အခန်း (၁၃၃-၁၃၄)
Vol. 12 Ch. 133-134
အပိုင်း ၁၃၃
ကောင်းကင်စစ်သည်နယ်မြေ၏ မြေကမ္ဘာယွမ်နယ်မြေ ....။
လုံချန်သည် ဤတစ်ကြိမ်တွင် ဆန်းကြယ်အဆင့် အဆင့် ၄ နတ်ဆိုးသားရဲကို သတ်ဖြတ်ရန် ရည်ရွယ်ထားခဲ့သည်။ မြေကမ္ဘာယွမ်လမ်းကြောင်းမှ တစ်ဆင့် ဝင်လာရသည့်အကြောင်းအရင်းမှာ သူ့အသက်ကို အာမခံချက်ရရန်ရအတွက်ပင်။
အကယ်၍ မြေကမ္ဘာယွမ်နယ်ပယ်ထဲသို့ တိုက်ရိုက်ဝင်လာခဲ့လျှင် ဆန်းကြယ်အဆင့် အဆင့် ၄ နတ်ဆိုးသားရဲများ နေရာအနှံ့ ရှိနေမည်ဖြစ်သည်။ ထိုအချိန်တွင် လုံချန် မသေဆုံးပါက အံ့ဩစရာကောင်းနေပါလိမ့်မည်။ တစ်ဖက်တွင် မြေကမ္ဘာယွမ်လမ်းကြောင်းကနေ မြေကမ္ဘာယွမ်နယ်မြေထဲသို့ ဝင်လာပါက အဆင့်မြင့်သော ဆန်းကြယ်အဆင့် နတ်ဆိုးသားရဲများကို တဖြည်းဖြည်းချင်း သတ်ဖြတ်ကာ လေ့ကျင့်နိုင်လေသည်။ ယခင်က မြေကမ္ဘာယွမ်နယ်မြေနှင့် ကောင်းကင်ယွမ်နယ်မြေ၏ နယ်နိမိတ်နှစ်ခုကြား၌ ရင်ဆိုင်တွေ့ခဲ့သော နှလုံးဖောက်နတ်ဆိုးသားရဲက အကောင်းဆုံး ဥပမာပင်ဖြစ်သည်။
ကောင်းကင်စစ်သည်နယ်မြေ အတွင်းပိုင်းရှိ ကောင်းကင်ယံသည် ရှင်းလင်းကြည်လင်နေဆဲ ဖြစ်သည်။
ဤအချိန်တွင် လုံချန်၏ခွန်အားဖြင့် ဆန်းကြယ်အဆင့် ၃ နတ်ဆိုးသားရဲ များကို သတ်ဖြတ်နိုင်ပါက ထောက်ပံ့ရေးအမှတ် အနီးစပ်ဆုံး ၃၀၀ ခန့် ရရှိနိုင်သည်။ သို့သော် ဤအဆင့်နတ်ဆိုးသားရဲများသည် လုံချန်အတွက် ခက်ခဲသောစိန်ခေါ်မှု မဟုတ်တော့ပေ။ လက်ရှိတွင် ဆန်းကြယ်အဆင့် ၄ နတ်ဆိုးသားရဲများကသာ သူ့အတွက် လုံလောက်သော စိန်ခေါ်မှု ဖြစ်နေခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်လှသော ကောင်းကင်စစ်သည်နယ်မြေ သည် လင်းဝူတော်ဝင်မိသားစုမှ ပိုင်ဆိုင်ခဲ့သည်။ ထို့ကြောင့် ဝင်ရောက်လာသူများကား အပြင်စည်းဂိုဏ်းခွဲ (၉)ခုမှ အဖွဲ့ဝင်များဖြစ်သည်၊ အတွင်းစည်းဂိုဏ်းမှ လူများပင် ဝင်ရောက်နိုင်ပါသည်။
သို့သော် ကောင်းကင်စစ်သည်နယ်မြေသည် ကြီးမားကျယ်ပြန့်လွန်းသည်။ လုံချန်သည် မြေကမ္ဘာယွမ်နယ်မြေ၏ အနက်ပိုင်းထဲသို့ ဝင်ရောက်လာသည်မှာ အချိန်တစ်ရက်ကျော်ကြာပြီဖြစ်သော်လည်း အခြားလူ တစ်ဦးတစ်ယောက်မျှ မတွေ့ခဲ့ရပေ။ သို့သော် နတ်ဆိုးသားရဲ အမြောက်အများကို တွေ့ခဲ့ရသည်။
ကောင်းကင်စစ်သည်နယ်မြေ အတွင်းပိုင်းတွင် နတ်ဆိုးသားရဲ အရေအတွက်သည် လင်းဝူမိသားစု၏ ထောင်ချီသော အဖွဲ့ဝင်များထက်ပင် ပိုများနေကြောင်း သိသာထင်ရှားသည်။
“ကောင်းကင်စစ်သည်နယ်မြေက နတ်ဆိုးသားရဲတွေ မွေးမြူထားဖို့ အသုံးပြုတဲ့ ကမ္ဘာငယ်လေး တစ်ခု ဖြစ်နေတယ်။ ပြီးတော့ ဒီနေရာရဲ့ ကောင်းကင်နဲ့မြေပြင်ဝိညာဉ်စွမ်းအားက နတ်ဆိုးချီတွေနဲ့ ရောနှောပေါင်းစပ်နေသေးတယ်၊ ဒါက နတ်ဆိုးသားရဲတွေကြီးထွားသန်မာလာဖို့ အရမ်းသင့်တော်တယ်။ လင်းဝူမိသားစုက ဒီလိုမျိုး နေရာတစ်ခု ပိုင်ဆိုင်ထားတာတကယ်ကို ကံကောင်းတယ် ...”
ပတ်ဝန်းကျင်တွင် လူမရှိကြောင်း မြင်လိုက်ရသည့်အခါ လင်းရှီသည် အပြင်ထွက်လာပြီး လုံချန်၏ ပခုံးပေါ်တွင် ထိုင်နေခဲ့သည်။
“ကြည့်ရတာ လင်းဝူမိသားစု ကို တည်ထောင်နိုင်ခဲ့တာက ဒီကောင်းကင်စစ်သည်နယ်မြေ ကို အုတ်မြစ်ထားပြီး ဖြစ်မယ်ထင်တယ်။ ဒါက ရှေးခေတ်က ပျက်စီးသွားတဲ့ ကမ္ဘာငယ်လေးတစ်ခုရဲ့ အပျက်အစီး ဖြစ်နေနိုင်တယ်...”
“မှန်တယ်၊ ဒါပေမဲ့ အချိန်တွေ တော်တော်ကြာသွားပြီဆိုတော့ ဒီနေရာက အရာအားလုံး တူးဖော်ခံထားရပြီလေ ...”
“တကယ့် အရူးတွေ ပဲ။ ငါ့အတွက် တစ်ချို့တစ်လေတော့ ချန်ထားခဲ့သင့်တာ…”
“ငါ အထဲ ဝင်တော့မယ်။ ရှေ့မှာ လူတွေ ရှိတယ်...”
လင်းရှီသည် စကားဆက်ပြောရန် ပြင်နေစဉ် ရုတ်တရက် သတိပေးလိုက်ပြီး နတ်ဓားထဲကို ပြန်ဝင်သွားခဲ့သည်။ လုံချန်သည် ချက်ချင်း သတိအပြည့်ဖြစ်သွား၏။ ထို့နောက် ရှေ့သို့ အနည်းငယ် လျှောက်သွားပြီး တောအုပ်ငယ်တစ်ခုကို ဖြတ်လာလိုက်သည်။ မကြာမီ လူတစ်စုက ဝိုင်းဖွဲ့၍ အသားကင်မေကြသည်ကို မြင်လိုက်ရသည်။
လုံချန် ပေါ်လာသည့်အခါ သူတို့ အားလုံး ရုတ်တရက်လှည့်ကြည့်လိုက်ကြသည်။ လူငယ်အုပ်စုတစ်စုပင်ဖြစ်သည်။ ယောက်ျားဘေးနှင့်မိန်းကလေးများလည်း ပါဝင်ခဲ့သည်။ အသက် ၁၄ နှစ် သို့မဟုတ် ၁၅ နှစ် ဝန်းကျင်လောက်သာ ရှိကြသေး၏။ သို့သော်လည်း နှစ်ယောက်က မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
လူအုပ်ထဲ၌ အထင်ရှားဆုံးမှာ စပျစ်ဝိုင်သောက်နေသော အသက် ၃၀ နီးပါးအရွယ် အမျိုးသား တစ်ဦးဖြစ်သည်။ သက်လတ်ပိုင်းနီးပါးရှိနေပြီဖြစ်သော်လည်း အလွန်တည်ငြိမ်လှသည်။ သေချာသည်မှာ ၎င်းက ထိပ်တန်းပညာရှင်တစ်ဦးဖြစ်ပုံရ၏။
“ကောင်းကင်ယွမ်ကနဦးအဆင့် တက်ခါစ နောက်ထပ်တစ်ယောက် တွေ့ပြန်ပြီလား...” လုံချန်က တိုးညှင်းစွာရေရွတ်လက်သည်။ သူ့ရှေ့မှ အမျိုးသားက ယခင်က အဘိုးယန် ဆိုသော လူလတ်ပိုင်းနှင့် အဆင့်တူပညာရှင်ပါ။
“ညီလေး၊ စပျစ်ဝိုင်သောက်ချင်လား...”
