← Chapters

အခန်း (၁၃၉-၁၄၀)

Vol. 12 Ch. 139-140

အခန်း (၁၃၉-၁၄၀)

Vol. 12 Ch. 139-140

[(စာစဉ် - ၁၂)အပိုင်း ၁၃၉]

“ပိုအားကောင်းတဲ့ တိုက်ခိုက်မှု တစ်ခု ရှိသေးတာလား ...” လူတိုင်းသည် လုံချန်၏ ခွန်အားကို ချီးကျူးနေကြစဉ် ဖုန်းဝူထျန်း ဆီမှ အေးစက်စွာ ထုတ်ပြောလိုက်သော စကားကြောင့် အားလုံး တုံ့ဆိုင်းသွားခဲ့ကြသည်။

“လုံချန် က ဖီးနစ်ဝိညာဉ်ဆင်းသက်ခြင်း တိုက်ကွက်နဲ့ ယှဉ်ဖို့ သူ့ရဲ့ အားအကောင်းဆုံး နည်းစနစ်ကို ထုတ်သုံးပြီးပြီ။ ဒါပေမဲ့ ဖုန်းဝူထျန်း မှာ နောက်ထပ် နည်းစနစ်တစ်ခု ရှိနေသေးတာလား။ ဒါက…”

အစိမ်းရောင်နေမင်းဌာနခွဲ၏ အဆင့်မြင့်အာဏာပိုင်များသည် လုံချန်၏ စွမ်းရည်ကို အသိအမှတ်ပြုကြသည်။ သို့ရာတွင် ဖုန်းဝူထျန်း ပြောလိုက်သော စကားကို ထပ်မံ ကြားလိုက်ရသည့်အခါ အဆုံးသတ်တိုက်ပွဲရလာဒ် ဘာဆက်ဖြစ်မည်ကို သိလိုက်ကြသလိုပင်။ အာဏာပိုင်များ၏ မျက်နှာပေါ်တွင် နောင်တ အရိပ်အယောင်များ ပေါ်လာခဲ့သည်။

တစ်ဖက်တွင် ဖုန်းဝူထျန်း နှင့် လုံချန် တို့နှစ်ယောက် လက်ရည်တူနေသည်ကို မြင်လိုက်သည့်အခါ မျက်စိမျက်နှာပျက်နေခဲ့သော လဲ့လင် လည်း ပြန်လည် ပျော်ရွှင်လာခဲ့သည်။ တစ်ချိန်တည်းတွင် ဖုန်းဝူထျန်းက ပိုပြီးကြောက်စရာကောင်းသော နည်းစနစ်ကို ထုတ်သုံးတော့မည်ဖြစ်ကြောင်း ကြားလိုက်ရာ အားပါးတရ အော်ပြောလိုက်လေသည်။

“ဝူထျန်း အစ်ကို၊ သူ့ကို အနိုင်ယူပြီး သင်ခန်းစာ ပေးလိုက်ပါ။ ဘာမှထိန်းထားစရာမလိုဘူး ...”

ခန်းမအရှင်လဲ့ယွမ် နှင့် လဲ့လန် တို့နှစ်ယောက်လည်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့၏စိတ်ထဲတွင် မကောင်းသော ခံစားချက် တစ်ခု ဖြစ်တည်လာခဲ့သည်။

“အဖေ…”

“စိတ်မပူပါနဲ့။ အဲဒီအချိန်ရောက်လာမယ်ဆိုရင် ငါ ကိုင်တွယ်လိုက်မယ်။ ဘာပဲဖြစ်ဖြစ် ဖုန်းဝူထျန်း က အတွင်းစည်းဂိုဏ်းသား ဖြစ်နေပြီ၊ အခုကစလို့ လုံချန်က ငါ့အစိမ်းရောင်နေမင်းဌာနခွဲရဲ့ မျှော်လင့်ချက်ပဲ ...”

ခန်းမအရှင်လဲ့ယွမ် ပြောလာသည့် စကားကြောင့် လဲ့လန် သည် စိတ်သက်သာရာရသွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ လက်ရှိ လုံချန်သည် သူမ၏ စံသတ်မှတ်ချက်အတိုင်း ပြည့်မီနေပြီ ဖြစ်သည်။ လုံချန် သည် ဖုန်းဝူထျန်း အား ရှုံးနိမ့်သွားခဲ့လျှင်ပင် အရေးမကြီးတော့ပေ။

“နောက်ထပ် အစွမ်းထက်ဆုံးနည်းစနစ် တစ်ခု ရှိသေးတယ်တဲ့လား ...”

လုံချန်က မျက်လုံးကို မှိတ်ထားလိုက်သည်။ အမှန်တိုင်းပြောရလျှင် အစောပိုင်းက ဖုန်းဝူထျန်း၏ မီးလျှံဖီးနစ်ဝိညာဉ်ဆင်းသက်ခြင်း တိုက်ကွက်အား ခုခံရန် သူ့အနေဖြင့် အားအကုန် ထုတ်သုံးထားခဲ့ပြီ ဖြစ်သည်။ သူ့အမြင်တွင် နှစ်ယောက်စလုံး အနိုင်အရှုံး မကွဲပြားပဲ လက်ရည်တူနေလိမ့်မည်ဟုသာ ထင်ခဲ့သည်။ မမျှော်လင့်ထားဘဲ ဖုန်းဝူထျန်း မှာ နောက်ဆုံးဝှက်ဖဲ ကျန်ရှိနေသေး၏။

ဖုန်းဝူထျန်း၏ အေးစက်စက်အသံကို ကြားလိုက်ချိန်တွင်တော့ လုံချန်သည် သူ့ကိုယ်ပေါ်သို့ မမြင်နိုင်သော ဖိအားတစ်ခု ကျရောက်လာပြီး သူ့လှုပ်ရှားမှု အားလုံး ချိတ်ပိတ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

“စိတ်မပူပါနဲ့။ ဒီ နည်းစနစ်က မင်းအတွက် ထူးခြားတဲ့ အတွေ့အကြုံ ဖြစ်လာမှာပါ။ လုံချန်! ငါ မင်းကို သတ်ချင်တာ မဟုတ်ဘူး၊ ဒါပေမဲ့ မင်းက ငါ့ကို ခြိမ်းခြောက်မှု ဖြစ်စေတယ်…” ဖုန်းဝူထျန်း၏ အေးစက်လှသော အသံက ဆက်တိုက် ထွက်ပေါ်လာသည်။

“မင်းက သောက်စကားများလွန်းတယ် ...”

လုံချန်သည် နဝမကောင်းကင်နဂါးခြေလှမ်း ကို အသုံးပြုကာ သေခြင်း၊ရှင်ခြင်းစင်မြင့်၏ ထောင့်အစွန်ထိ ပြန်ဆုတ်သွားခဲ့ပြီ ဖြစ်သည်။

ဤအချိန်တွင် ဖုန်းဝူထျန်း က နောက်ဆုံးတိုက်ကွက်ကို ထုတ်သုံးရန် ပြင်နေခဲ့သည်။ တိုက်ခိုက်မှု ထွက်ပေါ်မလာသေးသော်လည်း သူ့ဆီကနေ ထွက်ပေါ်နေသည့် အရှိန်အဝါက မီးလျှံဖီးနစ်ဝိညာဉ်ဆင်းသက်ခြင်း ထက် ဆယ်ဆလောက် ပိုအားကောင်းနေပါသည်။

