← Chapters

အခန်း (၁၃၅-၁၃၆)

Vol. 12 Ch. 135-136

အခန်း (၁၃၅-၁၃၆)

Vol. 12 Ch. 135-136

[စာစဉ် - ၁၂(အပိုင်း ၁၃၅)]

“သောက်ကျိုးနည်းပါကွာ... ။ ဘဝက ဒီလိုပဲ ခဏခဏ လှည့်စားခံရတာပဲလား။ လင်းဝူမိသားစုကနေ ပေးလိုက်တဲ့ အချက်အလက်မှာ ဒီနေရာမှာ ဆန်းကြယ်အဆင့် ၄ နတ်ဆိုးဝံပုလွေ တစ်ကောင်ပဲ ရှိမယ်လို့ ဖော်ပြထားတယ်။ အခုလိုမျိုး ဝံပုလွေနှစ်ကောင်က မိတ်လိုက်ဖို့ ကြိုးစားနေမယ်ဆိုတာ ဘယ်လိုလုပ်သိနိုင်မှာလဲ ...” မာတျန်းယန်က ဒေါသတကြီးဖြစ်ကာ အတော်လေးထိတ်လန့်သွားမိသည်။ လက်ရှိအချိန်တွင် သူ့အနေဖြင့် ကျော်လွှားနိုင်ရန် မသေချာသော အခက်အခဲနှင့် ကြုံတွေ့နေရပြီ ဖြစ်သည်။

ဆန်းကြယ်အဆင့် ၄ နတ်ဆိုးသားရဲများထဲတွင် နတ်ဆိုးဝံပုလွေ သည် ခွန်အားနှင့် တိုက်ခိုက်ရေးစွမ်းအားအရ ထိပ်တန်းအဆင့်မှာ ရှိနေလို့ပင်။

မာတျန်းယန်က ဆန်းကြယ်အလယ်အလတ်အဆင့် တိုက်ခိုက်ရေးနည်းစနစ်ကို လေ့ကျင့်ကြံထားသည့်အတွက် နတ်ဆိုးဝံပုလွေ တစ်ကောင်ကို အသာအယာ ကိုင်တွယ်နိုင်ပါသည်။ သို့သော် နှစ်ကောင် ဆိုလျှင်တော့ သူလည်း ဘာမှမတတ်နိုင်တော့ပေ။

ဂူထဲမှ ခုန်ထွက်လာသော နတ်ဆိုးဝံပုလွေ နှစ်ကောင်အနက် အထီးနှင့် အမ တစ်ကောင်စီ ဖြစ်သည်။ နှစ်ကောင်လုံး မာတျန်းယန်း ဆီသို့ တရကြမ်း ခုန်ဝင်လာလေသည်။ မာတျန်းယန် က ကျန်လူများ ထွက်ပြေးနိုင်ရန်အတွက် အခွင့်အရေးဖန်တီးပေးခဲ့သည့်အတွက် နတ်ဆိုးဝံပုလွေနှစ်ကောင်၏လက်ထဲမှ လွတ်မြောက်ရန် မဖြစ်နိုင်သလောနီးပါးပင်။ ဤအချိန်တွင် သူ့ခန္ဓာကိုယ်ထက် နှစ်ဆက်လောက်ပိုကြီးမားသော ဝံပုလွေလက်သည်းကြီးတစ်ဖက်ကမာန်တျန်းယန်၏ခါးကို ဖမ်းဆွဲလာသည်။ ဖမ်းဆုပ်မိသွားပါက မာတျန်းယန်အနေဖြင့် ခါးလယ်ကနေ နှစ်ပိုင်း ပြတ်ထွက်သွားပေလိမ့်မည်။

သို့သော် မာတျန်းယန်က အရမ်းကြီးထိတ်လန့်မသွားဘဲ ရွှေဂိုဏ်းခွဲ၏ လူငယ်တပည့်များကို အရင်ဆုံး ထွက်ပြေးခိုင်းလိုက်သည်။ ထိုကလေးများ ထွက်ပြေးသွားပြီးနောက် သူလည်း အစွမ်းကုန်သုံးပြီး ထွက်ပြေးလွတ်မြောက်ရန် စဉ်းစားထား၏။ သို့သော် မမျှော်လင့်ထားသော ပြဿနာက လူငယ်လေးများ၏ စိတ်ဓာတ်ပိုင်း အလွန် အားနည်းနေခြင်းပင်။

ဧရာမနတ်ဆိုးဝံပုလွေကြီးနှစ်ကောင်က အလွန် ကြောက်မက်ဖွယ် ကောင်းနေသောကြောင့် မာတျန်းယန်၏ ထွက်ပြေးခိုင်းသည့်အသံကို ကြားလိုက်သော်လည်း လူငယ်လေးများမှာ ထွက်ပြေးရန်သတိမရကြပေ။ အများစုက ကြောက်ရွံ့ထိတ်လန့်မှုကြောင့် ထွက်ပြေးရန်မေ့လျော့သွားကြပုံပါ။ တစ်ချိန်တည်းတွင် မိန်းကလေးတပည့်များ ထံမှ အော်ဟစ်ငိုကြွေးသံများ ဆူညံစွာ ထွက်ပေါ်လာလေသည်။

နတ်ဆိုးဝံပုလွေနှစ်ကောင်သည် လူငယ်အုပ်စုကို သတိမထားမိပုံပင်။ မာတျန်းယန်ကိုသာ အာရုံစိုက်နေကြသည်။ ၎င်းတို့ရှေ့မှ ဤလူသားသည် အရေးကြီးဆုံးအခိုက်အတန့်တွင် အနှောင့်အယှက်ပေးခဲ့သည့်အတွက် အသားပြားဖြစ်အောင် နင်းချေပစ်မှသာ နှစ်ကောင်စလုံး၏ ဒေါသများ ငြိမ်းသက်နိုင်မည် ဖြစ်သည်။

သို့သော် ဆက်တိုက်ငိုကြွေးနေသော ဆူညံသံများကြောင့် အားနည်းပျော့ညံ့နေသော လူသားများ ရှိနေသေးကြောင်း သတိပြုမိသွားကြတော့သည်။ နတ်ဆိုးဝံပုလွေနှစ်ကောင်ထဲမှ တစ်ကောင်က စူးရှစွာ အူလိုက်ပြီး လုံချန် ရှိရာသို့ ပြေးဝင်လာခဲ့တော့သည်။ မျက်တောင်တစ်ချက်ခတ်စာအတွင်းမှာပင် လူတိုင်းရှေ့သို့ ရောက်လာခဲ့လေသည်။

“မဟုတ်ဘူး...”

မာတျန်းယန်း က စိုးရိမ်တကြီးအသံဖြင့် အော်ဟစ်လိုက်ပြီး သူ့အရှိန်ကို အမြင့်ဆုံးထိတင်ကာ ထိုနတ်ဆိုးဝံပုလွေ နောက်သို့ တရကြမ်းပြေးလိုက်လာခဲ့သည်။ သို့သော် သူ့အရှိန်က နတ်ဆိုးဝံပုလွေထက် မဆိုသလောက်ကလေး နောက်ကျသွားခဲ့၏။ သူ အမြန်ဆုံး ရောက်သွားခဲ့လျှင်ပင် ဘာမှတတ်နိုင်တော့မည်မဟုတ်၊ ကျန်နေမည်မှာ အလောင်းများသာ ဖြစ်ပေလိမ့်မည်။ အကြောင်းမူကား မျက်စိတစ်မှိတ်သာကြာနိုင်သော်လည်း ဆန်းကြယ်အဆင့် ၄ နတ်ဆိုးဝံပုလွေ၏ခွန်အားက ဤလူငယ်လေးများ ရင်ဆိုင်နိုင်သောအရာ မဟုတ်လို့ပင်။

မည်သူမျှ ထွက်မပြေးနိုင်တော့ကြောင်း မြင်လိုက်ရသည့်အခါ မာတျန်းယန်သည် စိတ်ပျက်လက်ပျက်ဖြစ်သွားပြီးနောက် ချက်ချင်း အော်ဟစ်လိုက်သည်။

“မပြေးကြနဲ့တော့၊ အားလုံးပေါင်းပြီး တိုက်ခိုက်ကြ ...”