လုံချန် တစ်ယောက်တည်း ဖြစ်နေသည်ကို မြင်လိုက်သည့်အခါ ထိုလူ၏ မျက်လုံးများ လက်ဟန်ဖြင့် ဖိတ်ခေါ်လိုက်သည်။
လုံချန်သည် အနည်းငယ်အံ့သြသွား၏။ လင်းဝူမိသားစုတွင် ရှိနေသည့်အချိန်တစ်လျှောက်လုံး သူ့အား ရင်းနှီးဖော်ရွေစွာ ဆက်ဆံသူကို တွေ့ရသည်မှာ ပထမဆုံးအကြိမ်ပင်။ ထိုလူ၏အပြုံးက အနည်းငယ်ဆိုးဝါးသော်လည်း စိတ်ရင်းအမှန် ဖြစ်ကြောင်း သိသာလှသည်။ လုံချန်က အနားသို့လျှောက်လာကာ ရယ်မောလိုက်သည်။
“သောက်ချင်ပါတယ်၊ ဒါပေမဲ့ ကောင်းတဲ့ အရာတွေ ပေးမှာလား ....”
“အမှိုက်တွေ မပြောစမ်းနဲ့။ ငါ မာတျန်းယန် သောက်စားသမျှက အားလုံး ကောင်းတဲ့ အရာတွေချည်းပဲ။ မြန်မြန်လာထိုင်လှည့်၊ အမြည်းစားရင်း စပျစ်ဝိုင် သောက်ကြည့်လိုက်။ ဒီ ကလေးတွေက အသားကင်ကိုချည်း စားနေကြတာ။ ဘယ်သူမှ ငါနဲ့ အတူ သောက်မပေးနိုင်ဘူး။ ဆိုးတာပဲ ....”
မာတျန်းယန်က စကားပြောနေရင်း လုံချန်ကို ဆွဲကာ သူ့ဘေးတွင် ထိုင်ခိုင်းလိုက်သည်။ ထို့နောက် လူငယ်တစ်ဦး အသစ်ကင်ထားသော အသားကင်အနည်းငယ်ကို ဆွဲဖဲ့၍ လုံချန်ကို ပေးလိုက်ပြီး စပျစ်ဝိုင်အိုး တစ်အိုး ကမ်းပေးကာ အားရပါးရ အော်ပြောလိုက်သည်။
“ကောင်လေး၊ ငါ့ကို မျက်နှာသာပေးမလား ...”
“ဒါပေါ့။ မင်း ငါ့ထက် နှစ်အနည်းငယ် ကြီးတဲ့အတွက် ငါ လုံချန်က မင်းကို အစ်ကိုမာ လို့ ခေါ်မယ် ...”
ကောင်းမွန်လွန်းသော စပျစ်ဝိုင်ကို ရလိုက်သည့်အခါ လုံချန်သည် ဇိမ်ခံပြီး သောက်လိုက်ပါသည်။
“ကောင်းတယ်၊ သိပ်ကောင်းတယ်။ ငါ့ စိတ်ကြိုက် လိုက်သောက်နိုင်မယ့် လူတစ်ယောက် တွေ့ရပြီ ...”
မာတျန်းယန် သည် လုံချန်ကို ကြည့်ရင်း ပို၍ကျေနပ်လာခဲ့သည်။
ဤအချိန်တွင် နံဘေးမှ လူငယ်များ အားလုံး လုံချန်ကို အေးစက်စက် စိုက်ကြည့်နေကြသည်။ အထူးသဖြင့် အသားကင်ဖဲ့ယူခံလိုက်ရသော လူငယ်လေးက ဒေါသပြည့်နှက်နေသော မျက်နှာဖြင့် ထရိုက်ချင်နေသော်လည်း မလှုပ်ရှားရဲခဲ့ပေ။
“ဒီ ကလေးတွေကို ဂရုမစိုက်နဲ့။ သူတို့ အားလုံးက ကြယ်သုံးပွင့်ပါရမီရှင်တွေ ဖြစ်လို့ တော်တော်လေး မာန်ထောင်နေကြတယ်။ လာပါ... လုံချန်! ငါတို့ နောက်တစ်နေရာ သွားပြီး စပျစ်ဝိုင်သောက်ရင်း စကားကောင်းကောင်း ပြောကြတာပေါ့ ...”
မာတျန်းယန် က လူငယ်များ၏ မပျော်မရွှင်ဖြစ်နေသော မျက်နှာများကို လျစ်လျူရှုကာ လုံချန်ကို ဆွဲခေါ်၍ တောအုပ်အနက်ပိုင်းသို့ ဝင်ရောက်လာကြသည်။ ထို့နောက် အတန်ငယ်ကြီးမားသော သစ်ကိုင်းတစ်ခုကို ရှာကာ မျက်နှာချင်းဆိုင်ထိုင်လိုက်ကြပြီး စကားစမြည်ပြောကြတော့သည်။
“အစ်ကိုမာ က ဘယ်ဂိုဏ်းခွဲက လဲ။ ဒီလူအုပ်စုကို ဦးဆောင်ပြီးတော့ ကောင်းကင်စစ်သည်နယ်မြေထဲ ဝင်လာတာ အကြောင်းရှိမယ်ထင်တယ် ...”
မာတျန်းယန်က မျက်နှာပေါ်တွင် မသက်မသာ ပြုံးလိုက်သည်။
“ငါက ရွှေဂိုဏ်းခွဲက တပည့်ခေါင်းဆောင်ပါ။ မဟာအကြီးအကဲ က ငါ့ကို ဒီမြေကမ္ဘာယွမ်အဆင့် ကြယ်သုံးပွင့်ပါရမီရှင် ကလေးတွေကို ဆန်းကြယ်အဆင့် အဆင့် ၄ နတ်ဆိုးသားရဲတွေနဲ့ လေ့ကျင့်ပေးဖို့ တာဝန်ပေးလိုက်တာ။ တကယ်ပြောရရင် ဒါက အရမ်းပျင်းစရာကောင်းတဲ့ အလုပ်ပဲ။ သူတို့ အားလုံး စကားမပြောတတ်ကြဘူး၊ တစ်ယောက်နဲ့တစ်ယောက် အမြဲ သံသယ ဝင်နေကြတာ။ ပြိုင်ဆိုင်မှုရှိတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ စပျစ်ဝိုင်သောက်ရင် အားလုံး အသုံးမဝင်ကြဘူး ...”
