← Chapters

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း (၈၉) - ကျောင်းအုပ်ကြီးရှန် တိတ်တဆိတ် လေ့လာသင်ယူခြင်း

မျက်တောင်တစ်ခတ်အတွင်း နှစ်လကျော် အချိန်ကာလသည် ကုန်ဆုံးသွားခဲ့လေသည်။

နယူးဗွိုင်းယေ့ဂျ်ကျောင်း၏ ပဓာနဆရာကြီးရုံးခန်းအတွင်း၌ ဖြစ်သည်။

"ဒါက ကျင့်စဉ်အသစ်လား"

ရှန်ကျစ်ရှား၏ အသံတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး သူမ၏ လက်ကလေးများမှာလည်း တုန်ရင်နေသည်။ ကျောင်းအုပ်ကြီးရှန်၏ မျက်ဝန်းအစုံတွင် အစီအစဉ်အောင်မြင်တော့မည့် အငွေ့အသက်များက အရောင်တောက်နေတော့သည်။

စူးချီနှင့် တစ်အိမ်တည်း အတူနေထိုင်စဉ်အတွင်း သူမသည် စူးချီကို ဂရုစိုက်ဟန်ပြကာ တစ်နေ့လျှင် ခြောက်နပ်တိတိ ကျွေးမွေးခဲ့သည်။ ခေါက်ဆွဲ၊ ထမင်း၊ ပေါင်မုန့်၊ အအေးနှင့် အာလူးကြော် စသည့် ကာဗိုဟိုက်ဒရိတ် ကြွယ်ဝသော အစားအစာများကိုသာ ရွေးချယ်ကျွေးမွေးခဲ့ခြင်း ဖြစ်သည်။ ထိုအစားအစာများကြောင့် စူးချီ အိပ်ငိုက်လာသည့်အခါတွင်လည်း အလွန်နူးညံ့သော ကုတင်၊ ဆိုဖာနှင့် မွှေးရနံ့ ကုထုံးများကိုပါ သူမက ပြင်ဆင်ပေးထားခဲ့သည်။

၎င်းပြင် နယူးဗွိုင်းယေ့ဂျ်၏ လွတ်လပ်ပြီး လူသားဆန်သော လုပ်ငန်းခွင်ဖြစ်ကြောင်း ပြသရန်အတွက် စူးချီအား အလွန်မြင့်မားသော စွမ်းဆောင်ရည်ရှိသည့် ရုပ်ထွက်ကတ်ပါဝင်သော

အဆင့်မြင့်ကွန်ပျူတာတစ်လုံးကိုလည်း ပေးအပ်ခဲ့သည်။ စူးချီ အလုပ်အားချိန်တွင် အပန်းဖြေနိုင်ရန်အတွက် "လူသားမျိုးနွယ် တည်ဆောက်ခြင်း" ၊ "မြင်းစီးသူရဲကောင်း" နှင့် "စကြဝဠာ စီမံကိန်း" စသည့် အချိန်ပေးရသော ဂိမ်းများကိုလည်း ထည့်သွင်းပေးထားခဲ့သေးသည်။

မျှော်လင့်ထားသည့်အတိုင်းပင် စူးချီသည် ထိုလှည့်ကွက်ထဲသို့ သက်ဆင်းသွားခဲ့သည်။ နေ့စဉ် စူးချီ ထမင်းစားချိန်တိုင်းတွင် တံခါးကြားမှတစ်ဆင့် ကွန်ပျူတာမျက်နှာပြင်ပေါ်၌ ဂိမ်းကစားနေသည်ကို မြင်တွေ့ရတတ်သည်။ စူးချီသည် တစ်နေ့ကုန် ကွန်ပျူတာရှေ့တွင်သာ အချိန်ဖြုန်းနေခဲ့သည်မှာ ထင်ရှားလှသည်။ ထိုသို့သော အခြေအနေမျိုးတွင်မှ စူးချီသည် ကျင့်စဉ်ကို သတ်မှတ်ချိန်ထက်စော၍ အပြီးသတ်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဤကျင့်စဉ်တွင် အားနည်းချက်နှင့် ချို့ယွင်းချက်များစွာ ရှိနေမည်မှာ သေချာလှသည်ဟု ရှန်ကျစ်ရှားက ယူဆလိုက်သည်။

"ဒီကမ္ဘာမှာ ငါ့ထက်ဆိုးတဲ့ အလုပ်ရှင်တော့ ရှိမှာမဟုတ်ဘူး"

