အခန်း (၃၃၅-၃၃၆)
Vol. 34 Ch. 335-336
အခန်း (၃၃၅) - ရှေးဟောင်းကမ္ဘာဦးကျောက်တိုင် ကမ္ဘာသစ်၏ အပြောင်းအလဲများနှင့် သူတော်စင်သခင် ဝူယွမ်(၁)
“အိပ်မက်တွေက လှပပေမဲ့ ကြိုတင်လိုအပ်ချက်ကတော့ လက်တွေ့အကောင်အထည်ဖော်နိုင်မှရမှာ”
“ရှေးဟောင်းကမ္ဘာဦးစေတီထဲ ဝင်ခွင့်နေရာလေးက အဖိုးတန်ပေမဲ့ ဝင်ခွင့်တောင် မရနိုင်ဘူးဆိုရင်တော့ အရာအားလုံးက လေလွင့်စကားတွေ သက်သက်ပဲ”
“ဒါက ဘယ်လိုမျိုးလဲဆိုတော့... အမှန်တရားတွေကို ဘေးဖယ်ထားလိုက်သလိုမျိုးပေါ့”
ဝူယွမ်၏ စကားများထဲတွင် လှောင်ပြောင်သရော်မှု အငွေ့အသက်လေးတစ်ခု ပါဝင်နေသည်။ ဤလူများသည် ကိုယ့်စွမ်းအားကိုယ် မသိကြချေ။
သိုင်းပြိုင်ပွဲတွင် သူတို့ကိုယ်တိုင် မအနိုင်ရနိုင်မှန်း သိသိရက်နှင့် သူတို့ကို မျှော်လင့်ချက် ယူဆောင်လာပေးနိုင်သူကိုပင် အထင်သေး နှိမ့်ချချင်နေကြသေးသည်။
“ဟဲဟဲ မင်းရဲ့ အစာအိမ်ကတော့ သေးသေးလေး မဟုတ်ဘူးပဲ၊ သခင်မလေးကူမုန်ချီ ကြည့်ရတာ ဒီတစ်ခေါက် ခင်ဗျားတို့ လောဘကြီးပြီး အငမ်းမရဖြစ်နေတဲ့ ဝံပုလွေတစ်ကောင်ကို ရှာတွေ့ထားပုံရတယ်”
ယခုလေးတင်မှ မတ်တတ်ပြန်ရပ်နိုင်ခဲ့သော မိုထောင်းက မနေနိုင်ဘဲ လှောင်ပြောင်လိုက်သည်။
သူ ကူမိသားစု၏ အပြင်ဘက် အကူအညီအဖြစ် လာရောက်ခဲ့စဉ်က ဆေးလုံးအချို့ကိုသာ တောင်းဆိုရဲခဲ့သည်။ ရှေးဟောင်းကမ္ဘာဦးစေတီဝင်ခွင့်က အလွန်တရာ အဖိုးတန်လွန်းလှရာ မဟာမိသားစုကြီး ငါးခုအနက် မည်သည့်မိသားစုက ချန်ပီယံဆုကို ရသည်ဖြစ်စေ မည်သည့်မိသားစုကမျှ အပြင်ဘက် အကူအညီတစ်ဦးကို ထိုဝင်ခွင့်မျိုး ပေးလေ့မရှိချေ။
ဤအခြေအနေမျိုးတွင် ကူမိသားစုက သေချာပေါက် သဘောတူမည်မဟုတ်ဟု မိုထောင်းက ခံစားမိသည်။
“အရည်အချင်းနည်းနည်းလေးပဲ ရှိပြီး အများကြီး တောင်းဆိုနေတာ၊ အဲဒါမှ အငမ်းမရဖြစ်နေတဲ့ ဝံပုလွေလို့ ခေါ်တာ အကယ်၍ မင်းသာ ရှန်ထူကျွယ် ဆီကနေ ချန်ပီယံဆုကို လုယူနိုင်မယ်ဆိုရင် တခြား ဆုလာဘ်တွေကို မင်းက တစ်ချက်တောင် ကြည့်မှာမဟုတ်ဘူး၊ ထားလိုက်ပါတော့၊ ငါပြောပြလည်း မင်းလိုကောင်က နားလည်မှာ မဟုတ်ပါဘူး”
ဝူယွမ်က သူ့ကို ဆက်ပြောနေရန် ပျင်းရိသွားသည်။ မိုထောင်းတွင် အရည်အချင်းအချို့ ရှိသော်လည်း ကူမိသားစုကို အပြင်ဘက် အကူအညီအဖြစ် ကူညီခြင်းသည် အခြေခံအားဖြင့် လူစေ့ရုံ သက်သက်သာ ဖြစ်သည်။
ထို့အပြင် ဤကောင်က အဓိကအားဖြင့် ကူယန်အတွက် ရောက်လာခြင်း ဖြစ်သည်။ သူသည် တဏှာရူးကြီး တစ်ဦးဖြစ်ပြီး သူ၏စိတ်က သိုင်းပြိုင်ပွဲပေါ်တွင် မရှိသလို သူ၏ စွမ်းအားကလည်း နည်းလွန်းလှချေသည်။
“မင်း...”
