← Chapters

အခန်း (၂၂၁-၂၂၂)

Vol. 23 Ch. 221-222

အခန်း (၂၂၁-၂၂၂)

Vol. 23 Ch. 221-222

🌹Chapter 221

ထိုလူ့မျက်နှာက ယန်ရုန်ရုန်ဖန်တီးထားသည့် စက္ကူလူသားနှင့် တစ်ထေရာတည်းနီးပါး တူညီသည်။ သို့သော် သူ့မျက်နှာပေါ်တွင် ခံစားချက်များ ရှိနေသဖြင့် သက်ရှိလူသားတစ်ဦးနှင့် ပိုတူပါသည်။

ထိုလူ့ နှုတ်ခမ်းများ လှုပ်ရှားသွားသော်လည်း သူ့အသံက ဝေဝါးနေဆဲပင်။ ယန်ရုန်ရုန် နားစွင့်ကာ သေသေချာချာ နားထောင်ခဲ့သော်လည်း ဘာတစ်လုံးမှ မကြားခဲ့ရပါ။

ထို့နောက် သူမ သတိ ပြန်လည်လာခဲ့သည်။

မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ အလွန်ထူသည့် အိပ်ရာကြီးတစ်လုံးပေါ် သူမ ရောက်ရှိနေပြီး ခပ်ပွပွ သားမွေးစောင်ကို ခြုံထားမှန်း မြင်လိုက်ရသည်။ သူမလက်ကလည်း အမွေးပွပွ အရာတစ်ခုကို ထိမိနေသည်ဟု ခံစားရသည်။

ယန်ရုန်ရုန် ခေါင်းကို ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ရာ ကြမ်းပြင်ပေါ်တွင် တင်ပလ္လင်ခွေကာ ထိုင်နေသည့် ဟမ်ယဲ့ကို မြင်လိုက်ရသည်။

သူ့လက်တွေကို အိပ်ရာပေါ်မှာတင်ထားပြီး လက်ထဲခေါင်းစိုက်လျက် အသက်ရှူသံတွေ တည်ငြိမ်နေကာ အိပ်ပျော်နေသည်ဟု ထင်ရသည်။

ဟမ်ယဲ့ လူသားအသွင်ပြောင်းထားသော်လည်း တစ်ချို့အစိတ်အပိုင်းများက မိစ္ဆာသားရဲအဖြစ် ကျန်ရှိနေဆဲပင်။ ဥပမာအားဖြင့် သူ့ခေါင်းပေါ်မှ အမွေးပွပွ နားရွက်များနှင့် နောက်ကျောဘက်မှ ပွပွယောင်းယောင်း အမြီးတို့ဖြစ်သည်။

ယခု ယန်ရုန်ရုန့်လက်ဖမိုးက သူ့နားရွက်တစ်ဖက်ကို ထိမိနေပါသည်။ နူးညံ့သည့် အမွေးများက သူမလက်ကို ယားကျိကျိ ဖြစ်စေသဖြင့် လက်ချောင်းလေးများကို အလိုလို လှုပ်ရှားလိုက်မိသည်။

ဟမ်ယဲ့ ချက်ချင်း နိုးသွားခဲ့ပါသည်။

ဆတ်ခနဲ ခေါင်းထောင်လာပြီး အိပ်ရာပေါ်မှ သတိလည်လာသည့် မိန်းကလေးကို မြင်သောအခါ ကျဉ်းမြောင်းနေသော သူ့ရွှေရောင် မျက်ဝန်းများ တဖြည်းဖြည်း ကျယ်ဝန်းလာပြီး နောက်ဆုံးမှာတော့ လုံးဝ ဝိုင်းစက်သွားခဲ့တော့သည်။

သူ့မျက်နှာပေါ်တွင် ရှင်းပြရခက်သော အူကြောင်ကြောင်ပုံစံတစ်ခုလည်း ရှိနေပါသည်။

“ကျူးကျူး နိုးလာပြီလား!”

ထို့နောက် ယန်ရုန်ရုန့်ကို ဟမ်ယဲ့ တင်းတင်းကျပ်ကျပ် ပြေးဖက်လိုက်ပြီး သူမနားရွက်လေးကို သူ့ပါးဖြင့် အားပါရပါးရ ပွတ်သပ်နေတော့သည်။ သူ့အမြီးကြီးကလည်း ပျော်ရွှင်စိတ်ကြောင့် အပေါ်အောက် ယမ်းခါနေခဲ့ပါသည်။

ယန်ရုန်ရုန်လက်မြှောက်ကာ သူ့ကို တွန်းထုတ်လိုက်သည်။ သူမ အားသိပ်မသုံးခဲ့သော်လည်း ဟမ်ယဲ့ကအနောက်သို့ အရှိန်ဖြင့်လွင့်ထွက်သွားပြီး ကြမ်းပြင်ပေါ် ဖင်ထိုင်လျက်သား ပြုတ်ကျသွားခဲ့သည်။

ဟမ်ယဲ့ သူမကို မယုံကြည်နိုင်စွာ ကြည့်လိုက်လေသည်။

ယန်ရုန်ရုန်ကိုယ်တိုင်လည်း အံ့အားသင့်သွားခဲ့ရပါသည်။ သူမလက်များကိုသူမ ငုံ့ကြည့်လိုက်မိသည်။

‘ငါဘယ်တုန်းက ဒီလောက်ထိ သန်သွားတာလဲ’

