အခန်း (၃၃၁-၃၃၂)
Vol. 34 Ch. 331-332
အခန်း (၃၃၁) - မီးနတ်ဘုရားအမိန့်တော်၊ ရှေးဟောင်းကမ္ဘာဦးစေတီ(၁)
ကျောက်ကန်အောက်ရှိ ကမ္ဘာကြီးသည် တကယ်ကို အံဩစရာ ကောင်းလွန်းလှသည်။ ဝူယွမ်က ဘာလဲဆိုတာကို ကြိုသိထားပြီး ဖြစ်သော်လည်း မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရချိန်တွင်တော့ အလွန်အမင်း တုန်လှုပ်သွားရဆဲပင်။
အောက်ဘက်ရှိ နေရာသည် သန့်စင်သော အမှောင်ထုသက်သက် မဟုတ်ချေ။ ထိုအမှောင်ထုထဲတွင် မီတာသောင်းချီ၍ ကျယ်ဝန်းသော ဧရာမ ချော်ရည်မြစ်ကြီးများက ဤမှောင်မိုက်သော လေဟာနယ်ကို ဖြတ်သန်းကာ ဖြည်းညင်းစွာ စီးဆင်းနေကြသည်။
ဤချော်ရည်မြစ်ကြီးများက အမှောင်ထုကို ဖောက်ထွင်းကာ ကန့်လန့်ဖြတ် စီးဆင်းနေကြပြီး အလွန်ကြီးမားကျယ်ပြန့်ကာ ရှုပ်ထွေးလှသော ကွန်ရက်ကြီးတစ်ခုကို ဖန်တီးထားလေ၏။
ဝူယွမ်က အပေါ်မှနေ၍ ငုံ့ကြည့်နေသည်။ ထို မီတာသောင်းချီကျယ်ဝန်းသော ချော်ရည်မြစ်ကြီးများသည် ဧရာမ ချော်ရည်နဂါးကြီးများအလား မှောင်မိုက်သော လေဟာနယ်ထဲတွင် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ခမ်းနားကြီးကျယ်စွာ ဝပ်တွားနေကြသည်။
ဤမျှ ကျယ်ပြောလှသော ချော်ရည်ကမ္ဘာကြီးကို မြေအောက်ရေကန်ထဲတွင် တည်ဆောက်နိုင်ခြင်းကပင် မီးသခင်၏စွမ်းအားကို မှန်းဆကြည့်ရန် လုံလောက်လှပေသည်။
“မီးသခင်က ဘယ်မှာလဲ” ဝူယွမ်က သူ၏မျက်ဝန်းများကို မှိတ်တုတ်မှိတ်တုတ် လုပ်ရင်း တွေးတောလိုက်သည်။ ထို့နောက် သူ၏ရင်ထဲတွင် တုန်လှုပ်သွားပြီး အကြည့်များက ရှုပ်ထွေးကာ ကန့်လန့်ဖြတ်စီးဆင်းနေသော ချော်ရည်မြစ်ကြီးများကို လိုက်လံကြည့်ရှုနေမိသည်။
နောက်ဆုံးတွင် ဤမှောင်မိုက်သော လေဟာနယ်ကို ဖြတ်သန်းစီးဆင်းနေကြသည့် ဧရာမချော်ရည်မြစ်ကြီးများအားလုံးသည် တစ်နေရာတည်းသို့ စုဆုံပေါင်းစပ်သွားကြောင်း သူ တွေ့ရှိသွားခဲ့သည်။
ထိုစုဆုံရာနေရာသည် မီတာထောင်ချီ၍ ကျယ်ဝန်းသော ချော်ရည်ကန်ကြီးတစ်ခုဖြစ်ပြီး အနီရဲရဲ ချော်ရည်များက အဆက်မပြတ် ပလုံစီနေသည်။
သံသယဖြစ်ဖွယ်မရှိ ဤနေရာသည် ဤမြေအောက် အစီအရင်ကြီး၏ အဓိက ဗဟိုချက်ပင် ဖြစ်သည်။
ဤချော်ရည်ကန်ကြီး၏ အလယ်ဗဟိုတွင် ထူးဆန်းသော ကျောက်ခေါင်းတလား တစ်ခုက တိတ်ဆိတ်စွာ လွင့်မျောနေသည်။
ကျောက်ခေါင်းတလားမှာ အနီရောင် ပြည့်နှက်နေပြီး အနီရောင် ပုံဆောင်ခဲ တစ်ခုမှ သွန်းလုပ်ထားသည့်အလား ထင်မှတ်ရသည်။ ခေါင်းတလားတွင် အဖုံးမပါရှိဘဲ ၎င်းအတွင်း၌ လဲလျောင်းနေသော လူတစ်ဦးကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့နိုင်ပေ၏။
“မီးသခင်” ဝူယွမ်က စူးစမ်းကြည့်ရှုရင်း တိုးတိတ်စွာ ရေရွတ်လိုက်သည်။ ထိုအမျိုးသား၏ မျက်နှာသွင်ပြင်က ချောမောခန့်ညားပြီး သူ၏မျက်လုံးများကို တင်းကြပ်စွာ မှိတ်ထားသော်လည်း သူ၏ ထံမှ အစွမ်းထက်လှသော အရှိန်အဝါများ ဖြာထွက်နေဆဲဖြစ်သည်။
သူ၏ မျက်ခုံးနှစ်ခုကြားတွင် ခမ်းနားထည်ဝါသော အရိပ်အယောင်လေးတစ်ခု ကျန်ရစ်နေပြီး သူ၏မီးတောက်သဖွယ် နီရဲနေသော ဆံကေသာရှည်ကြီးက မီးတောက်များအလား လောင်ကျွမ်းနေပေသည်။
မီးသခင်ကို မြင်လိုက်ရချိန်တွင် ဝူယွမ်၏သွေးများ ဆူပွက်လာတော့သည်။
သူ၏ခန္ဓာကိုယ်ကြီးက မီးလောင်တော့မည့်အလား ခံစားလိုက်ရသည်။
‘သူက အရမ်း အစွမ်းထက်လွန်းတယ်၊ နေမင်းကြီးတစ်ခုနဲ့ တူပြီး ခန္ဓာကိုယ်ထဲမှာ အဆုံးမဲ့ မီးစွမ်းအင်တွေကို ပိုင်ဆိုင်ထားတယ်...’
