အခန်း (၃၃၃-၃၃၄)
Vol. 34 Ch. 333-334
အခန်း (၃၃၃) - ဝူယွမ်Vsမိုထောင်း(၁)
သိုင်းပြိုင်ပွဲကျွန်း၏ ကြီးမားကျယ်ပြန့်လှသော ဆိပ်ကမ်းကြီးတွင် အရပ်မျက်နှာအသီးသီးမှ ဧရာမ သင်္ဘောကြီးများက အဆက်မပြတ် ဝင်ရောက်ဆိုက်ကပ်လာကြသည်။
ဝူယွမ်တို့ လိုက်ပါလာသော ကူမိသားစု၏ သင်္ဘောကြီးသည်လည်း နောက်ဆုံးတွင် ဆိပ်ကမ်းသို့ ဆိုက်ကပ်သွားပြီဖြစ်သည်။
“ဟူး... နောက်ဆုံးတော့ သိုင်းပြိုင်ပွဲကျွန်းကို ရောက်ပြီပေါ့” ကူယန်က သင်္ဘောဦးပိုင်းမှ ဆင်းလာရင်း သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်သည်။
သူမက အဆုံးမရှိ မျက်စိတစ်ဆုံး ကျယ်ပြန့်နေသည့် ကုန်းမြေကြီးကို ငေးကြည့်လိုက်ရာ လှပသော မျက်ဝန်းအိမ်လေးများထဲတွင် ဝမ်းသာကြည်နူးမှု အရိပ်အယောင်များ လက်ခနဲဖြစ်သွားသည်။
ဝူယွမ်ကလည်း သူမ၏အနောက်မှ လိုက်ဆင်းလာပြီး ကျွန်းကို မသိမသာ အကဲခတ်ကြည့်လိုက်သည်။ ကျွန်းမှာ မျက်စိတစ်ဆုံးကျယ်ပြောလှပြီး ရွှမ်လင်းကျွန်းထက် များစွာ ပိုမိုကြီးမားသည်မှာ အထင်းသားပင်။
ကူမိသားစုအဖွဲ့ ကျွန်းပေါ်သို့ ဝင်ရောက်လာချိန်တွင် ရှေ့ဆုံးမှ လျှောက်လာသော အလွန်လှပသည့် ကူယန်က လူအများ၏အာရုံစိုက်မှုကို အကြီးအကျယ် ဆွဲဆောင်နိုင်ခဲ့သည်။
မဟာမိသားစုကြီး ငါးခုမှ ထူးချွန်သော တပည့်များသည် ဤကျွန်းပေါ်တွင် နာမည်ကျော်ကြားသူများ ဖြစ်ကြသည်။ ကူယန်သည် အထူးချွန်ဆုံး မဟုတ်သော်ငြား သူမ၏ ထင်ရှားလှသော အလှအပကြောင့် လူအများအပြား၏ လိုချင်တပ်မက်မှုများကို ခံနေရသူတစ်ဦးဖြစ်ပေသည်။
“ဒါ ကူမိသားစုက အေးစက်စက်အလှလေး ကူယန်ပဲ၊ တကယ်ကိုလှပတဲ့ မျက်နှာလေးရှိတာပဲ၊ ခန္ဓာကိုယ်အချိုးအစားကလည်း တော်တော်လေး ကောင်းတယ်”
“ကူယွမ်ထျန်း ဒဏ်ရာရသွားတယ်လို့ ကြားတယ်၊ ဒီတစ်ခေါက် သိုင်းပြိုင်ပွဲမှာ ကူယန ကိုယ်တိုင် ဝင်ပြိုင်ရတော့မယ့်ပုံပဲ”
“ကူယန်ရဲ့ အလှအပက နာမည်ကြီးပေမဲ့ ဆန်းကြယ်ရှင်ခြင်းအဆင့်ကို မရောက်သေးဘူးလို့ ထင်တယ် အကယ်၍ သူသာ သိုင်းပြိုင်ပွဲ ဝင်ပြိုင်မယ်ဆိုရင် ကူမိသားစုက ဒီတစ်ခေါက်လည်း လူစေ့ရုံသက်သက်ပဲ ဖြစ်မှာပါ”
“ကူမိသားစုက ဘယ်တုန်းကများ လူစေ့ရုံသက်သက် မဟုတ်ခဲ့လို့လဲ၊ ဟားဟား”
ပတ်ဝန်းကျင်မှ တီးတိုး ဝေဖန်ပြောဆိုသံများကို ကြားလိုက်ရသောအခါ ကူယန်၏ နုနယ်သော မျက်ခုံးလေးများ အနည်းငယ် တွန့်ကွေးသွားပြီး သူမ၏ းခြေလှမ်းများကို အရှိန်တင်လိုက်သည်။
မကြာမီ သူတို့သည် ကူမိသားစု၏ ဆိပ်ကမ်း ဂိုဒေါင်သို့ ရောက်ရှိသွားကြသည်။
“အစ်မကူယန်၊ နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့”
ကူယန် ရောက်လာသည်ကို မြင်သောအခါ ကူမိသားစုမှ တပည့်များက ဝမ်းသာအားရ ဝိုင်းအုံလာကြသည်။
ထိုအချိန်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက လှေထဲမှ လျှောက်ထွက်လာပြီး သူ၏အနောက်တွင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ခန့်ညားသည့် လူငယ်တစ်ဦးလည်း လိုက်ပါလာခဲ့သည်။
“ဦးလေးကူလင်း” ကူယန်က အော်ခေါ်လိုက်သည်။
ကူလင်း၏ဘေးရှိ လူငယ်လေးက ကူယန်ကို ပြင်းပြသော အကြည့်များဖြင့် စိုက်ကြည့်နေသည်။
“မင်း အဆင့်တက်လှမ်းနိုင်ခဲ့ပြီလား” ကူလင်းက ကူယန်ကို အံ့သြဝမ်းသာစွာဖြင့် ကြည့်လိုက်သည်။
“ဟုတ်တယ် ရွှမ်လင်းကျွန်းပေါ်မှာ ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီးတစ်လုံး ရခဲ့လို့ အဲဒီရဲ့ စွမ်းအားကို အသုံးပြုပြီး ဆန်းကြယ်ရှင်ခြင်းအဆင့်ကို ထိုးဖောက်တက်လှမ်းနိုင်ခဲ့ပြီ” ကူယန်က ခေါင်းညိတ်ပြလိုက်သည်။