“အဲ့ဒါကြောင့်ကိုး ...” လုံချန်က တိတ်ဆိတ်စွာ အသားကင်များဖဲ့စားနေသော လူငယ်များကို ကြည့်လိုက်ပြီး မာတျန်းယန်၏ ခံစားချက်ကို အနည်းငယ် နားလည်လိုက်ပါသည်။ မာတျန်းယန် သည် စိတ်တိုလွယ်ပြီး ရိုးသားပွင့်လင်းသော လူတစ်ဦး ဖြစ်ပုံရသည်။ ဤ လူငယ်များနှင့် အတူ လိုက်ပါနေရခြင်းက သူ့အတွက် တကယ်ကို ခက်ခဲနေပုံပါ။ ထို့ကြောင့် လုံချန်နှင့် မတွေ့မီ နောင်တရမိနေပုံ ရသည်။
“ငါက အစိမ်းရောင်နေမင်းဌာနခွဲက လာတာ။ ကောင်းကင်စစ်သည်နယ်မြေ ထဲကို ဝင်ရောက်လာတာကလည်း ဆန်းကြယ်အဆင့် အဆင့် ၄ နတ်ဆိုးသားရဲ တချို့ကို သတ်ဖြတ်ကြည့်ဖို့ပဲ ...” လုံချန်က စပျစ်ဝိုင်သောက်ရင်း ဝိုင်အရသာကို တိတ်တဆိတ် ချီးကျူးလိုက်ပြီး ပြောလိုက်သည်။
“ဒါက အဆင့်မြင့် မျောက်ဝိုင်ပဲ။ ရဖို့ အတော်လေး ကြိုးစားခဲ့ရတာ၊ ဂရုတစိုက်သောက်သင့်တယ် ...” မာတျန်းယန်က စပျစ်ဝိုင်တစ်ငုံ သောက်ရင်း လုံချန်ကို အပေါ်အောက် ကြည့်ကာ ဆက်ပြောလိုက်သည် “ကောင်လေး၊ မဆိုးပါဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီအဆင့်ကို ရောက်နေပြီ။ ဒီ လူငယ်တွေထက် ပိုပြီး သန်မာတယ်။ တခြားသူတွေ အမြင်မှာဆိုရင် မင်းက တစ်ယောက်တည်း ဒီနေရာကို ဝင်လာတာ သေလမ်းရှာနေတာပဲလို့ထင်ကြလိမ့်မယ်။ ဒါပေမဲ့ ငါ ကြည့်ရသလောက်တော့ မင်းမှာ သတ္တိရှိတယ်။ တကယ့် ယောက်ျားကောင်းပဲ ...”
မာတျန်းယန်၏ ပြောပုံဆိုပုံက အလွန် ရိုးသားသူဖြစ်မှန်းသိသာလှသည်။ လုံချန်သည် သူ့ကို အတော်လေး သဘောကျမိသည်။
“ဒီ အသားကင်က ကောင်းကောင်း ကင်ထားပုံပဲ ...”
“အဲဒီ ကလေး ကင်ထားတာ ကောင်းလို့ ငါ မင်းကို ပေးရဲတာပေါ့။ ဒါပေမဲ့ သူ့ကြည့်ရတာ မင်းကို သင်ခန်းစာ ပေးချင်နေပုံရတယ် ...”
မာတျန်းယန်း က ကလေးများ ရှိရာသို့ လှမ်းကြည့်လိုက်ပြီး ခပ်ကျယ်ကျယ်လေသံဖြင့် ရယ်မောလိုက်သည်။
“ဒီတစ်ခါ ငါ့ တာဝန်က တကယ်ကို ပျင်းစရာ ကောင်းတယ်။ လုံချန်! မင်း ဆန်းကြယ်အဆင့် ၄ နတ်ဆိုးသားရဲတွေ ရှာချင်တယ်ဆိုရင် ငါနဲ့ အတူ လိုက်လာမလား...”
လုံချန် သည် အစက မာတျန်းယန်း၏ ကြင်နာမှုကို ငြင်းပယ်ရန် စိတ်ကူးခဲ့သော်လည်း သူ့အပေါ် အတော်လေး လေးစားမိသောကြောင့် ခေါင်းညိတ်လိုက်သည်။
“ဒါပေါ့။ အစ်ကိုမာ ရဲ့ ဖိတ်ခေါ်မှုကို ဘယ်လို ငြင်းပယ်နိုင်မှာလဲ။ ဒါ့အပြင် အစ်ကိုမာ ရဲ့ စပျစ်ဝိုင်က မလုံလောက်သေးဘူး၊ ထပ်ပြီးသောက်ချင်သေးတယ် ...”
မာတျန်းယန်က လုံချန်၏ ပခုံးကို အားပြင်းစွာ ပုတ်လိုက်သည်။
“သိပ်ကောင်းတယ်၊ မင်း တကယ်ကို ငါ့ စိတ်ကြိုက်ပဲ။ နောက်တစ်ခါ ဘာပဲဖြစ်ဖြစ် ရွှေဂိုဏ်းခွဲမှာ ငါ့ကို လာရှာပါ။ ငါတတ်နိုင်သမျှ ကူညီပေးမယ် ...”
သူတို့နှစ်ယောက်သား ခဏကြာအောင် စကားပြောနေစဉ်မှာ လူငယ်အုပ်စုက အသားကင်များ စားသောက်ပြီးစီးသွားကြပြီဖြစ်သည်။ မာတျန်းယန် က လုံချန်ကို ပြန်ခေါ်လာကာ ပစ္စည်းများ ထုပ်ပိုးပြီး အတူတူ ထွက်ခွာလာခဲ့ကြသည်။
ဤအချိန်တွင် လူငယ်များ အားလုံး လုံချန်ကို ဆိုးဆိုးရွားရွား စိုက်ကြည့်နေကြသည်။ အထူးသဖြင့် အသားကင် လုယူခံလိုက်ရသော လူငယ်က မပျော်မရွှင် ပြောလိုက်သည်။
“အကြီးအကဲမာ၊ သူက ငါတို့နဲ့ အတူ လိုက်လာမှာလား”
“ဟုတ်တယ်၊ သူက လုံချန် ဆိုတဲ့ အံ့ဩစရာ ကောင်းတဲ့ ကောင်လေးပဲ။ သူနဲ့ ရင်းရင်းနှီးနှီး နေကြပါ ...” မာတျန်းယန်း က ပြုံးလိုက်သည်။
“ဒါပေမဲ့ အကြီးအကဲမာ၊ ဒီတစ်ခေါက်လေ့ကျင့်ရေးက ငါတို့ ရွှေဂိုဏ်းခွဲ ရဲ့ ကြယ်သုံးပွင့်အဆင့် ပါရမီရှင် လေးယောက်အတွက်ပဲ မဟုတ်လား။ ဘာမှ မဆိုင်တဲ့ လူတစ်ယောက်က ဘာကြောင့် ဒီမှာ ရှိနေရတာလဲ ...”
“ဟုတ်တယ်၊ တခြား ဂိုဏ်းခွဲက လူ တစ်ယောက် ဝင်ပါလို့မရဘူး။ ဟိတ်ကောင်၊ မင်း ဘယ် အပြင်စည်းဂိုဏ်းခွဲက လဲ ...”
မာတျန်းယန် က လုံချန်ကို ကြည့်လိုက်သည်။ လုံချန်က မေးခွန်းထုတ်ခံနေရသည်ကို အနည်းငယ် မသက်မသာ ဖြစ်နေရသော်လည်း ရယ်မောလိုက်သည်။
“ငါက အစိမ်းရောင်နေမင်းဌာနခွဲက လာတာ။ ပြဿနာ ရှိလို့လား ...”
“အစိမ်းရောင်နေမင်းဌာနခွဲ ရဲ့ တပည့် လား ...”
ထို လူငယ်က နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်ရိပ်တစ်စွန်းတစ်စပေါ်လာပြီး ရယ်လိုက်သည်။
“အပြင်စည်းဂိုဏ်းခွဲ (၉)ခုထဲမှာ အစိမ်းရောင်နေမင်းဌာနခွဲက နောက်ဆုံးကနေ ရေတွက်ရင် အဆင့်(၂)ပဲ။ထိပ်ဆုံးနံပါတ်တစ်မှာ ရပ်တည်နေတဲ့ ငါတို့ ရွှေဂိုဏ်းခွဲနဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်မှာလဲ ...”
ဤလူငယ်၏ အထင်သေးနှိမ့်ချသောစကားက မာတျန်းယန် ကို အရှက်ရစေခဲ့သည်။ ပထမတော့ သူ ပြုံးနေခဲ့သေးသည်၊ သို့သော်လည်း နောက်ထပ်စကားကို ကြားလိုက်ချိန်တွင် မျက်နှာ အေးစက်သွားပြီး ပြင်းထန်သော ဖိအားတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။ လူငယ်အားလုံး တုံ့ဆိုင်းသွားကာ ဘာစကားမှထပ်ပြောရဲခြင်း မရှိကြတော့ပေ။
“မဟာအကြီးအကဲ က ငါ ဦးဆောင်ရမယ်လို့ ပြောလိုက်တယ်။ မင်းတို့ ကန့်ကွက်ချင်ရင် မဟာအကြီးအကဲ ဆီ တိုက်ရိုက်သွားပြောကြ။ အခု ဒီလိုအမှိုက်စကားတွေ ဆက်ပြောနေရင် ငါ မခွင့်လွှတ်နိုင်ဘူး ...”
