အခန်း (၉၁-၉၂)
Vol. 10 Ch. 91-92
အခန်း (၉၁) - ရင်းနှီးနေသော မြင်ကွင်းတစ်ခု
"အရှုံးအနိုင် လောင်းကြေးထပ်မလို့လား"
မိသားစုကြီးတစ်ခုမှ ဆင်းသက်လာပြီး အာဏာရှိသော ရာထူးကို ဆုပ်ကိုင်ထားသည့် ထန်ကျန့်ချိုးပင်လျှင် စူးချီ၏ တောင်းဆိုချက်ကြောင့် အံ့အားသင့်သွားရသည်။ ဆယ်စုနှစ်ပေါင်းများစွာ မည်သည့်ခံစားချက်ကိုမျှ ထုတ်မပြခဲ့သော သူ၏ မျက်ဝန်းအစုံတွင် ဝမ်းသာရိပ်များ လှစ်ခနဲ ပေါ်လာခဲ့သည်။ ထို့နောက်တွင်မူ ဖုံးကွယ်၍မရသော အထင်သေးသည့် အမူအရာက သူ၏ မျက်နှာတွင် နေရာယူသွားတော့သည်။
လူမိုက်လေး။
မီးလျှံကျမ်းကို စစ်တပ်သို့ ပေးပို့ပြီးနောက် ထန်ကျန့်ချိုးကိုယ်တိုင် စမ်းသပ်စစ်ဆေးမှုတွင် ပါဝင်ခဲ့သည်။ သူသည် စစ်သည်ငယ် သုံးဦးကို ထိုကျင့်စဉ်အား သင်ယူခိုင်းခဲ့သည်။ ထိုအခါ ထိုစစ်သည်များမှာ သွေးနှင့်စွမ်းအင် အဆင့်အတန်းများ ကျန်ရှိနေသေးသော်လည်း စစ်တပ်၏ ကျင့်စဉ်များ သို့ မဟုတ် ထိုက်ကျိကျင့်စဉ်ကဲ့သို့သော ပညာရပ်များကို ဆက်လက်ကျင့်ကြံ၍ မရတော့ကြောင်း တွေ့ရှိလိုက်ရသဖြင့် သူ အံ့အားသင့်ခဲ့ရသည်။
ထို့ပြင် ထိုကျင့်စဉ်က သွေးနှင့်စွမ်းအင်ကို တိုးတက်စေသည့် အရှိန်မှာလည်း အလွန်ပင် နှေးကွေးလှသည်။ မီးဓာတ်စွမ်းအားမှာလည်း အလွန်ပင် အားနည်းနေသေးသည်။ ပြောစရာဆိုလို့ မီးလျှံများကို စုပ်ယူနိုင်စွမ်း အလွန်ကောင်းမွန်ခြင်း တစ်ခုသာ ရှိသည်။ ထိုအချက်သာ မရှိပါက ဤကျင့်စဉ်မှာ လမ်းဘေးတွင် ပစ်ထားလျှင်ပင် သူ ကြည့်မည်မဟုတ်ပေ။
ယခုမူ စူးချီဆိုသော ထိုကောင်လေးက ဤကျင့်စဉ်ဖြင့် ရှောင်မိသားစု၏ ရေနှင့်မီး နတ်ဘုရားကျင့်စဉ် ဗားရှင်း ၁၇ ဒသမ ၀ ကို ယှဉ်ပြိုင်လိုသည်ဟု ဆိုလာသည်။ ယှဉ်ပြိုင်မည့် နည်းလမ်းမှာလည်း ကျောင်းသားများကို အရင်သင်ယူခိုင်းပြီးမှ သူတို့၏ ကျေနပ်မှုကို အမှတ်ပေးခိုင်းမည်ဟူ၍ ဖြစ်သည်။ မီးလျှံကျမ်းကဲ့သို့ အားနည်းသော ကျင့်စဉ်ကို မည်သူကများ ကျေနပ်ပါမည်နည်း။
စူးချီသည် အဘယ်ကြောင့် သေချာပေါက် ရှုံးမည့် လောင်းကြေးကို တောင်းဆိုရသနည်း။ ထန်ကျန့်ချိုး စဉ်းစားကြည့်သောအခါ စူးချီမှာ အောင်မြင်မှုများစွာ ရထားသဖြင့် အောက်ခြေလွတ်ကာ ရူးသွပ်သွားခြင်းသာ ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်သည်။
သို့သော် ဤသည်မှာ သူ၏အတွက် ပို၍ပင် ကောင်းမွန်လှသည်။ အမှန်စင်စစ် စစ်တပ်အနေဖြင့် မီးလျှံကျမ်းကို မည်သို့အသုံးချရမည်ကို မဆုံးဖြတ်ရသေးပေ။ မိသားစုကြီးများ၏ ဘက်တော်သားဖြစ်သော သူသည် နယူးဗွိုင်းယေ့ဂျ်သို့ လာရောက်ရခြင်းမှာ နိုင်ငံချစ်စိတ်ကို အကြောင်းပြကာ စူးချီအား အင်တာနက်ပေါ်မှ အနားယူသွားအောင် ဖိအားပေးရန် ဖြစ်သည်။
ရှန်ကျစ်ရှားက ဒေါသတကြီး ငြင်းဆန်နေချိန်တွင် သူ မျှော်လင့်ချက် ပျက်သုဉ်းတော့မည်ဟု ထင်ခဲ့သော်လည်း စူးချီကိုယ်တိုင်က အခွင့်အရေးကို လက်ဝါးချင်းရိုက်၍ ကမ်းလှမ်းလာခြင်း ဖြစ်သည်။ ဤဝမ်းသာစရာ သတင်းမှာ သူ အလွန်နှစ်သက်ရသော အမျိုးသမီးက သူ့ကို ကိုယ်တိုင် လာရောက် ဖိတ်ခေါ်လိုက်သကဲ့သို့ပင် ခံစားလိုက်ရသည်။