ကူလင်း၏ မျက်နှာပေါ်တွင် ဝမ်းသာကြည်နူးမှုများ ပေါ်လွင်လာသည်။ ထို့နောက် သူက ဘေးသို့ အနည်းငယ် ဖယ်ပေးလိုက်ပြီး အနောက်ရှိ ရုပ်ရည်ချောမောသော လူငယ်လေးကို လက်ညှိုးထိုးကာ ပြုံး၍မိတ်ဆက်ပေးလိုက်သည်။ “ရှောင်ယန် ဒါက မိုထောင်းလေ၊ မင်းနဲ့မစိမ်းပါဘူး သူက ဒီတစ်ခေါက် ငါတို့ကူမိသားစု ဖိတ်ခေါ်ထားတဲ့ အပြင်ဘက် အကူအညီပဲ”
“သခင်မလေးကူယန် ကျွန်တော်တို့ ပြန်ဆုံကြပြန်ပြီနော်” မိုထောင်းက ကူယန်ကို အနည်းငယ်ပြုံးပြကာ နှုတ်ဆက်လိုက်သည်။
ကူယန်က မိုထောင်းကို တစ်ချက်မျှသာ ကြည့်လိုက်ပြီးနောက် ဘေးသို့ ဖယ်ပေးလိုက်ရာ သူမ၏အနောက်ရှိ ဝူယွမ် ပေါ်ထွက်လာတော့သည်။
သူမက သွယ်လျသော ကျောက်စိမ်းရောင် လက်ကလေးဖြင့် ဝူယွမ်ကို ညွှန်ပြကာပြောလိုက်သည်။ “ဦးလေးကူလင်း၊ ဒါက ဒီတစ်ခေါက် ကျွန်မဖိတ်ခေါ်လာတဲ့ အပြင်ဘက်အကူအညီ သခင်လေးဝူယွမ် ပါ”
ဝူယွမ်ကလည်း သူတို့နှစ်ဦးကို အနည်းငယ် ပြုံးပြလိုက်သည်။
ကူယန်၏စကားကို ကြားလိုက်ရချိန်တွင် ကူလင်းနှင့် မိုထောင်းတို့၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားကြသည်။
သူတို့၏ အကြည့်များက ဝူယွမ်ကို ချက်ချင်း စေ့စေ့စပ်စပ် အကဲခတ်လိုက်ကြသော်လည်း အစွမ်းထက်သော ထိပ်သီးပုဂ္ဂိုလ်တစ်ဦး၏ မည်သည့်အရှိန်အဝါကိုမျှ အာရုံမခံမိကြချေ။
သို့သော် ဤအခြေအနေမျိုးတွင် သူတို့နှစ်ဦးစလုံး အလွယ်တကူ မလှုပ်ရှားရဲကြပေ။ ဆန်းကြယ်ရှင်ခြင်းအဆင့် ကျင့်ကြံသူများဖြစ်သော သူတို့ပင် အာရုံမခံမိနိုင်လောက်အောင် အရှိန်အဝါကို ဖုံးကွယ်ထားနိုင်ခြင်းက ဖြစ်နိုင်ခြေ သုံးခုသာ ရှိပေသည်၊ တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်က သူတို့ထက် မြင့်မားနေခြင်း၊ သို့မဟုတ် လုံးဝကျင့်ကြံထားခြင်း မရှိခြင်းပင်။
ထိုသို့မဟုတ်ပါက အလွန်တရာ အစွမ်းထက်လှသော အရှိန်အဝါဖုံးကွယ်သည့် သိုင်းပညာရပ်တစ်ခုကို ကျင့်ကြံထားခြင်း ဖြစ်ရမည်။
ဝူယွမ်၏ အသက်အရွယ်က မိုထောင်းနှင့် ရွယ်တူခန့်သာ ရှိသည်ကို မြင်သောအခါ သူတို့နှစ်ဦးက ဝူယွမ်သည် အစွမ်းထက်သော အရှိန်အဝါဖုံးကွယ်သည့် သိုင်းပညာရပ်ကိုသာ ကျင့်ကြံထားခြင်းဖြစ်မည်ဟု သဘာဝကျကျ တွေးထင်လိုက်ကြပြီး ဝူယွမ်သည် မိုထောင်းထက် ပိုမိုအစွမ်းထက်လိမ့်မည်ဟု မယုံကြည်ကြချေ။
ထျန်းဖုန်းပင်လယ်နယ်မြေ၏ လူငယ်မျိုးဆက်များကြားတွင် မိုထောင်းထက် အစွမ်းထက်သူဆိုသည်မှာ လက်ချိုးရေတွက်၍ ရနိုင်လောက်အောင် ရှားပါးပြီး သူတို့အားလုံးကလည်း နာမည်ကျော်ကြားသော ပုဂ္ဂိုလ်ကြီးများသာ ဖြစ်ကြသည်ကို သတိပြုရန် လိုအပ်ပေသည်။
‘ဒီ ဝူယွမ်ဆိုတဲ့သူကို ဘယ်သူကများ မြင်ဖူးလို့လဲ'
“သခင်မလေးကူယန် သိုင်းပြိုင်ပွဲဆိုတာ အရမ်းအရေးကြီးတဲ့ ကိစ္စပါ၊ အပြင်က အကူအညီကို ဖိတ်ခေါ်မယ်ဆိုရင် သေချာစဉ်းစားဖို့ လိုပါတယ်၊ ကြုံရာကျပန်း လူတစ်ယောက်ကို ခေါ်လာလို့ ဘယ်ရပါ့မလဲ၊ ဟုတ်တယ်မလား အကြီးအကဲကူလင်း” မိုထောင်းက ဝူယွမ်ကို အန္တရာယ်ငွေ့များ သန်းနေသော အကြည့်ဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။
သူသည် ကူမိသားစု၏ အပြင်ဘက် အကူအညီအဖြစ် လာရောက်ခဲ့ခြင်းမှာ ကူမိသားစုက ပေးအပ်မည့် အကျိုးကျေးဇူးများကြောင့်သာမက သဘာဝကျကျပင် ကူယန်ကြောင့်လည်း ဖြစ်သည်။