"ငါ့ရဲ့ ယုတ်မာတဲ့ အစီအစဉ်တွေကြောင့် သူ့ရဲ့ကျင့်စဉ်မှာ အမှားအယွင်းတွေ အများကြီး ပါလာမှာ သေချာတယ်"

ထိုသို့တွေးရင်း ရှန်ကျစ်ရှားသည် စူးချီကမ်းပေးသော ကျင့်စဉ်စာအုပ်ကို လှမ်းယူလိုက်သည်။ ယခုတစ်ကြိမ်တွင်မူ မျက်နှာဖုံးပေါ်မှ "မီးလျှံကျမ်း" ဟူသော စာလုံးကြီးနှစ်လုံးမှာ ယခင်ကထက် ပိုမိုထင်ရှားနေသည်။ စာအုပ်ကို ဖွင့်ကြည့်လိုက်သောအခါ ပထမမျက်နှာတွင် အဆင့်ငါးဆင့်ကို ဖော်ပြထားသည်ကို တွေ့ရသည်။

၁။ သာမန်မှ ကူးပြောင်းခြင်း၊ ခန္ဓာကိုယ်နှင့် သွေးသားကို သန့်စင်ခြင်း

၂။ ဟင်းလင်းပြင်ကို ခွဲဖြတ်ခြင်း၊ ဝိညာဉ်ကို လောင်မြိုက်စေပြီး အတားအဆီးများကို ချိုးဖျက်ခြင်း

၃။ နှလုံးသားကို လောင်မြိုက်ခြင်း၊ စိတ်ဝိညာဉ်ကို သန့်စင်ခြင်း

၄။ ကောင်းကင်ယံကို လောင်မြိုက်ခြင်း၊ စွမ်းအင်များဖြင့် မိုးကုတ်စက်ဝိုင်းကို ဖောက်ထွက်ခြင်း

၅။ နတ်ဘုရားတို့ကို လောင်မြိုက်ခြင်း၊ ဧကရာဇ်ဖြစ်လာပြီး တစ်ကမ္ဘာလုံးကို လွှမ်းမိုးခြင်း

စနစ်မှတစ်ဆင့် ဤကမ္ဘာ၏ နိယာမများနှင့် ညှိနှိုင်းပြီးနောက် ဤကျင့်စဉ်ကို အဆင့်ငါးဆင့်အဖြစ် ခွဲခြားထားခြင်း ဖြစ်သည်။ ထိုအဆင့်ငါးဆင့်သည် ထူးခြားဆန်းပြားသော သားရဲတို့၏ မီးလျှံကို စုပ်ယူပြီးနောက် ရရှိလာမည့် အဆင့်အတန်းများ ဖြစ်ကြသည်။ အကြောမှတ် ၁၈ မှတ်မှ စတင်ကာ နောက်ဆုံးတွင် ၇၂၀ အထိ ရောက်ရှိရန်အတွက် စုစုပေါင်း ၃၈ ကြိမ်ခန့် အဆင့်မြှင့်တင်ရန် လိုအပ်မည် ဖြစ်သည်။

ကျောင်းအုပ်ကြီးရှန်မှာ ထိုအချက်များကို ဖတ်ရှုပြီးနောက် ဇဝေဇဝါ ဖြစ်သွားရသည်။ အထူးသဖြင့် နောက်ဆုံးအဆင့်ဖြစ်သော ဧကရာဇ်ဖြစ်လာပြီး တစ်ကမ္ဘာလုံးကို လွှမ်းမိုးခြင်း ဟူသော စာသားကို သူမ မယုံကြည်နိုင်ဘဲ ဖြစ်နေသည်။ ပထမအချက်အနေဖြင့် စူးချီကိုယ်တိုင်က ထိုအဆင့်သို့ မရောက်သေးဘဲနှင့် ဤကျင့်စဉ်က ဧကရာဇ်ဖြစ်စေနိုင်သည်ဟု ပြောခြင်းမှာ လုံးဝ ယုတ္တိမရှိပေ။ ၎င်းမှာ တစ်လလျှင် ငွေသုံးထောင်သာ ရသူက တစ်သိန်းရအောင် လုပ်နည်းကို သင်ပြနေသကဲ့သို့ ဖြစ်နေသည်။

