← Chapters

အခန်း (၁၃၃-၁၃၄)

Vol. 14 Ch. 133-134

အခန်း (၁၃၃-၁၃၄)

Vol. 14 Ch. 133-134

Chapter 133+134

~

အခန်း ၁၃၃+၁၃၄ : ပြတ်သားစွာ အနိုင်ရရှိခြင်း

~

​ခဏချင်းမှာပင် ကြာပန်းစိမ်းကျွန်းတစ်ခုလုံး နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်သည်။

​"နိဗ္ဗာနအဆင့် ထိပ်ဆုံးလား."

လူတိုင်းက ထိုအတိုင်းအဆမရှိသော အရှိန်အဝါကို ကြည့်ရင်း ဆွံ့အအံ့ဩနေကြသည်။

​' ဒါဆို ခုနက အနက်ရောင်ဝတ်စုံဝတ်လူငယ်က ပါရမီရှင်တွေကို ကစားနေရုံသက်သက်ပဲလား.. သူရဲ့ အစွမ်းအမှန်က အဆင့် ၅ နိဗ္ဗာနအဆင့် အထွတ်အထိပ်ဖြစ်နေတာလား..'

'​ဘုရား..ဘုရား..သာမန်သိုင်းစာမေးပွဲဖြေဆိုသူတစ်ယောက်အတွက် အဆင့် ၂ ကို ရောက်ဖို့ဆိုတာတောင် တော်တော်လေး ခက်ခဲနေပြီ.. ငယတို့နဲ့ ခေတ်ပြိုင် ထိပ်တန်းပါရမီရှင်တစ်ယောက်က အဆင့် ၅ ထိပ်ဆုံးအထိ ကျင့်ကြံပြီးနေပြီလား.. ဒါ လူတစ်ယောက်မှ ဟုတ်ရဲ့လား.. '

​"မဖြစ်နိုင်ဘူး.. ဒါ လုံးဝ မဖြစ်နိုင်ဘူး.."

​မီတာရာချီ လွင့်ထွက်သွားသော လုံအောက်သည် အံကိုတင်းတင်းကြိတ်လိုက်၏ ။ သူ၏ လက်သီး ဆုပ်လိုက်ရာ မရေမတွက်နိုင်သော ဖြူဖွေးသည့် စွမ်းအင်စီးကြောင်းများမှာ သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် နောက်တစ်ကြိမ် ပေါ်ပေါက်လာပြန်သည်။ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသော စွမ်းအင်များသည် အလင်းတန်းများအဖြစ် စီးဆင်းသွားပြီး ဖဲပြားပုံစံ ထောင်ပေါင်းများစွာအဖြစ် ပြောင်းလဲကာ ထိုထူးဆန်းသော လူငယ်ထံသို့ တိုးဝင်သွားတော့သည်။

​သို့သော်လည်း...

​ထိုသေစေနိုင်သော စွမ်းအင်ဒိုင်း နည်းစနစ်မှာ အချောသတ် စုစည်းပြီးရုံရှိသေးသော်လည်း ရှုံ့တွနေသော လေထုထဲမှ ထွက်ပေါ်လာသည့် ဆွဲဆောင်မှုရှိသော လူငယ်၏ ပုံရိပ်မှာ လျှပ်ခနဲ လှုပ်ရှားသွားသည်။ သူသည် လုံအောက်၏ ရှေ့တည့်တည့်သို့ တစ်ခဏချင်း ရောက်ရှိလာ၏။

​လုံအောက်ကို ဝန်းရံကာကွယ်ပေးထားသော တောက်ပသည့် စွမ်းအင်ဒိုင်းများသည် လေထုကိုပင် ပေါက်ကွဲစေနိုင်လောက်အောင် ပြင်းထန်သော်လည်း ဂူချန်နှင့် ထိပ်တိုက်တွေ့ချိန်တွင်မူ ခဏလေးပင် တောင့်မခံနိုင်ခဲ့ချေ။ စွမ်းအင်ဒိုင်းများမှာ တိုက်ရိုက် အဖောက်ခံလိုက်ရပြီး သူတို့နှစ်ဦးမှာ နောက်တစ်ကြိမ် မျက်နှာချင်းဆိုင် ဖြစ်သွားကြသည်။