ယခင်က ကူယန်၏ ငြင်းပယ်ခြင်းကို ခံခဲ့ရသော်လည်း မိုထောင်းက သူမအပေါ် စိတ်ဝင်စားနေဆဲပင်။
ဤသည်မှာလည်း ကူယန် ပြန်ရောက်လာကြောင်း ကြားသိရသည်နှင့် သူက ချက်ချင်း ပြေးလာရသည့် အကြောင်းရင်းပင်။
သူသည် သစ္စာရှိသော နွားတစ်ကောင်ပင်။
ယခုမူ ကူယန်က သူ့ထက်ပင် ပိုမို ချောမောခန့်ညားသော သူတစ်ဦးကို အပြင်ဘက် အကူအညီအဖြစ် ခေါ်ဆောင်လာခဲ့သည်။ ဤသည်က သူ၏ သစ္စာရှိသော နှလုံးသားကို အကြီးအကျယ် ထိုးနှက်လိုက်သဖြင့် ဂရုမစိုက်နိုင်တော့ဘဲ ဝူယွမ်ကို တိုက်ရိုက် မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။
ကူလင်းက ဤအခြေအနေကို မြင်သောအခါ ချောင်းဟန့်လိုက်သည်။ သူက ဝူယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး ကူယန်ကို ပြုံးပြကာ ပြောလိုက်သည်။
“ရှောင်ယန် ယွမ်ထျန်းရဲ့ အခြေအနေကို မင်းလည်း သိပါတယ်၊ ငါတို့ ကူမိသားစုရဲ့ အခြေအနေက အခု အန္တရာယ်ရှိနေတယ်၊ မင်းလည်း ဒီတစ်ခေါက် ဆန်းကြယ်ရှင်ခြင်း အကြိုအဆင့်ကို ထိုးဖောက်တက်လှမ်းနိုင်ခဲ့ပြီဆိုပေမဲ့ အများကြီးတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူး၊ မိုထောင်းရဲ့ စွမ်းအားကို လူတိုင်း သိကြတယ်၊ သူက ယွမ်ထျန်းနေရာမှာ အစားထိုးဖို့ အရည်အချင်းပြည့်မီပါတယ်”
သူက ဝူယွမ်ကို မသိသလို ဝူယွမ်၏နောက်ခံကိုလည်း ရှင်းရှင်းလင်းလင်း မသိရသဖြင့် သဘာဝကျကျပင် မိုထောင်းကိုသာ မျက်နှာသာပေးလိုက်သည်။
“သခင်လေးဝူယွမ်က မိသားစုအတွက် ကျွန်မ ဖိတ်ခေါ်လာတဲ့ အပြင်ဘက် အကူအညီပါ၊ အပြင်ဘက် အကူအညီအဖြစ် မိုထောင်း ရှိနေမှန်း သိသိရက်နဲ့တောင် သခင်လေးဝူယွမ်ကို ဖိတ်ခေါ်လာတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲဆိုတာကို ဦးလေးကူလင်း နားမလည်ဘူးလား”
ကူယန်က ကူလင်းကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သည်။ သူမ၏ ဦးလေးဖြစ်သူအနေဖြင့် အသိဉာဏ်ရှိရှိပြုမူပြီး သူမ ဖိတ်ခေါ်လာသော ဂုဏ်သရေရှိ ဧည့်သည်တော်ကို မစော်ကားမိစေရန် မျှော်လင့်နေမိသည်။
“အို...” ကူလင်းမှာ ခေတ္တမျှ ဆွံ့အသွားသည်။ ‘ဒီဝူယွမ်ဆိုသူက တကယ်ပဲ မိုထောင်းထက် ပိုအစွမ်းထက်နေလို့များလား'
သို့သော် မိုထောင်း၏ မျက်နှာအမူအရာကမူ အကျည်းတန်သွားတော့သည်။ ကူယန်၏ စကားများက ဝူယွမ်သည် သူ့ထက် ပိုမိုအစွမ်းထက်ကြောင်း သွယ်ဝိုက်၍ ပြောဆိုနေခြင်းဖြစ်ရာ မိုထောင်းက သည်းမခံနိုင်တော့ချေ။
“သခင်မလေးကူယန်က ကျွန်တော်နဲ့ တိုက်ခိုက်ဖူးတာမှ မဟုတ်တာ၊ ကျွန်တော်က ကူမိသားစုရဲ့ အပြင်ဘက် အကူအညီနေရာကို မယူနိုင်ဘူးလို့ ဘယ်လိုလုပ်သိတာလဲ”
သူက အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။ ကူယန်က သူ့ကို အထင်သေးနေသည်ဟု ခံစားလိုက်ရ၏။ သူ၏ စွမ်းအားက မကြာသေးမီကမှ တိုးတက်လာခဲ့ပြီး ဆန်းကြယ်ရှင်ခြင်း အလယ်အလတ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေကာ အထွတ်အထိပ်အဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သည်။ သူက ဘယ်လိုလုပ်ပြီး အမည်မသိ လူတစ်ယောက်ထက် အားနည်းနိုင်မည်နည်း။
မိုထောင်းက အပြစ်ကင်းဟန်ဆောင်ကာ ပြောလိုက်သည်။ “မူလကတော့ ခင်ဗျားတို့ မဟာမိသားစုကြီး ငါးခုရဲ့ သိုင်းပြိုင်ပွဲကို ကျွန်တော် သိပ်စိတ်မဝင်စားပါဘူး၊ ကူမိသားစုက ရိုးရိုးသားသား ဖိတ်ခေါ်လို့သာ လာခဲ့တာပါ၊ အကယ်၍ သခင်မလေးကူယန်က ကျွန်တော့်ကို တကယ်ပဲ ဝင်မပါစေချင်ဘူးဆိုရင် ကျွန်တော့်နေရာ ဒီလူကြီးမင်းကို ဆန္ဒအလျောက် ပေးလိုက်လို့ရပါတယ်”