မာတျန်းယန်၏ ဒေါသနှင့် ထုတ်လွှတ်လိုက်သော ဖိအားကြောင့် လူငယ်များ ကြောက်လန့်သွားကြသည်။ စကားမပြောရဲကြတော့ပေ။ သို့သော် လုံချန်ကို လှည့်ကြည့်နေသည့် အကြည့်များထဲတွင် ဝိုင်းရိုက်ချင်စိတ်များ မြင်နေရသည်။
ဤသို့ဖြင့် ... လူတိုင်းသည် တိတ်ဆိတ်စွာဖြင့် ခရီးဆက်လာခဲ့ကြသည်။
“လုံချန်၊ မင်း သူတို့နဲ့ အသေးအဖွဲ ရန်ဖြစ်နေမှာ မဟုတ်လောက်ပါဘူး.... ဟုတ်တယ်မလား ...”
“ဒါပေါ့... ”
လုံချန်က တစ်ချက်ရယ်လိုက်ပြီး လုံးဝ ဂရုမစိုက်ခဲ့ပေ။ သူတို့နှစ်ယောက်သား ရှေ့ကနေ ဦးဆောင်လျှောက်လာရင်း လမ်းတွင် လုံချန်က ရုတ်တရက် မေးလိုက်သည်။
“အစ်ကိုမာ၊ အပြင်စည်းဂိုဏ်းခွဲ(၉) ခုမှာ အဆင့်သတ်မှတ်ချက်တွေ ရှိသေးတာလား ...”
“အဲ့ဒီလို အမှိုက်အရာတွေကို ဘယ်သူက ဂရုစိုက်မှာလဲ။ ငါတို့တွေ ထိပ်ဆုံး အပြင်စည်းဂိုဏ်းခွဲ ဖြစ်နေရင်တောင်မှ အတွင်းစည်းဂိုဏ်းခွဲ ရဲ့ အမိန့်ကို နာခံရမှာပဲ။ အတိုနဲ့အရှည် လိုက်ပြီးခိုင်းနှိုင်းနေတာ အဓိပ္ပာယ် ရှိသလား ...” မာတျန်းယန်း က ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ အပြင်စည်းဂိုဏ်းခွဲ(၉) ခု ထဲမှာ ရွှေဂိုဏ်းခွဲနဲ့ ငွေဂိုဏ်းခွဲ နှစ်ခုက ကျန်တဲ့ဂိုဏ်းခွဲတွေထက် နည်းနည်းလေးပိုပြီးသန်မာတယ်၊ တကယ်တော့ အဲ့ဒီ ခွန်အားက ထူးခြားလောက်အောင်တော့ မဟုတ်ပါဘူး...”
မာတျန်းယန်၏ ရှင်းပြချက်ကို နားထောင်ရင်း လုံချန် သည် အပြင်စည်းဂိုဏ်းခွဲ(၉)ခု၏ အနေအထားကို အနည်းငယ် ပိုနားလည်လာခဲ့သည်။
“ဟုတ်သား၊ ဒါနဲ့ မင်းရဲ့ အလားအလာ အဆင့်သတ်မှတ်ချက်က ကြယ်လေးပွင့်လောက် ရှိမယ်ထင်တယ်မဟုတ်လား။ ဒါဆို မကြာခင် ကျင်းပတော့မယ့် အတွင်းစည်းဂိုဏ်းခွဲ ဝင်ခွင့်ရွေးချယ်ပွဲမှာ စာရင်းသွင်းထားပြီးပြီလား ...”
မာတျန်းယန် က အတွင်းစည်းဂိုဏ်း ဝင်ခွင့်ပြိုင်ပွဲ အကြောင်း စပြောလာသည့်အခါ လုံချန်လည်း ခေါင်းညိတ်လိုက်သည်။
“ငါ့ ဌာနခွဲရဲ့ အကြီးအကဲ က ငါ့ နာမည်ကို စာရင်းသွင်းထားပြီ။ အခု ရွေးချယ်ခံစာရင်းမှာ ပါနေတယ်...”
မာတျန်းယန်၏ မျက်လုံးများ တောက်ပလာသည်။
“မဆိုးပါဘူး ... ကောင်လေး။ မဟာအကြီးအကဲ ရဲ့ ထောက်ခံချက် ရခဲ့တာဆိုတော့ မင်းက အစိမ်းရောင်နေမင်းဌာနခွဲ မှာ ထိပ်တန်း ပါရမီရှင် ဖြစ်နေပြီထင်တယ် ...”
လုံချန် အနည်းငယ်ရယ်လိုက်သော်လည်း ငြင်းပယ်ခြင်းတော့ မရှိပေ။
“ဒီတစ်ခါ အတွင်းစည်းဂိုဏ်းခွဲ ဝင်ခွင့်အတွက် ရွေးချယ်ခံစာရင်းမှာ အစိမ်းရောင်ဧကရာဇ်ခန်းမက ချူယွန်ရှီ ဆိုတဲ့ လူငယ် တစ်ယောက် နေရာ ရသွားပြီလို့ ကြားတယ်။ ငါတို့ရွှေဂိုဏ်းခွဲမှာလည်း ဒီလိုပါရမီရှင် တစ်ယောက် ရှိတယ်၊ သူက ရွေးချယ်ခံစာရင်း မှာ ထိပ်တန်း အဆင့် ၁၀ အတွင်း ဝင်ခဲ့တယ် ...”
“ထိပ်တန်း အဆင့် ၁၀ ထဲမှာလား။ အတော်လေး ကြောက်စရာ ကောင်းတာပဲ။ ဟုတ်တယ်... ဒါနဲ့ မင်းပြောတဲ့ ပါရမီရှင် က ဘယ်လောက် သန်မာလဲ ...”
“သူလား။ တကယ်ကို ထူးခြားတယ်။ ငယ်ငယ်ကတည်းက မွေးရာပါပါရမီရှင်လို့နာမည်ကြီးခဲ့တာ။ ရွှေဂိုဏ်းခွဲ ရဲ့ မင်းသားငယ် လို့တောင် အမည်ပေးခံထားရတယ်။ အသက် ၁၈ နှစ်နဲ့တင် ကောင်းကင်ယွမ်ကနဦးအဆင့် ပညာရှင် ဖြစ်နေပြီ၊ ငါ့ထက် အများကြီး သန်မာတယ်။ သူ့ကို အပြင်စည်းဂိုဏ်းခွဲ ရဲ့ ဒုတိယ ပါရမီရှင် လို့ လူသိများတယ်”
“ဒုတိယ လား ...” လုံချန်က တုံ့ဆိုင်းသွားသည် “ဒါဆို ပထမနေရာက ဘယ်သူလဲ ...”
“ပထမနေရာ လား ...”
မာတျန်းယန်က မျက်နှာတစ်ချက်ပျက်သွားပြီး အသံ နှိမ့်ကာ ပြောလိုက်သည်။
“ပထမနေရာရဲ့ ပိုင်ရှင်က ဒဏ္ဍာရီပဲ။ သူ့ နာမည်က မိုရှောင်းလန်…”
Translator#အနှောင်အဖွဲ့ကင်းမဲ့သူ
.(သွေးနဂါးလုံချန်)
ဘာသာပြန်သူ -
အနှောင်အဖွဲ့ကင်းမဲ့သူ
(စာစဉ် - ၁၂)
အပိုင်း ၁၃၄
ထို နာမည်ကို ကြားလိုက်ရသည့်အခါ လုံချန်၏ နှလုံးသားက တုန်ခါသွားပြီး မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။
“ဘာဖြစ်တာလဲ ...”
မာတျန်းယန်က လုံချန်၏ ရုတ်တရက် ပြောင်းလဲသွားသော အမူအရာကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
ယခင်က ကန်လင်ကို မိုရှောင်းလန် အကြောင်း မေးခဲ့ရာ ဘာသတင်းအချက်အလက်မှ မပြောပြခဲ့ပေ။ သို့မဟုတ် ထုတ်မပြောရဲခြင်းကြောင့်ဟုဆိုလျှင်ပိုမှန်ပေသည်။ ယခုအခါ မာတျန်းယန်း ဆီကနေ မိုရှောင်းလန် အကြောင်း တစ်စွန်းတစ်စ သိလိုက်ရပြီ ဖြစ်သည်။
“အစ်ကိုမာ၊ ငါ လုံချန်ကို ညီအစ်ကို အဖြစ် မှတ်ယူပေးမလား...”