​ဂူချန်၏ မျက်လုံးများမှာ တည်ငြိမ်အေးစက်နေပြီး မည်သည့် ခံစားချက်မျှ မရှိချေ။ သို့သော် ဝိညာဉ်ကို ထိုးဖောက်နိုင်စွမ်းရှိပုံရသော ထိုခရမ်းရောင် မျက်လုံးတစ်စုံကြောင့် လုံအောက်၏ အကြည့်များမှာ လျင်မြန်စွာပင် တုန်လှုပ်ချောက်ချားသွားရသည်။ တစ်ဖက်လူဆီမှ ထွက်ပေါ်နေသော နှလုံးတုန်စေသည့် စွမ်းအင်ကို ခံစားမိသည်နှင့် လုံအောက်၏ ခန္ဓာကိုယ်မှာ ထိန်းမနိုင်သိမ်းမရ တုန်ရီလာပြီး ဖိနှိပ်၍မရသော ကြောက်ရွံ့မှုများမှာ သူ၏ နှလုံးသားထဲတွင် ပြည့်နှက်လာတော့သည်။

'​ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..ဘာလို့လဲ..'

​'သူက တကယ်ပဲ နိဗ္ဗာနအဆင့် အထွတ်အထိပ်မှာ ရှိနေတာပဲ။ ဒီအသက်အရွယ်နဲ့ သာမန်တက္ကသိုလ် ဆရာတွေတောင် မရောက်နိုင်တဲ့ အဆင့်ကို ရောက်နေတဲ့ ပါရမီရှင်မျိုး မဟာမိတ်အဖွဲ့ထဲမှာ ဘယ်တုန်းက ပေါ်လာတာလဲ။ ပြီးတော့ ဒီလောက် ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းရည်မျိုး.. ဆယ့်ရှစ်နှစ်လုံးလုံး စုဆောင်းထားတဲ့ လူသားစွမ်းအင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ငါ့ရဲ့ မျိုးဗီဇပြောင်း SSS-အဆင့် ပါရမီ ကောင်းကင်ဒိုင်းကြီးက ဒီလောက်လွယ်လွယ်နဲ့ ဆုတ်ဖြဲခံလိုက်ရတယ်လား..'

​'သူ ဘယ်သူလဲ။ သူ့ရဲ့ ပုံရိပ် အစစ်အမှန်က ဘယ်သူလဲ..'

​လုံအောက်၏ နှလုံးသားမှာ ထိတ်လန့်မှုကြောင့် တုန်လှုပ်နေပြီး သူ၏ အတွေးများမှာလည် ပျံ့လွင့်သွားသည်။ ဤအတိုင်း ဆက်သွား၍ မရမှန်း သူ နားလည်လိုက်သည်။

​'ငါ့မှာ စွမ်းအင်သုံးမျိုး ပြန်လည်ဆုံစည်းခြင်း ရှိတယ်။ ကောင်းကင်၊ မြေကြီးနဲ့ လူသားစွမ်းအင်တွေ မပြတ်တောက်သရွေ့ ငါ့ဒဏ်ရာတွေကို အဆက်မပြတ် ကုသနိုင်တယ်။ ဟုတ်တယ်၊ ဟုတ်တယ်။ ငါ့မှာ အခွင့်အရေး ရှိသေးတယ်။ ငါ မရှုံးနိုင်ဘူး..'

​"အားးးးး..."

​လုံအောက်က ဟိန်းဟောက်လိုက်ရာ သူ၏ ဦးခေါင်းပေါ်မှ ကျိုးပဲ့နေသော နဂါးချိုတစ်ဝက်မှာ ဖန်သားကဲ့သို့ တောက်ပသော အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာသည်။ သူ၏ ပတ်ဝန်းကျင်မှ စွမ်းအင်ဒိုင်းများမှာ ပေါက်ကွဲထွက်သွားပြီး တိုက်စစ်ဆင်ရန် ပြင်လိုက်သည်။ သို့သော် သူ၏ ရှေ့တွင်ရှိနေသော မိစ္ဆာနတ်ဘုရားကဲ့သို့ လူသားက သူ့ထက် တစ်လှမ်း ဦးသွားခဲ့သည်။

​"မင်းက ဘာတွေ ဟောင်နေတာလဲ.."