ကူလင်းကလည်း ထိုစကားက အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။ မိုထောင်းနှင့် ဤဝူယွမ်တို့ မတိုက်ခိုက်ရသေးဘဲ ကူယန်၏စကားများက မိုထောင်းကို အနည်းငယ် ထိခိုက်စေပေသည်။
ဤတစ်ကြိမ် မိုထောင်းကို ဖိတ်ခေါ်ရန် သူတို့ အတော်လေး အကုန်အကျခံခဲ့ရသည် မဟုတ်လော။
“ရှောင်ယန် မင်း စကားကို တဆုံးမပြောသင့်ဘူး၊ မိုထောင်းရဲ့ စွမ်းအားက အခုဆို ယွမ်ထျန်းနဲ့ ရင်ပေါင်တန်းနိုင်နေပြီ” ကူလင်းက အနည်းငယ် တင်းမာသော အမူအရာဖြင့် ပြောလိုက်သည်။
“ဘာဖြစ်နေကြတာလဲ”
ထိုအချိန်တွင် အခြား သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက လျှောက်လာရာ ပတ်ဝန်းကျင်ရှိ ကူမိသားစု တပည့်များအားလုံး လမ်းဖယ်ပေးလိုက်ကြသည်။
“အကြီးအကဲကူဟွာ”
လူလတ်ပိုင်းအရွယ် အမျိုးသားက ကူယန်၊ ကူလင်းနှင့် အခြားသူများကို ကြည့်ကာ အခြေအနေကို မေးမြန်းလိုက်သည်။
ကူလင်းက အခြေအနေအရပ်ရပ်ကို ရှင်းပြလိုက်၏။
ကူယန်ကမူ ဝူယွမ်ကို တောင်းပန်စကား ဆိုလိုက်သည်။ “သခင်လေးဝူယွမ် တောင်းပန်ပါတယ်ရှင်၊ ကျွန်မတို့ မိသားစုရဲ့ အခြေအနေက နည်းနည်း ရှုပ်ထွေးနေလို့ပါ၊ စိတ်ထဲမထားပါနဲ့၊ ကျွန်မ သူတို့ကို သေချာပေါက် နားချပေးပါ့မယ်”
မည်သို့ပင်ဖြစ်စေ သူမသည် မျိုးဆက်သစ်တစ်ဦးသာ ဖြစ်ပြီး မိသားစုအတွင်း သူမ၏ဩဇာက လုံလောက်အောင် အားမကောင်းသေးချေ။
“အာ ရပါတယ် မိသားစုကြီးတွေအားလုံးက ဒီလိုပါပဲ၊ ကျွန်တော်က သိပ်ကို နှိမ့်ချနေလွန်းလို့ ခင်ဗျားအတွက် ဒုက္ခဖြစ်ရတာနေမှာပါ” ဝူယွမ်က အနည်းငယ် ပြုံးကာ ပြောလိုက်သည်။
သူသည် ကြွားဝါခြင်းကို မနှစ်သက်သောကြောင့် အရှိန်အဝါများကို ဖုံးကွယ်ထားလေ့ရှိသည်။
သို့သော် မတတ်နိုင်တော့ချေ။ သူ ကြွားဝါပြမှသာ ဖြစ်တော့မည်။ သူ၏ စွမ်းအားကို အလွန်အမင်း ဖုံးကွယ်ထားလွန်းပါက အခြားသူများက သူ့အပေါ် အလွယ်တကူ အနိုင်ကျင့် ဗိုလ်ကျလာကြပေလိမ့်မည်။
ဤအချိန်တွင် အကြီးအကဲကူဟွာသည် စကားများကို နားထောင်ပြီးနောက် ဝူယွမ်ကို မသိမသာ စတင်အကဲခတ်နေပြီဖြစ်သည်။
“ဟင်”
သူ၏ မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ချက်ချင်း ပေါ်လွင်လာသည်။ အစွမ်းထက်လှသော အရှိန်အဝါတစ်ခုက ဝူယွမ်၏ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်လာရာ ၎င်း၏ ကြီးမားကျယ်ပြန့်လှသော စွမ်းအားက သူ့ကိုပင် အံ့အားသင့်သွားစေခဲ့သည်။
မည်သို့ပင်ဖြစ်စေ သူသည် ဆန်းကြယ်ရှင်ခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသူတစ်ဦး မဟုတ်ပါလား။
မူလက ဝူယွမ်၏နောက်ခံနှင့် စွမ်းအားကို မေးမြန်းလိုသော်လည်း ဝူယွမ် ရုတ်တရက် ထုတ်ဖော်ပြသလိုက်သော အရှိန်အဝါက မိုထောင်းကို လုံးလုံးလျားလျား ဖုံးလွှမ်းသွားခဲ့သည်။
“ဆန်းကြယ်ရှင်ခြင်း အထွတ်အထိပ်အဆင့်”
အခန်း (၃၃၄) - ဝူယွမ်Vsမိုထောင်း(၂)
ကူလင်းနှင့် မိုထောင်းတို့လည်း ရုတ်တရက် တုန်လှုပ်သွားကြသည်။ ဝူယွမ်က ဆန်းကြယ်ရှင်ခြင်း အထွတ်အထိပ်အဆင့်သို့ ထိုးဖောက်တက်လှမ်းထားပြီးဖြစ်လိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြချေ။
ဆန်းကြယ်ရှင်ခြင်း အလယ်အလတ်အဆင့်၏ အထွတ်အထိပ်နှင့် ဆန်းကြယ်ရှင်ခြင်း အထွတ်အထိပ်အဆင့်တို့မှာ မျဉ်းပါးလေးတစ်ကြောင်းသာ ခြားနေသည်ဟု ထင်ရသော်လည်း ထုတ်ဖော်ပြသနိုင်သော စွမ်းအားမှာမူ ကောင်းကင်နှင့် မြေကြီးအလား ကွာခြားလှပေသည်။