လုံချန်က ခေါင်းမော့ကာ မျက်လုံး တောက်ပလာပြီး မာတျန်းယန်း ကို ကြည့်လိုက်သည်။
လုံချန်က ရုတ်တရက် လေးနက်တည်ကြည်လာသည်ကို မြင်လိုက်ရသည့်အခါ မာတျန်းယန် သည် ခဏမျှအံ့သြသွားကာ ခေါင်းညိတ်လိုက်သည်။
“ငါတို့နှစ်ယောက် တွေ့တာ မကြာသေးပေမဲ့ မင်းရဲ့ စရိုက်ကို ငါ ကြိုက်တယ်။ ဒါကြောင့် ညီအစ်ကိုတစ်ဝက်လို့ ယူဆနိုင်တယ်။ တစ်ခါ အတူတူ တိုက်ပွဲ ဝင်ပြီး၊ သေခြင်းရှင်ခြင်း အခြေအနေကို ရင်ဆိုင်ဖူးရင် တစ်သက်တာ ညီအစ်ကိုတွေဖြစ်သွားမှာပဲ ...”
“ညီအစ်ကိုတစ်ဝက်လောက် ဆိုရင်တောင် လုံလောက်ပါပြီ။ တကယ်ပြောရရင် လင်းဝူမိသားစု ထဲ ဝင်လာတာ တစ်လ မပြည့်သေးဘူး။ မိုရှောင်းလန် အကြောင်း ပိုသိချင်တယ်။ ကျေးဇူးပြုပြီး ပြောပြပါလား ... အစ်ကိုမာ... ”
မာတျန်းယန် လည်း အံ့အားသင့်သွားပြီး နောက်က ရွှေဂိုဏ်းခွဲ၏ လူငယ်တပည့်များကို တစ်ချက် လှည့်ကြည့်လိုက်ကာ လုံချန်ကို တည်ကြည်စွာ ပြောလိုက်သည်။
“ငါ့ဂိုဏ်းခွဲက သူ့ အကြောင်း ထုတ်မပြောဖို့ အမိန့်ပေးထားတယ်။ မင်း တကယ် သိချင်ရင်တော့ ငါ ဒီ အမိန့်ကို ဆန့်ကျင်လိုက်မယ်။ သိပ်အရေးကြီးတာ မဟုတ်ပေမဲ့ အရင်ဆုံး မင်း သူနဲ့ ဘယ်လို ဆက်ဆံရေး ရှိလဲဆိုတာ ပြောပြပါ ...”
လုံချန်က သက်ပြင်းချလိုက်သည်။ သူတို့နှစ်ယောက်ကြား ဆက်ဆံရေးက သာမန်မဟုတ်ခဲ့ပေ။ သူက မိုရှောင်းလန် အပေါ် ကျေးဇူးအကြွေးတင်နေခြင်း ဖြစ်သည်။ ထို့နောက် ထိန်ချန်မထားဘဲ မာတျန်းယန်ကို အရာအားလုံး ပြောပြလိုက်သည်။
မာတျန်းယန် လည်း သူ့စကားကို နားထောင်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ လုံချန်သည် မိုရှောင်းလန် အပေါ် ကျေးဇူးအကြွေးတင်နေသောကြောင့်သာ စိုးရိမ်တကြီးစုံစမ်းနေခြင်း ဖြစ်ပုံရသည်။ သည့်အတွက် လုံချန်သည် မိတ်ဆွေအပေါင်းအသင်းကြားက ဆက်ဆံရေးကို အလေးအနက်ထားတတ်သူ ဖြစ်ကြောင်း သိလိုက်သည်။ မာတျန်းယန် က အသံ နှိမ့်ကာ ပြောလိုက်သည် ။
“ငါ ပြောတာ ဘယ်သူ့ကိုမှ ပြန်မပြောမိပါစေနဲ့။ မိုရှောင်းလန် ရဲ့ အလားအလာက တကယ်ကို အဆင့်မြင့်လွန်းတယ်။ အတွင်းစည်းဂိုဏ်းက ပါရမီရှင်တွေ တောင် မနာလိုဖြစ်ရတယ်ဆိုရင် ပိုမှန်လိမ့်မယ်။ အသက် ဆယ့်လေးနှစ်နဲ့တင် ကောင်းကင်ယွမ်ကနဦးအဆင့် ပညာရှင် ဖြစ်နေပြီ။ ဒါကညကြောက်စရာ ကောင်းတယ်မဟုတ်လား ...”
အသက် ဆယ့်လေးနှစ်အရွယ်ဖြင့် ကောင်းကင်ယွမ်ကနဦးအဆင့် ပညာရှင် ဖြစ်နေသည်လား။
ဆိုလိုသည်မှာ မိုရှောင်းလန်၏ခွန်အားသည် အပြင်စည်းဂိုဏ်းခွဲ(၉) ခု၏ မဟာအကြီးအကဲ များနှင့် နီးစပ်နေပြီ ဖြစ်သည်။ ကျော်ကြားခြင်းမြို့တွင် လုံချန်အား နတ်ဆိုးဆန်သော ပါရမီရှင်ဟု မြင်ခဲ့ကြသော်လည်း လင်းဝူမိသားစုတွင်မူ မိုရှောင်းလန်က နတ်ဆိုးဆန်ဆန်ပါရမီရှင် ဖြစ်နေသည်။
“မိုရှောင်းလန် က အသက် ဆယ်နှစ်အရွယ်မှာ ငွေဂိုဏ်းခွဲကို ဝင်ရောက်ခဲ့တယ်၊ ပြီးတော့ သူ့ရဲ့ကျင့်ကြံမှု အဆင့်က မြန်မြန်ဆန်ဆန်ပဲ တိုးတက်လာခဲ့တယ်။ ဒီလိုပါရမီက အပြင်စည်းဂိုဏ်းခွဲ(၉) ခုတောင် ထိတ်လန့်သွားကြတယ်။ သူ့ ကိုယ်တိုင် ဆန္ဒရှိရင်တော့ အတွင်းစည်းဂိုဏ်းခွဲ (၄ )ခု ထဲက တစ်ခုကို သေချာပေါက် ဝင်နိုင်မှာ။ ဒါပေမဲ့ အခုအခြေအနေက မဖြစ်နိုင်တော့ဘူး ...”
လုံချန် သည် မာတျန်းယန်ပြောသည့် စကားကို နားထောင်နေရင်း နားလည်နိုင်ဖြစ်နေသည်။ မိုရှောင်းလန် သည် ဤမျှ နတ်ဆိုးဆန်သောပါရမီရှင်ဖြစ်နေပါလျက် အတွင်းစည်းဂိုဏ်းထဲ ဝင်ရောက်ခဲ့ခြင်းမရှိချေ။ ရုတ်တရက် သူ့စိတ်ထဲတွင် သိလိုစိတ်ပြင်းပြလာခဲ့သည်။
“သူက ဘာကြောင့် အတွင်းစည်းဂိုဏ်းတစ်ခုခုထဲကို မဝင်ခဲ့တာလဲ ...” လုံချန်က မေးလိုက်၏။
မာတျန်းယန်က ခေါင်းခါလိုက်သည်။
“ငါလည်း မသိဘူး။ မင်း လင်းဝူမိသားစု ရဲ့ နတ်လက်နက်(၅) ခု အကြောင်း သိသလား ...”
“နတ်လက်နက်တွေ လား ...” လုံချန် သည် တစ်ခါမျှ ပင် မကြားဖူးခဲ့ပေ။
“ဟုတ်တယ်၊ လင်းဝူမိသားစုက နတ်လက်နက် (၅)ခု ပိုင်ဆိုင်ထားတယ်။ နက်လက်နက်(၄)ခုကို အတွင်းစည်းဂိုဏ်းခွဲ (၄) ခုမှာ ခွဲဝေပေးထားတယ်။ အဲဒါတွေက နဂါးစိမ်းတိုက်ပွဲဝင်လှံ၊ ဖီးနစ်ငှက်ခေါင်းလောင်း၊ ကျားဖြူနတ်ဓား နဲ့ လိပ်နက်ပုဆိန် တွေပဲ။ နောက်ဆုံးတစ်ခုဖြစ်တဲ့ ပဉ္စမမြောက်နတ်လက်နက်က ကောင်းကင်အရိပ်ဝံပုလွေနတ်ဓား လို့ခေါ်တယ်။ အဲဒီအရာကို အပြင်စည်းဂိုဏ်းခွဲ (၉)ခုက အလှည့်ကျ အတူတူမျှဝေပြီး အသုံးပြုရတယ်။ တကယ်တော့ မိုရှောင်းလန် က ဒီနတ်ဓားကို လိုချင်လို့ အပြင်စည်းဂိုဏ်းခွဲ မှာ ဆက်နေခဲ့တာပဲ။ နောက်ဆုံးမှာ သူ ရခဲ့ပါတယ်၊ ဒီထက် ပိုပြီးကြောက်စရာ ကောင်းတာက ကောင်းကင်အရိပ်ဝံပုလွေနတ်ဓား ရဲ့ အသိအမှတ်ပြုတာကို ရခဲ့ရုံတင်မကဘူး၊ နတ်ဓားထဲမှာပါတဲ့ “ကောင်းကင်အရိပ်ဝံပုလွေတိုက်ခိုက်ရေးနည်းစနစ်” ကိုပါ ပြီးပြည့်စုံတဲ့အဆင့်ထိ ကျင့်ကြံနိုင်ခဲ့တာပဲ ...”
