အခန်း (၁၃၁-၁၃၂)
Vol. 12 Ch. 131-132
အပိုင်း ၁၃၁
လုံချန်သည် ကျော်ကြားခြင်းမြို့ကို ပြန်မလာဖြစ်သည်မှာ အတော်လေးကြာမြင့်နေခဲ့ပြီဖြစ်သည်။ ယခု ပြန်ရောက်လာသည့်အခါ သူ့ဇာတိမြို့က အခြားနယ်မြေများထက် အတော်များများနောက်ကျကျန်နေခဲ့ကြောင်း သဘောပေါက်သွားရသည်။ ထို့အတူ သူ့စိတ်ထဲတွင်လည်း ဂုဏ်ယူဝင့်ကြွားမှု ပေါ်ထွက်လာသည်။ ဤနေရာတွင် သူတစ်ယောက်တည်းသာ အစွမ်းထက်ဆုံးသူ ဖြစ်နေလို့ပင်၊ သူနှင့် ထိပ်တိုက်ယှဉ်နိုင်သူဟူ၍ မရှိခဲ့ပေ။
“ငါ ဒီနေရာမှာ တစ်ဘဝလုံး မနေနိုင်ဘူး။ မဟုတ်ရင် ဒီနေရာကပဲ ငါ့ရဲ့ အကန့်အသတ်ဖြစ်သွားလိမ့်မယ်။ အခု သွေးဝိညာဉ်ဂိုဏ်းနဲ့ပတ်သက်တဲ့ ပြဿနာလည်း ဖြေရှင်းပြီးပြီဆိုတော့ လင်းဝူမိသားစုမှာပဲ ကျင့်ကြံဖို့ အာရုံစိုက်ထားရမယ်။ လင်းချင်လည်း အဲဒီကို သွားမှာဆိုတော့ အဲဒီနေရာကပဲ ငါနေသင့်တဲ့နေရာတစ်ခုဆိုတာ သေချာပါတယ်...”
“ခန်းမအရှင်လဲ့ယွမ်က နဲနဲတော့ သူရဲဘောကြောင်တတ်သလိုပဲ။ ငါ့အတွက်နဲ့ သွေးဝိညာဉ်ဂိုဏ်းကို မထိရဲဘူး။ ဒါပေမဲ့ ဘိုင်ထျန်းမိုကတော့ ဘာကိုမှ မစဉ်းစားဘဲ အတွင်းစည်းဂိုဏ်းခွဲကနေတောင် တိုက်ရိုက်လာရဲတယ်။ ဘာပဲဖြစ်ဖြစ် သူက လူမိုက်တော့မဟုတ်နိုင်ဘူး။ ယန်မိသားစုကို ကာကွယ်ဖို့ မြေကမ္ဘာယွမ်အဆင့် ကျင့်ကြံသူတွေကိုတောင် ပို့ထားနိုင်တယ်။ ဆိုတော့ အနာဂတ်မှာ ယန်မိသားစုက ဘာအန္တရာယ်မှ မဖြစ်နိုင်တော့ဘူး...”
သွေးဝိညာဉ်ဂိုဏ်း ပျက်စီးသွားပြီးနောက်တွင် ယန်မိသားစုအတွက် အနာဂတ် စိုးရိမ်စရာ မရှိတော့ပါ။လက်ရှိတွင် လုံချန်အတွက် လင်းဝူမိသားစု၏အတွင်းစည်းဂိုဏ်းခွဲကို ဝင်ရောက်ရန်သာ အာရုံစိုက်ထားဖို့လိုပါတော့သည်။
ယန်လင်းချင် က လင်းဝူမိသားစု၏ အတွင်းစည်းတပည့်အဖြစ် ခေါ်ယူခံရသည်ဟူသော သတင်းကြောင့်ယန်မိသားစုတစ်ခုလုံး အံ့သြတုန်လှုပ်သွားပြီး ဝမ်းသားအားရဖြစ်နေကြသည်။ သူတို့သာမက ကျော်ကြားခြင်းမြို့တစ်မြို့လုံးလည်း တစ်နေ့တာလုံး ပျော်ပွဲရွှင်ပွဲများဆင်နွှဲခဲ့ကြသည်။
ဤအတောအတွင်း လုံချန်နှင့် ယန်လင်ချင်းတို့နှစ်ယောက်၏နာမည်က ကျော်ကြားခြင်းမြို့တွင်သာမကဘဲ အနီးအနားမြို့များထိပါ နာမည်ကြီးလာခဲ့ကြသည်။
မူလတုန်းက လုံချန်သည် အလုပ်မလုပ်ဘဲ လွတ်လပ်ပေါ့ပါးစွာ နေထိုင်တတ်သည့် လူငယ်သခင်လေးတစ်ယောက်သာ ဖြစ်ခဲ့သည်။ ယခုအချိန်မှာတော့ အရာအားလုံး အိပ်မက်ဆန်ဆန် ပြောင်းလဲသွားသလိုပင်။သူသည် လူတိုင်းက လေးစားအားကျရသည့် လူငယ်သူရဲကောင်းတစ်ယောက်ဖြစ်လာခဲ့သည်။ လုံချန်သည် အတိတ်ကဖြစ်ရပ်များကို ပြန်တွေးမိပြီးနောက် လက်ရှိအခြေအနေနှင့် နှိုင်းယှဉ်ကာ သူ့ကိုယ်သူ ဂုဏ်ယူနေမိသည်။
မကြာခင်မှာပဲ အချိန်နှစ်ရက်တာ လျင်မြန်စွာကုန်ဆုံးသွား၏။ သုံးရက်မြောက်နေ့တွင် လုံချန်သည် လူတိုင်း၏အကြည့်များအောက်မှာပဲ ယန်လင်ချင်းကို ခေါ်၍ ကျော်ကြားခြင်းမြို့ကနေ ထွက်လာကာ လင်းဝူမိသားစု သို့ ပြန်လာခဲ့တော့သည်။
“လင်းချင်၊ ခဏနေလို့ ခရီးတစ်ထောက်နားတဲ့အခါကျရင် ငါ့အတွက် အရမ်းအရေးကြီးတဲ့ လူတစ်ယောက်ကို မင်းနဲ့ မိတ်ဆက်ပေးမယ်...”
နှစ်ယောက်စလုံး အဆင့်မြင့်နတ်ဆိုးမြင်းတစ်ကောင်စီ စီးနင်းလျှက် လမ်းတလျှောက်တွင် စကားပြောနေခဲ့ကြသည်။
“အရမ်းအရေးကြီးတဲ့လူလား...”
သူမနှင့်အတူ တစ်နှစ်တည်း၊ တစ်လတည်း၊ တစ်နေ့တည်း မွေးဖွားခဲ့သည့် လူငယ်လေးကို ကြည့်ပြီး ယန်လင်ချင်းသည် “အရေးကြီးဆုံးလူ”က မည်မျှအရေးကြီးကြောင်း သိချင်နေမိသည်။
အချိန်တော်တော်ကြာ ခရီးဆက်လာပြီးနောက် အမည်မသိသစ်တောထဲသို့ စီးဝင်လာခဲ့ကြသည်။ လုံချန်က ရုတ်တရက် ပြန်လှည့်ကြည့်ပြီး လျှို့ဝှက်ချက်တစ်ခုရှိနေသလိုမျိုး ပြုမူခဲ့သည်။
“အရေးကြီးတဲ့လူက ဒီမှာလား။ ဘာလို့ ဘယ်သူမှ မမြင်ရတာလဲ” ယန်လင်ချင်းက သိလိုစိတ်အပြင် မရှင်းလင်းစွာ မေးလိုက်သည်။
လုံချန်က ပြုံးပြီး နားကို တစ်ချက်ဖိနှိပ်ကာ အော်ပြောလိုက်ပါသည်
“လင်းရှီ၊ ထွက်လာတော့...”