ဒဏ်ရာရထားပြီးသားဖြစ်သော မိုထောင်းမှာ ဝူယွမ်၏စကားများကို ကြားပြီးနောက် ဒေါသထွက်လွန်းသဖြင့် သွေးအန်မတတ် ဖြစ်သွားရသည်။
သူ၊ ကျွန်းတစ်ကျွန်း၏ ဂုဏ်သရေရှိ သခင်လေးမှာ ဝူယွမ်၏ မျက်လုံးထဲတွင် စကားပြောရန်ပင် မထိုက်တန်လောက်အောင် အရေးမပါ အရာမရောက်ဖြစ်နေခဲ့သည်။
ထိုအပြုအမူက သူ့ကို လူငယ် ပါရမီရှင်များကြားတွင် ရွယ်တူတစ်ဦးအဖြစ် မသတ်မှတ်ထားကြောင်း ရှင်းလင်းစွာ ဖော်ပြနေပေသည်။
မိုထောင်းသည် အသန်မာဆုံး မဟုတ်သော်ငြား ထျန်းဖုန်း ပင်လယ်နယ်မြေ၏ လူငယ်မျိုးဆက်များကြားတွင် အဆင့်အတန်း တစ်ခုတော့ ရှိနေသေးသည်။
သို့သော် ရှန်ထူကျွယ်ကို ရင်ဆိုင်ရခြင်းမှာမူ လက်ခံရခက်သော အမှန်တရားတစ်ခု ဖြစ်ပြီး သူ တကယ်ကို မယှဉ်နိုင်ချေ။
‘ရှန်ထူကျွယ်’ ဟူသော စကားလုံး သုံးလုံးသည် ထျန်းဖုန်း ပင်လယ်နယ်မြေရှိ လူငယ်ပါရမီရှင် အများအပြား၏ အပေါ်သို့ ဖိကျနေသော တောင်ကြီးတစ်လုံးနှင့် တူပေသည်။
ဤကောင်က ထျန်းဖုန်းပင်လယ်နယ်မြေ၏ လူငယ်မျိုးဆက်များကြားတွင် အဆင့် ၃ နေရာ၌ ရပ်တည်နေသော ရက်စက်ကြမ်းကြုတ်သည့် ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ သူနှင့် ရှန်ထူကျွယ်ကြားရှိ ကွာဟချက်က သဘာဝကျကျပင် အလွန် ကြီးမားလှပေသည်။
“မင်းက ရှန်ထူကျွယ်ကို အနိုင်ယူနိုင်မယ်လို့ အကြွင်းမဲ့ ယုံကြည်မှု ရှိနေတာလား” မိုထောင်းက ဝူယွမ်ကို မှိုင်းညို့နေသော အကြည့်များဖြင့် စိုက်ကြည့်ရင်း မေးလိုက်သည်။
ဝူယွမ် ယခုလေးတင် ပြသခဲ့သော စွမ်းအားက သူ့ကို တကယ်ကို ဖိနှိပ်နိုင်စွမ်းရှိသော်လည်း ဆန်းကြယ်ရှင်ခြင်း အထွတ်အထိပ်အဆင့်ကို ယခုလေးတင် ထိုးဖောက်တက်လှမ်းထားသော ဤကောင်က ရှန်ထူကျွယ်ကို အနိုင်ယူနိုင်လိမ့်မည်ဟု သူ မယုံကြည်သေးချေ။
ကူမိသားစုဝင်များအားလုံးကလည်း ဝူယွမ်ကို ကြည့်နေကြသည်။ ရှန်ထူကျွယ်ကို မဟာမိသားစုကြီး ငါးခုက အသိအမှတ်ပြုထားသော အသန်မာဆုံး ပါရမီရှင်ဟု ဆိုနိုင်ပြီး သူ၏စွမ်းအားကို ယခင် သိုင်းပြိုင်ပွဲများတွင် သက်သေပြခဲ့ပြီးပြီ ဖြစ်သည်။
သို့သော် ဝူယွမ်ကိုမူ သူတို့ထဲမှ မည်သူကမျှ သေချာမသိကြချေ။ ဤရုတ်တရက် ပေါ်ပေါက်လာသော ပါရမီရှင်လေးသည် တကယ်ကို ခန့်မှန်းရခက်လှပေသည်။
သူ ယခုလေးတင် ပြသခဲ့သော စွမ်းအားက တကယ်ကို ထူးခြားဆန်းပြားလှသော်လည်း ထိုစွမ်းအား တစ်ခုတည်းကိုသာ အားကိုး၍ ရှန်ထူကျွယ်ကို အနိုင်ယူရန်ဆိုသည်မှာ အနည်းငယ် မဖြစ်နိုင်သေးဟု ထင်ရပေသည်။
“အကြွင်းမဲ့ယုံကြည်မှုလား” ဝူယွမ်က အနည်းငယ် ပြုံးကာ ပြောလိုက်သည်။
“အကယ်၍ ရှိတယ်လို့ ပြောရင် ခင်ဗျားတို့ ယုံမှာမဟုတ်ဘူး၊ ဒါပေမဲ့ အနည်းဆုံးတော့ ရှန်ထူကျွယ်ကို အနိုင်ယူနိုင်ဖို့ ကျွန်တော့်မှာ ခင်ဗျားထက် ပိုကောင်းတဲ့ အခွင့်အရေး ရှိတယ်၊ ပြီးတော့ ကျွန်တော်က နိုင်မှပဲ ဝင်ခွင့်ကို တောင်းမှာ အကယ်၍ ချန်ပီယံဆုကို မရခဲ့ရင် ကျွန်တော် တစ်ပြားမှ ယူမှာမဟုတ်ဘူး”
အကြီးအကဲကူဟွာ၊ ကူမုန်ချီနှင့် အခြားသူများက အနည်းငယ် စဉ်းစားလိုက်ကြပြီး ဝူယွမ်၏ စကားများကြောင့် သူတို့၏ စိတ်များ ကြည်လင်သွားကြသည်။
သူတို့က အများကြီး တွေးနေခဲ့ကြခြင်း ဖြစ်သည်။ ယခင်က သူတို့သည် သိုင်းပြိုင်ပွဲတွင် အကြီးအကျယ် မရှုံးနိမ့်စေရန်နှင့် နောက်ဆုံးနေရာသို့ မရောက်ရှိစေရန်အတွက် လူအင်အား လုံလောက်အောင် မည်သို့ စုဆောင်းရမည်ကိုသာ စိုးရိမ်နေခဲ့ကြသည်။
သို့သော် ယခု ရုတ်တရက် ပထမနေရာအတွက် မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခု ပေါ်ထွက်လာခဲ့သည်။ မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခုသာ ဖြစ်သော်လည်း သူတို့က အောင်ပွဲခံပစ္စည်းများကို မည်သို့ ခွဲဝေရမည်ကို တွေးတောနေကြပြီ ဖြစ်သည်။
‘ဒါက တကယ်ကို အပိုအလုပ်တွေ လုပ်နေသလို ဖြစ်နေပြီပဲ’
“သခင်လေးဝူယွမ် သိုင်းပြိုင်ပွဲကိစ္စကို နောက်ဆုံးမှာ မိသားစုကပဲ ဆုံးဖြတ်မှာပါ၊ ဆုလာဘ်နဲ့ ပတ်သက်ပြီးတော့လည်း မိသားစု အကြီးအကဲတွေက ဆွေးနွေးကြမှာပါ ကျွန်မတို့က နောက်ဆုံး ဆုံးဖြတ်ချက်ကို ချနိုင်တာ မဟုတ်ပါဘူး၊ ဘယ်လိုလဲ ကျွန်မတို့ အားလုံး သိုင်းပြိုင်ပွဲကျွန်းကို ရောက်နေပြီဆိုတော့ ကူမိသားစုကို အရင် ပြန်သွားကြတာပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ ကူမိသားစုက သခင်လေးကို မတရား မလုပ်ပါဘူးရှင်”