“မီးသခင်က နက်ရှိုင်းတဲ့အိပ်စက်ခြင်းထဲမှာ ရှိနေတုန်းပဲ၊ သူ့အောက်မှာ နတ်ဆိုးဖိနှိပ်ခြင်းအကျဉ်းထောင် ရှိတယ် အဲဒီမှာ ကမ္ဘာခြားနတ်ဆိုးအများအပြားကို ဖိနှိပ်ထားတယ်၊ အခုအချိန်မှာ ဒီလောက် အရေအတွက်များတဲ့ ကမ္ဘာခြားနတ်ဆိုးတွေကို ကျွန်တော်တို့ ရင်ဆိုင်နိုင်စွမ်း မရှိသေးဘူး”
ဟွမ်က ဝူယွမ်ထံသို့ သတင်းစကား ပါးလိုက်သည်။ မီးသခင်၏အခြေအနေကို သူက ပို၍ သိရှိနားလည်ပေသည်။
သူတို့သည် ကမ္ဘာခြားနတ်ဆိုးနယ်မြေမှ ကမ္ဘာခြားနတ်ဆိုးအမြောက်အမြားကို ယခုလေးတင် ရရှိခဲ့ပြီး ၎င်းတို့ထဲတွင် နတ်ဆိုးစစ်သူကြီးများ အများအပြားနှင့် ကမ္ဘာခြားနတ်ဆိုးဘုရင် နှစ်ပါးပင် ပါဝင်နေသည်။
သူတို့၏ ဖိအားက မီးသခင်ထက်ပင် မလျော့နည်းလှဘဲ မဟာရှေးဟောင်းတောရိုင်းးကျောက်တိုင်ငယ် သည်လည်း အကြီးအကျယ် ချဲ့ထွင်မှုကို ပြုလုပ်ထားပြီးဖြစ်ရာ လောလောဆယ်တွင် ကမ္ဘာသစ်ပင်၏ အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်သည်။
ဤအခြေအနေမျိုးအောက်တွင် သူတို့သည် မီးသခင်ကို ထပ်မံကူညီနိုင်မည်မဟုတ်ချေ။
“ဒါဆို သွားကြစို့” ဝူယွမ်က ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ
မည်သို့ပင်ဖြစ်စေ မြေကမ္ဘာအနှစ်သာရ ဝိညာဉ်အရည်ကို သူ ရရှိထားပြီး ဖြစ်သည် မဟုတ်လော။ ပြိုင်ဘက်ကင်းအင်အားစုကြီးတစ်ခုကို တည်ဆောက်ရန် ပြင်းပြသော သူ၏ရည်မှန်းချက်များက ခြေလှမ်းတိုင်းတွင် အထင်းသား ပေါ်လွင်နေပေသည်။
“အို... ဘိုးဘေးကျောက်တုံးက လှုပ်ရှားနေတယ်” ဝူယွမ်နှင့် ရှောင်တျောင်းတို့၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် နို့နှစ်ရောင် အလင်းတန်းတစ်ခုက မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ငယ် အတွင်းမှ ဖြာထွက်လာသည်။
၎င်းမှာ ကျောက်လက်ဖွဲ့ ပင်ဖြစ်သည်။
ကမ္ဘာသစ်ပင်အတွင်းမှ လွင့်မျောထွက်လာပြ ကျောက်ကန်အောက်ရှိ မှောင်မိုက်သော လေဟာနယ်ထဲသို့ တိုက်ရိုက် တိုး၀င်သွားတော့သည်။ ထို့နောက် ကျောက်လက်ဖွဲ့က ငုပ်လျှိုးသွားပြီး မီးသခင်၏ ကျောက်ခေါင်းတလားပေါ်တွင် နေရာယူလိုက်သည်။
မီးသခင်၏ ကျောက်ခေါင်းတလားအတွင်းမှ အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး နောက်ဆုံးတွင် ကျောက်လက်ဖွဲ့ဘေး၌ ရပ်တန့်သွားသည်။
ဤအနီရောင် အလင်းတန်း ထွက်ပေါ်လာပြီးနောက် ကျောက်လက်ဖွဲ့သည် ၎င်း၏အလင်းရောင်ကို ချက်ချင်း ပြန်လည်ရုပ်သိမ်းလိုက်ပြီးနောက် လှည့်ကာ ပျံသန်းလာပြီး မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ငယ်ထဲသို့ အလင်းတန်းတစ်ခုအဖြစ် ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
ကျောက်လက်ဖွဲ့က မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ငယ်ထဲသို့ ဝင်ရောက်သွားပြီး အနီရောင် အလင်းတန်းလေးကမူ ဝူယွမ်၏ရှေ့တွင် ယိမ်းယိုင် လွင့်မျောနေသည်။
ဤသည်ကို မြင်လိုက်ရသောအခါ ဝူယွမ်မှာ ခေတ္တမျှ ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် အနည်းငယ် တုံ့ဆိုင်းနေပြီး သူ၏လက်ဝါးကို ဆန့်တန်းလိုက်ရာ အနီရောင်အလင်းတန်းလေးက လက်ပေါ်သို့ ကျဆင်းလာခဲ့သည်။