တစ်ယောက်ယောက်က နတ်ဆိုးဝံပုလွေ၏ အရင်ဆုံးတိုက်ခိုက်လာမှုကို တားဆီးပေးနိုင်ပါက မာတျန်းယန် အချိန်မီရောက်နိုင်ပါလိမ့်မည်။

မာတျန်းယန် က ဤလူငယ်လေးများကို သဘောမကျသော်လည်း သူတို့နောက်ခံများကား အတော်လေးထူးခြားနေသည်။ အားလုံး အသက်ငယ်ငယ်ကတည်းက လင်းဝူမိသားစု၏ အပြင်စည်းဂိုဏ်းခွဲ တွင် ကြီးပြင်းလာကြသည်။ သူတို့၏ မိဘအုပ်ထိန်းသူများမှာလည်း အစောင့်အရှောက်များ သို့မဟုတ် အဆင့်မြင့်အာဏာပိုင်တချို့ပင် ပါနေလေသည်။ ထို့အပြင် ယခုခေါ်လာသော လူငယ်လေးများ သေဆုံးသွားပါက ရွှေဂိုဏ်းခွဲ၏ အင်အားလည်းအနည်းနှင့်အများ ကျဆင်းသွားနိုင်သည်။ ထိုထက်ပို၍ အရေးကြီးသည်မှာ သူကိုယ်တိုင်ပါ အသတ်ခံရနိုင်လို့ပင်။

ဤလူငယ်လေးများသာ ပူးပေါင်းပြီးတားဆီးနိုင်လျှင် မာတျန်းယန်က အချိန်မီရောက်နိုင်ပါမည်။သို့သော် လက်တွေ့မှာတော့ သူတို့၏လုပ်ရပ်ကြောင့် မာတျန်းယန် သည် စကားမပြောနိုင်လောက်အောင်ပင်ဖြစ်သွားတော့သည်။ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် လူငယ်တပည့်များ အားလုံး ကြောက်လန့်စွာ ထွက်ပြေးသွားကြလို့ပင် ဖြစ်သည်။ ကျန်ရှိနေသော လူများက သာမန် မြေကမ္ဘာယွမ်အဆင့်တပည့်များသာ။ ၎င်းတို့ဆိုလျှင် နတ်ဆိုးဝံပုလွေ၏ လက်သည်းတစ်ချက်ကုတ်ဖဲ့ရုံဖြင့် အသားပြားများ ဖြစ်သွားနိုင်သည်။

ဤမြင်ကွင်းကို တွေးမိသည့်အခါ မာတျန်းယန်သည်နှလုံးသားတစ်ခုလုံး အေးစက်သွားခဲ့ရသည်။ သူ့ခွန်အားကို အကန့်အသတ်ထိထုတ်ဖော်၍ အရှိန်ကို ပိုပြီးမြန်ဆန်အောင် ကြိုးစားနေခဲ့သည်။

ဤအချိန်တွင် ကောင်းကင် အထက်မှ ဧရာမဝံပုလွေပုံရိပ်ကြီး ချဉ်းကပ်လာပြီး ပြင်းထန်သော သွေးညှီနံ့များပါ ပျံ့လွင့်လာသောကြောင့် ကြယ်သုံးပွင့်အဆင့်ပါရမီရှင်ဟူ၍ သတ်မှတ်ခံထားရသည့် လူငယ်တပည့်များအားလုံး အော်ဟစ်ငိုကြွေးလုမတတ်ဖြစ်နေကြသည်။ ခန္ဓာကိုယ်များ အဆက်မပြတ်တုန်ယီနေကာ မြေပြင်ပေါ် လဲကျသွားကြသည်။ လက်ရှိအခြေအနေအရ နတ်ဆိုးဝံပုလွေကို တိုက်ခိုက်နိုင်သူ မရှိတော့ပေ။

“သွားပြီ ...၊ အားလုံးဆုံးရှုံးပြီ …”

မာတျန်းယန်သည် ပြေးလာနေရင်း ခန္ဓာကိုယ်တစ်ချက်တုန်ခါသွားကာ မျှော်လင့်ချက် အားလုံး ပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။

သို့သော် လူတိုင်း စိတ်လျော့သွားကြသော အချိန်တွင် လူရိပ်တစ်ခု ရုတ်တရက် ပြေးထွက်လာပြီး နတ်ဆိုးဝံပုလွေ၏ဧရာမခန္ဓာကိုယ်ကြီးနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ ဘန်းခနဲ ပေါက်ကွဲသံတစ်ချက် ကျယ်လောင်စွာ ထွက်ပေါ်လာပြီးနောက် ဧရာမနတ်ဆိုးဝံပုလွေကြီးကို နောက်သို့ အနည်းငယ်ပြန်ဆုတ်သွားစေခဲ့သည်။ လူပုံရိပ် ကိုယ်တိုင်လည်း ၁၀ မီတာကျော်လောက် ပြန်ဆုတ်သွားရပြီးမှ တည်ငြိမ်သွားခဲ့သည်။

“လုံချန် လား... ”

လုံချန်က ဧရာမနတ်ဆိုးဝံပုလွေကြီးကို တားဆီးလိုက်ကြောင်း မြင်လိုက်ရသည့်အခါ စိတ်ပျက်အားလျော့နေသော မာတျန်းယန်သည် အားပြန်တက်လာခဲ့သည်။ အစက လုံချန် ရှိနေသည်ကို မေ့လျော့နေခဲ့၏။ သို့သော် မမျှော်လင့်ထားသည့်အခြေအနေတွင် လုံချန်က ရှေ့ထွက်လာပြီး လူတိုင်းကို ကယ်တင်လိုက်သည်။

“သူက ဘယ်လိုဖြစ်ပြီး ဒဏ်ရာမရတာလဲ ...”

လုံချန်၏ မျက်နှာပေါ်တွင် ဖုန်မှုန့် အနည်းငယ် ရှိနေရုံကလွဲ၍ ဘာဒဏ်ရာဒဏ်ချက်မှ မရခဲ့ချေ။ အစောပိုင်းတုန်းက အထင်အမြင်သေးနေသော လူတိုင်း အံ့သြတုန်လှုပ်နေကြသည်။

တစ်ဖက်တွင် လုံချန် ကတော့ စိတ်ထဲ၌ ကျိန်ဆဲနေခဲ့သည်။

“ဒီ မကောင်းဆိုးဝါး ကောင်။ ငါ နဂါးဝိညာဉ်အသွင် မပြောင်းဘဲ စမ်းပြီးတိုက်ခိုက်ကြည့်တာ တကယ်ပဲ သူနဲ့ မယှဉ်နိုင်ဘူး။ ဆန်းကြယ်နဂါးတံဆိပ်ကို အားကုန်ထုတ်သုံးတာတောင်မှ ဒီနတ်ဆိုးဝံပုလွေကို နောက်ဆုတ်သွားအောင် လုပ်နိုင်ရုံလောက်ပဲလား ....”

သို့သော် နတ်ဆိုးဝံပုလွေ နောက်ပြန်လွင့်သွားသည့် အကွာအဝေးက လုံချန် နှင့်အတူတူ ၁၀ မီကျော်လောက်သာ ရှိ၏။ ဤအခိုက်အတန့်ကပင် မာတျန်းယန် အတွက် လုံလောက်သွားပြီဖြစ်သည်။ သူက လုံချန်ရှေ့သို့ ရောက်လာပြီး နတ်ဆိုးဝံပုလွေနှစ်ကောင်ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ဤအတောအတွင်း လူငယ်တပည့်အုပ်စုဟာ သူတို့ အသတ်ခံရပြီဟုမှတ်ယူထားကြသော်လည်း နောက်ဆုံး အချိန်တွင် လုံချန်က ရုတ်တရက်လှုပ်ရှားလာပြီး သူတို့အားလုံးကို ကယ်တင်လိုက်သည်။ ဤရုတ်တရက်ဆန်သော အပြောင်းအလဲကြောင့် လူတိုင်း ပါးစပ်အဟောင်းသားဖြစ်နေကြသည်။ ယခင်က လုံချန်အား အထင်အမြင်သေးစွာ လှောင်ပြောင်ခဲ့သည့်အဖြစ်ကို ပြန်တွေးမိပြီးနောက် လူတိုင်း၏ မျက်နှာများ နီရဲသွားခဲ့သည်။

ဤအချိန်တွင် မာတျန်းယန် နှင့် လုံချန် က အကာအကွယ်ပေးနေသည့်အတွက် အစောပိုင်းကထွက်ပြေးသွားခဲ့သော လူငယ်တပည့်များလည်း နောက်ပြန်လှည့်လာကြသည်။

“ဘာဖြစ်တာလဲ။ မင်းတို့ အသတ်ခံရတော့မယ် မဟုတ်လား ...” သူတို့က ထွက်ပြေးဖို့အတွက်သာ အာရုံစိုက်နေသည်ဖြစ်ရာ လုံချန် လှုပ်ရှားလိုက်သည်ကို မမြင်ခဲ့ကြပေ။

“အစိမ်းရောင်နေမင်းဌာနခွဲရဲ့ အဲဒီတပည့်က ငါတို့ကို ကယ်လိုက်တာ…”

“မဖြစ်နိုင်ဘူး။ သူက မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့်ပဲ ရှိသေးတာ။ ဆန်းကြယ်အဆင့် ၄ နတ်ဆိုးဝံပုလွေ နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ ...”