ဒုတိယအချက်မှာ ကျင့်စဉ်မှာ ရိုးရှင်းလွန်းနေခြင်း ဖြစ်သည်။ သွေးနှင့်စွမ်းအင် လည်ပတ်မှုပုံစံတွင် အကြောမှတ် ၁၈ မှတ်သာ ပါဝင်သည်။ ပါရမီ ညံ့ဖျင်းလှသော သူမပင်လျှင် တစ်ခါဖတ်ရုံနှင့် ကျင့်နိုင်မည်ဟု ခံစားလိုက်ရသည်။ မိုးကြိုးငါးသွယ် တရားကျင့်စဉ်တုန်းကပင် စူးချီကိုယ်တိုင် လက်တွဲသင်ပေးသဖြင့် နှစ်ပတ်ကြာခဲ့သည် မဟုတ်ပါလော။ မိုးကြိုးကျင့်စဉ်ကပင် ဧကရာဇ်ဖြစ်နိုင်သည်ဟု မကြွေးကြော်ခဲ့ဘဲ ယခုကဲ့သို့ လွယ်ကူသော ကျင့်စဉ်က ဧကရာဇ်ဖြစ်နိုင်သည်ဟု ဆိုခြင်းမှာ မည်သို့မျှ မဖြစ်နိုင်ပေ။

ရှန်ကျစ်ရှားမှာ သံသယများ ရှိနေသော်လည်း စူးချီ၏ ယခင်က စွမ်းဆောင်ရည်များကြောင့် စိတ်ချရစေရန် သူမကိုယ်တိုင် အရင်သင်ယူကြည့်ရန် ဆုံးဖြတ်လိုက်သည်။

"ဒီစာအုပ်ကို ငါ့ဆီမှာပဲ ထားခဲ့လိုက်တော့၊ ငါ အရင် လေ့လာကြည့်လိုက်ဦးမယ်"

စူးချီက ခေါင်းညိတ်ပြပြီး ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော် တံခါးဝသို့ ရောက်သောအခါ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် လှည့်၍ သတိပေးလိုက်သည်။

"ဟုတ်သားပဲ ကျောင်းအုပ်ကြီးရှန်၊ ဒီကျင့်စဉ်ကို လုံးဝ မကျင့်မိပါစေနဲ့နော်"

"ဒါက ဧကရာဇ်အဆင့်အထိ တိုက်ရိုက်ရောက်နိုင်တယ်ဆိုပေမဲ့ လုပ်ငန်းစဉ်တစ်ခုလုံးက အရမ်းကို ခက်ခဲလွန်းပါတယ်"

"ဒါ့အပြင် ကြီးမားတဲ့ အားနည်းချက်တစ်ခုလည်း ရှိပါသေးတယ်"

"ဒါကို တစ်ခါသင်ယူပြီးသွားရင် တခြားသော သွေးနှင့်စွမ်းအင် မြှင့်တင်ပေးမယ့် ကျင့်စဉ်တွေကို ပြောင်းလဲသင်ယူလို့ မရတော့ပါဘူး"

စူးချီ ထွက်သွားပြီးနောက် ရုံးခန်းအတွင်း၌ ကျန်ရစ်ခဲ့သော ရှန်ကျစ်ရှားမှာ ခေတ္တမျှ တုန်လှုပ်သွားသည်။ ဤကဲ့သို့သော ကန့်သတ်ချက်မျိုး ရှိလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သူမအနေဖြင့် မသင်ယူတော့ရန် ဆုံးဖြတ်ခဲ့သော်လည်း နောက်တစ်ကြိမ် ပြန်လည်စဉ်းစားမိပြန်သည်။ သူမတွင် စနစ်ရှိနေသဖြင့် အဆင့်တက်ရန်အတွက် ကျင့်စဉ်များအပေါ် မှီခိုနေစရာ မလိုပေ။ အကယ်၍ သူမသာ ဤကျင့်စဉ်ကို သင်ယူလိုက်ပါက ကျင့်စဉ်၏ အားနည်းချက်များကို ပိုမိုရှာဖွေနိုင်မည် ဖြစ်သည်။ ထိုအခါမှသာ ကျောင်းသားများ ကျောင်းထွက်သွားအောင် လှုံ့ဆော်နိုင်မည် မဟုတ်ပါလော။

ထိုသို့တွေးကာ ရှန်ကျစ်ရှားသည် မီးလျှံကျမ်းကို ယူ၍ လေ့ကျင့်ရေးခန်းမအတွင်းသို့ ဝင်သွားတော့သည်။