ထို့နောက် သူမ၏ သွေးကြောမျှင်များနှင့် ဒန်တျန်တို့ သိသိသာသာ ကျယ်ပြန့်သွားပြီး ခန္ဓာကိုယ်အတွင်းရှိ ကျင့်ကြံခြင်းစွမ်းအားများလည်း အလွန်တိုးမြင့်လာသည်ကို သတိထားမိသွားခဲ့သည်။ အရေးအကြီးဆုံးမှာ သူမက ရွှေအမြုတေအဆင့်မဟုတ်တော့ဘဲ ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ရှိသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်သွားခဲ့ပါပြီ။

သူမ၏ အသိစိတ်ပင်လယ်အတွင်း ပျိုးထောင်ထားသော နတ်ဝိညာဉ်ကို အမြန်စစ်ဆေးကြည့်လိုက်သည်။ သူမက အမှန်တကယ်ပဲ ဝိညာဉ်အသွင်ပြောင်းလဲခြင်း နှောင်းပိုင်း အဆင့်ကို ရောက်ရှိနေပါပြီ။ ထိုသို့ သိလိုက်ရသောအခါ ယန်ရုန်ရုန် အပျော်လွန်သွားခဲ့သည်။

သူမ ဆုံးရှုံးခဲ့ရသည့် စွမ်းအားများကို ပြန်လည်ရရှိလိုက်ရုံတင်မကဘဲ ရှေ့သို့တစ်လှမ်းပင် ဆက်တိုးနိုင်ခဲ့ပါသည်။ ယခု ဟင်းလင်းပြင်ကျင့်ကြံခြင်းအဆင့်ရောက်ဖို့ ခြေတစ်လှမ်းသာ လိုတော့သည်။

ယန်ရုန်ရုန် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး မျက်နှာပေါ်မှာလည်း အပြုံးတစ်ခု ပေါ်လာခဲ့သည်။

နောက်ဆုံးတော့ သူမကိုယ်သူမ ကာကွယ်ဖို့ ခွန်အားလုံလုံလောက်လောက် ရှိလာခဲ့လေပြီ။

အချိန်အတော်ကြာမှ ကြမ်းပြင်ပေါ်တွင် ကြောင်တောင် တောင်ထိုင်နေဆဲဖြစ်သည့် ဟမ်ယဲ့ကို သူမ သတိထားမိသွားသည်။ ယန်ရုန်ရုန် မျက်ခုံးပင့်ကာ လှမ်းမေးလိုက်ပါသည်။

“မထသေးဘူးလား၊ ကြမ်းပြင်ပေါ်မှာ ထိုင်ရတာ အဲ့လောက်ကြိုက်တာလား”

ဟမ်ယဲ့က မျက်မှောင်ကြုတ်ကာ တဲ့တိုးမေးလိုက်သည်။

“ငါ့ကို မင်းတွန်းချလိုက်တာလေ၊ ငါအဆင်ပြေရဲ့လားဆိုတာတောင် မမေးဘူးလား”

ယန်ရုန်ရုန်ကလည်း ပွင့်ပွင့်လင်းလင်း ပြန်ဖြေသည်။

“ရှင်မကျေနပ်ရင် ကျွန်မကိုလည်း ကြမ်းပြင်ပေါ် ကိုင်ပေါက်လိုက်လေ”

ဟမ်ယဲ့ ဒေါသပိုထွက်သွားခဲ့ပြီး ဝုန်းခနဲ မတ်တပ်ထရပ်လိုက်သည်။

“မင်း ၇ ရက်ကြီးများတောင် သတိလစ်နေခဲ့တာနော်! အဲ့ဒီ ၇ ရက်အတွင်း ငါမင်းနားက တစ်ဖဝါးမှ မခွာခဲ့ဘူး၊ မင်းကို ဆေးတွေ တစ်ဇွန်းပြီးတစ်ဇွန်း သေသေချာချာတိုက်ကျွေးပေးခဲ့တာ၊ မင်းခန္ဓာကိုယ်ထဲမှာ သောင်းကျန်းနေတဲ့ ဝိညာဉ်စွမ်းအင်တွေကိုလည်း ငါ့အစွမ်းနဲ့ ထိန်းချုပ်ပေးခဲ့တာ၊ အဲ့တာကို ကျေးဇူးတင်ရမယ့်အစား ငါ့ကို ဒီလိုအချိုးမျိုးနဲ့ ဆက်ဆံတယ်ပေါ့!”

ထိုစကားကိုကြားမှ သူမ အချိန်အတော်ကြာအောင် သတိ လစ်နေခဲ့မှန်း ယန်ရုန်ရုန် သိလိုက်ရသည်။

ယန်ရုန်ရုန် အေးအေးလူလူ ပြန်ပြောလိုက်ပါသည်။

“ရှင်မိစ္ဆာအိမ်ရှေ့မင်းသားဘဝမှာ ဒဏ်ရာတွေ အပြင်းအ ထန်ရပြီး ရန်သူတွေလိုက်တာကို ခံခဲ့ရတုန်းက ကျွန်မကိုယ်တိုင် ရှင့်ကို ကယ်တင်ပေးခဲ့တာ၊ ရှင့်နားက တစ်ဖဝါးမှ မခွာဘဲ ရှင့်ကို သေသေချာချာ ပြုစုပေးခဲ့တယ်၊ ပြီးတော့ ရှင့်ကို မိစ္ဆာနယ်မြေဆီ ပြန်နိုင်အောင်လို့ ကျွန်မ စွန့်စွန့်စားစားနဲ့ ကူညီပေးခဲ့ရတယ်၊ ရှင် မိစ္ဆာဘုရင်ဖြစ်သွားတော့ ကျွန်မကို ဘယ်လိုဆက်ဆံခဲ့သလဲ၊ အဲ့ဒီတုန်းက ရှင့်အသက်ကို ကယ်ဖူးတဲ့ ကျွန်မကို နည်းနည်းလေးတောင် ကျေးဇူးတင်ခဲ့ဖူးလို့လား”