မိုထောင်းကို ဥပမာပြရလျှင် သူ၏ လက်ရှိ ဆန်းကြယ်ရှင်ခြင်း အလယ်အလတ်အဆင့် အထွတ်အထိပ် စွမ်းအားဖြင့် အထူး အခွင့်အရေးများ မရှိပါက အထွတ်အထိပ်အဆင့်သို့ ထိုးဖောက်တက်လှမ်းနိုင်ရန် အနည်းဆုံး နှစ်နှစ်ခန့် ကြာမြင့်ဦးမည် ဖြစ်သည်။
ဝူယွမ်က ဤကူမိသားစုဝင်များနှင့် ဝင်ခွင့်နေရာတစ်ခုအတွက် ငြင်းခုံနေကာ အချိန်ထပ်မဖြုန်းချင်တော့ချေ။ သူသည် ရှေးဟောင်းကမ္ဘာဦးစေတီထဲသို့ ဝင်ရောက်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ထားပြီးဖြစ်သည်။
“ခင်ဗျားတို့ ကူမိသားစုက အပြင်ဘက် အကူအညီကို ဖိတ်ခေါ်တာ ရှေးဟောင်းကမ္ဘာဦးစေတီထဲ ဝင်ခွင့်နေရာကို ရချင်လို့ မဟုတ်ဘူးလား၊ ဒါပေမဲ့ အခြား မဟာမိသားစုကြီး လေးခုကို ရင်ဆိုင်ရတဲ့အခါ အထူးသဖြင့် ရှန်ထူကျွယ်လို အစွမ်းထက်တဲ့ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက် ရှိနေချိန်မှာ မိုထောင်းတစ်ယောက်ကို ဖိတ်ခေါ်တာနဲ့ ဘယ်သူ့မှ မဖိတ်ခေါ်တာ ဘာများကွာခြားသွားမှာလဲ၊ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးချန်ပီယံဆုကို ရမှာမှ မဟုတ်တာ” သူက တိုက်ရိုက်ပင် ပြောလိုက်သည်။
သိုင်းပြိုင်ပွဲ၏ ရည်ရွယ်ချက်မှာ ချန်ပီယံကို ဆုံးဖြတ်ရန်နှင့် ရှေးဟောင်းကမ္ဘာဦးစေတီကို အသုံးပြုခွင့် ရရှိရန် ဖြစ်သည်။
တစ်နည်းဆိုရသော် အကယ်၍ ချန်ပီယံဆုကို မရရှိပါက ပထမနေရာနှင့် စတုတ္ထနေရာဆိုသည်မှာ ဘာမှ ကွာခြားမှု မရှိချေ။
ရှန်ထူကျွယ်ကို အနိုင်မယူနိုင်သရွေ့ အရာအားလုံးက အချည်းနှီးသာ ဖြစ်သည်။
မိုထောင်းမှာ ဆန်းကြယ်ရှင်ခြင်း အလယ်အလတ်အဆင့်၏ အထွတ်အထိပ်တွင်သာ ရှိသေးသည်။ သူသည် မဟာမိသားစုကြီးငါးခု၏ လူငယ်မျိုးဆက်များကြားတွင် ထိပ်ဆုံးငါးဦးစာရင်းဝင်ရန်ပင် မဖြစ်နိုင်ချေ။ သူ ပါဝင်ခြင်းက အလွန်ဆုံး ကူမိသားစုကို ရှုံးနိမ့်မှု နည်းနည်း သက်သာစေရုံမျှသာ ရှိပေလိမ့်မည်။
မိုထောင်းက ဝူယွမ်၏ စကားများကြောင့် သိသိသာသာ ဒေါသထွက်သွားပြီး လှုပ်ရှားလာတော့သည်။ ကူဟွာနှင့် ကူလင်းတို့ စကားပြောရန်ပင် မစောင့်တော့ဘဲ ဝူယွမ်ကို လက်ညှိုးထိုးကာ ကျိန်ဆဲလိုက်သည်။ “သောက်ကျိုးနည်းကောင်၊ မင်းက ဘာအဓိပ္ပာယ်လဲ၊ မင်းက ရှန်ထူကျွယ်ကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား”
“မင်းရဲ့ အရှိန်အဝါကို ကြည့်ရတာ မင်းက ဆန်းကြယ်ရှင်ခြင်း အထွတ်အထိပ်အဆင့်ကို အခုလေးတင် ထိုးဖောက်တက်လှမ်းထားတာပဲ၊ အဲဒါ ဘာများ ကြီးကျယ်နေလို့လဲ မင်းက ငါ့ပြိုင်ဘက်တောင် ဖြစ်ချင်မှဖြစ်မှာ၊ ရှန်ထူကျွယ်နဲ့ သွားနှိုင်းယှဉ်ဖို့ဆိုတာ ဝေးသေးတယ်”
သို့သော် ဝူယွမ်က သူ့ကို လျစ်လျူရှုထားလိုက်ပြီး ကူဟွာကို ကြည့်ကာ ပြောလိုက်သည်။ “ကျွန်တော် ချန်ပီယံဆုကို ရယူပေးနိုင်တယ်”
“သခင်လေး...” ကူဟွာက စကားပြောရန် ပြင်လိုက်သည်။
“အရှက်မရှိ ကြွားဝါနေတာပဲ၊ သိုင်းပြိုင်ပွဲမှာ ပါဝင်မယ့်သူတွေထဲမှာ မင်းတစ်ယောက်တည်း ဆန်းကြယ်ရှင်ခြင်း အထွတ်အထိပ်အဆင့်ကို ရောက်နေတာ မဟုတ်ဘူး မင်းက ဆန်းကြယ်ရှင်ခြင်း အထွတ်အထိပ်အဆင့်ကို အခုလေးတင် ထိုးဖောက်တက်လှမ်းထားတာလေ စွမ်းအားဆိုတာ စကားပြောရုံနဲ့ ရလာတာမဟုတ်ဘူး” မိုထောင်းက ဝူယွမ်ကို မကျေမနပ်ဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။