အနီရောင် အလင်းတန်းလေးက ဆင်းသက်လာပြီးနောက် အလင်းရောင်များ ပျောက်ကွယ်သွားကာ မီးတောက်သဖွယ် နီရဲနေသော အမှတ်အသားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
အမှတ်အသားမှာ လက်ဖဝါးအရွယ်အစားခန့်ရှိပြီး ကိုင်လိုက်လျှင် နွေးထွေးသောအထိအတွေ့ကို ခံစားရသည်။
၎င်းသည် အလွန် ရှေးကျဟောင်းနွမ်းနေပြီး မည်သည့် တောက်ပသော ပုံသဏ္ဍာန်မှ မပါရှိသော်လည်း အမှတ်အသားတစ်ခုလုံးမှ ငြင်းပယ်၍မရနိုင်သော ရှေးဟောင်းဆန်သည့် ခမ်းနားမှု အငွေ့အသက်များ ဖြာထွက်နေပေသည်။
ဝူယွမ်က အမှတ်အသားကို လှန်လှော်ကြည့်ရှုလိုက်သည်။ ၎င်း၏ အရှေ့ဘက်တွင် အလွန် ရှေးကျသော အက္ခရာတစ်ခုဖြစ်သည့် ‘မီး’ ဟူသော အက္ခရာကို ရေးသားထားသည်။
ဤအက္ခရာ၏ အထက်တွင် အနီရောင် အလင်းတန်းများက စီးဆင်းနေသော ချော်ရည်များအလား လှိုင်းထန်နေပြီး အလွန်တရာ ထူးဆန်းလှပေ၏။
“မီးနတ်ဘုရားအမိန့်တော်ပဲ၊ ဘိုးဘေးကျောက်တုံးက ဒါကို ပြန်သယ်လာလိမ့်မယ်လို့ မထင်ထားဘူး” ဟွမ်က စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။
“ဒီအမှတ်အသားက ဘာအတွက် အသုံးဝင်တာလဲ” ဝူယွမ်က မေးလိုက်သည်။
“မီးနတ်ဘုရားအမိန့်တော်က နာမည်နဲ့ လိုက်ဖက်အောင် မီးတောက်တွေကို အမိန့်ပေးနိုင်တဲ့ အမှတ်အသားတစ်ခုပဲ၊ ဒါရှိရင် မင်းက မီးတိုက်ခိုက်မှု အားလုံးကို လျစ်လျူရှုထားလို့ရတယ်၊ တခြား အသုံးဝင်တာတွေလည်း အများကြီး ရှိသေးတယ်”
“ဒါက မီးနတ်ဘုရားရဲ့ပစ္စည်းပဲ နောက်ကျရင် မင်းဆက်စူးစမ်းကြည့်ရင် ပိုနားလည်လာလိမ့်မယ်၊ ဘိုးဘေးကျောက်တုံးက မင်းကို မီးတောက်ဘိုးဘေးအဆောင်ကို ရစေချင်လို့ ဒါကိုယူပေးတာ သေချာတယ်” ဟွမ်က တည်ငြိမ်စွာ ရှင်းပြလိုက်သည်။
“ဒီနေရာကနေ အရင်သွားကြစို့”
ဝူယွမ်က ရှောင်တျောင်းကို ခေါ်ကာ တောင်ပေါ်သို့ ပြန်တက်လာခဲ့ပြီးနောက် ရှောင်တျောင်းနှင့် ခေါင်းသုံးလုံးမိစ္ဆာနဂါးကို မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ငယ် ထဲသို့ ထည့်လိုက်သည်။
သူက တောင်အောက်သို့ ဆင်းလာခဲ့သည်။ ဤအချိန်တွင် ကူယန်မှာ ဆန်းကြယ်ရှင်ခြင်းအဆင့်သို့ ထိုးဖောက်တက်လှမ်းရန် သီးသန့်ကျင့်ကြံနေ၏။
ဝူယွမ်က သူမကို အနှောင့်အယှက် မပေးခဲ့ချေ။ သူသည်လည်း အနီးအနားတွင် မြေကမ္ဘာအနှစ်သာရ ဝိညာဉ်အရည်ကို ထုတ်ယူကာ စတင်ကျင့်ကြံတော့သည်။
သူသည် ဆန်းကြယ်ရှင်ခြင်း အထွတ်အထိပ်အဆင့်သို့ ထိုးဖောက်တက်လှမ်းရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
သုံးရက်အချိန်က မျက်တောင်တစ်ခတ်အတွင်းမှာပင် ကုန်ဆုံးသွားခဲ့သည်။
ကူယန်က အောင်မြင်စွာ ထိုးဖောက်တက်လှမ်းနိုင်ခဲ့ချေပြီ။
ဤအချိန်တွင် ဝူယွမ်မှာမူ ဆက်လက် ကျင့်ကြံနေဆဲဖြစ်၏။ မြေကမ္ဘာအနှစ်သာရ ဝိညာဉ်အရည်အပြင် ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီး အများအပြားကိုလည်း စားသုံးထားသေးသည်။
ကူယန်နှင့် အခြားသူများက သူ့ကို အနှောင့်အယှက်မပေးရဲကြဘဲ ဝူယွမ်၏အနီးအနားတွင် သတိထားကာ စောင့်ကြပ်ပေးနေကြသည်။
ဤတစ်ကြိမ်တွင် အခြားသော အင်အားစုများအားလုံး လက်ဗလာဖြင့် ပြန်သွားခဲ့ရပြီး ကြီးမားသော ဆုံးရှုံးမှုများဖြင့် ရင်ဆိုင်ခဲ့ရသည်။ ဝေမိသားစုမှာမူ လုံးဝ သုတ်သင်ခံလိုက်ရ၏။ ဝူယွမ် တစ်ယောက်တည်းသာလျှင် ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီးကို အောင်မြင်စွာ ယူဆောင်လာနိုင်ခဲ့ခြင်း ဖြစ်သည်။