လုံချန် သည် လင်းဝူတော်ဝင်မိသားစု၏ နတ်လက်နက် (၅) ခု နှင့်ပတ်သက်၍ ဘာမှ မသိခဲ့ပေ။ သူ အဓိက စိုးရိမ်နေသည့်အရာက မိုရှောင်းလန်၏ရနောက်ဆက်တွဲ အခြေအနေသာ ဖြစ်သည်။
“အစ်ကိုမာ၊ အဲ့ဒီနောက်ပိုင်းမှာ သူ့ အခြေအနေကဘယ်လို ဖြစ်သွားခဲ့တာလဲ ...”
မာတျန်းယန်က ခေါင်းခါလိုက်ပြီး သက်ပြင်းချလိုက်သည်။
“ဒါက… ငါ ကြားမိတဲ့သတင်းတွေအရဆို သူက အတွင်းစည်းဂိုဏ်းခွဲက ပညာရှင်တချို့နဲ့ လူငယ်ပါရမီရှင် တချို့ကို သတ်ခဲ့တယ်တဲ့။ အထက်အာဏာပိုင်တွေက သူ့ကို ပြစ်ဒဏ်ချမှတ်ခဲ့တယ်။ အဲဒီနောက် သူ့ကို မရဏကောင်းကင်ဘုံ အကျဉ်းထောင်ထဲမှာ ချုပ်နှောင်ထားလိုက်တယ် ...”
“ဘာ...”
လုံချန်သည် မာတျန်းယန် နောက်ဆုံးပြောလိုက်သည့် စကားကြောင့် အံ့သြတုန်လှုပ်သွားခဲ့ရသည်။ အစက မိုရှောင်းလန် ထွက်ပြေးသွားပြီဟု သူ ထင်နေခဲ့ခြင်းဖြစ်သည်။ ယခုတော့ လင်းဝူမိသားစုထဲ၌ပင် ဖမ်းဆီးခံထားရခြင်း ဖြစ်နေသည်။ အမှန်တိုင်းပြောရလျှင် လုံချန်က မိုရှောင်းလန် အပေါ်တွင် ကျေးဇူးအကြွေးတင်နေခဲ့သည်။ သူ၏ကျေးဇူးရှင်က အကျဉ်းချခံထားသည့် အကြောင်းကို တွေးမိသည့်အခါ လုံချန်သည် အလွန် စိတ်မကောင်းဖြစ်သွားရသည်။
“ဒါက ဘယ်လို ဖြစ်သွားရတာလဲ...”
“ငါ မသိဘူး၊ ငါ ကြားခဲ့တာ ဒါလောက်ပါပဲ။ ဒီပဋိပက္ခမှာ ဘယ်သူတွေ သေဆုံးခဲ့သလဲ ဆိုတာ အထက်အာဏာပိုင်တွေက သတင်းမထုတ်ပြန်ခဲ့ဘူး။ ဒါပေမဲ့ အပြင်စည်းဂိုဏ်းခွဲက လူ တစ်ယောက်က အတွင်းစည်းဂိုဏ်းခွဲရဲ့ အဆင့်မြင့်အာဏာပိုင်တွေ ကို သတ်ခဲ့တာ ပုံမှန် မဟုတ်ဘူးလေ။ ဒေါသကို မထိန်းနိုင်တဲ့ သူ့ ကိုယ်သူပဲ အပြစ်တင်ရမှာ ...”
မိုရှောင်းလန် ကို တွေးမိသည့်အခါ မာတျန်းယန်၏လေသံထဲတွင် နောင်တရနေသည့်ခံစားချက်တို့ အနည်းငယ် ပါဝင်နေသည်။
“အစ်ကိုမာ၊ မရဏကောင်းကင်ဘုံအကျဉ်းထောင်က ဘယ်နေရာမှာရှိတာလဲ ...” လုံချန်က စိတ်ကိုတည်ငြိမ်အောင်လုပ်ကာ မေးလိုက်သည်။
မာတျန်းယန် က သူ့ကို လှည့်ကြည့်လိုက်ပြီး လေးနက် တည်ကြည်စွာ ပြောလိုက်သည်။
“မရဏကောင်းကင်ဘုံအကျဉ်းထောင်က လင်းဝူမိသားစုရဲ့ ရာဇဝတ်မှု ကျူးလွန်တဲ့ အပြစ်သားတွေကို ချုပ်နှောင်ထားတဲ့ နေရာတစ်ခုပဲ။ အရမ်းအန္တရာယ်များတဲ့အပြင် အကျဉ်းထောင်က ကောင်းကင်စစ်သည်နယ်မြေရဲ့ အလယ်ဗဟိုမှာ တည်ရှိတယ်။ အဲဒီနေရာမှာ အဆင့်မြင့်ပညာရှင်တွေအပြင် အဆင့်မြင့် ဆန်းကြယ်အဆင့် နတ်ဆိုးသားရဲတွေပါ စောင့်ကြပ်နေတာ။ သူ့ကို ကယ်ဖို့ အိပ်မက်မက်မနေပါနဲ့။ မင်းရဲ့ အလားအလာက တော်တော်ကောင်းပေမဲ့ မြေကမ္ဘာယွမ်နယ်မြေကို ဖြတ်ကျော်ဖို့ တောင် ခက်ခဲလိမ့်မယ်။ ကောင်းကင်ယွမ်နယ်မြေနဲ့ မရဏကောင်းကင်ဘုံအကျဉ်းထောင်ကိုတော့ ထည့်ပြောနေစရာတောင် မလိုတော့ဘူး...”
“ကောင်းကင်ယွမ်နယ်မြေရဲ့ အလယ်ဗဟိုမှာ ရှိတာတဲ့လား ...” လုံချန်သည် အပြင်ပန်းတွင် တည်ငြိမ်နေပုံရသော်လည်း တကယ်တမ်း စိတ်ထဲတွင် စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့သည်။
မာတျန်းယန်က လုံချန်ကို ပခုံးတစ်ချက်ပုတ်လိုက်ရင်း နောင်တရနေပုံဖြင့် သက်ပြင်းချကာ ပြောခဲ့သည်။
“လင်းဝူမိသားစု မှာ ငါတို့မသိနိုင်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ တည်ရှိမှုတွေ အများကြီးရှိနေတယ်။ ငါတို့ နှစ်ယောက်က ဒီအင်အားစုကြီးရဲ့ မျက်စိထဲမှာတော့ သေးငယ်တဲ့ ပုရွက်ဆိတ်နှစ်ကောင်လောက်ပဲ ရှိတယ်။ မင်းက တစ်စုံတစ်ခုကို စိတ်ရှိသလိုလုပ်ဆောင်ချင်တယ်ဆိုရင် အထွတ်အထိပ်မှာရပ်တည်နိုင်တဲ့အထိ စောင့်ဆိုင်းရမယ် ...”