ကူမုန်ချီက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ဝူယွမ်၏ဘေးသို့ ညင်သာစွာ လျှောက်သွားကာ ကူယန်နှင့်အတူ ရပ်လိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် ဆွဲဆောင်မှုရှိသော ချစ်ခင်ယုယမှုများဖြင့် ပြည့်နှက်နေပြီး ဝူယွမ်ကို စိုက်ကြည့်လိုက်သည်။
“အင်း” ဝူယွမ်က ခေါင်းညိတ်လိုက်ပြီး ဆွဲဆောင်မှုရှိလှသော သခင်မလေးကူမုန်ချီကို ခပ်ပေါ့ပေါ့ပင် တစ်ချက်ကြည့်ကာ ပြတ်သားစွာ ပြောလိုက်သည်။
“ဒါပေမဲ့ ကျွန်တော်က ရှေးဟောင်းကမ္ဘာဦးစေတီ ဝင်ခွင့်ကိုပဲ စိတ်ဝင်စားတယ် အကယ်၍ ကူမိသားစုက အဲဒါကို မပေးနိုင်ဘူးဆိုရင် ခင်ဗျားတို့နဲ့ လိုက်ကစားဖို့ ကျွန်တော့်မှာအချိန်မရှိဘူး”
ကူမုန်ချီက နှုတ်ခမ်းကို တွန့်လိုက်သည်။ ‘ဒီကောင်က ဘာအဓိပ္ပာယ်လဲ'
သူက ရှေးဟောင်းကမ္ဘာဦးစေတီကိုပဲ စိတ်ဝင်စားကြောင်း အထူးတလည် အလေးပေးပြောဆိုနေသည်။ သူတို့ ကူမိသားစု၏ အလှလေးနှစ်ဦးက သူ့ကို နှစ်ခါပြန်ကြည့်ချင်အောင် မလုပ်နိုင်ဘူးလော။
‘သူက တကယ်ကို အပျော့ရော အမာပါ ဘာမှမရတဲ့သူ၊ ခေါင်းမာတဲ့သူပဲ'
‘ဒီကောင့်ကို မျက်စပစ်ပြပြီး မြူဆွယ်လိုက်ဖို့တောင် ပြင်နေတာကို... ဟွန့် အရသာမရှိတဲ့ကောင်'
ကူမုန်ချီသည် အမြဲတမ်း အထက်စီးမှ နေတတ်သူဖြစ်သည်။ အမျိုးသားများစွာက သူမကို လိုချင်တပ်မက်ကြသော်လည်း မလိုက်ရဲကြဘဲ ဒုတိယ ရွေးချယ်မှုအဖြစ် ကူယန်ကိုသာ ပိုးပန်းရဲကြသည်။
ဤတစ်ကြိမ်တွင် သူမက အမျိုးသားတစ်ဦးကို အာရုံစိုက်မှုအချို့ပေးရန် လိုလားနေခဲ့သော်လည်း ဝူယွမ်က သူမ၏ ပြိုင်ဘက်ကင်းအလှအပကို လုံးဝ ဂရုမစိုက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
‘ဒီ ဝူယွမ်ဆိုတဲ့ကောင်က တကယ့် လူရိုးကြီးများ ဖြစ်နေမလား'
သို့သော် အလှအပအမှတ် ၉၈ အောက်ရှိသော အမျိုးသမီးများကို ဝူယွမ်က ခံနိုင်ရည်ရှိနေပြီဖြစ်ကြောင်း သူမ မသိခဲ့ချေ။
လင်းချင်းကျူ၊ ယင်းဟွမ်ဟွမ်၊ ချင်းတန်၊ ကျန်းယွဲ့၊ မုချန်ချန်နှင့် သခင်လေး၏ အသည်းကျော် ပိုင်ယွမ်တို့ထဲတွင် မည်သူမဆို အလှအပအမှတ် ၉၉ နှင့်အထက် ရှိလေသည်။
ကူမုန်ချီတွင် ဆွဲဆောင်မှုအချို့ ရှိသော်လည်း အလွန်ဆုံး ၈၇ မှတ်အထိသာ ရောက်ရှိပေသည်။
ခါးလေး လှည့်ပြရုံ၊ မျက်လုံးလေး တစ်ချက် ကြည့်လိုက်ရုံဖြင့် ဝူယွမ်ကို ကျရှုံးသွားစေရန် သူမအနေဖြင့် အနည်းဆုံး လင်းချင်းကျူ၏ အဆင့်တွင် ရှိနေရန် လိုအပ်ပေသည်။
(ဝူယွမ် - အစ်ကိုကြီးက မချစ်တတ်တာ မဟုတ်ပါဘူး၊ ညီမလေးက သိပ်မချစ်စရာကောင်းသေးလို့ပါ...)
မဟာမိသားစုကြီးငါးခု၏ သိုင်းပြိုင်ပွဲသည် ထျန်းဖုန်း ပင်လယ်နယ်မြေရှိ ရှားပါးသော ပွဲတော်ကြီးများထဲမှ တစ်ခုဖြစ်သည်။
ပြိုင်ပွဲ နီးကပ်လာသည်နှင့်အမျှ ကျွန်းတစ်ခုလုံး၏ လူကြိုက်များမှုက မြင့်တက်လာပြီး အရပ်မျက်နှာအသီးသီးမှ အစွမ်းထက်သူများ စုရုံးရောက်ရှိလာကြသည်။
မည်သို့ပင်ဖြစ်စေ မဟာမိသားစုကြီး ငါးခုဆိုသည်မှာ လျှို့ဝှက်ဂူကြီး နှစ်ခုပြီးလျှင် ဒုတိယ အစွမ်းထက်ဆုံး အင်အားစုများဖြစ်ကြပြီး သူတို့၏လွှမ်းမိုးမှုက ထျန်းဖုန်း ပင်လယ်နယ်မြေ တစ်ခုလုံးနီးပါးကို လွှမ်းခြုံထားသည်။
သူတို့၏ စည်းရုံးနိုင်စွမ်းက အလွန်အားကောင်းလှရာ သူတို့ ပူးပေါင်းကျင်းပသော ပွဲတော်တစ်ခုက သဘာဝကျကျပင် အလွန်အမင်း စည်ကားလှပေသည်။
ဝူယွမ် ကူမိသားစုသို့ ရောက်ရှိပြီးနောက် သူ့ကို အထူးဧည့်သည်တော် အခန်းတစ်ခုတွင် နေရာချထားပေးသည်။ ကူယန်နှင့် ကူမုန်ချီတို့ လာရောက်လည်ပတ်ခြင်းမှလွဲ၍ အခြား မည်သူကမျှ သူ့ကို မနှောင့်ယှက်ကြချေ။
သိုင်းပြိုင်ပွဲ စတင်ရန် ရက်အနည်းငယ် လိုသေးသဖြင့် ဝူယွမ်က အလျင်စလို မရှိချေ။ အခန်းထဲတွင် ကိုယ်ပွားတစ်ခုကို ထားခဲ့ပြီး သူကိုယ်တိုင်က မဟာရှေးဟောင်းကျောက်တိုင် နေရာလွတ်ထဲသို့ ဝင်ရောက်ကာ အပန်းဖြေနေလိုက်သည်။
“မားမား မားမား”
ဝူယွမ် ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ခြေသုံးချောင်းရွှေရောင်ကျီးကန်းလေး၊ တနည်းအားဖြင့် ဝူယွမ်၏ အသည်းကျော် သမီးလေး၊ ဝူယွင်လေးက သူ့ကို ချက်ချင်း အာရုံခံမိသွားသည်။
သူမ၏ မီးတောက်တောင်ပံများကို စိတ်လှုပ်ရှားစွာ ခတ်ကာ ဝူယွမ်၏ရင်ခွင်ထဲသို့ ပြေးဝင်လာတော့သည်။