“အတွင်းစည်းတပည့်ဖြစ်သွားတဲ့အချိန်မှာ တောင်ပိုင်း ဖီးနစ်ကလန် က ငါ့ကို ဒီလျှို့ဝှက်နည်းစနစ် လက်ဆောင်ပေးခဲ့တယ်။ ငါ ဒါကို မကြာသေးခင်မှကပြီးပြည့်စုံတဲ့အဆင့်ထိ လေ့ကျင့်နိုင်ခဲ့တာ။ လုံချန်၊ မင်းက ဒီ နည်းစနစ်အောက်မှာ သေဆုံးမယ့် ပထမဆုံး လူ ဖြစ်လာမှာပါ။ မင်း ဂုဏ်ယူသင့်တယ် . .” ဖုန်းဝူထျန်း၏မျက်နှာက ရက်စက်ကြမ်းကြုတ်မှုအပြည့် ဖြစ်နေခဲ့သည်။

ခန်းမအရှင်လဲ့ယွမ် နှင့် လဲ့လန် တို့လည်း ဖုန်းဝူထျန်း၏မျက်နှာပေါ်မှ နတ်ဆိုးဆန်သော အပြုံးကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်ကြသည်။

“ဖုန်းဝူထျန်း ... သူ အရင်က လုံချန် ဆီမှာ ရှုံးခဲ့တယ်။ သူ ထုတ်မပြောရင်တောင်မှ အဲ့ဒါက သူ့အတွက် တော်တော်လေး စိတ်ဒဏ်ရာ ဖြစ်သွားစေတဲ့ပုံပဲ။ သေချာတယ်၊ ဒါ့ကြောင့် အခု လုံချန်ကို သတ်ပစ်ချင်နေတာ ဖြစ်မယ် ...” လဲ့လန်၏ စကားသံထဲတွင် စိုးရိမ်မှုတို့ ပါနေသည်။

ဤအချိန်တွင် ဖုန်းဝူထျန်းက စူးရှသော ဖီးနစ်ငှက်အော်သံကို ရုတ်ချည်း ထုတ်လွှတ်လိုက်ပြီးနောက် သူ့ ခန္ဓာကိုယ်မှ မီးတောက်မီးလျှံများ ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ့နောက်ကျောကနေလည်း ဧရာမမီးလျှံအတောင်ပံကြီးတစ်စုံ ရုတ်တရက် ပေါ်လာပြီး ရက်စက်ကြမ်းတမ်းသော အရှိန်အဝါများ ဖြာထွက်နေခဲ့သည်။

“သေလိုက်တော့...”

ဖုန်းဝူထျန်း က အော်ဟစ်လိုက်ပြီး လုံချန် ဆီသို့ တရကြမ်း ပြေးဝင်လာခဲ့သည်။

“မီးလျှံဖီးနစ်အင်ပါယာ ဆင်းသက်လာစေ ...”

ဖုန်းဝူထျန်း ဤတစ်ကြိမ် ထုတ်သုံးလိုက်သော နည်းစနစ်က လူတိုင်း ကြောက်လန့်တကြားဖြစ်သွားခဲ့ရသည်။ အစစ်အမှန် ကောင်းကင်ယွမ်အဆင့်ပညာရှင်များ ပင်လျှင် ဤတိုက်ခိုက်မှုကို ခုခံနိုင်မည်ဟု မပြောရဲပေ။ ထိုထက်ပိုပြီး အံ့အားသင့်စရာ ကောင်းသည်မှာ လုံချန် ရှောင်ထွက်မသွားသည့်အပြင် ဖုန်းဝူထျန်း ဆီ တိုက်ရိုက်ပြေးဝင်လာနေခြင်းပင်ဖြစ်သည်။

“သူ ရူးသွားပြီထင်တယ် ...”

“သေလမ်းရှာနေတာ မဟုတ်လား ...”

“အဖေ ...”

လဲ့လန် ဆီကနေ အလျင်စလို သတိပေးသံကို ကြားလိုက်သည့်အခါ ခန်းမအရှင်လဲ့ယွမ် က ထပ်ပြီးအချိန်မဆွဲသင့်တော့မှန်း သဘောပေါက်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူသည် ခန်းမအရှင် ဖြစ်သလို ဖုန်းဝူထျန်း ကိုလည်း အကြိမ်ကြိမ်ကူညီခဲ့ဖူး၏။ သူ လုံချန်ကို ဝင်ကယ်လိုက်လျှင်ပင် ဖုန်းဝူထျန်းက အပြစ်မတင်ဘဲ မျက်နှာပေးလောက်ပါသည်။

ဤအချိန်တွင် လုံချန်၏သွေးနဂါးခန္ဓာကိုယ်အပေါ်ကနေ ရှုပ်ထွေးလှသော သွေးစီးကြောင်းများ၊ တစ်နည်း သွေးချည်မျှင်များ ထွက်ပေါ်လာပြီး အထပ်ထပ်ရစ်ပတ်နေခဲ့သည်။ ထို့နောက် သွေးချည်မျှင်များသည် သွေးစက်ဝန်းကြီးအဖြစ် ပြောင်းလဲသွားကာ တိုက်ပွဲစင်မြင့် တစ်ခုလုံး ကို ဖုံးလွှမ်းသွားခဲ့သည်။ သွေးချီစက်ဝန်းဖြင့် လွှမ်းခြုံခံထားရသည့် ပတ်ဝန်းကျင်သည် ယခုအခါ လုံချန်၏ ထိန်းချုပ်မှု အောက်မှာ ရောက်နေခဲ့သည်။

“သွေးစွမ်းအားနယ်မြေ ...၊ ပထမဆုံးအကြိမ် အသက်သွင်းကြည့်တာပေါ့ ...”

လုံချန်အတွက် သွေးစွမ်းအားနယ်မြေကို ဒုတိယအကြိမ်မြောကိ ထုတ်သုံးချင်းပင်။ ပထမ အကြိမ်နှင့် နှိုင်းယှဉ်ပါက ယခုအခါ ထိန်းချုပ်ရ ပိုလွယ်ကူလာသည့်အပြင် သွေးစွမ်းအားနယ်မြေအကျယ်အဝန်းကလည်း တစ်ဆင့်မြင့်သွားခဲ့သည်။

သွေးစွမ်းအားနယ်မြေ သည် ရှေးဟောင်းသွေးဝိညာဉ်နဂါး၏ ကောင်းကင်ဘုံကို အံတုနိုင်သော မွေးရာပါနည်းစနစ် ဖြစ်သည်။ အသုံးပြုသူ အနေဖြင့် စွမ်းအားနယ်မြေအတွင်းရှိ သက်ရှိသတ္တဝါအားလုံးကို လိုသလို ထိန်းချုပ်နိုင်၏။ ယခင်ကလည်း တစ်ကြိမ်ထုတ်သုံးခဲ့ဖူးသည်။ ထိုအချိန်ကတည်းက လုံချန်၏ သွေးစွမ်းအားနယ်မြေသည် မြေအောက်မြို့တော် တစ်ဝက်လောက်ကို ဖိနှိပ်ထားနိုင်ခဲ့သည်။

သွေးစွမ်းအားနယ်မြေ သည် ဓားနယ်မြေနှင့် ဆင်တူ၏။ ပိတ်လှောင်ခံထားရသည့် ရန်သူများအနက် အသုံးပြုသူထက် အားနည်းပါက ၎င်း၏သွေးအဆီအနှစ်ကို တိုက်ရိုက်ဝါးမျိုပစ်နိုင်သည်။ လုံချန်ထက် ကျင့်ကြံမှု အဆင့်မြင့်သော လက်ရှိ ဖုန်းဝူထျန်း ကဲ့သို့ ပညာရှင်များကတော့ ခန္ဓာကိုယ်ထဲရှိ သွေးချီများ ပွက်လောရိုက်ကာ လှုပ်ရှားမှုကို အနည်းငယ် ကန့်သတ်ခံရသည်။