"ဟားဟား ... လူငယ်လေး မင်းကတော့ တကယ့်ကို ရည်မှန်းချက် ကြီးတာပဲ"
"ဒီကိစ္စကို ရှောင်မိသားစု ကိုယ်စား ငါကပဲ လက်ခံလိုက်မယ်"
ထန်ကျန့်ချိုးက ခေတ္တမျှ စကားကို ရပ်လိုက်သည်။ ယခု ပြောနေသည်များမှာ နှုတ်ကတိများသာ ရှိသေးသဖြင့် ၎င်းကို လက်တွေ့ဖြစ်လာအောင် သူ မည်သို့လုပ်ရမည်နည်းဟု စဉ်းစားလိုက်သည်။
"ဆရာစူးက ဒီလောက်တောင် ယုံကြည်မှု ရှိနေမှတော့ ငါတို့ ဒီလိုလုပ်ကြတာပေါ့"
"ဗဟိုရုပ်သံဌာနရဲ့ ကွန်ရက်စာမျက်နှာတွေကနေ မင်းတို့ရဲ့ ယှဉ်ပြိုင်မှုကို တိုက်ရိုက်ထုတ်လွှင့်ပြသဖို့ ငါ စီစဉ်ပေးမယ်"
"ဘယ်လိုလဲ"
"ကျောင်းအုပ်ကြီးရှန်နဲ့ ဆရာစူးတို့ဘက်က ကန့်ကွက်စရာ မရှိဘူးဆိုရင်တော့ ဗဟိုရုပ်သံဌာနကနေ တရားဝင် ကြေညာခိုင်းလိုက်တော့မယ်"
ထန်ကျန့်ချိုးသည် ပြောပြောဆိုဆိုဖြင့် ဖုန်းကို ထုတ်လိုက်သည်။ သူ၏ ပိန်လှီသော မျက်နှာတွင် အလွန်ပင် ရိုးသားလှသော အမူအရာ ရှိနေသော်လည်း ထိုရိုးသားမှု၏ နောက်ကွယ်တွင်မူ ကောက်ကျစ်သော အကြံအစည်များ ရှိနေသည်။ ဗဟိုရုပ်သံဌာနဆိုသည်မှာ နိုင်ငံတော်၏ အာဏာအရှိဆုံး မီဒီယာတစ်ခု ဖြစ်သည်။ အကယ်၍ ထိုနေရာမှ တရားဝင် ကြေညာလိုက်ပြီဆိုလျှင် နောက်ဆုတ်ရန် လမ်းမရှိတော့ပေ။ သူသည် ဤကိစ္စကို အမြန်ဆုံး အကောင်အထည်ဖော်ရန် လောနေခြင်း ဖြစ်သည်။
"ဒါကတော့ ..."
စူးချီက သဘောတူရန် ပြင်လိုက်စဉ်မှာပင် အတွင်းရေးမှူးလေး ရဲ့ရှူးယောင်က သူ့ကို အသာအယာ ဆွဲလိုက်သည်။
"တပ်မှူးထန် ... ကျွန်မတို့ကို ခဏလောက် ခွင့်ပြုပေးပါဦး"
ရဲ့ရှူးယောင်သည် ပြောပြောဆိုဆိုဖြင့် စူးချီနှင့် ရှန်ကျစ်ရှားတို့ကို ဆွဲကာ အပြင်သို့ ထွက်လာခဲ့သည်။ ခဏအကြာတွင် သူတို့ သုံးဦးမှာ ကျောင်းအုပ်ကြီးရုံးခန်းသို့ ရောက်ရှိသွားကြသည်။
"ဆရာစူး ... ရှင်တော့ မှားကုန်ပြီ"
"ထန်ကျန့်ချိုးက ရှောင်မိသားစုရဲ့ ကျင့်စဉ်ကို အတော်လေး ယုံကြည်နေတာ၊ ဒါဟာ ရှင့်အတွက် အန္တရာယ်ရှိတယ်"
"ဒါကို သဘောမတူလို့ မရဘူးလား၊ ကျွန်မ အခုပဲ အဘိုးကို ဖုန်းဆက်ပြီး ကြားဝင်ပေးဖို့ ပြောလိုက်မယ်"
ရဲ့ရှူးယောင်က ပြောရင်းနှင့် သူမ၏ ဖုန်းကို ထုတ်ကာ ရှန်ကျန့်လင်ကို ဆက်ရန် ပြင်လိုက်သည်။ သူမသည် မီးလျှံကျမ်းကို သူမ၏ အဘိုးထံသို့ တိတ်တဆိတ် ပေးပို့ထားခဲ့ပြီး ဖြစ်သည်။ ရှန်မိသားစုကလည်း ထိုကျင့်စဉ်ကို လူတစ်ဦးအား စမ်းသပ်ကျင့်ကြံခိုင်းခဲ့ရာ မီးစုပ်ယူနိုင်စွမ်းမှလွဲ၍ ကျန်သည့်နေရာများတွင် အသုံးမဝင်ကြောင်း ကောက်ချက်ချထားခဲ့သည်။ ရှန်ကျန့်လင်ကိုယ်တိုင်ပင် ကျင့်စဉ်များ မှားယွင်းပေးပို့လိုက်ခြင်းလားဟု မေးမြန်းခဲ့ပြီး စူးချီ၏ အရည်အချင်းနှင့် မကိုက်ညီကြောင်း ပြောဆိုခဲ့ဖူးသည်။