“အဖေ့ရဲ့ အသည်းကျော် သမီးလေး၊ မင်းရဲ့ စိတ်လှုပ်ရှားမှုတွေကို ထိန်းထားဖို့ အဖေ ဘယ်နှစ်ခါလောက် ပြောရမလဲ၊ ဒီလောက် လွတ်လွတ်လပ်လပ်ကြီး လုပ်နေရင် အဖေ့ကို သေချာပေါက် ကင်စားမိသွားလိမ့်မယ်”
ဝူယွမ်က အလျင်အမြန် နောက်ဆုတ်လိုက်ပြီး ဝါးမျိုခြင်းစွမ်းအားများကို အသုံးပြု၍ ဝူယွင်ထံမှ သူ့ဆီသို့ ပြေးဝင်လာသော အစစ်အမှန် နေမင်းမီးတောက်များကို ရူးသွပ်စွာ စုပ်ယူလိုက်သည်။
ဝူယွင်၏ မီးတောက်များသည် ဝင်စားခြင်းအဆင့် ထိပ်သီးပုဂ္ဂိုလ်များကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။ ဆန်းကြယ်ရှင်ခြင်းအဆင့်တွင်သာ ရှိသေးသော ဝူယွမ်အတွက်မူ ဤသည်က ကြီးမားသော စမ်းသပ်မှုကြီးတစ်ခုပင် ဖြစ်သည်။
“ကျီ ကျီ ကျီ”
‘မားမားက တကယ်ပဲ နောက်ဆုတ်သွားတာလား'
မီးဝိညာဉ်လေးက မကျေမနပ်ဖြစ်ကာ နေရာတွင် ရပ်သွားသည်။ သူတို့ တွေ့ဆုံတိုင်း သူမက မားမားကို ဖက်ချင်သော်ငြား မားမားက ဘယ်တော့မှ အလိုမလိုက်ခဲ့ချေ။
မီးတောက်များ၏ စွမ်းအားကို ဖိနှိပ်ထားရခြင်းက မီးဝိညာဉ်လေးအတွက် အလွန် အနေရခက်လှပေသည်။
သူမ၏ ခန္ဓာကိုယ်အတွင်း ဖိနှိပ်ထားသော ကြမ်းတမ်းပြီး ပူပြင်းလှသည့် စွမ်းအားများက သူမကို စိတ်တိုလွယ်စေသည်။ ထို့ကြောင့် မီးဝိညာဉ်လေးက သူမ၏ စွမ်းအားများကို ဖိနှိပ်ထားရသည်ကို မနှစ်သက်ချေ။
ထို့ကြောင့်လည်း ဝူယွမ်က သူမကို တစ်နေ့လျှင် တစ်ကြိမ် ရှေးဟောင်းကမ္ဘာဦးကျောက်တိုင် ကမ္ဘာအသစ်တစ်ခုလုံးကို လှည့်ပတ်ပျံသန်းစေကာ သူမ၏ အပူဓာတ်များကို စိတ်ကြိုက် ထုတ်လွှတ်ခိုင်းခြင်း ဖြစ်သည်။
အကုန် မထုတ်လွှတ်ရရင် သူမက အိပ်လို့တောင် ရမည်မဟုတ်ချေ။
မီးဝိညာဉ်လေးက လိမ္မာစွာဖြင့် သူမ၏မီးတောက်များကို ပြန်လည်ရုပ်သိမ်းလိုက်မှသာ ဝူယွမ်၏ပွေ့ဖက်ခြင်းကို ရရှိတော့သည်။
“လိမ္မာတဲ့ သမီးလေး အဖေ့ကို မားမားလို့ မခေါ်နဲ့တော့လေ၊ ပါးပါးလို့ ခေါ်ရမှာ၊ နားလည်လား အမြန်ပြောင်းခေါ်လိုက်”
ဝူယွမ်က မီးဝိညာဉ်လေး၏ခေါင်းကို ပွတ်သပ်ကာ ညှိနှိုင်းလိုက်သည်။
“ပါးပါး... အင်း... ပါးပါး... မားမား”
မီးဝိညာဉ်လေးက အနေရခက်စွာဖြင့် အော်ခေါ်လိုက်သည်။ ‘မားမား’ ဟု ခေါ်သကဲ့သို့ ချောမွေ့မှု မရှိသည်မှာ ထင်ရှားလှပေသည်။
“ဝူးဝူး မားမားလို့ပဲ ခေါ်လို့မရဘူးလား” မီးဝိညာဉ်လေးက နှုတ်ခမ်းဆူကာ မီးတောက်များကို မြူးတူးစွာ မှုတ်ထုတ်ရင်း ပြောလိုက်သည်။
“မရဘူး ပါးပါးလို့ပဲ ခေါ်ရမယ်” ဝူယွမ်က ပြတ်သားစွာ ပြောလိုက်ပြီး ညှိနှိုင်းစရာလမ်းမရှိကြောင်း ပြသလိုက်သည်။
ထို့နောက် သူက မီးဝိညာဉ်လေး၏ ကျောပေါ်သို့ ခုန်တက်လိုက်၏။
“လာ ပါးပါးကိုတင်ပြီး ပျံသန်းရအောင် ပျံနေရင်းနဲ့ ခေါ်နေ၊ ဒီနေ့ သေချာမခေါ်တတ်ရင် ရပ်ခွင့်မရှိဘူး”
“ဝူးဝူး၊ ပါးပါး”
မီးဝိညာဉ်လေးက တောင်ပံများကို ခတ်ကာ ပျံတက်သွားသည်။ သူမ၏ ချစ်စရာကောင်းသော အသံလေးက နာကျင်နေဟန် ရှိသော်လည်း သူမ ထုတ်လွှတ်လိုက်သော မီးတောက်များ၏အပူချိန်က လူတစ်ယောက်ကို အချိန်တိုင်း နိုးကြားနေစေနိုင်ပေသည်။
ပျံသန်းနေစဉ်အတွင်း မီးဝိညာဉ်လေးက နေရောင်ခြည်များကို ထုတ်လွှတ်ပြီး မြင့်မားသော အပူချိန်များကို ထုတ်လွှတ်နေသည်။
အခန်း (၃၃၆) - ရှေးဟောင်းကမ္ဘာဦးကျောက်တိုင် ကမ္ဘာသစ်၏ အပြောင်းအလဲများနှင့် သူတော်စင်သခင် ဝူယွမ်(၂)
ဝူယွမ်မှာ ရွေးချယ်စရာမရှိသဖြင့် မီးသခင်ထံမှ ရရှိခဲ့သော မီးနတ်ဘုရား အမိန့်တော်ကို ထုတ်ယူလိုက်ရတော့သည်။
ဤရတနာက မီးတိုက်ခိုက်မှုများကို လျစ်လျူရှုထားနိုင်စေသည်။ ဝူယွင်၏ အစစ်အမှန် နေမင်းမီးတောက်မှာ အစွမ်းထက်သော်လည်း ဤကမ္ဘာ၏ ကန့်သတ်ချက်များကိုတော့ မကျော်လွန်နိုင်သေးချေ။
မီးနတ်ဘုရားအမိန့်တော်က ဤကမ္ဘာရှိ မီးတောက်စည်းမျဉ်းများနှင့် ပတ်သက်၍ မီးသခင်၏ နားလည်သဘောပေါက်မှုများကို ကိုယ်စားပြုနေပေသည်။
မီးနတ်ဘုရားအမိန့်တော် ရှိသဖြင့် ဝူယွမ်သည် မီးဝိညာဉ်လေးနှင့် ပိုမိုကောင်းမွန်စွာ ဆက်သွယ်နိုင်ပြီး မီးဝိညာဉ်လေးအနေဖြင့်လည်း သူမ၏စွမ်းအားများကို ဖိနှိပ်ထားရန် မလိုတော့ဘဲ အပြည့်အဝ ထုတ်လွှတ်နိုင်ပြီဖြစ်သည်။
ဤကဲ့သို့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပျော်ရွှင်လွတ်လပ်နေသည့် အခြေအနေတွင် သူမ၏ခေါ်သံများက ပိုမိုချောမွေ့လာတော့သည်။
“ပါးပါး... ပါးပါး...”