“ငါလည်း မြင်လိုက်တယ်၊ ဒါပေမဲ့ အဲဒီ နတ်ဆိုးဝံပုလွေက ထင်သလောက် သန်မာတာ မဟုတ်ဘူး ထင်တယ်။ အစ်ကိုပိုင်၊ အစ်ကိုဒေါင်၊ နင်တို့ နှစ်ယောက်စလုံးက မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် တွေလေ။ နင်တို့ နှစ်ယောက်ပေါင်းပြီး တိုက်ခိုက်လို့ရနိုင်တယ်။ အစိမ်းရောင်နေမင်းဌာနခွဲက အဲဒီလူ တစ်ယောက်တည်း ဖိတိုက်မခံရအောင် အမြန်သွားပြီးကူညီပါ ...”

မိန်းကလေးတပည့်တစ်ဦးက ပြောလိုက်သည့်အခါ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် လူငယ်နှစ်ယောက်လည်း စိတ်အားတက်ကြွလာခဲ့သည်။ သို့သော် သူတို့ လှည့်ကြည့်လိုက်ရာ ဆန်းကြယ်အဆင့် ၄ နတ်ဆိုးဝံပုလွေ၏ ကြောက်မက်ဖွယ်ရာဧရာမခန္ဓာကိုယ်ကြီးကို မြင်လိုက်ရသည့်အခါတွင်တော့ စိတ်အားတက်ကြွနေမှု အားလုံး ပျောက်ဆုံးသွားကာ ခေါင်းကိုအဆက်မပြတ်ခါယမ်းလိုက်ကြသည်။

“အစိမ်းနေမင်းဌာနခွဲရဲ့ အဲဒီတပည့်က သူ့ခွန်အားကို ပြသချင်နေတာ ပဲ။ ဒီအခွင့်အရေးကို သူ့ကိုပဲ ပေးလိုက်ကြရအောင်။ ရွှေဂိုဏ်းခွဲ က အပြင်စည်းဂိုဏ်းခွဲ (၉)ခုမှာ နံပါတ်တစ်ဂိုဏ်းခွဲ ဖြစ်တဲ့အတွက် အကြီးအကဲတွေရဲ့ သဘာဝအတိုင်း ရက်ရောမှု ကို ပြသင့်တယ် ...”

“ဒါလည်း မှန်တာပဲ၊ အစ်ကိုဒေါင် ပြောတဲ့စကားက အဓိပ္ပာယ် ရှိတယ် ...” တပည့်များအားလုံး အစ်ကိုဒေါင် ဆိုသူ၏အလိမ်အညာစကားကို သတိမထားမိဘဲ ချီးကျူးစကားများပင်ပြောလိုက်ကြသည်။

တစ်ဖက်တွင် မာတျန်းယန်က နတ်ဆိုးဝံပုလွေနှစ်ကောင်စလုံးကို ယာယီတားဆီးထားနိုင်ခဲ့သည်။ သူ့စိတ်ထဲတွင် လုံချန်၏ ခွန်အားကို အံ့အားသင့်နေဆဲဖြစ်သော်လည်း ဆန်းကြယ်အဆင့် ၄ နတ်ဆိုးဝံပုလွေ နှစ်ကောင်ကို ကိုင်တွယ်ရန်တော့ မဖြစ်နိုင်သေးပါ။ ထို့နောက် သူက အော်ပြောလိုက်သည်။

“ညီလေးလုံချန်၊ ဒီကလေးတွေကို မြေကမ္ဘာယွမ်နယ်မြေရဲ့ အစွန်ပိုင်းနယ်မြေကို ပြန်ခေါ်သွားပေး။ ငါ ဒီနတ်ဆိုးဝံပုလွေ နှစ်ကောင်ကို လှည့်စားပြီးတာနဲ့ မင်းတို့နောက်ကို လိုက်လာခဲ့မယ် ...”

လုံချန်က သူ့စကားကို နားထောင်ပြီးထွက်သွားမည် ဟု ထင်ခဲ့သော်လည်း လက်တွေ့တွင် နေရာကနေ တစ်လှမ်းပင် မရွေ့ဘဲ ပြန်ပြောလိုက်သည်။ “အစ်ကိုမာ၊ ငါတို့က ဆန်းကြယ်အဆင့် ၄ နတ်ဆိုးသားရဲတွေကို သတ်ဖြတ်ဖို့ ရောက်လာတာ မဟုတ်လား။ ငါ့တွက်ချက်မှုအရ ဒီနတ်ဆိုးဝံပုလွေနှစ်ကောင်က အကျိုးအမြတ် ကောင်းကောင်းတော့ ရနိုင်မယ်ထင်တယ် ...”

လုံချန် က ထွက်ပြေးသွားမည့်အစား နတ်ဆိုးဝံပုလွေနှစ်ကောင်ကို သတ်ဖြတ်ရန် ရုတ်တရက်ပြောလာခဲ့သောကြောင့် မာတျန်းယန်လည်း အနည်းငယ်တုံ့ဆိုင်းသွားခဲ့သည်။ ဤအချိန်တွင် နတ်ဆိုးဝံပုလွေနှစ်ကောင်စလုံးက တစ်ပြိုင်တည်း တိုက်ခိုက်လာပါတော့သည်။

“အမြန်လုပ်၊ လုံချန်! ငါ အကြာကြီးတားဆီးနိုင်မှာမဟုတ်ဘူး ...”

သို့သော် သူ မြင်လိုက်ရသည်မှာ လုံချန်၏ခန္ဓာကိုယ်ကနေ သွေးနီရောင်အကြေးခွံများအပြင် ချွန်မြနေသော သွေးဆူးချွန်များ ထွက်ပေါ်လာသည့် မြင်ကွင်းပင် ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်း လုံချန်၏ ခန္ဓာကိုယ်တစ်ခုလုံး ဖုံးလွှမ်းသွားပြီး နဂိုတုန်းကနှင့်လုံးဝ မတူညီသော အသွင်ပုံစံ ဖြစ်သွားခဲ့သည်။ ထို့အပြင် လုံချန်၏ ရုတ်တရက်အသွင်ပြောင်းလဲမှုက လျှို့ဝှက်ဆန်းကြယ်သောအငွေ့အသက်များ ထုတ်လွှတ်နေသည်။

“မင်းက သားရဲအသွင်ပြောင်းကျင့်ကြံသူ လား ...” မာတျန်းယန် လည်း အံ့အားသင့်သွားခဲ့သည်။

“အစ်ကိုမာ! ငါတို့ ပြိုင်ကြည့်ရအောင်။ ဘယ်သူကရန်သူကို ပိုပြီးမြန်မြန်သတ်နိုင်မလဲ ဆိုတာ။ ဘယ်လို လဲ ...”လုံချန်က နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ခုနှင့် ပြောလိုက်သည်။

မာတျန်းယန်က ချက်ချင်း စကားပြန်မပြောအားသေးဘဲ သူ့ပုံစံက ယခုထိ ရှုပ်ထွေးနေပုံရသည်။

အခြားတစ်ဖက်တွင် တပည့်အုပ်စုလည်း လုံချန်၏ ရုတ်တရက်အသွင်ပြောင်းပုံစံကို မြင်လိုက်ချိန်တွင်လူတိုင်း တုံ့ဆိုင်းသွားကြသည်။ မိန်းကလေးတပည့်က မျက်လုံးများ အရောင်တောက်လာကာ မေးကို လက်ထောက်ရင်း ပြောလိုက်လေသည်။

“ဘယ်လောက် ခမ်းနားထည်ဝါလိုက်သလဲ…”

“ခမ်းနားထည်ဝါတာလား ။ အဲဒါက ဘာထူးမှာလဲ။သူ့ရဲ့အကြေးခွံတွေက နတ်ဆိုးဝံပုလွေဆီက လက်ဝါးတစ်ချက်နဲ့တင် ပျက်စီးသွားမှာ သေချာတယ်...”