​ဂူချန်၏ ပတ်ဝန်းကျင်မှ အရှိန်အဝါနှင့် လွင့်ပျံနေသော အနက်ရောင် ဆံပင်များမှာ ထိုခဏ၌ ရူးသွပ်စွာ ကခုန်သွားကြသည်။ သူ၏ ဆွဲဆောင်မှုရှိသော မျက်နှာမှာလည်း တစ်ခဏချင်းမှာပင် ရက်စက်ကြောက်မက်ဖွယ်ကောင်းသော ပုံစံသို့ ပြောင်းလဲသွားသည်။

​ သူ၏ ညာလက်ကို အသာအယာ ဆန့်ထုတ်လိုက်သည်။ နီရဲသော လက်မောင်းမှာ သူ၏ ရှေ့ရှိ စွမ်းအင်ဒိင်းကို တစ်ခဏချင်း ဆုတ်ဖြဲပစ်လိုက်ပြီး လုံအောက်၏ အကာအကွယ် စွမ်းအင်များကိုပါ ချေမှုန်းကာ တစ်ဖက်လူ၏ ရင်ဘတ်ပေါ်သို့ အလွယ်တကူပင် ရောက်ရှိသွားသည်။

​ဝုန်း...

​မျက်စိနှင့် မြင်နိုင်သော လေထုတုန်ခါမှုလှိုင်းကြီးမှာ ပြင်းထန်စွာ ပေါက်ကွဲထွက်သွားသည်။ အသာအယာ ရိုက်လိုက်သည့် လက်ဝါးရိုက်ချက်ဟု ထင်ရသော်လည်း ၎င်းတွင် ပါဝင်သော အရှိန်အဟုန်မှာ သောင်းကျန်းနေသော ရေစီးကြောင်းနှင့် သားရဲတစ်ကောင်အလား ပြင်းထန်လှသဖြင့် လုံအောက်၏ ရင်ဘတ်မှာ တစ်ခဏချင်းပင် ချိုင့်ဝင်သွားတော့သည်။

​လုံအောက်သည် သူ၏ လက်ကို မြှောက်လိုက်ရုံသာ ရှိသေးသော်လည်း သူ၏ ရှေ့တွင် အရိပ်တစ်ခု ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရသည်။ ထို့နောက် မတွန်းလှန်နိုင်သော စွမ်းအားကြီးတစ်ခု သူ၏ ရင်ဘတ်ကို ထိမှန်သွားသည်ဟု ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ သာမန်မျက်စိဖြင့် မမြင်နိုင်သော အရှိန်ဖြင့် နောက်သို့ လွင့်ထွက်သွားတော့သည်။

​ဗုန်း.. ဗုန်း.. ဗုန်း..

​လေထဲတွင် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီး စက်ဝိုင်းပုံစံ တုန်ခါမှုလှိုင်းများ ဖြစ်ပေါ်လာသည်။ လုံအောက်၏ မျက်လုံးများမှာ ပြူးထွက်နေပြီး လေထဲတွင်ပင် သွေးတစ်လုပ် ထွေးထုတ်လိုက်ရသည်။ ကြီးမားသော အင်အား၏ တိုက်ခိုက်မှုအောက်တွင် သူ၏ ခန္ဓာကိုယ်မှာ သူ၏ ထိန်းချုပ်မှုအောက်မှ လုံးဝ လွတ်ထွက်သွားခဲ့ပြီ ဖြစ်သည်။ သူသည် တိုက်ပွဲ၏ ဗဟိုချက်မှနေ၍ တဖြည်းဖြည်း ဝေးကွာသွားသည်ကိုသာ အကူအညီမဲ့စွာ ကြည့်နေနိုင်တော့သည်။

​"ယားးး.. စွမ်းအင်သုံးမျိုး ပြန်လည်ဆုံစည်းခြင်း.."

​လုံအောက်က နောက်တစ်ကြိမ် ဟိန်းဟောက်လိုက်ပြန်သည်။ နီ၊ နက်၊ ဖြူ စွမ်းအင်စီးကြောင်းများမှာ အရပ်မျက်နှာ အနှံ့မှ ပြန်လည် ရောက်ရှိလာပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ စီးဝင်သွားသည်။ သူ၏ ဒဏ်ရာများမှာ တစ်ခဏချင်း ပြန်လည် ကောင်းမွန်သွားပြီး လျှို့ဝှက်ဆန်းပြားသော စွမ်းအားတစ်ခု၏ အကူအညီဖြင့် သူ၏ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ပြန်လည် ထိန်းချုပ်နိုင်လာသည်။

​ဝူး...

