် ခုံးဝူတောက်သည် သူ့အား တုံ့ပြန်ခြင်း မရှိရုံသာမက သူ့ကို မျက်လုံးထဲတွင် လုံးဝ မထားသကဲ့သို့ တီးတိုးရေရွတ်နေသည်ကို ယန်ရန်က မြင်တွေ့လိုက်ရသည်။

နတ်ဘုရားသားတော် ယန်ရန်သည် အလွန်အမင်း အရှက်ခွဲခံရသလို ခံစားလိုက်ရပြီး သူ၏နဖူးပေါ်တွင် သွေးကြောများ ချက်ချင်းထောင်ထလာတော့သည်။

သူ၏နောက်ရှိ ပုံရိပ်ယောင် ရွှေကျီးကန်း မီးတောက်ကြီးသည် ပို၍ပင် လောင်ကျွမ်းစေတတ်သော လှိုင်းလုံးကြီးတစ်ခုအဖြစ် ပေါက်ကွဲထွက်လာခဲ့သည်။

"ခုံးဝူတောက်... မင်းက မောက်မာလွန်းတယ်..."

နတ်ဘုရားသားတော်ယန်ရန်သည် ဟိန်းဟောက်လိုက်၏။

သူ၏ ခန္ဓာကိုယ်နံဘေးပတ်လည်တွင် လှည့်ပတ်နေသော ရွှေကျီးကန်း မီးတောက်များသည် နတ်ဘုရားအက္ခရာ သံချပ်ကာတစ်ခုအလား သူ၏ ရုပ်ခန္ဓာကိုယ်ပေါ်သို့ အလွှာလိုက် ဖုံးအုပ်သွားတော့သည်။

သူ၏အရှိန်အဝါသည်လည်း မျက်စိဖြင့်မြင်နိုင်သောအရှိန်ဖြင့် လျှင်မြန်စွာ မြင့်တက်လာခဲ့သည်။

ဝုန်း...

ပေါက်ကွဲသံကြီးတစ်သံ ပဲ့တင်ထပ်သွားသည်။

ထို့နောက် နတ်ဘုရားသားတော် ယန်ရန်၏ နတ်ဘုရားစွမ်းရည်သည် ပျံ့လွင့်လာပေ၏။

ဟင်းလင်းပြင်တစ်ခုလုံးသည် ထောင်ပေါင်းများစွာသော ကြက်သွေးရွှေရောင် မီးတောက် အလင်းတန်းများဖြင့် လွှမ်းခြုံခြင်းခံလိုက်ရသည်။ မီးတောက်အလင်းတန်းများ ဖြတ်သန်းသွားသော နေရာတိုင်းတွင် ဟင်းလင်းပြင်သည် အလွှာလိုက် ပြိုကျပျက်စီးသွားကာ မှောင်မိုက်ပြီး ဗလာကျင်းနေသော ချောက်ကမ်းပါးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"ကောင်းကင်ကို ဖျက်ဆီးမယ့် ရွှေကျီးကန်း မီးတောက်..."

နတ်ဘုရားသားတော် ယန်ရန်၏ နောက်ဆုံး စကားလုံး ကျဆင်းသွားသည့် အခိုက်အတန့်တွင် သူ၏ ပုံရိပ်သည် နတ်ဘုရားသားတော် ခုံးဝူတောက်၏ ခေါင်းပေါ်တွင် ချက်ချင်းထွက်ပေါ်လာသည်။

သူသည် သူ၏စွမ်းအားများအားလုံးကို ချက်ချင်း လှုံ့ဆော်လိုက်ပြီး နတ်ဘုရားသားတော် ခုံးဝူတောက်ထံသို့ လက်သီးတစ်ချက် ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်တော့သည်။

ဝုန်း...

