အခန်း (၁၃၇-၁၃၈)
Vol. 12 Ch. 137-138
[(စာစဉ် - ၁၂)အပိုင်း ၁၃၇]
မာတျန်းယန်နှင့် နှုတ်ဆက်စကားပြောဆိုပြီးနောက် လုံချန်သည် ရတနာလဲလှယ်ရာ ခန်းမ ဆီသို့ ဦးတည်လာခဲ့သည်။
“လုံချန်! နင် တကယ်ပဲ အပြာရောင်နဂါးဝိညာဉ်ပုလဲကို မလိုချင်ဘူးလား။ အဲဒါက နတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီး လဲလှယ်နိုင်တယ် ...” လင်းရှီက ထပ်ခါတလဲလဲ မေးရင်း ဝေခွဲမရဖြစ်နေပုံပါ။
“ဟမ်...၊ မင်း ဒီမေးခွန်းကို ဘယ်နှခါလောက် မေးပြီးပြီလဲ။ ငါ ဝိညာဉ်မြက်ပင်ကို အရယူမယ်လို့ ဆုံးဖြတ်ထားပြီ။ ဒါ့အပြင် ငါ့လက်ရှိ ခွန်အားနဲ့ဆိုရင် ထောက်ပံ့ရေးအမှတ် ၅၀၀ ရဖို့ ခက်ခဲမှာ မဟုတ်ပါဘူး”
ထိုအခါမှသာ လင်းရှီ လည်း စိတ်လက်ပေါ့ပါးသွားပြီး ငြိမ်သက်သွားပါတော့သည်။
လုံချန်က ဆုံးဖြတ်ပြီးသည်နှင့် ပြန်မပြင်တတ်သူဖြစ်ကြောင်း သိနေလို့ပင်။
မှန်သည်။ လုံချန် ကိုယ်တိုင်ကလည်း လင်းရှီ အားတစ်ခုခုဖြစ်သွားမည်ကို မလိုလားပေ။ သူ့အတွက် လင်းရှီသည်သာ အရေးကြီးဆုံးသတ်မှတ်ထားသောကြောင့် ဖြစ်သည်။
ဤ အရာက လင်းရှီကို အလွန် စိတ်ထိခိုက်စေခဲ့သည်။
ရတနာလဲလှယ်ရာခန်းမ ထဲသို့ ဝင်ရောက်လိုက်လာသည့်အချိန်တွင် လုံချန်သည် ယခင်တကြိမ်တုန်းက ကြိုဆိုခဲ့ဖူးသော မိန်းမလှလေး ကို ထပ်မံတွေ့လိုက်ရသည်။
“မောင်ငယ်လေး၊ ဘာကြောင့် ပြန်လာတာလဲ။ ဝိညာဉ်ဖန်တီးခြင်းနတ်သစ်သီး ကို ထပ်ပြီးဝယ်မလို့လား ...”
လုံချန်က ဝိညာဉ်ဖန်တီးခြင်းနတ်သစ်သီးကိုသာ မေးနေကျဖြစ်သောကြောင့် ဝန်ထမ်းမိန်းမလှလေးအတွက် လူကိုမြင်သည်နှင့် ချက်ချင်းအမှတ်ရသွားခဲ့သည်။
“ဒီတစ်ခါ ဝိညာဉ်မြက်ပင် ကို လဲလှယ်ဖို့ ရောက်လာ တာလို့ပြောရင် ယုံမှာလား ...”
“နင် ထောက်ပံ့ရေးအမှတ် ၃၀၀ စုဆောင်းနိုင်ပြီလား ...” မိန်းမလှလေး လည်း အံ့အားသင့်မှုကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။
“မရသေးဘူး ...” လုံချန်က ခေါင်းခါလိုက်သော်လည်း မျက်နှာပေါ်တွင် ယုံကြည်မှု အပြည့်နှင့် ပြန်ပြောလိုက်သည်။
“နင် ... ကောင်စုတ်လေး ...” အမျိုးသမီးက ရယ်လိုက်ပြီး ခေါင်းခါလိုက်သည်။
“ဒီအစ်မကြီးကို နောက်ပြောင်နေတာ ရပ်လိုက်ပါ။ ကောင်းပြီ၊ အခု ဘာလိုအပ်လို့ ရောက်လာတာလဲ ပြောပါ ...”
“ဟုတ်ပါတယ်၊ ငါ့မှာ အခုလောလောဆယ် ထောက်ပံ့ရေးအမှတ် ၃၀၀ မရှိသေးဘူး။ ဒါပေမဲ့ မကြာခင် ရလာမှာ သေချာတယ် ...”
လုံချန် က ယုံကြည်မှုရှိစွာ ပြုံးလိုက်ပြီး အခြားတစ်ဖက်သို့ လျှောက်သွားခဲ့သည်။ အမျိုးသမီးက ဘာမှမပြောဘဲ ခေါင်းသာခါလိုက်သည်။
“ဒီ ကောင်လေး မှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတယ်ထင်တယ်…”
မကြာခင် လုံချန်သည် သားရဲဝိညာဉ်ပုလဲနှင့် နတ်ဆိုးသားရဲအမြုတေများ လဲလှယ်သည့် နေရာသို့ ရောက်လာခဲ့သည်။ ထို့နောက် သိုလှောင်အိတ်ထဲကနေ နတ်ဆိုးဝံပုလွေ၏ သားရဲအမြုတေနှင့် ဝိညာဉ်ပုလဲကို ထုတ်၍ ကောင်တာပေါ် တင်လိုက်ပါသည်။
“ဆန်းကြယ်အဆင့် ၄ နတ်ဆိုးဝံပုလွေ လား ...” ကောင်တာနောက်မှ လူသည်လည်း အနည်းငယ် အံ့အားသင့်သွားပြီး လုံချန်ကို မော့ကြည့်လိုက်သည်။
“ဘယ်သူ ပေးလိုက်တာလဲ ...”
“ငါ ကောင်းကင်စစ်သည်နယ်မြေ ထဲကို ဝင်တုန်းက မတော်တဆ တွေ့ခဲ့တာ ...” လုံချန်က အနည်းငယ်ပြုံးပြီး ပြန်ဖြေလိုက်သည်။
မတော်တဆ တွေ့ခဲ့သည်လား။ ဆန်းကြယ်အဆင့် ၄ နတ်ဆိုးသားရဲ၏အစိတ်အပိုင်းများကို ဤမျှ လွယ်ကူစွာ ရရှိနိုင်သည်ဆိုလျှင် လူတိုင်း ကံကောင်းနေပေလိမ့်မည်။ ထိုလူ က လုံချန် ပြောသည့်စကားကို အလွယ်တကူ မယုံခဲ့ပေ။
သို့သော် လုံချန်က အမှန်တိုင်း မဖြေသည့်အတွက် သူလည်း ဆက်၍မမေးတော့ပါ။ သားရဲဝိညာဉ်ပုလဲနှင့် နတ်ဆိုးအမြုတေ နှစ်ခုစလုံး ကို လက်ခံယူလိုက်ပြီး ဆက်ပြောပါသည်။
“ကျသင့်တဲ့ တန်ကြေးအရဆိုရင် မင်းက ထောက်ပံ့ရေးအမှတ် ၄၀၀ လောက် ရသင့်တယ်။ မင်းရဲ့ ကျောက်စိမ်းတံဆိပ်ပြား ခဏပေးပါ ...”
လုံချန်က ကျောက်စိမ်းတံဆိပ်ပြားကို ကမ်းပေးလိုက်သည်။ ထိုလူက တုံ့ဆိုင်းမနေဘဲ လုံချန်၏ကျောက်စိမ်းပြားထဲကို အမှတ်များလွှဲပြောင်းပေးလိုက်သည်။ ခဏအကြာတွင် ပြန်ပေးလိုက်၏။ လုံချန်က စစ်ဆေးကြည့်လိုက်ရာ ယခု သူ့တွင် ထောက်ပံ့ရေးအမှတ် ၆၄၁ အထိ စုဆောင်းမိထားပြီဖြစ်သည်။
“ဝိညာဉ်မြက်ပင် တစ်ပင် ဝယ်လိုက်ရင် အမှတ် ၃၀၀ က ချက်ချင်း ကုန်သွားမှာပဲ။ ပြီးတော့ ငါ့မှာ ထောက်ပံ့ရေးအမှတ် ၃၄၁ မှတ်လောက်ပဲ ကျန်တော့မယ်။ ဒါဆို အပြာရောင်နဂါးဝိညာဉ်ပုလဲကို လဲလှယ်ဖို့ လုံးဝ မလုံလောက်သေးဘူး ...”