ဟမ်ယဲ့ ရုတ်တရက် ဆွံ့အသွားသည်။

ယန်ရုန်ရုန် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။ ဒီအခန်းက မိန်းကလေးတစ်ဦး၏ အိပ်ခန်းဆောင် ဖြစ်သည်။

သူမ လှဲလျောင်းနေသည့် အိပ်ရာအပြင် နှင်းဆီသား ဗီရိုများ၊ သေတ္တာများ၊ စားပွဲများ၊ ထိုင်ခုံများနှင့် အလွန်လက်ရာမြောက်သော မှန်တင်ခုံတို့ ရှိနေသည်။

ဒီအခန်းကို သူမ အလွန်ရင်းနှီးနေပါသည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက ဟမ်ယဲ့ကို မိစ္ဆာနယ်မြေသို့ ပြန်နိုင်အောင် ကူညီပေးခဲ့ပြီးနောက် ဟမ်ယဲ့က သူမကို ဒီအခန်းထဲမှာ နေနိုင်အောင် စီစဉ်ပေးခဲ့သည်။

ပရိဘောဂများနှင့် အခန်း၏ အပြင်အဆင်မှာ သူမ နေထိုင်ခဲ့စဉ်တုန်းကအတိုင်းပင် တစ်ချက်ကလေးမှ ပြောင်းလဲသွားခြင်း မရှိပေ။

ယန်ရုန်ရုန် ရာနှုန်းပြည့် ပြန်မကောင်းသေးဘဲ ခြေထောက်များက အနည်းငယ်အားနည်းနေသော်လည်း သားမွေးစောင်ကို ဖယ်ကာ အိပ်ရာပေါ်မှ ဆင်းလာခဲ့ပါသည်။ သူမ ဒီနေရာမှာ ဆက်မနေချင်ပေ။

ဟမ်ယဲ့က အမြန်ပြောလိုက်သည်။

“ဘယ်သွားမလို့လဲ၊ မင်းဒဏ်ရာတွေ မသက်သာသေးဘူးလေ၊ လျှောက်သွားလို့ မရဘူး”

ယန်ရုန်ရုန် သူ့ကို လှည့်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

“ဒါရှင်တို့ မိစ္ဆာသားရဲမျိုးနွယ်စုရဲ့ ပိုင်နက်လေ၊ ကျွန်မလို လူသားတစ်ယောက် ရှိနေသင့်တဲ့ နေရာမှ မဟုတ်တာ၊ ကျွန်မ သွားတော့မယ်”

ဟမ်ယဲ့မျက်နှာ ဖြူရော်သွားသည်။

လွန်ခဲ့သည့်နှစ်ပေါင်းများစွာတုန်းက ကျူးကျူး၏ အကူ အညီဖြင့် မိစ္ဆာအိမ်ရှေ့မင်းသားဘွဲ့ကို ဟမ်ယဲ့ ပြန်လည်ရရှိပြီးနောက်တွင် မိစ္ဆာနယ်မြေ၏ အကြီးအကဲက မျိုးနွယ်စုမတူသူများတွင် မတူညီသည့် နှလုံးသားများ ရှိနေတတ်သည်ဟု ဆိုခဲ့သည်။

ထိုအကြီးအကဲက ကျူးကျူးကို သဘောမကျခဲ့ဘဲ ဝိညာဉ်ကျောက်တုံး တစ်ထုပ်ပေးကာ ပြောခဲ့ဖူးပါသည်။

“ဒါငါတို့ မိစ္ဆာသားရဲမျိုးနွယ်စုရဲ့ ပိုင်နက်ပဲ၊ မင်းလို လူသားတစ်ယောက် ရှိနေသင့်တဲ့ နေရာမဟုတ်ဘူး၊ ကျေးဇူးပြုပြီး ထွက်သွားပေးပါ”

ယခုလည်း ဟမ်ယဲ့ကို ယန်ရုန်ရုန် ထိုစကားလုံးများအတိုင်း အတိအကျ ပြန်ပြောခဲ့ပါသည်။

ဟမ်ယဲ့ သုတ်သုတ်ပျာပျာ ရှင်းပြလိုက်သည်။

“အဲ့တာ အကြီးအကဲရဲ့ ဆုံးဖြတ်ချက်လေ၊ ငါမှ သဘောမတူ…”

ယန်ရုန်ရုန် စကားဖြတ်ပြောလိုက်သည်။

“ဒါပေမယ် ရှင်ကန့်လည်းမကန့်ကွက်ခဲ့ဘူးလေ”

ထိုအချိန်တုန်းက အကြီးအကဲပေးသည့် ဝိညာဉ်ကျောက်တုံးများကို သူမ လက်မခံခဲ့ပါ။ ဟမ်ယဲ့ထံမှ ဖြေရှင်းချက်တစ်ခုကိုသာ ကြားချင်ခဲ့သည်။

သူ့အသက်ကို ကယ်တင်ပေးခဲ့ပြီး အပင်ပန်းခံ ပြုစုပေးခဲ့သမျှကို ဝိညာဉ်ကျောက်တုံးတစ်ထုပ်နှင့် အမှန်တကယ်ပဲ အဆုံးသတ်နိုင်မည်လားဟု သူမ မေးချင်ခဲ့ပါသည်။