မီးတောက်များ ပေါက်ကွဲထွက်လာပြီး ဟင်းလင်းပြင်သည် တုန်ခါသွားပေ၏။

ပေတစ်ထောင်နီးပါး ကျယ်ဝန်းသော ဟင်းလင်းပြင်သည် တိုက်ရိုက်လောင်ကျွမ်းသွားပြီး ထိုနယ်ပယ်အတွင်းရှိ တဝုန်းဝုန်းထနေသော မီးတောက်အရှိန်အဝါသည် အနည်းငယ်မျှ ယိုစိမ့်ထွက်လာလျှင်ပင် မြစ်များကို ခန်းခြောက်သွားစေနိုင်ပြီး ရှေးဟောင်းတောင်တန်းများကို ပြာကျသွားစေနိုင်သည်။

စောင့်ကြည့်နေသူများကို ပို၍ပင် အံ့အားသင့်သွားစေခဲ့သည့်အရာမှာ နတ်ဘုရားသားတော် ယန်ရန် လှုပ်ရှားလိုက်သည်နှင့် သူ ဖွဲ့စည်းထားသော ဧရာမ ပုံရိပ်ယောင် ရွှေကျီးကန်း မီးတောက်ကြီးသည် နောက်ထပ် အော်ဟစ်သံတစ်သံ ထုတ်လွှတ်ပြီး တိုက်ခိုက်လိုက်ခြင်းပင်။

ထိုအရာသညထ နတ်ဘုရားသားတော် ယန်ရန်၏ လက်သီးထိုးသည့် လှုပ်ရှားမှုနှင့် ပူးပေါင်းကာ ကြောက်မက်ဖွယ်ကောင်းသော မီးတောက် စွမ်းအားများကို တပြိုင်နက်တည်း ပေါက်ကွဲထွက်လာစေပြီး နတ်ဘုရားသားတော် ခုံးဝူတောက်ထံသို့ ကျဆင်းသွားပေ၏။

နတ်ဘုရားသားတော် ခုံးဝူတောက်သည် သူ့အား အမှန်တကယ်ပင် အလေးအနက် မထားခြင်း ဖြစ်နိုင်သကဲ့သို့ ယခင်က မေးခွန်းသည် သူ့အား အနှောင့်အယှက် ပေးနေဆဲလည်း ဖြစ်နိုင်သည်။

တိုက်ခိုက်မှုသည် လက်တစ်ကမ်း အကွာအဝေးသို့ ရောက်နေသည့်တိုင် နတ်ဘုရားသားတော် ခုံးဝူတောက်သည် သူ၏ တွေးတောနေသော ကိုယ်နေဟန်ထားကို ထိန်းသိမ်းထားပြီး မလှုပ်မယှက် ရှိနေဆဲပင်။

"နတ်ဘုရားသားတော် ခုံးဝူတောက်... သတိထားပါ..."

ခုံးကျန်ယွဲ့နှင့် တခြားသူများသည် သတိပေးချက်တစ်ခုကို အလျင်အမြန် အော်ဟစ်လိုက်ကြသည်။

ရွှေကျီးကန်းနတ်ဘုရားတောင်မှ လူများသည် တစ်ဖက်လူများ ရုတ်တရက် ဝင်ရောက်စွက်ဖက်လာမည်ကို သတိထားနေကြစဉ်တွင်ပင် သူတို့၏ မျက်လုံးများတွင် စိတ်လှုပ်ရှားပြီး အောင်ပွဲခံနေသည့် အရိပ်အယောင်များ တပြိုင်နက်တည်း ထင်ဟပ်လာကြသည်။

နတ်ဘုရားသားတော် ခုံးဝူတောက်၏ မောက်မာမှုသည် နောက်ဆုံးတွင် သူ့အား ဒုက္ခပေးတော့ပေမည်။

ကောင်းကင်ကို ဖျက်ဆီးမည့် ရွှေကျီးကန်း မီးတောက်.....