လုံချန်က တွက်ချက်နေရင်း အနည်းငယ် စိတ်ပျက်နေခဲ့သည်။ သူ့အနေဖြင့် အပြာရောင်နဂါးဝိညာဉ်ပုလဲကို ရယူချင်သည်ဆိုပါက ကောင်းကင်စစ်သည်နယ်မြေ ထဲသို့ နောက်တစ်ကြိမ် ထပ်ဝင်ရမည် ဖြစ်ကြောင်း သိနေသည်။ သို့သော် သူ ပြန်ရောက်လာသည်မှာ မကြာသေးသည့်အတွက် ချက်ချင်း ပြန်မသွားချင်သေးပေ။ မည်သို့ပင်ဖြစ်စေ လက်ရှိတွင် ထောက်ပံ့ရေးအမှတ် ၄၀၀ လောက် ရခဲ့ပြီဖြစ်သည်။ ထို့အပြင် မာတျန်းယန် ကဲ့သို့ လူ တစ်ယောက်နှင့်ပါ မိတ်ဆွေ ဖြစ််ခွင့်ရခဲ့သည်။ အရေးကြီးဆုံးမှာ မိုရှောင်းလန် အကြောင်း သတင်း ရခဲ့လို့ပင်။
ခဏအကြာတွင် လုံချန် သည် ဝိညာဉ်အားဖြည့်ဆေးများ လဲလှယ်သည့် နေရာသို့ ပြန်ရောက်လာခဲ့သည်။လုံချန်က ကျောက်စိမ်းတံဆိပ်ပြားကို ထုတ်၍ အမျိုးသမီးကို ကမ်းပေးလိုက်သည်။ အမျိုးသမီးက ရုတ်တရက်ဖြစ်နေသောကြောင့် ခဏတာ အံ့အားသင့်ပြီး တုံ့ဆိုင်းသွားခဲ့သည်။
“ထောက်ပံ့ရေးအမှတ် ၆၄၁ မှတ်တောင်ရှိနေတာလား။ ဘယ်လိုအရာနဲ့ လဲလှယ်လိုက်တာလဲ ...”
“ဆန်းကြယ်အဆင့် ၄ နတ်ဆိုးဝံပုလွေ ရဲ့ နတ်ဆိုးအမြုနေနဲ့ သားရဲဝိညာဉ်ပုလဲ ကို လဲလှယ်ခဲ့တာ။ ဒီလိုပြောရင် မင်းယုံမှာလား...” လုံချန်က အနည်းငယ် ရယ်မောလိုက်သည်။
“တကယ်ပဲ နတ်ဆိုးဝံပုလွေ လား။ အဲဒါက ဆန်းကြယ်အဆင့် ၄ နတ်ဆိုးသားရဲ ပဲ။ ဘယ်လို ယုံရမှာလဲ။ ကြည့်ရတာ နင်က ကောင်းကင်စစ်သည်နယ်မြေ ထဲမှာ ဆန်းကြယ်အဆင့် ၃ နတ်ဆိုးသားရဲ အတော်များများ သတ်ခဲ့တာ ဖြစ်မယ်ထင်တယ်၊ ဟုတ်တယ်မလား ...”
“ဟားဟား...၊ မင်း ခန့်မှန်းတာ တကယ်မှန်ပါတယ်။ ငါ ဝိညာဉ်မြက်ပင် တစ်ပင်လောက် လဲလှယ်ချင်တယ်။ ငါ့အတွက် ယူလာပေးနိုင်မလား ...”
အမျိုးသမီးက ညင်သာသောအကြည့်များဖြင့် လုံချန်ကို ကြည့်လိုက်ပြီး ခစ်ခနဲတစ်ချက်ရယ်ကာ ခေါင်းညိတ်လိုက်သည်။
“နင်က ဆန်းကြယ်အဆင့် ၃ နတ်ဆိုးသားရဲ ဆယ်ကောင်လောက် သတ်ခဲ့တာ သေချာတယ်။ နင် တကယ်ကို ကြမ်းတမ်းတာပဲ၊ ဘာပဲဖြစ်ဖြစ်ပါ... ဒီအစ်မကြီးက နင့်ကို ကူညီပေးလိုက်မယ် ...”
“ကျေးဇူးတင်ပါတယ်၊ အစ်မကြီး ...”
ဤအတောအတွင်း လုံချန် သည် လူမှုပေါင်းသင်းဆက်ဆံရေးတွင် အတော်လေးပြေပြစ်လာခဲ့သည်။ အမျိုးသမီးက အနည်းငယ်ပြုံး၍ လုံချန်၏ ကျောက်စိမ်းတံဆိပ်ပြားကို ယူကာ ဒုတိယ ထပ်သို့ တက်သွားခဲ့သည်။
“ဒါနဲ့ ငါ အစ်မကြီးရဲ့နာမည်ကို အခုထိမသိရသေးဘူး…”
“ဟမ် ...။ ငါ့ နာမည်က ချင်းယာ။ အစ်မ ယာ လို့ ခေါ်နိုင်တယ် ...”
ရတနာခန်းမ၏ ဒုတိယ ထပ်သို့ တက်နိုင်ရန်အတွက် အနည်းဆုံး မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် သို့မဟုတ် ကောင်းကင်ယွမ်ကနဦးအဆင့်ပညာရှင် ဖြစ်ရပေမည်။
ခဏကြာပြီးနောက် အမျိုးသမီးက အောက်ထပ်သို့ ပြန်ဆင်းလာ၏။ လက်ထဲ၌ ကျောက်စိမ်းသေတ္တာ တစ်လုံးကို ကိုင်လာပြီး လုံချန်၏လက်ထဲသို့ ထည့်ပေးလိုက်သည်။
“ဒါက ဝိညာဉ်မြက်ပင် ပဲ။ ဂရုတစိုက်သုံးပါ၊ တမင်ဖြုန်းတီးသလိုမဖြစ်စေနဲ့ ...”
“ကောင်းပြီ၊ ငါ အမြစ်ပါမကျန်အောင် ဝါးစားပစ်မယ်လို့ ကတိပေးတယ် ...”
လုံချန် အလွန် ပျော်ရွှင်သွားပြီး ဝိညာဉ်မြက်ပင် ထည့်ထားသော ကျောက်စိမ်းသေတ္တာလေးကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။ နတ်ဓားထဲမှ လင်းရှီ လည်း ဝိညာဉ်မြက်ပင်၏ အငွေ့အသက်ကို ခံစားမိလိုက်ပြီး ချက်ချင်း စိတ်လှုပ်ရှားသွားခဲ့သည်။
“ကောင်လေး၊ ဝိညာဉ်မြက်ပင် ကို ချက်ချင်းမစားလိုက်နဲ့။ အချိန်တစ်ခုထိ စောင့်သင့်တယ် ...”
လုံချန် က ခေါင်းညိတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ အစ်မ ယာ။ ထောက်ပံ့ရေးအမှတ် လုံလောက်ရင် ထပ်ပြီးလာခဲ့ပါဦးမယ်။ အခုတော့ ဒီကနေပဲ နှုတ်ဆက်ပါတယ် ..” ထို့နောက် လုံချန်က အလျင်စလို ထွက်ခွာသွားခဲ့သည်။
ချင်းယာ က ကပျာကယာ ထွက်သွားသည့် လုံချန်၏နောက်ကျောကို လှမ်းကြည့်ရင်း မရယ်ဘဲမနေနိုင်တော့ပေ။
“ဒီ ကောင်လေး က အတွင်းစည်းဂိုဏ်းခွဲ ဝင်ခွင့် ရွေးချယ်ပွဲမှာ နာမည်စာရင်းပေးထားတယ်လို့ ကြားတယ်၊ ဒါပေမဲ့ ကောင်းကင်ယွမ်တစ်ပိုင်းအဆင့် ကိုတောင် မရောက်သေးဘူး။ ကြည့်ရတာ သူ့မှာ အခွင့်အရေး သိပ်မရှိလောက်ဘူး ထင်တယ် ...”
မကြာမီတွင် လုံချန်က ကိုယ်ပိုင်ခြံဝန်းထဲသို့ ပြန်ရောက်လာခဲ့သည်။ ထို့နောက် တံခါးဖွင့်၍ အိမ်ထဲသို့ ဝင်လိုက်ပြီး တံခါးကို ချက်ချင်းပြန်ပိတ်လိုက်သည်။
“မြန်မြန်လုပ်စမ်း...၊ နှေးလိုက်တာ ... မြန်မြန်လေး၊ ဝိညာဉ်မြက်ပင်ကို အခုထုတ်လိုက်တော့... ” လင်းရှီ ထံမ စိတ်မရှည်နိုင်ဖြစ်နေသောအသံ ထွက်ပေါ်လာသည်။ ထို့နောက်တွင် နတ်ဓားထဲမှ အဖြူရောင်မြူခိုးများ ထွက်လာပြီးနောက် လင်းရှီ၏ပုံရိပ်က လုံချန် အား ပတ်ပတ်လည် လှည့်၍ ပျံသန်းနေခဲ့သည်။
လုံချန်က လင်းရှီကို တစ်ချက်ကြည့်လိုက်ရင်း နှစ်ယောက်သား မြေအောက်လေ့ကျင့်ရေးအခန်း ထဲသို့ ဆင်းလာလိုက်သည်။ ထို့နောက် သိုလှောင်အိတ်ထဲကနေ ကျောက်စိမ်းသေတ္တာကို ထုတ်လိုက်သည်။ သေတ္တာအဖုံးကို ဖွင့်လိုက်သည့်အခါ အထဲ၌ ဖြူဖွေးတောက်ပနေသော ကျောက်စိမ်းမြက်ပင်လေးတစ်ပင်ကို မြင်လိုက်ရသည်။ ၎င်းမှ အလွန် လန်းဆန်းသော ရနံ့ တစ်ခုပါ ပျံ့လွင့်လာသည်။ တစ်ချက် ရှူရှိုက်လိုက်ရုံဖြင့် လုံချန်သည် စိတ်နှလုံးတည်ငြိမ်အေးချမ်းသွားသလို ခံစားလိုက်ရလေသည်။
“ဆန်းကြယ်အလယ်အလတ်အဆင့် ဝိညာဉ်ဆေးအမယ် ဆိုတဲ့အတိုင်း တကယ်ကို ထူးခြားတယ်။ မူလဝိညာဉ်ဖန်တီးခြင်းနတ်သစ်သီး နဲ့ နှိုင်းယှဉ်ရင် ဒီကျောက်စိမ်းဝိညာဉ်မြက်ပင် က ဆယ်ဆလောက် ပိုပြီးတန်ဖိုး ရှိတယ် ...”
