အခန်း (၃၃၉-၃၄၀)
Vol. 34 Ch. 339-340
အခန်း (၃၃၉) - မူလစိတ်ဝိညာဉ် သိုင်းပညာသန္ဓေသား(၁)
သိုင်းပညာမျှော်စင်၏ သတ္တမထပ် စမ်းသပ်မှုမှာ တူညီသော ကျင့်ကြံခြင်းအဆင့်ရှိ ဝူယွမ်ကို ရင်ဆိုင်တိုက်ခိုက်ရခြင်း ဖြစ်သည်။
ယခင်က ဝူယွမ်သည် ကမ္ဘာသစ်ပင်ထဲတွင် သူ၏သိုင်းပညာရပ်များကို ထုတ်ဖော်ပြသခဲ့ဖူး၏။ ကျောက်တိုင်ငယ်ဝိညာဉ်သည် ကမ္ဘာသစ်ပင်၏ မူလစွမ်းအင်များကို အသုံးပြု၍ စမ်းသပ်မှုအတွက် ဝူယွမ်၏ စွမ်းအင်ကိုယ်ပွားတစ်ခုကို ဖန်တီးပေးနိုင်သည်။
တူညီသော ကျင့်ကြံခြင်းအဆင့်ရှိ ဝူယွမ်၏ စွမ်းအင်ကိုယ်ပွားရှေ့တွင် သိုင်းကွက် ဆယ်ကွက်တိတိ တောင့်ခံနိုင်ပါက သတ္တမထပ် စမ်းသပ်မှုကို အောင်မြင်မည်ဖြစ်သည်။
သေချာသည်မှာ ကျောက်တိုင်ငယ်ဝိညာဉ် ဖန်တီးထားသော စွမ်းအင်ကိုယ်ပွားသည် ဝူယွမ်၏ ကောင်းကင်ပြာဧကရာဇ်သွေးအဆီအနှစ် နှင့် ကစဉ်ကလျားသန္ဓေသားလေး ကဲ့သို့သော စွမ်းအင်အားလုံးကို အတုယူ ဖန်တီးနိုင်စွမ်း မရှိချေ။
စွမ်းအင်ကိုယ်ပွားတွင် ဝူယွမ်၏ သာမန် သိုင်းပညာရပ်အချို့ဖြစ်သော မဟာရှေးဟောင်း ဧကရာဇ်ကျမ်း ၊ မဟာကန္တာရ မိစ္ဆာမျက်လုံးနှင့် မဟာရှေးဟောင်းကျမ်းတို့ကိုသာ ထည့်သွင်းထားပေသည်။
ခန့်မှန်းခြေအားဖြင့် ဝူယွမ်၏ အစစ်အမှန်စွမ်းအား တစ်ရာခိုင်နှုန်းခန့်သာ ရှိလောက်မည်ဖြစ်သည်။
အကယ်၍ ဝူယွမ်၏ အစစ်အမှန် ခန္ဓာကိုယ်နှင့် တိုက်ခိုက်ရမည်ဆိုပါက သူ၏ စွမ်းအားနှင့် နည်းလမ်းများအရ တူညီသော ကျင့်ကြံခြင်းအဆင့်တွင်မဆိုထားနှင့် အဆင့်ငယ် ခုနစ်ဆင့်၊ ရှစ်ဆင့်ခန့် ကွာဟနေလျှင်ပင် ဝူယွမ်၏ သိုင်းကွက် ဆယ်ကွက်ကို တောင့်ခံနိုင်ရန် အလွန် ခက်ခဲလွန်းလှပေသည်။
အဘယ်ကြောင့်ဆိုသော် ဝူယွမ် ရရှိထားသောအရာများသည် ထျန်းရွှမ်တိုက်ကြီး၏ သိုင်းပညာ နယ်ပယ်ကို ကျော်လွန်နေပြီဖြစ်သောကြောင့်ပင်။
၎င်းမှာ အခြား တိုင်းတာမှုတစ်ခုမှ တိုက်ခိုက်ခြင်းပင် ဖြစ်သည်။
ရှောင်လင်သည် ဝူယွမ်၏စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့သဖြင့် သူ့ကို ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်လိုခဲ့ခြင်း ဖြစ်သည်။
ရှောင်လင်သည် အသက် ဆယ့်ရှစ်နှစ်ခန့်သာ ရှိသေးပြီး ဝူယွမ်ထက် ခုနစ်နှစ်၊ ရှစ်နှစ်ခန့် ငယ်ရွယ်သဖြင့် မျိုးဆက်သစ်တစ်ဦးဟု ဆိုနိုင်ပေသည်။ သိုင်းပညာ၏ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိရန် ပြင်းပြသော ရှောင်လန်၏ ရည်မှန်းချက်များက ခြေလှမ်းတိုင်းတွင် အထင်းသား ပေါ်လွင်နေသည်။
သူ၏ ပါရမီစွမ်းရည်ကြောင့် ဝူယွမ်က သူ့ကို တပည့်အဖြစ်လက်ခံကာ သေချာလမ်းညွှန်ပြသပေးရန် စဉ်းစားမိလာသည်။
“သူတော်စင်သခင်နဲ့ တိုက်ရမှာလား”
ရှောင်လင် အနည်းငယ် တုံ့ဆိုင်းသွားသည်။ သူ၏ ရင်ထဲတွင် ဝူယွမ်သည် သူ လေးစားအားကျရသော အမြင့်ဆုံးတောင်ထိပ်တစ်ခုပင်။
သူတို့၏ သူတော်စင်သခင်သည် ဆန်းကြယ်ရှင်ခြင်းအဆင့် စွမ်းအားဖြင့် ယွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးသုံးပါးကို ရင်ဆိုင်ခဲ့ပြီး တစ်ဦးကို လေဟာနယ်နည်းလမ်းများ အသုံးပြု၍ ဖယ်ရှားကာ အခြားနှစ်ဦး၏ ရုပ်ခန္ဓာများကို ဖျက်ဆီးပစ်နိုင်ခဲ့သည်။
ဤအောင်မြင်မှုက အရှေ့ဘက်ရွှမ်ဒေသ တစ်ခုလုံးတွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နိုင်ရန် လုံလောက်ပေသည်။