ထိုအရာသည် ရွှေကျီးကန်းနတ်ဘုရားတောင်၏ အားအကောင်းဆုံး တိုက်ခိုက်ရေး နတ်ဘုရားစွမ်းရည်များထဲမှ တစ်ခုပင်။

နတ်ဘုရားသားတော် ခုံးဝူတောက်သည် သူတို့၏ နတ်ဘုရားသားတော်ယန်ရန် ထုတ်လွှတ်လိုက်သည့် ရွှေကျီးကန်း မီးတောက်ကို ယခင်က မည်သို့ စုပ်ယူခဲ့သည်ကို သူတို့ မသိကြချေ။ သို့ရာတွင် ဤအချိန်အခိုက်အတန့်တွင် သူတို့ နတ်ဘုရားသားတော် ယန်ရန်၏ အလွန်အမင်း အားကောင်းသော တိုက်ခိုက်ရေး နတ်ဘုရားစွမ်းရည်အောက်တွင် နတ်ဘုရားသားတော် ခုံးဝူတောက်၌ ကောင်းကင်ဘုံကို အာခံနိုင်စွမ်းများ ရှိနေလျှင်ပင် သူသည် ထိုတိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားပေမည်။

"နတ်ဘုရားသားတော် ခုံးဝူတောက်... ဒီတစ်ကြိမ်မှာ မင်း ဘယ်လို ကာကွယ်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်..."

တိုက်ခိုက်မှုသည် နတ်ဘုရားသားတော် ခုံးဝူတောက်အား လုံးလုံးလျားလျား ထိမှန်တော့မည်ကို မြင်သောအခါ နတ်ဘုရားသားတော် ယန်ရန်၏ နှုတ်ခမ်းထောင့်တွင် ရူးသွပ်သော ဝမ်းသာမှုတစ်ခု ထွက်ပေါ်လာခဲ့သည်။

သို့ရာတွင် မည်သူကမျှ မျှော်လင့်မထားခဲ့သော မြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့ပေ၏။

နတ်ဘုရားသားတော် ခုံးဝူတောက်သည် နတ်ဘုရားသားတော်ယန်ရန်အား အကြည့်တစ်ချက်မျှပင် ပိုမပေးခဲ့ချေ။

ထိုအစား သူသည် ကြီးမားသော ပါးရိုက်ချက်တစ်ချက်ကို ပေါ့ပေါ့ပါးပါး ရိုက်ထုတ်လိုက်သည်။

ဝုန်း...

ကြောက်မက်ဖွယ်ကောင်းသော ဥပဒေသစွမ်းအား ပေါက်ကွဲသံနှင့်အတူ ပြတ်သားသော ပါးရိုက်သံတစ်သံသည် တပြိုင်နက်တည်းနီးပါး ပဲ့တင်ထပ်သွားတော့သည်။

ဟင်းလင်းပြင် ပြင်းထန်စွာ တုန်ခါသွားသည်ကို လူတိုင်း ခံစားမိလေ၏။

ထို့နောက် နတ်ဘုရားသားတော် ယန်ရန်သည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုဖြင့် ရိုက်ခတ်ခံလိုက်ရသည်ကို သူတို့ မြင်တွေ့လိုက်ရတော့သည်။

ဝုန်း...

ဧရာမ ပုံရိပ်ယောင် ရွှေကျီးကန်း မီးတောက်ကြီးသည် မီးခိုးငွေ့များအဖြစ် ပြိုကျပျက်စီးသွားပြီး ကြောက်မက်ဖွယ် မီးပင်လယ်ကြီးသည် ရုတ်တရက် ငြိမ်းသေသွားသည်။

"ဖူး..."

နတ်ဘုရားသားတော် ယန်ရန်သည် သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ကြယ်ပျံတစ်စင်းအလား အနောက်သို့ ပြင်းထန်စွာ လွင့်ထွက်သွားပေ၏။

ဝုန်း...