ထိုအချိန်က ရဲ့ရှူးယောင်မှာလည်း ထူးဆန်းသည်ဟု ထင်ခဲ့မိသော်လည်း စူးချီနှင့် သူမ၏ အန်တီတို့ တစ်အိမ်တည်း အတူနေထိုင်စဉ်အတွင်း သူမ၏ အန်တီက စူးချီအား နည်းမျိုးစုံဖြင့် နှောင့်ယှက်နေခဲ့သည်ကို သတိရသွားသည်။ ကျင့်စဉ်ဖန်တီးချိန်ကိုလည်း အတင်းအကျပ် လျှော့ချခိုင်းခဲ့သဖြင့် ဤကဲ့သို့သော ကျင့်စဉ်မျိုး ထွက်လာခြင်းမှာ ဖြစ်နိုင်သည်ဟု သူမ ယူဆလိုက်သည်။
ယခုမူ စူးချီက ဤကျင့်စဉ်ဖြင့် ရှောင်မိသားစုကို ယှဉ်ပြိုင်မည် ဆိုသည်မှာ သေချာပေါက် ရှုံးနိမ့်မည့် အလုပ်ပင် ဖြစ်သည်။ ဤလောင်းကြေးကို လုံးဝ လက်မခံသင့်ပေ။
ရဲ့ရှူးယောင် ဖုန်းဆက်ရန် ပြင်နေစဉ် စူးချီက သူမ၏ လက်ကို လှမ်းတားလိုက်သည်။
"ရှန်မိသားစုရဲ့ အကူအညီကို ယူဖို့ မလိုပါဘူး"
"မီးလျှံကျမ်းက ရှောင်မိသားစုရဲ့ ကျင့်စဉ်ကို ဘယ်တော့မှ ရှုံးမှာ မဟုတ်ဘူး"
"ငါ့ကို ယုံကြည်ပေးပါ"
ထိုစကားကို ကြားသောအခါ ရဲ့ရှူးယောင်မှာ စိုးရိမ်လွန်းသဖြင့် မျက်လုံးများပင် ပြူးသွားရသည်။ ‘မီးလျှံကျမ်းက ရှုံးမှာ မဟုတ်ဘူး ဟုတ်လား။ ရှင် ဘယ်လိုနည်းနဲ့ အနိုင်ယူမလဲဆိုတာကိုတောင် ကျွန်မ မမြင်နိုင်ဘူး။’
သူမသည် စူးချီကို ပြော၍မရသဖြင့် သူမ၏ အန်တီကို အကူအညီတောင်းသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ စူးချီကို ဖျောင်းဖျပေးရန် သူမ အချက်ပြလိုက်ခြင်း ဖြစ်သည်။ သို့သော် သူမ၏ အန်တီဖြစ်သူက စကားစလိုက်သည်။
"ဒီကိစ္စမှာတော့ ငါ စူးချီကို ယုံကြည်တယ်"
"ရှင်လုပ်ချင်သလိုသာ ဆက်လုပ်ပါ"
ထိုခဏတွင် ရဲ့ရှူးယောင်မှာ မှင်သက်သွားရသည်။ ဤမြင်ကွင်းက တစ်နေရာရာမှာ ရင်းနှီးနေသလိုပဲ။ အရင်က ကြုံဖူးသလိုမျိုး ဖြစ်နေသည်။
ဟုတ်သားပဲ။ စူးချီကို အင်တာဗျူးလုပ်စဉ်က ဖားသဏ္ဌာန်ကျင့်စဉ်နှင့် ပတ်သက်၍လည်း သူမ၏ အန်တီက ဤစကားကိုပင် ပြောခဲ့သည် မဟုတ်ပါလော။ သို့သော် ထိုစဉ်က စူးချီသည် ကျင့်စဉ်ကို အချိန်အတော်ကြာ ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ ယခုမူ အချိန်မလုံလောက်ဘဲ ဖန်တီးထားသည့် ကျင့်စဉ်ကို အဘယ်ကြောင့် ဤမျှ ယုံကြည်နေရသနည်း။
ရဲ့ရှူးယောင်မှာ တစ်ခုခု ပြန်ပြောရန် ပြင်လိုက်သော်လည်း စကားလုံးများမှာ လည်ချောင်းဝတွင်ပင် တစ်နေတော့သည်။ မီးလျှံကျမ်းမှာ အသုံးမဝင်ဟု သူမ ထင်နေသော်လည်း ယခင်က အတွေ့အကြုံများအရ အခြေအနေများမှာ ပြောင်းပြန် ဖြစ်သွားနိုင်သည်ဟုလည်း သူမ တွေးမိပြန်သည်။ နောက်ဆုံးတွင်မူ ရဲ့ရှူးယောင်မှာ ဘာမျှမပြောဘဲ တိတ်ဆိတ်နေလိုက်ရတော့သည်။
ရှန်ကျစ်ရှားက ယခုအချိန်အထိ သူ့ကို ယုံကြည်ပေးနေလိမ့်မည်ဟု စူးချီ မထင်ထားခဲ့ပေ။ သူ လှည့်ကြည့်လိုက်သောအခါ ရှန်ကျစ်ရှား၏ မျက်ဝန်းအစုံတွင် မျှော်လင့်ချက်များဖြင့် တောက်ပနေသည်ကို တွေ့လိုက်ရသည်။ ထိုမျှော်လင့်ချက်များမှာ ဟန်ဆောင်နေခြင်း မဟုတ်သည်မှာ သေချာလှသည်။
ဤယုံကြည်မှုကြောင့် စူးချီမှာ အလွန်ပင် စိတ်လှုပ်ရှား ဝမ်းသာမိရသည်။ အကြိမ်ကြိမ်ပင် ရှိခဲ့ပြီ။ သူမသည် သူ့ကို အမြဲတမ်း ဤမျှအထိ ယုံကြည်ပေးခဲ့သည်။ ဤကမ္ဘာပေါ်တွင် အမျိုးသားတစ်ဦးအတွက် အမျိုးသမီးတစ်ဦး၏ အကန့်အသတ်မဲ့သော ယုံကြည်မှုထက် ပို၍ စိတ်လှုပ်ရှားစရာ ကောင်းသောအရာ ရှိပါမည်လော။ ထိုယုံကြည်မှုများက စူးချီ၏ ရင်ထဲတွင် နွေးထွေးမှုများကို ဖြစ်ပေါ်စေသည်။