ထိုအချိန်က ဝူယွမ်သည် ဆန်းကြယ်ရှင်ခြင်းအဆင့်တွင်သာ ရှိသေးကြောင်း သတိပြုရန် လိုအပ်ပေသည်။
သို့သော် သူသည် ဝင်စားခြင်းအဆင့် ကျင့်ကြံသူများကို အနိုင်ယူနိုင်ခဲ့၏။
“လာပါ၊ အချိန်ဆွဲမနေနဲ့၊ သတ္တိနည်းနည်းလောက် ပြစမ်းပါ” ဝူယွမ်က တိုက်ရိုက်ပင် စတင်တိုက်ခိုက်လိုက်ပြီး ရှောင်လင်ဆီသို့ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။
“မိုးကြိုးလက်ဝါး”
ရှောင်လင်လည်း ဆက်လက် တုံ့ဆိုင်းမနေတော့ဘဲ ပြန်လည် တုံ့ပြန်လိုက်သည်။ သူ၏ လက်သီးများက ခရမ်းရောင်သန်းနေသော ပွင့်လင်းမြင်သာသည့် မိုးကြိုးလက်ဝါးများအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားပြီး လုံးလုံးလျားလျား မိုးကြိုးစွမ်းအားများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပေသည်။
‘သူတော်စင်သခင်က ဝိညာဉ်စွမ်းအင် ကိုယ်ပွားတစ်ခုပဲ ရှိသေးတယ် ပြီးတော့ ငါ့ရဲ့ မိုးကြိုးနဲ့ မီးတောက် စွမ်းအင်က ဝိညာဉ်ကိုယ်ပွားတွေအပေါ် အကြီးအကျယ် ဖိနှိပ်နိုင်စွမ်း ရှိတယ် နိုင်ဖို့ အခွင့်အရေး ရှိလောက်ပါတယ်'
ရှောင်လင်က စိတ်ထဲမှ တွေးလိုက်ပြီး သူ၏ ကြမ်းတမ်းသော မိုးကြိုးလက်ဝါးများက ဝူယွမ်၏ လက်သီးနှင့် ထိပ်တိုက်တွေ့သွားတော့သည်။
“ဘုန်း”
ရှောင်လင်၏ခန္ဓာကိုယ်က ချက်ချင်းပင် အနောက်သို့ လွင့်စင်သွား၏။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ မိုးကြိုးက သူ့အပေါ် အလုပ်မဖြစ်ဘူးလား”
သူ၏ မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင်ြ ပြည့်နှက်သွားသည်။ သူ ပစ်လွှတ်လိုက်သော မိုးကြိုးလက်ဝါးများက ဝူယွမ်ကို အနည်းငယ်မျှပင် မထိခိုက်စေခဲ့ချေ။
ဆန့်ကျင်ဘက်အနေဖြင့် ကြမ်းတမ်းသော မိုးကြိုးစွမ်းအားများက ဝူယွမ်၏ ဝိညာဉ်စွမ်းအင်များမှ ဝါးမျိုခြင်းကို ခံလိုက်ရသည်။
“ဒါက ဘယ်လို ဝိညာဉ်စွမ်းအင်မျိုးလဲ၊ သန့်စင်တဲ့ ရုပ်ခန္ဓာကိုယ်ထက်တောင် ပိုပြီးသာလွန်နေတယ်”
ရှောင်လင်က တံတွေးကို ခက်ခဲစွာ မျိုချလိုက်သည်။ သာမန်လူတစ်ယောက်၏ ခန္ဓာကိုယ်သည် သူ၏မိုးကြိုးကို ခံနိုင်ရည်ရှိမည် မဟုတ်သော်လည်း သူတော်စင်သခင်သည် ဝိညာဉ်ကိုယ်ပွားကို အသုံးပြု၍ သူ၏မိုးကြိုးများအားလုံးကို ဝါးမျိုပစ်လိုက်သည်။ ဘယ်သူက ဘယ်သူ့ကို ဖိနှိပ်နေခြင်းလော။
“မဆိုးဘူး မိုးကြိုးစွမ်းအားက သန့်စင်တယ်” ဝူယွမ်က ချီးကျူးကာ ခေါင်းညိတ်လိုက်သည်။
ရှောင်လင်၏ မိုးကြိုးစွမ်းအင်က သူ့ကို တကယ်ပဲ အံ့အားသင့်သွားစေခဲ့သည်။ သူ၏ မိုးကြိုးလက်ဝါး တစ်ချက်ကို ဝါးမျိုလိုက်ပြီးနောက် ကစဉ်ကလျားသန္ဓေသားလေး၏ မိုးကြိုးရူန်းများပေါ်တွင် ပုံစံအသစ်တစ်ခု ပေါ်ထွက်လာခဲ့သည်။
ဤကအရာက မည်သည်ကို ညွှန်ပြနေခြင်းလော။
ရှောင်လင်၏ မိုးကြိုးတွင် မိုးကြိုးနှင့် ပတ်သက်သော နက်နဲသည့် နားလည်သဘောပေါက်မှု အသစ်များ ပါဝင်နေကြောင်း ညွှန်ပြနေခြင်းပင်။
“မွေးရာပါ မိုးကြိုးခန္ဓာကိုယ်က တကယ်ကို ကွာခြားတာပဲ၊ သူ့ခန္ဓာကိုယ်ထဲမှာ ဖုံးကွယ်နေတဲ့ မွေးရာပါ မိုးကြိုးရူန်းတချို့ ရှိနေနိုင်တယ်”
ဝူယွမ်က စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ “ဆက်တိုက်စမ်း”
သူက အဆက်မပြတ် တိုက်ခိုက်လိုက်ပြီး သူ၏စွမ်းအားကို ထိန်းချုပ်ကာ ရှောင်လင်နှင့် ပြင်းထန်စွာ တိုက်ခိုက်နေတော့သည်။