နောက်ဆုံးမှာတော့ ဟမ်ယဲ့မျက်နှာကိုပင် သူမ မတွေ့ခဲ့ရပါ။ မိစ္ဆာနန်းတော်ရှိ အစေခံများက ဟမ်ယဲ့အလုပ်များနေသဖြင့် သူမကို တွေ့ဖို့ အချိန်မရှိဟုသာပြောခဲ့ပြီး ပြန်လွှတ်ခဲ့သည်။

ယန်ရုန်ရုန် ထွက်သွားဖို့ ငြင်းဆန်သောအခါ မိစ္ဆာအစေခံများက သူမကို အင်အားသုံး မောင်းထုတ်ခဲ့ကြသည်။

ထိုအချိန်တုန်းက အတော်လေး ဆူညံပွက်လောရိုက်ခဲ့ပါသည်။ သူမ အရှက်သိက္ခာမဲ့စွာ မောင်းထုတ်ခံရသည်ကို ကျင့်ကြံသူပေါင်းများစွာ မြင်ခဲ့ကြရသည်။

သူမက အသက်သခင်ကျေးဇူးရှင်ဟူသည့် အကြောင်းပြချက်ကိုသုံးပြီး ဟမ်ယဲ့နှင့် လက်ဆက်နိုင်အောင်အတင်း အကျပ် ကြိုးစားနေသည်ဟု အားလုံးထင်ခဲ့ကြသည်။ သူမကို ဟာသကြီးတစ်ခုလို လက်ညှိုးများ ဝိုင်းထိုးလျက် လှောင်ပြောင်ခဲ့ကြပါသည်။

သူမ မောင်းထုတ်ခံရသည့်အကြောင်းကို မိစ္ဆာနန်းတော်အတွင်းရှိ ကျင့်ကြံသူတိုင်းသိကြသည်။ ထို့ကြောင့် ဟမ်ယဲ့လို မိစ္ဆာအိမ်ရှေ့မင်းသားမျိုးက မသိရှိနိုင်ဟူသည်ကို သူမ လုံးဝ မယုံကြည်ပေ။ သို့သော် အစမှ အဆုံးထိတိုင် မျက်နှာတစ်ချက်ပင် ထွက်မပြခဲ့ချေ။

ဒါ သူ့သဘောထားပင်။ မိစ္ဆာအကြီးအကဲ၏ လုပ်ရပ်နှင့် ဆုံးဖြတ်ချက်များကို သူနှုတ်ဆိတ်ရင်း သဘောတူခဲ့ခြင်း ဖြစ်သည်။

နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ထိုအကြောင်းကို တွေးမိလိုက်တိုင်း ယန်ရုန်ရုန် ဒေါသထွက်ရသည်။ ဟမ်ယဲ့ကို သူမ ကယ်တင်ပေးခဲ့ရခြင်းက ‘မစ်ရှင်’အောင်မြင်ဖို့အတွက်် ဖြစ်သဖြင့် သူမ၏ ရည်ရွယ်ချက်ကလည်း သန့်ရှင်းသည်ဟု မပြောလိုပါ။

သို့သော် အနည်းဆုံးတော့ သူ့အသက်ကို အမှန်တကယ် ကယ်တင်ပေးခဲ့ပြီး မိစ္ဆာနန်းတော်ထိရောက်အောင် ပို့ဆောင်ပေးခဲ့သည်။ သူမကို သူကျေးဇူးပြန်ဆပ်သင့်ပါသည်။ သို့သော် ဒီကောင်က မြစ်ကိုကူးပြီး တံတားကို မီးရှို့ပစ်သည့် လူစားမျိုးပင်။

သူ့ရည်ရွယ်ချက်များ အကောင်အထည် ပေါ်လာသည်နှင့် သူမကို စွန့်ပစ်သွားခဲ့သည်။

ထိုအချိန်တုန်းက မစ်ရှင်အောင်မြင်ဖို့အတွက် ယန်ရုန်ရုန် ဒေါသကို မျိုသိပ်ခဲ့ရပြီး မိစ္ဆာနယ်မြေအတွင်း အောက်ကျခံကာ ဆက်နေခဲ့ရသော်လည်း ယခုတော့ ဘာမစ်ရှင်မှ မရှိတော့ပေ။

ထိုကဲ့သို့ အနိုင်ကျင့်မှုမျိုးကို ထပ်ပြီး သည်းခံနေမှာ မဟုတ်ပါ။

‘ဘာမိစ္ဆာဘုရင်လဲ! ဘာဘုရင်ကိုမှ အမှုမထမ်းနိုင်ဘူးဟေ့!’

ယန်ရုန်ရုန် တံခါးဆီ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။

ဟမ်ယဲ့က သူမလက်ကို လှမ်းဆွဲသော်လည်း ယန်ရုန်ရုန် ရက်ရက်စက်စက် ရိုက်ချပစ်ခဲ့ပါသည်။ ယခု သူမ၏ ကျင့်ကြံခြင်းစွမ်းအားများကို ပြန်လည်ရှိလိုက်ပြီဖြစ်သည်။

ဟမ်ယဲ့နှင့် တစ်ယောက်ချင်း ယှဉ်တိုက်ရမည်ဆိုလျှင် အနိုင်မရလောက်သေးပါ။ သို့သော် ဟမ်ယဲ့အတွက်လည်း သူမကို သတ်ဖို့ မလွယ်ကူနိုင်တော့ပေ။ ထို့ကြောင့် ဟမ်ယဲ့ကို သူမ မကြောက်ပါ။

ဟမ်ယဲ့က သူမနောက် ပြေးလိုက်လာပြီး အသည်းအသန်ရှင်းပြပါသည်။

“အဲ့ဒီတုန်းက မင်းဝိညာဉ်ကျောက်တုံးတွေကိုယူပြီး ထွက်သွားတယ်လို့ အကြီးအကဲက ပြောခဲ့တာ! ငါ့ကို မင်းက စည်းစိမ်ဥစ္စာတွေအတွက်ပဲ ချဉ်းကပ်ခဲ့တာလို့ သူပြောခဲ့တာ!”