ဤအချိန်တွင် လင်းရှီနတ်ဓား က လေထုဲ၌ တဝီဝီပျံသန်းလာပြီး လုံချန် ရှေ့တွင် ရပ်တန့်လိုက်သည်။ ထို့နောက် အဖြူရောင်မြူခိုးများ ထွက်လာပြီး သေတ္တာထဲမှ ကျောက်စိမ်းဝိညာဉ်မြက်ပင်က ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
“ငါ ဒီမြက်ပင်ကို ခဏလောက် သန့်စင်လိုက်ဦးမယ်...”
လုံချန်သည် သူမကို မတားခဲ့ပေ။ ထို့နောက် သူလည်း လေ့ကျင့်ရန် ပြင်လိုက်၏။
“ဆန်းကြယ်အဆင့် ၄ နတ်ဆိုးသားရဲ နှစ်ကောင် ရဲ့ သွေးအဆီအနှစ်နဲ့ မိုးကြိုးမီးလျှံကျောက်တုံး တွေပါ ထပ်ပြီးသန့်စင်ရမယ်။ ငါ အချိန်ဖြုန်းနေလို့မရဘူး၊ အခုချက်ချင်း လုပ်ငန်းစမှပဲ ...”
ပတ်ဝန်းကျင် သည် ခဏတာ တိတ်ဆိတ်သွားခဲ့သည်။ ယခုအခါ လုံချန်သည် မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေသောကြောင့် နတ်ဆိုးသားရဲ သွေးအဆီအနှစ်ကို ချက်ချင်းအသုံးပြုရန် မလိုအပ်သေးပေ။ ယင်းအစား မိုးကြိုးမီးလျှံကျောက်တုံး များကိုသာ အရင်ဦးဆုံး သန့်စင်လိုက်သည်။ အချိန်ခဏကြာပြီးနောက် မိုးကြိုးမီးလျှံကျောက်တုံး ၂၅ လုံး အထိ သန့်စင်နိုင်ခဲ့သည်။ ထိုအဆင့်ထက် ပမာဏကျော်လွန်သွားပါက နဂါးဝိညာဉ်အသွင်ပြောင်းလဲခြင်းစွမ်းအားကို ထုတ်သုံးရပေမည်။
ဤသို့ဖြင့်....
အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။ အချိန်တစ်ရက်ကြာသွားပြီးနောက် လုံချန်က မိုးကြိုးမီးလျှံကျောက်တုံး ၂၆ လုံးအထိ ပေါင်းစပ်နိုင်ခဲ့သည်။ ဤအတောအတွင်း လင်းရှီက ဝိညာဉ်အားဖြည့်ခြင်းဖြစ်စဉ် ပြီးဆုံးသွားပြီး လုံချန် ကို စိုးရိမ်စွာ စောင့်ကြည့်နေခဲ့လေသည်။
ဝိညာဉ်မြက်ပင်ကို ဝါးမျိုသန့်စင်ပြီးနောက်တွင် လင်းရှီ၏ ဝိညာဉ်ခန္ဓာကိုယ်သည် လူသားခန္ဓာကိုယ်ပုံသဏ္ဍာန် တဖြည်းဖြည်းထင်ရှားလာသည်။ ထို့အတူ သူမ၏ခွန်အားကလည်း အရင်ထက်ပို၍ အားကောင်းလာပါသည်။ လင်းရှီအတွက်က ပိုပြီးသန်မာလေလေ နောင်အနာဂတ်တွင် လုံချန်ကို အကူအညီ ပေးနိုင်ပေလိမ့်မည်။
“ရှီအာ...! ဘာဖြစ်တာလဲ ...”
လင်းရှီ၏မျက်နှာထက်မှ စိုးရိမ်ပူပန်မှုကို မြင်လိုက်သည့်အခါ လုံချန်က အလျင်စလို မေးလိုက်သည်။
“လဲ့လင် က ဖုန်းဝူထျန်း ဆိုတဲ့ အရူးကောင်ကို ခေါ်လာပြီ။ လောလောဆယ်မှာ သူတို့တွေ အပြင်မှာ နင့်ကို စောင့်နေကြတယ်၊ တကယ်လို့ တံခါး မဖွင့်ရင် အတင်းရိုက်ချိုးပြီးဝင်လာမယ်လို့ ပြောနေတယ် ...”
“ဖုန်းဝူထျန်း လား ...”
လုံချန် ရုတ်တရက် သတိရသွား၏။ ကောင်းကင်စစ်သည်နယ်မြေထဲ၌ လဲ့လင် ကို သူ ရန်စခဲ့သောကြောင့် ကလေးမလေးက ဖုန်းဝူထျန်း ကို ဆွဲခေါ်လာခဲ့ခြင်း ဖြစ်ရပေမည်။
“ဒီကောင်က ငါ့ဆီမှာ တစ်ခါ ရှုံးနိမ့်ခဲ့ပြီးသားပဲ။ ဒါကို နောက်တစ်ကြိမ် ထပ်လာရဲသေးတာလား ...”
လုံချန်က ကြောက်ရွံ့မှု မရှိဘဲ မတ်တပ်ထရပ်လိုက်သည်။
“သတိထားပါ။ သူ့ဆီကနေ ထွက်ပေါ်နေတဲ့ အငွေ့အသက်အရ နင်သတ်ခဲ့တဲ့ သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင် နဲ့ မာတျန်းယန်း ထက်တောင် ပိုပြီးသန်မာနေနိုင်တယ် ...”
ဖုန်းဝူထျန်းက နတ်ဖီးနစ်သွေးမျိုးစက် ပိုင်ဆိုင်ထားသည့်အပြင် ယခုအခါ တောင်ပိုင်းဖီးနစ်ကလန်၏ တပည့်တစ်ဦးပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ မာတျန်းယန် ထံမှ သိထားသည့်အချက်အလက်အရဆိုလျှင်မိုရှောင်းလန် က အတွင်းစည်းဂိုဏ်း၏ အဖွဲ့ဝင်တစ်ယောက်ယောက်ကို သတ်ခဲ့သည့်အတွက် ယခုထက်တိုင် အကျဉ်းချခံထားရသည်။ ထို့ကြောင့် သူလည်း ဤအဖြစ်အပျက်မျိုးကို ကြိုရှောင်ထားသင့်ကြောင်း နားလည်ထားသည်။
အခန်းတံခါး ဖွင့်လိုက်သည့်အခါ လဲ့လင် က ဖုန်းဝူထျန်း၏လက်ကို ဆွဲကိုင်ထားရင်း လုံချန်အား သတ်ဖြတ်ချင်စိတ်ပြည့်နှက်နေသော အကြည့်ဖြင့် စိုက်ကြည့်နေသည်။ လုံချန်က ကလေးမလေး၏ဖြစ်ပျက်နေပုံကို ကြည့်၍ မရယ်ဘဲမနေနိုင်တော့ပေ။ ရေချိုးနေစဉ် မြင်ကွင်းကို အမှတ်ထမင်မြင်တွေ့ခဲ့သောကြောင့် အတော်လေးရူးသွပ်သွားစေပုံရသည်။
“ဒီလောက် ဒေါသထွက်စရာ လိုလို့လား။ ငါ တစ်ခါလေးပဲ မြင်ခဲ့တာလေ။ အဆိုးဆုံးအနေနဲ့ မင်းလိုချင်ရင် ငါ့ကို ပြန်ကြည့်လိုက်ပေါ့ ...” လုံချန်က သူမကို နောက်ပြောင်လိုက်ပြီး ဖုန်းဝူထျန်း ဖက် လှည့်ကြည့်လိုက်သည်။
“ဒီကောင် တကယ်ကို ပြောင်းလဲသွားပြီ။ ကောင်းကင်စစ်သည်နယ်မြေ ခရီးစဉ်က သူ့ကို အကျိုးပြုခဲ့ပုံ ရတယ် ...”
ဖုန်းဝူထျန်း၏ခန္ဓာကိုယ်က ပြင်းထန်သော စွမ်းအင်အရှိန်အဝါများ ပြည့်နှက်နေပြီး မျက်လုံးများကပင် အရောင်တလက်လက် တောက်နေသည်။ တမင် ထုတ်မပြသော်လည်း လုံချန်က ၎င်းဆီကနေ ကြောက်မက်ဖွယ်အရှိန်အဝါကို ခံစားမိပြီး အနည်းငယ်အံ့အားသင့်သွားခဲ့သည်။
“ဒီဖုန်းဝူထျန်း က ငါ့အတွက် တကယ့် ပြိုင်ဖက်ကောင်းဖြစ်သလို အကြီးမားဆုံးရန်သူ ပဲ ...”