ယခုအခါ ဝူယွမ်၏ ဝိညာဉ်စွမ်းအင်သည် ကစဉ်ကလျားသန္ဓေသားနှင့် ပေါင်းစပ်သွားပြီဖြစ်ရာ သူ၏ဝိညာဉ်ကိုယ်ပွားကို သာမန် ဝိညာဉ်ကိုယ်ပွားတစ်ခုအဖြစ် သတ်မှတ်၍ မရနိုင်တော့ချေ။
သူ၏ ဝိညာဉ်ကိုယ်ပွား အပြင်ဘက်တွင် ဒဏ်ရာရသွားလျှင်ပင် ကစဉ်ကလျားသန္ဓေသားထံသို့ ပြန်ရောက်သည်နှင့် အလျင်အမြန် ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။
ထို့အပြင် ကစဉ်ကလျားသန္ဓေသားက ရူန်းများကို ကူးယူမှတ်သားထားနိုင်ပြီး ရူန်းများ၏စွမ်းအားက သူ၏ဝိညာဉ်ကိုယ်ပွားနှင့် ဆက်သွယ်နေသဖြင့် ဝူယွမ်သည် မည်သည့် ဒြပ်စင်တိုက်ခိုက်မှုများကိုမျှ မကြောက်ရွံ့ချေ။
တိုက်ခိုက်မှုတိုင်းက သူ ခံနိုင်ရည်ရှိသော အတိုင်းအတာကို မကျော်လွန်သရွေ့ သူ့ကို ထိခိုက်စေနိုင်မည် မဟုတ်ပေ။
ရှောင်လင်နှင့် အချိန်အတန်ကြာ အပြန်အလှန်တိုက်ခိုက်ပြီးနောက် ဝူယွမ်သည် သူ၏တိုက်ခိုက်မှုများမှ မိုးကြိုးနှင့် မီးတောက် ရူန်းအသစ်များစွာကို အောင်မြင်စွာရရှိခဲ့သည်။
ကစဉ်ကလျားသန္ဓေသားထဲရှိ မိုးကြိုးနှင့် မီးတောက် ရူန်းများကို ပြီးပြည့်စုံစေရန် နောက်တစ်လှမ်းနီးကပ်လာခဲ့ပြီဖြစ်သည်။
“မိုးကြိုးနဲ့ မီးတောက်တွေကို ဒီလိုလည်း သုံးလို့ရတာပဲ”
ဝူယွမ်က ပြုံးကာရေရွတ်လိုက်မိ၏။ ချက်ချင်းပင် သူ၏ တိုက်ခိုက်မှုများထဲတွင် မိုးကြိုးနှင့် မီးတောက် စွမ်းအားများ ပိုမိုပါဝင်လာတော့သည်။
“ဘာ၊ ဝိညာဉ်ကိုယ်ပွားကလည်း မိုးကြိုးနဲ့ မီးတောက်တွေကို ချယ်လှယ်နိုင်တာလား” ရှောင်လင်မှာ အကြီးအကျယ် အံ့အားသင့်သွားရသည်။ ဤသည်မှာ သူ၏ဗဟုသုတနယ်ပယ်ကို လုံးဝ ကျော်လွန်နေကြောင်း ထင်ရှားလှပေသည်။
‘ဝိညာဉ်စွမ်းအင်ရဲ့ အနှစ်သာရက ဝိညာဉ်စွမ်းအင်ပဲ ဖြစ်ရမှာ မဟုတ်ဘူးလား။ ဝိညာဉ်စွမ်းအင်က ဘာလုပ်နိုင်သလဲ။ အဲဒါက တွေးခေါ်မှု စွမ်းအားဖြစ်ပြီး ဝိညာဉ်ရေးရာ လက်နက်တွေကို ချယ်လှယ်ဖို့နဲ့ အထူး ဝိညာဉ်စွမ်းအင်တိုက်ခိုက်မှုတွေကို ဖန်တီးဖို့ သုံးတာလေ အဲဒီလို ဖြစ်သင့်တာပဲ'
၎င်း၏ အနှစ်သာရမှာ လူတစ်ယောက်၏ဝိညာဉ်မှ ဆင်းသက်လာသော စွမ်းအားပင် ဖြစ်သည်။
‘မိုးကြိုးနဲ့ မီးတောက်တွေကို ကစားနေတာ ဘာကြီးလဲဟ'
သို့သော် သူ သေချာ မစဉ်းစားရသေးမီမှာပင် ဝူယွမ်၏တိုက်ခိုက်မှုများက တစ်ခုပြီးတစ်ခု ရောက်ရှိလာပြီး မိုးကြိုးတံဆိပ်များနှင့် မီးတောက်တံဆိပ်များကို အဆက်မပြတ် ပစ်လွှတ်လာတော့သည်။
ရှောင်လင်မှာ ခုခံရန် အချိန်မရတော့ဘဲ မိုးကြိုးတံဆိပ်များနှင့် မီးတောက်တံဆိပ်များကို သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ခွင့် ပြုလိုက်ရတော့သည်။
ကြမ်းတမ်းလွန်ူသော စွမ်းအားများက သူ၏ ခန္ဓာကိုယ်အတွင်းတွင် ရူးသွပ်စွာ လှိုင်းထန်လာပြီး ရှောင်လင်သည် ပြန်လည်ခုခံနိုင်စွမ်း လုံးဝ ပျောက်ဆုံးသွားကာ မိုးကြိုးနှင့် မီးတောက်များ၏ လွှမ်းခြုံမှုကို ခံလိုက်ရတော့သည်။
“ကဲ… ထိုင်လိုက်၊ ပြီးတော့ ဒီစွမ်းအားတွေကို သေချာနားလည်အောင်လုပ်ပြီး စုပ်ယူလိုက်”
ဝူယွမ်က မတ်တပ်ရပ်လိုက်ပြီး လက်ခုပ်တီးကာ ပြောလိုက်သည်။
သူ၏ ယခင် တိုက်ခိုက်မှုများသည် သူခွဲခြမ်းစိတ်ဖြာထားသော ရူန်းစွမ်းအားများကို ပြန်လည်ပေးပို့ကာ ရှောင်လင်၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်ထည့်သွင်းပေးလိုက်ခြင်း ဖြစ်သည်။