​သို့သော် ထိုအချိန်မှာပင် ဂူချန်သည် သူ လွင့်ထွက်နေသော လမ်းကြောင်းပေါ်တွင် ရုတ်တရက် ပေါ်လာပြန်သည်။ လုံအောက်၏ ထိတ်လန့်နေသော အကြည့်အောက်တွင် ဂူချန်သည် ပြင်းထန်စွာ ညာခြေဖြင့် ဝိုက်၍ ကန်လိုက်သည် ။ သူ၏ ခြေထောက်တွင် နီရဲသော စွမ်းအင်များ အမြောက်အမြား စုစည်းသွားပြီး လုံအောက်၏ ကျောပြင်ကို ကန်ချလိုက်သည်။

​ဝုန်း...

​တန်ပေါင်း ထောင်ချီသော စွမ်းအားကြီးမှာ လုံအောက်၏ ကျောပြင်ပေါ်တွင် ပြင်းထန်စွာ ပေါက်ကွဲသွားသည်။ အရိုးများ ကျိုးကြေသွားသည့် တစိစိအသံများနှင့်အတူ သူ၏ နောက်သို့ လွင့်ထွက်နေမှုမှာ ရုတ်တရက် ရပ်တန့်သွားပြီး မူလဦးတည်ချက်အတိုင်း ရှေ့သို့ ပြန်လည် လွင့်ထွက်သွားတော့သည်။

​" ဖူးးး..."

​လုံအောက်သည် နောက်ထပ် သွေးတစ်လုပ် ထပ်မံ ထွေးထုတ်လိုက်ရပြန်သည်။ ကြီးမားသော စွမ်းအား ထိမှန်ထားသည့် သူ၏ ကျောပြင်မှာ ချိုင့်ဝင်သွားပြီး သူ၏ မျက်နှာမှာလည်း နာကျင်မှုကြောင့် တွန့်လိမ်နေသည်။ သူ အော်ဟစ်ရန်ပင် အချိန်မရခင်မှာပင် သူ လွင့်ထွက်နေသော လမ်းကြောင်းပေါ်တွင် ပုံရိပ်တစ်ခု ထပ်မံ ပေါ်လာပြန်သည်။

​လုံအောက်၏ အကြည့်များမှာ တုန်ရီနေပြီး နောက်ထပ် တိုက်ခိုက်မှုတစ်ခု ရောက်လာသည်ကို မြင်လိုက်ရသည်။ လေထဲတွင် နောက်ထပ် ဖြူဖွေးသော စက်ဝိုင်းပုံစံ တုန်ခါမှုလှိုင်းကြီးတစ်ခု ပေါက်ကွဲသွားပြန်သည်။ သူ၏ အရိုးအချို့ ထပ်မံ ကျိုးကြေသွားပြီး သူ၏ ခန္ဓာကိုယ်မှာ အရှိန်အဟုန်ဖြင့် အခြားသော အရပ်မျက်နှာတစ်ခုသို့ လွင့်ထွက်သွားပြန်သည်။

​လုံအောက်သည် သူ၏ ကိုယ်ဟန်ကို အနိုင်နိုင် ပြန်လည် ထိန်းချုပ်ရန် ကြိုးစားနေစဉ်မှာပင် ဂူချန်က သူ့ကို အခြားသော အရပ်မျက်နှာတစ်ခုသို့ ထပ်မံ ကန်ထုတ်လိုက်ပြန်သည်။ အသက်ရှူရုံမျှ အချိန်အတွင်းမှာပင် လုံအောက်မှာ လေထဲ၌ အကြိမ် ဒါဇင်ပေါင်းများစွာ အကန်ခံလိုက်ရသည်။ သူ၏ တစ်ကိုယ်လုံးရှိ အရိုးများ ကျိုးကြေကာ၊ နှာခေါင်းရိုးမှာလည်း ပြားသွားပြီး အရပ်မျက်နှာ အနှံ့သို့ သွေးများ ပန်းထွက်ကုန်သည့်အထိ သူသည် အကန်ခံလိုက်ရခြင်း ဖြစ်သည်။ ပန်းထွက်နေသော သွေးများမှာ လေထဲတွင် နီရဲသော လမ်းကြောင်း ဒါဇင်ပေါင်းများစွာကို ဖော်ဆောင်နေသဖြင့် အောက်မှ လူများမှာ ပန်ချီကားအလား မြင်နေကြရ၏။

​"ဒါ... ဒါ..."