ကူယန်နှင့် အခြားသူများက ဖြစ်ပျက်ခဲ့သည်များကို အတိအကျ မသိကြသော်လည်း ဤအရာက ဝူယွမ်အပေါ် သူတို့၏အထင်ကြီးလေးစားမှုကို မထိခိုက်စေခဲ့ချေ။
ခေါင်းသုံးလုံးမိစ္ဆာနဂါးနှင့် မရေမတွက်နိုင်သော မိစ္ဆာသားရဲများ၏ ကာကွယ်မှုအောက်မှ ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီးကို ရယူနိုင်ခဲ့ခြင်းက ဝူယွမ်၏ စွမ်းအားသည် သူတို့၏ စိတ်ကူးယဉ်ထားသည်ထက်ပင် သာလွန်နေကြောင်း သက်သေပြနေပေသည်။
“သခင်လေးဝူယွမ်က အရမ်းကို အစွမ်းထက်တာပဲ၊ သူ့စွမ်းအားက ဆန်းကြယ်ရှင်ခြင်း အထွတ်အထိပ်အဆင့်ဘထိပ်သီးပုဂ္ဂိုလ် တစ်ယောက်ထက်တောင် နိမ့်မှာမဟုတ်ဘူး”
“ဟုတ်တယ် အခုလည်း သူက ထပ်ပြီး အဆင့်ထိုးဖောက်တက်လှမ်းတော့မယ့် ပုံပဲ”
“အစ်မကူယန် သခင်လေးဝူယွမ်က ဘယ်အင်အားစုနဲ့မှ မပူးပေါင်းရသေးဘူး၊ ကျွန်မတို့ ကူမိသားစုထဲကို သူ့ကို စည်းရုံးကြည့်ရင် မကောင်းဘူးလား”
“ပြောဖို့သာ လွယ်တာ သူက ဘယ်လိုလုပ် သဘောတူနိုင်ပါ့မလဲ”
“ဘာလို့ မရရမှာလဲ၊ အဆိုးဆုံးဆိုရင် သခင်မလေးက အနစ်နာခံလိုက်ပေါ့၊ သခင်မလေးရဲ့ အလှအပနဲ့ဆိုရင် သခင်လေးဝူယွမ်က သေချာပေါက်သဘောကျမှာပါ”
“ဘယ်လိုပဲဖြစ်ဖြစ် သခင်မလေးက အိမ်ထောင်ကျပြီး တခြားကို မသွားချင်ဘူး၊ တခြား အင်အားစုတွေဆီကိုလည်း သွားပြီး အိမ်ထောင်မပြုချင်ဘူး မဟုတ်လား၊ ဒါဆိုရင် သခင်လေးဝူယွမ်ကို အိမ်ထောင်ဘက်အဖြစ် ဖိတ်ခေါ်လိုက်ရင် မကောင်းဘူးလား”
“သခင်မလေးနဲ့ သခင်လေးဝူယွမ်က တော်တော်လေးလိုက်ဖက်တယ်လို့ ကျွန်မထင်တယ်”
ကူမိသားစုဝင်များက အချင်းချင်း တီးတိုးဆွေးနွေးနေကြသည်။ ကူယာကလည်း ဝူယွမ်ကို အိမ်ထောင်ဘက်အဖြစ် ဖိတ်ခေါ်ရန် ကူယန်ကို တိုက်တွန်းအားပေးနေ၏။
လွန်ခဲ့သည့် အကြိမ်က အနေရခက်သော ဆုံတွေ့မှုနှင့် သူတို့ အတူတကွ ဖြတ်သန်းခဲ့ရသော အချိန်များအရ သူမ၏ သခင်မလေးနှင့် နေ့ရောညပါ အတူနေခဲ့သော ကူယာသည်လည်း သူမ၏သခင်မလေးက ဤသခင်လေးဝူယွမ်အပေါ် ဖြူစင်မှုမရှိသော အတွေးအချို့ ရှိနေကြောင်း မြင်တွေ့ထားပြီးဖြစ်သည်။
“ပေါက်ကရတွေ လျှောက်မပြောကြနဲ့၊ ဒီလိုကိစ္စမျိုးတွေကို ပေါ့ပေါ့ဆဆပြောလို့ ဘယ်ရမလဲ၊ သခင်လေးဝူယွမ်က အိမ်ထောင်ဘက်အဖြစ် လာနေမှာ မဟုတ်လောက်ပါဘူး” ကူယန်က ကြိမ်းမောင်းလိုက်သော်လည်း ကျင့်ကြံနေသော ဝူယွမ်ကိုမူ မျှော်လင့်တကြီးဖြင့် ကြည့်နေမိသည်။
သူမမှာ တကယ် မျှော်လင့်ချက်လေးများ ရှိနေခဲ့သော်ငြား ဝူယွမ် သဘောတူမည် မတူမည်ကို သူမ မသိချေ...။
“အစ်မကူယန် မိသားစုဆီကနေ ဝိညာဉ်သတင်းစကား တစ်ခု ရောက်လာတယ်” ထိုအချိန်တွင် ကူယင်းက လျှောက်လာပြီး ကူယန်ကို သွေးရောင်ကျောက်စိမ်းပြား တစ်ခု ပေးလိုက်သည်။
ကူယန်က သွေးကျောက်စိမ်းပြားကို ယူလိုက်ပြီး သူမ၏ နုနယ်သော လက်ကလေးဖြင့် ဆုပ်ကိုင်လိုက်သည်။
စိတ်ကူးတစ်ခုဖြင့် အတွင်းရှိ အချက်အလက်များကို သူမ ဖတ်ရှုလိုက်ပြီးနောက် ချက်ချင်းပင် သူမ၏ မျက်နှာက အလျင်အမြန် ဒေါသထွက်လာပြီး အေးစက်သွားတော့သည်။
“ဘာဖြစ်လို့လဲ အစ်မကူယန်”
အခန်း (၃၃၂) - မီးနတ်ဘုရားအမိန့်တော်၊ ရှေးဟောင်းကမ္ဘာဦးစေတီ(၂)