ရှေးဟောင်းကမ္ဘာဦးကျောက်တိုင် ကမ္ဘာအသစ်ဲတွင် မီးဝိညာဉ်လေး ပျံသန်းသွားရာ နေရာတိုင်း “ပါးပါး” ဟု ခေါ်သံက ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေဆဲဖြစ်ပြီး လူအများအပြား ကြားလိုက်ရသည်။
“ဒီနေ့ နေမင်းကြီးက ဘာဖြစ်နေတာလဲ အစောကြီး ထွက်လာတာလဲ၊ ပြီးတော့ ပါးပါးလို့ ခေါ်နေသလိုပဲ”
နေထိုင်သူ အများအပြားမှာ နားမလည်နိုင်အောင် ဖြစ်နေကြသည်။ သူတို့ထဲမှ အများအပြားက ဤနေမင်းကြီးသည် ရွှေရောင်ကျီးကန်း တစ်ကောင်ဖြစ်ကြောင်း မသိကြဘဲ အပြင်ဘက်ရှိ နေမင်းကြီးနှင့် အတူတူပင်ဖြစ်သည်ဟု ထင်မှတ်နေကြသည်။
နေမင်းကြီးက ပါးပါးဟု အော်ခေါ်လိုက်ခြင်းက လူအများအပြားကို တကယ်ပဲ အံ့အားသင့်သွားစေခဲ့သည်။
ဝူယွမ်ကမူ သူ့ပိုင်ဆိုင်သော ကမ္ဘာကြီးကို လိုက်လံကြည့်ရှုနေသည်။
ယွမ်ဂိုဏ်းရှိ တိုက်ပွဲပြီးနောက် တောင်ဂိုဏ်းနှင့် ၎င်း၏လက်အောက်ခံ အင်အားစုများ၊ ပြည်ထောင်စုများအားလုံး ပြောင်းရွှေ့ဝင်ရောက်လာကြသဖြင့် ရှေးဟောင်းကမ္ဘာဦးကျောက်တိုင် ကမ္ဘာအသစ်သည် အတိုင်းအတာတစ်ခုအထိ ကြီးမားနေပြီဖြစ်သည်။
လက်ရှိတွင် ကမ္ဘာအသစ်တစ်ခုလုံး၏ နယ်မြေအကျယ်အဝန်းမှာ မဟာယန်ပြည်ထောင်စု၏ အဆ ၅၀ ထက်မက ကြီးမားလှပေသည်။ မီးဝိညာဉ်လေး တစ်ပတ် လှည့်ပတ်ပျံသန်းလျှင်ပင် တစ်ရက်နီးပါး အချိန်ယူရပေသည်။
မီးဝိညာဉ်လေးသည် ယခုမှ မွေးဖွားလာသူဖြစ်ပြီး သူမ၏အရှိန်က အထွတ်အထိပ်သို့ ရောက်ရန် အလှမ်းဝေးသေးသော်လည်း သာမန် ဆန်းကြယ်သေခြင်းအဆင့် ထိပ်သီးပုဂ္ဂိုလ်များထက် များစွာ ပိုမို မြန်ဆန်နေပြီဖြစ်သည်။
ဆန်းကြယ်သေခြင်းအဆင့် ထိပ်သီးပုဂ္ဂိုလ်များပင်လျှင် အရှေ့ဘက်ရွှမ်ဒေသ တစ်ခုလုံးကို ဖြတ်သန်းသွားလာရန် လဝက်ခန့် အချိန်ယူရပေသည်။
ဤကမ္ဘာကြီး မည်မျှကျယ်ပြောကြောင်း မှန်းဆကြည့်ရန် လုံလောက်လှပေသည်။
ထို့အပြင် ဧရိယာကလည်း ဆက်လက်ချဲ့ထွင်နေဆဲဖြစ်သည်။
ကမ္ဘာသစ်ပင်၏ သစ်ကိုင်းများက အဆက်မပြတ် ချဲ့ထွင်ပြန့်ကားနေသည်။
ကမ္ဘာသစ်ပင် ပိုမိုအစွမ်းထက်လာသည်နှင့်အမျှ ကမ္ဘာခြားနတ်ဆိုးများ၏ စွမ်းအင်များကို စုပ်ယူသည့် အရှိန်ကလည်း ပိုမို မြန်ဆန်လာသည်။
ကမ္ဘာသစ်ပင်၏ အောက်တွင် ချိတ်ပိတ်ထားသော ကမ္ဘာခြားနတ်ဆိုးဘုရင်နှစ်ပါး၊ နတ်ဆိုးစစ်သူကြီး တစ်ဒါဇင်နှင့် ကမ္ဘာခြားနတ်ဆိုး အမြောက်အမြားတို့သည် အဆက်မပြတ် သန့်စင်ခံနေရပြီး ကမ္ဘာသစ်ပင်က ၎င်း၏သစ်ကိုင်းများနှင့် သစ်ရွက်များကို ပိုမို သန်မာလာစေရန် အသုံးပြုကာ ဝိညာဉ်သစ်သီးများကို အမြောက်အမြား သီးပွင့်လာစေသည်။
ဤကောင်းမွန်သော လည်ပတ်မှုစနစ်က အဆက်မပြတ် အားကောင်းလာနေခဲ့သည်။
ကမ္ဘာခြားနတ်ဆိုး စွမ်းအင်သိုလှောင်ကန်များ၊ နတ်ဆိုးစစ်သူကြီး စွမ်းအင်အလတ်စားများနှင့် ကမ္ဘာခြားနတ်ဆိုးဘုရင် စွမ်းအင်အကြီးစားများကို ကမ္ဘာသစ်ပင်က အသုံးပြုပြီးသွားချိန်တွင်...။
ကမ္ဘာခြားနတ်ဆိုး ဧကရာဇ် ဧရာမစွမ်းအင်သိုလှောင်ကန်ကြီးနှင့် ချိတ်ဆက်လိုက်လျှင်တောင် တစ်ဖက်လူ၏ လွန်ကဲစွာ မြင့်မားလွန်းသော ဗို့အားကို ခံနိုင်ရည်မရှိဘဲ နေမည်မဟုတ်ဟု ဝူယွမ်က ခန့်မှန်းထားသည်။
ပျံသန်းနေစဉ်အတွင်း ဝူယွမ်သည် သူ၏ ဝိညာဉ်စွမ်းအင်မျက်လုံးများဖြင့် အောက်ဘက်ရှိ မြို့များကို ကြည့်ရှုနေသည်။
မကြာမီ အလွန်တရာ ခမ်းနားကြီးကျယ်လှသော မြို့တော်ကြီးတစ်ခုက သူ၏အမြင်အာရုံထဲတွင် ပေါ်လာသည်။