အထူးခြားဆုံးမှာ သွေးစွမ်းအားနယ်မြေသည် လုံချန်၏ ကျင့်ကြံမှု အဆင့်မြင့်မားလာသည်နှင့်အမျှ ပိုအားကောင်းလာခဲ့လေသည်။ လုံချန် ကိုယ်တိုင်ပင် လက်ရှိ သွေးစွမ်းအားနယ်မြေ၏ အကန့်အသတ်ကို မသိခဲ့ပေ။ သို့သော် အနာဂတ်တွင် သူ တိုက်ကြီး ၏အထွတ်အထိပ်သို့ ရောက်သည့်အချိန်၌ အတွေးတစ်ချက်ဖြင့် သွေးစွမ်းအားနယ်မြေကို ထုတ်ဖော်ကာ သက်ရှိသတ္တဝါအားလုံး၏ သေခြင်း၊ရှင်ခြင်းကို ဆုံးဖြတ်နိုင်မည် ဖြစ်သည်။ အကြောင်းမှာ ဤသွေးနယ်မြေသည် ရှေးဟောင်း သွေးဝိညာဉ်နဂါး၏ မွေးရာပါစွမ်းအား ဖြစ်နေလို့ပင်။ သွေးနယ်မြေ သည် တိုက်ခိုက်ရေးနည်းစနစ် မဟုတ်ပေ။ သွေးမျိုးဆက်ကို ချိတ်ပိတ်သော စွမ်းအားသာဖြစ်သည်။ သို့ဖြစ်ရာ ဖုန်းဝူထျန်း က “မီးလျှံဖီးနစ်အင်ပါယာနည်းစနစ်” ကို ထုတ်သုံးလိုက်သည့်အချိန်တွင် သွေးနယ်မြေက ၎င်း၏ ဖီးနစ်သွေးမျိုးဆက်ကို တိုက်ရိုက်ဖိနှိပ်ပစ်လိုက်သည်။

အမှန်စင်စစ် ဖုန်းဝူထျန်း သည် “မီးလျှံဖီးနစ်အင်ပါယာနည်းစနစ်”ကို ပထမဆုံး အကြိမ် ထုတ်သုံးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ကျွမ်းကျင်စွာ ထိန်းချုပ်ထားနိုင်ခြင်း မရှိသေးပေ။ လုံချန်၏ သွေးနယ်မြေ က ပတ်ဝန်းကျင်ကို ချိတ်ပိတ်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ထဲရှိ သွေးစီးစင်းမှု ချက်ချင်းရပ်တန့်သွားတော့သည်။

လုံချန်၏ တိုက်ခိုက်မှု က အချိန်ကောင်းတွင် ထုတ်သုံးခဲ့ခြင်း ဖြစ်သည်။ ဖုန်းဝူထျန်း ဖီးနစ်ဝိညာဉ်မီးလျှံနည်းစနစ်ကို ထုတ်သုံးခဲ့သည့်အချိန်က သွေးနယ်မြေကို ထုတ်သုံးခဲ့လျှင် ယခုကဲ့သို့ ဖိနှိပ်ထားနိုင်မည်မဟုတ်ပေ။

ဤအချိန်တွင် တစ်စုံတစ်ခုမှ ဆွဲယူနေသည့်အလား ဖုန်းဝူထျန်းသည် သူ့ခန္ဓာကိုယ်ထဲရှိ သွေးများ အပြင်ပေါက်ထွက်လုမတတ် ဖြစ်နေသည်ကို ခံစားမိသည်။ တစ်ချိန်တည်းတွင် သွေးကနေ ဆံချည်မျှင်ကဲ့သို့ သေးငယ်သော ဓားပါးပါးလေးများသဖွယ် ပြောင်းလဲသွားပြီး ဖုန်းဝူထျန်း၏ သွေးကြောထဲမှ ချီစွမ်းအင် လမ်းကြောင်း များကို တိုက်ခိုက်နေခဲ့သည်။

မီးလျှံဖီးနစ်အင်ပါယာနည်းစနစ်ကို ထုတ်သုံးရန်ပြင်ဆင်နေသော ဖုန်းဝူထျန်း လည်း ထူးဆန်းစွာပင် သူ၏သွေးချီများ ကမောက်ကမ ဖြစ်လာမည်ဟု မျှော်လင့်မထားခဲ့ပေ။ ဘာဒဏ်ရာမှ မရသော်လည်း ယခု အခြေအနေက သူ့ချီစွမ်းအင်များကို ပျောက်ဆုံးသွားစေခဲ့သည်။

ဖုန်းဝူထျန်း၏ အံ့အားသင့်နေသော အကြည့်အောက်တွင် ဖီးနစ်အင်ပါယာနည်းစနစ်သည် ရုတ်တရက် ပျက်ပြယ်သွားပြီး သူကိုယ်တိုင်လည်း လွင့်ပျံထွက်သွားခဲ့သည်။ ပါးစပ်ထဲမှ သွေးတစ်လုတ် အန်ထုတ်လိုက်ပြီး လေထဲကနေ ခြေကားယားလက်ကားယားပြုတ်ကျလာခဲ့သည်။

ဤ မမျှော်လင့်ထားသော အခြေအနေသည် အလွန် လျင်မြန်စွာ ဖြစ်ပျက်သွားသည့်အတွက် ဖုန်းဝူထျန်း ပြုတ်ကျသွားသည့်ချိန်တွင် လူတိုင်း၏မျက်နှာများတောင့်တင်းနေဆဲ ဖြစ်သည်။ ရုတ်တရက်ဆန်စွာ ဖြစ်ပျက်သွားသော အခြေအနေ ကို ချက်ချင်းမတုံ့ပြန်နိုင်ကြသေးပေ။

လုံချန် ကိုယ်တိုင်လည်း သူအလျင်စလို ထုတ်သုံးလိုက်သော သွေးနယ်မြေက ဤမျှကြောက်မက်ဖွယ်ရာ ကောင်းလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါ။ ဖုန်းဝူထျန်း က မီးလျှံဖီးနစ်အင်ပါယာလောင်ကျွမ်းခြင်းနည်းစနစ်ကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်း သိလိုက်သောကြောင့်သာ အားနည်းချက်ကို ရှာတွေ့နိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် လုံချန်သာ သွေးနယ်မြေကို အပြည့်အဝ ကျွမ်းကျင်သွားလျှင် အတွေးတစ်ချက်တည်းဖြင့် ထုတ်ဖော်နိုင်သလို တစ်ဖက်ရန်သူ၏လှုပ်ရှားမှုမှန်သမျှကို ချိတ်ပိတ်ပစ်နိုင်မည် ဖြစ်သည်။ သွေးနယ်မြေက အလွန်အားကောင်းသော မွေးရာပါစွမ်းအား ဖြစ်သည့်အပြင် အားသာချက်က တန်ပြန်ဆိုးကျိုးလည်းမရှိခြင်းဖြစ်သည်။ သွေးနယ်မြေကို သုံး၍ ဖုန်းဝူထျန်း ကို အနိုင်ရခဲ့သောကြောင့် လုံချန်သည် နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့သည်။

ဤအချိန်တွင် ဖုန်းဝူထျန်း က လူအများရှေ့တွင် အပြတ်အသက် ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။ ထို့အတူသူတို့နှစ်ယောက်ကြားမှ ပြဿနာသည်လည်း အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။ ဖုန်းဝူထျန်းသည် တန်းပြီးသတိလစ်သွားသောကြောင့် တိုက်ပွဲက ပြီးဆုံးသွားခဲ့ပြီဟုဆိုနိုင်သည်။ လုံချန် သည် နဂါးဝိညာဉ်အသွင်ပြောင်းထားသည်ကို ပြန်သိမ်းလိုက်ပြီး လူတိုင်းကို အနည်းငယ် ပြုံးပြလိုက်သည်။

“ဘာဖြစ်တာလဲ။ ဖုန်းဝူထျန်း က သူ့ရဲ့ အစွမ်းထက်ဆုံးတိုက်ခိုက်မှု ကို မသုံးခဲ့ဘူးလား။ ဘာကြောင့် သတိလစ်မေ့မျောသွားတဲ့အထိ ဒဏ်ရာရသွားတာလဲ ...”