အစ်ကိုပိုင် ဟုခေါ်သော လူငယ်က ယုံကြည်မှု အပြည့်နှင့် ပြန်ပြောလိုက်သည်။ “သူက သားရဲကျင့်ကြံသူ ဖြစ်နေတဲ့အတွက် အစောပိုင်းတုန်းက သူ့ခွန်အားကို အပြည့်အဝ မထုတ်ဖော်ရလောက်သေးဘူး။ အစ်ကိုပိုင်! နင် သူ့ထက် ပိုသန်မာတယ်လို့ ထင်လား ...”

အစ်ကိုပိုင် က ခဏလောက်စဉ်းစားလိုက်ပြီးမှ ခေါင်းခါပြလိုက်သည်။ “သူက နည်းနည်းလေးထူးခြားပြီးတော့ အစိမ်းရောင်နေမင်းဌာနခွဲရဲ့ ထိပ်တန်းပါရမီရှင် ဖြစ်နိုင်တယ်။ ဒါပေမယ်လို့ ငါ့ထက်တော့ အားနည်းနေသေးတယ် ...”

ဤအချိန်တွင် လုံချန်နှင့် မာတျန်းယန် တို့နှစ်ယောက်က လူချင်းခွဲ၍ နတ်ဆိုးဝံပုလွေတစ်ကောင်စီကို တိုက်ခိုက်နေကြပြီ ဖြစ်သည်။

လုံချန်သည် စိန်ခေါ်စကား ပြောလိုက်ပြီးသည်နှင့်တပြိုင်နက် မာတျန်းယန်၏ တုံ့ပြန်သံကိုပင် မစောင့်တော့ဘဲ ရှေ့ကိုပြေးထွက်သွားပြီး နတ်ဆိုးဝံပုလွေ တစ်ကောင်နှင့် ရင်ဆိုင် တိုက်ခိုက်လိုက်သည်။

“မိုးပြာနဂါးတံဆိပ်... တိုက်ခိုက်မယ်... ”

လုံချန်၏လက်ဝါးက သွေးနဂါးတစ်ကောင် ကဲ့သို့ ပြောင်းလဲသွားပြီး သူ့ဆီ ပြေးဝင်လာသော ဝံပုလွေ လက်သည်းကြီးကို ရိုက်ထုတ်လိုက်သည်။ နှစ်ဖက် တိုက်ခိုက်မှု ရင်ဆိုင်တွေ့သည့်အခါ နတ်ဆိုးဝံပုလွေ က ရှည်လျားစွာ အူလိုက်ပြီး ကမန်းကတန်းဆုတ်ခွာသွားခဲ့သည်။ အမွေးအမျှင်များ ထူထပ်စွာဖုံးလွှမ်းထားသော ဝံပုလွေလက်သည်းကြီးက လက်ချောင်းများ အနည်းငယ်ကျိုးပဲ့သွားပုံပေါ်သည်။

“နတ်ဆိုးဝံပုလွေ ဆိုတဲ့အတိုင်း အထိနာလေ ဒေါသ ပိုထွက်လာပြီပေါ့...”

လုံချန် တစ်ချက်ရယ်လိုက်ပြီး နဝမကောင်းကင်နဂါးခြေလှမ်းကို ထုတ်ဖော်၍ လျှပ်စီးလက်သကဲ့သို့ အရှိန်ဖြင့် နတ်ဆိုးဝံပုလွေ၏နောက်ကျောဖက်သို့ ရောက်ရှိသွားခဲ့သည်။ သို့သော် တစ်ချိန်တည်းမှာပင် နတ်ဆိုးဝံပုလွေ၏ဧရာမခန္ဓာကိုယ်ကြီးမှ ပြင်းထန်လှသော နတ်ဆိုးချီစွမ်းအား ပေါက်ကွဲထွက်လာခဲ့သည်။ ဤတိုက်ခိုက်မှုသည် ပျမ်းမျှ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ပညာရှင်ထက် အဆပေါင်းများစွာ ပိုပြီးပြင်းထန်ခဲ့သည်။

ဆန်းကြယ်အဆင့် ၄ နတ်ဆိုးသားရဲ ဆိုသည့်အတိုင်းနတ်ဆိုးဝံပုလွေ သည် အစောကပိုင်းတိုက်ခိုက်မှုကြောင့် အထိနာသွားသော်လည်း ၎င်းအတွက် သာမန်လောက်သာ ဖြစ်ပုံရသည်။

“ညီလေးလုံ က နဝမကောင်းကင်နဂါးခြေလှမ်းကို ပြီးပြည့်စုံတဲ့အဆင့်ထိ ကျင့်ကြံထားတာလား။ ကြည့်ရတာ နတ်ဆိုးဝံပုလွေ နဲ့ ခဏတော့ ယှဉ်နိုင်မယ်ထင်တယ်။ ငါ့ရှေ့က အကောင်ကို အမြန်ဆုံးသတ်ပြီးတာနဲ့ သူ့ကို ကူညီရမယ် ...” မာတျန်းယန်က လုံချန်၏တိုက်ပွဲကို ကြည့်နေရင်း ဆုံးဖြတ်ချက်ချလိုက်သည့်အတိုင်း သူ့ရှေ့မှ နတ်ဆိုးဝံပုလွေကို တရကြမ်းတိုက်ခိုက်ပါတော့သည်။

ဤအချိန်တွင် တပည့်အုပ်စုက တိုက်ပွဲမြင်ကွင်းကို မြင်လိုက်ရသည့်အခါ အားလုံး မျက်လုံးများပင် ပြူးကျယ်သွားခဲ့သည်။

“ဘာကြောင့်လဲ။ အစိမ်းရောင်နေမင်းဌာနခွဲရဲ့ တပည့်က ဒီတိုက်ပွဲကို သာမန်လေ့ကျင့်နေသလိုမျိုး တိုက်ခိုက်နေတာလို့ ခံစားနေရတယ်။ တကယ်ကို ထူးဆန်းတာပဲ” မိန်းကလေးတပည့်များက သူတို့အချင်းချင်း တီးတိုးပြောဆိုနေကြသည်။

လုံချန်က နတ်ဆိုးဝံပုလွေကို အချိန်မည်မျှကြာအောင် တားဆီးနိုင်မှန်း မသိသော်လည်း ယခုအခါ လူတိုင်း၏စိတ်ထဲတွင် သူ့အား အထင်အမြင်သေး နှိမ့်ချမှုများ မရှိတော့ပေ။ ထိုအစား ကျေးဇူးတင်လိုစိတ်များသာ ပြည့်နှက်နေသည်။ အကယ်၍ လုံချန်သာ မရှိခဲ့လျှင် သူတို့အထဲက အများစုဟာ အသတ်ခံနေရလောက်ပြီဖြစ်သည်။

သို့သော် သူတို့အားလုံး လုံချန်ကို အထင်အမြင်သေးစွာ ဆက်ဆံခဲ့သည်ကို ပြန်တွေးမိကြသည့်အခါ လူတိုင်း ပါးရိုက်ခံရသလိုမျိုး ပါးနှစ်ဖက်လုံး ပူလောင်လာခဲ့သည်။

ဤအတောအတွင်း လုံချန်သည် ဆန်းကြယ်အဆင့် ၄ နတ်ဆိုးဝံပုလွေကို အသာအယာပင် ရင်ဆိုင်တိုက်ခိုက်နေခဲ့သည်။

“ဒီနတ်ဆိုးဝံပုလွေရဲ့ ရုပ်ခန္ဓာက နည်းနည်းတော့ထူးခြားတယ်။ ငါ့မှာလည်း အဆင့် (၁) မိုးကြိုးမီးလျှံခန္ဓာကိုယ် ရှိနေတာပဲ။ ဒီလိုဆိုတော့ ဘယ်သူက ပိုသန်မာသလဲ ဆိုတာ တိုက်ရိုက် နှိုင်းယှဉ်ကြည့်ရအောင် ...”