“လာ အောက်ဆင်းပြီး သွားကြည့်ရအောင်”
ဝူယွမ် ရုတ်တရက် စိတ်ကူးတစ်ခုရလာခဲ့သည်။ အမည်မဖော်ပြဘဲ လျှို့ဝှက်စွာ လှည့်လည်ကြည့်ရှုချင်လာ၏။
သူသည် ဤကမ္ဘာကြီး၏အရှင်သခင်ဖြစ်ရာ သူ၏နယ်မြေကို စစ်ဆေးခြင်းက ပြဿနာမရှိသင့်ချေ။
သူသည် ဤကမ္ဘာကြီး တည်ဆောက်ရေးနှင့် မဟာရှေးဟောင်းဂိုဏ်း၊ တောင်ဂိုဏ်းတို့၏ အစီအမံများအတွက် အစီအစဉ်များစွာကို အဆိုပြုခဲ့သည်။ ၎င်းတို့ကို မည်သို့ အကောင်အထည်ဖော်နေသလဲ ဆိုသည်နှင့် ဤကမ္ဘာကြီးသို့ ရောက်လာသော လူများ ပိုမိုကောင်းမွန်စွာ နေထိုင်နေရသလား ဆိုသည်ကို သူ သိချင်နေခဲ့သည်။
အကယ်၍ သူ၏ကမ္ဘာကြီးထဲရှိ လူများသည် ပြောင်းရွှေ့မလာမီကထက် ပိုမိုကောင်းမွန်စွာ မနေထိုင်ရဘူးဆိုလျှင် ဤသည်က ကမ္ဘာအရှင်သခင် ဖြစ်သော သူ၏ ပြဿနာပင် ဖြစ်ပေလိမ့်မည်။
အောက်ဘက်ရှိ မြို့တော်သည် သူမြင်ဖူးသမျှထဲတွင် အကြီးဆုံးဖြစ်ပြီး မဟာတောင်ပြည်ထောင်စု၏ မြို့တော်ဖြစ်သော တောင်ကောင်းကင်မြို့ ဖြစ်ရမည်။
ဝူယွမ်က သက်တံရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ မြို့ထဲသို့ ဆင်းသက်သွားသည်။ မီးဝိညာဉ်လေးက သေးငယ်သွားပြီး မီးတောက်သဖွယ် ရဲရဲနီနေသော ငှက်ငယ်လေးအဖြစ် ပြောင်းလဲကာ ဝူယွမ်၏ရင်ခွင်ထဲသို့ ဝင်ရောက်သွားသည်။
ဝူယွမ်သည် လူများဖြင့် စည်ကားသိုက်မြိုက်ပြီး ဆူညံနေသော လမ်းမများပေါ်တွင် လမ်းလျှောက်သွားကာ ပတ်ဝန်းကျင်ရှိ သာမန်ပြည်သူလူထု၏ မျက်နှာအမူအရာများကို အကဲခတ်ကြည့်နေသည်။ သူတို့က အလုပ်များနေကြပြီး ကြိုးစားပမ်းစား အလုပ်လုပ်နေဆဲပင်။
သို့သော် ဝိညာဉ်စွမ်းအင်ကို ဖြန့်ကြက်ကြည့်လိုက်သောအခါ သူတို့၏ ပျမ်းမျှ ကျင့်ကြံခြင်းအဆင့်က အပြင်လောကရှိ လူများထက် များစွာမြင့်မားနေကြောင်း ဝူယွမ် အာရုံခံမိသွားသည်။
ဤနေရာတွင် လူတိုင်းနီးပါး ကျင့်ကြံကြသည်။ မြေကမ္ဘာ ယွမ်အဆင့် ရှိသူများကို နေရာတိုင်းတွင် တွေ့ရပြီး ကောင်းကင်ယွမ်အဆင့် ထိပ်သီးပုဂ္ဂိုလ်များမှာ ခွေးများကဲ့သို့ ပေါများနေကာ ဖန်တီးခြင်း နယ်ပယ်သုံးခုရှိ ထိပ်သီးပုဂ္ဂိုလ်များကလည်း နေရာတိုင်းတွင် လမ်းလျှောက်သွားလာနေကြသည့်အလား ထင်မှတ်ရပေသည်။
သာမန် ပြည်ထောင်စုများတွင် ဖန်တီးခြင်းနယ်ပယ်သုံးခုကို အစွမ်းထက်သူအဖြစ် သတ်မှတ်ထားကြပြီဖြစ်သည်။ ယခင် မဟာယန်ပြည်ထောင်စုတွင် မြို့တော်၌ပင်လျှင် ဖန်တီးခြင်း နယ်ပယ်သုံးခုရှိသူများမှာ သနားစရာကောင်းလောက်အောင် နည်းပါးလှပြီး လူတစ်သောင်းတွင် တစ်ယောက်ရှိလျှင်ပင် ကောင်းနေပြီဖြစ်သည်။
သို့သော် ဤနေရာတွင်မူ လူတစ်ရာလျှင် တစ်ယောက်နီးပါးက ဖန်တီးခြင်း နယ်ပယ်သုံးခုတွင် ရှိနေကြသည်။
သေချာသည်မှာ ဤနေရာက တောင်ကောင်းကင်မြို့ ဖြစ်ပြီး မဟာရှေးဟောင်းဂိုဏ်းနှင့် တောင်ဂိုဏ်းတို့မှလွဲလျှင် အစွမ်းထက်သူများ အများဆုံး စုဝေးရာနေရာ ဖြစ်နေပြီဖြစ်သည်။
ထိုသို့ဖြစ်နေလျှင်တောင် ဤကမ္ဘာကြီးရှိ သိုင်းပညာလေထုက အလွန်အားကောင်းနေကြောင်း ပြသနေပေသည်။
ဤသည်မှာ ဝူယွမ်က အထူးတလည် ပြုလုပ်ထားသောအရာဖြစ်သည်။ သိုင်းပညာကျောက်တိုင်များ စိုက်ထူကာ သိုင်းပညာရပ်များကို လောကသို့ ဖြန့်ဝေပြီး လူတိုင်းကို သိုင်းပညာ လေ့လာသင်ယူခွင့် ပြုရန်သူ ကြိုးစားလုပ်ဆောင်ထားလေသည်။