ယန်လင်းချင် အံ့အားသင့်နေသည့်အချိန်မှာပဲ လုံချန်၏ နားအထဲကနေ အဖြူရောင်အလင်းတစ်ချက်တောက်ပလာပြီး လူသားပုံရိပ်လေးတစ်ခု ပေါ်ထွက်လာသည်။ မကြာခင်မှာ လင်းရှီ၏ပုံရိပ်က ယန်လင်းချင်ရှေ့တွင် ပေါ်လာသည်။ ယန်လင်းချင်အတွက်တော့ သူမ၏အလှတရားက လူတိုင်းကို ရူးသွပ်စေနိုင်သည်ဟု ထင်ရစေသည်။ ယန်လင်ချင်းလည်း ရုတ်တရက်ဆန်သော အဖြစ်အပျက်ကြောင့်အံ့အားသင့်သွားခဲ့သည်။
“ဒါ...ဒါကဘာသတ္တဝါလေးလဲ...”
“လင်းချင်! မရိုင်းရဘူးလေ။ သူမက မင်းရဲ့ အစ်မကြီးပဲ...” လုံချန်က ဆူပူသောလေသံဖြင့် ပြောလိုက်သည်။
“အစ်မကြီး လား...”
သူ့စကားကို နားထောင်ပြီး ယန်လင်ချင်းက ပိုပြီး ရှုပ်ထွေးသွားပုံရသည်။
လုံချန်က “အစ်မကြီး”ဟူ၍ ခေါ်လိုက်သည့်စကားကြောင့် လင်းရှီက စိတ်ဆိုးမသွားဘဲ မျက်နှာပြုံးပြပြီး ယန်လင်ချင်းကို ပြောလိုက်သည်
“လင်းချင်... ညီမလေး၊ ငါ့နာမည်က လင်းရှီပါ။ သူပြောတာ မယုံနဲ့နော်။ ငါက နင့်ရဲ့အစ်မကြီး မဟုတ်ဘူး...”
လင်းရှီ ပြောသည့်စကားကို ကြားပြီးသည်နှင့် ယန်လင်းချင်က သူတို့နှစ်ယောက်ကို တစ်လှည့်စီကြည့်ကာ
“နင်တို့... ဒါဘာတွေဖြစ်နေတာလဲ။ ငါ့ကို ရှင်းအောင်ပြောပြကြစမ်းပါ” ဟု မေးလိုက်တော့သည်။
လုံချန်လည်း မတတ်သာတော့ပေ။ လင်းရှီ၏အကြောင်းစုံအပြင် သူတို့တွေ့ကြုံခဲ့သမျှ အရာရာကို အသေးစိတ် ပြောပြရင်း အချိန်တော်တော်ကြာကုန်ဆုံးခဲ့သည်။
ဤအတောအတွင်း လင်းရှီက လုံချန်အား အကြိမ်ကြိမ် ကယ်တင်ခဲ့ရသည်ဟူသော စကားကြောင့် ယန်လင်ချင်းက သူမကို ချက်ချင်းလက်ခံလိုက်သည်။ လင်းရှီ၏ဘဝ အခြေအနေကိုလည်း သနားမိသွားကာ မကြာခင်မှာပဲ နှစ်ယောက်လုံး ရင်းနှီးသွားကြသည်။
နောက်ဆုံးတွင်တော့ သူတို့နှစ်ယောက်က လုံချန်ကို မမြင်သလို ဖြစ်သွားခဲ့ပြီး တတိယလူကဲ့သို့ သဘောထားလိုက်ကြသည်။
ဤအခြေအနေကို မြင်သောအခါ လုံချန်က မနာလိုပင်ဖြစ်သွား၏။
ထို့နောက် သူတို့ သုံးယောက်လည်း ခရီးဆက်လိုက်ကြသည်။ အချိန်အနည်းငယ်ကြာသွားပြီးနောက် ယွမ်လင်းမြို့တော်ကို ရောက်လာခဲ့ကြသည်။ မြို့တံခါးရှေ့ အရောက်တွင် ယန်လင်ချင်းကို ဖိတ်ခေါ်ရန် လူများစွာ ကြိုစောင့်နေကြသည်ကို မြင်တွေ့လိုက်ရသည်။ လူအုပ်ကို မြောက်ပိုင်းလိပ်နက်ကလန်၏ အမွေဆက်ခံသူ ဘိုင်ထျန်းမိုက ဦးဆောင်လာခဲ့သည်။
ဘိုင်ထျန်းမို အပြင် လဲ့လန် လည်း လိုက်ပါလာသည်။ ယန်လင်ချင်းနှင့် လုံချန်တို့ကြားက ဆက်စပ်မှုကြောင့် အခြေအနေကို မြင်တွေ့ရန်အတွက် လိုက်ပါလာခဲ့ပုံပါ။ သို့သော် လင်းဝူမိသားစု၏ နာမည်ကျော်ပါရမီရှင်နှစ်ယောက်ကို တစ်နေရာတည်းတွင် တွေ့မြင်နေရသောကြောင့် လူအများအပြား၏စိတ်ဝင်စားမှုကို ဆွဲဆောင်ခဲ့သည်။
“မြောက်ပိုင်းလိပ်နက်ကလန်က တစ်ယောက်ယောက်ကို လက်ခံဖို့ လာတာထင်တယ်...”
မကြာခင် လုံချန်နှင့် ယန်လင်ချင်း တို့နှစ်ယောက် ပေါ်လာကြသည်။ သူတို့ကို မြင်မှသာ လူတိုင်းက မြောက်ပိုင်းလိပ်နက်ကလန်၏သခင်ငယ် ဘိုင်ထျန်းမို စောင့်ဆိုင်းနေသောလူကို သိရှိသွားကြသည်။
“ဒီမိန်းကလေးက ဘယ်ကလာတာလဲ။ ဘိုင်ထျန်းမိုနဲ့ လဲ့လန် ကတောင် လာစောင့်နေရတယ်လား...”
“ဘယ်သူသိမလဲ။ တစ်ယောက်က မြေကမ္ဘာယွမ်အဆင့်၊ တစ်ယောက်က နဂါးသွေးကြောနယ်ပယ်မှာပဲရှိသေးတာ။ ယွမ်လင်းမြို့တော်မှာဆိုရင် ပင်လယ်ထဲက ရေတွေလိုပဲ၊ ဘာမှ မထင်ရှားဘူး...”
“မှန်တာပဲ။ ယွမ်လင်းမြို့က အပြင်ပန်းကနေကြည့်ရင် သာယာပြီးနေချင်စဖွယ်ကောင်းပေမယ့် အခုထိဒီနေရာမှာ သေဆုံးသွားတဲ့ ပါရမီရှင်တွေ ဘယ်လောက်တောင်များနေပြီလဲ...”
များပြားလှသော လူအုပ်၏ မနာလိုမှုများ၊ မကျေနပ်မှုများ ပြည့်နေသည့် အကြည့်များအောက်တွင် လုံချန်တို့နှစ်ယောက်လည်း ဘိုင်ထျန်းမို လျှောက်သွားကြသည်။ ဘိုင်ထျန်းမိုက စကားတစ်ခွန်းမှမပြောခဲ့ပေ၊ သူတို့နှစ်ယောက်အား ရထားလုံးထဲသို့ ဝင်စေပြီး လင်းဝူမြို့တော်သို့ ဦးတည်လိုက်သည်။
တစ်ယောက်မှ စကားမပြောကြသဖြင့် လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေမြဲသာ။ နောက်ဆုံးမှသာ ဘိုင်ထျန်းမိုက ယန်လင်ချင်းကို ကြည့်ကာ ပြောလိုက်သည်
“ဘိုင် ကလန်ကို ရောက်ရင် ငါပြောတာကို နားထောင်ပြီး ကောင်းကင်းကျင့်ကြံပါ။ မင်းက ပြဿနာရှာမယ့် လူမဟုတ်တော့ ငါစိတ်မပူပါဘူး။ အခု မင်း မေးချင်တာရှိရင် ငါ့ကို မေးနိုင်တယ်...”
