← Chapters

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

Chapter 135+136

~

အခန်း ၁၃၅ + ၁၃၆ : ဖြေဆိုသူတွေအားလုံး ဘေးကင်းဖို့က ငါ့တာဝန်ပဲ

~

​[အိမ်ရှင်သည် လုံအောက်အား အငွေ့ပျံသွားအောင် ကူညီပေးခြင်းဖြင့် သူ၏ မိသားစုနှင့် ပြန်လည်ဆုံစည်းနိုင်ရန် လေလှိုင်းများမှတစ်ဆင့် ဇာတိရပ်ရွာသို့ ပျံသန်းသွားစေခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။ စေတနာတန်ဖိုး +၅၀၀]

​"ဒီလိုကောင်တွေကို သတ်ရတာ တကယ်ကို မလွယ်ဘူးပဲ.."

​ဂူချန်သည် သူ၏ စိတ်ထဲတွင် ညည်းတွားလိုက်သည်။ စွမ်းအင်သုံးမျိုး ပြန်လည်ဆုံစည်းခြင်း သိုင်းပါရမီမှာ တကယ်ကို မတရားလွန်းလှသည်။ အကယ်၍ သူသာ ရွှေလက်ချောင်း မရှိခဲ့လျှင်၊ အထူးသဖြင့် သူ၏ ပူပြင်းသည့် အစစ်အမှန်ယန်ချီ ကို အဆမတန် တိုးပွားစေသည့် ထာဝရနေဝန်း သာ မရှိခဲ့ပါက ယနေ့ တစ်ဖက်လူကို တကယ် သတ်နိုင်ပါ့မလား မသေချာချေ။

​ဂူချန်သည် မြေပြင်ဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ အပြုံးတစ်ခုကပင် လူအပေါင်းကို ထိတ်လန့်သွားစေသည်။ လုံအောက်ကို ကူညီရန် ပြေးဝင်လာကြသော ပိုင်နင်ပင်းနှင့် ရဲ့ညီအစ်ကို သုံးဖော်တို့၏ လှုပ်ရှားမှုများမှာ ရုတ်တရက် တောင့်ခဲသွားပြီး သူတို့၏ နှလုံးသား အနက်ရှိုင်းဆုံးနေရာမှ ကြောက်ရွံ့မှုများမှာ ဟုန်းခနဲ တက်လာတော့သည်။

​'လုံအောက်... ဒီလိုပဲ သေသွားတာလား..'

​ဝုန်း.. ဝုန်း.. ဝုန်း..

​လေထဲတွင် ပေါက်ကွဲသံများ ထပ်မံ ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ အတွေ့ချင်ဆုံး ပုဂ္ဂိုလ်မှာ သူတို့၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာသည်။ ပိုင်နင်ပင်း၏ တည်ငြိမ်မှုနှင့် မောက်မာမှုများမှာ လုံးဝ ပျောက်ကွယ်သွားပြီး သူမ၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများသာ ကျန်ရစ်တော့သည် ။

"ငါ့ရဲ့ ဆရာက..."

​ဂူချန်သည် သူ၏ လက်ဝါးကြီးကို ဆန့်ထုတ်လိုက်ရာ နီရဲသော လက်ဖဝါးမှာ ပိုင်နင်ပင်း၏ သွယ်လျသော ခါးကို တစ်ခဏချင်း ဖမ်းဆုပ်လိုက်ပြီး ရက်စက်စွာ ညှစ်ချလိုက်တော့သည်။

​ဂျွတ် ဂျွတ်...