“အစ်ကိုယွမ်ထျန်းက တစ်ယောက်ယောက်ရဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်တာကို ခံလိုက်ရတယ်” ကူယန်က မှိုင်းညို့နေသော အမူအရာဖြင့် ပြောလိုက်သည်။
“ဝေမိသားစု လက်ချက်ပဲ ဖြစ်ရမယ်”
“ဟင် အစ်ကိုယွမ်ထျန်း ဒဏ်ရာရသွားတယ်လား” ဤစကားကို ကြားသောအခါ ကူမိသားစုဝင်များအားလုံး လန့်ဖျပ်သွားကြသည်။
ကူယွမ်ထျန်းသည် ကူမိသားစု၏ လူငယ်မျိုးဆက်များထဲတွင် အသန်မာဆုံးသူဖြစ်သည်။
ကူယင်းက မျက်မှောင်ကြုတ်လိုက်ပြီး ပြောလာ၏။ “ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ၊ သိုင်းပြိုင်ပွဲစတင်ဖို့ တစ်လပဲ လိုတော့တယ်၊ ဒီအချိန်မှာ အစ်ကိုယွမ်ထျန်း ဒဏ်ရာရသွားတော့ ကျွန်မတို့ ကူမိသားစုအနေနဲ့ ရလဒ်ကောင်းတွေရဖို့ သေချာပေါက် ရုန်းကန်ရတော့မယ်”
“ကျွန်မတို့ အပြင်ကအကူအညီ ခေါ်လိုက်ရမလား” ကူယာ၏အကြည့်များက ယခုအချိန်တွင် ကျင့်ကြံနေသော ဝူယွမ်ဆီသို့ ရောက်ရှိသွားသည်။
ထိုအချိန်မှာပင် ဝူယွမ်၏ခန္ဓာကိုယ်အတွင်းမှ အစွမ်းထက်လှသော စွမ်းအားတစ်ရပ်က ပေါက်ကွဲထွက်လာရာ ပတ်ဝန်းကျင်ရှိ ကူမိသားစုတပည့်များမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် နောက်သို့ ဆုတ်သွားကြသည်။
“ဒါ အတငါ့ထိုးဖောက်တက်လှမ်းတာလား”
ဝူယွမ်က မျက်လုံးများကို ဖွင့်လိုက်သည်။ သူသည် ဆန်းကြယ်ရှင်ခြင်း အထွတ်အထိပ်အဆင့်သို့ အောင်မြင်စွာ ထိုးဖောက်တက်လှမ်းနိုင်ခဲ့လေပြီ။
အစွမ်းထက်လွန်းသော အရှိန်အဝါများကြောင့် ဤကူမိသားစုဝင်များ အနည်းငယ် ကြောက်ရွံ့သွားကြသည်။
သို့သော် ဝူယွမ်က သူ၏အရှိန်အဝါများကို အလျင်အမြန် ပြန်လည်ရုပ်သိမ်းလိုက်ရာ နောက်တစ်စက္ကန့်တွင် သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်သွားတော့သည်။
“ဂုဏ်ယူပါတယ် သခင်လေးဝူယွမ်” ကူယန်က လျှောက်လာပြီး ဂုဏ်ပြုစကား ဆိုလိုက်သည်။
“ခင်ဗျားလည်း ဆန်းကြယ်ရှင်ခြင်းအဆင့်ကို ထိုးဖောက်တက်လှမ်းနိုင်ခဲ့ပြီပဲ၊ ဂုဏ်ယူပါတယ်” ဝူယွမ်က တစ်ချက်ကြည့်လိုက်ရာ ကူယန်လည်း ဆန်းကြယ်ရှင်ခြင်းအဆင့် သို့ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
“ဒီတစ်ခေါက် ကျေးဇူးတင်ပါတယ်၊ သခင်လေးသာ မရှိရင် ကျွန်မ ဒီဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီးကို ရနိုင်မှာ မဟုတ်ဘူး” ကူယန်က သူမ၏ ရိုးသားသော ကျေးဇူးတင်စကားကို ဆိုလိုက်သည်။
ဝူယွမ်ကို အကူအညီတောင်းလိုက်ခြင်းကြောင့် သူမ တကယ်ကို အကျိုးအမြတ်များ ရရှိသွားခဲ့ခြင်း ဖြစ်သည်။
“သခင်လေးဝူယွမ်... ကျွန်မ အကူအညီတောင်းချင်တာ နောက်တစ်ခု ရှိသေးလို့ပါ...”
ကူယန်က တုံ့ဆိုင်းစွာဖြင့် ပြောလိုက်ပြီး….. “စိတ်မပူပါနဲ့ ပေးရမယ့် အဖိုးအခက သခင်လေးကို သေချာပေါက် ကျေနပ်စေမှာပါ”
“အို ပြောပါဦး” ဝူယွမ်က မေးလိုက်သည်။
“သခင်လေးဝူယွမ်က ထျန်းဖုန် ပင်လယ်နယ်မြေကို အခုမှရောက်လာတာဆိုတော့ ရှေးဟောင်းကမ္ဘာဦးစေတီ အကြောင်းကို မသိလောက်သေးဘူး၊ ဒါကြောင့် ဒီရတနာအကြောင်းကို ကျွန်မ အရင် ပြောပြပါ့မယ်” ကူယန်က ဆက်ပြောလိုက်သည်။