ထိုအချိန်တွင် ရင့်ကျက်လှပသော ရှန်ကျစ်ရှားမှာ စူးချီ၏ မျက်လုံးထဲတွင် နတ်သမီးတစ်ပါးကဲ့သို့ပင် တောက်ပနေတော့သည်။
စူးချီ မသိရှိသည်မှာ ရှန်ကျစ်ရှား၏ မျက်လုံးများ တောက်ပနေခြင်းမှာ အခြားသော အကြောင်းရင်းတစ်ခုကြောင့် ဖြစ်သည်။
"ထန်ကျန့်ချိုးက ဗဟိုရုပ်သံဌာနကနေ တရားဝင် ကြေညာမယ်လို့ ပြောတာလား"
"ပြီးတော့ တိုက်ရိုက်ထုတ်လွှင့်ပြီး ယှဉ်ပြိုင်ခိုင်းမယ် ဟုတ်လား"
မဟုတ်တာ ... ငါတော့ ချမ်းသာတော့မှာပဲ။ ဟားဟားဟား။
ဗဟိုရုပ်သံဌာနဆိုသည်မှာ လူကြည့်အများဆုံး မီဒီယာ မဟုတ်ပါလော။ အကယ်၍ မီးလျှံကျမ်းနှင့် ရှောင်မိသားစု၏ ကျင့်စဉ် ယှဉ်ပြိုင်မှုကို ထိုနေရာမှ ကြေညာလိုက်မည်ဆိုပါက နယူးဗွိုင်းယေ့ဂျ်ကျောင်းအကြောင်းကို တစ်နိုင်ငံလုံး သိသွားကြပေလိမ့်မည်။ ထိုအခါ မိသားစုကြီးများကို မလိုလားသူများအားလုံး နယူးဗွိုင်းယေ့ဂျ်သို့ အလုံးအရင်းနှင့် လာရောက်ကာ ကျောင်းသားအဖြစ် စာရင်းသွင်းကြမည်မှာ သေချာသည်။
ထိုကျောင်းသားများမှာ လူပေါင်း ငါးသိန်း၊ ခြောက်သိန်းခန့် ရှိလာနိုင်သည်။ ထို့နောက် သူတို့ မီးလျှံကျမ်းကို သင်ယူကြသောအခါတွင်မူ ယခင်ကျင့်စဉ်များအားလုံး အသုံးမဝင်တော့ဘဲ အင်အားများလည်း လျော့နည်းသွားမည်ကို သိရှိသွားကြလိမ့်မည်။
ထိုအချိန်တွင် ကျောင်းသားများ၏ မျက်နှာထား မည်သို့ရှိမည်နည်း။ စူးချီအပေါ် ကျေးဇူးတင်ကြပါဦးမည်လော။ လုံးဝ မဖြစ်နိုင်ပေ။ သူတို့ ဒေါသတကြီးဖြင့် ကျောင်းထွက်ကြမည်မှာ သေချာသည်။ အဲဒီလိုဆိုရင် ငါ့အတွက် ရမှတ်တွေ အများကြီး ရတော့မှာပေါ့။
ကျောင်းသား ငါးသိန်းခန့် ကျောင်းထွက်လျှင် တစ်ယောက်ကို ပျမ်းမျှ ရမှတ် ၃၀၀ နှုန်းနှင့်ဆိုပါက သူမအတွက် ရမှတ် ဘီလီယံ ၁၅၀ ခန့် ရရှိနိုင်မည် ဖြစ်သည်။ သူမသည် ချက်ချင်းပင် ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။ သူမ ဧကရာဇ် ဖြစ်လာသောအခါ စူးချီကို သေချာပေါက် ကာကွယ်ပေးမည် ဖြစ်သည်။ ထိုအချိန်ကျမှ စူးချီကို သူဖြစ်ချင်သည့် ကျင့်စဉ်များ စိတ်ကြိုက် ဖန်တီးခိုင်းမည် ဖြစ်သည်။
စူးချီ အင်တာနက်ပေါ်မှ အနားယူရမည့် ကိစ္စလား။ ဟဲဟဲ ... ငါ ဧကရာဇ် ဖြစ်သွားရင်တော့ ဒုတိယတပ်မှူးရဲ့ လောင်းကြေးကို ငါ ဂရုစိုက်စရာ လိုပါဦးမလား။ ကတိဆိုတာ ဓားသွားပေါ်မှာပဲ တည်ရှိတာလေ။ အမှန်တရားဆိုတာ အင်အားရှိတဲ့သူဘက်မှာပဲ ရှိတာပေါ့။
နာရီအနည်းငယ် ကြာပြီးနောက် ဗဟိုရုပ်သံဌာနမှ သတင်းတစ်ခုကို တရားဝင် ထုတ်ပြန်လိုက်သည်။
"နယူးဗွိုင်းယေ့ဂျ်၏ မီးလျှံကျမ်း နှင့် ရှောင်မိသားစု၏ ရေနှင့်မီး နတ်ဘုရားကျင့်စဉ်တို့အကြား မည်သည့်မီးဓာတ်ကျင့်စဉ်က အစွမ်းထက်ဆုံး ဖြစ်မည်နည်း"
"နောက်ထပ် သုံးရက်အကြာတွင် ဗဟိုရုပ်သံဌာန၏ ကွန်ရက်စာမျက်နှာမှတစ်ဆင့် တိုက်ရိုက်ယှဉ်ပြိုင်မှုကို ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်"