“ကောင်းပါပြီ... ငါ နားလည်ပါတယ်...” ယန်လင်းချင်က ခေါင်းညိတ်လိုက်သည်။
ယန်လင်းချင်၏စိတ်ထဲတွင် ဘာမှ မဖြစ်သလို ရှိနေပုံပေါ်သော်လည်း လုံချန်ကတော့ စိုးရိမ်နေမိသည်။
ယန်လင်းချင်က နဂါးသွေးကြောနယ်ပယ်သာ ရှိသေးသော်လည်း အတွင်းစည်းတပည့်ဟူသော အခွင့်ထူးခံ ဖြစ်နေခဲ့၏။ ထို့ကြောင့် မနာလိုသူ အများအပြား ရှိနေမည်မှာ အသေအချာပင်။ သူမက ဘယ်သူ့ကိုမှ ပြဿနာမရှာဘဲ ငြိမ်နေလျှင်ပင် တစ်ချို့က အကြောင်းရှာပြီး ပြဿနာရှာလာမည်မှာ မလွဲပေ။သတိမထားမိပါက ဘာဖြစ်သွားမှန်းပင် မသိလိုက်ဘဲ သေသွားနိုင်သည်။
လုံချန်က ယန်လင်းချင်၏တည်ငြိမ်နေပုံကို ကြည့်ရင်း ညီမဖြစ်သူဟာ စိုးရိမ်ထိတ်လန့်နေသော်လည်း တမင်မျိုသိပ်ထားမှန်း ခံစားမိနိုင်သည်။
“ချင်အာ၊ ဒီစကားကို မှတ်ထားပါ။ မင်းကို ဘယ်သူမဆို အနိုင်ကျင့်ရင် ငါ့ကို ပြောလိုက်။ သူတို့ ဘယ်လောက်ပဲ အင်အားကြီးနေပါစေ ငါက မင်းအတွက် ဖြေရှင်းပေးမယ်...”
သူတို့ ခွဲကာနီးတွင် လုံချန်က ယန်လင်ချင်၏အနားကို တိုးကပ်သွားပြီး ကြားနိုင်ရုံလောက်သောအသံဖြင့် ပြောလိုက်သည်။
“အစ်ကို! ငါနားလည်ပါတယ်။ ဒါပေမဲ့ ငါ ဘာမှ မလုပ်ရင် ဘယ်သူမှ ငါ့ကို အနိုင်ကျင့်မှာ မဟုတ်ဘူး...” ယန်လင်ချင်းက တကယ်တမ်း ကြောက်ရွံ့နေသော်လည်းပဲ အားတင်းပြုံးပြပြီး လက်သီးလေးနှစ်ဖက်ကို တင်းတင်းဆုပ်ကာ ပြန်ပြောခဲ့သည်။
“လင်းရှီကို ကောင်းကောင်း ဂရုစိုက်နော်။ မဟုတ်ရင် ငါ နင့်ကို သေအောင်ရိုက်ပစ်မယ်...” ဟူ၍ပင် ဆက်ပြီး ခြိမ်းခြောက်လိုက်ပါသေးသည်။
လုံချန်က ဘာမှပြန်မပြောတော့ဘဲ အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။
ဤသို့ဖြင့် ...
သူတို့နှစ်ယောက် ခွဲခွာချိန် ရောက်လာခဲ့၏။
သို့ရာတွင် ဘိုင်ထျန်းမိုက လုံချန် ပြောသည့်စကားများကို ကြားလိုက်သည့်အလား ရုတ်တရက်ပြောလာခဲ့သည်...
“မင်းက အတွင်းစည်းဂိုဏ်းခွဲ ဝင်ခွင့်အတွက် စာရင်းပေးပြီးပြီလို့ ငါကြားတယ်...”
လုံချန်က ခေါင်းညိတ်လိုက်သည်။
ဘိုင်ထျန်းမိုက သရော်သလို ပြုံးပြီး ဆက်ပြောလေသည်။
“မင်း တချို့အရာတွေကို မသိသေးဘူး။ လင်းချင်ရင်ဆိုင်ရမယ့် လူတွေက မင်း ကိုင်တွယ်နိုင်တဲ့အဆင့် မဟုတ်ဘူး။ မင်းလုပ်ရမယ့်အရာက ကိုယ့်ကိုယ်ကို ပိုပြီး ကြိုးစားဖို့ပဲ။ မဟုတ်ရင် လင်းချင်နာမည် မပျက်အောင်ပဲ ကြိုးစားတာ အကောင်းဆုံးလို့ ငါထင်တယ်...” ဟု ပြောပြီးနောက် ယန်လင်းချင်ကို ခေါ်၍ ထွက်သွားတော့သည်။
ယန်လင်ချင်း သည် ဘိုင်ထျန်းမို နှင့်အတူ လိုက်ပါသွားပြီဖြစ်သော်လည်း မကြာခဏ နောက်လှည့်ကြည့်နေခဲ့သည်။
လုံချန်က ညီမဖြစ်သူကို ငေးကြည့်နေရင်း အနာဂတ်တွင် သူမအတွက် အရာရာကို တစ်ယောက်တည်း ရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း သဘောပေါက်ပြီး စိုးရိမ်မိသည်။
“သူမကို လင်းဝူမိသားစုထဲ ဝင်စေခဲ့တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်လား...” သူ့စိတ်ထဲတွင် တွေးရင်းတွေးရင်း စိတ်ရှုပ်လာခဲ့သည်။ ထို့အတူ ညီမဖြစ်သူအနိုင်ကျင့်မခံရရေးအတွက် အစ်ကိုဖြစ်သည့် သူက ပိုပြီးသန်မာလာရန် လိုအပ်ကြောင်းလည်း သိလိုက်သည်။
“ငါ့မှာ သူတို့ကို ကိုင်တွယ်ဖို့ အရည်အချင်း မရှိဘူးလို့ ပြောခဲ့တာလား။ ဟား... စောင့်ကြည့်ရသေးတာပေါ့...” ဘိုင်ထျန်းမို ပြောသွားသည့်စကားအရဆိုလျှင် ယန်လင်းချင်ကို ပြဿနာရှာမည့်လူများက အတွင်းစည်းဂိုဏ်းများဖြစ်ကြောင်း သိသာပါသည်။
မည်သို့ပင်ဖြစ်စေ လုံချန်အတွက် ညီမဖြစ်သူကို ကာကွယ်ချင်ပါက အတွင်းစည်းဂိုဏ်းခွဲတစ်ခုသို့ အရင်ဆုံးဝင်ရောက်ထားနိုင်မှသာ။
“ဒီရွေးချယ်ပွဲမှာ ငါ့အတွက် အခွင့်အရေး ရှိနိုင်မလား...”