နာရီအနည်းငယ် ကြာပြီးနောက်တွင်မူ ရှန်ကျစ်ရှားသည် သူမ၏ လက်ထဲမှ အဝါနုရောင် မီးလျှံကလေးကို ကြည့်ကာ အတွေးနက်နေမိသည်။ မီးလျှံကျမ်းသည် အမှန်တကယ်ပင် သင်ယူရ လွယ်ကူလှသည်။ သူမ၏ ပါရမီဖြင့်ပင် နာရီပိုင်းအတွင်း အခြေခံတတ်မြောက်သွားခဲ့သည်။ သို့သော် တတ်မြောက်ပြီးနောက်တွင်မူ သူမ၏ အကြောမှတ် ၁၈ မှတ်မှာ တံဆိပ်ခတ်နှိပ်ခံလိုက်ရသလို ဖြစ်သွားပြီး သူမ၏ သွေးနှင့်စွမ်းအင်များမှာလည်း အဝါနုရောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုအခါမှ ရှန်ကျစ်ရှားမှာ ထိတ်လန့်ဖွယ်ရာ အမှန်တရားတစ်ခုကို သိရှိလိုက်ရသည်။ သူမ၏ ဖခင်သင်ပေးခဲ့သော ကျင့်စဉ်ဖြစ်စေ၊ စူးချီ၏ ထိုက်ကျိကျင့်စဉ်ဖြစ်စေ သွေးနှင့်စွမ်းအင်ကို မြှင့်တင်ပေးနိုင်သည့် စွမ်းရည်များအားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

"ဒီကျင့်စဉ်က တခြားဟာတွေကို တကယ်ပဲ ပိတ်ပင်လိုက်တာပဲ"

"ပြီးတော့ သွေးနဲ့စွမ်းအင် တိုးတက်တဲ့ အရှိန်ကလည်း အရမ်းကို နှေးကွာ"

"ဒါဟာ တကယ့်ကို ကြီးမားတဲ့ အားနည်းချက်ပဲ"

ဤကျင့်စဉ်မှာ အခြားကျင့်စဉ်များကို ပိတ်ပင်ထားရုံသာမက သွေးနှင့်စွမ်းအင် တိုးတက်မှုမှာလည်း အခြေခံ ကိုယ်လက်လှုပ်ရှား အားကစားနည်းတစ်ခုနှင့်သာ တန်းတူ ရှိနေသည်။ ၎င်းမှာ တကယ့်ကို ထောင်ချောက်တစ်ခုပင် ဖြစ်သည်။ သို့သော် သူမအတွက်တော့ ၎င်းမှာ အလွန်ကောင်းမွန်သော ထောင်ချောက်တစ်ခု ဖြစ်နေသည်။ ဤကဲ့သို့သော ကျင့်စဉ်ကို သင်ကြားပေးလိုက်ပါက လူအများမှာ ရှေ့ဆက်တက်လှမ်းနိုင်မည့် လမ်းစများ ပျောက်ကွယ်ကုန်ကြမည် မဟုတ်ပါလော။ စူးချီ၏ သစ္စာရှိကျောင်းသားများပင်လျှင် သူ့ကို စွန့်ခွာသွားကြပေလိမ့်မည်။

ရှန်ကျစ်ရှား၏ မျက်ဝန်းများမှာ မျှော်လင့်ချက်များဖြင့် တောက်ပလာတော့သည်။ သူမသည် ကျင့်စဉ်၏ စွမ်းအားကို စမ်းသပ်ရန်အတွက် စက်ပေါ်သို့ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။ ရလဒ်မှာမူ ကျင်းပေါင်း တစ်သောင်းရှစ်ထောင်ပင် မပြည့်ချေ။ သူမ၏ အဆင့်ခြောက် သွေးနှင့်စွမ်းအင်ဖြင့်ဆိုပါက ဤရလဒ်မှာ မီးလျှံကျမ်းက သူမ၏ အင်အားကို တစ်စက်ကလေးမျှ တိုးတက်အောင် မလုပ်ပေးနိုင်ခြင်းပင် ဖြစ်သည်။ ထို့အပြင် ထိုမီးလျှံကလေးမှာ စာရွက်တစ်ရွက်ကိုပင် လောင်ကျွမ်းစေရန် ခက်ခဲလှသည်။

"ဒါဟာ တကယ့်ကို ကျရှုံးမှုကြီးပဲ"

"ဒီတစ်ခါတော့ ကျောင်းထွက်မယ့်သူ မရှိဘူးဆိုရင် ငါ့နာမည်ကို ရှန်လို့ မခေါ်နဲ့တော့"