ထိုသတင်း ထွက်လာသည်နှင့်တစ်ပြိုင်နက် တစ်နိုင်ငံလုံးမှာ အံ့အားသင့် တုန်လှုပ်သွားကြတော့သည်။
အခန်း (၉၂) - လူထုအမြင်များ ရိုက်ခတ်လာခြင်းနှင့် အားပေးမှုများ ဝေစီလာခြင်း
"ဟေး ... ကျောင်းအုပ်ကြီးရှန်တော့ အောင်မြင်တော့မှာပဲ"
နယူးဗွိုင်းယေ့ဂျ်ကျောင်း၏ ကျောင်းအုပ်ကြီးရုံးခန်းအတွင်း၌ အသားကင်နံ့များ သင်းပျံ့နေပြီး စားပွဲပေါ်မှ တဂျွတ်ဂျွတ် ဝါးသံများမှာလည်း ရံဖန်ရံခါ ထွက်ပေါ်နေသည်။
ထိုအချိန်တွင် ကျောင်းအုပ်ကြီးရှန်သည် သူမ၏ ထိုင်ခုံတွင် သက်သောင့်သက်သာ မှီထိုင်ရင်း ကွန်ပျူတာမျက်နှာပြင်ကို စိုက်ကြည့်နေသည်။ တစ်ချိန်တည်းမှာပင် နွားနို့လက်ဖက်ရည်ခွက်ကို ရင်ဘတ်ပေါ် တင်ထားကာ အာလူးကြော်များကို ပါးစပ်ထဲသို့ တစ်ခုပြီးတစ်ခု ထည့်နေပြီး နွားနို့လက်ဖက်ရည်ကိုလည်း ငုံ့သောက်လိုက်ရင်း အလွန်ပင် စိတ်ကြည်လင်နေတော့သည်။
ကွန်ပျူတာမျက်နှာပြင်ပေါ်တွင် စူးချီနှင့် ထန်ကျန့်ချိုးတို့၏ လောင်းကြေးအကြောင်း ဗဟိုရုပ်သံဌာနမှ တရားဝင် ကြေညာထားသည်ကို မြင်တွေ့နေရသည်။ ထိုသတင်းအောက်မှ မှတ်ချက်တစ်ခုချင်းစီက သူမကို အလွန်ပင် ဝမ်းသာအားရ ဖြစ်စေသည်။
"ထိုက်ကျိကျင့်စဉ်ကို စူးချီက စတင်ဖန်တီးခဲ့တာဆိုတာ အခုမှပဲ သိတော့တယ်"
"ထိုက်ကျိတင် မဟုတ်ဘူး ဖားသဏ္ဌာန်ကျင့်စဉ်၊ ဝိညာဉ်ဓားတစ်သောင်း မူလသို့ပြန်ခြင်းနဲ့ မိုးကြိုးငါးသွယ် တရားကျင့်စဉ်တွေကလည်း သူဖန်တီးခဲ့တာပဲလေ"
"ဒါဆိုရင် ဆရာစူးက ကိုယ်ခံပညာလောကက လူတွေကို မူပိုင်ခွင့်ခတောင် မတောင်းဘဲ ကူညီပေးခဲ့တာပေါ့"
"မိသားစုကြီးတွေရဲ့ ကျင့်စဉ်တွေကတော့ ငွေပေးရတာ ဒါမှမဟုတ်ရင် သူတို့ဆီမှာ အလုပ်အကျွေးပြုရတာမျိုးတွေပဲ ရှိတာ"
ထန်ကျန့်ချိုးသည် ဗဟိုရုပ်သံဌာနကို အသုံးချ၍ လောင်းကြေးကိစ္စကို ကြေညာနိုင်ခဲ့သော်လည်း မိသားစုကြီးများ၏ လက်ကိုင်တုတ် မီဒီယာများကိုမူ ယခင်ကပင် ရှင်းလင်းထားခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် လူထု၏အမြင်ကို ထိန်းချုပ်ရန် သူတို့အတွက် ခက်ခဲနေခဲ့သည်။
သာမန်လူတန်းစားနှင့် မိသားစုကြီးများအကြား အားပြိုင်မှု၊ အားနည်းသူနှင့် အားကြီးသူအကြား ရင်ဆိုင်မှု ဟူသော ဤမမျှတသည့် တိုက်ပွဲတွင် သာမန်ပြည်သူများက သူတို့နှင့် ဘဝတူဖြစ်သော စူးချီဘက်မှသာ ရပ်တည်ကြမည်မှာ သဘာဝပင် ဖြစ်သည်။
အစိုးရ၏ သွယ်ဝိုက်သော လမ်းညွှန်မှုအောက်တွင် စူးချီ၏ ကိုယ်ရေးမှတ်တမ်းများကိုလည်း အင်တာနက်အသုံးပြုသူများက အသည်းအသန် ရှာဖွေဖော်ထုတ်လာကြသည်။ ဖားသဏ္ဌာန်ကျင့်စဉ်က ကျောင်းသား မည်မျှကို ကယ်တင်ခဲ့သနည်း၊ ထိုက်ကျိကျင့်စဉ်က သာမန်လူ မည်မျှ၏ ဘဝကို ပြောင်းလဲပေးခဲ့သနည်း၊ ဝိညာဉ်ဓားကျင့်စဉ်က ဒဏ်ရာရစစ်သည် မည်မျှကို ကုသပေးခဲ့သနည်း၊ မိုးကြိုးကျင့်စဉ်က မကောင်းဆိုးဝါးရန်မှ လူမည်မျှကို ကယ်တင်ခဲ့သနည်း ဆိုသည်များကို အားလုံးက သိရှိသွားကြတော့သည်။