ဤအချိန်တွင် လုံချန် ထွက်လာသည်ကို မြင်လိုက်သည့်အခါ လဲ့လင်က အထင်အမြင်သေးစွာ လှောင်ပြောင်လိုက်သည်။
“ကြောက်လန့်နေတဲ့ လိပ်တစ်ကောင်က နောက်ဆုံးတော့ ခေါင်းထုတ်ရဲလာပြီလား။ နင် အဲဒီထဲမှာ ရက်အနည်းငယ်လောက် ဆက်ပြီးပုန်းနေမယ်ထင်ခဲ့တာ။ အဲဒီထဲမှာ အိမ်သာသုံးရင်း ဘယ်လောက် အနံ့ခံနေမလဲဆိုတာ သိချင်မိတယ်... “
သို့သော် လုံချန်က စိတ်ထဲမထားဘဲ တဟားဟား ရယ်လိုက်သည်။
“လင်အာလေး က ငါ အိမ်သာသုံးနေတာတောင် သိနေတယ်။ ကြည့်ရတာ ငါတို့နှစ်ယောက်က နှလုံးသားချင်း ချိတ်ဆက်နေတာ ဖြစ်နိုင်တယ် မဟုတ်လား ..”
လဲ့လင်က ဒေါသတကြီးဖြစ်လာသော်လည်း ဖုန်းဝူထျန်း ရှေ့တွင် ဖြစ်နေသောကြောင့် စိတ်ငြိမ်အောင်ထိန်းချုပ်လိုက်ပြီး လုံချန်အား စိုက်ကြည့်ကာ အေးစက်စက်ပြောလိုက်ပါသည်။
“ငါ နင်နဲ့ စကားများအချိန်ဖြုန်းမနေတော့ဘူး။ ဒီနေ့ ဝူထျန်း အစ်ကို က အတွင်းစည်းဂိုဏ်းရဲ့ တပည့်တစ်ယောက်အနေနဲ့ နင့်ကို သေခြင်းရှင်ခြင်း စင်မြင့်မှာ တိုက်ခိုက်ဖို့ ရောက်လာတာပဲ။ နင် လက်ခံရဲသလား ...”
ဤအချိန်တွင် ဖုန်းဝူထျန်း ကလည်း အပြုံးဖြင့် ပြောသည်။
“လုံချန်! မင်းက ဒီအဆင့်တောင်ရောက်လာပြီပဲ။ ဒါနဲ့ ငါသတိပြန်ရလာတော့ နှလုံးဖောက်အဆိပ်မိနေတဲ့အချိန်တုန်းက မင်းလက်ထဲမှာ ရှုံးခဲ့တယ်လို့ ပြန်ကြားရတယ်။ ငါ ဖုန်းဝူထျန်းက တစ်သက်လုံး ဘယ်သူ့ကိုမှ မရှုံးခဲ့ဖူးဘူး၊ မင်းက ပထမဆုံးဖြစ်လိမိ့မယ်။ ဒါပေမဲ့ အဲဒီ တိုက်ပွဲက တကယ့်တိုက်ပွဲလို့အတည်မပြုနိုင်ဘူး။ အခု မင်း သေခြင်းရှင်ခြင်းစင်မြင့်မှာ ငါနဲ့ တိုက်ခိုက်ရဲသလား ...”
ဖုန်းဝူထျန်း က တည်ငြိမ်စွာ ပြောနေသော်လည်း သူ့လေသံက လုံချန်ကို ငြင်းဆန်ရန် ခက်ခဲစေခဲ့သည်။ အကယ်၍ လုံချန်သာ ငြင်းပယ်လိုက်လျှင် သူတည်ဆောက်ထားသည့် ပုံရိပ်က ချက်ချင်း ပြိုကျသွားပေလိမ့်မည်။ သူက အစိမ်းရောင်နေမင်းဌာနခွဲတစ်ခုလုံး၏ နောက်တစ်ကြိမ်လှောင်ရယ်စရာ ဖြစ်သွားနိုင်သည်။ ထို့အပြင် လုံချန်က ဖုန်းဝူထျန်း နှင့် မယှဉ်နိုင်ကြောင်း လူတိုင်း ယူဆသွားနိုင်၏။
“ဒီကောင်က အတွင်းစည်းဂိုဏ်း ထဲ ဝင်ပြီးတဲ့နောက် မှာ ပိုပြီးအားကောင်းလာတာထင်တယ် ...”
မည်သို့ပင်ဖြစ်စေ လုံချန်က ဤတစ်ကြိမ်ပဏ္ဍိပက္ခကို ရှောင်လွဲ၍ မရတော့မှန်း သိလိုက်သည်။ သူကိုယ်တိုင်လည်း လှည့်ပတ်ရှောင်တိမ်းလိုစိတ်မရှိတော့ပေ။
“ဖုန်းဝူထျန်း က ကောင်းကင်ယွမ်ကနဦးအဆင့် ရောက်သွားတော့ တောင်ပိုင်းဖီးနစ်ကလန် ဆီကနေ အရင်းအမြစ်တွေ အများကြီးထောက်ပံ့ခံထားရတဲ့ပုံပဲ။ ဒါပေမဲ့ ငါ သွေးဝိညာဉ်ဂိုဏ်းသခင်နဲ့ ဆန်းကြယ်အဆင့် ၄ နတ်ဆိုးဝံပုလွေကိုတောင် ကိုင်တွယ်နိုင်သေးတာ။ ဒါကြောင့် ဘယ်သူအနိုင်ရမယ်၊ ဘယ်သူရှုံးမယ်ဆိုတာ မသေချာသေးပါဘူး ...”
တစ်ဖက်တွင် လဲ့လင် က လုံချန်တိတ်ဆိတ်နေသည်ကို မြင်သောအခါ လှောင်ပြုံးပြုံးလျှက် ရန်စကားများ ပြောလေတော့သည်။
“နင် သတ္တိမရှိဘူးဆိုတာ ငါသိတယ်။ လုံချန်! တကယ်လို့ နင် သဘောတူရင်တောင် အရင်တုန်းက ဖြစ်ခဲ့သလို သေခြင်း၊ရှင်ခြင်းစင်မြင့်ကို မသွားရဲလောက်ဘူး ... ” လဲ့လင် က ဖုန်းဝူထျန်း ကို တင်းတင်း ဆုပ်ကိုင်ထားရင်း လုံချန်အား လှောင်ပြောင်နေခဲ့၏။
လဲ့လင် ပြောလိုက်သောစကားကြောင့် လူတိုင်းသည်ယခင်က အဖြစ်အပျက်ကို ပြန်တွေးမိသွားကြသည်။အားလုံးက လုံချန်ကို လက်ညိုးထိုးကာ အသံတိုးတိုးဖြင့် ဆွေးနွေးလာကြသည်။
“ဟုတ်လား ...” လုံချန်က အနည်းငယ် ပြုံးလိုက်ပြီး တည်ငြိမ်စွာပြန်ပြောခဲ့သည်။
“ဖြစ်ခဲ့တာတွေက ပြီးသွားပြီလေ။ ဒီတစ်ခါ ငါ သဘောတူတယ်။ တကယ်တော့ ငါ လက်ခံတာလက်မခံတာက မင်းနဲ့ ဘာဆိုင်လို့လဲ ...”
“ဘာ...”
လုံချန်က သေခြင်းရှင်ခြင်းစင်မြင့်ထက်၌ ဖုန်းဝူထျန်း နှင့် တိုက်ခိုက်ရန် သဘောတူလိုက်ပြီဖြစ်သည်။ လူတိုင်းကို အံ့အားသင့်သွားခဲ့ကြသည်။
“ကောင်းပြီ၊ နင် သဘောတူတယ်ဆိုပြီး နောက်တစ်နေ့မှာ မလာဘဲနေမှာ မဟုတ်လား ” လဲ့လင် က လုံချန်ကို အထင်သေးစွာ ကြည့်လိုက်သည်။
“နင်က အဘိုးယန် နဲ့ မယှဉ်နိုင်သလို ဝူထျန်း အစ်ကို ရဲ့ လက်သီးတစ်ချက်တောင် ခံနိုင်မှာမဟုတ်ဘူး ...”