“စာပေသင်ရင် ဆင်းရဲပြီး သိုင်းပညာသင်ရင် ချမ်းသာတယ်” ဤသို့လုပ်ဆောင်ခြင်းက အရင်းအမြစ်များစွာကို သေချာပေါက် ကုန်ဆုံးစေမည်ဖြစ်ပြီး သာမန် ပြည်ထောင်စုများအနေဖြင့် လုံးဝ မတတ်နိုင်ချေ။
အကြောင်းမှာ သိုင်းပညာ ကျင့်ကြံရာတွင် အရင်းအမြစ်များစွာ လိုအပ်သောကြောင့်ပင်။
သို့သော် ဤကမ္ဘာကြီးတွင်မူ ကမ္ဘာသစ်ပင်၏ကျေးဇူးကြောင့် လေထုထဲတွင် သိပ်သည်းလှသော ဝိညာဉ်စွမ်းအင်များ ရှိနေပေသည်။ ဝိညာဉ်စွမ်းအင်၏ သိပ်သည်းဆ တစ်ခုတည်းကပင် တတိယအဆင့် ဝိညာဉ်ဆေးပင် တစ်ပင်၏ ဆေးစွမ်းထက် မလျော့နည်းလှချေ။
ဤကဲ့သို့သော ပတ်ဝန်းကျင်သည် သိုင်းပညာလမ်းစဉ်တွင် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သို့ ယခုမှ စတင် ဝင်ရောက်လာသူများအတွက် သေချာပေါက် အကောင်းဆုံးနှင့် အမျှတဆုံးပင် ဖြစ်သည်။
ဤကြီးကျယ်ခမ်းနားလှသော ပတ်ဝန်းကျင်တွင် လူတိုင်း ကျင့်ကြံနိုင်ကြသည်။ အရင်းအမြစ်များ ဝယ်ယူရန် ငွေမရှိလျှင်တောင် သူတို့၏ ကျင့်ကြံခြင်းကို မြေကမ္ဘာ ယွမ်အဆင့်အထိ ထောက်ပံ့ပေးရန် လုံလောက်ပေသည်။
ထို့ကြောင့် ပါရမီရှိသရွေ့ ထင်ပေါ်ကျော်ကြားလာနိုင်ပြီး မြှုပ်နှံမခံရနိုင်တော့ချေ။
ဝူယွမ်က အလွယ်တကူ စုံစမ်းမေးမြန်းကြည့်ရာ တောင်ကောင်းကင်မြို့တွင် ယခုအခါ သိုင်းပညာကျောက်တိုင် ဆယ်ခုရှိပြီး ပထမအဆင့်မှ နဝမအဆင့်အထိ သိုင်းပညာရပ် အမြောက်အမြားကို မှတ်တမ်းတင်ထားကြောင်း သိလိုက်ရသည်။
ကျောက်တိုင်ရှေ့တွင် ထိုင်ကာ တရားမှတ်ရုံဖြင့် အနည်းဆုံး ပထမအဆင့် သိုင်းပညာရပ်တစ်ခုကို ရရှိနိုင်ပေသည်။
ဤသည်တို့မှာ ဖန်တီးခြင်းသိုင်းပညာကျောက်တိုင်၏ အစီအစဉ်များအတိုင်း ကမ္ဘာသစ်ပင်၏သစ်ကိုင်းများမှ ကျောက်တိုင်ငယ်ဝိညာဉ်က ဖန်တီးထားသော ဝိညာဉ်ရတနာများပင် ဖြစ်သည်။
ကမ္ဘာသစ်ပင်ကိုယ်တိုင်က ကမ္ဘာအသစ်များကို ဖန်တီးနိုင်စွမ်း ရှိပေသည်။
ဟွမ်နှင့် ကျောက်တိုင်ငယ်ဝိညာဉ်တို့သည် ကမ္ဘာသစ်ပင်ကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ကာ ဖန်တီးမှုများ ပြုလုပ်နိုင်နေပြီဖြစ်ရာ ၎င်း၏သစ်ကိုင်းများကို သာမန် ဝိညာဉ်ရတနာများအဖြစ် ဖန်တီးခြင်းမှာ အခြေခံ လုပ်ဆောင်ချက်တစ်ခုမျှသာ ဖြစ်သည်။
ဝူယွမ်က သိုင်းပညာကျောက်တိုင်တစ်ခုဆီသို့ လျှောက်သွားလိုက်သည်။ ကျောက်တိုင်ကြီးမှာ စိမ်းလန်းစိုပြည်နေပြီး ကောင်းကင်ယံသို့ တိုက်ရိုက် ထိုးတက်နေ၏။
ကျောက်တိုင်ကြီး၏ ပတ်လည်တွင် ကျယ်ဝန်းသော ကွင်းပြင်ကြီးတစ်ခုရှိပြီး အပြာရောင် ကျောက်တုံးများဖြင့် ပိုင်းခြားထားသော ကျင့်ကြံခြင်းဧရိယာ သောင်းနှင့်ချီ၍ ရှိနေသည်။
ထိုကျင့်ကြံခြင်း ဧရိယာများပေါ်တွင် ထိုင်နေသရွေ့ ကျောက်တိုင်ထဲရှိ သိုင်းပညာရပ်များကို နားလည်သဘောပေါက်နိုင်ပေသည်။
ဤအချိန်တွင် ကျင့်ကြံခြင်း ဧရိယာများပေါ်၌ လူများအပြည့်ဖြစ်နေပြီး တန်းစီစောင့်ဆိုင်းနေသူ အများအပြားလည်း ရှိနေသေးသည်။
ပြည်ထောင်စုမှ စစ်သားများက ပတ်ဝန်းကျင်ရှိ အစီအစဉ်များကို စီမံခန့်ခွဲပေးနေကြသည်။ စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများအတိုင်း မှတ်ပုံတင်သူ မည်သူမဆို သိုင်းပညာရပ်များကို ရယူရန် သိုင်းပညာကွင်းပြင် ထဲသို့ ဝင်ရောက်နိုင်ပေသည်။
ထို့ကြောင့် လူကြိတ်ကြိတ်တိုး စည်ကားနေသော်လည်း အရာအားလုံးက စနစ်တကျ ရှိနေပေသည်။