ယန်ရုန်ရုန် ခြေလှမ်းများ ရပ်တန့်သွားပြီး သူ့ကို လှည့်ကြည့်ကာ မဲ့ပြုံးပြုံးပြလိုက်သည်။

“အဲ့တာကို ရှင်က ယုံခဲ့တယ်ပေါ့”

🌹Chapter 222

ဟမ်ယဲ့ မဆိုင်းမတွ ပြန်ဖြေလိုက်သည်။

“ဘယ်ယုံပါ့မလဲ!”

ယန်ရုန်ရုန်က ခပ်ပါးပါး ထပ်ပြုံးလိုက်ပါသည်။ သူ့စကားကို အယုံအကြည်မရှိမှန်း သိသာသည်။

သူမကိုသာ ဟမ်ယဲ့ အမှန်တကယ် ယုံကြည်ခဲ့လျှင် သူမကို တွေ့အောင်လိုက်ရှာပြီး အမှန်တရားကို မေးမြန်းခဲ့သင့်သည်။

ထိုအချိန်တုန်းက မိစ္ဆာနန်းတော်အပြင်ဘက်တွင် သူမ အချိန်အကြာကြီးစောင့်မျှော်နေခဲ့သော်လည်း ဟမ်ယဲ့ ရောက်မလာခဲ့ပါ။

ဟမ်ယဲ့ အမြန်ရှင်းပြလိုက်သည်။

“အကြီးအကဲရဲ့စကားကို ငါမယုံခဲ့လို့ မင်းအိပ်ခန်းဆောင်ကို လာရှာသေးတယ်၊ ဒါပေမယ့် မင်းမရှိတော့ဘူး၊ နန်းတော်တစ်ခုလုံးကို လိုက်ရှာတာတောင် မင်းကို မတွေ့ခဲ့ရဘူး၊ ငါ… ငါထင်လိုက်တာ…”

“ကျွန်မ ဝိညာဉ်ကျောက်တုံးတွေယူပြီး တကယ်ထွက်သွားတယ်လို့ ရှင်ထင်ခဲ့တာမလား”

ယန်ရုန်ရုန် စကားဆက်ပေးလိုက်ပါသည်။

ဟမ်ယဲ့ ပြန်ချေပစရာ စကားလုံးမရှိပါ။ ထိုအချိန်တုန်းက သူ့စိတ်ထဲ တကယ်ပဲ သံသယအနည်းငယ် ဝင်ခဲ့မိပါသည်။

အကြီးအကဲ ပြောသည့်အတိုင်း သူမ အမှန်တကယ် ထွက်သွားပြီလားဟု သူသံသယဝင်ခဲ့မိသည်။ သို့သော် ထိုအတွေးများကို ခပ်မြန်မြန်ပဲ ထုတ်ပစ်ခဲ့ပါသည်။

ကျူးကျူးက စည်းစိမ်အတွက် ဘာမဆိုလုပ်ရဲသည့် မိန်းကလေးတစ်ယောက်သာဆို သူမအသက်ကို ရင်းပြီး သူ့ကို မိစ္ဆာနန်းတော်ဆီ ပြန်ပို့ဆောင်ပေးခဲ့မှာ မဟုတ်ပါ။ ရန်သူတွေလက်ထဲ အပ်ပြီး ဆုကြေးငွေ ထုတ်ယူလိုက်ခြင်းက သူမအတွက် အကျိုးအမြတ် ပိုရှိခဲ့ပါလိမ့်မည်။

သို့သော် သူမ မလုပ်ခဲ့ပေ။

ထိုအချက်တစ်ချက်တည်းဖြင့်ပင် ကျူးကျူးကလောဘကြီး သူမဟုတ်ကြောင်း သိနိုင်သည်။ သူမ ထွက်သွားရသည့် အခြားအကြောင်းအရင်းတစ်ခုခု ရှိလိမ့်မည်ဟု ဟမ်ယဲ့ ယုံကြည်ခဲ့သည်။ သို့သော် သူမကို ထပ်သွားမရှာခဲ့တော့ပေ။

နောက်ပိုင်း သူ့ကိုတွေ့ရဖို့ နန်းတော်ပြင်ပတွင် ကျူးကျူးစောင့်နေသည်ဟု ဟမ်ယဲ့ သိခဲ့ရသော်လည်း အပြင်ထွက်မတွေ့ရဲခဲ့ဘဲ အရိပ်ထဲကသာ တိတ်တဆိတ် စောင့်ကြည့်နေနိုင်ခဲ့သည်။

ထိုအချိန်တုန်းက နှောင်းမိစ္ဆာဘုရင်ကြီးမှာ အပြင်းအထန်နာမကျန်းဖြစ်နေသဖြင့် မျိုးနွယ်စုကို မအုပ်ချုပ်နိုင်တော့ပေ။ မျိုးနွယ်စုအတွင်း ထီးနန်းလုဖို့ ကြိုးစားကြသူများက ဟမ်ယဲ့ငယ်ရွယ်နေသေးသည်ကို အခွင့်ကောင်းယူကာ လုပ်ကြံသတ်ဖြတ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါသည်။