“သူက နည်းစနစ်ကို ကောင်းကောင်းမထိန်းချုပ်နိုင်သေးဘဲ ထုတ်သုံးလို့ တန်ပြန်ထိသွားတာ ဖြစ်မယ်။ လုံချန် က အသက်ရှင်နိုင်ခဲ့တာ တကယ်ကို ကံကောင်းတယ် ...”

အဆင့်နိမ့် တပည့်များ က ဖြစ်ပျက်ခဲ့သည့်အရာများကို မသိနိုင်သော်လည်း မဟာအကြီးအကဲ (၄)ပါး ကတော့ ဤအခြေအနေမှာ လူတိုင်း ယူဆနေသလိုလုံးဝ မဟုတ်ကြောင်း သိနေကြသည်။

“မင်းတို့ မြင်လိုက်လား။ အဲဒီအချိန်ခဏလေးတုန်းက လုံချန်ရဲ့ ခန္ဓာကိုယ်တစ်ဝိုက်မှာ အရမ်းသေးငယ်တဲ့ သွေးချည်မျှင်တွေ ထွက်လာတယ်၊ ပြီးတော့ ဖုန်းဝူထျန်း ထုတ်သုံးလိုက်တဲ့ တိုက်ခိုက်မှု က သူ့ကိုယ်သူ ပြန်ပြီးရိုက်ခတ်သွားတာပဲ ...”

“ငါ့အထင် ဒါကို လုံချန် လုပ်လက်တာ သေချာတယ်။ ဖုန်းဝူထျန်း က အဲဒီနည်းစနစ်ကို ထုတ်သုံးရဲမှတော့ သူ့ စွမ်းရည်ကို ယုံကြည်မှုရှိလို့ပေါ့။ ငါသိချင်တာက .... လုံချန် သုံးသွားတဲ့ အဲဒီဆန်းကြယ်တဲ့ သွေးချည်မျှင်လေးတွေက ဘယ်လိုလျှို့ဝှက်နည်းစနစ်လဲ... “

မဟာအကြီးအကဲ (၄)ဦး နှင့် အစောင့်အရှောက်များ၏ အကြည့်များက ယခင်က နှင့် လုံးဝ မတူကြတော့ပေ။ ယခင်ကတော့ လုံချန်ကို အထင်အမြင်သေးခဲ့ကြသည်။ သို့သော်လည်း လက်ရှိအချိန်တွင်တူ သူတို့အားလုံး လုံချန်ကို ကြည့်ကာ စိတ်ထဲ၌ လေးစားတန်ဖိုးထားမှုများ ပြည့်နေခဲ့၏။

“သူ့ကို အားနည်းတယ်လို့ထင်ရပေမယ့် တကယ်တော့ ဒီ လုံချန် က တော်တော်လေး ဆန်းကြယ်တာပဲ ...”

လုံချန်၏ နောက်ပြောင်ကျီစယ်သော အပြုံးက ဤ အကြီးအကဲများကို အရှက်ရစေခဲ့သည်။ သူတို့၏မျက်နှာများ တစ်ဖက် လှည့်သွားကြသည်။အကြီးအကဲချန် နှင့် ယခင်က လုံချန်အား အတင်းအဖျင်းစကားများ ပြောခဲ့သော အကြီးအကဲ နှစ်ဦး ဆိုလျှင် မြေကြီးအောက်ထဲ ဝင်ပုန်းချင်နေကြသည်။

လူတိုင်း ယခုအထိ မယုံကြည်နိုင်ဖြစ်နေသေးသော်လည်း အဆိုးဆုံးက လဲ့လင် ပင်။

သူမ အမြဲတစေ အထင်ကြီးထားသော ဖုန်းဝူထျန်းက လုံချန် ဆီမှာ အကြိမ်ကြိမ် ရှုံးနိမ့်နေသောကြောင့် လဲ့လင်၏ယုံကြည်မှုများ ပြိုလဲလုဆဲဆဲဖြစ်နေပါသည်။ သူမ၏မျက်နှာလေးက ဖြူဖျော့သွားကာ မယုံနိုင်သလို ခေါင်းခါလိုက်ပြီး အလျင်စလို ပြေးထွက်သွားတော့သည်။

“လင်အာ ...”

ခန်းမအရှင်လဲ့ယွမ်က လှမ်းခေါ်လိုက်သော်လည်း လဲ့လင် က နောက်ပြန်လှည့်မကြည့်ခဲ့ပေ။

သူမအတွက်တော့ လုံချန်သည် နောက်ဆုံး အချိန်တွင်ပင် အခြေအနေကို ပြောင်းပြန် ဖြစ်အောင် လုပ်နိုင်ခဲ့သည်ကို မယုံကြည်နိုင်ဖြစ်နေခဲ့သည်။ ဤအခိုက်အတန့်မျိုးက ပထမဆုံးအကြိမ် မဟုတ်တော့သော်လည်း လဲ့လင် အနေဖြင့် အပြည့်အဝယုံကြည်ထားခဲ့ခြင်း ဖြစ်သည်။

“ဝူထျန်း ...”

ခန်းမအရှင်လဲ့ယွမ် က လုံချန်၏ ကောင်းကင်ဘုံကိုပင် စိန်ခေါ်နိုင်သော စွမ်းရည်ကို ပထမဆုံးအကြိမ် ကိုယ်တိုင် မြင်တွေ့လိုက်ရခြင်းပင်။ သူ့ နှလုံးသားထဲမှာ ပြင်းထန်စွာ လှုပ်ခတ်သွား၏။ သူ့ရှေ့မှ လူငယ်လေး လုံချန်၏ပုံရိပ်က ခန်းမအရှင်လဲ့ယွမ်၏ နှလုံးသားကို တစ်စစီရိုက်ချိုးသွားခဲ့သည်ဟု ဆိုနိုင်လေသည်။

သို့သော် ဖုန်းဝူထျန်း၏ ဆိုးရွားလှသော အခြေအနေ ကို မြင်သောအခါ အလွန် စိုးရိမ်သွားမိသည်။ လုံချန်ကို ချီးကျူးစကားများပြောချင်နေသော်လည်းပဲစကားပြောရန် အချိန် မရှိတော့ပေ။ ဖုန်းဝူထျန်း သာတစ်ခုခု ဖြစ်သွားလျှင် ခန်းမအရှင်လဲ့ယွမ် အနေဖြင့် သေချာပေါက် ဒုက္ခများပါလိမ့်မည်။ ထို့ကြောင့် အဆင့်မြင့် အာဏာပိုင်အားလုံး ကို အလျင်စလို ခေါ်ပြီး ဖုန်းဝူထျန်း ကို ကူညီရန် ပြောလိုက်သည်။

ချက်ချင်းဆိုသလိုပင် ဖုန်းဝူထျန်း၏ဘေးနားတွင် အဆင့်မြင့်ပညာရှင်များစွာ ပေါ်လာကြသည်။ ဤအချိန်တွင် လုံချန်သည် လူတိုင်း အံ့အားသင့်နေသော အကြည့်များ အောက်၌ တစ်ယောက်တည်း အေးဆေးစွာ လျှောက်ထွက်သွားခဲ့သည်။

Translator#အနှောင်အဖွဲ့ကင်းမဲ့သူ

.(သွေးနဂါးလုံချန်)

ဘာသာပြန်သူ -

အနှောင်အဖွဲ့ကင်းမဲ့သူ

[(စာစဉ် - ၁၂)အပိုင်း ၁၄၀]