ရှောင်လင်က လိမ္မာစွာဖြင့် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို အစီစဉ်တကျဖြေရှင်းပြီး သေချာနားလည်သဘောပေါက်ရန် ကြိုးစားနေတော့သည်။
စွမ်းအားလှိုင်းတစ်ခုစီကို သူက ဖြေရှင်းလိုက်တိုင်း ရှောင်လင်၏မျက်ခုံးများက တဖြည်းဖြည်း ပြေလျော့လာတော့သည်။
“အို နောက်ထပ် တစ်ယောက်လည်း သတ္တမထပ်ကို ရောက်လာပြီ” ကျောက်တိုင်ငယ်ဝိညာဉ်က အံ့အားသင့်စွာ ပြောလိုက်သည်။
ချက်ချင်းပင် သူတို့ သုံးဦးသည် ဝိညာဉ်သခင်မျှော်စင်သို့ တိုက်ရိုက် သွားရောက်လိုက်ကြသည်။
အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ယဲ့ချူသည် ဖြူရော်နေသော မျက်နှာဖြင့် သတ္တမထပ်တွင် ရပ်နေပြီး သူ့ကို အစွမ်းထက်ဝိညာဉ်စွမ်းအင်များက ဝန်းရံဖိနှိပ်ထားသည်။
ယဲ့ချူက သူ၏ခန္ဓာကိုယ်ကို မတ်မတ်ထားရန် ရုန်းကန်နေရ၏။ ဤအချိန်တွင် သူ၏ မျက်ခုံးနှစ်ခုကြား၌ အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာပြီး ရွှေရောင် အလင်းတန်းဖျော့ဖျော့လေးများ လျှံကျလာကာ သူ့ကိုဝန်းရံထားသော ဝိညာဉ်စွမ်းအင်များ၏ ဖိနှိပ်မှု အရှိန်အဝါကို ဖယ်ရှားပေးလိုက်သည်။
“မူလစိတ်ဝိညာဉ် စွမ်းအားလား”
ဝူယွမ်၊ ကျောက်တိုင်ငယ်ဝိညာဉ်နှင့် ဟွမ်တို့အားလုံး အနည်းငယ် အံ့အားသင့်သွားကြပြီး ရုပ်ရည်ချောမောသော အဖြူရောင်ဝတ် လူငယ်လေး ယဲ့ချူကို မယုံကြည်နိုင်သော အမူအရာများဖြင့် ကြည့်လိုက်ကြသည်။
ထိုရွှေရောင် အလင်းတန်းဖျော့ဖျော့လေးမှာ မူလစိတ်ဝိညာဉ် စွမ်းအားပင် ဖြစ်သည်။
သူတို့အားလုံး မူလစိတ်ဝိညာဉ် စွမ်းအားကို ပိုင်ဆိုင်ထားကြသော်လည်း ယဲ့ချူဆီတွင် ထွက်ပေါ်လာခြင်းက အလွန်တရာ ထူးဆန်းလှပေသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းသည် ပုံမှန်လုပ်ရိုးလုပ်စဉ်များနှင့် အလွန် ကွဲပြားနေသောကြောင့်ပင်။
ပုံမှန်အားဖြင့် မူလစိတ်ဝိညာဉ်ကို ဆန်းကြယ်ရှင်ခြင်းအဆင့်ရှိ အစွမ်းထက်သူတစ်ဦးကသာ အချိန်အတိုင်းအတာတစ်ခုအထိ ကြာမြင့်ပြီးမှ စုစည်းဖန်တီးနိုင်ပေသည်။
ပါရမီရှင်တစ်ဦးဆိုလျှင်တောင် အလွန်ဆုံး နိဗ္ဗာန်အဆင့် ၉ သို့ ရောက်ရှိချိန်တွင် စောစီးစွာ စုစည်းနိုင်ရုံမျှသာ ရှိပေသည်။
ထိုစဉ်က ဝူယွမ်နှင့် လင်းတုန်တို့သည် နိဗ္ဗာန်အဆင့် ၉ တွင် ရှိနေခဲ့ကြပြီး မြေကမ္ဘာအနှစ်သာရ ပြုစုပျိုးထောင်ခြင်း တံတွေး နှင့် ကမ္ဘာသစ်ပင်၏ မူလစွမ်းအင်ကဲ့သို့သော ကောင်းကင်ဘုံ ရတနာများ၏ အကူအညီဖြင့် သူတို့၏ မူလစိတ်ဝိညာဉ်များကို အောင်မြင်စွာ စုစည်းနိုင်ခဲ့ကြသည်။
သို့သော် ဤယဲ့ချူ၏ စွမ်းအားမှာ ဖန်တီးခြင်းအဆင့်၏ အထွတ်အထိပ်တွင်သာ ရှိသေးပြီး အဆင့်မြင့် ဝိညာဉ်စွမ်းအင် အဆောင်သခင် တစ်ဦးသာ ဖြစ်သည်။
သူသည် နိဗ္ဗာန်အဆင့် ၉ နှင့် အလှမ်းဝေးနေသေးသည်။
‘သူက ဘယ်လိုလုပ် မူလစိတ်ဝိညာဉ်ကို ပိုင်ဆိုင်နိုင်မှာလဲ' ဝူယွမ် အလွန် စူးစမ်းချင်စိတ် ဖြစ်သွားခဲ့သည်။
သူက သူ၏ဝိညာဉ်စွမ်းအင်များကို ယဲ့ချူ၏ ခန္ဓာကိုယ်အတွင်းသို့ ဖြန့်ကြက်၍ စုံစမ်းစစ်ဆေးရန် ကြိုးစားလိုက်သည်။
“ဟင်”
မမြင်ရသော စွမ်းအားတစ်ခုက ဝူယွမ်၏ စုံစမ်းစစ်ဆေးမှုကို ပြင်းထန်စွာ တွန်းလှန်ပစ်လိုက်၏။
“စိတ်ဝင်စားစရာပဲ”
ဝူယွမ်က အတင်းအဓမ္မဝင်ရောက်ရန် မကြိုးစားခဲ့ချေ။