​ပိုင်နင်ပင်း၏ သွယ်လျလှသော ခါးမှာ ကြီးမားလှသော အင်အားကြောင့် စက္ကူတစ်ချပ်စာ အထူလောက်သာ ကျန်တော့သည်အထိ ကြေမွသွားပြီး ကိုယ်တွင်းအင်္ဂါများစွာလည်း ပျက်စီးသွားသည်။ ထိုခဏ၌ သူမ၏ ပါးစပ်ထောင့်မှ သွေးများ ပန်းထွက်လာပြီး ဆီးနှင်းကဲ့သို့ ဖြူဖွေးသော အင်္ကျီရင်ဘတ်ကို နီရဲသွားစေသည်။ သူမ ပြောလက်စ စကားလုံးများမှာလည်း ထိုနေရာမှာတင် ရုတ်တရက် ရပ်တန့်သွားတော့သည်။

​ယခုအချိန်တွင် ပိုင်နင်ပင်း၏ မျက်နှာမှာ စက္ကူကဲ့သို့ ဖြူဖျော့နေပြီး သူမ၏ မျက်လုံးများမှာ ပြူးကျယ်ကာ မယုံကြည်နိုင်မှုနှင့် နာကျင်မှုများဖြင့် ပြည့်နှက်နေသည်။ နောက်တစ်ခဏတွင် သူမ၏ တစ်ကိုယ်လုံးရှိ အရေပြားများမှာ ကွဲအက်သွားပြီး အသက်ရှူခြင်းလည်း လုံးဝ ရပ်တန့်သွားသည်။ သူမ၏ တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲနစ်သွားကာ သူမ၏ ပုံစံမှာလည်း နံပါတ် ၈ ပုံစံအလား ရှုံ့တွသွားတော့သည်။

​[အိမ်ရှင်သည် လှပသော ပါရမီရှင် မိန်းကလေးတစ်ဦးအား သူမ၏ ခါးကို လျင်မြန်စွာ သွယ်လျသွားအောင်နှင့် ခန္ဓာကိုယ်ပုံကျအောင် ကူညီပေးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။ တစ်ဖက်လူမှာ အလွန်ပင် စိတ်လှုပ်ရှားသွားသဖြင့် စကားပင် မပြောနိုင်တော့ချေ။ စေတနာတန်ဖိုး +၄၀၀]

​အသက်မရှိတော့သော မိန်းကလေးကို မြေပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါးပင် ပစ်ချလိုက်ပြီးနောက် ဂူချန်သည် ရဲ့ညီအစ်ကို သုံးဖော်ဘက်သို့ နွေဦးလေညင်းအလား နွေးထွေးသော အပြုံး​ဖြင့် လှည့်ကြည့်လိုက်သည် ။

'​ဒီကောင်တွေအားလုံးကလည်း စေတနာတန်ဖိုးတွေပဲ မလား...'

​သူတို့ဘက်သို့ အကြည့်လှည့်လာသည်ကို မြင်သည်နှင့် ညီအစ်ကို သုံးယောက်မှာ ထိတ်လန့်တုန်လှုပ်သွားကြ၏။ ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ နောက်သို့ လှည့်ကာ ကြာပန်းစိမ်းကျွန်း၏ အပြင်ဘက်သို့ ထွက်ပြေးရန် ကြိုးစားကြတော့သည်။ ရဲ့ထျန်းနှင့် ရဲ့ချန်တို့မှာ သူတို့၏ ရင်ဘတ်ကို ဖိကာ လမ်းကြောင်းတစ်ခုသို့ ပြေးကြပြီး အစ်ကိုကြီးဖြစ်သူ ရဲ့ဖန်ကမူ အခြားလမ်းကြောင်းတစ်ခုသို့ ပြေးလေသည်။

​"ယီးပဲ..ယီးပဲ..ယီးပဲ"

​ရဲ့ထျန်း၏ နှလုံးသားထဲတွင် ခုနလေးတင်မှ ပေါက်ဖွားလာသော မျှော်လင့်ချက်များမှာ လုံးဝ ပျောက်ကွယ်သွားပြီး သူ၏ ခေါင်းထဲတွင် အတွေးတစ်ခုသာ ကျန်တော့သည်။

​' ပြေးရမယ်.. အစွမ်းကုန် ပြေးရမယ်..'