Translator#အနှောင်အဖွဲ့ကင်းမဲ့သူ

.(သွေးနဂါးလုံချန်)

ဘာသာပြန်သူ -

အနှောင်အဖွဲ့ကင်းမဲ့သူ

[စာစဉ် - ၁၂(အပိုင်း ၁၃၆)]

လုံချန်၏ ခန္ဓာကိုယ်ပေါ်တွင် သွေးနီရောင် လျှပ်စီးကြောင်းများ အထပ်ထပ်ရစ်ပတ်ထားလေသည်။အနီးကပ် ကြည့်လိုက်မည်ဆိုလျှင် လျှပ်စီးကြောင်းများကြား၌ သွေးနီရောင် မီးလျှံများပါ ရှိနေသည် မြင်တွေ့နိုင်သည်။

မိုးကြိုးမီးလျှံကျောက်တုံးများစွာဖြင့် ပေါင်းစပ်ပြီးနောက် အဆုံးမဲ့မိုးကြိုးလျှပ်စီးနှင့် မီးလျှံစွမ်းအင်သည် သူ၏ခန္ဓာကိုယ်ကို အဆက်မပြတ် သန့်စင်ပေးပြီး မူလအစစ်အမှန်ချီစွမ်းအင်နှင့် ပေါင်းစပ်သွားခဲ့သည်။

အထူးသဖြင့် မိုးကြိုးမီးလျှံကျောက်တုံး ၂၅ လုံးနှင့် ပေါင်းစပ်ပြီးနောက်တွင် လုံချန်၏ ခန္ဓာကိုယ်သည် သိသိသာသာပင် သန်မာအားကောင်းလာခဲ့သည်။ ဆန်းကြယ်အလယ်အလတ်အဆင့် ခန္ဓာကိုယ် ကျင့်ကြံခြင်းနည်းစနစ်များနှင့် နှိုင်းယှဉ်ပါက လုံချန်၏ လက်ရှိခန္ဓာကိုယ်က အဆင့်တူပင် သတ်မှတ်နိုင်လေသည်။

ဤအချိန်တွင် လုံချန်သည် နဂါးအသွင်ပြောင်းကျင့်စဉ်အပြင် မိုးကြိုးမီးလျှံခန္ဓာကိုယ်ကိုပါ ထုတ်ဖော်၍ ဆန်းကြယ်အဆင့် ၄ နတ်ဆိုးဝံပုလွေ နှင့် ရင်ဆိုင်ခဲ့သည်။

မာတျန်းယန် ဖက်ခြမ်းတွင်တော့ သူ၏အရှိန်ကို အားပြု၍ နတ်ဆိုးဝံပုလွေ၏ကြောက်မက်ဖွယ်တိုက်ခိုက်မှုကို အဆက်မပြတ်ရှောင်တိမ်းရင်း အခွင့်အရေး ရသည့်အခါတိုင်း တိုက်ခိုက်နေသည်။

သို့သော် လုံချန် ကတော့ မတူညီပေ။ သူက ခန္ဓာကိုယ်အပြင်အားကို သုံးကာ ဆန်းကြယ်အဆင့် ၄ နတ်ဆိုးဝံပုလွေ နှင့် ရင်ဆိုင်နေခဲ့သည်။ တိုက်ပွဲမြင်ကွင်းကို ကြည့်၍ လုံချန် က နတ်ဆိုးဝံပုလွေကို အသည်းအသန် တိုက်ခိုက်နေသည်ဟု ထင်မိလျှင် ထိုလူ ရူးနေသောကြောင့်သာ။

သို့သော် မာတျန်းယန် ဖြစ်စေ လက်ရှိ ရှိနေသော မည်သူမဆို လုံချန်က အရေးနိမ့်နေခြင်း မဟုတ်ကြောင်း သိနေကြသည်။ အကြောင်းမှာ သူ ရှုံးနိမ့်နေခြင်း မဟုတ်လို့ပင်။ နတ်ဆိုးဝံပုလွေက နာကျင်စွာ အူနေပြီး ပတ်ဝန်းကျင်တစ်ခုလုံး ပြင်းထန်စွာတုန်ခါနေ၏။ ဤမြင်ကွင်းကြောင့် ယခင်က ကြွားလုံးထုတ်နေခဲ့သော လူငယ်တပည့်နှစ်ယောက်လည်း ဘာစကားမှမပြောရဲတော့ပေ။

လုံချန်၏တိုက်ပွဲက အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။ သူတို့ နှစ်ယောက်သာ လုံချန်အစား တိုက်ခိုက်ပါက မျက်စိတစ်မှိတ်အတွင်း အသားပြားများဖြစ်သွားရပေမည်။

“ကံကောင်းပါစေ ...”

မိန်းကလေးတပည့်အများဟာတော့ စိတ်ထဲကနေ မပြတ်ဆုတောင်းနေကြသည်။ ယခုအခါ သူတို့နှလုံးသားထဲ၌ လုံချန်သည် အနက်ရှိုင်းနေရာတွင်ရှိနေလေပြီ။ သူတို့အမြင်အရ လုံချန်၏ခွန်အားက မာတျန်းယန် ထက်ပင် အားမနည်းတော့ပေ။

မာတျန်းယန်က တိုက်ခိုက်နေရင်း အခွင့်အရေး ရခိုက် လုံချန် ဖက်ခြမ်းကို တစ်ချက် လှမ်းကြည့်လိုက်ရာ အံ့အားသင့်သွားခဲ့ရသည်။

“ငါ တကယ်ကို ကံဆိုးတာပါ။ ဆန်းကြယ်အဆင့် ၄ နတ်ဆိုးဝံပုလွေ နှစ်ကောင်နဲ့ မတော်တဆ ထိပ်တိုက်တိုးမိတယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ ညီလေးလုံ နဲ့ မိတ်ဆွေ ဖြစ်ခဲ့ရတယ်။ ပြောရရင် ငါ့ ကံကောင်းမှု က ကံဆိုးမှု ထက် ပိုများနေတယ်ထင်တယ် ...”

မူလက သူ့စိတ်ထဲတွင် အလွန် တင်းမာနေခဲ့သော်လည်း ယခုတော့ စိတ်ချက်လက်ချ တိုက်ခိုက်နိုင်ပြီဖြစ်သည်။

“ဒီတိုက်ပွဲက တကယ်ကို စိတ်ဝင်စားစရာ ကောင်းတာပဲ၊ ဒါပေမဲ့ အစ်ကိုမာ ကို မရှုံးချင်ဘူး ...”

နတ်ဆိုးဝံပုလွေ နှင့် ခဏကြာအောင် တိုက်ခိုက်နေပြီးနောက် ၎င်း၏ကိုယ်ပေါ်တွင် ဒဏ်ရာအနည်းငယ်လောက်သာ ရခဲ့သောကြောင့် လုံချန်သည် စိတ်ပျက်ပြီး ဒေါသလည်းထွက်လာခဲ့လေတော့သည်။

တိုက်ခိုက်နေရင်း ရုတ်တရက် နောက်ပြန် ခုန်ဆုတ်လိုက်သည်။ နတ်ဆိုးဝံပုလွေက လုံချန် ထွက်ပြေးတော့မည့် အထင်နှင့် ချက်ချင်း ဆွဲဆွဲင်င် အူလိုက်သည်။

ဤအချိန်တွင် လုံချန်သည် နောက်ပြန်ဆုတ်သွားရင်း သူ့ခန္ဓာကိုယ်ထဲမှ အစစ်အမှန်ချီစွမ်းအင်များ တဟုန်ထိုး ပေါက်ကွဲထွက်လာခဲ့သည်။ ထို့နောက် အော်ဟစ်လိုက်ပြီး သူ၏လက်သီးကို ရှေ့သို့ ထိုးချလိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံးပင် ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။

“ကောင်းကင်လောင်ကျွမ်းခြင်း နတ်ဆိုးလက်သီး၊ မြေကမ္ဘာဖျက်ဆီးခြင်း နတ်ဆိုးမီးလျှံ .... ထွက်ပေါ်လာစေ ...”