“ဟုတ်လား ။ တကယ်လို့ မင်းအမြင်မှာ ငါ မလာရဲဘူးထင်နေရင် အခုပဲ သေခြင်းရှင်ခြင်းစင်မြင့်ကို သွားကြရအောင် ... ဘယ်လိုလဲ ...” လုံချန်၏ အေးစက်ခက်ထန်သော အသံက အစိမ်းရောင်မိုးမခခြံဝင်းတစ်ခုလုံး တွင် ပဲ့တင်ထပ်သွားလေသည်။ ဤနေရာတွင် လူများစွာ ရှိနေသည့်အတွက် ဤတိုက်ပွဲသတင်းကလည်း အစိမ်းရောင်ဂိုဏ်းခွဲတစ်ခုလုံး လျှင်မြန်စွာ ပြန့်နှံ့သွားခဲ့သည်။
Translator#အနှောင်အဖွဲ့ကင်းမဲ့သူ
.(သွေးနဂါးလုံချန်)
ဘာသာပြန်သူ -
အနှောင်အဖွဲ့ကင်းမဲ့သူ
[(စာစဉ် - ၁၂)အပိုင်း ၁၃၈]
မကြာမီအချိန်တွင် လုံချန်နှင့် ဖုန်းဝူထျန်းတို့နှစ်ယောက် သေခြင်းရှင်ခြင်း တိုက်ခိုက်တော့မည်ဟူသော သတင်းက အစိမ်းရောင်နေမင်းဌာနခွဲတစ်ခုလုံးကိုပင် ပြန့်သွားခဲ့လေသည်။
လုံချန်နှင့် ဖုန်းဝူထျန်း တို့နှစ်ယောက် သေခြင်းရှင်ခြင်းစင်မြင့် ဆီသို့ ရောက်လာသည့်ချိန်တွင် ခန်းမအရှင်လဲ့ယွမ်၊ မဟာအကြီးအကဲ (၄)ဦး နှင့် အစောင့်အရှောက် (၅) ဦးစလုံး ရောက်နေခဲ့ကြပြီ ဖြစ်သည်။
လက်ရှိတွင် ဖုန်းဝူထျန်းက အတွင်းစည်းဂိုဏ်းဝင် တစ်ယောက် ဖြစ်နေပြီဖြစ်သည်။ ခန်းမအရှင်လဲ့ယွမ် နှင့် အစိမ်းရောင်နေမင်းဌာနခွဲအနေဖြင့် သူ့ကို မထိန်းချုပ်နိုင်တော့ပေ။ သို့သော် ယခင်က ကောင်းမွန်သော ဆက်ဆံရေး ရှိထားသဖြင့် အဆင်ပြေအောင် ညှိနှိုင်းလို့ရပေသည်။
“ဝူထျန်း၊ မင်း ဘာလုပ်ချင်နေတာလဲ ...”
အမှန်တိုင်းဆိုရလျှင် ဖုန်းဝူထျန်း သည် ကောင်းကင်ယွမ်ကနဦးအဆင့် သို့တက်လှမ်းပြီးနောက် အတွင်းစည်းဂိုဏ်းသား ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ ယခုအခါ လုံချန် က သူ့နေရာကို အစားထိုးပြီး အစိမ်းရောင်နေမင်းဌာနခွဲ၏ မြေကမ္ဘာယွမ်အဆင့် ပါရမီရှင် ဖြစ်လာခဲ့သည်။
ဖုန်းဝူထျန်း၏ လက်ရှိခွန်အားက မဟာအကြီးအကဲများကိုပင် ခြိမ်းခြောက်နိုင်ပုံရသည်။ အကယ်၍ လုံချန်သာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့ပါက အစိမ်းရောင်နေမင်းဌာနခွဲအတွက် အလွန် ဒုက္ခများသွားပါလိမ့်မည်။
အကြောင်းမှာ သေခြင်း၊ရှင်ခြင်း စင်မြင့်ထက်သို့ ရောက်သွားသည် နှင့်တပြိုင်နက် တစ်ဖက်ပြိုင်ဖက်က ဒက္ခိတဖြစ်ရင်ဖြစ် မဟုတ်လျှင် သေဆုံးမှသာ။
“ခန်းမအရှင်! သူ ငါနဲ့ သေခြင်းရှင်ခြင်း တိုက်ခိုက်ဖို့ သဘောတူပြီးပြီ။ ငါတို့ကို မတားပါနဲ့တော့ ...”
အတိတ်တွင် ဖုန်းဝူထျန်းသည် ခန်းမအရှင်လဲ့ယွမ် ကို အလွန် ရိုသေလေးစားခဲ့သော်လည်း ယခုအခါတွင်မူ သူ့ အသံထဲတွင် အေးစက်မှုအနည်းငယ် ပါဝင်နေသည်။
ဤတစ်ကြိမ် စိန်ခေါ်တိုက်ပွဲသည် လဲ့လင် အတွက်သာ မဟုတ်ဘဲ သူကိုယ်တိုင် အတွက်ပါ ဖြစ်နေလို့ပင်။ သူ့အနေဖြင့် လုံချန်ကို တစ်သက်မမေ့နိုင်သော သင်ခန်းစာ တစ်ခု ပေးပြီးမှသာ ယခင်အရှက်ရမှုကို ဖာထေးနိုင်ပါလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ခန်းမအရှင်လဲ့ယွမ်၏ လက်ရှိအဆင့်အတန်းက သူနှင့် တန်းတူနီးပါးဖြစ်နေသောကြောင့် တားဆီး၍ မရနိုင်ပေ။
“လုံချန်! မင်းလည်း တကယ် သဘောတူလိုက်တာလား ...”
ခန်းမအရှင်လဲ့ယွမ်၏မျက်နှာက အနည်းငယ်မည်းမှောင်သွားကာ လုံချန် ဖက်သို့ လှည့်ကြည့်ရင်း စိုးရိမ်တကြီး အော်ငေါက်လိုက်သည်။
“ဒုက္ခမဖန်တီးစမ်းနဲ့။ ဝူထျန်း က အတွင်းစည်းဂိုဏ်းခွဲရဲ့ အဖွဲ့ဝင် ဖြစ်နေပြီ။ မင်း ဒဏ်ရာရသွားရင် ဒါမှမဟုတ် သေရင်သွားရင်တောင် မင်းကိုယ်တိုင် တာဝန်ယူရမှာ။ ဒါပေမဲ့ မင်း သူ့ကို ဒဏ်ရာရစေရင်…”
ဤအချက်ကို တွေးမိသည့်အခါ ဖုန်းဝူထျန်း က ကောင်းကင်ယွမ်ကနဦးအဆင့် ရောက်နေပြီ ဖြစ်ကြောင်း ပြန်အမှတ်ရလိုက်သည်။ လုံချန် ကအနိုင်ရရန် လုံးဝ မဖြစ်နိုင်တော့ပေ။ ခန်းမအရှင်လဲ့ယွမ် စကားတစ်ပိုင်းတစ်စနှင့် ရပ်တန့်သွားခဲ့သည်။
“စိတ်မပူပါနဲ့၊ အကြီးအကဲ။ ပြိုင်ပွဲစင်မြင့် ပေါ် တက်သွားရင် အသက်ရှင်တာ နဲ့ သေဆုံးတာပဲ ကျန်မှာလေ ... ” ဖုန်းဝူထျန်း က လုံချန်၏ ရန်သူတော် ဖြစ်သော်လည်း ရိုးသားပြီး ဖွင့်ဟတတ်သူဖြစ်သည်။
ဤအချိန်တွင် လဲ့လန် က လုံချန်၏ အနားကို လျှောက်လာကာ အသံနှိမ့်ပြီးမေးလိုက်သည်။
“နင် ယုံကြည်မှု ရှိသလား ...”
လုံချန်က ခါးသီးစွာ ပြုံးလိုက်ပြီး ခေါင်းခါလိုက်သည်။
“မသိသေးဘူး ...”
“ဒါဆို ဘာကြောင့် သဘောတူလိုက်တာလဲ ...”
လုံချန်က သူမကို မျက်လုံး ပြန်လှန်ကြည့်လိုက်သည်။
“မင်း ဒီလောက် အသက်ကြီးနေပြီ။ မြှားကို လေးကိုင်းပေါ် တင်ပြီးရင် ပစ်လွှတ်ရတော့မယ်ဆိုတာ မသိဘူးလား ...”
လုံချန်က အသက်အရွယ်ကြီးနေသည့်အချက်အား စကားထဲ ထည့်ပြောလိုက်သည့်အပြင် လဲ့လန်၏ ဖြူဖွေးလုံးဝန်းသော စနေနှစ်ခိုင်ကိုပါ မသိမသာလေး လှမ်းကြည့်လိုက်ပါသည်။ သူပြောသည့်အဓိပ္ပါယ်မှာ လဲ့လန်က ရင်သားကြီးပြီး ဦးနှောက်မရှိ ဟုနောက်ပြောင်နေခြင်း ဖြစ်သည်။ လဲ့လန် က ချက်ချင်းဆိုသလို သတိထားမိသွားပြီး စိတ်တိုလာကာ ကျိန်ဆဲလိုက်သည်။
“နင် ... မကောင်းဆိုးဝါး ကောင်၊ ကိုယ့်ဘာသာ သေချင်နေတာ ... ငါတို့ကို အပြစ်မတင်နဲ့။ ဖုန်းဝူထျန်း က အတွင်းစည်းဂိုဏ်းခွဲရဲ့ အဖွဲ့ဝင် ဖြစ်နေပြီ။ အစကတော့ ငါ နင့်ကို သူနဲ့ ပဋိပက္ခမဖြစ်ဖို့ အကြံပေးချင်ခဲ့တာ။ ငါ ဘာမှမပြောရသေးခင်မှာတင် နင် သေလမ်းရှာနေပြီ ...”