သူ၏ ပုံရိပ်သည် ခုန်နေသော ဘောလုံးတစ်လုံးအလား မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားချိန်တွင် အကြိမ်ရေဆယ်နှင့်ချီ၍ ခုန်ပေါက်သွားခဲ့သည်။

ပေတစ်သောင်းခန့် မြင့်သော ဖုန်တိမ်တိုက်များကို လွင့်စင်သွားစေပြီး ဧရာမတောင်ကြီးတစ်လုံးကို ဝင်တိုက်မိသွားသည့် အချိန်မှသာ နောက်သို့ လွင့်ထွက်နေသော ပုံရိပ်သည် ရပ်တန့်သွားပေ၏။

အဝေးတွင်ရှိနေသော ဧရာမတောင်ကြီးသည် တုန်ခါသံနှင့်အတူ ပြိုကျသွားသည်။

တဝုန်းဝုန်းထနေသော ဖုန်တိမ်တိုက်များသည် မိုးကောင်းကင်တစ်ဝက်ကိုပင် ဖုံးကွယ်လုနီးပါး ဖြစ်သွားပေ၏။

ကောင်းကင်နှင့်မြေကြီးသည် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေသည်။

စောင့်ကြည့်နေကြသော ကျင့်ကြံသူ အားလုံးသည် ပါးစပ်အဟောင်းသားဖြစ်နေပြီး သူတို့၏ မျက်လုံးများသည် ထိတ်လန့်တုန်လှုပ်မှုကြောင့် သူတို့၏မျက်လုံးအိမ်များမှ ကျွတ်ထွက်လုနီးပါး ဖြစ်နေကြသည်။

အထူးသဖြင့် ရွှေကျီးကန်းနတ်ဘုရားတောင်မှ လူများပင်။

သူတို့၏ ယခင် အောင်ပွဲခံနေသော မျက်နှာအမူအရာများ ပျက်ယွင်းသွားပြီး နေရာတွင် လုံးလုံးလျားလျား အေးခဲတောင့်တင်းသွားကြသည်။

လူတိုင်း၏ အကြည့်များသည် အဝေးတွင် တလိမ့်လိမ့်ထနေသော ဖုန်တိမ်တိုက်များဆီသို့ ပထမဆုံး ရောက်ရှိသွားပေ၏။

ထို့နောက် သူတို့အားလုံးသည် ကောင်းကင်ယံရှိ ပုံရိပ်ထံသို့ တစ်ပြိုင်နက်တည်း အာရုံစိုက်လိုက်ကြသည်။

နတ်ဘုရားသားတော် ခုံးဝူတောက်၏ အဖြူရောင်ဝတ်ရုံက လေထဲတွင် လူးလွန့်နေသည်။

သူသည် နတ်ဘုရားသားတော် ယန်ရန်အား ပါးဖြတ်ရိုက်ချက်တစ်ချက်ဖြင့် ရှင်းလင်းစွာ ရိုက်နှက်လိုက်ခြင်းပင်။

သို့သော် သူသည် အရေးမပါသော အရာတစ်ခုကို ပြုလုပ်ခဲ့သကဲ့သို့ ပြုမူနေပေ၏။

သူသည် သူ၏ အဝတ်အစားများကိုပင် အနည်းငယ် သပ်ရပ်အောင် ပြုလုပ်လိုက်သည်။

"ဒီနတ်ဘုရားသားတော်က စဉ်းစားနေတာကို မမြင်ဘူးလား... တကယ်ကို အနှောင့်အယှက်ပေးတာပဲ..."

သူက သူ့ကိုယ်သူ ပြောနေသကဲ့သို့ တီးတိုးရေရွတ်နေသည်ကို သူတို့ ကြားလိုက်ရသည်။

ထို့နောက် နတ်ဘုရားသားတော် ခုံးဝူတောက်သည် တစ်စုံတစ်ခုကို သတိရသွားပုံရပေ၏။

သူသည် ဟင်းလင်းပြင်ကို ဝေ့ဝိုက်၍ ကြည့်လိုက်ပြီး သူ၏မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားသည်။

"အဲ့ဒီ ငှက်ကတုံးကောင် ဘယ်ရောက်သွားတာလဲ..."

Book 12 end.

All Chapters