ယန်လင်းချင် ထွက်သွားသည့်မြင်ကွင်းကို အချိန်ကြာအောင် ငေးကြည့်နေခဲ့ရင်း လုံချန်၏မျက်လုံးထဲတွင် အားမလျှော့တတ်သော စိတ်အားထက်သန်မှုများ ပြည့်နှက်နေသည်။
ဘေးနားရှိ လဲ့လန်က အရာအားလုံးကို ကြည့်ပြီး အပြုံးဖြင့် “ဘာလဲ...။ ငါ့ကို မကျေနပ်ဘူးလား...” ဟူ၍ မေးလိုက်သည်။
“အခုတော့ မကျေနပ်သေးဘူး။ နောက်တစ်နေ့မှာ မင်းကို လက်စားပြန်ချေပြမယ်...” လုံချန်က သူမကို တည့်တည့်စိုက်ကြည့်ပြီး ပြောလိုက်သည်။
“နင် အရင်ထက် ပိုပြီးရဲတင်းလာသလိုပဲ...” လဲ့လန်က ခေါင်းခါပြီး ပြောလိုက်သည်။
လဲ့လန်၏အမြင်တွင် ဆုံးဖြတ်ချက်ခိုင်မာသည့် ဤ လူငယ်ကို ကြည့်ရင်း အနည်းငယ် မူးဝေလာသလို ခံစားမိသည်။
လုံချန်သည် လဲ့လန်၏အကြည့်များ ပြောင်းလဲသွားမှန်း သတိထားမိပုံဖြင့်
“ဘာလို့ ဒီလို ကြည့်နေတာလဲ။ လူငယ်တွေကို စားမလို့ကြံစည်နေတာလား...” ဟု နောက်ပြောင်လိုက်သည်။
သူ ပြောပြီးသည်နှင့် လုံချန်က အေးစက်စက်အကြည့်ကို ရုတ်တရက်ခံစားမိပြီး အလိုလိုလှည့်ကြည့်လိုက်သည်။
ဤအချိန်တွင် အဝေးရှိ အဆောက်အဦးထဲကနေ သူ့အား စူးစူးရဲရဲ စိုက်ကြည့်နေသော လူငယ်တစ်ယောက်ကို မြင်တွေ့လိုက်ရ၏။
သို့သော် လုံချန်က လူငယ် ဘယ်သူမှန်း မသိသလို စိတ်လည်း မဝင်စားခဲ့ပေ။
မမျှော်လင့်ထားသည့်အရာမှာ လဲ့လန်က ဒေါသမထွက်ပုံမပေါ်ဘဲ နူးညံ့သွယ်လျသောလက်ချောင်းများကို လုံချန်၏ပခုံးပေါ် တင်ကာ ပြောခဲ့သည်။
“ဟုတ်တယ်... ငါ နင့်ကို စားချင်တယ်... ခွင့်ပြုမလား” ဟူ၍ပင်။
လုံချန်က ခြေထောက်များ ပျော့ခွေသွားသလိုပင် ခံစားလိုက်ရသည်။ သူ့မျက်နှာပေါ်တွင် ရှက်ရွံ့သောအပြုံးတစ်ခု ချက်ချင်းပေါ်လာပြီး အလိုလို နောက်ပြန်ဆုတ်လိုက်မိသည်။
“ငကြောက်တတ်ကောင်...” လဲ့လန် က သူ့ကိုကြည့်ရင်း လှောင်ပြောင်ပါတော့သည်။ ထို့နောက်...
“အခု နင် ဘာဆက်လုပ်မှာလဲ။ နင့်ရဲ့အစီအစဉ် ဘာလဲ” ဟု တိုက်ရိုက်မေးလိုက်သည်။
“သေချာတာကတော့ နတ်ဆိုးနဂါးရဲ့ ဝိညာဉ်ပုလဲကို ရယူဖို့ပဲ။ ကောင်းပြီ၊ မင်းနဲ့စကားပြောနေဖို့ အချိန် မရှိတော့ဘူး၊...သွားပြီ...” ဟု ပြောပြီးနောက် လုံချန်က သူမကို ကျော်တက်သွားပါတော့သည်။
သူက လဲ့လန် ဒေါသထွက်မည်ကို စိုးရိမ်မနေဘဲ ပုံမှန်အတိုင်း လှည့်ထွက်လာခဲ့လိုက်သည်။
“ဒီ လဲ့လန်က ရုတ်တရက်ကြီး ငါ့အပေါ် အရမ်း စိတ်ဝင်စားနေသလိုပဲ။ အထူးသဖြင့် အခုလို လူတွေအများကြီးရှိနေတဲ့အချိန်မှာ... သူမ ဘာလိုချင်တာလဲ...”
လဲ့လန်၏အပြုအမူနှင့်ပတ်သက်၍ တွေးမိလေလေ လုံချန်က သူ့အား လှမ်းကြည့်နေသော လူငယ်ကို သတိရသွားပြီး စိတ်ထဲတွင် မူမမှန်သလို ခံစားမိလိုက်သည်။
“ကြည့်ရတာ ဒီကောင့်ပုံစံက ငါ သူ့ကောင်မလေးကို လုယူထားတဲ့ပုံပေါက်နေသလိုပဲ။ ဘာပြဿနာရှာချင်နေတာလဲ...”
Translator#အနှောင်အဖွဲ့ကင်းမဲ့သူ
.(သွေးနဂါးလုံချန်)
ဘာသာပြန်သူ -
အနှောင်အဖွဲ့ကင်းမဲ့သူ
(စာစဉ် - ၁၂)
အပိုင်း ၁၃၂
အစိမ်းရောင်မိုးမခခြံဝင်းသို့ ပြန်ရောက်လာပြီးနောက်တွင် လုံချန်သည် သူ့နေအိမ်ဆီကိုသာ တန်းတန်းမတ်မတ် ပြန်သွားခဲ့သည်။ လက်ရှိတွင် သူသည် မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ လင်းဝူမိသားစု၏ အင်အားအဆင့်အတန်း ခွဲခြားမှုအရ ယခုအခါ လုံချန်သည် ပထမအဆင့်တပည့်များ နေထိုင်ရာ ခြံဝင်းသို့ ပြောင်းရွှေ့လာခဲ့သည်။ ပထမအဆင့် တပည့်များနေထိုင်ရာသည် အပြင်စည်းဂိုဏ်းခွဲများ၏ ထိပ်တန်းခြံဝင်းများ ဖြစ်သည်။ သူ့အနေဖြင့် ယခုမှသာ ပထမဆုံး ရောက်လာရခြင်း ဖြစ်သောကြောင့် အခြေအနေကို ဘာမှန်းမသိခဲ့ပေ။
“အခု ငါ့မှာ ထောက်ပံ့ရေးမှုအမှတ် ၂၄၀ ပဲ ကျန်တော့တယ်။ ဝိညာဉ်မြက်ကို လဲလှယ်ဖို့ဆိုရင် အမှတ် ၃၀၀ လောက် လိုတယ်”
“ဒါဆိုလည်း ကောင်းကင်စစ်သည်နယ်မြေ ထဲကို နောက်တစ်ကြိမ် ထပ်ဝင်ရတာပေါ့...”
“ဟမ်.. လောလောဆယ် အရင်ဆုံး ငါ့ နေရာအသစ်က ဘယ်လိုရှိမလဲ ကြည့်လိုက်ရအောင်...”
လုံချန်သည် ကျော်ကြားခြင်းမြို့သို့ ပြန်သွားစဉ်က အနားယူချိန် အလုံအလောက်ရခဲ့သည်။ ယခုအခါ ဆက်ပြီး ပျင်းရိမနေဘဲ လေ့ကျင့်ရန် အချိန်တန်ပြီဖြစ်သည်။
ဤအတောအတွင်း လင်းဝူမိသားစုသည် ယုံနိုင်စရာ မရှိလောက်အောင် ချမ်းသာကြွယ်ဝကြောင်း သူ သိခဲ့ရသည်။ အဆောက်အဦးအားလုံးသည် အလွန်ခမ်းနားကြီးကျယ်လှသည်၊ တတိယအဆင့် တပည့်များ နေထိုင်ရာနေရာများပင်လျှင် သာယာလှပသည်။ ပထမအဆင့် တပည့်များဆိုလျှင်တော့ ပြောစရာပင် မလိုတော့ချေ။
မကြာမီတွင် လုံချန်သည် သူ၏ကျောက်စိမ်းတံဆိပ်ပြားကို အသုံးပြုကာ ကျယ်ဝန်းလှသော ခြံဝင်းတစ်ခုကို လျင်မြန်စွာ ရှာတွေ့ခဲ့သည်။ ခြံဝင်းတစ်ခုလုံးအား ဖြူဖွေးတောက်ပနေသော ကျောက်စိမ်းဖြူဖြင့် ခင်းကျင်းထားပုံရပြီး အလွန်ပင် ခမ်းနားထည်ဝါလှသော အိမ်တော်ကြီး တစ်လုံး ဖြစ်နေခဲ့သည်။
“ဒီနေရာမှာ ငါ နေရမှာလား။ လင်းဝူမိသားစုက တကယ်ကို ရက်ရောတာပဲ...”