လက်သီးပုံရိပ်မှ ပူပြင်းလှသောချီအရှိန်အဝါများ ပျံ့လွင့်လျှက် အနက်ရောင်နေလုံးကြီးတစ်လုံး ကဲ့သို့ပင် ဖြစ်သည်။ လက်သီးချက်က လျှင်မြန်သောအရှိန်ဖြင့် ဧရာမနတ်ဆိုးဝံပုလွေ ခန္ဓာကိုယ်ကြီးပေါ် ထိုးချလိုက်သည်။ နတ်ဆိုးဝံပုလွေကြီး ထံမှ နာကျင်စွာအူသံ နှင့်အတူ ဧရာမခန္ဓာကိုယ်ကြီးက လွင့်ပျံထွက်သွားခဲ့သည်။ ထို့နောက် လူငယ်တပည့်များ ရပ်နေသည့် နေရာဖက်ခြမ်းသို့ ပြုတ်ကျလာခဲ့သည်။လူတိုင်း ကြောက်လန့်တကြား အော်ဟစ်လိုက်ကာ ကမန်းကတန်းထွက်ပြေးကြ၏။ နတ်ဆိုးဝံပုလွေကြီး မြေပြင်ပေါ် ပြုတ်ကျလာပြီးနောက် မြေပြင်သည် ပြင်းထန်စွာ တုန်ဟီးသွားခဲ့ရသည်။

အားလုံး ကြောက်လန့်တကြားဖြင့် ကြည့်လိုက်ရာ နတ်ဆိုးဝံပုလွေကြီး ဝမ်းဗိုက်တွင် အလွန်နက်ရှိုင်းလှသောဒဏ်ရာကြီး တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ လုံချန်၏ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုက ၎င်း၏ကိုယ်တွင်းအစိတ်အပိုင်း အားလုံးကို ပျက်စီးသွားစေခဲ့သည်။ ဤအချိန်တွင်တော့ လူတိုင်းအတွက် အလွန်ကြောက်စရာကောင်းလှပါသည်ဆိုသော ဆန်းကြယ်အဆင့် ၄ နတ်ဆိုးဝံပုလွေကြီး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

လုံချန် သည် အလျင်စလို ပြေးသွားကာ လက်တစ်ချက် ဝှေ့ရမ်းပြီး ဆန်းကြယ်အဆင့် ၄ နတ်ဆိုးဝံပုလွေ၏အလောင်းကို သိုလှောင်အိတ်ထဲ ထည့်သိမ်းလိုက်သည်။ ထို့နောက် လူငယ်အုပ်စုဖက်သို့ လှည့်ကြည့်လိုက်ရာ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြလေသည်။

“ဘာလဲ။ ဘာမှဝင်မကူဘဲနဲ့ အကျိုးအမြတ် လိုချင်နေတာလား” လုံချန်က အေးစက်စက်လေသံဖြင့် မေးလိုက်သည်။

“ဟုတ်ပါတယ် ... အာ... မဟုတ်ပါဘူး ....မဟုတ်ပါဘူး…”

လူတိုင်း ကြောက်လန့်တကြားဖြင့် ခြေလှမ်း အနည်းငယ် နောက်ဆုတ်သွားကြသည်။ ယခင်က တစ်ချိန်လုံး ကြွားလုံးထုတ်နေခဲ့သော အစ်ကိုပိုင် နှင့် အစ်ကိုဒေါင် တို့နှစ်ယောက်လည်း ကြောက်လန့်ကာ ခေါင်းကိုအောက်ငုံ့ထားကြသည်။

“အဲ့လိုဆို ပိုကောင်းတယ်...”

လုံချန်က အနည်းငယ် ပြုံးလိုက်ပြီး နတ်ဆိုးဝံပုလွေ နောက်တစ်ကောင်နှင့် တိုက်ခိုက်နေသော မာတျန်းယန် ဆီသို့ အမြန်လျှောက်သွားခဲ့သည်။

မာတျန်းယန် နှင့် တိုက်ခိုက်နေသည့် ဆန်းကြယ်အဆင့် ၄ နတ်ဆိုးဝံပုလွေကြီးလည်း လုံချန် လျှောက်လာသည်ကို မြင်သောအခါ ဒေါသတကြီး အူလိုက်လေသည်။

“ဒီ သားရဲ ရူးသွားပြီ ...”

နတ်ဆိုးဝံပုလွေကြီး ဒေါသထွက်လာသည်ကို မြင်သောအခါ မာတျန်းယန် လည်း အခွင့်အရေး ဖြစ်ကြောင်း သိလိုက်သည်။

“အစ်ကိုမာ၊ ငါ ဒီအလောင်းအစားကို အနိုင်ရသွားပြီ။ မင်း သိမ်းထားတဲ့ စပျစ်ဝိုင်ကောင်းကောင်းတွေ ဘယ်လောက်ပဲ ရှိရှိ ထုတ်ပေးရမယ်။ ဝှက်မထားချင်နဲ့၊ မဟုတ်ရင် ငါ မင်းကို အထင်သေးမိလိမ့်မယ်...”

မာတျန်းယန် တိုက်ခိုက်နေစဉ် လုံချန်က ဘေးနားကနေ နောက်ပြောင်လိုက်သည်။

မာတျန်းယန်၏မျက်နှာက အနည်းငယ်တင်းမာသွားသော်လည်း ပြုံးလိုက်ပါသည်။ အစကတော့ လုံချန်က သူ့ထက် အသက်ငယ်သောကြောင့် ငြင်းဆန်ကောင်း ငြင်းဆန်နိုင်လေသည်။ ယခု လုံချန်၏ ခွန်အားကြောင့် နှစ်ယောက်စလုံး အဆင့်တူ ဖြစ်နေကြောင်း သိလိုက်ရာ မာတျန်းယန် အနေဖြင့် အလွယ်တကူ ငြင်းဆန်လို့မရတော့ပေ။ သူလုပ်နိုင်သည်မှာ ဒေါသကို သူ့ရှေ့ရှိ နတ်ဆိုးဝံပုလွေ အပေါ် သာ ပုံချနိုင်တော့သည်။

မာတျန်းယန် က အရှိန်နှင့် အလစ်အငိုက်ဖမ်း တိုက်ခိုက်ရာတွင် အထူးကျွမ်းကျင်ခဲ့သည်။ မူလကနတ်ဆိုးဝံပုလွေနှစ်ကောင်အနက် ဆန်းကြယ်အဆင့် ၄ နတ်ဆိုးဝံပုလွေတစ်ကောင်တည်းသာ ကျန်ရှိနေသောကြောင့် သူ့အတွက် ၎င်းကို ကိုင်တွယ်ရန် အတော်လေး လွယ်ကူသွားသည်။ ထို့အပြင် သူ့ရှေ့မှ နတ်ဆိုးဝံပုလွေဟာ ဒေါသကြောင့် အသိစိတ်ပျောက်ကာ တိုက်ပွဲဝင်လိုစိတ်ပျောက်ဆုံးသွားပြီ ဖြစ်သည်။ ထို့ကြောင့် သိပ်မကြာလိုက်ပေ၊ မာတျန်းယန်၏ ခြေထောက်အောက်နားတွင် အလောင်း တစ်လောင်းသာ ကျန်ခဲ့သည်။

“ဒီသောက်ရူး နတ်ဆိုးဝံပုလွေကို ကျိန်ဆဲချင်လိုက်တာ။ ဘာကြောင့် အခုလိုအချိန်မှာ မိတ်လိုက်နေရတာလဲ။ ဒင်းကြောင့် ငါတောင် သေလုနီးပါးဖြစ်သွားသေးတယ် ...”

မာတျန်းယန် က ဝံပုလွေအလောင်းကို အကြိမ်အနည်းငယ် ကန်လိုက်ပြီး သိုလှောင်အိတ်ထဲကို ထည့်ရန် ပြင်နေခဲ့သည်။ ဤအချိန်တွင် လုံချန်က အလျင်စလို မေးလိုက်သည်။

“အစ်ကိုမာ၊ သားရဲဝိညာဉ်ပုလဲနဲ့ နတ်ဆိုးအမြုတေအပြင် သားရဲအလောင်းကို တခြားမှာအသုံးပြုဖို့ရှိသေးလား...”

“မလိုဘူး။ အရေပြား၊ ကြွက်သား၊ အရိုး နဲ့ အမွှေးအမျှင်တွေ က တန်ဖိုး မရှိဘူး” မာတျန်းယန် က ဖြေလိုက်သည်။

“ဒါဆို ငါ့ကို ပေးပါ။ ငါ အသုံးချစရာ ရှိတယ် ...”