ဤအခြေအနေက ကူမိသားစုဝင်များကို အနည်းငယ် နေရခက်သွားစေသည်။ မည်သို့ပင်ဖြစ်စေ မိုထောင်းသည် သူတို့က အားထုတ်ကြိုးပမ်း၍ ဖိတ်ခေါ်ထားသူဖြစ်ပြီး သူ၏နောက်ခံကလည်း မသေးသဖြင့် အလွယ်တကူ စော်ကား၍ မရနိုင်ချေ။
“နှစ်ယောက်စလုံးက ကျွန်မတို့ ကူမိသားစုရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တွေပါ ဒါကြောင့် စိတ်ဝမ်းကွဲစရာတွေ မဖြစ်ပါစေနဲ့” လူအုပ်ကြီး၏အပြင်ဘက်မှ ညင်သာသော အမျိုးသမီးအသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ထို့နောက် လူအုပ်ကြီးက လမ်းဖယ်ပေးလိုက်ရာ ရိုးရှင်းသော ဝတ်စုံကို ဝတ်ဆင်ထားသည့် သွယ်လျသော အမျိုးသမီးတစ်ဦးက ညင်သာသော ခြေလှမ်းများဖြင့် လျှောက်ဝင်လာသည်။
ရိုးရှင်းသော ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း အမျိုးသမီး၏ ပြည့်ဖြိုးသွယ်လျသော ခန္ဓာကိုယ်အချိုးအစားက အထင်းသား ပေါ်လွင်နေလေသည်။
သူမ၏ မျက်နှာက အတော်လေး လှပပြီး မျက်လုံးများက မက်မွန်ပွင့်များအလား ဆွဲဆောင်မှုရှိကာ သူမ၏ စိတ်နေသဘောထားက ညင်သာပျော့ပျောင်းလှသည်။ သူမ၏ ညင်သာသော အသံလေးက အနည်းငယ် ညှို့ငင်နိုင်စွမ်း ရှိပေသည်။
“အစ်မမုန်ချီ” ကူယန်က သူမကို မြင်သောအခါ ဝမ်းသာအားရ အော်ခေါ်လိုက်သည်။
ပတ်ဝန်းကျင်ရှိ တပည့်များအားလုံးက သူမကို လမ်းဖယ်ပေးလိုက်ကြသည်။
“ဒီသိုင်းပြိုင်ပွဲက ကျွန်မတို့ ကူမိသားစုအတွက် အရမ်းအရေးကြီးတယ်၊ သဘာဝကျကျပဲ ပိုပြီး အစွမ်းထက်တဲ့သူက ပိုကောင်းတာပေါ့ ရှင်တို့နှစ်ယောက် ရင်းရင်းနှီးနှီး ယှဉ်ပြိုင်ကြည့်ကြရင် မကောင်းဘူးလား၊ အနိုင်ရတဲ့သူက ကျွန်မတို့ ကူမိသားစုကို ကိုယ်စားပြုပြီး သိုင်းပြိုင်ပွဲမှာ ဝင်ပြိုင်မယ်လေ ဘယ်လိုလဲ”
“ကျွန်တော့်အတွက်က ပြဿနာမရှိပါဘူး၊ အစကတည်းက ဒီလိုလုပ်လိုက်ရင် ပိုကောင်းတာပေါ့” ဝူယွမ်က ပခုံးတွန့်ကာ ပြောလိုက်သည်။
မိုထောင်းက တံတွေးကို ခက်ခဲစွာ မျိုချလိုက်သည်။ ဤအခြေအနေသို့ ရောက်နေပြီဖြစ်ရာ သူက နောက်ဆုတ်၍ မရနိုင်တော့ချေ။ “တိုက်ကြတာပေါ့”
ချက်ချင်းပင် သူတို့နှစ်ဦး၏ အရှိန်အဝါများက လေထုထဲတွင် ရိုက်ခတ်သွားကြသည်။ မိုထောင်းထံမှ ရန်လိုသော လှိုင်းဂယက်များ ဖြာထွက်လာသည်။
“ရှင်တို့နှစ်ယောက်စလုံး ရင်းရင်းနှီးနှီး ယှဉ်ပြိုင်ပေးကြပါ၊ ပြင်းထန်တဲ့ ဒဏ်ရာတွေ မရခင် ရပ်တန့်လိုက်ပါ၊ ဝင်မပြိုင်ရရင်တောင်မှ ကျွန်မတို့ ကူမိသားစုက ထိုက်တန်တဲ့ လျော်ကြေးကို ပေးအပ်သွားမှာပါ” ကူမုန်ချီက ညင်သာစွာ အကြံပြုလိုက်သည်။
ထိုစကားနှင့်အတူ လူအုပ်ကြီးက နေရာဖယ်ပေးလိုက်ကြပြီး ဝူယွမ်နှင့် မိုထောင်းတို့အတွက် နေရာလွတ်တစ်ခု ဖန်တီးပေးလိုက်ကြသည်။
ဒေါသထွက်နေသော မိုထောင်းကို ရင်ဆိုင်ရချိန်တွင် ဝူယွမ်က လက်ပိုက်ကာ လုံးဝ ဂရုမစိုက်သောဟန်ဖြင့် မတ်တတ်ရပ်နေသည်။ စောင့်ကြည့်နေသူများအတွက်မူ ဤအပြုအမူက အလွန်အမင်း မောက်မာလွန်းသည်ဟု ထင်မြင်ရပေသည်။
သို့သော် ဝူယွမ်က အမှန်တကယ်ပင် စိတ်ဝင်စားမှု မရှိလှချေ။ ရှေးဟောင်းကမ္ဘာဦးစေတီကြောင့်သာ မဟုတ်လျှင် သူက ဤနေရာတွင် လာရောက်ပြီး ဟန်ဆောင်နေမည် မဟုတ်ပေ။
မိုထောင်းက ဝူယွမ်၏ အမူအရာကို မြင်သောအခါ သူ၏ မျက်လုံးများထဲတွင် မည်းမှောင်သော အရိပ်အယောင်တစ်ခု လက်ခနဲဖြစ်သွားသည်။ သူက ခြေနှစ်ဖက်ဖြင့် မြေကြီးကို စောင့်ကန်ကာ အံ့မခန်း မြန်ဆန်သော အရှိန်ဖြင့် ရွေ့လျားသွားသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဝူယွမ်၏ ရှေ့သို့ ရောက်ရှိလာသည်။ ထို့နောက် သူ၏လက်ဝါးများက နက်နဲသော လမ်းကြောင်းများအတိုင်း လှုပ်ရှားသွားပြီး အဆုံးမရှိသော ယွမ်စွမ်းအင်များ ချက်ချင်း ပေါက်ကွဲထွက်လာတော့သည်။