ရှန်ကျစ်ရှားမှာ ကျေနပ်သွားသော်လည်း သတိကြီးစွာဖြင့် ကျင့်စဉ်၏ အဓိကအချက်ဖြစ်သော မီးလျှံများကို စုပ်ယူခြင်းကို စမ်းသပ်ရန် ကျောင်း၏ မီးဖိုချောင်သို့ သွားလိုက်သည်။ မီးဖိုချောင်ရှိ မီးဖိုကို ဖွင့်လိုက်ပြီး ကျင့်စဉ်ကို လည်ပတ်စေလိုက်သောအခါ မီးလျှံများမှာ လေဆင်နှာမောင်းတစ်ခုအလား သူမ၏ လက်ဖဝါးအတွင်းသို့ စီးဝင်သွားတော့သည်။ သူမ၏ အကြောမှတ်များအတွင်း၌လည်း အနည်းငယ် တုန်ခါမှု ရှိလာခဲ့သည်။

သို့သော်လည်း ထိုမျှသာ ဖြစ်သည်။ မည်မျှပင် စုပ်ယူစေကာမူ သွေးနှင့်စွမ်းအင် တိုးတက်လာခြင်း သို့မဟုတ် အကြောမှတ်များ ပြောင်းလဲသွားခြင်းမျိုး မရှိခဲ့ပေ။ ဤသည်မှာ မီးလျှံကျမ်း၏ တစ်ခုတည်းသော အားသာချက်မှာ မီးလျှံများကို လျင်မြန်စွာ စုပ်ယူနိုင်ခြင်းသာ ဖြစ်သည်ဟု သူမ ကောက်ချက်ချလိုက်သည်။ ၎င်းမှာ စစ်တပ်၏ လိုအပ်ချက်ကိုတော့ အနည်းငယ် ဖြည့်ဆည်းပေးနိုင်ပေလိမ့်မည်။ အကယ်၍ မီးဘေးအန္တရာယ်ကြီး ကျရောက်လာပါက စစ်သည်အချို့ကို ဤကျင့်စဉ်ကို သင်ယူခိုင်းပြီး မီးလျှံများကို လိုက်လံစုပ်ယူခိုင်းခြင်းဖြင့် လူအများကို ကာကွယ်နိုင်ပေလိမ့်မည်။

ဤသို့ဖြင့် စူးချီသည် အစိုးရ၏ တာဝန်ကို ကျေပွန်ခဲ့သလို သူမ၏ လိုအပ်ချက်များကိုလည်း ပြည့်စုံစေခဲ့သည်။ အခြားကျင့်စဉ်များကို သင်ယူ၍မရခြင်း၊ ကနဦးစွမ်းအား အလွန်အားနည်းခြင်းနှင့် မီးလျှံစုပ်ယူသော်လည်း အင်အားမတိုးခြင်း စသည့် အားနည်းချက်များကြောင့် ကျောင်းသားပေါင်း သုံးသိန်းကျော်မှာ တစ်ပြိုင်တည်း ကျောင်းထွက်သွားကြမည်မှာ မြင်ယောင်နေတော့သည်။ ထိုအခါမှသာ သူမ၏ သွေးနှင့်စွမ်းအင် ရမှတ်များမှာ ဧကရာဇ်အားလုံးကို ကျော်လွန်သွားပေတော့မည်။

"ဒီတစ်ခါတော့ သေချာပေါက် အောင်မြင်ပြီ၊ ငါ့ကိုသာ ယုံလိုက်တော့"

အခန်း (၉၀) - မီးလျှံကျမ်းကို ခုတုံးလုပ်ချင်နေတာလား

သုံးရက်တာ အချိန်ကာလသည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့လေသည်။ နယူးဗွိုင်းယေ့ဂျ်ကျောင်း၏ အစည်းအဝေးခန်းမအတွင်း၌ ဆရာစူးသည် မီးလျှံကျမ်း သင်ခန်းစာများကို ပြင်ဆင်ရင်း သီချင်းတစ်အေးအေး သီဆိုနေသည်။ ထိုစဉ် ရုံးခန်းတံခါးခေါက်သံ ထွက်ပေါ်လာသဖြင့် ဆရာစူး မော့ကြည့်လိုက်သောအခါ တံခါးဝတွင် အတွင်းရေးမှူးလေး ရဲ့ရှူးယောင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

"ဆရာစူး ... အစိုးရဘက်က လူတွေ ရောက်နေပါတယ်၊ ကျောင်းအုပ်ကြီးရှန်က အစည်းအဝေးခန်းကို လာခဲ့ဖို့ ပြောလိုက်ပါတယ်"