​သူတို့ သုံးယောက်ထဲမှ တစ်ယောက်ယောက်သာ လွတ်သွားခဲ့လျှင် လျှို့ဝှက်နယ်မြေ အပြင်ဘက်သို့ ပြန်ရောက်သည့်အခါ ရဲ့မိသားစုထံ သတင်းပို့ပြီး ကလဲ့စားချေခိုင်းနိုင်သည်။ သူတို့ သေချာပေါက် လွတ်အောင် ပြေးရမည်။ ရဲ့ညီအစ်ကို သုံးဖော်မှာ ရက်စက်ကြောက်မက်ဖွယ်ကောင်းသော မျက်နှာထားများဖြင့် သူတို့၏ ပြင်းထန်သော ဒဏ်ရာများကို အားတင်းကာ အသက်လု ထွက်ပြေးနေကြသည်။

​သို့သော်လည်း...

​ရဲ့ထျန်းနှင့် ရဲ့ချန်တို့ ပြေးထွက်သွားရုံ ရှိသေးသော်လည်း သူတို့၏ နောက်ကွယ်မှ ထိတ်လန့်ဖွယ် ကောင်းသော အရှိန်အဝါတစ်ခု နီးကပ်လာသည်။

​'မလာနဲ့..ငါတို့ဆီ မလာနဲ့.. '

​သူတို့၏ မျက်နှာများမှာ ဖြူဖျော့နေပြီး နောက်သို့ပင် လှည့်မကြည့်ရဲဘဲ သူတို့၏ စိတ်ထဲတွင်သာ ရူးသွပ်စွာ အော်ဟစ်နေကြသည်။

​ဗုန်း ..ဗုန်း..

​နီရဲသော သွေးလက်တစ်စုံမှာ သူတို့၏ ရင်ဘတ်များကို တို့ဟူးတုံးကို ထိုးဖောက်သည့်အလား အလွယ်တကူပင် ဖောက်ထွက်သွားပြီး တဒုတ်ဒုတ် ခုန်နေသော လတ်ဆတ်သည့် နှလုံးသား နှစ်ခုကို တိုက်ရိုက် ဆွဲထုတ်လိုက်သည်။ ရဲ့ထျန်းနှင့် ရဲ့ချန်တို့၏ ခန္ဓာကိုယ်များမှာ ထိုခဏ၌ တောင့်ခဲသွားတော့သည်။ သူတို့၏ မျက်လုံးများမှာ ပြူးထွက်နေပြီး မျက်နှာများတွင်လည်း မယုံကြည်နိုင်မှုနှင့် အလွန်အမင်း ထိတ်လန့်မှုများ ပြည့်နှက်နေသည်။

​ဂူချန်သည် လက်နှစ်ဖက်လုံးဖြင့် အားစိုက်လိုက်ရာ ကြီးမားသော နှလုံးသား နှစ်ခုမှာ တစ်ခဏချင်း ပေါက်ကွဲသွားတော့သည်။ ကြေမွသွားသော နှလုံးကြွက်သားများနှင့် သွေးကြောစများမှာ အရပ်မျက်နှာအနှံ့ ပန်းထွက်သွားသော်လည်း ဂူချန်၏ ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ ပူပြင်းသည့်စွမ်းအင်များကြောင့် ချက်ချင်းဆိုသလိုပင် အငွေ့ပျံ ပျောက်ကွယ်သွားသည်။

​[အိမ်ရှင်သည် တက်ကြွပြီး ဖော်ရွေကူညီတတ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။ တစ်ခါမျှ မဆုံဖူးသော သူများကိုပင် သူ၏ နှလုံးသားကို ပုံအောပေးရန် (သို့မဟုတ် တစ်ဖက်လူ၏ နှလုံးသားကို ဆွဲထုတ်ပေးရန်) ဆန္ဒရှိနေသည်။ စေတနာတန်ဖိုး +၆၀၀]

​သွေးစွန်းနေသော သူ၏ လက်များကို သူတို့၏ ရင်ဘတ်ထဲမှ ပြန်ထုတ်လိုက်ပြီး သူ၏ လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်သည်။ သူ၏ လက်ထဲတွင် အလင်းတန်းတစ်ခု ပေါ်လာပြီး လျင်မြန်စွာပင် လှံရှည်တစ်စင်းအဖြစ် ပြောင်းလဲသွားသည်။ ၎င်းမှာ လင်ပေ့၏ လမင်းအောက်မှ တံတား ၂၄ စင်း ထဲမှ အဆင့် ၄ ရတနာ လှံရှည် ဖြစ်သည်။