“ရှေးဟောင်းကမ္ဘာဦးစေတီ ဆိုတာ ရှေးခေတ်ကာလကတည်းက လက်ဆင့်ကမ်းလာတဲ့ ကျင့်ကြံခြင်း ရတနာမြေမြတ်မဟာ တစ်ခုပါ၊ အဲဒီအထဲမှာ မဟာရှေးဟောင်းစွမ်းအင်တစ်မျိုးကို ထုတ်လုပ်ပေးနိုင်တယ် ဒီစွမ်းအင်က ရိုးတွင်းခြင်ဆီကို သန့်စင်ပေးတာ၊ အရိုးတွေကို သန်မာစေတာနဲ့ ခန္ဓာကိုယ်ကို ကြံ့ခိုင်စေတဲ့ အံ့ဖွယ်အကျိုးကျေးဇူးတွေ ရှိတယ်၊ မဟာရှေးဟောင်းစွမ်းအင်ရဲ့ ဆေးကြောသန့်စင်မှုအောက်မှာ လူတစ်ယောက်ကို အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာသလို ဖြစ်စေနိုင်တယ်၊ အစွမ်းထက်တဲ့သူ အများအပြားက ဒီလိုအခွင့်အရေးမျိုးကို ရချင်နေကြတာ”
“ရှေးဟောင်းကမ္ဘာဦးစေတီရဲ့ ဆေးကြောခြင်းကို ခံရတဲ့သူက လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာဖွဲ့စည်းပုံကို တူညီတဲ့ ကျင့်ကြံခြင်းအဆင့်မှာရှိတဲ့ တခြားသူတွေထက် တစ်ဆင့် ပိုမို အစွမ်းထက်လာစေနိုင်တယ်”
“ဒါက ရှေးဟောင်းကမ္ဘာဦးစေတီထဲက ထွက်လာတဲ့ ရှေးဟောင်းကမ္ဘာဦး ပုတီးစေ့ပါ၊ အဲဒီအထဲမှာ မဟာရှေးဟောင်းစွမ်းအင် နည်းနည်းပါတယ်၊ သခင်လေး ဒါကို စုပ်ယူပြီး အရင်စမ်းကြည့်လို့ရပါတယ်”
ကူယန်က သူမ၏ ကျောက်စိမ်းရောင် လက်ကလေးကို ဆန့်တန်းလိုက်ရာ အဝါရင့်ရောင် ကျောက်စေ့လေးတစ်စေ့က လက်ထဲတွင် ပေါ်လာသည်။
ထို့နောက် လက်ညှိုးဖြင့် ခေါက်လိုက်ရာ ကျောက်စေ့လေးက ဝူယွမ်ဆီသို့ ပျံသန်းသွားတော့သည်။
ဝူယွမ်က ရှေးဟောင်းကမ္ဘာဦး ပုတီးစေ့ကို ယူလိုက်သည်။ ဝါးမျိုခြင်စွမ်းအားများ အသက်ဝင်လာသည်နှင့် ရှေးကျပြီး သန့်စင်သော စွမ်းအင်တစ်ခု သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပျော်ဝင်သွားသည်ကို ချက်ချင်း ခံစားလိုက်ရ၏။
“အို ဒါက မဟာရှေးဟောင်းစွမ်းအင်ပဲ” ဟွမ်က အံ့သြတကြီးရေရွတ်လိုက်သည်။
“ဒါက ပစ္စည်းကောင်းပဲ၊ ငါတို့ ပိုပြီး များများလိုတယ်၊ ဘိုးဘေးကျောက်တုံး ပြန်လည်ကောင်းမွန်ဖို့ ဒီလိုစွမ်းအင်မျိုးတွေ လိုအပ်တယ်”
ဤအချိန်တွင် ကျောက်လက်ဖွဲ့သည်လည်း ဝူယွမ်၏ ခန္ဓာကိုယ်အတွင်းသို့ ယခုလေးတင် ဝင်ရောက်လာသော မဟာရှေးဟောင်းစွမ်းအင်များကို စုပ်ယူလိုသည့် ပြင်းပြသောဆန္ဒကို ဖော်ပြနေပေသည်။
ကျောက်လက်ဖွဲ့သည် ကမ္ဘာသစ်ပင်ထဲတွင် အာဟာရဖြည့်တင်းခံခဲ့ရသော်လည်း ယခုအချိန်အထိ များစွာ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးဘဲ ၎င်း၏ အသိစိတ်များ အပြည့်အဝ နိုးထလာခြင်း မရှိသေးချေ။
၎င်းသည် အလွန်အမင်း ဆိုးရွားစွာ ပျက်စီးနေခဲ့ပြီး ပြန်လည်ကောင်းမွန်လာမှုကို အရှိန်မြှင့်တင်ရန် အထူးစွမ်းအင်များ လိုအပ်နေပေသည်။
ကမ္ဘာသစ်ပင်၏ အသက်စွမ်းအင်က ပြန်လည်ကောင်းမွန်လာမှုကို အရှိန်မြှင့်တင်ပေးနိုင်သော်လည်း ကျောက်လက်ဖွဲ့သည်လည်း ကမ္ဘာအဆင့် နတ်ဘုရားပစ္စည်းတစ်ခုဖြစ်ရာ အသက်စွမ်းအင်တစ်ခုတည်းကိုသာ အားကိုးနေခြင်းက သိပ်ပြီး အကျိုးသက်ရောက်မှု ရှိမည်မဟုတ်ချေ။
ဝူယွမ်က တည်ငြိမ်စွာဖြင့်ပြောလိုက်သည်။ “ဆက်ပြောပါဦး”
“ရှေးဟောင်းကမ္ဘာဦးစေတီကို မဟာမိသားစုကြီးငါးခုက ပူးတွဲ ကာကွယ်စောင့်ရှောက်ထားပြီး တစ်နှစ်ကို တစ်ကြိမ် ဖွင့်လှစ်ပါတယ်၊ ဝင်ခွင့်နေရာသုံးနေရာပဲ ရှိပြီး သိုင်းပြိုင်ပွဲမှာ အနိုင်ရတဲ့ မိသားစုက အဲဒီ ဝင်ခွင့်နေရာ သုံးနေရာကို ရရှိမှာပါ”
“ကျွန်မက သခင်လေးကို ကျွန်မတို့ကူမိသားစုရဲ့ အပြင်ဘက် အကူအညီအနေနဲ့ သိုင်းပြိုင်ပွဲမှာ ကူမိသားစုကိုယ်စားပြုပြီး ပါဝင်ပေးဖို့ တောင်းဆိုချင်တာပါ၊ သခင်လေးသာ ချန်ပီယံဆုကို ရယူပေးနိုင်မယ်ဆိုရင် ရှေးဟောင်းကမ္ဘာဦးစေတီထဲ ဝင်ခွင့်တစ်နေရာကို သခင်လေးကိုပေးဖို့ မိသားစုကို ကျွန်မ နားချပေးနိုင်ပါတယ်”