ထီးနန်းလုပွဲ၏ ဝဲဂယက်အတွင်း ရောက်နေခဲ့သဖြင့် သူ့အခြေအနေမှာ အလွန်အန္တရာယ်များမှန်း ဟမ်ယဲ့ နားလည်ခဲ့ပါသည်။ ယန်ရုန်ရုန်သာ ဒီမှာ ဆက်နေလျှင် သူနှင့်အတူတူ ဒုက္ခရောက်ရလိမ့်မည်။ သူမ၏ ဘေးကင်းလုံခြုံမှုအတွက် ယာယီ ထွက်သွားခွင့်ပေးလိုက်ရသည်။

သူမိစ္ဆာဘုရင်ဖြစ်သွားပြီး အာဏာပါဝါအစစ်အမှန်ကို ပိုင်ဆိုင်ကာ ကျူးကျူးကို ကာကွယ်နိုင်စွမ်းအပြည့်အဝ ရှိသွားခါမှ ပြန်ခေါ်ဖို့ဆုံးဖြတ်ခဲ့ပါသည်။

သို့သော် နောက်ပိုင်း ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်များစွာကြောင့် သူ့အပေါ် ကျူးကျူး နားလည်မှုတွေ ပိုလွဲလာခဲ့သည်။ နှစ်ယောက်သား တဖြည်းဖြည်း ဝေးသထက် ဝေးသွားခဲ့ကြပြီး နောက်ဆုံးမှာတော့ မိစ္ဆာနယ်မြေထဲမှ ကျူးကျူး လုံးဝထွက်သွားခဲ့ကာ ဘယ်တော့မှပြန်ရောက်မလာခဲ့တော့ပေ။

ယန်ရုန်ရုန် ခေတ္တစောင့်နေခဲ့ပြီး ဟမ်ယဲ့ ဘာမှပြောစရာမရှိတော့မှန်း မြင်သောအခါ လှည့်ထွက်သွားဖို့ ပြင်လိုက်ပါသည်။

ဟမ်ယဲ့ အလွန်စိတ်ချောက်ချားသွားပြီး အမြီးကို ကြမ်းတမ်းစွာ ခါယမ်းလျက် အမြန်ပြောလိုက်သည်။

“မင်း ထင်သလို မဟုတ်ဘူး! အဲ့ဒီတုန်းက အခြေအနေတွေ အရမ်းရှုပ်ထွေးခဲ့တာ၊ နန်းတော်ထဲမှာ ငါ့ကို ဒုက္ခပေးဖို့ ကြံနေတဲ့လူတွေချည့်ပဲ၊ ဒီမှာဆက်နေခဲ့ရင် မင်းပါ အန္တရာယ်နဲ့ ကြုံရမှာ!”

ထိုဖြေရှင်းချက်ကို ကြားပြီး ယန်ရုန်ရုန်ရယ်သာ ရယ်ချင်မိပါသည်။

“ကျွန်မ နန်းတော်ထဲက ထွက်သွားတော့ကော ဘေးကင်းလုံခြုံခဲ့လို့လား”

ဟမ်ယဲ့ မှင်သက်သွားခဲ့သည်။ ထိုအချိန်တုန်းက သူငယ်ရွယ်ပါသေးသည်။ ဘာကိုမှ မစဉ်းစားတတ်ခဲ့ပေ။

ရန်သူတွေအားလုံးကို သူအာရုံလွှဲထားပါက အပြင်ဘက်တွင် ကျူးကျူး ဘေးကင်းကင်းနှင့် နေနိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။

သို့သော် အရာအားလုံးက သူထင်ထားသလောက် မရိုးရှင်းခဲ့ပေ။ ကျူးကျူး မောင်းထုတ်ခံလိုက်ရသည်ကို အခြားကျင့် ကြံသူများ မြင်သွားသောအခါ သူမကို မိစ္ဆာအိမ်ရှေ့မင်းသားကိုယ်တိုင် မုန်းတီးသဖြင့် နှင်ထုတ်ခဲ့ခြင်းဖြစ်မည်ဟု ထင်သွားကြသည်။

ထို့ကြောင့် ဟမ်ယဲ့ကို မျက်နှာလိုမျက်နှာရလုပ်ဖို့အတွက် အားလုံးက ကျူးကျူးကို အနိုင်ကျင့်ခဲ့ကြပါသည်။ အချို့ဆို သူမ၏ နေအိမ်ကိုပင် မီးရှို့ပြာချခဲ့ကြသည်။

နေစရာမရှိတော့သဖြင့် လှိုဏ်ဂူတစ်လုံးထဲမှာ ယန်ရုန်ရုန် သွားနေခဲ့ရသည်။ သိပ်မကြာလိုက်ဘဲ ထိုလှိုဏ်ဂူကိုပါ သူတို့ ရှာတွေ့သွားကြပြီး ဝင်ပေါက်ကို ချိပ်ပိတ်ကာ သူမကို အထဲမှာ ပိတ်လှောင်ထားခဲ့ကြသည်။

သူမသာ ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်ခဲ့ပါက ထိုလှိုဏ်ဂူထဲ အစာငတ်ပြတ်ပြီး သေဆုံးသွားနိုင်ပါသည်။