မာတျန်းယန်က ခေါင်းညိတ်လိုက်သည်။ လုံချန် မည်သည့်အတွက် လိုအပ်သည် မသိသော်လည်း မမေးခဲ့ပေ၊ သားရဲဝိညာဉ်ပုလဲနှင့် နတ်ဆိုးအမြုတေကို ထုတ်ယူလိုက်ပြီး ဝံပုလွေအလောင်းကိုတော့ လုံချန်အား ပေးလိုက်သည်။

“ဒီနတ်ဆိုးဝံပုလွေရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ သွေးအဆီအနှစ်က နှလုံးဖောက်နတ်ဆိုးသားရဲ ထက် ပိုပြီးသိပ်ည်းတယ်။ ဆန်းကြယ်အဆင့် ၄ နတ်ဆိုးသားရဲ နှစ်ကောင် ဆိုရင် ငါ အဆင့်တက်ဖို့ လုံလောက်မယ်ထင်တာပဲ ...”

ကျင့်ကြံခြင်းလမ်းစဉ်၏သဘာဝအရ အဆင့် ပိုမြင့်လာလေလေ အစစ်အမှန်ချီစွမ်းအင် ပိုလိုအပ်လာလေ ဖြစ်သည်။ လုံချန်သည် ယခုလက်ရှိ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့်တွင် ရှိနေသော်လည်း မြေကမ္ဘာယွမ်အဆင့်မှ ကောင်းကင်ယွမ်ကနဦးအဆင့်သို့ တက်လှမ်းရန်အတွက် ဆန်းကြယ်အဆင့် အဆင့် ၄ နတ်ဆိုးသားရဲ၏ သွေးအဆီအနှစ်များဖြင့် မလုံလောက်တော့ပေ။ ဆန်းကြယ်အဆင့် ၄ နတ်ဆိုးဝံပုလွေနှစ်ကောင်က သူ့အတွက် ဗိုက်ပြည့်ရုံလောက်သာ လုံလောက်နိုင်သည်။

“ငါ မူလကောင်းကင်ယွမ်အဆင့် ဒါမှမဟုတ် အဲဒီထက် ပိုမြင့်တဲ့ အဆင့်ကို ရောက်ရင် ဘယ်အဆင့်နတ်ဆိုးသားရဲသွေးအဆီအနှစ်တွေ လိုအပ်မလဲ မသိဘူး…”

ဤအချိန်တွင် မာတျန်းယန် နှင့် လုံချန် တို့နှစ်ယောက်ကြောင့် ဆန်းကြယ်အဆင့် ၄ နတ်ဆိုးသားရဲနှစ်ကောင်စလုံး သေဆုံးသွားကြပြီဖြစ်သည်။ ထိုအခါမှ လူငယ်များလည်း သူတို့ အနားသို့ ချဉ်းကပ်ရဲလာကြသည်။ သို့သော် လုံချန်၏မျက်နှာ ကို တိုက်ရိုက် ကြည့်ရဲကြတော့ပေ။ တစ်ချက်တစ်ချက်သာ လှမ်းကြည့်ကြပြီး ချက်ချင်း ပြန်လှည့်သွားကာ စိတ်မသက်မသာ ဖြစ်နေကြသည်။

“ကလေးတွေ... ဒီ အန္တရာယ်များတဲ့ အတွေ့အကြုံ ပြီးသွားပြီဆိုတော့ မင်းတို့တွေ မိတ်ဆွေဖွဲ့နိုင်တာ ကောင်းတယ်။ လာကြ...၊ ဒါက မင်းတို့ရဲ့ အစ်ကိုလုံ ပဲ။ နှုတ်ဆက်လိုက်ကြ ...”

မာတျန်းယန်း က အရူး မဟုတ်ပါ။ အစပိုင်းက ဤလူငယ်တပည့်များ လုံချန် အား အထင်အမြင်သေးစွာ ဆက်ဆံနေသည်ကို မသိပဲမနေပေ။ ယခုတော့ လုံချန်၏ခွန်အားကို မြင်တွေ့ပြီးနောက် သူတို့အားလုံး ဘာစကားမှမပြောရဲကြတော့ပါ။ ဤအခြေအနေတွင် သူက ဤလူငယ်တပည့်များကို အခွင့်သာတုန်း ခပ်ပြင်းပြင်းလေး ရိုက်နှက်လိုက်သည်။

“ငါသာ ဖိအားမပေးရင် သူတို့က အမြဲတမ်း ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲနေကြမှာ သေချာတယ်... ” မာတျန်းယန်က ကိုယ့်ကိုယ်ကို တွေးနေလိုက်သည်။

လူငယ်လေးများက သူတို့ မလိုလားသော်လည်း မာတျန်းယန်၏ ခပ်တင်းတင်းမျက်နှာထားကို မြင်သောအခါ မနေသာတော့ဘဲ “အစ်ကိုလုံ” ဟု အကြိမ်အနည်းငယ် ခေါ်လိုက်ကြတော့သည်။ လုံချန် အနေဖြင့်လည်း “အစ်ကိုလုံ”ဟု တစ်လေးတစ်စား အခေါ်ခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်ရာ သူ့ကိုယ်သူပင် မာန်တက်လာခဲ့သည်။

ဆန်းကြယ်အဆင့် ၄ နတ်ဆိုးဝံပုလွေ နှစ်ကောင်အား သတ်ဖြတ်နိုင်ခဲ့သည့်နောက်တွင် ရွှေဂိုဏ်းခွဲ၏ တပည့်များအတွက် အတွေ့အကြုံမစ်ရှင်က ပြီးဆုံးသွားခဲ့ပြီဟုဆိုနိုင်သည်။ မာတျန်းယန်က လုံချန်ကို ခေါင်းညိတ်ပြရင်း လူငယ်အုပ်စုကို ခေါ်ဆောင်၍ ပြန်ထွက်ကြရန် ပြင်ဆင်လိုက်သည်။ သို့သော် လုံချန်က ရုတ်ချည်းပင် အဝေး တစ်နေရာဆီသို့ လှမ်းကြည့်ပြီး အေးတိအေးစက်လေသံဖြင့်ပြောလိုက်သည်။

“အခုထိ ကြည့်လို့မဝေးဘူးလား။ ဘယ်အချိန်ထိ ဆက်ပြီးပုန်းနေဦးမှာလဲ။ ထွက်လာဖို့အချိန်တန်ပြီထင်တယ် ...”

ရုတ်တရက် အခြေအနေကြောင့် မာတျန်းယန် နှင့် ကျန်သူများလည်း တုံ့ဆိုင်းသွားကြသည်။ လုံချန် ဘာပြောနေမှန်း မသိလိုက်ကြပေ။ သို့သော် တောင်ကုန်းငယ်တစ်ခုအကွယ်မှ လူနှစ်ယောက် ရုတ်တရက် ပေါ်လာပြီး သူတို့ထံ ဖြည်းညှင်းစွာလျှောက်လာနေသည်ကို မြင်လိုက်ကြရသည်။ ထိုအခါမှသာ လူတချို့က သူတို့အဖွဲ့၏အခြေအနေကို တိတ်တဆိတ်စောင့်ကြည့်နေခဲ့ကြောင်း သိလိုက်ကြသည်။

ရောက်လာသူများကား အခြားမဟုတ်ပေ၊ လဲ့လင်နှင့်တတိယအဘိုးဟု ခေါ်သော လူအိုကြီးယန် တို့ပင်ဖြစ်သည်။

အစောပိုင်းမှာ လုံချန် နှင့် ဆန်းကြယ်အဆင့် ၄ နတ်ဆိုးဝံပုလွေ၏တိုက်ပွဲက အလွန်ပြင်းထန်သောကြောင့် ပေါက်ကွဲသံများ ဆူညံသွားခဲ့သည်။ ထိုအသံများကြောင့် နှစ်ယောက်လုံး ဦးတည်ရာသို့အလျင်စလိုရောက်လာကာ တောင်ကုန်းအကွယ်ကနေ အခြေအနေကို စောင့်ကြည့်နေခဲ့တာဖြစ်သည်။ ထို့အပြင် လုံချန်က ဆန်းကြယ်အဆင့် ၄ နတ်ဆိုးဝံပုလွေ တစ်ကောင်ကို အလွယ်တကူသတ်ဖြတ်ပစ်လိုက်သော မြင်ကွင်းအား မြင်လိုက်ပြီးနောက်တွင် နှစ်ယောက်စလုံး အတော်လေးထိတ်လန့်နေကြလေသည်။