သူမက ဝူယွမ်ကို မျှော်လင့်တကြီးဖြင့် ကြည့်နေသည်။ ဝူယွမ်ပြသခဲ့သော စွမ်းအားအရ သူသည် သိုင်းပြိုင်ပွဲတွင်အနိုင်ရရန် အခွင့်အရေး များစွာ ရှိနေပေသည်။
“ဟုတ်လား” ဝူယွမ်က ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလာလေသည်။
“ပြဿနာမရှိပါဘူး တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်လည်း ကျွန်တော့်ရဲ့ ရုပ်ခန္ဓာ စွမ်းအားကို မြှင့်တင်ချင်နေတာပဲ”
သူ၏ ခန္ဓာကိုယ်ကျင့်စဉ် ‘ဟွမ်’ အက္ခရာကို ကျင့်ကြံခြင်းက အဟန့်အတားတစ်ခုသို့ ရောက်ရှိနေပြီး ကြီးမြတ်သော တောင်တန်း ခန္ဓာကိုယ်၏ အထွတ်အထိပ်အဆင့်တွင် အချိန်ကြာမြင့်စွာ ရပ်တန့်နေခဲ့သည်။
အကယ်၍ မဟာရှေးဟောင်းစွမ်းအင်များကို ပိုမိုရရှိနိုင်မည်ဆိုပါက သူ တော်ဝင်ခန္ဓာကိုယ်အဆင့်သို့ ထိုးဖောက်တက်လှမ်းရန် လုံလောက်ပေလိမ့်မည်။
သို့သော် ယခုအခါ ဝူယွမ်သည် ရှေးဟောင်းကမ္ဘာဦးစေတီထဲသို့ ဝင်ရောက်ရန်လောက်သာ စဉ်းစားနေခြင်း မဟုတ်တော့ချေ။
ရှေးဟောင်းကမ္ဘာဦးစေတီ တစ်ခုလုံးကိုပါ သူယူသွားချင်နေခြင်း ဖြစ်သည်။
“ကျေးဇူးတင်ပါတယ် သခင်လေးဝူယွမ်” ကူယန်က ဝမ်းသာအားရ ပြောလိုက်သည်။
“ဒါဆို ထွက်သွားကြစို့”
ကူယန်နှင့် အခြားသူများ၏ နောက်သို့ လိုက်ကာ ရွှမ်လင်းကျွန်းရှိ ဆိပ်ကမ်းတစ်ခုသို့ ရောက်ရှိလာကြပြီး ထိုနေရာတွင် ကူမိသားစုမှ လူအချို့လည်း ရှိနေကြသည်။
မီးခိုးရောင်ဝတ် အဘိုးအိုတစ်ဦးက ကူယန်နှင့် အခြားသူများ ရွှမ်လင်းကျွန်းမှ ထွက်ခွာရန်အတွက် သင်္ဘောကြီးတစ်စင်းကို ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။
ဝူယွမ်သည် အပြင်ဘက် အကူအညီတစ်ဦးအဖြစ် လိုက်ပါလာကြောင်းကို မီးခိုးရောင်ဝတ် အဘိုးအိုက သိရှိပြီးနောက် ကူယန်နှင့် ဝူယွမ်တို့ကို ပြောလိုက်သည်။
“သခင်မလေး လွန်ခဲ့တဲ့ နှစ်ရက်က ကျွန်တော် ရရှိခဲ့တဲ့ သတင်းတွေအရ အိမ်တော်သခင်ကလည်း အပြင်ဘက် အကူအညီ တစ်ယောက်ကို ဖိတ်ခေါ်ထားတယ်၊ အဲဒီလူကို သခင်မလေး သိပါတယ်၊ သခင်မလေးကို လာတောင်းရမ်းဖူးတဲ့ တိဟိုင်ဂိုဏ်းက ဂိုဏ်းချုပ်လေး မိုထောင်း ပါပဲ”
ကူယန်၏ နုနယ်သောမျက်ခုံးလေးများ တွန့်ကွေးသွားပြီး သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်သည်။ သူမကြည့်ရသည်မှာ မိုထောင်းကို အလွန် မုန်းတီးဟန် ရှိ၏။
မီးခိုးရောင်ဝတ် အဘိုးအိုက ဝူယွမ်၏ စွမ်းအားကို မခန့်မှန်းနိုင်သဖြင့် အနည်းငယ် စိုးရိမ်နေကာ ဆက်ပြောလိုက်သည်။
“မိုထောင်းက ဆန်းကြယ်ရှင်ခြင်း အစောပိုင်းရဲ့ အထွတ်အထိပ် စွမ်းအားကို ပိုင်ဆိုင်ထားပြီး ထျန်းဖုန်းပင်လယ်နယ်မြေက လူငယ်မျိုးဆက်တွေကြားမှာ နာမည်အတော်လေး ကြီးတယ်၊ သခင်မလေးက သခင်လေးဝူယွမ်ကို အကူအညီအနေနဲ့ ဖိတ်ခေါ်ထားတယ်ဆိုတာကို သူ သိသွားရင် သူ့ရဲ့ စရိုက်အရ တမင်သက်သက် ပြဿနာရှာတာမျိုးတွေ လုပ်လာနိုင်တယ်”
“နားလည်ပါပြီ၊ စိုးရိမ်စရာမလိုပါဘူး” ကူယန်က တည်ငြိမ်စွာ ပြောလိုက်သည်။
ဤတစ်ကြိမ် ဝူယွမ်၏စွမ်းဆောင်ရည်များကို ကြည့်ခြင်းအားဖြင့် သူမ စိုးရိမ်ပူပန်နေခြင်း မရှိချေ။ ထို့အပြင် ဝူယွမ်က ဆန်းကြယ်ရှင်ခြင်း အထွတ်အထိပ်အဆင့်သို့ ယခုလေးတင် အဆင့်ထိုးဖောက်တက်လှမ်းထားသည် မဟုတ်ပါလား။