ယဲ့ချူတွင် မူလစိတ်ဝိညာဉ် ရှိနေပြီဖြစ်သည်။ အကယ်၍ သူက ဝူယွမ်ကို သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ခွင့်မပြုဘဲ အတင်းအဓမ္မ ဝင်ရောက်ခြင်းက သူ၏မူလစိတ်ဝိညာဉ်ကို ထိခိုက်စေမည်ဖြစ်သည်။
အခန်း (၃၄၀) - မူလစိတ်ဝိညာဉ် သိုင်းပညာသန္ဓေသား(၂)
ဤအချိန်တွင် ယဲ့ချူလည်း ရုတ်တရက် ပေါ်လာသော ဝိညာဉ်ကိုယ်ပွားသုံးခုကို အံ့သြစွာဖြင့် ကြည့်လိုက်သည်။ ဝူယွမ်၏ စုံစမ်းစစ်ဆေးမှုကို အရိပ်အယောင်တစ်ခု ခံစားလိုက်ရပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။
“သူတော်စင်သခင်”
သူ၏ မျက်လုံးများထဲတွင် အလင်းရောင်တစ်ခု လက်ခနဲဖြစ်သွားပြီး သံသယနှင့် စိတ်လှုပ်ရှားမှုများ ရောယှက်နေပေသည်။
“မင်းရဲ့ နီ၀မ်နယ်ပယ်က နည်းနည်းထူးခြားတယ်၊ မင်းရဲ့ခန္ဓာကိုယ်ကို ငါ စုံစမ်းစစ်ဆေးချင်တယ်၊ ဘယ်လိုထင်လဲ”
ဝူယွမ်က တိုက်ရိုက်ပင် ပြောလိုက်၏။
ယဲ့ချူ၏ မူလစိတ်ဝိညာဉ် မည်သို့ဖြစ်ပေါ်လာသည်ကို သူ သိချင်ရုံသက်သက်သာ။
“ဒါက...” ယဲ့ချူ တုံ့ဆိုင်းသွားသည်။ ဤသည်မှာ မည်သူ့ကိုမျှ မပြောပြဖူးသော သူ၏ အကြီးမားဆုံးသော လျှို့ဝှက်ချက်ပင် ဖြစ်သည်။
စောစောက အပြင်ဘက်မှ ဖိအားများကြောင့် သူ၏ခန္ဓာကိုယ်က မိမိကိုယ်ကို ကာကွယ်ရန် မူလစိတ်ဝိညာဉ် စွမ်းအားများကို အလိုအလျောက် ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။
ကျောက်တိုင်ငယ်ဝိညာဉ်က ၀င်ပြောလာသည်။ “ကောင်လေး မင်း ဘာတွေတုံ့ဆိုင်းနေသေးတာလဲ၊ သူတော်စင်သခင်က မင်းကို ထိခိုက်အောင်လုပ်ချင်တယ်ဆိုရင် ဒီလောက် ဒုက္ခခံနေစရာ မလိုပါဘူး၊ ပြီးတော့ သူတော်စင်သခင်က အတင်းဝင်ချင်တယ်ဆိုရင် မင်းရဲ့ နည်းပါးလှတဲ့ မူလစိတ်ဝိညာဉ် စွမ်းအားလေးက သူ့ကို တားနိုင်မှာ မဟုတ်ဘူး”
“ငါက သိချင်ရုံလေးပါ၊ မင်းရဲ့ မူလစိတ်ဝိညာဉ်က မွေးရာပါလား” ဝူယွမ်က ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။
ဤယဲ့ချူကလည်း သူ့ကို ပါရမီရှင်တစ်ဦးအဖြစ် ပြုစုပျိုးထောင်ချင်စိတ် ဖြစ်ပေါ်စေခဲ့သူတစ်ဦးသည်။
တစ်ဖက်လူက တကယ်ပဲ ပါရမီထူးချွန်လွန်းသူဆိုပါက ဝူယွမ်သည် သူ့ကိုလည်း တပည့်အဖြစ် လက်ခံကာ သေချာပြုစုပျိုးထောင်ပေးချင်ပေသည်။
“သူတော်စင်သခင် ကြွပါ”
ယဲ့ချူက ခေတ္တမျှစဉ်းစားပြီးနောက် ဆက်လက်တုံ့ဆိုင်းမနေတော့ဘဲ သူ၏နီ၀မ်နယ်ပယ်ကို ဝူယွမ်အတွက် ဖွင့်ပေးလိုက်တော့သည်။
ဤကမ္ဘာကြီးက သူတော်စင်သခင် ပိုင်ဆိုင်ပြီး သူတို့သည်လည်း ဤကမ္ဘာကို သူတော်စင်သခင် ပိုင်ဆိုင်ကြောင်း သူ ကောင်းကောင်း သိထားသည်။
အကယ်၍ သူတော်စင်သခင်က သူ့ထံမှ တစ်ခုခုကို အလိုရှိပါက သူ၏သဘောတူညီချက်ကို လုံးဝလိုအပ်မည်မဟုတ်ချေ။
ဝူယွမ်၏ ဝိညာဉ်စွမ်းအင်များ ဝင်ရောက်သွား၏။
ယဲ့ချူ၏ နီ၀မ်နယ်ပယ်က သဘာဝအတိုင်း ပွင့်နေပုံရပြီး တမင်တကာ ဖွင့်လှစ်ထားသည့် လက္ခဏာများ မရှိချေ။
အဘယ်ကြောင့်ဆိုသော် သူ၏ နီ၀မ်နယ်ပယ်သည် မျက်ခုံးနှစ်ခုကြားနှင့် ဆက်သွယ်နေပြီး သာမန်ပိတ်ထားသော နန်းတော်တံခါးများနှင့် မတူဘဲ ပြင်ပကမ္ဘာနှင့် ဆက်သွယ်နေသောကြောင့်ပင်။
ဝိညာဉ်စွမ်းအင်များက ဆက်လက် နက်ရှိုင်းစွာ ဝင်ရောက်သွားပြီး ယဲ့ချူ၏နီ၀မ်နယ်ပယ်ထဲသို့ ဝင်ရောက်သွားတော့သည်။
“အာ့”
ယဲ့ချူ၏ မျက်နှာအမူအရာက အနည်းငယ် နေရခက်သော အရိပ်အယောင်များ ပေါ်လွင်နေသည်။ သူ၏တားမြစ်နယ်မြေအတွင်းသို့ သူစိမ်းတစ်ဦး ဝင်ရောက်လာသည်ဟူသော ဤခံစားချက်က သူ၏ခန္ဓာကိုယ်ကို အလိုအလျောက် ဆန့်ကျင်တွန်းကန်စေခဲ့သည်။