လူတိုင်းမှာ သူတို့ မြင်နေရသည်ကို မယုံနိုင်လောက်အောင် ဆွံ့အကုန်ကြသည်။ ခုနလေးတင်ကမှ ကောင်းကင်နဲ့ မြေကြီးရဲ့ အရှိန်အဟုန်တွေကို စုစည်းပြီး မောက်မာဝင့်ကြွားနေသော လုံအောက်သည် အရညပ်တစ်ရုပ်လို အကန်ခံနေရသည်လော ။

​"လုံအောက်၊ ပြန်တိုက်လေ.."

​ဒါကို မြင်လိုက်ရသဖြင့် ပိုင်နင်ပင်းနှင့် အခြားသူများမှာ ပြင်းထန်စွာ ဒဏ်ရာရထားသော သူတို့၏ ခန္ဓာကိုယ်ကို အားတင်းကာ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ပြေးဝင်သွားကြသည်။ သူတို့ လေးဦးလုံး ပြင်းထန်စွာ ဒဏ်ရာရထားပြီး တိုက်ခိုက်ရေးစွမ်းရည် လျော့နည်းနေချိန်တွင် အကယ်၍ လုံအောက်သာ ရှုံးနိမ့်သွားပါက သူတို့ အမှန်တကယ်သေရတော့မည်ကို သူတို့ ရှင်းရှင်းလင်းလင်း နားလည်ထားကြသည်။ တယ်လီပို့လက်ပတ်တွေလည်း မရှိတော့သည့်အတွက် သူတို့သည် သတ်ဖြတ်ခြင်းကို စောင့်ဆိုင်းနေရသော သိုးသူငယ်တွေလို ဖြစ်သွားတော့မည်ပင်။

​"စွမ်းအင်သုံးမျိုး ပြန်လည်ဆုံစည်းခြင်း.."

​ကောင်းကင်ယံမှ နောက်ထပ် ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြန်သည်။ လုံအောက်၏ ဒဏ်ရာများမှာ နောက်တစ်ကြိမ် ပြန်လည် ကောင်းမွန်သွားသော်လည်း နောက်တစ်စက္ကန့်တွင် သူ၏ ကျောရိုးမှာ ပြင်းထန်စွာ ကန်ခံလိုက်ရသဖြင့် ကြေမွသွားတော့သည်။ ကျောရိုးဆစ်များမှာ စူးရှသော ဓားများအလား သူ၏ ရင်ဘတ်ကို ဖောက်ထွက်ကာ အပြင်သို့ ပေါ်ထွက်လာသည်။ ခုနလေးတင်မှ ပြန်ကောင်းထားသော ဒဏ်ရာများမှာ တစ်ခဏချင်းမှာပင် နောက်တစ်ကြိမ် ပျက်စီးသွားပြန်သည်။

​ပြင်းထန်သော ဗုန်း ဆိုသည့် အသံနှင့်အတူ ဒဏ်ရာဗရပွ ဖြစ်နေသော လုံအောက်၏ ခန္ဓာကိုယ်မှာ နောက်ထပ် ဖျက်ဆီးအားပြင်းသော ထိုးနှက်ချက်တစ်ခုကို ခံစားလိုက်ရသည်။ ကြီးမားသော ခြေဖဝါးကြီးတစ်ခုမှာ တောင်ကြီးတစ်လုံးက ဥတစ်လုံးကို ဖိချလိုက်သည့်အလား သူ၏ ခါးနှင့် ဝမ်းဗိုက်ပေါ်သို့ ရက်စက်စွာ နင်းချလိုက်သဖြင့် တန်ပေါင်း ထောင်ချီသော ထိတ်လန့်ဖွယ် စွမ်းအားကြီးမှာ တစ်ခဏချင်း ပေါက်ကွဲထွက်သွားသည်။

​ဤစွမ်းအားမှာ အလွန်ပင် အံ့ဩစရာကောင်းလှပြီး လုံအောက်၏ ခန္ဓာကိုယ် တောင့်ခံနိုင်သော အကန့်အသတ်ထက် များစွာ ကျော်လွန်နေသည်။ ကြက်သီးထဖွယ်ကောင်းသော ဆုတ်ဖြဲသံနှင့်အတူ လုံအောက်၏ တစ်ကိုယ်လုံးမှာ စက္ကူတစ်ချပ်အလား ခါးမှနေ၍ နှစ်ပိုင်း ပြတ်ထွက်သွားတော့သည်။ ထိုခဏ၌ ပျက်စီးသွားသော ကိုယ်တွင်းအင်္ဂါများနှင့် နီရဲသော သွေးများမှာ ရေကာတာ ကျိုးသွားသည့်အလား ပန်းထွက်လာပြီး ကောင်းကင်ယံတစ်ခုလုံးကို ပြန့်နှံ့သွားတော့သည်။

​သို့သော် လူတိုင်းက လုံအောက် တစ်ခါတည်း သေဆုံးသွားပြီဟု ထင်မှတ်နေစဉ်မှာပင် နောက်ထပ် ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြန်သည်။

​"စွမ်းအင်သုံးမျိုး ပြန်လည်ဆုံစည်းခြင်း.."