မာတျန်းယန်း၏ စကားကို ကြားလိုက်သည့်အခါ လုံချန်သည် မိုရှောင်းလန်အား ကယ်ရန် အတွေးကို ယာယီဖိနှိပ်ထားလိုက်သည်။
မိုရှောင်းလန် အကြောင်း ဆွေးနွေးပြီးနောက် လုံချန်သည် အရင်ထက်ပိုပြီး လေးနက်တည်ကြည်လာခဲ့သည်။ မာတျန်းယန် က သူ့ကို မနှောင့်ယှက်ပေ။ ဖြည်းညှင်းစွာ ရှေ့ဆက်လာကြရင်း နောက်လှည့်၍ လူငယ်များကို လက်ဟန်ပြကာ ပြောလိုက်သည်။
“ကလေးတွေ၊ မြေကမ္ဘာယွမ်နယ်မြေရဲ့ အလယ်ဗဟိုနဲ့ နီးလာပြီ။ ရောက်ရင် ပတ်ဝန်းကျင်ကအခြေအနေကို အပြည့်အဝ အာရုံစိုက်ထားကြ။ မင်းတို့အထဲကတစ်ယောက်ယောက် သေသွားရင် ငါ တာဝန်မယူနိုင်ဘူး ...”
မြေကမ္ဘာယွမ်နယ်မြေ၏အလယ်ဗဟိုသို့ ဝင်ရောက်လာပြီ ဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ လူငယ်အားလုံး ကြောက်လန့်သွားကြပြီး ပတ်ဝန်းကျင်ကို စိုးရိမ်စွာ လှည့်ကြည့်နေကြသည်။
ဤအချိန်တွင် လူငယ်တစ်ဦးက လုံချန်ကို လှမ်းကြည့်ရင်း အသံတိုးတိုးလေးပြောလိုက်သည်။
“သူ့ကြည့်ရတာ အကြီးအကဲမာ နဲ့အတူ ငါတို့ကို ကာကွယ်ပေးဖို့ လိုက်လာတာထင်တယ်။ ဒါက တော်တော်လေး ရယ်စရာကောင်းမနေဘူးလား ...”
လုံချန်က ထိုလူငယ်လေးများနှင့် အတိုက်အခံ ပြန်ပြောမနေဘဲ အနည်းငယ်ပြုံးလိုက်ရုံသာ။
“ညီလေးလုံ! အခုလောလောဆယ် သူတို့နဲ့ အတူ နေလိုက်ဦး။ ငါ မကြာခင် တိုက်ပွဲ ဝင်ရတော့မှာ။ မင်းကို ဂရုမစိုက်အားသေးဘူး။ တိုက်ပွဲဖြစ်လာရင် အလျင်စလိုထွက်မပြေးမိစေဖို့ သတိရပါ ...”
မာတျန်းယန်က လုံချန်ကို ရွှေဂိုဏ်းခွဲ၏ လူငယ်တပည့်များနှင့် အတူနေခိုင်းလိုက်သည်။
သို့သော် လုံချန် လျှောက်လာသည့်အခါ လူငယ်များက လုံချန်ကို အပေါင်းအသင်းမလုပ်လိုဟန်ဖြင့် ကိုယ်ပိုင်အုပ်စု တစ်စု ဖွဲ့လိုက်ပြီး ရန်လိုစွာ စိုက်ကြည့်နေကြသည်။ သူတို့၏အကြည့်များက သူ့ ခန္ဓာကိုယ်ပေါ်တွင် အနံ့ဆိုးတစ်ခု ရှိနေသလို ခံစားရစေသည်။
“တကယ်ပဲ ဒေါသထွက်စရာကောင်းလိုက်၊ ဒီ ကလေးတွေ ...”
မာတျန်းယန် စိတ်တိုလာသည့်အခါ လုံချန်က လက်ခါပြပြီး တားဆီးလိုက်သည်။
“အစ်ကိုမာ၊ အဆင်ပြေပါတယ်။ စိတ်မပူပါနဲ့၊ သူတို့ မရှိရင်တောင် ငါ ဘာမှမဖြစ်ဘူးဆိုတာ အာမခံပါတယ် ...”
ထိုအခါမှ မာတျန်းယန်လည်း ခေါင်းညိတ်လိုက်သည်။ အမှန်တော့ သူ့စိတ်ထဲ၌ တစ်စုံတစ်ခုကို တွေးမိလိုက်လို့ပင်။ လုံချန်သည် အစိမ်းရောင်နေမင်းဌာနခွဲ၊ မဟာအကြီးအကဲ၏ ထောက်ခံပေးခြင်း ခံရသည့်အတွက် ဤကလေးများထက် ပိုပြီးသန်မာပေလိမ့်မည်။
“အသုံးမကျတဲ့ ကောင်ပဲ။ တခြားသူတွေ ကို နှိမ့်ချပြီးပြောနေတာလား ...”
“အကြီးအကဲမာ ကို ဖားယားနေလိုက်တာ။ သူက သားရဲဝိညာဉ်ပုလဲနဲ့ နတ်ဆိုးအမြုတေကို လိုချင်နေတာများလား။ ဘာ... ဒါဆို သူ့ကို အလွယ်တကူ မရအောင် လုပ်ရမယ် ...”
လုံချန်က လူငယ်အုပ်ကို ဂရုမစိုက်ဘဲ နောက်ခပ်လှမ်းလှမ်းသို့ လျှောက်သွားခဲ့သည်။ မာတျန်းယန် သာ မရှိပါက ထိုလူငယ်လေးများနှင့် အတူသွားလာရန် စိတ်မဝင်စားပေ။
သို့သော် မမျှော်လင့်ဘဲ မာတျန်းယန်း ဆီကနေ မိုရှောင်းလန် အကြောင်းကို သတင်း ရလိုက်ခြင်းက သူ့အတွက် မှန်ကန်သော ရွေးချယ်မှု ဖြစ်ကြောင်း သက်သေပြနေသည်။
“သူတို့ ပေးတဲ့ အချက်အလက်က မှန်တယ်ဆိုရင် ငါတို့ရှေ့က လှိုဏ်ဂူထဲမှာ ဆန်းကြယ်အဆင့် ၄ နတ်ဆိုးဝံပုလွေ တစ်ကောင် ရှိနေလိမ့်မယ်။ ဒီကောင်က အရမ်း ရက်စက်ပြီး အားလည်းကောင်းတယ်။ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ပညာရှင်တွေ တောင် ကိုင်တွယ်ရခက်တယ်၊ ငါ မပါရင်ပေါ့ ...”
“ဆန်းကြယ်အဆင့် ၄ နတ်ဆိုးဝံပုလွေ” ဆိုသော နာမည်ကို ကြားလိုက်ရသည့်အခါ လူငယ်များ အားလုံး ကြောက်လန့်သွားကြတော့သည်။ တစ်ယောက်က တုန်တုန်ယင်ယင်အသံဖြင့် ပြောလာသည်။
“အကြီးအကဲမာ၊ ငါတို့ရဲ့ လေ့ကျင့်မှုက ဒီနတ်ဆိုးဝံပုလွေ နဲ့ လား ...”
မာတျန်းယန် က ဒေါသထွက်နေသည့်အမူအရာဖြင့် ထိုလူငယ်ကို လှည့်ကြည့်လိုက်သည်။
“ကောင်လေး၊ ဒီမေးခွန်းကိုပဲ ဆယ်ခါမက မေးပြီးပြီ။ မင်း ကြောက်နေတာလား။ ကြောက်ရင် ထွက်သွားစမ်း။ မင်းတို့က တိုက်ပွဲကို ကြည့်ပြီးလေ့လာရုံပဲ၊ ဘာမှ လုပ်စရာ မရှိဘူး။ ဘာကို ကြောက်နေတာလဲ ...”
မာတျန်းယန် ဒေါသထွက်နေကြောင်း မြင်သောအခါ ထိုလူငယ်လေး ခေါင်းငုံ့သွားသည်၊ စကားထပ်မပြောရဲတော့ပေ။
“မဟာအကြီးအကဲ ပေးလိုက်တဲ့အချက်အလက်အရ ဒီနေရာမှာ အဆင့် ၄ နတ်ဆိုးဝံပုလွေ ရှိတယ်ဆိုလို့ ငါ့ကို ဦးဆောင်သွားခိုင်းတာ။ ငါက အရှိန်အဟုန်ကို အဓိကအားပြုတဲ့ ကျင့်ကြံသူ ဆိုတော့ ဒီလိုနတ်ဆိုးဝံပုလွေ သုံးကောင်လောက် သတ်ဖြတ်ခဲ့ဖူးတယ်။ ပြောချင်တာက ငါ အတွေ့အကြုံ ရှိတယ်။ မင်းတို့ ကောင်လေးတွေ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ အားလုံးက ရွှေဂိုဏ်းခွဲ ရဲ့ အဖိုးတန်ရတနာတွေ ဖြစ်နေလို့ ဘာမှ မဖြစ်ပါစေနဲ့ လို့ပဲ မျှော်လင့်တယ် ...”