နီ၀မ်နယ်ပယ်သည် လူတစ်ယောက်၏ အကြီးမားဆုံး လျှို့ဝှက်ချက်ဖြစ်သလို သူတို့၏ အသက်အန္တရာယ်အရှိဆုံး အစိတ်အပိုင်းလည်း ဖြစ်သည်။
“ကစဉ်ကလျားသန္ဓေသားလေးလား”
ယဲ့ချူ၏ နီ၀မ်နယ်ပယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ဝူယွမ်မှာ အကြီးအကျယ် အံ့အားသင့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ချူ၏နီ၀မ်နယ်ပယ်ထဲတွင် သူ၏ ကစဉ်ကလျားသန္ဓေသားနှင့် ဆင်တူသော မူလသန္ဓေသားလောင်းတစ်ခု ရှိနေသောကြောင့်ပင်။
ယခင်က ဝူယွမ် ခန့်မှန်းထားခဲ့သည်မှာ ယဲ့ချူတွင် မွေးရာပါမူလစိတ်ဝိညာဉ် ရှိနေသဖြင့် သူ၏နီ၀မ်နယ်ပယ်က သေချာပေါက် ဟာလာဟင်းလင်း ဖြစ်နေမည်မဟုတ်ဘဲ ထိုနေရာတွင် တစ်ခုခု ရှိနေရမည်ဟူ၍ ဖြစ်သည်။
ထို့အပြင် သူက ဆိုင်းအင်ပြုလုပ်ပြီး ကစဉ်ကလျားသန္ဓေသားကို ရရှိခဲ့ချိန်တွင် ကစဉ်ကလျားသန္ဓေသားသည် ကောင်းကင်ပြာဧကရာဇ် သွေးအဆီအနှစ် ကဲ့သို့ပင် အစွမ်းထက်သော အထူးကျင့်ကြံခြင်း ပါရမီတစ်ခုဖြစ်ကြောင်း သူ သိရှိခဲ့သည်။
ဤသည်က အချို့သော လူများသည် ဤပါရမီကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရန် မွေးဖွားလာကြကြောင်း သက်သေပြနေပေသည်။
ယခု ယဲ့ချူကို မြင်လိုက်ရသောအခါ ဝူယွမ် တကယ်ကို ယုံကြည်သွားတော့သည်။
ဤပါရမီမျိုး ထျန်းရွှမ်တိုက်ကြီးတွင် ပေါ်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့မိရုံသာ။
“နည်းနည်းတော့ ကွာခြားပုံရတယ်”
ယဲ့ချူ၏ မူလသန္ဓေသားလောင်းမှာ ရွှေရောင်ဖြစ်ပြီး လုံးလုံးလျားလျားနီးပါး မူလစိတ်ဝိညာဉ် စွမ်းအားများဖြင့် ဖွဲ့စည်းထားကာ ဝူယွမ်၏ကစဉ်ကလျားသန္ဓေသားနှင့် အလွန် ကွာခြားပေသည်။
အချိန်အတန်ကြာ စောင့်ကြည့်ပြီးနောက် ဝူယွမ်သည် ယဲ့ချူ၏ နီ၀မ်နယ်ပယ်ထဲမှ ပြန်လည်ထွက်ခွာလာခဲ့လိုက်၏။
“နီ၀မ်နယ်ပယ်ထဲမှာ မွေးရာပါ ရွှေရောင် မူလသန္ဓေသားလောင်းတစ်ခု ရှိနေတာ၊ စီနီယာဟွမ် ဒီလိုအခြေအနေမျိုးကို အရင်က မြင်ဖူးလား”
ဝူယွမ်က အဘိုးအိုဟွမ်ကို မေးလိုက်သည်။
“မမြင်ဖူးဘူး၊ ဒါပေမဲ့ အဆောင်ဘိုးဘေး အရင်က ပြောတာကိုတော့ ကြားဖူးတယ်”
ဟွမ်က ခေါင်းယမ်းလိုက်ပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်နေဆဲပင်။
“တချို့လူတွေရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံက သာမန်လူတွေနဲ့ ကွာခြားတယ်၊ အလားတူပဲ လူတွေရဲ့ ဝိညာဉ်စွမ်းအင် ကျင့်ကြံခြင်းရဲ့ အခြေခံအုတ်မြစ်ကို ကိုယ်စားပြုတဲ့ နီ၀မ်နယ်ပယ်မှာလည်း ထူးခြားတဲ့ တည်ရှိမှုတချို့ ရှိနိုင်တယ်တဲ့”
“အဆောင်ဘိုးဘေး ပြောခဲ့တာက မူလသန္ဓေသားလောင်းဟာ ထူးခြားဆန်းပြားတဲ့ ဝိညာဉ်စွမ်းအင်ပါရမီရှိသူတွေမှာပဲ ရှိတတ်ပေမဲ့ အဲဒီလိုလူတွေက အထူးခန္ဓာကိုယ် ဖွဲ့စည်းပုံရှိတဲ့ သူတွေထက်တောင် ပိုပြီး ရှားပါးတယ်တဲ့”
“တကယ်ကို ရှားပါးတာပဲ၊ အခုအချိန်အထိ လူနှစ်ယောက်ကိုပဲ မြင်ဖူးသေးတယ်” ဝူယွမ်က သဘောတူကြောင်း ခေါင်းညိတ်လိုက်ပြီး သူနက်နက်ရှိုင်းရှိုင်း ယုံကြည်ကြောင်းကို ဖော်ပြလိုက်သည်။
“နှစ်ယောက်လား”
ယဲ့ချူနှင့် ဟွမ်တို့ နှစ်ဦးစလုံးက ဝူယွမ်ကို ကြည့်လိုက်ကြမိ၏။
“နောက်တစ်ယောက်က ဘယ်သူလဲ”
“အဲဒါ ကျွန်တော်လေ”