​ဂူချန်၏ မျက်သူငယ်အိမ်နှစ်ခု မှာ အသက်ဝင်လာပြီး ရဲ့ဖန်၏ တည်နေရာကို ချက်ချင်း လှမ်းကြည့်လိုက်ကာ ထွက်ပြေးမည့် လမ်းကြောင်းကို တွက်ချက်ပြီးနောက် သူ၏ ခွန်အားအားလုံးဖြင့် ပစ်လွှတ်လိုက်တော့သည်။

​ရွှီးးး.....

​လေထုကို ဖြတ်သန်းသွားသော ထိုလှံရှည်မှာ ပင်လယ်ထဲမှ တက်လာသော နဂါးတစ်ကောင်အလား ပူပြင်းသော လေထုကို မိုးကြိုးသံများနှင့်အတူ ဆုတ်ဖြဲသွားပြီး မြေပြင်ပေါ်တွင် ထွက်ပြေးနေသော ပုံရိပ်ထံသို့ တိုးဝင်သွားသည်။

​ရဲ့ဖန်သည် အစွမ်းကုန် ပြေးနေစဉ်မှာပင် သူ၏ နားအနီး၌ လေထု ဆုတ်ဖြဲခံလိုက်ရသည့် အသံကို ရုတ်တရက် ကြားလိုက်ရသည်။ နောက်သို့ လှည့်ကြည့်လိုက်ရာ အေးစက်သော အလင်းတန်းတစ်ခု လျင်မြန်စွာ နီးကပ်လာပြီး သူ၏ အမြင်အာရုံ တစ်ခုလုံးကို ပြည့်နှက်သွားလေ၏။

​ဒုတ်...

​လှံဖျားမှ အေးစက်သော အလင်းမှာ ကောင်းကင်ယံမှ ဖြတ်သန်းသွားသော ဥက္ကာခဲတစ်ခုအလား ရဲ့ဖန်၏ ခေါင်းထဲသို့ တည့်တည့် စိုက်ဝင်သွားသည်။ ၎င်းမှာ တည်ငြိမ်နေသော ပင်လယ်ထဲသို့ တစ်ခုခု ပစ်ချလိုက်သည့်အလား မည်သည့် တုံ့ပြန်မှုမျှ မရှိဘဲ သူ၏ မာကျောသော ဦးခေါင်းခွံကို အလွယ်တကူပင် ဖောက်ထွက်သွားပြီး လှံတစ်ခုလုံး မြုပ်ဝင်သွားတော့သည်။

​ပြင်းထန်သော အရှိန်အဟုန်ကြောင့် လှံတံ၏ အမြီးပိုင်းမှာ ပြင်းထန်စွာ တုန်ခါသွားပြီး ထိုအားမှာ လှံစိုက်ခံထားရသော ရဲ့ဖန်ထံသို့ ကူးစက်သွားသည်။ သူ၏ ခန္ဓာကိုယ်မှာ လုံးဝ ထိန်းချုပ်မှု လွတ်သွားပြီး လွင့်ပျံနေသော သစ်ရွက်ခြောက်တစ်ခုအလား လှံနှင့်အတူ မြင့်မားသော အရှိန်ဖြင့် ရှေ့သို့ ပါသွားတော့သည်။

​မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ကိုက် ဒါဇင်ပေါင်းများစွာ ဝေးသော နေရာသို့ လွင့်ထွက်သွားပြီး လမ်းတစ်လျှောက်တွင် ဖုန်မှုန့်များနှင့် လေလှိုင်းများကို ဖြစ်ပေါ်စေကာ နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ဝုန်းခနဲ စိုက်ဝင်သွားတော့သည်။ သုံးမီတာရှည်သော လှံတံ၏ ထက်ဝက်ကျော်မှာ မြေကြီးထဲ မြုပ်ဝင်သွားပြီး ရဲ့ဖန်၏ အလောင်းမှာမူ လှံတံအမြီးတွင် တွဲလောင်းကျနေသည်။ သူ၏ မျက်လုံးများမှာ ပြူးထွက်နေပြီး မကျေမနပ် ဖြစ်နေသော အမူအရာဖြင့် သူ၏ ဦးခေါင်းမှ သွေးများမှာ စီးကျနေသည်။ သွေးများမှာ သူ၏ ခန္ဓာကိုယ်မှတစ်ဆင့် ခြေဖျားသို့ ဖြည်းဖြည်းချင်း စီးကျလာပြီး အစက်အပြောက်များအဖြစ် ကြေမွနေသော မြေပြင်ပေါ်သို့ ကျဆင်းနေတော့သည်။

​ဤသို့ဖြင့် မဟာမိတ်အဖွဲ့၏ ထိပ်တန်းပါရမီရှင် ငါးဦးမှာ သူတို့ အထင်သေးခဲ့သော သိုင်းစာမေးပွဲ လျှို့ဝှက်နယ်မြေအတွင်း၌ လုံးဝ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

​[အိမ်ရှင်သည် တရားမဝင်သော နည်းလမ်းများဖြင့် အုပ်စုဖွဲ့ခြင်းနှင့် 'Smurf' (အဆင့်မြင့်သမားက အောက်အဆင့်တွင် လာကစားခြင်း) လုပ်သူအားလုံးကို ပိတ်ပင်တားဆီးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။ သိုင်းစာမေးပွဲ၏ ဘေးကင်းလုံခြုံရေးကို ထိန်းသိမ်းရန်မှာ အိမ်ရှင်၏ ရှောင်လွှဲမရတဲ့ တာဝန်ပင် ဖြစ်သည်။ စေတနာတန်ဖိုး +၁၀၀၀]

​[လက်ရှိ စေတနာတန်ဖိုး - ၄၅၆၄]

​ဂူချန်သည် သူ၏ လက်ဖဝါးများကို ဖြန့်လိုက်ရာ သူ၏ လက်ဖဝါးများမှ ထူးဆန်းသော မျက်လုံးများ ပေါ်ထွက်လာပြီး နာကျင်စွာ အော်ဟစ်သံအချို့ သဲ့သဲ့ ထွက်ပေါ်လာသည်။ သူသည် ထိုအသံများကို လျစ်လျူရှုကာ သူ၏ လက်ကို မှောက်လိုက်ပြီး သူကိုယ်သူ တိုးတက်လာစေရန်အတွက် ဝိညာဉ်အချို့ကို မြေဩဇာအဖြစ် သူ၏ လက်ဖဝါးထဲသို့ စုပ်ယူလိုက်သည်။

​လူအများကြီးကို သတ်ပြီးနောက် သူ၏ သေမင်းလက်ဝါး ပေါ်မှ နီရဲသော အရောင်မှာ ပိုမို ရင့်လာပြီး ၎င်းကို အသက်သွင်းလိုက်တိုင်း ထွက်ပေါ်လာသော အရှိန်အဝါမှာလည်း ပိုမို အားကောင်းလာသည်ကို သူ သတိပြုမိလိုက်သည်။ ဤသည်မှာ သတ်ဖြတ်ခြင်းမှ ရရှိသော အစွမ်းမြှင့်တင်မှု အကျိုးသက်ရောက်မှု ဖြစ်ကြောင်း ဂူချန် သိသည်။ ဤတိုးတက်မှုမှာ သိသိသာသာကြီး မဟုတ်သော်လည်း ထိုစွမ်းအားမှာ အမြဲတမ်း ပေါင်းထည့်နေမည် ဖြစ်သည်။ နောက်ပိုင်း အဆင့်များသို့ ရောက်လေ၊ လူသတ်မှု များလေလေ၊ တိုးတက်မှုမှာ ပိုမို သိသာလာလေလေ ဖြစ်ပေလိမ့်မည်။

​"အား...."