မာတျန်းယန်က စကားပြောပြီးနောက် လူငယ်များအား တိုက်ပွဲကို ဖုံးကွယ်ပြီး ကြည့်ရှုနိုင်ရန် နေရာ တစ်ခု စီစဉ်ပေးလိုက်သည်။ ထို့နောက် လုံချန်ကို အဓိပ္ပာယ်ရှိသော အကြည့်တစ်ချက် ပေးလိုက်ပြီး ရှေ့ခပ်လှမ်းလှမ်းရှိ လှိုဏ်ဂူဆီသို့ လျှောက်သွားခဲ့သည်။
ဤနေရာသည် လူသူ ကင်းမဲ့ပြီး တိတ်ဆိတ်သော တောအုပ်ငယ်တစ်ခု ဖြစ်ပုံရသည်။ မနီးမဝေးတွင် စိမ်းလန်းစိုပြည်သော ရေကန်ငယ်လေး တစ်ခုလည်း ရှိနေ၏။ ရေကန်နံဘေးတွင် နွယ်ပင်များ၊ ခြုံနွယ်များ၊ သစ်ရွက်များဖုံးလွှမ်းနေသော ကျောက်ဂူ တစ်ခု ရှိနေပါသည်။ ထို့အပြင် သစ်ရွက်များအပေါ်တွင် နင်းချေခံထားရသော ခြေရာများလည်း ရှိခဲ့သည်။ အနီးအနားရှိ ကျောက်ဆောင်များပေါ်၌ ဧရာမလက်သည်းရာများ ရှိနေပြီး မြင်ရသူတိုင်းကို ရင်ထဲ တုန်ခါသွားစေခဲ့သည်။
“ဂူ အမြင့်ကို ကြည့်တာနဲ့ ဒီအထဲမှာ ရှိတဲ့ နတ်ဆိုးဝံပုလွေက အရွယ်အစား တော်တော်လေး ကြီးမားလောက်တယ်…” လုံချန်က ခန့်မှန်းလိုက်သည်။
ဤအချိန်တွင် မာတျန်းယန် သည် နတ်ဆိုးဝံပုလွေ အသိုက်ထဲသို့ လျှောက်ဝင်လာရင်း မျက်နှာတစ်ခုလုံး လေးနက်တည်ကြည်နေခဲ့သည်။ ရုတ်တရက် ကျောက်တုံး တစ်တုံး ကောက်ယူကာ ဂူအတွင်းပိုင်းထဲသို့ လှမ်းပစ်လိုက်သည်။
“ဟေး... သောက်ရူး နတ်ဆိုးဝံပုလွေကောင်! ထွက်လာခဲ့စမ်း...”
မာတျန်းယန်၏ ကျယ်လောင်သော အော်ဟစ်ကျိန်ဆဲသံက ဂူအတွင်းပိုင်းတစ်လျှောက် ပျံ့လွင့်တိုးဝင်သွားပြီး ကျောက်တုံး နှင့် အတူ ပါသွားသည်။ မကြာလိုက်ပေ၊ ဂူ အတွင်းကျဆုံးအပိုင်းကနေ ဝံပုလွေ အူသံ ထွက်ပေါ်လာပြီး ကျောက်ဂူကြီး တစ်ခုလုံးပင် တုန်ခါသွားခဲ့သည်။
“ဘာ... သောက်ကျိုးတော့နည်းပြီထင်တယ်... ”
မာတျန်းယန် နှင့် လုံချန် အပါအဝင် လူငယ်များအားလုံးလည်း မျက်နှာများ ဖြူဖျော့သွားခဲ့ကြသည်။ သူတို့ ကြားလိုက်သည့်အသံထဲမှာ ဝံပုလွေအူသံ နှစ်မျိုး ဖြစ်နေလို့ပင်။
“နတ်ဆိုးဝံပုလွေနှစ်ကောင် ရှိနေတာလား။ ဒါဆို ဂူထဲမှာရှိနေတာက ဆန်းကြယ်အဆင့် ၄ နတ်ဝံပုလွေတစ်ကောင်တည်း မဟုတ်ဘဲနဲ့ နှစ်ကောင်ပေါ့... ”
မမျှော်လင့်ထားသော အဖြစ်အပျက်ကြောင့် မာတျန်းယန်၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားခဲ့သည်။ ဤ အခြေအနေကို သူလည်း မမျှော်လင့်ခဲ့ချေ။
“အားလုံးပဲ ... ထွက်ပြေးကြတော့” ဟု ပြောပြီး ကမန်းကတန်း နောက်ပြန်ဆုတ်ပြေးလာခဲ့သည်။ သူ အော်ပြောလို့မှမဆုံးသေးပေ၊ ကောင်းကင်ကိုပင် ဖုံးလွှမ်းနိုင်သော ဧရာမနတ်ဆိုးဝံပုလွေကြီးနှစ်ကောင် ခုန်ထွက်လာပြီး မြေပြင်တစ်ခုလုံးလည်း ပြင်းထန်စွာတုန်ခါသွားခဲ့သည်။
လုံချန်လည်း ခေါင်းမော့ကြည့်လိုက်ရာ လေးဖက်ထောက် ရပ်နေသော်လည်း အမြင့် ၄ မီတာခန့်ရှိသော ဧရာမဝံပုလွေနက်ကြီးနှစ်ကောင်ကို မြင်လိုက်ရသည်။ မြင်ရသည်မှာ တော်တော်လေးကို ကြောက်လန့်စရာ ကောင်းနေခဲ့သည်။
ထွက်ပေါ်လာသော နတ်ဆိုးသားရဲ နှစ်ကောင်စလုံးသည် ဆန်းကြယ်အဆင့် ၄ နတ်ဆိုးဝံပုလွေများဖြစ်နေ၏။ တစ်ကိုယ်လုံး မည်းနက်သော အမွေးအမျှင်များ ဖုံးလွှမ်းထားပြီး အသားအရေကလည်း ထူထပ်မာကြောကာ သတ္တုပြားကဲ့သို့ ဖြစ်နေသည်။ သွားတစ်ချောင်းစီမှာလည်း သံမဏိတူအသေးစားများ စီတန်းထားသည်နှင့်တူလေသည်၊ ဧရာမမျက်လုံးကြီးနှစ်လုံးမှ သွေးဆာရက်စက်မှုများ ပြည့်နှက်နေလေသည်။
ဤအချိန်တွင် နှစ်ကောင်စလုံး ဆွဲဆွဲငင် အူနေလေသည်။ မာတျန်းယန်၏ လုပ်ရပ်က ၎င်းတို့အား ဒေါသထွက်စေခဲ့ကြောင်း သိသာထင်ရှားသည်။ ဆန်းကြယ်အဆင့် ၄ နတ်ဆိုးဝံပုလွေနှစ်ကောင်၏ အဆက်မပြတ် အူသံများကြောင့် အဖွဲ့ထဲမှ မိန်းကလေးတစ်ယောက်ဆိုလျှင် ကြောက်လန့်လာပြီး ငိုကြွေးလေတော့သည်။
ဧရာမနတ်ဆိုးဝံပုလွေကြီးနှစ်ကောင် ဒေါသပြင်းထန်နေပုံကို မြင်လိုက်ရသည့်အခါ လုံချန်သည် အနည်းငယ် စူးစမ်းလိုစိတ်ဖြစ်လာသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် ကျောက်လှိုဏ်ဂူအတွင်းပိုင်းသို့ ပြေးဝင်သွားပြီး အထဲရှိအခြေအနေကို ကြည့်ရှုလိုက်သည်။ ထိုအခါမှသာအရာအားလုံး ရှင်းရှင်းလင်းလင်း သိသွားခဲ့တော့သည်။
“လခွမ်း .... ဘယ်လိုဖြစ်ပြီးတော့ ဆန်းကြယ်အဆင့် ၄ နတ်ဆိုးဝံပုလွေ တစ်ကောင်ကနေ နှစ်ကောင် ဖြစ်သွားလဲ တွေးနေတာ။ တစ်ကောင်က မိတ်ဖက်ရှာတွေ့ပြီး မျိုးပွားဖို့ ကြိုးစားနေတာ ဖြစ်မယ်။ အစ်ကိုမာ! မင်းက သူတို့ရဲ့ အရေးကြီးလုပ်ငန်း လုပ်နေတဲ့အချိန်မှာ အနှောင့်အယှက်သွားပေးမိတာပဲ။ ရလာဒ်က… သိသာနေတယ်…”