ဤတစ်ကြိမ်တိုက်ပွဲတွင်လည်း လုံချန်က ဖုန်းဝူထျန်ကို အနိုင်ရခဲ့သည်ဟူသော သတင်းသည် လေပြည်လေညှင်းကဲ့သို့ ပြန့်နှံ့သွားခဲ့သည်။ ယခုအခါ အစိမ်းရောင်နေမင်းဌာနခွဲတစ်ခုလုံးသာမကဘဲ အခြားသော အပြင်စည်းဂိုဏ်းခွဲများ ထံသို့ပင် ရောက်ရှိသွားခဲ့သည်။ သို့မဟုတ် အတွင်းစည်းဂိုဏ်းခွဲများပင် အနည်းငယ် ကြားသိခဲ့ကြသည်။

ဤအတောအတွင်း လုံချန်၏ဂုဏ်သတင်းသည် ရုတ်ချည်းဆိုသလို မြင့်တက်လာခဲ့သည်။ အပြင်စည်းဂိုဏ်းခွဲအားလုံးထဲ၌ လုံချန်သည် လုံးဝ ထိပ်တန်းပါရမီရှင် တစ်ယောက်လို ဖြစ်နေခဲ့သည်။

အစိမ်းရောင်ဂိုဏ်းခွဲအတွင်း လုံချန်၏ နာမည်ကျော်ကြားမှုက အစိမ်းရောင်ဧကရာဇ်ခန်းမ၏ ထိပ်တန်းပါရမီရှင် ချူယွန်ယောင်နှင့် အခြားပါရမီရှင်များကို ကျော်တက်သွားခဲ့ပြီဖြစ်သည်။ လက်ရှိတွင် လုံချန်၏နာမည်ဂုဏ်သတင်းက ချူယွန်ရှီနှင့်ပင် တန်းတူယှဉ်နိုင်လုနီးပါး ရောက်ရှိနေပါသည်။

သေခြင်း၊ရှင်ခြင်း တိုက်ပွဲအပြီးတွင် ခန်းမအရှင်လဲ့ယွမ်က အတော်ဆုံးမှော်ဆေးပညာရှင်များကို ခေါ်၍ ဖုန်းဝူထျန်း အား ကုသစေခဲ့သည်။ တစ်ရက်ခန့်အကြာတွင် ဖုန်းဝူထျန်း သတိပြန်ရလာခဲ့သည်။ ထို့နောက် ဘာစကားမှ မပြောဘဲ အစိမ်းရောင်ဌာနခွဲကနေ တိတ်တဆိတ် ထွက်ခွာသွားခဲ့လေသည်။ ထိုအခါမှသာ ခန်းမအရှင်လဲ့ယွမ် အပါအဝင် အဆင့်မြင့်အာဏာပိုင်အားလုံး စိတ်သက်သာရာ ရသွားကြတော့သည်။

ဤအတောအတွင်း လုံချန်လည်း အနှောင့်အယှက်ပေးမည့်သူမရှိတော့ဘဲ စိတ်ချလက်ချကျင့်ကြံနိုင်ခဲ့သည်။ ဤကာလတွင် သူသည် မိုးကြိုးမီးလျှံကျောက်တုံးများကို ဆက်လက် သန့်စင်ခဲ့သည်။ သို့တိုင် အရေအတွက်က အများဆုံး ကန့်သတ်ချက်ထိ မရောက်နိုင်သေးပါ။ လုံချန် က အပြင်ဖက်ကိုထွက်လာခြင်းမရှိဘဲ မြေအောက်ကျင့်ကြံရေးအခန်းထဲတွင်သာ ဆက်၍ ပေါင်းစပ်နေခဲ့သည်။ နှစ်ဆယ့်ရှစ်လုံးမြောက် မိုးကြိုးမီးလျှံကျောက်တုံးကို ဝါးမျိုသန့်စင်ပြီးသည့်နောက်တွင် လုံချန် သည် ခန်းမအရှင်လဲ့ယွမ် ထံမှ ဆင့်ခေါ်ချက်ကို ရလိုက်သည်။

“အဲ့ဒီ လူအိုကြီး ... သူ ငါ့ဆီက ဘာလိုချင်တာလဲ ...”

မိုးကြိုးမီးလျှံကျောက်တုံး ၂၈ လုံးမြောက်နှင့် ပေါင်းစပ်ပြီးနောက် လုံချန်သည် ကောင်းကင်စစ်သည်နယ်မြေထဲသို့ နောက်တစ်ဖန် ပြန်ဝင်ရန်စီစဉ်နေခြင်းဖြစ်သည်။ မမျှော်လင့်ဘဲ ခန်းမအရှင်လဲ့ယွမ်က သူ့ကို ဆင့်ခေါ်နေ၏။

အစိမ်းရောင်နေမင်းခန်းမ ထဲသို့ ဝင်လာသည့်အချိန်တွင် လုံချန် သည် ခန်းမအရှင်လဲ့ယွမ်တစ်ယောက်တည်း ထိုင်နေသည်ကို တွေ့လိုက်ရသည်။ လုံချန်ကို မြင်သည့်အခါ လူအိုကြီးက ပြုံးရွှင်စွာ ကြိုဆိုလိုက်သည်။

“လူအိုကြီးယွမ်! ဒီလောက် ပျော်ရွှင်နေရအောင် မိသားစုထဲကို အသစ်ထပ်တိုးလာလို့လား ...”

လက်ရှိတွင် လုံချန်၏ နာည်ဂုဏ်သတင်းနှင့်အဆင့်အတန်းက ပြောင်းလဲသွားပြီ ဖြစ်ရာ ခန်းမအရှင်လဲ့ယွမ် ကို စနောက်နိုင်လေသည်။

ခန်းမအရှင်လဲ့ယွမ်က ဒေါသမထွက်ဘဲ သူ့ရှေ့ရောက်လာသော လူငယ်လေးကို တည့်တည့်ကြည့်လိုက်ပြီး ရယ်မောလိုက်လေသည် ။

“ကောင်လေး! မင်းကို အံ့ဩစရာကောင်းတဲ့ သတင်း တစ်ခု ပြောပြမယ်”

“ဘာသတင်းလဲ ...”

မမျှော်လင့်ထားဘဲ ခန်းမအရှင်လဲ့ယွမ် ဆီကနေ အံ့ဩစရာသတင်းကောင်း ရှိနေလိမ့်မည်ဟု မထင်ခဲ့ချေ။ လုံချန်၏မျက်နှာက ချက်ချင်း တောက်ပလာသလိုပင်။

သို့ရာတွင် လဲ့ယွမ်က ရှေ့ဆက်မပြောသေးဘဲ လျှို့ဝှက်ချင်နေသည့်အလား အရင်ဆုံးမေးလိုက်သည်။

“မကြာခင်ရောက်လာတော့မယ့် နောက်လ ပထမဆုံးရက် ရဲ့ အရေးပါပုံကို မင်း သိသလား ...”

“ငါ ဘယ်လိုသိမှာလဲ။ လူအိုကြီး ... အချိန်ဆွဲမနေပါနဲ့၊ အခုပြောပြပါ ...” လုံချန်လည်း စိတ်လှုပ်ရှားနေပါသည်။

“နောက်လ ရဲ့ ပထမဆုံးရက် က ဘာလို့ထူးခြားသလဲဆိုတော့ မင်းနဲ့ မျိုးရိုးအဓိပ္ပါယ်ချင်းတူတဲ့ အရှေ့ပိုင်းဒေသ၊နဂါးစိမ်းကလန် ရဲ့ တပည့်အသစ်ရွေးချယ်ပွဲကို အဲ့ဒီနေ့မှာ စတင်မှာဖြစ်လို့ပဲ ...”

“ဒါနဲ့ ငါ့နဲ့ ဘာဆိုင်လို့လဲ ...” လဲ့ယွမ်ကို ကန့်လန့်ပြန်ပြောပြီးမှ လုံချန်လည်း မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပေါ်လာပြီး ရုတ်တရက် ပြောလိုက်ပါသည်။ “လူအိုကြီး! ဒါဆိုရင် ငါ ပြိုင်ပွဲဝင်ခွင့်ရွေးချယ်တာကို အောင်မြင်သွားပြီလို့ ပြောချင်တာလား။ တကယ်ပဲ ငါ အတွင်းစည်းဂိုဏ်းဝင်ခွင့်ရွေးချယ်ပွဲမှာ ပါဝင်နိုင်ပြီလား ...”