ထိုစက်ဆုပ်စရာ မှတ်ဉာဏ်များကို ပြန်တွေးမိပြီး ယန်ရုန်ရုန် စိတ်ပိုပေါက်လာကာ ဟမ်ယဲ့ကို ကြည့်ပင် မကြည့်ချင်တော့ပါ။

“တစ်ချိန်တုန်းက ရှင့်အသက်ကို ကျွန်မ ကယ်ခဲ့ဖူးတယ်၊ အခု ကျွန်မအသက်ကို ရှင်ပြန်ကယ်ပေးခဲ့တယ်၊ အဲ့တာကြောင့် ကျွန်မတို့နှစ်ယောက်ကြားက အကြွေးတွေကျေသွားပြီ၊ ကျွန်မတို့နှစ်ယောက် ထပ်ပတ်သတ်စရာဘာအကြောင်းမှ မရှိတော့ဘူး”

သူမ အေးစက်စွာ ပြောလိုက်သည်။

ဟမ်ယဲ့က သူမကို ထွက်မသွားစေချင်ပါ။ နှစ်ယောက်အကြား အကြွေးတွေလည်း မကျေချင်သေးပေ။ ထို့ကြောင့် တံခါးပေါက်တွင် ပိတ်ရပ်ထားခဲ့သည်။

ယန်ရုန်ရုန် စကားနိုင်လုရသည်မှာ ပင်ပန်းလာပြီဖြစ်သဖြင့် အကြောသေအဆောင်စက္ကူတစ်ရွက်ကို ထုတ်ပြီး သူ့နဖူးပေါ် ပိတ်ကပ်ပစ်လိုက်သည်။

အဆောင်၏ အာနိသင်ကြောင့် ဟမ်ယဲ့ ကျောက်ရုပ်တစ်ရုပ်လို ရပ်တန့်သွားလေသည်။ ထိုအခါ ယန်ရုန်ရုန် သူ့ခန္ဓာကိုယ်ကို ဘေးသို့ တွန်းထုတ်လိုက်ပြီး တစ်ချက်ပင် ပြန်မကြည့်ဘဲ ထွက်သွားခဲ့ပါသည်။

အပြင်ကိုရောက်သည်နှင့် ဝူဝမ့်ဓားကို ဆင့်ခေါ်ကာ ကောင်း ကင်ပေါ်သို့ ပျံတက်သွားခဲ့သည်။

ဟမ်ယဲ့ တစ်ကိုယ်လုံးမှာ ရှိနေသည့် ခွန်အားများကို စုစည်းလိုက်သည်။ သူ့မျက်နှာတစ်ခုလုံး နီရဲလာပြီး သူ့မျက်ခုံးပေါ် မိစ္ဆာစွမ်းအင်များ စုစည်းကာ အဆောင်စက္ကူကို ဆုတ်ဖြဲပစ်လိုက်ပါသည်။

လွတ်မြောက်သွားသည်နှင့်တစ်ပြိုင်တည်း အတောင်များကို ဖြန့်လျက် ယန်ရုန်ရုန့်နောက် လိုက်လာခဲ့သည်။

ယန်ရုန်ရုန် ကြာကြာမပျံသန်းလိုက်ရဘဲ အတောင်ပံပါသည့် မိစ္ဆာကျင့်ကြံသူတစ်စု၏ တားဆီးမှုကို ခံခဲ့ရသည်။ ထိုမိစ္ဆာများက သူမကို ဝန်းရံလိုက်ကြပြီး ထွက်ပြေးခွင့် မပေးခဲ့ကြပေ။

ယန်ရုန်ရုန်ကလည်း စကားအပိုပြောဖို့ အစီအစဉ်မရှိဘဲ ဝူဝမ့်ဓားကို ဆွဲထုတ်ကာ သူတို့ထံ ပြေးဝင်သွားခဲ့သည်။

ထိုအချိန်တွင် ဟမ်ယဲ့ရောက်လာပြီး ဝူဝမ့်ဓားသွားကို လက်ဗလာဖြင့် ဖမ်းဆီးလိုက်ပါသည်။ ဓားသွားက အလွန်ထက်ရှပြီး အပြာရောင်မိုးကြိုးဓာတ်များလည်း စီးဆင်းနေသည်။

ဟမ်ယဲ့ လက်ဖဝါး ကွဲထွက်သွားခဲ့ပြီး သွေးတွေစီးကျလာသော်လည်း နာကျင်နေသည့်ပုံစံမပေါက်ခဲ့ပေ။ ယန်ရုန်ရုန့်ကို ခေါင်းမာသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ သူပြောလိုက်သည်။

“ငါ့ကို အဲ့လောက်မုန်းနေရင် အခုချက်ချင်း ဓားနဲ့ ခုတ်သတ်ပစ်လိုက်”

ယန်ရုန်ရုန် မျက်ခုံးပင့်လိုက်သည်။

“ကျွန်မ မသတ်ရဲဘူးလို့ ထင်နေတာလား”

သူမ အမှန်တကယ် လုပ်မည်စိုးသဖြင့် အနားတွင်ရှိနေသည့် ကျင့်ကြံသူများ စိတ်ဖိစီးသွားကြသည်။

ထီးနန်းလုသည့် ပြည်တွင်းစစ်များကြောင့် မိစ္ဆာမျိုးနွယ်စုတွင် စွမ်းအားကြီးကျင့်ကြံသူများစွာကို ဆုံးရှုံးခဲ့ရသဖြင့် မျိုးနွယ်စု၏ အင်အား ယုတ်လျော့ခဲ့ရသည်။