လုံချန် အနည်းငယ်ရယ်မောလိုက်သည်၊ သူ့ အမြင်ကိုတော့ ထုတ်ဖော်မပြခဲ့ပေ။
ဤအချိန်တွင် လူအများ တစ်စတစ်စ ရောက်လာကြပြီး အစောပိုင်းကနှင့်ယှဉ်ပါက လူအရေအတွက် ပိုများလာခဲ့သည်။ လုံချန်၏ နောက်ပြောင်နေသောစကားကို ကြားလိုက်သည့်အခါ လူတိုင်း သူ့ကို လက်ညိုး ထိုးနေကြသည်။
အတွင်းစည်းဂိုဏ်းခွဲ ဆိုသည်မှာ အပြင်စည်းဂိုဏ်းခွဲ အားလုံးအတွက် ကြောက်မက်ဖွယ်ရာအင်အားနှင့် ပြင်းထန်လွန်းသော အာဏာရှင်များ ဖြစ်လေသည်။ သူတို့အမြင်အရ လုံချန်က အတွင်းစည်းဂိုဏ်းခွဲ၏ အဖွဲ့ဝင်တစ်ယောက်နှင့် သေခြင်း၊ရှင်ခြင်း ဆင်နွှဲသည်မှာ မိုက်မဲလှသည်။
ဤအချိန်တွင် မဟာအကြီးအကဲ (၅)ဦး နှင့် အစောင့်အရှောက် (၄)ပါး တို့လည်း လက်ရှိအခြေအနေ သူတို့ မထိန်းနိုင်တော့မှန်း သိလိုက်ကြသည်။ လူတိုင်း သက်ပြင်းကိုယ်စီချကာ ခပ်ဝေးဝေးသို့ ပြန်ဆုတ်သွားကြသည်။
အကြီးအကဲများ တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်း ဖလှယ်ရင်း အကြီးအကဲချန် ဟုအမည်ရသော အကြီးအကဲ တစ်ဦးက ရုတ်တရက်မေးလိုက်သည်။
“တိုက်ပွဲ ရလာဒ်က ဘယ်လို ဖြစ်မယ်ထင်လဲ ..”
အစောင့်အရှောက် (၄)ပါး ထဲမှ အသက်အကြီးဆုံး ဖြစ်သော အကြီးအကဲချန် က လုံချန်နှင့် ဖုန်းဝူထျန်း ကို အပေါ်အောက် စုံဆန်ကြည့်ရင်း ပြောလိုက်သည်။
“ဖုန်းဝူထျန်း က ကောင်းကင်ယွမ်ကနဦးအဆင့် ကို ရောက်နေတဲ့အပြင် တောင်ပိုင်း ဖီးနစ်ကလန် ကလည်း သူ့ကို အပြည့်အဝထောက်ပံ့ပေးထားတယ်။သူ့ရဲ့ လက်ရှိခွန်အားအရဆို အစစ်အမှန် ကောင်းကင်ယွမ်အဆင့် ထက် အများကြီး သန်မာမှာ သေချာတယ်။ လုံချန် က အခုမှ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့်မှာပဲ ရှိသေးတာ။ ဖုန်းဝူထျန်း နဲ့ နှိုင်းရင် အရမ်းကြီး ကွာဟနေတယ်။ ဒါပေမဲ့ လဲ့လန် ပြောတဲ့စကားအရ သူက သွေးဝိညာဉ်ဂိုဏ်း သခင် ကို သတ်ခဲ့တယ်လို့ပြောခဲ့တယ်၊ ဆိုလိုတာက ဒီလုံချန် မှာ ဖုန်းဝူထျန်း နဲ့ ရင်ဆိုင်တိုက်ခိုက်နိုင်မယ့် အခွင့်အရေး ရှိနိုင်တယ် ...”
အခြား အကြီးအကဲ တစ်ဦးက ထပ်ပြောလိုက်သည်။
“အဲဒါ အများကြီး မူတည်တယ်။ လုံချန် သွေးဝိညာဉ်ဂိုဏ်းသခင်ကို သတ်ခဲ့တာကို လဲ့လန်က ကိုယ်တိုင် မမြင်ခဲ့ရဘူး။ ကောင်းကင်ယွမ်ကနဦးအဆင့် နဲ့ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ကြားမှာ ရှိတဲ့ကွာခြားချက်က ကြီးမားတယ်။ အရင်တစ်ကြိမ်မှာ လုံချန် က ဖုန်းဝူထျန်း ကို အနိုင်ရခဲ့နိုင်တယ်၊ ဒါပေမဲ့ အခု သူတို့ နှစ်ယောက် ကြားမှာ ကွာခြားချက် ကြီးကြီးမားမားရှိနေမှာ သေချာတယ် ...”
“မှန်ပါတယ် ..”
အကြီးအကဲ ချန်က ခေါင်းညိတ်လိုက်သည်။
“အတွင်းစည်းဂိုဏ်းခွဲနဲ့ အပြင်စည်းဂိုဏ်းခွဲ ရဲ့ လူငယ်တပည့်တွေ တိုက်ပွဲဝင်တာမှာ အတွင်းစည်းဂိုဏ်းခွဲ ဖက်က ရှုံးခဲ့တဲ့ ဖြစ်ရပ် တစ်ခုခု မြင်ဖူးလို့လား ...”
အားလုံး ခေါင်းခါလိုက်ကြသည်။ အဖြေ နှင့် ရလာဒ် က အသိသာကြီးပင်။
ခန်းမအရှင်လဲ့ယွမ် လည်း မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု ပြည့်နှက်လာခဲ့သည်။
“လန်အာ၊ လုံချန် က သွေးဝိညာဉ်ဂိုဏ်းသခင် ကို တကယ်ပဲ သတ်ပစ်ခဲ့တာလား ...”
“သေချာပါတယ်။ ပြီးခဲ့ရက်တုန်းကတောင် သူဆန်းကြယ်အဆင့် ၄ နတ်ဆိုးဝံပုလွေ တစ်ကောင် ပါသတ်ခဲ့တယ်လို့ ကြားတယ်။ ဒါကို အဘိုးယန် ကိုယ်တိုင် မြင်ခဲ့တာ အပြင် အခု လုံချန်ကို သူ တောင် မယှဉ်နိုင်ဘူး လို့ ပြောခဲ့တယ် ...”
“ဟုတ်လား ။ အစ်ကိုယန် ပြောနေမှတော့ လုံချန် မှာ တကယ် အခွင့်အရေး ရှိနိုင်တယ်…”
ခန်းမအရှင်လဲ့ယွမ် က အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။
“နင်သာ ဉာဏ်ရှိတယ်ဆိုရင် ဖုန်းဝူထျန်း ကို ဒေါသပိုထွက်အောင် မလုပ်မိပါစေနဲ့ ..”
လုံချန် က အေးဆေးတည်ငြိမ်စွာဖြင့် သေခြင်း၊ရှင်ခြင်း စင်မြင့်သို့ တက်သွားသည်ကို မြင်သောအခါ လဲ့လန် က ကြည့်နေရင်း ခေါင်းခါလိုက်ပြီး သက်ပြင်းချလိုက်ပါသည်။
သူမ လုံချန်၏စရိုက်ကို ကောင်းကောင်းသိထားလို့ပင်။ သို့သော် ယခုအခါ ဒုက္ခရောက်ခါနီးဖြစ်နေလေသည်။
“လုံချန်သာ ဒီတိုက်ပွဲမှာသေသွားရင် ငါ့ အစီအစဉ် ပျက်စီးသွားမှာ ...”
လဲ့လန်က အဆက်မပြတ်တွေးတောနေစဉ် လူတိုင်း၏ အကြည့်များသည် တိုက်ပွဲစင်မြင့်ထက်၌ မျက်နှာချင်းဆိုင် ရပ်နေသော လုံချန်နှင့် ဖုန်းဝူထျန်း တို့နှစ်ယောက်အပေါ်တွင် ကျရောက်နေခဲ့သည်။
“သူတို့ နာမည်တွေအရဆို ဒါက နဂါး နဲ့ ဖီးနစ် တို့ရဲ့ တိုက်ပွဲ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဖီးနစ်က အခုလောလောဆယ်မှာ အားသာနေပုံ ရတယ် ...”
လုံချန် သည် သူတို့ နောက်ကျောမှ မှတ်ချက်စကားများကို ကြားလိုက်ရသည်။
မည်သို့ပင်ဖြစ်စေ လူတိုင်း သူတို့နှစ်ယောက်၏တိုက်ပွဲကို မျှော်လင့်နေကြသည်။ သို့သော် ဖုန်းဝူထျန်း က ကောင်းကင်ယွမ်ကနဦးအဆင့် ပညာရှင် ဖြစ်နေ၏၊ တစ်ဖက်တွင် လုံချန်ကတော့ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် တွင်သာ ရှိနေသေးသည်။ နှစ်ယောက်ကြား အင်အားကွာဟချက်က သိသာလှသည်။
“အရင်က မင်းလက်ထဲမှာ ရှုံးခဲ့တာက ငါ့ဘဝမှာ အရှက်အရဆုံးပဲ။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ငါ အသိစိတ်လွတ်နေလို့ ဖြစ်ခဲ့တာ။ အဲဒီအချိန်က အရှက်ရမှုကို ဒီတစ်ကြိမ်မှာ ချေဖျက်ပစ်မယ် ...”