ဤအချိန်တွင် လုံချန်သည် တော်တော်လေးကို စိတ်လှုပ်ရှားနေ၏။ သူသည် အတွင်းစည်းဂိုဏ်းခွဲ (၄)ခုမှ ဂိုဏ်းခွဲတစ်ခုကို ဝင်ရောက်ရန် အမြဲလိုလို မျှော်လင့်နေခဲ့လို့ပင်။ ပထမအချက်က အတွင်းစည်းဂိုဏ်းဝင် ဖြစ်သွားသည်နှင့် လစဉ်အရင်းအမြစ်များ အမြောက်အများ ထောက်ပံ့ခံရပေမည်။ နောက် ဒုတိယအချက်မှာ မကြာသေးမီက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ကြည့်ခြင်းအားဖြင့် အတွင်းစည်းဂိုဏ်းဝင်တစ်ဦးက မည်မျှအရေးပါကြောင်း သိသာစေခဲ့သည်။ ဒေါင်ဖန်းတျန်းယု၊ ဖုန်းဝူထျန်း၊ ဘိုင်တျန်းမို အပြင် မိုရှောင်းလန်၏ ဆိုးရွားလှသော ကံကြမ္မာကို သိရှိခဲ့ပြီးနောက်တွင် လုံချန်သည် လင်းဝူမိသားစု၏ အတွင်းစည်းဂိုဏ်းဝင်ဖြစ်ရန်အတွက်အလွန်အရေးကြီးကြောင်း နားလည်လိုက်သည်။

အရေးအကြီးဆုံးအချက်မှာ သူ၏ညီမဖြစ်သူ ယန်လင်ချင်းသည် မြောက်ပိုင်းလိပ်နက်ကလန်တွင် ရှိနေသောကြောင့်ပါ။ အတွင်းစည်းဂိုဏ်းထဲ၌ ယန်လင်းချင် ဖိနှိပ်ခံနေရမည်ကို စိုးရိမ်မိသည့်အတွက်လည်း အတွင်းစည်းဂိုဏ်းခွဲ ဝင်ခွင့်ရရန် အဓိက အာရုံစိုက်နေခြင်း ဖြစ်သည်။

“ဘယ်လိုပဲ ဖြစ်ဖြစ် ငါ အရှေ့ပိုင်းဒေသ၊ နဂါးစိမ်းကလန်ကို ဝင်ခွင့်ရရမယ်…”

သို့သော်လည်း နဂါးစိမ်းကလန်၏ တပည့်အသစ်ရွေးချယ်ပွဲတွင် ပါဝင်ဖို့ဆိုလျှင် ပြိုင်ပွဲဝင်များအနေဖြင့် အနည်းဆုံး ကောင်းကင်ယွမ်ကနဦးအဆင့် သို့ ရောက်ရှိနေရမည်ဖြစ်သည်။ လက်ရှိတွင် လုံချန်၏ခွန်အားက မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့်သာ ရှိနေသေးသောကြောင့် အရင်က မျှော်လင့်ချက် သိပ်မရှိခဲ့ချေ။ သို့ရာတွင် ခန်းမအရှင်လဲ့ယွမ်ပြောခဲ့သည့်စကားအရဆိုလျှင် သူ့အနေဖြင့် ပြိုင်ပွဲဝင်ခွင့်ရွေးချယ်ပွဲကို အောင်သွားပြီဖြစ်ကြောင်း သိသာပါသည်။

“မင်း တကယ်ကံကောင်းတယ်နော် ... လူငယ်လေး။ ဟုတ်တယ်၊ သတင်းအရ မင်း ပြိုင်ပွဲဝင်ခွင့်စစ်ဆေးမှုကို အောင်မြင်သွားပြီ။ ဒါက ငါတောင် မမျှော်လင့်ထားတဲ့ ကိစ္စပဲ…”

လုံချန် ကဲ့သို့ လူငယ်လေးတစ်ယောက်က အတွင်းစည်းဂိုဏ်းခွဲဝင်ခွင့်အတွက် ယှဉ်ပြိုင်ခွင့်ရခဲ့သောကြောင့် ခန်းမအရှင်လဲ့ယွမ် သည် သူ့ကိုယ်သူပင် သိမ်ငယ်သလို ခံစားလိုက်ရသည်။

ဤအချိန်တွင် လုံချန် သည် ခန်းမအရှင်လဲ့ယွမ် ဆီမှ အတည်ပြုချက်ကို ရလိုက်သည့်အတွက် အတော်လေးကို ဝမ်းသာပျော်ရွှင်သွားမိသည်။

“ဒီအခွင့်အရေးကို ငါ သေချာပေါက် တန်ဖိုးထားမယ်။ ဒါပေမဲ့…” လုံချန်က လူအိုကြီးကို ကြည့်လိုက်သည် “လူအိုကြီးယွမ်...၊ ငါ အခုမှ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ပဲ ရှိသေးတာ။ ဘယ်လိုဖြစ်ပြီး ပြိုင်ပွဲဝင်ခွင့်ရွေးချယ်ပွဲကို အောင်မြင်နိုင်တာလဲ။ သူတို့ လူရွေးမှားသွားတာလား ...”

ခန်းမအရှင်လဲ့ယွမ် က ခေါင်းခါလိုက်၏။

“မဟုတ်ဘူး၊ မင်း ဖုန်းဝူထျန်းကို အနိုင်ရခဲ့တဲ့ သတင်းက အပြင်စည်းဂိုဏ်းခွဲအကုန်လုံးဆီကို ပြန့်သွားပြီလို့ ငါ ထင်တယ်။ မင်းက မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့်ပဲ ရှိပေမဲ့ ကောင်းကင်ယွမ်ကနဦးအဆင့် အတွင်းစည်းဂိုဏ်းသားတစ်ဦးကို အနိုင်ရခဲ့တာ။ ရွေးချယ်ပွဲတာဝန်ခံက ဒါကို သတိပြုမိသွားတာပဲ။ ပြီးတော့ သူတို့ မင်းရဲ့ အလားအလာ ကို အသိအမှတ်ပြုလိုက်တာ ဖြစ်မယ်ထင်တယ် ...”

လုံချန် သည် စဉ်းစားရခက်နေသော်လည်း ခန်းမအရှင်၏အဖြေသာ ဖြစ်နိုင်ချေများသော ဖြေရှင်းချက် ဖြစ်ကြောင်း ခံစားမိသည်။

“ထားပါတော့လေ၊ ဘယ်လိုပဲဖြစ်ဖြစ် ပြိုင်ပွဲဝင်ခွင့်ရတာ ငါ တကယ်ကို ကံကောင်းတာပဲ ...”

လုံချန်၏မျက်နှာပေါ်တွင် ကျေနပ်အားရမှုအပြည့် ပေါ်လာသည်။

“လုံချန်၊ မင်းက အပျော်လွန်မနေသင့်ဘူး ...” ခန်းမအရှင်၏သတိပေးစကားက လုံချန်ကို ခေါင်းပေါ် ရေခဲရေပုံးတစ်ပုံး လောင်းချလိုက်သလိုပင်။

“ဘာကြောင့်လဲ ..” လုံချန်က နားမလည်သလို ပြန်မေးလိုက်၏။ “ဘာ့ကြောင့် ဒီလူအိုကြီးက ချက်ချင်းကြီး မျက်နှာထားတည်သွားရတာလဲ ...”