​ရုတ်တရက် ကြာပန်းစိမ်းကျွန်းပေါ်တွင် စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီးနောက် ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်သံများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတော့သည်။ ပတ်ဝန်းကျင်တွင် အပျော်ကြည့်ရန် စောင့်နေကြသော ဖြေဆိုသူများသည် လုံအောက်နှင့် အခြားသူများ သေဆုံးသွားသည်ကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာအမူအရာများမှာ လုံးဝ ပြောင်းလဲသွားကြသည်။

​ဒီမတိုင်ခင်က သူတို့သည် စစ်တလင်းပေါ်တွင် တိုက်ခိုက်နေကြသော ထိုခြောက်ယောက်မှာ ယှဉ်ပြိုင်နေကြခြင်း သို့မဟုတ် လေ့ကျင့်နေကြခြင်းဟုသာ ထင်မှတ်ခဲ့ကြသည်။ အကြောင်းမှာ လူတိုင်းတွင် တယ်လီပို့လက်ပတ်များ ရှိနေကြပြီး စိတ်ကူးလိုက်ရုံဖြင့် လျှို့ဝှက်နယ်မြေအတွင်းမှ ထွက်ခွာနိုင်သောကြောင့် အာရုံစိုက်ထားသရွေ့ သေဆုံးရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။

​သို့သော်လည်း မြေပြင်ပေါ်ရှိ ပြန့်ကျဲနေသော သွေးများနှင့် အကြွင်းအကျန်များ၊ ကျွန်းတစ်ခုလုံးတွင် ပြည့်နှက်နေသော သွေးညှီနံ့များက သူတို့၏ မျက်စိရှေ့တွင် ဖြစ်ပျက်နေသော မြင်ကွင်းကို မယုံမရှိအောင် တွန်းအားပေးနေသည်။ မဟာမိတ်အဖွဲ့၏ ထိပ်တန်းပါရမီရှင် ငါးဦး၊ သူတို့ အလှမ်းဝေးကနေပဲ ကြည့်နိုင်တဲ့ ပုဂ္ဂိုလ်တွေဟာ... တကယ်ပဲ သေသွားခဲ့ပြီ။ အရှင်လတ်လတ် အရိုက်ခံရပြီး သေသွားခဲ့လေပြီ။

​မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြေဆိုသူအားလုံးမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးကြတော့သည်။ ပို၍ ကြောက်လန့်နေသူများမှာ တယ်လီပို့လက်ပတ်များကို တိုက်ရိုက်ဖွင့်ကာ လျှို့ဝှက်နယ်မြေမှ ချက်ချင်း ထွက်ခွာရန် ကြိုးစားကြသည်။

​သို့ရာတွင်......

​လူတိုင်းက သူတို့ အပြင်သို့ ထွက်ပြေးရန် ကြိုးစားသည်ဖြစ်စေ၊ လျှို့ဝှက်နယ်မြေမှ ထွက်ရန် ကြိုးစားသည်ဖြစ်စေ မဖြစ်နိုင်တော့ကြောင်း တွေ့ရှိလိုက်ရသည်။ ကြာပန်းစိမ်းကျွန်း၏ အစွန်းတွင် ပွင့်လင်းမြင်သာသော အမြှေးပါး အလွှာတစ်ခု ထပ်မံ ပေါ်ပေါက်လာပြီး သူတို့ကို မမြင်နိုင်သော တံတိုင်းတစ်ခုအလား ပိတ်ဆို့ထားသည်။ တယ်လီပို့လက်ပတ်များမှာလည်း အချက်အလက် ဆက်သွယ်မှု မရှိတော့သည့်အလား သူတို့ မည်မျှပင် နှိပ်သော်လည်း အလုပ်မလုပ်တော့ချေ။

​လူတိုင်း၏ နှလုံးသားမှာ အေးစက်သွားတော့သည်။

​'အားလုံး ပြီးသွားပြီ..'

All Chapters