လုံချန်က သူ့လက်ထဲရှိကျောက်စိမ်းပြားဖြင့် အိမ်တံခါးဖွင့်ရန် ပြင်နေစဉ် လင်းရှီက ရုတ်တရက် သတိပေးလာခဲ့သည်။
“အဲဒီ အိမ်ကြီးကို သေချာအာရုံစိုက်ပြီးကြည့်ကြည့်လိုက်။ တံခါး မပိတ်ထားဘူး၊ အထဲက လူက ဟို မိန်းမယုတ် လဲ့လန်ရဲ့ ညီမလေး ဖြစ်နေတယ်ထင်တယ်”
“လဲ့လင် လား။ သူမလည်း မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နေပြီလား...”
မမျှော်လင့်ထားဘဲ လဲ့လင်သည် သူ၏အိမ်နီးနားချင်း မိတ်ဆွေဖြစ်နေသည်လား၊ မိန်းမငယ်လေးက တံခါးပင် မပိတ်ထားခဲ့ပေ။ လုံချန်က ရုတ်တရက် စူးစမ်းလိုစိတ် မြင့်တက်လာပြီး အထဲမှအခြေအနေကို သွားကြည့်ရန်ပြင်လိုက်သည်။
“မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်သွားပြီဆိုတော့ သူမက ပိုပြီးပြည့်တင်းလာမှာပဲ။ ဒီကလေးမကို နည်းနည်းလောက် နောက်ပြောင်ကြည့်ရအောင်...”
ဤအချိန်တွင် လုံချန်သည် လဲ့လင်၏ ခြံဝင်းတံခါးကို ဖွင့်ကာ ဝင်ရောက်လိုက်သည်။
“ပထမအဆင့် တပည့်တွေ နေထိုင်တဲ့ နေရာတွေက နတ်နန်းတော်ကျနေတာပဲ...”
“ဒါနဲ့ သူမက အဲဒီ အခန်းထဲမှာ ရှိနေတယ်ထင်တယ်။ ဘာလုပ်နေတာလဲ မသိဘူး...”
လင်းရှီသည် လူတစ်ဦး၏ တည်နေရာကိုသာ အာရုံခံနိုင်သော်လည်း ဘာလုပ်နေသည်ကိုတော့ မသိနိုင်ပါ။
လုံချန်သည် တံခါးနားသို့ တိတ်တဆိတ် ချဉ်းကပ်ကာ ဖြည်းဖြည်းလေးတွန်းဖွင့်လိုက်သည်။ လဲ့လင်ကို လှည့်စားပြီး ကြောက်ရွံ့သွားအောင် ခြောက်လှန့်ရန် ပြင်နေစဉ် သူ့ရှေ့မှ မြင်ကွင်းကြောင့် ရုတ်တရက် တုံ့ဆိုင်းသွားခဲ့သည်။ အကြောင်းမူကား လဲ့လင်သည် မျက်လုံးများကို မှိတ်ထားလျှက် ရေချိုးကန်ထဲတွင် သက်တောင့်သက်သာ လဲလျောင်းနေခဲ့လို့ပင်။
လုံချန်သည် တစ်ချက်ကြည့်လိုက်ရုံဖြင့် အရာအားလုံး မြင်လိုက်ရသည်။
“နောက်ထပ် (၂)နှစ် လောက်ဆိုရင် ဒီမိန်းမငယ်လေးက သူ့အစ်မ နဲ့ ဆင်တူလာမှာပဲ…”
လုံချန်သည် ချက်ချင်း အာခေါင်ခြောက်လာသည်ကို ခံစားလိုက်ပြီး နောက်ပြန်လှည့်ပြေးရန် ပြင်လိုက်တော့သည်။ ဤအချိန်တွင် လဲ့လင် ကလည်း သူ့ကို မြင်သွား၏။ သူမက အဓိကအရေးကြီးနေရာများကို အလျင်အမြန်ဖုံးကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ငါ သောက်ကျိုးနည်းအောင် အရှက်ကွဲရပြီထင်တယ်...” လုံချန်သည် သူ့ကိုယ်ပိုင်အိမ်သို့ ကမန်းကတန်းပြေးသွားပြီး တံခါးကို သေသေချာချာ ပိတ်လိုက်သည်။ သူ၏ကျောက်စိမ်းတံဆိပ်ပြား မရှိပါက လဲ့လင် ဝင်လာနိုင်မည် မဟုတ်ပေ။
“ရေချိုးနေတုန်းကို တံခါး မပိတ်ထားဘူးလား…”
မိန်းမငယ်လေး၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်နှင့် ဖြူစင်သော အသားအရေကို ပြန်မြင်ယောင်မိသည့်အခါ လုံချန်သည် အနည်းငယ်နောင်တရမိသော်လည်း ထပ်မသွားရဲတော့ပေ။
“နင် သိပ်ပျော်နေတာ ထင်တယ်...”
ဒေါသထွက်နေသော လင်းရှီ၏အသံက ရုတ်ချည်း ထွက်ပေါ်လာသည်။ လုံချန်၏ နားနှစ်ဖက်စလုံး ပြင်းထန်စွာကျင်သွားခဲ့သည်။
“လင်းရှီ၊ ခွင့်လွှတ်ပါ။ ငါ စိတ်မဝင်စားပါဘူး... တကယ်သေချာပါတယ်...” လုံချန်က ဆက်တိုက် ရှင်းပြလိုက်သည်။ သူ့လေသံနှင့် အမူအရာက လုံးဝ အပြစ်ကင်းစင်နေပုံရသည်။ အနည်းငယ်ကြာအောင် ရှင်းပြချော့မော့ပြီးနောက်မှသာ လင်းရှီက စိတ်ဆိုးပြေသွားခဲ့သည်။ သို့သော် သူမ၏လေသံအရ အနည်းငယ်တော့ ဒေါသထွက်နေတုန်းပင်။
“နောက်တစ်ခါ ထပ်ကြည့်ရဲရင် နင့်ရဲ့ တန်ဖိုးမရှိတဲ့ အသက်နဲ့ဘဝကို ငါ ယူပစ်လိုက်မှာ။ ဟမ့်....”
လုံချန်သည် အခြေအနေက ဤအထိ ဖြစ်သွားနိုင်ကြောင်း မမျှော်လင့်ခဲ့ပေ။ သို့သော် လဲ့လင်သည် အတိတ်က ယခုလိုမျိုးတစ်ခါ ဖြစ်ခဲ့ဖူး၏။ ယခု အဖြစ်အပျက်ကြောင့် သူမ ဒေါသထွက်သွားလျှင် လုံချန်အတွက် အခြေအနေမကောင်းနိုင်ပါ။
“ဘာပဲဖြစ်ဖြစ်။ သူမက အပြင်မှာ စောင့်နေမှာပဲ။ ဒီအတောအတွင်းမှာ မိုးကြိုးမီးလျှံကျောက်တုံးတွေနဲ့ ထပ်ပေါင်းစပ်ပြီးမှ အပြင်ပြန်ထွက်တာပေါ့...”