လူများက သိုင်းပညာကျောက်တိုင်ကို ရိုသေကိုင်းရှိုင်းစွာ ရှိခိုးဦးချကြပြီး သူတို့၏စိတ်များကို ရှင်းလင်းအောင်လုပ်ကာ အာရုံခံကြသည်။ အချိန်ကြာလာသည်နှင့်အမျှ စိမ်းလန်းသော အလင်းတန်းတစ်ခုက သိုင်းပညာကျောက်တိုင်မှ ဆင်းသက်လာပြီး လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားတတ်သည်။
ဤသည်မှာ ယခင် မဟာရှေးဟောင်းဂိုဏ်း၏ ဖန်တီးခြင်းသိုင်းပညာကျောက်တိုင်နှင့် ဆင်တူပေသည်။
သိုင်းပညာ အခြေခံကောင်းမွန်ပြီး ထူးချွန်သော ပါရမီရှိသူများသာ အဆင့်မြင့် သိုင်းပညာရပ်များကို ရရှိနိုင်မည်ဖြစ်ပြီး ပါရမီရှင်များအတွက် ကနဦး အကဲဖြတ်မှုတစ်ခုအဖြစ် ဆောင်ရွက်ပေးခြင်း ဖြစ်သည်။
လူတိုင်း မှတ်တမ်းတင်ခံရမည်ဖြစ်၏။ ရရှိသော သိုင်းပညာရပ် အဆင့်မြင့်လေလေ ပြည်ထောင်စုမှ ပိုမိုအာရုံစိုက်၍ ကျင့်ကြံစေလေလေ ဖြစ်သည်။
သိုင်းပညာကျောက်တိုင်အတွင်း၌ ဖန်တီးခြင်းအဆင့် သိုင်းပညာရပ်များကိုလည်း ဖုံးကွယ်ထားသေးသည်။
ဖန်တီးခြင်းအဆင့် သိုင်းပညာရပ်များကို ရရှိနိုင်သူများကို ပါရမီရှင်များကြားတွင် အထူးချွန်ဆုံးသူများအဖြစ် သတ်မှတ်ထားပြီး ပိုမိုကောင်းမွန်သော ကျင့်ကြံမှုများ ရရှိရန်အတွက် မဟာရှေးဟောင်းဂိုဏ်းသို့ တိုက်ရိုက် ဝင်ရောက်နိုင်ခွင့် ရရှိကြသည်။
သိုင်းပညာကျောက်တိုင်မှ ဖန်တီးခြင်းအဆင့် သိုင်းပညာရပ်များကို ရရှိနိုင်သူများသည် အခြေခံအားဖြင့် ကျောက်တိုင်ဝိညာဉ် နှင့် အဆက်အသွယ်ရရှိခဲ့ပြီး ၎င်း၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ခြင်း ဖြစ်သည်။
ဤကဲ့သို့သော ပါရမီရှင်များကို စောစောစီးစီး ကျင့်ကြံပျိုးထောင်ပေးခြင်းက အကောင်းဆုံးပင်။
“ငါသာ သိုင်းပညာကျောက်တိုင်ပေါ်မှာ နာမည် ချန်ထားနိုင်ခဲ့ရင် ကောင်းမှာပဲ”
“အဲဒါက မြင့်မြတ်တဲ့မြေကို ဝင်ခွင့်လက်မှတ်ပဲလေ”
“စဉ်းတောင် မစဉ်းစားနဲ့၊ သိုင်းပညာကျောက်တိုင် ဆင်းသက်လာတဲ့ အချိန်ကစပြီး အခုအချိန်အထိ တစ်လတောင် မပြည့်သေးဘူး အဲဒီကို လာပြီး တရားမှတ်တဲ့ လူအရေအတွက်က တစ်သန်းထက် မနည်းတော့ဘူး၊ ဒါပေမဲ့ ကြည့်လိုက်စမ်း နာမည် နှစ်ခုပဲ ရှိသေးတယ်”
“သိုင်းပညာကျောက်တိုင်ပေါ်မှာ နာမည် ချန်ထားနိုင်တဲ့သူတွေက တစ်သန်းမှာ တစ်ယောက် ပေါ်နိုင်ခဲတဲ့ ပါရမီရှင်တွေချည်းပဲ”
“ငါတို့ မြင့်မြတ်တဲ့မြေရဲ့ သူတော်စင်သခင်က သိုင်းပညာကျောက်တိုင်ထဲက အမြင့်မြတ်ဆုံး ကောင်းကင်သိုင်းပညာရပ်တွေကို ပထမဆုံး ရရှိခဲ့တဲ့သူဖြစ်ပြီး ကျောက်တိုင်ဝိညာဉ်ကိုတောင် အနိုင်ယူခဲ့တယ်လို့ ပြောကြတယ်”
“သူတော်စင်သခင်က ကောင်းကင်နဲ့ မြေကြီးက ကောင်းချီးပေးထားတဲ့ အံ့မခန်းပါရမီရှင်ပဲ၊ သူက ငါတို့ ကမ္ဘာကြီးကို ပြောင်းလဲပေးခဲ့တာ”
“တကယ်ပါပဲ အခု ငါတို့ သိုင်းပညာကျောက်တိုင်ကို လေ့လာကျင့်ကြံခွင့်ရတာက သူတော်စင်သခင်ရဲ့ ကျေးဇူးတွေချည်းပဲ”
ဝူယွမ်က ပတ်ဝန်းကျင်ရှိ လူများ၏ ဆွေးနွေးပြောဆိုသံများကို နားထောင်ရင်း ခပ်ပေါ့ပေါ့ပင် ပြုံးလိုက်သည်။ သူတို့ပြောနေသော သူတော်စင်သခင် ဆိုသည်မှာ သူကိုယ်တိုင် ဖြစ်ရမည်။
ဝူယွမ်က သိုင်းပညာကျောက်တိုင်ကို ကြည့်လိုက်သည်။ အစောပိုင်းက သူ သတိမထားမိခဲ့သော်လည်း ယခုအခါ ၎င်းပေါ်တွင် နာမည်နှစ်ခု ရှိနေပြီဖြစ်သည်။
“ရှောင်လင်၊ ‘မဟာရှေးဟောင်း ကောင်းကင်ဖမ်းလက်ဝါး’!”
“ယဲ့ချူ၊ ‘ရှေးဟောင်းရှစ်ပါး ဧကရာဇ်လက်’!”