“ချေဖျက်ပစ်မယ်တဲ့လား။ ငါ့အထင် မင်းသာ ဒီတစ်ခါ ပိုပြီးအရှက်ရအောင် လုပ်နိုင်မယ်ဆိုရင် နောင်မှာ ချောမောလှပတဲ့ အရှုံးသမားဖြစ်လာနိုင်တယ် …” လုံချန်က ဖုန်းဝူထျန်းကို အာရုံမထားဘဲလှောင်ပြောင်လိုက်သည်။
“လုံချန်!... မင်း သေချင်နေတာပဲ... “
ဖုန်းဝူထျန်း က အေးစက်စက်အော်ဟစ်လိုက်ပြီး ကောင်းကင်ယွမ်ကနဦးအဆင့် ချီစွမ်းအင်ကို ထုတ်ဖော်လိုက်သည်။ အစစ်အမှန်ချီစွမ်းအင် ကြောက်မက်ဖွယ်ရာ ပေါက်ကွဲထွက်လာပြီး သူ့ပတ်ပတ်လည်၌ ချီစွမ်းအင်ကတော့ ဖြစ်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာတစ်ခုလုံးကို တုန်ခါစေသော ချီစွမ်းအားအရှိန်အဝါ ထွက်ပေါ်လာပြီး လုံချန်ကို ဖိနှိပ်လာခဲ့သည်။
“ဒီကောင်က သွေးဝိညာဉ်ဂိုဏ်းသခင် ထက် တော်တော်လေး သန်မာတယ်…” လုံချန်က မျက်လုံးအနည်းငယ်မှေးကျဉ်းသွားသော်လည်း တုန်လှုပ်သွားခြင်းတော့မရှိပေ။ သူ့ဆီကနေလည်း မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ချီစွမ်းအားများ တဟုန်ထိုးပေါက်ကွဲထွက်လာပါတော့သည်။
“နဂါးဝိညာဉ်အသွင်ပြောင်းခန္ဓာကိုယ် ...”
ကျင့်စဉ်ကို ထုတ်ဖော်လိုက်သည် နှင့်တပြိုင်နက်သူ၏ခန္ဓာကိုယ်က အစစ်အမှန်နဂါးခန္ဓာကိုယ်အဖြစ်ချက်ချင်းပြောင်းလဲသွား၏။ ထို့အတူ လုံချန်၏ အစစ်အမှန်ချီစွမ်းအင်သည် ကောင်းကင်ယွမ်တစ်ပိုင်းအဆင့်နီးနီး သိပ်သည်းလာသည်။ လက်ရှိတွင် သူ၏ချီအရှိန်အဝါက ဖုန်းဝူထျန်းနှင့် တန်းတူ ဖြစ်သွားခဲ့သည်။
“ဒီ ဖုန်းဝူထျန်း က အတွင်းစည်းဂိုဏ်း ထဲကို ဝင်ရောက်နိုင်ခဲ့တယ်ဆိုတော့ အဆင့်မြင့်တိုက်ခိုက်ရေးနည်းစနစ် တစ်ခုခုကို သင်ယူထားလောက်တယ်။ ဒါပေမဲ့ သူ့ကြည့်ရတာ ကျင့်ကြံဖို့ အချိန် မရလောက်သေးဘူး ...”
နဂါးဝိညာဉ်ခန္ဓာကိုယ်အသွင် ပြောင်းပြီးနောက် လုံချန်၏ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ်ကောင်းလှသော အပူလှိုင်းများဖြာထွက်လာလေသည်။ တစ်ချိန်တည်းမှာပင် သွေးနီရောင်လျှပ်စီးကြောင်းများ သူ့ခန္ဓာကိုယ်အနှံ့ အထပ်ထပ်ရစ်ပတ်လျှက် သွေးနီရောင်မီးလျှံများလည်း လောင်ကျွမ်းနေခဲ့သည်။
“လုံချန် ရဲ့ သားရဲဝိညာဉ်အသွင်ပြောင်းလဲခြင်း က သူ့ ခွန်အားကို ကြီးကြီးမားမား မြှင့်တင်ပေးနိုင်တာထင်တယ်။ ငါ ထင်တာက သူ နဂါးသွေးကြောနယ်ပယ်အဆင့် မှာရှိတုန်းက သားရဲဝိညာဉ်က မြေအောက်သွေးမိကျောင်း မဟုတ်လောက်ဘူး၊ အဲဒီအစား အဝါရောင်အဆင့် ၇ မြေအောက်သွေးမိကျောင်းဘုရင် ဖြစ်နိုင်တယ် ...”
ခန်းမအရှင်လဲ့ယွမ်က တိုးတိုးလေး ပြောလိုက်ပြီး မျက်နှာပေါ်တွင် နောင်တရနေသောအမူအရာတချို့ ပေါ်လာခဲ့သည်။
“လုံချန် သာ ဒီအခက်အခဲကို ကျော်လွှားနိုင်ပြီးတော့ အပြာရောင်နဂါးဝိညာဉ်ပုလဲ ရခဲ့ရင် သူ့ ခွန်အားက အဆင့်တစ်ခုထိ တိုးတက်လာမှာ သေချာတယ်။ နောင်တရစရာ ပဲ…”
လဲ့လန်ကတော့ မျက်မှောင်ကြုတ်နေသည်။ သတင်းပေးများ ပြောခဲ့သည့်စကားအရ လုံချန်သည် ထောက်ပံံ့ရေးအမှတ် ၃၀၀ ကို ဝိညာဉ်မြက်ပင် လဲလှယ်ရန်အတွက် အသုံးချခဲ့သည်။ ထိုအကြောင်းကို ခန်းမအရှင်လဲ့ယွမ် အား ပြောပြရန် စဉ်းစားခဲ့သော်လည်း လုံချန်နှင့် ဖုန်းဝူထျန်း တို့တိုက်ပွဲ စတင်နေပြီ ဖြစ်သောကြောင့် ပါးစပ် ပိတ်ကာ ငြိမ်နေလိုက်တော့သည်။ ဤအချိန်တွင် လူတိုင်း တိတ်ဆိတ်လျှက် ရှေ့မှ တိုက်ပွဲကိုသာ စိတ်နှစ်ပြီး ကြည့်ရှုနေခဲ့ကြသည်။
“ကောင်းကင်လောင်ကျွမ်းခြင်း နတ်ဆိုးလက်သီး၊ကောင်းကင်လောင်ကျွမ်းခြင်းသွေးမီးလျှံ ... ထွက်ပေါ်လာစေ... ”
“ဖီးနစ်အင်ပါယာနည်းစနစ်၊ ဖီးနစ်ဝိညာဉ်မီးလျှံ ... ထွက်ပေါ်လာစမ်း ...”
ဖုန်းဝူထျန်း က ဖီးနစ်ဝိညာဉ်မီးလျှံတံဆိပ် ကိုသာ ထပ်မံ၍အသုံးပြုလိုက်သည်။ ၎င်းသည် ယခင်ထက် အနည်းဆုံး ဆယ်ဆလောက် ပိုမို အားကောင်းလာခဲ့သည်။ လေထုထဲတွင် ဧရာမ မီးလျှံဖီးနစ်ငှက် ကြီးတစ်ကောင် ပေါ်လာပြီး လုံချန်၏ အနက်ရောင်မီးလျှံလက်သီးပုံရိပ်ထံ တည့်တည့်ပြေးဝင်လာတော့သည်။
မတူညီသော ဝိညာဉ်မီးတောက်(၂)ခု တိုက်ခိုက်မှုသည် အလွန်ကြောက်မက်ဖွယ်ရာပင်ဖြစ်သည်။ တစ်ဖက်နှင့်တစ်ဖက် ပြင်းထန်စွာ တိုက်မိသွားသည့်နောက် ကျယ်လောင်သော ပေါက်ကွဲသံကြီး နှင့်အတူ ကောင်းကင်နှင့် မြေပြင်၏ ဝိညာဉ်ချီများပင် ပြင်းထန်စွာ လှုပ်ခတ်သွားခဲ့ရသည်။ သူတို့အောက်ရှိ သေခြင်း၊ရှင်ခြင်းစင်မြင့် သည်ပင် ပြိုကျလုမတတ် တုန်ခါသွားခဲ့သည်။
“နှစ်ဖက် တိုက်ခိုက်မှုအရ အခုလောလောဆယ်မှာ ခွန်အားချင်း တန်းတူဖြစ်နေတယ် ...”
ဖုန်းဝူထျန်း၏ အပြင်းထန်ဆုံးတိုက်ခိုက်မှုကို လုံချန် ခုခံနိုင်ကြောင်း မြင်လိုက်သည့်အခါ လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။ ကောင်းကင်ယွမ်အဆင့် ပညာရှင်များပင်လျှင် ဖုန်းဝူထျန်း၏ ဖီးနစ်ဝိညာဉ်မီးလျှံစည်းတံဆိပ် ကို ခုခံရန် ခက်ခဲကြောင်း သတိပြုမိထားကြသည်။
“လုံချန် က စကားအရတင် မဟုတ်ဘူး ထင်တယ်။ သူက သွေးဝိညာဉ်ဂိုဏ်းသခင်ကို တကယ် သတ်နိုင်ခဲ့တာဖြစ်ရမယ် ...”