ရဲ့ရှူးယောင်က ပြောရင်းနှင့် အစည်းအဝေးခန်းဘက်သို့ မျက်လုံးအနည်းငယ် စောင်းကြည့်လိုက်သည်။ လာသောသူများမှာ စေတနာကောင်းနှင့် လာခြင်းမဟုတ်ကြောင်း၊ သူမ၏ အန်တီမှာလည်း ကိုင်တွယ်ရခက်နေကြောင်း သွယ်ဝိုက်၍ သတိပေးလိုက်ခြင်း ဖြစ်သည်။

"ဘယ်သူတွေ ရောက်နေတာလဲ၊ အရင်တစ်ခေါက်က တပ်မှူးချုပ်လီလား" ဟု ဆရာစူးက လမ်းတွင် တိုးတိုးလေး မေးလိုက်သည်။

"မဟုတ်ပါဘူး ... အခုလာတာက ဒုတိယတပ်မှူး ထန်ကျန့်ချိုးပါ၊ သူက ထန်မိသားစုဝင် တစ်ယောက်ပဲ" ဟု ရဲ့ရှူးယောင်က မျက်မှောင်ကြုတ်လျက် သက်ပြင်းချကာ ဖြေလိုက်သည်။ သူမ၏ လေသံအရ လာသူမှာ ရန်လိုသော အမူအရာ ရှိနေကြောင်း သိသာလှသည်။

ဆရာစူး၏ ရင်ထဲတွင် အနည်းငယ် ထိတ်ခိုက်သွားရသည်။ သူ၏ မိုးကြိုးငါးသွယ် တရားကျင့်စဉ်ကြောင့် ထန်မိသားစုမှာ ငွေမြောက်မြားစွာ ဆုံးရှုံးခဲ့ရသဖြင့် သူ့ကို အငြိုးအတေး အထားဆုံးမှာ ထိုမိသားစုပင် ဖြစ်ရမည်။ ယခု ထန်မိသားစုဝင် အရာရှိကြီးတစ်ဦး ရောက်လာခြင်းမှာ ပြဿနာရှာရန်အတွက်သာ ဖြစ်ပေလိမ့်မည်။

အစည်းအဝေးခန်းအတွင်းသို့ ဝင်လိုက်သည်နှင့် မွှန်ထူနေသော ဆေးလိပ်နံ့များက ဆီးကြိုနေသည်။ ရှန်ကျစ်ရှားမှာ နှာခေါင်းကို ရှုံ့ထားပြီး မကျေမနပ်ဖြစ်နေသော အမူအရာ ရှိနေသော်လည်း စစ်ဝတ်စုံနှင့် လူလတ်ပိုင်း အမျိုးသားမှာမူ ဘေးလူကို ဂုုရုမစိုက်ဘဲ ဆေးလိပ်ကိုသာ တဖွာဖွာ သောက်နေသည်။ ထိုသူမှာ အသက်လေးဆယ်ကျော် ငါးဆယ်ခန့် ရှိပြီး မျက်လုံးအစုံမှာ သေးငယ်ကာ မျက်နှာမှာ ရှည်မျောမျော ရှိသည်။

"ဆရာစူး ... ဒါက ဗဟိုကာကွယ်ရေးဇုန်က ဒုတိယတပ်မှူး ထန်ကျန့်ချိုးပါ၊ ဘေးကတော့ သူ့ရဲ့ ကိုယ်ရံတော် အရာရှိကျန်းပါ"

"တပ်မှူးထန် ... ဒါကတော့ နယူးဗွိုင်းယေ့ဂျ်ရဲ့ ပဓာနဆရာကြီး ဆရာစူးချီ ပါ"

ရဲ့ရှူးယောင်က မိတ်ဆက်ပေးလိုက်သည်။ ဆရာစူး ဝင်လာသော်လည်း ထိုစစ်ဗိုလ်မှာ မတ်တတ်ရပ်၍ နှုတ်ဆက်ခြင်း မပြုဘဲ ခပ်စိမ်းစိမ်းသာ ကြည့်နေသည်။ တပ်မှူးချုပ်လီနှင့် တွေ့စဉ်က နွေးထွေးစွာ ဆက်ဆံခံခဲ့ရသော်လည်း ဤဒုတိယတပ်မှူးမှာမူ တပ်မှူးချုပ်ထက်ပင် ပို၍ မောက်မာနေပုံရသည်။

ဆရာစူး နေရာယူပြီးနောက်တွင် "အရာရှိကြီး ... ဒီနေ့ လာရတဲ့ ရည်ရွယ်ချက်က ဘာများဖြစ်မလဲ၊ ဘာတွေများ ညွှန်ကြားချင်လို့လဲ" ဟု မေးလိုက်သည်။