လုံချန်သည် မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့်သို့ တက်လှမ်းခဲ့ပြီးနောက်တွင် သူ၏အစစ်အမှန်ချီစွမ်းအင်သည် မူလထက် ပိုပြီးသိပ်သည်းလာခဲ့သည်။ သူ့အမြင်အရ လက်ရှိခွန်အားဖြင့်ဆိုလျှင် မိုးကြိုးမီးလျှံကျောက်တုံး အများအပြားကို ပေါင်းစပ်နိုင်လိမ့်မည်ဖြစ်သည်။
“ငါ့ တွက်ချက်မှုအရ အခု ငါ့ရဲ့ကန့်သတ်ချက်က မိုးကြိုးမီးလျှံကျောက်တုံး ၃၀ လောက်နဲ့ ပေါင်းစပ်နိုင်သင့်တယ်...”
သူ၏မိုးကြိုးမီးလျှံခန္ဓာကိုယ်သည် အဆင့် ၁ သာ ရှိသေးသည်။ ထို့ကြောင့်လည်း လုံချန်သည် မိုးကြိုးမီးလျှံကျောက်တုံးများဖြင့် ပေါင်းစပ်ပြီး အဆင့်မြှင့်တင်ရန် စဉ်းစားထားသည်။ အမှန်ပင်၊ မိုးကြိုးမီးလျှံကျောက်တုံးများမှ ပါဝင်သော စွမ်းအင်သည် သူ့အတွက် အလွန်ထိရောက်ခဲ့သည်။ တစ်လုံးချင်း ပေါင်းစပ်လိုက်သည့်အခါတိုင်း သူ့ခန္ဓာကိုယ်တစ်ခုလုံး အဆုံးမဲ့ခွန်အားများ တိုးလာသည်ကို ခံစားရသည်။
“သုံးရက်ကြာသွားပြီ၊ ဒီအတောအတွင်းမှာ ငါ မိုးကြိုးမီးလျှံကျောက်တုံး ၅ လုံးတော့ ပေါင်းစပ်ပြီးပြီ။ ဝိညာဉ်မြက်ပင်က လင်းရှီ အသက်ရှင်ဖို့အတွက် အဓိကအရာပဲ။ ငါ အချိန်ဖြုန်းလို့မရတော့ဘူး။ ကောင်းကင်စစ်သည်နယ်မြေ ထဲကို ခပ်မြန်မြန့လေး ဝင်ရတော့မယ်ထင်တယ်...”
ဤအတောအတွင်း လဲ့လင်က အပြင်ဖက်တွင် ဆက်ပြီး စောင့်နေဦးမည်ဟု လုံချန် မယုံကြည်ခဲ့ပေ။ သို့သော်လည်း သူ့အိမ်တံခါးဖွင့်လိုက်သည့်အခါ မှသာ သက်ပြင်းချလိုက်နိုင်သည်။ ကံကောင်းထောက်မစွာပဲ လဲ့လင်က စိတ်ရှည်သည်းခံပြီး စောင့်ဆိုင်းမနေခဲ့ပါ။ လုံချန် သည် အချိန်ထပ်ဖြုန်းမနေတော့ဘ ကောင်းကင်စစ်သည်နယ်မြေ ဆီသို့ ဦးတည်လာခဲ့တော့သည်။
ဤကာလအတွင်းတွင် လုံချန်၏ နာမည်သည် အစိမ်းရောင်ဂိုဏ်းခွဲတစ်ခုံးတွင် တဖြည်းဖြည်း လူသိများနေခဲ့ပြီဖြစ်သည်။ လူအများစုက သူ့ကို သိရှိနေကြသော်လည်း လင်းဝူမိသားစုတွင် သူ့အတွက် ကောင်းမွန်သော မိတ်ဆွေရင်းချာများ မရှိခဲ့ပေ။
“သွေးဝိညာဉ်ဂိုဏ်း ဆိုတဲ့ ပြဿနာကြီးကို အဆုံးသတ်ပြီးပြီ။ ယခု ငါ့ ကိုယ်ပိုင်ဘဝကို အာရုံစိုက်ထားရတော့မယ်...”
လုံချန်သည် သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိနေသည်။ ဤယုံကြည်မှုသည် သူ၏အဖေဖြစ်သူ လုံချင်းလန် ပေးအပ်ခဲ့သော နဂါးကျောက်စိမ်းဆွဲပြားနှင့် ဆန်းကြယ်သော သွေးအဆီအနှစ်တစ်စက်တို့ ရှိနေလို့ပင်။ သွေးအဆီအနှစ်ကို မွေးရာပါသွေးမျိုးဆက်အဖြစ် အမွေဆက်ခံပြီးနောက်တွင် လုံချန်သည် “နဂါးဝိညာဉ်အသွင်ပြောင်းလဲခြင်း”၊ “သွေးချီစွမ်းအင်ပြောင်းလဲခြင်း” နှင့် အထူးခြားဆုံးနှင့်အဆန်းကြယ်ဆုံးသော “သွေးချီစက်ဝန်း”(တစ်နည်း သွေးနယ်ပယ်စွမ်းအား) စသည့် မတူညီသောစွမ်းရည်သုံးမျိုး နိုးထလာခဲ့သည်။
“သွေးစွမ်းအားနယ်ပယ် က ပိုပြီးဝါးမျိုနိုင်သလိုရက်စက်ကြမ်းကြုတ်ပြီးနတ်ဆိုးလည်းဆန်တယ်။ ငါ့အနေနဲ့ သေရေးရှင်ရေးအခိုက်အတန့်ကလွဲရင် ဒါကို မသုံးသင့်ဘူး...” ၎င်းသည် စိတ်ဆန္ဒနယ်ပယ်တစ်ခုနှင့် ဆင်တူသည်။ နယ်ပယ်အတွင်း ပိတ်လှောင်ခံထားရသူအားလုံးကို ဖိနှိပ်နိုင်လေသည်။ ထို့နောက် ၎င်းတို့၏ သွေးစွမ်းအင်ကို ဖိနှိပ်၍ တိုက်ပွဲဝင်ခွန်အားကို လျှော့ချပစ်နိုင်သည်။ တစ်ဖက်လူသာ သူ့ကိုယ်ပိုင်ခွန်အားထက် နိမ့်ကျနေပါက ၎င်း၏သွေးချီစွမ်းအင်ကို တိုက်ရိုက်ဝါးမျိုပစ်နိုင်သည်။
“ကောင်းကောင်း အသုံးချနိုင်ရင် သွေးနယ်မြေ က ကောင်းကင်ဘုံကို စိန်ခေါ်နိုင်တဲ့ စွမ်းအားတစ်ခု ဖြစ်လာမှာပဲ...” လုံချန် သိထားသည့်အရာမှာ သူ၏မွေးရာပါစွမ်းရည်များ နိုးထလာသည့်အကြောင်းအရင်းဟာ အဆိုပါ လျှို့ဝှက်ဆန်းကြယ်သော သွေးမျိုးဆက်အမွေနှင့် ဆက်စပ်နေခြင်း ဖြစ်သည်။
“ဒီလောက် ကြောက်စရာကောင်းနေတဲ့ သွေးမျိုးဆက်စွမ်းအား ရှိတယ်ဆိုတော့ ရှေးခေတ်ဦးစကြာဝဠာရဲ့ တည်ထောင်သူဘိုးဘေးဖြစ်တဲ့ သရဲအရိပ်သတ်ဖြတ်ခြင်းသွေးဝိညာဉ်နဂါး ဖြစ်နိုင်တယ်...” လင်းရှီ လည်း မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
“ဒါပေမဲ့ လုံချန်၊ ရှေးဟောင်း သွေးဝိညာဉ်နဂါးက အရမ်းအားကောင်းသလို အရမ်းလဲကြောက်စရာတယ်။ ခွန်အားနောက်ကို လိုက်စားရင်း နင့်ရဲ့မူလအသိစိတ်တွေ မပျောက်ပျက်အောင် ထိန်းချုပ်နိုင်ရမယ်။ ဖြစ်နိုင်ရင် အရေးကြီးတဲ့အချိန်မှပဲ ထုတ်သုံးပါ...”