ဤအချိန်တွင် ခန်းမအရှင်လဲ့ယွမ် က မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲနေသည့် လူငယ်လေးကို ကြည့်ရင်း စိတ်မသက်မသာ ခေါင်းခါလိုက်ပါသည်။

“ရွေးချယ်ပွဲလူစာရင်း ထွက်လာပြီ။ အပြင်စည်းဂိုဏ်းခွဲအသီးသီးကနေ စုစုပေါင်း အယောက် နှစ်ဆယ် ပါဝင်ခွင့် ရတယ်။ ရွှေဂိုဏ်းခွဲ နဲ့ ငွေဂိုဏ်းခွဲ က ဝင်ခွင့် (၃)နေရာစီ ရတယ်။ ကျန်တဲ့ ဂိုဏ်းခွဲ(၇) ခုက ဂိုဏ်းခွဲတစ်ခုကို နှစ်နေရာစီ ရတယ်။ ငါတို့ အစိမ်းရောင်ဂိုဏ်းခွဲ က မင်းနဲ့ ချူယွန်ရှီ တို့နှစ်ယောက်ပဲ ရှိတယ် ...”

“ဒါဆို ဘာပြဿနာရှိလို့လဲ။ ချူယွန်ရှီက ကောင်းကင်ယွမ်ကနဦးအဆင့် လေ။ ငါ သူ့ကို မယှဉ်နိုင်ဘူး ...” လုံချန် လည်း ဤအချက်ကို ကောင်းကောင်း သိထားပါသည်။

ခန်းမအရှင်လဲ့ယွမ် က ခေါင်းညိတ်လိုက်၏။

“ရွေးချယ်ခံ အယောက်နှစ်ဆယ်ထဲမှာ ငါးယောက်က တိုက်ရိုက် နေရာ ရခဲ့တယ်။ အဲ့ဒီထဲမှာ ချူယွန်ရှီ လည်းပါတယ်။ ကောင်းကင်ယွမ်ကနဦးအဆင့်တွေချည်းပဲ တိုက်ရိုက်နေရာရခဲ့တာ။ သူတို့ရဲ့ ခွန်အားက လန်အာ နဲ့ အဆင့်တူနီးပါးရောက်နေကြပြီ။ ရွေးချယ်ခံတစ်ယောက်က အနည်းဆုံး ကောင်းကင်ယွမ်ကနဦးအဆင့် ကို ရောက်နေတယ်ဆိုတာ အသေအချာပဲလေ။ ရိုးရိုးရှင်းရှင်းပြောရရင် မင်းက ဒီတစ်ကြိမ်ပြိုင်ပွဲမှာ အောက်ဆုံးအဆင့် ဖြစ်နေတယ် ...”

ခန်းမအရှင်လဲ့ယွမ်က လုံချန် နားလည်အောင် အခြေအနေကို ခွဲခြမ်းစိတ်ဖြာပြခဲ့သည်။ ထိုအခါမှသာ လုံချန်လည်း လူအိုကြီး က “အပျော်လွန်မနေသင့်ဘူး”ဟူ၍ သတိပေးခဲ့သည့်အကြောင်းအရင်းကို နားလည်သွားတော့သည်။

“လူအိုကြီးယွမ် ...၊ ရွေးချယ်ခံ အယောက်နှစ်ဆယ်ထဲမှာ ဘယ်နှစ်ယောက်များ အောင်မြင်နိုင်ချေရှိလဲ ...” လုံချန် က အတွင်းစည်းဂိုဏ်းဝင်ခွင့် မရရအောင်ကြိုးစားရန် စိတ်ပိုင်းဖြတ်ထားသောကြောင့် ပြိုင်ပွဲအခြေအနေကို သိချင်နေခဲ့သည်။

“နှစ်ယောက် ပဲ... ”

ခန်းမအရှင်လဲ့ယွမ် က လက်နှစ်ချောင်းထောင်ပြရင်း ပြန်ဖြေခဲ့သည် ။

“ဒါ့ကြောင့် မင်းကို အပျော်မစောပါနဲ့လို့ ကြိုပြောရတာပဲ။ ပြိုင်ပွဲဝင်ခွင့်ရတယ်ဆိုရင်တောင် အတွင်းစည်းဂိုဏ်းခွဲ ဝင်ခွင့်ရဖို့ ယှဉ်ပြိုင်ပွဲက မင်း စိတ်ကူးထားတာထက် အဆတစ်ရာလောက် ပိုခက်ခဲတယ်။ ငါတို့အစိမ်းရောင်ဂိုဏ်းခွဲရဲ့ နံပါတ်တစ်ဉာဏ်ကြီးရှင် ဖြစ်တဲ့ ချူယွန်ရှီ တောင် သူ့ကိုယ်သူ ယုံကြည်မှု မရှိဘူး။ မင်းဆိုရင်တော့ ပြောနေစရာတောင် မလိုဘူး ...”

“ဒါဆို ဒီရွေးချယ်ပွဲ အောင်မြင်ရင်တောင် ဘာဖြစ်နိုင်မှာလဲ။ ငါ ပျော်ပွဲရွှင်ပွဲလို့ သတ်မှတ်ပြီး သွားရမှာလား ...” ဤမျှ ခက်ခဲ့သည့် အခြေအနေကို သိလိုက်ရသည့်အတွက် လုံချန်လည်း စိတ်ဓာတ်ကျသွားသလိုပင်။

ခန်းမအရှင်လဲ့ယွမ်က ခါးသီးစွာ ရယ်လိုက်၏။

“မင်း ပြောတာ အမှန်ပဲ။ ဒါက မင်းကို အမြင်ကျယ်လာဖို့နဲ့ အပြင်စည်းဂိုဏ်းခွဲ အသီးသီးက တခြား ပါရမီရှင်တပည့်တွေ ဘယ်လောက် အားကောင်းတယ်ဆိုတာ သိဖို့ ပဲ ရည်ရွယ်တာ။ ဒါက မင်းအတွက် အရမ်းအရေးကြီးတယ်။ ဒါပေမဲ့ လုံချန်၊ ပြိုင်ပွဲအတွင်းမှာ သေဆုံးနိုင်ခြေ ရှိတယ်။ ဒါ့ကြောင့် အစစအရာရာ ကြိုပြီးပြင်ဆင်ထားပါ။ ငါ့အစိမ်းရောင်နေမင်းဌာနခွဲက ပါရမီရှင်တစ်ယောက် ဆုံးရှုံးရတာမျိုး မလိုချင်ဘူး ...”

“သေဆုံးနိုင်ခြေ ရှိတယ်တဲ့လား ...”

လုံချန် သည် တဖြည်းဖြည်းနှင့် ဖိအားပိုပြင်းထန်လာသည်မှန်း ခံစားလိုက်ရသည်။ သူ့အနေဖြင့် ပထမဆုံး ဖုန်းဝူထျန်းနှင့် ရင်ဆိုင်ရန်အတွက် တတ်နိုင်သမျှ ကြိုးစားခဲ့၏။ အကယ်၍ ဖုန်းဝူထျန်းထက် ပိုသန်မာသော ပြိုင်ဖက် အယောက်နှစ်ဆယ်ကို ထိပ်တိုက်တွေ့ရမည်ဆိုလျှင် အသက်ရှင်နိုင်ရန် အခွင့်အရေးက သေချာပေါက်နည်းပါးလှသည်။

“အခွင့်အရေး တိုင်းမှာ မမြင်နိုင်တဲ့အန္တရာယ် တစ်ခု ပါလာစမြဲပဲ။ အတွင်းစည်းတပည့်ရွေးချယ်ပွဲကလည်း ဒီအတိုင်းပါပဲလေ။ မင်း ကြောက်ရွံ့နေမယ်ဆိုရင် အမြဲတမ်း တခြားလူတွေရဲ့ နောက်မှာကျန်နေခဲ့လိမ့်မယ်။ ကျင့်ကြံရေးလမ်းစဉ်မှာ ရဲရင့်တဲ့သူတွေပဲ ရှေ့ဆက်လျှောက်နိုင်မယ် ...” ခန်းမအရှင်လဲ့ယွမ် က သူ့မုတ်ဆိတ်ဖြူများကို ပွတ်သပ်ရင်း သက်ပြင်းချလိုက်ပါသည်။

လုံချန်က ကြောက်ရွံ့စိတ်မဖြစ်သော်လည်း ယခုကတည်းက ပြင်းထန်သော ဖိအားကို ခံစားနေရလေသည်။

“ဘယ်လိုပဲ ဖြစ်ဖြစ်၊ နောက်လရဲ့ ပထမဆုံးရက် အထိ အချိန်နည်းနည်း ရပါသေးတယ်။ အခုနေတုန်း ကြိုးစားရင် ပြိုင်ပွဲထဲမှာ အနည်းဆုံး အဆင့်တစ်ဆင့်တော့ တက်နိုင်တာပေါ့။ အတွင်းစည်းဂိုဏ်းထဲ မဝင်နိုင်ရင်တောင် ကိုယ့်အသက်ကို ကာကွယ်နိုင်ဖို့ လိုတယ် ...”