လဲ့လင် က သူမ ဘေးနားရှိ လူအိုကြီးယန် ကို လုံချန်အား မှတ်လောက်သားလောက်အောင် သင်ခန်းစာ ပေးရန် သို့မဟုတ် ကောင်းကင်စစ်သည်နယ်မြေ အတွင်းမှာပင် သတ်ဖြတ်ပစ်ရန် စီစဉ်ထားခဲ့သည်။ သို့သော် လုံချန်၏တိုက်ပွဲအား မြင်လိုက်ရပြီးနောက်လဲ့လင်တစ်ယောက် အလွန်ထိတ်လန့်တုန်လှုပ်သွားခဲ့ရလေသည်။

အကြောင်းမှာ လမ်းတွင် လူအိုကြီးယန် က “လင်အာ၊ လုံချန် က အဲဒီနတ်ဆိုးဝံပုလွေ အသာလေးကိုင်တွယ်နိုင်တယ်။ ကြည့်ရသလောက်တော့ ငါ သူ့နဲ့ မယှဉ်နိုင်ဘူး ထင်တယ် ...” ဟူ၍ ပြောခဲ့လို့ပင်။

လူအိုကြီးယန် ကိုယ်တိုင်ပင် သူ့ကိုယ်သူ လုံချန်နှင့် မယှဉ်နိုင်ကြောင်း ဝန်ခံခဲ့သည့်အတွက် လဲ့လင် ၏ အကြံအစည်က ပျက်စီးသွားခဲ့ပြီဖြစ်သည်။ သို့သော် သူမအတွက် နောက်ထပ် အကူအညီတစ်ခုရှိနေသေးကြောင်း သတိရလိုက်သည်။ ဖုန်းဝူထျန်း ပင်၊ ဖုန်းဝူထျန်း က ကောင်းကင်ယွမ်ကနဦးအဆင့် သို့ တက်လှမ်းခဲ့သည့်အပြင် အတွင်းစည်းဂိုဏ်းခွဲ တစ်ခုဖြစ်သည့် ဖီးနစ်ဂိုဏ်းခွဲ၏ တပည့်ဖြစ်နေကြောင်း တွေးမိသည့်အခါ ယုံကြည်မှု ပြန်ရလာခဲ့သည်။

“အဘိုးယန် က နင့်ကို မရိုက်နိုင်ဘူး လို့ပြောတယ်။ဖြဒါပေမဲ့ ဝူထျန်း အစ်ကို က နင့်ကို သေချာပေါက် ရိုက်နိုင်မှာ သေချာတယ်။ ဒီနေ့ ကောင်းကင်စစ်သည်နယ်မြေ က ထွက်သွားပြီးရင် သူ့ကို သွားရှာမယ် ...”

လုံချန် သူတို့နှစ်ယောက်ကို လှမ်းအော်လိုက်သည့် တစ်ချိန်တည်းတွင် လဲ့လင် က ဒေါသတကြီးကျိန်ဆဲရင်း တွေးနေခဲ့ခြင်း ဖြစ်သည်။

“မင်း ငါတို့အဖွဲ့ကို ခိုးကြည့်နေရင်း ဘာစီစဉ်ထားတာလဲ။ ငါတို့ဆီကနေ အကျိုးအမြတ်ကို လုယက်ချင်နေတာလား ...” လုံချန်ကလည်း တွန့်ဆုတ်မှု မရှိဘဲ လဲ့လင်ကို ကျိန်ဆဲလိုက်သည်။

“ဆန်းကြယ်အဆင့် ၄ နတ်ဆိုးသားရဲ တစ်ကောင်ပဲလေ။ ငါက ဘာကြောင့် လိုအပ်မှာလဲ ...”

လုံချန်၏ လှောင်ပြောင်လိုသော အကြည့်ကို သတိပြုမိလိုက်သည့်အခါ လဲ့လင်က ဒေါသတကြီး ဖြစ်နေခဲ့သည်။

“ဒါဆို မင်း ဘာလိုအပ်နေတာလဲ။ ငါ့ရဲ့ အစ်ကိုမာ လား။ ငါ တစ်ခုပဲပြောမယ်၊ အစ်ကိုမာ က အရမ်း ချောမောပြီး တည်ကြည်ခန့်ညားတဲ့အပြင် မင်းလို မကောင်းတဲ့မိန်းမငယ်လေးကို တွေ့ချင်မှာမဟုတ်ဘူး။ မင်း စိတ်ပျက်ရတာပဲ အဖက်တင်လိမ့်မယ်။ အစ်ကိုမာ၊ ငါတို့ သွားရအောင်။ မဟုတ်ရင် ဒီ မကောင်းတဲ့ မိန်းမငယ်လေးက မင်းကို ကပ်ချွဲနေမှာသေချာတယ် ...”

လုံချန်က တဟားဟားလှောင်ရယ်လိုက်ပြီး မာတျန်းယန် ကို ဆွဲခေါ်ကာ ချက်ချင်း ထွက်ခွာသွားခဲ့သည်။

လူငယ်လေးများ က ဒေါသတကြီး ပေါက်ကွဲလုဆဲဆဲ လဲ့လင်ကို မြင်လိုက်သောအခါ ထိတ်လန့်သွားကြသည်။ ဘာမှမပြောရဲဘဲ တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကာ ထွက်ခွာသွားကြသည်။

“လုံချန်၊ နင်က မကောင်းတဲ့ လူပဲ။ နင် ဆိုးဆိုးရွားရွား သေရလိမ့်မယ် ...”

လဲ့လင်က ကလေးမလေးတစ်ယောက်သာဖြစ်လေရာ ဒေါသထွက်လွန်းသဖြင့် ငိုကြွေးလုနီးပါး ဖြစ်နေခဲ့သည်။ သူမအတွက် လုံချန်နှင့် တွေ့ဆုံတိုင်း အမြဲလိုလိုအနှိမ်ခံရသည်ချည်းသာဖြစ်နေလို့ပင်။

“အဘိုးယန်၊ ငါ ဝူထျန်း အစ်ကို ကို သွားရှာချင်တယ်။ သူ့ကို မတွေ့တွေ့အောင် ရှာတရမယ် ...”

တစ်ဖက်တွင် လုံချန်တို့အဖွဲ့က အနည်းငယ် ဝေးလာသည်အထိ လျှောက်လာကြသည်။ မာတျန်းယန်း ရုတ်တရက်ဆိုသလို လုံချန်၏ခေါင်းကို တစ်ချက်ခေါက်လိုက်ပြီး ကျိန်ဆဲလေတော့သည်။

“ဟိတ်ကောင်၊ မိန်းကလေးတစ်ယောက်ကို ဘယ်လို လိုက်ချင်တယ်ဆိုတာ မသိဘူးလား၊ မင်း ဘယ်လိုပဲလုပ်လုပ် ကြိုက်တာလုပ်နိုင်တယ်။ ဒါပေမဲ့ အစ်ကိုမာ ဆိုတဲ့ ငါ့ကို ဆွဲမထည့်စမ်းနဲ့၊ ဒါက ငါ့ကို သောက်ကျိုးနည်း အရှက်ကွဲအောင်လုပ်လိမ့်မယ် ...”

“ဟားဟား၊ ငါ သူမကို လိုက်နေတာ မဟုတ်ပါဘူး။ မင်း နားမလည်ပါဘူး။ လာ၊ ငါတို့တွေ စပျစ်ဝိုင်ပဲ သောက်ကြရအောင် ...”

“မင်း ဘာစကားပြောတာလဲ။ ငါ မင်းထက် မိန်းကလေးတွေ အကြောင်း အများကြီး ပိုသိတယ်။ တိုက်ပွဲ က ချစ်ခြင်းမေတ္တာကို ပြသဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်တယ်ဆိုတဲ့ စကားကို ကြားဖူးသလား။ ဒါဆို မင်းနဲ့ သူမရဲ့ ဆက်ဆံရေး က ချစ်ခြင်းမေတ္တာရဲ့အစပျိုးမှုပဲ ...”

လုံချန်က မာတျန်းယန်၏စကားကြောင့် သဘောကျသွားပြီး တဟားဟားရယ်မောလိုက်သော်လည်း ငြင်းပယ်ခြင်းတော့ မရှိပေ။ သူ့အတွက် အချင်းချင်း တိုက်ခိုက်ရင်း ပျော်ရွှင်ရသည်မှာ လင်းရှီတစ်ယောက်တည်းသာ ။

All Chapters