လုံချန်သည် ခေါင်းညိတ်ကာ လင်းရှီ၏ သတိပေးစကားများကို နှလုံးသားထဲတွင် မှတ်သားထားလိုက်သည်။
မကြာမီတွင် လုံချန်သည် ကောင်းကင်စစ်သည်နယ်မြေ သို့ ရောက်ရှိလာခဲ့တော့သည်။
အစိမ်းရောင်နေမင်းဌာနခွဲ၏ ပြိုင်ပွဲ မတိုင်မီကနှင့် နှိုင်းယှဉ်လျှင် ကောင်းကင်စစ်သည်နယ်မြေ သည် ယခုအချိန်တွင် လူများစွာပြည့်နေပြီဖြစ်သည်။ အစိမ်းရောင်နေမင်းဌာနခွဲတွင် လူ ၂၀၀၀ နှစ်ခန့် ရှိခဲ့သည်။ ကောင်းကင်စစ်သည်နယ်မြေသို့ ဝင်ရောက်သူအရေအတွက်မှာတော့ ၁၀၀၀ ခန့်ရှိ၏။ ယခုအချိန်တွင် ကောင်းကင်စစ်သည်နယ်မြေ မှ ဝင်ထွက်သွားလာနေသော လူ ၂၀၀ ခန့် ရှိနေပါသေးသည်။
လင်းဝူမိသားစုသည် ကောင်းကင်စစ်သည်နယ်မြေ အတွင်းပိုင်း၌ ကောင်းကင်ယွမ်အဆင့် အတွက် လမ်းကြောင်း (၁)ခု၊ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့်များအတွက် လမ်းကြောင်း (၅)ခု နှင့် မြေကမ္ဘာယွမ်ကနဦးအဆင့်များအတွက် လမ်းကြောင်း (၁၀) ခု သတ်မှတ်ထားရှိခဲ့သည်။
လုံချန်သည် ကောင်းကင်စစ်သည်နယ်မြေ ထဲသို့ ဝင်ခါနီးတွင် ပတ်ဝန်းကျင်ကို အမှတ်မထင်လှည့်ကြည့်မိလိုက်သည်။ ရုတ်တရက်ဆိုသလိုပဲ မုန်းတီးမှုပြည့်နှက်နေသောအကြည့်တစ်ချက် သူ့အပေါ် ကျရောက်လာသည်ကို ခံစားလိုက်ရသည်။ လုံချန် သည် လှည့်ကြည့်လိုက်ရာ သူ့အား ဒေါသတကြီး စိုက်ကြည့်နေသည့် ကလေးမလေး လဲ့လင်ကို တွေ့လိုက်ရသည်။
“သောက်ကျိုးတော့နည်းပြီ...”
သူ ထွက်ပြေးရန် အခွင့်အရေးပင် မရလိုက်ပါ၊ လဲ့လင် သည် သူ့ ရှေ့သို့ ရောက်လာခဲ့၏။ လုံချန်သည် လဲ့လင်၏နောက်တွင် အနီတစ်ဝက်အဖြူတစ်ဝက်ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအမျိုးသားတစ်ဦး ပါလာသည်ကို သတိပြုမိလိုက်သည်။
“သူက ကောင်းကင်ယွမ်အဆင့် ပညာရှင်လား၊ ဒါပေမဲ့ ကြည့်ရသလောက်တော့ အခုမှ အဆင့်တက်ခါစထင်တယ်...”
သက်လတ်ပိုင်းအမျိုးသား၏ ခွန်အားကို သိလိုက်ရသည့်အခါ လုံချန်သည် နဂိုအတိုင်း အေးဆေး တည်ငြိမ်လာခဲ့သည်။
“နင်က မတရားတဲ့ ကောင်ပဲ...”
လဲ့လင် သည် လုံချန်အနားသို့ ချဉ်းကပ်လာရင်း အံကြိတ်ကာ ကျိန်ဆဲလိုက်သည်။ ဤနေရာတွင် တိုက်ခိုက်ခွင့်ပြုမထားသောကြောင့် သူမက တိုက်ခိုက်ရဲခြင်းမရှိချေ။
“ဟမ် ...၊ ဘာပြောနေတာလဲ။ ငါ မင်းကို ဘာမှ မလုပ်ခဲ့ဘူးလေ၊ ဘာကြောင့် ငါ့ကို အဲ့လို ခေါ်တာလဲ...”
လုံချန်က ဘာမှလုပ်ထားသလိုပင်၊ မျက်နှာအရေထူစွာ ပြန်ပြောလိုက်သည်။
“နင် ဝန်မခံသေးဘူးလား။ ပြီးခဲ့တဲ့သုံးရက်တုန်းက နင်…”
ဤအချိန်တွင် တစ်စုံတစ်ယောက်က ချောင်းဟန့်သံတစ်ချက် ထွက်လာကာ ဆူညံသံများ တိတ်ဆိတ်စေရန် အချက်ပြလိုက်ပုံရ၏။ ထိုအခါမှသာ လဲ့လင် သည် ပတ်ဝန်းကျင်တွင် လူအများ စုဝေးကြည့်နေကြောင်း သတိပြုမိလိုက်တော့သည်။ သူမ ပြောဆိုခဲ့သော စကားများက အဓိပ္ပာယ်မှားယွင်းမှု ဖြစ်စေနိုင်သည်မဟုတ်ပါလား။ လဲ့လင်၏မျက်နှာလေး ဖြူဖျော့သွားကာ မြေကြီးထဲ ဝင်တိုးပစ်ချင်စိတ်ပင်ပေါက်သွားခဲ့သည်။
ယခင်က လဲ့လင်နှင့် ဖုန်းဝူထျန်း တို့ကြားတွင်ဆက်ဆံရေး အဆင်ပြေချောမွေ့ခဲ့ကြသည်။ ယခုမူ လုံချန်က ဖုန်းဝူထျန်း ကို အနိုင်ယူခဲ့ပြီးနောက်....
“ဒီလုံချန်က တကယ်ကို အံ့ဩစရာကောင်းတယ်။ ဖုန်းဝူထျန်း ကို ဖယ်ရှားပြီးတော့ လဲ့လင်ကိုပါ ကိုင်တွယ်နိုင်ခဲ့တယ်။ ချီးကျူးစရာပဲ.... ”
“ဟုတ်ပါ့၊ ချစ်ခြင်းမုန်းခြင်းဆိုတဲ့ပုံစံလား... ဒါမျိုးက ဇာတ်လမ်းတွေမှာပဲ ရှိတယ်ထင်ခဲ့တာ။ တကယ့်လက်တွေ့ဘဝမှာ ဖြစ်လာမယ်လို့ မထင်ခဲ့မိဘူး...”
“တကယ်ဒေါသထွက်စရာပဲ၊ ကောင်းတဲ့ အရာအားလုံး ဝက်စားသွားပြီ။ ငါ ဒီလောက် ပါရမီရှိတာ၊ ငါ့ကျတော့ ဘာကြောင့် ဒါမျိုး မဖြစ်ရတာလဲ...”
ဤ ဆွေးနွေးသံများကြားတွင် လုံချန်က သူ့ကိုယ်သူအလွန် ဂုဏ်ယူနေပုံ ရသည်၊ သူ့ရှေ့ရှိ လဲ့လင်ကတော့ မျက်နှာတစ်ခုလုံးနီရဲကာ အလွန်ပင်ရှက်ရွံ့နေခဲ့သည်။ ယနေ့တွင် လုံချန်နှင့် အပြီးသတ် ဖြေရှင်းရန် ပြင်လိုက်သော်လည်း လဲ့လင်၏နောက်ကွယ်မှ သက်လတ်ပိုင်းအမျိုးသားက သူမကို တားဆီးလိုက်သည်။
“လင်အာ! ငါနဲ့အတူ ကောင်းကင်စစ်သည်နယ်မြေ ထဲကို ဝင်ကြရအောင်...”