မည်သို့ပင်ဖြစ်စေ လုံချန်သည် အပြင်စည်းဂိုဏ်းခွဲ (၉)ခု၏ ထိပ်တန်းပါရမီရှင်များနှင့် ယှဉ်ပြိုင်ရမည်မဟုတ်ပါလား။

ခန်းမအရှင်လဲ့ယွမ် က လုံချန်၏မျက်လုံးထဲ၌ တိုက်ပွဲဝင်လိုစိတ်များ ပြည့်နှက်နေသည်ကို မြင်သောအခါ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။သို့ရာတွင် ရုတ်တရက်ကြီး တစ်စုံတစ်ခုကို တွေးမိသွားသည့်အလား မျက်ခုံးကြောများ တွန့်ကွေးလာသည်။

“လုံချန်၊ မင်း လုပ်ခဲ့တဲ့ ပြဿနာတစ်ခုရှိတယ်။ အဲဒါက တော်တော်လေး စည်းကျော်သွားတယ် ...”

“ငါမလုပ်သင့်တဲ့ အရာတစ်ခုလား ...” ခန်းမအရှင်လဲ့ယွမ်၏ ရုတ်တရက် ပြောလိုက်သော စကားကြောင့် လုံချန် သည် အနည်းငယ် ကြောင်အမ်းသွားသည်။

“ လဲ့လင် ရေချိုးနေတဲ့အချိန်မှာ ငါချောင်းကြည့်တာကို လူအိုကြီးက သိသွားတာများလား။ ဒါနဲ့ သူမကို လက်ထပ်ရမယ်လို့ပြောလာရင် ငါတော့ သွားပြီးပဲ ...”

သူအတွေးများနေစဉ် ခန်းမအရှင်လဲ့ယွမ်က အခြားကိစ္စတစ်ခုကို ပြောနေကြောင်း သိလိုက်ရသည်။

“မင်းသာ ထောက်ပံ့ရေးအမှတ် ၅၀၀ ရခဲ့ရင် အပြာရောင်နဂါးဝိညာဉ်ပုလဲကို ပေးမယ်လို့ ငါပြောခဲ့တယ်။ ဒါကို မင်းက ဝိညာဉ်မြက်ပင်တစ်ပင်အတွက်နဲ့ အမှတ် ၃၀၀ ဖြုန်းတီးပစ်လိုက်တယ်။ ဒါက ဘာသဘောလဲ ... လုံချန် ...”

“တကယ်တော့ လူအိုကြီး အဲ့ဒီကိစ္စ ပြောနေတာလား ...” လုံချန်က စိတ်သက်သာရာ ရပြီး ချက်ချင်း ပြန်ဖြေလိုက်သည်။

“လူအိုကြီးယွမ်! ဝိညာဉ်မြက်ပင်က ငါ့အတွက် အရမ်းအရေးကြီးတယ်။ ဒါပေမဲ့ အပြာရောင်နဂါးဝိညာဉ်ပုလဲကို မလိုချင်တာ မဟုတ်ဘူး။ အခု ကောင်းကင်စစ်သည်နယ်မြေကို ဝင်မလို့လုပ်နေတာ... “

“မေ့လိုက်ပါ ...” ခန်းမအရှင်လဲ့ယွမ်က လက်ခါပြလိုက်သည်။

“ပြိုင်ပွဲ ကျင်းပမယ့်ရက်အထိ အချိန်နည်းနည်း ရသေးတယ်။ ကျန်တဲ့ အချိန်တွေမှာ ကြိုးစားပြီးကျင့်ကြံပါ။ အပြာရောင်နဂါးဝိညာဉ်ပုလဲကို ငါ့ဆီက လက်ဆောင်လို့ မှတ်ယူလိုက် ...”

“တကယ်ပဲလား ...” လုံချန်က အတော်လေးကို ဝမ်းသာအားရဖြစ်သွား၏။ ၎င်းက နတ်ဝိညာဉ်ကျောက်စိမ်း ၁ သိန်းတန်သော ရတနာတစ်ခုပင်မဟုတ်ပါလား။ လူအိုကြီးယွမ်က သူ့ကို ကောင်းကောင်း ဆက်ဆံမှန်း သိသာပါသည်။

ဤအချိန်တွင် ခန်းမအရှင်လဲ့ယွမ်က သိုလှောင်အိတ်ထဲကနေ ကျောက်သေတ္တာတစ်လုံး ထုတ်လိုက်သည်။ အထဲတွင် အပြာရောင်နဂါးဝိညာဉ်ပုလဲ ထည့်သိမ်းထားသောကြောင့် သေတ္တာက အပြာရောင်သမ်းနေလေသည်။ ထို့အပြင် နဂါးဟိန်းသံ သဲ့သဲ့ပင်ကြားနေရသည်။

“အချိန်မဖြုန်းနဲ့။ ဒီအပြာရောင်နဂါးဝိညာဉ်ပုလဲကို မင်းရဲ့ သားရဲဝိညာဉ် အဖြစ် သန့်စင်လိုက်။ အောင်မြင်သွားရင် မင်းရဲ့ ခွန်အားက သေချာပေါက် မြင့်တက်လာလိမ့်မယ် ...”

ခန်းမအရှင်လဲ့ယွမ်၏ စကားကို ကြားသောအခါ လုံချန်သည် မျက်နှာအနည်းငယ်ပျက်သွား၏။ သူက သားရဲဝိညာဉ်ဖြင့် ပေါင်းစပ်ရန်မတတ်နိုင်လို့ပင်။

မည်သို့ပင်ဖြစ်စေ ခန်းမအရှင် ပေးအပ်သော အဖိုးတန်လက်ဆောင် ဖြစ်နေလေရာ သူ့အတွက် အကျိုးမယုတ်ပေ။

“အခု ပြန်သွားပြီး ကျင့်ကြံတော့။ အိုး၊ ဟုတ်သား၊ နောက်ထပ်တစ်ခုရှိသေးတယ်…” ခန်းမအရှင်လဲ့ယွမ် က လုံချန် ထွက်သွားခါနီးတွင် တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် သူ့ကို သတိပေးလိုက်သည်။

“နောက် ငါးရက်ကြာရင် ချူယွန်ရှီက လန်အာ ကို လက်ထပ်ခွင့်တောင်းဖို့ လာလိမ့်မယ်။ အဲ့ဒီအချိန်မှာ ငါ သူနဲ့ မင်းကို တွေ့ဆုံခိုင်းမလို့စဉ်းစားထားတယ်။ဘာလို့လဲဆိုတော့ ပြိုင်ပွဲကျရင် မင်းတို့နှစ်ယောက်က တစ်ဖွဲ့တည်း ဖြစ်လာမှာလေ ...”

Translator#အနှောင်အဖွဲ့ကင်းမဲ့သူ

All Chapters