အကြီးအကဲချန် က ခေါင်းညိတ်လိုက်ပြီး သူ့မျက်နှာပေါ်တွင် ရှားရှားပါးရား ချီးကျူးမှုတစ်ခု ပေါ်လာခဲ့သည်။
“မဟုတ်သေးဘူး၊ မကြာခင်မှာ ရလာဒ် က အတူတူ ပဲ ဖြစ်တော့မယ်မထင်ဘူး။ လုံချန် က သွေးဝိညာဉ်ဂိုဏ်းသခင်ကို သတ်ခဲ့တာမှန်ရင်တောင် ဖုန်းဝူထျန်း ရဲ့ အားအကောင်းဆုံး တိုက်ခိုက်မှု ဖြစ်တဲ့ မီးလျှံဖီးနစ်ဆင်းသက်ခြင်း တိုက်ကွက်ကို ခံနိုင်မှာ မဟုတ်ဘူး” ဘေးနားရှိ အကြီးအကဲတစ်ဦးက ခေါင်းခါလိုက်သည်။
သေခြင်း၊ရှင်ခြင်း စင်မြင့်ထက်၌ လုံချန် က နဝမကောင်းကင်နဂါးခြေလှမ်း ကို အဆုံးအစွန်ထိ ထုတ်ဖော်ထားပြီး ဖုန်းဝူထျန်း ကို တရကြမ်းတိုက်ခိုက်နေခဲ့သည်။
“မင်း သိပ်တော့မဆိုးဘူး ထင်တယ်။ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့်မှာ ရှိနေရုံနဲ့တင် ငါ့ရဲ့ ဖီးနစ်ဝိညာဉ်မီးလျှံစည်းတံဆိပ် ကို ခုခံနိုင်တယ်။ ကြည့်ရတာ ငါ မင်းကို အထင်သေးခဲ့တာပဲ ...” ဖုန်းဝူထျန်း၏အေးစက်စက်စကားသံ ထွက်ပေါ်လာသည်။
“အလျင်စလို မဖြစ်ပါနဲ့။ အံ့အားသင့်စရာ က မကြာခင် ရောက်လာမှာပါ ...” လုံချန်က အနည်းငယ်ရယ်မောရင်း ပြန်ပြော၏။ သူက ဖုန်းဝူထျန်းကို စူးစိုက်ကြည့်နေရင်း စိတ်ထဲကနေ ဖီးနစ်ဝိညာဉ်မီးလျှံစည်းတံဆိပ်၏ စွမ်းအားကို အသိအမှတ်ပြုလိုက်သည်။ ၎င်းက ဖီးနစ်ကလန်၏ အစွမ်းထက်ဆုံးတိုက်ခိုက်ရေးနည်းစနစ် ပီသပါပေသည်။ နဂါးဝိညာဉ်ခန္ဓာကိုယ် ထုတ်ဖော်အသုံးပြုထားသော လုံချန် ကို ဒဏ်ရာအနည်းငယ် ရစေခဲ့၏။ ကံကောင်းထောက်မစွာ မူလအစပြန်သွားခြင်းကျင့်စဉ်ရှိနေလေသည်။ ၎င်းက တိုက်ခိုက်နေစဉ်အတွင်း လုံချန်၏ ဒဏ်ရာများကို အလိုအလျောက် ကုသပေးခဲ့သည်။
“အရင်တစ်ကြိမ် တိုက်ပွဲမှာ ငါ့ရဲ့ မီးလျှံဖီးနစ်ဆင်းသက်ခြင်း တိုက်ကွက်က မင်းလက်ထဲမှာ ရှုံးနိမ့်ခဲ့တယ်လို့ ငါကြားတယ်။ ဒီတစ်ခါတော့…”
ဖုန်းဝူထျန်း စကားပြောနေစဉ်မှာပဲ သူ့ခန္ဓာကိုယ်ကနေ ပြင်းထန်သောချီအရှိန်အဝါများ လျင်မြန်စွာ မြင့်တက်လာခဲ့သည်။ ထို့အပြင် သူ၏နဖူးအလယ်တည့်တည့်ကနေ သေးငယ်လှသော ဖီးနစ်ငှက်ပုံသဏ္ဍာန် တံဆိပ် ပေါ်လာသည်။ ၎င်းက ဖီးနစ်ကလန်၏ ကလန်တက်တူးပင်ဖြစ်သည်။ ဖီးနစ်ငှက်ပုံသဏ္ဍာန်တက်တူး ပေါ်လာသည်နှင့်အမျှ ဖုန်းဝူထျန်း ထုတ်လွှတ်နေသော ချီအရှိန်အဝါသည် မူလထက် နှစ်ဆခန့် မြင့်တက်လာခဲ့သည်။
“လုံချန်၊ ဒီတစ်ခါ မင်းနဲ့ အချိန်မဖြုန်းတော့ဘူး။ ငါ့ ရဲ့ အားအကောင်းဆုံး တိုက်ခိုက်မှု ဖြစ်တဲ့ မီးလျှံဖီးနစ် ဆင်းသက်ခြင်း ကို ခုခံလိုက်စမ်း ...”
ထိုစကားပြောပြီးသည်နှင့် ဖုန်းသူထျန်း၏ရှေ့မှ လေထုသည် ပေါက်ကွဲသွားပြီး မီးတန်းကြီးတစ်ခုသဖွယ် ပြေးထွက်လာတော့သည်။
အလွန်တရာပူပြင်းလှသော အပူလှိုင်းများနှင့် မီးတောက်များ ဖုံးလွှမ်းနေသော ဧရာမဖီးနစ်ငှက်ကြီးက လုံချန် ဆီ တည့်တည့်ပျံသန်းလာခဲ့သည်။ ကြည့်နေသော လူတိုင်းလည်း ဖီးနစ်ငှက်ကြီး ထံမှ ပြင်းထန်လှသောထိအားကို ခံစားမိပြီး ကြောက်လန့်သွားခဲ့ကြသည်။
“ဖုန်းဝူထျန်း က တကယ်ကို သန်မာတယ်…”
“ဒီ လုံချန် ... သူ မသေရင်တောင်မှ ဒုက္ခိတ ဖြစ်သွားမှာ သေချာတယ် ...”
“မဖြစ်နိုင်ဘူး။ လုံချန် မှာ နောက်ထပ် တိုက်ခိုက်ရေးနည်းစနစ် တစ်ခု ရှိသေးတယ်မဟုတ်လား ...”
မှန်သည်၊ ထိုအကြီးအကဲ ပြောလိုက်သည့်အတိုင်းပင်၊ ဤအချိန်တွင် လုံချန် သည် အခက်တွေ့နေပြီဖြစ်သည်။ သူက အတတ်နိုင်ဆုံး ထုတ်မသုံးချင်သော်လည်း ယခုအခါ မြေကမ္ဘာဖျက်ဆီးခြင်း နတ်ဆိုးမီးလျှံ ကို မဖြစ်မနေ ထုတ်သုံးရပါတော့မည်။
မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် သို့တက်လှမ်းခဲ့ပြီးနောက်တွင် မြေကမ္ဘာဖျက်ဆီးခြင်းနတ်ဆိုးမီးလျှံ၏စွမ်းအားက ဆယ်ဆ မြင့်တက်လာခဲ့သည်။ ဤအချိန်တွင် ပတ်ဝန်းကျင်၌ ကြောက်မက်ဖွယ်ရာအပူလှိုင်းကြီး ပျံ့လွင့်လာလေသည်။ ထို့နောက် အနက်ရောင်နေလုံးကြီးတစ်လုံး ရုတ်တရက်ထွက်ပေါ်လာကာ ဖုန်းဝူထျန်းတစ်ဖြစ်လည်း ဧရာမဖီးနစ်ငှက်ကြီးထံ တည့်တည့်ပြေးဝင်သွားတော့သည်။
“ဘာ ... နှစ်ဖက်စလုံးက လက်ရည်တူနေတာလား ...”
လူတိုင်း၏ မျက်နှာပေါ်တွင် အံ့အားသင့်နေသောအမူအရာများ အထင်းသားပေါ်လွင်နေခဲ့သည်။ အထူးသဖြင့် မဟာအကြီးအကဲ(၄)ပါး နှင့်အစောင့်အရှောက်များပင်။ လူတိုင်း အကြည့်ချင်း ဖလှယ်လိုက်ပြီး ရှက်ရွံ့သွားကြသည်။
“ငါ အရင်ကပြောခဲ့တဲ့ စကားတွေက တကယ်ကို အရှက်ရစရာ ပဲ…”
ခန်းမအရှင်လဲ့ယွမ် က လုံချန်၏ အစစ်အမှန်ခွန်အားကို မြင်တွေ့ပြီးနောက်တွင် အတော်လေး ပျော်ရွှင်နေခဲ့လေသည်။ ဘေးနားက လဲ့လန် လည်း လုံချန်ကို စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။
ဤအချိန်တွင် ဖုန်းဝူထျန်း၏ အေးစက်စက်အသံကိုရုတ်တရက် ကြားလိုက်ရသည်။
“မင်း တကယ်ကို မဆိုးပါဘူး၊ ဒါပေမဲ့ နောက်ထပ် လာမယ့်တိုက်ခိုက်မှုကနေ မင်းအသက်ရှင်နိုင်မှာ မဟုတ်ဘူး ..”