ယခင်က ထိုကျင့်စဉ်များမှာ နာမည်ကြီးခဲ့သော်လည်း ၎င်းကို အသုံးချ၍ အခြားသော လူသိများသူများကသာ အကျိုးအမြတ် ရရှိခဲ့ကြခြင်း ဖြစ်သည်။ ကျင့်စဉ်ကို ဖန်တီးသူမှာ စူးချီဖြစ်ကြောင်း လူအများက သိရှိကြသော်လည်း သူ၏ပုံရိပ်မှာမူ သိပ်ပြီး ထင်ရှားခြင်း မရှိခဲ့ပေ။ သို့သော် ယခုတစ်ကြိမ်တွင်မူ အခြေအနေမှာ ကွဲပြားသွားခဲ့ပြီ ဖြစ်သည်။
သူသည် မိသားစုကြီးများ၏ ကျင့်စဉ်ကို တိုက်ရိုက် စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။ ၎င်းမှာ လူအများက လုပ်ချင်သော်လည်း မလုပ်ဝံ့ခဲ့သည့် အရာပင် ဖြစ်သည်။ ပါရမီရှင်များစွာ ရှုံးနိမ့်ခဲ့ရသော ထိုတံတိုင်းကြီးကို စူးချီက ဖြိုဖျက်နိုင်ပါမည်လော။ မိသားစုကြီးများ ခေတ်အဆက်ဆက် တည်ဆောက်ခဲ့သော အုတ်မြစ်ကို သူ ကျော်လွှားနိုင်ပါမည်လော။ မည်သူမျှ မသေချာကြသော်လည်း စူးချီ၏ လုပ်ရပ်မှာ သာမန်လူများက အာဏာရှိသူများကို ပထမဆုံးအကြိမ် စိန်ခေါ်ခြင်းဖြစ်ကြောင်း အားလုံးက အသိအမှတ်ပြုလိုက်ကြသည်။
အောင်မြင်နိုင်ပါမည်လောဆိုသည်ကို မသေချာသော်လည်း လူအများမှာ စူးချီအား အပြည့်အဝ ဝန်းရံအားပေးလိုကြသည်။
"စူးချီရဲ့ နောက်ခံကို ကြည့်ပြီးပြီ၊ သူဟာ အာဏာရှိသူတွေကို ရင်ဆိုင်နေတဲ့ ငါတို့ သာမန်လူတွေအတွက် မျှော်လင့်ချက် အလင်းတောင်တစ်ခုပဲ၊ ငါတော့ နယူးဗွိုင်းယေ့ဂျ်ရဲ့ အသင်းဝင်အဖြစ် အခုပဲ ငွေသွင်းလိုက်ပြီ"
"ဘယ်သူပဲ အာဏာရှိသူတွေကို စိန်ခေါ်စိန်ခေါ် ငါကတော့ ဝန်းရံပေးမှာပဲ၊ ယွမ်နှစ်ရာဆိုတာ ဘာမှမဟုတ်ပါဘူး"
"သာမန်လူတွေက အမြဲတမ်း အနှိမ်ခံနေရမှာ မဟုတ်ဘူး၊ စူးချီရဲ့ အလင်းရောင်က ငါတို့ကို လမ်းပြပေးလိမ့်မယ်"
"အကယ်၍ စူးချီသာ ရှုံးသွားရင် သာမန်လူတန်းစား တစ်ရပ်လုံး ရှုံးတာနဲ့ အတူတူပဲ၊ ငါ သူ့ကို အားပေးတယ်"
ယခင်က စူးချီ၏ ကျင့်စဉ်များကို အလကား သင်ယူခဲ့ကြသူ သန်းပေါင်းများစွာမှာ ယခုအခါတွင်မူ ကျေးဇူးဆပ်သည့်အနေဖြင့် နယူးဗွိုင်းယေ့ဂျ်သို့ အလုံးအရင်းနှင့် ဝင်ရောက်လာကြတော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် နယူးဗွိုင်းယေ့ဂျ်၏ ကျောင်းသားသစ်ဦးရေမှာ သိသိသာသာ မြင့်တက်လာခဲ့သည်။ တစ်သောင်းမှ တစ်သိန်း၊ တစ်သိန်းမှ ငါးသိန်းအထိ တိုးပွားလာခဲ့သည်။ ကျောင်းအုပ်ကြီးရှန်သည် စနစ်မျက်နှာပြင်ပေါ်မှ ကိန်းဂဏန်းများကို ကြည့်ကာ ပျော်ရွှင်နေတော့သည်။
"လက်ရှိ ကျောင်းသားဦးရေ ၁,၂၃၅,၉၆၈ ဦး"
"ကျောင်းသားသစ် ၈၅၄,၄၅၄ ဦး"
"ကျောင်းထွက်ရန် လျှောက်ထားသူ ၀ ဦး"
"ခန့်မှန်းရရှိမည့် ရမှတ် ၀"
ခဏအတွင်းမှာပင် ကျောင်းသားသစ်ဦးရေမှာ ရှစ်သိန်းခွဲအထိ ရှိသွားခဲ့ပြီး ၎င်းမှာ ကျောင်းအုပ်ကြီးရှန် ခန့်မှန်းထားသော ငါးသိန်းထက်ပင် များစွာ သာလွန်နေသည်။ ဤအတိုင်းဆိုလျှင် ကျောင်းသားသစ် တစ်သန်းအထိ ရရှိရန်မှာ မခက်ခဲတော့ပေ။