"ကိစ္စအချို့ကို အသိပေးဖို့ လာတာပါ၊ ချောက်နက်ကြီးထဲမှာ မီးအဆိပ်ဖလံကောင်တွေ စုစည်းတဲ့ အရှိန်က ငါတို့ ထင်ထားတာထက် ပိုမြန်နေတယ်၊ နိုင်ငံတော် ပျက်သုဉ်းမယ့် ဘေးအန္တရာယ်က စောစောစီးစီး ရောက်လာနိုင်တယ်" ဟု ထိုသူက ဆိုသည်။

ဤသတင်းကြောင့် ဆရာစူးမှာ အနည်းငယ် ဝမ်းသာသွားသည်။ မီးလျှံကျမ်းကို သင်ကြားရန်မှာ ယခုအခါတွင် အလွန်ပင် အရေးကြီးသွားပြီ ဖြစ်သည်။ အကယ်၍ လူပေါင်း သန်းနှင့်ချီ၍ ဤကျင့်စဉ်ကို တတ်မြောက်ထားပါက ထိုသားရဲဒီရေများကို အလွယ်တကူ နှိမ်နင်းနိုင်ရုံသာမက စစ်သည်များ၏ အင်အားကိုပါ မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။

"ဒါဆိုရင် မီးလျှံကျမ်းကို တိုက်ရိုက်ထုတ်လွှင့် သင်ကြားပေးဖို့ ကျွန်တော် အရှိန်မြှင့်ရမှာပေါ့" ဟု ဆရာစူးက ပြောလိုက်သည်။

သို့သော် ထန်ကျန့်ချိုးက ပြုံးစစဖြင့် "မလောပါနဲ့ဦး၊ ဒုတိယတစ်ချက်ကတော့ ရှောင်မိသားစုက သူတို့ရဲ့ ရေနှင့်မီး နတ်ဘုရားကျင့်စဉ် ဗားရှင်း ၁၇ ဒသမ ၀ ကို အစိုးရဆီ ထုတ်ပေးဖို့ သဘောတူလိုက်ပြီ၊ ဒါပေမဲ့ သူတို့မှာ ကန့်သတ်ချက် တစ်ခု ရှိတယ်" ဟု ဆိုသည်။

ရှန်ကျစ်ရှားမှာ အံ့အားသင့်သွားရသည်။ ရှောင်မိသားစုက ဘာကြောင့် ဤမျှလွယ်လွယ်နှင့် ကျင့်စဉ်ကို ထုတ်ပေးရသနည်း။ သူမ တွေးကြည့်လိုက်သောအခါမှ အဖြေကို သိသွားသည်။ စူးချီ၏ မီးလျှံကျမ်းကို အစိုးရထံ တင်ပြပြီးနောက် သူတို့ သုတေသန လုပ်ကြည့်ခဲ့ကြမည် ဖြစ်သည်။ မီးလျှံကျမ်း၏ မီးစုပ်ယူနိုင်စွမ်းမှာ အမှန်တကယ်ပင် စွမ်းအားကြီးမားလှသဖြင့် ရှောင်မိသားစုအနေဖြင့် သူတို့၏ ကျင့်စဉ်မှာ တစ်ခုတည်းသော ရွေးချယ်စရာ မဟုတ်တော့မှန်း သိသွားသောကြောင့်ပင် ဖြစ်ရမည်။

"ရှောင်မိသားစုက ဘာတွေ တောင်းဆိုထားလို့လဲ" ဟု သူမက မေးလိုက်သည်။

ထန်ကျန့်ချိုးက ဆေးလိပ်ငွေ့များကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်ပြီးနောက် "ရှောင်မိသားစုက ဆရာစူးအနေနဲ့ ကိုယ်ခံပညာတွေ ထပ်မဖန်တီးရတော့သလို အင်တာနက်ပေါ်ကနေလည်း လုံးဝ အနားယူသွားဖို့ တောင်းဆိုထားတယ်၊ ငါတို့ရဲ့ သုံးသပ်ချက်အရ မီးလျှံကျမ်းရဲ့ စွမ်းအားက ရှောင်မိသားစုရဲ့ ကျင့်စဉ်ကို မယှဉ်နိုင်ဘူး၊ ဒါကြောင့် လူသားမျိုးနွယ် တစ်ရပ်လုံးရဲ့ အကျိုးအတွက် ဆရာစူးဘက်က အနစ်နာခံပေးဖို့ မျှော်လင့်တယ်" ဟု ပြောလိုက်သည်။