ကျယ်ပြောလှသော အဆုံးမရှိသည့် ပင်လယ်ပြင်ကြီးပေါ်တွင် လှိုင်းလုံးကြီးများ လှိုင်းထန်နေပြီး ဧရာမလှိုင်းလုံးကြီးများက အဝေးမှနေ၍ လိမ့်ဝင်လာကာ နောက်ဆုံးတွင် သင်္ဘောကိုယ်ထည်ကို ပြင်းထန်စွာ ရိုက်ခတ်သွားပြီး နားကွဲမတတ် ဆူညံသံများကို ဖြစ်ပေါ်စေသည်။
ဝူယွမ်နှင့် အခြားသူများသည် သိုင်းပြိုင်ပွဲကျွန်း သို့ ခရီးစတင်ခဲ့ကြသည်။
ကစဉ်ကလျား မိစ္ဆာပင်လယ်တွင် ကျွန်းများသည် တစ်ခုနှင့်တစ်ခု အလွန်ဝေးကွာကြပြီး ခရီးတစ်ခေါက်သွားရန်ပင် ဆယ်ရက်မှ လဝက်ခန့်အထိ မကြာခဏ ကြာမြင့်လေ့ရှိသည်။
သင်္ဘောပေါ်တွင် ကူယန်က ဝူယွမ်အား မဟာမိသားစုကြီးငါးခု၏ အခြေအနေကို မိတ်ဆက်ပေးနေသည်။
ယခု သိုင်းပြိုင်ပွဲတွင် ပါဝင်မည့် အဓိက မိသားစုတပည့်များအကြောင်းကိုလည်း ဝူယွမ်အား ယေဘုယျ ရှင်းပြခဲ့သည်။
သိုင်းပြိုင်ပွဲတွင် ပါဝင်သူများသည် အခြေခံအားဖြင့် ထျန်းဖုန်းပင်လယ်နယ်မြေရှိ အသန်မာဆုံးသော လူငယ်ပါရမီရှင်များဖြစ်ပြီး ကျင့်ကြံခြင်းအဆင့်များမှာ အားလုံးနီးပါး ဆန်းကြယ်ရှင်ခြင်း အစောပိုင်းအထက်တွင် ရှိကြကာ အများစုမှာ ဆန်းကြယ်ရှင်ခြင်း အစောပိုင်း၏ အထွတ်အထိပ်အဆင့်တွင် ရှိကြသည်။
သေချာသည်က ဤသည်တို့မှာ အပြင်ပန်း အခြေအနေများသာ ဖြစ်သည်။ ဝူယွမ်ကဲ့သို့သော အပြင်ဘက် အကူအညီများကိုမူ ထုတ်ပြန်ကြေညာထားခြင်း မရှိသေးဘဲ သိုင်းပြိုင်ပွဲ စတင်မည့်နေ့ရောက်မှသာ သိရှိနိုင်မည်ဖြစ်သည်။
ယေဘုယျအားဖြင့် မဟာမိသားစုကြီးငါးခုအနက် ကူမိသားစု၏စွမ်းအားမှာ အနည်းဆုံး ဖြစ်သည်။
သူတို့၏ အကြီးမားဆုံးသောပြိုင်ဘက်မှာ ရှန်ထူမိသားစုမှ ဖြစ်သည်။
သူတို့သည် ယခင်သိုင်းပြိုင်ပွဲ၏ ချန်ပီယံများဖြစ်ကြ၏။
ရှန်ထူမိသားစုမှ ရှန်ထူကျွယ်သည် ဆန်းကြယ်ရှင်ခြင်း အထွတ်အထိပ်အဆင့်၏ စွမ်းအားကို ပိုင်ဆိုင်ထားသည်။
သူသည် ဆန်းကြယ်ရှင်ခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဟု သိရှိရသည့် တစ်ဦးတည်းသော အစွမ်းထက်သူလည်း ဖြစ်သည်။
ထျန်းဖုန်း ပင်လယ်နယ်မြေ၏ လူငယ်မျိုးဆက်များကြားတွင် သူသည် အင်အားအဆင့် သုံးတွင် ရပ်တည်နေသည်။
ဤကဲ့သို့သော စွမ်းအားမျိုးဖြင့် အဆင့် သုံး နေရာတွင်သာ ရပ်တည်နိုင်သည်ဆိုခြင်းက ထျန်းဖုန်းပင်လယ်နယ်မြေရှိ လူငယ်မျိုးဆက်များ၏ စွမ်းအားသည် အရှေ့ဘက်ရွှမ်ဒေသထက် များစွာသာလွန်နေကြောင်း သက်သေပြနေပေသည်။
ဝူယွမ်ကလည်း မေးမြန်းကြည့်ခဲ့ရာ ပထမနေရာတွင် ရပ်တည်နေသူမှာ ချန်ခွန်း လျှို့ဝှက်ဂူမှ ချန်ခွန်းလက်ဝါး ကျိုးချန် ဖြစ်ပြီး ဒုတိယနေရာတွင် မိစ္ဆာလေ လျှို့ဝှက်ဂူ မှ မရဏဘုရင်လေး ရှဲ့ယန် ဖြစ်သည်။
ဤနှစ်ဦးသည် ဆန်းကြယ်ရှင်ခြင်း၏ အမြင့်ဆုံးအဆင့်သို့ပင် ရောက်ရှိနေနိုင်ပေသည်။
သူတို့သည် မျိုးဆက်ဟောင်း ထိပ်သီးပုဂ္ဂိုလ် အများစုကိုပင် ကျော်လွန်နေကြပြီဖြစ်သည်။
သူတို့သည် ယွမ်ဂိုဏ်း၏ ဘုရင်ငယ်သုံးပါး ဆိုသူများထက် များစွာ ပို၍ ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ဆယ်ရက်ကြာပြီးနောက်။
ဝူယွမ်တို့တစ်သိုက် သိုင်းပြိုင်ပွဲကျွန်းသို့ နောက်ဆုံးတွင် ရောက်ရှိသွားကြပြီဖြစ်သည်။