​"မင်းအမေပဲ ပြန်ဆုံစည်း.. သေလိုက်တော့.."

​ဂူချန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လုံအောက်၏ ပါးစပ်ကို ကြေမွသွားအောင် ရိုက်ချလိုက်ကာ သူ၏ စွမ်းရည်အားလုံးကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်သည်။ နီရဲသော သူ၏ လက်များမှာ ထိတ်လန့်ဖွယ် နီရဲသည့် အလင်းတန်းများဖြင့် လှိုင်းထနေ၏။ သူ၏ ခန္ဓာကိုယ်မှာ နေမင်းတစ်စင်းအလား တောက်ပသော နီရဲသည့် အလင်းများကို ထုတ်လွှတ်လိုက်သည်။

​ဝုန်း...

​ကြာပန်းစိမ်းကျွန်းတစ်ခုလုံး မီးတောင်ပေါက်ကွဲသွားသည့်အလား ထင်ရသည်။ လေထုမှာ ရုတ်တရက် ပူပြင်းလာသည်။ အလွန်ပူပြင်းသော အစစ်အမှန်ယန်ချီ များမှာ ဂူချန်၏ ခန္ဓာကိုယ်အတွင်းမှ လျှံထွက်လာသည်။ သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ထိုစွမ်းအင်များသည် လုံအောက်၏ ပြန့်ကျဲနေသော အကြွင်းအကျန်များအပေါ်သို့ ဖုံးလွှမ်းသွားတော့သည်။

​ထိုပူပြင်းသည့်စွမ်းအင်များသည် ပို၍ ပို၍ သိပ်သည်းလာပြီး လေထုကိုပင် နီရဲသွားသည်အထိ ပူပြင်းစေကာ မီတာ တစ်ထောင်အတွင်းရှိ ဟင်းလင်းပြင်ကို တစ်ခဏချင်း ပြည့်နှက်သွားစေသည်။ လူတိုင်းက သွေးရောင်လွှမ်းသော အလင်းတန်းတစ်ခုကို မြင်လိုက်ရပြီးနောက် လုံအောက်၏ ခန္ဓာကိုယ်မှာ ၎င်းအတွင်း၌ ဖုံးလွှမ်းသွားတော့သည်။

​ထို့နောက် ချက်ချင်းဆိုသလိုပင် ထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာသည်။ ထိုသွေးရောင်အလင်းတန်းမှာ ပြင်းထန်စွာ လှုပ်ခတ်လာပြီး ဆူပွက်နေသည့် တပွက်ပွက် အသံများ စဉ်ဆက်မပြတ် ထွက်ပေါ်လာသည်။ ထိုအထဲတွင် ပိတ်မိနေသော လုံအောက်၏ ခန္ဓာကိုယ်မှာ မျက်စိရှေ့တင် မြင်သာသော အရှိန်ဖြင့် အရည်ပျော်စပြုလာတော့သည်။

​ပထမဆုံး သူ၏ အရေပြားမှာ မီးလောင်ထားသကဲ့သို့ မည်းနက်သွားသည်။ ထို့နောက် သူ၏ ကြွက်သားများနှင့် အရိုးများမှာ တစ်ခုပြီးတစ်ခု အရည်ပျော်သွားကြသည်။ နောက်ဆုံးတွင် မည်သည့် အကြွင်းအကျန်မျှပင် မရှိတော့ဘဲ လေထဲ၌ ပျောက်ကွယ်သွားတော့သည်။

​လုံအောက် တစ်ယောက် အငွေ့ပျံသွားခဲ့ပြီ ဖြစ်သည်။ ယခုအချိန်တွင်မူ စွမ်းအင်သုံးမျိုး ပြန်လည်ဆုံစည်းခြင်းကပင် သူ့ကို ကယ်တင်နိုင်စွမ်း မရှိတော့ချေ။

All Chapters