ယခု ဟမ်ယဲ့ မိစ္ဆာဘုရင်ဖြစ်လာပြီး မိစ္ဆာနယ်မြေ ငြိမ်းချမ်းစပြုလာခါမှ အမှားအယွင်း အဖြစ်မခံနိုင်ပေ။

ဟမ်ယဲ့ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ဓားသွားထိပ်ကို သူ့ရင်ဝတည့်တည့်သို့ရွယ်ပေးလိုက်ပါသည်။ သူ့မျက်ဝန်းများ အနည်းငယ်နီမြန်းနေပြီး အသံကလည်း ခြောက်ကပ်အက် ကွဲနေခဲ့သည်။

“မင်းဓားချက်နဲ့ သေရမယ်ဆိုရင်တောင်… ငါ့မှာ နောင်တရစရာ ဘာမှမရှိဘူး”

ယန်ရုန်ရုန်သူ့ကို အချိန်အကြာကြီး စိုက်ကြည့်လိုက်သည်။

“ရှင် ပြောင်းလဲသွားပြီပဲ ဟမ်ယဲ့”

ယခင်တုန်းကသာဆို သူမကို ဒီလိုစကားမျိုးတွေ သူပြောမှာမဟုတ်ပါ။

“ငါ ဘယ်တုန်းကမှ မပြောင်းလဲခဲ့ဘူး”

သူမအပေါ်ထားသည့် သူ့ခံစားချက်များက အစကတည်းက ပြောင်းလဲခဲ့ခြင်းမရှိပေ။

ယန်ရုန်ရုန့်အမြင်မှာတော့ အားလုံးက ဟန်ဆောင်မှုများသာ။

ဟမ်ယဲ့က ဟန်ဆောင်လှည့်စားမှုတွင် အလွန်ထူးချွန်သူဖြစ်သည်။ သူဒဏ်ရာရပြီး ရန်သူတွေလက်မှ ထွက်ပြေးခဲ့ရစဉ်က သူမ၏ အကူအညီကို ရရှိဖို့အတွက် အားနည်းပြီး ခိုကိုးရာမဲ့ချင်ယောင် ဆောင်ပြခဲ့သည်။

သူ့သရုပ်မှန်ကို သိနေခဲ့သော်လည်း သူ့ဟန်ဆောင်မှုများအောက်တွင် ယန်ရုန်ရုန် အရူးလုပ်ခံခဲ့ရပြီး သူ့အတွက် ကလေးထိန်းတစ်ယောက်ပမာ၊ ဘော်ဒီဂတ်တစ်ယောက်ပမာ ဂရုစိုက်ပေးခဲ့ရသည်။ သူစိတ်ထိခိုက်သွားမည်စိုးရိမ်သဖြင့် သူ့တောင်းဆိုချက်တိုင်းကို ယန်ရုန်ရုန် လိုက်လျောပေးခဲ့ရသည်။

သူ့အမြင်မှာတော့ သူမက အသုံးချခံ ကိရိယာတစ်ခုသာ ဖြစ်ပါလိမ့်မည်။

ယန်ရုန်ရုန် ခနဲ့ကာ မေးလိုက်သည်။

“ကျွန်မရှင့်ကို ထပ်ယုံမယ်လို့ ထင်နေတာလား”

“မယုံဘူးဆိုရင် ငါ့နှလုံးသားကို ခွဲပြီး ကိုယ်တိုင်စစ်ကြည့်လိုက်လေ”

ဟမ်ယဲ့ ရှေ့သို့ နောက်တစ်လှမ်း ထပ်တိုးလိုက်သည်။ ဓားသွားထိပ်က သူ့ဝတ်ရုံနှင့် အသားများကို ထိုးခွင်းသွားခဲ့ပြီး ရင်ဘတ်ထဲ တဖြည်းဖြည်း စိုက်ဝင်လာခဲ့ပါသည်။

မိစ္ဆာကျင့်ကြံသူများ အလွန်ထိတ်လန့်သွားကြသော်လည်း မမြင်ရသည့် ဖိအားတစ်ခုက သူတို့ကို ဝင်မရှုပ်နိုင်အောင် တားဆီးထားကြပါသည်။ မိစ္ဆာဘုရင်၏ အရှိန်အဝါဖြစ်မှန်း သူတို့ နားလည်ကြသည်။

သူနှင့် ကျူးကျူးတို့အကြား ဘယ်သူ့ကိုမှ ဝင်ရှုပ်ခွင့် မပြုနိုင်ပါ။

သူ့ရင်ထဲ ဝူဝမ့်ဓား ဖြည်းဖြည်းချင်း စိုက်ဝင်လာခဲ့ပြီး သွေးတွေလည်း များသထက်များလာခဲ့သည်။ ဟမ်ယဲ့မျက်နှာ ဖြူရော်လာပြီး အသက်ရှူသံတွေလည်း ကြမ်းတမ်းလာခဲ့သည်။

သို့သော် သူ မရပ်သေးပေ။။

ယန်ရုန်ရုန် ခံစားမိနေပါပြီ။ ဓားသွားထိပ်က သူ့နှလုံးသားကို ထိတွေ့နေလေပြီ။ ဒီ့ထက်သာ ရှေ့ဆက်တိုးလျှင် သူ့နှလုံးသားထဲ စိုက်ဝင်သွားတော့မည်။

ဟမ်ယဲ့က အပြောသာမဟုတ်ဘဲ သူ့နှလုံးသားကို အမှန်တကယ် ခွဲပြဖို့ ကြံရွယ်ထားသည့်ပုံစံပင်။

All Chapters