"ဒီကျောင်းသားသစ် တစ်သန်းလောက်က မီးလျှံကျမ်းကို သင်ယူပြီးရင်တော့ အံ့သြသွားကြမှာပဲ၊ ပြီးရင်တော့ သူတို့တွေ အကုန် ကျောင်းထွက်ကြလိမ့်မယ်"
ရှန်ကျစ်ရှားသည် ဤသို့သော နည်းလမ်းဖြင့် ဧကရာဇ် ဖြစ်လာရခြင်းမှာ အနည်းငယ်တော့ စိတ်မကောင်းစရာ ဖြစ်သည်ဟု တွေးမိလိုက်သည်။ ထို့ကြောင့် သူမ ဧကရာဇ် ဖြစ်လာသောအခါ ထိုကျောင်းသားများကို မည်သို့ ပြန်လည် ကုစားပေးရမည်နည်းဆိုသည်ကိုပါ စတင် စဉ်းစားနေတော့သည်။
"မပူကြပါနဲ့၊ ငါ ဧကရာဇ် ဖြစ်လာရင် စူးချီကို ပိုကောင်းတဲ့ ကျင့်စဉ်တွေ ထပ်ပြီး ဖန်တီးခိုင်းပါ့မယ်၊ ငါ ရှန်ကျစ်ရှားက အမြဲတမ်း ရိုးသားတဲ့သူပါ၊ အားလုံး ပျော်ရွှင်ဖို့ကိုပဲ ငါ လိုလားတာပါ"
ထိုအချိန်တွင် ဖြူစင်သော ဗျိုင်းအိုင်အနီးရှိ အငြားယူထားသော ပုဂ္ဂိုလ်ကြီး၏ နေအိမ်တွင် ဖြစ်သည်။
လေထုမှာ အလွန်ပင် တိတ်ဆိတ်ငြိမ်သက်နေပြီး ကီးဘုတ်ရိုက်သံများမှာမူ အလွန်ပင် စူးရှနေသည်။ ဗဟိုကာကွယ်ရေးဇုန်မှ တပ်မှူးချုပ် လီယီမှာမူ ကလေးတစ်ယောက်ကဲ့သို့ ခေါင်းငုံ့ကာ ပုဂ္ဂိုလ်ကြီး၏ ပြစ်တင်ဝေဖန်မှုကို ခံနေရသည်။
ထန်ကျန့်ချိုးတစ်ယောက် စူးချီထံသို့ သွားရောက်ခဲ့သည်ကို လီယီအနေဖြင့် အမှန်တကယ် မသိရှိခဲ့ပေ။ သို့သော် သူ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းနှင့် အခြေအနေကို မထိန်းချုပ်နိုင်ခြင်းတို့အတွက်မူ သူ တာဝန်ရှိနေသည်။
ထန်ကျန့်ချိုးမှာ မိသားစုကြီးများ၏ အုပ်စုမှ လီယီ၏ အင်အားကို ထိန်းညှိရန် စေလွှတ်ထားသူ ဖြစ်သဖြင့် သူတို့ဘက်သို့ ယိမ်းနေမည်မှာ သဘာဝပင် ဖြစ်သည်။ သို့သော် အစိုးရအနေဖြင့် မီးလျှံကျမ်းကို မည်သို့ အသုံးချရမည်ကို မဆုံးဖြတ်ရသေးမီမှာပင် သူက စူးချီထံသို့ သွားရောက်ကာ နိုင်ငံချစ်စိတ်ကို အကြောင်းပြ၍ အင်တာနက်ပေါ်မှ အနားယူရန် ဖိအားပေးခဲ့ခြင်း ဖြစ်သည်။ ဤလုပ်ရပ်မှာ စနစ်တကျ မရှိသော လုပ်ရပ်တစ်ခုပင် ဖြစ်သည်။
ထန်ကျန့်ချိုးအနေဖြင့် သူ၏ အနာဂတ်ကို အဆုံးရှုံးခံကာ စူးချီအား အဘယ်ကြောင့် ဤမျှအထိ ဒုက္ခပေးလိုရသနည်းဆိုသည်ကို လီယီ နားမလည်နိုင်ဘဲ ဖြစ်နေသည်။
"သူ ဘာလို့ စူးချီကို အသည်းအသန် တိုက်ခိုက်နေရသလဲဆိုတာ မင်း မသိဘူးလား"
"ပြဿနာတိုင်းရဲ့ အခြေခံဟာ အာဏာနဲ့ အကျိုးစီးပွားပဲလေ"
"စူးချီရဲ့ မိုးကြိုးကျင့်စဉ်က ထန်မိသားစုရဲ့ အခြေခံကို ဖျက်ဆီးလိုက်တာ၊ ယွမ်သန်းပေါင်း ငါးသိန်းကျော်လောက် ရှိတဲ့ အမြတ်အစွန်းတွေ ဆုံးရှုံးသွားရတာလေ၊ အဲဒီငွေတွေနဲ့ဆိုရင် ပညာရှင်တွေ ဘယ်လောက်တောင် မွေးထုတ်လို့ ရမလဲဆိုတာ တွက်ကြည့်စမ်း"
"ထန်မိသားစုက စူးချီကို အဆုံးထိ ရန်ငြိုးထားနေကြမှာပဲ၊ မင်းကတော့ မင်းရဲ့ လက်အောက်ငယ်သားက ထန်မိသားစုဝင် ဖြစ်နေတာတောင် ဘာမှ ကြိုတင်ပြင်ဆင်မှု မရှိခဲ့ဘူး၊ မင်းကိုယ်မင်း ပြန်ပြီး သုံးသပ်သင့်တယ်"