“လှိုင်းခွဲ အရိုးလက်ဝါး”
အပြာရောင် အလင်းတန်းများက မိုထောင်း၏လက်များမှ ရူးသွပ်စွာ ထွက်ပေါ်လာပြီး သူ၏ အနောက်ဘက်တွင် လှိုင်းလုံးရိုက်ခတ်သံကြီးများ ထွက်ပေါ်လာသည့်အလား ထင်မှတ်ရပေသည်။
ချက်ချင်းပင် ကြီးမားကျယ်ပြန့်လှသော ယွမ်စွမ်းအင်များက သူ၏အနောက်ဘက်တွင် လှိမ့်ဝင်လာသော လှိုင်းလုံးကြီးများအဖြစ် ပြောင်းလဲသွားကာ အံ့မခန်း အရှိန်အဟုန်ဖြင့် ဝူယွမ်ဆီသို့ ပြင်းထန်စွာ ရိုက်ခတ်လာတော့သည်။
အစွမ်းထက်လှသော အရှိန်အဝါက သမုဒ္ဒရာလှိုင်းလုံးကြီးများအလား လှိုင်းထန်နေ၏။ မိုထောင်း ပြသလိုက်သော စွမ်းအားက ကူမုန်ချီ၊ ကူယန်နှင့် အခြားသူများကို အနည်းငယ် အံ့အားသင့်သွားစေခဲ့သည်။ သူသည် သူတို့ကူမိသားစု၏ ထိပ်တန်း ပါရမီရှင် ကူယွမ်ထျန်းထက် မလျော့နည်းကြောင်း သက်သေပြနေပေသည်။
သို့သော် ဤအစွမ်းထက်လှသော ဝိညာဉ်သိုင်းပညာရပ်ကို ရင်ဆိုင်ရချိန်တွင် ဝူယွမ်က သူ၏ အဝတ်အစားများကိုခါကာ သာမန်သာ ပြန်လည်တိုက်ခိုက်လိုက်လေသည်။
“ထုံးပေ လက်သီး”
သူက ပထမအဆင့် သိုင်းပညာရပ်ဖြစ်သော ရိုးရှင်းလွန်းသည့် ထုံးပေ လက်သီးကိုသာ ထုတ်ဖော်လိုက်သည်။
ဖျောင်း ဖျောင်း ဖျောင်း ဖျောင်း...
ပြတ်သားပြီး စည်းချက်ကျသော အသံများက လေထုထဲတွင် ပျံ့နှံ့သွားသည်။
ဝူယွမ်က မိုထောင်း၏လက်ဝါးကို လက်သီးဖြင့် ထိုးချလိုက်ရာ ပဲ့တင်ထပ်နေသော စွမ်းအားဆယ်လွှာ ပေါက်ကွဲထွက်လာတော့သည်။
မိုထောင်း၏ လက်ဝါးထဲရှိ အပြာရောင်အလင်းတန်းများ ပျောက်ကွယ်သွားကာ လှိုင်းလုံးများကဲ့သို့သော အရှိန်အဝါများ အဆက်မပြတ် ပြိုကျပျက်စီးသွားပြီး သူ၏ခန္ဓာကိုယ်ကို ချက်ချင်းပင် ထိမှန်သွားကာ အနောက်သို့ လွင့်စင်သွားတော့သည်။
ကြီးမားလွန်းသော စွမ်းအားဆိုသည်မှာ ရှုပ်ထွေးသော သိုင်းကွက်များကို မကြာခဏလိုအပ်လေ့မရှိချေ။
ရိုးရှင်းသော ထုံးပေ လက်သီးတစ်ချက်။
ဝူယွမ်၏ လက်ထဲတွင်မူ ၎င်းက ဆန်းကြယ်ရှင်ခြင်း အလယ်အလတ်အဆင့် ရှိကျင့်ကြံသူတစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်လောက်အောင် စွမ်းအားများ ထုတ်ဖော်နိုင်ခဲ့ပေသည်။
“ဖူး”
မိုထောင်း မြေပြင်ပေါ်သို့ ကျဆင်းသွားပြီးနောက် လတ်ဆတ်သော သွေးတစ်ပွက်ကို အန်ထုတ်လိုက်ကာ သူ၏မျက်လုံးများက ဝူယွမ်ကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေသည်။
သူ၏ လှိုင်းခွဲ အရိုးလက်ဝါးမှာ အဆင့်မြင့် ဝိညာဉ်သိုင်းပညာရပ်တစ်ခုဖြစ်ပြီး သူ အလေ့အကျင့်အများဆုံး သိုင်းပညာရပ်များထဲမှ တစ်ခုဖြစ်သော်လည်း တစ်ဖက်လူ၏ ထုံးပေ လက်သီး တစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားခဲ့ရသည်။
ထုံးပေ လက်သီးဆိုသည်မှာ ပထမအဆင့် သိုင်းပညာရပ်တစ်ခုဖြစ်ပြီး မူလတန်းကျောင်းသားများအချင်းချင်း တိုက်ခိုက်ရာတွင် အသုံးပြုသော အခြေခံ သိုင်းပညာရပ်တစ်ခုသာ ဖြစ်သည်။
သို့သော် သူသည် ဤသိုင်းပညာရပ်ကြောင့် သွေးအန်သည်အထိ အရိုက်ခံလိုက်ရရုံသာမက သူ၏ခန္ဓာကိုယ်အတွင်းရှိ ယွမ်စွမ်းအင်များလည်း ပြန့်ကျဲသွားသဖြင့် အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်လာရန် မဖြစ်နိုင်တော့ချေ။
တစ်ဖက်လူ၏ ထိန်းချုပ်နိုင်စွမ်းက ကြောက်မက်ဖွယ်ကောင်းလှပေသည်။
“ဂလု ဂလု...”