ဤစကားကို ကြားလိုက်ရသောအခါ ရှန်ကျစ်ရှား၏ မျက်ဝန်းအစုံမှာ ဒေါသရိပ်များ ပြည့်နှက်သွားတော့သည်။ မီးလျှံကျမ်းကို ခုတုံးလုပ်ကာ ရှောင်မိသားစု၏ ကျင့်စဉ်ကို ရယူပြီးမှ စူးချီကို အင်တာနက်ပေါ်မှ မောင်းထုတ်ရန် ကြိုးစားခြင်းမှာ တကယ့်ကို ကောက်ကျစ်လှပေသည်။ ၎င်းမှာ သူမ၏ စနစ်ကိုပါ ဖျက်ဆီးခိုင်းခြင်းနှင့် အတူတူပင် ဖြစ်သည်။

"ရှင်တို့ အိပ်မက် မက်နေတာပဲ၊ ဆရာစူးကို ဒီလိုလုပ်ခိုင်းတဲ့သူက ဘယ်သူလဲ၊ ဘယ်သူပဲဖြစ်ဖြစ် ကျွန်မ ရှန်ကျစ်ရှားကတော့ သေခန်းစာတိုင်အောင် တိုက်ပွဲဝင်သွားမယ်" ဟု သူမက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူမ၏ တစ်ကိုယ်လုံးမှ သွေးနှင့်စွမ်းအင်များမှာလည်း ဆူပွက်လာတော့သည်။

ဘေးရှိ ဆရာစူးက အချိုချောင်းလေးတစ်ခုကို ထုတ်ကာ အခွံခွာပြီး ရှန်ကျစ်ရှား၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ အချိုဓာတ်ကြောင့် သူမ အနည်းငယ် တည်ငြိမ်သွားရသည်။ ထို့နောက် ဆရာစူးက အေးအေးဆေးဆေးပင် မေးလိုက်သည်။

"တပ်မှူးထန် ... ဒါဟာ အစိုးရတစ်ရပ်လုံးရဲ့ ဆုံးဖြတ်ချက်လား၊ ဒါမှမဟုတ် ခင်ဗျားရဲ့ ပုဂ္ဂိုလ်ရေး ဆန္ဒလား" ဟု မေးရင်း ဖုန်းဖြင့် မှတ်တမ်းတင်လိုက်သည်။

ထန်ကျန့်ချိုးမှာ ခေတ္တမျှ ဆွံ့အသွားရသည်။ အမှန်စင်စစ် အစိုးရအဆင့်မြင့် အရာရှိကြီးများမှာ ဆရာစူးအပေါ် အလွန်ပင် မျှော်လင့်ချက် ထားနေကြသူများ ဖြစ်သဖြင့် ရှောင်မိသားစု၏ တောင်းဆိုချက်ကို အများစုက ငြင်းပယ်ထားကြပြီး ဖြစ်သည်။ သူသည် ထန်မိသားစုအတွက် ရန်ငြိုးကို ဖြေဖျောက်ရန်နှင့် မိသားစုကြီးများ၏ အကျိုးအတွက် ကိုယ်တိုင်လာရောက် ခြိမ်းခြောက်ခြင်းသာ ဖြစ်သည်။

ဆရာစူးသည် ထိုသူ၏ အမူအရာကို ကြည့်ကာ ဤသည်မှာ မိသားစုကြီးများ၏ တိတ်တဆိတ် လုပ်ဆောင်မှု ဖြစ်ကြောင်း ရိပ်မိလိုက်သည်။ ထို့ကြောင့် သူက ပြုံးလျက် ဆက်ပြောလိုက်သည်။

"အနစ်နာခံဖို့ဆိုတာ ကျင့်စဉ် အားနည်းတဲ့သူဘက်ကပဲ လုပ်သင့်တာပါ၊ ရှောင်မိသားစုကော ငါတို့နဲ့ ယှဉ်ပြိုင်ရဲရဲ့လား၊ ဘယ်ကျင့်စဉ်က ကျင့်ကြံသူတွေအတွက် ပိုပြီး ကောင်းမွန်မလဲဆိုတာ ကြည့်ကြတာပေါ့၊ အကယ်၍ ငါရှုံးရင် အင်တာနက်ပေါ်ကနေ အနားယူမယ်၊ ဒါပေမဲ့ ရှောင်မိသားစုဘက်က ရှုံးခဲ့ရင်တော့ တပ်မှူးထန် ခင်ဗျားပဲ ရာထူးကနေ အနားယူပေးရမယ်၊ ဒီလောင်းကြေးကို ခင်ဗျား လက်ခံရဲသလား"

All Chapters