ဝူယွမ်က ပြုံးကာ ပြောလိုက်သည်။ မူလက မူလသန္ဓေသားလောင်းကဲ့သို့သော အရာကို သူတစ်ယောက်တည်းသာ ပိုင်ဆိုင်နိုင်မည်ဟု ထင်ထားခဲ့သော်လည်း နောက်တစ်ယောက်ကို တွေ့ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
ကစဉ်ကလျားသန္ဓေသား၏ စွမ်းအားကတော့ ပြောစရာပင် မလိုတော့ချေ။ လမ်းတစ်လျှောက်လုံး ကစဉ်ကလျားသန္ဓေသားကို ရရှိပြီးကတည်းက ဝူယွမ်သည် ဝိညာဉ်စွမ်းအင် အဆောင်သခင် နည်းလမ်းများအားလုံးနီးပါးကို ၎င်းမှတစ်ဆင့် ပြီးမြောက်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ကစဉ်ကလျားသန္ဓေသားရှိနေသဖြင့် အခြားသူများ၏ ပူးကပ်ခံရမည်ကိုလည်း စိုးရိမ်နေရန် မလိုတော့ချေ။
ဝူယွမ်ကို ပူးကပ်ရန် ကြိုးစားခဲ့သူ အများအပြားမှာ နောက်ဆုံးတွင် ကစဉ်ကလျားသန္ဓေသား၏ အာဟာရများသာ ဖြစ်သွားခဲ့ကြသည်။
ဝူယွမ်၏ ဝိညာဉ်ကိုယ်ပွားက လက်ခနဲဖြစ်သွားပြီး သူ၏စိတ်ထဲတွင် မူလသန္ဓေသားလောင်းတစ်ခု မှေးမှိန်စွာ ပေါ်ထွက်လာသည်။
ဤနေရာရှိ ဟွမ်နှင့် ကျောက်တိုင်ငယ်ဝိညာဉ်တို့မှာ သူယုံကြည်ရသူများ ဖြစ်ကြရာ ဝူယွမ်အနေဖြင့် သူတို့ကို အသိပေးရန် ဝန်မလေးခဲ့ချေ။
သူ တမင်တကာ ပြသလိုက်ခြင်းမှာ အဓိကအားဖြင့် ယဲ့ချူကို မြင်စေလို၍ ဖြစ်ပြီး သူတော်စင်သခင်က သူ၏နီ၀မ်နယ်ပယ်ကို အဘယ်ကြောင့် စစ်ဆေးချင်ရသလဲဆိုသည်ကို သိစေလို၍ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် တူညီနေသောကြောင့်ပင်။
“မင်း သတ္တမထပ်ကို ရောက်လာနိုင်ပြီဆိုတော့ စမ်းသပ်မှုကို ဆက်လုပ်ရအောင်၊ လာ… မင်းရဲ့ စွမ်းအားအကုန်သုံးပြီး ငါနဲ့ တိုက်” ဝူယွမ်က ယဲ့ချူကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
ယဲ့ချူ၏ မူလသန္ဓေသားလောင်းတွင် ဘာတွေများ ထူးခြားနေတာလဲဆိုသည်ကို သူ သိချင်နေမိသည်။
“သူတော်စင်သခင် ဒါဆိုရင် ကျွန်တော် အားနာမနေတော့ဘူးနော်” ယဲ့ချူသည် သူတော်စင်သခင်ကလည်း သူ့ကဲ့သို့ ထူးခြားသော မူလသန္ဓေသားလောင်းကို ပိုင်ဆိုင်ထားကြောင်း သိလိုက်ရသောအခါ ဝူယွမ်အပေါ် အသိအမှတ်ပြုသည့် ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
‘ဒါက ကံကြမ္မာပဲ'
သူတော်စင်သခင် ကိုယ်တိုင်ကိုယ်ကျ သူ့ကို စမ်းသပ်ခြင်းသည် သူ့အတွက် အခွင့်အရေးတစ်ခုဖြစ်ပြီး သူတော်စင်သခင် ရှေ့တွင် မိမိစွမ်းအားကို ပြသခွင့် ရရှိခြင်းပင်။
သူတော်စင်သခင်၏ အသိအမှတ်ပြုမှုကို ရရှိနိုင် မရှိနိုင်ဆိုသည်မှာ သူ၏ လာမည့် စွမ်းဆောင်ရည်အပေါ်တွင်သာ မူတည်ပေသည်။
သူ၏မူလသန္ဓေသားလောင်းကို အသုံးပြုမှုမှာ အခြေခံအဆင့်သာ ရှိသေးလေသည်။ အကယ်၍ သူတော်စင်သခင်၏ အသိအမှတ်ပြုမှုကို ရရှိပါက မူလသန္ဓေသားလောင်း ကျင့်ကြံခြင်း နည်းလမ်းများအတွက် သူတော်စင်သခင်ထံမှ လမ်းညွှန်မှုများ တောင်းခံနိုင်ပေလိမ့်မည်။
ဝူယွမ်က ယဲ့ချူကို အကဲစမ်းသည့်အနေဖြင့် လက်သီးတစ်ချက် အရင်ပစ်လွှတ်လိုက်သည်။
“ရှေးဟောင်းပါ့ကျိ ဧကရာဇ်လက်”
ယဲ့ချူက အလွန် လေးနက်နေပြီး ချက်ချင်းပင် အစွမ်းကုန် တိုက်ခိုက်လိုက်လေသည်။
ရွှေရောင် အလင်းတန်းများ ပါဝင်နေသော သွေးရောင်လက်ဝါးကြီးတစ်ခုက ဝူယွမ်ဆီသို့ ဖမ်းဆုပ်လာတော့သည်။
ရှေးဟောင်းပါ့ကျိ ဧကရာဇ်လက်ကို အသုံးပြုသည့် ပုံမှန် နည်းလမ်းများနှင့် မတူဘဲ ယဲ့ချူသည် သွေးအဆီအနှစ်များကို စတေးခြင်း သို့မဟုတ် လက်ကွက်များ ဖွဲ့စည်းခြင်း မပြုလုပ်ခဲ့ချေ။ သူက သွေးရောင်လက်ဝါးကြီးကို တိုက်ရိုက် စုစည်းလိုက်ခြင်းသာ။