ကူမိသားစုဝင်များ တိတ်ဆိတ်သွားကြပြီး တံတွေးများကို ခက်ခဲစွာ မျိုချလိုက်မိကြသည်။
ဝိညာဉ်သိုင်းပညာရပ်တစ်ခုကို ပထမအဆင့် သိုင်းပညာရပ်ဖြင့် အနိုင်ယူလိုက်ခြင်း။
ဆန်းကြယ်ရှင်ခြင်း အထွတ်အထိပ်အဆင့်ကို ထိုးဖောက်တက်လှမ်းထားသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သော ထိပ်သီးပုဂ္ဂိုလ်တစ်ဦးပင်လျှင် ဤသို့ စွမ်းဆောင်နိုင်မည် မဟုတ်ချေ။
အဆင့်နိမ့်သိုင်းပညာရပ်များဖြင့် ကြီးမားလှသော စွမ်းအားများကို စုစည်းရန် အလွန် ခက်ခဲလှပေသည်။
“အဟွတ်… အဟွတ်၊ သခင်လေးမိုထောင်း အဆင်ပြေရဲ့လား”
ကူလင်းက အလျင်အမြန် ရှေ့ထွက်လာပြီး ဒဏ်ရာရသွားသော မိုထောင်းကို ဖြေသိမ့်ပေးလိုက်သည်။
ကူမုန်ချီကမူ ဝူယွမ်ကို စူးစိုက်ကြည့်နေသည်။
သူမက စောစောက သူတို့နှစ်ဦးကို ယှဉ်ပြိုင်ခိုင်းခဲ့ခြင်းမှာ ဝူယွမ်၏စွမ်းအားကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ချင်၍သာ ဖြစ်သည်။
“သခင်လေးဝူယွမ်က တကယ်ကို အစွမ်းထက်တာပဲ၊ ဆန်းကြယ်ရှင်ခြင်း အထွတ်အထိပ်အဆင့်က ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်ဖို့ တကယ်ကို ထိုက်တန်ပါတယ်၊ ကြည့်ရတာ ကျွန်မတို့ ကူမိသားစုက ဒီတစ်ခေါက် သခင်လေးကို အားကိုးရတော့မယ့် ပုံပဲ” သူမက ပြုံးကာ ပြောလိုက်သည်။
“သခင်မလေးမုန်ချီက အမွှမ်းတင်လွန်းနေပါပြီ၊ ကျွန်တော်က သခင်မလေးကူယန် ဖိတ်ခေါ်လို့ ဒီအပြင်ဘက် အကူအညီအနေနဲ့ လာခဲ့တာပါ၊ ကတိပေးထားတဲ့ လျော်ကြေးတွေကို နောက်ပိုင်းမှာ ကျွန်တော့်ကိုပေးရင် လုံလောက်ပါပြီ” ဝူယွမ်က ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။
“အို လျော်ကြေးလား၊ ရှောင်ယန် သခင်လေးဝူယွမ်ကို ဘယ်လို လျော်ကြေးမျိုး ပေးမယ်လို့ ကမ်းလှမ်းထားတာလဲ” ကူမုန်ချီက ကူယန်ကို စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ရှေးဟောင်းကမ္ဘာဦးစေတီထဲ ဝင်ခွင့်နေရာ တစ်နေရာပါ” ကူယန်က ပြန်ဖြေလိုက်သည်။
“ရှေးဟောင်းကမ္ဘာဦးစေတီ ထဲ ဝင်ခွင့်နေရာ တစ်နေရာလ”
ကူမိသားစုဝင်များမှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။
ကူမုန်ချီ၏ နုနယ်သော မျက်ခုံးလေးများ အနည်းငယ် တွန့်ကွေးသွားသည်။ “ကျွန်မတို့ ကူမိသားစု ချန်ပီယံဆုကို ရရင်တောင်မှ ဝင်ခွင့် ၃ နေရာပဲ ရှိတာ မဟုတ်ဘူးလား”
ဝူယွမ် ပြတ်ပြတ်သားသားပင်…..
“ဒါပေမဲ့ ခင်ဗျားတို့ အရင်ဆုံး ချန်ပီယံဆုကို ရမှဖြစ်မယ်လေ...”