“မလိုဘူး။ အဘိုးယန်! ငါ သူ့ကို သတ်ချင်တယ် ...”
သက်လတ်ပိုင်းအမျိုးသားက လုံချန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
“မင်း ကောင်းကင်စစ်သည်နယ်မြေ ထဲကို ဝင်မှာမဟုတ်လား ...” လုံချန်သည် သူ၏ အကြည့်ထဲတွင် စိန်ခေါ်လိုသော အရိပ်အယောင် ရှိနေသည်ကို မြင်လိုက်ရသည်။ သို့သော် တုန်လှုပ်မသွားခဲ့ပေ။
“ဟုတ်ပါတယ်။ ဘာလဲ... မင်း ငါ့ကို အဖော်ပြုပေးမလို့လား ...”
ကောင်းကင်စစ်သည်နယ်မြေထဲသို့ ဝင်ရောက်ပြီးသည် နှင့်တပြိုင်နက် သက်လတ်ပိုင်းအမျိုးသားက လုံချန်ကို သင်ခန်းစာ ပေးရန် ပြင်နေကြောင်း လူတိုင်း မြင်တွေ့နိုင်သည်။ သို့သော် မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့်မှာသာ ရှိနေသေးသော လုံချန်က စိန်ခေါ်မှုကို လက်ခံလိုက်သည်။ အနှီလုံချန်က သေခြင်းတရားကို လုံးဝ မကြောက်တတ်သူပင်လား။
“ငါ ပြောခဲ့ပါတယ်။ ကောင်းတဲ့ အရာတွေကို စားထားတဲ့ ဝက်တစ်ကောင်က နောက်ဆုံးကျရင် အသတ်ခံရမှာပဲ...”
“ဒီလုံချန်က ဖုန်းဝူထျန်း ကို အနိုင်ရပြီးတာနဲ့ တော်တော်လေးမောက်မာလာတယ်...”
လူတိုင်း၏မှတ်ချက်စကားများကြားတွင် အဘိုးယန် ဟူသော သက်လတ်ပိုင်းအမျိုးသားက မျက်နှာအမူအရာ အပြောင်းအလဲမရှိဘဲ လဲ့လင်၏ လက်ကို ဆုပ်ကိုင်ထားရင်း လုံချန်ကို အေးစက်စက် ပြောလိုက်သည်။
“ဒါဆို ကောင်းကင်စစ်သည်နယ်မြေ ထဲမှာ တွေ့ကြတာပေါ့...”
လုံချန်က ပြန်ဖြေရန် ပြင်နေစဉ် လဲ့လင်သည် ရုတ်တရက် ရယ်မောလိုက်သည်။
“လုံချန်! နင် မသိသေးတဲ့ အရာ တစ်ခု ရှိသေးတယ်မဟုတ်လား ...”
လုံချန်က ခဏတုံ့ဆိုင်းသွားပြီး ပြန်မေးလိုက်သည်။
“ဘာလဲ ။ ဖြစ်ခဲ့တာတွေအတွက် ငါ့ကို မင်းရဲ့နှလုံးသားပေးဖို့ စီစဉ်နေတာလား...”
လူတိုင်း ထံမှ ရယ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာပါတော့သည်။ လဲ့လင် သည်လည်း ဒေါသတကြီး ပေါက်ကွဲတော့မည့်အခြေအနေသို့ ရောက်သွားခဲ့သည်။ ဒေါသထွက်နေသော်လည်း သူမ၏အသံကို ထိန်းထားရင်း ပြောလိုက်သည်။
“ငါ့ရဲ့ ဝူထျန်း အစ်ကို က ကောင်းကင်ယွမ်တစ်ပိုင်းအဆင့်ကို ရောက်သွားလို့ တောင်ပိုင်းဖီးနစ်ကလန် က တပည့်အဖြစ် ခေါ်ယူခဲ့တယ်။ လုံချန်! နင် သေဖို့ စောင့်နေလိုက်ပါ ...”
ထိုစကားများ ပြောဆိုပြီးနောက် သက်လတ်ပိုင်းအမျိုးသား နှင့်အတူ ကောင်းကင်စစ်သည်နယ်မြေ ထဲသို့ ဝင်ရောက်သွားခဲ့သည်။
လုံချန်သည် အနည်းငယ်ကြာအောင် ငေးကြောင်နေပြီး သတိပြန်ဝင်လာပြီး ခါးသီးစွာ ရယ်လိုက်သည်။
“တောင်ပိုင်းဒေသရဲ့ ဖီးနစ်ဂိုဏ်းခွဲ လား။ အတွင်းစည်းဂိုဏ်းခွဲ ထဲကို ဝင်ဖို့က ဒီလောက်တောင် လွယ်လာပြီလား...”
“ကြည့်ရတာ သူ့မှာ ဖီးနစ်သွေးမျိုးစက် ရှိလို့ပဲ ဖြစ်လိမ့်မယ်။ လုံချန်၊ အဲဒီ မိန်းမငယ်လေးက နင့်ကို အရိုးထဲထိအောင် မုန်းနေပြီ။ သူ့နောက်မှာလည်း ဖုန်းဝူထျန်း က ရှိနေသေးတယ်။ သတိထားပါ၊ သူမရဲ့ပုံစံက နင့်ကို သေချာပေါက် ဒုက္ခပေးနိုင်တယ်...” လုံချန် တွေဝေနေစဉ် လင်းရှီက ရှင်းပြလိုက်သည်။
“ဒါဆိုရင် ဘယ်သူ ပိုသန်မာသလဲဆိုတာ ကြည့်ကြရအောင်။ ငါ့လက်ထဲမှာ တစ်ခါ ရှုံးနိမ့်သွားပြီးရင် နောက်တစ်ခါ ဘယ်တော့မှ ပြန်ထမလာနိုင်တော့ဘူး ...”
ဖုန်းဝူထျန်း အကြောင်းကို ကြားလိုက်သည့်အခါ လူတိုင်း လုံချန်တစ်ယောက်တော့ အန္တရာယ်များပြီ ဖြစ်ကြောင်း သိလိုက်ကြသည်။ ဖုန်းဝူထျန်း သည် အသိစိတ်ယာယီပျောက်ဆုံးနေသောကြောင့်သာ လုံချန် ကို ရှုံးနိမ့်ခဲ့ရသည်ဟု သူတို့ ထင်နေကြလို့ပင်။
“သူက ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတာပဲ။ အရမ်းကို ထောင်လွှားနေတယ်၊ ဒိတစ်ကြိမ်မှာတော့ သူ သေချာပေါက်ရှုံးနိမ့်လိမ့်မယ်”
လူတိုင်း၏မှတ်ချက်စကားများကို နားထောင်ရင်း ယခင်က အထင်ကြီးလေးစားဖွယ် ကောင်းနေသော လုံချန်သည် ယခုအခါ လူတိုင်းနှင့် ဆန့်ကျင်ဖက် ဖြစ်နေခဲ့သည်။
“ဒီလိုဆို မင်းတို့အားလုံး ကြည့်နေလိုက်...”
ထို့နောက်တွင် လုံချန်က တုံ့ဆိုင်းမနေတော့ဘဲ မြေကမ္ဘာယွမ်အဆင့် လမ်းကြောင်းမှ တစ်ဆင့် ကောင်းကင်စစ်သည်နယ်မြေ ထဲသို့ ဝင်ရောက်သွားခဲ့သည်။