ဝူယွမ်လည်း ဤသိုင်းပညာရပ်ကို သိသော်ငြား ၎င်း၏ စွမ်းအားကို ထုတ်ဖော်ရန် လတ်ဆတ်သော သွေးများကို ကြားခံအဖြစ် အသုံးပြုရန် လိုအပ်ပေသည်။
သို့သော် ယဲ့ချူက ဤအဆင့်ကို တိုက်ရိုက် ကျော်ဖြတ်လိုက်ပြီး သူ၏သိုင်းပညာရပ်ကို အလွန်မြန်ဆန်စွာ အသုံးပြုခဲ့ကာ စွမ်းအင်စုဆောင်းခြင်း သို့မဟုတ် ပြင်ဆင်ခြင်းများပင် မလိုအပ်ခဲ့ချေ။
ဖန်တီးခြင်းအဆင့် သိုင်းပညာရပ်များသည် သူတို့၏နယ်ပယ်ရှိ လူများအတွက် အဆင့်မြင့် သိုင်းကွက်များအဖြစ် သတ်မှတ်ထားကြသည်။
၎င်းတို့ကို အသုံးပြုရန် ယွမ်စွမ်းအင် ပြင်ဆင်မှုက အချိန်အနည်းငယ် ကြာမြင့်မည်ဖြစ်သည်။ ကျွမ်းကျင်မှုအဆင့် မြင့်မားလျှင်တောင်မှ ချက်ချင်းအသုံးပြုနိုင်ရန်မှာ မဖြစ်နိုင်ချေ။
“သူက အဆင့်မြင့်သိုင်းပညာရပ်တွေကို အချိန်မဆွဲဘဲ ချက်ချင်းထုတ်သုံးနိုင်တဲ့ အခြေခံသိုင်းပညာရပ်တွေလို အသုံးပြုနေတာပဲ” ဝူယွမ် နားလည်သွားသည်။
“အဲဒါက ငါ ကစဉ်ကလျားသန္ဓေသားနဲ့ ရူန်းတွေကို အသုံးပြုတာနဲ့ အလားတူ အကျိုးသက်ရောက်မှုမျိုး ရှိတယ်”
ဝူယွမ်က သွေးရောင်လက်ဝါးပုံရိပ်ကို ဖျက်ဆီးလိုက်ပြီး ယဲ့ချူကို ဆက်လက် တိုက်ခိုက်လိုက်သည်။
“ခရမ်းအရိပ်ဖြိုခွဲခြင်း ကိုးကွက်”
“ကစဉ်ကလျား ကြယ်စင်လက်ချောင်း”
“နဂါးမြည်ကြွေး ကျားဟိန်း လက်သီး”
ယဲ့ချူက သိုင်းပညာရပ်များကို ဆက်တိုက် လျင်မြန်စွာ ထုတ်ဖော်လာတော့သည်။ သူ၏သိုင်းပညာရပ်များအားလုံးက ချက်ချင်း ထွက်ပေါ်လာပြီး မယုံနိုင်လောက်အောင် မြန်ဆန်ကာ သူ၏ ယွမ်စွမ်းအင် ကုန်ဆုံးမှုကလည်း အလွန်နည်းပါးပုံရသည်။
အဘယ်ကြောင့်ဆိုသော် သူသည် သိုင်းပညာရပ်များကို အလွန်မြန်ဆန်သောနှုန်းဖြင့် အသုံးပြုနေသောကြောင့်ပင်။ ပုံမှန် ဖန်တီးခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသာဆိုလျှင် ဤသိုင်းပညာရပ်များကို အဆက်မပြတ်အသုံးပြုပါက အချိန်ကြာမြင့်စွာ မခံနိုင်ဘဲ အားအင်ကုန်ခမ်းသွားမည်မှာ သေချာလှသည်။
“သူ့ရဲ့ မူလစိတ်ဝိညာဉ်သန္ဓေသားက သိုင်းပညာရပ်တွေကို မှတ်သားထားနိုင်ပြီး သိုင်းပညာရပ်တွေကို အသုံးပြုဖို့ စိတ်ကူးလိုက်ရုံ လိုအပ်တာပဲ”
ဝူယွမ်က ဤကောင်လေးပိုင်ဆိုင်ထားသော မူလသန္ဓေသားလောင်း၏ အံ့ဖွယ်ကောင်းမှုကို နောက်ဆုံးတွင် နားလည်သဘောပေါက်သွားတော့သည်။
“ဘုရားရေ ငါ့ရဲ့ ကစဉ်ကလျားသန္ဓေသားထက် နည်းနည်းလေးတောင် မလျော့ဘူးပဲ” ဝူယွမ်မှာ မနာလို ဖြစ်သွားရသည်။
“သိုင်းပညာလမ်းစဉ်ကို မှတ်သားနိုင်စွမ်းရှိလို့ အဲ့တာကို မူလစိတ်ဝိညာဉ် သိုင်းပညာသန္ဓေသားလို့ ခေါ်သင့်တယ်”
သို့သော် ယဲ့ချူသည် ဤမူလစိတ်ဝိညာဉ် သိုင်းပညာသန္ဓေသား၏ လုပ်ဆောင်ချက်ကို အပြည့်အဝ နားလည်သဘောပေါက်ထားခြင်း မရှိသေးသည်မှာ ထင်ရှားလှပေသည်။
မူလသန္ဓေသားလောင်းသည် ကျွမ်းကျင်မှုများကို ထုတ်လွှတ်ရန် သူ့ကို လိုအပ်နေဆဲဖြစ်ပြီး သူအသုံးပြုသော သိုင်းပညာရပ်များသည် လုံလောက်အောင် အစွမ်းမထက်သေးဘဲ သူ၏ရူန်းများထက် များစွာ အားနည်းနေသေးသည်။
သို့သော် ဤစွမ်းရည်က နယ်ပယ်သစ်တစ်ခုကို လုံးလုံးလျားလျား ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။
“ငါ အဲဒါကို ပုံတူကူးလို့ရမလားမသိဘူး” ဝူယွမ်က စဉ်းစားလိုက်ပြီး စမ်းကြည့်ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာတော့သည်။