ပုဂ္ဂိုလ်ကြီးက ဒေါသတကြီးဖြင့် ဝေဖန်ပြောဆိုလိုက်သည်။ ထို့နောက် သူက သက်ပြင်းတစ်ချက်ကို လေးလေးပင်ပင် ချလိုက်ပြန်သည်။ စစ်တပ်၏ စစ်ဆေးချက်များအရ မီးလျှံကျမ်းမှာ အားနည်းချက်များ ရှိနေသဖြင့် စူးချီအနေဖြင့် ဤလောင်းကြေးတွင် ရှုံးနိမ့်ရန်သာ ရှိသည်ဟု သူ ယူဆထားသည်။ ထို့ကြောင့် သူသည် နောက်ဆက်တွဲ ပြဿနာများကို မည်သို့ ဖြေရှင်းရမည်နည်းဆိုသည်ကို စဉ်းစားနေသည်။
အလွယ်ဆုံး နည်းလမ်းမှာ စူးချီအား အစိုးရအဖွဲ့အတွင်းသို့ ခေါ်ယူလိုက်ရန်ပင် ဖြစ်သည်။ သို့သော် စူးချီ အစိုးရဝန်ထမ်း ဖြစ်သွားပါက မိသားစုကြီးများ၏ ကျင့်စဉ်များကို တန်ပြန်ရန် ခက်ခဲသွားပေလိမ့်မည်။ အကယ်၍ အစိုးရကသာ ထူးခြားသော ကိုယ်ခံပညာများကို ထုတ်ပြန်ပေးမည်ဆိုပါက ၎င်းမှာ မိသားစုကြီးများကို စစ်ကြေညာခြင်းနှင့် အတူတူပင် ဖြစ်သည်။
အစိုးရအတွင်း၌လည်း မိသားစုကြီးများ၏ ဘက်တော်သားများ ရှိနေသဖြင့် ထိုဆုံးဖြတ်ချက်ကို နှောင့်ယှက်ကြပေလိမ့်မည်။ ထိုအခါ အစိုးရအတွင်း၌ စည်းလုံးမှု ပျက်ပြားသွားနိုင်သလို မတည်ငြိမ်မှုများလည်း ဖြစ်ပေါ်လာနိုင်သည်။ ထိုအစား စူးချီကို အရပ်သား ပညာရှင်တစ်ဦးအဖြစ်သာ ထားရှိပြီး ထူးခြားသော ကျင့်စဉ်များကို ထုတ်ပြန်စေခြင်းကသာ မိသားစုကြီးများ၏ လက်ဝါးကြီးအုပ်မှုကို ဖြိုဖျက်ရန် ပိုမို ထိရောက်ပေလိမ့်မည်။ ကိုယ်ခံပညာရပ်များကို ပြည်သူများအတွက်သာ ဖြစ်စေပြီး ပညာရေးတွင် တရားမျှတမှု ရှိလာအောင် လုပ်ဆောင်ရမည် ဖြစ်သည်။
"တောက် ... နှမြောစရာပဲ"
ပုဂ္ဂိုလ်ကြီးက စိတ်မကောင်းစွာဖြင့် ရေရွတ်လိုက်သည်။ နောင်တွင် ပညာရေးလောက၌ တရားမျှတမှု ရှိလာအောင် လုပ်ဆောင်ရန်မှာ ပို၍ပင် ခက်ခဲသွားပေလိမ့်မည်။
"ကျန်းလိချွမ်း ... ဒီလောင်းကြေးအတွက် စည်းကမ်းတွေကို သတ်မှတ်ပြီးပြီလား"
"ကျွန်တော်တို့ဘက်က ကျောင်းသားစစ်သည် နှစ်သောင်းကို ကျင့်စဉ်နှစ်ခုလုံးကို သင်ယူခိုင်းပါ့မယ်၊ ခုနစ်ရက်ကြာပြီးတဲ့အခါမှာတော့ အမှတ်ပေးစနစ်နဲ့ ဆုံးဖြတ်ပါ့မယ်"
ကျန်းလိချွမ်းက ခေတ္တမျှ စကားကို ရပ်လိုက်ပြီး "ဒါ့အပြင် နယူးဗွိုင်းယေ့ဂျ်က ကျောင်းအုပ်ကြီးရှန်နဲ့ ဆရာစူးတို့မှာလည်း တောင်းဆိုချက်တစ်ခု ရှိပါတယ်၊ သူတို့ သင်ကြားတဲ့အချိန်မှာ နယူးဗွိုင်းယေ့ဂျ်ရဲ့ ကိုယ်ပိုင်စနစ်ကနေလည်း တိုက်ရိုက်ထုတ်လွှင့်ခွင့်ပေးဖို့ တောင်းဆိုထားပါတယ်၊ ပြီးတော့ စူးချီက အစိုးရဘက်ကနေ မီးဓာတ်သားရဲတွေကို ထောက်ပံ့ပေးဖို့ကိုလည်း အလေးအနက် တောင်းဆိုထားပါတယ်" ဟု တင်ပြလိုက်သည်။
ထိုစကားကို ကြားသောအခါ ပုဂ္ဂိုလ်ကြီးမှာ အနည်းငယ် အံ့အားသင့်သွားသည်။
"တိုက်ရိုက်ထုတ်လွှင့်ဖို့ကိစ္စကိုတော့ ငါသဘောတူတယ်၊ မီးဓာတ်သားရဲတွေ ရရှိဖို့အတွက်လည်း အစွမ်းကုန် ကြိုးစားပြီး ရှာပေးလိုက်ပါ"
ပုဂ္ဂိုလ်ကြီး၏ အမိန့်အရ လောင်းကြေးပြိုင်ပွဲအတွက် ပြင်ဆင်မှုများမှာ အရှိန်အဟုန်ဖြင့် စတင်လာတော့သည်။ သုံးရက်တာ အချိန်ကာလမှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ယခုအခါ စူးချီသည် ဗဟိုရုပ်သံဌာန၏ စင်မြင့်ထက်တွင် ရပ်လျက် ဤတိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်တော့သည်။